← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉) - သေမိန့် (၂)

~ဤလူများ၏ ပြောစကားများကို ထောက်ချင့်ကြည့်လျှင် ဂိုဏ်းကြီး (၇) ဂိုဏ်းသည် ထာဝရည တောင်ကြား ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့သည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။ သို့သော် ၎င်းအချက်ကပင် ညသခင် သည် ထျန်းချူမြို့ အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက် ခြင်း မရှိခဲ့ကြောင်း သက်သေပြနေပြန်သည်။

'ဒါက ဟန်ပြသက်သက်ပဲ... သူ့ရဲ့ အကွက်ချ ထားတဲ့ အကြံအစည်က ဒီလောက် ရိုးရှင်းပါ့မလား...'

ဆုမို၏ ရင်ထဲတွင် သံသယများ မြွေလိမ်မြွေကောက် တွားသွားနေသော်လည်း အတည်ပြုရန် ခက်ခဲနေသေးသည်။

'ထားလိုက်ပါတော့လေ... လော့ရှားမြို့ ပြန်ရောက်လို့ ဒီပြက်လုံးထုတ်နေတဲ့ ဈာပနပွဲကြီး ပြီးသွားရင် ဇီယန်ဂိုဏ်း ကို သွားလည်ရမယ်... အဲဒီကျမှ အဖြေက ရှင်းမှာ...'

ဆုမို.. စဉ်းစား နေစဉ်မှာပင် နားထဲသို့ အသံတစ်သံ တိုးဝင်လာပြန်သည်။

"ပြောရရင်တော့ ထာဝရည တောင်ကြား လုပ်ရပ်က မိုက်မဲလွန်းရာ ကျနေတာပဲဗျာ..."

ထိုစကားကို ကြားလိုက်သည်နှင့် ဝိုင်းဖွဲ့နေသူ အများစုက မထီမဲ့မြင် ကဲ့ရဲ့ သလို နှာခေါင်းရှုံ့လိုက်ကြ၏။

"ခင်ဗျားက ဘေးလူပါဗျာ... ညသခင်ရဲ့ အတွေးနက်နေ တဲ့ အကြံအစည်တွေကို ခင်ဗျားက ဘယ်လိုလုပ် သိနိုင်မှာလဲ..."

"ဟုတ်ပါ့... ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ အစီအမံတွေကိုတောင် နားမလည်ဘဲနဲ့ လာပြီး ဆရာကြီး လုပ်နေတယ်..."

လူအများက ဝိုင်းဝန်း လှောင်ပြောင်လိုက်ကြသော်လည်း ထိုလူကမူ ဂရုမစိုက်ပေ။ သူက ခပ်ပြုံးပြုံး ဖြင့်ပင် ပြန်မေးလိုက်သည်။

"ခင်ဗျားတို့... ဘုန်းကြီးဟုန်ယွင်ကို မေ့နေကြပြီလား..."

"ဟုန်ယွင် မိစ္ဆာဘုန်းကြီး..."

တစ်ယောက်သောသူ၏ နှုတ်ဖျားမှ လွှတ်ခနဲ အော်ဟစ် သံ ထွက်ပေါ်လာသည်။ ထိုအမည်သည် တောလမ်းလောက သားများ သုံးစွဲလေ့ရှိသော အခေါ်အဝေါ်ပင်။

ဆုမိုသည် ထိုလူကို မသိမသာ လှမ်းကြည့်လိုက်ပြီးမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"နေပါဦး... ဒီကိစ္စနဲ့ ဘုန်းကြီးဟုန်ယွင်နဲ့ ဘာဆိုင်လို့လဲဗျ..."

"ဆိုင်တာပေါ့ဗျာ... ကျောက်လုံ ရေတပ်စခန်း ကိစ္စ ဖြစ်ပြီးကတည်းက ဘုန်းကြီးဟုန်ယွင်က ရေလမ်းခရီးက သူခိုးဓားပြတွေကို မျက်ကွယ်ပြုပြီး ထွက်ခွာ သွားတာလေ... ကျီယန် ဆိပ်ကမ်း ဘက်ကို ဦးတည်သွားပြီး ရုတ်တရက်ကြီး ပျောက်သွားခဲ့တာ..."

ထိုလူက အသံကို နှိမ့်လိုက်ပြီး လျှို့ဝှက်ချက် တစ်ခုကို ပြောပြသကဲ့သို့ ဆိုလေ၏။

"ခင်ဗျားတို့ မသိကြဘူးလား... တကယ်တော့ ဘုန်းကြီးဟုန်ယွင်က ထျန်းချူမြို့ ဘက်ကို ခရီးနှင်သွားတာဗျ..."

ဤစကားကို ကြားလိုက်ရသောအခါ ရှိသမျှလူကုန် အသက်ရှူမှားသွားကြ၏။

ထျန်းချူမြို့ ဆိုသည်မှာ တုန်းချန် ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းသားတို့ ထိပ်တိုက်တွေ့ဆုံကာ လောကကို ကိုင်လှုပ် မည့် တိုက်ပွဲမြေပြင် မဟုတ်ပါလော။

ဘုန်းကြီးဟုန်ယွင်က မိစ္ဆာဂိုဏ်းသားတွေကို တရားချဖို့ သွားတာများလား။

လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြစဉ် စကားစပြောသူက ကျေနပ်အားရစွာဖြင့် တဟားဟား ရယ်သံ တစ်ချက် ပြုလိုက်သည်။

"ခင်ဗျားတို့ကလည်းဗျာ... ရှင်းနေတာပဲကို... ရေတပ်စခန်းမှာတုန်းက ကျောက်လုံအသင်းထဲမှာ တစ်ခုခုကို တွေ့သွားလို့ သူ့စိတ်အကြံ ပြောင်းသွားတာ နေမှာပေါ့..."

"လူတွေကို ဗုဒ္ဓလမ်းစဉ်ထဲ သွတ်သွင်းချင်ရင်... မိစ္ဆာဂိုဏ်းက မိစ္ဆာသားပေါက် တွေကို အရင်ဆုံး ပြုပြင်ပေးရမယ်လို့ သူ ယူဆသွားတာ ဖြစ်မယ်..."

"သာဓုပါဗျာ... ဆရာတော်ဟုန်ယွင်ရဲ့ စေတနာက တကယ့်ကို အတိုင်းအဆမဲ့ပါပဲ..."

"ဟုတ်တယ်... ဟုတ်တယ်..."

ဝိုင်းဖွဲ့နေသူများ၏ အသံများ ဆူညံသွား၏။

"မိစ္ဆာဂိုဏ်းတွေဆိုတာ ရက်စက်ကြမ်းကြုတ်ဖို့ ဝန်မလေး ကြဘူးဗျ... သူတို့အုပ်ချုပ်မှုအောက်က ပြည်သူတွေဆိုတာ လောကငရဲ ဖြစ်နေ တာ..."

"ဒါပေါ့ဗျာ... ယူချွမ်ဂိုဏ်း ဆိုရင် ကျင့်ကြံဖို့အတွက် လူရှင်တွေကို ဖမ်းတယ်... ထာဝရည တောင်ကြား ဆိုရင် လူကို အရှင်လတ်လတ် အရေခွံခွာတယ်..."

" ကျိလေ ကောင်းကင်နန်းတော် ဆိုရင် ပိုဆိုးသေး... သူတို့ သဘောကျတဲ့ လူဆိုရင် အိပ်ရာပေါ် ဆွဲတင်ပြီး ရှိသမျှ အတွင်းအား နဲ့ အဆီအနှစ်တွေကို စုပ်ယူပစ်တာ... ပြန်ထွက်လာရင် အရိုးပေါ် အရေတင်ပဲ ကျန်တော့တယ်..."

" ကျိလေ ရတနာမျှော်စင် အောက်မှာဆိုရင် အရိုးစုတွေက တောင်လိုပုံနေတာတဲ့... သူတို့ ကျူးလွန် ခဲ့တဲ့ အပြစ်တွေက ရေတွက်လို့တောင် မကုန်နိုင်ပါဘူးဗျာ..."

"ဒါက အကောင်းနဲ့ အဆိုးရဲ့ သဘာဝပဲလေ... အခု ကျွန်တော်တို့ ဒီနယ်မြေမှာ အေးအေးဆေးဆေး စီးပွားရှာ၊ ဝတ်နိုင်စားနိုင် နေကြတာကလည်း ဖြောင့်မတ်တဲ့ သိုင်းပညာရှင်တွေ ဝိုင်းပြီး ဖေးမ စောင့်ရှောက်ထားလို့ပဲ..."

"မဟုတ်ရင် ကျွန်တော်တို့ ဘယ်လိုလုပ် ဒီလို နေ့ရက်ကောင်းတွေကို ပိုင်ဆိုင်နိုင်ပါ့မလဲ..."

"ဟုတ်လိုက်လေဗျာ... ဒါကြောင့် ပြောတာပေါ့... ဆရာတော်ဟုန်ယွင်သာ သူ့ရဲ့ သိုင်းပညာ နဲ့ မိစ္ဆာဂိုဏ်းသားတွေကို လမ်းမှန်ရောက်အောင် ဆုံးမပေးနိုင်ရင် တကယ့်ကို မဟာကုသိုလ်ကြီးပါပဲဗျာ..."

"ဒါနဲ့ နေပါဦး... အခု ဆရာတော်ဟုန်ယွင် ဘယ်လိုနေသေးလဲဗျ..."

နောက်ဆုံးမေးခွန်းက အစောပိုင်း စကားစခဲ့သူထံ ဦးတည်လာသည်။ ထိုလူက ခပ်ပြုံးပြုံး လုပ်လိုက်ရင်း...

"ဆရာတော်ဟုန်ယွင်က တကယ့်ကို သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းမြတ်ပါဗျာ... သူ ထျန်းချူမြို့ကို ရောက်ပြီး သိပ်မကြာဘူး... မိစ္ဆာဂိုဏ်းလောကမှာ လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ရော..."

" ကျိလေ ကောင်းကင်နန်းတော် ရဲ့ ဒုတိယ နန်းတော်သခင်မ ကူပ်ိရန် ဆိုတာ ဗြုန်းစားကြီး ပျောက်ကွယ် သွားတယ်တဲ့ဗျို့..."

"ဟေ..."

လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ကျိလေ ကောင်းကင်နန်းတော်၏ ဒုတိယ သခင်မ ကူပ်ိရန်... ဒီနာမည်က သူတို့အတွက် စိမ်းနေသော်လည်း ကျိလေ ကောင်းကင်နန်းတော် ဆိုသည်ကတော့ နာမည်ကြီးလွန်းလှသည်။

"သူက... ဆရာတော်ဟုန်ယွင်နဲ့ တွေ့သွားတာများလား..."

"ဆရာတော်က ဗုဒ္ဓတရားတော်မှာ နှံ့စပ်တယ် ဆိုပေမယ့်... ဒီမိန်းမလှလေးရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားပြီလား မသိဘူးနော်..."

"ပေါက်ကရတွေ မပြောစမ်းပါနဲ့ဗျာ... ဆရာတော်ဟုန်ယွင်က လူဆိုးတွေကို ချွတ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ... ကူပ်ိရန်လို အဆင့်နိမ့်တဲ့ မိန်းမလောက်ကို စိတ်လှုပ်ရှားပါ့မလား..."

လူအများက ကိုယ့်ထင်ရာကိုယ် စွတ်ပြောရင်း ပွဲကျနေကြ၏။ ခရီးသွားရသည်မှာ ပျင်းဖို့ ကောင်းလှရာ ဤကဲ့သို့ ကောလာဟလများကို အရက်မြည်းရင်း ပြောဆိုရသည်က အကောင်းဆုံး ဖျော်ဖြေမှုပင်။

ဆုမိုကမူ ဘာမှဝင်မပြောဘဲ ငိုင် ၍ နားထောင်နေသည်။

'ကူပ်ိရန်ကို ဆရာတော်ဟုန်ယွင် တရားချလိုက်တာ မဟုတ်ဘူး... ဝူတောက်ယို ဖမ်းခေါ်သွားတာ...'

ဤ ဒုတိယ နန်းတော်သခင်မ ဆိုသူမှာ နောက်ခံရာဇဝင် ထူးခြားသည်။

မူလက သူမသည် သုံးပါး အစွန်းရောက် ဂိုဏ်းက ကျိလေ ကောင်းကင်နန်းတော် ထဲသို့ ထည့်သွင်းထားသော လျှို့ဝှက်သူလျှို တစ်ဦး ဖြစ်၏။

မထင်မှတ်ထားသည်မှာ သူမ၏ ပါရမီက တစ်ဟုန်ထိုး တိုးတက် လာပြီး သာမန်တပည့်အဆင့်မှ ဒုတိယ နန်းတော်သခင်မ နေရာအထိ တက်လှမ်းနိုင်ခဲ့ခြင်းပင်။

ထို့ကြောင့်လည်း ကောင်းကင်ဂိုဏ်းချုပ်က သူမကို အထင်ကြီး လေးစားခဲ့သည်။

သို့သော် ထုန်းယွင် ကိစ္စ ဖြစ်ပြီးကတည်းက သုံးပါး အစွန်းရောက် ဂိုဏ်းသည် သူလျှိုများအပေါ် သဘောထား ပြောင်းလဲသွားခဲ့၏။

ကောင်းကင်ဂိုဏ်းချုပ်က ကူပ်ိရန်ကို အလေးထားသည် ဆိုသော်ငြား လျှို့ဝှက်ချက်များကိုမူ အကုန် ဖွင့်ချမပြခဲ့ပေ။

ထို့ကြောင့် သူမ သိထားသော အချက်အလက်များသည် လျိုယွင် စာ‌ပေပညာရှင် လောက်ပင် မများပြားပေ။

ယခု တာဝန်က အရေးကြီးသဖြင့် ကောင်းကင်ဂိုဏ်းချုပ်သည် အစားထိုး လူတစ်ယောက် လိုအပ်လာသည်။ သာမန်လူ ဆိုလျှင်လည်း အရာရောက်မည် မဟုတ်သဖြင့် ကူပ်ိရန်ကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်၏။

'ဒီမိန်းမက စိတ်ဝင်စားဖို့ ကောင်းတယ်... ကျိလေ ကောင်းကင်နန်းတော် ရဲ့ လွှမ်းမိုးမှု ခံလိုက်ရလို့လားတော့ မသိဘူး... အလှအပ မက်မောပြီး ဒုက္ခခံရမှာကို သေမလောက် ကြောက်တယ်...'

အနည်းငယ် ခြိမ်းခြောက်လိုက်သည်နှင့် သူမ သိသမျှ အကုန်လုံးကို အန်ချ တော့သည်။

ပြောရရင် သူမ၏ ထွက်ဆိုချက်များကြောင့် ကောင်းကင်ဂိုဏ်းချုပ် ရေးပေးလိုက်သော စာရင်းကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင်မူ ဝူတောက်ယိုက သူမကို အသုံးဝင်သော ကုန်ပစ္စည်းတစ်ခုသဖွယ် သိမ်းဆည်းထားလိုက်သည်။

ကျိလေ ကောင်းကင်နန်းတော်သည် တုန်းချန်ဂိုဏ်းများ၏ အဓိက ရန်သူတော်ကြီး ဖြစ်သည်။ ကူပ်ိရန်သာ သူတို့လက်ထဲ ရောက်နေလျှင် အရှေ့ဘက်သို့ ခြေဆန့်ပြီး ညှိနှိုင်းရာ၌ ပိုမို လွယ်ကူသွားပေလိမ့်မည်။

လော့ဖုန်း မဟာမိတ်အဖွဲ့ အနေဖြင့် သူတစ်ပါး နယ်မြေကို ကျူးကျော်လိုစိတ် မရှိကြောင်း၊ စီးပွားရေး သက်သက်သာ လုပ်ဆောင်လိုကြောင်း ပြသနိုင်လျှင် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်၏။

ဤအထိ ဆုမို ကြားလိုက်ရသည်များက သူ သိပြီးသား ကိစ္စများ၏ နောက်ဆက်တွဲများသာ ဖြစ်သည်။

သို့သော် နောက်ရက်အနည်းငယ် အကြာတွင် ဝူရှန်ခန်းမ နှင့် ပတ်သက်သော ကောလာဟလ တစ်ခုကို ထပ်မံ ကြားလိုက်ရပြန်သည်။

ဤသတင်းသည် ဝူရှန်ခန်းမ မှ ကုန်သည်တစ်ဦး ယူဆောင်လာခြင်း ဖြစ်ပြီး အနည်းငယ် နောက်ကျနေပုံ ရ၏။

အခန်း (၃၂၀) - သေမိန့် (၃)

~“သတင်းစကားတွေ အရတော့ ဝူရှန်ခန်းမ သခင်ကြီးရဲ့ သမီးက ဝမ်ချန်ရှင်းလို့ ခေါ်တဲ့ တပည့် တစ်ယောက်နဲ့ သံယောဇဉ်တွယ် မိသွားတယ်တဲ့...”

“ဝူရှန်ခန်းမ သခင်ကြီး သိသွားတော့ ဒေါသူပုန်ထပြီး ဝမ်ချန်ရှင်းကို ဖမ်းပြီး အပြစ်ပေးဖို့ လုပ်ပါလေရော...”

“ဒါပေမဲ့ ဘယ်သူမှ ထင်မထားတာက ဝမ်ချန်ရှင်းဆိုတဲ့ ကောင်လေးက အသက်ငယ်ငယ်လေးနဲ့ ပါရမီ ထူးချွန်ပြီး အတွင်းအားနဲ့ သိုင်းပညာ ဘက်မှာ တစ်ဟုန်ထိုး တိုးတက်နေတဲ့ လူတစ်ယောက် ဖြစ်နေတာပဲ... သူ့ကို သွားဖမ်းတဲ့ လူတွေဆိုတာ သူ့ကို နှိမ်နင်း ဖို့ နေနေသာသာ... တစ်ယောက်မကျန် ပြန်လမ်းမဲ့အောင် အသတ်ခံလိုက်ရတယ်...”

ဝမ်ချန်ရှင်းသည် စိတ်ဓာတ်ပြင်းထန်ပြီး အစွန်းရောက်တတ်သူ ဖြစ်သည်။ သူ၏ လုပ်ရပ်များမှာ ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေး ဘဲ ပြတ်သားလွန်းလှသည်။

သူ့အဖြစ်မှန် ပေါ်သွားမှန်း သိလိုက်ရချိန်တွင် ဝူရှန်ခန်းမ၏ သခင်မလေးကို ခိုးယူပေါင်းသင်းပြီး ထွက်ပြေးဖို့ စနစ်တကျ အကွက်ချ ကြံစည်ခဲ့သေးသည်။

သို့သော် သခင်မလေးက သူ့နောက်သို့ မလိုက်ခဲ့ပေ။

အချစ်ကြီးသလောက် အမျက်ကြီးသော ဝမ်ချန်ရှင်းသည် ဒေါသအိုးပေါက်ကွဲကာ ဝူရှန်ခန်းမကို မီးရှို့ပစ်လိုက်လေတော့သည်။ မီးလောင်ပြီး မွှေနှောက်ချောက်ခြား ဖြစ်နေသော အခွင့်ကောင်းကို ယူကာ ကျမ်းစာတိုက်ကို ထိုးဖောက်ဝင်ရောက် ပြီး ဝူရှန်ခန်းမ၏ အထွတ်အမြတ်ကျမ်းစာဖြစ်သော မဟာသံသရာပြောင်းလဲခြင်း နှလုံးသားကြာပန်းကျမ်းကို ခိုးယူသွားခဲ့လေ၏။

ထိုစဉ်က ဝူရှန်ခန်းမ၏ ခန်းမသခင် (၃) ဦးက သူ့ကို ကပျာကယာ လှမ်း၍ တား ခဲ့ကြ၏။

သို့သော် ဝမ်ချန်ရှင်းက တစ်ယောက်တည်းဖြင့် သုံးယောက်ကို သည်းကြီးမည်းကြီးတိုက်ခိုက် ခဲ့ရာ... တစ်ဦးကို ပွဲချင်းပြီး သတ်ဖြတ်နိုင်ခဲ့ပြီး ကျန်နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ ဝမ်ချန်ရှင်း ကိုယ်တိုင်လည်း ဒဏ်ရာရရှိကာ လွတ်မြောက်သွားခဲ့သည်။

ထိုနေ့က ဝူရှန်ခန်းမ သခင်ကြီးမှာ သီးသန့်ကျင့်ကြံခြင်း ဝင်နေခိုက်ဖြစ်၍ အချိန်မီ ထွက်မလာနိုင်ခဲ့ပေ။

သူ ပြန်ထွက်လာချိန်တွင် ဝမ်ချန်ရှင်းမှာ ရုတ်ချည်း ပျောက်ကွယ် သွားခဲ့ချေပြီ။

သခင်ကြီးသည် မိုးကို မီးရှို့မတတ် ဒေါသထွက်ကာ သိုင်းလောက တစ်ခွင်လုံးသို့ သေမိန့် ထုတ်ပြန်လိုက်လေတော့သည်။

မည်သူမဆို ဝမ်ချန်ရှင်းကို ဖမ်းဆီးပြီး ဝူရှန်ခန်းမသို့ ပို့ဆောင်ပေးနိုင်လျှင် ဆုလာဘ်ကြီးကြီး ပေးမည်ဟု ကြေညာလိုက်၏။

သေမိန့် ဆိုသည်မှာ... အသေဖမ်းဖမ်း၊ အရှင်ဖမ်းဖမ်း ကိစ္စမရှိပေ။

ခဏအတွင်းမှာပင် သိုင်းလောက တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ ဝူရှန်ခန်းမမှ လူများသည် ဝမ်ချန်ရှင်းကို သည်းသည်းမည်းမည်း ခြေရာခံ ရင်း လော့ဖုန်း မဟာမိတ်အဖွဲ့ ၏ နယ်မြေထဲသို့ပင် ကျူးကျော်ဝင်ရောက်လာကြ၏။

ကံဆိုးစွာဖြင့် ယနေ့အချိန်ထိ မည်သူမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

...

...

ရက်များစွာ ကုန်ဆုံးပြီးနောက် သင်္ဘောသည် မြစ်သုံးစင်း ပင်လယ်အော် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ်လာခဲ့သည်။

ဆုမိုတို့ လူစု (၅) ယောက်သည် ကုန်းပေါ်သို့ တက်လာပြီးနောက် လော့ရှားမြို့ သို့ ပြန်ရန် မြင်းကောင်းများကို ဝယ်ယူလိုက်ကြ၏။

ထုံးစံအတိုင်းပင်... ကျန်းရှောင်ရှောင်သည် သူတို့နောက်မှ တကောက်ကောက် လိုက်ပါလာသည်။

သို့သော် ဆုမိုသည် ကျန်းရှောင်ရှောင် ကျင့်ကြံနေသော ပညာရပ်မှာ ပျောက်ဆုံးနေသော ဝေလငါး အစာမျိုသိုင်းဖြစ်ကြောင်း ရိပ်မိသွားကတည်းက သူမ အခြေအနေကို အထူးဂရုစိုက် စောင့်ကြည့်နေမိ၏။

စောစောက သူမ အစာစားနေစဉ် ဆုမို စစ်ဆေးကြည့်လိုက်သည်။

ကျန်းရှောင်ရှောင် စားသောက်လိုက်သော အစားအစာများသည် သူမ၏ အတွင်းအား လွှမ်းမိုးမှုအောက်တွင် အလိုအလျောက် စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောကွက် များထဲသို့ တိုက်ရိုက် စီးဝင်သိမ်းဆည်းသွားသည်ကို တွေ့လိုက်ရ၏။

ဒါဟာ ယုံမှားစရာမရှိ... ဝေလငါး အစာမျိုသိုင်း ၏ လက္ခဏာပင် ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဆုမိုအနေဖြင့် ထိုသိုင်းကျမ်း၏ လည်ပတ်ပုံလမ်းကြောင်းကို ချက်ချင်း ပြောင်းလဲပေးရန် မလွယ်ကူပေ။

သူ တတ်နိုင်သည်မှာ... ယခင်က ကျန်းရှောင်ရှောင်ကို ကူညီလမ်းပြပေးခဲ့သည့် နည်းလမ်းအတိုင်း ဆက်လက် လုပ်ဆောင်ပေးရန်သာ ရှိသည်။ ကျန်းရှောင်ရှောင် တစ်ယောက်တည်း ကျင့်ကြံသည့် အချိန်များတွင်လည်း ထိုနည်းလမ်းအတိုင်း လည်ပတ်စေပြီး သွေးကြောကွက်များထဲတွင် စုဝေးနေသော စွမ်းအင်များကို တတ်နိုင်သမျှ ချေဖျက်ခိုင်းရမည်။

ဤနည်းလမ်းက တကယ်ပင် ထိရောက်မှု ရှိလေ၏။ အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက် ကျန်းရှောင်ရှောင်က ဆုမိုကို စတင် ညည်းညူလာတော့သည်။

ဆရာ သင်ပေးတဲ့နည်းအတိုင်း လုပ်ရတာ ဗိုက်မြန်မြန် ဆာတယ်ရှင့်... ဟူ၍။

ဆုမိုက သည်းခံဖို့ ပြောလိုက်သောအခါ သူမက ရိုးရိုးသားသားပင် ခေါင်းငြိမ့်လက်ခံရှာသည်။

ဒါက ယာယီဖြေရှင်းနည်း ဖြစ်သော်လည်း တတ်နိုင်သမျှ အချိန်ဆွဲထားရပေဦးမည်။

ထိုနေ့ ညနေစောင်း၌ ယန်ရှောင်ယွင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောလာသည်။

“ရှေ့နားမှာ ရွာတစ်ရွာ ရှိတယ်... ဒီညတော့ ရွာသားတစ်ယောက်ယောက်အိမ်မှာပဲ တည်းခိုလိုက်ကြရအောင်...”

“ဒီနေရာကနေ နည်းနည်းဆက်သွားရင် ကျုံးဖူမြို့ကို ရောက်ပြီ... အဲဒီမြို့ကို ကျော်လိုက်ရင် သိပ်မလိုတော့ဘူး...”

“ကောင်းပြီလေ...”

ဆုမိုက ခေါင်းငြိမ့်လိုက်ပြီးနောက် ကျန်းရှောင်ရှောင်ဘက်သို့ လှည့်ကာ သတိပေးလိုက်၏။

“ခဏနေ ရွာသားအိမ်မှာ ထမင်းစားရင် ကိုယ့်ကိုယ်ကို နည်းနည်းထိန်းဦး... အိမ်ရှင်တွေ လန့်သွားအောင် မလုပ်နဲ့...”

“ဟုတ်ကဲ့ပါ ဆရာ...”

ကျန်းရှောင်ရှောင်က ကပျာကယာ ခေါင်းငြိမ့်သည်။

“..ခေါင်းဆောင်လို့ ခေါ်စမ်းပါ...”

ဆုမိုသည် အသုံးမဝင်မှန်း သိသော်လည်း မနေနိုင်ဘဲ ပြင်ပေးမိပြန်သည်။

“အမ်... နားလည်ပါပြီ ဆရာ...”

ကျန်းရှောင်ရှောင်က တည်ကြည်လေးနက် သော မျက်နှာပေးဖြင့် အလေးအနက် ခေါင်းငြိမ့်ပြသည်။

ဆုမိုမှာ သက်ပြင်းချရင်း လက်မြှောက်အရှုံးပေးလိုက်ရတော့သည်။

လျိုမိုနှင့် ဖုဟန်ယွမ်တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ခပ်ပြုံးပြုံး ဖြစ်သွားကြ၏။

ဒီခရီးစဉ်တစ်လျှောက်လုံးတွင် သူတို့သည် ကျန်းရှောင်ရှောင်ကို ပိုမို နားလည်လာကြ၏။

ဤလူကောင်ကြီးသည် ရိုးအသော ပီဘိ ကလေး တစ်ယောက်လိုပင်။ ဖြူစင်ပြီး ပျော်ပျော်နေတတ်သော်လည်း တစ်ဖက်တွင်မူ သိုင်းပညာ အလွန်ထူးကဲနေပြန်သည်။

ခရမ်းရွှေရောင် တူကြီးတစ်စုံ အား ကိုင်ဆောင်ပြီး ခွန်အားကြီးမားလှပါသည် ဆိုသော လျိုမိုပင်လျှင်... ကျန်းရှောင်ရှောင်နှင့် အားချင်းပြိုင်လျှင် အပြတ်အသတ် ရှုံးနိမ့်ရလေ၏။

ကျန်းရှောင်ရှောင်တွင် ကြောက်မက်ဖွယ်ကောင်းသော အတွင်းအားနှင့် ခွန်အားဗလ ရှိသော်လည်း တိုက်ခိုက်ရေး နည်းစနစ်ပိုင်းတွင်မူ အားနည်းချက် ရှိသည်။

လက်တွေ့တိုက်ပွဲ အတွေ့အကြုံ နည်းပါးသော ဖုဟန်ယွမ်ကပင် နည်းစနစ်ပိုင်းတွင် ကျန်းရှောင်ရှောင်ထက် အနည်းငယ် အသာစီးရယူနိုင်သည်။

သို့ရာတွင်၊... အနည်းငယ်မျှသာ။

ကျန်းရှောင်ရှောင်၏ သိုင်းပညာက အလွန် ထူးဆန်းသည်။ ဖုဟန်ယွမ်၏ မဟာကောင်းကင် နှင်းခဲချီ သည် သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။

ကျန်းရှောင်ရှောင်က ထိုအေးစက်သော စွမ်းအင်များကို ရှူသွင်းလိုက်ပြီး အေးအေးလူလူပင် 'အရသာရှိလိုက်တာ' ဟု ပြောတတ်သေးသည်။

ဤအချက်ကြောင့် ဖုဟန်ယွမ်ခမျာ စိတ်ဓာတ်ကျပြီး ကျိန်ဆဲရသည်အထိ ဖြစ်ရ၏။ သူ၏ သေစေနိုင်သော နှင်းခဲချီစွမ်းအင်ကို သည်မိန်းကလေးက ရေခဲမုန့် စားသလို လုပ်နေသည်ကိုး။

စကားပြောနေလျှင် ခရီးရှည်သော်လည်း တိတ်ဆိတ်သွားသောအခါ မျက်တောင်တစ်ခတ်အတွင်း ရွာနားသို့ ရောက်ရှိလာခဲ့သည်။

သို့သော် ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ မျက်နှာများ ကွက်ခနဲ ပျက် သွားပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဆုမိုက လက်ကို မသိမသာ မြှောက်ကာ အချက်ပြလိုက်သည်။

“နေဝင်ရီတရောအချိန်မှာ မီးခိုးတစ်ငွေ့မှ မမြင်ရဘူး... ရွာထဲမှာ ပြဿနာ တစ်ခုခု ဖြစ်နေပြီ... အားလုံး သတိထားကြပါ...”

“ဟုတ်ကဲ့...”

လျိုမိုနှင့် ဖုဟန်ယွမ်တို့က ပြိုင်တူ ခပ်တိုးတိုး တုံ့ပြန်လိုက်ကြ၏။ ဆုမိုသည် မြင်းကို ဒရောသောပါး မနှင်ဘဲ သတိထား၍ ရှေ့တိုးလိုက်သည်။ ယန်ရှောင်ယွင်က သူ့နောက်မှ ကပ်လိုက်သည်။

ကျန်းရှောင်ရှောင်က ခြေတစ်ချောင်းထောက် ကြေးနီတူ ကြီးကို ထမ်းလျက် မိုးခြိမ်းသံကဲ့သို့ ခြေသံပြင်းပြင်းဖြင့် ပြေးလိုက်လာ၏။

သူတို့နောက်တွင် ဖုဟန်ယွမ်နှင့် လျိုမိုတို့ ပါလာသည်။ လျိုမိုက သူ၏ တူကြီးတစ်လက်ကို အသင့် ဆွဲထုတ်ထားပြီး ဖြစ်သည်။

ရွာအနားသို့ မရောက်ခင်မှာပင် လေထဲ၌ သွေးညှီနံ့များ ရလိုက်သဖြင့် အန္တရာယ်၏ အငွေ့အသက်ကို ခံစား မိလိုက်ကြ၏။

ရွာအဝင်ဝသို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ကျောက်ရုပ်ကြီးပမာ ဖြစ်သွားရသည်။

ရွာသားများ၏ အလောင်းများသည် နေရာအနှံ့ ပြန့်ကျဲနေပြီး သွေးများက နေရာတိုင်း၌ အိုင်ထွန်း နေ၏။

ယန်ရှောင်ယွင်၏ မျက်နှာထား တင်းမာသွားသည်။ သူသည် မြင်းပေါ်မှ စွေ့ခနဲ ဆင်းလိုက်ပြီး နဂါးချောက်နက် လှံ ဖြင့် အလောင်းတစ်လောင်းကို လှန်ကြည့်လိုက်သည်။

ရင်ဘတ်တစ်ခုလုံး ဟောက်ပက် ဖြစ်နေပြီး နှလုံးသားကို လက်သည်းကဲ့သို့သော လက်နက်တစ်ခုခုဖြင့် ကုတ်ဖဲ့ထုတ်ယူသွားကြောင်း တွေ့လိုက်ရ၏။

ထို အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော်လည်း ဆုမို၏ အာရုံခံစားမှုက အမိုးပေါ်သို့ ရောက်သွားသည်။

အိမ်ခေါင်မိုးပေါ်တွင် အရပ်ပုပု လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုလူက လက်ထဲတွင် သံကြိုးတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ထိုသံကြိုး၏ အဖျားတွင် သံလက်သည်းကွင်းကြီး ချိတ်ဆွဲထားသည်။

သူက သံကြိုးကို ပေါ့ပါးစွာ လွှဲယမ်းကစားရင်း မထီမဲ့မြင် လေသံဖြင့် ရယ်လိုက်သည်။

“မြင်းကောင်းတွေ၊ လူစွမ်းကောင်းတွေပါလား... လှံကိုင်ထားတယ်... တူကြီးတွေ ပါတယ်... ကြေးနီရုပ်ကြီးလည်း ပါသေးတယ်... ဟိုသေတ္တာထဲမှာရော ဘာတွေ ပါသေးလဲ...”

“လူကြီးမင်းတို့က သိုင်းလောကထဲက ပညာရှင်တွေများလားဗျ...”

ဆုမိုက ထိုလူကို စူးစူးရဲရဲ ကြည့်ကာ မေးလိုက်သည်။

“ဒီလူတွေကို... မင်း သတ်လိုက်တာလား...”

“ဟုတ်တာပေါ့... ဟုတ်တာပေါ့...”

ထိုလူပုလေးက ခေါင်းကို သည်းကြီးမည်းကြီး ငြိမ့်ပြရင်း ဖြေသည်။

“ငါ့ညီအစ်ကိုတွေက ဗိုက်ဆာနေတာလေ... ရွာသားတွေပေးတဲ့ အစာက နည်းလွန်းတယ်... စားလို့ မလောက်ဘူး... မေးကြည့်လိုက်တော့ အိမ်မှာ အစာရေစာ သိပ်မရှိဘူးတဲ့... ဒီဆောင်းတွင်းစာလောက်ပဲ ရှိတာတဲ့... နွေဦးပေါက်မှ မြေရိုင်းတွေ ထွင်ပြီး စိုက်ပျိုးဦးမှာတဲ့လေ...”

သူက နှုတ်ခမ်းများ လှုပ်ရွ ကာ တက်ခေါက်သံ ပြုလိုက်ပြီး...

“ကျွတ်... ကျွတ်... ကျွတ်... သူတို့ ဘဝတွေက သနားစရာ ကောင်းလွန်းလို့လေ... ဒါနဲ့ပဲ ငါက ကုသိုလ်ယူပြီး သူတို့အသက်တွေကို ယူပေးလိုက်တာပါ...”

“အဲဒါဆိုရင် ငါ့ညီအစ်ကိုတွေ ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် အေးအေးဆေးဆေး စားသောက်လို့ ရသွားပြီလေ... မကောင်းဘူးလား...”

သူ့စကားအဆုံးတွင် လေတိုးသံများ ဝှီး ခနဲ ထွက်ပေါ်လာပြီး နောက်ထပ် လူရိပ်များ ခေါင်မိုးများပေါ်တွင် နေရာယူလိုက်ကြ၏။

သူတို့အားလုံး၏ အကြည့်များက ဆုမိုတို့ လူစုအပေါ်သို့ လောဘသားကောင် များအလား ကျရောက်လာလေတော့သည်။

အခန်း (၃၂၁) - လူရှာနေခြင်း

~ထိုလူစုသည် ဘယ်ဆီဘယ်အရပ်က ရောက်လာမှန်း မသိရသော်လည်း တစ်ယောက်ချင်းစီ၏ ပုံပန်းသဏ္ဍာန်မှာ ထူးခြားဆန်းပြားလွန်းလှသည်။

ယခု စကားပြောနေသူမှာ အရပ်ပုပု၊ ပိန်ပိန်ပါးပါးနှင့်ဖြစ်ပြီး လက်ထဲတွင် သံကြိုးတပ်ထားသော သံလက်သည်းကွင်းကြီးကို ကိုင်ဆောင်ထားသည်။ ထိုသံလက်သည်းကြီးကို လေထဲတွင် တဝီဝီမြည်အောင် မရပ်မနား လွှဲယမ်းကစားနေ၏။

ဘယ်ဘက်အိမ်ခေါင်မိုးပေါ်တွင် ရပ်နေသူမှာ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး လူတစ်ယောက် ဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို အဝတ်ဖြူစများဖြင့် ပတ်စည်းထားပြီး ညာဘက်လက်ကောက်ဝတ်တွင် သံခြေချင်းတစ်ဖက်နှင့် ပြတ်တောက်နေသော သံကြိုးစအချို့ တွဲလောင်းကျနေ၏။

ခေါင်းပေါ်တွင်မူ သံဆူးများ ပါဝင်သော သံခမောက်ကြီးကို ဆောင်းထားပြီး မျက်နှာတစ်ဝက်ကို အဝတ်ဖြူစဖြင့် ဖုံးအုပ်ထားသည်။

အေးစက်သော လေရိုင်းများ တိုက်ခတ်လာချိန်တွင် အဝတ်စ လွင့်သွားပြီး ယင်ယန်မျက်နှာ ပေါ်လာသည်။

သူ့မျက်နှာတစ်ခြမ်းသည် သွေးကဲ့သို့ နီရဲနေလေ၏။

ထိုလူ၏ ညာဘက်တွင် အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမသည် လက်များကို ဘေးသို့ တွဲလောင်းချထားပြီး လက်သည်းများသည် ရှည်လျားကာ သွေးရောင်လွှမ်းနေသည်။ သူမ ဝတ်ဆင်ထားသော လက်ပြတ်အင်္ကျီသည် သံထည်ကဲ့သို့ မာကျောပုံရ၏။

ဆံပင်များကို နောက်သို့ စုစည်းထုံးဖွဲ့ထားပြီး ဆံထိုးပေါင်းများစွာဖြင့် ထိုးစိုက်ထားရာ ဖြူကောင်တစ်ကောင်၏ ဆူးများအလား ထင်မှတ်ရသည်။

သူမ၏ ဖြူဖျော့ဖျော့မျက်နှာသည် အလှအပနှင့် လားလားမျှ မသက်ဆိုင်ဘဲ စိတ်ခံစားချက် ကင်းမဲ့နေသည့် အရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေ၏။

ပုပုကွကွလူ၏ ညာဘက်တွင်မူ တည်ကြည်လေးနက် သော ဓားသမားတစ်ဦး ရပ်နေသည်။

သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ပိုက်ထားသည်။ ကျောကုန်းပေါ်တွင် ဓားရှည်တစ်လက်ကို လွယ်ထား၏။ သူ၏ အကြည့်များသည် ဆုမိုတို့အဖွဲ့ဆီတွင် မရှိဘဲ အနီးနားရှိ လူနေအိမ်တစ်လုံးဆီသို့ မမှိတ်မသုန်ကြည့် နေ၏။

ထိုစဉ်မှာပင် အိမ်တံခါး ပွင့်သွားပြီး မျက်နှာဖြူဖြူနှင့် လူငယ်တစ်ဦး ထွက်လာသည်။ သူ၏ အဝတ်အစားများမှာ ဖရိုဖရဲ ဖြစ်နေ၏။

သူသည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်လိုက်ပြီး တစ်ခဏမျှ စဉ်းစားကာ အိမ်ထဲမှ အမျိုးသမီးတစ်ဦးကို ဆွဲထုတ်လာလေ၏။

ထိုအမျိုးသမီး၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဆံပင်များ ရှုပ်ပွနေ၏။ ဆွဲခေါ်ရာနောက်သို့ ပါလာသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ချေ။ သူမသည် အလောင်းကောင် တစ်ခုသာ ဖြစ်နေပြီကိုး။

“အပြင်မှာ ဆူညံသံတွေ ကြားနေရတယ်... သူရဲကောင်းကြီးတွေက အဆိုးကို ပယ်ဖျက်ပြီး အကောင်းကို ဖော်ဆောင်ဖို့ ရောက်လာကြတာလား...”

လူငယ်က မထီမဲ့မြင် လေသံဖြင့် ခပ်တိုးတိုး ရေရွတ် လိုက်သည်။

ထို့နောက် ဆုမိုတို့ ရှိရာသို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး တစ်ယောက်ချင်းစီကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ပြီးမှ သူ၏ ရင်ဘတ်ထဲမှ ကြေမွနေသော စာရွက်တစ်ရွက်ကို ထုတ်လိုက်၏။

သူသည် စာရွက်ကို ဖြန့်လိုက်ပြီး ဆုမိုတို့၏ မျက်နှာများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်သည်။

နောက်ဆုံးတွင်မူ သူသည် စိတ်ဓာတ်ကျသွားပုံ ရပြီး ခေါင်းခါလိုက်လေ၏။

“တကယ်ပဲ ကံမကောင်းပါလား... သူ မဟုတ်ဘူးပဲ...”

ပြောပြီးသည်နှင့် သူသည် စာရွက်ကို ရင်ဘတ်ထဲ ပြန်ထည့်ကာ နောက်သို့ ချာခနဲ လှည့်ထွက် လိုက်သည်။

“သူ မဟုတ်ရင်လည်း... သတ်လိုက်ကြကွာ...”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ လည်ပင်းနောက်ကျောတွင် အေးခနဲ ဖြစ်သွားပြီး ကြက်သီးမွေးညှင်းများ ထသွားသည်ကို ခံစားလိုက်ရ၏။ အန္တရာယ်၏ အငွေ့အသက်ကို ခံစား မိလိုက်သဖြင့် သူ၏ မျက်နှာထားသည် ကြောက်လန့်တကြား ရှုံ့မဲ့သွားလေ၏။

သူသည် လိပ်တစ်ကောင်ကဲ့သို့ လည်ပင်းကို ကပျာကယာ တွန့်ဝင်လိုက်ပြီး ရုတ်ချည်း ပျောက်ကွယ် သွားလေ၏။ မြေပြင်ပေါ်တွင် သူ၏ အပေါ်ဝတ်ရုံသာ ကျန်ရစ်ခဲ့တော့သည်။

လေထဲတွင် တစ်စုံတစ်ခုကို ထိုးခွင်းသွားသော အသံများ ထွက်ပေါ်လာသည်။

လူနှစ်ဦးက ပြိုင်တူ လှုပ်ရှားလိုက်ကြခြင်း ဖြစ်သည်။ တစ်ဦးမှာ ဖြူကောင်မလေးကဲ့သို့ ခေါင်းပုံစံရှိသော အမျိုးသမီးဖြစ်ပြီး နောက်တစ်ဦးမှာ ပုပုကွကွ လူဖြစ်သည်။

အမျိုးသမီးက လက်နက်ပုန်းများကို ပစ်လွှတ်လိုက်ရာ လေထဲတွင် ဒရောသောပါး ပျံသန်းလာကြ၏။

ပုပုကွကွလူကမူ သံလက်သည်းကွင်းကြီးကို ပေါ့ပါးစွာ ပစ်လွှတ်လိုက်သည်။ သံလက်သည်းသည် လေထုကို ထိုးဖောက်ဝင်ရောက် ပြီး ဆုမိုရှိရာသို့ တည့်တည့်မတ်မတ် တိုးဝင်လာသည်။

သို့သော် ဆုမိုကမူ မည်သည့်နည်းလမ်း သုံးလိုက်သည်မသိ... ထိုနေရာသို့ ကြိုရောက်နှင့်နေပြီး ဖြစ်သည်။

ဆုမိုသည် သူ၏ လက်ထဲတွင် ပါလာသော ဝတ်ရုံကို ကြည့်လိုက်ပြီး အံ့အားသင့်သွားရသည်။

“ ကိုယ်ဖော့ပညာ မဆိုးဘူးပဲ...”

ဘောင်းဘီတစ်ထည်တည်းသာ ကျန်ရစ်ခဲ့သော လူငယ်သည် နောက်လှည့်ကြည့်ပြီး ဆုမိုကို စိမ်းစိမ်းကြည့်ကာ ပြောလိုက် သည်။

“ဒါက ခိုးတိုက်တာကွ...”

သူ စကားပြောနေစဉ်မှာပင် ဆုမိုက လက်ကောက်ဝတ်ကို ပေါ့ပါးစွာ တစ်ချက် ခါရမ်းလိုက်သည်။ ပျံသန်းလာသော လက်နက်ပုန်းများသည် ချက်ချင်းပင် လာလမ်းအတိုင်း ပြန်လည် လွင့်စဉ်ထွက်သွားကြလေ၏။

ထိုအမျိုးသမီးသည် အငိုက်မိသွားပြီး တစ်ခဏမျှ တွေဝေသွားသော်လည်း ချက်ချင်းပင် ခြေလက်များကို ကျုံ့သွင်းကာ ချပ်ဝတ်အင်္ကျီအောက်တွင် လုံးဝ ပုန်းကွယ်လိုက်သည်။

မည်သည့်ပစ္စည်းနှင့် ပြုလုပ်ထားမှန်း မသိရသော ဝတ်ရုံသည် ပြန်လည်ရောက်ရှိလာသော လက်နက်ပုန်းများ၏ ဒဏ်ကို ကြံ့ကြံ့ခံနိုင်လေ၏။ ချွင်... ချွင်... ဟူသော အသံများသာ ထွက်ပေါ်လာပြီး ထိုးဖောက်နိုင်ခြင်း မရှိပေ။

ပျံသန်းလာသော သံလက်သည်းကွင်းကြီး အတွက်ကိုမူ ဆုမို အလုပ်ရှုပ်ခံနေစရာ မလိုတော့ပေ။

လျိုမို၏ ခရမ်းရွှေရောင် တူကြီးတစ်စုံ သည် ကောင်းကင်မှ ကျဆင်းလာပြီး ပုပုကွကွလူ၏ ဦးခေါင်းတည့်တည့်သို့ တဝီဝီ အရှိန်ဖြင့် ဝင်ရောက်လာသည်။

အကယ်၍ ထိုလူပုသာ ဆက်လက် တိုက်ခိုက်နေဦးမည် ဆိုပါက သူ၏ ဦးနှောက်များ ချက်ချင်း ပွင့်ထွက်သွားပေလိမ့်မည်။

ဘေးတွင် ရပ်နေသော ဓားသမားသည် ဝင်ရောက် ကယ်တင်နိုင်စွမ်း ရှိသူဖြစ်သည်။ သို့သော် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက် နဂါးတစ်ကောင်၏ ဟိန်းညံသော အသံကြီး ထွက်ပေါ်လာလေ၏။

သူ မော့ကြည့်လိုက်သောအခါ ကြယ်တာရာများ ကြွေကျလာသကဲ့သို့ စူးရှသော လှံသွားအလင်းရောင်များသည် နတ်နဂါးတစ်ကောင်၏ လက်သည်းများပမာ သူ့မျက်နှာထက်သို့ အုပ်မိုးကျရောက်လာပြီ ဖြစ်သည်။

သူ၏ မျက်နှာ ကွက်ခနဲ ပျက် သွားသော်လည်း အားရပါးရ ရယ်လိုက်ပြီး ဓားရှည်ကို ရုတ်တရက် ဝင့်ကာ ပင့်တင်လိုက်သည်။

“ချွင်...”

ဓားနှင့် လှံသွား ထိပ်တိုက် တွေ့ဆုံသွားကြ၏။

လက်နက်နှစ်ခု ရိုက်ခတ်မိသောအခါ လေပေါ်တွင် ရှိနေသော ယန်ရှောင်ယွင်မှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး၊ ဓားသမားမှာလည်း နောက်သို့ (၃) လှမ်းခန့် ဆုတ်ခွာလိုက်ရ၏။

“ကောင်းလိုက်တဲ့ လှံသိုင်း...”

ဓားသမားက ချီးကျူးစကား ဆိုလိုက်ရင်း ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။

သူ၏ ဓားချက်သည် ယန်ရှောင်ယွင်ကို ခေါင်မိုးပေါ်သို့ ခြေချခွင့် မပေးရန် တားဆီးလိုက်ခြင်း ဖြစ်သည်။ ယခုအခါ သူမသည် မြေပြင်ပေါ်သို့ ပြန်ကျလာရ၏။ အဟောင်းအား ကုန်ဆုံးပြီး အသစ်အား မမွေးဖွားနိုင်သေးသော အခိုက်အတန့်ကို ဓားသမားက စနစ်တကျ အကွက်ချ ပြီး ဖမ်းဆုပ်လိုက်ခြင်း ဖြစ်သည်။

သူကိုယ်တိုင်ကမူ ခေါင်မိုးပေါ်တွင် ရှိနေပြီး နောက်သို့ (၃) လှမ်း ဆုတ်ကာ အရှိန်ယူပြီးနောက် လေပေါ်သို့ ခုန်ပျံတိုက်ခိုက် လိုက်သည်။ သူ၏ ပစ်မှတ်မှာ ယန်ရှောင်ယွင်၏ အားနည်းချက်ပင် ဖြစ်သည်။

တူကြီးနှင့် ရင်ဆိုင်နေရသော ပုပုကွကွလူမှာမူ အကူအညီရရန် မျှော်လင့်ချက် မရှိတော့သည်ကို မြင်လိုက်ရ၏။ သူသည် မူလတိုက်ကွက်ကို စွန့်လွှတ်လိုက်ပြီး ဘေးသို့ ကိုယ်ကိုယိမ်းနွဲ့ကာ ရှောင် တိမ်းလိုက်ရ၏။

ထိုစဉ်မှာပင် မိုးပြိုကျသကဲ့သို့သော အသံကြီးနှင့်အတူ လျိုမို၏ တူကြီး ကျရောက်လာပြီး ခေါင်မိုးတစ်ခုလုံး ဝုန်း ခနဲ ပြိုကျပျက်စီးသွားလေ၏။

လျိုမိုနှင့်အတူ အိမ်ထဲသို့ ပြုတ်ကျလာသော လူပုလေးသည် အန္တရာယ်၏ အငွေ့အသက်ကို ခံစား လိုက်ရပြီး တုန်လှုပ်သွားသည်။ သူသည် သံကြိုးကို အသုံးပြုကာ ကပျာကယာ ကာကွယ်ရန် ကြိုးစားလိုက်သည်။

သို့သော် လျိုမို၏ တူသိုင်းတွင် ပါဝင်သော အတွင်းအားနှင့် သိုင်းပညာ ခွန်အားကို သူ လုံးဝ လျှော့တွက်ခဲ့မိ၏။ လျိုမို၏ သဘာဝလွန် ခွန်အားကြီးမားပုံကို သူ မသိခဲ့ပေ။

ဤလူပုလေး၏ သိုင်းပညာသည် ပါးနပ်ခြင်း၊ ချောမွတ်ခြင်း၊ ရက်စက်ခြင်းနှင့် လျင်မြန်ခြင်းတို့တွင် အားသာသော်လည်း... 'ခွန်အား' ဆိုသည့် ကဏ္ဍတွင်မူ လျိုမိုနှင့် ယှဉ်လျှင် ကလေးကစားစရာ သက်သက်သာ ရှိသည်။

မိမိ၏ အားနည်းချက်ကို အသုံးပြုပြီး ရန်သူ၏ အားသာချက်ကို သွားရောက် တိုက်ခိုက်မိခြင်းသည် အမှားတစ်ခုကျူးလွန် ခြင်းပင် မဟုတ်ပါလော။ မည်သို့ အသာစီး ရနိုင်ပါမည်နည်း။

ကြီးမားလှသော ခွန်အားလှိုင်းကြီးတစ်ခု သူ့ကို ဝါးမြိုသွားသည်ဟု ခံစားလိုက်ရ၏။ သူ၏ သံကြိုးသည် ထိုဒဏ်ကို မခံနိုင်ရုံမျှမက ခရမ်းရွှေရောင် တူကြီး သည်လည်း သူ၏ ဝမ်းဗိုက်တည့်တည့်သို့ ဝင်ဆောင့်မိလေ၏။

“ဖြောင်း... ဂျွတ်...”

အရိုးကျိုးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် ဘေးတစ်စောင်းသို့ အဟုန်ပြင်းစွာ ပစ်လွှင့်ခံလိုက်ရ၏။

“ဝုန်း...”

လူပုလေးသည် ပြတင်းပေါက်ကို ဖောက်ထွက်ပြီး အပြင်ဘက် လမ်းမပေါ်သို့ ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ သွားသည်။

သို့သော် နာကျင်မှုကြားမှ သူ မမျှော်လင့်ဘဲ ဝမ်းသာသွားမိ၏။

အိမ်ထဲတွင် ပိတ်မိနေပါက အပေါင်းအပါများ ရှိသော်လည်း သူ့ကို ကူညီနိုင်မည် မဟုတ်ပေ။

ယခု အပြင်သို့ ရောက်လာပြီဖြစ်ရာ... သူ့ဘက်သားတွေက ဒီကောင့်ကို ဘယ်လို လက်စားချေ သတ်ဖြတ်မလဲ ဆိုတာ ကြည့်ရတော့မည်။

သို့သော်... ခေါင်မိုးပေါ်သို့ လှမ်းကြည့်လိုက်သောအခါ သူ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။

အိမ်ခေါင်မိုး တစ်ခုလုံး ပြိုကျပျက်စီးနေသည်ကို အခုမှ သတိထားမိလိုက်သောကြောင့်ပင်...။

All Chapters