အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း (၄၀၆)- နတ်ဆိုးဧကရာဇ် အရှိန်အဝါကို အသက်သွင်းခြင်းနှင့် အစ်ကိုကြီး ခေါင်းပြား၏ ဘုန်းတန်ခိုး
~“ဝါး...”
အစ်ကိုကြီး ခေါင်းပြား သည် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ သူ၏ တိုက်ခိုက်လိုစိတ်များမှာ ကောင်းကင်သို့ ထိုးတက်နေပြီး၊ အရှိန်အဟုန်ဖြင့် တိုးဝင်လာသော လူပုံရိပ် ရာပေါင်းများစွာကို ကြည့်ရင်း သူ့မျက်လုံးများတွင် ရူးသွပ်သော ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
နောက်ဆုံးတော့ တိုက်ရမယ့် အချိန်ရောက်ပြီဟေ့။
သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲက လူတွေ ဘာကြောင့် လာတိုက်သလဲဆိုတာကို အစ်ကိုကြီး ခေါင်းပြား ဂရုမစိုက်ပေ။ ရန်သူဖြစ်နေသမျှ ကာလပတ်လုံး သူကတော့ တိုက်ခိုက်မည်သာ ဖြစ်သည်။
“သတ်ပြီး ဝင်ခဲ့ကြ... မြူခိုးဂိုဏ်း ရဲ့ အတိမ်အနက်ကို စမ်းကြည့်ရမယ်...”
ဒုတိယ ခန်းမသခင်သည် ကောင်းကင်ယံ အမြင့်တွင် မာန်ပါပါ ရပ်နေသည်။ သူကိုယ်တိုင် လောလောဆယ် ဝင်မတိုက်သေးဘဲ သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲမှ ကျင့်ကြံသူများကိုသာ အရင် တိုက်ခိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။
အကယ်၍ မြူခိုးဂိုဏ်း၌ ဖုံးကွယ်ထားသော ပညာရှင်များ ရှိနေသဖြင့် သူတို့အနေဖြင့် ထိုးဖောက်နိုင်စွမ်း မရှိပါက၊ သူသည် ချက်ချင်းပင် ခြေဦးတည့်ရာသို့ ထွက်ပြေးတိမ်းရှောင်တော့မည် ဖြစ်၏။
သို့သော်ငြား မြူခိုးဂိုဏ်း၌ ထူးချွန်သော ပညာရှင်များ မရှိပါကမူ၊ သူသည် မိမိ၏ အစွမ်းသတ္တိအားလုံးကို အသုံးချကာ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို ဖျက်ဆီးပစ်မည်။ ထို့ပြင် တောင်ကြီး (၄) လုံးကို ရိုက်ခွဲကာ၊ မြူခိုးဂိုဏ်း၏ အုတ်မြစ်ကို အမြစ်ပြတ် ချေမှုန်းပြီး ရေပေါ်ဖြူမြို့တော် တစ်ခုလုံးရှိ သက်ရှိ မှန်သမျှကိုပါ သတ်ဖြတ်ပစ်ရန် ကြံစည်ထားသည်။
“ယဲ့ဖုန်း... ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် ကို ရန်စတဲ့ အကျိုးဆက်က ဘယ်လောက် ကြီးမားသလဲ ဆိုတာ မင်းကို သိစေရမယ်...”
လက်အောက်ငယ်သားများ၏ ခန့်ညားသော အရှိန်အဝါကို ကြည့်ရင်း ဒုတိယ ခန်းမသခင်က ရက်စက်စွာ ပြုံးလိုက်သည်။
*
မြူခိုးတောင်ထိပ် ပေါ်တွင် ဖြစ်၏။
နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး သည် တိုးဝင်လာသော အစွမ်းထက် တိုက်ခိုက်ရေးသမား ရာပေါင်းများစွာကို သတိပြုမိလိုက်သည်။ ထိုအထဲတွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပညာရှင် (၂၀) ကျော် ပါဝင်ပြီး ကျန်သူများမှာ နတ်ဆိုးဗိုလ်ချုပ် အဆင့်ရှိသော ရုပ်သေးရုပ်များနှင့် တစ်ပိုင်းတစ်စ အသွင်ပြောင်းထားသော နတ်ဆိုးသားရဲများ ဖြစ်ကြသည်။
ဤအင်အားသည် သာမန် ကြယ်တစ်ပွင့်အဆင့် အင်အားစု အများအပြားကို နင်းချေဖျက်ဆီးပစ်ရန် လုံလောက်လှပေသည်။
‘ဂိုဏ်းချုပ်... အမည်မသိ ရန်သူတွေ ကျုပ်တို့ မြူခိုးဂိုဏ်း ကို လာတိုက်နေပြီ... ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တော့ မတွေ့သေးဘူး... ဒါပေမဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် တွေ တော်တော်များတယ်... အသန်မာဆုံး အချို့ဆိုရင် ကျုပ်ထက်တောင် မလျော့ဘူး...’
လောင်ဆု သည် နတ်ဆိုးသားရဲဆောင် မှတစ်ဆင့် မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာရှိ ယဲ့ဖုန်း ကို အမြန် ဆက်သွယ်လိုက်သည်။
*
ဧည့်ခံပွဲ ခန်းမဆောင် အတွင်း၌ ဖြစ်သည်။
ယဲ့ဖုန်း မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ကောင်းကင်မေးမြန်းကြေးမုံ ကို ထုတ်လိုက်သည်။ လောင်ဆု မြင်တွေ့နေရသော မြင်ကွင်းကို ကြေးမုံပြင်ပေါ်သို့ ပုံဖော်လိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဘာဖြစ်လို့လဲရှင်...”
ယဲ့ဖုန်း ကို ဝိုင်ခွက်မြှောက်ကာ တိုက်ရန် ပြင်နေသော ရှုဟုန်ယွီ သည် ယဲ့ဖုန်း ၏ လက်ထဲရှိ ထူးဆန်းသော မှန်နှင့် အေးစက်နေသော မျက်နှာထားကို သတိပြုမိသွားသည်။
“ရဲတင်းလှတဲ့ အရူးတချို့ ငါတို့ မြူခိုးဂိုဏ်း ကို လာတိုက်နေကြတယ်...” ယဲ့ဖုန်း က လေးနက်စွာ ပြောလိုက်သည်။
သူသည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြု၍ ထိုမြင်ကွင်းကို ဧည့်ခံပွဲ ခန်းမဆောင် ၏ နံရံပေါ်သို့ ပုံရိပ်ယောင်အဖြစ် လွှင့်တင်ပေးလိုက်ရာ ဂိုဏ်းသားအားလုံး မြင်တွေ့သွားကြတော့သည်။
“အစွမ်းထက်တဲ့သူတွေ ရာနဲ့ချီ ပါလား...”
“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် တွေတောင် (၂၀) ကျော်တယ်...”
“ဟိုမှာ ကြည့်စမ်း... ဟိုတစ်နေ့က အကြီးအကဲကုန်း ခုတ်ချလိုက်တဲ့ ရုပ်သေးရုပ်တွေနဲ့ တူတဲ့ ကောင်တွေလည်း ပါလာတယ်... သူတို့ကလည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်တွေပဲ...”
တပည့်များသည် နံရံပေါ်ရှိ မြင်ကွင်းကို ကြည့်ကာ ဆွေးနွေးနေကြသည်။
“ဒါ သွေးနတ်ဆိုး ခန်းမဆောင် ပဲ...” အကြီးအကဲကုန်း က လေးနက်စွာ ပြောလိုက်သည်။
ဤအင်အားစု၏ ရုပ်သေးရုပ်များနှင့် တိုက်ခိုက်ဖူးသဖြင့် သူမ ကောင်းကောင်း မှတ်မိနေခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်... ကျွန်တော် ပြန်ပြီး စစ်ကူပေးရမလား...” လီဇီလုံ ချက်ချင်း ထရပ်လိုက်ပြီး ပြန်ရန် ပြင်လိုက်သည်။
“မိုင်ပေါင်း သောင်းချီ ဝေးတာ... ခင်ဗျား အချိန်မီ ပြန်ရောက်မှာ မဟုတ်ဘူး...” ယဲ့ဖုန်း က ခေါင်းခါပြလိုက်သည်။
လက်ဗလာနှင့် ဖြစ်နေသော လီဇီလုံ ကို ကြည့်ရင်း ယဲ့ဖုန်း သတိရသွားသည်။ လွန်ခဲ့သော တိုက်ပွဲတွင် လီဇီလုံ ၏ ငွေရောင်လှံတံ ကျိုးသွားခဲ့သည် မဟုတ်ပါလား။
နတ်ဆိုးသတ်ဖြတ်ပွဲ ပြီးလျှင်တော့ လီဇီလုံ အတွက် ငွေရောင်လှံတံ အသစ် တစ်လက် သွန်းလုပ်ပေးရမည်ဟု ယဲ့ဖုန်း ဆုံးဖြတ်လိုက်သည်။
သို့သော် ယခု လောလောဆယ် အရေးကြီးသည်မှာ ကျူးကျော်လာသော ရန်သူကို နှိမ်နင်းရန် ဖြစ်၏။
ထိုသို့ တွေးမိရင်း ယဲ့ဖုန်း သည် နံရံပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက်သည်။
သူ့လက်ထဲတွင် နေရာဟင်းလင်းပြင် သံလိုက်အိမ်မြှောင် ပေါ်လာလေ၏။
‘မိုင်ပေါင်း သောင်းချီ ခရီးကို မြူခိုးတောင်ထိပ် အထက်ကို လျှပ်တပြက် ရွှေ့ဖို့ဆိုရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀) ကုန်မှာပဲ...’
ယဲ့ဖုန်း အခု ချက်ချင်း သွားသင့်၊ မသွားသင့် စဉ်းစားနေမိသည်။
မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာ၊ မြူခိုးဂိုဏ်း အထက်တွင် ဖြစ်သည်။
နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး နှင့် အစ်ကိုကြီး ခေါင်းပြား တို့ မလှုပ်ရှားရသေးခင်မှာပင် အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ ၏ ဧရာမ အရိပ်ကြီးသည် လေထုထဲတွင် ပေါ်လာပြီး မိုင် (၁၀) ပတ်လည် ဧရိယာကို လျင်မြန်စွာ လွှမ်းခြုံလိုက်သည်။
"ဂျွတ်"
အနက်ရောင် စစ်တုရင်နယ်ရုပ် တစ်ရုပ်သည် ခုံပေါ်သို့ ကျဆင်းသွားရာ ကြောက်မက်ဖွယ် အသံလှိုင်းများ ဖြာထွက်သွားပြီး တစ်ပိုင်းတစ်စ အသွင်ပြောင်းထားသော နတ်ဆိုးသားရဲများ အားလုံးကို မြူခိုးများအဖြစ် ပြောင်းလဲပစ်လိုက်သည်။
တိုက်ကွက် တစ်ချက်တည်းနှင့်ပင် သွေးနတ်ဆိုး ခန်းမဆောင် ဘက်မှ အင်အားအများစု ဆုံးရှုံးသွားရသည်။
“မဆိုးတဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ပဲ... အလယ်အလတ်အဆင့် ဝင်္ကပါချပ် ဖြစ်ရမယ်... ငါ ကိုယ်တိုင် မလှုပ်ရှားရင်တော့ ဘယ်သူမှ ဖျက်နိုင်မှာ မဟုတ်ဘူး...”
မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာသော နေရာမှနေ၍ ဒုတိယ ခန်းမသခင်က လှောင်ပြောင်လိုက်သည်။
"ဂျွတ်"
နောက်ထပ် အဖြူရောင် စစ်တုရင်နယ်ရုပ် တစ်ရုပ် ပေါ်လာပြန်ပြီး ထက်ရှသော အလင်းဓားသွား အများအပြားကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သည်။
“ရွှပ်...”
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ အချို့မှာ ရှောင်တိမ်းရန် အချိန်မရဘဲ ကိုယ်ခန္ဓာများ နှစ်ခြမ်းကွဲကာ ဖူယွင် တောအုပ်နက် ထဲသို့ ပြုတ်ကျကုန်ကြသည်။ ထိုနေရာရှိ နတ်ဆိုးသားရဲ အများအပြား၏ ဝါးမြိုခြင်းကို ခံလိုက်ရလေတော့သည်။
“နောက်ဆုတ်ကြ... ငါပဲ ရှင်းမယ်...”
ဒုတိယ ခန်းမသခင် နောက်ဆုံးတွင် ကိုယ်တိုင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
သူ့လူတွေ အများကြီး ကျဆုံးသွားပြီးနောက် သူသည် အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ ၏ ကာကွယ်ရေး စွမ်းအားကို ခန့်မှန်းမိသွားပြီ ဖြစ်သည်။ သူကိုယ်တိုင် အနည်းငယ် တိုက်ခိုက်လိုက်ရုံဖြင့် ၎င်း ပြိုကွဲသွားမည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
“ဝှစ်...”
သူသည် ဝိညာဉ်ပင်လယ်အဆင့် (၃) အထွတ်အထိပ် အရှိန်အဝါကို ထုတ်ဖော်လိုက်ပြီး၊ အဆင့်မြင့် သွေးရောင် ဓားရှည်ကြီးကို ကောင်းကင်ယံသို့ မြှောက်ကာ အစွမ်းကုန် ခုတ်ချလိုက်သည်။
“ကောင်းကင်လွှမ်းမိုး သွေးဓားချက်...”
ဒုတိယ ခန်းမသခင် အော်ဟစ်လိုက်သည်။
မီတာ တစ်ထောင် ရှည်လျားသော သွေးရောင် ဓားအလင်းတန်းကြီးသည် ကောင်းကင်မှ ဆင်းသက်လာရာ၊ အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ က အစွမ်းကုန် ခုခံသော်လည်း အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။
ထို့နောက် သွေးနတ်ဆိုး ခန်းမဆောင် မှ ကျန်ရှိနေသော အင်အားစုများသည် ထိုအက်ကွဲကြောင်းမှတစ်ဆင့် မြူခိုးဂိုဏ်း ကောင်းကင်ယံသို့ တိုးဝင်လာကြပြီး၊ နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး နှင့် အစ်ကိုကြီး ခေါင်းပြား တို့ကို အနီးကပ် တိုက်ခိုက်ကြလေတော့သည်။
“ဝီ...”
ထိုအချိန်တွင် စစ်တုရင်ခုံပေါ်ရှိ ယင်နှင့်ယန် ငါးပုံသဏ္ဌာန် နယ်ရုပ်နှစ်ခုသည် အချင်းချင်း ဆွဲငင်လိုက်ကြ၏။ လေထဲတွင် ယင်ယန်ငါးများအဖြစ် ပြောင်းလဲကာ အရှိန်အဟုန်ဖြင့် လည်ပတ်လျက် လျှပ်စီးပမာ ဒုတိယ ခန်းမသခင် ကို သွားရောက် ရိုက်ခတ်လိုက်သည်။
“ဘုန်း...”
သူ့ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသဖြင့် လက်ထဲမှ သွေးဓားမှာ မြေပေါ်သို့ ကျသွား၏။ သူ့ခန္ဓာကိုယ်မှာလည်း မိုင်ပေါင်း ဒါဇင်ချီ လွင့်စဉ်သွားကာ ဖူယွင် တောအုပ်နက် အလယ်ဗဟိုသို့ ပြုတ်ကျသွားသည်။
“အ...”
ဒုတိယ ခန်းမသခင် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး မျက်နှာမှာ ဖြူရော်သွားသည်။ သို့သော် အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ ၏ အလင်းရောင်များ မှိန်ဖျော့သွားသည်ကို မြင်သောအခါ သူက မထီမဲ့မြင် ပြုံးလိုက်၏။
“နောက်ဆုံး လက်ကျန် တိုက်ကွက်နဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်သွားတာပေါ့... ဟား... ဒီ ဝင်္ကပါချပ် က အသိဉာဏ် ရှိပုံရသားပဲ... ဒါပေမဲ့ အခုတော့ သူ့စွမ်းအားက သုံးပုံတစ်ပုံတောင် မကျန်တော့ဘူး... အလှပြရုံပဲ ရှိတော့တာ...”
ဒုတိယ ခန်းမသခင် လှောင်ရယ်လိုက်သည်။
သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ဒဏ်ရာများကို စတင် ကုသနေသည်။
သူ့ဒဏ်ရာတွေ တစ်ဝက်လောက် သက်သာသွားတာနဲ့ မြူခိုးဂိုဏ်း ထဲကို အတင်းဝင်ပြီး ရေပေါ်ဖြူမြို့တော် က လူတိုင်းကို သတ်ပစ်မယ့် အချိန်ရောက်ပြီ ပေါ့လေ။
“အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ က ဆက်မတောင့်ခံနိုင်တော့ဘူး ထင်တယ်...”
ခရိုင်ဘုရင်စံအိမ် ဧည့်ခံပွဲ ခန်းမဆောင်ထဲမှ တပည့်များသည် နံရံပေါ်ရှိ မြင်ကွင်းကို ကြည့်ရင်း မျက်တောင်များ တဖျပ်ဖျပ် ခတ်နေကြသည်။
“ဂိုဏ်းချုပ်... သွေးနတ်ဆိုး ခန်းမဆောင် က ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တစ်ယောက်တောင် လွှတ်လိုက်တာပဲ... ပြီးတော့ သူ့စွမ်းအားက ကျွန်တော့်ထက်တောင် သာနေသေးတယ်... ဘယ်လို လုပ်ကြမလဲ...” လီဇီလုံ ပုံရိပ်ကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
“နည်းလမ်း ရှိပါသေးတယ်...” ယဲ့ဖုန်း က ပြောလိုက်သည်။
သူကိုယ်တိုင် လှုပ်ရှားရန် ပြင်ဆင်လိုက်၏။
သို့သော် ထိုအချိန်တွင် မြင်ကွင်းက ပြောင်းလဲသွားသည်။
“ဝါး...”
အစ်ကိုကြီး ခေါင်းပြား ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်ကြီးက စတင် ကြီးထွားလာသည်။
သူသည် ချက်ချင်းပင် မီတာ (၂) မီတာခန့် မြင့်မားလာ၏။
သူ့ခန္ဓာကိုယ်တွင် ကြွက်သားများ ဖောင်းကြွလာပြီး၊ အရေပြားမှာ ထူထဲသော သံချပ်ကာ အရေခွံကဲ့သို့ ဖြစ်လာသည်။ ကျောဘက်တွင် မာကျောသော ဆူးတောင်တန်းများ ထွက်ပေါ်လာပြီး၊ မျက်လုံးများမှာ အပြာရောင် အလင်းတန်းများ လက်နေကာ၊ ပါးစပ်မှလည်း လက်မဝက်ခန့် ရှည်လျားသော သစ်ခုတ်ကျား စွယ်ကဲ့သို့ စွယ်ကြီးနှစ်ချောင်း ထွက်ပေါ်လာသည်။
သူသည် သူ့သွေးကြောထဲမှ စွမ်းအားအားလုံးကို အသက်သွင်းလိုက်ပြီး တိုက်ခိုက်စွမ်းအားကို မြှင့်တင်လိုက်ခြင်း ဖြစ်ပေသည်။
“ဂါး...”
အစ်ကိုကြီး ခေါင်းပြား သည် သားရဲရိုင်းတစ်ကောင်ပမာ ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး၊ ရှေ့သို့ ခုန်ဝင်ကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၈) ရှိသော ကျင့်ကြံသူတစ်ဦး၏ ရင်ဘတ်ကို တိုက်ရိုက် ထွင်းဖောက်လိုက်သည်။ လက်သည်းဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် နောက်ထပ် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇) ပညာရှင်တစ်ဦးမှာ ပြာအဖြစ် ပြောင်းလဲသွားရသည်။
“ဒီသားရဲကို ဝိုင်းသတ်ကြစမ်း...”
သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲမှ ကျန်ရှိနေသော ပညာရှင်များ အားလုံး အစ်ကိုကြီး ခေါင်းပြား ဆီသို့ စုပြုံတိုးဝင်လာကြသည်။
“ဟွန်း... ငါ့ကိုရော မမြင်ကြဘူးလား...” လောင်ဆု အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
နွယ်ပင် ဒါဇင်ပေါင်းများစွာက အဆင့်နိမ့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိသော ရုပ်ဆေးများနှင့် ကျင့်ကြံသူများကို ရစ်ပတ် ထိုးဖောက်လိုက်သည်။
ထို့ပြင် အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ ရောက်နေသော သံချပ်ကာ ဂိုဏ်းစောင့် (၉) ဦးသည်လည်း နွယ်ပင်များပေါ်မှ ခုန်ဆင်းကာ သွေးနတ်ဆိုး ခန်းမဆောင် တပ်မတော်ထဲသို့ ဝင်ရောက် သောင်းကျန်းကြလေတော့သည်။
နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး ၏ ပူးပေါင်းမှုကြောင့် အစ်ကိုကြီး ခေါင်းပြား မှာ ပြိုင်ဘက်ကင်း ဖြစ်နေသည်။ သိပ်မကြာခင်မှာပင် သူသည် ဒုတိယ ခန်းမသခင်၏ မျက်စိရှေ့မှောက်မှာတင် သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲမှ ပညာရှင်အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
“အစ်ကိုကြီး ခေါင်းပြား က တကယ့်ကို အစွမ်းထက်တာပဲ...”
တပည့်များသည် နံရံပေါ်ရှိ မြင်ကွင်းကို ကြည့်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
“ဘယ်လောက် သန်မာတဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ တွေလဲ...”
ရှုဟုန်ယွီ အံ့သြသွားရသည်။ မြူခိုးဂိုဏ်း မှာ အစွမ်းထက် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ သာမက၊ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်ကိုတောင် ဒဏ်ရာရစေနိုင်တဲ့ အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ ရှိနေတာတင် မဟုတ်ဘဲ၊ တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်မိမိနဲ့ သွေးနတ်ဆိုး ခန်းမဆောင် တပ်မတော်ကို ချေမှုန်းနိုင်တဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ နှစ်ကောင် ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
“ဒါ... ဒါက...” ဖူယွင် တောအုပ်နက် အထက်တွင် ဒုတိယ ခန်းမသခင် ဆွံ့အသွားရသည်။
သူ ဒဏ်ရာ ကုသနေတာ ခဏလေးပဲ ရှိသေးတယ်၊ သူ့လက်အောက်ငယ်သားတွေ အကုန်လုံး ဟို ဝိညာဉ်သားရဲ နှစ်ကောင်ကြောင့် အစပျောက်သွားပြီတဲ့လား။
“ဒါက တော်တော် လွန်သွားပြီ...”
ဒုတိယ ခန်းမသခင် ဒဏ်ရာတွေကို ဂရုမစိုက်နိုင်တော့ဘဲ မြေပေါ်က သွေးရောင် ဓားရှည်ကို ကောက်ယူကာ အစ်ကိုကြီး ခေါင်းပြား ဆီသို့ တိုးဝင်သွားသည်။
“ဝါး...”
အစ်ကိုကြီး ခေါင်းပြား ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။
သူ့အတွက်တော့ ဒီ သွေးရောင်ဝတ်စုံနဲ့ သွေးဓားကို ကိုင်ထားတဲ့ လူက လက်ဝါးတစ်ချက်နဲ့ ဖိချေလို့ရတဲ့ အရာလေး တစ်ခုသာ ဖြစ်သည်။
“ဝုန်း...”
နှစ်ဦးသား လေထဲတွင် ထိပ်တိုက် တွေ့ဆုံသွားကြသည်။
အစ်ကိုကြီး ခေါင်းပြား ၏ မာကျောသော ဆူးတောင်တန်းများကြောင့် ဒုတိယ ခန်းမသခင်၏ လက်မောင်းမှာ ထုံကျဉ်သွားပြီး မီတာ ဒါဇင်ချီ နောက်ဆုတ်သွားရသည်။
အစ်ကိုကြီး ခေါင်းပြား မှာမူ ဥက္ကာခဲ တစ်လုံးပမာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အကြိမ် ဒါဇင်ပေါင်းများစွာ လိမ့်သွားပြီးမှ ရပ်တန့်သွားသည်။
ထို့နောက် သူ ပြန်ထလာသည်...။
သူ့မျက်နှာတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
“မသေဘူးလား...” ဒုတိယ ခန်းမသခင် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားရသည်။
ဒီလောက် ကာကွယ်ရေးနဲ့ ရှင်သန်နိုင်စွမ်းကတော့ တကယ့်ကို မိစ္ဆာတစ်ကောင်လိုပဲ။
အဝေးတစ်နေရာမှ ဤမြင်ကွင်းကို ကြည့်နေသော ယဲ့ဖုန်း က အစ်ကိုကြီး ခေါင်းပြား အနေနဲ့ ဒုတိယ ခန်းမသခင်ကို ကိုင်တွယ်နိုင်စွမ်း ရှိသော်လည်း တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရသည်။
‘ဟုတ်ပြီ... နတ်ဆိုးဧကရာဇ် အရှိန်အဝါ ပဲ...’
ယဲ့ဖုန်း မျက်လုံးများ စူးရှသွားပြီး၊ နတ်ဆိုးသားရဲဆောင် ၏ အမြင့်ဆုံး အခွင့်အာဏာကို အသုံးပြုကာ နတ်ဆိုးဧကရာဇ် အရှိန်အဝါ ကို အစ်ကိုကြီး ခေါင်းပြား ထံသို့ ယာယီ လွှဲပြောင်းပေးလိုက်သည်။
“တီ..တီ.. နတ်ဆိုးဧကရာဇ် အရှိန်အဝါ ကို လွှဲပြောင်းနေပါတယ်...”
ယဲ့ဖုန်း စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။
ပုံရိပ်ယောင် မြင်ကွင်းအတွင်း၌ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းပြီး ဝေဝါးနေသော ရွှေရောင် နတ်ဆိုးပုံရိပ်ကြီး တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး အစ်ကိုကြီး ခေါင်းပြား ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားသည်။
ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများ ပွင့်လာပြီး ပြင်းထန်သော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
အားပြင်းသော ဘုရင်တစ်ပါး၏ အရှိန်အဝါ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
ရွှေရောင် အရှိန်အဝါများ လွှမ်းခြုံထားသော အစ်ကိုကြီး ခေါင်းပြား သည် ဆက်လက် ကြီးထွားလာ၏။ နောက်ဆုံးတွင် (၁၀) မီတာခန့် မြင့်မားလာကာ၊ သူ၏ နောက်ကျောဘက်တွင် ခန့်ညားထည်ဝါသော နတ်ဆိုးပုံရိပ်ကြီးတစ်ခု အစဉ်အမြဲ ပျံဝဲနေသည်။
သူသည် ကောင်းကင်ယံတွင် ရပ်နေသည်မှာ အထွတ်အထိပ် နတ်ဆိုးဧကရာဇ် တစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။
သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး မိုင်တစ်ထောင် ပတ်လည်ကို လျင်မြန်စွာ လွှမ်းမိုးသွားရာ၊ နတ်ဆိုးသတ္တဝါ အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး မသိစိတ်ဖြင့် မြေပြင်ပေါ်၌ ဝပ်စင်းလိုက်ကြရသည်။
သူတို့၏ ခန္ဓာကိုယ်များထဲမှ နတ်ဆိုးအနှစ်သာရ စွမ်းအားမျှင်တန်းလေးများ ထွက်ပေါ်လာကြ၏။
နောက်ဆုံးတွင် ထိုအရာအားလုံးသည် အစ်ကိုကြီး ခေါင်းပြား ထံသို့ စုပြုံရောက်ရှိလာသည်။
“ဝုန်း...”
ကြီးထွားလာသော အစ်ကိုကြီး ခေါင်းပြား ထံမှ ပေါက်ကွဲထွက်မတတ် ပြင်းထန်သော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းသည် အလယ်အလတ် နတ်ဆိုးဘုရင် အဆင့်နှင့်ပင် ယှဉ်နိုင်နေတော့၏။
ဤမြင်ကွင်းသည် ဒုတိယ ခန်းမသခင်ကိုသာ ထိတ်လန့်သွားစေခဲ့သည် မဟုတ်ဘဲ၊ အဝေးမှ ကြည့်နေသော မြူခိုးဂိုဏ်း သားအားလုံးကိုလည်း အသက်ရှူမှားသွားစေခဲ့သည်။
“ဒါ အစ်ကိုကြီး ခေါင်းပြား ရဲ့ ဖုံးကွယ်ထားတဲ့ ပါရမီလား...” လီကျောက်ကျောက် က ခန့်မှန်းလိုက်သည်။
သို့သော် မည်သူမျှ ပြန်မဖြေအားကြပေ။
အားလုံးက ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။ အားပြင်းသော အစ်ကိုကြီး ခေါင်းပြား သည် ဟိန်းဟောက်လိုက်ပြီး ဒုတိယ ခန်းမသခင် ဆီသို့ ချက်ချင်း ပြေးဝင်သွားသည်ကို တွေ့လိုက်ရ၏။
“ဟေ့ သားရဲ... အနားမလာနဲ့...” ဒုတိယ ခန်းမသခင်၏ မျက်နှာထား ချက်ချင်း ပျက်ယွင်းသွားပြီး ဓားဖြင့် အမြန် ကာကွယ်လိုက်ရသည်။
"ဂျွတ်"
သွေးဓားမှာ အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သော်လည်း၊ အစ်ကိုကြီး ခေါင်းပြား ၏ ဧရာမ ခြေထောက်အောက်တွင် စက္ကူစုတ်တစ်ခုလို ကြေမွသွားရသည်။
ဒုတိယ ခန်းမသခင်ပင်လျှင် မြေပြင်ပေါ်၌ နင်းခြေခံလိုက်ရပြီး၊ အစ်ကိုကြီး ခေါင်းပြား ၏ ပြင်းထန်သော နင်းခြေမှု တစ်ချက်အောက်မှာတင် “ဂျွတ်” ခနဲ အသံနှင့်အတူ အသက်ပျောက်သွားရလေတော့သည်။
“ဟူး...”
ဤသည်ကို မြင်တွေ့လိုက်ရသူတိုင်း အေးစက်သော လေတစ်ချက်ကို ပြိုင်တူ ရှူသွင်းလိုက်မိကြတော့၏။
ဝိညာဉ်ပင်လယ်အဆင့် (၃) အထွတ်အထိပ် ပညာရှင်တစ်ယောက်ကို ခြေထောက်တစ်ဖက်တည်းနဲ့ နင်းသတ်လိုက်တာပါလား။
အစ်ကိုကြီး ခေါင်းပြား... တကယ့်ကို ကြောက်စရာ ကောင်းလိုက်လေခြင်း။
အခန်း (၄၀၇)- ဂိုဏ်းချုပ်ယဲ့... ကျွန်မအတွက် အခွင့်အရေး ရှိသေးတယ်လို့ ထင်လားဟင်
~‘သြော်... ဒါက နတ်ဆိုးဧကရာဇ် အရှိန်အဝါ ရဲ့ လုပ်ဆောင်ချက်ကိုး...’
ယဲ့ဖုန်းသည် ပုံရိပ်ယောင် မြင်ကွင်းကို ကြည့်ကာ မျက်တောင်တခတ်ခတ် လုပ်ပြီးနောက် အားပါးတရ ရယ်လိုက်လေတော့သည်။
သူသည် မူလက အဝေးတစ်နေရာမှနေ၍ နတ်ဆိုးဧကရာဇ် အရှိန်အဝါ ကို အစ်ကိုကြီး ခေါင်းပြား ထံသို့ လွှဲပြောင်းပေးပြီး စမ်းသပ်ကြည့်ရုံသာ ရှိသေးသည်။
မမျှော်လင့်ဘဲ ထိုအရှိန်အဝါနှင့် ပေါင်းစပ်သွားပြီးနောက် အစ်ကိုကြီး ခေါင်းပြား သည် ထိပ်တန်း နတ်ဆိုးဧကရာဇ် တစ်ပါးနှင့် တူညီသော သွေးကြောဆိုင်ရာ ဖိနှိပ်မှုကို ထုတ်ဖော်နိုင်ခဲ့ပြီး၊ မိုင်တစ်ထောင်အတွင်းရှိ နတ်ဆိုးသားရဲများ အားလုံးကို ဒူးထောက်စေကာ သူတို့၏ နတ်ဆိုးအနှစ်သာရ စွမ်းအား အစိတ်အပိုင်းများကိုပါ ပံ့ပိုးပေးစေခဲ့ခြင်း ဖြစ်ပေသည်။
ထိုစွမ်းအားကို အသုံးချ၍ အစ်ကိုကြီး ခေါင်းပြား သည် အလယ်အလတ် နတ်ဆိုးဘုရင် အဆင့်သို့ ယာယီ တက်လှမ်းနိုင်ခဲ့၏။
ခြေလှမ်း တစ်ချက်တည်းနှင့်ပင် ဒုတိယ ခန်းမသခင် ကို နင်းခြေ ဖျက်ဆီးပစ်လိုက်နိုင်သည်။
‘အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀) ထပ်သက်သာသွားပြန်ပြီ... ဟဲဟဲ... အမြတ်ကြီးပဲ...’
ယဲ့ဖုန်း စိတ်ထဲမှ တခိခိ ရယ်လိုက်မိသည်။
အကယ်၍ အစ်ကိုကြီး ခေါင်းပြား နှင့် လောင်ဆု တို့သာ ရန်သူကို မနိုင်ခဲ့လျှင် သူသည် နေရာဟင်းလင်းပြင် သံလိုက်အိမ်မြှောင် ကို အသုံးပြု၍ အကြိမ် (၁၀၀) ခန့် လျှပ်တပြက် ရွှေ့ပြောင်းကာ မြူခိုးဂိုဏ်း သို့ အမြန်ပြန်ရပေလိမ့်မည်။
သို့သော် ယခုမူ အန္တရာယ် ကင်းစင်သွားပြီ ဖြစ်သဖြင့် သူ ကိုယ်တိုင် လှုပ်ရှားရန် မလိုတော့ပေ။
ဖူယွင် တောအုပ်နက် တွင် ဖြစ်သည်။
အစ်ကိုကြီး ခေါင်းပြား သည် ခြေထောက်ကို ပြန်မလိုက်ပြီး မြေပြင်ပေါ်ရှိ ကြေမွနေသော သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲသခင် ၏ အလောင်းကို မထီမဲ့မြင် ကြည့်ကာ နှာခေါင်းမှ လေပူများကို မှုတ်ထုတ်လိုက်၏။
“ဝုန်း...”
သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး နတ်ဆိုးသားရဲ စင်မြင့် သို့ ပြန်သွားသည်။
“ဝါး... ဟိုး...”
အစ်ကိုကြီး ခေါင်းပြား ကောင်းကင်ကို မော့ကာ ဟိန်းဟောက်လိုက်၏။
ပြင်းထန်သော အသံလှိုင်းများသည် မိုင်ပေါင်း ရာချီ ပြန့်နှံ့သွားရာ၊ နန်လုတောင်တန်း ရှိ သူ့ဂူအဝတွင် သူ့အဖော်မွန်များနှင့်အတူ ရပ်နေသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ပင်လျှင် ကြောက်လန့်တုန်လှုပ်သွားရသည်။
“ဘယ်လောက်... ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ အသံလဲ...”
သူ့အဖော်မွန် မိန်းမလှလေးများမှာလည်း တစ်ကိုယ်လုံး တုန်ခါနေကြရှာသည်။
“မိန်းမလှလေးတို့ မကြောက်ကြနဲ့... အဲဒါ ငါ့ရဲ့ အစ်ကိုကြီး ခေါင်းပြား ပဲ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် သည် ထိုညက တိုက်ပွဲတစ်ခုလုံးကို မြင်တွေ့ခဲ့ရသူ ဖြစ်ရာ၊ အစ်ကိုကြီး ခေါင်းပြား ၏ ရုတ်တရက် စွမ်းအား မြင့်တက်လာမှုနှင့် ဒုတိယ ခန်းမသခင် ကို ဖိနှိပ်နိုင်မှုအပေါ် အကြီးအကျယ် အံ့သြသွားခဲ့ရသည်။
သို့သော် အစ်ကိုကြီး ခေါင်းပြား မှာ သူတို့ဘက်တော်သား ဖြစ်နေသည် မဟုတ်ပါလား။
ထိုသို့ တွေးမိပြီး မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် သည် ခါးကို ထောက်ကာ ပြောလိုက်၏။
“ဟဲဟဲ... ငါ့ရဲ့ အစ်ကိုကြီး ဖြစ်ရကျိုးနပ်ပါတယ်... အခွင့်ရရင်တော့ သူ့ကို သွားပြီး ဖားရဦးမယ်...”
ထိုစကားကို ကြားသောအခါ အဖော်မွန် မိန်းမလှလေးများက သူ့ကို အထင်သေးသော အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
*
မြူခိုးတောင်ထိပ် တွင်မူ၊
လောင်ဆု သည် သူ့နွယ်ပင်များကို ပြန်သိမ်းလိုက်ပြီး တစ်ကိုယ်လုံး အရှိန်အဝါများ တောက်ပနေသော အစ်ကိုကြီး ခေါင်းပြား ကို ကြည့်ကာ၊ သူ့အသွင်ပြောင်းလဲမှုမှာ အမှန်တကယ်ပင် ကြီးမားလှကြောင်း သဘောပေါက်လိုက်သည်။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုသာမက စွမ်းအား တိုးတက်မှုမှာလည်း အံ့မခန်းပင်။
ဝိညာဉ်ပင်လယ်အဆင့် (၃) အထွတ်အထိပ် ပညာရှင် ဖြစ်သော သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲသခင် ပင်လျှင် ပြန်မတိုက်နိုင်ဘဲ ခြေထောက်အောက်တွင် ပြားပြားဝပ်သွားခဲ့ရသည် မဟုတ်ပါလား။
‘ဒါပေမဲ့ ဒီလူက အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ ကြောင့် ဒဏ်ရာ အပြင်းအထန် ရထားပြီးသားလေ... အစွမ်းထက်နေတဲ့ အစ်ကိုကြီး ခေါင်းပြား ကို မယှဉ်နိုင်တာကတော့ သဘာဝပါပဲ...’
လောင်ဆု စိတ်ထဲမှ တွေးတောလိုက်၏။
သူသည် ကောင်းကင်ယံရှိ ဝေဝါးနေသော အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ ကို မော့ကြည့်လိုက်ရာ၊ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းများ ပေါ်နေပြီး စွမ်းအား (၃၀) ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။
“သွားကြ... ငါတို့ မြူခိုးဂိုဏ်း ရဲ့ တောင်ကြီး (၄) လုံးကို စောင့်ကြပ်ကြစမ်း...”
လောင်ဆု သည် နွယ်ပင်များကို ဝှေ့ယမ်းကာ သူ့လက်အောက်ရှိ သံချပ်ကာ ဂိုဏ်းစောင့် (၉) ဦးကို နေရာအနှံ့ ဖြန့်ကျက်စေပြီး ရန်သူများ မဝင်နိုင်အောင် တင်းကျပ်စွာ စောင့်ကြပ်ခိုင်းလိုက်သည်။
*
ရေပေါ်ဖြူမြို့တော် တွင် ဖြစ်သည်။
ကျင့်ကြံသူ အများအပြားမှာ လေထဲတွင် ပျံဝဲလျက် နတ်ဆိုးသားရဲ စင်မြင့် ပေါ်ရှိ ပြိုင်ဘက်ကင်း နတ်ဆိုးဧကရာဇ် တစ်ပါးပမာ အရှိန်အဝါ ပြင်းထန်နေသော အစ်ကိုကြီး ခေါင်းပြား ကို လှမ်းကြည့်ရင်း ကြီးမားသော ဖိအားကို ခံစားနေကြရသည်။ မိုင် (၁၀) ကျော် ဝေးကွာနေသော်လည်း နေရာမှာတင် ဒူးထောက်ကျလုနီးပါး ဖြစ်ခဲ့ကြရသည်။
“ဘုန်း...”
အစ်ကိုကြီး ခေါင်းပြား သည် တိုက်ခိုက်မည့်သူ မရှိတော့သည်ကို မြင်သောအခါ ပျင်းရိစွာဖြင့် မြေပြင်ပေါ်တွင် လှဲချလိုက်ပြီး အိပ်ပျော်သွားလေတော့သည်။
*
ခရိုင်ဘုရင်စံအိမ် တွင်ကား၊
ယဲ့ဖုန်းသည် နတ်ဆိုးဧကရာဇ် အရှိန်အဝါ ကို ပြန်မသိမ်းသေးပေ။
ယခုအချိန်တွင် သူတို့ မြူခိုးဂိုဏ်း မှာ မရှိသဖြင့်၊ အစ်ကိုကြီး ခေါင်းပြား သည် ထိုအရှိန်အဝါကြောင့် အလယ်အလတ် နတ်ဆိုးဘုရင် အဆင့် စွမ်းအားကို ခေတ္တ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
ဒါက မြူခိုးဂိုဏ်း အတွက် သတင်းကောင်းပင်။
[ယုံကြည်မှု စွမ်းအား +၂၄၁၄]
ယဲ့ဖုန်း စနစ်ထံမှ အသိပေးချက်ကို လက်ခံရရှိလိုက်သည်။
သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး၊ လက်ညှိုးကို တောက်လိုက်ကာ ဧည့်ခံပွဲ ခန်းမဆောင် နံရံပေါ်ရှိ ပုံရိပ်ယောင် မြင်ကွင်းကို ဖျောက်လိုက်ပြီး၊ ကောင်းကင်မေးမြန်းကြေးမုံ ကိုလည်း ပြန်သိမ်းလိုက်လေ၏။
ကြည့်ရှုနေသူများမှာမူ နံရံကို မော့ကြည့်နေဆဲ အနေအထားဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်နေကြသည်။
ခဏအကြာတွင်၊
လုံထျန်းရှင်း သည် စားပွဲပေါ်သို့ ခုန်တက်မလို ဖြစ်သွားပြီး ထအော်လိုက်တော့သည်။
“အစ်ကိုကြီး ခေါင်းပြား က တကယ့်ကို ထင်ထားတာထက် ပိုစွမ်းတာပဲ... သူ့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ပါရမီ ရှိနေမှန်း ငါတောင် မသိခဲ့ဘူး... သူက ပြိုင်ဘက်ကင်း နတ်ဆိုးဧကရာဇ် တစ်ပါးလို ဖြစ်သွားတာပဲ...”
“ဟုတ်တယ်... အရမ်း အစွမ်းထက်တာပဲ... ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တစ်ယောက်ကို ခြေထောက်တစ်ဖက်တည်းနဲ့ နင်းသတ်လိုက်တာ၊ ပြန်တောင် မခုခံနိုင်ဘူး... တကယ့်ကို ကြောက်စရာကြီးဗျာ...” ရှီလေ့ ကလည်း အံ့သြတကြီး ရေရွတ်လိုက်သည်။
စီနီယာ တပည့်ကြီး တစ်ယောက်အနေဖြင့် အစ်ကိုကြီး ခေါင်းပြား က မြူခိုးတောင်ထိပ် ကို စတင် လာရောက် ‘တိုက်ခိုက်’ စဉ်ကတည်းက ဖြစ်စဉ် အားလုံးကို သူက မြင်တွေ့ခဲ့ရသူ ဖြစ်၏။
သို့သော် ထိုအချိန်က အစ်ကိုကြီး ခေါင်းပြား မှာ ဤမျှလောက် မသန်မာသေးပေ။ ယဲ့ဖုန်း ၏ ကန်ချခြင်းကို ခံရကာ တောင်အောက်သို့ အကြိမ်ကြိမ် လိမ့်ကျသွားတတ်ပြီး၊ ဒေါသတကြီးဖြင့် တောင်ပေါ်သို့ ပြန်ပြေးတက်လာတတ်ရုံသာ ရှိခဲ့သည်။
လွန်ခဲ့သော တစ်နှစ်က အခြေအနေနှင့် ယှဉ်လျှင် ယခု အစ်ကိုကြီး ခေါင်းပြား မှာ နတ်ဘုရားတစ်ပါးပမာ ဖြစ်နေတော့၏။
“မိတ်ဆွေတို့... ခုနလေးတင် သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ဒုတိယ ခန်းမသခင် က ငါတို့ မြူခိုးဂိုဏ်း ကို လာတိုက်သွားတယ်... ဒါပေမဲ့ အစ်ကိုကြီး ခေါင်းပြား က သူ့ကို သတ်ပစ်လိုက်ပြီ... ကဲ... သီချင်းတွေ ဆက်တီးကြ... ကကြစမ်း...”
ယဲ့ဖုန်း က ဝိုင်ခွက်ကို မြှောက်လိုက်ပြီး မှင်သက်နေကြသော အစေခံမလေးများကို လှမ်းအော်လိုက်သည်။
“ဟုတ်ကဲ့ပါရှင်...”
အစေခံမလေးများ သတိပြန်ဝင်လာကြပြီး ပန်းများ ကြဲပက်ခြင်းနှင့် တူရိယာ တီးခတ်ခြင်းများကို ကပျာကယာ ဆက်လက် လုပ်ဆောင်ကြသည်။ ကိုယ်ခန္ဓာ အချိုးအစား လှပသော အမျိုးသမီးငယ်လေးများမှာ ပါးလျသော ပိုးသား ဝတ်ရုံရှည်များကို ဆင်မြန်းလျက် ကျက်သရေရှိစွာ ကပြနေကြတော့သည်။
အဓိက ထိုင်ခုံတွင် ၊
ရှုဟုန်ယွီ သည် သူမ၏ ဝိုင်ခွက်ကို လှမ်းယူလိုက်မိသည်။ မြူခိုးဂိုဏ်း သည် တကယ့်ကို ခန့်မှန်းရခက်လှကြောင်း သူမ သဘောပေါက်လိုက်တော့၏။
ယဲ့ဖုန်း နှင့် ဟူဖေးဖေး တို့ မရှိသည့်တိုင်အောင် ဂိုဏ်းအတွင်း၌ ဤမျှလောက် အားပြင်းသော ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များ ဖုံးကွယ်နေဆဲပင်။
ထို့ပြင် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး သည် အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အဆင့်ရှိသော သံချပ်ကာ ဂိုဏ်းစောင့် (၉) ဦးကို စုစည်းနိုင်သည်မှာလည်း အံ့မခန်း စွမ်းအားကြီးမားလှပေသည်။
‘တကယ်ကို အစွမ်းထက်တဲ့ ဂိုဏ်းပဲ...’
ရှုဟုန်ယွီ သည် ဝိုင်တစ်ခွက်ကို မော့သောက်လိုက်ပြီးနောက် တိုးညှင်းစွာ ပြောလိုက်၏။
“ဂိုဏ်းချုပ်ယဲ့... ရှင် ဒီ နတ်ဆိုးသတ်ဖြတ်ပွဲ ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိသေးဘူး မဟုတ်လား...”
“နတ်ဆိုးတွေကို သတ်ရမှာ မဟုတ်ဘူးလား...” ယဲ့ဖုန်း က ပြန်မေးလိုက်သည်။
သူ့အမြင်တွင်တော့ ခရိုင်ဘုရင်မြို့တော် ၏ နတ်ဆိုးသတ်ဖြတ်ပွဲ ဆိုသည်မှာ ဒုက္ခပေးနေသော နတ်ဆိုးသားရဲ တစ်ကောင်ကို ဝိုင်းဝန်း နှိမ်နင်းခြင်းမျိုး ဖြစ်လိမ့်မည်ဟု ယူဆထားခြင်း ဖြစ်၏။
သို့မဟုတ်လျှင်လည်း ဂိုဏ်းအသီးသီးမှ တပည့်များ၏ ပြိုင်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
“နတ်ဆိုးသတ်ဖြတ်ရမှာကတော့ မှန်ပါတယ်... ဒါပေမဲ့ အဲဒီ နတ်ဆိုးတွေက ကျွန်မတို့ မြေပြင်ပေါ်မှာ မြင်တွေ့နေကျ နတ်ဆိုးတွေ မဟုတ်ဘူး... သူတို့က မြေကမ္ဘာခြား မျိုးနွယ်တွေရဲ့ မြေအောက်လိုဏ်ဂူ ကမ္ဘာ က လာတာ...”
ရှုဟုန်ယွီ က အလွန် အရေးကြီးသော သတင်းတစ်ခုကို ဖွင့်ဟပြောကြားလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ဝိုင်ခွက်ကို ကိုင်ထားသော မိုယင် ၏ လက်ကလေးမှာ အနည်းငယ် တုန်ခါသွားရသည်။
သူမ ဘာမှ မပြောသော်လည်း ယဲ့ဖုန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
လွန်ခဲ့သော အကြိမ်က ရှေးဟောင်း ဝိညာဉ် မျိုးနွယ်စု ထံမှ ပြန်လာစဉ်က မိုယင် သည် မြေအောက်လိုဏ်ဂူ က မြေကမ္ဘာခြား မျိုးနွယ် များအကြောင်းကို ယဲ့ဖုန်း အား ပြောပြခဲ့ဖူးသည်။
ထို့ကြောင့် မိုယင် ၏ အကြည့်ကို မြင်သည်နှင့် ယဲ့ဖုန်း သည် သူမ၏ ဆိုလိုရင်းကို နားလည်သွားပြီး ရှုဟုန်ယွီ ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“မြေအောက်လိုဏ်ဂူ က မြေကမ္ဘာခြား မျိုးနွယ် ဟုတ်လား... ဘယ်လို မျိုးနွယ်စုမျိုးလဲ... မြေအောက်လိုဏ်ဂူ နက်ရှိုင်းတဲ့ နေရာက ရှေးဟောင်း သတ္တဝါတွေတော့ မဟုတ်ပါဘူးနော်...”
“ဟုတ်ပါတယ်...” ရှုဟုန်ယွီ က ခေါင်းညိတ် အတည်ပြုလိုက်သည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း နှင့် မိုယင် တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
ရှေးဟောင်း ဝိညာဉ် မျိုးနွယ်စု ၏ သူတော်စင်အိုကြီး ပြောပြချက်အရ၊ မြေအောက်လိုဏ်ဂူ မြေကမ္ဘာခြား မျိုးနွယ် များ၏ ဘုရင်မှာ မူလနတ်ဘုရား အဆင့် ရှိသော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အကယ်၍ ရှုဟုန်ယွီ ပြောသော မျိုးနွယ်စုမှာလည်း ထိုအမျိုးအစားပင် ဖြစ်နေလျှင် ပြဿနာမှာ ကြီးမားသွားပေလိမ့်မည်။
အကယ်၍ မြေကမ္ဘာခြား မျိုးနွယ် များထဲမှ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ဦးသာ ပေါ်ထွက်လာပါက တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံး အကြီးအကျယ် အန္တရာယ် ကြုံရပေလိမ့်မည်။
“ဂိုဏ်းချုပ်ယဲ့... ဘာလို့ မျက်နှာက ဒီလောက်အထိ လေးနက်သွားရတာလဲ... စိုးရိမ်နေလို့လားဟင်...” ရှုဟုန်ယွီ က ဝိုင်ခွက်ကို ချကာ တိုးတိုးလေး မေးလိုက်၏။
“ဒီ မြေအောက်လိုဏ်ဂူ မြေကမ္ဘာခြား မျိုးနွယ် တွေရဲ့ ဇာစ်မြစ်က ဘာလဲ...” ယဲ့ဖုန်း မေးမြန်းလိုက်သည်။
တပည့်များသည်လည်း ဝိုင်ခွက်များကို ချလိုက်ကြပြီး ရှုဟုန်ယွီ ရှိရာဘက်သို့ အာရုံစိုက်လိုက်ကြလေ၏။
သူတို့အားလုံးသည် မြေကမ္ဘာခြား မျိုးနွယ် များအကြောင်းကို မသိရှိကြပေ။
“မြေအောက်လိုဏ်ဂူ မြေကမ္ဘာခြား မျိုးနွယ် တွေက ရှေးကျပြီး ရှည်လျားလှတဲ့ ဇာစ်မြစ် ရှိကြတယ်... ဒီ မြေဩဇာကောင်းတဲ့ မြေပြင်ပေါ်မှာ ခရိုင်ဘုရင်မြို့တော် ကို မတည်ထောင်ခင်ကတည်းက၊ အောက်ခြေမှာ ရှေးဟောင်း မြေကမ္ဘာခြား မျိုးနွယ် တွေ ပုန်းအောင်းနေခဲ့ကြတာလို့ ပြောကြတယ်... ဒါပေမဲ့ မြေအောက်လိုဏ်ဂူ က လာတဲ့သူတွေက သိပ်ပြီးတော့ မသန်မာကြပါဘူး... အများဆုံးရှိမှ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ် ပါပဲ... ခြိမ်းခြောက်မှုတော့ သိပ်မရှိပါဘူး...”
ရှုဟုန်ယွီ က လေသံကို ပြောင်းကာ ဆက်ပြောသည်။
“ဒါပေမဲ့ ဒါက ငါတို့ ခရိုင်ဘုရင်မြို့တော် အတွက်ပဲ ပြောတာနော်... အကယ်၍ ဒီ မြေကမ္ဘာခြား မျိုးနွယ် တွေက တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရဲ့ တခြား နေရာတွေကို လျှောက်သွားမယ်ဆိုရင်တော့ အန္တရာယ် ရှိနိုင်ပါတယ်...”
“ဒီ မြေကမ္ဘာခြား မျိုးနွယ် တွေကို ဘာလို့ တိုက်ရိုက် အမြစ်ဖြတ် မချေမှုန်းပစ်တာလဲ...” ယဲ့ဖုန်း မေးလိုက်သည်။
မြေကမ္ဘာခြား မျိုးနွယ် များ၏ အမြင့်ဆုံးအဆင့်မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်မျှသာ ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
“သူတို့ကို အကုန် သတ်လို့ မရဘူးလေ...”
ရှုဟုန်ယွီ ခေါင်းခါလိုက်ကာ၊
“ဂိုဏ်းချုပ်ယဲ့ မသိသေးတာက... မြေကမ္ဘာခြား မျိုးနွယ် တွေက ခရိုင်ဘုရင်မြို့တော် မြေအောက်က ရှေးဟောင်း စစ်မြေပြင်နဲ့ ချိတ်ဆက်နေတဲ့ ဝေးကွာလှတဲ့ မြေအောက်ကမ္ဘာမှာ ရှိနေကြတာ... ဒါပေမဲ့ ဟင်းလင်းပြင် တံခါးပေါက်က အကန့်အသတ် ရှိတယ်... နတ်ဆိုးဗိုလ်ချုပ် နဲ့ နတ်ဆိုးစစ်သည် တွေကိုပဲ ဖြတ်သန်းခွင့် ပေးတာ... ပြီးတော့ (၁၀) နှစ်မှာ တစ်ကြိမ်ပဲ ပွင့်တာလေ...”
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း သဘောပေါက်သွားသည်။
နတ်ဆိုးသတ်ဖြတ်ပွဲ ကို (၁၀) နှစ်တစ်ကြိမ် ဘာလို့ ကျင်းပရသလဲဆိုတာ မဆန်းတော့ဘူး။ ဒါက မြေအောက်လိုဏ်ဂူ ရဲ့ ဟင်းလင်းပြင် တံခါးပေါက် ပွင့်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာကိုး။
ရှုဟုန်ယွီ က ဆက်လက် ရှင်းပြလာသည်။
“မြေကမ္ဘာခြား မျိုးနွယ် တွေက မသန်မာသလို၊ ခရိုင်ဘုရင်မြို့တော် က မဟာတန်ခိုးရှင်တွေက သူတို့ကို လွယ်လွယ်လေး သတ်နိုင်ကြတယ်... ဒါကြောင့် ဒါကို တောင်ပိုင်းမြစ်ဝှမ်း ဒေသ က ဂိုဏ်းအသီးသီးက တပည့်တွေကို လေ့ကျင့်ပေးဖို့ နတ်ဆိုးသတ်ဖြတ်ပွဲ အဖြစ် ပြောင်းလဲကျင်းပလိုက်တာပဲ...”
“အခုမှပဲ ရှင်းသွားတော့တယ်...” ယဲ့ဖုန်း သဘောပေါက်သွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
မြူခိုးဂိုဏ်း တပည့်များသည်လည်း နတ်ဆိုးသတ်ဖြတ်ပွဲ ကျင်းပရခြင်း၏ အကြောင်းရင်းကို နားလည်သွားကြပြီ ဖြစ်ရာ၊ သူတို့၏ ထိုင်ခုံများတွင် ပြန်ထိုင်ကာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြတော့သည်။
မကြာမီ ဧည့်ခံပွဲ ပြီးဆုံးသွားခဲ့၏။
ရှုဟုန်ယွီ သည် သူမ၏ မျက်နှာဖုံးပဝါကို ပြန်လည် ဆင်မြန်းလိုက်ပြီး ယဲ့ဖုန်း ၏ ဘေးတွင် ယှဉ်လျက် လမ်းလျှောက်ကာ၊ ယဲ့ဖုန်း နှင့် သူ့အဖွဲ့ကို ခရိုင်ဘုရင်စံအိမ် အပြင်ဘက်အထိ လိုက်လံ ပို့ဆောင်ပေးသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊
ရှုဟုန်ယွီ သည် သတ္တိမွေးကာ ခေါင်းကို မော့လိုက်ပြီး သူမဘေးရှိ နတ်ဘုရားတစ်ပါးပမာ ခန့်ညားလှပလွန်းသော ယဲ့ဖုန်း ကို စူးစူးစိုက်စိုက် ကြည့်လျက် မေးလိုက်လေ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်မအတွက် အခွင့်အရေး ရှိသေးတယ်လို့ ထင်လားဟင်…”
အခန်း (၄၀၈)- ဓားဘုရင်ဂိုဏ်း၏ အမွေခံတပည့်နှင့် မထင်မှတ်ထားသော ရောက်ရှိလာမှု
~“ဟင်...”
ယဲ့ဖုန်း ကြောင်အသွားသည်။
အခွင့်အရေး ဟုတ်လား။
ဘာအခွင့်အရေးပါလိမ့်။
သူ မျက်တောင်တခတ်ခတ်ဖြင့် မေးမြန်းရန် ပြင်လိုက်သော်လည်း၊ ရှုဟုန်ယွီ ၏ စကားသံကို ထပ်မံ ကြားလိုက်ရပြန်၏။
“အကယ်၍ တစ်နေ့မှာ ကျွန်မက ခရိုင်မင်းသမီး မဟုတ်တော့ရင်၊ ခရိုင်ဘုရင်မြို့တော် ကို ဆက်ခံမယ့်သူ မဟုတ်တော့ရင်... အဲဒီအချိန်ကျရင် မြူခိုးဂိုဏ်း မှာ ပြန်ပြီး ကျင့်ကြံခွင့် ရနိုင်ဦးမလားဟင်...”
သြော်... ဒါကို ဆိုလိုတာကိုး။
ယဲ့ဖုန်း ချက်ချင်းပင် သဘောပေါက်သွားသည်။
အစကတော့ ရှုဟုန်ယွီ က သူ့ကို တောင်တက်ဖို့ ခေါ်နေတာလားလို့တောင် ထင်မိပြီး စိုးရိမ်စိတ်ဖြင့် ခြေဦးတည့်ရာ ထွက်ပြေးရတော့မည့်အလား ခံစားလိုက်ရသေးသည်။
ရှုဟုန်ယွီ သည် ဂိုဏ်းသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိ ဆိုသည်ကို စနစ် ကလည်း ဘာမှ အကြောင်းမပြန်ခဲ့သဖြင့် ယဲ့ဖုန်း လည်း ဝေခွဲမရ ဖြစ်နေမိ၏။
သူသည် လက်ကို ဆန့်ထုတ်ကာ ရှုဟုန်ယွီ ၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောလိုက်သည်။
“ဒီကိစ္စကတော့ ကံတရားအပေါ်မှာပဲ မူတည်ပါတယ်... တစ်နေ့တော့ အခွင့်အရေး ရှိလာနိုင်တာပေါ့...”
သူသည် တိကျသော အဖြေတစ်ခုကိုတော့ မပေးခဲ့ပေ။
“ဂိုဏ်းချုပ်ယဲ့ ရဲ့ ဒီစကားနဲ့တင် ဟုန်ယွီ စိတ်အေးသွားပါပြီရှင်...”
ရှုဟုန်ယွီ က ပြုံးလျက် ပြောလိုက်သည်။
သူမသည် အသိဟောင်းများ ဖြစ်ကြသော လီကျောက်ကျောက်၊ ရှီလေ့ နှင့် ဟိုယွင်ကျဲ တို့ကို စကားအနည်းငယ် ပြောကြားပြီးနောက်၊ မိုယင် ကို စနောက်သလို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။ ထို့နောက် ယဲ့ဖုန်း ကို စနစ်တကျ အရိုအသေပြုကာ မျက်နှာလေးတွင် နူးညံ့သော အပြုံးတစ်ခု ဆင်မြန်းလိုက်၏။
“တည်ခင်းဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ် ခရိုင်မင်းသမီး... ကျုပ်တို့ကို ခွင့်ပြုပါဦး...”
ယဲ့ဖုန်း ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် သူရဲကောင်း ဝိညာဉ်စွမ်းအား များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး၊ မြူခိုးဂိုဏ်း သားအားလုံးကို မ,ကာ သူတို့ တည်းခိုရာ နေရာဆီသို့ ပျံသန်း ထွက်ခွာသွားလေတော့သည်။
စံအိမ်ကြီး၏ အဝင်ဝတွင် ဖြစ်သည်။
အစေခံမလေး ယွဲ့အာ သည် ရှုဟုန်ယွီ ကို ကြည့်ကာ မျက်မှောင်လေး ကြုတ်လျက် မေးလိုက်၏။
“ခရိုင်မင်းသမီး... မင်းသမီးက တကယ်ပဲ မြူခိုးဂိုဏ်း မှာ ဆက်ပြီး ကျင့်ကြံချင်တာလားဟင်...”
“ငါက မူလကတည်းက မြူခိုးဂိုဏ်း ရဲ့ တပည့်တစ်ယောက်လေ... ကုဋေ ကုဋာ ချမ်းသာတဲ့ စည်းစိမ်တွေကို ဆက်ခံဖို့ တာဝန်သာ မရှိခဲ့ရင် ငါ အဲဒီမှာပဲ ဆက်နေဖြစ်မှာ သေချာတယ်...” ရှုဟုန်ယွီ က ပြန်ဖြေလိုက်သည်။
သူမသည် ခြေလှမ်းများကို လှမ်းလိုက်ရင်း စံအိမ်အတွင်းရှိ သစ်သား အဆောက်အအုံတစ်ခုဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
“ညလည်း နက်လှပြီ... အနားယူဖို့ အချိန်ရောက်ပြီပေါ့...”
“ဟုတ်ကဲ့ပါ ခရိုင်မင်းသမီး...” အစေခံမလေး ယွဲ့အာ က ခေါင်းညိတ် လိုက်သည်။
...
ဧက (၁၀၀) ခန့် ကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခု အတွင်း၌ ၊
ဤနေရာမှာ မိုဝမ်ရှီ က မြူခိုးဂိုဏ်း သားများအတွက် ယာယီ စီစဉ်ပေးထားသော နေရာ ဖြစ်ပေသည်။
ထိုနေရာသို့ ပြန်ရောက်သောအခါ အနားယူမည့်သူက နား၊ ကျင့်ကြံမည့်သူက ကျင့်ကြံနှင့် အားလုံး ကိုယ်စီ အလုပ်ရှုပ်နေကြတော့သည်။
ညအမှောင်အောက်တွင်၊
ယဲ့ဖုန်း လက်ကို ဆန့်ထုတ်လိုက်ရာ သူရဲကောင်း ဝိညာဉ်စွမ်းအား များက သူ့လက်ဖဝါးပေါ်တွင် ဝဲလည်နေသည်။
နောက်တစ်ခဏတွင် သူသည် လေထဲသို့ ပျံတက်သွား၏။
ယခင်ကမူ သူရဲကောင်း ဝိညာဉ်စွမ်းအား သည် သူ့ကို တိုက်ရိုက် မ,တင်နိုင်ခဲ့သဖြင့်၊ သူဝတ်ဆင်ထားသော သတ္တုဖိနပ်နှင့် ခါးပတ်များကို မ,တင်ခြင်းဖြင့်သာ ပျံသန်းခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ရွှေရောင် သူရဲကောင်း ဝိညာဉ်စွမ်းအား များသည် သူ့ခန္ဓာကိုယ်အပေါ် တိုက်ရိုက် သက်ရောက်နိုင်သည်ကို ယဲ့ဖုန်း တွေ့ရှိလိုက်ရတော့၏။
ထို့ကြောင့် အခန်းထဲတွင် ဘယ်သူမှ မရှိသည့်အချိန်၊ ဘာပစ္စည်းမှ မပါသည့်တိုင်အောင် သူသည် လေထဲတွင် မတ်မတ် ရပ်နေနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
“ဟဲဟဲ... ငါ နောက်ဆုံးတော့ ပျံသန်းနိုင်ပြီဟေ့...”
ယဲ့ဖုန်း အတိုင်းထက်အလွန် ဝမ်းသာသွားမိသည်။
...
နောက်တစ်နေ့ နံနက်တွင်၊
“ဂိုဏ်းချုပ်ယဲ့... ကျွန်မပါရှင်...”
တံခါးအပြင်ဘက်မှ ရင်းနှီးပြီး ဆွဲဆောင်မှုရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီအသံက... အကြီးအကဲ ဟုန်မုံ လား...”
ယဲ့ဖုန်း မျက်လုံးများကို ပွတ်သပ်ကာ နိုးထလာခဲ့သည်။ မျက်နှာသစ် သန့်စင်ပြီးနောက် တံခါးကို ဖွင့်လိုက်၏။
အပြင်ဘက်တွင် အနီရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး၊ အသက်အရွယ်က မဖုံးကွယ်နိုင်သော အလှတရားများကို ပိုင်ဆိုင်ထားသည့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရပ်နေသည်။
ဤအမျိုးသမီးမှာ အခြားသူမဟုတ်၊ မိုမင်ရှီ ၏ သူငယ်ချင်းဖြစ်သူ၊ ဂိုဏ်းချုပ် ခန်းမဆောင် မှ နိုင်ငံခြားရေး အကြီးအကဲ ဟုန်မုံ ပင် ဖြစ်သည်။ သူမသည် တစ်ချိန်က မြူခိုးဂိုဏ်း ကို ကြယ်တစ်ပွင့်အဆင့် သတ်မှတ်ချက်အတွက် တိတ်တဆိတ် စစ်ဆေးပေးခဲ့ဖူးသူလည်း ဖြစ်ပေသည်။
သူမ၏ မူလရုပ်သွင်မှာ ခရမ်းရောင် မျက်ဝန်း ဝိညာဉ် ယုန် တစ်ကောင် ဖြစ်ပေသည်။
“ဂိုဏ်းချုပ်ယဲ့... မတွေ့တာ ကြာပြီနော်... ရှင့်ရဲ့ ရုပ်ရည်က အရင်အတိုင်း ခန့်ညားနေတုန်းပဲ...” အကြီးအကဲ ဟုန်မုံ က ယဲ့ဖုန်း ကို နှုတ်ဆက်လိုက်သည်။
“ခန်းမသခင် လျူမင် နဲ့ မဟာအကြီးအကဲ တို့က ကျွန်မကို ရှင့်အတွက် လမ်းပြအဖြစ် ဆောင်ရွက်ပေးဖို့ ကိုယ်တိုင် စီစဉ်ပေးလိုက်တာပါ... ရှင့်မှာ သိချင်တာ ရှိရင် ကျွန်မကို အချိန်မရွေး မေးလို့ရပါတယ်ရှင်...”
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ...” ယဲ့ဖုန်း က ခေါင်းညိတ် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ရင်းနှီးပြီးသားဖြစ်သော အကြီးအကဲ ဟုန်မုံ လမ်းပြအဖြစ် ပါဝင်လာသဖြင့် ခရိုင်ဘုရင်မြို့တော် အတွင်း သွားလာရသည်မှာ ပိုမို လွယ်ကူသွားမည်မှာ အသေအချာပင်။
နတ်ဆိုးသတ်ဖြတ်ပွဲ နှင့် ပတ်သက်၍လည်း မသိနားမလည်သည်များ ရှိပါက သူမကို မေးမြန်းနိုင်သည် မဟုတ်ပါလား။
နာရီဝက်ခန့် ကြာပြီးနောက်၊
ယဲ့ဖုန်း နှင့် အကြီးအကဲ ဟုန်မုံ တို့သည် သစ်ပင်ရိပ်အောက်ရှိ ကျောက်စားပွဲတစ်ခုတွင် ထိုင်နေကြသည်။
“နတ်ဆိုးသတ်ဖြတ်ပွဲ က ဘယ်တော့လောက် တရားဝင် စတင်မှာလဲဗျ...” ယဲ့ဖုန်း မေးလိုက်သည်။
“နောက်ထပ် (၃) ရက်နေရင် စမှာပါရှင်...” အကြီးအကဲ ဟုန်မုံ က ပြန်ဖြေလိုက်၏။
“အဲဒီအချိန်ကျရင် အင်အားစု ဘယ်လောက်လောက် လာရောက် ပါဝင်ကြမှာလဲ... ပြီးတော့ နတ်ဆိုးသတ်ဖြတ်ပွဲ အတွင်းမှာ ဂိုဏ်းချုပ်တွေ၊ အကြီးအကဲတွေလို ဝါရင့် ကျင့်ကြံသူတွေရော ဝင်ရောက် တိုက်ခိုက်လို့ ရလား...” ယဲ့ဖုန်း က ဆက်မေးလိုက်သည်။
“ပထမဆုံး မေးခွန်းကို အရင် ဖြေပေးပါ့မယ်...”
“အခြေခံအားဖြင့်တော့ ပါဝင်ခွင့်ရထားတဲ့ အင်အားစုအားလုံး ရောက်လာကြမှာပါ... အားအနည်းဆုံး ဆိုရင်တောင် အဆင့်မြင့် ဂိုဏ်းတွေ ဖြစ်ပြီး၊ အများစုကတော့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေပါ... ဒါ့အပြင် ကြယ်နှစ်ပွင့်အဆင့် အင်အားစုတွေက ပါရမီရှင် အနည်းငယ်လည်း ပါဝင်ကြမှာပါ...”
“ကြယ်နှစ်ပွင့်အဆင့် အင်အားစု အားလုံး လာကြမှာလား...” ယဲ့ဖုန်း မေးလိုက်သည်။
“ဟုတ်ပါတယ်ရှင်...”
အကြီးအကဲ ဟုန်မုံ ခေါင်းညိတ်ပြလိုက်၏။
တောင်ပိုင်းမြစ်ဝှမ်း ဒေသ တွင် ကြယ်နှစ်ပွင့်အဆင့် အင်အားစု စုစုပေါင်း (၄) ခု ရှိပေသည်။ ၎င်းတို့မှာ ခရိုင်ဘုရင်မြို့တော်၊ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်၊ မြင့်မြတ်သော လေဓားဂိုဏ်း နှင့် ဓားဘုရင်ဂိုဏ်း တို့ပင် ဖြစ်ကြ၏။
ယဲ့ဖုန်း သည် ပထမ အင်အားစု (၃) ခုနှင့် အတော်အတန် ရင်းနှီးပြီးသား ဖြစ်သည်။
ဓားဘုရင်ဂိုဏ်း တစ်ခုသာလျှင် ခြွင်းချက် ဖြစ်နေခဲ့သည်။ ၎င်းသည် တောင်ပိုင်းမြစ်ဝှမ်း ဒေသ ၏ မြောက်ဘက်တွင် တည်ရှိပြီး မြို့တော် တည်ရှိရာ ဒေသနှင့် ကပ်လျက် ရှိနေသဖြင့် ယဲ့ဖုန်း အနေဖြင့် ထိုဂိုဏ်းနှင့် ထိတွေ့ဆက်ဆံမှု အလွန် နည်းပါးခဲ့ပြီး၊ ထိုဂိုဏ်းအကြောင်းကိုလည်း အနည်းငယ်သာ သိရှိထားခြင်း ဖြစ်သည်။
ယနေ့အထိ ယဲ့ဖုန်း မြင်ဖူးခဲ့သမျှမှာ ဓားဘုရင်ဂိုဏ်း ၏ တပည့်တစ်ဦး ဖြစ်သူ လော့ဟယ်တုန် တစ်ဦးတည်းသာ ရှိခဲ့ပေသည်။
“ဒုတိယ မေးခွန်းအတွက်ကတော့... ဂိုဏ်းချုပ်တွေ၊ အကြီးအကဲတွေလိုမျိုး ဝါရင့် မျိုးဆက်သစ်တွေက တိုက်ပွဲဝင်ခွင့် မရှိပါဘူး... အမှန်အတိုင်း ပြောရရင် ဒီ နတ်ဆိုးသတ်ဖြတ်ပွဲ ဆိုတာက တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးက မျိုးဆက်သစ် လူငယ်တွေအတွက် စမ်းသပ်ပွဲ တစ်ခုပါ... ဒါကြောင့် ဂိုဏ်းတပည့်တွေကိုပဲ ပါဝင်ခွင့် ပေးထားတာပါရှင်...” အကြီးအကဲ ဟုန်မုံ က ယဲ့ဖုန်း ၏ မေးခွန်းကို ဆက်လက် ဖြေကြားလိုက်သည်။
“ဒါပေမဲ့ အကယ်၍ မြေအောက်လိုဏ်ဂူ က မြေကမ္ဘာခြား မျိုးနွယ် တွေထဲက နတ်ဆိုးဗိုလ်ချုပ် အဆင့် အထွတ်အထိပ် သတ္တဝါတွေ ပေါ်လာရင်... မျိုးဆက်သစ် လူငယ်တွေချည်းပဲနဲ့ တကယ် တောင့်ခံနိုင်ပါ့မလား...” ယဲ့ဖုန်း အနည်းငယ် စိုးရိမ်သွားမိသည်။
မြူခိုးဂိုဏ်း ၏ အသန်မာဆုံး တပည့်မှာ မိုယင် ဖြစ်သည်။
သို့သော် သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) တွင်သာ ရှိသေး၏။
သူမ၏ အခြေခံမှာ ခိုင်မာပြီး စွမ်းအားကြီးမားလှသော်လည်း၊ အလွန်ဆုံးရှိမှ မြေကမ္ဘာခြား မျိုးနွယ် ၏ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇) ရှိသူနှင့်သာ ယှဉ်နိုင်မည် ဖြစ်ပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ် ရောက်နေသူများကိုမူ ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
“အဲဒီလိုလည်း မဟုတ်ပါဘူးရှင်...”
အကြီးအကဲ ဟုန်မုံ ခေါင်းခါပြလိုက်သည်။
“အတိတ်တုန်းကဆိုရင် မြေကမ္ဘာခြား မျိုးနွယ် တွေရဲ့ စွမ်းအားက တပည့်တွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်သွားတဲ့အခါ ခန်းမသခင် လျူမင် ကိုယ်တိုင် နှိမ်နင်းပေးခဲ့တာပါ... ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သခင်ကြီးလျူ က ဝင်ရောက် တိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူးလို့ ကြားရပါတယ်...”
“ဘာလို့လဲဗျ...” ယဲ့ဖုန်း နားမလည်နိုင် ဖြစ်သွားရ၏။
“ဓားဘုရင်ဂိုဏ်း ရဲ့ နံပါတ်တစ် အမွေခံတပည့် မှာ ကြောက်စရာ ကောင်းတဲ့ စွမ်းအားတွေ ရှိနေလို့ပါ... လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၅) ကို ရောက်နေပြီး၊ နတ်ဆိုးဗိုလ်ချုပ် အဆင့် အထွတ်အထိပ် ရောက်နေတဲ့ အလယ်အလတ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို တစ်ယောက်တည်း သတ်ဖြတ်နိုင်ခဲ့တာပါ... အခု ကောင်းကင်နှင်းရည်ရဲ့ ကောင်းချီးကို ရရှိပြီးနောက်မှာတော့ သူ့စွမ်းအားတွေက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းလာမှာ အသေအချာပါပဲ...”
အကြီးအကဲ ဟုန်မုံ က အားကျစိတ် အနည်းငယ်ဖြင့် ရှင်းပြလိုက်သည်။
“သူက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇) ကိုတောင် ချိုးဖျက်ပြီးနေလောက်ပြီ... ဒါဆိုရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ် ပညာရှင်တွေနဲ့တောင် တန်းတူ တိုက်နိုင်နေပြီလေ...”
“ဒီလောက်တောင် သန်မာတာလား...” ယဲ့ဖုန်း အံ့သြသွားမိ၏။
“အဲဒီလူမှာ အထွတ်အထိပ် အဆင့် ပါရမီ ရှိရုံတင်မကဘူး၊ ‘ဓားဘုရင် ကိုယ်ခန္ဓာ’ လို့ခေါ်တဲ့ ထူးခြားတဲ့ ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသေးတယ်... ဓားလမ်းစဉ် မှာ သူ့ရဲ့ ပါရမီက အင်မတန် မြင့်မားလှတော့ သူ့စွမ်းအားတွေ သန်မာနေတာက မဆန်းပါဘူးရှင်...” အကြီးအကဲ ဟုန်မုံ က ပြောလိုက်သည်။
“ကြည့်ရတာ မြင့်မြတ်သော လေဓားဂိုဏ်း က မူရူရွှယ် တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး ထင်တယ်...” ယဲ့ဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။
“မူရူရွှယ် က ငယ်သေးတာပါ... သူ့အရွယ်တူတွေနဲ့ နှိုင်းယှဉ်ရင်တော့ သူမက ဓားဘုရင်ဂိုဏ်း ရဲ့ နံပါတ်တစ် အမွေခံတပည့်ထက်တောင် အနည်းငယ် ပိုပြီးတော့ သန်မာပါသေးတယ်...” အကြီးအကဲ ဟုန်မုံ က အရေးကြီးသော သတင်းတစ်ခုကို ဖွင့်ဟလိုက်ပြန်သည်။
“မူရူရွှယ် က အဲဒီလောက်တောင် စွမ်းတာလား...” ယဲ့ဖုန်း အံ့သြသွားရသည်။
သူ မူရူရွှယ် နှင့် တွေ့ဆုံဖူးသည်။ သူမက သူ့ကို အကူအညီပင် တောင်းဖူးသေးသည် မဟုတ်ပါလား။ သူတို့နှစ်ဦး အကြိမ်အနည်းငယ် တွေ့ဖူးကြသည်။
မူရူရွှယ် သည် ကိုယ်ပိုင် ရည်မှန်းချက်နှင့် ခံယူချက် ပြင်းထန်သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ယဲ့ဖုန်း ရိပ်မိထားသည်။
သူမ၏ စွမ်းအားနှင့် ပတ်သက်၍မူ၊ မတိုက်ခိုက်ဖူးသဖြင့် သူလည်း မသိရှိပေ။
သို့သော် ယဲ့ဖုန်း ၏ အမြင်အရမူ သူသည် မူရူရွှယ် ကို လက်တစ်ဖက်တည်းဖြင့်ပင် ဖိနှိပ်ထားနိုင်သဖြင့်၊ သူတို့နှစ်ဦးကြားတွင်မူ နှိုင်းယှဉ်စရာ အခြေခံ မရှိလှပေ။
“မူရူရွှယ် ရော လာမလား မသိဘူးနော်...”
ထိုသို့ တွေးမိရင်း ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်မိသည်။
“ဒါတော့ ပြောရခက်ပါတယ်ရှင်...” အကြီးအကဲ ဟုန်မုံ က ခေါင်းခါပြလိုက်သည်။
...
ခရိုင်ဘုရင်မြို့တော် အတွင်းရှိ ရိုးရှင်းသေသပ်စွာ မွမ်းမံထားသော စံအိမ်ကြီး တစ်ခုတွင် ဖြစ်၏။
ကျိဝူရွှမ် တံခါးမှ ထွက်လာသည်။
ကောင်းကင်နှင်းရည် ၏ ကောင်းချီးကို ခံယူပြီးနောက် သူသည် အဆင့်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး၊ ယခုအခါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၂) သို့ ရောက်ရှိသွားကာ မြင့်မြတ်သော လေဓားဂိုဏ်း ၏ အမွေခံတပည့်သစ် တစ်ဦး ဖြစ်လာခဲ့တော့၏။
သူသည် သူ့ဘေးရှိ ချောမောသော လူငယ်ကို မော့ကြည့်လိုက်ပြီး လက်သီးဆုပ်ကာ ကပျာကယာ အရိုအသေပြုလိုက်သည်။
“အစ်ကိုကြီး ပိုင်ချွန်းဖုန်း ... အစ်ကိုကြီးက ပိုပြီးတော့တောင် အစွမ်းထက်လာပါလား...”
ပိုင်ချွန်းဖုန်း သည် မြင့်မြတ်သော လေဓားဂိုဏ်း ၏ ထိပ်တန်း အမွေခံတပည့် တစ်ဦး ဖြစ်၏။
မူရူရွှယ် ၏ ဓားကလေး ချီးမြှင့်ခြင်း အခမ်းအနားအတွင်း သူသည် သူမကို စိန်ခေါ်ခဲ့ဖူးသော်လည်း သူမ၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ရဖူးသည်။
ပြင်းထန်သော ကျင့်ကြံမှုများ ပြုလုပ်ပြီးနောက်၊ ပိုင်ချွန်းဖုန်း သည် ယခုအခါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်လုံးများ ဖွင့်လိုက်၊ ပိတ်လိုက်တိုင်းတွင် ထက်ရှသော ဓားအလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေပြီး၊ လူကို ထိုးဖောက်သွားနိုင်မည့် အရှိန်အဝါမျိုး ပေးစွမ်းနေပါ၏။
“ငါ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... မူရူရွှယ် ကိုတော့ ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး...” ပိုင်ချွန်းဖုန်း က ခေါင်းခါရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
မျိုးဆက်သစ် လူငယ်များကြားတွင်မူ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) ဆိုသည်မှာ သေချာပေါက် ထိပ်တန်း စံနှုန်းတစ်ခုပင် ဖြစ်သည်။
သို့သော်လည်း မူရူရွှယ် ၏ ဓားတစ်ချက်ကိုပင် သူ တားဆီးနိုင်မည် မဟုတ်ကြောင်း ပိုင်ချွန်းဖုန်း ကောင်းကောင်း သိရှိထားသည်။
တံခါးအပြင်ဘက်မှ အေးစက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာ၏။
“ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ အထင်မသေးစမ်းပါနဲ့... ဒါ မင်းရဲ့ ဟန်ပန် မဟုတ်ဘူးနော်...”
ထို့နောက် ကျက်သရေရှိသော လူပုံရိပ် (၅) ခုသည် ခြံဝင်းအတွင်းသို့ လှမ်းဝင်လာကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ အခြားသူမဟုတ်၊ ဓားကလေး မူရူရွှယ် ပင် ဖြစ်ပေသည်။
သူမ၏ နောက်တွင် အစေခံမလေး (၄) ဦး လိုက်ပါလာကြပြီး၊ သူမတို့သည်လည်း ကောင်းကင်နှင်းရည် ၏ အကူအညီဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) သို့ အသီးသီး တက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်သည်။
“နင် တကယ်ပဲ လာခဲ့တာလား...” ပိုင်ချွန်းဖုန်း က မူရူရွှယ် ကို အံ့သြတကြီးဖြင့် စိုက်ကြည့်လိုက်သည်။
“ဓားကလေး... ခင်ဗျား တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်ဘူးလား...” ကျိဝူရွှမ် သည်လည်း ပိုင်ချွန်းဖုန်း ကဲ့သို့ပင် အံ့သြတကြီး မေးလိုက်မိသည်။
“ငါ ကျင့်ကြံတာ ပြီးပြီလေ... ဒါ့အပြင် ငါ ဒီနေရာကို လာရတဲ့ အကြောင်းရင်းက လူတစ်ယောက်ကို ကိုယ်တိုင် သွားတွေ့ချင်လို့ပဲ...”
မူရူရွှယ် သည် ဂိုဏ်းချုပ် ခန်းမဆောင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ၊ သူမ၏ အကြည့်များတွင် မြင့်မားပြီး ခန့်ညားလှပသော လူပုံရိပ်တစ်ခု ပေါ်ထွက်လာလေသည်။
ထိုလူသည် သာမန်လူသားတစ်ဦးကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်တွင်မူ ကျော်လွှား၍ မရနိုင်သော မိုးမျှော်တောင်ကြီး တစ်လုံးပမာ ခံစားချက်ကို ပေးစွမ်းနေသူပင် ဖြစ်ချေတော့သည်။