← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅)- မူလနတ်ဘုရား အဆင့်အား နှိမ်နင်းရန် ကောက်ကျစ်သော အစီအစဉ်နှင့် အသားတောင် မိစ္ဆာကောင်ကြီးအား ပြန်လည် ပုံဖော်ခြင်း

~“ဂိုဏ်းချုပ်ကြီးရဲ့ ပညာရပ်ကလည်း မပြည့်စုံသေးဘူးဆိုတော့... ဒီရုပ်သေးရုပ်ကို ကျုပ်ကိုပဲ ပေးလိုက်တာက ပိုမကောင်းဘူးလား...”

ဒုတိယ ခန်းမသခင်က အေးစက်စွာ ရယ်ရင်း ပြောလိုက်သည်။

မူလနတ်ဘုရား အဆင့်ရှိသော ရုပ်သေးရုပ် တစ်ရုပ်သည် သူ့အတွက်ပင်လျှင် အလွန် ဆွဲဆောင်မှု ရှိလှပေသည်။

အစောပိုင်းကပင် ဒုတိယ ခန်းမသခင်သည် ပတ်ဝန်းကျင်ကို စူးစမ်းခဲ့ပြီးဖြစ်ရာ မည်သည့် အန္တရာယ်မှ မရှိကြောင်း သိရှိထားသဖြင့် ဤ အသားတောင် မိစ္ဆာကောင်ကြီး ကို သိမ်းပိုက်လိုသော လောဘစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေသည်။

စကားအဆုံးတွင် သူသည် စက္ကူယပ်တောင် သခင်လေး ဆီသို့ အကြည့်လွှဲလိုက်၏။

တစ်ဖက်လူကလည်း ဒုတိယ ခန်းမသခင်အား အေးစက်သော အပြုံးတစ်ခုဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

သူတို့နှစ်ဦးသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းချုပ်ဟောင်းအား ပူးပေါင်း နှိမ်နင်းရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်၏။

အကယ်၍သာ အောင်မြင်သွားခဲ့လျှင် ဤအစွမ်းထက်လှသော အသားတောင် မိစ္ဆာကောင်ကြီး မှာ သွေးနတ်ဆိုး ခန်းမဆောင် ၏ လက်တွင်းသို့ အပိုင်ရောက်ရှိသွားပေလိမ့်မည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်မိတော့သည်။

“ဒုတိယ ခန်းမသခင်... ခင်ဗျား ဒါ ဘာဆိုလိုတာလဲ...”

“ပြောတဲ့အတိုင်းပဲပေါ့...”

ဒုတိယ ခန်းမသခင်က မထီမဲ့မြင် ပြုံးလိုက်၏။

စက္ကူယပ်တောင် သခင်လေးသည် သူ၏ ယပ်တောင်ကို ပြန်သိမ်းလိုက်ပြီးနောက် ဖွင့်ဟလိုက်၏။

“ဂိုဏ်းချုပ်ဟောင်း... ခင်ဗျားက မဟာသူတော်စင် တပိုင်း အဆင့် ပဲ ရှိသေးတာ... အသားတောင် မိစ္ဆာကောင်ကြီး ကတော့ တကယ့် မူလနတ်ဘုရား အဆင့် ရုပ်သေးရုပ်ကြီးလေ... ခင်ဗျားလက်ထဲမှာ ထားထားတာက နှမြောစရာကြီးပဲ... စကားပုံတစ်ခု ရှိတယ်မဟုတ်လား... လူတော်ဆိုတာ သူတစ်ပါးကို အကျိုးပြုရတယ်တဲ့... ဒီတော့ ဒီရုပ်သေးရုပ်ကို ထိန်းချုပ်ခွင့်ကို ကျုပ်တို့ ဒုတိယ ခန်းမသခင် ဆီကို လွှဲပေးလိုက်ပါလား...”

သူက ဆက်လက်၍ မြှောက်ပင့်လိုက်ပြန်သည်။

“ဒီလို လုပ်ခြင်းအားဖြင့် ခင်ဗျားလည်း ကျုပ်တို့ သွေးနတ်ဆိုး ခန်းမဆောင် ထဲကို ဝင်ခွင့်ရမှာလေ... ဒါက ပျော်စရာ မကောင်းဘူးလား...”

“ကျုပ်တို့ သွေးနတ်ဆိုး ခန်းမဆောင် ဆိုတာ ကြယ်သုံးပွင့် အင်အားစု ပဲ... ခင်ဗျားတို့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း အနေနဲ့ ကျုပ်တို့ဆီ ဝင်လာတာက ဂုဏ်ငယ်သွားမှာ မဟုတ်ပါဘူး...”

ဤသို့ ပြောနေစဉ် စက္ကူယပ်တောင် သခင်လေး၏ မျက်နှာတွင် အောင်နိုင်သူတစ်ဦး၏ အပြုံးများ ပြည့်နှက်နေ၏။

“မင်းတို့က ငါတို့ကို အနိုင်ကျင့်ပြီး လုယူချင်တာပေါ့လေ...”

ကျောက်တိုင်များပေါ်တွင် ရှိနေကြသော ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ အထွတ်အထိပ် အကြီးအကဲ များမှာ မျက်နှာများ အေးစက်လျက် ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်နေကြသည်။

“ဝုန်း...”

ဒုတိယ ခန်းမသခင်၏ မူလနတ်ဘုရား အဆင့် (၁) အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် မုန်တိုင်း တစ်ခုအဖြစ် ပြောင်းလဲကာ ဤမြေအောက်ကမ္ဘာ တစ်ခုလုံးကို တုန်ခါသွားစေတော့၏။

အထွတ်အထိပ် အကြီးအကဲ (၁၂) ဦးမှာ ထိုဖိအားဒဏ်ကြောင့် နေရာမှာတင် သွေးအန်ကုန်ကြပြီး ကျောက်တိုင်များပေါ်မှ မြေပြင်သို့ ပြုတ်ကျသွားကြရှာသည်။

“ဒုတိယ ခန်းမသခင်... ခင်ဗျား.....”

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်းမှာ ဒေါသတကြီး ဖြစ်နေတော့၏။

သို့သော် သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့် ဒုတိယ ခန်းမသခင်က အဝေးမှနေ၍ လက်ဝှေ့ယမ်းကာ သူ့ကို ဖိနှိပ်လိုက်သည်။ တောင်ကြီး ကုဋေပေါင်းများစွာ သူ့ပုခုံးပေါ်သို့ ပြိုကျလာသကဲ့သို့ ခံစားလိုက်ရပြီး တစ်လက်မမျှပင် မလှုပ်နိုင်တော့ချေ။

“ပြန်မတိုက်ဖို့ ကြိုးစားစမ်းနဲ့... မဟုတ်ရင် မင်းတို့ရဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဒီနေ့တင် အစပျောက်သွားလိမ့်မယ်... ဟုတ်တယ်မဟုတ်လား စက္ကူယပ်တောင် သခင်လေး...”

ဒုတိယ ခန်းမသခင်သည် အောင်နိုင်သူပီပီ အားရပါးရ ရယ်ရင်း သူ့ဘေးရှိ စက္ကူယပ်တောင် သခင်လေးအား လှည့်ကြည့်လိုက်သည်။

စက္ကူယပ်တောင် သခင်လေးက ခေါင်းညိတ်ပြပြီး ဂိုဏ်းချုပ်ဟောင်းအား ထပ်မံ အကြံပေးလိုက်ပြန်၏။

“အသားတောင် မိစ္ဆာကောင်ကြီး ကို ထိန်းချုပ်ခွင့်သာ လွှဲပေးလိုက်ပါ... နောက်ဆို ကျုပ်တို့အားလုံး သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ အကြီးအကဲတွေ ဖြစ်လာမှာပဲလေ... ဒါက ပျော်စရာ ကောင်းမှာပါ...”

“မင်း... ငါက မင်းကို သူငယ်ချင်းလို့တောင် သတ်မှတ်ခဲ့တာ... မင်းကတော့ အိမ်ထဲကို ဝံပုလွေတွေ ခေါ်လာတယ်ပေါ့... သောက်ကျိုးနည်း ကောင်...”

ဂိုဏ်းချုပ်ဟောင်းက ဒေါသကြောင့် မျက်လုံးများ နီမြန်းလျက် ဟိန်းဟောက်လိုက်သည်။

“ထိန်းချုပ်ခွင့်ကို အခုချက်ချင်းပေး... မဟုတ်ရင် မင်းကို သတ်ပြီး ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးမယ်... ပြီးမှ အသားတောင် မိစ္ဆာကောင်ကြီး ကို ငါ့ဘာသာ သန့်စင်ယူမယ်... အတူတူပဲလေ...”

ဒုတိယ ခန်းမသခင်က ပြင်းထန်သော အရှိန်အဝါများဖြင့် ရှေ့သို့ တိုးလာ၏။

“ဂိုဏ်းချုပ်ဟောင်း... ပေးလိုက်ပါတော့ဗျာ...”

စက္ကူယပ်တောင် သခင်လေးသည် ယပ်တောင်ကို ညင်သာစွာ ခတ်ရင်း နူးညံ့စွာ ပြုံးနေသည်။

“တကယ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ...”

ဂိုဏ်းချုပ်ဟောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်သည်းများမှာ အသားထဲသို့ စိမ့်ဝင်သွားတော့သည်။ သူသည် မျက်လုံးများ သွေးစွန်းလျက် ညည်းတွားလိုက်၏။

“ဒါတွေအားလုံးက ငါ လူမှားပေါင်းမိပြီး အိမ်ထဲကို ဝံပုလွေတွေ ခေါ်လာမိလို့ပဲ... သောက်ကျိုးနည်းလှချည်လား...”

သူသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ပြင်းထန်စွာ သက်ပြင်းချလိုက်သည်။

ဒုတိယ ခန်းမသခင်နှင့် စက္ကူယပ်တောင် သခင်လေးတို့မှာမူ အေးစက်သော အမူအရာများဖြင့် ရပ်နေကြ၏။

“သေသေချာချာ ထပ်စဉ်းစားပါဦး...” စက္ကူယပ်တောင် သခင်လေးက ပြုံးလျက် ပြောလိုက်သည်။

“ရော့... ဒါက ထိန်းချုပ်တဲ့ တံဆိပ်ပြားပဲ... ခင်ဗျားကို ပေးနိုင်ပါတယ်... ဒါပေမဲ့ ယဲ့ဖုန်း ကိုတော့ အစပျောက်အောင် သတ်ပေးရမယ်... ပြီးတော့ ကျုပ်ကိုယ်တိုင်လည်း ဝင်တိုက်ချင်တယ်...”

နောက်ဆုံးတွင်တော့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်းမှာ စိတ်ဓာတ်ကျစွာဖြင့် လက်လျှော့လိုက်ပြီး ရှေးဟောင်း တံဆိပ်ပြား တစ်ခုကို ထုတ်ပေးလိုက်၏။

“ကောင်းပြီလေ...” ဒုတိယ ခန်းမသခင်က ပြုံးလိုက်သည်။

သူသည် ထိုရှေးဟောင်းတံဆိပ်ကို လက်ခံလိုက်ပြီးနောက် ဝိညာဉ်အာရုံ ဖြင့် စစ်ဆေးကြည့်ရာ ၎င်းသည် အသားတောင် မိစ္ဆာကောင်ကြီး ကို တကယ် ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရ၏။

သူသည် ဂိုဏ်းချုပ်ဟောင်း ချန်ထားခဲ့သော မူလဝိညာဉ် အမှတ်အသားကို ရက်စက်စွာ ဖျက်ဆီးပစ်လိုက်ပြီးနောက် ထိုတံဆိပ်ကို စတင် သန့်စင်လိုက်သည်။

သိပ်မကြာခင်မှာပင် ဒုတိယ ခန်းမသခင်သည် အသားတောင် မိစ္ဆာကောင်ကြီး နှင့် ချိတ်ဆက်မိသွားကြောင်း ခံစားလိုက်ရ၏။

မရေမတွက်နိုင်သော သေးငယ်သည့် မျှင်တန်းလေးများသည် အသားတောင် မိစ္ဆာကောင်ကြီး အတွင်းမှ ထွက်ပေါ်လာပြီး ရှေးဟောင်းတံဆိပ်အတွင်းသို့ စီးဝင်သွားကာ ဒုတိယ ခန်းမသခင်၏ မူလဝိညာဉ် နှင့် ရစ်ပတ်သွားကြတော့သည်။

“ဟင်... တစ်ခုခု မှားနေပြီ...”

ရုတ်တရက် ဒုတိယ ခန်းမသခင်သည် အားပြင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်၏။

အသားတောင် မိစ္ဆာကောင်ကြီး ထံမှ ထွက်ပေါ်လာသော မျှင်တန်းများသည် သူ၏ မူလဝိညာဉ် ကို ထိန်းချုပ်နေပြီး၊ သူ၏ စွမ်းအားများကို စုပ်ယူကာ အသားတောင် မိစ္ဆာကောင်ကြီး ခန္ဓာကိုယ်အတွင်းသို့ ပို့ဆောင်နေသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိလိုက်ရခြင်း ဖြစ်ပေသည်။ ၎င်းမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းပင် ဖြစ်ချေ၏။

“ဟဲဟဲ... အချိန်နှောင်းသွားပြီ..”

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်းက အေးစက်စွာ ရယ်လိုက်သည်။

သူသည် ခေါင်းကို ရုတ်တရက် မော့လိုက်ရာ၊ အစောပိုင်းက သူ၏ မျက်လုံးများထဲတွင် ရှိနေခဲ့သော နာကြည်းမှု၊ စိတ်ပျက်မှုနှင့် နောင်တရမှု အစရှိသည့် ဝမ်းနည်းပူဆွေးမှုများမှာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်ကြောင်း ထင်ရှားသွားတော့၏။

ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မိစ္ဆာချီ မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး၊ ၎င်း၏ အစိတ်အပိုင်းတစ်ခုမှာ အသားတောင် မိစ္ဆာကောင်ကြီး အတွင်းသို့ စီးဝင်သွားကာ ကျန်ရှိသော စွမ်းအားများက ဒုတိယ ခန်းမသခင်အား ဝါးမြိုလိုက်လေတော့သည်။

“လူယုတ်မာ ကောင်.....”

ဒုတိယ ခန်းမသခင်သည် သူ၏ မူလနတ်ဘုရား အဆင့် ဖိအားကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။ သူ၏ ဝိညာဉ်အသိပင်လယ် ထဲရှိ မူလဝိညာဉ် မှာ တောက်ပသော နတ်ဘုရား အလင်းတန်းများကို ထုတ်လွှတ်လျက်၊ သူနှင့် အသားတောင် မိစ္ဆာကောင်ကြီး ကို ချိတ်ဆက်ထားသော ထူးဆန်းသည့် မျှင်တန်းများကို ဖြတ်တောက်ရန် ကြိုးစားသည်။

“ဝိညာဉ်ငြိမ်သက်ခြင်း အပ်.....”

ဆွဲဆောင်မှု ရှိသော လူငယ်အသံ တစ်သံ ထွက်ပေါ်လာ၏။

ဒုတိယ ခန်းမသခင်သည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ စက္ကူယပ်တောင် သခင်လေးမှာ လက်တစ်ဖက်တွင် ယပ်တောင်ကို ကိုင်လျက်၊ ကျန်လက်တစ်ဖက်ကမူ ရှေးဟောင်းစာလုံးများ ရေးထိုးထားသည့် ခရမ်းရွှေရောင် အပ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုအပ်သည် ဒုတိယ ခန်းမသခင်၏ အကာအကွယ်ကို လွယ်ကူစွာ ထွင်းဖောက်သွားပြီး သူ၏ နဖူးအလယ်ရှိ ဝိညာဉ်အသိပင်လယ် ထဲသို့ စိုက်ဝင်သွားလေတော့၏။

“စက္ကူယပ်တောင် သခင်လေး... မင်းက သစ္စာဖောက်ပဲ.....”

ဒုတိယ ခန်းမသခင်သည် သူ၏ အသိစိတ်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ဖြစ်သော ဝိညာဉ်ငြိမ်သက်ခြင်း အပ် ကြောင့် သူ၏ မူလဝိညာဉ် ကာကွယ်ရေးမှာ ပျက်စီးသွားခဲ့ရတော့၏။ မရေမတွက်နိုင်သော တံဆိပ်ခတ်ခြင်း စွမ်းအားများက မူလဝိညာဉ် အတွင်း၌ ပေါက်ကွဲထွက်ပေါ်လာပြီး၊ သူ၏ စွမ်းအားများကို အထွတ်အထိပ် အခြေအနေ၏ (၃၀) ရာခိုင်နှုန်းခန့်အထိသာ ကျန်တော့အောင် ဖိနှိပ်လိုက်သည်။

သူ၏ ခန့်ညားထည်ဝါသော အရှိန်အဝါများမှာလည်း လျင်မြန်စွာ မှိန်ဖျော့သွားတော့၏။

“ဘုန်း...”

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်းသည် မတ်မတ်ရပ်လိုက်ပြီး သူ၏ တုတ်ကောက်ဖြင့် ဒုတိယ ခန်းမသခင်၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ၊ ဒုတိယ ခန်းမသခင်မှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး အသားတောင် မိစ္ဆာကောင်ကြီး ၏ ထူးဆန်းသော မျှင်တန်းများ၏ ဝါးမြိုမှုကို မည်သို့မျှ မခုခံနိုင်တော့ချေ။

“အ...”

ဒုတိယ ခန်းမသခင်သည် ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။

“ငါ သရဲဖြစ်ရင်တောင် မင်းတို့ကို အလွတ်မပေးဘူး.....”

“မင်းက အသစ်စက်စက် အသားတောင် မိစ္ဆာကောင်ကြီး တစ်ကောင်အဖြစ် သန့်စင်ခံရတော့မှာလေ... ငါ့ရဲ့ ပထမဆုံး ဂိုဏ်းစောင့် ဖြစ်လာတော့မှာပါ... မင်းက လူပြန်ဝင်စားဖို့တောင် အခွင့်အရေး မရှိတော့ဘဲနဲ့ ငါ့ကို အလွတ်မပေးဘူးလို့ ပြောနေသေးတယ်ပေါ့... အိပ်မက်ထဲမှာလား..”

ဂိုဏ်းချုပ်ဟောင်းက အတိုင်းထက်အလွန် ကျေနပ်နေ၏။

ဒုတိယ ခန်းမသခင်၏ မူလဝိညာဉ် မှာ ဝါးမြိုခံနေရပြီး သူ၏ ခန္ဓာကိုယ် စွမ်းအားများမှာလည်း ပြိုကွဲပျက်စီးနေသဖြင့် ပြန်လည် တိုက်ခိုက်ရန် စွမ်းအား မရှိတော့ချေ။

“ငါ သိချင်တာက... ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ပါရမီရှင် အကြံပေး စက္ကူယပ်တောင် သခင်လေး က ဘာလို့ ဒီလို ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း လို အဖွဲ့အစည်းလေးအတွက် အလုပ်အကျွေး ပြုနေရတာလဲဆိုတာပဲ...”

ဒုတိယ ခန်းမသခင်သည် စက္ကူယပ်တောင် သခင်လေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သူ့မျက်လုံးများတွင် ဝေခွဲမရမှုများ ပြည့်နှက်နေ၏။

စက္ကူယပ်တောင် သခင်လေးသည် သွေးနတ်ဆိုး ခန်းမဆောင် ၏ အကြီးအကဲ တစ်ဦး ဖြစ်သည်။

သူသည် ငယ်ရွယ်သော ရုပ်ရည် ရှိသော်လည်း အမှန်တကယ်တွင်မူ မည်မျှကြာအောင် အသက်ရှင်ခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။

သွေးနတ်ဆိုး ခန်းမဆောင် သို့ ဝင်ရောက်ပြီးကတည်းက သူသည် ဂိုဏ်းအတွင်း၌ "ပါရမီရှင်" အဖြစ် အမြဲ နာမည်ကျော်ခဲ့ပြီး ပင်မခန်းမသခင်ကြီး ကိုယ်တိုင် အလွန် တန်ဖိုးထားရသော စစ်သေနာပတိ တစ်ဦး ဖြစ်ပေသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ဝိညာဉ်ပင်လယ်အဆင့် မျှသာ ရှိသော်လည်း သူ၏ ကျွမ်းကျင်မှုမှာ အကွက်ချ စီစဉ်ခြင်းနှင့် တွက်ချက်ခြင်းတို့တွင် ဖြစ်ရာ သွေးနတ်ဆိုး ခန်းမဆောင် အတွက် အောင်မြင်မှုများစွာ ဆောင်ကြဉ်းပေးခဲ့သူ ဖြစ်၏။

ပင်မခန်းမသခင်ကြီးကပင်လျှင် နောက်ထပ် ခန်းမသခင် နေရာကို စက္ကူယပ်တောင် သခင်လေးအား လွှဲပေးချင်ကြောင်း ပြောခဲ့ဖူးသည်။

အကျိုးအကြောင်းအရဆိုလျှင် စက္ကူယပ်တောင် သခင်လေးသည် သွေးနတ်ဆိုး ခန်းမဆောင် အပေါ် သစ္စာဖောက်ရန် အကြောင်းမရှိပေ။

ဘာပဲဖြစ်ဖြစ် သူသာ ဒီအတိုင်း အဆင့်ဆင့် တက်လှမ်းသွားမည်ဆိုပါက အနာဂတ်တွင် သွေးနတ်ဆိုး ခန်းမဆောင် ၏ ပင်မခန်းမသခင်ကြီး ဖြစ်လာမည် ဖြစ်ပြီး၊ မရေမတွက်နိုင်သော လူသားဆေးပေါင်းဖို များနှင့် အမြင့်မြတ်ဆုံး အဆင့်အတန်းကို ပိုင်ဆိုင်ရမည် မဟုတ်ပါလား။

သစ္စာဖောက်တယ် ဟုတ်လား။

ဒါက အရူးလုပ်ရပ် မဟုတ်ဘူးလား။

ဒုတိယ ခန်းမသခင်၏ ဝေခွဲမရ ဖြစ်နေသော မျက်နှာကို ကြည့်ပြီး စက္ကူယပ်တောင် သခင်လေးသည် သူ၏ ယပ်တောင်ကို ပိတ်လိုက်ကာ၊ ဆံပင်ပုံစံပေါ်သို့ လက်နှစ်ဖက် တင်လိုက်ပြီး ညင်သာစွာ မ,လိုက်သည်။

ထိုအခိုက်အတန့်တွင် ဆံပင်အတုကြီး တစ်ခုလုံး ကျွတ်ထွက်သွားခဲ့တော့၏။

ခန့်ညားသော်လည်း အနည်းငယ် ယုတ်မာသော အသွင်ရှိသည့်၊ ဦးခေါင်း ပြောင်ပြောင်နှင့် လူငယ်တစ်ဦးသည် ဒုတိယ ခန်းမသခင်၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာလေတော့သည်။

“ထိပ်ပြောင်...”

ဒုတိယ ခန်းမသခင် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။

ထို ထိပ်ပြောင်ခြင်းက ဘာကို ဆိုလိုသလဲဆိုတာ သူ မသိသလို၊ စက္ကူယပ်တောင် သခင်လေးက ဘာကြောင့် လူပုံအလယ်မှာ သူ့ဆံပင်အတုကို ချွတ်ပြသလဲဆိုတာကိုလည်း သူ နားမလည်နိုင် ဖြစ်နေရရှာသည်။

“စက္ကူယပ်တောင် ရှေ့ဖြစ်ဟော ပြန်လည် ရောက်ရှိလာတာကို နွေးထွေးစွာ ကြိုဆိုပါတယ်.....”

ရိုသေလေးစားမှုများ ပြည့်နှက်နေသော အသံများ ထွက်ပေါ်လာရာ ဒုတိယ ခန်းမသခင်သည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်မိသည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်းနှင့် အထွတ်အထိပ် အကြီးအကဲ (၁၂) ဦးစလုံးသည် သူတို့၏ ဝတ်ရုံခေါင်းစွပ်များကို ဖယ်ရှားလိုက်ကြရာ၊ ပြောင်လက်နေသော ဦးခေါင်းများကို မြင်တွေ့လိုက်ရသည်။ သူတို့သည် လက်ထဲမှ တုတ်ကောက်များကို ကိုင်ဆောင်လျက် စက္ကူယပ်တောင် သခင်လေး၏ ရှေ့တွင် ဒူးတစ်ဖက် ထောက်ကာ အရိုအသေပြုလိုက်ကြသည်။

“ငါက စက္ကူယပ်တောင် ရှေ့ဖြစ်ဟော ပဲ... ရှန်ကျိုးတိုက်ကြီး ဆီကို ဆင်းသက်လာတဲ့ ရှေ့ဖြစ်ဟော မျိုးနွယ်စု ရဲ့ ကံကြမ္မာပါတဲ့ ကလေးသူငယ်ပေါ့... ငါ့ရဲ့ တည်ရှိမှုက ရှေ့ဖြစ်ဟော မျိုးနွယ်စု ရဲ့ ဘုန်းတန်ခိုးကို ထွန်းလင်းစေဖို့ပဲ... သွေးနတ်ဆိုး ခန်းမဆောင် ဖြစ်ဖြစ်၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဖြစ်ဖြစ်... အားလုံးကို ငါ ပိုင်ဆိုင်ချင်တာ.....”

စက္ကူယပ်တောင် သခင်လေးသည် ဆံပင်အတုကို ပြန်လည် ဆင်မြန်းလိုက်ရာ ကျက်သရေရှိသော သခင်လေးတစ်ဦး အသွင်သို့ ပြန်လည် ရောက်ရှိသွား၏။

သူသည် စကားလုံးများကို လေးလေးနက်နက် ပြောဆိုလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်ကာ ဆုပ်နယ်လိုက်သည့်ဟန် ပြုလုပ်လိုက်၏။ စကြဝဠာ တစ်ခုလုံးကို သူ၏ လက်ဖဝါးအတွင်းသို့ ထည့်သွင်းလိုသည့်နှယ်။

“ရှေ့ဖြစ်ဟော မျိုးနွယ်စု... မင်းက လူသား မဟုတ်ဘူးပေါ့လေ.....”

ဒုတိယ ခန်းမသခင်သည် အမှန်တရားကို သဘောပေါက်သွားခဲ့ပြီး၊ ဤလောကတွင် သူ၏ နောက်ဆုံး စကားကို ပြောကြားလိုက်လေတော့သည်။

ထို့နောက်တွင်တော့ သူ၏ ဝိညာဉ်အာရုံ မှာ စတင် ပြိုကွဲပျက်စီးသွားပြီး အသိစိတ်များ ဝေဝါးလာကာ လုံးဝ ဥဿုံ ကွယ်ပျောက်သွားခဲ့တော့၏။

“ဝှစ်...”

ဒုတိယ ခန်းမသခင်၏ ခန္ဓာကိုယ်မှာ စွမ်းအင်လှိုင်းကြီး အဖြစ် ပြောင်းလဲသွား၏။ ခြောက်သွေ့နေသော အသားတောင် မိစ္ဆာကောင်ကြီး အတွင်းသို့ စီးဝင်သွားရာ၊ ၎င်းမှာ ပြန်လည် ပြည့်ဖြိုးလာခဲ့သည်။ ထို မိစ္ဆာကောင်ကြီး၏ အရှိန်အဝါမှာလည်း မူလနတ်ဘုရား အဆင့် သို့ ရောက်ရှိသည်အထိ တရိပ်ရိပ် မြင့်တက်လာနေတော့၏။

အဆုံးမဲ့သော မိစ္ဆာချီ များသည် ၎င်း၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေပြီး အားပြင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

“ထစမ်း.....”

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်းက သူ၏ တုတ်ကောက်ကို ဝှေ့ယမ်းလိုက်ရာ၊ အသားတောင် မိစ္ဆာကောင်ကြီး ၏ မျက်လုံးများတွင် အသိဉာဏ်ရှိသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာပြီး အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရပေသည်။

၎င်းသည် မြေပြင်ပေါ်ရှိ စက္ကူယပ်တောင် သခင်လေးအား လှမ်းကြည့်လိုက်ပြီးနောက်၊ နက်ရှိုင်းသော ဝိညာဉ်ရေးရာ ချိတ်ဆက်မှုနှင့် အမြင့်မြတ်ဆုံးသော ဖိအားများကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ဒူးထောက်ကာ အညံ့ခံလိုက်လေတော့၏။

“နောက်ဆုံးတော့ ငါတို့ အောင်မြင်သွားပြီပေါ့...”

စက္ကူယပ်တောင် သခင်လေးသည် ယပ်တောင်ကို ခပ်ဖွဖွ ခတ်လိုက်ရာ၊ သူ၏ နှုတ်ခမ်းထောင့်များတွင် ရက်စက်ယုတ်မာသော အပြုံးတစ်ခုမှာ ကွေးညွတ် ပေါ်ထွက်လာလေတော့၏။

အခန်း (၄၁၆)- လှည့်စားခြင်းနှင့် ယဲ့ဖုန်း နောက်ထပ် အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် တစ်လက် သွန်းလုပ်ခြင်း

~“စက္ကူယပ်တောင် ရှေ့ဖြစ်ဟော အနေနဲ့ မူလနတ်ဘုရား အဆင့် ရှိတဲ့ အသားတောင် မိစ္ဆာကောင်ကြီး ကို အောင်မြင်စွာ ဖန်တီးနိုင်တဲ့အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ... ဒါရှိနေရင် ကျုပ်တို့ အင်အားစု အတော်များများကို နင်းချေဖျက်ဆီးနိုင်မှာပါ...”

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ ဂိုဏ်းချုပ်ဟောင်းက ရိုသေစွာဖြင့် လျှောက်တင်လိုက်သည်။

“ဒီ အသားတောင် မိစ္ဆာကောင်ကြီး ကို ခင်ဗျားပဲ ကိုင်တွယ်လိုက်ပါ... ကျုပ် အပြင်ထွက်နေတာ ကြာပြီဆိုတော့ ပြန်ဖို့ အချိန်တန်ပြီ...”

စက္ကူယပ်တောင် သခင်လေးက သူ၏ ယပ်တောင်ကို ခပ်ဖွဖွ ခတ်ရင်း အေးဆေးစွာ ပြောလိုက်သည်။ သူသည် လိုအပ်သော ညွှန်ကြားချက် အချို့ကို ပေးပြီးနောက် လှည့်ထွက်သွားလေတော့သည်။

“စက္ကူယပ်တောင် ရှေ့ဖြစ်ဟော ကို ပို့ဆောင်ပါတယ်...”

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဂိုဏ်းချုပ်ဟောင်းနှင့် အထွတ်အထိပ် အကြီးအကဲ (၁၂) ဦးစလုံးမှာ ဒူးတစ်ဖက် ထောက်လျက် စက္ကူယပ်တောင် သခင်လေးအား ပို့ဆောင်နှုတ်ဆက်လိုက်ကြ၏။

တစ်ဖက်လူ ထိုနယ်မြေအတွင်းမှ အမှန်တကယ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ၊ ဂိုဏ်းချုပ်ဟောင်းမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ ထို့နောက်တွင်တော့ ရူးသွပ်မတတ် ပျော်ရွှင်မှုများက သူ့မျက်နှာတွင် အစားထိုး ဝင်ရောက်လာတော့သည်။

“ဒီ အသားတောင် မိစ္ဆာကောင်ကြီး က အခုတော့ ငါ့အပိုင် ဖြစ်သွားပြီဟေ့...”

ဂိုဏ်းချုပ်ဟောင်းမှာ အားရပါးရ ရယ်နေလေ၏။ ပျော်ရွှင်မှုများမှာ ရုတ်တရက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည် မဟုတ်ပါလား။

သူသည် စက္ကူယပ်တောင် သခင်လေးနှင့် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်ကပင် တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်ပေသည်။

သို့သော်လည်း တစ်ဖက်လူမှာ အပေါ်ယံတွင် လူသားမျိုးနွယ်ဝင် တစ်ဦးကဲ့သို့ ထင်ရသော်လည်း၊ အမှန်တကယ်မှာမူ လွန်ခဲ့သော ကာလကတည်းက အခြားကမ္ဘာမှ နတ်ဘုရား ဝိညာဉ် တစ်ခု၏ ဝင်ရောက် စီးနင်းခံထားရသူ ဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် နယ်နိမိတ်အတွင်းရှိ ရှေ့ဖြစ်ဟော မျိုးနွယ်စု ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်နေခဲ့သည်။

မြေအောက်ဟင်းလင်းပြင်တွင် ဂိုဏ်းချုပ်ဟောင်း သုတ်သင်ခဲ့သော ရှေ့ဖြစ်ဟော မှာမူ စက္ကူယပ်တောင် သခင်လေးနှင့် ရန်ငြိုးရှိနေသူ ဖြစ်နေ၏။

အမှန်အတိုင်း ပြောရလျှင် ထို ရှေ့ဖြစ်ဟော နှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦး ပြိုင်ဘက်များပင်။

ထို ရှေ့ဖြစ်ဟော မှာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ လက်ချက်ဖြင့် အသက်ထွက်သွားခဲ့သဖြင့်၊ စက္ကူယပ်တောင် သခင်လေးမှာလည်း ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း အား ကူညီရန် ရွေးချယ်ခဲ့ခြင်းပင်။

ဘာပဲဖြစ်ဖြစ် သူတို့က သူ၏ ရန်သူဟောင်းကို ရှင်းထုတ်ပေးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့မှာ မဟာမိတ်များပမာ ဖြစ်နေခဲ့ကြခြင်းပင်။

ဤသို့ဖြင့် စက္ကူယပ်တောင် သခင်လေးမှာ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ၏ နောက်ကွယ်မှ အားကိုးရာကြီး ဖြစ်လာခဲ့လေတော့သည်။

ဤလျှို့ဝှက်ချက်အား အလွန် လုံခြုံစွာ ဖုံးကွယ်ထားခဲ့လေ၏။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တစ်ခုလုံးတွင် ဂိုဏ်းချုပ်ဟောင်းနှင့် အထွတ်အထိပ် အကြီးအကဲ (၁၂) ဦးသာ သိရှိထားကြပြီး၊ မြင့်မြတ်သော လေဓားဂိုဏ်း မှ မဟာအကြီးအကဲပင်လျှင် ဘာမှ မသိရှိခဲ့ပေ။

ကျောက်မဲ ကန္တာရ မှ ထွက်ခွာလာပြီးနောက် စက္ကူယပ်တောင် သခင်လေးသည် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။

“လောလောဆယ်တော့ သွေးနတ်ဆိုး ခန်းမဆောင် ပင်မဌာနချုပ်ကို မပြန်သေးပါဘူး... တောင်ပိုင်းမြစ်ဝှမ်း ဒေသ မှာပဲ လျှောက်သွားဦးမယ်... ဖြစ်နိုင်ရင် ကံကောင်းတဲ့ အချစ်ရေးလေး ဘာလေးများ ကြုံမလားလို့ပေါ့...” စက္ကူယပ်တောင် သခင်လေးက တိုးတိုးလေး ရေရွတ်လိုက်သည်။

မကြာမီ သူသည် ယပ်တောင်ကို ခပ်ဖွဖွ ခတ်ရင်း ဖြည်းညှင်းစွာ လမ်းလျှောက် ထွက်ခွာသွားလေတော့၏။

*

သွေးနတ်ဆိုး ခန်းမဆောင် ပင်မဌာနချုပ်၊

မြေအောက် ခန်းမဆောင်ကြီး အတွင်း၌ ဖြစ်သည်။

"ဂျွတ်"

ဝိညာဉ်ဆီမီးအိမ် တစ်လုံးမှာ ရုတ်တရက် အက်ကွဲသွားသဖြင့် ၎င်းအား စောင့်ကြည့်ရန် တာဝန်ယူထားသော လူအိုကြီးမှာ ထိတ်လန့်သွားရသည်။ သို့သော်လည်း ထို ဝိညာဉ်ဆီမီးအိမ် မှာ ချက်ချင်းပင် မူလအတိုင်း ပြန်လည် ကောင်းမွန်သွားခဲ့၏။

“ဘာဖြစ်တာပါလိမ့်...”

တာဝန်ကျသူသည် မျက်လုံးများကို ပွတ်သပ်ကာ ကြည့်လိုက်ရာ၊ အက်ကွဲသွားသော ဝိညာဉ်ဆီမီးအိမ် မှာ ပြန်လည် ဆက်သွားသည်ကို တွေ့လိုက်ရသဖြင့် နားမလည်နိုင်စွာဖြင့် ခေါင်းကိုသာ ကုပ်နေမိတော့သည်။

သို့သော်လည်း ဝိညာဉ်ဆီမီးအိမ် ကောင်းမွန်နေသရွေ့ ဒုတိယ ခန်းမသခင် ဘေးကင်းနေသည်ဟု ဆိုလိုပေသည်။

‘အိပ်မက်ယောင်တာပဲ ဖြစ်မှာပါ...’ သူ တွေးလိုက်မိ၏။

တာဝန်ကျသူသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး၊ မတူညီသော အလင်းရောင်များဖြင့် တောက်ပနေသည့် အစိမ်းရောင် ဝိညာဉ်ဆီမီးအိမ် ရာပေါင်းများစွာကို ဆက်လက် စောင့်ကြည့်နေလေတော့သည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တွင် ၊

ဂိုဏ်းချုပ်ဟောင်းသည် မူလနေရာတွင် ရပ်နေသော အသားတောင် မိစ္ဆာကောင်ကြီး ကို ကြည့်ရင်း၊ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်ကာ တဟားဟား ရယ်လိုက်၏။

“ကျုပ်တို့ဆီမှာ လိပ်ပြာသုံးပါးနဲ့ ဝိညာဉ်ခုနစ်ပါးကို ဖိနှိပ်ထားနိုင်တဲ့ ဝိညာဉ်ငြိမ်သက်ခြင်း အပ် ရှိနေလို့ တော်သေးတာပေါ့... ဒီလိုဆိုရင်တော့ သွေးနတ်ဆိုး ခန်းမဆောင် က ဒုတိယ ခန်းမသခင်ရဲ့ ဝိညာဉ်ဆီမီးအိမ် က ဆက်ပြီး လင်းနေမှာပဲ... ဒါဆိုရင် သူတို့ သတိမထားမိနိုင်တော့ဘူး...”

“ဒါတွေအားလုံးက စက္ကူယပ်တောင် သခင်လေး ကူညီပေးလို့ပါ...” အထွတ်အထိပ် အကြီးအကဲ (၁၂) ဦးက ပြုံးလျက် ပြောလိုက်ကြသည်။

“မှန်တာပေါ့...” ဂိုဏ်းချုပ်ဟောင်းက ခေါင်းညိတ် ထောက်ခံလိုက်၏။

“အမိန့်ပေးလိုက်စမ်း... နတ်ဆိုးချုပ်နှောင်မျှော်စင် တွေအားလုံး အတွင်းက နတ်ဆိုးသားရဲတွေကို နှိပ်စက်ပြီး မိစ္ဆာချီ တွေ ရအောင် အစွမ်းကုန် လုပ်ကြရမယ်... ကျုပ်တို့ ခဏလောက် ထပ်ပြီး ပုန်းအောင်းနေပြီးမှ တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးကို တိုက်ရိုက် သိမ်းပိုက်ကြတာပေါ့...”

ထိုစဉ်၊ အထွတ်အထိပ် အကြီးအကဲ တစ်ဦးက နားမလည်နိုင်စွာ မေးလာ၏။

“ဂိုဏ်းချုပ်ဟောင်း... ဘာလို့ အခု ချက်ချင်း တောင်ပိုင်းမြစ်ဝှမ်း ဒေသ ကို မတိုက်တာလဲဟင်...”

“ကြယ်နှစ်ပွင့်အဆင့် အင်အားစု (၄) ခုရဲ့ ဂိုဏ်းချုပ်တွေကလည်း မူလနတ်ဘုရား အဆင့် ကို မရောက်ကြသေးဘူးလေ... မြူခိုးဂိုဏ်း တစ်ခုတည်းကပဲ ကျုပ်တို့ကို ခြိမ်းခြောက်နိုင်တာပါ... ဘာလို့ ဒီအခွင့်အရေးကို အသုံးမချတာလဲဟင်…”

နောက်ထပ် အကြီးအကဲ တစ်ဦးကလည်း ထပ်ဖြည့်ပြောလိုက်သည်။

ဂိုဏ်းချုပ်ဟောင်းက ခေါင်းခါပြလိုက်၏။

“ဟင့်အင်း၊ ငါ တွက်ချက်ကြည့်ပြီးပြီ... အနာဂတ်မှာ ပိုပြီး သင့်တော်တဲ့ အခွင့်အရေး တစ်ခု ရှိလာလိမ့်မယ်... အခုတော့ ဆက်ပြီး စောင့်ကြရအောင်...”

“နားလည်ပါပြီ...”

၎င်းမှာ ဟောကိန်းထုတ်ခြင်း၏ ရလဒ် ဖြစ်ကြောင်း ကြားသိရသဖြင့် ရှိနေသော အထွတ်အထိပ် အကြီးအကဲများမှာ ခေါင်းညိတ်လိုက်ကြ၏။ ဆုံးဖြတ်ချက်အပေါ် ထပ်မံ မေးခွန်းထုတ်ခြင်း မပြုကြတော့ပေ။

...

*

မြူခိုးဂိုဏ်း တွင် ၊

ယဲ့ဖုန်း နှင့် သူ့အဖွဲ့မှာ တောင်ထိပ်ပေါ်သို့ ပြန်လည် ရောက်ရှိနေကြလေ၏။

“အားလုံးပဲ... လူစုခွဲပြီး ကိုယ့်ဘာသာကိုယ် သေချာ ကျင့်ကြံကြစမ်း... အချိန်တစ်ခု ကြာတိုင်းမှာ ငါ ကိုယ်တိုင် တာအိုပို့ချပေးမယ်... ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင် အဲဒီအချိန်ကျမှ မေးကြတော့...” ယဲ့ဖုန်း က တပည့်များကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”

တပည့်များက ဦးညွှတ် နှုတ်ဆက်ကာ လူစုခွဲသွားကြ၏။

ပုံမှန်အားဖြင့် ကျင့်ကြံခြင်းတွင် ပြဿနာ ကြုံလာပါက၊ သူတို့သည် မိုယင်၊ ကျီဇီလင်း နှင့် အခြားသော ပထမမျိုးဆက် စီနီယာ အစ်ကို၊ အစ်မများထံသို့ အရင် သွားရောက် တိုင်ပင်လေ့ ရှိကြသည်။

အကယ်၍ ၎င်းတို့က မဖြေရှင်းနိုင်ပါက ကုန်းချင်းချိုး ထံသို့ သွားကြရသည်။

အကယ်၍ ကုန်းချင်းချိုးပင် မသိရှိပါက၊ မြူခိုးတောင်ထိပ် ပေါ်တွင် နေထိုင်သော ဂိုဏ်းချုပ် ယဲ့ဖုန်း ထံသို့ ကိုယ်တိုင် သွားရောက် မေးမြန်းကြခြင်း ဖြစ်ပေ၏။

“ဝါး...”

ယဲ့ဖုန်း ကို မြင်သည်နှင့် (၁၀) မီတာခန့် မြင့်မားနေသော အစ်ကိုကြီး ခေါင်းပြား သည် ချက်ချင်းပင် ထရပ်လိုက်ပြီး၊ ခေါင်းကို မော့ကာ မြူခိုးတောင်ထိပ် ပေါ်ရှိ ယဲ့ဖုန်း ကို ကြည့်လျက် မျက်နှာပြောင်ပြနေတော့သည်။

သူ့ပုံစံမှာ ‘ငါ ပြန်ပြီး သန်မာလာပြီဟေ့... လာစမ်းပါ... တိုက်ကြရအောင်...’ ဟု ပြောနေသည့်နှယ်။

“ဟေ့... ဒီကောင်ကတော့...”

ယဲ့ဖုန်း က ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အစ်ကိုကြီး ခေါင်းပြား ဆီမှ နတ်ဆိုးဧကရာဇ် အရှိန်အဝါ ကို ပြန်လည် ရုပ်သိမ်းလိုက်ရာ၊ သူသည်လည်း မူလ အရွယ်အစားသို့ ပြန်လည် ရောက်ရှိသွားလေတော့သည်။

“ဝါး...”

အစ်ကိုကြီး ခေါင်းပြား သည် သူ့ခန္ဓာကိုယ်အတွင်းရှိ အားကောင်းသော စွမ်းအားများ လျင်မြန်စွာ လွင့်စင်သွားပြီး၊ အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ ပြန်လည် ရောက်ရှိသွားသဖြင့် မှင်သက်စွာ ရပ်နေမိတော့၏။

“ဒါက နတ်ဆိုးဧကရာဇ် အရှိန်အဝါ ပဲ... ဒါရှိနေရင် မိုင်တစ်ထောင်အတွင်းမှာရှိတဲ့ နတ်ဆိုးဧကရာဇ် အောက်က နတ်ဆိုးသားရဲတွေဆီက စွမ်းအား အစိတ်အပိုင်းတွေကို ခေတ္တ ရယူနိုင်မှာ... အလွန်ဆုံးရှိမှ (၇) ရက်ပဲ ခံမှာနော်... အချိန်ပြည့်သွားရင်တော့ ပျောက်သွားမှာပဲ...” ယဲ့ဖုန်း က ရှင်းပြလိုက်သည်။

ယဲ့ဖုန်း က အသံလွှဲပြောင်းခြင်း ဖြင့်သာ ပြောလိုက်ခြင်း ဖြစ်၏။

အစ်ကိုကြီး ခေါင်းပြားမှာ ခေါင်းကို ကုတ်ရင်း နားလည်သလိုလို၊ မလည်သလိုလိုနှင့် ရှိနေသည်။

အရှိန်အဝါကို ရုပ်သိမ်းပြီးနောက် ယဲ့ဖုန်း သည် မြူခိုးတောင်ထိပ် ၏ ကမ်းပါးအစွန်းသို့ ရောက်ရှိလာသည်။ ဂိုဏ်းရင်ပြင်တွင် လဲလျောင်းနေသော ရူးသွပ်မြွေဟောက်ဘုရင် ၏ အလောင်းကို ကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း တွေးတောနေမိ၏။

‘ဒီ နတ်ဆိုးသားရဲ ရဲ့ ကျောရိုးကတော့ လက်နက်သွန်းလုပ်ဖို့အတွက် တကယ့် အဆင့်မြင့် ကုန်ကြမ်းပဲ...’

ယဲ့ဖုန်းသည် ဖေးလိုင်တောင်ထိပ် ပေါ်တွင် ဒုတိယမျိုးဆက် တပည့်အချို့ကို ငွေရောင်လှံတံ အသုံးပြုပုံ လေ့ကျင့်ပေးနေသော လီဇီလုံ ဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။

နောက်တခဏ၌၊

“ရွှပ်...”

ရွှေရောင် အလင်းတန်း တစ်ခု ကောင်းကင်မှ ဆင်းသက်လာတော့၏။ ရူးသွပ်မြွေဟောက်ဘုရင် ၏ အသားများကို ခွဲခြမ်းကာ၊ ၎င်း၏ တစ်ခုလုံး ပြည့်စုံသော ကျောရိုးကို ထုတ်ယူလိုက်ပြီး အရိုးနဂါးတစ်ကောင်ပမာ လေထဲတွင် ဆိုင်းငံ့ထားလိုက်ရာ၊ လူတိုင်း၏ အာရုံမှာ ထိုဘက်သို့ ရောက်ရှိသွားကြတော့၏။

“ဂိုဏ်းချုပ် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”

လူအုပ်ကြီးမှာ ဝေခွဲမရ ဖြစ်နေကြသည်။

ယဲ့ဖုန်း မှာမူ တိတ်ဆိတ်နေဆဲပင်။

သူသည် အထွတ်အထိပ် အဆင့် ဆေးဖော်စပ်အိုး ကို ထုတ်လိုက်ပြီး လက်ဟန် ရေးဆွဲလိုက်ရာ၊ ဖူယွင် တောအုပ်နက် တွင် သွေးနတ်ဆိုး ခန်းမဆောင် ဒုတိယ ခန်းမသခင် ချန်ထားခဲ့သော ပျက်စီးနေသည့် သွေးဓားမှာ ပျံတက်လာနေ၏။ ဆေးဖော်စပ်အိုး အတွင်းသို့ ကျရောက်ကာ အဖိုးတန် ကုန်ကြမ်းများအဖြစ် ပြန်လည် သန့်စင်ခြင်း ခံလိုက်ရသည်။

ထို့နောက် ယဲ့ဖုန်း သည် ရူးသွပ်မြွေဟောက်ဘုရင် ၏ ကျောရိုးများကို အပိုင်းပိုင်း ခွဲလိုက်ပြီး ဆေးဖော်စပ်အိုး အတွင်း၌ အဆင့်ဆင့် သန့်စင်လိုက်၏။

ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး များနှင့် အခြားသော ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို ထည့်သွင်းလိုက်၏။

နောက်ဆုံးတွင်တော့ ဆေးဖော်စပ်အိုး အတွင်းသို့ ရွှေရောင် အလင်းတန်း တစ်ခုကိုပါ ထည့်သွင်းလိုက်ပြန်သည်။ ဧကရာဇ်တစ်ပိုင်း မော့စီ နှင့် နတ်ဆိုးဘုရင် (၃) ကောင်ကို ယဲ့ဖုန်း သတ်ဖြတ်စဉ်က၊ သူတို့၏ နတ်ဆိုးအမြုတေ များမှာ ကွဲကြေသွားခဲ့ပါ၏။ သို့သော်လည်း၊ သွေးကြောဆိုင်ရာ စွမ်းအားများနှင့် နတ်ဆိုးအနှစ်သာရ စွမ်းအားများမှာမူ ရှိနေဆဲ ဖြစ်ရာ၊ ယဲ့ဖုန်းက လေဓာတ် ဝိညာဉ်စွမ်းအင် (၄) မျှင်ဖြင့် တံဆိပ်ခတ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပေသည်။

ခုနလေးတင် ထည့်လိုက်သော ရွှေရောင် အလင်းတန်းမှာ ဧကရာဇ်တစ်ပိုင်း

မော့စီ ၏ စုစည်းထားသော စွမ်းအားများပင်။

"ချွင်..ချွင်..."

ဆေးဖော်စပ်အိုး အတွင်းရှိ ဝိညာဉ်လက်နက်မှာ ပွက်ပွက်ဆူနေပြီး သွန်းလုပ်ခြင်း ခံနေရသည်။

“ဂိုဏ်းချုပ် က အသစ်စက်စက် ဝိညာဉ်လက်နက် တစ်လက်ကို သွန်းလုပ်နေတာပဲ... ပြီးတော့ ရူးသွပ်မြွေဟောက်ဘုရင် ရဲ့ ကျောရိုးတွေကိုတောင် သုံးနေတာဆိုတော့... ဒါက တကယ်ကို ကြီးမားတဲ့ လှုပ်ရှားမှုပဲဗျာ...”

လီဇီလုံ မော့ကြည့်ရင်း အံ့သြတကြီး ချီးကျူးလိုက်မိ၏။

ဒီ လတ်လတ်ဆတ်ဆတ် သွန်းလုပ်ထားတဲ့ လက်နက်ကို ရမယ့် ကံကောင်းသူက ဘယ်သူပါလိမ့်။

သူ အားကျနေမိတော့သည်။

*

နေ့ဝက်ခန့် ကြာပြီးနောက်၊

“ဝီ...”

ဆေးဖော်စပ်အိုး ၏ အဖုံးမှာ ပွင့်ထွက်သွားသည်။

နှင်းပမာ ဖြူစင်သော နဂါးလှံတစ်လက်မှာ ကောင်းကင်သို့ ထိုးတက်သွားပြီး၊ ထက်ရှသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ၎င်းဖြင့် ခပ်ဖွဖွ တစ်ချက် ထိုးလိုက်ရုံနှင့်ပင် ဖူယွင် တောအုပ်နက် အတွင်း၌ မီတာ (၁၀၀) ခန့် နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့၏။

“ဟူး...”

ဤသည်ကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း ပင့်သက်ရှိုက်မ်ိသွားရသည်။

“ဒါ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ပဲ.....”

ကုန်းချင်းချိုး၊ မိုယင်၊ ချူယွင်အာ၊ လီဇီလုံ နှင့် အခြားသူများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး၊ ထိုလက်နက်ထံမှ ထွက်ပေါ်နေသော ရင်ခုန်သံမြန်စေသည့် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် အံ့သြမှင်သက်သွားကြလေတော့၏။

“မဆိုးဘူးပဲ...”

ယဲ့ဖုန်း ပင်လျှင် အနည်းငယ် အံ့သြသွားရသည်။

လက်နက် မသွန်းလုပ်မီက ဆေးဖော်စပ်အိုး က အသိစိတ်ဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင်၊ ဤတစ်ခေါက် သွန်းလုပ်မှုသည် အနည်းဆုံးတော့ ဝိညာဉ်လက်နက်များထဲတွင် အဆင့်မြင့် အမျိုးအစားတစ်ခု ထွက်လာလိမ့်မည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ ပြီးဆုံးသွားသည့်အခါတွင်မူ ၎င်းထက် ပိုမိုမြင့်မားသော အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ဖြစ်လာခဲ့သည် မဟုတ်ပါလား။

‘ကြည့်ရတာ ဧကရာဇ်တစ်ပိုင်း မော့စီ ရဲ့ စွမ်းအားအားလုံးကို ရရှိလိုက်တာကြောင့်ရယ်၊ ပျက်စီးနေတဲ့ သွေးဓားရဲ့ အားဖြည့်မှုတွေကြောင့်ရယ် ပေါင်းစပ်ပြီး အဆင့်တက်သွားတာ ဖြစ်ရမယ်...’

ယဲ့ဖုန်း အကြောင်းရင်းကို ခန့်မှန်းလိုက်မိ၏။

[အဆင့်မြှင့်တင်မှု စွမ်းအင် - ၂၂.၅ %]

ဆေးဖော်စပ်အိုး အတွင်းရှိ စုစည်းမိနေသော စွမ်းအားများကို ကြည့်လိုက်ရာ၊ ယဲ့ဖုန်း သည် စွမ်းအင် ငါးပုံတစ်ပုံခန့် ပြည့်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

မူလက (၁၀) ပုံ (၁) ပုံ ရှိနေခဲ့ပြီးသားဖြစ်ရာ၊ အထွတ်အထိပ် အဆင့် နဂါးလှံကို သွန်းလုပ်ခြင်းက အဆင့်မြှင့်တင်မှု စွမ်းအင် (၁၀) ရာခိုင်နှုန်းခန့်သာ ထပ်တိုးပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ဝိညာဉ်ရတနာ အဖြစ် မြှင့်တင်ရန်အတွက် လိုအပ်သော စွမ်းအင်ပမာဏ ပြည့်ရန်မှာမူ ဝေးပါသေးသည်။

"ဝှစ်..."

ယဲ့ဖုန်း က လက်ညှိုးဖြင့် ခပ်ဖွဖွ တောက်လိုက်ရာ၊ အထွတ်အထိပ် အဆင့် နဂါးလှံသည် လေထုကို ခွဲခြမ်းကာ ပျံသန်းသွားပြီး လီဇီလုံ ၏ ရှေ့တွင် ချက်ချင်းပင် ရပ်တန့်သွား၏။

“ဒါက အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ပဲ... အကြီးအကဲ ဇီလုံ အတွက် ဆုလာဘ်ပေါ့... ကျွန်တော်တို့ မြူခိုးဂိုဏ်း ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ... ကျွန်တော် ဂိုဏ်းချုပ် ရဲ့ မျှော်လင့်ချက်တွေကို အပျက်မခံပါနဲ့ဦး...”

ယဲ့ဖုန်း က ကျယ်လောင်စွာ အသိပေးလိုက်ရာ သူ့အသံသည် မြူခိုးဂိုဏ်း တစ်ခုလုံးသို့ ရောက်ရှိသွားလေတော့သည်။

“ဝါး... ဒါ အမှန်တကယ်ပဲ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ကြီးပါလား...”

“အဟင့် ..အားကျလွန်းလို့ မျက်ရည်တောင် ထွက်တယ်...”

တပည့်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

သူတို့သည် လီဇီလုံ ကို အားကျလေးစားသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေကြ၏။

ဘာပဲဖြစ်ဖြစ် ၎င်းမှာ အလွန် တန်ဖိုးကြီးလှသော အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက်ကြီးလေ။

ဂိုဏ်းချုပ် က အကြီးအကဲ လီဇီလုံ အား မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆုလာဘ်အဖြစ် ပေးသနားလိုက်သည် မဟုတ်ပါလား။

“ဒါ... ဒါက တကယ်ပဲ ကျွန်တော့်အတွက်လား ခင်ဗျာ...”

လီဇီလုံ သည် ကောင်းကင်မှ ကြီးမားသော ကံထူးမှုကြီး တစ်ခု ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။

ခုနလေးတင် သူက ဒီကံကောင်းသူက ဘယ်သူပါလိမ့်ဟု တွေးနေခဲ့မိသည် မဟုတ်ပါလော။၊ တကယ်တမ်းကျတော့ သူကိုယ်တိုင်ပင် ဖြစ်နေခဲ့ပါလား။

“ဂိုဏ်းချုပ် ဖြစ်တဲ့ ကျွန်တော်က ပေးတာပဲ... ယူလိုက်စမ်းပါ...”

ယဲ့ဖုန်း က တိုက်တွန်းလိုက်သည်။

“ဒီ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် မှာ နာမည် မရှိသေးဘူး... အကြီးအကဲ ဇီလုံ ပဲ ကိုယ့်ဘာသာ နာမည်ပေးလိုက်တော့... နောင်ဆိုရင်လည်း ဆက်ပြီး ကြိုးစား ကျင့်ကြံဦးပေါ့...”

“ဒါ့အပြင်... ဒီအချိန်ကစပြီး ဘယ်သူမဆို ဝိညာဉ်ပင်လယ်အဆင့် ကို တက်လှမ်းနိုင်မယ်ဆိုရင်၊ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်လက်နက် တစ်လက်ကို ဆုလာဘ်အဖြစ် ပေးအပ်သွားပါမယ်...”

ယဲ့ဖုန်း က သူ့အသံကို မြှင့်ကာ ထပ်မံ ကြေညာလိုက်ပြန်၏။

ထိုစကားကို ကြားသောအခါ တပည့်များမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကြပြီး၊ ကျင့်ကြံလိုစိတ်များမှာလည်း တစ်ဟုန်ထိုး တိုးတက်လာကြလေတော့၏။

အခန်း (၄၁၇)- ထူးခြားသော ဝိညာဉ်သွေးအား ပေါင်းစပ်ခြင်းနှင့် လီကျောက်ကျောက်၏ အကောင်အထည်ဖော်မှု

~ယဲ့ဖုန်းက ဆုလာဘ်ဆိုင်ရာ စည်းမျဉ်းများကို ကြေညာလိုက်သည်နှင့် မြူခိုးဂိုဏ်းရှိ အကြီးအကဲများမှစ၍ တပည့်များအထိ အားလုံး၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ တဖျတ်ဖျတ် လက်သွားကြ၏။

ဝိညာဉ်ပင်လယ်အဆင့်သို့ တက်လှမ်းနိုင်ပါက အဆင့်မြင့် ဝိညာဉ်လက်နက် တစ်လက် ဆုချမည်တဲ့။

တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးကို ခြုံငုံကြည့်လျှင်ပင် ဤမျှလောက် ရက်ရောနိုင်သူမှာ ယဲ့ဖုန်း တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

'အခု ငါက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇) ကို ရောက်နေပြီ... ဆက်ပြီး ကြိုးစားရင် ဝိညာဉ်ပင်လယ်အဆင့်ကို ရောက်တဲ့အခါ ငါလည်း အဲဒီလို ဝိညာဉ်လက်နက် ဆုလာဘ်ကို ရနိုင်တာပဲ...'

ကုန်းချင်းချိုးက စိတ်ထဲမှ ကြုံးဝါးကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

မိုယင်၊ ဟိုယွင်ကျဲ၊ ရှီလေ့၊ လီကျောက်ကျောက်၊ ယန်ရူယွီ၊ ကျားယွိလန်၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့ကဲ့သို့သော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိ တပည့်များမှာလည်း တက်ကြွမှုများ အပြည့် ရှိနေကြသည်။

သူတို့သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်၏ အတားအဆီးများကို ချိုးဖျက်ထားနိုင်ကြပြီ ဖြစ်သည်။

ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရန်မှာ လိုအပ်ချက်များစွာ ရှိနေသေးသော်လည်း၊ အနည်းဆုံးတော့ သူတို့သည် အခြားသူများထက် များစွာ သာလွန်သော အစမှတ်မှ စတင်နေကြခြင်းပင် ဖြစ်ချေ၏။

ကောင်းကင်ယံ အမြင့်တွင်၊

လီဇီလုံသည် သူ့ရှေ့ရှိ မီတာ (၂.၅) ခန့် ရှည်လျားသော နဂါးအရိုးလှံကို မြတ်နိုးစွာဖြင့် ညင်သာစွာ ပွတ်သပ်နေမိသည်။ ဤလက်နက်၏ အလယ်ဗဟိုမှာ ဟောင်းလောင်းဖြစ်နေပြီး၊ ကျောရိုးကဲ့သို့ ပြေပြစ်သော အကွေးအဆန့်များ ရှိနေကာ၊ ခပ်ဖွဖွ လှုပ်ယမ်းလိုက်ရုံဖြင့် ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်မှာ အံ့မခန်း စွမ်းအားကြီးမားလှပေ၏။

ဤ ဝိညာဉ်လက်နက်၏ ပင်မခန္ဓာမှာ ရူးသွပ်မြွေဟောက်ဘုရင်၏ ကျောရိုးကို အသုံးပြုကာ သွန်းလုပ်ထားခြင်း ဖြစ်ပြီး၊ လှံသွားမှာလည်း ရှည်လျားထက်ရှလွန်းလှသဖြင့် ခြုံငုံကြည့်လိုက်လျှင် လှံရှည်ကြီးတစ်လက်နှင့် ပို၍ တူညီနေသည်။

ထို့ကြောင့် သူသည် အမည်တစ်ခုကို စဉ်းစားမိလိုက်၏။

“ဒါကို ‘ရူးသွပ်နဂါးအရိုးလှံ’ လို့ ခေါ်ကြတာပေါ့...”

လီဇီလုံက ထိုအမည်ကို ပေးလိုက်ခြင်း ဖြစ်သည်။

ရူးသွပ် - ဆိုသည်မှာ ရူးသွပ်မြွေဟောက်ဘုရင်၏ အမည်မှ ယူထားခြင်း။

နဂါး - ဆိုသည်မှာ ဤလှံသည် ရှည်လျားသော နဂါးတစ်ကောင်နှင့် တူသောကြောင့်ပင်။

အရိုး - ဆိုသည်မှာ ဤလှံကို အရိုးများဖြင့်သာ သွန်းလုပ်ထားခြင်းကြောင့်ပါ။

လှံ - ဆိုသည်မှာ ၎င်း၏ ပုံသဏ္ဌာန်မှာ လှံရှည်ကြီး ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။

“ဝီ...”

ရူးသွပ်နဂါးအရိုးလှံသည် အသက်ဝင်လာသကဲ့သို့ တုန်ခါသွားပြီး၊ ၎င်းသည် ဤအမည်ကို အလွန်နှစ်သက်ပုံရ၏။

“သူငယ်ချင်းသစ်... ဒီနေ့ကစပြီး ငါတို့က တစ်သက်စာ လက်တွဲဖော်တွေပဲ... နောင်ဆိုရင် ငါနဲ့အတူ စစ်မြေပြင်မှာ ရန်သူတွေကို သုတ်သင်ဖို့ မျှော်လင့်တယ်နော်...”

လီဇီလုံသည် လှံသွားဖြင့် သူ့လက်ချောင်းကို အသာအယာ လှီးဖြတ်လိုက်ပြီးနောက် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။

သွေးတစ်စက်သည် ရူးသွပ်နဂါးအရိုးလှံအတွင်းသို့ စိမ့်ဝင်သွားသည်နှင့်၊ လှံတံတစ်ခုလုံးမှာ ဖြူဖွေးသော အလင်းတန်းများ လှိုင်းထလျက် ထွက်ပေါ်လာပြီး၊ ၎င်းတို့ကြားတွင် မီးပန်းများ ပေါက်ကွဲသကဲ့သို့သော ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာသည်မှာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုပင်။

နောက်ဆုံးတွင်တော့ အလင်းတန်းများ အားလုံးမှာ အတွင်းဘက်သို့ ပြန်လည် စုစည်းသွားကြတော့၏။

လီဇီလုံသည် သူနှင့် ရူးသွပ်နဂါးအရိုးလှံကြားတွင် နက်ရှိုင်းသော ဝိညာဉ်ရေးရာ ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်သွားကြောင်း ခံစားလိုက်ရ၏။

“နောက်ဆုံးတော့ ငါ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ...”

သူ အလွန်ဝမ်းသာသွားပြီး ရူးသွပ်နဂါးအရိုးလှံကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

“ဝီ...”

ရူးသွပ်နဂါးအရိုးလှံထံမှ ကြည်လင်လှသော နဂါးဟိန်းသံတစ်ချက် ထွက်ပေါ်လာပြီး၊ တောက်ပသော ရောင်ခြည်များက လီဇီလုံ၏ ပတ်လည်တွင် ဝဲလည်နေသဖြင့် သူ့အား ရှုံးနိမ့်ခြင်းမရှိသော စစ်နတ်ဘုရားတစ်ပါးပမာ ထင်မှတ်ရစေ၏။

လီဇီလုံသည် ဖူယွင် တောအုပ်နက် အထက်တွင် ပျံဝဲလျက်၊ လှံကို ဝှေ့ယမ်းခြင်း၊ ထိုးစိုက်ခြင်းများကို အဆက်မပြတ် ပြုလုပ်နေသည်။ သူသည် ဤ ဝိညာဉ်လက်နက်အသစ်ကို ပိုမိုကျွမ်းကျင်လာပြီး၊ ၎င်းမှာ သူ့လက်ထဲတွင် အံဝင်ခွင်ကျ ရှိနေသည်ဟု ခံစားလိုက်ရသည်။

'ရူးသွပ်နဂါးအရိုးလှံ ရှိနေပြီဆိုတော့ လီဇီလုံရဲ့ စွမ်းအားက အဆင့်ငယ် အနည်းငယ်လောက် တိုးလာတော့မှာပဲ... အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် တစ်လက်စီက တကယ့်ကို ကြီးမားတဲ့ တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်တာပဲဗျာ...' ယဲ့ဖုန်းက ကောင်းကင်ယံရှိ လီဇီလုံကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

လီဇီလုံမှာ ဝိညာဉ်ပင်လယ်အဆင့် (၁) တွင်သာ ရှိသေး၏။

သို့သော်လည်း သူကိုယ်တိုင် ဖန်တီးထားသော "ငွေရောင်လှံတံ ဝင်္ကပါခွင်း တိုက်ကွက်" နှင့်အတူ၊ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ရူးသွပ်နဂါးအရိုးလှံကို ပေါင်းစပ်လိုက်ပါက၊ သူသည် အနည်းဆုံး ဝိညာဉ်ပင်လယ်အဆင့် (၄) ရှိသူများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်ပေသည်။

မကြာမီ သူ အကြည့်လွှဲလိုက်၏။

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ အက်ကွဲကြောင်းများ ပြည့်နေသော အနက်နှင့် အဖြူရောင် စစ်တုရင်ခုံမှာ သူ့လက်ဖဝါးပေါ်သို့ ကျရောက်လာ၏။

“မင်းလည်း ဂိုဏ်းကို ကာကွယ်ဖို့အတွက် အများကြီး ပေးဆပ်ခဲ့တာပဲ... ဒီတစ်ခါတော့ ငါ မင်းကို အသစ်ပြန်ဖြစ်အောင် သွန်းလုပ်ပေးမယ်...”

ယဲ့ဖုန်းသည် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ တစ်ခုလုံးကို ပိတ်လိုက်ပြီးနောက်၊ အနက်နှင့် အဖြူရောင် စစ်တုရင်ခုံကို ဆေးဖော်စပ်အိုး အတွင်းသို့ ပစ်ထည့်လိုက်သည်။ သူသည် ကုန်ကြမ်းပစ္စည်း အမျိုးမျိုးနှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး များကိုပါ ထည့်သွင်း၍ အလုံးစုံ ပြန်လည် သွန်းလုပ်လိုက်၏။

၎င်း၏ စွမ်းအားကို မြှင့်တင်ရန်အတွက် ယဲ့ဖုန်းသည် ရွှေရောင် အလင်းတန်း တစ်ခုကိုပါ ရယူလိုက်ပြန်သည်။

ဤသည်မှာ စမ်းသပ်ကွင်းတွင် အလယ်အလတ် နတ်ဆိုးဘုရင် တစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သော နတ်ဆိုးအနှစ်သာရ စွမ်းအား ဖြစ်ပြီး၊ ၎င်းမှာ အလယ်အလတ် နတ်ဆိုးဘုရင် တစ်ကောင်၏ နတ်ဆိုးအမြုတေ နှင့် တန်ဖိုး တူညီလှပေသည်။

ဤကြီးမားသော စွမ်းအင်များ၏ အားဖြည့်မှုကြောင့်၊ အနက်နှင့် အဖြူရောင် စစ်တုရင်ခုံအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်မှာ အလွန်ပင် ချောမွေ့သွားခဲ့သည်။

"ထန်..."

နာရီဝက်ခန့် ကြာပြီးနောက် ဆေးဖော်စပ်အိုး၏ အဖုံးမှာ ကောင်းကင်သို့ ပွင့်ထွက်သွားသည်။

အသစ်စက်စက် ဖြစ်သွားသော အနက်နှင့် အဖြူရောင် စစ်တုရင်ခုံမှာ လေထဲသို့ ပျံတက်သွားပြီး၊ ယဲ့ဖုန်းက လှမ်း၍ ဖမ်းယူလိုက်၏။

ဤအရာ၏ မျက်နှာပြင်ပေါ်တွင် အနက်နှင့် အဖြူရောင် စွမ်းအင်တန်းလေးများ လှည့်ပတ်နေကြပြီး၊ ၎င်း၏ အရည်အသွေးမှာလည်း ယခင်ကထက် များစွာ တိုးတက်သွားခဲ့တော့၏။ ၎င်း၏ စွမ်းအားမှာ အလယ်အလတ် နတ်ဆိုးဘုရင် အဆင့်သို့ ရောက်ရှိသွားခဲ့တော့၏။

အကယ်၍သာ သွေးနတ်ဆိုး ခန်းမဆောင် ၏ ဒုတိယ ခန်းမသခင်ကဲ့သို့သော ဝိညာဉ်ပင်လယ်အဆင့် (၃) အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ထပ်မံ တွေ့ဆုံခဲ့လျှင်ပင်၊ ၎င်းကို လွယ်ကူစွာ တားဆီးနိုင်ပေလိမ့်မည်။

[အဆင့်မြှင့်တင်မှု စွမ်းအင် - (၂၅.၅) ရာခိုင်နှုန်း]

ယဲ့ဖုန်းက ဆေးဖော်စပ်အိုးကို ကြည့်လိုက်ရာ စွမ်းအင်ပမာဏမှာ ထပ်မံ တိုးတက်လာသည်ကို တွေ့ရှိလိုက်ရ၏။

“အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ... ထစမ်း...”

ယဲ့ဖုန်းသည် ဝင်္ကပါကို ပြန်လည် နေရာချလိုက်ပြီးနောက်၊ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရွယ်အစား အမျိုးမျိုးရှိသော ရောင်စုံ အလင်းလုံး ဒါဇင်ပေါင်းများစွာ သူ့ရှေ့တွင် ပေါ်လာသည်။

၎င်းတို့မှာ မြေအောက်လိုဏ်ဂူရှိ နတ်ဆိုးဗိုလ်ချုပ်များ၏ အလောင်းများမှ ထုတ်ယူထားသော ဝိညာဉ်သွေးများ ပင်တည်း။

“နတ်ဆိုးသားရဲဆောင် ရဲ့ လုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ ‘ဝိညာဉ်သွေး ပေါင်းစပ်ခြင်း’ ကို စမ်းကြည့်ရအောင်...” ယဲ့ဖုန်းက ဝိညာဉ်သွေး အစုအဝေး နှစ်ခုကို ဖမ်းဆုပ်ကာ အချင်းချင်း ထိတိုက်မိစေလိုက်၏။

“ဝုန်း...”

၎င်းတို့သည် တောက်ပသော မီးပန်းများပမာ တုံ့ပြန်မှု ဖြစ်ပေါ်သွားပြီးနောက်၊ မိမိကိုယ်ကို ပြန်လည် သန့်စင်လိုက်ကြကာ၊ မကြာမီမှာပင် ယခင်ကထက် သိသိသာသာ သေးငယ်သွားသော ဖျော့တော့သည့် ရွှေရောင် ဝိညာဉ်သွေး အစုအဝေး တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

[အမည် - ရွှေရောင်အလင်း သွေးကြော]

[အဆင့် - အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အဆင့်]

[မှတ်ချက် - အသစ်စက်စက် ပေါင်းစပ်ထားသော သွေးကြော ဖြစ်သည်။ ၎င်းကို စုပ်ယူပါက ထက်ရှသော ရွှေရောင် အလင်းတန်းများကို မှုတ်ထုတ်၍ အစွမ်းထက်သော ရန်သူများကို သတ်ဖြတ်နိုင်သည့် ပါရမီကို ရရှိမည် ဖြစ်သည်]

သိပ်ပြီးတော့တော့ အထင်ကြီးစရာ မကောင်းလှသော ရွှေရောင်အလင်း သွေးကြောကို ကြည့်ရင်း၊ ယဲ့ဖုန်းက နှုတ်ခမ်းကို တွန့်လိုက်မိပြီး ရွှေမွေး ရှဉ့်ကို လှမ်းခေါ်လိုက်၏။

“ရှဉ့်လေး... ဒီလို ဝိညာဉ်သွေးမျိုးက မင်းနဲ့ တော်တော် သင့်တော်မှာပဲ...”

ပြောပြီးသည်နှင့် ယဲ့ဖုန်းက လက်ညှိုးဖြင့် ခပ်ဖွဖွ တောက်လိုက်ရာ၊ ရွှေရောင်အလင်း သွေးကြောမှာ ရွှေမွေး ရှဉ့်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး၊ ၎င်း၏ မျက်ဝန်းများအတွင်း ရွှေရောင် အလင်းတန်းများ ဖြတ်ပြေးသွားသည်။ ၎င်းသည် ကောင်းကင်သို့ မော့ကာ ပါးစပ်ကို ဖွင့်လိုက်ရာ လခြမ်းပုံသဏ္ဌာန် ရွှေရောင် အလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်လေတော့သည်။

ထက်ရှသည်၊ မြန်ဆန်သည်၊ စွမ်းအားကြီးလှ၏။

“ဂါး...”

ဖြတ်ပျံသွားသော ကျီးကန်းတစ်ကောင်မှာ နှစ်ခြမ်းပြတ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“ဟင်... တကယ်တော့ ဒီသွေးကြောက ငါထင်သလောက်တော့ မအားနည်းပါဘူး...” ယဲ့ဖုန်းက ထူးဆန်းသော မျက်နှာထားဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်မိ၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ဆရာကြီးရှင့်...”

ရွှေမွေး ရှဉ့်သည် ထင်းရှူးသီးတစ်လုံးကို ကိုင်ဆောင်လျက်၊ လူသားစကားကို ပြောလိုက်ရာ ၎င်း၏ အသံမှာ ကလေးသူငယ်တစ်ဦး၏ အသံနှင့် တစ်ထပ်တည်း တူညီနေပြီး၊ နို့နံ့မစင်သေးသကဲ့သို့ အလွန်ပင် ချစ်စရာ ကောင်းလှပေ၏။

“သွားပြီး ကျင့်ကြံတော့...” ယဲ့ဖုန်းက ရွှေမွေး ရှဉ့်၏ နဖူးကို ညင်သာစွာ ပုတ်လိုက်ရာ၊ ၎င်းသည် မြူခိုးတောင်ထိပ် ပေါ်မှ ခုန်ဆင်းကာ ပြေးထွက်သွားလေတော့သည်။

ယဲ့ဖုန်းသည် ကျန်ရှိသော ဝိညာဉ်သွေးများကို ဆက်လက် ပေါင်းစပ်နေလိုက်သည်။

သိပ်မကြာခင်မှာပင် ဝိညာဉ်သွေး ဒါဇင်ပေါင်းများစွာကို ထူးခြားသော ဝိညာဉ်သွေး (၈) မျိုးအဖြစ် ပြောင်းလဲလိုက်ပြီး၊ အများစုမှာ နတ်ဆိုးဗိုလ်ချုပ် အဆင့်များ ဖြစ်ကြကာ ယဲ့ဖုန်းက အားလုံးကို ခွဲဝေပေးလိုက်သည်။

ထိုသို့ ပြီးစီးမှသာ သူ အနားယူလိုက်တော့သည်။

*

အပန်းဖြေ ထိုင်ခုံပေါ်တွင် ဖြစ်၏။

ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ဖဝါးပေါ်တွင် လက်ဖက်ရည်ခွက် တစ်ခွက် ချက်ချင်း ပေါ်လာသည်။ အတွင်းတွင် ဆီးသီးနီများနှင့် ဂိုဂျီသီးများကို ရေနွေးဖြင့် စိမ်ထားခြင်း ဖြစ်ပြီး၊ သူက တစ်ငုံ ခပ်ဖွဖွ သောက်လိုက်၏။

“ကျန်းမာရေး စောင့်ရှောက်တာက ငယ်တုန်းကစမှ ရမှာ...”

ယဲ့ဖုန်းက ကျေနပ်အားရစွာဖြင့် တကိုယ်တည်း ပြောလိုက်မိ၏။

လီကျောက်ကျောက်သည် ထိုအနီးမှ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားစဉ်၊ ပန်းပုံစံများ ထွင်းထုထားသော ဖန်ခွက်ထဲရှိ ဆီးသီးနီများနှင့် ဂိုဂျီသီးများကို မြင်တွေ့သွားသဖြင့် တစ်ခုခုကို အလေးအနက် တွေးတောနေမိသည်။

နောက်တစ်နေ့ နံနက်တွင်တော့၊

လီကျောက်ကျောက်သည် ယဲ့ဖုန်းထံသို့ အငွေ့တထောင်းထောင်းနှင့် လက်ဖက်ရည်ပူ တစ်ခွက် သယ်ဆောင်လာခဲ့သည်။

“ဒါက ဘာလဲ...”

ယဲ့ဖုန်းက လက်ဖက်ရည်ခွက်ကို လှမ်းယူကာ အဖုံးကို ဖွင့်ကြည့်လိုက်ရာ၊ အတွင်းတွင် ဆီးသီးနီများ၊ ဂိုဂျီသီးများနှင့် ထူးဆန်းပြီး ရှေးကျလှသော ဝိညာဉ်ဆေးပင် အချို့ကို စိမ်ထားသဖြင့် မွှေးရနံ့များမှာ လှိုင်လှိုင်ထွက်နေသည်ကို တွေ့ရှိလိုက်ရ၏။

“ဂိုဏ်းချုပ် ဦးလေး... ဒါက ကျားယွိလန်၊ ယန်ရူယွီ နဲ့ ကျွန်မတို့ သုံးယောက် ပူးပေါင်းပြီး ဖော်စပ်ထားတဲ့ ကျန်းမာရေးအားဖြည့် လက်ဖက်ရည်ပါ... အရသာလည်း ရှိသလို ဂိုဏ်းချုပ်ကိုလည်း နေ့တိုင်း လန်းဆန်းနေစေမှာပါ...” လီကျောက်ကျောက်က ထပ်ဖြည့်ပြောလိုက်သည်။ “သြော်... ပြီးတော့ ဂိုဏ်းသားအားလုံးအတွက်လည်း ကျွန်မ ပြင်ဆင်ပေးထားပါတယ်... အားလုံးက သောက်ကြည့်ပြီးတော့ ကောင်းတယ်လို့ ပြောကြတယ်ရှင်...”

သူမက စကားကို အဆုံးသတ်လိုက်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့လျက်၊ ယဲ့ဖုန်းအနေဖြင့် ဤ ကျန်းမာရေးအားဖြည့် လက်ဖက်ရည်ပူကို သောက်စေလိုသော မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်နှာလေးဖြင့် ကြည့်နေသည်။

ယဲ့ဖုန်း အံ့အားသင့်သွားပြီးနောက်၊ နေရာမှ ထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိ၏။

*

ဖေးလိုင်တောင်ထိပ်ဝယ်၊

ကုန်းချင်းချိုးသည် တာအိုပို့ချရင်း သံသယများကို ရှင်းလင်းပေးနေသည်။

သူမ ရေငတ်လာသောအခါ၊ လီကျောက်ကျောက် ကိုယ်တိုင် ပြင်ဆင်ပေးထားသော အလားတူ ပုံစံရှိသည့် ဖန်ခွက်ကို လှမ်းယူကာ ကျန်းမာရေးအားဖြည့် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်ကို တွေ့ရ၏။

အခြားသော တပည့်များသည်လည်း ပင်ပန်းလာသောအခါ ကိုယ်ပိုင် ဖန်ခွက်များကို ထုတ်ယူကာ အရသာကို မြည်းစမ်းရင်း တစ်ငုံချင်းစီ သောက်နေကြသည်။

နတ်ဆိုးသားရဲ စင်မြင့် တွင်မူ၊

အစ်ကိုကြီး ခေါင်းပြားပင်လျှင် စည်ပိုင်းကြီး တစ်ခုကို မှီလျက်၊ သူ၏ ဦးခေါင်းကို ကျန်းမာရေးအားဖြည့် လက်ဖက်ရည်ပူများထဲသို့ နှစ်ကာ ‘ဂလု ဂလု’ မြည်အောင် အငမ်းမရ သောက်သုံးနေလေတော့သည်။

“အားလုံး သောက်နေကြတာပဲလား...”

ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားရသည်။ “နှမြောစရာကောင်းတာကတော့ တစ်ယောက်တည်းပဲ သောက်လို့ မရရှာတာပဲ...”

သူသည် ခေါင်းကို လှည့်ကာ ဧရာမ နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး ဆီသို့ လှမ်းကြည့်လိုက်မိရာ၊ ၎င်းသည် နွယ်ပင်တစ်ချောင်းကို အသုံးပြု၍ စည်ပိုင်းကို ကိုင်ဆောင်ကာ၊ ပင်စည်ပေါ်ရှိ ပါးစပ်အတွင်းသို့ ကျန်းမာရေးအားဖြည့် လက်ဖက်ရည်များကို လောင်းထည့်ကာ အရသာခံ သောက်သုံးနေသည်ကို အံ့သြဖွယ် မြင်တွေ့လိုက်ရ၏။

“အရသာ ရှိလိုက်တာ.....” လောင်ဆုက ပြုံးလျက် အော်ဟစ်လိုက်သည်။

ဤသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များမှာ တွန့်ချိုးသွားရတော့သည်။

ထင်းရှူးပင်တစ်ပင်က ကျန်းမာရေးအားဖြည့် လက်ဖက်ရည် သောက်နေတယ် ဟုတ်လား။

မျက်စိနဲ့ တပ်အပ် မမြင်ရင် ဘယ်သူကများ ယုံမှာလဲ။

“ကျောက်ကျောက်... မင်းကတော့ တဖြည်းဖြည်းနဲ့ ပိုပြီး တော်လာတာပဲ...” ယဲ့ဖုန်းက ချီးကျူးလိုက်ပြီး၊ လက်ထဲမှ ကျန်းမာရေးအားဖြည့် လက်ဖက်ရည်ခွက်ကို အကုန် မော့သောက်လိုက်သည်။

လီကျောက်ကျောက်က ဤမျှလောက်အထိ ထိရောက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

မနေ့က သူ ပေါ့ပေါ့ပါးပါး ပြောလိုက်မိသော စကားတစ်ခွန်းကြောင့်၊ သူမသည် တစ်ညလုံး အိပ်ရေးပျက်ခံကာ ဤမျှ အရသာရှိပြီး အာနိသင်ထက်မြက်သော လက်ဖက်ရည်ကို သုတေသနပြုခဲ့ပြီး၊ နံနက်စောစောမှာတင် လူတိုင်း သောက်နိုင်အောင် ဖြန့်ဝေပေးခဲ့သည် မဟုတ်ပါလား။

ချီးကျူးစကားကို ကြားရသောအခါ လီကျောက်ကျောက်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားရရှာသည်။

“ဂိုဏ်းချုပ် ဦးလေး... ကျွန်မ အောက်ဆင်းပြီး ကျင့်ကြံတော့မယ်ရှင်...”

ပြောပြီးသည်နှင့် လီကျောက်ကျောက်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေတော့၏။

သူမ ထွက်သွားပြီးနောက်၊ ယဲ့ဖုန်းသည် နေရာမှ ထရပ်ကာ တောင်အောက်ခြေရှိ ဆင့်ခေါ်ခြင်း ခေါင်းလောင်း ဆီသို့ လှမ်းကြည့်လိုက်ရင်း၊ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အစီအစဉ်များကို တွေးတောနေမိသည်။

လက်ရှိတွင် သူသည် ဂိုဏ်းချုပ်၏ စတုတ္ထအဆင့် တာဝန်ဖြစ်သော ဂုဏ်သတင်းတန်ဖိုး (၁၀) သန်း ရယူခြင်းကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပြီ ဖြစ်၏။

နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ ရေပေါ်ဖြူမြို့တော် ၏ လူဦးရေကို (၃) သန်း ပြည့်အောင် လုပ်ဆောင်ရန်ပင်။

‘ခရိုင်ဘုရင်မြို့တော် က တိုက်ပွဲသတင်း ပျံ့သွားပြီးကတည်းက၊ ငါတို့ မြူခိုးဂိုဏ်း ရဲ့ ဂုဏ်သတင်းက တစ်ရှိန်ထိုး တက်သွားခဲ့တာ... မိသားစုတွေကလည်း ရေပေါ်ဖြူမြို့တော် ဆီကို တဖွဲဖွဲ ပြောင်းရွှေ့လာကြတယ်... အခုဆိုရင် မြို့ထဲကို နေ့တိုင်း လူ ရာနဲ့ချီ တိုးလာနေတာပဲ...’

ဒီအရှိန်အတိုင်း ဆိုလျှင်တော့ ရေပေါ်ဖြူမြို့တော်၏ လူဦးရေက မကြာခင်မှာ (၂) သန်းကို ကျော်ဖြတ်သွားပါတော့မည်။

သို့သော်လည်း ယဲ့ဖုန်းအနေဖြင့်မူ ၎င်းမှာ အနည်းငယ် နှေးကွေးနေသေးသည်ဟု ခံစားနေရ၏။

သူသည် ကုန်းချင်းချိုးကို လှမ်းခေါ်လိုက်ပြီး ရေပေါ်ဖြူမြို့တော် ၏ လူဦးရေကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးလိုက်သည်။

“ဂိုဏ်းချုပ်... စိတ်ချပါရှင်... ကျွန်မ အစီအစဉ်တွေ အားလုံး လုပ်ထားပြီးပါပြီ...”

ကုန်းချင်းချိုးက မှတ်တမ်းဖိုင် တစ်ခုကို ဖြန့်ပြလိုက်၏။

“ဒီနှစ်ရက်အတွင်းမှာ ကျွန်မက ဒုတိယ မြို့တော်ဝန်၊ နီရှန်နန်းတော် သခင်မ နဲ့ အခြားသူတွေကို စုရုံးခဲ့ပါတယ်... သူတို့ကို အနီးနားက နယ်မြေတွေဆီ သွားခိုင်းပြီး၊ ရွှေ့ပြောင်းလို့ရတဲ့ ကျေးရွာတွေနဲ့ ရှေးဟောင်း မြို့ငယ်လေးတွေကို ရေပေါ်ဖြူမြို့တော် ဆီကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်ရှင်...”

“အကြီးအကဲကုန်းကတော့ ကျွန်တော့်စိတ်ကို တကယ် သိတာပဲဗျာ...” ယဲ့ဖုန်းက ချီးကျူးလိုက်သည်။

ကုန်းချင်းချိုး၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ခေါင်းငုံ့လိုက်မိ၏။

“ဒါက ဂိုဏ်းချုပ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးဖို့ ကျွန်မရဲ့ တာဝန်ပါရှင်...”

“ဒါနဲ့ ဂိုဏ်းချုပ်... ကျွန်မ တပည့်သစ်တွေ ထပ်ပြီး စုဆောင်းဖို့ လိုမလားဟင်...” ကုန်းချင်းချိုးက ထိုအချက်ကို သတိရသွားသဖြင့် ကပျာကယာ ထပ်မံ မေးမြန်းလိုက်သည်။

ထိုအခါ၊ ယဲ့ဖုန်း၏ မျက်ဝန်းများအတွင်း အလင်းရောင် တစ်ခု ဝင်းလက်သွားသည်။

ကြယ်နှစ်ပွင့်အဆင့် အင်အားစု အဖြစ် တက်လှမ်းရန်အတွက်မူ တပည့်အရေအတွက်မှာ အနည်းဆုံး (၁၀၀၀) ကျော် ရှိရမည် ဖြစ်သည်။ လက်ရှိတွင် မြူခိုးဂိုဏ်း၌ တပည့် (၁၆၆) ဦးသာ ရှိသေးသဖြင့် များစွာ လိုအပ်နေသေးသည် မဟုတ်ပါလား။

တပည့်သစ်များ စုဆောင်းရေး ကိစ္စကိုလည်း မကြာခင်မှာပင် အကောင်အထည်ဖော်ရပေတော့မည်။

All Chapters