အခန်း (၄၁၈-၄၂၀)
Vol. 28 Ch. 418-420
အခန်း (၄၁၈)- ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်းကို သွန်းလုပ်ခြင်းနှင့် ကျော်ကြားသော တောင်တန်း၊ မြစ်ဝှမ်းများဆီသို့ လှည့်လည်ခြင်း
~ယဲ့ဖုန်း ဦးနှောက်ကို အလုပ်ပေးနေပါသည်။
သူသည် မူလက အနီးကပ်ကာလအတွင်း ကျော်ကြားသော တောင်တန်းကြီးများနှင့် မြစ်ဝှမ်းကြီးများဆီသို့ သွားရောက်ကာ၊ အစွမ်းထက်သော နတ်ဆိုးသားရဲများကို ရှာဖွေပြီး ဂိုဏ်းစောင့် ဝိညာဉ်သားရဲများအဖြစ် စည်းရုံးရန် ကြံစည်ထားခြင်း ဖြစ်ပါသည်။
ထို့ပြင် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားများနှင့် မိစ္ဆာချီများ ပြည့်နှက်နေသည့် နေရာများကို ရှာဖွေကာ၊ မိမိကိုယ်ပိုင် စွမ်းအားများအဖြစ် သန့်စင်အသုံးချရန်လည်း ပြင်ဆင်ထား၏။
သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းက တပည့်သစ်များ စုဆောင်းရေးနှင့် အချိန်တိုက်ဆိုင်နေချေ၏။
“တပည့်သစ်တွေကိုလည်း မဖြစ်မနေ စုဆောင်းရမှာပဲ... ဒါပေမဲ့ အခုလောလောဆယ် ငါ့မှာ အချိန် သိပ်မရှိဘူး ဖြစ်နေတယ်...” ယဲ့ဖုန်းက တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“ဂိုဏ်းချုပ် ဆန္ဒရှိမယ်ဆိုရင် ကျွန်မ မြို့အသီးသီးကို သွားပြီး တပည့်သစ်တွေ စုဆောင်းပေးနိုင်ပါတယ်ရှင်...” ကုန်းချင်းချိုးက အကြံပြုလာသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း စိတ်ဝင်စားသွား၏။
ပြဿနာမှာ ကုန်းချင်းချိုးတွင် စနစ် မရှိခြင်းပင် ဖြစ်သည်။
မည်သူက ဂိုဏ်းဝင်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည်ကို သူမ ခွဲခြားနိုင်မည် မဟုတ်ပေ။
‘ဟုတ်သားပဲ... အရင်က ငါ စနစ်နဲ့ တိုင်ပင်ဖူးတယ်... ဓာတ်ကြီးငါးပါး ဆက်နွှယ်ဝင်္ကပါ ကို ဖြတ်ကျော်နိုင်တဲ့သူမှန်သမျှက ဂိုဏ်းထဲဝင်ဖို့ အရည်အချင်း ပြည့်မီတယ်လေ... အဲဒီတုန်းက ရှဲ့ကျားရန် နဲ့ ဖန်ဟိုင်ယွမ် တို့လည်း အောင်မြင်ခဲ့ကြတာပဲ...’ ယဲ့ဖုန်းက တွက်ဆလိုက်သည်။
‘အကယ်၍ ကိုယ်နဲ့အတူ ယူဆောင်သွားလို့ရပြီး ဂိုဏ်းရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သူတွေကို ခွဲခြားပေးနိုင်မယ့် ဝိညာဉ်လက်နက် တစ်မျိုးမျိုး သွန်းလုပ်နိုင်ရင် မကောင်းဘူးလား...’
ထိုသို့ တွေးမိသည်နှင့် ယဲ့ဖုန်းသည် စနစ်နှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။
“တီ..တီ.. ဂိုဏ်းချုပ်... ဒီနည်းလမ်းက ဖြစ်နိုင်ပါတယ်...”
စနစ်က လျင်မြန်စွာပင် အကြောင်းပြန်လာခဲ့၏။
ထိုစကားကို ကြားရသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များတွင် အနည်းငယ် ပြုံးယောင်သန်းသွားသည်။
သူသည် စနစ်နှင့် ဆက်လက် တိုင်ပင်ပြီးနောက်၊ သွန်းလုပ်ရေးအိုးကိုလည်း တိတ်တဆိတ် ဆက်သွယ်ကာ အစီအစဉ်တစ်ခုကို အပြီးသတ် ချမှတ်လိုက်လေတော့၏။
ဘေးတွင် ရပ်နေသော ကုန်းချင်းချိုးမှာမူ ယဲ့ဖုန်း၏ အမူအရာကို အကဲခတ်နေရင်း၊ ဂိုဏ်းချုပ်က ဘာကြောင့် ရုတ်တရက် ပြုံးလိုက်ရသနည်းဟု ဝေခွဲမရ ဖြစ်နေရှာသည်။
“အကြီးအကဲကုန်း... သိတဲ့အတိုင်းပဲ...ကျွန်တော်တို့ မြူခိုးဂိုဏ်းက လူစုဆောင်းတဲ့နေရာမှာ ကံကြမ္မာကို အမြဲတမ်း ဦးစားပေးတယ်လေ... ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ တပည့်လက်ခံပုံက တခြားဂိုဏ်းတွေနဲ့ မတူတာပေါ့...” ယဲ့ဖုန်းက ကုန်းချင်းချိုးကို လှည့်ကြည့်ကာ မပြုံးချင်ပြုံးချင် မျက်နှာထားဖြင့် ပြောလိုက်သည်။
စိုက်ကြည့်ခံလိုက်ရသဖြင့် ကုန်းချင်းချိုး၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီးမှ မေးလိုက်၏။
“ဂိုဏ်းချုပ် ဘာကို ဆိုလိုတာလဲဟင်...”
“‘ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း’ လို့ခေါ်တဲ့ အထူး ဝိညာဉ်လက်နက် တစ်ခုကို သွန်းလုပ်ပေးမယ်... ခင်ဗျား အဲဒါကို ကိုယ်နဲ့မကွာ ယူဆောင်သွားရုံပဲ... ကျွန်တော်တို့ မြူခိုးဂိုဏ်းနဲ့ ကံပါတဲ့သူ တစ်ယောက်ယောက်နဲ့ တွေ့တိုင်း၊ အဲဒီ ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်းက သုံးကြိမ်တိုင်တိုင် မြည်လိမ့်မယ်...” ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
“အကယ်၍ အဲဒီ ကံပါတဲ့သူက ခေါင်းလောင်းကို လှမ်းထိလိုက်မယ်ဆိုရင်တော့၊ အဲဒီ ခေါင်းလောင်းသံက အဆက်မပြတ် မြည်နေမှာပဲ...”
ထိုစကားကို ကြားသောအခါ ကုန်းချင်းချိုးမှာ သဘောပေါက်သွားသော မျက်နှာထားဖြင့် ရေရွတ်လိုက်မိ၏။
“ဒါဆိုရင် ဂိုဏ်းချုပ်က ကျွန်မကို ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း ယူပြီးတော့၊ ကံပါတဲ့သူတွေကို လိုက်လံ ရှာဖွေခိုင်းချင်တာပေါ့လေ...”
“မှန်တာပေါ့...” ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်သ။
၎င်းမှာ သူနှင့် စနစ်၊ သွန်းလုပ်ရေးအိုးတို့ တိုင်ပင်ထားသည့် ရလဒ်ပင် ဖြစ်ချေ၏။
ဤ ဝိညာဉ်လက်နက်အား “ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း” ဟု အမည်ပေးထားသည်။
၎င်း၏ အဆင့်မှာ သိပ်မမြင့်မားလှဘဲ အဆင့်နိမ့် ဝိညာဉ်လက်နက် မျှသာ ဖြစ်သော်လည်း၊ မီတာ (၁၀၀) ပတ်လည်အတွင်း ကံပါသူ တစ်ဦးဦး ရှိနေပါက သတိပေးချက်အဖြစ် သုံးကြိမ် မြည်ပေးမည် ဖြစ်၏။
“ဒါဆို အဲဒီ ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်းက ဘယ်မှာလဲဟင်...” ကုန်းချင်းချိုးက မေးမြန်းလိုက်သည်။
“အခုချက်ချင်း သွန်းလုပ်ပေးမယ်လေ...” ယဲ့ဖုန်းက ပြန်ဖြေလိုက်၏။
ပြောရင်းပင်၊ သူသည် သွန်းလုပ်ရေးအိုးကို ထုတ်လိုက်သည်။
ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်းအတွက် လိုအပ်သော ကုန်ကြမ်းမှာ ခရမ်းရွှေ အမျိုးအစား ဖြစ်ပေသည်။
သေမျိုး လောကတွင်မူ ဤကုန်ကြမ်းမှာ အလွန် ထူးခြားလှပေ၏။
သို့သော် ကျင့်ကြံသူများ၏ ကမ္ဘာတွင်မူ ခရမ်းရွှေမှာ သာမန် လက်နက်သွန်းလုပ်ရေး ကုန်ကြမ်းမျှသာ ဖြစ်ပြီး၊ အဆင့်နိမ့် ဝိညာဉ်လက်နက်များ သွန်းလုပ်ရာတွင် အဓိက အသုံးပြုကြသည်။
သူ့၏ သိုလှောင်ဟင်းလင်းပြင်ထဲတွင်မူ ထိုကုန်ကြမ်းများ အမြောက်အမြား ရှိနေသည် မဟုတ်ပါလား။
ယဲ့ဖုန်းသည် ခရမ်းရွှေတုံးကြီး တစ်တုံးကို သွန်းလုပ်ရေးအိုးထဲသို့ ပစ်ထည့်လိုက်ပြီးနောက်၊ ဝိညာဉ်ကျောက်တုံးများပင် ထပ်မံ ထည့်သွင်းရန် မလိုဘဲ သွန်းလုပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်သည်။
လက်ဖက်ရည် တစ်အိုးကျိုစာခန့် အချိန်အတွင်းမှာပင်၊
"ချလွင်..."
သွန်းလုပ်ရေးအိုး၏ အဖုံးမှာ မြည်သံတစ်ချက်နှင့်အတူ ပွင့်ထွက်သွားသည်။
လက်မအရွယ်အစားရှိသော ခရမ်းရွှေ ခေါင်းလောင်းလေး (၅၀) မှာ လေထဲတွင် ဝဲလည်နေကြပြီး၊ စက်ဝိုင်းပုံစံ တည်ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းလေးများ စီးဆင်းနေသဖြင့် အတော်လေး အဆင့်မြင့်ပုံ ပေါ်နေ၏။
“ဒါက ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း လား...”
ကုန်းချင်းချိုးသည် ခေါင်းလောင်းလေး တစ်လုံးကို လှမ်းယူကာ စစ်ဆေးကြည့်လိုက်ရာ၊ ၎င်းမှာ ခေါင်းလောင်း၏ အိမ်၊ ခရမ်းရွှေ ပုလဲလုံးနှင့် ခါးပတ်တွင် ချိတ်ဆွဲနိုင်သော ကြိုးများအထိ ခရမ်းရွှေဖြင့်သာ အလုံးစုံ သွန်းလုပ်ထားခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
သို့သော်လည်း ထိုခေါင်းလောင်းလေးကို မည်သို့ပင် လှုပ်ရမ်းပါစေ၊ မည်သည့် အသံမှ ထွက်မလာသည်ကို သူမ သတိပြုမိသွားသည်။
“ဒီအရာက ခင်ဗျားအတွက်တော့ အသုံးမဝင်ဘူးလေ... ဂိုဏ်းထဲကို မဝင်ရသေးတဲ့သူတစ်ယောက်ယောက် အနားမှာ ရှိနေမှသာ မြည်မှာပေါ့...” ယဲ့ဖုန်းက ကုန်းချင်းချိုး၏ သံသယကို ရှင်းလင်းပေးလိုက်သည်။
“သြော်... ဒါကြောင့်ကိုး...” ကုန်းချင်းချိုးက ခေါင်းညိတ်လိုက်၏။
“ဒီ ခရမ်းရွှေ ခေါင်းလောင်းတွေကို ခင်ဗျားပဲ သိမ်းထားလိုက်ပါ... တပည့်တွေ အပြင်ထွက်ပြီး လေ့ကျင့်တဲ့အခါ အဲဒါတွေကို ယူသွားခိုင်းလိုက်ပေါ့...” ယဲ့ဖုန်းက ညွှန်ကြားလိုက်သည်။
“နာစလည်ပါပြီ
. ဂိုဏ်းချုပ်...” ကုန်းချင်းချိုးက ခေါင်းညိတ် ပြန်လည် ဖြေကြားလိုက်ပြီး၊ ဝတ်ရုံစကို ဝှေ့ယမ်းကာ ခရမ်းရွှေ ခေါင်းလောင်းများ အားလုံးကို သိမ်းဆည်းလိုက်၏။
ထို့နောက် သူမသည် ဖေးလိုင်တောင်ထိပ်သို့ သွားရောက်ကာ တပည့်များကို စုရုံးစေပြီး၊ ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း အသုံးပြုပုံကို ရှင်းပြလိုက်တော့သည်။
‘ဒီ ခရမ်းရွှေ ခေါင်းလောင်းတွေ ရှိနေပြီဆိုတော့... ပထမမျိုးဆက် တပည့်တွေကို လွှတ်ပြီး လူစုခိုင်းလိုက်ရင်၊ ဂိုဏ်းရဲ့ တပည့်အရေအတွက်က တစ်ထောင်ကျော်ဖို့ သိပ်မကြာတော့ဘူး...’
ယဲ့ဖုန်းက မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် တွေးတောနေမိတော့၏။
*
နောက်တစ်နေ့တွင် ဖြစ်သည်။
မိုယင်သည် တာဝန်တစ်ခုကို လက်ခံလိုက်ပြီး မြူခိုးဂိုဏ်းမှ တစ်ဦးတည်း ထွက်ခွာသွားသည်။ သူမသည် မိုင်ပေါင်း ထောင်ချီ ဝေးကွာသော တောတောင်တစ်ခုဆီသို့ သွားရောက်ကာ အထူး ဝိညာဉ်သတ္တုတွင်း တစ်ခုကို ရှာဖွေရန် ဖြစ်ပေသည်။
၎င်းမှာ သူမ ယခုလေးတင် လက်ခံလိုက်သော တာဝန် တစ်ခုပင်။
ဟိုယွင်ကျဲသည်လည်း နှင်းဓားကို ကျောမှာ လွယ်လျက် ဂိုဏ်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ရှီလေ့၊ ကျားယွိလန် နှင့် ယန်ရူယွီ တို့မှာမူ ရေပေါ်ဖြူမြို့တော် အပျက်အစီးများဆီသို့ နောက်တစ်ကြိမ် သွားရောက်ကြပြန်ပြီး၊ ဝိညာဉ်ဆေးပင် စိုက်ခင်းကို ဆက်လက် ချဲ့ထွင်နေကြသည်။
ကျန်ရှိနေသော တပည့်များမှာလည်း ကျိုးကျိုးစားစား ကျင့်ကြံနေကြသူရှိသလို၊ ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ရင်း အပြင်စည်းတပည့်၊ အတွင်းစည်းတပည့် သို့မဟုတ် အမွေခံတပည့်များ ဖြစ်လာစေရန် အစွမ်းကုန် ကြိုးစားနေကြ၏။
“ဝုန်း...”
ဂိုဏ်းရင်ပြင် အလယ်ဗဟိုတွင် ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့မှာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲနေကြသည်။
တစ်ဦးက ကိုယ်ခန္ဓာ ကျင့်ကြံသူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာမူ နဂါးအသွင်ပြောင်းလဲခြင်း ပုံသဏ္ဌာန်ဖြင့် ဖြစ်ရာ၊ နှစ်ဦးစလုံးမှာ အစွမ်းထက်သော ကိုယ်ခန္ဓာများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ သူတို့သည် တစ်ချက်ချင်းစီကို အသားချင်း ထိမိသည်အထိ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး၊ ယောက်ျားကောင်းတို့၏ ခွန်အားပြိုင်ပွဲကို အထင်အရှား ပြသနေကြ၏။
သို့သော်လည်း နှစ်ဦးစလုံး၏ စွမ်းအားမှာ တူညီနေကြသဖြင့်၊ များသောအားဖြင့် သရေကျခြင်းဖြင့်သာ အဆုံးသတ်လေ့ ရှိကြသည်။
ရုတ်တရက် လုံထျန်းရှင်းက ပြုံးစိစိဖြင့် လှမ်းအော်လိုက်၏။
“ဖင်းအန်း... မြန်မြန်... သူ့ကို တစ်ချက်လောက် ချီးကျူးပေးလိုက်စမ်း...”
“ဟုတ်ကဲ့ပါ...”
ဝမ်ဖင်းအန်းသည် အမည်းရောင် အိုးကြီး တစ်လုံးကို ထမ်းလျက် ကောင်းကင်မှ ဆင်းသက်လာပြီး၊ ပါးစပ်ရှေ့တွင် လက်နှစ်ဖက်ကို အသံချဲ့စက်သဖွယ် ကာကာ အော်ဟစ်လိုက်သည်။
“အစ်ကိုကြီး ချောင်... အစ်ကိုကြီးရဲ့ ခြေလှမ်းတွေက တကယ့်ကို ပေါ့ပါးလှပါပေတယ်... ဘယ်တော့မှလည်း ချော်မလဲဘူးနော်... တကယ့်ကို လူထဲက နဂါးပါပဲဗျာ... ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး...”
လုံထျန်းရှင်းဆီသို့ တရှိန်ထိုး ပြေးဝင်နေသော ချောင်ကျားရှီးမှာ ထိုစကားကို ကြားသည်နှင့် ရုတ်တရက် ခြေချော်သွားလေတော့၏။
“အခွင့်အရေး ရပြီဟေ့...”
လုံထျန်းရှင်းက ထိုအခွင့်အရေးကို အသုံးချကာ အနားသို့ တိုးကပ်လိုက်ပြီး လက်သီးဖြင့် တစ်ချက် ထိုးလိုက်ရာ၊ ချောင်ကျားရှီးမှာ တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ လွင့်စဉ်သွားပြီး၊ လုံထျန်းရှင်းက ယခုတစ်ခေါက် လေ့ကျင့်ပွဲတွင် အနိုင်ရရှိသွားလေတော့သည်။
“ဝမ်ဖင်းအန်း... မင်း.....”
ချောင်ကျားရှီးသည် မြေပြင်မှ ပြန်ထလာပြီး မျက်လုံးများ ပြူးကာ ဝမ်ဖင်းအန်းနောက်သို့ လိုက်လံ ဖမ်းဆီးတော့သည်။
“အမလေး... ကယ်ကြပါဦးဗျ...”
ဝမ်ဖင်းအန်းသည် ခြေဦးတည့်ရာသို့ အမြန်ဆုံး ပြေးထွက်သွားလေတော့သည်။
အကယ်၍သာ လုံထျန်းရှင်းထံမှ အကျိုးအမြတ် အနည်းငယ် မရရှိခဲ့လျှင်၊ သူသည် ချောင်ကျားရှီးကို ယခုကဲ့သို့သော အချိန်မျိုးတွင် မချီးကျူးရဲပါချေ။
ဒါပေမဲ့ ဘယ်သူ ထင်မှာလဲ။ ချီးကျူးစကား ပြောလိုက်ကာမှ သူကပါ အရိုက်ခံရတော့မယ် မဟုတ်ပါလား။
ကမ်းပါးယံထိပ်တွင်တော့၊
ယဲ့ဖုန်းသည် ဝမ်ဖင်းအန်း အလိုက်ခံနေရသည်ကို ကြည့်ကာ ရယ်လိုက်၏။
“ဒီကောင် သုံးကောင်ကတော့... တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ...”
သူသည် လက်ကို ဝှေ့ယမ်းကာ ချောင်ကျားရှီး၊ လုံထျန်းရှင်း နှင့် ဝမ်ဖင်းအန်း တို့ကို မြူခိုးတောင်ထိပ် ပေါ်သို့ မ,တင်လိုက်ပြီးနောက် ပြောလိုက်သည်။
“နောင်လာမယ့် ရက်တွေမှာ... မင်းတို့ သုံးယောက် ငါနဲ့အတူ ကျော်ကြားတဲ့ တောင်တန်းတွေ၊ မြစ်ဝှမ်းတွေဆီကို လိုက်ခဲ့ကြမလား...”
ထိုစကားကို ကြားလိုက်ရသောအခါ ချောင်ကျားရှီးသည် ဝမ်ဖင်းအန်း၏ ကော်လာကို ချက်ချင်း လွှတ်ပေးလိုက်ပြီး၊ မျက်လုံးများ အရောင်တောက်ကာ ပြောလိုက်တော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော် လိုက်ချင်ပါတယ် ခင်ဗျာ...”
“ကျွန်တော်လည်း ပါမယ်...” ဝမ်ဖင်းအန်းကလည်း လက်ကို အမြန် မြှောက်လိုက်၏။
“ဒါပေါ့... ကျွန်တော်လည်း လိုက်မှာပေါ့...” လုံထျန်းရှင်းကလည်း အဆက်မပြတ် ခေါင်းညိတ်ပြသည်။
“ဒါဆိုရင် သွားဖို့ ပြင်ကြတော့...” ယဲ့ဖုန်းက ကျီဇီလင်းကိုပါ လှမ်းခေါ်လိုက်ပြီး လေထဲသို့ ပျံတက်သွားရာ၊ သူ့နောက်တွင် ချောင်ကျားရှီး၊ လုံထျန်းရှင်း နှင့် ဝမ်ဖင်းအန်း တို့ လိုက်ပါလာကြ၏။
“ဂိုဏ်းချုပ် အပြင်ကို ပြန်ထွက်သွားပြန်ပြီဟေ့...”
“စီနီယာ အစ်ကိုကြီး၊ အစ်မကြီးတွေကို အားကျလိုက်တာ... ဂိုဏ်းချုပ်နဲ့အတူ နောက်ထပ် စွန့်စားခန်းတွေ သွားရဦးမှာပေါ့...”
ဖေးလိုင်တောင်ထိပ် ပေါ်မှနေ၍ အချို့သော သူများသည် လျင်မြန်စွာ ထွက်ခွာသွားသော ထိုလူ (၅) ဦးကို မြင်တွေ့လိုက်ကြရသည်။
ကုန်းချင်းချိုးက သူမ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်၏။
“ကျင့်ကြံတာကိုပဲ အာရုံစိုက်ကြစမ်း... အချိန်တစ်ခု ကြာရင်တော့ ငါ ကိုယ်တိုင် လေ့ကျင့်ရေး တာဝန်အသစ်တွေ ထုတ်ပြန်ပေးမယ်... အဲဒီအချိန်ကျရင် အပြင်ထွက်ချင်တဲ့သူတွေ ငါနဲ့အတူ လိုက်လို့ရမှာပေါ့...”
သူမသည် တပည့်သစ်များ စုဆောင်းရန်အတွက် အပြင်ထွက်ရန် ပြင်ဆင်နေခြင်း ဖြစ်ပေသည်။
ထိုအချိန်တွင် တာဝန်များ ထုတ်ပြန်ပေးလိုက်ပါက၊ ဒုတိယမျိုးဆက် တပည့်အချို့မှာ သူမနှင့်အတူ လိုက်ပါနိုင်မည် ဖြစ်ရာ ၎င်းမှာ များစွာ အထောက်အကူ ဖြစ်စေမည် မဟုတ်ပါလား။
“ဟုတ်ကဲ့ပါ...” တပည့်များမှာ မျှော်လင့်ချက်များ ပြည့်နှက်နေသော စိတ်နှလုံးများဖြင့် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
အပြင်ထွက်ပြီး လက်တွေ့ လေ့ကျင့်ရခြင်းမှာ တပည့်အများစု အနှစ်သက်ဆုံး အလုပ်ပင် ဖြစ်ချေ၏။
*ကောင်းကင်ယံ အမြင့်တွင် ..
ယဲ့ဖုန်းသည် မြေပုံတစ်ခုကို ကိုင်ဆောင်ကာ ရှေ့သို့ တန်းတန်းမတ်မတ် ပျံသန်းနေသည်။
လွန်ခဲ့သော နှစ်ရက်က သူသည် ကျီဇီလင်းအား တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံး၏ ရှေးဟောင်း မြေပုံတစ်ခုကို ပြုစုခိုင်းခဲ့ခြင်း ဖြစ်သည်။
ထိုမြေပုံတွင် ကျော်ကြားသော တောင်တန်းများ၊ မြစ်ဝှမ်းများ၊ ရှေးဟောင်း စစ်မြေပြင်များနှင့် မြို့ဟောင်း အပျက်အစီးများစွာ ပါဝင်နေပြီး၊ ထိုနေရာများတွင် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားများ အမြောက်အမြား ရှိနေနိုင်သည် မဟုတ်ပါလား။
“ဂိုဏ်းချုပ် ဦးလေး...ကျွန်တော်တို့ ဘာသွားလုပ်ကြမှာလဲဟင်...” ဝမ်ဖင်းအန်းက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
ခုနလေးတင် သူက လုံထျန်းရှင်းကို ကူညီပြီး ချောင်ကျားရှီးကို အနိုင်ကျင့်ခဲ့သဖြင့်၊ ယခုအခါတွင်တော့ တစ်ဖက်လူ၏ "အပြစ်ပေးခြင်း" ခံနေရရှာသည်။ ချောင်ကျားရှီး၏ လက်နှစ်ဖက်မှာ ဝမ်ဖင်းအန်း၏ လည်ပင်းကို ရစ်ပတ်ထားပြီး၊ သိပ်ပြီးတော့ အားမသုံးသော်လည်း ဝမ်ဖင်းအန်းမှာမူ တော်တော်လေး ထိတ်လန့်နေမိသည်။
“ဒါကတော့ တိုက်ပွဲမှာ ဝင်ရှုပ်တဲ့အတွက် ရတဲ့ ရလဒ်ပဲလေ... ခံပေါ့...” ကျီဇီလင်းက ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က အစ်ကိုကြီး လုံဆီကနေ အကျိုးအမြတ်လေး ရလို့ ပြောလိုက်မိတာပါဗျာ...” ဝမ်ဖင်းအန်းမှာ ကြောက်လန့်လွန်းသဖြင့် စောင်အောက်ထဲသို့ပင် ဝင်ပုန်းချင်နေမိတော့၏။
“မဟုတ်တာ... ငါ မင်းကို လာဘ်မထိုးပါဘူး... မင်း ဘာတွေ လျှောက်ပြောနေတာလဲ...” လုံထျန်းရှင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး၊ အပြစ်ရှိသကဲ့သို့ ပြုံးပြလိုက်ရာ ဝမ်ဖင်းအန်း၏ မျက်နှာမှာ တောင့်တင်းသွားရသည်။
ဝမ်ဖင်းအန်း တစ်ယောက် စိတ်ပျက်သွားရရှာသည်။
လုံထျန်းရှင်းက သူ့ကို "ရောင်းစား" လိုက်ပြီ မဟုတ်ပါလား။
ယဲ့ဖုန်းက ခပ်ပြုံးပြုံး ပြောလိုက်သည်။
“ဂိုဏ်းသားအချင်းချင်း ဒီလောက် နောက်ပြောင်တာက ဘာမှ မဖြစ်ပါဘူး... ဒါက ဆက်ဆံရေးကိုတောင် ပိုပြီး ကောင်းမွန်စေတာပေါ့... အသားကျအောင် ကြိုးစားကြစမ်းပါ... ဟားဟား...”
ထိုစဉ်၊ ကျီဇီလင်းသည် ယဲ့ဖုန်း၏ လက်ထဲရှိ မြေပုံကို ကြည့်ကာ ပြောလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်မ မကြာသေးခင်က ရှေးဟောင်းမှတ်တမ်း အတော်များများကို ဖတ်ထားပါတယ်... အဲဒီထဲမှာ ရှေးဟောင်း စစ်မြေပြင်တွေအကြောင်း အများကြီး ပါတယ်ရှင်…အရင်ဆုံး အနီးဆုံး တစ်ခုဆီကို အရင်သွားကြည့်ကြရင် မကောင်းဘူးလားဟင်...”
“ကောင်းပြီလေ... ဇီလင်း... မင်းပဲ လမ်းပြလိုက်တော့...” ယဲ့ဖုန်းက ဝိညာဉ်မြွေ ပျံသန်းလှေ ကို ထုတ်လိုက်ပြီး ကျီဇီလင်းအား လမ်းညွှန်ခိုင်းလိုက်သည်။
“ဝှစ်...”
ပျံသန်းလှေသည် တိမ်တိုက်များကို ခွဲခြမ်းလျက်၊ မိုင်ပေါင်း ထောင်ချီ ဝေးကွာသော လွင်ပြင်ကြီးတစ်ခုဆီသို့ ဦးတည် ထွက်ခွာသွားလေတော့သတည်း။
အခန်း (၄၁၉)- ရှေးဟောင်းမြို့တော် အပျက်အစီး၊ ကျန်ရစ်ခဲ့သော ခြေရာများ ၊ ငါ့နာမည်က ပေဟယ်
~မိုင်ပေါင်း ထောင်ချီဝေးကွာသော ခရီးကို နေ့ဝက်ခန့်အတွင်း ဖြတ်ကျော်ခဲ့လေသည်။
ပေပေါင်း သောင်းချီ မြင့်မားသော ကောင်းကင်ယံထက်ဝယ်၊
လူငါးဦးပါသော အဖွဲ့သည် လှေဦးတွင် ရပ်လျက် အောက်ဘက်ရှိ မိုင်ပေါင်း ထောင်ချီ ကျယ်ပြောလှသော လွင်ပြင်ကြီးကို စီးမိုးကြည့်နေကြ၏။ ထိုနေရာတွင် သစ်ပင်ပန်းမန် ဟူ၍ များများစားစား မရှိဘဲ၊ မှော်စိမ်းများ ဖုံးလွှမ်းနေသည့် ကျောက်တုံးကျောက်ခဲ ပျက်စီးမှုများသာ ပြည့်နှက်နေသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် ဤနေရာသည် သဲကန္တာရပြင်ကြီး တစ်ခုနှင့်ပင် တူနေပါတော့၏။
“ဒါက သိုင်းကျမ်းတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်း စစ်မြေပြင် ပဲ... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်က ဒီနေရာက မိုင်ပေါင်း ရာချီ ကျယ်ဝန်းပြီး လူဦးရေ သန်းနဲ့ချီ နေထိုင်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်ခဲ့တာလေ... ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးတော့ မြို့ကြီးက ပျက်စီးသွားခဲ့တာပေါ့...”
ကျီဇီလင်းသည် အောက်ဘက်ရှိ ခြောက်သွေ့နေသော နယ်မြေကို ညွှန်ပြရင်း ရှင်းပြလိုက်သည်။
ရှန်ကျိုး တိုက်ကြီး၏ သမိုင်းကြောင်းမှာ ရှည်လျားလှ၏။
ထိုကျယ်ပြောပြီး မြေဩဇာကောင်းသော မြေပြင်ပေါ်တွင် တစ်ချိန်က ထွန်းကားခဲ့သော ယဉ်ကျေးမှုများနှင့် အစွမ်းထက်သော ပညာရှင်များစွာ ပေါ်ထွန်းခဲ့ဖူးသည်။
သို့သော်လည်း သမိုင်း၏ ရေစီးကြောင်းများအောက်တွင် ယဉ်ကျေးမှုများစွာမှာ ပျက်စီးပျောက်ကွယ်ခဲ့ကြရရှာသည်။
ယခု အောက်ဘက်ရှိ အပျက်အစီးများနှယ်။
တစ်ချိန်က အလွန် စည်ကားခဲ့ပြီး ပါရမီရှင်များစွာကို မွေးထုတ်ပေးခဲ့သော မြို့ကြီး။
နောက်ဆုံးတွင် ပိုမို အစွမ်းထက်သော စွမ်းအားတစ်ခု၏ ချေမှုန်းခြင်းကို ခံလိုက်ရကာ မြို့တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ရခြင်းတည်း။
ယနေ့ထက်တိုင် ထိုလုပ်ရပ်၏ နောက်ကွယ်တွင် မည်သူ ရှိနေသည်ကို တစ်ယောက်မျှ မသိကြချေ။
ယဲ့ဖုန်းသည် အောက်ဘက်ရှိ အပျက်အစီးများကို ကြည့်ရင်း စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ကာ သက်ပြင်းချလိုက်မိ၏။
သူသည် ယခင်ကလည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည် မဟုတ်ပါလား။
ဥပမာအားဖြင့် ရွှေယန် မြို့တော် ကဲ့သို့သော နေရာမျိုးပေါ့။
ယဲ့ဖုန်းသည် လက်တစ်ချက် ဝှေ့ယမ်းကာ ဝိညာဉ်မြွေ ပျံသန်းလှေ ကို ပြန်သိမ်းလိုက်ပြီး၊ တပည့်လေးဦး ဖြစ်ကြသော ကျီဇီလင်း၊ ချောင်ကျားရှီး၊ လုံထျန်းရှင်းနှင့် ဝမ်ဖင်းအန်း တို့နှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
“ဝုန်း...”
ဧရာမ ကျောက်တုံးကြီး တစ်တုံးမှာ အပိုင်းပိုင်း ကွဲကြေသွားပြီး၊ မီတာ နှစ်မီတာခန့် မြင့်မားသော ကျောက်ကဏန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ၎င်း၏ ဧရာမ လက်မကြီးများကို ဝှေ့ယမ်းလျက် လူအုပ်ကြီးကို တိုက်ခိုက်လာတော့၏။
“ဘုန်း...”
ချောင်ကျားရှီးသည် ရဲရဲဝံ့ဝံ့ ရှေ့သို့ တိုးထွက်သွားပြီး လက်သီးဖြင့် ထိုကျောက်ကဏန်းကို အစွမ်းကုန် ရိုက်နှက်နေသည်။
“သူက ကျွန်မတို့ကို သားကောင်လို့ ထင်နေတာထင်တယ်...”
ကျီဇီလင်းသည် သူမ၏ ညာဘက် နားထင်ကို ပွတ်သပ်ရင်း ပြန်လည် စဉ်းစားကာ ပြောလိုက်၏။
“ကျွန်မ မှတ်မိပြီ... ဒီလို နတ်ဆိုးသားရဲ ကို ‘ဖောက်ပြန်ပြောင်းလဲနေတဲ့ ကျောက်ကဏန်း’ လို့ ခေါ်တယ်... ပုံမှန်ဆိုရင် ကျောက်တုံးတစ်တုံးလို ဟန်ဆောင်ပြီး သားကောင်ကို စောင့်နေတတ်တာ... လှုပ်ရှားမှု တစ်ခုခုကို အာရုံခံမိတာနဲ့ သူ့ရဲ့ မူလရုပ်သွင်ကို ပြောင်းပြီး တိုက်ခိုက်တော့တာပဲ...”
ယဲ့ဖုန်း ခပ်ရေးရေး ပြုံးလိုက်မိသည်။
အကယ်၍ "အရာရာသိ စွယ်စုံကျမ်း" လေး ကျီဇီလင်းသာ ပါမလာလျှင် သူသည် ကျောက်ကဏန်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိရန် နတ်ဆိုးသားရဲဆောင် ၏ ထောက်လှမ်းခြင်း လုပ်ဆောင်ချက်ကိုသာ အသုံးပြုရပေလိမ့်မည်။
သူသည် လက်ကို ဆန့်ထုတ်ကာ ထိုကျောက်ကဏန်း၏ ဝိညာဉ်သွေးကို ထုတ်ယူလိုက်၏။ ၎င်းမှာ လက်မအရွယ်အစားခန့် ရှိသော အလင်းလုံးလေး တစ်ခုမျှသာ ဖြစ်နေပါ၏။ နှမြောစရာ ကောင်းလှပေသည်။
“ဒီလောက်လေးပဲလား...”
ယဲ့ဖုန်း ဆွံ့အသွားရ၏။
ကျောက်ကဏန်းမှာ အဆင့်မြင့် နတ်ဆိုးစစ်သည် အဆင့် ဖြစ်သော်လည်း၊ ၎င်း၏ ဝိညာဉ်သွေး ပမာဏနှင့် အရည်အသွေးမှာမူ အဆင့်တူ အခြား နတ်ဆိုးသားရဲများထက် များစွာ လျော့နည်းနေသည်လေ။
“မင်းတို့ ပတ်ဝန်းကျင်မှာပဲ ဆက်ပြီး လေ့ကျင့်ကြ... ဘေးကင်းအောင်တော့ နေကြဦးနော်... ဂိုဏ်းချုပ်ကတော့ တစ်ခြား ကိစ္စလေးတွေ လုပ်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းဦးမယ်...”
“ဟုတ်ကဲ့ပါ...”
တပည့်လေးဦးမှာ လူစုခွဲလိုက်ကြ၏။
ချောင်ကျားရှီးမှလွဲ၍ ကျန်သုံးဦးမှာမူ ညာလက်တွင် အလင်းလုံးများကို ပြင်ဆင်ထားကြပြီး၊ ဘယ်လက်ကမူ “သံဒိုင်းကာ နည်းစနစ်” ကို အသုံးပြုလျက် အချိန်မရွေး ခုခံတိုက်ခိုက်ရန် အသင့်ပြင်ထားကြ၏။
“ဝုန်း...”
နောက်ထပ် ကျောက်တုံးတစ်တုံးမှာ ကျောက်ကဏန်းအဖြစ် ပြောင်းလဲကာ တိုက်ခိုက်လာပြန်သည်။
ချောင်ကျားရှီးသည် ဖျတ်လတ်စွာ တုံ့ပြန်လိုက်ပြီး လက်သီးတစ်ချက်ဖြင့် ၎င်းကို မှုန့်မှုန့်ညက်ညက် ကြေသွားစေ၏။
“ငါလည်း အတည်တိုက်မှ ဖြစ်တော့မယ်...” လုံထျန်းရှင်းသည် မန္တန် ရွတ်ဆိုခြင်းကို အဆုံးသတ်လိုက်ပြီး၊ ခန္ဓာကိုယ် စွမ်းအားများ တစ်ဟုန်ထိုး တိုးတက်လာသည်နှင့်အတူ နဂါးအသွင်ပြောင်းလဲခြင်း ပုံသဏ္ဌာန် သို့ ချက်ချင်း ဝင်ရောက်လိုက်သည်။
ကျောက်ကဏန်းများနှင့် လူသားစား တီကောင်ကြီးများ မြေအောက်မှ ထွက်ပေါ်လာကြသော်လည်း၊ လုံထျန်းရှင်း၏ လက်သည်းများအောက်တွင် အားလုံးမှာ အပိုင်းပိုင်း ပြတ်ကုန်ကြရလေတော့သည်။
ယဲ့ဖုန်းသည် မြေပြင်မှ ဖြည်းညှင်းစွာ ကြွတက်လိုက်သည်။
သူသည် လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူကာ ထိုဒေသရှိ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား များကို စုပ်ယူလိုက်ရာ၊ ၎င်းမှာ အတော်လေး များပြားလှကြောင်း တွေ့ရှိလိုက်ရ၏။
လက်ဖက်ရည် တစ်ဝက်ခန့် သောက်စာ အချိန်အတွင်းမှာပင်၊ ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) ရှိသော ကျင့်ကြံသူ တစ်ဦးစာခန့် စွမ်းအားများကို ရရှိလိုက်တော့၏။
“မဆိုးပါဘူး...”
ယဲ့ဖုန်းသည် သွားများ ပေါ်သည်အထိ ပြုံးလိုက်မိသည်။
သူ လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ မိစ္ဆာချီ လက်ကျန်များကို ဝါးမြိုလိုက်၏။
သို့သော် ယဲ့ဖုန်း အံ့သြသွားသည်မှာ ထိုမြို့ဟောင်း အပျက်အစီးအတွင်းရှိ မိစ္ဆာချီ ပမာဏမှာ အလွန်ပင် နည်းပါးနေပြီး၊ တစ်စုံတစ်ခုက ဝါးမြိုသွားသကဲ့သို့ အစအန အနည်းငယ်သာ ကျန်ရစ်ခဲ့ခြင်းပင်။
‘ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း က ငါ့ထက် အရင် ရောက်သွားတာလား မသိဘူး...’
ယဲ့ဖုန်းက ခန့်မှန်းလိုက်မိသည်။
သူသည် မြို့ဟောင်း အပျက်အစီးများကြားတွင် ဆက်လက် လမ်းလျှောက်နေလိုက်၏။
“အား... နာလိုက်တာဗျာ.....”
မီတာ ရာပေါင်းများစွာ အကွာဆီမှ ဝမ်ဖင်းအန်း၏ နာကျင်စွာ အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ယဲ့ဖုန်း၏ စိတ်ထဲ တုန်လှုပ်သွားရပြီး၊ မျက်စိတစ်မှိတ်အတွင်း ဝမ်ဖင်းအန်း ဘေးသို့ ရောက်ရှိသွားကာ၊ လက်တစ်ဖက်ကို သူ့ပုခုံးပေါ် တင်လိုက်ပြီး သူရဲကောင်း ဝိညာဉ်စွမ်းအား ဖြင့် ကာကွယ်ပေးလိုက်၏။
“ဂျူနီယာ ညီလေး ဝမ်... ဘာဖြစ်လို့လဲဟင်...” ချောင်ကျားရှီးသည် အော်ဟစ်သံကို ကြားသည်နှင့် အပြေးရောက်လာ၏။
မကြာမီ ကျီဇီလင်းနှင့် လုံထျန်းရှင်း တို့လည်း ရောက်ရှိလာကြ၏။
“သူ ဘာမှ မဖြစ်ပါဘူး...”
ယဲ့ဖုန်းက မျက်နှာထား လေးနက်စွာဖြင့် မြေပြင်ကို ညွှန်ပြကာ ပြောလိုက်သည်။
“သတိထားကြ... မြေပြင်ပေါ်မှာ ခြေရာတွေ ရှိနေတယ်... အဲဒါတွေကို မနင်းမိစေနဲ့... မဟုတ်ရင် မီးမြိုက်နေတဲ့ အပ် ထောင်ပေါင်းများစွာနဲ့ ထိုးနှက်ခံရသလိုမျိုး နာကျင်မှုကို ခံစားရလိမ့်မယ်...”
အခြားသူများလည်း မြေပြင်ကို ကြည့်လိုက်ကြရာ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားကြ၏။
သူတို့ရှေ့ရှိ ကျောက်ပြားများပေါ်တွင် မှိန်ဖျော့ဖျော့ လင်းလက်နေသော ခြေရာများမှာ တစ်ခုနှင့်တစ်ခု သုံးပေခန့် ကွာဝေးလျက် တန်းစီနေသည်။ ခြေလှမ်းများမှာ အနည်းငယ် ကျယ်လှသဖြင့် ထိုခြေရာပိုင်ရှင်မှာ အရပ်ရှည်ရှည် လူထွား တစ်ဦး ဖြစ်ရပေလိမ့်မည်။
“ဒီခြေရာတွေက ဘာတွေလဲဟင်...” ကျီဇီလင်းသည် မြွေလိမ်မြွေကောက် ဖြစ်နေသော ခြေရာများနောက်သို့ လိုက်ကြည့်လိုက်ရာ ခြေလှမ်း စုစုပေါင်း ခုနစ်လှမ်း ရှိကြောင်း တွေ့ရှိလိုက်ရ၏။
‘ခုနစ်လှမ်းနဲ့ ကဗျာတစ်ပုဒ် စပ်တာလား...’
ယဲ့ဖုန်း စိတ်ထဲတွင် ထိုအဓိပ္ပာယ်မရှိသော အတွေး တစ်ခု ပေါ်လာသော်လည်း၊ ချက်ချင်းပင် ခေါင်းခါကာ ထိုလက်တွေ့မကျသော အတွေးကို ဖျောက်လိုက်သည်။
“ဂိုဏ်းချုပ်... ဒီခြေရာတွေကို ချန်ထားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးက ဘယ်သူလဲဆိုတာ သိလားဟင်...”
လုံထျန်းရှင်းသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်၏။ ခြေရာများကို အသေအချာ စစ်ဆေးကြည့်လိုက်ရာ၊ ထိုခြေရာများအတွင်း၌ ကျယ်ပြောလှပြီး အဆုံးမဲ့သော ကြယ်တာရာ ကောင်းကင်ကြီးတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
“ငါ တစ်ချက်လောက် စစ်ဆေးကြည့်ဦးမယ်...”
ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံး ကို မြှောက်လိုက်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထုတ်လွှတ်ကာ၊ ပထမဆုံး လင်းလက်နေသော ခြေရာအတွင်းသို့ စီးဝင်စေလိုက်၏။
“ဝီ...”
ယဲ့ဖုန်း၏ အသိစိတ်နှင့် ချိတ်ဆက်ထားသော လေဓာတ် ဝိညာဉ်စွမ်းအင်မှာ ကျယ်ပြောလှသော ကြယ်တာရာ ကမ္ဘာတစ်ခုအတွင်းသို့ ဝင်ရောက်သွား၏။ မြင်ကွင်းမှာ ရုတ်တရက် ပွင့်လင်းသွားပြီး အဆုံးမဲ့ ကျယ်ပြောလှသော ခံစားချက်ကို ပေးစွမ်းနေသည်။
ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင်ကို ထိုခြေရာအတွင်းရှိ ကြယ်တာရာ ကမ္ဘာထဲတွင် လှည့်လည်စေလိုက်ရာ၊ မကြာမီမှာပင် ၎င်း၏ အစွန်းကို တွေ့ရှိလိုက်ရ၏။
ခြေရာတစ်ခုလုံး၏ အတွင်းပိုင်း ဟင်းလင်းပြင်မှာ မိုင်ပေါင်း ရာချီ ကျယ်ဝန်းလှပေသည်တကား။
‘ဒါ နယ်ပယ်ထူးခြားဖြစ်စဉ် လား...’
ယဲ့ဖုန်းသည် ရှေးဟောင်းသိုင်းကျမ်းများထဲမှ ဖော်ပြချက်များကို ပြန်လည် သတိရလိုက်မိသည်။
ဒဏ္ဍာရီများအရ ဟင်းလင်းပြင်ချိုးဖျက် အဆင့် သို့ ရောက်ရှိပြီးနောက်တွင် နယ်ပယ်ထူးခြားဖြစ်စဉ် တစ်ခုကို ဖန်တီးနိုင်သည်ဟု ဆိုကြ၏။ မိုင်ပေါင်း ရာချီရုံတင်မကဘဲ မိုင်ပေါင်း ထောင်ချီ၊ သောင်းချီ ကျယ်ဝန်းလျှင်ပင် ပြဿနာ မရှိပေ။
တပည့်များမှာလည်း ထိုစကားကို ကြားသောအခါ အတော်လေး အံ့သြသွားကြ၏။
ဒါဆို ဒီခြေရာတွေက ဟင်းလင်းပြင်ချိုးဖျက် အဆင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ချန်ထားခဲ့တဲ့ နယ်ပယ်ထူးခြားဖြစ်စဉ် ပေါ့လေ။
မကြာမီ ထိုလေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်မှာ ပျောက်ကွယ်သွား၏။
၎င်းသည် ထောက်လှမ်းခြင်း တာဝန်ကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ခြင်း ဖြစ်ပေသည်။
သတင်းအချက်အလက် စီးကြောင်း တစ်ခုမှာ ယဲ့ဖုန်း၏ စိတ်ထဲသို့ စီးဝင်လာလေတော့သည်။
သူ မျက်လုံးဖွင့်လိုက်သည့်အခါ ပတ်ဝန်းကျင် မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားတော့၏။ မရေမတွက်နိုင်သော ပုံရိပ်များမှာ အတိတ်ကာလဆီသို့ ပြန်လည် ဆုတ်ခွာသွားလိုပင်။
ထိုအချိန်က မြို့ဟောင်းကြီးမှာ အလွန် စည်ကားနေဆဲ ဖြစ်ပြီး၊ ကျင့်ကြံသူ အမြောက်အမြားမှာ တက်ကြွစွာ လှည့်လည်သွားလာနေကြသည်။
သို့သော်လည်း တစ်နေ့တွင် လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများက ထိုမြို့ကြီးကို လွှမ်းခြုံသွားခဲ့၏။
မြူခိုးများ လွင့်စင်သွားချိန်တွင်တော့ မြို့ဟောင်းကြီးမှာ သူတို့ရှေ့တွင် မြင်တွေ့နေရသည့်အတိုင်း အပျက်အစီးများ ဖြစ်သွားခဲ့တော့၏။
မျက်နှာကို ဝေဝါးစွာ မြင်တွေ့ရသော အရပ်ရှည်ရှည်နှင့် လူထွားကြီး တစ်ဦးသာလျှင် အပျက်အစီးများအလယ်တွင် ရပ်လျက် ညင်သာစွာ သက်ပြင်းချနေသည်။
‘သူက တရားခံလား...’ ယဲ့ဖုန်းသည် ထိုပုံရိပ်ထဲမှ ပုဂ္ဂိုလ်ကို စိုက်ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“နှမြောစရာပဲ... ငါ တစ်လှမ်း နောက်ကျသွားပြန်ပြီ...” ထိုအခိုက်အတန့်တွင် ပုံရိပ်ထဲမှ ပုဂ္ဂိုလ်ကြီးက တိုးတိုးလေး ရေရွတ်လိုက်ရာ၊ သူ့မျက်ဝန်းများတွင် အားကိုးရာမဲ့သော အရိပ်အယောင်များစွာ ထင်ဟပ်နေသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း အံ့သြသွားရ၏။
ကြည့်ရတာ ဒီ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးက မြို့ကို ဖျက်ဆီးတဲ့သူ မဟုတ်ဘဲ၊ မြို့ပျက်စီးသွားပြီးမှ ပေါ်လာသူ ဖြစ်ပုံ ရသည်။
ထိုအချိန်တွင် ပုံရိပ်ထဲမှ ပုဂ္ဂိုလ်ကြီးက လှုပ်ရှားလိုက်၏။
သူ့နောက်ကျောတွင် နယ်ပယ်ထူးခြားဖြစ်စဉ် တစ်ခု ပေါ်ထွက်လာပြီး၊ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများမှာ ရေလှိုင်းကြီးပမာ စီးဆင်းလာသည်။ ထိုပုဂ္ဂိုလ်သည် ကျောက်ပြားများပေါ်တွင် လမ်းလျှောက်သွားရာ၊ လင်းလက်နေသော ခြေရာ ခုနစ်ခုကို ချန်ထားခဲ့လေတော့၏။
“ငါ့နာမည်က ပေဟယ်.. ဒီနေ့မှာတော့ ငါကိုယ်တိုင် ဖန်တီးထားတဲ့ လျှို့ဝှက်သိုင်း ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ ကို နောင်မျိုးဆက်တွေထဲက ကံပါတဲ့သူတွေအတွက် ချန်ထားခဲ့မယ်... ဒါကို လျှို့ဝှက်ဆန်းကြယ်တဲ့ ဝိညာဉ်ဝါးမြို မျိုးနွယ်စု တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုကြပါ... ကောင်းကောင်း မှတ်ထားကြ.....”
ထိုပုဂ္ဂိုလ်ကြီးက ခပ်တိုးတိုး ပြောလိုက်သည်။
ထို့နောက်တွင်တော့ မြင်ကွင်းက ထပ်မံ ပြောင်းလဲသွားသည်ကို ယဲ့ဖုန်း မြင်တွေ့လိုက်ရ၏။
“ပေဟယ်” ဟု အမည်ရသော ထိုပုဂ္ဂိုလ်ကြီးသည် ကောင်းကင်ယံဆီသို့ လှမ်းတက်နေ၏။ တစ်ဆက်တည်း ခုနစ်လှမ်း လှမ်းလိုက်သည့် ခဏ၌ သူ၏ အရှိန်အဝါမှာ ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ကောင်းကင်နှင့် မြေကြီးကိုပင် ဆွဲဖြဲပစ်တော့မည့်အလား တားဆီး၍ မရနိုင်လောက်အောင် ဖြစ်သွားသည်။
သူသည် ခြေထောက်ကို မြှောက်ကာ ရှေ့သို့ အရှိန်ဖြင့် နင်းချလိုက်၏။
“ဝုန်း...”
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးမှာ ဝမ်းနည်းကြေကွဲစွာဖြင့် ပြင်းထန်စွာ တုန်ခါသွားတော့သည်။
မကြာမီမှာပင် အားပြင်းသော ဖိအားကို မတောင့်ခံနိုင်တော့ဘဲ ကောင်းကင်နှင့် မြေကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။ မရေမတွက်နိုင်သော ကြောက်စရာကောင်းသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပေါ်ထွက်လာလေတော့သည်။
ထို့နောက်တွင်တော့ မြင်ကွင်းတစ်ခုလုံးမှာ ပျောက်ကွယ်သွားခဲ့တော့၏။
ယဲ့ဖုန်းသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သတိပြန်ဝင်လာခဲ့ရာ၊ သူ့အသိစိတ်မှာ လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူသည် ခြောက်သွေ့နေသော ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ၊ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီး “ပေဟယ်” မှာ မည်သည့်နေရာတွင် ရှိပါသနည်း။
သို့သော်လည်း မြေပြင်ပေါ်ရှိ လင်းလက်နေသော ခြေရာများမှာ အနည်းငယ် တုန်ခါနေကြပြီး၊ လေထုထဲတွင် နားလည်ရ ခက်ခဲလှသော ရှေးဟောင်း စာသားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပျံဝဲနေကြ၏။
“ဒါ ရှေးဟောင်း သိုင်းကျမ်းပဲ.....”
ရှေးဟောင်းစာသားများကို အနည်းငယ် သိရှိထားသော ကျီဇီလင်းသည် “ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” ဟူသော စကားလုံးများကိုသာ ခွဲခြားနိုင်သည်။
၎င်းထက် ပိုသည်ကိုမူ နားလည်ရန် ခက်ခဲနေသေး၏။
“ကြည့်စမ်း... သိုင်းကျမ်းတွေက တဖြည်းဖြည်း ပျောက်ကွယ်နေပြီ.....” ချောင်ကျားရှီးက မူမမှန်မှုကို သတိပြုမိသွားသည်။
“ကြည့်ရတာ ကျွန်တော်တို့ အခုချက်ချင်း ဒီရှေးဟောင်းစာသားတွေကို နားလည်အောင် လုပ် ဒါမှမဟုတ် မှတ်တမ်းတင်ထားမှ ရတော့မယ်... မဟုတ်ရင် ဒီအခွင့်အရေးကို လက်လွှတ်ရလိမ့်မယ်...”
“မြန်မြန်... ကူးရေးကြစို့.....” ကျီဇီလင်းသည် စက္ကူနှင့် မှင်ကို ထုတ်ယူကာ ကူးရေးရန် ပြင်လိုက်၏။
သို့သော်လည်း စာသားများမှာ စက္ကူပေါ်သို့ ကျရောက်သည်နှင့် မီးတောက်များအဖြစ် တိုက်ရိုက် ပြောင်းလဲသွားပြီး စက္ကူတစ်ရွက်လုံးကို လောင်ကျွမ်းသွားစေတော့သည်။
“ဒီသိုင်းကျမ်းကို ဖန်တီးခဲ့တဲ့သူက တကယ်ကို အစွမ်းထက်တာပဲ... ကောင်းကင်နှင့် မြေကြီးရဲ့ နိယာမ စွမ်းအားတွေကိုပါ ချန်ထားခဲ့တာဆိုတော့... သာမန် စက္ကူနှင့် မှင်က ဒီရှေးဟောင်းစာသားတွေကို မှတ်တမ်းတင်ဖို့ မဖြစ်နိုင်ဘူး...”
ကျီဇီလင်းသည် သက်ပြင်းချလိုက်ပြီး သူမ၏ ကလောင်တံကို ပြန်သိမ်းလိုက်သည်။ သူမသည် စိတ်ထဲမှသာ နားလည်အောင် ကြိုးစားပြီး အလွတ်မှတ်ရန် ပြင်ဆင်လိုက်တော့၏။
အခန်း (၄၂၀) ကောင်းကင်ဘုံသို့ ခုနစ်လှမ်း၊ မြေကြွက်ကလေးနှင့် အသစ်စက်စက် ဂိုဏ်းစောင့်ဝိညာဉ်သားရဲ
~“ဒုက္ခပဲ... ဒါကို နားလည်ဖို့က တကယ့်ကို ခက်ခဲလွန်းတာပဲ... အတင်းအဓမ္မ အလွတ်မှတ်ဖို့ ကြိုးစားရင်လည်း မှတ်ဉာဏ်ထဲကနေ ချက်ချင်း ပျောက်ကွယ်သွားတာပဲရှင်...”
ကျီဇီလင်းသည် ပထမဆုံး စာကြောင်းသုံးကြောင်းကိုသာ မနည်း နားလည်အောင် ကြိုးစားနိုင်ခဲ့ပြီးနောက်၊ သူမ၏ ဦးခေါင်း တစ်ခုလုံးမှာ ပေါက်ကွဲထွက်တော့မည့်အလား နာကျင်လာသဖြင့် ဆက်လက် တောင့်မခံနိုင်တော့ချေ။
ချောင်ကျားရှီး၊ ဝမ်ဖင်းအန်း နှင့် လုံထျန်းရှင်း တို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အားကိုးရာမဲ့ ဖြစ်နေကြ၏။
အထွတ်အထိပ်အဆင့် ပါရမီကို ပိုင်ဆိုင်ထားသည့် ကျီဇီလင်းပင်လျှင် ဤသိုင်းကျမ်းကို နားလည်ရန် ရုန်းကန်နေရသည်ဆိုပါက၊ သူတို့ သုံးယောက်အတွက်မူ ပြောနေစရာပင် မလိုပါတော့ပေ။
သူတို့အားလုံးမှာ တိုင်ပင်မထားပါဘဲ ယဲ့ဖုန်း ရှိရာဘက်သို့ ပြိုင်တူ ကြည့်လိုက်ကြသည်။
“အတင်းမှတ်နေဖို့ မလိုပါဘူး... ဂိုဏ်းချုပ်ဖြစ်တဲ့ ငါက ဒီသိုင်းကျမ်းကို အပြည့်အဝ တတ်မြောက်သွားပြီလေ...”
ယဲ့ဖုန်းက တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။
သို့သော်လည်း အသေအချာ အကဲခတ်မည်ဆိုပါက၊ သူ၏ မျက်ဝန်းများအတွင်း၌ အသားတစ်စ အလှီးခံလိုက်ရသကဲ့သို့ နာကျင်မှု အရိပ်အယောင်လေး တစ်ခုကို တွေ့ရှိနိုင်ပေလိမ့်မည်။
ခုနလေးတင် ယဲ့ဖုန်းသည် ငွေကြေးအမြောက်အမြား သုံးစွဲသည့် စနစ်ကို အသက်သွင်းခဲ့ရခြင်းပါ။
ဂိုဏ်းဂုဏ်သတင်းတန်ဖိုး (၁) သိန်း အကုန်အကျခံကာ ဤသိုင်းကျမ်း၏ အပြည့်အစုံကို ဝယ်ယူခဲ့ပြီး၊ ၎င်းကို ပြီးပြည့်စုံသော အဆင့်သို့ရောက်အောင်ပါ တိုက်ရိုက် လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်၏။
ဤရှေးဟောင်းသိုင်းကျမ်းမှာ အလွန် အရေးကြီးလှသော်လည်း၊ ရုတ်တရက် ဂုဏ်သတင်းတန်ဖိုး (၁) သိန်း ဆုံးရှုံးသွားခြင်းက ယဲ့ဖုန်း၏ နှလုံးသားကိုမူ တော်တော်လေး နာကျင်စေခဲ့သည်။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က ဒီသိုင်းကျမ်း တစ်ခုလုံးကို တကယ်ပဲ နားလည်သွားတာလားဟင်...”
ကျီဇီလင်းမှာ အံ့သြတကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိရာ၊ သူမ၏ ဝိုင်းစက်သော မျက်ဝန်းအစုံမှာ မယုံနိုင်လောက်အောင် ပြူးကျယ်နေတော့သည်။
ဤသိုင်းကျမ်းမှာ မည်မျှအထိ နက်နဲပြီး နားလည်ရ ခက်ခဲသည်ကို သူမ ကိုယ်တိုင် သိရှိထားသည် မဟုတ်ပါလား။
“လမ်းလျှောက်နေတဲ့ စွယ်စုံကျမ်း” ဟု တင်စားခံရလောက်အောင် ဉာဏ်ရည်ထက်မြက်သည့် သူမပင်လျှင် စာကြောင်းသုံးကြောင်းသာ ရရှိခဲ့သည်လေ။
သိုင်းကျမ်း တစ်ခုလုံးတွင်မူ ခုနစ်ကြောင်းအထိ ပါဝင်နေသည် မဟုတ်ပါလား။
“ဒါပေါ့... ငါ အားလုံးကို နားလည်သွားပြီလေ... မတော်တဆနဲ့ပဲ ပြီးပြည့်စုံတဲ့ အဆင့်အထိတောင် ရောက်သွားတယ်... ခဏနေရင် ဒါကို ဘယ်လို ကျင့်ရမလဲဆိုတာ မင်းတို့ကို ငါ ကိုယ်တိုင် သင်ပေးမယ်...”
ယဲ့ဖုန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
ငွေကုန်ကြေးကျ များသွားသော်လည်း ရရှိလာသည့် ရလဒ်ကတော့ တကယ့်ကို အဖိုးတန်လှပေသည်။
“ဝှစ်...”
ထိုအချိန်မှာပင် ကောင်းကင်ယံရှိ သိုင်းကျမ်းများသည် ရွှေရောင် အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားပြီး၊ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။
မြေပြင်ပေါ်ရှိ လင်းလက်နေသော ခြေရာများသည်လည်း တဖြည်းဖြည်းနှင့် မှေးမှိန်သွားကြတော့၏။
သဲမှုန်များကို သယ်ဆောင်လာသည့် လေပြင်း တစ်ချက်မှာ ရောက်ရှိလာ၏။
“ရှဲ...”
ကျောက်ပြားများပေါ်ရှိ ခြေရာများကို တစ်စစ တိုက်စားသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရာရာမှာ ပျောက်ကွယ်သွားခဲ့လေတော့သည်။
‘ငွေသုံးလိုက်လို့ တော်သေးတာပေါ့... မဟုတ်ရင် ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ဘယ်သူကများ နားလည်နိုင်မှာလဲ...’
ယဲ့ဖုန်း ဆွံ့အစွာ တွေးတောလိုက်မိ၏။
သိုင်းကျမ်း ပေါ်လာချိန်မှ ပျောက်ကွယ်သွားချိန်အထိမှာ လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်ပင် မပြည့်ခဲ့ချေ။ အထွတ်အထိပ်အဆင့် ပါရမီရှင် ကျီဇီလင်းပင် သုံးကြောင်းသာ မှတ်မိနိုင်ခဲ့လျှင် ကျန်သူများမှာမူ မျှော်လင့်ချက် လုံးဝ မရှိနိုင်ပေ။
ဖြစ်နိုင်တာကတော့ နတ်ဘုရားအဆင့် သို့မဟုတ် သူတော်စင်အဆင့် ပါရမီမျိုး ရှိမှသာ၊ သို့မဟုတ်လျှင်လည်း ထူးကဲသော ဉာဏ်အလင်းပွင့်မှုမျိုး ရှိမှသာ ဤသိုင်းကျမ်းကို အလွတ်မှတ်နိုင်ပေလိမ့်မည်။
“ဂိုဏ်းချုပ်... ဒီသိုင်းကျမ်းက ဘာအကြောင်းတွေ ပြောထားတာလဲဟင်...”
ဝမ်ဖင်းအန်းမှာ အလွန် စူးစမ်းချင်စိတ် ပြင်းပြနေသဖြင့် မျက်လုံးများ ပြူးကာ မေးလိုက်သည်။
ကျန်ရှိသော သူများသည်လည်း ယဲ့ဖုန်း ရှိရာသို့ အာရုံစိုက်လိုက်ကြ၏။
“ဒါက ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ လို့ အမည်ရတဲ့ လျှို့ဝှက်သိုင်း တစ်ခုပဲ... ဒီခြေရာပိုင်ရှင် ‘ပေဟယ်’ က ကိုယ်တိုင် ဖန်တီးခဲ့တာပေါ့... ငါ့အထင်တော့ ဒီလူက အနည်းဆုံးတော့ ဟင်းလင်းပြင်ချိုးဖျက် အဆင့် ကို ရောက်နေတဲ့ ဧကရာဇ် ဒါမှမဟုတ် ဘိုးဘေးအဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်လိမ့်မယ်...”
ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
လူတိုင်း၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားရတော့၏။
ဟင်းလင်းပြင်ချိုးဖျက် အဆင့် တဲ့လား။
ဒီလို နေရာလေးကနေ တကယ့် နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့တာပေါ့လေ။
“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်တုန်းက ဒီရှေးဟောင်းမြို့တော်ကြီးဟာ ‘ဝိညာဉ်ဝါးမြို မျိုးနွယ်စု’ ရဲ့ ဖျက်ဆီးခံခဲ့ရတာ... အဲဒီနောက်မှာ ပေဟယ် လို့ခေါ်တဲ့ ဒီပညာရှင်ကြီး ရောက်လာပြီး၊ နယ်ပယ်ထူးခြားဖြစ်စဉ် ပါဝင်တဲ့ ဒီခြေရာတွေကို ချန်ထားခဲ့ပြီး၊ ဒီသိုင်းကျမ်းကို တံဆိပ်ခတ်ခဲ့တာပဲ...”
ယဲ့ဖုန်းက ဆက်လက်၍ ပြောကြားလိုက်သည်။
“သူ ပြောတာကတော့ ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ က အလွန် အစွမ်းထက်တယ်တဲ့... ပြီးတော့ ဝိညာဉ်ဝါးမြို မျိုးနွယ်စု တွေကို သတိထားကြဖို့လည်း မှာခဲ့သေးတယ်...”
“ဝိညာဉ်ဝါးမြို မျိုးနွယ်စု...”
တပည့်များမှာ ထိုအမည်ကို တစ်ခါမှ မကြားဖူးခဲ့ကြပေ။
သို့သော်လည်း ဟင်းလင်းပြင်ချိုးဖျက် အဆင့်ရှိသူပင် သတိပေးရလောက်သည့် မျိုးနွယ်စုဆိုလျှင် အမှန်တကယ်ပင် သန်မာကြပေလိမ့်မည်။
ကျီဇီလင်းက ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
“မူလနတ်ဘုရား အဆင့် ရှိသူတွေက အသက် သုံးထောင်လောက်အထိ နေနိုင်တယ် ဟင်းလင်းပြင်ချိုးဖျက် အဆင့် ရှိသူတွေကတော့ အနည်းဆုံး အသက် ရှစ်ထောင်လောက်အထိ နေနိုင်တယ်လို့ ကြားဖူးပါတယ်... ဒါကြောင့် နှစ်ပေါင်း သုံးထောင် ကြာပြီးနောက်မှာတော့ ဒီ ပေဟယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ အသက်ရှင်နေဦးမှာပါ... ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာတော့ မသိနိုင်ဘူးပေါ့... ဖြစ်နိုင်တာကတော့ သူဟာ ဝိညာဉ်ဝါးမြို မျိုးနွယ်စု တစ်ခုလုံးကိုတောင် ချေမှုန်းပြီးလောက်ပါပြီရှင်...”
“ဒါကတော့ ပြောရခက်ပါတယ်လေ...” ယဲ့ဖုန်းက ခေါင်းခါပြလိုက်၏။
“ဂိုဏ်းချုပ်...ကျွန်တော်တို့ကို ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ အခုပဲ သင်ပေးလို့ ရမလားဟင်...” လုံထျန်းရှင်းမှာ စိတ်မရှည်နိုင်တော့ဘဲ မေးလိုက်တော့သည်။
“ငါလည်း သင်ပေးဖို့ ပြင်နေတာပဲ... ဒါပေမဲ့...”
ယဲ့ဖုန်း၏ စကားမှာ ထူးဆန်းသော အော်ဟစ်သံတစ်ခုကြောင့် ပြတ်တောက်သွားရသည်။ သူသည် အသံလာရာဆီသို့ အမြန် လှည့်ကြည့်လိုက်မိ၏။
မီတာ ဒါဇင်ချီ ဝေးကွာသော နေရာရှိ မြေစာပုံလေး တစ်ပုံတွင် ဖြစ်သည်။
မြေတွင်းထဲမှ မြေကြွက်ကလေး တစ်ကောင် ထွက်လာပြီး မြေစာပုံပေါ်တွင် ရပ်ကာ “အီ.. အီ... အီ...” ဟု အော်ဟစ်နေသည်။
“မြေကြွက်ကလေး တစ်ကောင် ပါလား...”
ယဲ့ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူသည် အနည်းငယ် ထုံအအ ပုံစံပေါက်နေသော ထို မြေကြွက်ကလေးကို စိုက်ကြည့်နေမိ၏။
၎င်းသည် သူတို့တစ်ဖွဲ့လုံးကို လုံးဝ ဂရုမစိုက်ဘဲ နေပူစာလှုံနေပြီး၊ ၎င်း၏ လက်သည်းလေးများဖြင့် ခေါင်းပေါ်ရှိ အမွေးအမျှင်များကို သပ်တင်နေသည်။ ၎င်း၏ လှုပ်ရှားမှုများမှာ ဆွဲဆောင်မှုရှိပြီး အနည်းငယ် မူနွဲ့နေသကဲ့သို့ ထင်မှတ်ရပေသည်။
ဤမြင်ကွင်းမှာ ရေထဲတွင် မျက်နှာသစ်ပြီး ဆံပင်သပ်နေသည့် ဖျံကလေးနှင့်ပင် ဆင်တူလှပေသည်။
သို့သော်လည်း မြေကြွက်အစစ်များ၏ အသံမှာ “ကျွိ ကျွိ ကျွိ” ဟုသာ မြည်သင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဤမြေကြွက်ကလေးက “အီ အီ အီ” ဟု အော်နေရသနည်း။
ယဲ့ဖုန်းမှာ ဇဝေဇဝါ ဖြစ်သွားပြီး နတ်ဆိုးသားရဲဆောင် ၏ ထောက်လှမ်းခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်လေတော့သည်။
ထို့နောက်တွင်တော့ သူ၏ အကြည့်များမှာ စူးရှသွားခဲ့တော့၏။
ဤ မြေကြွက်ကလေးမှာ အရပ် မီတာဝက်ပင် မပြည့်ဘဲ ဝဝဖိုင့်ဖိုင့်နှင့် ချစ်စရာကောင်းပြီး ရိုးသားပုံပေါက်နေသော်လည်း၊ အမှန်တကယ်တွင်မူ ၎င်းမှာ အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အဆင့် တစ်ကောင် ဖြစ်နေသည် တဲ့လား။
အကယ်၍သာ ထောက်လှမ်းခြင်း စွမ်းရည်ကို အသုံးမပြုခဲ့လျှင် ဤသတ္တဝါလေးအား သာမန် မြေကြွက်ကလေး တစ်ကောင်ဟုသာ သူ အမှန်တကယ် ထင်မိပေလိမ့်မည်။
‘အသစ်စက်စက် ဝိညာဉ်သားရဲ တစ်ကောင်ကို တွေ့ပြီဟေ့...’
မကြာမီ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်သွားတော့၏။
“ဟင်... ဒါက ဘယ်လို နတ်ဆိုးသားရဲ မျိုးလဲဗျ...”
ဝမ်ဖင်းအန်းသည် မြေစာပုံပေါ်မှ မြေကြွက်ကလေးကို မြင်သည်နှင့် ကျောပေါ်တွင် အမည်းရောင် အိုးကြီးကို ထမ်းလျက် ထိုဘက်သို့ ပြေးဝင်သွားလေတော့သည်။
မြေကြွက်ကလေးမှာ လူတစ်ယောက် အနားသို့ တိုးကပ်လာသည်ကို သိသော်လည်း ကြောက်လန့်ဟန် မရှိပေ။
၎င်းသည် နွေးထွေးသော နေရောင်ခြည်ကို မျက်နှာမူလျက် မြေစာပုံပေါ်တွင် ရပ်နေဆဲပင်။ လက်သည်းလေးများဖြင့် ခေါင်းပေါ်ရှိ အမွေးများကို အမြန် သပ်တင်လိုက်ရာ၊ ခဏအတွင်းမှာပင် ပြောင်ချောနေသော ဆံပင်ပုံစံ တစ်ခု ဖြစ်ပေါ်သွား၏။
“ဒီ ကြွက်ကလေးက သူ့အမွေးတွေကိုတောင် ပြင်တတ်တာပဲဟ...”
ချောင်ကျားရှီးသည်လည်း အနားသို့ လျှောက်သွားလိုက်၏။ မြေကြွက်ကလေး ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ လက်ဟန်ခြေဟန် ပြုလုပ်ကြည့်လိုက်ရာ၊ ၎င်းမှာ သူ၏ ဒူးခေါင်းခန့်သာ မြင့်ကြောင်း တွေ့ရှိလိုက်ရ၏။
“ဒါက မြေကြွက် ပဲ... သူတို့က မြေကျင်းတူးတဲ့နေရာမှာ တကယ့်ကို ပါရမီရှင်တွေလို့ နာမည်ကြီးတာလေ...”
ကျီဇီလင်းသည် အနားသို့ လျှောက်လာပြီး သူမ ဖတ်ဖူးသည့် ရှေးဟောင်းသိုင်းကျမ်းများအရ ရှင်းပြလိုက်သည်။
မြေကြွက်ကလေးသည် စုရုံးရောက်ရှိလာကြသော လူများကို ကြည့်ကာ မျက်လုံးများတွင် ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ၊ လေထုကို ကြည့်နေသကဲ့သို့သာ သဘောထားနေ၏။
၎င်းသည် ခေါင်းကို ခါယမ်းလိုက်ပြီး ကြေးမှန်လေး တစ်ချပ်ကို ထုတ်လိုက်သည်။
အသစ်ပြင်ထားသော ဆံပင်ပုံစံကို ကျေနပ်အားရစွာ ကြည့်ပြီးနောက်၊ ခေါင်းမော့ကာ ဝမ်ဖင်းအန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ထို့နောက် ကြေးမှန်လေးကို မြေပြင်ပေါ်သို့ ဒေါသတကြီး ရိုက်ချလိုက်ပြီး ကျယ်လောင်လှသော “အာ...” ဟူသော အော်ဟစ်သံကြီး တစ်ချက်ကို ထုတ်လွှတ်လိုက်တော့သည်။
ယခုတစ်ခေါက် အော်ဟစ်သံမှာမူ ပြင်းထန်သော အသက်စွမ်းအားများ ပါဝင်နေပြီး၊ မုန်တိုင်းတစ်ခုပမာ တိုးထွက်လာရာ နေရာတွင် ရှိနေသော လူလေးဦးစလုံးမှာ လွင့်စဉ်သွားကြလေတော့၏။
“ဒါ... ဒါက အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် ပဲ.....”
ဝမ်ဖင်းအန်း၏ မျက်နှာမှာ ပြာနှမ်းသွားရသည်။
အရပ် တစ်ပေပင် မပြည့်ဘဲ လူအသွင်လည်း မပြောင်းထားသည့် ဤသတ္တဝါလေးမှာ နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် ဖြစ်နေလိမ့်မည်ဟု ဘယ်သူ ထင်မှာလဲ။
“သူ့ရဲ့ တည်ရှိမှုကို ငါတို့ အာရုံမခံနိုင်တာ မဆန်းပါဘူး... သူ့ရဲ့ သွေးမျိုးဆက်က တကယ့်ကို ထူးခြားတာပဲ... သူသာ တိုက်ခိုက်မှု မလုပ်ဘူးဆိုရင် သူ့ကိုယ်သူ လုံးဝ ဖုံးကွယ်ထားနိုင်တာပဲလေ...”
ယဲ့ဖုန်းက အနားသို့ လျှောက်လာရင်း ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ ဤ မြေကြွက်ကလေး၏ အစွမ်းကို သဘောပေါက်သွားကြတော့သည်။
“မင်း ငါ့ရဲ့ ဆံပင်ပုံစံကို ဖျက်ဆီးလိုက်တာပဲ...မင်းကို ထိပ်ပြောင်အောင် လုပ်ပစ်မယ်.....”
မြေကြွက်ကလေးသည် လူသားစကားကို အမှန်တကယ် ပြောဆိုလိုက်သည်။
သို့သော်လည်း ၎င်း၏ အသံမှာ ကလေးငယ် တစ်ဦး၏ အသံကဲ့သို့ စူးရှပြီး ဒေါသထွက်နေသည့်ဟန် ပေါက်နေ၏။
၎င်းသည် ဝုန်းခနဲ ခုန်တက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဝမ်ဖင်းအန်း၏ ရှေ့သို့ ရောက်ရှိသွား၏။ တဆက်တည်း၌၊ ရှေ့ခြေထောက်နှစ်ဖက်ဖြင့် ထောက်ကာ ခြေတစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝမ်ဖင်းအန်းမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။ ထို့နောက် မြေကြွက်ကလေးမှာ ဝမ်ဖင်းအန်း၏ ရင်ဘတ်ပေါ်တွင် တက်ထိုင်လိုက်သည်။
၎င်း၏ ဝဝကုတ်ကုတ် လက်သည်းလေးများဖြင့် ဝမ်ဖင်းအန်း၏ မျက်နှာကို တဖြတ်ဖြတ် ရိုက်နှက်နေတော့သည်။
“အား... နာတယ်ဗျ... စီနီယာ အစ်ကိုကြီး... ကယ်ပါဦးဗျ.....”
ဝမ်ဖင်းအန်းမှာ ကြောက်လန့်လွန်းသဖြင့် မျက်ရည်များပင် ထွက်လာပြီး အသည်းအသန် အော်ဟစ် အကူအညီ တောင်းနေရှာသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖုန်းက ရယ်ချလိုက်မိ၏။
မြေကြွက်ကလေးမှာ ဒေါသထွက်နေသော်လည်း သတ်ဖြတ်လိုစိတ် မရှိသလို၊ တိုက်ခိုက်မှုမှာလည်း မပြင်းထန်လှပေ။ ဝမ်ဖင်းအန်းကို သင်ခန်းစာ ပေးချင်ရုံသက်သက်သာ ဖြစ်ပုံရသည်။
“ဖင်းအန်း... သူ့ကို မြန်မြန် တောင်းပန်လိုက်စမ်းပါ... သူ့ရဲ့ အသည်းစွဲ ဆံပင်ပုံစံကို ဖျက်ဆီးမိတာ မင်းအမှားပဲလေ...”
ယဲ့ဖုန်းက အနားသို့ လျှောက်သွားပြီး၊ မြေကြွက်ကလေး၏ လည်ပင်းသားကို ညှပ်ကာ လေထဲသို့ မ,တင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ၎င်းမှာ မြေပြင်မှ ကြွတက်သွားသည်ကိုပင် သတိမပြုမိသေးဘဲ လက်သည်းလေးများကိုသာ ဆက်လက် ဝှေ့ယမ်းနေဆဲပင်။
“ဟင်...”
အသက်ရှူ ငါးကြိမ်ခန့် ကြာပြီးမှသာ မြေကြွက်ကလေးသည် မိမိကိုယ်တိုင် မ,တင်ခံထားရသည်ကို သတိပြုမိသွားပြီး၊ ချက်ချင်းပင် လှည့်ကြည့်ကာ ယဲ့ဖုန်းကို မျက်လုံးများ ပြူးလျက် စိုက်ကြည့်နေတော့သည်။
“ကောင်လေး... ငါတို့ မြူခိုးဂိုဏ်း ရဲ့ နတ်ဆိုးသားရဲဆောင် ကို ဝင်မလား... မင်းအတွက် နေ့တိုင်း အသားဟင်း ကျွေးမယ်လေ... ဘယ်လိုလဲ...”
ယဲ့ဖုန်းက သူ ကိုင်ထားသော မြေကြွက်ကလေးကို လှုပ်ယမ်းကာ မြှူဆွယ်လိုက်သည်။
ပြောပြောဆိုဆိုနှင့် ယဲ့ဖုန်းသည် အသားတစ် တစ်ခု ကို ထုတ်လိုက်၏။
၎င်းမှာ သူ မထွက်လာခင်က မီးဖိုချောင်မှ တိုက်တိုက်ဆိုင်ဆိုင် ယူလာခဲ့သော ဝက်သားဟင်း တစ်တုံးပင် ဖြစ်ချေသည်။
လီကျောက်ကျောက် ကိုယ်တိုင် ချက်ထားခြင်းဖြစ်ရာ၊ ၎င်း ပေါ်လာသည်နှင့် ဆွဲဆောင်မှုရှိသော အသားနံ့များမှာ လှိုင်လှိုင်ထွက်ပေါ်လာတော့၏။
မြေကြွက်များသည် ယေဘုယျအားဖြင့် အပင်စားသတ္တဝါများ ဖြစ်ကြသော်လည်း၊ ဤသတ္တဝါလေးမှာမူ ထိုအနံ့ကြောင့် အလွန်အမင်း ဆွဲဆောင်ခံလိုက်ရ၏။ မအောင့်နိုင်တော့ဘဲ အသားတုံးကြီးကို ၎င်း၏ လက်သည်းလေးများဖြင့် ပိုက်ကာ အငမ်းမရ ကိုက်စားပါတော့သည်။
အသားများကို စားပြီးနောက်တွင်တော့၊ မြေကြွက်ကလေးသည် ဆီများ ပေကျံနေသော လက်သည်းလေးများဖြင့် ၎င်း၏ ဆံပင်ပုံစံကို ပြောင်လက်နေအောင် ပြန်လည် သပ်တင်လိုက်သည်။
ထို့နောက်မှသာ ၎င်းသည် မြူခိုးဂိုဏ်း သို့ ဝင်ရန် ခေါင်းညိတ် သဘောတူလိုက်တော့၏။
‘ဟဲဟဲ... အစား တစ်လုပ်နဲ့တင် သိမ်းသွင်းလို့ ရသွားပြီပဲ... တကယ့်ကို ရိုးသားတဲ့ ကောင်လေးပါလား...’
ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး၊ မြေကြွက်ကလေး၏ နဖူးမှ သွေးတစ်စက်ကို ထုတ်ယူကာ နတ်ဆိုးသားရဲဆောင် ၏ စွမ်းအားဖြင့် သားရဲယဉ်ပါးစေခြင်း လုပ်ငန်းစဉ်ကို ပြီးဆုံးစေလိုက်သည်။
ထိုအချိန်မှစ၍ ဤ မြေကြွက်ကလေးမှာ နတ်ဆိုးသားရဲဆောင် ၏ (၁၂) ကောင်မြောက် ဂိုဏ်းစောင့် ဝိညာဉ်သားရဲ ဖြစ်လာခဲ့လေတော့သတည်း။