အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အပိုင်း (၄၃)
ယွင်ကျုံးဟဲ့ သတိထားမိလိုက်သည်။ ဝမ်တောက်ဖူသည် ပါးစပ်က အားရပါးရ ချီးကျူးနေသော်လည်း မျက်လုံးများထဲတွင်မူ မှုန်မှိုင်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။
“မင်းကြီး.... မြို့စားမင်း ရောက်ပါပြီ။” အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
ဝမ်တောက်ဖူသည် ဝမ်ရှန်း (ဝမ်ပိရန်) ၏ အလောင်းကို စိုက်ကြည့်နေပြီးမှ အပြင်သို့ ထွက်သွားလေသည်။
“ကျုပ် မြို့စားမင်းကို ဂါရဝပြုပါတယ်။” ဝမ်တောက်ဖူ ဒူးထောက်လိုက်၏။
“ဆရာ... ထပါ။” ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ရလဒ်က ဘယ်လိုလဲ။”
ဝမ်တောက်ဖူက ပြောလိုက်၏။ “ငါးက ငါးစာကို ဟပ်သွားပါပြီ။ ငါးကတော့ ဝမ်ရှန်းပါပဲ။ သူက ကျုပ်နားမှာ ၁၀ နှစ်ကြာအောင် ပုန်းအောင်းနေခဲ့တာ။ အခုမှ သူ့ရဲ့ မျက်နှာဖုံး ကွာကျသွားတယ်။ တကယ့်ကို အံ့ဩဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက အရှင် ဖမ်းမမိလိုက်ပါဘူး။ သူ သတ်သေသွားပါတယ်။”
“ဖမ်းမိလည်း အသုံးမဝင်ပါဘူး။ ဒီလိုလူတွေက ပါးစပ်ပိတ်ထားမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ သူလျှိုအဖွဲ့အစည်း တစ်ခုလုံးက ကျွန်မတို့ လက်ထဲ ရောက်နေပြီပဲ။ သူ အသက်ရှင်၊ မရှင်က အရေးမကြီးတော့ပါဘူး။”
ကျင်းကျုံးယွဲ့သည် ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ဝင်ထိုင်လိုက်သည်။
“ဆရာ... ရန်သူ့ သူလျှိုအဖွဲ့အစည်းက ၁၀ နှစ်လောက် ပုန်းအောင်းနေခဲ့တာ။ အခု တစ်ချက်တည်းနဲ့ ဖော်ထုတ်နိုင်ခဲ့တာက အစ်ကိုကြီးရဲ့ ကောင်းကျိုးကြောင့်ပါ။ သူက သုံးနှစ်လောက် အသံတိတ်နေပြီးမှ ပြန်လာလာချင်း အခုလို စွမ်းဆောင်ပြနိုင်တာ တကယ့်ကို ချီးကျူးစရာပါပဲ။”
သူမ ပြောနေသည့် အစ်ကိုကြီး ဆိုသည်မှာ မည်သူဖြစ်သနည်း။
ဝမ်တောက်ဖူက ဆက်ပြော၏။ “မြို့စားမင်း... ဒီနေ့ အံ့ဩစရာက ချူကျောင်းရန် ပြန်ရောက်လာတာ တစ်ခုတည်း မဟုတ်ပါဘူး။ ယွင်အောက်ထျန်းလည်း ပါပါတယ်။”
ထို့နောက် ဝမ်တောက်ဖူက လက်ခုပ်တီးလိုက်သည်။ ယွင်ကျုံးဟဲ့ ထွက်လာသည်။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ အံ့ဩသွား၏။ ‘ဒီလူ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ယွင်ကျုံးဟဲ့ကို နှိပ်ကွပ်ဖို့အတွက် ဆရာကို ခိုင်းထားတာလေ။ သူတောင်းစား၊ အသုံးမကျတဲ့ကောင်ကို ဆရာက ဘာလို့ မနှင်ထုတ်ရသေးတာလဲ။ ပုံမှန်ဆိုရင် နာရီဝက်တောင် မကြာဘဲ အရိုက်ခံရ၊ အမောင်းထုတ်ခံရ ဖြစ်နေရမှာ မဟုတ်ဘူးလား။ ဘာလို့ အခုထိ ဒီမှာ ရပ်နေသေးတာလဲ။’
ဝမ်တောက်ဖူက ဆက်ပြောသည်။ “မြို့စားမင်း... ဒီယွင်အောက်ထျန်းက ဒီနေ့ ကျုပ် ရလိုက်တဲ့ ဒုတိယမြောက် အံ့အားသင့်စရာပါပဲ။ သူက အမှုစစ်ပညာ မသင်ဖူးပေမဲ့ ပါရမီ အလွန် ထူးချွန်ပါတယ်။”
ထို့နောက် ဝမ်တောက်ဖူသည် ဖြစ်ပျက်ခဲ့သမျှကို ကျင်းကျုံးယွဲ့အား အသေးစိတ် ရှင်းပြလိုက်သည်။ မချီးကျူးသလို၊ ဖုံးကွယ်ထားခြင်းလည်း မရှိပေ။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ‘တရားသူကြီး ချုပ်ဟောင်း သတ်သေတာကို ဖော်ထုတ်နိုင်ရုံမက၊ တရားခံအစစ်က ဝမ်ရှန်း ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ တာလား။ အဲတာက ပိုပြီး ခက်ခဲတဲ့ ကိစ္စလေ။
အထူးသဖြင့် နောက်ဆုံးအချိန်မှာ ဝမ်ရှန်းကို လှည့်စားပြီး သူ့အပြစ်ကို ဝန်ခံအောင် လုပ်နိုင်ခဲ့တာက တကယ့်ကို အံ့မခန်းပါပဲ။ ဒီယွင်အောက်ထျန်းက တကယ်ပဲ ဒီလောက် အရည်အချင်း ရှိတာလား။ ဆရာ ဝမ်တောက်ဖူတောင် သူ့ကို ချီးကျူးနေပါလား။ ဒါက ငါ့့ကို ပါးရိုက်လိုက်သလို ဖြစ်နေပြီ။’
“ဝမ်ရှန်းက သူလျှိုဖြစ်မှန်း စောစောစီးစီး သိသွားခဲ့တယ်။ သူ့ကို ဖော်ထုတ်နိုင်တာ ယွင်အောက်ထျန်းနဲ့ မဆိုင်ပေမဲ့ သူပြသခဲ့တဲ့ ပါရမီကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒါကြောင့် သူ့ကို လေခွင်းရုံးတော်မှာ ဆက်ထားချင်ပါတယ်။” ဝမ်တောက်ဖူက ပြောလိုက်၏။
ကျင်းကျုံးယွဲ့ အခက်တွေ့သွားသည်။ တရားသူကြီးချုပ် ရာထူးက အရေးကြီး၏။ အနည်းဆုံး စာမေးပွဲအောင် ကျူရန်အဆင့်လောက် ရှိမှ ပေးလို့ရသည့်နေရာဖြစ်၏။ ယွင်ကျုံးဟဲ့ကို မည်ကဲ့သို့ ပေးရမည်နည်း။
သူမက အရည်အချင်းကို ကြည့်ပြီး နေရာပေးတတ်၏။ သို့သော်ငြား တရားသူကြီးချုပ် နေရာမှာ လူရှိနေပြီဖြစ်၏။
သူက သုံးနှစ်ကြာ ပျောက်ကွယ်နေပြီးမှ ပြန်ရောက်လာပြီး ကြီးမားသော သူလျှို အဖွဲ့အစည်းကို ဖော်ထုတ်ပေးခဲ့သူ အစ်ကိုကြီး ချူကျောင်းရန် ဖြစ်သည်။ သူက တရားသူကြီးချုပ် ရာထူးအပြင် ရုံးအုပ်ချုပ်ရေးမှူး ရာထူးကိုပါ ယူရမည်သူပင်။
ယွင်ကျုံးဟဲ့က ဝင်ပြောသည်။ “တကယ်တော့ ဒီတရားသူကြီးချုပ် ရာထူးမှာ လူရှိပြီးသား မဟုတ်လား။ ကျုပ်ကို ပေးဖို့ မဖြစ်နိုင်ဘူး မဟုတ်လား။”
ကျင်းကျုံးယွဲ့ တိတ်ဆိတ်နေသည်။ ထို့နောက် ယွင်ကျုံးဟဲ့ကို စိုက်ကြည့်လိုက်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျား ကတိပေးထားပြီးသား။ ကတိတည်ရမယ်။ ဒီတရားသူကြီးချုပ် ရာထူးကို ကျုပ် မလိုချင်ဘူး။ နာမည်ကလည်း ရုပ်ဆိုးတယ်။ တခြား ရာထူး ပြောင်းပေး။ ဒါပေမဲ့ ရာထူး အဆင့်အတန်းက တရားသူကြီးချုပ်ထက် မနိမ့်စေရဘူး။ အဓိက က နာမည်ကြီးပြီး အရှိန်အဝါ ရှိရမယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဒါဆို ရှင် ဘာရာထူး လိုချင်လဲ။ ပြောပြစမ်း။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “ကျင်ယီဝေ တပ်မှူးချုပ်... ဒီနာမည်က သိပ်ကို ဂုဏ်ရှိန်ဂုဏ်ဝါ ရှိတယ်။ ကျုပ် ကြိုက်တယ်။”
အားလုံး ရယ်မောလိုက်ကြ၏။
ယွင်ကျုံးဟဲက ကြောင်အသွားမိသည်။ ‘ကျင်ယီဝေ ဆိုတာ တခြား လောကမှအဖွဲ့အစည်းလေ။ ဒီမှာမှ မရှိတာ။ သူတို့က ဘာသိလို့ ရယ်နေတာလဲ’
(ကျင်ယီဝေ - တရုတ်မင်းဆက်သမိုင်းမှာ အလွန်ကျော်ကြားပြီး ကြောက်မက်ဖွယ်ကောင်းခဲ့သည့် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ သို့မဟုတ် လျှို့ဝှက်တပ်ဖွဲ့)
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကောင်းပြီ။ ရှင့်ရာထူးကို မနက်ဖြန် မြို့စားအိမ်တော် ညီလာခံမှာ တရားဝင် ကြေညာပေးမယ်။ ရှင် စိတ်ပျက်စေရမယ့် ရာထူး မဟုတ်စေရဘူး။ အခု ပြန်လို့ ရပြီ။”
ဤအရာကမှ တကယ့် ကတိစကားပင်။ လူသိရှင်ကြား ကြေညာမည် ဆိုမှတော့ ယွင်ကျုံးဟဲ့၏ ရာထူးက သေချာသွားပြီဖြစ်သည်။ လှည့်စားခြင်း မဟုတ်တော့ချေ။
ယွင်ကျုံးဟဲ့ ထွက်သွားရန် ပြင်လိုက်၏။
သို့သော်ငြား တံခါးဝသို့ ရောက်သည်နှင့် စစ်သည်အချို့ တားဆီးလိုက်သည်။ “သခင်လေး ယွင်... ခဏလောက် နေပါအုံး။ အခန်းထဲမှာ အနားယူပေးပါ။”
ယဉ်ကျေးသော်လည်း ပြတ်သားသော လေသံဖြစ်၏။
ယွင်ကျုံးဟဲ့ကို အခန်းငယ်လေး တစ်ခုထဲသို့ ခေါ်ဆောင်သွားကြသည်။ အတွင်းတွင် လက်ဖက်ရည်နှင့် မုန့်များ ပြင်ဆင်ထားသည်။ စားချင်စား၊ အိပ်ချင်အိပ် ရသည်။ သို့သော်ငြား အပြင်ထွက်ခွင့် မရှိချေ။
ဤအရာက အကျယ်ချုပ် မဟုတ်ပေ။ ကြီးမားသည့် စစ်ဆင်ရေးကြီး စတင်တောမည်ဖြစ်သောကြောင့် လျှို့ဝှက်ချက် မပေါက်ကြားအောင် ထိန်းသိမ်းထားခြင်းမျိုးပင်။
............
အခန်းထဲတွင် ကျင်းကျုံးယွဲ့နှင့် ဝမ်တောက်ဖူ နှစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် လန်ပိ ဝင်ရောက်လာသည်။
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဆရာ... စလို့ ရပြီလား။”
ဝမ်တောက်ဖူက ခေါင်းညိတ်လိုက်သည်။ “ရပြီ။ ဝမ်ရှန်းက သူလျှိုစာရင်းကို ဖျက်ဆီးချင်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီ။ သူ့ကို ကျုပ်တို့ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာ။ ဒါကြောင့် သူ အပြင်ကို သတင်းပို့ဖို့ အချိန်မရလိုက်ဘူး။ ရန်သူတွေ ဘာမှ မသိသေးခင် သူတို့အဖွဲ့အစည်း တစ်ခုလုံးကို ဖမ်းဆီးရမယ်။”
“စာရင်းက သေချာရဲ့လား။” လန်ပိက မေးလိုက်သည်။
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ဒါက ချူကျောင်းရန် ၆ လလောက် အချိန်ယူပြီး စုံစမ်းထားတဲ့ စာရင်းပဲ။ တချို့လူတွေကိုလည်း တိတ်တဆိတ် စစ်ဆေးပြီးပြီ။ သေချာတယ်။ လေခွင်းမြို့ထဲမှာ ပုန်းအောင်းနေတဲ့ သူလျှိုအဖွဲ့အစည်း အကြီးစားပဲ။”
လန်ပိ ခဏမျှ တွန့်ဆုတ်နေပြီး ဒူးထောက်လိုက်သည်။ “မြို့စားမင်း... သူလျှိုဖမ်းတာက သွေးနက်ဂိုဏ်းရဲ့ အလုပ်ပါ။ ဘာလို့ ချူကျောင်းရန်ကို တာဝန်ပေးရတာလဲ။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ နင်က မိန်းမ ဖြစ်နေလို့လေ။ တချို့ကိစ္စတွေက ယောက်ျားတွေပဲ လုပ်လို့ရတာ။”
‘ယောက်ျားတွေပဲ လုပ်လို့ရတာ ဟုတ်လား။ ပျားရည်ထောင်ချောက် ထောင်တာလား။’
လန်ပိ ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားသည်။
ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်၏။ “သွားတော့။ စာရင်းအတိုင်း ဖမ်းကြ။ စာရင်းထဲက လူ ၃၀ အပြင် ဆက်စပ်နေတဲ့ လူတွေကိုပါ အကုန်ဖမ်း။ တစ်ယောက်မှ မလွတ်စေနဲ့။ မှားဖမ်းမိရင်တောင် ကိစ္စမရှိဘူး။ လွတ်သွားတာမျိုး မရှိစေနဲ့။”
“ကောင်းပါပြီ။”
ကျင်းကျုံးယွဲ့ အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။ “တပ်မှူးလင်...”
“ရှိပါတယ်။” အပြင်ဘက်မှ တပ်မှူးတစ်ဦးက အော်လိုက်၏။
ကျင်းကျုံးယွဲ့က အမိန့်ပေးလိုက်သည်။ “လေခွင်းမြို့ကို ပိတ်ဆို့လိုက်။ စစ်သည် ၁၀၀၀ ယူပြီး အရှင်လန်ပိရဲ့ ကွပ်ကဲမှုအောက်မှာနေ...၊ သွေးနက်ဂိုဏ်းရဲ့ ဖမ်းဆီးရေး စစ်ဆင်ရေးကို ကူညီပေး။”
“ကောင်းပါပြီ။”
“ထွက်ခွာတော့။”
လေခွင်းမြို့၏ တံခါးမကြီးများ အားလုံး ပိတ်လိုက်သည်။ စစ်သည် ၂၀၀၀ ခန့်သည် မြို့စားအိမ်တော်နှင့် လေခွင်းရုံးတော်တို့မှ ထွက်ခွာသွားကြ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များ၏ ခြေသံများသည် မြေကြီးကို တုန်ခါစေသည်။
ယွင်ကျုံးဟဲ့သည် အခန်းထဲမှ အပြင်သို့ လှမ်းကြည့်လိုက်၏။ သွေးနက်ဂိုဏ်း စစ်သည်များနှင့် မြင်းစီး တပ်ဖွဲ့များ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။
စစ်ဆင်ရေးကြီး စပြီဖြစ်သည်။ ယနေ့ လူဘယ်နှစ်ယောက် အဖမ်းခံရမလဲ။ ဘယ်နှစ်ယောက် သေမလဲ။
ယခု ယွင်ကျုံးဟဲ့က သေချာလုနီးပါး ဖြစ်လို့သွားခဲ့သည်။
‘သူလျှိုစာရင်း ဆိုတာ တကယ် ရှိတယ်။ လေခွင်းမြို့က အဲဒီစာရင်းကို ရထားပြီးသားပဲ။ တရားသူကြီးချုပ် ဟောင်းက အစာကျွေးခံရတဲ့ ငါးစာ သက်သက်ပဲ။ ဝမ်ရှန်းကို ဖော်ထုတ်ဖို့ သုံးလိုက်တဲ့ ငါးစာ။ ဝမ်ရှန်းက သူလျှိုခေါင်းဆောင် ဖြစ်မယ်။ သူသေသွားပြီ ဆိုတော့ ဖမ်းဆီးပွဲကြီး စတင်ပြီပေါ့။’
လေခွင်းမြို့၏ ဓားရိပ်ဓားငွေ့တွေကို ယွင်ကျုံးဟဲ့ ခံစားလိုက်ရသည်။ မကြာမီ အပြင်ဘက်မှ အော်ဟစ်သံများ၊ သတ်ဖြတ်သံများကို ကြားယောင်လာသည်။ မုန်တိုင်း လာတော့မည်။ ယွင်ကျုံးဟဲ့ မုန့်စားနေရင်း မျက်နှာကြွက်သားများ လှုပ်ရှားသွား၏။
............................
တာယင်အင်ပါယာ၊ ဟေးလုံထိုင် စခန်းခွဲ၊ အန်းထင် တည်းခိုခန်း
“ဘုန်း... ဘုန်း... ဘုန်း...”
စစ်သည် အများအပြား ရောက်လာပြီး တည်းခိုခန်း တစ်ခုလုံးကို ဝိုင်းထားလိုက်ကြသည်။
“ကျွီ... ကျွီ...”
လေးသမား ၁၀၀ ခန့်က မြားများကို အသင့်ပြင်ကာ ချိန်ရွယ်ထားကြ၏။
ရွှီအန်းထင်တို့ မောင်နှမ နှစ်ယောက် ထိတ်လန့်သွားကြသည်။ “ဒါ... ဒါ ဘာဖြစ်တာလဲ။ ကျုပ်တို့ ပေါ်သွားတာလား။”
“မဖြစ်နိုင်ဘူး။”
“ဘယ်လိုလုပ်မလဲ။ ပြန်တိုက်မလား။”
“ခေါင်းဆောင်... ခင်ဗျား အရင်ပြေး။ ကျုပ်တို့ ကာထားပေးမယ်။” ဟေးလုံထိုင် စစ်သည်များက အော်ပြောကြသည်။
“အစ်ကိုကြီး.... စာရွက်စာတမ်းတွေကို မီးရှို့လိုက်ရမလား။” ညီမဖြစ်သူ ရွှီအန်းထင်က မေးလိုက်၏။
“မလုပ်နဲ့။ ငြိမ်ငြိမ်နေ... ငြိမ်ငြိမ်နေ...” အစ်ကိုဖြစ်သူ ရွှီအန်းထင်က တားလိုက်သည်။
“ကျုပ်တို့ စခန်းက အပြင်လောကနဲ့ အဆက်အသွယ် မရှိဘူး။ တခြား အဖွဲ့အစည်းတွေနဲ့လည်း မချိတ်ဆက်ထားဘူး။ ကျုပ်တို့ ပေါ်သွားတယ်ဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်။ ယွင်ကျုံးဟဲ့ သစ္စာဖောက်လိုက်တာပဲ။ ဒါပေမဲ့... ဒါ လုံးဝ မဖြစ်နိုင်ဘူး။”
“မဖြစ်နိုင်ဘူး။ သူ သစ္စာဖောက်မှာ မဟုတ်ဘူး။” ညီမဖြစ်သူက ခိုင်မာစွာ ပြောလိုက်၏။ “သူက အရူး၊ အနုပညာ ပါရမီရှင်... ဒီလိုလူမျိုးက သစ္စာမဖောက်တတ်ဘူး။”
အစ်ကို ရွှီအန်းထင်က ပြောလိုက်သည်။ “ဒါဆိုရင် ဘာမှ မလုပ်နဲ့။ စာရွက်စာတမ်းတွေ မီးမရှို့နဲ့။ ဘာမှ မဖြစ်သလိုပဲ နေ...”
ထိုစဉ် အပြင်ဘက်မှ တံခါးထုသံ ကြားလိုက်ရ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
အစ်ကိုဖြစ်သူက သက်ပြင်းချလိုက်သည်။ “တံခါးသွားဖွင့်လိုက်။”
အစေခံတစ်ဦး သွားဖွင့်ပေးလိုက်သည်။ သွေးနက်ဂိုဏ်း စစ်သည်များ ဝင်လာကြ၏။
တပ်မှူးတစ်ဦးက အေးစက်စွာ မေးလိုက်သည်။ “ရွှီအန်းထင် ဆိုတာ ဘယ်သူလဲ။ မိန်းမ တစ်ယောက်...”
“ကျွန်မပါ။” ညီမဖြစ်သူ ထွက်လာ၏။
တပ်မှူးက ပုံတူပန်းချီကား တစ်ချပ်ကို ထုတ်ကြည့်လိုက်သည်။ တိုက်ဆိုင်စစ်ဆေးစရာ မလိုလောက်အောင် တူညီနေသည်။ သူမ၏ လှပသော မျက်နှာပေါ်ရှိ ဓားရာနှစ်ချက်က ထင်ရှားလွန်းသည်။
တပ်မှူးက မေးလိုက်၏။ “မင်းက ကောင်းကင်အမွေးအတောင် နန်းဆောင်မှာ စောင်းသင်ပေးဖူးတယ် မဟုတ်လား။ အဲဒီကို မကြာခဏ သွားတယ် မဟုတ်လား။”
ရွှီအန်းထင် (ညီမ)က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”
တပ်မှူးက အမိန့်ပေးလိုက်၏။ “ဖမ်းလိုက်။”
စစ်သည်များက သူမကို ဖမ်းချုပ်လိုက်ကြသည်။
အစ်ကိုဖြစ်သူ ရှေ့တိုးလာကာ ပြောလိုက်၏။ “အရှင်... အရှင်... ဒါ နားလည်မှုလွဲတာပါ။ ကျေးဇူးပြုပြီး ညှိနှိုင်းလို့ မရဘူးလား။”
သူက ငွေစက္ကူ တစ်ထပ်ကို ကမ်းပေးလိုက်သည်။
တပ်မှူးက ငွေစက္ကူကို ကြည့်လိုက်၏။ ငွေ ၁၀၀ တန်တွေ တော်တော် များ၏။
“သူဌေးရွှီက သဘောကောင်းသားပဲ။ ဒါပေမဲ့ ဒီအမှုက ကြီးလွန်းတယ်။ ညှိလို့ မရဘူး။” တပ်မှူးက ပြောသည်။ “အမှုမပြီးမချင်း ဒီတည်းခိုခန်းက ဘယ်သူမှ အပြင်မထွက်ရဘူး။ တစ်ယောက်ယောက် လျော့သွားရင် အကုန်လုံးကို ဖမ်းမယ်။”
တပ်မှူးက အမိန့်ပေးလိုက်၏။ “ခေါ်သွား။”
ညီမဖြစ်သူ ရွှီအန်းထင်ကို ဖမ်းခေါ်ကာ မြင်းလှည်းပေါ် တင်သွားသည်။
တပ်မှူးက ပြောလိုက်၏။ “နောက်တစ်နေရာ သွားမယ်။”
သွေးနက်ဂိုဏ်း စစ်သည်များ ထွက်ခွာသွားကြသည်။
......................
အပိုင်း (၄၄)
အစ်ကိုဖြစ်သူ ရွှီအန်းထင်က ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်သည်။ လက်များ တဆတ်ဆတ် တုန်ယင်နေ၏။
ဤကိစ္စမှာ လွန်ခဲ့သည့် ရက်ပိုင်းက ကောင်းကင်အမွေးအတောင် နန်းဆောင် အပိတ်ခံရသော ကိစ္စနှင့် ဆိုင်မှာ သေချာ၏။ ထိုအချိန်တုန်းက သူတို့က ယွင်ကျုံးဟဲ့ကို ကတိုးမွှေးသခင်မနှင့် ချိတ်ဆက်ပေးဖို့ ကြိုးစားနေ၏။ သို့သော်ငြား ထိုအချိန်မှာပဲ နန်းဆောင် အပိတ်ခံလိုက်ရခြင်းပင်။
သတင်းကြားရသည်မှာ ထိုနေရာ၌ လူသတ်မှု ဖြစ်ပြီး အထက်တန်းလွှာ လူ ၅ ယောက် အသတ်ခံလိုက်ရ သောကြောင့် မြို့စားမင်း ကျင်းကျုံးယွဲ့က ဒေါသထွက်ကာ တရားသူကြီးချုပ်ကို တစ်လအတွင်း အမှုဖော်ဖို့ အမိန့်ပေးထားသည် ဟူ၍ဖြစ်၏။
ရက်အနည်းငယ် ကြာချိန်မှာတော့ နန်းဆောင် ပြန်ဖွင့်၏။ အန္တရာယ် မရှိလောက်ဘူး ထင်သောကြောင့် သူတို့ မပြေးခဲ့ကြချေ။
ထို့အပြင် ယွင်ကျုံးဟဲ့က မြို့စားအိမ်တော်ထဲ ရောက်နေပြီဖြစ်၏။ အရေးကြီးသည့် အချိန် ဖြစ်နေသောကြောင့် သူတို့ ထွက်ပြေးလို့ မဖြစ်ပေ။ သူတို့ ထွက်ပြေးလိုက်လျှင် ယွင်ကျုံးဟဲ့ တစ်ယောက်တည်း ကျန်ခဲ့ပေလိမ့်မည်။
“ဆရာ... ဘယ်လိုလုပ်မလဲ။” ဟေးလုံထိုင် စစ်သည်တစ်ဦးက မေးလိုက်သည်။ “သွေးနက်ဂိုဏ်းထဲ ရောက်သွားရင် အပြစ်မရှိလည်း သေမှာ။ ဝင်ပြီးရင် ပြန်ထွက်လမ်း မရှိဘူး။”
နောက်တစ်ဦးက အကြံပြု၏။ “ယွင်ကျုံးဟဲ့ကို အကူအညီ တောင်းမလား။ သူက မြို့စားအိမ်တော်ထဲ ရောက်နေပြီလေ။ ကျင်းဝူပြန်းရဲ့ လူယုံ ဖြစ်နေပြီ။ သူဆိုရင် ကယ်နိုင်လောက်တယ်။”
“ပါးစပ်ပိတ်ထား။” အစ်ကိုဖြစ်သူက အော်ဟစ်လိုက်သည်။ “ဒီအချိန်မှာ ယွင်ကျုံးဟဲ့ကို လုံးဝ သွားမရှာရဘူး။ နာမည်တောင် မဟရဘူး။ အခုလို အကဲဆတ်တဲ့ အချိန်မှာ သူ့ကို သွားရှာရင် သူပါ ဒုက္ခရောက်သွားလိမ့်မယ်။”
စစ်သည်တစ်ဦးက ပြောလိုက်၏။ “ဒါပေမဲ့... မရှာရင် ဆရာမလေး သေလိမ့်မယ်။”
ရွှီအန်းထင်က ပြောလိုက်သည်။ “ရိုးရိုး နည်းလမ်းနဲ့ပဲ ကယ်ဖို့ ကြိုးစားမယ်။ အစွမ်းကုန် ကြိုးစားမယ်။”
စစ်သည်တစ်ဦးက မေးလိုက်၏။ “ကယ်လို့ မရရင်ရော။”
အစ်ကိုဖြစ်သူ ရွှီအန်းထင် မျက်ရည်ဝဲလာသည်။ “ကယ်မရရင် ကံတရားအတိုင်းပဲပေါ့။ အင်ပါယာအတွက် တခြား ရဲဘော်တွေတောင် အသက်ပေးနေကြတာ။ ကျုပ်ညီမလေးက ဘာလို့ အသက်မပေးနိုင်ရမှာလဲ။ ကျုပ်ညီမ မပြောနဲ့။ ကျုပ် အဖမ်းခံရရင်တောင် ခင်ဗျားတို့ ကျုပ်ကို လာမကယ်ရဘူး။
မှတ်ထားကြ။ အင်ပါယာရဲ့ အကျိုးစီးပွားက ပထမ... ဟေးလုံထိုင်ရဲ့ အကျိုးစီးပွားက ပထမ... ကျုပ်တို့ လုပ်နေတာတွေ အားလုံးက လေခွင်းမြို့ စီမံကိန်းကြီး အတွက်ပဲ။ ယွင်ကျုံးဟဲ့က ဒီစီမံကိန်းရဲ့ အသက်သွေးကြောပဲ။ သူ့ကို ကာကွယ်ဖို့အတွက် ဘယ်သူမဆို စွန့်လွှတ်ရမယ်။”
...................
ညရောက်လာ၏။ မွန်းလွဲပိုင်း တစ်လျှောက်လုံး ဆူပွက်နေခဲ့သော လေခွင်းမြို့သည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
လူဘယ်နှစ်ယောက် အဖမ်းခံရသလဲ၊ ဘယ်နှစ်ယောက် အသတ်ခံရသလဲ ဆိုတာကိုတော့ မည်သူမှ မသိကြပေ။
သို့သော်ငြား လမ်းမများပေါ်တွင် ကျန်ရစ်ခဲ့သော သွေးစက်များက ဒီနေ့ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သော ကြောက်မက်ဖွယ် အဖြစ်အပျက်များကို သက်သေထူနေသည်။ ကောင်းကင်ပေါ်မှ လမင်းကြီးပင်လျှင် သွေးရောင်လွှမ်းနေသယောင် ထင်ရသည်။
ယွင်ကျုံးဟဲ့သည် အခန်းထဲတွင် လက်ဖက်ရည် အိုးပေါင်းများစွာ သောက်ပြီး၊ မုန့်များစွာ စားပြီး ဖြစ်၏။
ထိုအချိန်၌ တံခါးပွင့်လာပြီး စစ်သည်တစ်ဦး ဝင်လာသည်။ “သခင်လေး ယွင်... ပြန်လို့ရပါပြီ။”
ယွင်ကျုံးဟဲ့ လေတက်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်၏။ “ရှုပ်လိုက်တာကွာ။ ခင်ဗျား နာမည် ဘယ်သူလဲ။”
ထိုစစ်သည်က ဖြေလိုက်သည်။ “ကျန်းကျိုး... လေခွင်းရုံးတော် အစောင့်တပ်ဖွဲ့ ဒုတိယတပ်မှူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို မှတ်ထားတယ်။ ဒီနေ့ ကျုပ် အိမ်သာသွားချင်တာကို ၃ ခါတောင် တားတယ်နော်။ ကျုပ်တို့ ရန်ငြိုးကြီးသွားပြီ။ မနက်ဖြန် ကျုပ် ရာထူးရတာနဲ့ ခင်ဗျားကို လက်စားချေမယ်။ မှတ်ထားလိုက်။”
ကျန်းကျိုးက မျက်နှာသေဖြင့် ကြည့်လိုက်သည်။ မျက်လုံးများထဲတွင်မူ အထင်သေးသော အရိပ်အယောင်များ ပါဝင်နေသည်။
‘ဒီသူတောင်းစားက ကိုယ့်အခြေအနေကိုယ် မသိဘူး။ အရာရှိ ဖြစ်တော့မယ် ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ အခြေခံအုတ်မြစ် မရှိဘဲနဲ့ ငါ့လိုလူကို ဘာလုပ်နိုင်မှာလဲ။ ရယ်စရာပဲ။’
ယွင်ကျုံးဟဲ့သည် လေခွင်းရုံးတော်မှ ထွက်လာပြီး မြို့စားအိမ်တော်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ မည်သူမှ လိုက်ပို့ခြင်း မရှိသလို မြင်းလှည်းလည်း မရှိချေ။ ခြေကျင်သာ ပြန်ရ၏။
သူ့လမ်းလျှောက်ပုံကတော့ အရင်အတိုင်း ဂဏန်းခြေလှမ်းပင် ဖြစ်သည်။ သို့သော်ငြား လမ်းလျှောက်နှုန်းက ပိုမို မြန်ဆန်လာသည်။ အင်္ကျီလက်ထဲမှ လက်များက တုန်ယင်နေသည်။
‘တစ်ခုခုတော့ မှားနေပြီ။ အကြီးအကျယ် မှားနေပြီ။’
လမ်းလျှောက်နေရင်း ရှေ့မှ အရိပ်မဲတစ်ခု လျှပ်စီးလက်သလို ဖြတ်ပြေးသွားသည်။ မိန်းမတစ်ယောက်... သိုင်းပညာ အလွန်ကောင်းပြီး ကိုယ်ဖော့ပညာ ကျွမ်းကျင်သော မိန်းမတစ်ယောက်ပင်။
သူမက လမ်းကြားများထဲတွင် လျင်မြန်စွာ ပြေးလွှားနေသည်။ နောက်မှ စစ်သည် ဒါဇင်ပေါင်းများစွာ လိုက်နေကြသည်။
ထိုမိန်းမသည် ယွင်ကျုံးဟဲ့ ဘေးမှ ဖြတ်သွားချိန်တွင် တစ်ချက် လှမ်းကြည့်လိုက်၏။။
ယွင်ကျုံးဟဲ့ မှတ်မိလိုက်သည်။ သူက ကောင်းကင်အမွေးအတောင် နန်းဆောင်က အစ်မချောလေး၊ ယွင်ကျုံးဟဲ့ အလုပ်သွားလျှောက်တုန်းက မျက်စပစ်ပြခဲ့တဲ့ တစ်ယောက်ဖြစ်နေသည်။
စက္ကန့်ဝက်လောက်သာ အကြည့်ချင်းဆုံလိုက်၏။ ထို့နောက် သူမသည် လမ်းကြားလေး တစ်ခုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။
သို့သော်ငြား နောက်တစ်စက္ကန့်တွင်... “ရွှပ်... ရွှပ်... ရွှပ်...” အမှောင်ထဲမှ လျှို့ဝှက်လက်နက်များ ပျံဝဲလာသည်။
လှပသော ငှက်ကလေး မြားမှန်ပြီး ပြုတ်ကျသွားသကဲ့သို့ သူမ လဲကျသွား၏။ သွေးနက်ဂိုဏ်း စစ်သည်များ ဝိုင်းအုံလာပြီး သူမကို ဖမ်းချုပ်လိုက်ကြသည်။ ထို့နောက် မြင်းလှည်းပေါ်သို့ ပစ်တင်လိုက်ကြ၏။
စစ်သည်တစ်ဦးက ယွင်ကျုံးဟဲ့ အနားမှ ဖြတ်သွားရင်း ခါးညွှတ် အရိုအသေ ပြုလိုက်သည်။
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်ပြီး ဆက်လျှောက်လာခဲ့၏။
နောက်ထပ် လမ်းကြားတစ်ခုသို့ ရောက်ချိန်မှာတော့ အမှောင်ရိပ်ထဲတွင် စစ်သည်များက လူ ၅ ယောက်ကို နံရံတွင် ကပ်၍ ဒူးထောက်ခိုင်းထားကို မြင်လိုက်ရသည်။
“ရွှပ်... ရွှပ်... ရွှပ်...”
ဓားချက်များ ကျဆင်းလာပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ခေါင်းပြတ်ကျသွားသည်။ အသံတိတ် လောကကြီးထဲမှ ထွက်ခွာသွားကြသည်။ သွေးများ လမ်းပေါ်သို့ ဖိတ်စင်ကျလာ၏။
ယွင်ကျုံးဟဲ့ ကြည့်နေသည်ကို မြင်ချိန်မှာတော့ စစ်သည်တစ်ဦးက လေးကို ချိန်လိုက်သည်။ နောက်တစ်ဦးက ဓားဆွဲပြီး လျှောက်လာသည်။
သို့သော်ငြား နောက်ထပ် စစ်သည်တစ်ဦးက တီးတိုး ပြောလိုက်၏။ ထိုအခါ လေးနှင့် ဓားကို ပြန်သိမ်းလိုက်ကြ၏။
လူသတ်သမားများက အမှောင်ထဲမှနေ၍ ယွင်ကျုံးဟဲ့ကို လက်သီးဆုပ် နှုတ်ဆက်လိုက်ကြသည်။ စကားတစ်ခွန်းမှ မပြောပေ။
ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြပြီး မြို့စားအိမ်တော်သို့ ဆက်လျှောက်လာခဲ့သည်။ သူ့ခြေလက်များ အေးစက်လာသည်။ အသက်ရှူ ကျပ်လာသည်။ အော့အန်ချင်သလို ဖြစ်လာ၏။
‘တစ်ခုခုတော့ မှားနေပြီ။ ဒါတွေ အားလုံးရဲ့ အစက လွန်ခဲ့တဲ့ တစ်လလောက်က ကောင်းကင်အမွေးအတောင် နန်းဆောင် အပိတ်ခံရတဲ့ ကိစ္စပဲ။ အဲဒီတုန်းက သူက “ပြည့်တန်ဆာခန်း ဝင်ဖမ်းတာပဲ နေမှာပါ။” လို့ ဟာသလုပ်ခဲ့သေးတယ်။ နောက်တော့မှ သိရတာက အထက်တန်းလွှာ ၅ ယောက် အသတ်ခံရလို့တဲ့။
နောက်ပိုင်း ဒီကိစ္စကို လူတွေ မေ့သွားကြတယ်။ မထင်မှတ်ထားဘူး။ ဒီကိစ္စက ဒီနေ့လို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာမယ်လို့။ မိုင်တစ်ထောင် အကွာက မိုးတိမ်တိုက် တစ်ခုက ဒီလောက် ပြင်းထန်တဲ့ မုန်တိုင်း ဖြစ်လာမယ်လို့ ဘယ်သူ ထင်မှာလဲ။’
လန်ပိက ရက်စက်၏။ လူသတ်ရခြင်းကို ဝါသနာပါသည်ဆိုသော သတင်းစကားတွေကို အရင်တုန်းက ယွင်ကျုံးဟဲ့ သိပ်မယုံခဲ့ချေ။
သူက လန်ပိကို ခဏခဏ စနောက်ဖူးနေသည်ကိုတောင် ဘာမှ မလုပ်သောကြောင့် သဘောကောင်းသည် ထင်နေခဲ့ခြင်းပင်။ သို့သော်ငြား ယခု လန်ပိ၏ လူများက လေခွင်းမြို့ တစ်မြို့လုံးကို သွေးချောင်းစီးစေခဲ့၏။
‘ဒီတစ်ခါ အဖမ်းခံရတာတွေက တာယင်အင်ပါယာ၊ ဟေးလုံထိုင်ရဲ့ သူလျှိုအဖွဲ့အစည်းပဲ ဖြစ်ရမယ်။ သေချာတယ်။ ဘာလို့လဲဆိုတော့ အစက ကောင်းကင်အမွေးအတောင် နန်းဆောင်ကနေ စခဲ့တာလေ။ ရွှီအန်းထင် (အမျိုးသမီး) လေးရော။ ဘေးကင်းပါ့မလား။
သူမလည်း အန္တရာယ် ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ သွေးနက်ဂိုဏ်းက ဖမ်းပြီဆိုရင် အမှားမခံဘူး။ သံသယ ရှိတာနဲ့ ဖမ်းတာ။ ရွှီအန်းထင် (အမျိုးသမီး) က နန်းဆောင်နဲ့ ရင်းနှီးတယ်။ အဲဒီမှာ စောင်းသင်ပေးနေတာ ၁ နှစ် ၂ နှစ် ရှိပြီ။’
နန်းဆောင်က ဟေးလုံထိုင်၏ စခန်း မဟုတ်သော်ငြား အားကိုးရသည့် နေရာတစ်ခုအဖြစ် သတ်မှတ် ထား၏။ ထို့ကြောင့် ယွင်ကျုံးဟဲ့ကို ကတိုးမွှေးသခင်မနှင့် ချိတ်ပေးဖို့ ကြိုးစားခဲ့ခြင်းပင်။
ယခု ပြန်စဉ်းစားကြည့်ချိန်၌ ကတိုးမွှေးသခင်မ လေခွင်းမြို့ကနေ ထွက်သွားသည်မှာလည်း တိုက်ဆိုင်မှု မဟုတ်လောက်ပေ။
ဝမ်ရှန်း (ဝမ်ပိရန်) ဆိုသည့် လူကလည်း ဟေးလုံထိုင်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ များသည်။ သူ သေခါနီး အော်သွားတဲ့ စကားတွေကို ပြန်ကြားယောင်မိလျှင် သိနိုင်သည်။
သူ့ကိုယ်သူ ဖော်ထုတ်လိုက်ရတယ် ဆိုခြင်းကို သိသည်နှင့် တပြိုင်နက် ချက်ချင်း သတ်သေသွားပြီး ရန်သူ့လက်ထဲ အရောက်မခံချေ။
ယွင်ကျုံးဟဲ့ ခြေထောက်များ ပျော့ခွေသွားပြီး လမ်းဘေးတွင် ထိုင်ချလိုက်၏။ “ဟူး...” သူ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဝမ်ရှန်း ဆိုသည့်လူမှာ သူ၏ ရဲဘော်ရဲဘက် တစ်ယောက်ဖြစ်ရပေမည်။ ထိုသူက သူ့ရှေ့မှာတင် သေသွားခဲ့ရ၏။
တကယ်တမ်း ဝမ်ရှန်းက စောစောစီးစီး ပေါ်သွားပြီးသားဖြစ်၏။ ယွင်ကျုံးဟဲ့ကြောင့် သေခြင်း မဟုတ်ချေ။ ရန်သူက သူ့ကို သိနေပြီးသားဖြစ်၍ ယွင်ကျုံးဟဲ့ မရှိလည်း သူ သေမှာပင်။
အရင်တုန်းက ယွင်ကျုံးဟဲ့သည် ဟေးလုံထိုင်အပေါ်ရော၊ တာယင်အင်ပါယာအပေါ်ရော သံယောဇဉ် မရှိခဲ့သလို သစ္စာစောင့်သိမှုလည်း မရှိခဲ့ချေ။ သူ လုပ်နေသည့် အရာများ အားလုံးက စိန်ခေါ်မှု တစ်ခု အနေနှင့် ကစားပွဲ တစ်ခု အနေနှင့်သာ သဘောထားခဲ့ခြင်းဖြစ်သည်။
သို့သော်ငြား ယခု သူ၏ရင်ထဲ၌ တုန်လှုပ်နေ၏။ ဟေးလုံထိုင်၏ သူလျှိုများ တစ်ယောက်ပြီး တစ်ယောက် သူ့ရှေ့မှာ သေဆုံးသွားကြ၏။ အစ်မ အချောလေး တစ်ယောက်လည်း အဖမ်းခံလိုက်ရသည်။ ချစ်စရာ ကောင်းသည့် ရွှီအန်းထင် (အမျိုးသမီး) လေးလည်း အဖမ်းခံရဖို့ သေချာသလောက် ရှိနေပြီဖြစ်၏။
‘သူ့ကို ကယ်ရမယ်။ နည်းလမ်းရှာပြီး ကယ်ရမယ်။’ ယွင်ကျုံးဟဲ့ မတ်တတ်ရပ်လိုက်ပြီး မြို့စား အိမ်တော်ဘက်သို့ ဆက်လျှောက်လာခဲ့သည်။ ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးပြီး စဉ်းစားနေသည်။
သူက သူ့ကိုယ်သူ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... မင်း သန်မာလာဖို့ လိုပြီ။ တိုက်ပွဲဆိုတာ မင်း အဆင်သင့် ဖြစ်မှ လာတာ မဟုတ်ဘူး။ ရုတ်တရက် ရောက်လာတတ်တာ။ ငါ့ရဲ့ ရန်သူက ဘယ်သူလဲ။ ဒီသူလျှိုအဖွဲ့အစည်း တစ်ခုလုံးကို ဖြိုခွင်းလိုက်တဲ့ သူက ဘယ်သူလဲ။ ကျင်းကျုံးယွဲ့ ပြောတဲ့ အစ်ကိုကြီး ဆိုတဲ့ လူပဲ။ သူ့နာမည်က ချူကျောင်းရန် ထင်တယ်။”
ယွင်ကျုံးဟဲ့ လမ်းလျှောက်နှုန်း မြန်လာသည်။ ပိုပိုပြီး မြန်လာသည်။ ရုတ်တရက် သူ ရပ်တန့်လိုက်သည်။
သူ့နောက်စေ့ကို တစ်စုံတစ်ခုနှင့် ရိုက်လိုက်သလို ခံစားလိုက်ရပြီး သတိမေ့သွားသည်။ ထို့နောက် ဂုန်နီအိတ် တစ်လုံးထဲသို့ ထည့်သွင်းခြင်း ခံလိုက်ရပြီး အမှောင်ထဲသို့ ပါသွားလေတော့၏။
.......................
အချိန်မည်မျှ ကြာသွားသည် မသိချေ။ ယွင်ကျုံးဟဲ့ သတိပြန်ရလာသည်။
မြေအောက်ခန်း တစ်ခုထဲတွင် ရောက်နေပြီး လျှို့ဝှက်စခန်း တစ်ခု ဖြစ်ပုံရ၏။ သူ့တစ်ကိုယ်လုံးကို ကြိုးတုပ်ထား၏။
သူ့ရှေ့တွင် စစ်သည် ၄ ဦး ရှိနေသည်။ မျက်လုံးများ နီရဲနေပြီး ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
“မင်းနာမည် ယွင်အောက်ထျန်း မဟုတ်လား။ ဝမ်ရှန်းကို သတ်တာ မင်းပဲ မဟုတ်လား။” မျက်နှာတွင် အမာရွတ်နှင့် ခေါင်းဆောင်က မေးလိုက်၏။
“ဝမ်ရှန်း မသေခင် ပြောခဲ့တာ မှတ်မိသေးလား။ ငါတို့ မင်းဆီ လာခဲ့မယ် ဆိုတာလေ။”
ထိုအချိန်က ဝမ်ရှန်းသည် နှုတ်ခမ်းလှုပ်ရုံပဲ ပြောခဲ့ခြင်းသာဖြစ်ပြီး အသံမထွက်ခဲ့ချေ။
“အခု ငါတို့ ရောက်လာပြီ။ လက်စားချေဖို့ ရောက်လာပြီ။” အမာရွတ်နှင့် လူက ဆက်ပြောသည်။ “ငါတို့က ဘယ်သူလဲ ဆိုတာ မိတ်ဆက်ပေးမယ်။ ငါတို့က တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ စစ်သည်တွေပဲ။”
ထို့နောက် စစ်သည် ၅ ဦးသည် အရက်ခွက်များကို ကိုင်ကာ တစ်ဝက်သောက်ပြီး ကျန်တစ်ဝက်ကို မြေကြီးပေါ် ပက်လိုက်ကြ၏။
“ခေါင်းဆောင်ဝမ်ရှန်း... ကျုပ်တို့ လက်စားချေပေးပါပြီ။”
“ဒီည သေဆုံးသွားတဲ့ ညီအစ်ကို မောင်နှမတွေ... လက်စားချေပေးပါပြီ။”
“ငြိမ်းချမ်းစွာ အနားယူကြပါတော့။ ဒီယွင်အောက်ထျန်းက ပထမဆုံးပဲ ရှိပါသေးတယ်။ နောက်ထပ် ရန်သူတွေကို ဆက်ပြီး သတ်သွားပါအုံးမယ်။”
စစ်သည် ၅ ဦး ဒူးထောက်လိုက်ကြပြီး ခေါင်းနှင့် ကြမ်းပြင် ဆောင့်ကာ ငိုကြွေးနေကြသည်။
၁၅ မိနစ်ခန့် ကြာအောင် ငိုကြွေးပြီးနောက် မော့ကြည့်လိုက်ချိန်မှာတော့ သူတို့၏ နဖူးများတွင် သွေးများ စို့နေ၏။
အမာရွတ်နှင့် လူက ဓားမြှောင်ကို ထုတ်လိုက်ပြီး ယွင်ကျုံးဟဲ့၏ အင်္ကျီကို ဆွဲဖြဲလိုက်သည်။ ရင်ဘတ်ကို ဖော်လိုက်သည်။
သူက ဒေါသတကြီးဖြင့် မေးလိုက်၏။ “သစ္စာဖောက်ကောင်... မင်းရဲ့ နှလုံးကို ထုတ်ပြီး ခေါင်းဆောင်ဝမ်ရှန်းနဲ့ ရဲဘော်တွေကို ပူဇော်မယ်။ သေခါနီး ဘာပြောချင်သေးလဲ။”
ဓားသွားက ယွင်ကျုံးဟဲ့၏ ရင်ဘတ်ကို ထိနေသည်။ နည်းနည်းလေး ဖိလိုက်ရုံနှင့် ရင်ဘတ်ကွဲပြီး နှလုံး ထွက်လာတော့မှာဖြစ်သည်။ ဤအရာမှာ ကိုယ့်လူအချင်းချင်း သတ်ကြတော့မည့် အဖြစ်ဆိုးကြီးပင်။
အမာရွတ်နှင့် လူက ပြောလိုက်သည်။ “ပြောလေ။ ဒါ မင်းရဲ့ နောက်ဆုံးစကား ဖြစ်လာလိမ့်မယ်။”
ယွင်ကျုံးဟဲ့ ဘာမှ မပြောချေ။
“မပြောချင်ဘူး ဆိုတော့လည်း ကူညီရာ မရောက်တော့ဘူးပေါ့။” အမာရွတ်နှင့် လူက အေးစက်စွာ ပြောလိုက်သည်။ “သစ္စာဖောက်ကို သတ်တဲ့သူက တာယင်အင်ပါယာ ဟေးလုံထိုင်က ဝမ်လုပါ။”
ထို့နောက် ဓားကို မြှောက်ပြီး ယွင်ကျုံးဟဲ့၏ နှလုံးတည့်တည့်သို့ ထိုးချလိုက်၏။
ယွင်ကျုံးဟဲ့ ရင်ဘတ်အေးခနဲ ဖြစ်သွားသည်။ သို့သော်ငြား ဘာမှမဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ဓားက ပြန်ကန်ထွက်သွားသောကြောင့် မသေခြင်းဖြစ်သည်။
ယွင်ကျုံးဟဲ့ မထီမဲ့မြင် ပြုံးလိုက်၏။ “ပြဇာတ် ကလို့ ပြီးပြီလား။ ခင်ဗျားတို့ နောက်က ကြိုးကိုင်တဲ့လူ ထွက်လာလို့ ရပြီ။”
“ထွက်လာခဲ့ပါ။ အရှင်....” ယွင်ကျုံးဟဲ့ အော်ဟစ်လိုက်သည်။
ခဏအကြာတွင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ဖြူဖွေးသန့်စင်သော ဝတ်စုံ၊ ချောမောခန့်ညားသော ရုပ်ရည်၊ ပညာတတ် ပုံစံပေါက်နေသော လူငယ်တစ်ဦးပင်။
ထိုသူက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ “ကျုပ်က ချူကျောင်းရန် ပါ။ တွေ့ရတာ ဝမ်းသာပါတယ် ညီလေးယွင်...”
ဤလူက ကျင်းကျုံးယွဲ့ရဲ့ စီနီယာအစ်ကိုကြီး၊ ၃ နှစ်ကြာ ပျောက်ကွယ်နေပြီးမှ ပြန်ပေါ်လာကာ ဟေးလုံထိုင် သူလျှိုအဖွဲ့အစည်း တစ်ခုလုံးကို ဖြိုခွင်းလိုက်တဲ့ သူရဲကောင်းကြီး ချူးကျောင်းရန်ပင် ဖြစ်တော့၏။
……..