← Chapters

အခန်း (၄၁-၄၂)

Vol. 4 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 4 Ch. 41-42

အပိုင်း (၄၁)

ဝမ်တောက်ဖူသည် အလွန်ပင် ဉာဏ်နီဉာဏ်နက်များသူ ဖြစ်သည်။ သူသည် လူသုံးဦးကို တမင်ခေါ်ထုတ်လာပြီး ယွင်ကျုံးဟဲ့ကို လမ်းကြောင်းလွှဲရန် ကြိုးစားခဲ့၏။

တစ်ဖက်တွင်မူ “တရားခံသည် ဒီအခန်းထဲတွင် ရှိသည်” ဟု ပြောခဲ့ခြင်းမှာလည်း လိမ်ညာခြင်း မဟုတ်ပေ။ သို့သော်ငြား ယွင်ကျုံးဟဲ့က ထိုသုံးယောက်ထဲမှ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပါက မှားယွင်းသွားမည် ဖြစ်သည်။

ထိုအချိန်တွင် အမွှေးတိုင် မီးငြိမ်းသွားပြီးဖြစ်၏။

“အချိန်ပြည့်ပြီ။” ဝမ်တောက်ဖူက ဆိုသည်။ “ပြောစမ်း။ ဘယ်သူက လူသတ်သမားလဲ။”

ထိုစကားကြောင့် အခန်းထဲရှိ လူများသည် ယွင်ကျုံးဟဲ့အား မကောင်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ စစ်သည်နှစ်ဦးမှာမူ တုတ်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရိုက်နှက်ရန် အသင့်ပြင်ထားကြ၏။

ဝမ်တောက်ဖူသည် မတ်တတ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သူ့အချိန်များသည် အလွန် တန်ဖိုးရှိသည်။ ယွင်ကျုံးဟဲ့နှင့် ကစားရန် အချိန်ပေးခဲ့ရသည်ကပင် လုံလောက်နေပြီ။ ယွင်ကျုံးဟဲ့ အရိုက်ခံရမည့် ကိစ္စ၊ မြို့ထဲမှ မောင်းထုတ်ခံရမည့် ကိစ္စများကို သူ စိတ်မဝင်စားပေ။

“လူသတ်သမားက တရားသူကြီးချုပ်ဟောင်း ကိုယ်တိုင်ပါပဲ။ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာပါ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့၏ စကားသံကြောင့် ဝမ်တောက်ဖူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ မတ်တတ်ရပ်မလို ထိုင်မလို ဖြစ်နေသော အနေအထားဖြင့် တောင့်တင်းသွားသည်။ ခဏကြာမှ သူသည် ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်၏။

အခန်းထဲရှိ လူများ အံ့ဩကုန်ကြသည်။ ‘ဒီကောင်က ဒီလောက် ဉာဏ်ကောင်းတာလား။ ဝမ်တောက်ဖူရဲ့ လှည့်ကွက်ကို ရှောင်နိုင်ရုံမက အမှုမှန်ကိုပါ ဖော်ထုတ်နိုင်တာလား။ သူ တကယ် သိလို့လား၊ ဒါမှမဟုတ် ရမ်းသမ်း ပြောလိုက်တာလား။’

ဝမ်တောက်ဖူသည် ဤအမှုကို စစ်ဆေးပြီး ဖြစ်သည်။ တရားသူကြီးချုပ်ဟောင်းမှာ ပြစ်မှုကျူးလွန်ထား သောကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း အတည်ပြုထားပြီး ဖြစ်၏။

“မင်း ဘာကိုကြည့်ပြီး သူ သတ်သေတယ်လို့ ပြောရတာလဲ။” ဝမ်တောက်ဖူက မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လွယ်လွယ်လေးပါ။ သေဆုံးရတဲ့ အကြောင်းရင်းက နှလုံးကို ဓားနဲ့ ထိုးစိုက်မိလို့ပါ။ ဓားဒဏ်ရာက အပေါ်ကနေ အောက်ကို စိုက်ဝင်နေတာ မှန်ပေမဲ့ ထောင့်ချိုးက သိပ်မကြီးပါဘူး။ ဒါကြောင့် သတ်သေတာ ဖြစ်ဖို့ အများဆုံးပါပဲ။”

သာမန်အားဖြင့် အရပ်မြင့်သော လူတစ်ယောက်ကို တခြားလူက ဓားဖြင့် ထိုးမည်ဆိုပါက ဓားကို အပေါ်သို့ ပင့်ထိုးလေ့ရှိသည်။ အကယ်၍ ဓားကို ပြောင်းပြန်ကိုင်ပြီး ထိုးမည်ဆိုပါကလည်း အပေါ်မှ အောက်သို့ စိုက်ဝင်မည့် ထောင့်ချိုးက ပိုမို မတ်စောက်နေပေလိမ့်မည်။

ယခု ဒဏ်ရာမှာမူ တည့်တည့်နီးပါး ဝင်ရောက်သွားပြီး အနည်းငယ်သာ အောက်သို့ စိုက်နေသည်။ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသူများတွင် တွေ့ရလေ့ရှိသော ဒဏ်ရာမျိုး ဖြစ်သည်။

“အမြင်မဆိုးဘူး။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး။”

ဝမ်တောက်ဖူက အေးစက်စွာ ပြောလိုက်၏။ “ဒီလို တစ်ဝက်တစ်ပျက် ပညာနဲ့ အမှုစစ်ရင် တရားခံ အစစ် လွတ်သွားနိုင်တယ်။ ဟုတ်တယ် မဟုတ်လား ဝမ်ရှန်း။”

ဝမ်ရှန်း ဆိုသည်မှာ မည်သူနည်း။ စောစောက ယွင်ကျုံးဟဲ့ကို အခန်းထဲ ခေါ်လာပေးသည့် လူလတ်ပိုင်း စာရေး ဖြစ်သည်။ သူသည် ဝမ်တောက်ဖူ၏ လူယုံတော် ဖြစ်သည်။

ဝမ်ရှန်း (စာပေအမည် - ဝမ်ပိရန်) က ပြန်ဖြေ၏။ “မင်းကြီး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလူက ဒီလောက်ထိ မြင်နိုင်တာကိုက တော်တော် ဟုတ်နေပါပြီ။”

‘ဒီလူက သဘောထားကြီးသားပဲ။ ယွင်ကျုံးဟဲ့ဘက်က ပြောပေးရှာတယ်။’

“လာကြစမ်း။ ယွင်အောက်ထျန်းရဲ့ ဘောင်းဘီကို ချွတ်ပြီး အချက် ၅၀ ရိုက်ကြ။” ဝမ်တောက်ဖူက ဒေါသတကြီး အမိန့်ပေးလိုက်သည်။

အားလုံး ကြောင်သွားကြ၏။ ‘ဘာဖြစ်တာလဲ။ ယွင်အောက်ထျန်း ဖြေတာ မှန်တယ်လေ။ တရားသူကြီးချုပ်ဟောင်းက သတ်သေတာဆို။ ဝမ်တောက်ဖူ ကိုယ်တိုင် အတည်ပြုထားတာ မဟုတ်ဘူးလား။ ယွင်အောက်ထျန်းကို နှိပ်ကွပ်ချင်လွန်းလို့ အဖြူကို အမည်း လုပ်နေတာလား။ ဝမ်တောက်ဖူရဲ့ စရိုက်က ဒီလို မဟုတ်ပါဘူး။ သူက ဖြောင့်မတ်မှန်ကန်တယ် ဆိုပြီး နာမည်ကြီးတာလေ။’

ဝမ်ရှန်းက ဝင်ပြောသည်။ “မင်းကြီး.... ယွင်အောက်ထျန်းရဲ့ အဖြေက မှန်နေသလိုပဲနော်။ ဘာလို့...”

ယွင်ကျုံးဟဲ့ ထိုလူကို ကျေးဇူးတင်စွာ ကြည့်လိုက်မိသည်။ ‘ဒီအချိန်မှာတောင် ငါ့ဘက်က ပြောပေးနေတုန်း ပါလား။’

“ဘာရပ်ကြည့်နေကြတာလဲ။ ရိုက်လေ။” ဝမ်တောက်ဖူ အော်ဟစ်လိုက်၏။

စစ်သည်နှစ်ဦး ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့ကို ကြမ်းပြင်ပေါ် ဖိချကာ ဘောင်းဘီချွတ်ရန် ပြင်လိုက်ကြသည်။

ယွင်ကျုံးဟဲ့ နားမလည်နိုင်အောင် ဖြစ်နေ၏။ ‘ငါ ဖြေတာ မှန်တယ်လေ။ ဘာလို့ အရိုက်ခံရမှာလဲ။ ဒီအဘိုးကြီး ရူးသွားတာလား။’

ဝမ်တောက်ဖူသည် မာနကြီးသူ၊ သိက္ခာရှိသူ ဖြစ်သည်။ ယွင်ကျုံးဟဲ့လို ကောင်လေး တစ်ယောက်ကို နှိပ်ကွပ်ဖို့အတွက်နှင့် သူ့သိက္ခာကို အကျခံမည့်သူ မဟုတ်ပေ။

‘ဒါဆို ငါ ဖြေတာ မှားနေလို့လား။ တရားသူကြီးချုပ်ဟောင်းက သတ်သေတာ မဟုတ်ဘူးလား။ ဒဏ်ရာကို ကြည့်ရင်ရော၊ သေခါနီး ပြောခဲ့တဲ့ စကားကို ကြည့်ရင်ရော သူက သတ်သေတာ သေချာနေတာပဲ။’

ဝမ်တောက်ဖူက ပြောလိုက်၏။ “မြန်မြန်ရိုက်... ပြီးရင် မြို့ပြင် မောင်းထုတ်...”

“နေပါအုံး။” ယွင်ကျုံးဟဲ့ အော်လိုက်သည်။ “မင်းကြီး ဝမ်...”

ဝမ်တောက်ဖူက မေးလိုက်၏။ “ဘာပြောချင်သေးလဲ။”

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “အလောင်းကို နောက်တစ်ခါ ပြန်စစ်ခွင့် ပေးပါ။”

ဝမ်တောက်ဖူက ခေါင်းညိတ်လိုက်၏။ “ရတယ်။ စစ်လေ။”

ယွင်ကျုံးဟဲ့ အလောင်းနားသို့ ပြန်သွားသည်။ နံပါတ် ၂၇ ကို ပြန်ခေါ်ရမလား စဉ်းစားလိုက်၏။ သို့သော်ငြား ရုတ်တရက် အကြံတစ်ခု ဝင်လာသည်။ ‘အချိန်တိုင်း ‘ရွှေလက်ချောင်း’ ကိုပဲ အားကိုးနေလို့ မဖြစ်ဘူး။ ကိုယ့်ဉာဏ်ကိုလည်း သုံးရမယ်။’

သူ့ခေါင်းထဲတွင် အတွေးစတစ်ခု ပေါ်လာ၏။ ဖမ်းမိမလိုလိုနှင့် လွတ်သွားတတ်သော အတွေးစမျိုးပင်။ ‘ဘာလဲ။ ဘာလဲ။’

ယွင်ကျုံးဟဲ့ အသည်းအသန် စဉ်းစားလိုက်သည်။ ‘ဟုတ်ပြီ။ မိပြီ။’

“သက်သေခံပစ္စည်း ရှိသေးလား။” ယွင်ကျုံးဟဲ့ မေးလိုက်၏။

ဝမ်တောက်ဖူက အမိန့်ပေးလိုက်သည်။ “ယူလာခဲ့...”

စစ်သည်တစ်ဦးက ဓားမြှောင်တစ်ချောင်း ယူလာ၏။ အလွန် ထက်မြက်ပြီး ပါးလွှာသော ဓားမြှောင်ဖြစ်သည်။

‘ထူးဆန်းတယ်။ ဓားက ဒီလောက် ပါးတာ၊ ဒဏ်ရာက ဘာလို့ ဒီလောက် ကျယ်နေတာလဲ။’

ယွင်ကျုံးဟဲ့က ဒဏ်ရာကို သေချာစစ်ဆေးလိုက်ချိန်မှာတော့ အပေါ်ယံ ဒဏ်ရာကသာ ကျယ်နေပြီး အတွင်းထဲက ဒဏ်ရာမှာ ကျဉ်းမြောင်းကြောင်း တွေ့လိုက်ရ၏။

‘ဒါ ဘာကို ပြနေသလဲ ဆိုတော့ သေသူက ဓားကို ထိုးစိုက်ပြီးတဲ့ အချိန်မှာ အောက်ဘက်ကို ဆွဲချလိုက်တာပဲ ဖြစ်ရမယ်။ ဘာလို့လဲ။ သူက မက်ဆိုခစ် (Masochist) နာကျင်မှုကို နှစ်သက်သူလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက် နာကျင်အောင် လုပ်ရမှာလဲ။ ဂျပန် ဆာမူရိုင်းတွေလို ဗိုက်ခွဲတာမှ မဟုတ်တာ။ နှလုံးကို ထိုးတာလေ။

ဒါ သေသူက သဲလွန်စ ချန်ထားခဲ့တာပဲ။ နှလုံးသားပေါ်မှာ ဓားရာတစ်ချက်ထပ်ဖြည့်လိုက်ရင် ဘာစာလုံး ဖြစ်သွားမလဲ။ မုချ ‘ပိ’ ဆိုတဲ့ စာလုံး ဖြစ်သွားတယ်။ စောစောက ဝမ်တောက်ဖူ ပြောခဲ့တယ်။ တရားခံက ဒီအခန်းထဲမှာ ရှိတယ်လို့။

ဖမ်းခေါ်လာတဲ့ သံသယ တရားခံ သုံးယောက် မဟုတ်ဘူး။ ဝမ်တောက်ဖူ မဟုတ်ဘူး။ ယွင်ကျုံးဟဲ့ မဟုတ်ဘူး။ စစ်သည်တွေ မဟုတ်ဘူး။ ဒါဆို နောက်ထပ် ဘယ်သူ ကျန်သေးလဲ။ ယွင်ကျုံးဟဲ့ကို အခန်းထဲ ခေါ်လာပေးတဲ့ စာရေး၊ ဝမ်တောက်ဖူရဲ့ လူယုံတော် ဝမ်ရှန်း (စာပေအမည် ဝမ်ပိရန်)။ သူ့နာမည်ထဲမှာ ပိ ဆိုတဲ့ စာလုံး ပါနေတယ်လေ။

ဟုတ်ပြီ။ ဟုတ်ပြီ။ သူပဲ။ ဒီကောင်ပဲ။’

ယွင်ကျုံးဟဲ့ စိတ်ထဲမှ လှမ်းခေါ်လိုက်သည်။ “နံပါတ် ၂၇... နံပါတ် ၂၇... ဝင်လာခဲ့...”

“ဆရာကြီး... ကျွန်မ လာပြီ။” နံပါတ် (၂၇) သရဲ ဝင်လာပြီးနောက် ယွင်ကျုံးဟဲ့သည် အလောင်းကို ထပ်မံ စစ်ဆေးလိုက်၏။

‘သေသူရဲ့ နောက်ဆုံးစကားအပြင် တခြား ဘာကြားရသေးလဲ။’

ယွင်ကျုံးဟဲ့သည် သေသူ၏ မျက်လုံးကို ဖြဲကြည့်လိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်တစ်ခု ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

‘ဒါ... သေသူ မသေခင် နောက်ဆုံး မြင်လိုက်ရတဲ့ မြင်ကွင်းလား။’

လူလတ်ပိုင်း စာရေးတစ်ယောက်က ရက်စက်စွာ ပြုံးနေသည်။ သူ့လက်ထဲတွင် သတိမေ့နေသော ကလေးတစ်ယောက်ကို ပွေ့ချီထားပြီး ကလေး၏ လည်ပင်းနားတွင် ဓားတစ်ချောင်း ဝဲနေသည်။ ထိုကလေးမှာ သေသူ၏ သားဖြစ်နိုင်၏။

ထိုစာရေးမှာ ယခု ယွင်ကျုံးဟဲ့ ရှေ့တွင် ရပ်နေသော၊ အပြစ်ကင်းစင်သော မျက်နှာထားနှင့် ဝမ်ရှန်း (ဝမ်ပိရန်) ပင် ဖြစ်သည်။

သူသည် ယွင်ကျုံးဟဲ့ ဘေးနားတွင် တစ်ချိန်လုံး ရှိနေသော်လည်း သူ့အရှိန်အဝါကို ဖျောက်ထားသောကြောင့် သတိမထားမိခဲ့ပေ။ ထို့အပြင် သူသည် ဝမ်တောက်ဖူ၏ လူယုံတော် ဖြစ်နေပြန်၏။

‘ဒီပုံရိပ်က ဝမ်ရှန်းက တရားသူကြီးချုပ်ဟောင်းကို အကျပ်ကိုင်ပြီး သတ်သေခိုင်းခဲ့တဲ့ မြင်ကွင်းပဲ။ အမှန်တရား ပေါ်လာပြီ။ တရားသူကြီးချုပ်ဟောင်းက သတ်သေတာ မဟုတ်ဘူး။ အကျပ်ကိုင်ခံရပြီး သတ်သေရတာ။ တရားခံ အစစ်က ဝမ်တောက်ဖူရဲ့ လူယုံတော် ဝမ်ရှန်းပဲ။’

ယွင်ကျုံးဟဲ့ အံ့ဩသွားသည်။ ‘ဝမ်တောက်ဖူက တကယ့် လူပါးပဲ။ ထောင်ချောက်တွေ တစ်ခုပြီး တစ်ခု ဆင်ထားတာ။ သူက ငါ့ကို မောင်းထုတ်ချင်ရုံတင် မကဘူး၊ လူသတ်မှု တစ်ခုကိုပါ စစ်ခိုင်းနေတာပဲ။’

“ပြီးပြီလား။” ဝမ်တောက်ဖူက မေးလိုက်၏။ “အချိန်ဆွဲ မနေနဲ့။ ငါ အလုပ်မအားဘူး။”

ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လိုက်သည်။ နံပါတ် ၂၇ ပြန်ထွက်သွားပြီဖြစ်၏။

“ယွင်အောက်ထျန်း... မင်းမှာ နောက်ဆုံး အခွင့်အရေး တစ်ကြိမ်ပဲ ရှိတော့တယ်။ တရားခံအစစ်ကို ရှာနိုင်ရင် မင်း ရာထူးရမယ်။ မှားရင်တော့ အချက် ၆၀ အရိုက်ခံရမယ်။ ပြီးရင် မောင်းထုတ်ခံရမယ်။”

ဝမ်တောက်ဖူက ရေတွက်လိုက်သည်။ “၃၊ ၂၊ ၁...”

“မင်းကြီးဝမ်... တရားသူကြီးချုပ်ဟောင်းက ကိုယ့်သဘောနဲ့ကိုယ် သတ်သေတာ မဟုတ်ပါဘူး။ အကျပ်ကိုင် ခံရလို့ သတ်သေရတာပါ။ တရားခံအစစ်က မင်းကြီးရဲ့ လူယုံတော် ဝမ်ရှန်းပါ။” ယွင်ကျုံးဟဲ့သည် ဝမ်ရှန်းကို လက်ညှိုးထိုးပြလိုက်၏။

အားလုံး တုန်လှုပ်သွားကြသည်။ ‘ရူးနေတာလား။ ဒီသူတောင်းစား ရူးသွားတာလား။ ဝမ်ရှန်း ဆိုတာ ဝမ်တောက်ဖူရဲ့ ညာလက်ရုံးလေ။ ရုံးကိစ္စ အဝဝကို တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့သူ။ လူတိုင်းက သူ့ကို ဒုတိယ ရုံးမင်းကြီးလို့ သတ်မှတ်ထားကြတာ။ သူ့လို ပညာတတ်၊ သဘောထားကြီးတဲ့ လူက လူသတ်သမား ဖြစ်နိုင်ပါ့မလား။ ကြက်ကလေး တစ်ကောင်တောင် သတ်ရဲမယ့်ပုံ မဟုတ်ဘူး။’

သို့သော်ငြား ဝမ်တောက်ဖူ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။

“မင်း ဘာပြောလိုက်တာလဲ။” ဝမ်တောက်ဖူ အသံတုန်တုန်ဖြင့် မေးလိုက်သည်။

“တရားသူကြီးချုပ်ဟောင်းကို သတ်သေအောင် ဖိအားပေးခဲ့တာ မင်းကြီးရဲ့ လူယုံတော် ဝမ်ရှန်း (ဝမ်ပိရန်) ပါ။” ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်၏။

ဝမ်တောက်ဖူက မေးလိုက်သည်။ “ဘာသက်သေ ရှိလို့လဲ။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “တရားသူကြီးချုပ်ဟောင်းက ဓားနဲ့ထိုးပြီးတဲ့ အချိန်မှာ ဘယ်ဘက်အောက်ကို ဆွဲချလိုက်ပါတယ်။ ပုံမှန် သတ်သေတဲ့လူက အဲဒီလို မလုပ်ပါဘူး။ နှလုံး (心) ပေါ်မှာ ဓားရာ (丿) ထပ်ဖြည့်လိုက်တော့ မုချ (必) ဆိုတဲ့ စာလုံး ဖြစ်သွားပါတယ်။ သူက မသေခင်မှာ သူ့ကို သတ်တဲ့လူက ဝမ်ပိရန်ပါလို့ သဲလွန်စ ပေးခဲ့တာပါ။”

ထိုစကားကို ကြားချိန်မှာတော့ ဝမ်တောက်ဖူ ကြက်သေသေသွားသည်။ ယွင်ကျုံးဟဲ့ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ‘ဒီသူတောင်းစားလေးက မှုခင်းဆေးပညာ ဘာမှ မသင်ဖူးဘူးဆို...၊ သူက ပါရမီရှင်များလား။’

…………….

အပိုင်း (၄၂)

ဝမ်တောက်ဖူ အံ့ဩသွားသည်။ ယွင်ကျုံးဟဲ့ကို အလကားကောင်၊ သူတောင်းစား၊ လိမ်ညာလှည့်ဖြားသူ တစ်ဦးအဖြစ် သူ သတ်မှတ်ထားခဲ့သည်။ ကျင်းဝူပြန်းကို ကယ်တင်နိုင်ခဲ့သည် ဆိုသော်လည်း တိုက်ဆိုင်မှု တစ်ခုအဖြစ်သာ မြင်ခဲ့သည်။

ဝမ်တောက်ဖူသည် တိုင်းပြည်ကြီးတစ်ခု၏ စာမေးပွဲအောင် ဂျင်ရှီ ပညာတတ်တစ်ဦး ဖြစ်သည်။ ရှေးရိုးစွဲ ဆန်သူဖြစ်ပြီး ဤကဲ့သို့သော လိမ်ညာသူများကို အလွန် မုန်းတီးသည်။ သူ လေခွင်းမြို့ဝန် ဖြစ်လာပြီး နောက်ပိုင်း ဤကဲ့သို့သော လူလိမ်လူကောက်များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့၏။

ယခု ယွင်ကျုံးဟဲ့က အရာရှိ လုပ်ချင်သည် ဆိုချိန်မှာတော့ သူ အလွန် ဒေါသထွက်ခဲ့သည်။ အရေခွံနွှာပြီး မြို့ပြင် မောင်းထုတ်ရန် ကြံရွယ်ခဲ့သည်။ သို့သော်ငြား ယွင်ကျုံးဟဲ့၏ စွမ်းဆောင်ရည်က သူ့ကို မှင်တက်သွားစေသည်။

တရားသူကြီးချုပ်ဟောင်း သတ်သေသည်ကို ဖော်ထုတ်နိုင်ခဲ့ရုံမက၊ ဒဏ်ရာကို ကြည့်ပြီး တရားခံအစစ်ကိုပါ ဖော်ထုတ်နိုင်ခဲ့၏။

‘ဒီကောင်လေးက ပါရမီရှင်ပဲ။ အကြမ်းထည် ကျောက်မျက်ရတနာလေး တစ်တုံးပဲ။’ ဝမ်တောက်ဖူသည် လူတော်လူကောင်းများကို မြတ်နိုးသူ ဖြစ်သောကြောင့် ယွင်ကျုံးဟဲ့အပေါ် အမြင်ကြည်လာသည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “နောက်တစ်ချက် ရှိပါသေးတယ်။ ဝမ်ရှန်း (ဝမ်ပိရန်) က မင်းကြီးရဲ့ လူယုံတော်ပါ။ ရာထူး အဆင့်အတန်း မြင့်ပါတယ်။ ကျုပ်လို သူတောင်းစား တစ်ယောက်ကို လာကြိုဖို့ မလိုပါဘူး။ ဒါပေမဲ့ မင်းကြီးက သူ့ကို လွှတ်လိုက်တယ် ဆိုတည်းက တစ်ခုခုတော့ ထူးခြားနေပြီ။ မင်းကြီးရဲ့ စိတ်ထဲမှာ ကျုပ် ဒီအမှုကို ဖော်ထုတ်နိုင်ပါစေလို့ ဆန္ဒရှိနေပုံ ရပါတယ်။”

ဝမ်တောက်ဖူက ဝမ်ရှန်း (ဝမ်ပိရန်) ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ပိရန်... မင်း ဘယ်လို ထင်လဲ။”

ဝမ်ရှန်းသည် ခဏမျှ ကြောင်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။ “နှလုံးသားပေါ်မှာ ဓားရာတစ်ချက် ထပ်ဖြည့်လိုက်ရင် မုချ ‘ပိ’ ဖြစ်သွားတယ်။ ကျုပ်ရဲ့ နာမည်ထဲမှာလည်း အဲဒီစာလုံး ပါနေတယ်။ တကယ့်ကို တိုက်ဆိုင်လွန်းပါတယ်။ ဒီလောက် သေးငယ်တဲ့ အချက်လေးကိုတောင် ထောက်ပြနိုင်တာ တကယ့်ကို ချီးကျူးစရာပါပဲ။”

တကယ့် သရုပ်ဆောင်ကောင်းတစ်ယောက်င်။ သူက ငြင်းလည်း မငြင်းသလို၊ ဝန်လည်း မခံချေ။ ယွင်ကျုံးဟဲ့ကို ပြန်ချီးကျူးလိုက်သေး၏။

‘ကြည့်ရတာ ယဉ်ကျေးသိမ်မွေ့လိုက်တာ။ စောစောကလည်း ယွင်ကျုံးဟဲ့ဘက်က ပြောပေးခဲ့သေးတယ်။ အခု ယွင်ကျုံးဟဲ့က သူ့ကို ပြန်ကိုက်တော့ သူတော်ကောင်းကြီးလို လုပ်ပြနေပြန်ပြီ။’

စစ်သည်များ ဒေါသထွက်လာကြသည်။ “မင်းကြီး.... ဒါ တိုက်ဆိုင်မှု သက်သက်ပါ။ ဝမ်ရှန်းက လူသတ်သမား ဖြစ်စရာ အကြောင်း မရှိပါဘူး။”

ဝမ်ရှန်းသည် ရုံးတော်တွင် နာမည်ကောင်း ရှိသူဖြစ်သည်။ အားလုံးက သူ့ကို လေးစားချစ်ခင်ကြသည်။ ထို့ကြောင့် စစ်သည်များသည် ယွင်ကျုံးဟဲ့ကို မုန်းတီးစွာ ကြည့်နေကြပြီး အခွင့်သာလျှင် ခုတ်ပိုင်း သတ်ဖြတ်ပစ်ချင်နေကြ၏။

ဝမ်ရှန်းက ယွင်ကျုံးဟဲ့ကို မေးလိုက်သည်။ “သခင်လေး ယွင်အောက်ထျန်း... ခင်ဗျားက သူတောင်းစား၊ လူမိုက် ဆိုတာ ဟုတ်ပါသလား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။”

ဝမ်ရှန်းက ထပ်မေးလိုက်သည်။ “အမှုစစ်ဆေးခြင်း ပညာကိုရော သင်ဖူးပါသလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မသင်ဖူးပါဘူး။”

ဝမ်ရှန်းက ပြောလိုက်သည်။ “ဒါဆို ထူးဆန်းနေပြီ။ ခင်ဗျားရဲ့ ဉာဏ်ရည်က သာမန်ထက် ထူးကဲနေတယ်။ ဒဏ်ရာကို ကြည့်ပြီး စာလုံးဖော်နိုင်တယ်။ ဒီလောက် ထူးချွန်တဲ့ အရည်အချင်းမျိုးက ဟေးလုံထိုင်တို့၊ ဟေးပင်းထိုင် တို့က သူလျှိုတွေမှာပဲ ရှိတတ်တာ။”

ဤလူမှာ လူလည်တစ်ယောက်ပင်။ သူ့ကိုယ်သူ မကာကွယ်ဘဲ ယွင်ကျုံးဟဲ့ကို သူလျှိုဟု ပြန်စွပ်စွဲလိုက်၏။ တိုက်စစ်က အကောင်းဆုံး ခံစစ်ဆိုသည်မှာ ဤအရာကို ပြောခြင်းပင်။

လေခွင်းမြို့သည် သူလျှိုများကို လုံးဝ သည်းမခံပေ။ ဖမ်းမိသည်နှင့် အရှင်လတ်လတ် အရေခွံနွှာ သတ်လေ့ရှိသည်။ တစ်ခါတစ်ရံ သံသယရှိရုံနှင့်ပင် သတ်ပစ်တတ်၏။

ဝမ်တောက်ဖူက ပြောလိုက်သည်။ “ယွင်အောက်ထျန်း... ဝမ်ရှန်းက ငါ့ရဲ့ လူယုံတော်ပဲ။ သစ္စာရှိတယ်။ သဘောထားကြီးတယ်။ မင်းက သူ့ကို လူသတ်သမားလို့ စွပ်စွဲမှတော့ သက်သေပြရမယ်။ သက်သေမပြနိုင်ရင် အထက်လူကြီးကို မဟုတ်မမှန် စွပ်စွဲမှုနဲ့ အပြစ်ပေးရလိမ့်မယ်။”

စစ်သည်များ ဝမ်းသာသွားကြ၏။ “မင်းကြီး.... ဒီသူတောင်းစားက လျှောက်ပြောနေတာပါ။ သူ့ကို ဖမ်းပြီး နှိပ်စက်မေးမြန်းသင့်ပါတယ်။ ဘယ်သူ ခိုင်းလို့ ဝမ်ရှန်းကို စွပ်စွဲတာလဲ ဆိုတာ ပေါ်လာမှာပါ။”

သူတို့သည် ယွင်ကျုံးဟဲ့ကို ဖမ်းရန် ပြင်လိုက်ကြသည်။

ယွင်ကျုံးဟဲ့ စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ “ဒီအဘိုးကြီးက တော်တော် ယုတ်မာတာပဲ။ သူအမှန်တရားကို သိနေရက်နဲ့ မသိချင်ယောင် ဆောင်နေတယ်။ ငါ့ကို ထပ်ပြီး စမ်းသပ်ချင်နေတာ။ ငါ့ကို အဆုံးစွန်ထိ ညှစ်ထုတ်ချင်နေတာ။ ဝမ်ရှန်းလို မြေခွေးအိုကြီးနဲ့ ယှဉ်ပြိုင်ခိုင်းနေတာပဲ”

ဝမ်တောက်ဖူက တွန်းအားပေးလိုက်သည်။ “ယွင်အောက်ထျန်း... သက်သေပြပါ။ သက်သေမပြနိုင်ရင် မင်း အပြစ်ရှိတယ်။”

‘သောက်ကျိုးနည်း... ဒါက တိုက်ရိုက် သတ်တာမှ မဟုတ်တာ။ သတ်သေအောင် ဖိအားပေးတာလေ။ ဘယ်က သက်သေ သွားရှာရမလဲ။’

ဝမ်ဖောက်ဖူက ထပ်ပြောလိုက်၏။ “သက်သေ အရေးကြီးတယ်။ သက်သေပြနိုင်ရင် ငါကိုယ်တိုင် မြို့စားမင်းဆီ သွားပြီး မင်းအတွက် ဆုတောင်းပေးမယ်။ မင်း ဘယ်လောက်တော်တယ် ဆိုတာ ပြောပြပေးမယ်။”

‘ဒါဆိုရင် ကျင်းကျုံးယွဲ့ကို ပါးရိုက်သလို ဖြစ်သွားမှာပေါ့။ ကောင်းတယ်။ ကောင်းတယ်။ ဒီမိန်းမက ငါ့ကို ဒုက္ခရောက်စေချင်တာ။ အခု သူ့ဆရာက ငါ့အတွက် ဆုတောင်းပေးမယ် ဆိုတော့ သူ့မျက်နှာ ဘယ်နား သွားထားမလဲ။ ဒါပေမဲ့ သက်သေ ဘယ်လို ရှာရမလဲ။’

ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ပြီး စဉ်းစားလိုက်သည်။ စောစောက မြင်ခဲ့တဲ့ ပုံရိပ်ကို ပြန်မြင်ယောင်ကြည့်နေသည်။ “လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလေးက မြင်ကွင်းထဲမှာ သက်သေ ရှိကို ရှိရမယ်။”

သူ ရှာတွေ့သွားပြီဖြစ်၏။ ‘နှစ်ချက် ရှိတယ်။ ပထမအချက် - တရားသူကြီးချုပ်ဟောင်း သတ်သေတုန်းက သွေးတွေ ပန်းထွက်ပြီး ဝမ်ရှန်းရဲ့ မျက်နှာကို စင်သွားတယ်။ အခုတော့ သူ ဆေးလိုက်လို့ ပျောက်သွားလောက်ပြီ။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်မီးသာ ရှိရင် ရှာလို့ ရနိုင်တယ်။ ဒါပေမဲ့ ဒီခေတ်ကြီးမှာ ခရမ်းလွန်ရောင်ခြည်မီး ဘယ်က သွားရှာမလဲ။ ဒုတိယအချက် - ဝမ်ရှန်းက ကလေးကို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်တုန်းက စကားတစ်ခွန်း ပြောခဲ့တယ်။’

ယွင်ကျုံးဟဲ့ ထိုပုံရိပ်ကို ပြန်ကြည့်ပြီး နှုတ်ခမ်းလှုပ်ခြင်းကို ဖတ်လိုက်သည်။ “စာရင်း ဘယ်မှာလဲ။ မပေးရင် မင်းသားကို သတ်ပစ်မယ်။”

‘စာရင်း ဟုတ်လား။ ငွေစာရင်း မဟုတ်ဘူး။ သူလျှိုစာရင်း ဖြစ်ဖို့ များတယ်။ ဒါဆို ဒီဝမ်ရှန်းက ရိုးရိုး လူသတ်သမား မဟုတ်တော့ဘူး။ သူလျှို ဖြစ်သွားပြီ။’

ဝမ်တောက်ဖူက ပြောလိုက်၏။ “ယွင်အောက်ထျန်း... သက်သေမရှိရင် မင်းကို ဖမ်းရလိမ့်မယ်။”

ပြီးနောက် သူက အမိန့်ပေးလိုက်သည်။ “လာကြစမ်း။ အမွှေးတိုင် ထွန်း။”

ဤတစ်ကြိမ်တွင် ပုံမှန် အမွှေးတိုင် ဖြစ်သောကြောင့် နာရီဝက်ခန့် ကြာမည်။

ဝမ်တောက်ဖူက ပြောလိုက်၏။ “အမွှေးတိုင် မကုန်ခင် သက်သေပြရမယ်။”

တကယ့်ကို ခက်ခဲတဲ့ စစ်ဆေးမှုပင်။ ရုတ်တရက် ယွင်ကျုံးဟဲ့ ပြုံးလိုက်သည်။ “မင်းကြီးဝမ်... လွယ်လွယ်လေးပါ။ ကျုပ်မှာ အထူးစွမ်းရည် တစ်ခု ရှိတယ်။ အဲဒါက ဝိညာဉ်ဝင်ပူးတာပါပဲ။”

ဝမ်တောက်ဖူ မျက်နှာ ပြောင်းလဲသွား၏။ ‘ဝိညာဉ်ဝင်ပူးတယ် ဟုတ်လား။ ပေါက်ကရတွေ။’

ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်သည်။ “ကျုပ်က သေသူနဲ့ စကားပြောနိုင်တယ်။ သေသူရဲ့ ဝိညာဉ်ကို ကိုယ်ထဲ ခေါ်သွင်းပြီး တရားခံကို ဖော်ထုတ်ခိုင်းလို့ ရတယ်။”

ဤအရာမှာ အရမ်းကို ဆန်းကြယ်လွန်းနေ၏။ မည်သူမှ မယုံကြည်ကြချေ။

“လုပ်ပြစမ်း။” ဝမ်တောက်ဖူက ခိုင်းလိုက်သည်။

ယွင်ကျုံးဟဲ့ အလောင်းနား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ “အရှင်... ခင်ဗျားကို ဘယ်သူ သတ်တာလဲ။ ပြောပြပါ။ ကျုပ် အမှုမှန် ဖော်ထုတ်ပေးပါမယ်။”

ဘေးလူများက ရယ်ချင်စိတ်ကို ထိန်းထားကြသည်။ ‘သက်သေမပြနိုင်တော့ ဝိညာဉ် ဝင်ပူးသလို လုပ်နေပြီပေါ့လေ။’

ရုတ်တရက် ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တုန်ခါသွားသည်။ သရဲဝင်ပူးသွားသလိုပင်။

“ငါ သေရင်... ငါ့မိသားစု ဘေးကင်းပြီ။ ဟား... ဟား... ဟား... အား...” အသံက တရားသူကြီးချုပ်ဟောင်း၏ အသံနှင့် တစ်ထပ်တည်းဖြစ်၏။

ဝမ်ရှန်း မျက်နှာ ဖြူဖျော့သွားသည်။ သူ မယုံကြည်ချေ။ သို့သော်ငြား ကြောက်သွားသည်။

‘တရားသူကြီးချုပ်ဟောင်း သေခါနီး ပြောခဲ့တဲ့ စကားကို ငါတစ်ယောက်တည်း ကြားခဲ့တာလေ။ ဘယ်သူမှ မရှိဘူး။ ဒီသူတောင်းစား ဘယ်လို လုပ် သိတာလဲ။ တကယ်ပဲ သရဲဝင်ပူးတာလား။’

ယွင်ကျုံးဟဲ့ (တရားသူကြီးချုပ်ဟောင်း) ဆီမှ အသံထပ်မံ၍ ထွက်ပေါ်လာပြန်၏။ “စာရင်း။ မင်းလိုချင်တဲ့ စာရင်း။ ဟား... ဟား... ဟား... ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ နေရာမှာ ရှိတယ်။”

‘စာရင်း ဟုတ်လား။’ ဝမ်ရှန်း တုန်လှုပ်သွားသည်။ ‘အဲဒီ စာရင်းထဲမှာ သူလျှိုတွေရဲ့ နာမည်တွေ ပါတယ်။ သူတို့အဖွဲ့အစည်း တစ်ခုလုံး ပျက်စီးသွားနိုင်တယ်။’

“စာရင်းက... စာရင်းက...” ယွင်ကျုံးဟဲ့ (တရားသူကြီးချုပ်ဟောင်း) သည် တုန်ယင်စွာဖြင့် အော်ဟစ် လိုက်၏။ “ငါ့သားကို မသတ်ပါနဲ့။ မင်းတို့ကောင်တွေ ကောင်းကောင်း မသေရပါစေနဲ့။”

ထို့နောက် ယွင်ကျုံးဟဲ့ မျက်လုံးပွင့်လာသည်။ သရဲ ထွက်သွားပြီဖြစ်သည်။

အားလုံး ကြောင်အပြီး ကြည့်နေကြ၏။ သရဲဝင်ပူးခြင်းကို မယုံဘူး ဆိုသော်ကြား တကယ်ကြီး ဖြစ်ပျက်သွားခြင်းပင်။ အထူးသဖြင့် နောက်ဆုံးစကား။ ထိုစကားကို ဝမ်ရှန်း တစ်ယောက်တည်းသာ သိခြင်းပင်။

ရုတ်တရက် ယွင်ကျုံးဟဲ့သည် ဓားမြှောင်ကို ဆွဲယူပြီး အလောင်းဆီသို့ ပြေးသွားသည်။

စစ်သည်များ တားရန် ပြင်လိုက်သော်လည်း ဝမ်တောက်ဖူက တားလိုက်၏။ “လွှတ်ပေးလိုက်။”

ယွင်ကျုံးဟဲ့သည် အလောင်း၏ ဗိုက်ကို ခွဲပြီး အစာအိမ်ထဲတွင် မွှေနှောက် ရှာဖွေလိုက်သည်။ အားလုံး မျက်နှာလွှဲထားလိုက်ကြသည်။

ဝမ်တောက်ဖူသည်လည်း အသက်ရှူ အောင့်ထားလိုက်၏။ ‘တကယ်ပဲ သေသူရဲ့ ဝိညာဉ်က ပြောပြသွားတာလား။ စာရင်းက ဗိုက်ထဲမှာ ရှိတယ်လို့ ပြောသွားတာလား။ ဒါဆိုရင် ကြောက်စရာ ကောင်းလိုက်တာ။ စာရင်းကို ဖယောင်းလုံး လုပ်ပြီး မျိုချထားတာလား။ ဒီကောင်လေးကလည်း ရက်စက်လိုက်တာ။ ဗိုက်ကို ခွဲပြီး ရှာရဲတယ်ပေါ့။’

“တွေ့ပြီ။ တွေ့ပြီ။” ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်သည်။ အလောင်း၏ အစာအိမ်ထဲမှ လက်မအရွယ် ဖယောင်းလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ဖယောင်းလုံးကို ခွဲလိုက်ချိန်မှာတော့ စာရွက်တစ်ရွက် ထွက်လာသည်။

ဝမ်ရှန်းတုန်လှုပ်သွား၏။

ဤအရာမှာ တရားသူကြီးချုပ်ဟောင်းက အသေခံပြီး ကာကွယ်သွားတဲ့ စာရင်း။ ဝမ်ရှန်း လိုချင်လွန်း၍ ကလေးကို ဓားနှင့်ထောက်ပြီး တောင်းခဲ့သည့် စာရင်းပင်။ ထိုအထဲတွင် သူလျှိုအဖွဲ့အစည်း တစ်ခုလုံး ပါနေ၏။ ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့၏ ကောင်းကျိုးက ကြီးမားလွန်းနေပြီဖြစ်သည်။

ယွင်ကျုံးဟဲ့ စာရွက်ကို ဖြန့်ပြီး ဖတ်ရန် ပြင်လိုက်၏။

ထိုစဉ် ဝမ်ရှန်းသည် လျှပ်စီးလက်သကဲ့သို့ ခုန်ပျံလိုက်ပြီး ယွင်ကျုံးဟဲ့ထံသို့ ပြေးဝင်လာပြီး သူ့ကို သတ်ရန် ကြိုးစားလိုက်သည်။

ယွင်ကျုံးဟဲ့ လန့်သွားပြီး လက်ထဲမှ ဖယောင်းလုံးကို ပစ်လိုက်သည်။ ဝမ်ရှန်းသည် လေထဲတွင် ကိုယ်ကို လှည့်ကာ ဖယောင်းလုံးကို ဖမ်းယူလိုက်၏။

‘သူက သိုင်းမတတ်ဘူးဆို... ဘယ်လိုဖြစ်ပြီး ဒီလောက် ကျွမ်းကျင်နေတာလဲ။’

“ဖမ်းကြ။ ဖမ်းကြ။” ဝမ်တောက်ဖူ အော်ဟစ်လိုက်သည်။

စစ်သည် ၄ ဦး ဝမ်ရှန်းဆီသို့ ပြေးဝင်သွားကြ၏။

ဝမ်ရှန်းသည် ဖယောင်းလုံးကို ခြေမွပစ်လိုက်သည်။ အတွင်းမှ စာရွက်ကိုလည်း အမှုန့်ကြိတ်ပြီး ပါးစပ်ထဲ ထည့်ကာ မျိုချလိုက်၏။

စစ်သည်များ သူ့ကို ဖမ်းချုပ်လိုက်ကြသည်။

ဝမ်တောက်ဖူသည် ဝမ်ရှန်းကို စိုက်ကြည့်ကာ ပြောလိုက်၏။ “မထင်ထားဘူးကွာ။ တကယ်ပဲ မင်း ဖြစ်နေတာလား။ ငါ့နားမှာ နေလာတာ ၁၀ နှစ်ကျော်ပြီနော်။ မင်း ဘယ်တိုင်းပြည်က သူလျှိုလဲ။”

“ဟား... ဟား... ဟား...” ဝမ်ရှန်း ရယ်မောလိုက်သည်။ “ကျုပ်က အရှင်မင်းကြီးအပေါ် သစ္စာရှိတယ်။ ကျုပ် တိုင်းပြည်အပေါ် သစ္စာရှိတယ်။ သေချင်သေပါစေ။ သစ္စာတော့ မဖောက်ဘူး။ ကျုပ် တစ်စစီ အခုတ်ခံရပါစေ။ ကျုပ် ရောင်းရင်းတွေကို အထိခိုက် မခံနိုင်ဘူး။”

“အား....” ဝမ်ရှန်း ရုတ်တရက် အော်ဟစ်လိုက်၏။

ဝမ်တောက်ဖူက ပြောလိုက်သည်။ “သူ သတ်သေတော့မယ်။ တားကြ။ တားကြ။”

သို့သော်ငြား နောက်ကျသွားပြီဖြစ်သည်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်တို့မှ သွေးမဲများ စီးကျလာသည်။ သူ သူ့ကိုယ်သူ သတ်သေသွားပြီဖြစ်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဲဒီ ဖယောင်းလုံးက အတုပါဗျာ။ ကျုပ် စောစောကမှ လုံးထားတာ။ အထဲက စာရွက်ကလည်း စာရင်း မဟုတ်ပါဘူး။ စာရွက်လွတ်ပါ။ ကျုပ် ခင်ဗျားကို ခြောက်လိုက်တာပါ။ စာရင်း အစစ် ဘယ်မှာလဲ ဆိုတာ ကျုပ် မသိပါဘူး။”

“ကျုပ် သိတယ်။ ကျုပ် သိတယ်။” ဝမ်ရှန်းက တုံ့ပြန်လိုက်၏။ “ဒါပေမဲ့ တစ်သောင်းပုံတစ်ပုံလောက် ဖြစ်နိုင်ခြေ ရှိရင်တောင် ကျုပ် စွန့်စားရမယ်။ ကျုပ်ရဲ့ ညီအစ်ကို မောင်နှမတွေကို ကျုပ် ကာကွယ်ရမယ်။”

ယွင်ကျုံးဟဲ့ ရင်ထဲတွင် လှုပ်ရှားသွားသည်။ သူ့ဘက်က ကြည့်လျှင် သူက သူရဲကောင်းပင်။

“ယွင်အောက်ထျန်း... မင်းက ကျုပ်တို့ အင်ပါယာရဲ့ ရန်သူ ဖြစ်သွားပြီ။ မကြာခင် မင်းဆီ လာကြလိမ့်မယ်။”

ထိုစကားကို နှုတ်ခမ်းလှုပ်ရုံသာ ပြောသွားသောကြောင့် ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ သိလိုက်ရသည်။

ထို့နောက် ဝမ်ရှန်း ခေါင်းငိုက်စိုက်ကာ သေဆုံးသွားလေ၏။

သူ သေပျော်သွားပြီဖြစ်ပြီး သူ့တာဝန် သူ ကျေပွန်သွားပြီ ဖြစ်သည်။

ဘေးမှ ဝမ်တောက်ဖူသည် လက်ခုပ်တီးလိုက်၏။

ထို့နောက် အားလုံး ဝိုင်းဝန်း လက်ခုပ်တီးကြသည်။

ဝမ်တောက်ဖူက ပြောလိုက်၏။ “သခင်လေး ယွင်အောက်ထျန်း... မင်း တော်တော် ထူးချွန်တာပဲ။ ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုကောင်းတယ်။ လာ။ မြို့စားမင်းဆီ သွားပြီး ဆုလာဘ် တောင်းပေးမယ်။”

ထိုစဉ် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ “မြို့စားမင်း ရောက်ရှိလာပါပြီ။”

‘ကျင်းကျုံးယွဲ့ လာပြီလား။’

ဝမ်တောက်ဖူက ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲကာ ပြောလိုက်၏။ “အောက်ထျန်း... မင်း သိပ်တော်တယ်။ လာ.... ဆုလာဘ် တောင်းပေးမယ်။”

.....................

All Chapters