အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
အခန်း (၃၁၆) - ဇာတ်သိမ်းခန်းနှင့် လူစုခွဲခြင်း (၂)
“ကောင်းပါပြီဗျာ...”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့နှစ်ဦးသည် ပြိုင်တူ လက်သီးဆုပ် အရိုအသေပေးလိုက်ကြရင်း နှုတ်ဆက်စကား ဆိုလိုက်ကြလေ၏။
“ဒါဆိုရင်လည်း မြို့စားမင်းဝူ... လမ်းခရီးမှာ ဂရုစိုက်ပြီး ကြွပါခင်ဗျာ...”
“ကောင်းပါပြီ... လော့ရှားမြို့ရောက်မှပဲ ပြန်တွေ့ကြတာပေါ့...”
ဝူတောက်ယိုသည် လက်ကာပြလိုက်ပြီးနောက် လော့ဖုန်းမဟာမိတ်အဖွဲ့မှ ယုံကြည်စိတ်ချရသော တပည့်များကို ဦးဆောင်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာ သွားလေတော့သည်။
ထိုအခိုက်အတန့်၌ ကျန်ရစ်ခဲ့သူများမှာ ဆုမို၊ ယန်ရှောင်ယွင်၊ လျိုမို၊ ဖုန်းပိုင်ချွမ်း၊ ဖုဟန်ယွမ်နှင့် ကျန်းရှောင်ရှောင်တို့သာ ရှိတော့၏။
ဆုမိုသည် ကျန်ရစ်သူများကို ကြည့်ကာ ဝေ့ဝဲအကဲခတ်လိုက်သည်။
သူ စကားမစရသေးမီမှာပင် လျိုမိုက ဦးစွာ ပိတ်ပြောလိုက်လေ၏။
“စိတ်မပူပါနဲ့ ခေါင်းဆောင်ဆု... ဒီနေရာမှာ ဖြစ်ပျက်တဲ့ အကြောင်းများကို ကျွန်တော်တို့ဘက်က လုံးဝ နှုတ်လုံပါ့မယ်...”
“ခေါင်းဆောင်လျိုက တကယ်ပဲ ကျွန်တော့်စိတ်ကို အတပ်သိ နေပါရောလား...”
ဆုမိုက ခပ်ပြုံးပြုံး ဖြင့် တုံ့ပြန်လိုက်သည်။
“အာ... ဒီကိစ္စက သာမန်မှ မဟုတ်တာဗျ။ ကျွန်တော်တို့ အခုသိထားတာက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးလောက်ပဲ ရှိသေးတာတောင်မှ ဒီသတင်းသာ ပေါက်ကြားသွားရင် ဂယက်က လောကကို ကိုင်လှုပ် သွားနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်...”
လျိုမိုက တည်ကြည်လေးနက် သော လေသံဖြင့် ဆက်ပြောလေ၏။
“ကျွန်တော့်အသက်သာ သေချင်သေသွားမယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားတစ်လုံးတောင် ဟမိမှာ မဟုတ်ပါဘူး...”
ဘေးနားရှိ လူများကလည်း လျိုမိုနည်းတူ ကတိသစ္စာ ပြုကြလေကုန်သည်။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် သူတို့အား ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့် ကာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
ထို့နောက် ဆုမိုက လျိုမိုဘက်သို့ နောက်သို့ ချာခနဲ လှည့်ထွက် လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့ ပြောရဦးမယ်... ခေါင်းဆောင်လျို၊ ခင်ဗျား ရှေ့ဆက်ပြီး ဘာလုပ်ဖို့ စိတ်ကူးထားလဲ...”
ယခုအခါ လျိုမို၏ ရင်ထဲမှ အကြီးမားဆုံးသော အဖုအထစ်ကြီး ပြေပျောက်သွားခဲ့ပြီ ဖြစ်သည်။ ထုန်းယွင်လည်း သေဆုံးသွားပြီဖြစ်ရာ နှစ်ပေါင်းများစွာ သူ့ကို ချည်နှောင်ထားသော သံကြိုးများ ရုတ်ခြည်း ပြတ်တောက်သွားသကဲ့သို့ပင်။
ငှက်တစ်ကောင်သည် ကောင်းကင်ကျယ်ကြီးထဲသို့ အတောင်ပံအား ဖြန့်ကျက် ပျံသန်းနိုင်ပြီ ဖြစ်သလို၊ ငါးတစ်ကောင်သည်လည်း သမုဒ္ဒရာကျယ်ကြီးထဲသို့ လွတ်လပ်စွာ ကူးခတ်နိုင်ပြီ မဟုတ်ပါလော။
သို့သော် ဆုမို၏ မေးခွန်းကို ကြားလိုက်ရချိန်တွင်မူ လျိုမိုသည် ရုတ်တရက် ငိုင် သွားရှာသည်။
“ကျွန်တော် ဝမ်ရှင်းကုန်သွယ်ရေးအဖွဲ့အစည်းထဲကို ဝင်ခဲ့တာက လမ်းငါးသွယ်ဆုံရပ်ကို ပုံမှန်သွားလာခွင့်ရဖို့နဲ့ ဝမ်းရေးအတွက်ပဲ ဝင်ခဲ့တာပါ...”
သူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း ဆက်ပြောလာ၏။
“အခုတော့ လမ်းငါးသွယ်ဆုံရပ်က ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့... ကျွန်တော့်မှာ သွားစရာ နေရာမရှိတော့သလိုပဲဗျာ...”
ပြောရင်းဖြင့် လျိုမိုသည် ဆုမိုကို လှမ်းကြည့်လိုက်သည်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း တစ်စုံတစ်ခုကို စနစ်တကျ အကွက်ချ စဉ်းစားနေပုံရ၏။
“အမ်... ခေါင်းဆောင်ဆု... ကျွန်တော့်မှာ လောဘသားကောင် ဆန်တဲ့ တောင်းဆိုမှုတစ်ခုတော့ ရှိနေတယ်ဗျ...”
“ဟောဗျာ...”
ဆုမိုက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“ပြောပါဦး... ဘာများလဲဗျ...”
“ဇီယန်အာမခံဌာနမှာများ လူလိုသေးလားလို့ပါ... ခေါင်းဆောင်ဆုဆီမှာ ထမင်းတစ်လုပ်လောက် ဝင်တိုးချင်လို့ပါဗျာ... လက်ခံပေးနိုင်မလား...”
“ဒါက...”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မျက်လုံးချင်း ဆုံသွားကြ၏။ ထို့နောက် ဆုမိုက ပြုံးလိုက်ရင်း...
“ခေါင်းဆောင်လျိုက နှိမ့်ချလွန်းနေပါပြီဗျာ... ခင်ဗျားလို သိုင်းပညာရှင်တစ်ယောက်က ကျုပ်တို့ဆီ လာမယ်ဆိုမှတော့ ကြိုဆိုရမှာပေါ့... ဘယ်လိုလုပ် ငြင်းရက်ပါ့မလဲ...”
ဆုမိုက စကားကို ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလာ၏။
“ဒါပေမဲ့ ခေါင်းဆောင်လျိုသာ ကျုပ်တို့ဆီ ဝင်မယ်ဆိုရင်... ရာထူးက အာမခံအဖွဲ့မှူးလောက်ပဲ ပေးနိုင်မှာဗျ... ခင်ဗျားအတွက် နိမ့်ကျလွန်းနေမလားလို့ပါ...”
“ဟာ... မဟုတ်တာဗျာ...”
လျိုမိုက တဟားဟား ရယ်လိုက်လေ၏။
“ခေါင်းဆောင်ဆုရဲ့ အတွင်းအားနဲ့ သိုင်းပညာ က ဒီလောက် ထိပ်ခေါင် ရောက်နေမှတော့ ဇီယန်အာမခံဌာနက မကြာခင် သိုင်းလောကမှာ နာမည်ကြီးလာတော့မှာ ယုံမှားဖွယ် မရှိ ပါဘူး... ကျွန်တော်က ဇီယန်ရဲ့ အဖွဲ့မှူး ဖြစ်ခွင့်ရတာတင် ဂုဏ်ယူစရာကြီးပါဗျာ... ကပ်ပြီး နာမည်ကြီးဦးမှာ...”
ပြောပြောဆိုဆိုပင် လျိုမိုသည် ဒူးတစ်ဖက် ထောက်ကာ ရင်ကို ကော့ ၊ ခေါင်းကို မော့ကာ အရိုအသေ ပြုလိုက်လေ၏။
“ခေါင်းဆောင်ဆုကို ဂါရဝပြုပါတယ်ခင်ဗျာ...”
ဆုမိုသည် ကပျာကယာ လှမ်း၍ တား လိုက်ပြီး သူ့ကို ဆွဲထူလိုက်သည်။
“အဖွဲ့မှူးလျို... ဒီလောက်ကြီးထိ အားနာစရာကြီးဗျာ...”
ဆုမိုသည် ခေါ်ဝေါ်သုံးနှုန်းပုံကို ချက်ချင်း ပြောင်းလဲလိုက်လေ၏။
လျိုမိုဆိုသော လူသည် အနေအေးပြီး စကားနည်းသော်လည်း စိတ်ထားပြတ်သားသူ ဖြစ်သည်။
သူ၏ ကိုယ်ပိုင်အသိစိတ်နှင့် မိဘကျေးဇူးဆပ်လိုစိတ်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခခံခဲ့သူ ဖြစ်သည်။ ခေါင်းမာသည်ဟု ဆိုနိုင်သော်လည်း လေးစားထိုက်သော လူစားမျိုးပင်။
ထိုကဲ့သို့သော လူမျိုး မိမိ၏ အာမခံဌာနသို့ ဝင်ရောက်လာခြင်းကို ဆုမိုက ကျေနပ်နေမိ၏။
ထိုအချိန်တွင် ဘေးနား၌ ရပ်နေသော ဖုဟန်ယွမ်သည် ဆုမိုနှင့် လျိုမိုကို ကြည့်ရင်း မျက်လုံး ကလယ်ကလယ် ဖြစ်နေရှာသည်။ ယတိပြတ် မဆုံးဖြတ် နိုင်ဘဲ တွေဝေနေပုံရ၏။
ခေတ္တမျှ ကြာသောအခါမှ သူသည် ကိုယ့်ကိုယ်ကို အားယူ ပြီး စကားစလိုက်သည်။
“ခေါင်းဆောင်ဆု...”
သူသည် ဆုမိုကို အတော်လေး ကြောက်ရွံ့နေပုံရ၏။ စကားလေး ၃-၄ လုံး ပြောပြီးသည်နှင့် ချက်ချင်းပင် နောင်တရသွားသလို မျက်နှာ ကွက်ခနဲ ပျက် သွားသည်။
ဆုမိုက သူ့ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဖုဟန်ယွမ်ခမျာ လိပ်ပြာလွင့်မတတ် လန့်သွားပြီး ခေါင်းကို ပုလိုက်မိလေ၏။
“ခင်ဗျား... ပြောစရာရှိလို့လား...”
ဆုမိုက မေးလိုက်သည်။
ဖုဟန်ယွမ်သည် အလိုအလျောက် ခေါင်းခါလိုက်မိသော်လည်း တစ်ချက်စဉ်းစားပြီးနောက် ခေါင်းပြန်ငြိမ့်ပြလိုက်ပြန်သည်။
ဆုမိုမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။
“နေပါဦး... ခင်ဗျားက ခေါင်းခါချင်တာလား... ခေါင်းငြိမ့်ချင်တာလား... ရှင်းရှင်းပြောစမ်းပါဗျာ...”
“ကျွန်... ကျွန်တော်လည်း တောင်းဆိုစရာ ရှိလို့ပါ... ဒါပေမဲ့ ထားလိုက်ပါတော့လေ...”
ဖုဟန်ယွမ်သည် အံကို ကြိတ်လိုက်ပြီး ဖွင့်ဟဝန်ခံ လိုက်သည်။
“ကျွန်တော်လည်း ဇီယန်အာမခံဌာနကို ဝင်ချင်လို့ပါဗျာ... ခေါင်းဆောင်ဆု ခွင့်ပြုပေးပါ...”
“အမ်...”
ဆုမို အံ့ဩသွားရ၏။
“ခင်ဗျားက ကျွန်တော့်ရဲ့ မွဲတဲတဲ ဇီယန်အာမခံဌာနကို ဝင်ချင်တာ ဟုတ်လား...”
“...ခင်ဗျား ရှိနေမှတော့ ဘယ်သူက ဇီယန်အာမခံဌာနကို မွဲတယ်လို့ ပြောရဲမှာလဲဗျ...”
ဖုဟန်ယွမ်က ဆုမိုကို မမှိတ်မသုန်ကြည့် ရင်း သတိထား ပြောဆိုလိုက်သည်။
“ကျွန်တော် တကယ်ကို ဝင်ချင်တာပါဗျာ... ခေါင်းဆောင်ဆု လက်ခံပေးပါနော်...”
ဆုမိုသည် ဖုဟန်ယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး မဲ့ပြုံး တစ်ချက် ပြုံး လိုက်သည်။
“ကဲ... ပြောစမ်းပါဦး... ဘာအကြောင်းပြချက်နဲ့ ဝင်ချင်တာလဲ... ကျွန်တော့်ကို လာမလိမ်နဲ့နော်... အမှန်အတိုင်းပြော...”
နောက်ဆုံးစကားလုံးများကို ဆုမိုက အသံမာမာဖြင့် ပြောလိုက်ရာ ဖုဟန်ယွမ်ခမျာ တုန်တက်သွားလေ၏။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် သက်ပြင်းချကာ ဝန်ခံလိုက်တော့သည်။
“ကျွန်တော်... ကျွန်တော်လည်း သိုင်းလောကမှာ နာမည်ကြီးချင်လို့ပါဗျာ...”
ကြားလိုက်ရသူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
ဆုမိုမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ခေါင်းခါလိုက်မိသည်။
“ခင်ဗျား..ကျွန်တော့်နေရာကို နားလည်မှု လွဲနေပြီ ထင်တယ်... ကျွန်တော့်ဆီက အာမခံဌာနဗျ... ခင်ဗျား သိုင်းလောကမှာ နာမည်ကြီးချင်ရင် အရင်တုန်းကလိုပဲ ဆရာကြီးတွေကို လိုက်ပြီး စိန်ခေါ်ပွဲတွေ နွှဲနေမှ ပိုမြန်မှာပေါ့...”
သို့သော် ဖုဟန်ယွမ်က ခေါင်းကို သည်းကြီးမည်းကြီး ခါယမ်းလိုက်လေ၏။
“အရင်တုန်းကတော့ ကျွန်တော်လည်း အဲဒီလိုပဲ ထင်ခဲ့တာပါပဲ... ဆရာကြီးတွေကို လိုက်စိန်ခေါ်ရင် နာမည်ကြီးဖို့ အမြန်ဆုံးလမ်းပဲလို့ တွေးခဲ့တာ...”
“ဒါပေမဲ့... ကျွန်တော့်ရဲ့ သိုင်းပညာက အပေါ်ယံပဲ ရှိသေးတယ်ဆိုတာ အခုမှ နားလည်တော့တယ်ဗျာ... သာမန်လူတွေကို နှိမ်နင်း ဖို့လောက်ပဲ ကောင်းတာ... တကယ့် ပညာရှင်တွေနဲ့ တွေ့ရင် အဖြစ်အပျက်က မျက်တောင် တစ်ခတ်ကလေးနဲ့ ခံလိုက်ရမှာ...”
“မဟာကောင်းကင် နှင်းခဲချီ က အစွမ်းထက်တယ် ဆိုပေမယ့်... ကျွန်တော် သုံးတာက မပီပြင်သေးဘူးဗျ...”
စကားအရှိန်ရလာသောအခါ ဖုဟန်ယွမ်သည် ရင်ထဲရှိသမျှကို အန်ချ လိုက်တော့သည်။
“ပြီးတော့လေ... ဒီကိစ္စပြီးသွားမှ ကျွန်တော် နားလည်လိုက်ရတာ တစ်ခုရှိတယ်... သိုင်းလောကမှာ အသက်ရှင်ရပ်တည်ဖို့က သိုင်းပညာ ကောင်းရုံနဲ့ မရဘူးဆိုတာပဲ...”
“သုံးပါး အစွန်းရောက် ဂိုဏ်း ရဲ့ အကွက်တွေက အရမ်း ရက်စက်လွန်းတယ်ဗျာ... ကျွန်တော့်လို ဘာမှမသိတဲ့လူကို သူတို့က အရုပ် တစ်ရုပ်လို ကစားသွားကြတာ...”
“ဒီနေ့ သူတို့ ကျွန်တော့်ကို သုံးပြီး ကောင်းကင်ဓားဂိုဏ်းကို စိန်ခေါ်ခိုင်းတယ်...”
“ပြောရရင် ဒီတစ်ခါတော့ တော်သေးတယ် ပြောရမယ်... အနည်းဆုံးတော့ ကျွန်တော် အမှားတစ်ခုကျူးလွန် ပြီး ကြီးကြီးမားမား ဖြစ်မသွားခဲ့ဘူး...”
“ဒါပေမဲ့ နောက်တစ်ခါကျရင်ရော... ဒီထက်ပိုပြီး ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေး တဲ့ လူတွေနဲ့တွေ့ပြီး သူတို့ရဲ့ စနစ်တကျ အကွက်ချ ကြံစည် မှုအောက် ရောက်သွားရင် ဘယ်လိုလုပ်မလဲ... အဲဒီအချိန်ကျမှ ကျွန်တော့်လက်နဲ့ အပြစ်မဲ့တဲ့လူတွေကို သတ်မိလိုက်ရင် ဘယ်လိုလုပ်မလဲဗျာ…”
အခန်း (၃၁၇) - ဇာတ်သိမ်းခန်းနှင့် လူစုခွဲခြင်း (၃)
~“ကျွန်တော်က တောသား အညတရ ပါဗျာ... ဉာဏ်နီဉာဏ်နက်တွေ၊ စနစ်တကျ အကွက်ချ ကြံစည်တာတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ ခြေဖျားတောင် မမီပါဘူး...”
“သိုင်းလောကထဲမှာ ကိုယ်ထင်ရာစိုင်းပြီး တခြားလူတွေရဲ့ လက်ထဲက ဓားတစ်ချောင်းလို အသုံးချခံနေရမယ့်အစား... ကိုယ့်စိတ်ဆန္ဒနဲ့ ကိုက်ညီတဲ့ ဆရာကောင်း တစ်ယောက်ကို ရှာပြီး အလုပ်အကျွေးပြုတာကမှ ကျွန်တော့်အတွက် အခွင့်အရေး တစ်ခုခု ရလာနိုင်သေးတယ် မဟုတ်လား...”
ဖုဟန်ယွမ်၏ စကားများက ရိုးသားလွန်းလှသဖြင့် ဆုမိုပင် စိတ်ဝင်စားသွားလေ၏။
ခဏမျှ.. စဉ်းစား ပြီးနောက် သူသည် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။
ယန်ရှောင်ယွင်က ခပ်ပြုံးပြုံး ဖြင့် ဝင်ပြောလေ၏။
“ဖုဟန်ယွမ်က တကယ့် ပညာရှင်တစ်ယောက်ပါ... သူ့လိုလူက ရေလိုက်ငါးလိုက် မျောပါနေတာ နှမြောစရာ ကောင်းတယ်လေ...”
“သူ့ဘက်က ဒီလောက်ထိ ဖွင့်ဟဝန်ခံ လာတာ ရှားပါတယ်... ရှောင်မို... နင် သေသေချာချာ စဉ်းစားသင့်တယ်လို့ ငါထင်တယ်...”
ယန်ရှောင်ယွင်၏ စကားကို ကြားလိုက်ရသောအခါ ဖုဟန်ယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။ တကယ်တော့ သူ၏ ရုတ်တရက် အကြံအစည်သည် ခုနက လျိုမို ပြောသွားသော စကားများကြောင့် ဖြစ်ပေါ်လာခြင်းပင်။
လျိုမို ပြောသွားသည်မှာ အတော်လေး အဓိပ္ပာယ် ရှိသည်ဟု သူ ထင်မြင်မိ၏။
ဆုမို ဆိုသည်မှာ မည်မျှ အစွမ်းထက်သော သိုင်းပညာရှင် ဖြစ်သနည်း။
ကောင်းကင်ဂိုဏ်းချုပ်၏ ကောင်းကင်နှင့် လူသား တိုက်ကွက် ကို ခံလိုက်ရတာတောင် ဆုမိုမှာ ဆံပင်မွှေးတစ်ပင်မျှ မကျွတ်ခဲ့ပေ။ ကောင်းကင်ဂိုဏ်းချုပ်ကိုယ်တိုင်မှာမူ သွေးကြောများ အားလုံး ပြတ်တောက်သွားခဲ့ရ၏။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ဆုမို၏ ဉာဏ်ပညာသည် အလွန် နက်နဲလှသည်။ သာမန်လူများအနေဖြင့် သူ့ကို အကွက်ချရန် အလွန်ခက်ခဲပေလိမ့်မည်။
ထိုကဲ့သို့သော လူတစ်ယောက်သည် သိုင်းလောကတွင် နာမည်ကျော်ကြားလာမည်မှာ အချိန်မရွေး ဖြစ်နိုင်ပေသည်။
မိမိသည် ကိုယ်ပိုင်အရည်အချင်း မရှိမှတော့ သူတစ်ပါးကို မှီခိုပြီး အမိန့်နာခံတာကမှ... အနည်းဆုံးတော့ ဘာမှမသိဘဲ အသုံးချခံရတာထက် စာရင် သက်သာပေဦးမည်။
“ဒါပေမဲ့...”
ယန်ရှောင်ယွင်က စကားကို ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလာ၏။
“ဒါပေမဲ့ သူက ခေါင်းဆောင်လျို... အဲ... အဖွဲ့မှူးလျိုနဲ့တော့ မတူဘူးလေ...”
“ပထမအချက်က သူက အဖွဲ့ကို ဦးဆောင်ဖူးတဲ့ အတွေ့အကြုံ မရှိဘူး... ဒုတိယအချက်ကတော့... သူက အာမခံလောကရဲ့ စည်းမျဉ်းတွေကို နားမလည်ဘူး...”
“ငါ့အမြင်ပြောရရင်... သူ့ကို တကယ် လက်ခံမယ်ဆိုရင်တောင်... အောက်ခြေက တန်းလျှောက် အနေနဲ့ပဲ စရလိမ့်မယ်...”
“တန်းလျှောက်...”
ဆုမိုက ဖုဟန်ယွမ်ကို လှည့်ကြည့်လိုက်သည်။
“တန်းလျှောက်ဆိုတာ ဘာလဲ ခင်ဗျား သိလား...”
ဖုဟန်ယွမ်သည် မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်နေ၏။ သူသည် အတိတ်က အာမခံဌာနများနှင့် တစ်ခါမှ မပတ်သက်ဖူးခဲ့ရာ တန်းလျှောက်ဆိုသည်မှာ ဘာမှန်း မည်သို့ သိနိုင်ပါမည်နည်း။
“ရိုးရိုးရှင်းရှင်း ပြောရရင်တော့... အာမခံဌာနတစ်ခုမှာ အလုပ်ကြမ်းလုပ်ပြီး ကင်းထောက်ရတဲ့ လူပေါါ...”
“ရှေ့လမ်းမှာ ခြုံခိုတိုက်ခိုက်မယ့်လူတွေ၊ ဓားပြတွေ ရှိမရှိ အရင်သွားကြည့်ရတယ်... ကင်းထောက်ပြီးရင်လည်း ကိုယ့်သဘောနဲ့ကိုယ် ဘာမှမဆုံးဖြတ်ရဘူး... ပြန်လာပြီး သတင်းပို့ရတယ်...”
“သာမန်အချိန်တွေမှာလည်း ခရီးသွားရင်း အော်ဟစ်ကြွေးကြော်ရသေးတယ်...”
“ဒါတင်မကသေးဘူး... အထွေထွေ အလုပ်ကြမ်းတွေ၊ ဟိုပြေးဒီပြေး ခိုင်းတာတွေကိုလည်း လုပ်ရဦးမှာ... နားလည်လားဗျ...”
“ဩော်... အလုပ်ကြမ်းသမားပေါ့...”
ဖုဟန်ယွမ်က ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော် လုပ်နိုင်ပါတယ်...”
“အမ်... ခင်ဗျား ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းတယ်လို့ မထင်ဘူးလား...”
ဆုမိုက မေးလိုက်သည်။
“ကျွန်တော်က ဘာမှ မကျွမ်းကျင်မှတော့ အောက်ခြေက စတာ သဘာဝကျပါတယ်... ကျွန်တော့်အတွက် သိက္ခာကျစရာ မဟုတ်ပါဘူး...”
“ဒါပေမဲ့ နောင်တစ်ချိန် ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့ရင်... အာမခံ အဖွဲ့မှူး ပေးလုပ်မှာလား...”
“ခင်ဗျား တကယ် ကြိုးစားပြီး အတွေ့အကြုံတွေ ရလာပြီဆိုရင်တော့... တစ်ဆင့်ပြီးတစ်ဆင့် တက်လာလို့ ရပါတယ်...”
“ကောင်းတယ်... ဒါဆို အရမ်းကောင်းတယ်...”
ဖုဟန်ယွမ်သည် လျိုမို လုပ်သကဲ့သို့ပင် ကပျာကယာ ဒူးတစ်ဖက်ထောက်လိုက်လေ၏။
“ဖုဟန်ယွမ်က ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်ခင်ဗျာ...”
“ထပါ... ထပါ...”
ဆုမိုသည် သူ့ကိုပါ ဆွဲထူလိုက်သည်။ အာမခံဌာနတွင် တန်းလျှောက်သာ ဖြစ်သော်လည်း သူသည် သာမန် တန်းလျှောက်တော့ မဟုတ်ပေ။
သူသည် လေးစားမှု တစ်စုံတစ်ရာ ရသင့်ပေသည်။
ထိုအချိန်တွင် ဖုန်းပိုင်ချွမ်းက တဟားဟား ရယ်သံ တစ်ခု မဟုတ်သော်လည်း အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက် ပြုလိုက်လေ၏။
လူတိုင်း သူ့ဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။
ဖုဟန်ယွမ်က ချက်ချင်းပင် သတိရသွားပြီး...
“ဩော်... ဟုတ်သားပဲ... ခုနက ကျွန်တော် စားလိုက်မိတဲ့ အဆိပ်က...”
ဖုန်းပိုင်ချွမ်းက သူ့ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
“အဲဒါ မင်းကို လိမ်တာ...”
“...”
ဖုဟန်ယွမ်ခမျာ ကျောက်ရုပ်ကြီးပမာဖြစ် သွားပြီး ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။
ကျိန်ဆဲချင်သော်လည်း မဆဲရဲသဖြင့် ထောင့်တစ်နေရာသို့ သွားကာ တစ်ယောက်တည်း ပွစိပွစိ ရေရွတ် နေတော့သည်။
ဘာတွေ ပြောနေမှန်းတော့ မည်သူမျှ နားမလည်ပေ။
ဆုမိုက ဖုန်းပိုင်ချွမ်းဘက်သို့ လက်သီးဆုပ် အရိုအသေပေးလိုက်ရင်း...
“ညီအစ်ကိုဖုန်း... ရှေ့ဆက် ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ...”
“ကောင်းကင်ဓားဂိုဏ်းကို ပြန်ပြီး သတင်းပို့မယ်...”
ဖုန်းပိုင်ချွမ်းက တည်ကြည်လေးနက် စွာ ပြောလာ၏။
“ပြီးတော့ လမင်းဓား နဲ့ ဆရာ ဦးလေးရဲ့ ကိုယ်ပိုင်ဓားကို ဝမ်ဖုန်းရေကန် ထဲမှာ သွားထည့်ရမယ်...”
“အဲဒါ အကောင်းဆုံးပါပဲ...”
ဆုမိုက ဆက်ပြောလာ၏။
“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး... ညီအစ်ကိုဖုန်း သင့်တော်သလိုပဲ သတင်းပို့လိုက်ပါ...”
“ကျွန်တော် မလုပ်တတ်ဘူး...”
“မပူပါနဲ့... ကျွန်တော် သင်ပေးပါ့မယ်...”
ဆုမိုက ဤအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သဖြင့် သူ့ကို ဘေးတစ်ဖက်သို့ ဆွဲခေါ်သွားကာ စနစ်တကျ သင်ကြားပေးလေတော့သည်။
အဆုံးသတ်တွင် ဆုမိုက မေးလိုက်၏။
“မှတ်မိရဲ့လား...”
ဖုန်းပိုင်ချွမ်းက အေးစက်စွာ ခေါင်းငြိမ့်ပြသည်။
“တစ်လုံး မကျန်ဘူး...”
“ကောင်းတယ်...”
ဆုမို ပြုံးလိုက်၏။
“ကောင်းကင်ဓားဂိုဏ်းက သာမန်နေရာ မဟုတ်ဘူး... ပြဿနာ တစ်ခုခု ရှိရင်တောင် သူတို့ သိပ်ပြီး အသေးစိတ် လိုက်မေးနေမှာ မဟုတ်လောက်ပါဘူး...”
“မမေးဘူး... အချိန်မရှိဘူး...”
ဖုန်းပိုင်ချွမ်းက အတည်ပြု ခေါင်းငြိမ့်လိုက်သည်။
“...”
ခဏမျှ ဆုမို ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
ဖုန်းပိုင်ချွမ်းက သူ့ကို အေးစက်သော မျက်လုံးဖြင့် တစ်ချက်ကြည့် ပြီး...
“ခေါင်းဆောင်ဆု... ကျွန်တော် သတင်းပို့ပြီးရင် ဇီယန်အာမခံဌာနကို လာလည်လို့ ရမလား...”
သူ၏ အသံသည် ဓားသွားကဲ့သို့ အေးစက်နေ၏။ လာလည်မည်ဟု ပြောနေသော်လည်း အသံနေအသံထားက လက်စားချေ ရန် လာမည့်သူနှင့် တူနေသည်။
ဆုမိုမှာ ရယ်ရခက် ငိုရခက် ဖြစ်နေပြီး...
“ညီအစ်ကိုဖုန်း လာချင်တယ်ဆိုရင်... ကျွန်တော် ဆုမိုက အမြဲတမ်း ကြိုဆိုနေမှာပါဗျာ...”
“ကောင်းပြီ...”
ဖုန်းပိုင်ချွမ်းက သည်းကြီးမည်းကြီး ခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုရင် ဒီနေ့တော့ ဖုန်းပိုင်ချွမ်း ခေတ္တ နှုတ်ဆက်လိုက်ပါတယ်... နောက်တစ်နေ့ကျရင် ခေါင်းဆောင်ဆုဆီကို မရောက်ရောက်အောင် လာခဲ့ပါ့မယ်...”
“...ဖိတ်ခေါ်ပါတယ်ဗျာ...”
ဆုမိုက ဦးညွှတ်လိုက်သည်။
ဖုန်းပိုင်ချွမ်းက အလည်လာမှာလား၊ အသေသတ်ဖို့ လာမှာလား ဆိုတာ ခုထိ မသဲကွဲသေးပေ။
ဖုန်းပိုင်ချွမ်းသည် ပြောပြီးသည်နှင့် ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။
သူ ထွက်သွားမှ ဆုမို တစ်စုံတစ်ခုကို သတိရသွားပြီး လှမ်းခေါ်ရန် လက်မြှောက်လိုက်သော်လည်း အချိန်နှောင်းသွားချေပြီ။
ဆုမို သက်ပြင်းတစ်ချက်ချကာ ရင်ဘတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုပစ္စည်းသည် ရွှေရောင်ကွပ်ထားသော ကျောက်စိမ်းထည်ဖြစ်ပြီး ကွေ့ကောက်ရှုပ်ထွေးနေသော ပုံစံရှိသည်။ ၎င်းမှာ ရွှေကျောက်စိမ်းကတော့ ပင် ဖြစ်သည်။
မနေ့ညက ယန်ရီဇီသည် ဆုမိုအား ပစ္စည်းအချို့ ပေးအပ်ခဲ့သည်။
၎င်းတို့မှာ ဆန်းကြယ်ယန္တရား နှစ်ခု၊ ရွှေကျောက်စိမ်းကတော့ တစ်ခုနှင့် မန်ဒရင်းဘဲစာရင်း တို့ ဖြစ်ကြ၏။
ဆန်းကြယ်ယန္တရား တစ်ခုသည် ယွီမိသားစု ပိုင်ဆိုင်သော ပစ္စည်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သုံးပါး အစွန်းရောက် ဂိုဏ်း သည် ဤယန္တရားကို လုယူရန် တိုက်ပွဲကြီး ဆင်နွှဲခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။
အကြောင်းမှာ ထိုပစ္စည်းသည် ယွီလင်းရှင်း ၏ လက်ထဲတွင် အမြဲရှိနေခဲ့သောကြောင့် ဖြစ်သည်။
နောက်တစ်ခုကိုမူ (ကျောက်စိမ်းချီလင်) ချီလင် ဓားသမား က ရွှမ်ကျီတောင်ကြားမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ယူချွမ်ဂိုဏ်း သည် ဤယန္တရားကို ရရှိခဲ့သော်လည်း ဂိုဏ်းချုပ်ထံ မပို့နိုင်ခင်မှာပင် အကြောင်းပေါ်သွားခဲ့၏။
ချီလင် ဓားသမားသည် ရွှမ်ကျီလိုဏ်ဂူ ထဲသို့ ထိုးဖောက်ဝင်ရောက် ကာ ယန္တရားနှင့် ယွီချင်ကျောင်းတော် တောင်မြေပုံတို့ကို ရယူနိုင်ခဲ့သည်။
တောင်မြေပုံသည် လျူဆွေဖုန်း၏ ဓားချက်ကြောင့် ကွဲကြေသွားခဲ့ပြီး အတွင်းမှ မြေပုံအစစ်ကို ရရှိခဲ့သည်။
ဆန်းကြယ်ယန္တရားကိုမူ ချီလင် ဓားသမားက ယူဆောင်သွားခဲ့၏။
ယခုအခါ အကွေ့အကောက်များစွာ ဖြတ်သန်းပြီးနောက် ဤပစ္စည်းများသည် ဆုမို၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အတိတ်က ဆုမိုသည် ဤပစ္စည်းများကို လေးစားသမှုဖြင့် ဝေးဝေးရှောင်ခဲ့သည်။
ယခုမူ ယန်ရီဇီနှင့် အခြားသူများ ခရီးထွက်ရမည်ဖြစ်ပြီး အခြေအနေများ ရှုပ်ထွေးနေသဖြင့်၊ သိုင်းလောကသားများ သည်းသည်းမည်းမည်း ခြေရာခံ နေကြသော ဤပစ္စည်းများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြ၏။
ထို့ကြောင့် မနေ့ညက ဆုမိုကို တိတ်တဆိတ် အပ်နှံခဲ့ကြခြင်း ဖြစ်သည်။
ဆုမိုသည် ရွှေကျောက်စိမ်းကတော့ကို ဖုန်းပိုင်ချွမ်းနှင့်အတူ ကောင်းကင်ဓားဂိုဏ်းသို့ ပြန်ပေးလိုက်ရန် ရည်ရွယ်ထားသော်လည်း ထိုလူမှာ အရိပ်တခု ပျံတက် သကဲ့သို့ ပျောက်သွားပြီ ဖြစ်သည်။
သူသည် သက်ပြင်းချရင်း ပစ္စည်းကို ရင်ဘတ်ထဲ ပြန်ထည့်လိုက်ကာ နောက်သို့ လှည့်လိုက်၏။
“ကဲ... သီချင်းဆုံးတော့ ပွဲသိမ်းပြီ... ကျွန်တော်တို့လည်း တောင်ပေါ် ပြန်ကြစို့…”
အခန်း (၃၁၈) - သေမိန့်
~သုံးပါး အစွန်းရောက် ဂိုဏ်း ၏ လက်ကျန်ကိစ္စများကို ရှင်းလင်းရန်အတွက် မြို့စားဝူတောက်ယိုကို တာဝန်လွှဲပြောင်းပေးခဲ့သည်။
ကောင်းကင်ဂိုဏ်းချုပ်နှင့် လျိုယွင်ပညာရှင်တို့ နှစ်ဦးကိုမူ ရွှမ်ဟူမျှော်စင် သို့ ခေါ်ဆောင်သွားကြ၏။
ဟောက်ရန် ကျောင်းတော် တွင် ရောက်ရှိနေသော ယန်ရီဇီ၏ ရုပ်အလောင်း (အတု) ကိုလည်း ဝူတောက်ယို၏ အကူအညီဖြင့် နေရပ်ပြန်ပို့ခဲ့သည်။
ဆုမိုအဖို့ လုပ်စရာကျန်သည်မှာ ဟောက်ရန် ကျောင်းတော်မှ ဒေါသတကြီး ထွက်ခွာခဲ့သော နေ့ရက်မှစ၍ ပြတ်တောက်နေသော ဇာတ်လမ်းကို ပြန်လည်ဆက်စပ်ရန်သာ ရှိတော့သည်။
အများဆုံး လုပ်ရလျှင် တုန်းချန်နယ်မြေ ၌ ရက်အနည်းငယ်ကြာအောင် အချိန်ဆွဲနေပြီးမှ လျိုမိုတို့အဖွဲ့နှင့် မတော်တဆ လမ်းကြုံတွေ့ရသယောင် ဟန်ဆောင်လိုက်ရုံသာ။
ဤခရီးစဉ်တွင် ထွေထွေထူးထူး ပြောစရာမရှိလှပေ။
လူတိုင်း ခရီးတွင်ချင်သဖြင့် ကိုယ်ဖော့ပညာ ကို အစွမ်းကုန် ထုတ်ဖော်ကာ ခရီးနှင်ခဲ့ကြ၏။
ကျန်းရှောင်ရှောင်ကိုမူ ဆုမိုက ခေါ်ဆောင်လာခဲ့ပြီး (၁၀) ရက်ကျော် ကြာသောအခါ ကျီယန် ဆိပ်ကမ်း သို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုမှတစ်ဆင့် မြစ်သုံးစင်း ပင်လယ်အော် သို့ ပြန်ရန် တောင်ဘက်သို့ စုန်ဆင်းမည့် သင်္ဘောတစ်စင်းကို စီးနင်းလိုက်ကြ၏။
ဤတစ်ခါ သူတို့ စီးနင်းလိုက်သည်မှာ ခရီးသည်တင် သင်္ဘောကြီး ဖြစ်သည်။
ဤကဲ့သို့သော သင်္ဘောကြီးများသည် သာမန် ကုန်တင်သင်္ဘောများထက် ခရီးအများကြီး ပိုပေါက်သည်။ ရေလမ်းကြောင်း တစ်ဝက်နီးပါးကို ဖြတ်သန်းမောင်းနှင်လေ့ရှိသည်။
မြစ်သုံးစင်း ပင်လယ်အော် ဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး ဖင်းကွမ် ဆိပ်ကမ်း အထိ ရောက်သည်။ ပြီးလျှင် ဖင်းကွမ်မှ ပြန်လှည့်လာသည်။
အသွားအပြန် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေသော လမ်းကြောင်းပင်။
မြစ်ကြောင်းတစ်လျှောက် ခရီးသည်တင်ဆောင်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ ရေလမ်းကြောင်းတစ်လျှောက်ရှိ သူခိုးဓားပြများကိုလည်း ဆက်ကြေးပေးရသေးသည်။
အဆက်အသွယ် ကောင်းမွန်ပြီး မျက်နှာပန်းလှမှသာ ဤလုပ်ငန်းတွင် အဆင်ပြေချောမွေ့နိုင်ပေမည်။
ထို့ကြောင့် ဤစီးပွားရေးကို လုပ်ကိုင်သူ သိပ်မရှိလှပေ။
လဝက်နေမှ သင်္ဘောတစ်စင်း ဖြတ်သွားသည်ကို တွေ့ရလျှင်ပင် ကံကောင်းသည်ဟု ဆိုရမလို။
ယခုတစ်ခေါက်တွင် ဆုမိုတို့အဖွဲ့ ကံကောင်းသည်ဟု ဆိုရမည်။ ဖင်းကွမ် ဆိပ်ကမ်းမှ ပြန်လာသော သင်္ဘောတစ်စင်းသည် ကျီယန် ဆိပ်ကမ်းတွင် ခရီးသည်အချို့ ချပေးရန် ဆိုက်ကပ်လာခိုက် သူတို့နှင့် အံကိုက် ကြုံကြိုက်သွားခြင်း ဖြစ်သည်။
အခွင့်ကောင်းကို လက်မလွှတ်ဘဲ ငွေတုံးအချို့ ပေးကာ သင်္ဘောပေါ်သို့ တက်လိုက်ကြ၏။
သင်္ဘောပေါ်တွင် အရပ်လေးမျက်နှာမှ လာသော ခရီးသွားများဖြင့် ပြည့်နှက်နေပြီး ဆူညံပွက်လောရိုက်နေ၏။
လျိုမိုနှင့် ဖုဟန်ယွမ်တို့သည် အာမခံဌာန၏ ဝန်ထမ်းများအသွင် ချက်ချင်း ကူးပြောင်းသွားကြပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ ဘေးတစ်ဖက်စီတွင် နေရာယူကာ မသိမသာ ကာကွယ်ပေးထားလိုက်သည်။
ကျန်းရှောင်ရှောင်သည်လည်း ရှေ့နားတွင် ဝင်ထိုင်လိုက်ပြီး သူစိမ်းများ အနားမကပ်ရဲအောင် မျက်နှာထားတင်းတင်းဖြင့် စောင့်ကြပ်နေလေ၏။
ဆုမိုသည် နားစွင့်နေလိုက်သည်။
လူအုပ်ကြီးသည် အကြောင်းအရာ မျိုးစုံကို ဒရောသောပါး ဆွေးနွေးငြင်းခုံနေကြ၏။ အများစုမှာ အရေးမပါသော သာမန်ကိစ္စများသာ ဖြစ်သည်။
သို့သော် သတင်းအချို့မှာမူ နားထောင်ရကျိုး နပ်ပေသည်။
ထိုအထဲမှ တစ်ခုမှာ ထာဝရည တောင်ကြား အကြောင်း ဖြစ်သည်။
ကျောက်လုံ ရေတပ်စခန်း အတွင်း၌ ထာဝရည တောင်ကြား၏ လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်မှာ လူတိုင်းအသိပင် ဖြစ်သည်။
အထူးသဖြင့် ချူချိုယွီတို့ အဖွဲ့ ဘေးကင်းရာသို့ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် လန်ယွဲ့နန်းတော် သို့ သတင်းပို့လိုက်ရာ နန်းတော်သခင်မကြီးမှာ ဒေါသအကြီးအကျယ် ထွက်သွားခဲ့သည်ဟု ဆိုသည်။
နန်းတော်သခင်မကြီးသည် ဂိုဏ်းကြီး (၇) ဂိုဏ်းကို ချက်ချင်း ဆက်သွယ်လိုက်သည်။ (ဇီယန်ဂိုဏ်းမှ လွဲ၍) ကျန်ဂိုဏ်းများအားလုံး ရေလမ်းကြောင်းတစ်လျှောက်သို့ ချီတက်လာကြ၏။
ထာဝရည တောင်ကြား၏ လက်တံများကို ဝိုင်းဝန်း ချေမှုန်းရန် ဖြစ်သည်။
ဤပုဂ္ဂိုလ်ကြီးများ၏ လှုပ်ရှားမှုသည် လျှပ်စီးပမာ မြန်ဆန်ပြတ်သားလှသည်။ ရေလမ်းကြောင်းတစ်လျှောက် ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ငြိမ်သက်သွားခဲ့ခြင်း ဖြစ်သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ဆုမို မျက်ခုံးပင့်လိုက်မိ၏။ ထိုစဉ် လူတစ်ယောက်၏ ပြောသံကို ကြားလိုက်ရပြန်သည်။
“သူတို့က အာရုံလွှဲတဲ့ နည်းဗျူဟာကို သုံးလိုက်တာဗျ... ရေလမ်းကြောင်းတစ်လျှောက်မှာ မွှေနှောက်ပြီး ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ အာရုံကို ဆွဲဆောင်လိုက်တာ...”
“ကြားတာတော့ ညသခင် က တိတ်တဆိတ်နဲ့ ထျန်းချူမြို့ကို ထပ်ပြီး ဝင်တိုက်ဖို့ ကြိုးစားနေတယ်တဲ့...”
“ဂိုဏ်းကြီး (၇) ဂိုဏ်းက ရေလမ်းကြောင်းဘက်ကို အာရုံရောက်နေတော့ ညသခင်ရဲ့ လှုပ်ရှားမှုကို သတိမထားမိကြဘူး ထင်ပါရဲ့...”
“မဖြစ်နိုင်ပါဘူးဗျာ...”
နောက်လူတစ်ယောက်က လက်မြှောက်ကာ ဟန့်တား လိုက်ပြီး ချက်ချင်း ပြန်လည်ချေပသည်။
“ဂိုဏ်းကြီး (၇) ဂိုဏ်းက အမြော်အမြင် ကြီးမားပါတယ်... သူတို့အားလုံးက ပါးရည်နပ်ရည်ရှိတဲ့ ပညာရှင်ကြီးတွေပဲ... ညသခင်ရဲ့ ကလေးကစားစရာ လှည့်ကွက်လောက်ကို သူတို့ မမြင်ဘဲ နေမလားဗျ...”
“အမှန်အတိုင်း ပြောရရင် ကျုပ်မိတ်ဆွေတွေထဲမှာ ဂိုဏ်းကြီး (၇) ဂိုဏ်းက လူတွေ ပါတယ်။ ထျန်းချူမြို့ အခြေအနေကို ကျုပ် ကြားပြီးသား...”
“ဟောဗျာ... ပြောပါဦး...”
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူးဗျာ... ခင်ဗျား ပြောသလိုပဲ ညသခင်က ဂိုဏ်းကြီးတွေ ရေလမ်းဘက် အာရုံရောက်နေတုန်း ထျန်းချူမြို့ကို ခိုးတိုက်ဖို့ ကြိုးစားတာပဲ...”
“ဒါပေမဲ့ သူတို့ မထင်ထားတာက ထျန်းချူမြို့မှာ ကောင်းကင်နှင့် မြေကြီး ပိုက်ကွန် ဆင်ပြီး အသင့်စောင့်နေကြတာ...”
“ဒီတိုက်ပွဲအပြီးမှာ ထာဝရည တောင်ကြားဘက်က အကြီးအကျယ် ရှုံးနိမ့်သွားတယ်လို့ ကြားတယ်...”
“ဟာ... ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက တကယ့်ကို ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ ခေါင်းဆောင်တွေပဲ... တကယ် အတပ်သိ နေကြတာပဲကိုး...”
“ဒါကတော့ သေချာတာပေါ့... ဒါပေမဲ့ ညသခင်ကလည်း သာမန်လူမှ မဟုတ်တာ...”
“ဒီတစ်ခေါက် ဇီယန်ဂိုဏ်းချုပ် အပါအဝင် (၇) ယောက် ပေါင်းပြီး ညသခင်ကို ရင်ဆိုင်ကြတယ်လို့ ကြားတယ်...”
“လွန်ခဲ့တဲ့ နှစ် (၂၀) က တိုက်ပွဲလိုပါပဲဗျာ... သရေကျပြီး နှစ်ဖက်စလုံး အထိနာသွားကြတယ်တဲ့...”
နားထောင်နေသူများ အားလုံး မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။
လူတစ်ယောက်က သက်ပြင်းချရင်း ပြောလာ၏။
“ညသခင်ရဲ့ သိုင်းပညာက တကယ့်ကို ကြောက်စရာကောင်းတာပဲ... လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းကလည်း ဂိုဏ်းချုပ် (၇) ယောက်နဲ့ ယှဉ်ပြိုင်ခဲ့တယ်... အခု နှစ် (၂၀) ကြာတော့လည်း အဲဒီတုန်းကလိုပဲ ဘာမှ မကွာခြားဘူး...”
“ပြောရခက်တယ်ဗျ...”
ရှေ့နားမှ လူက ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းက ညသခင်က တကယ်ကို အထွတ်အထိပ် ရောက်ခဲ့တာ မှန်တယ်... ဒါပေမဲ့ အဲဒီတုန်းက သူ ဘယ်သူတွေနဲ့ ရင်ဆိုင်ခဲ့ရတာလဲ... မျိုးဆက်ဟောင်း ဆရာသခင်ကြီးတွေနဲ့လေ...”
“အခုကြည့်... လန်ယွဲ့နန်းတော် သခင်မကြီး နေရာလည်း လူသစ်ရောက်နေပြီ... ဇီယန်ဂိုဏ်းချုပ်အိုကြီးကလည်း အသက်ကြီးပြီး အိုမင်းနေပြီ... သူ့သိုင်းပညာက လွန်ခဲ့တဲ့ နှစ် (၂၀) ကလောက် ဘယ်ကောင်းတော့မလဲ...”
“ကျန်တဲ့ ဂိုဏ်းချုပ်တွေထဲမှာလည်း တချို့က လူသစ်တွေ... တချို့က အသက်ကြီးနေပြီ... တချို့က သိုင်းပညာ သိပ်မရင့်ကျက်သေးဘူး...”
“ကျုပ်အမြင် ပြောရရင်တော့... ဒီ နှစ် (၂၀) အတွင်းမှာ ညသခင်ရဲ့ သိုင်းပညာက နိမ့်ကျသွားတာ ဖြစ်ဖို့များတယ်...”
ဤစကားကို ကြားလိုက်ရသောအခါ ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားလေ၏။
လူအများစုက ဝင်ရောက်ဆွေးနွေး ငြင်းခုံကြလေတော့သည်။
တချို့က သိုင်းလောကသားများ ဖြစ်ကြပြီး၊ တချို့က သာမန် ခရီးသွားများသာ။ သို့သော် ယခုအချိန်တွင်မူ သူတို့၏ ဆွေးနွေးသံများသည် ဟိန်းညံသော ရယ်သံ များ၊ ငြင်းခုံသံများဖြင့် သက်ဝင်လှုပ်ရှားနေ၏။
ဆုမိုသည် ညသခင်အကြောင်းကို လီစစ်ယွင်နှင့် ချူချိုယွီတို့ထံမှ ကြားဖူးသလောက်သာ သိထားသည်။
ယခု သူတို့ပြောနေသည်များကို နားထောင်ရင်း တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားမိလိုက်သည်။
အာရုံလွှဲသည့် နည်းဗျူဟာဆိုတာ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။
မူလက ရေလမ်းကြောင်းကိစ္စတွင် သူတို့ တကယ် အလုပ်တစ်ခုခု ဖြစ်မြောက်အောင် လုပ်ဖို့ ကြံစည်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ကျောက်လုံ ရေတပ်စခန်းတွင် မမျှော်လင့်သော အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသဖြင့် သူတို့၏ အကြံအစည် ပျက်စီးသွားခြင်း ဖြစ်တန်ရာ၏။
အကယ်၍ သူသာ ညသခင် နေရာတွင် ရှိနေမည်ဆိုလျှင်... ဤကဲ့သို့ အခြေအနေမျိုးတွင် ထျန်းချူမြို့ကို ဇွတ်တိုးပြီး တိုက်ခိုက်မည် မဟုတ်ပေ။
အာရုံလွှဲတယ်ဆိုတာက သိသာလွန်းသည်။ ဖြောင့်မတ်သော လမ်းစဉ်မှ ဂိုဏ်းကြီး (၇) ဂိုဏ်းက လူတွေက ငတုံးငအတွေမှ မဟုတ်ကြဘဲ။
ဤသို့ ဒရောသောပါး တိုးဝင်ခြင်းသည် ထောင်ချောက်ထဲသို့ ကိုယ်တိုင် ဆင်းသက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်နေပေလိမ့်မည်။