← Chapters

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

အပိုင်း (၅၁)

တောင်ထိပ်ပေါ်တွင် မြင်းလှည်း ရပ်တန့်သွား၏။ စစ်သည်များက မြင်းပေါ်မှ ဆင်းကာ နေရာယူလိုက်ကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တောင်ကုန်းတောင်တန်းများ၊ ချုံနွယ်ပိတ်ပေါင်းများနှင့် ပြည့်နှက်နေသည်။ တကယ့်ကို တောခေါင်ခေါင် နေရာပင်။

“ဒါ တောဝက်နယ်မြေလား။” ယွင်ကျုံးဟဲ့ မေးလိုက်၏။

ကျင်းကျုံးယွဲ့ ခေါင်းညိတ်ပြသည်။

အမှောင်ထဲမှ စစ်သည်များ ထွက်ပေါ်လာပြီး ကာကွယ်ရေး စည်းဝိုင်းများ ချထားလိုက်ကြ၏။ မကြာမီ နေထွက်လာတော့မည်။

တောင်အောက်ရှိ ချိုင့်ဝှမ်းတစ်ခုတွင် ရဲတိုက်ငယ်လေး တစ်ခု ရှိနေသည်။ လမ်းကျဉ်းလေး တစ်ခုကို ပိတ်ဆို့ထားသော ရဲတိုက်ဖြစ်၏။

ရဲတိုက်နှင့် မလှမ်းမကမ်းတွင် ကြောက်မက်ဖွယ်ရာ အရာတစ်ခု ရှိနေသည်။ လူခေါင်းခွံများဖြင့် တည်ဆောက်ထားသော “ကျင်းကွမ်” အောင်ပွဲခံတောင်ကုန်းပင်။ ချိုရွှေမြို့နှင့် တိုက်ပွဲတွင် ကျဆုံးခဲ့သော စစ်သည် ၃၀၀၀ ၏ ခေါင်းခွံများနှင့် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ကျင်းကျုံးယွဲ့က ရန်သူများကို ခြိမ်းခြောက်ရန် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ဤအရာကပင် သူမကို ဒုက္ခပေးနေပြန်၏။

မဟာမိတ်အဖွဲ့က ဤအရာကို ထောက်ပြပြီး လေခွင်းမြို့သည် ရက်စက်ကြမ်းကြုတ်သည်ဟု စွပ်စွဲနေကြသည်။

စစ်သည်များက ရွှေချည်ထိုး ပိုးသားကူရှင်တပ် ကုလားထိုင်တစ်လုံးကို သယ်ဆောင်လာကြ၏။

‘ဒီတောကြီးထဲမှာတောင် ဒီလောက် ဇိမ်ခံနေရသေးတာလား။ ကျင်းကျုံးယွဲ့က တကယ် ချမ်းသာတာပဲ။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မြို့စားမင်း... အခု ပြောပြလို့ ရပြီလား။ ဘာလုပ်ရမှာလဲ။”

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဟို ရဲတိုက်ကို မြင်လား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “မြင်တယ်လေ။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “အဲဒါ ချိုရွှေမြို့နဲ့ လေခွင်းမြို့ရဲ့ နယ်စပ်ပဲ။ မဟာမိတ်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဲဒီထဲမှာ တည်းခိုနေတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စစ်ပွဲ အကြောင်း စစ်ဆေးနေတာလား။”

“ဟုတ်တယ်။”

ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်၏။ “အစီရင်ခံစာက လေခွင်းမြို့ ကျူးကျော်ပါတယ်လို့ ထွက်လာရင် မဟာမိတ်အဖွဲ့က ပိတ်ဆို့မှု လုပ်လိမ့်မယ်။ ရှီးယွီမြို့ကလည်း သစ်ရွက်ကြွေနယ်မြေကို ပြန်မပေးတော့ဘူး။”

ယွင်ကျုံးဟဲ့က အတည်ပြုလိုသည့် လေသံဖြင့် မေးလိုက်သည်။ “အခြေအနေ သိပ်ဆိုးနေလား။”

ကျင်းကျုံးယွဲ့ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”

တကယ်တော့ ပြောစရာပင် မလိုအပ်ချေ။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ချိုရွှေမြို့ပိုင်သည့် ရဲတိုက်ထဲမှာ တည်းနေတည်းက ဘက်လိုက်နေပြီ ဆိုခြင်းမှာ သိသာနေသည် မဟုတ်ပါလား။

စစ်သည်များက အလျင်အမြန်ဖြင့် တဲတစ်လုံး ထိုးလိုက်ကြ၏။

ကျင်းကျုံးယွဲ့က ထိုတဲထဲသို့ ဝင်သွားသည်။ ယွင်ကျုံးဟဲ့ကလည်း နောက်မှ လိုက်ပါသွားသည်။

တဲငယ်လေးအတွင်းတွင် မိန်းမလှလေးနှစ်ဦးမှာ လက်ဖက်ရည်ကျိုရန် အလုပ်ရှုပ်နေကြသည်။ ဆောင်းဦး ရာသီသို့ ကူးပြောင်းစပြုပြီဆိုသော်ငြားလည်း ပတ်ဝန်းကျင်တွင် နှင်းမှုန်များပင် မတွေ့ရသေးချေ။

သို့သော်ငြား ထိုမိန်းမပျိုလေးများ ကျိုချက်နေသည်မှာမူ သာမန်ရေမဟုတ်ဘဲ အဖိုးတန် နှင်းရည်များ ဖြစ်နေကြသည်။ ယမန်နှစ်တည်းက စနစ်တကျ သိမ်းဆည်းထားသည့် နှင်းရည်များလား သို့မဟုတ် မိုင်ပေါင်းထောင်ချီဝေးကွာလှသည့် ဆီးနှင်းတောင်တန်းများထံမှ အထူးတလည် သယ်ဆောင်လာခြင်းလား ဟုပင် တွေးတောစရာ ဖြစ်နေတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ယွင်ကျုံးဟဲ့က တွေးလိုက်မိ၏။ ‘ကျင်းကျုံးယွဲ့... မင်းကတော့ တကယ့်ကို ဇိမ်ခံနိုင်လွန်းတဲ့သူပဲ။’

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်က နင်ချင်းတဲ့။ ပိုင်ရှင်မဲ့ နယ်မြေမှာ အာဏာအရှိဆုံး မုဆိုးမ ဖြစ်သလို ဒုတိယ အကြီးဆုံးမြို့စား နင်ချန်ကျူရဲ့ ညီမပဲ။ သူက ရဲတိုက်ထဲမှာ ရှိနေတယ်။ ရှင့်တာဝန်က ၅ ရက်အတွင်း သူ့ကို စည်းရုံးဖို့ပဲ။”

ကျင်းကျုံးယွဲ့က စာအုပ်တစ်အုပ် ကမ်းပေးလိုက်၏။ “ဒါ သူ့ရဲ့ အချက်အလက်တွေပဲ။ ဖတ်ကြည့်လိုက်။”

စာလုံးရေ တစ်သောင်းလောက် ရှိတဲ့ စာအုပ်အထူကြီးဖြစ်သည်။

“ရှင် စာဖတ်တတ်လား။” ကျင်းကျုံးယွဲ့က မေးလိုက်၏။

ယွင်ကျုံးဟဲ့ စိတ်ဆိုးချင်သွားသည်။ ‘ဒါ ငါ့ကို သိပ်အထင်သေးတာပဲ။ ဒါပေမဲ့ ငါက မူကြိုကျောင်းထွက်လို့ ပြောထားတာကိုး။ မေးစရာပဲလေ။’

တစ်နာရီလောက် ကြာချိန်မှာတော့ စာအုပ် ဖတ်ပြီးသွား၏။

နင်ချင်းဟူသော အမျိုးသမီးသည် တကယ့်ကို အံ့ဩဖွယ်ရာ ဒဏ္ဍာရီဆန်လှသူ ဖြစ်သည်။ ကဗျာ၊ စာပေနှင့် ပန်းချီအနုပညာရပ်များတွင် ထူးချွန်ပြောင်မြောက်ရုံသာမက သူမ၏ ငယ်စဉ်ဘဝကပင် ထူးခြားသည့် သမိုင်းကြောင်းရှိခဲ့သည်။

အသက် ၁၈ နှစ်အရွယ်တွင် အမျိုးသားဝတ်စုံ ဝတ်ဆင်၍ တောင်ပိုင်းကျိုးအင်ပါယာ၏ စာမေးပွဲများကို သွားရောက်ဖြေဆိုခဲ့ရာ ခရိုင်၊ မြို့နယ်နှင့် ပြည်နယ်အဆင့်တိုင်းတွင် ပထမဆုများကို သိမ်းပိုက်နိုင်ခဲ့၏။

ထိုသို့ စာမေးပွဲသုံးထပ်ကွမ်းပထမ ဘွဲ့ထူးကို ရရှိခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး ဟိုးလေးတကျော် ဖြစ်သွားခဲ့ရသည်။ သို့ပေမည့် နောက်ပိုင်းတွင် လူစားထိုးဖြေဆိုမှုအဖြစ် ပေါ်ပေါက်သွားခဲ့ရာ အရာရှိ ၁၉ ဦးခန့် ရာထူးမှ အထုတ်ခံခဲ့ရပြီး နင်ချင်း၏အမည်မှာလည်း ပိုမိုထင်ရှားသွားခဲ့သည်။

သူမ၏ အိမ်ထောင်ရေးကံကြမ္မာမှာမူ စိတ်မကောင်းစရာ အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေ၏။ ပထမအိမ်ထောင်ဘက်ဖြစ်သူ ယွင်မျိုးနွယ်စုမှ ယွင်ဝမ်လီနှင့် လက်ထပ်ပြီး နှစ်လအကြာတွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့၏။

သုံးနှစ်အကြာတွင် လော်မျိုးနွယ်စုမှ လော်ချင်နှင့် ဒုတိယအကြိမ် လက်ထပ်ခဲ့ပြန်သော်လည်း နှစ်လမပြည့်မီမှာပင် ခင်ပွန်းသည် ထပ်မံကွယ်လွန်သွားပြန်သည်။

ဤသို့ ထပ်တလဲလဲ ဖြစ်ရပ်များကြောင့် လူအများက သူမအား ယောကျ်ားကံနိမ့်စေသူ သို့မဟုတ် သေဆုံးစေသူ ဂြိုလ်ဆိုးအဖြစ် သတ်မှတ်လာခဲ့ကြ၏။

ထိုအချိန်မှစ၍ နင်ချင်းသည် နောက်ထပ် အိမ်ထောင်မပြုတော့ဘဲ စာပေအနုပညာလောကတွင်သာ စိတ်နှစ်လိုက်တော့သည်။

မိသားစုအပေါ် ထပ်မံ၍ ဘေးမသင့်စေရန် အိမ်တွင်မနေတော့ဘဲ မဟာမိတ်အဖွဲ့အတွင်း၌သာ တာဝန်ထမ်းဆောင်ရင်း ဆယ်စုနှစ်တစ်ခုကျော်တိုင် ဒုက္ခသည်များကို ကူညီခြင်းနှင့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော် တည်ထောင်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့၏။

သူမအား ဂြိုဟ်ဆိုးအဖြစ်ဟု ကင်ပွန်းတပ်ကြသော်လည်း ပြည်သူလူထုအကြားတွင်မူ ကယ်တင်ရှင် နတ်သမီး ကဲ့သို့ ကြည်ညိုလေးစားခြင်း ခံရသည်။

သူမ၏ ဖြူစင်မှုနှင့် တရားမျှတမှုရှိသော ဂုဏ်သတင်းကြောင့် ယခုအခါ မဟာမိတ်အဖွဲ့၏ စုံစမ်းစစ်ဆေးရေး ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်၏။

ထို့ကြောင့်ပင် သူမ တင်သွင်းမည့် အစီရင်ခံစာသည် လေခွင်းမြို့၏ ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးမည့် အရေးအကြီးဆုံးသော လက်နက်တစ်ခု ဖြစ်နေတော့သည်။

“ယွင်အောက်ထျန်း... ရှင်က ချောပေမဲ့ အောက်တန်းစား ဆန်လွန်းတယ်။ တကယ်တော့ ကျွန်မ ရှင့်ကို မလွှတ်ချင်ဘူး။”

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “ကျွန်မ လူ ၅ ယောက် လွှတ်ပြီးပြီ။ စာပေပညာရှင်၊ ဂီတပညာရှင်၊ အနုပညာရှင်... အကုန်လုံး မအောင်မြင်ဘူး။ နောက်ဆုံး လွှတ်လိုက်တဲ့ လူဆိုရင် ခြေထောက်ရိုက်ချိုးခံရပြီး သင်းကွပ်ခံလိုက်ရတယ်။ နင်ချင်းက နာမည်ကြီးပေမဲ့ သဘောကောင်းတဲ့သူတော့ မဟုတ်ဘူး။ စိတ်ဆိုးရင် ရက်စက်တတ်တယ်။”

လက်ရှိအချိန်တွင် မြို့စားမင်း ကျင်းကျုံးယွဲ့၏ လက်ဝယ်၌ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မည့်သူဟူ၍ မရှိသလောက် ရှားပါးနေပြီဖြစ်သည်။

ထို့ကြောင့်ပင် သူမသည် နောက်ဆုံးလက်နက်အနေဖြင့် ယွင်ကျုံးဟဲ့ကို စမ်းသပ်အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

ယွင်ကျုံးဟဲ့သည် အပြောအဆို အပြုအမူပိုင်းတွင် အောက်တန်းစားဆန်သည်ဟု ထင်ရသော်လည်း ဟန်ရွှေမြို့၌ ရှိစဉ်က ပြသခဲ့သော သူ၏ စွမ်းဆောင်ရည်များမှာမူ လျစ်လျူရှုထား၍ မရနိုင်လောက်အောင် ကောင်းမွန်ခဲ့သည်။

ထို့အပြင် ယွင်ကျုံးဟဲ့သည် အဖွဲ့အစည်းအတွင်း၌ အရေးပါ အရာရောက်လှသူ မဟုတ်သောကြောင့် အကယ်၍ အစီအစဉ်တစ်ခုခု လွဲချော်ပြီး ဘေးဒုက္ခကြုံတွေ့ခဲ့လျှင်ပင် မြို့စားမင်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်မလာနိုင်ပေ။

ဤသို့ဖြင့် အသုံးချရန်လွယ်ကူပြီး စွန့်ပစ်ရန်လည်း ဝန်မလေးသည့် ယွင်ကျုံးဟဲ့အား အန္တရာယ်များလှသော ကစားပွဲထဲသို့ ဆွဲသွင်းရန် သူမ ပြင်ဆင်လိုက်တော့သည်။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “အဆင်သင့် ဖြစ်ပြီလား။”

“ဖြစ်ပါပြီ။” ယွင်ကျုံးဟဲ့ ယုံကြည်မှု ရှိနေသည်။

နင်ချင်းနှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် လေ့လာကြည့်ရာတွင် အလွန် စိတ်ဝင်စားဖွယ်ကောင်းသော အချက်အလက်အချို့ကို တွေ့ရှိလိုက်ရ၏။

စုံစမ်းစစ်ဆေးရေး အဖွဲ့အတွင်း၌ မြို့စားမင်း ကျင်းကျုံးယွဲ့ စေလွှတ်ထားသည့် သူလျှိုတစ်ဦး ရှိနေဟန်တူပြီး ၎င်းသည် အဆင့်နိမ့်ဝန်ထမ်းတစ်ဦးသာ ဖြစ်သော်လည်း နင်ချင်း၏ နေ့စဉ်ဘဝနှင့် အပြုအမူ အသေးစိတ်ကို သေသေချာချာ မှတ်တမ်းတင်ပေးထားခဲ့သည်။

သာမန်လူများအဖို့မူ ထိုမှတ်တမ်းများမှာ အရေးမပါသော သာမညအချက်အလက်များသာ ဖြစ်နိုင် သော်လည်း၊ ပါးနပ်လှသည့် ယွင်ကျုံးဟဲ့အတွက်မူ ထိုအချက်များသည် ရွှေထက်ပင် အဖိုးတန်လှ၏။

ထိုသေးငယ်သော လျှို့ဝှက်ချက်များကို အသုံးချ၍ နင်ချင်း၏ စိတ်နှလုံးကို မည်သို့ ဖမ်းစားရမည်ကို သူ ကောင်းကောင်း တွက်ချက်နိုင်စွမ်းရှိသည်။

ဤမှတ်တမ်းများသည် ယွင်ကျုံးဟဲ့အား ဒုက္ခတွင်းမှ ကယ်တင်ပေးရုံသာမက ရွှေဘုံစံ စေမည့် အဓိကသော့ချက်များပင် ဖြစ်နေ၏။

ကျူးကျုံးယွဲ့က အမိန့်ပေးလိုက်သည်။ “အဆင်သင့် ဖြစ်ရင် အဝတ်အစားလဲ၊ မျက်နှာဖုံး ချွတ်ပြီးသွားတော့။”

“မြို့စားမင်း... မဖြစ်ပါဘူး။”

လူနှစ်ယောက် ဝင်လာကြသည်။ နတ်ဆရာလန်နှင့် ချူကျောင်းရန် တို့ပင်။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ဘာလာလုပ်ကြတာလဲ။”

ချူကျောင်းရန်က ဦးညွှတ်လိုက်သည်။ “မြို့စားမင်း... နင်ချင်းကိစ္စမှာ အလှည့်အပြောင်း တစ်ခု ပေါ်လာပါပြီ။”

နတ်ဆရာလန်က ဆက်ပြော၏။ “ယွင်အောက်ထျန်းက ဆွဲဆောင်မှု ရှိပေမဲ့ ရူးသွပ်လွန်းပါတယ်။ နင်ချင်းကို စိတ်ဆိုးအောင် လုပ်မိရင် အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘာအလှည့်အပြောင်းလဲ။”

နတ်ဆရာလန်က ပြောလိုက်၏။ “ကျုပ် လက်ထဲမှာ ရှားပါးတဲ့ ကဗျာတစ်ပုဒ် ရောက်နေပါတယ်။ သခင်ကြီး ထိုက်အာရဲ့ လက်ရာစစ်စစ်ပါ။ ဒီကဗျာကို ဆက်သလိုက်ရင် နင်ချင်းရဲ့ တံခါး ပွင့်သွားပါလိမ့်မယ်။”

စာပေလောက၏ ဝင်ရိုးစွန်းသဖွယ် တောက်ပလှသည့် သခင်ကြီးထိုက်အာသည် မြောက်ပိုင်း တာရှမင်းဆက်၏ အိမ်ရှေ့စံဆရာအဖြစ်ပင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံကျော် စာဆိုတော်ကြီး တစ်ဦးဖြစ်သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်က အိမ်ရှေ့စံ၏ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခဲ့သော်လည်း သူ၏ ထူးကဲလှသော ဂုဏ်သတင်းကြောင့် ဘုရင်ကိုယ်တိုင်က အသက်ဘေးမှ ချမ်းသာခွင့်ပေးကာ ပြည်နှင်ဒဏ်သာ ပေးခဲ့၏။

ထိုနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း သူရေးသားခဲ့သည့် ကဗျာများမှာ တန်ဖိုးဖြတ်၍ မရနိုင်လောက်အောင်ပင် ရှားပါးလှပေသည်။

စာပေအနုပညာကို အလွန်မြတ်နိုးသည့် နင်ချင်းသည် သခင်ကြီးထိုက်အာ၏ ကဗျာများကို အထူးပင် စွဲလန်းနှစ်သက်ပြီး အဖိုးအခ အမြောက်အမြားပေးကာ ရှာဖွေဝယ်ယူလေ့ရှိ၏။

ဤသည်မှာ စာပေပါရမီရှင် အချင်းချင်း စိတ်ချင်းဆက်သွယ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

ဤအချက်ကို ကောင်းကောင်းသိထားသည့် နတ်ဆရာလန်သည် တကယ့်လက်နက်ကောင်းတစ်ခုကို ထုတ်သုံးလိုက်ခြင်းပင်။

နတ်ဆရာလန်သည် ယွင်ကျုံးဟဲ့ကို နေရာမပေးလိုသောကြောင့် သခင်ကြီးထိုက်အာ၏ အရှိန်အဝါကို အသုံးချကာ တမင်သက်သက် လမ်းဖြတ်ခုတ်လိုက်ခြင်းဖြစ်သည်။

ယွင်ကျုံးဟဲ့၏ အခွင့်အရေးနှင့် တိုးတက်ရာလမ်းကြောင်းကို ပိတ်ပင်ရန်အတွက် နတ်ဆရာလန်က ပါးနပ်စွာ အကွက်ချစီမံလိုက်ခြင်းပင် ဖြစ်တော့၏။

ကျင်းကျုံးယွဲ့က ချူကျောင်းရန်ကို မေးလိုက်သည်။ “ရှင် ဘယ်လို ထင်လဲ။”

ချူကျောင်းရန်က ပြောလိုက်၏။ “မြို့စားမင်း... ယွင်အောက်ထျန်းက ကျုပ်ရဲ့ လက်အောက်ငယ်သားပါ။ ဒါပေမဲ့ နင်ချင်းကိစ္စက လေခွင်းမြို့ရဲ့ ကံကြမ္မာနဲ့ ဆိုင်နေပါတယ်။ ပိုသေချာတဲ့ လမ်းကို ရွေးသင့်ပါတယ်။ ဆရာလန်ကို လွှတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။”

ကျင်းကျုံးယွဲ့ ခေါင်းညိတ်လိုက်သည်။ “ဒါဆို ဆရာလန်ကိုပဲ တာဝန်ပေးလိုက်မယ်။”

နတ်ဆရာလန် ဝမ်းသာအားရ ဦးညွှတ်လိုက်၏။ “စိတ်ချပါ။ ကျုပ်နဲ့ နင်ချင်းက မိတ်ဆွေဟောင်းတွေပါ။ အဆင်ပြေအောင် ဆောင်ရွက်ပါ့မယ်။”

ထို့နောက် သခင်ကြီး ထိုက်အာ၏ ကဗျာကို ကိုင်ဆောင်ကာ ရဲတိုက်ဘက်သို့ ထွက်ခွာသွားသည်။

ကျန်လူများက ယွင်ကျုံးဟဲ့ကို လှောင်ပြောင်သလို ကြည့်နေကြ၏။ ‘မင်းကတော့ သွားပြီ။ အခွင့်အရေး မရတော့ဘူး။ လူတိုင်းက မင်းရဲ့ တက်လမ်းကို ပိတ်ဆို့နေကြပြီ။’

သို့သော်ငြား ယွင်ကျုံးဟဲ့ကတော့ အေးဆေးပင်။ ပြုံးတောင် ပြုံးနေသေးသည်။ ‘ဒီပွဲက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ။’

.........................

အပိုင်း (၅၂)

မည်သူကမှ ယွင်ကျုံးဟဲ့ဘက်မှ ဝင်မပြောကြချေ။ သူတို့အမြင်တွင် ယွင်ကျုံးဟဲ့သည် အသုံးမကျသော သူတောင်းစား၊ ရူးသွပ်သော လူတစ်ယောက်သာ ဖြစ်သည်။ သူနှင့် ပတ်သက်နေလျှင် မိမိတို့ပါ သိက္ခာကျမည်ဟု ယူဆကြ၏။

နတ်ဆရာလန် အောင်မြင်သွားလျှင် ပိုမကောင်းပေဘူးလား။ သူက ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက်ပင်။

နတ်ဆရာလန်သည် တောင်အောက်သို့ ဆင်းသွားသည်။ သူ့ခြေလှမ်းများက ပေါ့ပါးသွက်လက်နေပြီး ယုံကြည်မှု အပြည့်ရှိနေသည်။

ရဲတိုက်ရှေ့ ရောက်ချိန်မှာတော့ စစ်သည် ရာပေါင်းများစွာက ဝိုင်းရံထားသည်။ ယင်ကောင်တစ်ကောင်တောင် မဝင်နိုင်လောက်အောင် လုံခြုံရေး တင်းကျပ်ထား၏။

နတ်ဆရာလန်သည် တံခါးစောင့်နေသော အမျိုးသမီး တပ်မှူးတစ်ဦးကို ဦးညွှတ်လိုက်သည်။ “ကျုပ်က တာအိုဆရာလန်ပါ။ သခင်မနင်ချင်းနဲ့ တွေ့ခွင့်တောင်းချင်ပါတယ်။”

တံခါးစောင့် အမျိုးသမီးမှာ နင်ချွဲ့ ဖြစ်သည်။ နင်ချင်း၏ လူယုံတော် ဖြစ်ပြီး သိုင်းပညာ အလွန်တော်သူ ဖြစ်၏။

နင်ချွဲ့က ပြန်ဖြေသည်။ “တောင်းပန်ပါတယ် ဆရာလန်... သခင်မက ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ အမိန့်ထုတ်ထားပါတယ်။”

“ကျုပ်ရဲ့ နာမည်နဲ့ ဒီပစ္စည်းလေးကို သခင်မဆီ ပို့ပေးပါ။ သေချာပေါက် လက်ခံပါလိမ့်မယ်။” နတ်ဆရာလန်က ယုံကြည်မှု ရှိစွာ ပြောလိုက်၏။

နင်ချွဲ့က မေးလိုက်သည်။ “စစ်ဆေးကြည့်လို့ ရမလား။”

နတ်ဆရာကလန်က ပြောလိုက်၏။ “ရပါတယ်။”

နင်ချွဲ့သည် စာလိပ်ကို ဖွင့်ကြည့်လိုက်သည်။ သခင်ကြီး ထိုက်အာ၏ လက်ရေးမူ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ‘သခင်မရဲ့ အကြိုက်ဆုံး အရာပဲ။’

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရှီးယွီမြို့မှ မော့မျိုးနွယ်စု၊ ချိုရွှေမြို့မှ ချိုမျိုးနွယ်စုနှင့် ထန်ထိုင် မျိုးနွယ်စုတို့အပြင် လေခွင်းမြို့မှ ကိုယ်စားလှယ်များစွာသည် သခင်မနင်ချင်းကို တွေ့ဆုံရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသော်လည်း သူမသည် မည်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပေ။

သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ ခြွင်းချက်တစ်ခု ဖြစ်လာနိုင်သည်ဟု အားလုံးက ယူဆနေကြသည်။ အကြောင်းမှာ သူမ အမြတ်နိုးဆုံးဖြစ်သည့် သခင်ကြီးထိုက်အာ၏ လက်ရေးမူအစစ်အမှန် ပါလာသောကြောင့် ဖြစ်သည်။

နင်ချွဲ့က ပြောလိုက်၏။ “ခဏစောင့်ပါ၊ ကျွန်မ သွားရောက်လျှောက်တင်ပေးပါ့မယ်။”

ထို့နောက် သူမက အမိန့်ပေးလိုက်သည်။ ဆရာကြီးကို ကုလားထိုင်နဲ့ ဧည့်ခံပြီး လက်ဖက်ရည်ကောင်းကောင်း တိုက်ထားလိုက်ကြ။”

ဤအခြေအနေမှာ နတ်ဆရာလန်အတွက် ပထမဆုံးသော အောင်မြင်မှုအရိပ်အယောင်ပင် ဖြစ်သည်။

ဤသည်မှာ သခင်မနင်ချင်း စုံစမ်းစစ်ဆေးရေးအတွက် ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဧည့်သည်ကို ဧည့်ခံခြင်းလည်း ဖြစ်၏။

နတ်ဆရာလန်သည် ကုလားထိုင်ပေါ်တွင် ဇိမ်ရှိရှိထိုင်ကာ လက်ဖက်ရည်သောက်ရင်း မိမိကိုယ်ကို ကျေနပ်နေမိသည်။ မည်မျှ ခက်ခဲသောတာဝန်ဖြစ်ပါစေ၊ သူကတော့ အောင်မြင်အောင် စွမ်းဆောင် နိုင်ခဲ့ပြီဟု မှတ်ယူထားသည်။

ဤကောင်းမှုအတွက် မြို့စားမင်းထံမှ မည်သည့်ဆုလာဘ်ကို တောင်းရမည်နည်း။ သူက ကိုယ်ကျိုးအတွက် ဘာမှမတောင်းဘဲ မိမိတပည့် လန်ယွီအတွက်သာ တရားမျှတမှု တောင်းဆိုရန် ဆုံးဖြတ်ထား၏။

လမ်းလယ်ခေါင်တွင် လန်ယွီကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ယွင်အောက်ထျန်းအား ရာထူးမှဖြုတ်ကာ မြို့ပြင်သို့ နှင်ထုတ်ပစ်ရန် တောင်းဆိုရမည်။ ဤလူ ကြီးပွားလာမည့်အရေးကို သူက ကြိုတင်စိုးရိမ်နေမိသည်။

မကြာမီ နင်ချွဲ့ ပြန်လည်ထွက်လာသောကြောင့် နတ်ဆရာလန်မှာ အားတက်သရော မတ်တတ်ရပ် လိုက်မိ၏။

သို့သော်ငြား နင်ချွဲ့က သူပေးအပ်လိုက်သော နာမည်နှင့် စာလိပ်ကို ပြန်လည်ကမ်းပေးရင်း အေးစက်စွာ ပြောလိုက်လေသည်။ “တောင်းပန်ပါတယ်။ သခင်မက လက်မခံပါဘူး။”

နတ်ဆရာလန်မှာ ဆွံ့အသွားကာ ကြောင်တောင်တောင် ဖြစ်သွား၏။ “ဘာဖြစ်လို့လဲ။ ဒါ သခင်ကြီးထိုက်အာရဲ့ လက်ရေးမူလေ။”

သူ မယုံကြည်နိုင် ဖြစ်နေမိသည်။ နင်ချင်းက ထိုအရာကို အရူးအမူး မြတ်နိုးသည် မဟုတ်ပါလား။

နင်ချွဲ့က ပြတ်သားစွာ သတိပေးလိုက်သည်။ “နောက်နောင် ဘယ်သူ့ကိုမှ မလွှတ်ပါနဲ့တော့။ လက်ဆောင်တွေလည်း ထပ်မပို့ပါနဲ့။ မဟုတ်ရင် အကျိုးထက် အပြစ်က ပိုများသွားပါလိမ့်မယ်။”

ထိုသို့ပြောလိုက်ချိန်မှာတော့ နတ်ဆရာလန်မှာ မျက်နှာပျက်ပျက်နှင့် ဆုတ်ခွာခဲ့ရတော့၏။

................

နာရီဝက်ခန့် ကြာချိန်မှာတော့ နတ်ဆရာလန်သည် တဲထဲသို့ ပြန်ရောက်လာသည်။ ကျရှုံးသွားပြီဖြစ်၏။ သို့သော်ငြား သူ မျက်နှာ သိပ်မပျက်ခဲ့ချေ။

နတ်ဆရာလန်က ပြောလိုက်၏။ “သခင်မ... နောက်ထပ် လူမလွှတ်ပါနဲ့တော့။ လက်ဆောင်လည်း မပို့ပါနဲ့တော့။ နင်ချင်းက ပြတ်ပြတ်သားသား သတိပေးလိုက်ပါပြီ။”

နတ်ဆရာလန်က ယွင်ကျုံးဟဲ့ကို တစ်ချက် ကြည့်လိုက်သည်။ ယွင်ကျုံးဟဲ့ကို မလွှတ်ပါနှင့်ဟု ပြောချင် နေသည့် သဘောပင်။

နင်ချင်းလို မာနကြီးသည့် အမျိုးသမီးက ယွင်ကျုံးဟဲ့လို အရူးတစ်ယောက်နှင့်တွေ့လျှင် ပိုဒေါသထွက်သွားမှာ စိုးရိမ်ရ၏။

နတ်ဆရာလန်က ပြောလိုက်သည်။ “ဒါက နောက်ဆုံး သတိပေးချက်ပါပဲ။ မြို့စားမင်း သတိထားပါ။ မြို့စားမင်း... လေခွင်းမြို့ကို ပြန်ကြရအောင်။ ယွင်အောက်ထျန်းကို မလွှတ်လိုက်ပါနဲ့။ ပြဿနာ ပိုကြီးသွားပါလိမ့်မယ်။”

တခြားသော မြို့စားမင်းများ လွှတ်လိုက်သည့် ဝါရင့်သံတမန်များကိုပင် နင်ချင်းက တစ်ယောက်မကျန် ငြင်းပယ်ခဲ့၏။ ပြိုင်ဘက်မရှိသည့် နတ်ဆရာလန်ကိုယ်တိုင်ပင် အရေးနိမ့်ခဲ့ရသည်ဆိုလျှင် ယွင်ကျုံးဟဲ့ ကဲ့သို့သောသူက မည်သို့မှ အောင်မြင်နိုင်စရာ အကြောင်းမရှိပေ။

သူတို့နှစ်ဦးမှာ မိုးနှင့်မြေကဲ့သို့ပင် အလှမ်းကွာလွန်းလှသည်။ နင်ချင်းသည် မြင့်မြတ်သော မင်းသမီးတစ်ပါး၊ ပါရမီရှင် စာပေပညာရှင်တစ်ဦး ဖြစ်သော်လည်း ယွင်ကျုံးဟဲ့မှာမူ အောက်တန်းစား သူတောင်းစား၊ စာမတတ်ပေမတတ် လူမိုက်တစ်ဦးမျှသာ ဖြစ်သည်။

ဤမျှ ကွာခြားလှသည့် လူနှစ်ဦးအကြား မည်သည့်စကားများက တံတားခင်းပေးနိုင်ပါမည်နည်း။ ထိုကဲ့သို့သောလူကို စေလွှတ်လိုက်ခြင်းက နင်ချင်းကို ပို၍ပင် ဒေါသထွက်စေကာ လေခွင်းမြို့၏ အနာဂတ်ကို အမှောင်ချပစ်ရန် အကြောင်းပြချက် ပေးလိုက်သလို ဖြစ်သွားနိုင်၏။

သို့သော်ငြား လက်လျှော့ကာ ဤအတိုင်း ပြန်လှည့်သွားရတော့မည်လား။ နင်ချင်း၏ အဆုံးအဖြတ် အစီရင်ခံစာ တင်သွင်းရန်မှာ နောက်ထပ် (၅) ရက်သာ အချိန်ကျန်တော့သည်။ လေခွင်းမြို့၏ ကံကြမ္မာသည် ဤမဖြစ်နိုင်သော လောင်းကြေးအပေါ်တွင်သာ မတင်မကျဖြင့် တွဲလဲခိုနေတော့သည်။

ကျင်းကျုံးယွဲ့ မျက်လုံးဖွင့်လိုက်၏။ “ယွင်ကျုံးဟဲ့... ရှင့်မှာ ယုံကြည်ချက် ရှိလား။”

“ရှိပါတယ်။” ယွင်ကျုံးဟဲ့ ဖြေလိုက်သည်။

နတ်ဆရာလန်က ဒေါသတကြီး အော်ဟစ်လိုက်၏။ “ယွင်အောက်ထျန်း... မင်း ပါးစပ်ပိတ်ထားစမ်း။ မင်းသေတာ ကိစ္စမရှိဘူး။ လေခွင်းမြို့ ဒုက္ခရောက်ရင် မင်း တာဝန်ယူနိုင်မှာလား။”

“မြို့စားမင်း... မလုပ်ပါနဲ့။”

“မြို့စားမင်း... ဒီကောင်က အရူးပါ။ သူသွားပြီး ‘ကျုပ် ခင်ဗျားနဲ့ အိပ်ချင်တယ်’ လို့ ပြောမိရင် ဘယ်လိုလုပ်မလဲ။ အကုန် သွားပြီပေါ့။”

လူတိုင်းက ဝိုင်းတားကြသည်။

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင် သေချာလား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “သေချာပါတယ်။”

အားလုံးက မထီမဲ့မြင် ပြုလိုက်ကြ၏။ ‘ဆရာကြီးတွေတောင် မအောင်မြင်တာ။ မင်းလို သူတောင်းစားက ဘာတတ်နိုင်မှာလဲ။’

ကျင်းကျုံးယွဲ့က ပြတ်သားစွာ ပြောလိုက်သည်။ “ရှင် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး သွားတော့။”

လူတိုင်း မျက်နှာပျက်သွားကြ၏။

“ထွက်သွားကြ။”

ကျင်းကျုံးယွဲ့က လက်ညှိုးထိုးပြီး မောင်းထုတ်လိုက်သည်။ “ကျွန်မ ဒုတိယအကြိမ် ထပ်မပြောချင်ဘူး။”

မြို့စားမင်း ကျင်းကျုံးယွဲ့ ဒေါသအမျက် ချောင်းချောင်းထွက်လာသည့်အခါမျိုးတွင် မည်သူမှ ရှေ့သို့ထွက်ကာ တားဆီးရန် မဝံ့ရဲကြတော့ပေ။ ထိုသို့သော အခြေအနေမျိုးတွင် သွေးမြေကျသည့်အထိ လူသတ်မှုများပင် ဖြစ်ပွားသွားနိုင်သည်ကို အားလုံးက သိထားကြ၏။

အရာရှိများနှင့် အမတ်များအားလုံးသည် မျက်နှာပျက်ပျက်ဖြင့် မကျေမနပ်ဖြစ်ကာ ခန်းမအတွင်းမှ ထွက်ခွာ သွားကြတော့သည်။ သူတို့၏ စိတ်ထဲတွင်မူ ပြဿနာ၏ အရင်းအမြစ်ဖြစ်သော ယွင်ကျုံးဟဲ့ကို အပိုင်းပိုင်း အစစ ခုတ်ထစ်ပစ်ချင်လောက်အောင်ပင် အငြိုးအတေးများ ပြည့်နှက်နေကြသည်။

“မိန်းမသားတွေ အုပ်ချုပ်ရင် ဒီလိုပဲ။ အကျိုးအကြောင်းထက် ခံစားချက်ကိုပဲ ဦးစားပေးလွန်းတယ်၊ တကယ့်ကို အသုံးမကျတာပဲ။” အမတ်ဟောင်းအချို့က တိုးတိုးတိတ်တိတ် ကဲ့ရဲ့ရှုတ်ချနေကြ၏။

သူတို့သည် မြို့စားဟောင်းကြီးကိုသာ တမ်းတမိရင်း လေခွင်းမြို့၏ ပျက်သုဉ်းတော့မည့် ရှေ့ရေးကို ကြည့်ကာ သက်ပြင်းချ ညည်းတွားနေကြတော့သည်။ “မြို့စားဟောင်းကြီးရယ်... ခင်ဗျား ဘာလို့ ဒီလောက် စောစောစီးစီး လဲကျသွားရတာလဲဗျာ။ အခုတော့ လေခွင်းမြို့လည်း ဒုက္ခတွင်းထဲ ကျဆင်းရတော့မှာပဲ။”

.........

တဲထဲတွင် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင် ကျရှုံးရင် ဘာဖြစ်မလဲ သိလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သိပါတယ်... မြို့စားမင်း။ မသတ်ရင်တောင် တခြားလူတွေက ကျုပ်ကို အပိုင်းပိုင်း ခုတ်ပစ်ကြလိမ့်မယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဒါဆို ရှင် သွားအုံးမှာလား။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်၏။ “သွားမှာပါ။”

“ရေမိုးချိုး၊ အဝတ်အစားလဲပြီး သွားမလား။”

“မလိုပါဘူး။ ဒီအတိုင်းပဲ သွားမယ်။”

ကျင်းကျုံးယွဲ့ အံ့ဩသွားသည်။ ‘ဒီသူတောင်းစားပုံစံနဲ့ သွားမယ် ဟုတ်လား။ သန်းတွေ ကိုက်နေမလားတောင် မသိရတဲ့ ပုံစံကြီးနဲ့ နင်ချင်းကို သွားတွေ့မယ်တဲ့လား။ သေချင်နေတာလား။’

ကျင်းကျုံးဟွဲ့က ထပ်ကာ မေးလိုက်၏။ “ရှင် သေချာလို့လား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သေချာပါတယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်၏။ “သွားတော့။ ကျွန်မ စောင့်နေမယ်။ မအောင်မြင်ရင် ကျွန်မကို ပြန်မတွေ့ရတော့ဘူးလို့ မှတ်လိုက်။”

ယွင်ကျုံးဟဲ့က အာမခံလိုက်သည်။ “မြို့စားမင်း.... ကျုပ် အောင်ပွဲခံပြီး ပြန်လာတာကို စောင့်နေပါ။”

ယွင်ကျုံးဟဲ့သည် ဆံပင်များကို ခါလိုက်ပြီး ဂဏန်းခြေလှမ်းဖြင့် လျှောက်ထွက်သွား၏။

ဘေးလူများက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ‘ဒီကောင် ရူးနေတာလား။ ဒီပုံစံကြီးနဲ့ သွားတွေ့မယ်တဲ့လား။’

လန်ပိက အမိန့်ပေးလိုက်၏။ “အဆင်သင့် ပြင်ထားကြ။ သူ မအောင်မြင်ဘဲ ပြန်လာရင် ခေါင်းဖြတ်ပစ်လိုက်။ မြို့စားမင်းကို ပေးမတွေ့နဲ့တော့။”

“ကောင်းပါပြီ။”

…………….

ယွင်ကျုံးဟဲ့သည် ရဲတိုက်ဆီသို့ လျှောက်သွားသည်။

မီတာ ၅၀ အကွာ ရောက်ချိန်မှာတော့ လေးသမားများက ချိန်ရွယ်လိုက်ကြ၏။ “ဟေ့... ဘယ်က သူတောင်းစားလဲ။ ထွက်သွား။ မသွားရင် ပစ်သတ်လိုက်မယ်။”

ယွင်ကျုံးဟဲ့ လက်မြှောက်လိုက်သည်။ “စကားတစ်ခွန်းပဲ ပြောချင်လို့ပါ။”

နင်ချွဲ့ ထွက်လာကာ ပြောလိုက်၏။ “ရှင်တို့ လေခွင်းမြို့က လူတွေ တော်တော် ခေါင်းမာတာပဲ။ သေချင်နေကြတာလား။”

ယွင်ကျုံးဟဲ့က ရှေ့တိုးလာသည်။ “အစ်မကြီး... ကျုပ် ကြားဖူးတာတော့ သခင်မနင်ချင်းက ကဗျာကောင်း တစ်ပုဒ် ရေးပြနိုင်ရင် လက်ခံတွေ့ဆုံပေးတယ်ဆို...”

နင်ချွဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ အခုအချိန်က ခြွင်းချက်ပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ် စမ်းကြည့်ချင်တယ်။”

နင်ချွဲ့က ငြင်းလိုက်၏။ “မဖြစ်နိုင်ဘူး။”

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “စမ်းကြည့်ပါရစေ။ စာရွက်တစ်ရွက်လောက် ပေးပါလား။”

နင်ချွဲ့ စိတ်ညစ်သွား၏။ ဤသူတောင်းစားကို မြန်မြန် မောင်းထုတ်ချင်သော်လည်း သခင်မ၏ ဂုဏ်သိက္ခာကို ငဲ့ပြီး စာရွက် သွားယူပေးလိုက်၏။

နင်ချွဲ့က မေးလိုက်သည်။ “စုတ်တံ လိုလား။”

ယွင်ကျုံးဟဲ့က ငြင်းလိုက်၏။ “မလိုပါဘူး။ ပါတယ်။”

ယွင်ကျုံးဟဲ့က ရင်ခွင်ထဲမှ စုတ်တံတိုလေး တစ်ချောင်း ထုတ်လိုက်သည်။ မင်ခြောက်နေသောကြောင့် လျှာနှင့် လျက်လိုက်သည်။

နင်ချွဲ့ ရွံရှာသွား၏။

ယွင်ကျုံးဟဲ့က ကျောပေးပြီး ရေးလိုက်သည်။ “ကျုပ် ရေးတဲ့ ကဗျာကို သခင်မ တစ်ယောက်တည်းပဲ ဖတ်ရမယ်။ တခြားလူ မဖတ်ရဘူး။”

နင်ချွဲ့က သေချာပေါက် အရူးပဲလို့ မှတ်ချက်ချလိုက်၏။

ခဏကြာတော့ စာရွက်ကို ခေါက်ပြီး ပေးလိုက်သည်။ ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်မ လက်ထဲ အရောက်ပေးနော်။ ခိုးမဖတ်နဲ့နော်။”

နင်ချွဲ့က ဇာဂနာနှင့် ညှပ်ပြီး ယူသွားချင်စိတ် ပေါက်နေ၏။

…………….

ရဲတိုက် အတွင်းခန်းထဲတွင် လှပသော အမျိုးသမီးတစ်ဦး ကုတင်ပေါ်တွင် လှဲလျောင်းနေသည်။

အသက် ၃၀ ကျော်လောက် ရှိပြီး ရင့်ကျက်တည်ငြိမ်သော အလှပဂေးတစ်ဦးပင်။ ခန္ဓာကိုယ် အချိုးအစားကလည်း ပြောစရာ မရှိချေ။ သို့သော်ငြား ခေါင်းမှာ ပဝါ စည်းထား၏။ အခန်းထဲမှာလည်း သွေးညှီနံ့ ရနေ၏။

သူမက နင်ချင်း ဖြစ်သည်။ ကုတင်ဘေးတွင် စာရွက်စာတမ်း အထပ်လိုက် ရှိနေသည်။ လေခွင်းမြို့နှင့် ချိုရွှေမြို့ စစ်ပွဲ အကြောင်း မှတ်တမ်းများပင်။

နင်ချွဲ့က ပြောလိုက်၏။ “သခင်မ... သူတောင်းစား တစ်ယောက် ကဗျာလာပေးပါတယ်။ ဖတ်ကြည့်ရင် လက်ခံတွေ့ဆုံပါလိမ့်မယ်တဲ့။”

နင်ချင်းက ပြောလိုက်သည်။ “ပေးစမ်း။ လူကိုတော့ မတွေ့နိုင်ဘူး။”

နင်ချွဲ့က စာရွက်ကို ကမ်းပေးလိုက်၏။ “သတိထားပါ သခင်မ... သူတောင်းစား ဆိုတော့ ပိုးမွှား ပါလာနိုင်ပါတယ်။”

နင်ချင်း စာရွက်ကို ဖွင့်ကြည့်လိုက်သည်။ မည်သို့သော ကဗျာကို ပေးပို့လိုက်သနည်း သိချင်သောကြောင့်ပင်။ သို့သော်ငြား စာရွက်ပေါ်က ကဗျာကို မြင်လိုက်သည်နှင့် သူမ ကြက်သေ သေသွားသည်။

ကဗျာမှာ ဤကဲ့သို့ဖြစ်၏။

“လစဉ်လတိုင်း အဲဒီနေ့ရောက်၊

ဗိုက်နာလွန်းလို မခံနိုင်လောက်။

သွေးဆင်းမရပ် အောက်ခံတွေ ရဲ၊

လဝက်လောက်ကြာမှ ရပ်တယ်တဲ့။

လူတောထဲလည်း မတိုးရဲတော့၊

ရှက်စိတ်တွေက နှလုံးထဲပေါ့။

ဆံပင်တွေက နေ့တိုင်းကျွတ်၊

ဦးပြောင်တော့မယ် သိတာပေါ့။

မပူပါနဲ့ ... လုံးဝမပူ

ကုသပေးဖို ဆရာကြီးနော်။

သားဖွားမီးယပ် ပါရဂူကြီး၊

ကျန်းမာစေဖို လာပြီဟေ့။”

အောက်ဆုံး၌ စာတစ်ကြောင်း ထပ်ရေးထားသေးသည်။ “သခင်မ နင်ချင်း... ခင်ဗျား ရောဂါဖြစ်နေတာ မဟုတ်ဘူး။ အဆိပ်မိနေတာပဲ။”

....................

All Chapters