← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂)- ဟင်းလင်းပြင် တံခါးပေါက် ကျယ်ပြန့်လာခြင်းနှင့် ကြွားလုံးထုတ်ဘုရင် ဧကရာဇ်တစ်ပိုင်း မော့စီ

~“ဒီခွေးသား ယဲ့ဖုန်း က ဘာလို့ အမြဲတမ်း မကျွတ်မလွတ်တဲ့ သရဲလို နောက်က တကောက်ကောက် ပါနေရတာလဲ...”

ကျူးယောင်ဖူ သည် မြေအောက်လိုဏ်ဂူ လမ်းကြောင်းထဲတွင် ပုန်းအောင်းနေရင်း တုန်တုန်ယင်ယင် ရေရွတ်လိုက်သည်။

ကြီးမားသော အခွင့်အလမ်း တစ်ခုကို မနည်း တွက်ချက်ဖော်ထုတ်ခဲ့သော်လည်း ခေါင်းပြူထွက်လိုက်သည်နှင့် သူ့အတွက် အိပ်မက်ဆိုးကြီးဖြစ်သော ယဲ့ဖုန်း နှင့် တိုးတော့သည် မဟုတ်ပါလား။

ယဲ့ဖုန်း သည် မြူခိုးများဖြင့် ဖုံးကွယ်ထားသော်လည်း ထိုခန့်ညားထည်ဝါသော ရုပ်ပုံလွှာကိုမူ ကျူးယောင်ဖူ တစ်ယောက် ပြာဖြစ်သွားလျှင်တောင် မှတ်မိနေချေဦးမည်။

“ဒီ သောက်ကျိုးနည်းနေရာမှာ ငါ တစ်စက္ကန့်တောင် ထပ်မနေဘူး...”

ကျူးယောင်ဖူ သည် သူလာခဲ့သော လမ်းကြောင်းအတိုင်း အမြန်ဆုံး ပြန်လည် တွားသွားတော့သည်။

သူ၏ တွက်ချက်မှုမှာ မမှားသော်လည်း ဤနေရာတွင် ယဲ့ဖုန်း ကို တွေ့လိုက်ရခြင်းက ကျူးယောင်ဖူ ၏ တစ်ကိုယ်လုံးကို မလုံမလဲ ဖြစ်သွားစေခဲ့၏။

ယဲ့ဖုန်း က သူ့ကို သတိမထားမိသေးသော်လည်း သူ ကြာကြာ မနေရဲပေ။

အကယ်၍သာ အမိခံလိုက်ရလျှင် သူ့ဘဝ ဇာတ်သိမ်းသွားပေလိမ့်မည်။

“အသက်ရှင်ရမယ်...”

“အန္တရာယ်ရှိတဲ့ နေရာတွေကို ငါ မသွားနိုင်ဘူး...”

ကျူးယောင်ဖူ သည် လက်နှင့် ခြေကို အစွမ်းကုန်သုံးကာ လမ်းကြောင်းအတွင်း အရှိန်အဟုန်ဖြင့် တွားသွားလေတော့၏။

*

စမ်းသပ်ကွင်း ၏ နောက်ဘက်ပိုင်းတွင်၊

မြေကမ္ဘာခြား မျိုးနွယ် မှ နတ်ဆိုးစစ်သည် အဆင့် သတ္တဝါ အတော်များများက ထိုလမ်းကြောင်းကို တွေ့ရှိသွားကြသည်။ သူတို့သည် အပေါက်ဝတွင် ခေါင်းကို စောင်းကာ နမ်းရှုံ့ကြည့်လိုက်ကြရာ ဆွဲဆောင်မှုရှိသော အနံ့တစ်ခုကို ရလိုက်ကြ၏။

“ဝူး...”

မျက်လုံးတစ်လုံးပါ နတ်ဆိုးဝံပုလွေတစ်ကောင်က စူးရှစွာ အော်ဟစ်လိုက်သည်။ နောက်တစ်ခဏတွင် နတ်ဆိုးစစ်သည် အဆင့် ဝံပုလွေ ဒါဇင်ပေါင်းများစွာ ပြေးဝင်လာကြပြီး လမ်းကြောင်းအတိုင်း လိုက်လံ တိုက်ခိုက်ကြလေတော့၏။

မကြာမီ နတ်ဆိုးဗိုလ်ချုပ် အဆင့်ရှိသော သတ္တဝါ အချို့လည်း ထိုလမ်းကြောင်းကို တွေ့သွားကြပြန်သည်။

သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေပြီး လမ်းကြောင်းအတိုင်း လိုက်ပါသွားကြရာ၊ အတွင်းဘက်ရှိ ကျူးယောင်ဖူ မှာမူ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ရင်း ထွက်ပြေးရလေတော့၏။

“ငါ ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲဟာ...”

ကျူးယောင်ဖူ သည် သူ့နောက်မှ လိုက်လာသော နတ်ဆိုးစစ်သည်များကိုပင် သတ်ရန် အချိန်မရချေ။

သူတို့ထက် အားနည်းနေ၍ မဟုတ်ဘဲ သူ ခေတ္တရပ်လိုက်သည်နှင့် နောက်ဘက်မှ လိုက်လာသော နတ်ဆိုးဗိုလ်ချုပ် များက သူ့ကို အမီလိုက်သွားနိုင်သောကြောင့်ပင်။

သူ့အသက်ကို ကယ်တင်ရန်အတွက် သူသည် အစွမ်းကုန် တွားသွားနေရရှာ၏။

ယဲ့ဖုန်း မှာမူ ကျူးယောင်ဖူ ဤနေရာသို့ ရောက်ရှိနေသည်ကို မသိရှိခဲ့ပေ။

သူသည် ကမ်းပါးယံ အစွန်းတွင် ရပ်လျက် စမ်းသပ်ကွင်း တစ်ခုလုံးကို စီးမိုးကြည့်နေသည်။

ယခုအချိန်အထိ ဟင်းလင်းပြင် တံခါးပေါက် (၁၀) ခု၏ နောက်ကွယ်မှ အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် စုစုပေါင်း (၆) ကောင် ထွက်ပေါ်လာခဲ့ပြီး အားလုံးမှာ အစွမ်းထက်ကြသူများ ဖြစ်ကြ၏။

သို့သော် ဓားဘုရင်ဂိုဏ်း ၏ ထိပ်တန်းတပည့် ကျန်းပိုင်ကော့ မှာမူ ထူးခြားသော တိုက်ခိုက်စွမ်းရည်ကို ပြသခဲ့ပြီး အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် (၄) ကောင်ကို တစ်ယောက်တည်း သုတ်သင်နိုင်ခဲ့သည်။

ကျန်ရှိသော နှစ်ကောင်ကိုမူ ပိုင်ချွန်းဖုန်း နှင့် မိုယင် တို့က အသီးသီး သတ်ဖြတ်နိုင်ခဲ့ကြ၏။

“ကျန်းပိုင်ကော့ က တဖြည်းဖြည်းနဲ့ ပိုပြီး သန်မာလာတာပဲနော်...”

မူရူရွှယ် က ကမ်းပါးယံ အစွန်းတွင် ရပ်လျက် တိုးညှင်းအေးစက်သော အသံဖြင့် ချီးကျူးလိုက်ခြင်းပါ။

သူမသည် အဆင့်တူချင်း တိုက်ခိုက်မည် ဆိုပါက ကျန်းပိုင်ကော့ ထက် မလျော့ဟု ယုံကြည်ထား၏။

သို့သော် လက်ရှိတွင် သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ကျန်းပိုင်ကော့ ကို မမီသေးသဖြင့် တကယ့် တိုက်ပွဲတွင်မူ သူမ အနှိပ်ကွပ် ခံရနိုင်ချေ ရှိပေသည်။

“မှန်ပါတယ်... ကျန်းပိုင်ကော့ ရဲ့ စွမ်းအားက တကယ့်ကို ထူးခြားတယ်... လောလောဆယ် မျိုးဆက်သစ်တွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ...”

ဟု မိုမင်ရှီ ကလည်း မှတ်ချက်ပြုလိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း သည် မိုမင်ရှီ ဘက်သို့ လှည့်ကြည့်လိုက်၏။

“မဟာမိတ်ခေါင်းဆောင်ငယ်... ခင်ဗျားရဲ့ ကျင့်ကြံခြင်းကလည်း မဆိုးပါဘူး... ခင်ဗျားလည်း ကျန်းပိုင်ကော့ ကို မယှဉ်နိုင်ဘူးလို့ ထင်နေတာလား...”

သူသည် မြူခိုးပါးပါးလေး လွှမ်းခြုံထားသဖြင့် အခြားသူများမှာ သူ့မျက်နှာအမူအရာကို မမြင်နိုင်ကြသလို သူ့မေးခွန်း၏ ဆိုလိုရင်းကိုလည်း ခန့်မှန်း၍ မရနိုင်ကြပေ။

“ကျွန်မရဲ့ ကျင့်ကြံခြင်း အဆင့်က မနိမ့်ပေမယ့်... တိုက်ခိုက်ရေးမှာတော့ သိပ်မကျွမ်းကျင်ဘူး... အဆင့်တူချင်း တိုက်ရင်တောင် ကျန်းပိုင်ကော့ ရဲ့ စွမ်းအားကို သိပ် မမီပါဘူး...”

မိုမင်ရှီ က အေးစက်စွာ ပြန်ဖြေလိုက်သည်။

သူမ၏ ဖခင်ဖြစ်သူက သူမကို ယဲ့ဖုန်း နှင့် နီးစပ်စေရန် အမြဲတမ်း တွန်းအားပေးနေသည်ကို သူမ သိသည်။

သို့သော် ရုတ်တရက် သူမ တစ်ခုခုကို သဘောပေါက်သွား၏။

ယဲ့ဖုန်း က အရမ်း သန်မာလွန်းနေသည် မဟုတ်ပါလား။

မူလကတော့ သူမသည် ယဲ့ဖုန်း နှင့် တော်တန်သည်ဟု ထင်ခဲ့ဖူးသည်။

သို့သော် ယခုမူ သူမသည် သူ့ကို ယှဉ်ရန်ပင် မထိုက်တန်တော့ဟု ခံစားလိုက်ရတော့၏။

ဘာပဲဖြစ်ဖြစ် သူက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ယောက်လေ။

သူမသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသော ပါရမီရှင်တစ်ဦးဟု အများက သတ်မှတ်ထားသော်လည်း ယခုအချိန်အထိ ဝိညာဉ်ပင်လယ်အဆင့် ကိုပင် မရောက်သေးချေ။ သူတို့နှစ်ဦးကြားက ကွာဟချက်မှာ မသေးလှပေ။

တစ်စုံတစ်ယောက်က မိုင်တစ်ရာခန့် အကွာရှိ ဟင်းလင်းပြင် တံခါးပေါက် ကို လက်ညှိုးညွှန်ကာ ကျယ်လောင်စွာ မေးလိုက်သည်။

“ဟိုမှာ ကြည့်စမ်း... ဟင်းလင်းပြင် တံခါးပေါက် နောက်ကနေ ထွက်လာတဲ့ မြေကမ္ဘာခြား မျိုးနွယ် အရေအတွက်က တော်တော်လေး နည်းသွားပြီပဲ... သူတို့တွေ ကြောက်သွားကြတာလား…”

လူအုပ်ကြီးသည် ထိုဘက်သို့ ပြိုင်တူ ရှုမျှော်ကြည့်လိုက်ကြ၏။

ထိုလူ ပြောသကဲ့သို့ပင် ဟင်းလင်းပြင် တံခါးပေါက် နောက်ကွယ်တွင် မြေကမ္ဘာခြား မျိုးနွယ် အနည်းငယ်သာ တိုးထွက်နေကြပြီး၊ အချို့မှာ ထွက်လာပြီးမှ ထူးဆန်းသော အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် တံခါးပေါက်ထဲသို့ အမြန် ပြန်ဝင်သွားကြသည်ကို တွေ့ရသည်။

“ဒါက ဂိုဏ်းချုပ်ယဲ့ စိုးရိမ်နေတဲ့ အချက်လား မသိဘူး...”

မိုဝမ်ရှီ က မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေမှာ သာမန် မဟုတ်ကြောင်း သူ ခံစားမိလိုက်တော့၏။

“ဖြစ်နိုင်တာပဲ...”

အခြားသူများသည်လည်း ယဲ့ဖုန်း မျက်မှောင်ကြုတ်ခဲ့သည်ကို သတိရသွားကြပြီး၊ သူသည် ယခုဖြစ်ပေါ်နေသော ထူးခြားမှုကို ကြိုတင် သိမြင်နေခဲ့ခြင်း ဖြစ်မည်ဟု ယူဆလိုက်ကြသည်။

‘ငါ... တကယ်ပဲ ဘာမှ မသိပါဘူး ဆို...’

ယဲ့ဖုန်း စိတ်ထဲတွင် ကူကယ်ရာမဲ့နေမိသည်။

သို့သော်လည်း သူသည် ဘာမှ မဖြစ်သကဲ့သို့သာ ဟန်ဆောင်နေလိုက်ရပြီး ထက်ရှသော ဓားတစ်စင်းပမာ မူလနေရာတွင် မလှုပ်မယှက် ရပ်နေလိုက်သည်။

သူ၏ တည်ငြိမ်သော အသွင်အပြင်ကို မြင်သောအခါ လူတိုင်း၏ တင်းမာနေသော စိတ်အာရုံများမှာ အနည်းငယ် ပြေလျော့သွားကြ၏။

“အားလုံးပဲ... စမ်းသပ်ကွင်းထဲက မြေကမ္ဘာခြား မျိုးနွယ် တွေကို သုတ်သင်ပြီးရင် ခေတ္တ အနားယူကြပါ... ကိုယ့်စွမ်းအားတွေကို နောက်ထပ်ပွဲအတွက် သိမ်းဆည်းထားကြပါဦး...”

လျူမင် က ကျယ်လောင်စွာ သတိပေးလိုက်သည်။ အောက်ဘက်ရှိ လူငယ်ကျင့်ကြံသူများမှာ အားကုန်သည်အထိ ဆက်လက် တိုက်ခိုက်နေမည်ကို သူ စိုးရိမ်သောကြောင့်ပင်။

“အရင် နောက်ဆုတ်ကြစို့... စွမ်းအားတွေ ပြန်ဖြည့်ရမယ်...”

“ငါလည်း ဒဏ်ရာတွေ ကုရဦးမယ်...”

အသိပေးချက်ကို ကြားသောအခါ ကျင့်ကြံသူ အများအပြားမှာ အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

ခုနလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် လူအများအပြား ဒဏ်ရာ ရရှိခဲ့ကြသည်။

ကံကောင်းသူများမှာ လက်နှင့် ခြေထောက်များသာ ပြတ်တောက်သွားကြသော်လည်း၊ ကံမကောင်းသူများမှာမူ နေရာမှာတင် အသက်ပျောက်ခဲ့ကြရသည်။

ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံခြင်း အဆင့် မြင့်မားသော ဂိုဏ်းချုပ် အဆင့် ပညာရှင်များ ရှိနေသဖြင့် ပြတ်ထွက်သွားသော အစိတ်အပိုင်းများကို အချိန်မီ ပြန်လည် ဆက်ပေးနိုင်ခဲ့ကြသည်။

“ဂိုဏ်းချုပ် ဦးလေး... ကျုပ်တို့ ပြန်လာပါပြီ...”

လီကျောက်ကျောက် သည် လက်နှစ်ဖက်တွင် ဓားများကို ကိုင်ဆောင်လျက် မိုယင်၊ ရှီလေ့ နှင့် အခြားသူများနှင့်အတူ ကမ်းပါးယံထိပ်သို့ ပြန်ရောက်လာသည်။

ယဲ့ဖုန်း လှမ်းကြည့်လိုက်ရာ သူ့တပည့်များမှာ ဖုန်တထောင်းထောင်းနှင့် ဒဏ်ရာ အချို့ ရရှိထားသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း ယန်ရူယွီ က အုပ်စုနှင့်အတူ အမြဲ ရှိနေခဲ့သဖြင့် အသက်အန္တရာယ် စိုးရိမ်ရသော တပည့်အချို့မှာမူ ကံကောင်းစွာဖြင့် အသက်ဆက်နိုင်ခဲ့ကြသည်။

ယန်ရူယွီ ကဲ့သို့ ကုသပေးနိုင်သူ မရှိသော ဂိုဏ်းများမှာမူ ကံမကောင်းကြရှာပေ။

မကြာမီ တပည့်များသည် သူတို့၏ လိုအပ်သော ပစ္စည်းများကို ပြန်လည် ဖြည့်တင်းလိုက်ကြသည်။

ယခုအခါ မြူခိုးဂိုဏ်း တပည့်တိုင်းသည် ဒုတိယ ချီပင်လယ် ကို ကျင့်ကြံထားကြသဖြင့် တိုက်ပွဲတွင် ဇွဲကောင်းနေကြသည်။

စွမ်းအား အကုန်အကျ ခံနိုင်မှုတွင်မူ သူတို့က အသာစီး ရနေသည် မဟုတ်ပါလား။

မကြာမီ အခြားသူများလည်း ပြန်လည် လန်းဆန်းလာကြသည်။

လူအုပ်ကြီးကြားတွင် ဖြစ်သည်။

တုန်းချန် သည် လျူယွင်ဂိုဏ်း ခေါင်းဆောင်များ၏ နောက်ကွယ်တွင် ခေါင်းငုံ့ကာ ရပ်နေပြီး မည်သူမျှ သတိမထားမိအောင် နေနေ၏။

“သောက်ကျိုးနည်း... ယဲ့ဖုန်း က တကယ်ပဲ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ဖြစ်နေတာလား... ငါ တကယ် တွက်ချက်မှု မှားသွားတာပဲ...” နတ်ဆိုးဘုရင် ဟူယွမ် က တိုးတိုးလေး ကျိန်ဆဲလိုက်သည်။

“ဒီကောင်က ငါ့ရဲ့ အတိတ်က စွမ်းအားထက်တောင် မလျော့တဲ့ မဟာတန်ခိုးရှင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ဒါက နည်းနည်းတော့ ခက်ခဲသွားပြီ...” တုန်းတုန်းချန် ကလည်း စိုးရိမ်တကြီး ပြောလိုက်သည်။

ထိုနှစ်ယောက်၏ စကားကို ကြားသောအခါ တုန်းချန် မှာ တိတ်ဆိတ်နေသည်။

သူကတော့ ယဲ့ဖုန်း နှင့် ရန်သူ မဖြစ်ချင်ဘူးဟု အမြဲတမ်း ပြောခဲ့သည် မဟုတ်ပါလား။

ယခုတော့ သူ့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြလိုက်တော့၏။ သူ့ဝိညာဉ်အသိပင်လယ် ထဲတွင် ပုန်းအောင်းနေပြီး ယဲ့ဖုန်း ကို အမြဲတမ်း အထင်သေးခဲ့ကြသော ဟူယွမ် နှင့် တုန်းတုန်းချန် တို့မှာမူ သတိမမူခဲ့ကြပေ။

‘ငါက ငကြောက် ဖြစ်နေလို့ တော်သေးတာပေါ့... မဟုတ်ရင် ဂိုဏ်းချုပ်ယဲ့ နဲ့ ရန်သူဖြစ်မိပြီး အခုဆိုရင် သေနေလောက်ပြီ...’ တုန်းချန် စိတ်ထဲမှ စိတ်သက်သာရာ ရနေမိသည်။

“ဝုန်း...”

ထိုအချိန်တွင် မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။

ဟင်းလင်းပြင် တံခါးပေါက် (၁၀) ခုသည် စတင် တုန်ခါလာပြီး နောက်တစ်ခဏတွင် တံခါးပေါက်များ နောက်ကွယ်မှ ရှေးကျသော ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာတော့သည်။

“ဝှစ်...”

စမ်းသပ်ကွင်းအတွင်း လဲလျောင်းနေသော မြေကမ္ဘာခြား မျိုးနွယ် များ၏ အလောင်းများမှာ စတင် တုန်ခါလာကြပြီး သွေးများ ပြန်လည် စီးထွက်လာကြ၏။

“ဝီ...”

နတ်ဆိုးသွေးများသည် လေထဲတွင် စုစည်းသွားကြပြီးနောက် ကမ်းပါးယံ ကျောက်နံရံများထဲသို့ စိမ့်ဝင်သွားကြရာ၊ ဟင်းလင်းပြင် တံခါးပေါက် (၁၀) ခုမှာ ဖောက်ပြန်ပြောင်းလဲသွား၏။ ၎င်းတို့က လျင်မြန်စွာ အရွယ်အစား ကြီးမားလာကာ တစ်ခုနှင့် တစ်ခု နီးကပ်လာကြသည်။

“ဒုက္ခပဲ...”

“မြေကမ္ဘာခြား မျိုးနွယ် တွေထဲမှာ ဒီ နတ်ဆိုးသွေး တွေကို အဝေးကနေ ထိန်းချုပ်ပြီး ဟင်းလင်းပြင် တံခါးပေါက် တွေကို အတင်းအဓမ္မ ပေါင်းစည်းပစ်နေတဲ့ ပညာရှင်တွေ ရှိနေတာပဲ... အောင်မြင်သွားရင်တော့ မြေကမ္ဘာခြား မျိုးနွယ် တွေထဲက အစွမ်းထက်တဲ့ သူတွေ ပေါ်လာတော့မှာ သေချာတယ်...”

နဂါးပြာဘုရင် က မူမမှန်မှုကို သတိပြုမိသွားပြီး ကပျာကယာ အော်ဟစ်လိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ကျုပ်တို့ အခုပဲ ဝင်ရောက် တိုက်ခိုက်ပြီး ဟင်းလင်းပြင် တံခါးပေါက် တွေ ပေါင်းစည်းမှုကို ဖိအားနဲ့ ရပ်တန့်ပစ်ရမလားဗျ...” လျူမင် က သူ့ဘေးရှိ ယဲ့ဖုန်း ကို လှမ်းကြည့်ကာ မေးလိုက်ခြင်းပါ။

အခြားသူများလည်း ထိုအသံကို ကြားသောအခါ ယဲ့ဖုန်း ကိုသာ အဓိက အားကိုးရာ တစ်ခုပမာ ဝိုင်းကြည့်လိုက်ကြသည်။

ယဲ့ဖုန်းက ချက်ချင်း ပြန်မဖြေခဲ့ပေ။

သူသည် ဂိုဏ်းချုပ် ခန်းမဆောင် မှ လူများ၏ စိုးရိမ်မှုကို အကဲခတ်ကြည့်ရာ၊ ဟင်းလင်းပြင် တံခါးပေါက် များ အပြည့်အဝ ပေါင်းစည်းသွားလျှင်ပင် ကြီးမားသော အသက်အန္တရာယ် မရှိနိုင်ကြောင်း ရိပ်မိလိုက်သည်။

ထို့ကြောင့် တည်ငြိမ်စွာ ပြောလိုက်၏။

“ကိစ္စသေးလေးပါဗျာ... ဘာမှ စိုးရိမ်မနေကြပါနဲ့...”

“တကယ်ပဲ ကိစ္စသေးလေးလား...” လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မူလနတ်ဘုရား အဆင့် ရှိသူအတွက်တော့ ကိစ္စသေးလေး ဖြစ်နိုင်သော်လည်း သူတို့အတွက်မူ ၎င်းသည် ကြောက်မက်ဖွယ် ကပ်ဘေးကြီး တစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။

လူအုပ်ကြီး စိုးရိမ်နေစဉ်မှာပင် ဟင်းလင်းပြင် တံခါးပေါက် များမှာ အပြည့်အဝ ပေါင်းစည်းသွားခဲ့ပြီး ရွှေအိုရောင်သို့ ပြောင်းလဲသွား၏။

ထိုအတွင်းဘက်မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါ (၃) ခု ထိုးထွက်လာသည်။

အလယ်အလတ် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များ၏ ဖိအားမှာ ချက်ချင်းပင် သိပ်သည်းသွား၏။ သမုဒ္ဒရာကြီးပမာ ကျယ်ပြောလှသဖြင့် စမ်းသပ်ကွင်း တစ်ခုလုံးကို တုန်ခါသွားစေကာ၊ လျူမင် နှင့် မိုဝမ်ရှီ တို့ကဲ့သို့သော သူများပင် မျက်နှာထား လေးနက်သွားရသည်။

“အလယ်အလတ် နတ်ဆိုးဘုရင် (၃) ကောင် ပါလား...”

ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် မျက်နှာထား တင်းမာသွားကြပြီး သူတို့၏ ဝိုင်ခွက်များကို ချကာ ဝိညာဉ်လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြခြင်း ဖြစ်ပေသည်။

“ဟဲဟဲဟဲ...”

“မူလနတ်ဘုရား အဆင့် နတ်ဆိုးဧကရာဇ် တစ်ယောက်တောင် မရှိဘူးလား... ဒီကမ္ဘာကတော့ အရင်အတိုင်းပဲ အားနည်းနေတုန်းပါပဲလား...”

“ဧကရာဇ်တစ်ပိုင်းကို ဆင့်ခေါ်ဖို့ ပြင်ကြစမ်း...”

ထို အလယ်အလတ် နတ်ဆိုးဘုရင် (၃) ကောင် ပေါ်လာသည်နှင့် သူတို့၏ ဝိညာဉ်အသိ ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ကြ၏။ ထို့နောက်၊ လျူမင်၊ ဘိုးဘေးနင် နှင့် ဓားဘုရင်ဂိုဏ်း မှ အထွတ်အထိပ် အကြီးအကဲ တို့ကဲ့သို့သော ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များကို ကြည့်ကာ မထီမဲ့မြင် လှောင်ပြောင်လိုက်ကြ၏။

သူတို့သည် ယဲ့ဖုန်း နှင့် ဂိုဏ်းစောင့် ဟူဖေးဖေး တို့ကို လုံးဝ လျစ်လျူရှုထားသည်ကို မြင်သောအခါ လူအုပ်ကြီးမှာ အချင်းချင်း ပြန်ကြည့်လိုက်မိကြသည်။

‘ကြည့်ရတာ ဒီ နတ်ဆိုးဘုရင် (၃) ကောင်က မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် နှစ်ယောက်ဖြစ်တဲ့ ဂိုဏ်းချုပ်ယဲ့ နဲ့ ဂိုဏ်းစောင့် ဟူဖေးဖေး တို့ရဲ့ အရှိန်အဝါကို အာရုံမခံနိုင်ကြဘူး ထင်တယ်... ဒီမှာ ငါတို့လို သာမန် ကျင့်ကြံသူတွေပဲ ရှိတယ်လို့ သူတို့ ထင်နေကြတာပဲ...’

လျူမင် က တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအခါ လူတိုင်းမှာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။

ဧကရာဇ်တစ်ပိုင်း ဆိုသည်မှာ မဟာရိုသေလေးစားရသူ တစ်ပိုင်း နှင့် ညီမျှသည်။

ဆိုလိုသည်မှာ ထို နတ်ဆိုးဘုရင် (၃) ကောင်သည် ထိုအဆင့်ရှိသော မြေကမ္ဘာခြား မျိုးနွယ် ပညာရှင်တစ်ဦးကို ဆင့်ခေါ်ရန် ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။ အတိတ်က နတ်ဆိုးသတ်ဖြတ်ပွဲ များတွင်ဆိုလျှင် ထိုကဲ့သို့သော ရန်သူမျိုးကို ခရိုင်ဘုရင် ကိုယ်တိုင် နှိမ်နင်းမှသာ ရပေလိမ့်မည်။

‘ဒါပေမဲ့ အခုတော့ ငါတို့မှာ ဂိုဏ်းချုပ်ယဲ့ ရှိနေပြီလေ။

ဧကရာဇ်တစ်ပိုင်း လောက်ကတော့ ဒီကိုလာတာ သေတွင်းကို လာတာနဲ့ အတူတူပဲ။’

ထိုသို့ တွေးမိသည်နှင့် လူတိုင်းမှာ ခါးကို မတ်လိုက်ကြပြီး မျက်လုံးများတွင် အထင်သေးသော အရိပ်အယောင်များ ပြည့်နှက်သွား၏။

ယဲ့ဖုန်း မှာမူ လှုပ်ရှားခြင်း မရှိသေးပေ။

သို့သော် ဂိုဏ်းစောင့် ဟူဖေးဖေး မှာမူ တိုက်ခိုက်ချင်စိတ်ဖြင့် လက်ယားနေပုံရသည်။

စမ်းသပ်ကွင်း ၏ နောက်ဘက်ပိုင်းတွင်မူ၊

အလယ်အလတ် နတ်ဆိုးဘုရင် (၃) ကောင်သည် သူတို့၏ နဖူးပေါ်သို့ လက်ညှိုးတစ်ချောင်းစီ တင်လိုက်ကြပြီး နတ်ဆိုးသွေးများကို ထုတ်ယူကာ လေထဲတွင် ထူးခြားသော အလင်းဝင်္ကပါတစ်ခုကို ရေးဆွဲလိုက်ကြသည်။

ထို့နောက် ချက်ချင်းပင် မီတာ (၃) မီတာကျော် မြင့်သည့် မျက်လုံးတစ်လုံးပါ ကြွက်သားအမြောင်းမြောင်းနှင့် အမျိုးသားတစ်ဦးသည် ထိုအလင်းဝင်္ကပါထဲမှ လမ်းလျှောက်ထွက်လာ၏။

လက်ထဲတွင် ဧရာမ ပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထား၏။

သူသည် သူ့ပုဆိန်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေပြင်းများ တိုးထွက်လာပြီး စမ်းသပ်ကွင်း တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။

“ငါက မြေအောက်လိုဏ်ဂူ ဘုရင် ရဲ့ ဒုတိယအဆင့် ပုဂ္ဂိုလ်... ဧကရာဇ်တစ်ပိုင်း

မော့စီ ပဲ...”

ထိုလူသန်ကြီး၏ မျက်နှာထားမှာ အေးစက်နေပြီး သူ့ထံမှ ချောက်ကမ္ဘာကြီးပမာ နက်ရှိုင်းလေးလံသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် လူတိုင်း၏အပေါ်သို့ ပြိုကျနေသော တောင်ကြီးတစ်လုံးပမာ သက်ရောက်သွားပြီး ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။

သို့သော်လည်း လူအုပ်ကြီးမှာမူ ကြောက်ရွံ့ခြင်း အလျဉ်း မရှိကြပေ။

“ဟင်...”

ကြွားလုံးထုတ်ဘုရင် ဧကရာဇ်တစ်ပိုင်း

မော့စီ မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

မြေပြင်ပေါ်ရှိ လူသားမျိုးနွယ်များ၏ အမူအရာမှာ တစ်ခုခု ထူးခြားနေသည်ကို သူ သတိထားမိလိုက်၏။

သူတို့ထဲတွင် အဆင့်မြင့် နတ်ဆိုးဘုရင် အဆင့်ရှိသော ပညာရှင် တစ်ယောက်မှ မရှိပါဘဲနှင့်၊ အားလုံးက ဘာလို့ ဒီလောက် တည်ငြိမ်နေကြရတာလဲ။

အချို့ဆိုလျှင် မျက်လုံးထဲမှာ အထင်သေးသော အရိပ်အယောင်တွေတောင် ပါနေသေးသည်လေ။

နတ်ဆိုးဘုရင် တစ်ကောင်က ဖားလိုက်သည်။

“ဧကရာဇ်တစ်ပိုင်း

မော့စီ... အရှင့်ရဲ့ ဘုန်းတန်ခိုးက စကြာဝဠာ တစ်ခုလုံးကို တုန်ခါသွားစေနိုင်တာပဲ... ဟို လူသားမျိုးနွယ် ပညာရှင်တွေက အရှင့်ကို ကြည့်ပြီး ကြောက်လွန်းလို့ ကြောင်အသွားကြတာ ဖြစ်မှာပါ... ဒါကြောင့် ဘာမှ မလုပ်နိုင်ဘဲ ရပ်နေကြတာပေါ့...”

“ဟုတ်ပါတယ်... ဧကရာဇ်တစ်ပိုင်း

မော့စီ... အရှင်မင်းကြီး ရဲ့ ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါနဲ့ဆိုရင် ဒီလောကမှာ ယှဉ်နိုင်မယ့်သူ မရှိပါဘူး... အရှင်မင်းကြီး ရဲ့ ဦးဆောင်မှုအောက်မှာ ကျုပ်တို့ မြေပြင်ပေါ်ကို တက်လှမ်းမယ်... ဌာနခွဲအသစ် တည်ထောင်မယ်... ပြီးရင် ဒီကမ္ဘာကြီးကို တဖြည်းဖြည်း သိမ်းပိုက်ကြတာပေါ့...”

ကျန်ရှိသော နတ်ဆိုးဘုရင် နှစ်ကောင်လည်း အတိုင်းထက်အလွန် ကျေနပ်နေကြသည်။

သူတို့သည် အစောပိုင်းက နတ်ဆိုးဗိုလ်ချုပ်များနှင့် နတ်ဆိုးစစ်သည်များကို အလုံးအရင်းဖြင့် စေလွှတ်ခဲ့ခြင်းမှာ မြေပြင်ကို သိမ်းပိုက်ရန် မဟုတ်ဘဲ သေခိုင်းရန် သက်သက်သာ ဖြစ်လေသည်။

နတ်ဆိုးသွေးများ အလုံအလောက် ရရှိမှသာ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသက်သွင်းနိုင်မည် မဟုတ်ပါလား။

ယခုမူ သူတို့ အောင်မြင်သွားကြပြီ ဖြစ်၏။ အလယ်အလတ် နတ်ဆိုးဘုရင် (၃) ကောင်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်တစ်ပိုင်းတို့သည် ပြိုင်ဘက်ကင်းသည့် အရှိန်အဝါများဖြင့် ဆင်းသက်လာခဲ့ကြလေပြီ။ ယခုအခါ သူတို့သည် စစ်မြေပြင်ကို သိမ်းပိုက်မည့် တကယ့် အောင်နိုင်သူများ ဖြစ်လာကြတော့မည်။

ထိုစဉ်၊ ဧကရာဇ်တစ်ပိုင်း

မော့စီ က အေးစက်စွာ ရယ်ရင်း ပြောလိုက်သည်။

“လူသားမျိုးနွယ် ဆိုတာ ပုရွက်ဆိတ်လေးတွေလို အားနည်းလွန်းပါတယ်... ငါ ကိုယ်တိုင် လှုပ်ရှားဖို့တောင် မလိုပါဘူး... မင်းတို့ (၃) ယောက်ထဲက တစ်ယောက်ယောက်က တိုက်လိုက်ရင်တောင် ဒီ လူသား ကျင့်ကြံသူတွေ အကုန် အပိုင်းပိုင်း ပြတ်ကုန်မှာပါ...”

သူသည် ခေါင်းမော့လိုက်ပြီး ကမ်းပါးယံထိပ်ရှိ ကျင့်ကြံသူ သောင်းနှင့်ချီသော လူအုပ်ကြီးကို လှမ်းကြည့်ကာ၊ လျှာဖြင့် နှုတ်ခမ်းကို သပ်ရင်း ထိုလူသားများကို မည်သို့ အရုပ်ကစားရမလဲဟု စဉ်းစားနေ၏။

*

ကမ်းပါးယံ အစွန်းတွင်မူ…

လူတိုင်းမှာ ဧကရာဇ်တစ်ပိုင်း

မော့စီ နှင့် သူ့လူများ၏ ကြွားလုံးထုတ်သံများကို ကြားနေရသဖြင့် ရယ်ချင်စိတ်ကို မနည်း အောင့်ထားကြရသည်။

“ကြည့်ရတာ ဂိုဏ်းချုပ်ယဲ့ က ဒီ မြေကမ္ဘာခြား မျိုးနွယ် တွေရဲ့ ဟာသတွေကို ကြည့်ချင်လို့ သူ့အရှိန်အဝါကို တမင် ဖုံးကွယ်ထားတာ ဖြစ်မယ်...”

လျူမင် က ရုတ်တရက် သဘောပေါက်သွားသော မျက်နှာထားဖြင့် ပြောလိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ဘယ်တော့လောက် လှုပ်ရှားမှာလဲဗျ...”

“ဂိုဏ်းချုပ်ယဲ့... ခဏလောက် ထပ်စောင့်ပါဦး... ဒီ မြေကမ္ဘာခြား မျိုးနွယ် တွေရဲ့ ကြွားလုံးတွေကို ကျုပ်တို့ ထပ်နားထောင်ချင်သေးတယ်ဗျာ...”

ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် အပြန်အလှန် မျက်စိတစ်မှိတ် ပြလိုက်ကြ၏။

သူတို့ထဲမှ အချို့မှာ အသံနှင့် ပုံရိပ်ကို မှတ်တမ်းတင်နိုင်သော အထူး ဝိညာဉ်လက်နက် များကို ထုတ်ယူလိုက်ကြပြီး၊ နောက်ပိုင်းတွင် အပျော်ဖတ် သတင်းများအဖြစ် အသုံးပြုရန် ပြင်ဆင်လိုက်ကြသည်။

ယဲ့ဖုန်း မှာမူ ကမ်းပါးယံ အစွန်းတွင် ထူးဆန်းသော မျက်နှာထားဖြင့် ရပ်နေသည်။

ဧကရာဇ်တစ်ပိုင်း

မော့စီ နှင့် သူ့အဖွဲ့သည် လက်ဖျားနဲ့တောင် မတိုက်ရသေးဘဲ၊ အနာဂတ်မှာ ရမယ့် အောင်မြင်မှုတွေကို အခုကတည်းက ကြွားလုံးထုတ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ခဏတာမျှ ယဲ့ဖုန်း လည်း တိတ်ဆိတ်သွားရသည်။

သူလည်း ဒီ ကြွားလုံးထုတ်ဘုရင် တွေရဲ့ စကားတွေကို ဆက်နားထောင်ချင်နေမိသည် မဟုတ်ပါလား။

ထိုအချိန်တွင် ကြွားလုံးထုတ်ဘုရင် ဧကရာဇ်တစ်ပိုင်း

မော့စီ က ထပ်မံ ပြောကြားလိုက်ပြန်၏။

“အထက်က လူသားတွေ နားထောင်ကြစမ်း... ငါ မင်းတို့ကို လက်နက်ချဖို့ အခွင့်အရေး ပေးမယ်...”

“ငါ့ရှေ့မှာ ဒူးထောက်ပြီး အကြိမ် (၁၀၀) ဂါရဝပြုနိုင်တဲ့ သူကို... ငါက ဝန်လေးပေမယ့်လည်း ငါ့လက်အောက်က စစ်သူကြီး တစ်ယောက်အဖြစ် ခန့်အပ်ပေးမယ်...”

သူ့အသံမှာ စွမ်းအားများ ပြည့်နှက်နေပြီး စမ်းသပ်ကွင်း တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ထိုစကားကို ကြားသောအခါ ဘိုးဘေးနင် နှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခပ်ပြုံးပြုံး ဖြစ်နေကြတော့သည်။

ဒီ ဧကရာဇ်တစ်ပိုင်း

မော့စီ ကတော့ မျက်နှာပြောင်လှချေလား။

“ဘာဖြစ်တာလဲ... အားလုံး ကြောက်လွန်းလို့ ကြောင်သွားကြတာလား...”

မည်သူမျှ ရှေ့ထွက်မလာသည်ကို မြင်သောအခါ ဧကရာဇ်တစ်ပိုင်း

မော့စီ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့၏ ဘုန်းတန်ခိုးကို စိန်ခေါ်ခံနေရသည်ဟု သူ ခံစားလိုက်ရသောကြောင့်ပင်။

“မြေအောက်လိုဏ်ဂူ ကမ္ဘာ မှာ ငါက နယ်မြေတစ်ခုကို အုပ်စိုးထားသူပဲ... ငါ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ တောင်တွေကို ဖြိုနိုင်တယ်၊ မြေကြီးကို ခွဲနိုင်တယ်... ငါ့လက်အောက်က စစ်သူကြီး ဖြစ်ခွင့်ရတာဟာ မင်းတို့ ဘဝပေါင်း ရာချီအောင် ကုသိုလ်ထူးခဲ့လို့ပဲ... ဒီအခွင့်အရေးကို လက်မလွှတ်စမ်းနဲ့...”

စကားပြောနေစဉ်မှာပင် ဧကရာဇ်တစ်ပိုင်း

မော့စီ သည် ကမ်းပါးပေါ်ရှိ ကျင့်ကြံသူများမှာ မတုန်မလှုပ် ရှိနေဆဲ ဖြစ်သည်ကို သတိထားမိလိုက်သည်။

“ခစ်...” တစ်စုံတစ်ယောက်က နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ရယ်ချလိုက်လေတော့၏။

“သေစမ်း... ငါ့ကို လှောင်ရဲတယ်ပေါ့လေ... မင်းတို့အားလုံးကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်မယ်...”

ဧကရာဇ်တစ်ပိုင်း

မော့စီ စိတ်တိုသွားတော့၏။ သူသည် ပုဆိန်ကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး သမုဒ္ဒရာကြီးပမာ ကျယ်ပြောလှသော ကြောက်မက်ဖွယ် အရှိန်အဝါများကို စတင် စုစည်းလိုက်သည်။

မဟာရိုသေလေးစားရသူ တစ်ဦးနီးပါး ရှိသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး စမ်းသပ်ကွင်း တစ်ခုလုံးကို လွှမ်းမိုးသွား၏။

ဘိုးဘေးနင် နှင့် လျူမင် တို့ပင်လျှင် မျက်နှာထား လေးနက်သွားကြပြီး၊ မြူခိုးများကြားတွင် ဖုံးကွယ်နေသော ယဲ့ဖုန်း ရှိရာဘက်သို့ တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

“ဂိုဏ်းချုပ်ယဲ့...”

တစ်စုံတစ်ယောက်က ယဲ့ဖုန်း လှုပ်ရှားပေးရန် မျှော်လင့်ချက်ဖြင့် လှမ်းအော်လိုက်၏။

“အမှန်အတိုင်း ပြောရရင်တော့... ဒီ ကြွားလုံးထုတ်ဘုရင် ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ကျုပ်က နည်းနည်းလောက် ထပ်နားထောင်ချင်သေးတာဗျ...”

ယဲ့ဖုန်း က တိုးညှင်းစွာ ပြောလိုက်သည်။ သူ့လေသံမှာ အနည်းငယ် နှမြောတသ ဖြစ်နေသည့်ဟန်ပင်။

စကား အဆုံး၌၊ သူသည် ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲမှနေ၍ အောက်သို့ ဖိချလိုက်သည့်ဟန် ပြုလုပ်လိုက်၏။

“ဝုန်း...”

ကြွားလုံးထုတ်ဘုရင် ဧကရာဇ်တစ်ပိုင်း

မော့စီ သည် ပုဆိန်ကို မြှောက်ကာ ကောင်းကင်သို့ ထိုးတက်သွားစဉ်မှာပင်၊ သူ့အပေါ်သို့ ကျရောက်လာသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် မြေအောက်လိုဏ်ဂူ ဘုရင် နှင့် ရင်ဆိုင်ရချိန်ကထက်ပင် ပိုမို ကြောက်စရာ ကောင်းလှပေ၏။

“အမေရေ့... ဒီမှာ မူလနတ်ဘုရား အဆင့် ရှိနေတာလား...”

ဤသည်ကား ကြွားလုံးထုတ်ဘုရင် ဤလောကတွင် နောက်ဆုံး ပြောကြားခဲ့သော စကားပင် ဖြစ်ပေတော့သည်။

စကားဆုံးသည်နှင့် ရွှေရောင် လက်ဝါးပုံရိပ်ကြီးတစ်ခုက သူ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်ရာ၊ သူ့ခန္ဓာကိုယ်မှာ ပြာအဖြစ် လွင့်စဉ်သွားပြီး သူ မနည်း စုစည်းထားခဲ့သော ဝိညာဉ်အရိပ်ပင်လျှင် အစပျောက် ချေမှုန်းခံလိုက်ရလေတော့သည်။

“ဒါ... ဒါ... ဒါက...”

ကျန်ရှိနေသော အလယ်အလတ် နတ်ဆိုးဘုရင် (၃) ကောင်မှာမူ စကားပင် မပြောနိုင်တော့ဘဲ၊ မျက်လုံးများ ပြူးကျယ်လျက် တစ်ကိုယ်လုံး အေးစိမ့်သွားကြလေတော့၏။

အခန်း (၄၁၃)- စမ်းသပ်ပွဲ ပြီးဆုံးခြင်းနှင့် သွေးနတ်ဆိုး ခန်းမဆောင် ပင်မဌာနချုပ်၏ သတင်းစကား

~မိမိ၏ မူလဝိညာဉ်အား ဝိညာဉ်အရိပ်အဖြစ် စုစည်းထားနိုင်သော မဟာသူတော်စင် တပိုင်း အဆင့်ရှိ ဧကရာဇ်တစ်ပိုင်း

မော့စီ မှာ ဤကဲ့သို့ပင် လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခြင်း ခံလိုက်ရလေသလော။

အလယ်အလတ် နတ်ဆိုးဘုရင် (၃) ကောင်မှာ အစပိုင်းတွင် ကြောင်အသွားကြသော်လည်း၊ နောက်တစ်ခဏတွင်တော့ သူတို့၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

သူတို့သည် မူလနေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေမိကြပြီး၊ ကမ်းပါးယံ အစွန်းမှ လက်လှမ်းထုတ်နေသော ပုံရိပ်ကို မော့ကြည့်လိုက်ကြရာ ထိုပုဂ္ဂိုလ်မှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ဦး ဖြစ်ကြောင်း သဘောပေါက်သွားကြတော့၏။

“သောက်ကျိုးနည်း... ဒီမှာ မူလနတ်ဘုရား အဆင့် ရှိနေတာလား...”

ထို (၃) ကောင်စလုံးမှာ ဧကရာဇ်တစ်ပိုင်း

မော့စီ နောက်ဆုံး ပြောသွားသော စကားကိုပင် ထပ်မံ ရေရွတ်လိုက်ကြပြီးနောက် ကိုယ်လွတ်ရုန်း ထွက်ပြေးရန် ပြင်လိုက်ကြကုန်၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ရွှေရောင် လက်ဝါးပုံရိပ် (၃) ခုမှာ ကောင်းကင်မှ တရှိန်ထိုး ကျဆင်းလာခဲ့တော့၏။ ၎င်းတို့သည် တားဆီး၍ မရနိုင်သော ပြိုင်ဘက်ကင်း ဖိအားများကို သယ်ဆောင်လာပြီး ထိုနတ်ဆိုးဘုရင်များကို ပြာအဖြစ် ကြေမွသွားစေတော့သည်။

ထိုအခိုက်အတန့်တွင် မြေပြင်ပေါ်၌ လက်ဝါးပုံရိပ် (၄) ခု ထင်ကျန်ရစ်ခဲ့သည်။

၎င်းတို့မှာ အလွန်အမင်း ကြီးမားခြင်း သို့မဟုတ် နက်ရှိုင်းခြင်း မရှိသော်လည်း၊ အတွင်းရှိ နတ်ဆိုးဘုရင်များနှင့် ဧကရာဇ်တစ်ပိုင်း အဆင့်ရှိ သတ္တဝါများ၏ အလောင်းများထံမှ မြူခိုးများ ထွက်ပေါ်နေသည်မှာ ကြည့်ရသူတိုင်းကို ကျောရိုးထဲအထိ စိမ့်သွားစေခဲ့၏။

အလယ်အလတ် နတ်ဆိုးဘုရင် (၃) ကောင်နှင့် မူလနတ်ဘုရား အဆင့် နီးပါး ရှိသော ဧကရာဇ်တစ်ပိုင်း တို့မှာ ယဲ့ဖုန်း ၏ လက်ဝါးချက်များအောက်တွင် အပိုင်းပိုင်း ပြတ်သွားကြရတော့၏။

“ဂိုဏ်းချုပ်ယဲ့ က တကယ့်ကို အစွမ်းထက်တာပဲဗျာ...”

ဘိုးဘေးနင် မှာ အမြဲအတိုင်းပင် မြှောက်ပင့်ရာတွင် ရှေ့ဆုံးမှ ပါဝင်သည်။

“မြေခွေးအိုကြီး...” အခြားသော ဂိုဏ်းခေါင်းဆောင်များမှာ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသော်လည်း၊ သူတို့ကိုယ်တိုင်လည်း ယဲ့ဖုန်း အား ချီးကျူးစကားများ ဝိုင်းဝန်း ပြောကြားလိုက်ကြလေတော့သည်။

ထိုစကားများကို ကြားသောအခါ ယဲ့ဖုန်း အနည်းငယ် ပြုံးလိုက်မိသည်။

ချီးကျူးမြှောက်ပင့်ခြင်းကို ခံယူရသည်မှာ အမှန်တကယ်ပင် စိတ်ချမ်းသာစရာ ကောင်းလှသည် မဟုတ်ပါလား။

သို့သော်လည်း သူ့ကိုယ်ပိုင် စွမ်းအားမှာ အလွန်အမင်း သန်မာနေသေးသည် မဟုတ်ဘဲ အမြန်ဆုံး တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သူ ကောင်းကောင်း သိရှိထားသည်။ ခေတ္တမျှ သာယာကြည်နူးပြီးနောက် သူသည် စိတ်ကို ချက်ချင်း ပြန်ထိန်းကာ နှိမ့်ချသော အမူအရာကို ပြန်လည် ဆင်မြန်းလိုက်သည်။

“မိတ်ဆွေတို့ ..ကျွန်တော့်ကို အရမ်း မြှောက်ပြောနေကြပါပြီ...”

ယဲ့ဖုန်း က တိုးညှင်းစွာ ပြောလိုက်ပြီး အောက်ဘက်ရှိ လက်ဝါးပုံရိပ် (၄) ခုကို ကြည့်ကာ ဘာမှ ထပ်မပြောတော့ပေ။

မူလကတော့ သူသည် ကြွားလုံးထုတ်ဘုရင် ဧကရာဇ်တစ်ပိုင်း

မော့စီ နှင့် ကျန်ရှိသော နတ်ဆိုးဘုရင် (၃) ကောင်ကို ဖမ်းဆီးပြီး မြူခိုးဂိုဏ်း ၏ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များအဖြစ် ထားရှိရန် ကြံစည်ထားခဲ့ခြင်း ဖြစ်၏။

သို့ဖြစ်ပါက သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း တစ်ဟုန်ထိုး တိုးတက်လာမည် မဟုတ်ပါလား။

နှမြောစရာကောင်းသည်မှာ ထိုသတ္တဝါများမှာ သတ်မှတ်ချက်နှင့် မကိုက်ညီကြောင်း စနစ် က အချက်ပြခဲ့ခြင်းပင်။

‘ကြည့်ရတာ ငါ အချိန်ပေးပြီး နာမည်ကြီး တောင်တွေ မြစ်တွေဆီ သွားရဦးမယ် ထင်တယ်... ပိုပြီး အစွမ်းထက်တဲ့ နတ်ဆိုးသားရဲ တွေကို ရှာပြီး နတ်ဆိုးသားရဲဆောင် ထဲ ထည့်ရမယ်...’

ယဲ့ဖုန်း စိတ်ထဲမှ တွေးတောလိုက်မိသည်။

ကိုယ့်စွမ်းအားကို မြှင့်တင်နိုင်မည့် နည်းလမ်းများစွာ ရှိသည် မဟုတ်ပါလား။

တပည့်သစ်များ၊ အကြီးအကဲများ၊ ဂိုဏ်းစောင့်များ၊ ကြီးကြပ်သူများနှင့် ဝိညာဉ်သားရဲ များကို စုဆောင်းခြင်း။

ထို့ပြင် ရှေးဟောင်း စစ်မြေပြင် များဆီသို့ သွားရောက်ကာ အရှင်မဲ့နေသော သူရဲကောင်း ဝိညာဉ်စွမ်းအား များကို ဝါးမြိုခြင်း။

စကားပုံ တစ်ခု ရှိသည် မဟုတ်ပါလား... ခြင်ခြေထောက် ဖြစ်နေလျှင်တောင်မှ အသားပင် ဖြစ်သည်ဟူ၍။

ရှေးဟောင်း စစ်မြေပြင် နှင့် ရှေးဟောင်း မြို့တော်တစ်ခုစီမှ ရရှိသော သူရဲကောင်း ဝိညာဉ်စွမ်းအား များသည် သူ့စွမ်းအားကို တဖြည်းဖြည်းနှင့် တိုးတက်စေမည်မှာ အသေအချာပင်။

အချိန်တစ်ခုတော့ ပိုပေးရပေလိမ့်မည်။

“ဂိုဏ်းချုပ်... ဒီစမ်းသပ်ပွဲက ပြီးသွားပြီလားဟင်...” မိုယင် က စူးစမ်းလိုသော စိတ်ဖြင့် အောက်ဘက်ရှိ စမ်းသပ်ကွင်းကို ကြည့်ကာ မေးလိုက်၏။

ခုနလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင်တော့ ကျယ်ပြောလှသော ဟင်းလင်းပြင် တံခါးပေါက် နောက်ကွယ်မှ မည်သည့် မြေကမ္ဘာခြား မျိုးနွယ် မှ ထွက်ပေါ်မလာတော့ပေ။

ဒါဆို သူတို့က ဒီမှာ (၃) ရက်တိတိ စောင့်နေရဦးမှာလား။

“ဝှစ်...”

အကြမ်းစား.. လေပြင်း တစ်ခုမှာ ဟင်းလင်းပြင် တံခါးပေါက် နောက်ကွယ်မှ တိုးထွက်လာပြီး၊ မြေပြင်ပေါ်ရှိ မြေကမ္ဘာခြား မျိုးနွယ် များ၏ အလောင်းများကို မ,တင်လိုက်သည်။ လေထဲတွင် ထိုအလောင်းများသည် မျက်လုံး (၆) လုံးပါသော ကြောက်မက်ဖွယ် ဧရာမ မျက်နှာကြီးတစ်ခုအဖြစ် စုစည်းသွားကြတော့၏။

“အဆွေတော်... မင်းကလည်း မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ယောက် ဖြစ်နေပြီးတော့... ဘာလို့ ကိုယ့်ဂုဏ်သိက္ခာကို မငဲ့ဘဲ ငါ့ရဲ့ လက်အောက်ငယ်သားတွေကို တိုက်ခိုက်နေရတာလဲ...”

ထို ဧရာမ မျက်နှာကြီး၏ အသံမှာ အေးစက်လှပြီး ရက်စက်ကြမ်းကြုတ်သော ခံစားချက်ကို ပေးစွမ်းနေသည်။

ထို ကြောက်မက်ဖွယ် မျက်နှာကြီးကို စိုက်ကြည့်ရင်း လူတိုင်းမှာ ကျောရိုးထဲအထိ အေးစိမ့်သွားကြရပြီး၊ မသိစိတ်ဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ချင်သော စိတ်ဆန္ဒများ ပေါ်ထွက်လာကြ၏။

မူလနတ်ဘုရား အဆင့်...

ထို ဧရာမ မျက်နှာကြီး၏ ပိုင်ရှင်မှာ မဟာတန်ခိုးရှင် တစ်ပါး ဖြစ်ပေလိမ့်မည်။

လူတိုင်း ထိတ်လန့်သွားကြရတော့သည်။

“ဒါ မြေအောက်လိုဏ်ဂူ မြေကမ္ဘာခြား မျိုးနွယ် ရဲ့ ဘုရင်ပဲ... သူ တကယ်ပဲ အသက်ရှင်နေတုန်းပါလား...” မိုယင် သည် ထိုမျက်နှာကြီးကို စိုက်ကြည့်ရင်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

သူမ ကလေးဘဝတုန်းက သူမ၏ လူမျိုးစုဝင်များမှာ ထို မြေကမ္ဘာခြား မျိုးနွယ် ဘုရင်ကို ဖျက်ဆီးရန်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့ကြသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သူမမှာ ရှေးဟောင်း ဝိညာဉ် မျိုးနွယ်စု ၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်ခဲ့ရ၏။

သို့သော်လည်း မမျှော်လင့်ဘဲ ထို မြေကမ္ဘာခြား မျိုးနွယ် ဘုရင်မှာ လုံးဝ ဥဿုံ ပျက်စီးသွားခြင်း မရှိသေးပေ။

ထိုရန်သူ၏ အသိစိတ်မှာ ဤလောကတွင် ရှိနေဆဲ ဖြစ်ပါလား။

“ငါ လုပ်ချင်တာကို ငါ လုပ်တာပဲ... မင်းကို ဘာလို့ ရှင်းပြနေရမှာလဲ...” ယဲ့ဖုန်း က လက်ကို နောက်ပစ်လျက် အေးစက်စွာ ပြောလိုက်သည်။

“ကောင်းပြီ... တကယ်ကို ကောင်းလိုက်လေခြင်း... ငါသာ ငါ့ရဲ့ အထွတ်အထိပ် အဆင့်ကို ပြန်ရောက်တာနဲ့... မြေအောက်လိုဏ်ဂူ က မရေမတွက်နိုင်တဲ့ နတ်ဆိုးမျိုးနွယ်တွေကို ဦးဆောင်ပြီး မင်းတို့အားလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်မယ်...”

မြေကမ္ဘာခြား မျိုးနွယ် ဘုရင်၏ ဧရာမ မျက်နှာကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဘုန်း...”

ယဲ့ဖုန်း က အဝေးမှနေ၍ လက်ဝါးဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ လေထဲရှိ ကြောက်မက်ဖွယ် ဧရာမ မျက်နှာကြီးမှာ အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားလေတော့သည်။

“အပိုစကားတွေ များလိုက်တာ...” ယဲ့ဖုန်း က အေးစက်စွာ ပြောလိုက်၏။

*

ထိုအခိုက်ဝယ်၊ မြေအောက်လိုဏ်ဂူ ကမ္ဘာ အတွင်း ၊

ပျက်စီးနေသော ယဇ်ပလ္လင် တစ်ခု၏ အထက်တွင်။

“ဂါး...”

ဒေါသတကြီး ဟိန်းဟောက်သံ တစ်ချက် ထွက်ပေါ်လာပြီး၊ ယဇ်ပလ္လင် အထက်တွင် နောက်ထပ် ကြောက်မက်ဖွယ် ဧရာမ မျက်နှာကြီး ပေါ်လာ၏။ မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်နေ၏။

“မြေပြင်ပေါ်က လူသားမျိုးနွယ်တွေက ပိုပြီးတော့တောင် သန်မာလာပါလား... ငါတို့ရဲ့ ဒီအစီအစဉ်မှာ မူလနတ်ဘုရား အဆင့် ရှိတဲ့သူနဲ့ တိုးနေတာပဲ... ကြည့်ရတာတော့ ငါ ထိုလမ်းစဉ်ကိုပဲ ရွေးချယ်ရတော့မယ် ထင်တယ်...”

ထို ဧရာမ မျက်နှာကြီးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ခြောက်သွေ့နေသော ရှေးဟောင်းလမ်းမကြီး တစ်ခုဆီသို့ လှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သို့သော်လည်း သူ၏ မူလစွမ်းအားများကို ပြန်လည် ရရှိရန်နှင့် ကျင့်ကြံခြင်း အဆင့် မြှင့်တင်ရန်အတွက်မူ ထိုလမ်းကို ရွေးချယ်ရန်မှတစ်ပါး အခြားမရှိပေ။

အောင်မြင်သွားသည်နှင့် သူ့စွမ်းအားမှာ တစ်ဟုန်ထိုး တိုးတက်လာမည် မဟုတ်ပါလား။

...

ကမ်းပါးယံထိပ်တွင်၊

အားလုံးက ဗလာကျင်းနေသော စမ်းသပ်ကွင်းကို ကြည့်ရင်း စိတ်နှလုံးများ လေးလံနေကြ၏။

“မြေကမ္ဘာခြား မျိုးနွယ် တွေထဲမှာ မူလနတ်ဘုရား အဆင့် ရှိတဲ့သူ ရှိနေတာပဲ... ဒါက နည်းနည်းတော့ ခက်ခဲသွားပြီ...” ခန်းမသခင် လျူမင် က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အင်အားချင်း ယှဉ်လာရင် အင်အားနဲ့ပဲ ပြန်တိုက်ရမှာပေါ့... ရေလာရင် မြေနဲ့ တားရမှာပဲလေ...” ယဲ့ဖုန်း က ပြောလိုက်သည်။

စိုးရိမ်နေရုံနှင့် ဘာမှ ထူးလာမည် မဟုတ်ပေ။

သူတို့ စိုးရိမ်နေရုံဖြင့် ရန်သူက ပျောက်ကွယ်သွားမည် မဟုတ်ပါလား။ သူတို့ လုပ်ရမည်မှာ ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံး သန်မာအောင် လုပ်ဆောင်ရန်သာ ဖြစ်၏။

စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား... တိုက်ခိုက်ချင်လျှင် ကိုယ်တိုင်က သန်မာနေမှ ရမည်ဟု။ လုံလောက်အောင် စွမ်းအားကြီးနေသရွေ့ အရာရာကို ရိုက်ခွဲနိုင်မည် ဖြစ်သည်။

"ဂျွတ်"

ထိုအခိုက်အတန့်တွင် စမ်းသပ်ကွင်း၏ တစ်ဖက်ခြမ်းရှိ ကျောက်နံရံဆီမှ အက်ကွဲသံ တစ်ချက် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်၏။

ဧရာမ ဟင်းလင်းပြင် တံခါးပေါက် ကြီးမှာ ပြန်လည် ကျုံ့ဝင်သွားပြီး၊ မူလရှိခဲ့သော ဟင်းလင်းပြင် တံခါးပေါက် (၁၀) ခုအဖြစ် ကျောက်နံရံပေါ်တွင် ပြန်လည် နေရာယူလိုက်သည်။

"ဂျွတ်"

နောက်ထပ် အက်ကွဲသံ တစ်ချက်။

ညာဘက်အစွန်ဆုံးမှ တံခါးပေါက် တစ်ခုမှလွဲ၍ ကျန်ရှိသော တံခါးပေါက်များ အားလုံး ပြိုကွဲသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့၏။

“ဟင်းလင်းပြင် တံခါးပေါက် တွေ ပြိုကွဲသွားတာကတော့ သတင်းကောင်းပဲဗျ...”

“ဟုတ်ပါတယ်... အခု နောက်ဆုံး တံခါးပေါက် တစ်ခုပဲ ကျန်တော့တာဆိုတော့ သူတို့တွေ ထပ်ပြီး ပေါင်းစည်းလို့ မရတော့ဘူး... အချိန်အကြာကြီး ဖွင့်ထားရင်တောင်မှ မြေကမ္ဘာခြား မျိုးနွယ် ရဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ် တွေပဲ ဖြတ်လာနိုင်မှာလေ...”

လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

လောလောဆယ်တွင်တော့ မြေကမ္ဘာခြား မျိုးနွယ် ဘုရင် တိုက်ခိုက်လာမည့်ပုံ မရှိသေးပေ။

ခရိုင်ဘုရင် သာ မူလနတ်ဘုရား အဆင့် သို့ တက်လှမ်းနိုင်ခဲ့လျှင် ခရိုင်ဘုရင်မြို့တော် မှာ ဘေးကင်းနေဦးမည် ဖြစ်၏။

“ဝီ...”

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီး၊ နောက်ဆုံး ကျန်ရှိသော ဟင်းလင်းပြင် တံခါးပေါက် မှာ ဝေဝါးလာသည်။ နောက်ဆုံးတွင် ကျောက်နံရံပေါ်၌ မှေးမှိန်သော အရိပ် တစ်ခုသာ ကျန်ရစ်ခဲ့ပြီး၊ တစ်နေ့တွင် ပြန်လည် နိုးထလာရန် စောင့်ဆိုင်းနေတော့၏။

“နောက်ဆိုရင်တော့ ဒီနေရာမှာ တစ်ယောက်ယောက်ကို စောင့်ကြပ်ခိုင်းထားမှ ရတော့မယ်...” ယဲ့ဖုန်း က ဟင်းလင်းပြင် တံခါးပေါက် ၏ အရိပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

“မှန်ပါတယ်...” လျူမင် က ခေါင်းညိတ် ထောက်ခံလိုက်၏။

အတိတ်တုန်းက ဟင်းလင်းပြင် တံခါးပေါက် များမှာ အရိပ်ပင် မကျန်ဘဲ ပျောက်ကွယ်သွားလေ့ ရှိသော်လည်း၊ ယခုတစ်ခေါက်တွင်မူ ထူးခြားမှု ဖြစ်ပေါ်ခဲ့သည်။ မည်သည့်အချိန်တွင် ပြန်ပွင့်လာမည်ကို ခန့်မှန်း၍ မရနိုင်သဖြင့် တစ်ဦးဦးကို စောင့်ကြပ်ခိုင်းရန်မှာ မဖြစ်မနေ လိုအပ်လှပေသည်။

ထိုသို့ စောင့်ကြပ်မည့်သူမှာလည်း လုံလောက်သော စွမ်းအားရှိသည့် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။

“အကြီးအကဲမို... ဒီအချိန်ကစပြီး ဒီနေရာကို စောင့်ကြပ်ဖို့ ခင်ဗျားကို တာဝန်ပေးပါတယ်... ထူးခြားမှု တစ်ခုခု ရှိလာရင် ချက်ချင်း သတင်းပို့ပါ...” လျူမင် က ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ...” မိုဝမ်ရှီ ခေါင်းညိတ် လိုက်၏။

ဝိညာဉ်ပင်လယ်အဆင့် (၁) သို့ တက်လှမ်းထားနိုင်ပြီ ဖြစ်သဖြင့်၊ သူ၏ စွမ်းအားမှာ ဟင်းလင်းပြင် တံခါးပေါက် မှ ထွက်လာမည့် မည်သည့် မြေကမ္ဘာခြား မျိုးနွယ် ကိုမဆို လွယ်ကူစွာ သုတ်သင်ရန် လုံလောက်လှပေသည်။

“ကဲ... စမ်းသပ်ကွင်းကို ရှင်းလင်းကြစို့... ဒီစမ်းသပ်ပွဲကတော့ ပြီးဆုံးသွားပါပြီ...” လျူမင် က ကျယ်လောင်စွာ ကြေညာလိုက်၏။

“တက်ကြဟေ့...”

ဂိုဏ်းအသီးသီးမှ တပည့်များသည် စမ်းသပ်ကွင်းအတွင်းသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။ ထို မြေကမ္ဘာခြား မျိုးနွယ် များ၏ အလောင်းများကို သူတို့ ကိုယ်တိုင် သတ်ခဲ့သည် ဖြစ်စေ၊ မသတ်ခဲ့သည် ဖြစ်စေ တွေ့သမျှကို သိမ်းဆည်းကြလေတော့သည်။

မိုယင်၊ လုံထျန်းရှင်း နှင့် အခြားသူများသည်လည်း အောက်သို့ ပျံသန်းသွားကြပြီး နတ်ဆိုးအမြုတေ များကို သိမ်းဆည်းလိုက်ကြ၏။

‘နတ်ဆိုးမျိုးနွယ် သွေးကြောတွေ တော်တော်များတာပဲ... သန့်စင်လိုက်ရဦးမယ်...’

ယဲ့ဖုန်း သည် နတ်ဆိုးဗိုလ်ချုပ် အဆင့်ရှိသော မြေကမ္ဘာခြား မျိုးနွယ် အလောင်းအချို့ကို ရွေးချယ်ကာ၊ ဝိညာဉ်သွေး လွှဲပြောင်းခြင်း လုပ်ဆောင်ချက်ဖြင့် ဝိညာဉ်သွေး များကို ထုတ်ယူလိုက်ပြီး၊ ဂိုဏ်းသို့ ပြန်ရောက်လျှင် ပေါင်းစပ်ရန်အတွက် သိမ်းဆည်းလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ဒီတစ်ခေါက် ကူညီပေးခဲ့တဲ့အတွက် ကျုပ်တို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ...” အင်အားစု အသီးသီးမှ ခေါင်းဆောင်များက ဆက်လက် မြှောက်ပင့် ပြောဆိုနေကြ၏။

“အားလုံး အားနာစရာကြီးဗျာ...” ယဲ့ဖုန်း ခေါင်းညိတ် ပြလိုက်သည်။

နာရီအနည်းငယ် ကြာပြီးနောက်၊ စမ်းသပ်ကွင်းကို ရှင်းလင်းပြီးစီးသွားတော့၏။

မြေကမ္ဘာခြား မျိုးနွယ် အလောင်းအားလုံးကို အင်အားစု အသီးသီးက ခွဲဝေယူလိုက်ကြရာ၊ လူတိုင်းမှာ အကျိုးအမြတ်ကိုယ်စီ ရရှိခဲ့ကြသည်။

ထို့နောက်တွင်တော့ မိုဝမ်ရှီ သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိသော ပညာရှင် (၄) ဦးနှင့်အတူ ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး၊ အခြားသူများမှာမူ လမ်းကြောင်းမှတစ်ဆင့် မြေပြင်ပေါ်ရှိ ရင်ပြင်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြ၏။

“ဒီ နတ်ဆိုးသတ်ဖြတ်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ အထိမ်းအမှတ်အနေနဲ့ ကျုပ်က ဧည့်ခံပွဲကြီးတစ်ခု ကျင်းပပေးပါ့မယ်... အားလုံးပဲ ကြွရောက် ချီးမြှင့်ပေးကြပါဦး...” လျူမင် က လက်ခုပ်တီးလိုက်သည်နှင့်၊ ချက်ချင်းပင် အစေခံမလေးများမှာ စားပွဲများကို ခင်းကျင်းကာ နေရာများ ပြင်ဆင်ကြတော့သည်။ လူတိုင်းမှာ မျက်နှာတွင် အပြုံးကိုယ်စီဖြင့် ဝင်ထိုင်ကာ အားရပါးရ စားသောက်ကြလေတော့၏။

...

မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာ၌ ဖြစ်သည်။

သွေးနီရောင် မြူခိုးများ ဖုံးကွယ်နေသော တောင်ထိပ်ပေါ်တွင်၊

ဤနေရာတွင် ရှေးဟောင်း ဘုရားကျောင်းများစွာကို တည်ဆောက်ထား၏။ တစ်ခုစီတွင် အမျိုးသမီးများကို လူသားဆေးပေါင်းဖို များအဖြစ် အတင်းအဓမ္မ စေခိုင်းထားကာ ရက်စက်စွာ ဝါးမြိုနေသည့် ပုံများကို ထွင်းထုထားသဖြင့် ကြည့်ရသူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

ဘုရားကျောင်း အချို့အတွင်းမှ အမျိုးသမီးများ၏ ငိုကြွေးသံ သဲ့သဲ့နှင့်အတူ၊ အခြားသော ကျင့်ကြံသူများ၏ ကျိန်ဆဲသံ၊ ဟိန်းဟောက်သံများကို ကြားနေရ၏။

ဤအခိုက်အတန့်တွင် သွေးနီရောင် ဘုရားကျောင်းများ အတွင်း၌ ၊

“ဘုန်း...”

ကြံ့ခိုင်သန်စွမ်းသော လူပုံရိပ်တစ်ခုသည် ခုနလေးတင် ရောက်ရှိလာသော သတင်းစကားကို ကြားလိုက်ရသောအခါ ဒေါသတကြီးဖြင့် ကျောက်စားပွဲကို လက်ဝါးဖြင့် ရိုက်ခွဲလိုက်သည်။

“မြူခိုးဂိုဏ်း က ငါတို့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ ရဲ့ အစွန်အဖျားမှာ အခြေစိုက်ထားတဲ့ ခန်းမသခင်ကို သုတ်သင်ပစ်ရဲတယ်ပေါ့... တော်တော် ရဲတင်းတာပဲ...”

ထိုလူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ တောင်ကြီးများဖြင့် ဖိထားသကဲ့သို့ ပြင်းထန်လှပေသည်။

ခန်းမဆောင်အတွင်းရှိ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် အများအပြားမှာ အသက်ပင် ပြင်းပြင်းမရှူရဲကြဘဲ မြေပြင်ပေါ်၌ ဒူးထောက်လျက် တုန်ခါနေကြရှာ၏။

ရုတ်တရက်၊

“ဒုတိယ ခန်းမသခင်... ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါဦး...”

ခန်းမဆောင် အပြင်ဘက်မှ နေ၍ အသံ တစ်သံ ထွက်ပေါ်လာလေတော့သည်။

အခန်း (၄၁၄)- အပြန်ခရီး၊ စက္ကူယပ်တောင် သခင်လေးနှင့် ဒုတိယ ခန်းမသခင်ကို လှည့်စားခြင်း

~ဖြူစင်သော အသားအရေ ရှိသည့် ပညာရှင် တစ်ဦးသည် ခန်းမအတွင်းသို့ လှမ်းဝင်လာ၏။

ထိုသူသည် ခန့်ညားထည်ဝါသော ရုပ်ရည်ရှိပြီး လက်ထဲမှ စက္ကူယပ်တောင်ကို ခပ်ဖွဖွ ယပ်ခပ်နေ၏။ သူ၏ အမူအရာမှာ အောင်ပွဲရ နွေဦးလေပြေပမာ လန်းဆန်းလျက် ရှိသည်။

သူ ရောက်ရှိလာသည်နှင့် ခန်းမအတွင်းရှိ လူအားလုံးမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြတော့၏။

“ဒုတိယ ခန်းမသခင် သေဆုံးသွားတာနဲ့တင် ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ တောင်ပိုင်းမြစ်ဝှမ်း ဒေသ အစီအစဉ်တွေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ကုန်ပြီ... ခန်းမသခင်ဖြစ်တဲ့ ငါက ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မှာလဲ...”

ကြံ့ခိုင်သန်စွမ်းသော လူကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ထိုအခါ၊ ဖြူစင်သော မျက်နှာရှိသည့် ပညာရှင်က လက်သီးဆုပ် အရိုအသေပြုကာ ပြောလိုက်၏။

“ဒုတိယ ခန်းမသခင်... ကျွန်တော် နောက်ဆုံးရ သတင်းတွေကို အသေးစိတ် ဖတ်ပြီးပါပြီ... မြူခိုးဂိုဏ်း က ကြယ်တစ်ပွင့်အဆင့် အင်အားစု ဖြစ်ပေမယ့်၊ သူ့ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း နဲ့ ဂိုဏ်းစောင့် ဟူဖေးဖေး တို့ကတော့ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်တွေ ဖြစ်နေကြတယ်... သူတို့နဲ့ ပတ်သက်ရင် ကျုပ်တို့ သတိထားပြီး လုပ်ဆောင်မှ ရပါလိမ့်မယ်...”

“အဲဒီလိုလား...” ဒုတိယ ခန်းမသခင်သည် သူ၏ ထူထဲသော မျက်ခုံးများကို မျက်မှောင်ကြုတ်လိုက်၏။

“အမှန်ပါပဲ ခင်ဗျာ...” ဖြူစင်သော မျက်နှာနှင့် ပညာရှင်က ခေါင်းညိတ် အတည်ပြုလိုက်သည်။

ဒုတိယ ခန်းမသခင်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“စက္ကူယပ်တောင် သခင်လေး... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က မမြင့်ပေမယ့် မင်းက ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ဉာဏ်ကြီးရှင် အကြံပေးတစ်ယောက်ပဲ... မင်းရဲ့ အမြင်အရဆိုရင် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်တာ အသင့်တော်ဆုံး ဖြစ်မလဲ...”

“ပူးပေါင်းဆောင်ရွက်ခြင်းကသာ နှစ်ဦးနှစ်ဖက် အောင်ပွဲရမယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ...”

စက္ကူယပ်တောင် သခင်လေးသည် ခပ်ပြုံးပြုံး ပြောလိုက်ရာ လန်းဆန်းသော နွေဦးလေပြေတစ်ခု တိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရသည်။

“ပူးပေါင်းဆောင်ရွက်မယ် ဟုတ်လား...” ဒုတိယ ခန်းမသခင် ကြောင်အသွားရသည်။

စက္ကူယပ်တောင် သခင်လေးက ပြုံးလျက် ဆက်ပြောသည်။

“ဒုတိယ ခန်းမသခင် မသိသေးတာက... တောင်ပိုင်းမြစ်ဝှမ်း ဒေသ အတွင်းမှာ မြူခိုးဂိုဏ်း ကို ရန်ငြိုးထားတဲ့ အင်အားစုတွေ မနည်းဘူးဗျ... အဲဒီထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်တော်ဆုံးကတော့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ပဲ ဖြစ်ရမယ်...”

ဒုတိယ ခန်းမသခင် နောက်တစ်ကြိမ် အံ့သြသွားရပြန်သည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း...

အဲဒါက ဘာကြီးလဲ။

သူ တစ်ခါမှ မကြားဖူးပါချေ။

သူသည် စဉ်းစားခန်းဖွင့်လိုက်သော်လည်း အချိန်အတော်ကြာသည့်တိုင် ထိုအင်အားစုနှင့် ပတ်သက်သော အချက်အလက် တစ်စုံတစ်ရာကိုမျှ သတိမရနိုင်ဘဲ ရှိနေသည်။

“စက္ကူယပ်တောင် သခင်လေး... အဲဒီ အင်အားစုက ဘယ်လို အခြေအနေမျိုးလဲ... မင်းက ငါ့ကို သူတို့နဲ့ ပူးပေါင်းဖို့ အကြံပေးနေတယ်ဆိုတော့... သူတို့ဆီမှာလည်း မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ရှိနေလို့လား...” ဒုတိယ ခန်းမသခင်က အသံနက်ကြီးဖြင့် မေးလိုက်သည်။

ဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါရှိနေပြီး သူ မသိသေးတဲ့ အင်အားစုဆိုတာကတော့ သူ့ဘက်က ပေါ့လျော့မှု တစ်ခုသာ ဖြစ်ပေလိမ့်မည်။

“ဒီအင်အားစုက အမြဲတမ်း မြေအောက်မှာ ဖုံးကွယ်နေတာမို့ ဘယ်သူမှ သိပ်မသိကြတာပါ... ကျွန်တော်လည်း တောင်ပိုင်းမြစ်ဝှမ်း ဒေသ ကို လှည့်လည်ရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ပြီး၊ သူတို့ရဲ့ ဂိုဏ်းချုပ်ဟောင်းနဲ့ စကားပြောခဲ့ဖူးတာပါ...” စက္ကူယပ်တောင် သခင်လေးက ပြုံးလျက် ရှင်းပြလိုက်သည်။

“သူတို့မှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ရှိလား...” ဒုတိယ ခန်းမသခင်သည် ဤမေးခွန်းကို အလွန် စိုးရိမ်နေခြင်း ဖြစ်ပေသည်။

မြူခိုးဂိုဏ်း တွင် ယဲ့ဖုန်း နှင့် ဟူဖေးဖေး ဟူသော မဟာတန်ခိုးရှင် နှစ်ဦး ရှိနေသည်။ သွေးနတ်ဆိုး ခန်းမဆောင် တွင်လည်း မူလနတ်ဘုရား အဆင့် ပညာရှင် အချို့ ရှိသော်လည်း၊ သူကိုယ်တိုင်မှလွဲ၍ ကျန်ရှိသော မူလနတ်ဘုရား အဆင့် ပညာရှင်များမှာ ပင်မခန်းမဆောင်တွင် မရှိကြချေ။

သူ တစ်ယောက်တည်းနှင့်မူ မြူခိုးဂိုဏ်း ကို ယှဉ်နိုင်စွမ်း မရှိပေ။

“ဒုတိယ ခန်းမသခင် အတွေးများနေပါပြီ... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း မှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် မရှိပါဘူး... ဒါပေမဲ့ သူတို့မှာ မူလနတ်ဘုရား အဆင့်ထက် မနိမ့်တဲ့ စီစဉ်မှုတွေ ရှိနေပါတယ်... ကျုပ်တို့သာ ပူးပေါင်းလိုက်ရင် မြူခိုးဂိုဏ်း ကို အမှောင်ထဲကနေ သေချာပေါက် ရိုက်ခွဲနိုင်ပါလိမ့်မယ်...”

စက္ကူယပ်တောင် သခင်လေးသည် အခြားသော အရေးကြီးသည့် သတင်းစကား တစ်ခုကို ဖွင့်ဟပြောကြားလိုက်ပြန်သည်။

ထိုစကားကို ကြားသောအခါ ဒုတိယ ခန်းမသခင် တိတ်ဆိတ်သွားရသည်။

သူ့စိတ်ထဲတွင်မူ မူလနတ်ဘုရား အဆင့် အောက်ရှိ မည်သည့်အရာမဆိုမှာ အသေးအဖွဲသာ ဖြစ်သည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တွင် မူလနတ်ဘုရား အဆင့် ပညာရှင် အစစ်အမှန် မရှိဘဲနှင့်၊ မြူခိုးဂိုဏ်း ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

သူတို့ အားကိုးနေတာက ဝင်္ကပါ တစ်ခုခုလား။

ထိုသို့ တွေးမိသည်နှင့် ဒုတိယ ခန်းမသခင်မှာ ပို၍ပင် ဝေခွဲမရ ဖြစ်လာတော့သည်။

“ဒုက္ခ ခန်းမသခင်... ကျုပ်ပဲ လမ်းပြပါရစေ... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဆီကို သွားလည်ပြီး အဲဒီ နတ်ဆိုးဂိုဏ်း ရဲ့ စွမ်းအားကို ကျုပ်တို့ ကိုယ်တိုင် စစ်ဆေးကြည့်ရအောင်လား...” စက္ကူယပ်တောင် သခင်လေးက အကြံပြုလိုက်သည်။

“အင်း... ကောင်းပြီလေ... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့...”

ဒုတိယ ခန်းမသခင် သဘောတူလိုက်သည်။

မကြာမီ သူတို့နှစ်ဦးသည် တစ်ဦးနောက်တစ်ဦး လိုက်ပါလျက် ခန့်ညားသော တောင်တန်းများနှင့် တောင်စွယ်များကို ဖြတ်ကျော် ပျံသန်းသွားကြပြီး၊ ခြောက်သွေ့နေသော သဲကန္တာရ ကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် တောင်ပိုင်းမြစ်ဝှမ်း ဒေသ အတွင်းသို့ ဝင်ရောက်လာကြလေတော့သည်။

...

ခရိုင်ဘုရင်မြို့တော် တွင်မူ၊

လျူမင် တည်ခင်းဧည့်ခံသော ပွဲတော်မှာ ခုလေးတင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

အင်အားစု အသီးသီးမှ ကျင့်ကြံသူ သောင်းနှင့်ချီသော လူအုပ်ကြီးမှာ အားရပါးရ စားသောက်ခဲ့ကြသည်။

ဧည့်ခံပွဲအတွင်းတွင် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် သူတို့၏ နောက်လိုက်များနှင့်အတူ ယဲ့ဖုန်း ကို ဝိုင်ခွက်မြှောက်ကာ တစ်ယောက်ပြီးတစ်ယောက် လာရောက် မိတ်ဆက်ကြ၏။

ယဲ့ဖုန်း သည် မာန်မာန လုံးဝ မရှိခဲ့ပေ။

သူသည် လာရောက် မိတ်ဆက်သူတိုင်းကို ခပ်ပြုံးပြုံးဖြင့် ပြန်လည် နှုတ်ဆက်ကာ၊ ထွေရာလေးပါး ပြောဆိုရင်း လူအတော်များများနှင့် ရင်းနှီးမှု ရယူခဲ့သည်။

“မိတ်ဆွေတို့... ဒီနေ့ ဧည့်ခံပွဲကတော့ ဒီမှာတင် ပြီးပါပြီ... ကြွရောက် ချီးမြှင့်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... နောက်တစ်ခါ မြေကမ္ဘာခြား မျိုးနွယ် တွေသာ ဟင်းလင်းပြင် တံခါးပေါက် ကို ထပ်ပြီး ဖြတ်လာမယ်ဆိုရင်၊ ကျုပ် ခန်းမသခင် တစ်ယောက်အနေနဲ့ အားလုံးကို အချိန်မီ သတင်းပို့ပေးပါ့မယ်...” လျူမင် က လူအုပ်ကြီးကို လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်သည်။

မကြာမီ ဧည့်သည်တော်များမှာ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြတော့၏။

“ဂိုဏ်းချုပ်ယဲ့... ခဏလောက် စောင့်ပါဦးဗျ...”

ဓားဘုရင်ဂိုဏ်း မှ အထွတ်အထိပ် အကြီးအကဲသည် သူ့လက်အောက်ငယ်သားများနှင့်အတူ ယဲ့ဖုန်း အနားသို့ တိုးကပ်လာသည်။

“ဒါကတော့ ကျုပ်တို့ ဓားဘုရင်ဂိုဏ်း ရဲ့ သက်သေခံ တံဆိပ်ပြားပါ... ဂိုဏ်းချုပ် အားတဲ့အချိန်ရှိရင် ကျုပ်တို့ ဂိုဏ်းဆီကို လာလည်ဖို့ အမြဲတမ်း ဖိတ်ခေါ်ပါတယ်ဗျာ...” အထွတ်အထိပ် အကြီးအကဲသည် ဓားပုံသဏ္ဌာန် ကျောက်စိမ်းတံဆိပ်ပြားကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ယဲ့ဖုန်း က ထိုဓားပုံသဏ္ဌာန် တံဆိပ်ပြားကို လက်ခံရင်း ပြန်လည် ပြောကြားလိုက်၏။

“အဆွေတော်က အရမ်း အားနာစရာ ကောင်းအောင် လုပ်နေပါပြီဗျာ...”

သူ၏ အကြည့်မှာ ခန်းမဆောင်အတွင်း ဝေ့ဝဲသွားပြီး ဓားဘုရင်ဂိုဏ်း ၏ ခန့်ညားလှသော အမွေခံတပည့်ကြီး ကျန်းပိုင်ကော့ ဆီသို့ ရောက်ရှိသွားသည်။ ကျန်းပိုင်ကော့ မှာ သူ့ကို ရိုသေလေးစားသော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို ယဲ့ဖုန်း သတိထားမိလိုက်၏။

‘ကျန်းပိုင်ကော့... ဓားဘုရင် ကိုယ်ခန္ဓာ ပိုင်ရှင်... အသက် (၂၈) နှစ်... ကျင့်ကြံခြင်း အဆင့်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇)... အထွတ်အထိပ် အဆင့် ပါရမီ... တကယ့် ပါရမီရှင် အစစ်အမှန်ပဲ...’

ယဲ့ဖုန်း သည် ကျန်းပိုင်ကော့ ကို အကဲခတ်ရင်း စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိသည်။

“ဂိုဏ်းချုပ်ယဲ့ ကို အရိုအသေပြုပါတယ် ခင်ဗျာ...” သူတို့ မျက်လုံးချင်း ဆုံသွားသည့် ခဏ၌ ကျန်းပိုင်ကော့ က ချက်ချင်းပင် ဦးညွှတ် နှုတ်ဆက်လိုက်၏။

ယဲ့ဖုန်း က ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီးနောက်၊ လက်ကို ဝှေ့ယမ်းလိုက်ရာ သူနှင့် သူ့တပည့်များသည် ကောင်းကင်သို့ ပျံတက်သွားကြပြီး ဝိညာဉ်မြွေ ပျံသန်းလှေ ကို စီးနင်းကာ မြူခိုးဂိုဏ်း ဆီသို့ ပြန်လည် ထွက်ခွာခဲ့ကြလေတော့သည်။

“ရှီလေ့... ဒီတစ်ခေါက် ငါတို့ ဘာတွေ ရခဲ့လဲ...”

လှေဦးတွင် ရပ်လျက် ယဲ့ဖုန်း က လှည့်မေးလိုက်၏။

ရှီလေ့ သည် မှတ်တမ်းစာအုပ်လေး တစ်အုပ်ကို ထုတ်ယူကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ် ဦးလေး... ဒီစမ်းသပ်ပွဲအတွင်းမှာ ကျွန်တော်တို့ နတ်ဆိုးဗိုလ်ချုပ် အဆင့် နတ်ဆိုးအမြုတေ စုစုပေါင်း (၁၃၀) ရပါတယ်... အဆင့်မြင့် (၁) ခု၊ အလယ်အလတ် (၉) ခု နဲ့ ကျန်တာတွေကတော့ အဆင့်နိမ့်တွေပါ...”

“ဒါ့အပြင် မြေကမ္ဘာခြား မျိုးနွယ် အလောင်းတွေဆီကနေ ရတဲ့ အလွန်ကောင်းမွန်တဲ့ လက်နက်သွန်းလုပ်ရေး ကုန်ကြမ်းတွေလည်း (၃၀၀) ကျော် ရပါတယ်...”

“ပြီးတော့ နွယ်ပင်ဘီလူးကြီး ရဲ့ လက်အောက်က အတောင်ပံနှစ်ဖက်ပါ နတ်ဆိုးတွေလည်း အများကြီး ရပါတယ်... ဂိုဏ်းချုပ် မှာထားတဲ့အတိုင်း အားလုံးကို ဟင်းလင်းပြင် ရတနာသေတ္တာ ထဲကို စုထည့်ထားပါတယ် ခင်ဗျာ...” ရှီလေ့ က သူ့ဘေးရှိ ရတနာသေတ္တာကို ညွှန်ပြရင်း ဆက်ပြော၏။

ဤသည်ကား ယဲ့ဖုန်း က ငွေကြေးအမြောက်အမြား အကုန်အကျခံကာ အထွတ်အထိပ် အဆင့် ဆေးဖော်စပ်အိုး ဖြင့် ကိုယ်တိုင် သွန်းလုပ်ထားသော ဟင်းလင်းပြင် ရတနာသေတ္တာ ဖြစ်ပြီး၊ ၎င်း၏ အတွင်းပိုင်းမှာ အလျား၊ အနံ၊ အမြင့် မီတာ (၁၀၀) ခန့်ရှိသော ကမ္ဘာငယ်လေးတစ်ခုနှင့် တူညီလှပေသည်။

အတွင်းတွင်မူ ကျဆုံးသွားခဲ့သော ပျံသန်းနိုင်သည့် နတ်ဆိုးမိစ္ဆာများ၏ အလောင်းများဖြင့် ပြည့်နှက်နေ၏။

“ဂိုဏ်းချုပ် ဦးလေး... သမီးတို့က ဒီ အတောင်ပံနှစ်ဖက်ပါ နတ်ဆိုး အလောင်းတွေကို ဘာလုပ်ဖို့ ယူလာတာလဲဟင်...” ဘေးတွင် ရပ်နေသော လီကျောက်ကျောက် က နားမလည်နိုင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

“ဒါတွေက ပျံသန်းစက်လုံးတွေ သွန်းလုပ်ဖို့အတွက် အခြေခံ ကုန်ကြမ်းတွေလေ...”

ဒီ ပျံသန်းနိုင်သည့် နတ်ဆိုးမိစ္ဆာ အလောင်းတွေ မရှိဘဲနှင့်တော့ ပျံသန်းစက်လုံး တွေကို သွန်းလုပ်ဖို့ မဖြစ်နိုင်ပါ။ ယခု ရထားသော အတောင်ပံနှစ်ဖက်ပါ နတ်ဆိုး အလောင်းတွေကတော့ တော်တော်လေး များတာ ဆိုတော့ အချိန်အတော်ကြာအောင် သုံး၍ ရမည်ပင်။

“သြော်... ဒါကြောင့်ကိုး... ဒါတွေက အရေးကြီးတဲ့ ကုန်ကြမ်းတွေ ဖြစ်နေတာပဲ...”

တပည့်များမှာ ရုတ်တရက် သဘောပေါက်သွားကြတော့၏။

ယဲ့ဖုန်း က ထပ်ဖြည့်ပြောလိုက်သည်။

“ငါ ပြောဖို့ မေ့သွားတယ်... ပျံသန်းနိုင်တဲ့ ပါရမီရှိတဲ့ ဘယ် နတ်ဆိုးသားရဲ ကိုမဆို ပျံသန်းစက်လုံး တွေ သွန်းလုပ်ဖို့ ကုန်ကြမ်းအဖြစ် သုံးလို့ ရတယ်...”

ထိုစကားကို ကြားသောအခါ လူအချို့မှာ မသိစိတ်ဖြင့် သံလက်သည်း နဂါးလင်းယုန် ရှိရာဘက်သို့ အကြည့်များ စုပြုံသွားကြ၏။

လူတိုင်း၏ အကြည့်များမှာ သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် လောင်ထျယ် တစ်ယောက် ကျောရိုးထဲအထိ စိမ့်သွားပြီး ကပျာကယာ ပြောလိုက်တော့သည်။

“ဟေ့... မလုပ်ပါနဲ့... ငါက မင်းတို့လူလေဟ...”

သူ့စကားကြောင့် တပည့်များမှာ တခိခိ ရယ်လိုက်ကြ၏။

ယဲ့ဖုန်း ၏ နှုတ်ခမ်းများပင်လျှင် အနည်းငယ် ကွေးညွတ်သွားပြီး ပြုံးလျက် ပြောလိုက်၏။

“ဒါပေါ့... ကိုယ့်လူကိုတော့ မထိပါဘူး... ငါ ဆိုလိုတာက... နောက်ဆိုရင် မင်းတို့ အပြင်ထွက် လေ့ကျင့်ရင်းနဲ့ ပျံသန်းနိုင်တဲ့ မိစ္ဆာ နတ်ဆိုးသားရဲ တွေနဲ့ တွေ့ရင်၊ သူတို့ကို သတ်ပြီး ဂိုဏ်းကို ပြန်သယ်လာလို့ ရတယ်လို့ ပြောတာပါ...”

“ဂိုဏ်းချုပ် ရဲ့ မှာကြားချက်ကို မှတ်ထားပါ့မယ်...”

အားလုံးက တညီတညွတ်တည်း ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။

...

ယဲ့ဖုန်း နှင့် သူ့လူများ မြူခိုးဂိုဏ်း ဆီသို့ ပြန်နေကြစဉ်မှာပင်၊ ကျောက်မဲ ကန္တာရ မြေအောက်၌ စက္ကူယပ်တောင် သခင်လေးသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ မြေအောက် ဒုတိယထပ်ရှိ ကျောက်တိုင် (၁၂) တိုင်ရှေ့သို့ ရောက်ရှိနေခဲ့တော့၏။

သွေးနတ်ဆိုး ခန်းမဆောင် ပင်မဌာနချုပ်မှ ဒုတိယ ခန်းမသခင် ကိုလည်း ခေါ်ဆောင်လာသည်။

“စက္ကူယပ်တောင် သခင်လေး... ကျုပ်တို့ နေအိမ်ကနေ ကြိုဆိုပါတယ်ဗျာ...”

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းချုပ်ဟောင်းသည် သစ်သားတုတ်ကောက်ကို ကိုင်ဆောင်လျက် ဖြည်းညှင်းစွာ လမ်းလျှောက်လာ၏။ သူသည် စက္ကူယပ်တောင် သခင်လေး နှင့် ဒုတိယ ခန်းမသခင် တို့ ရောက်ရှိလာသည်ကို မြင်သောအခါ မျက်လုံးများတွင် နွေးထွေးမှုများ ပြည့်နှက်သွားသည်။

“မဟာသူတော်စင် တပိုင်း အဆင့် လား...” ဒုတိယ ခန်းမသခင်သည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းချုပ်ဟောင်းကို တစ်ချက်ကြည့်လိုက်ရာ၊ ထိုလူ၏ ကျင့်ကြံခြင်း အဆင့်မှာ သိပ်မမြင့်မားဘဲ သူ့ထက် များစွာ နိမ့်ကျနေသည်ကို တွေ့ရှိလိုက်ရ၏။

“ကျုပ်ကြောင့် ဒုတိယ ခန်းမသခင် စိတ်ပျက်သွားရပြီ ထင်တယ်... ကျုပ်တို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း မှာတော့ တကယ့် မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ယောက်မှ မရှိပါဘူး... ကျုပ်တို့ထဲမှာ အမြင့်ဆုံး ကျင့်ကြံခြင်းကတော့ ကျုပ်ပါပဲ... ကျုပ်ကလည်း မဟာသူတော်စင် တပိုင်း အဆင့် ကို ခုလေးတင် ချိုးဖျက်ထားတာဆိုတော့ မူလနတ်ဘုရား အဆင့် နဲ့တော့ အများကြီး ဝေးပါသေးတယ်...” ဂိုဏ်းချုပ်ဟောင်းက အလွန် နှိမ့်ချသော အမူအရာဖြင့် ပြုံးလျက် ပြောလိုက်သည်။

“ဟွန်း...”

ဒုတိယ ခန်းမသခင်သည် လက်ကို နောက်ပစ်လျက်၊ ခြောက်ကပ်နေပြီဖြစ်သော အသားတောင် မိစ္ဆာကောင်ကြီး တစ်ကောင်ဆီသို့ လှမ်းကြည့်ကာ အံ့သြစွာ မေးလိုက်သည်။

“ဒါက ဘာကြီးလဲ...”

“ဒီအရာကိုတော့ ‘အသားတောင် မိစ္ဆာကောင်ကြီး’ လို့ ခေါ်ပါတယ်... ရုပ်သေးရုပ် တစ်မျိုးလို့ပဲ မှတ်ယူလို့ ရပါတယ်...” ဂိုဏ်းချုပ်ဟောင်းသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ဆက်လက် ရှင်းပြလိုက်သည်။

“ဒါရှိနေရင် ကျုပ်တို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း အနေနဲ့ မူလနတ်ဘုရား အဆင့် စွမ်းအားကို ထုတ်ဖော်နိုင်မှာပါ...”

“မဟာတန်ခိုးရှင် အဆင့်ရှိတဲ့ ရုပ်သေးရုပ် လား...” ဒုတိယ ခန်းမသခင် အတော်လေး အံ့သြသွားရသည်။

“မှန်ပါတယ်... မဟာတန်ခိုးရှင် အဆင့်ရှိတဲ့ ရုပ်သေးရုပ်ပါပဲ... နှမြောစရာကောင်းတာက ဒီရုပ်သေးရုပ်ကို ဂိုဏ်းချုပ်ဟောင်း အနေနဲ့ အပြည့်အဝ မသန့်စင်ရသေးလို့၊ မဟာသူတော်စင် တပိုင်း အဆင့် စွမ်းအားလောက်ပဲ ထုတ်ပြနိုင်ပါသေးတယ်... ဂိုဏ်းချုပ်ဟောင်း... ကျုပ်ပြောတာ မှန်တယ် မဟုတ်လား...” စက္ကူယပ်တောင် သခင်လေးက သူ့ယပ်တောင်ကို ဝှေ့ယမ်းရင်း၊ မပြုံးချင်ပြုံးချင် မျက်နှာထားဖြင့် ဂိုဏ်းချုပ်ဟောင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။

“အမှန်ပါပဲ... ကျုပ်ရဲ့ လေ့လာမှု အားနည်းချက်ကြောင့်ပါပဲ...” ဂိုဏ်းချုပ်ဟောင်းက အဆင်မပြေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

သူတို့၏ စကားဝိုင်းကို နားထောင်နေသော ဒုတိယ ခန်းမသခင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၏။

သူ့ရှေ့ရှိ အသားတောင် မိစ္ဆာကောင်ကြီး မှာ မူလနတ်ဘုရား အဆင့် စွမ်းအား ရှိသည်ဟု စတင် ကြားလိုက်ရချိန်တွင် သူ အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ရသည်။

ယခုမူ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းချုပ်ဟောင်းသည် ဤ မဟာတန်ခိုးရှင် အဆင့်ရှိသော ရုပ်သေးရုပ်၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးကြောင်း ကြားလိုက်ရသောအခါ၊ ဒုတိယ ခန်းမသခင်၏ နှလုံးသားထဲတွင် ထိုအရာကို ပိုင်ဆိုင်လိုသော ပြင်းပြသည့် ဆန္ဒတစ်ခုမှာ တိတ်တဆိတ် အမြစ်တွယ်သွားခဲ့တော့၏။

သူသည် ခေါင်းမော့လိုက်ရာ၊ သူ၏ နှုတ်ခမ်းထောင့်များတွင် ရက်စက်သော အပြုံးတစ်ခုမှာ ကွေးညွတ် ပေါ်ထွက်လာလေတော့၏။

All Chapters