အခန်း (၇၇-၇၈)
Vol. 7 Ch. 77-78
အပိုင်း (၇၇)
“နေပါအုံး။ ဧည့်သည်ကို မသတ်ရဘူး ဆိုတာ မကြားဖူးဘူးလား။” ခြံဝင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လူအိုကြီးတစ်ဦး ထွက်လာသည်။
ယွင်ကျုံးဟဲ့၏ ပေါင်ကြားတွင် အေးစက်သွားသော်လည်း သူ မလှုပ်ရှားပေ။ ဓားသွားက သူ့ပစ္စည်းနှင့် လက်မဝက်သာ လွဲသွားခြင်း ဖြစ်၏။
ထွက်လာသူမှာ ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ဖြစ်နေသည်။
“ကျောင်းအုပ်ကြီး...” ယွင်ဝမ်ရွှယ်က ဦးညွှတ်လိုက်၏။
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “ခေါင်းဆောင်ယွင်... ဆွေးနွေးပွဲမှာ လူမသတ်ရဘူး။ ပုဂ္ဂိုလ်ရေး မုန်းတီးမှု ရှိရင် ဆွေးနွေးပွဲပြီးမှ ရှင်းပါ။”
ယွင်ဝမ်ရွှယ်က ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ။”
ကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “ကျုပ် စာသွားဖတ်လိုက်အုံးမယ်။ ဆွေးနွေးပြီးရင် ပြန်ခေါ်လိုက်ပါ။”
ကျောင်းအုပ်ကြီး ထွက်ခွာသွား၏။
ယွင်ဝမ်ရွှယ်က ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။ “ကျောင်းအုပ်ကြီးသာ မရောက်လာရင် ခင်ဗျား မိန်းမလျာ ဖြစ်သွားပြီ။ ဒါပေမဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ နင်ချင်းက အပျိုစင် မဟုတ်တော့ဘူး ဆိုတော့ ကျုပ်အလှည့် ရောက်ပြီပေါ့။ ဆွေးနွေးပွဲ ပြီးတာနဲ့ ကျုပ်ညီမလေးဆီ သွားလည်ပြီး ကောင်းကောင်း ပြုစုပေးလိုက်အုံးမယ်။”
ယွင်ဝမ်ရွှယ် ထွက်ခွာသွား၏။ ဤအရာက ခြိမ်းခြောက်လိုက်ခြင်းပင်။
.................
ဆွေးနွေးပွဲ ပြန်လည် စတင်သည်။
“လက်မှတ်ထိုးလိုက်။ ၁ လ အတွင်း ငွေရှာပေး။ မဟုတ်ရင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြ။”
ယွင်ဝမ်ရွှယ်က အေးစက်စက် ပြောဆိုလိုက်၏။ “ကျုပ်တို့နောက်မှာ မဟာမိတ်တပ်တွေ ရှိတယ်။ ငွေမပေးရင် စစ်တပ်က လာယူလိမ့်မယ်။ ငွေ ၅ သန်း... တစ်ပြားမှ မလျော့ဘူး။”
ယွင်ကျုံးဟဲ့ တွက်ချက်ထားသည်မှာ ၁.၈ သန်းဖြစ်ပြီး ကျင်းကျုံးယွဲ့ ပေးနိုင်သည်က ၁.၅ သန်းဖြစ်၏။ ယွင်ဝမ်ရွှယ် တောင်းသည်မှာ ၅ သန်း ဖြစ်လို့နေသည်။
‘ဒီကမ္ဘာမှာ ငွေတွင်းတွေ ပေါလို့သာပေါ့။ တခြားကမ္ဘာဆိုရင် နိုင်ငံတစ်နိုင်ငံတောင် ဒီလောက် ရှာနိုင်မှာ မဟုတ်ဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခေါင်းဆောင်ကြီး... ပိုင်ယင် ဆားတွင်း ကိစ္စမှာ လူအများကြီး သေဆုံးခဲ့တာ စိတ်မကောင်းစရာပါပဲ။ လျော်ကြေး ပေးသင့်ပါတယ်။ ဒါပေမဲ့ ၅ သန်း ဆိုတာ များလွန်းပါတယ်။ လျှော့ပေးလို့ မရဘူးလား။”
ယွင်ဝမ်ရွှယ်က ငြင်းလိုက်သည်။ “မရဘူး။ တစ်ပြားမှ မလျော့ဘူး။”
ဘေးနားမှ လူကြီးတစ်ဦးက ဝင်မေးလိုက်၏။ “လေခွင်းချိုင့်ဝှမ်းက ဘယ်လောက် ပေးနိုင်မလဲ။”
ယွင်ကျုံးဟဲ့ ခဏ စဉ်းစားဟန် ပြုလိုက်ပြီး လက်ချောင်းတစ်ချောင်း ထောင်ပြလိုက်သည်။ “၁ သန်း...”
အားလုံး ကြောင်အသွားကြ၏။ ‘ဈေးဆစ်တာ ရက်စက်လိုက်တာ။ ၈၀ ရာခိုင်နှုန်း လျှော့ချလိုက်တာပဲ။’
ယွင်ဝမ်ရွှယ် ဒေါသထွက်သွားသည်။ ‘ကျုပ်က ဒီဆွေးနွေးပွဲကို လေလံယူထားတာကွ။ ၁.၆ သန်း အာမခံထားတာ။ ၁.၆ သန်းအထက် ရသမျှ ကျုပ်ရဲ့အမြတ်၊ ၁.၆ သန်းအောက် ရရင် ကျုပ်အိတ်စိုက်ရမယ်။ ခင်ဗျားက ၁ သန်းပဲ ပေးမယ် ဆိုတော့ ကျုပ်က ၆ သိန်း စိုက်ရမှာလား။ ရူးနေတာလား။’
နိုင်ငံရေး ဆွေးနွေးပွဲကို လေလံယူလို့ ရသည်လား။ ပိုင်ရှင်မဲ့ နယ်မြေ ဖြစ်သောကြောင့် ရနိုင်၏။
“၁ သန်းပဲ။ တစ်ပြားမှ မပိုဘူး။ ပိုပေးရင် ကျုပ်ဟာကျုပ် ဖြတ်ပစ်လိုက်မယ်။” ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောဆိုလိုက်သည်။
“ခင်ဗျား သေချင်နေတာလား။” ယွင်ဝမ်ရွှယ်က ဒေါသထွက်သွား၏။
ယွင်ဝမ်ရွှယ်၏ စိတ်ထဲတွင် လျာထားသော ပမာဏမှာ အနည်းဆုံး ငွေ ၂ သန်း ဖြစ်သည်။ ထိုမျှရရှိမှသာ အခြေခံကုန်ကျစရိတ်များကို ဖယ်ထုတ်ပြီးနောက် အသားတင်အမြတ် ၄ သိန်းခန့် ထွက်ပေါ်လာမည်။
အထွေထွေအသုံးစရိတ်များ နုတ်ပယ်ပြီး လက်ထဲတွင် ၂ သိန်းခန့် အသားတင် ကျန်ရှိနေရန်လိုအပ်၏။
ထို့ကြောင့် ယခုအပေးအယူတွင် ငွေ ၂ သန်း ရရှိရေးမှာ သူ့အတွက် မဖြစ်မနေ အောင်မြင်ရမည့် ပန်းတိုင်တစ်ခု ဖြစ်သည်။
ယွင်ဝမ်ရွှယ်က ဒေါသတကြီးဖြင့် အော်လိုက်၏။ “ခင်ဗျားက မဟာမိတ်အဖွဲ့ကို စော်ကားတာပဲ။ ကျုပ်ကို စော်ကားတာပဲ။ အကျိုးဆက်က ပြင်းထန်လိမ့်မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကိုကြီး... ကျုပ်က ရိုးသားမှုကို ပြတာပါ။”
‘နင်ချင်းနဲ့အိပ်ဖူးတယ် ဆိုမှတော့ ခဲအို တော်စပ်တဲ့ ယွင်ဝမ်ရွှယ်ကို အစ်ကိုကြီး ခေါ်တာ မမှားဘူးလေ။’
ယွင်ဝမ်ရွှယ်က ဆရာကြီး ဇိုအန်ကို ကြည့်ကာ မေးလိုက်၏။ “ဆရာကြီး.... ဒါ ဆရာကြီး သဘောထားပဲလား။”
ဆရာကြီး ဇိုအန်လည်း အံ့ဩနေသည်။ ‘ယွင်အောက်ထျန်း... ခင်ဗျား ပြောတုန်းက ၁.၈ သန်း သင့်တော်တယ် ဆို။ ကျင်းကျုံးယွဲ့က ၁.၅ သန်း ပေးနိုင်တယ် ဆို။ အခု ၁ သန်းပဲ ပေးမယ် ဆိုတော့ လွန်လွန်းနေပြီ မဟုတ်ဘူးလား။’
သို့ပေမည့် သူက ယွင်ကျုံးဟဲ့ဘက်က ရပ်တည်ပေးလိုက်သည်။ “ဟုတ်တယ်။ ယွင်အောက်ထျန်း သဘောက ကျုပ် သဘောပဲ။”
ယွင်ဝမ်ရွှယ် မတ်တတ်ထရပ်လိုက်၏။ “မဆွေးနွေးတော့ဘူး။ ပြန်ကြတော့။ ကျင်းကျုံးယွဲ့ကို သွားပြောလိုက်။ လူလဲလွှတ်ရင် လွှတ်။ မလွှတ်ရင် စစ်တပ်နဲ့ လာရှင်းမယ်။”
သူသည် ဓားကို ဆွဲထုတ်ပြီး စားပွဲခုံကို ခုတ်ပိုင်းလိုက်သည်။
“ခွမ်း...”
စားပွဲခုံ နှစ်ပိုင်းကျိုးသွား၏။
ပထမအကြိမ် ဆွေးနွေးပွဲက ၅ မိနစ်အတွင်း ပျက်စီးသွားတော့သည်။
.................
လေခွင်းမြို့စားအိမ်တော်
“ယွင်အောက်ထျန်း ၁ သန်း ဆိုတာ အတည်လား။ နောက်တာလား။” ကျင်းကျုံးယွဲ့က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အတည်ပါ။”
အားလုံး ကြောင်အသွားကြ၏။ ၁ သန်း ဆိုသည်မှာ မဖြစ်နိုင်ပေ။ သူတို့ လက်ခံမှာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ယွင်ဝမ်ရွှယ်ကို အရှုံးပေါ်အောင် လုပ်နေခြင်းနှင့် တူသောကြောင့်ပင်။
ကျင်းကျုံးယွဲ့က စာရွက်တစ်ရွက် ထုတ်ပြလိုက်သည်။ “ချူကျောင်းရန်ရဲ့ ထောက်လှမ်းရေး သတင်းအရ ယွင်ဝမ်ရွှယ်က ၁.၆ သန်းနဲ့ လေလံယူထားတာ။ အဲဒီအောက် ရောက်ရင် သူ စိုက်ရမှာ။”
‘ချူကျောင်းရန်က တော်သားပဲ။ ဒီသတင်းကို ရအောင် ယူနိုင်တယ်။’
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒါကြောင့် ၁ သန်း ဆိုတာ မဖြစ်နိုင်ဘူး။”
လန်ပိက ဝင်ပြောသည်။ “၁ သန်း ဆိုရင် မဟာမိတ်အဖွဲ့ ဒေါသထွက်ပြီး စစ်တပ်လွှတ်လိမ့်မယ်။ ပိုင်ယင်နဲ့ လန်ထျန်ကို သိမ်းပိုက်လိမ့်မယ်။ စစ်ပွဲ ဖြစ်လာနိုင်တယ်။ ၁.၈ သန်း လောက်ဆို အဆင်ပြေတယ်မလား။”
ယွင်ကျုံးဟဲ့ ခေါင်းခါလိုက်၏။ “မရဘူး။ ၁ သန်းပဲ။”
အားလုံး နားမလည်နိုင် ဖြစ်နေကြသည်။
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဘာလို့လဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “သာမန် ဆွေးနွေးပွဲ ဆိုရင် ၁.၈ သန်း လက်ခံလို့ ရတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲကို သူ လေလံယူထားတာ ဆိုတော့ သူ့ကို အသေလှီးရမယ်။”
ဆရာကြီး ဇိုအန်က မေးလိုက်သည်။ “ဘယ်လို လှီးမှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်တို့က ၁ သန်းပဲ ပေးမယ်။ ကျန်တဲ့ ၆ သိန်းကို သူ စိုက်ရမယ်။”
ကျင်းကျုံးယွဲ့က ပြောသည်။ “သူက အရူးမှ မဟုတ်တာ။ ဘယ်လက်ခံမလဲ။ သူ့ပိုင်ဆိုင်မှုက ၁ သန်း ကျော်ကျော်ပဲ ရှိတာ။ ထက်ဝက်လောက် စိုက်ရမယ့် အလုပ်ကို ဘယ်လုပ်မလဲ။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “မှန်တယ်။ အရူး မဟုတ်ရင် လက်မခံဘူး။ ဒါပေမဲ့ အမြတ်အများကြီး ရမယ် ဆိုရင်ကော။ သူက လောဘကြီးပြီး လောင်းကစား ဝါသနာပါသူလေ။”
လန်ပိ ခေါင်းညိတ်လိုက်သည်။ ‘ယွင်ဝမ်ရွှယ်က စွန့်စားရတာ ကြိုက်တယ်။ လောင်းကစားနဲ့ ကြီးပွားလာတာ။ ဒီဆွေးနွေးပွဲကို လေလံ ယူတာကကို လောင်းကစား ဆန်နေပြီ။’
ယွင်ကျုံးယွဲ့က မေးလိုက်၏။ “အမြတ် ၁ သန်း ရမယ် ဆိုရင် ရင်းနှီးငွေ ၆ သိန်း ထည့်မလား။”
လန်ပိက သဘောတူလိုက်သည်။ “ထည့်မှာပေါ့။ ၅ သိန်းလောက် ဆိုရင်တောင် ထည့်မှာ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူက သူ့ရဲ့ လောင်းကစား အတတ်ပညာကို ယုံကြည်မှု ရှိလား။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ရှိတာပေါ့။ လောင်းကစားလောကရဲ့ ဘုရင်လေ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ကျုပ်ရဲ့ လောင်းကစားပညာကော။”
ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ရှင်က လှည့်ဖြားတာ တော်ပေမဲ့ လောင်းကစားကျရင် ၁၀ ပွဲမှာ ၉ ပွဲ ရှုံးတယ်။ ဘောင်းဘီပါ ကျွတ်တဲ့အထိ ရှုံးတတ်တယ်။”
ဤအရာက အမှန် ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်က သူ့ကို လောင်းကြေးထပ်မယ်။ လျော်ကြေး ၁ သန်းကို အရင်းထားမယ်။ နောက်ထပ် ၁.၅ သန်း ထပ်မယ်။ တစ်ဖက် ၇.၅ သိန်းစီ စိုက်မယ်။ သရေပွဲ မရှိဘူး။ နိုင်ရင် အကုန်ယူ၊ ရှုံးရင် အကုန်ပေး။
ယွင်ဝမ်ရွှယ် နိုင်ရင် ၁ သန်းလောက် မြတ်မယ်။ ရှုံးရင်တော့ မွဲမယ်။ ကျုပ်တို့ ရှုံးရင် ၂.၅ သန်း ပေးရမယ်။ နိုင်ရင်တော့ အမြတ်ထွက်ပြီ။ ဒီလောင်းကြေးကို သူ လက်ခံမလား။”
အားလုံး အံ့ဩသွားကြ၏။ ‘ယွင်ကျုံးဟဲ့... ရှင် တကယ် ရူးနေတာပဲ။ နိုင်ငံရေး ဆွေးနွေးပွဲကို လောင်းကစားပွဲ လုပ်ပစ်လိုက်တာလား။ အရမ်း မိုက်ရူးရဲဆန်လွန်းတယ်။’
ဆရာကြီး ဇိုအန်က ပြောလိုက်သည်။ “ယွင်ဝမ်ရွှယ်ကတော့ လက်ခံလိမ့်မယ်။ သူက နိုင်မယ်လို့ ယုံကြည်ထားတာကိုး။ ဒါပေမဲ့ မဟာမိတ်အဖွဲ့က လက်ခံပါ့မလား။ သိက္ခာကျတယ်လေ။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “လျှို့ဝှက် လုပ်ကြတာပေါ့။ လူကြီးလူကောင်းတွေ ရှေ့မှာ လုပ်မယ်။ စာချုပ် ချုပ်မယ်။ အပြင်လူတွေကိုတော့ ပုံမှန် ဆွေးနွေးပွဲလို့ ပြောမယ်။”
စဉ်းစားကြည့်လျှင် ဖြစ်နိုင်ခြေ ရှိ၏။ ယွင်ဝမ်ရွှယ်က ၆ သိန်း ရင်းပြီး ၉ သိန်း မြတ်မည့် အလုပ်ကို လက်ခံမှာ သေချာသည်။ သူ ရှုံးမည်ဟု ဘယ်သောအခါမှ တွေးမည် မဟုတ်ပေ။
မဟာမိတ်အဖွဲ့ကလည်း ၁.၆ သန်း ရလျှင် ပြီးပြီဖြစ်သည်။ မည်သူ ပေးပေး ဂရုမစိုက်ချေ။
“ပြဿနာ တစ်ခု ရှိတယ်။”
လန်ပိက ထောက်ပြလိုက်သည်။ “ရှင် သူ့ကို နိုင်ပါ့မလား။ ရှင်က ၁၀ ပွဲမှာ ၉ ပွဲ ရှုံးတဲ့လူ။ သူက ဘယ်တော့မှ မရှုံးတဲ့လူလေ။”
မှန်ပေသည်။ ယွင်ဝမ်ရွှယ်က ဂန္ထဝင်တွင်မည့် လောင်းကစားဘုရင်ဖြစ်၏။
ယွင်ကျုံးဟဲ့က ယုံကြည်မှု ရှိစွာ ပြောဆိုလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ် နိုင်မှာ သေချာတယ်။ နောက်ဆွေးနွေးပွဲကျရင် သူ့ကို အရှက်ကွဲပြီး သွေးအန်အောင် လုပ်ပြမယ်။”
ယွင်ကျုံးဟဲ့ ဤမျှအထိ ယုံကြည်မှုလွန်ကဲနေရခြင်းမှာ လကုန်၍ လအသစ်ကူးပြောင်းတော့မည့်အချိန်တွင် စိတ်ဝေဒနာရှင်အသစ်များ ရောက်ရှိလာတော့မည်ဖြစ်သောကြောင့်ပင်။
အထူးသဖြင့် အမှတ် (၁၆) လူနာဖြစ်သော စိတ်ဖတ်သူ သာရောက်လာပါက သူ၏အောင်ပွဲမှာ သေချာပြီ ဖြစ်သည်။
ထို့အပြင် အခြားရွေးချယ်စရာတစ်ခုဖြစ်သည့် အမှတ် (၂၃) လူနာ ဒါဗင်ချီ ရောက်လာလျှင်လည်း အခြေအနေမှာ ထူးမခြားနား ဖြစ်နိုင်၏။
ဒါဗင်ချီသည် တစ်ဖက်လူ၏ မျက်လုံးထဲရှိ အရိပ်ကိုကြည့်ရုံဖြင့် လက်ထဲရှိ ဖဲချပ်များကို အတပ်သိနိုင်သည့် အမြင်အာရုံထူးကဲသူတစ်ဦး ဖြစ်သည်။ ဤကဲ့သို့ ဖဲချပ်များကို ကြိုတင်မြင်နေရသည့်အတွက် ရှုံးနိမ့်ရန် အကြောင်းမရှိပေ။
ထို့ကြောင့် ယွင်ဝမ်ရွှယ် မည်မျှပင် တော်နေပါစေ ယွင်ကျုံးဟဲ့အတွက်မူ သေချာပေါက် အနိုင်ရရှိမှာ ဖြစ်၏။
.................
အပိုင်း (၇၈)
အကယ်၍ လာမည့်လတွင် မျှော်လင့်ထားသည့် စိတ်ဝေဒနာရှင် ရောက်ရှိမလာပါက မည်သို့ပြုလုပ်မည်နည်း။ ထိုသို့သာဖြစ်လျှင် ငြိမ်ငြိမ်လေးနေပြီး ၁.၈ သန်းပေးရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။
သို့ပေမည့် ထိုသို့ဖြစ်လာပါက ယွင်ကျုံးဟဲ့အနေဖြင့် ကျင်းကျုံးယွဲ့၏ ရှေ့မှောက်တွင် အရှက်ရကာ သိက္ခာကျဆင်းရပေလိမ့်မည်။
ကံကောင်းထောက်မစွာပင် ထိုစိတ်ဝေဒနာရှင်များမှာ အလိုက်သိတတ်ကြပြီး လိုအပ်သည့်အချိန်တိုင်းတွင် အချိန်ကိုက် ရောက်ရှိလာတတ်ကြသည်ချည်းသာ ဖြစ်၏။
“သခင်မ... ၇ ရက် အချိန်ပေးပါ။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “၇ ရက် အတွင်း မဟာမိတ်အဖွဲ့က ဘယ်လောက်ပဲ ဖိအားပေးပါစေ။ ဆွေးနွေးပွဲကို ရပ်ဆိုင်းထားပါ။ သူတို့ကို အေးစက်စက် နေပြလိုက်ပါ။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “၇ ရက်လား။”
ယွင်ကျုံးဟဲ့က အတည်ပြုလိုက်သည်။ “ဟုတ်ပါတယ်။”
ကျင်းကျုံးယွဲ့က သဘောတူလိုက်၏။ “ကောင်းပြီ။ ၇ ရက် ပေးမယ်။”
ယွင်ကျုံးဟဲ့က အာမခံလိုက်သည်။ “၇ ရက် ပြည့်ရင် အံ့ဖွယ်ရာ တစ်ခု ပြပါ့မယ်။”
၇ ရက် နေရင် လအသစ် ရောက်ပြီဖြစ်၏။ ထို့ကြောင့် စိတ်ဝေဒနာရှင်အသစ် ရောက်လာတော့မည် မဟုတ်ပါလား။
.................
နောက်တစ်နေ့တွင် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များက စာပို့လာသည်။ လူစားလဲပေးရန် တောင်းဆို၏။ မဟုတ်ပါက ဆွေးနွေးပွဲ ဖျက်သိမ်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်သည်။
ကျင်းကျုံးယွဲ့က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ ယွင်အောက်ထျန်းကို လုံးဝ မလဲနိုင်ကြောင်း ပြောကြားလိုက်၏။
နောက်တစ်ကြိမ် စာထပ်ပို့လာသည်။ ဆရာကြီးဇိုအန် တစ်ဦးတည်းသာ လာရောက် ဆွေးနွေးရန်၊ ယွင်အောက်ထျန်းကို ထုတ်ပယ်ရန် တောင်းဆိုသည်။
ကျင်းကျုံးယွဲ့က ထပ်မံ ငြင်းပယ်လိုက်၏။
မဟာမိတ် ကိုယ်စားလှယ်များ ဒေါသထွက်ကုန်ကြသည်။
ရက်အနည်းငယ် အကြာတွင် မဟာမိတ်တပ်တော် ၁၅၀၀၀ သည် လေခွင်းချိုင့်ဝှမ်းသို့ စတင် ချီတက် လာကြပြီး ပိုင်ယင်နှင့် လန်ထျန် နယ်မြေများတွင် အခြေအနေ မထိန်းနိုင်တော့သောကြောင့် ဝင်ရောက် ထိန်းသိမ်းမည်ဖြစ်ကြောင်း ကြေညာလိုက်၏။
တကယ်တမ်း လေခွင်းမြို့က ကယ်ဆယ်ရေးလုပ်ငန်းများ အများအပြား လုပ်ဆောင်နေရခြင်းဖြစ်၏။ ထို့ကြောင့် ကျင်းကျုံးယွဲ့ ဖိအားများလာပြန်သည်။
ဆရာကြီး ဇိုအန်နှင့် ယွင်ကျုံးဟဲ့တို့သည် ရေကြည်စံအိမ်သို့ ထပ်မံ သွားရောက်ကြပြန်၏။
ယွင်ဝမ်ရွှယ်က စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။ “လက်မှတ်ထိုးလိုက်။”
ဆရာကြီး ဇိုအန် ကြည့်လိုက်တော့ လျော်ကြေး ၅ သန်း တောင်းထားဆဲဖြစ်၏။
ယွင်ကျုံးဟဲ့လည်း စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။ “လက်မှတ်ထိုးလိုက်။”
ယွင်ဝမ်ရွှယ် စာချုပ်ကို ယူကာ ကြည့်လိုက်လျှင် ၁ သန်း ပေးမည့် စာချုပ် ဖြစ်နေ၏။
သူ ဒေါသပေါက်ကွဲပြီး စာချုပ်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက် ယွင်ကျုံးဟဲ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ပြင်းထန်သော လေအဟုန်ကြောင့် ယွင်ကျုံးဟဲ့ အသက်ရှူရပ်မတတ် ဖြစ်သွား၏။
“ဝေါ့...”
သွေးအန်ချင်သလို ဖြစ်သွားသည်။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် နာကျင်မှုများ ပျောက်ကွယ်သွား၏။
ဆရာကြီး ဇိုအန်၏ လက်ဝါးက ယွင်ကျုံးဟဲ့၏ ကျောပြင်ကို ထောက်ကူပေးလိုက်သောကြောင့် ဖြစ်၏။ နွေးထွေးသော စွမ်းအင်တစ်ခု စီးဝင်လာပြီး ပြင်ပဖိအားကို ချေဖျက်ပစ်လိုက်သည်။
“အဟွတ်... အဟွတ်...” ဆရာကြီး ဇိုအန် ချောင်းဆိုးလိုက်ပြီး လက်ကို ဖယ်လိုက်၏။
“ခေါင်းဆောင်ယွင်… သိက္ခာ ထိန်းပါအုံး။”
ဆရာကြီး ဇိုအန်က စားပွဲခုံကို ဖွဖွလေး ရိုက်လိုက်သည်။ လက်ရာ ထင်ကျန်ရစ်ခဲ့သည်။
‘ဒီအဘိုးကြီးက သိုင်းပညာရှင်ကြီးလား။ စာပေပညာရှင်လို့ ထင်ထားတာ။ ယွင်ကျုံးဟဲ့ထက်တောင် အားနည်းမလိုလိုနဲ့ သန်မာလှချည်လား။’
“ဆွေးနွေးလို့ ရမယ့်ပုံ မပေါ်တော့ဘူး။” ယွင်ဝမ်ရွှယ်က ပြောလိုက်၏။
ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ထွက်လာသည်။ “ကျုပ်က သက်သေလိုက်ပေးမလို့ပါ။ အခုတော့ ဆွေးနွေးစရာ မလိုတော့ဘူးဆိုတော့ ပြန်လိုက်ပါအုံးမယ်။”
“မဟာမိတ်အဖွဲ့ကို စာပို့လိုက်။ စစ်တပ်လွှတ်ပြီး နယ်မြေတွေကို သိမ်းပိုက်ခိုင်းလိုက်။ စကားနဲ့ မရရင် ဓားနဲ့ ယူရမှာပေါ့။” ယွင်ဝမ်ရွှယ်က အမိန့်ပေးလိုက်၏။
ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်က ပြောလိုက်သည်။ “ကျုပ်တို့လည်း ပြန်မယ်။ စစ်တိုက်ပြီးမှ ပြန်ဆွေးနွေးကြမယ်။ အဲဒီကျရင် ၂ သန်း၊ ၃ သန်းနဲ့ မရတော့ဘူး။”
သူ ထွက်ခွာရန် ပြင်ဆင်လိုက်၏။
‘တကယ် လုပ်တော့မယ့်ပုံပဲ။ မဟာမိတ်တပ်တွေ ဝင်လာရင် ပြန်မောင်းထုတ်ဖို့ ခက်လိမ့်မယ်။’
“နေပါအုံး။”
ဆရာကြီး ဇိုအန်က တားလိုက်သည်။ “ခေါင်းဆောင်ယွင်... တစ်ညလောက် စောင့်ပါအုံး။ မနက်ဖြန် နေ့လယ်ကျရင် အဖြေပေးပါ့မယ်။”
ယွင်ဝမ်ရွှယ်က မေးလိုက်၏။ “ကျောင်းအုပ်ကြီး ကြားတယ်နော်။”
ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်က ဖြေလိုက်သည်။ “ကြားပါတယ်။”
ယွင်ဝမ်ရွှယ်က သဘောတူလိုက်၏။ “ကောင်းပြီ။ တစ်ည စောင့်ပေးမယ်။”
.................
အပြန်လမ်းတွင် ယွင်ကျုံးဟဲ့ မေးမြန်းလိုက်သည်။ “ဆရာကြီး… ဆရာကြီးရဲ့ သိုင်းပညာက ဒီလောက် မြင့်မားတာလား။ သခင်မရဲ့ သိုင်းပညာက ဆရာကြီးဆီက သင်ထားတာလား။”
ဆရာကြီး ဇိုအန်က ဖြေလိုက်၏။ “ငယ်ငယ်တုန်းကတော့ ကျုပ်နဲ့ သခင်ကြီး သင်ပေးတာ။ ၁၂ နှစ် အရွယ်လောက်ကျတော့ ပိုင်ယွင်မြို့ကို သွားပြီး ပညာသင်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပိုင်ယွင်မြို့စား ရွဲ့ကူချန် ဆီမှာလား။” (ဇာတ်လမ်းထဲက နာမည်ကြီး သိုင်းသမား)
ဆရာကြီးဇိုအန်က ခေါင်းခါယမ်းကာ ပြောလိုက်၏။ “အဲဒီနာမည် မကြားဖူးဘူး။ ပိုင်ယွင်မြို့စား နာမည်က ပိုင်ကူ ပါ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “သူကလည်း ပိုင်ရှင်မဲ့ နယ်မြေကမြို့စားလား။”
ဆရာကြီးဇိုအန်က ရှင်းပြလိုက်၏။ “မဟုတ်ဘူး။ သူက သိုင်းပညာရှင်ကြီး၊ ဂိုဏ်းချုပ် ၅ ပါး ထဲက တစ်ပါးပဲ။ ပိုင်ယွင်မြို့က ဘယ်နိုင်ငံနဲ့မှ မဆိုင်ဘူး။ သီးခြား ရပ်တည်နေတာ။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “သခင်မက အဲဒီမှာ အကြာကြီး နေခဲ့တာလား။”
“၁၂ နှစ်ကနေ ၂၃ နှစ်အထိ နေခဲ့တယ်။”
“ဆရာကြီးနဲ့ သခင်မ ဘယ်သူ ပိုတော်လဲ။”
“သခင်မက ပိုတော်တာပေါ့။”
.................
ရက်အနည်းငယ်အတွင်း ယွင်ကျုံးဟဲ့ အလုပ်များနေသည်။ ငွေရှာမည့် အစီအစဉ်အတွက် ပြင်ဆင်နေရသည့် အနေဖြင့် တောင်ပိုင်းကျိုးအင်ပါယာ သတင်းများကို ဖတ်ရှုနေရ၏။
‘ဒီနေ့ညတော့ စောစော အိပ်ရမယ်။ တစ်လပြည့်ပြီ။ စိတ်ဝေဒနာရှင် အသစ် ရောက်လာတော့မယ်။ ယွင်ဝမ်ရွှယ်ကို အနိုင်ယူဖို့ ဒီညက အဆုံးအဖြတ်ပဲ။ အမှတ် (၁၆) စိတ်ဖတ်သူ ရရင် သေချာပေါက် နိုင်ပြီ။ အမှတ် (၂၃) ဒါဗင်ချီ ရရင် ၈၀ ရာခိုင်နှုန်း နိုင်ပြီ။ တခြားလူ ရရင်တော့ သွားပြီ။ ၁.၈ သန်း ပေးပြီး အရှက်ကွဲရတော့မယ်။’
...................
အိပ်မက်ထဲ ရောက်သွားချိန်မှာတော့ အမှတ် ၁၊ ၂၊ ၃ မှလွဲ၍ X စိတ်ကျန်းမာရေးဆေးရုံမှ လူနာတွေ အကုန် ရောက်နေကြပြီဖြစ်၏။
“သခင်လေး... လွမ်းလိုက်တာ။”
သရဲမက နှုတ်ဆက်လိုက်သည်။ “ဒီလထဲမှာ ၃ ကြိမ်ပဲ ခေါ်တယ်။ နောက်ဆုံးတစ်ခါကတော့ ရှက်စရာကြီး။”
ပြောပြီးသည့်နောက် သူမ နေရာမှာ ပြန်ထိုင်လိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မနက်ဖြန်က အရေးကြီးတယ်။ အမှတ် (၁၆) ကို ခေါ်လို့ ရမလား။”
“မရဘူး။ စည်းကမ်း ရှိတယ်။ မီးရောင်ကျတဲ့သူကိုပဲ ခေါ်လို့ ရမယ်။” အားလုံးက ပြိုင်တူ ဖြေလိုက်ကြသည်။
“စမယ်။”
မီးလုံး စတင် လည်ပတ်လာ၏။
ယွင်ကျုံးဟဲ့ ဆုတောင်းနေသည်။ ‘၁၆... ၁၆... ၁၆...’
မီးလုံး ရပ်သွားချိန်မှာတော့ ယွင်ကျုံးဟဲ့ ကြည့်လိုက်၏။
သူ စိတ်ပျက်သွားသည်။ ၁၆ မဟုတ်ချေ။
သို့သော်ငြား အံ့ဩသွားသည်။ ‘ဘာလဲဟ။ မီးရောင်ထဲမှာ လူနှစ်ယောက် ရှိနေတာလား။’
အမျိုးသမီး လူနာတစ်ယောက်က အမှတ် (၂၃) ဒါဗင်ချီရဲ့ ပေါင်ပေါ် ထိုင်နေ၏။
‘ဟိုက်.... ခင်ဗျားတို့နှစ်ယောက် ဇာတ်လမ်း ရှိနေတာလား။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျား ဘယ်သူလဲ။”
“အမှတ် (၂၄) လေ။”
‘ဩော်... မှတ်မိပြီ။ ဒါဗင်ချီနဲ့ အမြဲ တွဲနေတဲ့သူပဲ။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားရဲ့ စွမ်းရည်က ဘာလဲ။ နာမည်က ဘာလဲ။”
အမှတ် (၂၄)က ဖြေလိုက်သည်။ “ကျွန်မ နာမည်က အသံမိစ္ဆာ၊ ဒါပေမဲ့ လူတွေက နားပါးသူလို့ ခေါ်ကြတယ်။ ခြင်တစ်ကောင် ပျံသွားရင်တောင် အထီးလား အမလား ခွဲခြားနိုင်တယ်။ ဘယ်အသံမဆို တုပနိုင်တယ်။ ပါးစပ်ဟစရာ မလိုဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တကယ်လား။”
အမှတ် (၂၄)က ဖြေလိုက်သည်။ “တကယ်ပေါ့။ ရှင် ဗိုလ်မှူးကြီးလီနဲ့ အခန်းထဲမှာ နေတုန်းက ဘာသံမှ မထွက်ပေမဲ့ ကျွန်မ ကြားနေရတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ခင်ဗျား လျှောက်ပြောလိုက်တာလား။”
အမှတ် (၂၄)က ဖြေလိုက်သည်။ “ကျွန်မ ဒါဗင်ချီကိုပဲ ပြောပြတာပါ။”
“ကျုပ် ဘယ်သူ့ကိုမှ မပြောဘူး။ ၁၆ က စိတ်ဖတ်ပြီး သိသွားတာ။” ဒါဗင်ချီက ဝင်ပြောလိုက်၏။
‘သောက်ကျိုးနည်း... သတင်း ပေါက်ကြားရတဲ့ တရားခံကို တွေ့ပြီ။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အခု မီးရောင်က ခင်ဗျားတို့နှစ်ယောက်လုံးအပေါ် ကျနေတာဆိုတော့ ဒီလမှာ နှစ်ယောက်လုံးကို ခေါ်လို့ ရတာလား။”
“ဒါပေါ့။” အမှတ် (၂၄) က ရယ်မောလိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားရဲ့ အထူးပြုအရည်အချင်းက ဘာလဲ။”
အမှတ် (၂၄)က ပြောလိုက်၏။ “အသံ ခွဲခြားခြင်း... လူတွေ မကြားနိုင်တဲ့ အသံတွေကို ကျွန်မ ကြားနိုင်တယ်။ ၂၀ ကနေ ၂၀၀၀၀ ဟတ်ဇ်ထက် ကျော်လွန်တဲ့ အသံတွေကို ကြားနိုင်တယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဲဒါ ဘာအသုံးဝင်လဲ။”
အမှတ် (၂၄)က ဖြေလိုက်၏။ “ဆေးရုံ မရောက်ခင်ကတော့ အသုံးမဝင်ဘူး။ ဒုက္ခပဲ ပေးတယ်။ ဆေးရုံရောက်မှ အသုံးဝင်တာ။ အမှတ် (၈) ဘီသိုဗင်ရဲ့ သေခြင်းတရား တေးသွားတွေကို ကူညီဖန်တီးပေးခဲ့တယ်။ နောက်ပိုင်း ဘီသိုဗင် အဖမ်းခံရတော့မှ ဒါဗင်ချီနဲ့ တွဲဖြစ်တာ။ သူကလည်း အနုပညာရှင်လေ။”
‘သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပါလား။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အန်စာတုံး အသံကို နားထောင်ပြီး နံပါတ် ဘယ်လောက်လဲ သိနိုင်လား။”
“လွယ်လွယ်လေးပါ။”
အမှတ် (၂၄) က ရယ်မောလိုက်၏။ “သခင်လေး.... ကျွန်မ ဆေးရုံ ဘာလို့ ရောက်လာလဲ မသိဘူးလား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မသိဘူး။”
အမှတ် (၂၄)က ဖြေလိုက်၏။ “လပ်စ်ဗီးဂတ်စ်မှာ ဒေါ်လာ သန်း ၅၀၀ နိုင်ခဲ့လို့ အပို့ခံလိုက်ရတာ။”
‘သဘောပေါက်ပြီ။ ကာစီနိုရုံတွေကို ဒေဝါလီ ခံရအောင် လုပ်ခဲ့တာကိုး။’
အမှတ် (၂၄)က ထပ်မေးလိုက်သည်။ “လောင်းကစား လုပ်မလို့လား။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ လိုချင်တဲ့ နံပါတ်ရအောင် လုပ်နိုင်လား။”
အမှတ် (၂၄)က ပြောလိုက်သည်။ “ရတာပေါ့။ အသံကို နားထောင်ပြီး လှုပ်ရှားလိုက်ရင် လိုချင်တာ ရတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လောင်းကစားဘုရင်နဲ့ ယှဉ်ပြိုင်ရမှာ။ နိုင်ပါ့မလား။”
အမှတ် (၂၄) ပြန်မေးလိုက်သည်။ “ဘာကစားမှာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “အန်စာတုံး ၃ လုံး အကြီးအသေး။”
အမှတ် (၂၄)က ထပ်မေးလိုက်သည်။ “သူက ဒိုင်ကိုင်မှာလား။”
ယွင်ကျုံးဟဲ့က မသေချာသည့် လေသံဖြင့် ပြောလိုက်၏။ “ဟုတ်မယ် ထင်တယ်။”
အမှတ် (၂၄)က ပြောလိုက်သည်။ “သူက ဆရာကြီး ဆိုရင်တော့ အန်စာတုံး လှုပ်ရုံနဲ့ မရဘူး။ ကျွန်မရဲ့ လျှို့ဝှက်လက်နက်ကို သုံးရလိမ့်မယ်။ ကျွန်မရဲ့ အားသာချက်က အသံဆိုတာ မမေ့နဲ့။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “လေ့ကျင့်ကြရအောင်။”
.................
နောက်တစ်နေ့ နံနက်တွင် ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို သွားတွေ့လိုက်သည်။
ကျင်းကျုံးယွဲ့သည် မျက်နှာသစ်ပြီးခါစ ဖြစ်သော်လည်း အိမ်နေရင်း ဝတ်စုံဖြင့် ဆံပင် ဖားလျားချထား၏။
‘လှလိုက်တာ။ အသက်ရှူ မှားလောက်တယ်။’
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “၇ ရက် ပြည့်ပြီ။ ယွင်ဝမ်ရွှယ်ကို နိုင်မှာ သေချာလား။”
ယွင်အောက်ထျန်းက ပြောလိုက်၏။ “၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။”
ကျင်းကျုံးယွဲ့က စစ်ဆေးလိုသည့် လေသံဖြင့် ပြောလိုက်သည်။ “စမ်းပြပါအုံး။”
ယွင်ကျုံးဟဲ့က အန်စာတုံး ၃ လုံးနှင့် ခွက်ကို ယူလိုက်၏။ “သခင်မ ကြိုက်သလို လှုပ်ပါ။ ကျုပ် မကြည့်ဘဲနဲ့ နံပါတ် ပြောပြမယ်။”
ယွင်ကျုံးဟဲ့က လောင်းကစား ညံ့သည်ဟု သတင်းရထားသောကြောင့် ကျင်းကျုံးယွဲ့က သူ့ကို မယုံကြည်ပေ။
သို့သော်ငြား စမ်းသပ်ကြည့်မှ အဖြေသိမည် ဖြစ်သောကြောင့် သူမ အန်စာတုံးများကို ထည့်ပြီး လှုပ်လိုက်သည်။
‘မြန်လိုက်တာ။ အသံတွေက ရှုပ်ထွေးနေတာပဲ။’
ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်၏။ “အမှတ် (၂၄)... ဝင်ပူးလိုက်။”
ရုတ်တရက် ကမ္ဘာကြီး ပြောင်းလဲသွားပြီး အသံတွေက ကြည်လင်ပြတ်သားလာသည်။ အန်စာတုံး တစ်လုံးချင်းစီရဲ့ ထိခတ်သံကို ခွဲခြားသိမြင်လာသည်။
ကျင်းကျုံးယွဲ့ ခွက်ကို မှောက်ကာ မေးလိုက်၏။ “ဘယ်လောက်လဲ။”
ယွင်ကျုံးဟဲ့ ဖြေလိုက်သည်။ “၁၃။”
ဖွင့်ကြည့်လိုက်ချိန်မှာတော့ ၅၊ ၆၊ ၂၊ စုစုပေါင်း ၁၃ ဖြစ်နေ၏။
နောက်ထပ် ၃၊ ၄ ကြိမ် စမ်းကြည့်သည်။ အားလုံး မှန်ကန်နေသည်။
ကျင်းကျုံးယွဲ့ အံ့ဩသွား၏။ “မယုံနိုင်စရာပဲ။ ဒါဆို ကျွန်မတို့ နိုင်တော့မှာပေါ့။”
ယွင်ကျုံးဟဲ့က အာမခံလိုက်သည်။ “မဟုတ်ဘူး။ သေချာပေါက် နိုင်မှာ။”
.................
နာရီဝက် ကြာချိန်မှာတော့ ယွင်ကျုံးဟဲ့၊ ဆရာကြီး ဇိုအန်၊ ကျင်းကျုံးယွဲ့တို့သည် ရေကြည်စံအိမ်သို့ ထွက်ခွာသွားကြ၏။
ယွင်ကျုံးဟဲ့က ကြုံးဝါးလိုက်သည်။ ‘ယွင်ဝမ်ရွှယ်.... ခင်ဗျား သေနေ့စေ့ပြီ။ ခင်ဗျားက လောင်းကစား ဘုရင် ဖြစ်နေပါစေ။ သွေးအန်ပြီး သေစေရမယ်။’
.................