အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အပိုင်း (၄၇)
ခဏအကြာတွင် တစ်ဖက်ခန်းမှ ဝက်သတ်သကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“အစ်မတို့... ဖြည်းဖြည်းလုပ်ပါ။ ဖြည်းဖြည်းလုပ်ပါ။”
“နာတယ်။ နာတယ်။ အရေခွံကွာကုန်ပြီ။”
“ပူတယ်။ ပူတယ်။ ကျက်ကုန်ပြီ။ ကျက်ကုန်ပြီ။”
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့၏ အော်ဟစ်သံများကို မကြားချင်ယောင် ဆောင်လိုက်ပြီး ပြောလိုက်၏။ “လန်ပိ... ဝင်ခဲ့...”
လန်ပိ ဝင်လာပြီး ဒူးထောက်လိုက်သည်။
ကျင်းကျုံးယွဲ့သည် မြေပုံတစ်ခုကို စူးစိုက်ကြည့်နေသည်။ မြေပုံပေါ်တွင် အနီရောင်ခြယ်ထားသော နေရာတစ်ခု ရှိသည်။ ဧရိယာ အတော်အတန် ကျယ်ဝန်းပြီး မိုင် ၁၀၀ ခန့် ရှည်လျားသည်။ ၎င်းသည် ကျင်းမျိုးနွယ်စု၏ နာကျင်စရာ သမိုင်းကြောင်း ဖြစ်၏။
တစ်ချိန်က ကျင်းမျိုးနွယ်စု ခေါင်းဆောင်များသည် အရည်အချင်း မရှိသောကြောင့် နယ်မြေအများစုကို ဆုံးရှုံးခဲ့ရသည်။ ဘိုးဘွားပိုင် နယ်မြေများကိုပါ လက်လွှတ်ခဲ့ရပြီး အိမ်စေအန်းမျိုးနွယ်စုက လေခွင်းချိုင့်ဝှမ်းကို သိမ်းပိုက်အုပ်ချုပ်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် ကျင်းအဲ့ ပေါ်ထွန်းလာပြီး မြို့စားရာထူးကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ နယ်မြေများကိုလည်း ပြန်လည်ရယူနိုင်ခဲ့ပြီး ဧရိယာ ၁၃,၀၀၀ စတုရန်းကီလိုမီတာအထိ ချဲ့ထွင်နိုင်ခဲ့သည်။ သို့သော်ငြား ဤနေရာတစ်ခုကိုတော့ ပြန်မရခဲ့ပေ။ သစ်ရွက်ကြွေနယ်မြေ ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျင်းမျိုးနွယ်စု ကျရှုံးပြီး အန်းမျိုးနွယ်စု ပုန်ကန်ချိန်တွင် ထိုစဉ်က မြို့စား ကျင်းယန်သည် ပုန်ကန်မှုကို နှိမ်နင်းရန် စစ်သည်အင်အား မရှိသောကြောင့် ဆွေမျိုးတော်စပ်သော မော့မျိုးနွယ်စုထံမှ စစ်ကူတောင်းခဲ့သည်။
မြည်းကန်ခံရသောကြောင့် ဦးနှောက်ပျက်သွားခြင်းလား သို့မဟုတ် တခြားသူ၏ လိမ်ညာခြင်းကို ခံလိုက်ရခြင်းလား မသိပေမဲ့ သူက စာချုပ်တစ်ခု ချုပ်ဆိုခဲ့၏။
သစ်ရွက်ကြွေနယ်မြေ ကို မော့မျိုးနွယ်စုထံ နှစ် ၅၀ ငှားရမ်းမည်။ အပြန်အလှန်အားဖြင့် မော့မျိုးနွယ်စုက စစ်သည် ၅,၀၀၀ ငှားရမ်းပေးမည်။
စစ်သည် ၅,၀၀၀ ရပြီးနောက် ကျင်းယန်သည် အန်းမျိုးနွယ်စုကို တိုက်ခိုက်သော်လည်း အကြီးအကျယ် ရှုံးနိမ့်သွားသည်။ လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး ဆုံးရှုံးသွားပြီး ကျင်းမျိုးနွယ်စု တစ်ခုလုံးနီးပါး သတ်ဖြတ်ခံလိုက် ရသည်။ အန်းမျိုးနွယ်စုက သခင်သစ် ဖြစ်လာခဲ့သည်။
ကျင်းအဲ့ ပြန်လည်အာဏာရလာပြီးနောက် နယ်မြေချဲ့ထွင်ခဲ့သော်လည်း သစ်ရွက်ကြွေနယ်မြေ ကိုတော့ ပြန်မရခဲ့ပေ။
သူသည် နည်းလမ်းပေါင်းစုံ သုံးခဲ့သည်။ စစ်ပွဲ ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သည်။ သို့သော်ငြား ရှီးယွီမြို့မှ မော့မျိုးနွယ်စုက အလွန် အင်အားကြီးမားသည်။ ၃ ကြိမ်စလုံး သရေကျခဲ့သည်။ စစ်သည်များသာ ဆုံးရှုံးသွားသည်၊ နယ်မြေ ပြန်မရခဲ့ချေ။
ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများအနက် နယ်မြေအကျယ်အဝန်း၊ စားနပ်ရိက္ခာ၊ လက်နက်အင်အားတို့တွင် ရှီးယွီမြို့က လေခွင်းမြို့ထက် သာလွန်သည်။ ငွေကြေးချမ်းသာမှုတွင် လေခွင်းမြို့က သာလွန်သည်။ ဆားလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသောကြောင့် ဖြစ်သည်။
သို့သော်ငြား ငွေရှိရုံဖြင့် ဘာလုပ်ရမည်နည်း။ အရေးကြီးဆုံးအရာ ၂ ခု ဖြစ်သည့် သံသတ္တုနှင့် စားနပ်ရိက္ခာ မရှိပေ။ ဝယ်ယူရ၏။
ရှီးယွီမြို့ကမူ ငွေမရှိသော်လည်း စားနပ်ရိက္ခာ ပေါကြွယ်ဝသည်။
ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စား ၃၀ ကျော်တွင် ရှီးယွီမြို့ မော့မျိုးနွယ်စု၏ အဆင့်အတန်းသည် ကျင်းမျိုးနွယ်စုထက် မြင့်မား၏။ အရယ်ရဆုံးအချက်မှာ သစ်ရွက်ကြွေနယ်မြေ သည် စပါးကျီကြီး ဖြစ်နေခြင်းပင်။
လေခွင်းချိုင့်ဝှမ်းသည် စစ်ရေးအရ အရေးပါသော်လည်း မြေမျက်နှာသွင်ပြင် ကြမ်းတမ်းပြီး စိုက်ပျိုးမြေ ရှားပါးသည်။ တစ်နှစ်စာ ထွက်ရှိသော စားနပ်ရိက္ခာသည် ၆ လစာပင် မလောက်ငပေ။ ကျန်တာကို ဝယ်စားရသည်။
သို့သော်ငြား သစ်ရွက်ကြွေနယ်မြေ တစ်ခုတည်းတွင် လယ်မြေဧက ၈ သိန်းကျော် ရှိပြီး ဆက်လက် တိုးချဲ့နေဆဲ ဖြစ်သည်။ တစ်နှစ်လျှင် လူ ၁ သန်းစာ စားနပ်ရိက္ခာ ထွက်ရှိ၏။
ထို့ကြောင့် ကျင်းအဲ့အတွက် အကြီးမားဆုံး နာကျင်မှုမှာ ဤစပါးကျီကြီးကို ပြန်မရခြင်းပင် ဖြစ်သည်။ ၎င်းသည် ကျင်းကျုံးယွဲ့၏ နာကျင်မှုလည်း ဖြစ်လာသည်။
ယခုအခါ နှစ် ၅၀ စာချုပ် သက်တမ်း ကုန်ဆုံးတော့မည်။ သို့သော်ငြား မော့မျိုးနွယ်စုက ပြန်ပေးမည့် အရိပ်အယောင် မပြပေ။
ဆွေးနွေးပွဲ ၁၀ ကြိမ်ကျော် ပြုလုပ်သော်လည်း အဖြေမထွက်ချေ။ သေချာသည်မှာ သက်တမ်းကုန်၍မှ ပြန်မရလျှင် လေခွင်းမြို့အတွက် သေရေးရှင်ရေး ဖြစ်လာမည်။
‘စာချုပ်သက်တမ်း ကုန်တာတောင် ပြန်မယူနိုင်ရင် အသုံးမကျတာပေါ့။ မြို့စား လုပ်နေဖို့ လိုသေးလို့လား။’
တခြား မြို့စားများကလည်း လေခွင်းမြို့၏ အားနည်းချက်ကို မြင်ပြီး ဝိုင်းဝန်း တိုက်ခိုက်ကြပေလိမ့်မည်။
မကြာသေးမီက ကျင်းပသော ပိုင်ရှင်မဲ့နယ်မြေ အစည်းအဝေးတွင် ကြောက်စရာကောင်းသော လက္ခဏာ တစ်ခု ပေါ်ထွက်လာသည်။
မော့မျိုးနွယ်စုက တခြား မြို့စားများကို စည်းရုံးပြီး လေခွင်းမြို့ကို စီးပွားရေး ပိတ်ဆို့မှု လုပ်ရန် ကြံစည်နေသည်။ စားနပ်ရိက္ခာနှင့် သံသတ္တု မရောင်းချရန် တားမြစ်မည်။
အကြောင်းပြချက်မှာ လွန်ခဲ့သော နှစ်က လေခွင်းမြို့သည် တောင်ဘက်ရှိ ချိုရွှေမြို့ကို တရားမဝင် တိုက်ခိုက်ခဲ့သောကြောင့် ဟူ၍ ဖြစ်သည်။
အမှန်တကယ်တွင် ထိုစစ်ပွဲကို မဖြစ်မနေ တိုက်ခဲ့ရခြင်း ဖြစ်သည်။ ကျင်းအဲ့ လဲကျသွားချိန်တွင် ချိုရွှေမြို့က အခွင့်ကောင်းယူပြီး လေခွင်းချိုင့်ဝှမ်း တောင်ဘက်ဆုံးရှိ တောဝက်နယ်မြေတွင် ပုန်ကန်မှု ဖြစ်အောင် သွေးထိုးခဲ့၏။
ကျင်းကျုံးယွဲ့က ချက်ချင်း နှိမ်နင်းပြီး ချိုရွှေမြို့ကို ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ မဟုတ်လျှင် လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားနိုင်သည်။
တစ်လမပြည့်ခင် စစ်ပွဲပြီးသွားသည်။
ပုန်ကန်မှုကို နှိမ်နင်းနိုင်ရုံမက ချိုရွှေမြို့၏ စစ်သည် ၅,၀၀၀ ကို သုတ်သင်ပြီး နယ်မြေတစ်ခု (၁,၀၀၀ စတုရန်းကီလိုမီတာ) ကို သိမ်းပိုက်ကာ တောဝက်နယ်မြေထဲသို့ ထည့်သွင်းလိုက်၏။
ယခုအခါ တောဝက်နယ်မြေသည် အဆင်းရဲဆုံး ဖြစ်သော်လည်း ဧရိယာ အကြီးဆုံး (၂,၀၀၀ စတုရန်း ကီလိုမီတာ) ဖြစ်လာသည်။ ထိုစစ်ပွဲကြောင့် ကျင်းကျုံးယွဲ့ နာမည်ကြီးသွားသည်။
ယခုထက်ထိ လူခေါင်းခွံ ထောင်ပေါင်းများစွာဖြင့် တည်ဆောက်ထားသော “ကျင်းကွမ်” အောင်ပွဲခံ တောင်ကုန်းသည် တောဝက်နယ်မြေ တောင်ဘက်ဆုံးတွင် ရှိနေဆဲ ဖြစ်သည်။ အတွင်းရန်သူများကိုရော အပြင်ရန်သူများကိုပါ ခြိမ်းခြောက်ထား၏။
.................
“လန်ပိ... နင် မကျေနပ်ဘူး မဟုတ်လား။” ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ငါ ချူကျောင်းရန်ကို အရေးပေးလို့လေ။”
လန်ပိ ဒူးထောက်လိုက်၏။ “မကျေမနပ် မဖြစ်ရဲပါဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။“လူတွေ ပြောနေကြတယ်။ ငါက အာဏာကို တစ်နေရာတည်း မစုချင်လို့၊ နင့်ကို တစ်ယောက်တည်း အာဏာမပေးချင်လို့ ချူကျောင်းရန်ကို ခေါ်ပြီး ထိန်းညှိခိုင်းတယ် ဆိုပြီး။”
လန်ပိ ပြောလိုက်၏။ “မကျေမနပ် မဖြစ်ရဲပါဘူး။”
ကျင်းကျုံးယွဲ့က ထပ်ပြောလိုက်သည်။ “နင် လုပ်တာ ကောင်းပါတယ်။ လေခွင်းမြို့ရဲ့ တန်ပြန်သူလျှို လုပ်ငန်းမှာ နင် သိပ်တော်တယ်။ အင်ပါယာကြီး နှစ်ခုလုံးက သူလျှိုတွေ နင့်ကို ကြောက်နေရတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ နင် သတ်ခဲ့တဲ့ လူတွေ ထောင်ချီနေပြီ။ ကောင်းကျိုးတွေ အများကြီးပါ။”
လန်ပိ ဆက်လက် ဒူးထောက်နေ၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ နင်က အင်ပါယာကြီး နှစ်ခုကိုပဲ အာရုံစိုက်နေတယ်။ တကယ်တမ်း ငါတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်က ပိုင်ရှင်မဲ့ နယ်မြေက တခြား မြို့စားတွေပဲ။ သူတို့က ငါတို့ လေခွင်းချိုင့်ဝှမ်းကို ဝိုင်းဝန်း တိုက်ခိုက်ချင်နေကြတာ။ ဒီတစ်ခါ အစည်းအဝေးရဲ့ ခေါင်းစဉ်က ဘာလဲ သိလား။”
လန်ပိက ခေါင်းခါလိုက်၏။ “မသိပါဘူး။”
ကျင်းကျုံးယွဲ့က ရှင်းပြလိုက်သည်။ “ပထမအချက်က စည်းလုံးညီညွတ်ရေး။ အင်ပါယာကြီး နှစ်ခုရဲ့ ဖိအားကို ရင်ဆိုင်ဖို့ ပိုင်ရှင်မဲ့ နယ်မြေက မြို့စား ၃၇ ဦး ပေါင်းစည်းရမယ်။ မဟာမိတ် တပ်ပေါင်းစု ဖွဲ့မယ်။ အနာဂတ်မှာ ပြည်ထောင်စု ဘုရင်နိုင်ငံ တည်ထောင်မယ်။”
လန်ပိက မေးလိုက်၏။ “ဒါ ထန်ထိုင်မျိုးနွယ်စုရဲ့ ဆန္ဒ မဟုတ်လား။”
ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာပေါ့။ ဒါပေမဲ့ သူတို့က တိုက်ရိုက် မပြောဘူး။ ဖျောင်လင်းမြို့က လီမျိုးနွယ်စုကို ပြောခိုင်းတာ။”
လီမျိုးနွယ်စု ဆိုသည်မှာ ထန်ထိုင်မျိုးနွယ်စု၏ လက်ပါးစေဖြစ်သည်။ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို ပေါင်းစည်းမည်ဆိုခြင်းမှာ ဆွဲဆောင်မှု ရှိသော အိပ်မက်တစ်ခုဖြစ်သည်။ နယ်မြေအကျယ် ၅ သိန်း စတုရန်းကီလိုမီတာ၊ လူဦးရေ ၁၀ သန်းကျော်။ ဘုရင့်နိုင်ငံ တည်ထောင်၍ ရနေပြီဖြစ်၏။
ပိုင်ရှင်မဲ့ နယ်မြေတွင် ထန်ထိုင်မျိုးနွယ်စုက အကြီးဆုံး မြို့စားဖြစ်ပြီး မဟာမိတ် ခေါင်းဆောင် ၃ ဆက်တိုက် ဖြစ်လာခဲ့သည်။ ဥပဒေအရ ၃ ဆက်ထက် ပိုလုပ်၍ မရချေ။ ယခု ၂၁ နှစ် သက်တမ်း ပြည့်တော့မည်ဖြစ်သည်။
ကျင်းကျုံးယွဲ့က ထပ်ပြောလိုက်၏။ “နောက်တစ်ချက် ရှိသေးတယ်။ ငါတို့ရဲ့ ရန်သူ ချိုရွှေမြို့က အဆိုပြုထားတယ်။ လေခွင်းချိုင့်ဝှမ်းကို စီးပွားရေး ပိတ်ဆို့မယ်တဲ့။ စားနပ်ရိက္ခာနဲ့ သတ္တု မရောင်းရဘူးတဲ့။ တခြား မြို့စားတွေကလည်း ထောက်ခံနေကြတယ်။ မဟာမိတ် ခေါင်းဆောင် ထန်ထိုင်မျိုးနွယ်စုကလည်း မသိချင်ယောင် ဆောင်နေတယ်။
လေခွင်းမြို့က ကြည့်ရင် ချမ်းသာတယ် ထင်ရပေမဲ့ အန္တရာယ် ဝိုင်းနေတယ်။ ဒီတစ်ခါ သစ်ရွက်ကြွေနယ်မြေ ကို ပြန်မရရင်၊ တခြား မြို့စားတွေရဲ့ ပိတ်ဆို့မှုကို ခံရရင်၊ ငါတို့ ပျက်စီးသွားလိမ့်မယ်။ ဒီပြဿနာကို စစ်တိုက်ပြီး ဖြေရှင်းလို့ မရဘူး။ သံတမန်နည်းနဲ့ ဖြေရှင်းရမယ်။ ထောက်လှမ်းရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်။
ဒါကြောင့် ငါက ချူကျောင်းရန်ကို အရေးပေးရတာ။ နင့်တာဝန်က အိမ်စောင့်ဖို့၊ အင်ပါယာကြီး နှစ်ခုရဲ့ သူလျှိုတွေကို ရှင်းဖို့ပဲ။ သူ့တာဝန်က နယ်မြေချဲ့ထွင်ဖို့နဲ့ တခြား မြို့စားတွေနဲ့ ဆက်ဆံဖို့ဆိုပြီး ငါ ခွဲခြားထားတယ်။ သစ်ရွက်ကြွေနယ်မြေ ကို ပြန်ယူဖို့၊ ပိတ်ဆို့မှုကို ဖောက်ထွက်ဖို့က ငါတို့ရဲ့ ပထမ ဦးစားပေး ဗျူဟာပဲ။ နားလည်လား။”
“နားလည်ပါပြီ။” လန်ပိ ဦးညွှတ်လိုက်သည်။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ကျင်းဝူပြန်းက အသုံးမကျဘူး။ နင်က ငါ့ရဲ့ မွေးစားအစ်မ၊ ချူကျောင်းရန်က ငါ့ရဲ့ စီနီယာ အစ်ကိုကြီး.... နင်တို့က ငါ့ရဲ့ လက်ရုံးတွေပဲ။ ငါ့ရဲ့ အရင်းနှီးဆုံး လူတွေပဲ။ စည်းလုံးကြပါ။ သံသယ မဝင်ကြပါနဲ့။ လေခွင်းချိုင့်ဝှမ်းရဲ့ အနာဂတ်က နင်တို့အပေါ် မူတည်နေတယ်။”
“အမိန့်တော်အတိုင်းပါ။ အသက်ပေးပြီး ထမ်းဆောင်ပါ့မယ်။”
ထို့နောက် လန်ပိက မေးသည်။ “ယွင်ကျုံးဟဲ့ ကရော။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “သူ တကယ်ပဲ ချောမောခန့်ညားတယ်ဆိုရင် ငါ သူ့ကို ကောင်းကောင်း အသုံးချရမယ်။”
ထိုစဉ် အစေခံမလေး၏ အသံက တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာသည်။ “အရှင်... သခင်လေး ယွင်အောက်ထျန်း လာပါပြီ။”
‘ဟမ်… ပုံမှန်ဆို သူက “ယွင်အောက်ထျန်း” လို့ပဲ ခေါ်တာ။ လေသံကလည်း မာကျောတယ်။ အခုကျတော့ “သခင်လေး” တဲ့။ အသံကလည်း နွဲ့နေပါလား။’
ယွင်ကျုံးဟဲ့က အစေခံမလေးကို ပြောလိုက်၏။ “အဒေါ်ကြီး... ကျုပ်ရဲ့ ရုပ်ရည်ကို မြင်ပြီး မျက်နှာတွေ နီ၊ ခြေထောက်တွေ ပျော့ခွေသွားတာကို နားလည်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက ကျုပ်တို့ ဖြစ်နိုင်ခြေ မရှိပါဘူး။ ကျုပ် နှလုံးသားက ကောင်းကင်ပေါ်က လမင်းကြီးဆီ ရောက်နေပြီမို့ပါ။”
‘ဒါ ကျင်းကျုံးယွဲ့ကို ရည်ရွယ်ပြီး ပြောတာလား။’
လန်ပိက ယွင်ကျုံးဟဲ့၏ ခြေထောက်ကို ရိုက်ချိုးရမလားဟု အကြည့်ဖြင့် မေးလိုက်သည်။
ကျင်းကျုံးယွဲ့က ဂရုမစိုက်ဘဲ မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။ သတင်းထဲကအတိုင်း တကယ် ချောမော ခန့်ညားခြင်း ရှိမရှိ သိချင်နေ၏။
လေတစ်ချက် ဝေ့လာသည်။ ယွင်ကျုံးဟဲ့၏ ဝတ်ရုံစလေး လွင့်ပျံသွားသည်။
‘ဒီလေကို စောင့်နေတာ ကြာပြီ။’ ထို့နောက် သူသည် လိုက်ကာနောက်မှ ဖြည်းညင်းစွာ ထွက်လာ၏။
ရုတ်တရက် ကျင်းကျုံးယွဲ့နှင့် လန်ပိတို့ မျက်လုံး ပြူးသွားကြသည်။ ‘သတင်းထဲကအတိုင်းပဲ။ တကယ့်ကို ပြိုင်ဘက်ကင်း အလှပဲ။ ရက်ရက်စက်စက် ချောမောလွန်းတယ်။ မျက်စိကျိန်းလောက်အောင် တောက်ပနေတယ်။ အထူးသဖြင့် အရင်က သူတောင်းစား ရုပ်ပေါက်နေတာနဲ့ ယှဉ်လိုက်တော့ ကွာခြားချက်က မိုးနဲ့မြေလို ဖြစ်သွားတယ်။’
တိတ်ဆိတ်သွားပြီးနောက် ကျင်းကျုံးယွဲ့ ပြောလိုက်၏။ “မိန်းမတွေထက်တောင် ပိုလှနေသေးတယ်။ ရှင့်ရဲ့ ရုပ်ရည်က တကယ့် လက်နက်ကောင်း တစ်ခုပဲ။ ကျွန်မ ရှင့်ကို နေရာပေးရတော့မယ်။”
………………
အပိုင်း (၄၈)
အဓိကအချက်မှာ ယွင်ကျုံးဟဲ့သည် ချောမောရုံသာမက မိစ္ဆာဆန်နေခြင်းပဲ ဖြစ်လေသည်။
လောကတွင် အမျိုးသား တစ်မျိုး ရှိလေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် လူကောင်း မဟုတ်မှန်း သိနိုင်သော ထူးခြားသူမျိုးပင်။
ဒုတိယအချက် ကြည့်လိုက်ပါက ဤသူသည် လုံးဝ လူယုတ်မာ၊ ပြဿနာကောင်၊ မိန်းမရှုပ်သူ တစ်ဦးဖြစ်ပြီး ရုပ်ရည်က အနည်းငယ်မှ ရိုးသားဖြူစင်ခြင်း မရှိကြောင်း သိနိုင်၏။
ယွင်ကျုံးဟဲ့သည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်လေသည်။
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင်က ဒီလောက် ချောနေတာကို ဘာလို့ ဒီတစ်လကျော်လုံးလုံး သူတောင်းစားအို ကြီးလို ဟန်ဆောင်နေခဲ့ရတာလဲ။”
ယွင်ကျုံးဟဲ့က ဖြေသည်။ “ကျုပ်ရဲ့ ပြိုင်ဘက်ကင်း အလှတရားကို ဖုံးကွယ်ထားပြီး သူတောင်းစားအိုကြီး ပုံစံနဲ့ ခင်ဗျားတို့ကို ရင်းနှီးသွားအောင် လုပ်လိုက်တာ။ တစ်နေ့နေ့ ကျုပ်ရဲ့ မျက်နှာစစ်ကို ထုတ်ပြလိုက်တဲ့ အချိန်ကျရင် ကျုပ်ရဲ့ ရုပ်ရည်က ထက်မြက်တဲ့ ဓားတစ်လက်လို ခင်ဗျားရဲ့ နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားလိမ့်မယ်။
အဲဒီလိုဆိုမှ အံ့ဩမှင်တက်သွားစေမယ့် အာနိသင်က လုံလောက်မှာလေ။ ဥပမာ အခု ခင်ဗျားတို့ အံအားသင့် မှင်တက်သွားကြပြီ မလား။ တကယ်တော့ ကျုပ် နောက်ထပ် နည်းနည်းလောက် ထပ်အောင့်ထားသင့်တာ။ အဲဒီလိုဆိုရင် အကျိုးသက်ရောက်မှု ပိုကောင်းလိမ့်မယ်။”
ထိုစကား ထွက်ပေါ်လာချိန်မှာတော့ ကျင်းကျုံးယွဲ့နှင့် လင်းပိတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိကြ၏။ စိတ်ထဲမှ ကဲ့ရဲ့ရှုတ်ချမှုများကို အပြန်အလှန် ဖလှယ်လိုက်ကြခြင်းပင်။
အနည်းဆုံးတော့ ဤတစ်ချက် အကြည့်ချင်း ဆုံလိုက်မှုတွင် မိန်းကလေးများ၏ ပင်ကိုယ်ဗီဇများဖြစ်သည့် အတင်းပြောလိုသော ခံစားချက်များ ပြည့်နှက်နေလေသည်။
ကောင်းကင်ဘုံက တကယ်ကို မျက်စိမပါပေ။ ဤမျှ ချောမောသော မျက်နှာက ဤမျှ ပေါ့ပျက်ပြီး အောက်တန်းကျသော ဝိညာဉ်နှင့် တွဲဖက်နေရသည်မှာ တကယ်ကို နှမြောစရာ ကောင်းလှပေ၏။
ကျင်းကျုံးယွဲ့သည် ယွင်ကျုံးဟဲ့ကို အပေါ်အောက် အတော်ကြာအောင် ကြည့်ရှုပြီးနောက် အမိန့်ပေး လိုက်သည်။ “လင်းပိ... သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်။”
လင်းပိ အနည်းငယ် ကြောင်အသွားလေသည်။ ဤယွင်ကျုံးဟဲ့က ယောက်ျား တစ်ယောက်ဖြစ်ရာ သူမကို စစ်ဆေးခိုင်းခြင်းက သင့်တော်ပါမည်လား။
သို့ပေမည့် သူမသည် ခဏမျှသာ တုံ့ဆိုင်းနေပြီးနောက် ယွင်ကျုံးဟဲ့ ရှေ့သို့ လျှောက်သွားကာ သူ၏ ခန္ဓာကိုယ် နေရာတိုင်းကို လက်နှစ်ဖက်ဖြင့် စစ်ဆေးလေ၏။
လင်းပိက ပြောလိုက်သည်။ “ကျန်းမာရေးတော့ ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်း ပိန်ပြီး အရမ်း အားနည်းတယ်။”
ယွင်ကျုံးဟဲ့က ပြောလေ၏။ “ဒါက ကျုပ်ကို အပြစ်တင်လို့ မရဘူးလေ။ ကျုပ် အသက် ဆယ့်လေးနှစ် အရွယ်တည်းက အရမ်း ချောမောလွန်းနေတော့ လှပတဲ့ မိန်းမတချို့က ငွေပေးပြီး အိမ်ကို ခဏခဏ လှည့်စားခေါ်သွားကြတယ်။ အားနည်းတာကလည်း ပုံမှန်ပါပဲ။”
ချက်ချင်းပဲ ပတ်ဝန်းကျင်ရှိ လူအချို့သည် ထပ်မံ၍ ကြောင်အသွားကြလေသည်။
ယောက်ျားများ ဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု အလွန် ကြီးမားကြသည် မဟုတ်ပါလား။ သူတို့ကို လူဆိုးဟု ပြော၍ ရသော်လည်း စွမ်းဆောင်ရည် မကောင်းဟု ပြောပါက သူတို့က အသေခံ တိုက်ခိုက်လိမ့်မည် ဖြစ်၏။
သို့ပေမည့် ယခု မျက်မှောက်ရှိ ဤယွင်ကျုံးဟဲ့က သူ အားနည်းကြောင်းကို တိုက်ရိုက် ဝန်ခံနေသည်လား။
လင်းပိက မေးလိုက်၏။ “သူ သန်မာလာအောင် လူလွှတ်ပြီး လေ့ကျင့်ပေးလိုက်ရမလား။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “မလိုဘူး။ သူ ဒီလို နူးညံ့ပျော့ပျောင်းနေတဲ့ ပုံစံက ပိုကောင်းတယ်။”
ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့၏ နှလုံးသားမှာ မနေနိုင်ဘဲ တစ်ချက် တုန်ယင်သွားလေ၏။ ကျင်းကျုံးယွဲ့၏ ဤစကားက မည်သည့် အဓိပ္ပာယ်နည်း။
ဤကဲ့သို့ နူးညံ့ပျော့ပျောင်းသော အချောအလှလေးသည် အခြားသူများ၏ သနားကြင်နာမှုနှင့် ကာကွယ် ပေးချင်စိတ်ကို ပိုမို နှိုးဆွပေးနိုင်ပြီး သေချာပေါက် ညှဉ်းပန်းနှိပ်စက်ချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင် လေသည်။
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ယွင်ကျုံးဟဲ့… ရှင် အရင် ပြန်တော့။ ဒါပေမဲ့ ရှင့်ရဲ့ အရင်ပုံစံအတိုင်းပဲ ဆက်နေပါ။”
ယွင်ကျုံးဟဲ့က မေးလေသည်။ “ကျုပ်ရဲ့ ပြိုင်ဘက်ကင်း အလှတရားကို ပြန်ဖုံးကွယ်ထားရမယ်ပေါ့။ ပွင့်လန်းဖို့ လိုအပ်တဲ့ အချိန်ရောက်မှ ပြန်ပွင့်လန်းရမယ်ပေါ့။”
ကျင်းကျုံးယွဲ့သည် စကားမပြောတော့ဘဲ စာအုပ်ကို ပြန်လည် ကောက်ကိုင်လိုက်လေသည်။ ထိုအရာက ယွင်ကျုံးဟဲ့ကို ထွက်သွားလို့ရပြီဟု ပြောနေခြင်းပဲ ဖြစ်လေ၏။
ယွင်ကျုံးဟဲ့က မှန်ကို ကိုင်ကာ သက်ပြင်းချလျက် ပြောလိုက်သည်။ “နှုတ်ဆက်ခဲ့ပါတယ် အချောအလှလေး။ မင်းရဲ့ ချောမောမှုက တကယ်ကို သေစေနိုင်တဲ့ စွမ်းအား အရမ်း ပြင်းထန်လွန်းတယ်။ လုံးဝ နျူကလီးယား လက်နက်လိုပဲ။ တစ်ချက် ကြည့်လိုက်ရင် မြို့တစ်မြို့ ပျက်စီးသွားပြီး နောက်တစ်ချက် ကြည့်လိုက်ရင် တိုင်းပြည် တစ်ပြည် ပျက်စီးသွားနိုင်တယ်။ အဲဒါကြောင့် အချိန်အများစုမှာ နေရောင်အောက်မှာ ဖုံးကွယ်ထားပြီး လိုအပ်တဲ့ အချိန်ရောက်မှ ဓားကို ဆွဲထုတ်ရမယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် မှန်ကို ကိုင်လျက် ကြည့်နေရင်း အပြင်သို့ ထွက်သွားလေတော့၏။
ထိုအချိန်တွင် ကျင်းဝူပြန်း ဝင်လာပြီး ယွင်ကျုံးဟဲ့ကို တွေ့လိုက်လေသည်။ ချက်ချင်းပဲ သူ၏ လူသတ်ချင် စိတ်များ တိုက်ရိုက် ထွက်ပေါ်လာလေသည်။
ကျင်းဝူပြန်းက အော်ဟစ်လိုက်၏။ “အစ်မ လင်းပိ.... ဒီကောင်က ဘယ်သူလဲ။ သူ့ကို သတ်ပစ်လိုက်။ မြို့စားအိမ်တော်ထဲမှာ ကျုပ်ထက် ချောတဲ့ ယောက်ျားတွေ အားလုံး သေသင့်တယ်။”
ယွင်ကျုံးဟဲ့နှင့် ကျင်းဝူပြန်းတို့ အဘယ်ကြောင့် ဤမျှ ရေစက်ဆုံနေကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ တကယ်ကို မိတ်ဆွေကောင်းများ ဖြစ်ကြပြီး လူတိုင်း၏ အတွေးအခေါ်များက တူညီနေကြလေသည်။
ယွင်ကျုံးဟဲ့က ပြောလေ၏။ “အစ်ကိုကြီး... ကျုပ် အောက်ထျန်းလေ။”
ကျင်းဝူပြန်းသည် ယွင်ကျုံးဟဲ့ကို အတော်ကြာအောင် မှင်တက်စွာ ကြည့်နေပြီးနောက် ကြီးမားသော နာကျင်မှုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
ကျင်းဝူပြန်းက သူ၏ အင်္ကျီလက်မောင်းကို ရုတ်တရက် ဆွဲဖြဲလိုက်ကာ ဒေါသတကြီး ထွက်သွားရင်း ပြောလိုက်၏။ “ဒီနေ့ကစပြီး ငါ့မှာ ဒီညီအစ်ကို မရှိတော့ဘူး။ ငါ မင်းနဲ့ အင်္ကျီလက်ဖြဲပြီး အဆက်အသွယ် ဖြတ်တယ်။”
တကယ်ကို လွန်လွန်းလှပေသည်။ သူ ကျင်းဝူပြန်းက အချောအလှလေးများကို အမုန်းဆုံး ဖြစ်ကြောင်း သိသိရက်နှင့် ဤမျှ ချောမောအောင် နေရဲသေးသည်လား။
............
သူ၏ ခြံဝင်းအတွင်းသို့ ပြန်ရောက်ပြီးနောက် ယွင်ကျုံးဟဲ့သည် ထပ်မံ ရုပ်ဖျက်လိုက်ပြီး မိမိကိုယ်ကိုယ် ထိုစည်းကမ်းမဲ့လွတ်လပ်သော သူတောင်းစား ပုံစံမျိုး ဖြစ်အောင် ပြင်ဆင်လိုက်ကာ လှပသော ဆံပင်များကို ပေါင်းပင်များကဲ့သို့ ရှုပ်ပွသွားအောင် ပြန်လုပ်လိုက်၏။
ထို့နောက် သူသည် အပြုံးများ အားလုံးကို ရုပ်သိမ်းလိုက်ပြီး မျက်စိမှိတ်ကာ စတင် စဉ်းစားလေတော့သည်။
စောစောက သခင်ကြီး ဖုန်းရှင်းမြဲ့က ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း ယွင်ကျုံးဟဲ့ အနေဖြင့် ရွှီအန်းထင် တစ်ယောက် သေချာပေါက် အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း၊ သို့ပေမည့် အန်းထင် တည်းခိုခန်းကတော့ လောလောဆယ် ဘာမှမဖြစ်သေးကြောင်း အတည်ပြုနိုင်လိုက်၏။
ထိုသို့ဆိုလျှင် ရွှီအန်းထင် (အမျိုးသမီး)ကို မည်သို့ ကယ်တင်ရမည်နည်း။
လုံးဝ တိုက်ရိုက် ဝင်ရောက် ကယ်တင်၍ မရပေ။ ထိုသို့လုပ်ပါက မိမိကိုယ်တိုင်ပါ ဒုက္ခတွင်းထဲ ဆွဲချခံရမည် ဖြစ်လေသည်။
မြို့စားအိမ်တော်၏ လူသစ် တစ်ယောက်က အကြောင်းပြချက်မရှိဘဲ စောင်းတီးသည့် မိန်းကလေး တစ်ယောက်ကို သွားကယ်ခြင်းမှာ အလွန် ထူးဆန်းနေမည် မဟုတ်ပါလား။
ထို့အပြင် ဤမိန်းကလေးက ဟေးလုံထိုင်မှ သူလျှိုများနှင့် အဆက်အသွယ် ရှိနေသေးလေ၏။
ယခု လင်းပိနှင့် ယွင်ကျုံးဟဲ့၏ ဆက်ဆံရေးက မဆိုးဟု ထင်ရသော်လည်း ယွင်ကျုံးဟဲ့ကို တာယင် အင်ပါယာ ဟေးလုံထိုင်မှ လူဟု သံသယဝင်လိုက်သည်နှင့် ချက်ချင်း ဖမ်းဆီးကာ အကျဉ်းချပေလိမ့်မည်။ မှားယွင်း သတ်ဖြတ်မိမည်ကို ဂရုစိုက်နေမည် မဟုတ်သည်မှာလည်း ကျိန်းသေပင်။
ထို့အပြင် ချူကျောင်းရန် တစ်ယောက်ကလည်း သူ့ကို စောင့်ကြည့်နေသေးသည်။ ချူကျောင်းရန်သည် ယွင်ကျုံးဟဲ့နှင့် ဟေးလုံထိုင်တို့၏ ဆက်ဆံရေးကို သံသယဝင်နေခြင်းလည်း ဖြစ်နိုင်၏။
ထိုသို့မဟုတ်ပါက သူ၏ လက်အောက်ခံ သိုင်းသမားများကို ဟေးလုံထိုင် သိုင်းသမားများအဖြစ် ဟန်ဆောင်ကာ ယွင်ကျုံးဟဲ့ကို သတ်ရန် ဇာတ်လမ်းဆင်မည် မဟုတ်ပေ။ ထိုသို့ ပြုလုပ်ခြင်းက စမ်းသပ် ခြိမ်းခြောက်ရန်အတွက်ပဲ ဖြစ်လေသည်။
ဤအချိန်တွင် မြို့စားအိမ်တော်အတွင်း ယွင်ကျုံးဟဲ့၏ နေရာက အလွန် သေးငယ်လွန်းလှ၏။ ဟေးလုံထိုင်၏ သူလျှိုဟု သံသယဝင်ခံရသည်နှင့် ကျင်းဝူပြန်းလည်း သူ့ကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။
ယနေ့တွင် သူသည် တရားဝင် ရာထူး ခန့်အပ်ခံရတော့မည် ဖြစ်ပြီး တရားဝင် အရာရှိ အဆင့်အတန်း ရရှိသွားပါက ကိစ္စများစွာ လုပ်ဆောင်ရန် အဆင်ပြေသွားမည် ဖြစ်သည်။
ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို မည်သည့် ရာထူး ပေးမည်နည်း ဆိုသည်ကိုတော့ သူ၏ စိတ်ထဲတွင် အကြမ်းဖျင်း တွက်ဆထားပြီး ဖြစ်၏။
စိတ်ကို တည်ငြိမ်အောင်ထားပြီး မိုးလင်းမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။
...............
နှစ်နာရီ အကြာတွင် မိုးလင်းသွားခဲ့၏။
စစ်သည်နှစ်ဦးက တံခါးမခေါက်ဘဲ ယွင်ကျုံးဟဲ့၏ ခြံဝင်းလေး အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာကာ ပြောလိုက်သည်။ “ကျုပ်တို့နဲ့ လိုက်ခဲ့။”
ယွင်ကျုံးဟဲ့ သူတို့နောက်သို့ လိုက်သွား၏။
ဤတစ်ကြိမ်တွင် မည်သည့် ရှုပ်ရှုပ်ယှက်ယှက် နေရာများကိုမှ မသွားတော့ဘဲ လေခွင်းမြို့ တစ်ခုလုံးတွင် အမြင့်မြတ်ဆုံး နေရာသို့ ချက်ချင်း သွားရောက်ခြင်း ဖြစ်သည်။
လေခွင်း ချိုင့်ဝှမ်း၏ အာဏာဗဟိုချက်ဖြစ်သော မြို့စားအိမ်တော်၏ အစစ်အမှန် ဆွေးနွေးရေး ခန်းမကြီးပင် ဖြစ်၏။
ဤခန်းမကြီးသည် မြို့စားအိမ်တော် အတွင်းတွင် ရှိသော်လည်း ယွင်ကျုံးဟဲ့ တစ်ခါမှ မဝင်ဖူးခဲ့ပေ။ အဓိက တံခါးပေါက်သို့ပင် မသွားဖူးခဲ့ချေ။
ထိုနေရာတွင် အချိန်တိုင်း စစ်သည် ဆယ်ဂဏန်းခန့် စောင့်ကြပ်နေပြီး သူတို့၏ မျက်နှာပေါ်တွင် ‘အလုပ်မရှိသူများနှင့် ခွေးများ ဝင်ခွင့်မပြု’ ဟု ရေးသားထားသကဲ့သို့ ရှိနေကာ ယခင်က ယွင်ကျုံးဟဲ့ ဆိုသည်မှာ ထိုခွေး ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လောက်သည်။
ထိုစစ်သည်က ပြောလိုက်၏။ “အပြင်မှာ စောင့်နေ။”
ယွင်ကျုံးဟဲ့သည် အပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်စောင့်နေသည်။
အတွင်းဘက်တွင် ဆွေးနွေးပွဲ လုပ်နေပြီး နန်းတော်ညီလာခံ မဟုတ်သော်လည်း ကြည့်ရသည်မှာ အတော်လေး ဆင်တူ၏။
ကျင်းကျုံးယွဲ့သည် မြင့်မားသော အုပ်ချုပ်သူ နေရာတွင် ထိုင်နေပြီး အောက်ဘက်ရှိ ခန်းမအတွင်း၌ လူနှစ်တန်းခွဲ၍ ရပ်နေကြသည်။ တစ်တန်းက စာပေ အရာရှိများ ဖြစ်ပြီး နောက်တစ်တန်းက စစ်ဖက်ဆိုင်ရာ အရာရှိများ ဖြစ်သည်။
အတွင်းဘက်ရှိ ဆွေးနွေးပွဲက အလွန် ပြင်းထန်နေ၏။ သို့ပေမည့် အားလုံးက ခေါင်းစဉ်တစ်ခုတည်းကိုသာ ဗဟိုပြုနေကြလေသည်။ သစ်ရွက်ကြွေနယ်မြေပင် ဖြစ်၏။
ယွင်ကျုံးဟဲ့ အပြင်ဘက်တွင် နားထောင်နေသည့် အချိန်အတွင်း အကြမ်းဖျင်း နားလည်သွားလေသည်။
လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က ကျင်းမိသားစုသည် ပုန်ကန်မှုကို နှိမ်နင်းရန်အတွက် သစ်ရွက်ကြွေ နယ်မြေ ဟူသော ဤဧရာမ စပါးကျီကြီးကို ဘေးနားရှိ အင်အားကြီးမားသော နယ်စားဖြစ်သည့် ရှီးယွီ မြို့မှ မော့မိသားစုထံသို့ ငှားရမ်းခဲ့၏။
ထိုအချိန်မှစ၍ လေခွင်း ချိုင့်ဝှမ်းသည် စားနပ်ရိက္ခာ အမြဲတမ်း မလုံလောက်တော့ဘဲ မဟာဗျူဟာ အခင်းအကျင်းတွင် ကြီးမားသော ကွက်လပ်ကြီး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
အတိုချုပ်ဆိုရလျှင် သစ်ရွက်ကြွေနယ်မြေကို ဆုံးရှုံးလိုက်ရသောကြောင့် လေခွင်းချိုင့်ဝှမ်းတွင် အနာဂတ် မရှိတော့ပေ။
ဤအရာက နယ်မြေတစ်ခု ဆုံးရှုံးရုံ သက်သက် မဟုတ်ဘဲ သစ်ရွက်ကြွေနယ်မြေ မရှိပါက စားနပ်ရိက္ခာ မရှိတော့သောကြောင့် လေခွင်းချိုင့်ဝှမ်း၏ အသက်သွေးကြောကို အခြားသူများက ဆွဲကိုင်ထားသကဲ့သို့ ဖြစ်သွားလေသည်။
နယ်စား မဟာမိတ်အဖွဲ့က ကုန်သွယ်ရေး ပိတ်ဆို့မှု ဟူသော လက်နက်ကို ကိုင်ဆောင်လိုက်သည်နှင့် လေခွင်း ချိုင့်ဝှမ်းကို ကြိုက်သလို လုပ်နိုင်သွားမည် ဖြစ်၏။
အကယ်၍ ဤအချိန်တွင် လေခွင်းချိုင့်ဝှမ်းကသာ တာယင် အင်ပါယာ သို့မဟုတ် တောင်ပိုင်းကျိုးအင်ပါယာ ထံသို့ ခိုလှုံမည့် ဟန်ရေးပြလိုက်ပါက အားလုံး၏ ပစ်မှတ်ဖြစ်သွားပြီး ပိုင်ရှင်မဲ့နယ်မြေရှိ နယ်စား ဆယ်ဂဏန်းခန့်၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို သေချာပေါက် ခံရပေမည်။
ထို့ကြောင့် မည်မျှပင် ကြီးမားသော ပေးဆပ်မှုမျိုးကို ပြုလုပ်ရပါစေ၊ နောက်ထပ် စစ်ပွဲတစ်ပွဲ ထပ်မံ ဖြစ်ပွားမည်ဆိုလျှင်ပင် သစ်ရွက်ကြွေနယ်မြေဟူသော ဤဧရာမ စပါးကျီကြီးကို သေချာပေါက် ပြန်လည် သိမ်းပိုက်ရမှာဖြစ်သည်။
သို့ပေမည့် စစ်ပွဲ စတင်ရန် ဆိုသည်မှာလည်း ထိုမျှ မလွယ်ကူလှပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ရမည့် နေရာက မော့မိသားစု၏ ရှီးယွီမြို့ဖြစ်ပြီး မော့မိသားစုသည် ပိုင်ရှင်မဲ့ နယ်မြေတွင် အဆက်အသွယ်များ အလွန် ရှုပ်ထွေး နက်ရှိုင်းစွာ ရှိနေလေသည်။
စစ်တိုက်ချင်ပါက သတင်းအချက်အလက်က ရှေ့က သွားရမည်ဖြစ်ပြီး သံတမန်ရေးရာကလည်း ရှေ့က သွားရမည် ဖြစ်၏။
သစ်ရွက်ကြွေနယ်မြေသည် စတုရန်း ကီလိုမီတာ တစ်ထောင့်ငါးရာ ကျယ်ဝန်းပြီး မြေဩဇာကောင်းသော လယ်ယာမြေ ဧက ရှစ်သိန်း ရှိလေသည်။
ယွင်ကျုံးဟဲ့ အနည်းငယ် တွက်ချက်ကြည့်လိုက်ရာ နှစ်စဉ် စားနပ်ရိက္ခာ မည်မျှ ထွက်ရှိမည်ကို တွက်ချက်နိုင်လေ၏။
ချက်ချင်းပဲ သူက ကောက်ချက်တစ်ခု ရရှိသွားလေသည်။ လူတစ်သောင်း စစ်ပွဲတွင် သေဆုံးသွားမည် ဆိုလျှင်ပင် ဤသစ်ရွက်ကြွေနယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ပါက တန်သည်ဟု ကောက်ချက်ချ လိုက်ခြင်းပင်။
ယခင်နှစ်များက လေခွင်း ချိုင့်ဝှမ်းသည် သစ်ရွက်ကြွေနယ်မြေကို ဆုံးရှုံးခဲ့ရသော်လည်း ယခုအချိန်အထိ အသက်ရှင် ရပ်တည်နိုင်ခဲ့ရုံသာမက နယ်မြေ ချဲ့ထွင်မှုများပင် ပြုလုပ်နိုင်ခဲ့ရာ ကျင်းအဲ့သည် တကယ်ကို ခေတ်တစ်ခေတ်၏ သူရဲကောင်း၊ ခေတ်တစ်ခေတ်၏ ထူးချွန်သူကြီး တစ်ဦးပင် ဖြစ်လေသည်။
ယခုအခါ အနှစ်ငါးဆယ် အချိန်ပြည့်သွားပြီဖြစ်ပြီး ငှားရမ်းသည့်အချိန် ကုန်ဆုံးသွားပြီ ဖြစ်၏။
နောက်ပိုင်းတွင် လေခွင်းချိုင့်ဝှမ်း၏ မဟာဗျူဟာ အရင်းအမြစ်များ အားလုံးကို ရည်မှန်းချက် တစ်ခုတည်း အတွက်သာ ရင်းနှီးမြှုပ်နှံရတော့မည် ဖြစ်လေသည်။ ၎င်းမှာ သစ်ရွက်ကြွေနယ်မြေပင် ဖြစ်လေသည်။
သစ်ရွက်ကြွေနယ်မြေကို ပြန်လည် ရုပ်သိမ်းနိုင်သည်နှင့် နယ်စား မဟာမိတ်အဖွဲ့က လေခွင်းချိုင့်ဝှမ်းအပေါ် ပြုလုပ်ထားသော ကုန်သွယ်ရေး ပိတ်ဆို့မှုသည်လည်း တိုက်ရိုက် ပြိုကွဲသွားမည် ဖြစ်၏။
.............