အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အပိုင်း (၅၉)
ကျင်းကျုံးယွဲ့သည် မျက်မှောင်ကြုတ်လိုက်သည်။ ယွင်ကျုံးဟဲ့၏ စကားကို သူမ မယုံနိုင်ချေ။
ယွင်ကျုံးဟဲ့က စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် ပြောလိုက်၏။ “တကယ်တော့ မြို့စားမင်း... ကျုပ်က အတင်းအကြပ် ခိုင်းစေခံရတဲ့သူ ဖြစ်နေနိုင်ပါတယ်။”
“နင်ချင်းက ရှင့်ကို အတင်းအကြပ် ခေါ်အိပ်မယ်လို့ ပြောချင်တာလား။” ကျင်းကျုံးယွဲ့ အံ့ဩသွားသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မြို့စားမင်း... နင်ချင်းကို သူတော်စင်မ တစ်ယောက်လို့ ထင်နေတာလား။”
ကျင်းကျုံးယွဲ့က ခေါင်းခါယမ်းလိုက်သည်။ “မထင်ဘူး။ နင်ချွဲ့ကို သစ္စာဖောက်အောင် မြှောက်ပေး လိုက်တဲ့သူက ရှီးယွီမြို့က မော့မျိုးနွယ်စုဖြစ်ဖို့ များတယ်။ ဒါဆို သူတို့က နင်ချင်းကို စော်ကားလိုက်တာပဲ မဟုတ်လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။”
ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်၏။ “နင်ချင်းက သူ့ရပ်တည်ချက်ကို မပြောင်းဘဲ လေခွင်းမြို့ကို တိုက်ခိုက်နေဆဲပဲ။ ဒါပေမဲ့ ရှီးယွီမြို့နဲ့ ချိုရွှေမြို့ဘက်ကကျတော့ ဘယ်လို ထင်မလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဆန့်ကျင်ဘက် ထင်ကြမှာပေါ့။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ သူတို့က ထင်ကြလိမ့်မယ်။ နင်ချင်းက သူတို့ကို မုန်းသွားပြီ။ လေခွင်းမြို့က နင်ချင်းကို ကယ်တင်လိုက်လို့ ကျေးဇူးတင်ပြီး လေခွင်းမြို့ဘက် ပါသွားပြီလို့ ထင်ကြလိမ့်မယ်။”
အာဏာရှိသူတို့၏ သဘာဝအရ သံသယစိတ်သည် အမြဲကပ်ပါနေတတ်သည်မှာ အမှန်ပင်ဖြစ်သည်။ မိမိတို့ထံမှ အစော်ကားခံရသူတစ်ဦးသည် အချိန်မရွေး လက်စားချေလာနိုင်သည်ဟု သူတို့က အမြဲတစေ စိုးရိမ်တွေးတောနေတတ်ကြသည်။
ထို့ကြောင့် နင်ချင်းအနေဖြင့် မည်မျှပင် ခိုင်မာသည့် ရပ်တည်ချက်ရှိကြောင်း ပြသပါစေ၊ သူတို့၏ သံသယ အရှေ့တွင်မူ ထိုယုံကြည်ချက်တို့သည် အရာထင်လိမ့်မည် မဟုတ်ပေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မြို့စားမင်း... ရှီးယွီမြို့နဲ့ ချိုရွှေမြို့က ဒီအတိုင်း ထိုင်ကြည့်နေမယ် ထင်လား။”
ကျင်းကျုံးယွဲ့က ခေါင်းခါယမ်းလိုက်၏။ “မထင်ဘူး။ သူတို့ တန်ပြန်တိုက်ခိုက်လိမ့်မယ်။ အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်။”
“ဟုတ်တယ်။ အဲဒါ ကျုပ်တို့ရဲ့ အခွင့်အရေးပဲ။”
ယွင်ကျုံးဟဲ့ ပြုံးလိုက်သည်။ “နင်ချင်းက အသက်ထက် ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားတယ်။ ဂုဏ်သိက္ခာက သူ့ရဲ့ အသက်သွေးကြောပဲ။ တစ်ယောက်ယောက်က သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားရင် အဲဒီလူက သူ့ရဲ့ ရန်သူအစစ် ဖြစ်သွားပြီ။”
“ကျွန်မ နားလည်ပြီ။” ကျင်းကျုံးယွဲ့ ခေါင်းညိတ်လိုက်၏။
ယွင်ကျုံးဟဲ့က အစီအစဉ်ကို အသေးစိတ် ရှင်းပြလိုက်သည်။
ကျင်းကျုံးယွဲ့ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ‘ဒီအကြံအစည်က ထူးဆန်းလွန်းတယ်။ ပြီးတော့ ယုတ်မာလွန်းတယ်။’
ကျင်းကျုံးယွဲ့က မယုံကြည်နိုင်သလို မေးလိုက်သည်။ “ရှင်... ရှင် တကယ် လုပ်နိုင်မှာလား။”
ယွင်ကျုံးဟဲ့က ဗီလိန်ပြုံး ပြုံးကာ ပြောလိုက်၏။ “ဒါပေါ့။ ကျုပ်က ဘာမဆို လုပ်နိုင်တယ်။”
ကျင်းကျုံးယွဲ့က ရွံရှာသည့် လေသံဖြင့် ပြောလိုက်သည်။ “ရှင် တော်တော် ယုတ်မာတာပဲ။”
ယွင်ကျုံးဟဲ့က ပခုံးတွန့်ကာ ပြောလိုက်၏။ “ရဲတိုက်ထဲ နောက်တစ်ခါ ဝင်ခွင့်ရရင်၊ နင်ချင်းကို နောက်တစ်ခါ တွေ့ခွင့်ရရင်၊ ကျုပ်တို့ အောင်မြင်ပြီလို့ မှတ်လိုက်ပါ။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ကျွန်မ ဘယ်လို ကူညီပေးရမလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပထမအချက်... မိန်းမက ပျော်ရွှင်နေရမယ်။ ယုံကြည်မှု ရှိနေရမယ်။ နင်ချင်းရဲ့ အစီရင်ခံစာက လေခွင်းမြို့ဘက် ပါနေပြီလို့ လူတိုင်း ထင်အောင် နေရမယ်။”
“ကောင်းပြီ။ ပြဿနာ မရှိဘူး။” ကျင်းကျုံးယွဲ့က ပြောပြီး လက်ဝှေ့ယမ်းလိုက်သည်။
ယွင်ကျုံးဟဲ့ လွင့်စင်သွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ မြီးညှောင့်ရိုး ကျိုးလုမတတ် နာကျင်သွား၏။
“နောက်တစ်ခါ စကားအသုံးအနှုန်း မှားရင်၊ ရိုင်းပျရင် သွားတွေ အကုန် ရိုက်ချိုးပစ်မယ်။” ကျင်းကျုံးယွဲ့က အေးစက်စက် ခြိမ်းခြောက်လိုက်သည်။
ယွင်ကျုံးဟဲ့ ကုန်းထလိုက်၏။ ‘လမင်းကြီးက တော်တော် ကြမ်းတာပဲ။’
“ဒုတိယအချက်... ကျုပ် လိုချင်တဲ့ ဆေးဝါးတွေနဲ့ ပစ္စည်းတွေကို ရှာပေးပါ။” ယွင်ကျုံးဟဲ့က စာရွက်တစ်ရွက် ထုတ်ပြီး စုတ်တံနှင့် ရေးပေးလိုက်သည်။
ကျင်းကျုံးယွဲ့က ကြည့်လိုက်ပြီး စုတ်တံကို ယူကာ ပစ္စည်း ၅ မျိုး၏ အမည်ကို ဖျက်ပစ်လိုက်၏။ အဘယ်ကြောင့် ဆိုသော် ထိုပစ္စည်း ၅ မျိုး၏ အစစာလုံးတွေကို ပေါင်းလိုက်လျှင် “ကျုပ် ကျင်းကျုံးယွဲ့ကို ချစ်တယ်” ဆိုသည့် စာသား ဖြစ်နေသောကြောင့်ပင်။
ယွင်ကျုံးဟဲ့ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ‘ဒီမိန်းမက တော်တော် ဉာဏ်ကောင်းတာပဲ။ ချက်ချင်း ရိပ်မိတယ်။’
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “စောင့်နေ။ တစ်ရက်အတွင်း ရအောင် ရှာပေးမယ်။”
.................
ပထမရက်တွင် ယွင်ကျုံးဟဲ့သည် ဆေးဝါးများကို ခွဲခြမ်းစိတ်ဖြာနေသည်။
အထူးသဖြင့် နင်ချင်း အသုံးပြုခဲ့သော လက်နက်ပုန်းတွင် ပါဝင်သည့် အဆိပ်ဆေးကို လေ့လာနေခြင်းပင်။ ထိုအရာက အာရုံကြောကို ထုံကျင်စေသော အစွမ်းထက် ဆေးဖြစ်၏။
ဒုတိယရက်တွင် နင်ချင်းအတွက် သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဇင့်ဓာတ် ဖြည့်စွက်ဆေးများကို ဖော်စပ်လိုက်သည်။
.................
ရဲတိုက်အတွင်း၌ ကောလာဟလများ ပြန့်နှံ့နေ၏။
“ချိုရွှေမြို့က လူတွေက နင်ချင်းကို အဆိပ်ခတ်ပြီး လေခွင်းမြို့အပေါ် ပုံချဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ယွင်အောက်ထျန်းက ရိပ်မိပြီး ကယ်တင်လိုက်တယ်။ ဒါကြောင့် နင်ချင်းက ကျေးဇူးတင်ပြီး အစီရင်ခံစာကို ပြင်ရေးနေပြီ။ လေခွင်းမြို့ဘက် ပါသွားပြီ။ ချိုရွှေမြို့နဲ့ ရှီးယွီမြို့ကို အရေးယူဖို့ အကြံပြုတော့မယ်တဲ့။”
စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များက နင်ချင်းကို လာမေးကြသည်။
နင်ချင်းကတော့ မာနကြီးစွာဖြင့် ဘာမှ ပြန်မဖြေချေ။
သူမသည် မိမိ၏ ဆုံးဖြတ်ချက်အပေါ် အပြည့်အဝ ယုံကြည်မှုရှိသောကြောင့် အစီရင်ခံစာကို အနည်းငယ်မှပင် ပြင်ဆင်ခြင်း မပြုဘဲ လေခွင်းမြို့ကို အရေးယူရန်သာ ဆက်လက်ရေးသားထားခဲ့သည်။ မည်သူ့ကိုမှ လိုက်လံရှင်းပြနေရန် မလိုဟု သူမ ယူဆထားသည်။
နောက်တစ်နေ့တွင် အစီရင်ခံစာကို တရားဝင် တင်သွင်းလိုက်သည်နှင့်တပြိုင်နက် ပျံ့နှံ့နေသော ကောလာဟလ အားလုံးသည် အလိုအလျောက် ချုပ်ငြိမ်းသွားမည်ဖြစ်ပြီး သူမ၏ ဂုဏ်သိက္ခာမှာလည်း မည်သို့မှ ထိခိုက်ပျက်ပြားသွားလိမ့်မည် မဟုတ်ပေ။
.................
ညနေစောင်းတွင် ယွင်ကျုံးဟဲ့သည် ရဲတိုက်ထဲသို့ နောက်တစ်ကြိမ် ရောက်လာသည်။ ရေချိုးထားသော်လည်း ဆံပင်များ ဖွာလန်ကြဲနေဆဲ။ အဝတ်အစားများ စုတ်ပြဲနေဆဲ။ ရုပ်ဆိုးနေဆဲပင်။
သို့သော်ငြား နင်ချင်းကို မြင်ချိန်မှာတော့ အံ့ဩသွား၏။
နင်ချင်း၏ ပုံစံမှာ လွန်ခဲ့သည့် ၂ ရက်ကနှင့် ဘာမှ မကွာခြားချေ။ အဝတ်အစား အတူတူ၊ ဆံပင်ပုံစံ အတူတူ ဖြစ်သလို ထိုင်ပုံထိုင်နည်းကလည်း အတူတူပင်။
“အဝတ်အစား မလဲဘူးလား။” ယွင်ကျုံးဟဲ့ မေးလိုက်သည်။
နင်ချင်းက ဖြေလိုက်၏။ “တစ်နေ့ ၂ ခါ လဲတယ်။ ပုံစံတူ အထည် ၂၀ ချုပ်ထားတယ်။”
‘ဟမ့်... ကြွားလိုက်တာ။ သူ့ပုံရိပ်ကို တော်တော် ဂရုစိုက်တာပဲ။’
ယွင်ကျုံးဟဲ့ သူမကို ဆေးစစ်ကြည့်လိုက်၏။ သွေးရောင် သမ်းလာပြီး အဆိပ်များ ကုန်သလောက် ရှိနေပြီ ဖြစ်သည်။ သို့သော်ငြား သွေးညှီနံ့ နည်းနည်း ရနေဆဲဖြစ်သည်။
‘ရာသီလာတာ ကြာလိုက်တာ။ တစ်လမှာ ၁၅ ရက်လောက် လာနေတာလား။ သနားစရာပဲ။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ် ပေးတဲ့ဆေး သောက်လား။”
နင်ချင်းက ဖြေလိုက်သည်။ “သောက်တယ်။ ကောင်းတယ်။”
ယွင်ကျုံးဟဲ့က ဆက်မေး၏။ “အိပ်ပျော်လား။”
နင်ချင်းက ခေါင်းခါလိုက်သည်။ “မပျော်ဘူး။ ကျင့်သားရနေပါပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် ဆေးအသစ် ဖော်လာတယ်။ သောက်လိုက်တာနဲ့ အိပ်ပျော်သွားစေ ရမယ်။”
နင်ချင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်လား။ ကောင်းတာပေါ့။”
“ဒါက နောက်ထပ် ဆေးတစ်ဖုံပဲ။ ဆံပင်ကျွတ်တာ သက်သာစေမယ့် ဆေး။”
“ကောင်းပြီ။”
ယွင်ကျုံးဟဲ့က ပုလင်းတစ်လုံး ထုတ်ပေးလိုက်၏။ “ဒါက အိပ်ဆေးပါ။ စမ်းကြည့်လိုက်။”
နင်ချင်းကို အိပ်ဆေးခတ်ပြီး ခေါ်သွားရန် ကြံစည်နေခြင်းများလား။
“ကျေးဇူးပဲ။ စမ်းကြည့်ပါ့မယ်။” နင်ချင်းက အေးစက်စွာ ဆက်ဆံနေသည်။
ယွင်ကျုံးဟဲ့က စကားစလိုက်၏။ “အစီရင်ခံစာ ကိစ္စ...”
“မဖြစ်နိုင်ဘူး။”
နင်ချင်းက လက်ဖက်ရည်ခွက်ကို မပြီး ဖြတ်ပြောလိုက်သည်။ “ပြန်လို့ ရပြီ။”
ဧည့်သည်ကို တိုက်ရိုက် နှင်ထုတ်လိုက်သည်။ မျှော်လင့်ချက် လုံးဝ မပေးပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်မ... ဒီလောက်ထိ ရက်စက်စရာ လိုလို့လား။”
နင်ချင်းက အေးစက်စက် ပြောလိုက်သည်။ “လမ်းကြောင်း မတူရင် အတူတူ မသွားသင့်ဘူး။ သွားတော့။ နောက်နောင် မလာနဲ့တော့။”
ယွင်ကျုံးဟဲ့ မထချင် ထချင် ဖြစ်နေ၏။
နင်ချင်းက ပြောလိုက်သည်။ “ရှင် ဆက်နေရင် ကျွန်မ ပိုပြီး အထင်သေးမိလိမ့်မယ်။ မသွားရင် လူခေါ်ပြီး မောင်းထုတ်ခိုင်းရလိမ့်မယ်။”
ယွင်ကျုံးဟဲ့ လက်မြှောက်လိုက်၏။ “ကောင်းပါပြီ။ သွားပါတော့မယ်။”
သူ ထွက်ခွာသွား၏။ သို့သော်ငြား ထွက်ခါနီး၌ ဆေးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ နောက်ထပ် တစ်လုံးကို နှာခေါင်းထဲ ထိုးထည့်လိုက်သည်။
.................
ရဲတိုက်အပြင်သို့ ထွက်လာချိန်မှာတော့ ယွင်ကျုံးဟဲ့သည် သူခိုးတစ်ယောက်လို ဘယ်ကြည့်ညာကြည့် လုပ်နေသည်။ ရင်ဘတ်ကို ဖိထားသည်။ အရေးကြီး ပစ္စည်းတစ်ခု ပါလာသလိုမျိုးပင်။
ထိုပုံစံက ကောလာဟလများကို ပိုခိုင်မာစေသည်။
ယွင်ကျုံးဟဲ့က နင်ချင်းကို ကယ်တင်ခဲ့သောကြောင့် နင်ချင်းက အစီရင်ခံစာကို ပြင်ပေးလိုက်သည်။ ယခု ယွင်ကျုံးဟဲ့က အစီရင်ခံစာ အသစ်ကိုယူပြီး ကျင်းကျုံးယွဲ့ဆီ သွားပြကာ ဆုလာဘ် တောင်းတော့မည် ဆိုသည့် ကောလဟလများပင်။
သို့သော်ငြား ယွင်ကျုံးဟဲ့ ရဲတိုက်တံခါးဝ မရောက်ခင်မှာပဲ သူ့နောက်စေ့ကို တစ်စုံတစ်ယောက်က ရိုက်လိုက်သည်။
“ဒုတ်”
သူ၏ မျက်လုံးများ ပြာသွားပြီး သတိလစ်သွား၏။ အရိပ်မဲတစ်ခုက သူ့ကို ပွေ့ချီပြီး ပျောက်ကွယ်သွားသည်။ ဤအရိပ်မဲမှာ သွယ်လျသော ကိုယ်လုံးရှိပြီး အမျိုးသမီးတစ်ဦး ဖြစ်ပုံရ၏။
.................
လျှို့ဝှက်အခန်း တစ်ခုထဲ၌ ထိုအရိပ်မဲက ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးကို ရှာဖွေသည်။ ဘာမှ မတွေ့ရချေ။ နောက်ဆုံး ဖိနပ်အောက်ခြေ အကန့်ထဲတွင် စာရွက်တစ်ရွက် တွေ့လိုက်ရသည်။
‘ဒီလောက် လျှို့ဝှက်ထားမှတော့ အရေးကြီးမှာ သေချာတယ်။’
သို့သော်ငြား ဖွင့်ကြည့်လိုက်ချိန်မှာတော့ စာရွက်အလွတ် ဖြစ်နေသည်။ သို့ပေမည့် အရိပ်မဲက ကျွမ်းကျင်သည်။ မီးကင်ကြည့်လိုက်ချိန်မှာတော့ စာလုံးများ ပေါ်လာ၏။
နင်ချင်း၏ လက်ရေးနှင့် တစ်ထပ်တည်းဖြစ်နေသည့် အစီရင်ခံစာ မိတ္တူ ဖြစ်နေသည်။
ဤအစီရင်ခံစာထဲ၌ စစ်ပွဲတာဝန်ကို ချိုရွှေမြို့အပေါ် ပုံချထား၏။ လေခွင်းမြို့က အပြစ်ကင်းကြောင်း ရေးထားပြီး ရှီးယွီမြို့ မော့မျိုးနွယ်စု၏ ပါဝင်ပတ်သက်မှုကိုပါ ဖော်ပြထားသည်။ ချိုရွှေမြို့နှင့် ရှီးယွီမြို့ကို အရေးယူဖို့ အကြံပြုထား၏။
ဖတ်ပြီးချိန်မှာတော့ အရိပ်မဲက အေးစက်စွာ ပြုံးလိုက်သည်။
.................
“သခင်ကြီး... နင်ချင်းက တကယ်ပဲ အစီရင်ခံစာကို ပြင်လိုက်ပြီး ချိုရွှေမြို့ဘက်ကို အပြစ်ပုံချလိုက်ပါတယ်။ ဘယ်လို လုပ်မလဲ။” အရိပ်မဲက ပြောလိုက်၏။
အမျိုးသားတစ်ဦးက မေးလိုက်သည်။ “သူ့ကို ပြန်ပြင်ခိုင်းလို့ ရမလား။”
အရိပ်မဲက ပြောလိုက်၏။ “မရပါဘူး။ သူက ခေါင်းမာလွန်းတယ်။ အသေသာခံမယ်။ ပြန်ပြင်မှာ မဟုတ်ဘူး။”
အမျိုးသားက အမိန့်ပေးလိုက်သည်။ “ဒါဆိုရင်... သူ့ကို ဖျက်ဆီးပစ်လိုက်။ အစီရင်ခံစာကို အမှိုက် ဖြစ်သွားအောင် လုပ်လိုက်။ လေခွင်းမြို့ကိုပါ ဆွဲချလိုက်။”
အရိပ်မဲက မေးလိုက်၏။ “ကောင်းပါပြီ။ ဘယ်လို လုပ်ရမလဲ။”
အမျိုးသားက ပြောလိုက်သည်။ “လွယ်ပါတယ်။ နင်ချင်းက ဂုဏ်သိက္ခာကို အလေးထားတယ် မဟုတ်လား။ သူတော်စင်မ လုပ်ချင်တယ် မဟုတ်လား။ သူ့အိပ်ရာထဲကို ယောကျ်ားတစ်ယောက် ထည့်ပေးလိုက်။ အဝတ်အစား မပါတဲ့ ယောကျ်ား။ လေခွင်းမြို့က ယောကျ်ား။
ပြီးရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေကို ခေါ်သွားပြီး ဖမ်းမိအောင်လုပ်၊ သူ့ဂုဏ်သိက္ခာ ကျသွားရင် အစီရင်ခံစာလည်း ပျက်စီးသွားမှာပဲ။ လေခွင်းမြို့ကလည်း ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းသုံးတယ် ဆိုပြီး အပြစ်ပိုကြီးသွားလိမ့်မယ်။”
အရိပ်မဲက ပြောလိုက်၏။ “ဒီယွင်အောက်ထျန်းက ရုပ်ဆိုးလိုက်တာ။”
အမျိုးသားက ပြောလိုက်သည်။ “ဒါက ပိုကောင်းတာပေါ့။ နင်ချင်းက စိတ်ဖောက်ပြန်နေတဲ့ မိန်းမကြီး ဖြစ်သွားမှာပေါ့။ သူ့ကိုပဲ သုံးလိုက်။ အဝတ်အစား ချွတ်ပြီး နင်ချင်းရဲ့ စောင်အောက်ထဲ ထည့်လိုက်။ နာရီဝက်နေရင် လူတွေ ခေါ်သွားပြီး ဖမ်း။ ပြီးရင် သူ့ကို သင်းကွပ်ပြီး လူလယ်ခေါင်မှာ ရိုက်သတ်လိုက်။”
အရိပ်မဲက ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။ အခုပဲ သွားလုပ်လိုက်ပါ့မယ်။”
.................
အပိုင်း (၆၀)
ဆယ့်ငါးမိနစ်ခန့် ကြာချိန်မှာတော့ နင်ချင်း၏ အခန်းအတွင်း၌ အထိန်းတော်ကြီးက မေးလိုက်သည်။ “သခင်မ... ညဉ့်နက်နေပါပြီ။ အိပ်တော့မလား။”
နင်ချင်း သက်ပြင်းချလိုက်မိ၏။ သူမ အိပ်ရမည်ကို ကြောက်ရွံ့နေမိ၏။
အိပ်မပျော်သော ညများက ငရဲပမာ ပူလောင်လွန်းလှသည်။ အိပ်ချင်သော်လည်း အိပ်မပျော်သော ဒုက္ခ၊ နံနက်မိုးလင်းသည်အထိ မျက်လုံးကြောင်နေရသည့် ခံစားချက်မှာ ဆိုးရွားလွန်းလှပေသည်။
ယွင်ကျုံးဟဲ့ ပေးလိုက်သော အိပ်ဆေးကို စမ်းသပ်ကြည့်သင့်သည်လား။ သူမ မစမ်းသပ်ချင်ပေ။
ယွင်ကျုံးဟဲ့၏ စိတ်သဘောထားကို မယုံကြည်ရချေ။ သူသည် လူယုတ်မာတစ်ဦး ဖြစ်သလို ရုပ်ရည်ကလည်း ဆိုးဝါးလှသေးသည်။
နင်ချင်းသည် မှန်ရှေ့သို့ သွား၍ အဝတ်အစားများကို ချွတ်လိုက်သည်။ အတွင်းခံ အပါးလေးသာ ကျန်ရှိတော့၏။
မှန်ထဲရှိ မိမိပုံရိပ်ကို ကြည့်ရှုပြီး ကိုယ်တိုင်ပင် သဘောကျမိနေ၏။ နှမြောစရာ ကောင်းလှသည်။ ဤမျှ လှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ရောဂါသည် ဖြစ်နေရသည်။
ထို့နောက် သူမသည် ပေါ့ပါးသော ညဝတ်အင်္ကျီကို လဲလှယ်ဝတ်ဆင်ပြီး စောင်အောက်သို့ ဝင်ရောက် လိုက်၏။
“အမေကြီး... ဘယ်သူ့ကိုမှ အသံမထွက်စေနဲ့နော်။ မနက်ဖြန် အစီရင်ခံစာ တင်ရတော့မယ်။ ဒီညတော့ နှစ်နာရီလောက်ဖြစ်ဖြစ် အိပ်ချင်တယ်။” နင်ချင်းက မှာလိုက်သည်။
“စိတ်ချပါ သခင်မ... အခန်းနား ဘယ်သူမှ မကပ်စေရပါဘူး။ အိပ်ဆေးအမွှေးတိုင် ထွန်းလိုက်မယ်နော်။” အထိန်းတော်ကြီးက ပြောလိုက်၏။
“ကောင်းပြီ။” နင်ချင်းက အိပ်ယာပေါ်တွင် လဲလျောင်းကာ အိပ်ပျော်ရန် ကြိုးစားလိုက်သည်။
အထိန်းတော်ကြီးသည် အမွှေးတိုင် ထွန်းပေးလိုက်၏။
နင်ချင်းသည် မျက်လုံးများကို မှိတ်ထားလိုက်သည်။
မနက်ဖြန်တွင် အစီရင်ခံစာ တင်သွင်းလိုက်ပါက လေခွင်းမြို့ ပျက်စီးသွားမည်မှာ သေချာသလောက် ရှိနေသည်။ သို့သော်ငြား သူမ ဂရုမစိုက်ပေ။
ကျင်းကျုံးယွဲ့သည် ရက်စက်လွန်းသောကြောင့် သေသင့်ပေသည်။ ယွင်ကျုံးဟဲ့ကို မကယ်တင်နိုင်သည်မှာ နှမြောစရာ ဖြစ်သော်လည်း သူရွေးချယ်သော လမ်းပင် ဖြစ်လေရာ မည်သူ့ကို အပြစ်တင်ရမည်နည်း။
သူ့ကျေးဇူးကိုလည်း သိပ်အရေးမလုပ်လိုတော့ချေ။ သူမ တန်ဖိုးထားသည်မှာ ဂုဏ်သိက္ခာသာ ဖြစ်သည်။ အသက် မဟုတ်ပေ။
အကြောင်းအရာ တစ်ခုတည်းကိုသာ စိတ်ထဲတွင် တနုံ့နုံ့ တွေးတောနေမိသည်။ သခင်ကြီးထိုက်အာ ကဗျာသည် ယွင်ကျုံးဟဲ့ ရေးသားသည်မှာ ဟုတ်နေသည်လား။ သူသည် ပါရမီရှင်လား။ သို့မဟုတ် စာမတတ်သော သူတောင်းစားလား။
မကြာမီ မျက်ခွံများ လေးလံလာပြီး အိပ်ချင်စိတ် ဖြစ်ပေါ်လာ၏။ ဝမ်းသာစရာပင်။ ယနေ့ည အိပ်ပျော်တော့မည်။
သူမ အိပ်ပျော်သွားသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်း ဖြစ်သည်။
မည်မျှနှိုးနှိုး မနိုးထနိုင်လောက်အောင် အိပ်ပျော်သွားသည်။ အဘယ်ကြောင့်ဆိုသော် အမွှေးတိုင်ထဲတွင် မေ့ဆေးများ ပါဝင်နေသောကြောင့် ဖြစ်၏။
.................
ခဏကြာချိန်မှာတော့ အခန်းတံခါး ပွင့်လာပြီး ပြန်ပိတ်သွားသည်။
အရိပ်မဲတစ်ခု ဝင်ရောက်လာ၏။ ကျောပေါ်တွင် အိတ်တစ်လုံး ပါလာ၏။
အိတ်ကို ဖွင့်လိုက်ချိန်မှာတော့ အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ ဆံပင်ဖွာလန်ကြဲနှင့် ရုပ်ဆိုးသော အမျိုးသားတစ်ဦးပင်။ ယွင်ကျုံးဟဲ့ ဖြစ်သည်။
အရိပ်မဲသည် မျက်နှာဖုံးကို ခွာလိုက်၏။ သာမန်ရုပ်ရည်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်နေ၏။
အထိန်းတော်ကြီးက တီးတိုး ပြောဆိုလိုက်သည်။ “ကဲ... ရှင်တာဝန် ယူလိုက်တော့။”
အမျိုးသမီးက ပြန်ပြောလိုက်၏။ “ရွှီအမျိုးသမီး.... ကျွန်မတို့သခင်က ရှင့်ရဲ့ ကျေးဇူးကို မမေ့ပါဘူး။”
အထိန်းတော်ကြီးက ပြောလိုက်သည်။ “ကတိတည်ဖို့ပဲ လိုတယ်။ ကျွန်မသား စစ်လေ့ကျင့်ရေးကျောင်းက ဆင်းတာနဲ့ တပ်မှူး ဖြစ်ရမယ်။”
အမျိုးသမီးက ပြောလိုက်၏။ “စိတ်ချပါ။ မြန်မြန်လုပ်... နာရီဝက်နေရင် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေ လာဖမ်းကြလိမ့်မယ်။”
အထိန်းတော်ကြီးက ပြောလိုက်သည်။ “သိပြီ။ မင်း သွားတော့။”
အမျိုးသမီးက ပြောလိုက်၏။ “ကျွန်မ ကူညီပေးမယ်။”
ထိုအမျိုးသမီးသည် ယွင်ကျုံးဟဲ့၏ အဝတ်အစားများကို ချွတ်လိုက်သည်။ “ယွင်အောက်ထျန်း... ရှင်က ကံကောင်းတဲ့ကောင်ပဲ။ သခင်မနင်ချင်းနဲ့ တစ်ည အတူအိပ်ခွင့် ရတယ်ဆိုတာ ဘယ်လောက်ကြီးတဲ့ ကောင်းကျိုးလဲ။ နောက်မှ အပိုင်းပိုင်း အခုတ်ခံရရင်တောင် တန်ပါတယ်။”
အထိန်းတော်ကြီး၏ မျက်နှာ ပျက်ယွင်းသွား၏။ “ဟုတ်တာပေါ့။ သခင်မရဲ့ အသားအရေက ကောင်းကင်ဘုံက နတ်သမီးလိုပဲ။ ဒီလို အောက်တန်းစားက ထိခွင့်ရတာ လွန်လွန်းတယ်။”
ယွင်ကျုံးဟဲ့ကို နင်ချင်း၏ စောင်အောက်သို့ ထည့်လိုက်ကြသည်။ နှစ်ယောက်သား ပူးကပ်စွာ အိပ်စက်နေ သကဲ့သို့ ပြင်ဆင်လိုက်ကြသည်။
ယွင်ကျုံးဟဲ့နှင့် နင်ချင်း နှစ်ယောက်စလုံး သတိမရကြပေ။
အမျိုးသမီးက မေးလိုက်၏။ “ဘယ်လိုလဲ။”
အထိန်းတော်ကြီးက ဖြေလိုက်သည်။ “ပြီးပြည့်စုံတယ်။ မြစ်ထဲ ခုန်ချလည်း မသန့်စင်တော့ဘူး။”
အမျိုးသမီးက ပြောလိုက်၏။ “သွားကြစို့။ အပြင်က စောင့်နေ။ ဘယ်သူမှ မကပ်စေနဲ့။”
အထိန်းတော်ကြီးက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ “ဒီမေ့ဆေးက စိတ်ချရတယ်နော်။ နိုးမလာဘူး မဟုတ်လား။”
အမျိုးသမီးက အာမခံလိုက်၏။ “မိုးကြိုးပစ်ရင်တောင် နိုးမှာ မဟုတ်ဘူး။ အခန်းကလည်း လုံတယ်။ ခြင်တစ်ကောင်တောင် မဝင်နိုင်ဘူး။”
အထိန်းတော်ကြီးက ပြောလိုက်သည်။ “ကောင်းပြီ။”
အမျိုးသမီးက အသိပေးသလို ပြောလိုက်၏။ “နာရီဝက်နေရင် လာဖမ်းမယ်။”
နှစ်ယောက်သား ထွက်ခွာသွားကြသည်။
ထိုအမျိုးသမီး ပျောက်ကွယ်သွားပြီး အထိန်းတော်ကြီးကမူ တံခါးဝတွင် ထိုင်စောင့်ရန် ကျန်နေရစ်ခဲ့၏။
.................
အချိန်များ ကုန်ဆုံးသွားသည်။
ယွင်ကျုံးဟဲ့၏ ဝမ်းဗိုက်ထဲရှိ ဆေးတောင့် ပျော်ဝင်သွားပြီ ဖြစ်သလို နှာခေါင်းထဲ ထည့်ထားသော ဆေးလုံးလည်း ပျော်ဝင်သွား၏။
မကြာမီ အာရုံကြောကို လှုံ့ဆော်ပေးသော ဆေးများ အစွမ်းပြလာသောကြောင့် ယွင်ကျုံးဟဲ့ နိုးထလာသည်။
မွှေးပျံ့သော ရနံ့တစ်ခုကို ရရှိလိုက်၏။ မျက်လုံးဖွင့်ကြည့်လိုက်ရာ နင်ချင်းနှင့် မျက်နှာချင်းဆိုင် အိပ်စက်နေသည်ကို တွေ့မြင်လိုက်ရ၏။
‘ကောင်းကင်ဘုံ... လှလိုက်တာ’
နင်ချင်း၏ မျက်နှာလေးမှာ ပြစ်မျိုးမှဲ့မထင် ရှိလှပြီး အသားအရေမှာ ကျောက်စိမ်းတုံးကဲ့သို့ ဖြူဝင်းနေသည်။
သို့သော်ငြား အချိန်မရှိတော့ချေ။ ယွင်ကျုံးဟဲ့ အသာထလိုက်ပြီး ကုတင်အောက်မှ အထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်၏။
ထိုအရာမှာ သူ ယူဆောင်လာခဲ့သော ဆေးထုပ်ဖြစ်၏။ သို့သော်ငြား ဆေးဝါးများသာမက အခြား ပစ္စည်းများ လည်း ပါဝင်နေသည်။
ဆေးရောင်စုံ၊ ပန်းဝတ်မှုန်၊ ပျားရည်၊ ဟင်္သာပြဒါး၊ ဝက်သားရေနှင့် ပြုလုပ်ထားသော အထူးပစ္စည်းများပင်။
ယွင်ကျုံးဟဲ့က မှန်ရှေ့သို့ သွားပြီး အလုပ်စတင်လိုက်သည်။
ခေတ်သစ် ကမ္ဘာ၏ မိတ်ကပ်လိမ်းခြယ်ခြင်း ပညာကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။
လျင်မြန်သည်။ တိတ်ဆိတ်သည်။ စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
နောက် မိနစ် ၃၀ အကြာတွင် လာရောက် ဖမ်းဆီးကြပေတော့မည်။ ထိုအချိန်တွင် ပွဲကောင်း ကြည့်ရပေဦးမည်။
.................
ရဲတိုက်၏ အခြားအခန်းတစ်ခုတွင် အရာရှိ ၁၀ ဦးခန့်က ကောလာဟလ တစ်ခု ကြားသိထားရသောကြောင့် စိတ်ညစ်နေကြသည်။
နင်ချင်းသည် အစီရင်ခံစာကို ပြင်ဆင်လိုက်ပြီး ချိုရွှေမြို့အပေါ် အပြစ်ပုံချလိုက်ပြီ ဟူသည့် ကောလဟလပင်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ၁၅ ယောက် ရှိသော်လည်း နင်ချင်းက ခေါင်းဆောင် ဖြစ်သောကြောင့် သူမ၏ ဆန္ဒသာ အဓိက ဖြစ်နေသည်။
“ဘယ်လို လုပ်မလဲ။ မနက်ဖြန် အစီရင်ခံစာ တင်တော့မယ်။”
“ကျုပ် သွားမေးဖူးတယ်။ ဒါပေမဲ့ သူက မထီမဲ့မြင် လုပ်နေတယ်။”
ဤအဖွဲ့ထဲတွင် ချိုရွှေမြို့၊ ရှီးယွီမြို့နှင့် ထန်ထိုင်မျိုးနွယ်စု၏ ဘက်တော်သားများစွာ ပါဝင်နေသည်။ လေခွင်းမြို့ဘက်တော်သားမှာမူ လူနည်းစုသာ ပါဝင်သည်။
“ယွင်အောက်ထျန်းက သူ့ကို ကယ်လိုက်လို့ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြင်ပေးလိုက်တာတဲ့။”
“ပေါက်ကရတွေ... နင်ချင်းက တရားမျှတပါတယ်။ ဘယ်တော့မှ ဘက်မလိုက်ပါဘူး။”
“ကျုပ် ကြားတာတော့ သူတို့နှစ်ယောက်က ဇာတ်လမ်း ရှိနေတယ်တဲ့။”
လူတိုင်း ဒေါသထွက်သွားကြ၏။ နင်ချင်း ဆိုသည်မှာ သူတို့၏ အိပ်မက်နတ်သမီး ဖြစ်ပေသည်။ သူတောင်းစား တစ်ယောက်ကို နှစ်သက်သည် ဆိုခြင်းမှာ ဖြစ်နိုင်ပါမည်လား။
ထိုစဉ် အမျိုးသမီး စစ်သည်တစ်ဦး ဝင်ရောက်လာပြီး အရာရှိတစ်ဦးကို တီးတိုး သတင်းပို့လိုက်သည်။
“ဘာ... မဖြစ်နိုင်ဘူး။” ထိုအရာရှိက အော်ဟစ်လိုက်၏။
“ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။”
“ရှောင်မင်… မင်း ပြောပြလိုက်။”
အမျိုးသမီး စစ်သည်က ပြောပြလိုက်သည်။ “ညနေက ယွင်အောက်ထျန်း ရောက်လာတယ်။ ပြန်သွားသလို ဟန်ဆောင်ပြီး တကယ်တမ်းကျတော့ သခင်မနင်ချင်း အခန်းထဲ ပြန်ဝင်သွားတယ်။”
အားလုံး ကြောင်အသွားကြ၏။
အမျိုးသမီး စစ်သည်က ထပ်ပြောလိုက်သည်။ “ဒါတင် မကဘူး။ အထိန်းတော်ကြီးက တံခါးဝမှာ စောင့်နေတယ်။ ဘယ်သူမှ မကပ်ရဘူးတဲ့။ ကျွန်မတို့ အပေါ်ထပ်ကနေ နားထောင်ကြည့်တော့ အထဲမှာ ရယ်သံတွေ၊ ညည်းသံတွေ ကြားရတယ်။ အခု နာရီဝက် ကျော်နေပြီ။ ပြန်မထွက်လာသေးဘူး။”
အားလုံး၏ မျက်နှာများ ပျက်ယွင်းကုန်ကြ၏။ နင်ချင်းကဲ့သို့သော သူတော်စင်မက ဖောက်ပြန်နေသည် ဆိုသည်မှာ ဟုတ်ပါ့မည်လား။
ဆယ်နှစ်ကျော်တိုင်အောင် ယောကျ်ားနှင့် မထိတွေ့ခဲ့သော အမျိုးသမီးက သူတောင်းစား တစ်ယောက်နှင့် ဖောက်ပြန်နေခြင်းလား။
“ကျွန်မ ကိုယ်တိုင် မြင်ခဲ့တာပါ။ မယုံရင် တခြားလူတွေကို မေးကြည့်ပါ။” ရှောင်မင်က ကျိန်တွယ် ပြောဆိုလိုက်သည်။
အရာရှိများ ဒေါသထွက်ကုန်ကြ၏။ “ဒါ အမှန်ဆိုရင် ပြဿနာ ကြီးပြီ။”
“သူတောင်းစားကြောင့် အစီရင်ခံစာ ပြင်ရေးတယ် ဆိုတာ သေချာသွားပြီ။”
“မဟာမိတ်အဖွဲ့ကို စော်ကားတာပဲ။ သေဆုံးသွားတဲ့ စစ်သည်တွေကို စော်ကားတာပဲ။”
“ဒါ ရာဇဝတ်မှုပဲ။”
“လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး။ တရားမျှတမှုအတွက် ဖော်ထုတ်ရမယ်။”
“မြန်မြန် သွားရအောင်။ သူတို့ ပြီးသွားရင် ထွက်ပြေးသွားလိမ့်မယ်။”
“စိတ်မပူပါနဲ့။ လူတွေ ဝိုင်းထားပါတယ်။ ယင်ကောင်တောင် မထွက်နိုင်ပါဘူး။”
“သွားစို့။ သွား ဖမ်းကြမယ်။”
“တကယ် ဖမ်းမိရင် ဘယ်လို လုပ်မလဲ။”
“မိရင် ပြီးတာပဲလေ။ ကုတင်ပေါ် အတူရှိနေမှ မဟုတ်ဘူး။ အခန်းထဲမှာ ရှိနေရင်ကို မလွတ်တော့ဘူး။”
“ဟုတ်တယ်။”
“နင်ချင်းက ဖောက်ပြန်တဲ့ မိန်းမ ဖြစ်သွားရင် အစီရင်ခံစာလည်း ပျက်ပြယ်သွားမှာပဲ။ ယွင်အောက်ထျန်း ကိုတော့ သင်းကွပ်ပြီး ရိုက်သတ်ပစ်မယ်။”
ပိုင်ရှင်မဲ့ နယ်မြေတွင် ဖောက်ပြန်သူကို မိပါက သင်းကွပ်ပြီး ကျောက်ခဲဖြင့် ထုသတ်သော ဥပဒေ ရှိသည်။
“သွားကြစို့။”
“မဟာမိတ်အဖွဲ့ ဂုဏ်သိက္ခာအတွက်။ တရားမျှတမှုအတွက်။”
အရာရှိ ၁၀ ဦးခန့်သည် နင်ချင်း၏ အခန်းဆီသို့ ပြေးထွက်သွားကြ၏။
.................