အခန်း (၃၂၅-၃၂၇)
Vol. 22 Ch. 325-327
အခန်း (၃၂၅) - အပြစ်ဖော်ထုတ် စစ်ဆေးခြင်း (၂)
~ထိုတံဆိပ်ပြားကို မြင်လိုက်သည်နှင့် တံခါးစောင့်ဖြစ်သူသည် လန့်ဖျပ်သွားသည်။
“လော့ဖုန်း အမိန့်ပေး တံဆိပ်ပြား”
ကပျာကယာ ဒူးတစ်ဖက်ထောက်ပြီး လက်သီးဆုပ် အရိုအသေပြုလိုက်သည်။
“ဘယ်က ဂုဏ်သရေရှိ ပုဂ္ဂိုလ် ကြွရောက်လာတာပါလဲခင်ဗျာ...”
စကားမဆုံးမီမှာပင် မြင်းခွာသံများနှင့်အတူ လူစုတစ်စု ရောက်ရှိလာသည်။ မော့ကြည့်လိုက်သောအခါ မြင်းစီးလာသူများမှာ လော့ဖုန်း မဟာမိတ်အဖွဲ့ဝင်များနှင့် မတူကြောင်း တွေ့လိုက်ရ၏။
ရှေ့ဆုံးမှ မြင်းစီးလာသူမှာ ခန့်ညားသော လူငယ်တစ်ဦး ဖြစ်သည်။ ကျောပေါ်တွင် သေတ္တာတစ်လုံး လွယ်ထားပြီး ရင်ခွင်ထဲတွင် ကလေးတစ်ယောက်ကို ပွေ့ချီထားသည်။
မြင်းဇက်ကြိုးကို ဆွဲလိုက်သောအခါ မြင်းက ရှေ့ခြေနှစ်ဖက်ကို မြှောက်ကာ ဟီလိုက်သည်။ မြေပြင်ပေါ်သို့ ပြန်ကျပြီး ငြိမ်သက်သွားမှ ထိုလူငယ်က စကားစပြောလာ၏။
“အမိန့်ပြားကို ယူပြီး ရှေ့က လမ်းရှင်းပေး... ငါ မြို့စားအိမ်တော် ကို သွားမယ်...”
“ဟုတ်ကဲ့ပါ...”
တံခါးစောင့်သည် မငြင်းရဲဘဲ အမိန့်ပြားကို သွားရောက်ဆွဲနှုတ်ရန် ကြိုးစားသည်။
သို့သော် ဆုမိုသည် အားလျှော့ပြီး ပစ်လိုက်သည် ဆိုသော်ငြား တစ်ဝက်လောက် နစ်ဝင်နေသော တံဆိပ်ပြားကို လက်ဗလာဖြင့် ဆွဲနှုတ်ရန်မှာ မလွယ်ကူပေ။
တံခါးစောင့်ခမျာ ချွေးတလုံးလုံးဖြင့် အတော်ကြာအောင် ရုန်းကန်နေရ၏။ ဓားဖြင့် ကလော်ထုတ်ချင်သော်လည်း လော့ဖုန်း အမိန့်ပေး တံဆိပ်ပြား ဖြစ်နေသဖြင့် မလုပ်ရဲရှာပေ။
ဆုမို မျက်မှောင်ကြုတ်လိုက်သည်။
“ဖယ်လိုက်...”
တံခါးစောင့် ကပျာကယာ ဖယ်ပေးလိုက်သည်။
ဆုမိုသည် လက်ကိုဆန့်ထုတ်ပြီး ချီ စွမ်းအင်ဖြင့် မြေပြင်ပေါ်မှ ကျောက်ခဲတစ်လုံးကို စုပ်ယူလိုက်သည်။ ထို့နောက် လက်ညှိုးဖြင့် ပေါ့ပါးစွာ တောက်ထုတ်လိုက်သည်။
“ဒေါက်...”
ကျောက်ခဲသည် တံဆိပ်ပြားဘေးနားသို့ သွားမှန်ပြီး တံဆိပ်ပြား ပြုတ်ထွက်လာကာ မြေကြီးပေါ်သို့ ကျသွားသည်။
တံခါးစောင့်က အမိရ ဖမ်းယူလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
“လော့ဖုန်း အမိန့် ရောက်ရှိနေပြီ... ငါ့အမိန့်ကို နာခံကြ... နှစ်ယောက်က မြို့ဝင်ပေါက်ကို ထိန်းထား... ကျန်တဲ့လူတွေ ရှေ့က လမ်းရှင်းပေးလိုက်...”
“အမိန့်အတိုင်းပါ...”
အမိန့်သံအဆုံးတွင် ခြေသံများ ထွက်ပေါ်လာသည်။ ခေါင်းဆောင်ဖြစ်သူက ရှေ့မှ ဦးဆောင်သွားရင်း လက်ထဲမှ တံဆိပ်ပြားကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။
ကျောဘက်တွင် ဝေဟူသော စာလုံးကြီးကို တွေ့လိုက်ရသောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။
'ဒါ မဟာမိတ်ခေါင်းဆောင်ကြီးရဲ့ လူပဲ...'
လောလောဆယ် လော့ဖုန်း မဟာမိတ်အဖွဲ့အတွင်း အားပြိုင်မှုများ ပြင်းထန်နေသော်လည်း မဟာမိတ်ခေါင်းဆောင် ဝေရူဟန် သည် သေဆုံးခြင်း မရှိသေးပေ။
ဤတံဆိပ်ပြားသည် အခြားသော မဟာမိတ်ခေါင်းဆောင်ငယ်များ ကိုင်ဆောင်သော တံဆိပ်ပြားများထက် အာဏာပိုရှိသည်။
'ဒီလောက် ဟိတ် ဟန်ကြီးကြီးနဲ့ ရောက်လာတဲ့ ဒီလူက ဘယ်သူလဲ... ဘာလာလုပ်တာလဲ...'
စိတ်ထဲတွင် မေးခွန်းထုတ်နေသော်လည်း ခြေလှမ်းများကို မရပ်တန့်ရဲပေ။ လမ်းသွားလမ်းလာများကို ဘေးဖယ်ခိုင်းရင်း မြို့စားအိမ်တော်ဆီသို့ ဦးဆောင်ခေါ်သွားသည်။
ဆုမိုနှင့် အဖွဲ့သည်လည်း နောက်မှ လိုက်ပါလာပြီး ခဏအတွင်းမှာပင် ကျုံးဖူမြို့ ၏ မြို့စားအိမ်တော်ရှေ့သို့ ရောက်ရှိလာကြ၏။
သူတို့၏ ဆူညံသံများကြောင့် မြို့စားအိမ်တော်မှ လူများ ကြိုတင်သတိထားမိပြီး ဖြစ်သည်။
သို့သော် ဤမျှ လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု မထင်ထားကြပေ။ တံခါးဝတွင် အစောင့် (၄) ဦး ရှိနေပြီး ဆုမိုတို့ကို စိမ်းစိမ်းကြည့် နေကြ၏။ လက်များက ဓားရိုးပေါ်တွင် အသင့်ပြင်ထားကြ၏။
လမ်းပြခေါင်းဆောင်က ဆုမိုကို လက်သီးဆုပ် အရိုအသေပြုလိုက်သည်။
“သခင်လေး... မြို့စားအိမ်တော် ရောက်ပါပြီ...”
ဆုမို ခေါင်းငြိမ့်ပြလိုက်သည်။
“သွား... တံခါးခေါက်လိုက်...”
လမ်းပြခေါင်းဆောင် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း အမိန့်ကို မလွန်ဆန်ရဲပေ။ တံခါးရှေ့သို့ သွားကာ တံဆိပ်ပြားကို မြှောက်ပြလိုက်သည်။
“လော့ဖုန်း အမိန့် ရောက်ရှိနေပြီ... လမ်းမဖယ်ကြသေးဘူးလား...”
တံခါးစောင့်များ အံ့အားသင့် သွားကြ၏။ လာရောက်သူများ လက်ထဲတွင် တံဆိပ်ပြား ပါလာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ခေတ္တမျှ တွေဝေနေပြီး လမ်းဖယ်ပေးရန် ပြင်လိုက်စဉ်မှာပင် တံခါးကြီး၏ ဘေးပေါက် ရုတ်တရက် ပွင့်လာသည်။
စာပေပညာရှင် ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦး ထွက်လာသည်။
“လော့ဖုန်း အမိန့် ဟုတ်လား... အာဏာပြလှချည်လား... ဘယ်က လော့ဖုန်း အမိန့်မို့လို့ ငါတို့ ကျုံးဖူမြို့စားအိမ်တော်မှာ လာပြီး ရမ်းကားနေရတာလဲ...”
“အမတ်လျို...”
ဘေးနားရှိ လူများက သူ့ကို မြင်သောအခါ ကပျာကယာ နှုတ်ဆက်ကြ၏။
အမတ်လျိုသည် လက်ကို နောက်ပစ်လျက် လမ်းပြခေါင်းဆောင် ရှေ့သို့ ရောက်လာသည်။
“ပေးစမ်း...”
လမ်းပြခေါင်းဆောင်က တံဆိပ်ပြားကို ကမ်းပေးလိုက်သည်။ အမတ်လျိုက ယူကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ကြီးရဲ့ တံဆိပ်ပြားပါလား...”
သူက ဆုမိုတို့ကို မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မင်းတို့က လော့ဖုန်း မဟာမိတ်အဖွဲ့ကလား...”
“မဟုတ်ဘူး...”
ဆုမို ခပ်ပြုံးပြုံး ဖြေလိုက်သည်။
“မဟုတ်ဘူး ဟုတ်လား... မဟုတ်ရင် ဒီတံဆိပ်ပြားက ဘယ်က ရတာလဲ... လိမ်လည်လှည့်ဖြားပြီး ကျုံးဖူမြို့စားအိမ်တော်ကို လာရဲတယ်ပေါ့... တကယ့် ကောင်တွေပဲ... ဖမ်းလိုက်ကြစမ်း...”
သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် တံခါးကြီး ပွင့်သွားသည်။
လက်နက်ကိုင် အစောင့်အများအပြား ဒရောသောပါး ပြေးထွက်လာကြ၏။
“ဘယ်သူက ငါ့ဆရာသခင်ကို ထိရဲလဲ...”
ဆုမို၏ နောက်ကျောဘက်မှ ဟိန်းညံသော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် လူရိပ်တစ်ခု အရိပ်တခု ပျံတက် သကဲ့သို့ ခုန်တက်လာပြီး မြေပြင်ပေါ်သို့ ဝုန်း ခနဲ ပြန်ကျလာသည်။ မြေကြီးပင် သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားရသည်။
အစောင့်များ အားလုံး ယိုင်နဲ့သွားကြပြီး မတ်တတ်ရပ်ရန်ပင် ခဲယဉ်းသွားသည်။
ဒါက အစပဲ ရှိသေး၏။
ကျန်းရှောင်ရှောင် သည် ခြေတစ်ချောင်းထောက် ကြေးနီတူ ကြီးကို ကိုင်ဆောင်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လူအုပ်ကြီးကို တွန်းထုတ်လိုက်သည်။
အစောင့်များမှာ အငိုက်မိသွားပြီး ပြန်လည်ခုခံရန် ကြိုးစားသော်လည်း ကျန်းရှောင်ရှောင်၏ ခွန်အားကို မယှဉ်နိုင်ကြပေ။
ခဏအတွင်းမှာပင် အမတ်လျို အပါအဝင် ထွက်လာသမျှ လူအားလုံးကို ကျန်းရှောင်ရှောင်က အိမ်ထဲသို့ ပြန်လည် မောင်းသွင်းလိုက်၏။
သူမ၏ ခွန်အားသည် တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
ကံဆိုးသည်က အမတ်လျိုမှာ သိုင်းပညာ မတတ်ခြင်းပင်။ တစ်ဖက်တွင် ကြေးနီတူကြီး၊ တစ်ဖက်တွင် သိုင်းသမား အုပ်စုကြီး... ကြားညပ်ပြီး သေလုနီးပါး ဖြစ်သွားရရှာသည်။
အိမ်ထဲသို့ ပြန်ရောက်သွားသောအခါ သူသည် ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်ဘဲ သွေးတစ်လုပ် ဝေါ့ခနဲ အန်ချ လိုက်ရ၏။
ထိုအချိန်တွင် ဆုမို၏ အသံ ထွက်ပေါ်လာသည်။
“ကျိုးချင်ချွမ်... ထွက်ခဲ့စမ်း...”
စကားလုံး (၅) လုံးတည်းသာ ဖြစ်သော်လည်း တစ်လုံးစီသည် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှသည်။
နားစည်များ ကွဲထွက်မတတ် ခံစားလိုက်ရ၏။
သိုင်းပညာရှင်များပင် မူးဝေသွားကြ၏။ စကားပြောရန် ပြင်နေသော အမတ်လျိုမှာ ခေါင်းထဲတွင် ဝီ ခနဲ ဖြစ်သွားပြီး သွေးတစ်လုပ် ထပ်အန်လိုက်ရပြန်သည်။
“ဘယ်က ဆရာသမားကများ ငါတို့ လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေထဲမှာ လာပြီး ရမ်းကားနေရတာလဲ...”
လေထဲမှ အသံတစ်သံ ပြန်လည် တုံ့ပြန်လာလေ၏။
အခန်း (၃၂၆) - အပြစ်ဖော်ထုတ် စစ်ဆေးခြင်း (၃)
~ဆုမို မော့ကြည့်လိုက်သောအခါ မြို့စားအိမ်တော်၏ ခေါင်မိုးပေါ်တွင် လူလတ်ပိုင်း တစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
လက်နှစ်ဖက်ကို နောက်သို့ပစ်ထားပြီး စူးရှသော မျက်ဝန်းများဖြင့် အာဏာစက် ပြင်းထန်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
သူ ခေါင်မိုးပေါ်တွင် ရပ်နေရခြင်းမှာ အထက်စီးမှ ဆက်ဆံချင်သောကြောင့် မဟုတ်ပေ။
အဓိက အကြောင်းရင်းမှာ တံခါးဝတွင် လူအုပ်ကြီး များပြားလွန်းနေသောကြောင့် ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများနှင့် ရောနှောပြီး တိုးဝှေ့နေလျှင် သိက္ခာကျမည် မဟုတ်ပါလော။
ထို့ကြောင့် ခေါင်မိုးပေါ်သို့ ခုန်တက်ပြီး မည်သူက လာရောက် ရမ်းကားနေသလဲ ဆိုသည်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဆုမိုက ထိုလူကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
“ခင်ဗျားက ကျိုးချင်ချွမ် လား...”
“ကျုပ်ပဲ... ခင်ဗျားက ဘယ်သူလဲ...”
“ဇီယန်အာမခံဌာန.. ဆုမို ”
“ဘာ...”
ကျိုးချင်ချွမ် အံ့အားသင့်သွားသည်။ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ တရိပ်ရိပ် ဖြတ်ပြေးသွား၏။
လူတစ်ယောက်၏ နာမည်ကျော်ကြားမှုသည် သစ်ပင်၏ အရိပ်နှင့်တူသည် မဟုတ်ပါလော။
ဆုမိုသည် ရွှမ်ကျီတောင်ကြား တိုက်ပွဲတွင် နာမည်ကျော်ကြားခဲ့ပြီး အနောက်တောင်ပိုင်း သိုင်းလောက တစ်ခုလုံးကို လောကကို ကိုင်လှုပ် သွားစေခဲ့သူ ဖြစ်သည်။
သူ၏ သိုင်းပညာသည် မျိုးဆက်သစ် လူငယ်များထဲတွင် ထိပ်တန်းဟု သတ်မှတ်ခံထားရ၏။
ထို့အပြင် သူ၏ သိုင်းပညာကို ခဏထားလိုက်ဦး... ရွှမ်ကျီတောင်ကြား တိုက်ပွဲတွင် သူ လုပ်ဆောင်ခဲ့သော ကိစ္စများကြောင့် အနောက်တောင်ပိုင်း သိုင်းလောကတစ်ခုလုံးမှ လူမည်မျှ သူ့အပေါ် ကျေးဇူးတင်နေကြသနည်း။
အခြားသူများကို ထားလိုက်... ယွီလျိုစံအိမ် မှ လျူဆွေဖုန်း တစ်ယောက်တည်းကို တွေးကြည့်လိုက်လျှင်ပင် လုံလောက်နေချေပြီ။
လျူဆွေဖုန်း ဆိုသည်မှာ ဘယ်လို ပုဂ္ဂိုလ်မျိုးတဲ့လဲ။
လော့ဖုန်း မဟာမိတ်အဖွဲ့ ပင်လျှင် သူ့ကို မျက်နှာသာ ပေးရ၏။ ဆုမိုက လျူဆွေဖုန်း၏ အသက်သခင် ကျေးဇူးရှင် ဖြစ်နေသည် မဟုတ်ပါလော။
မူလက ကျိုးချင်ချွမ်သည် ဆုမိုကို အညတရ တစ်ယောက်ဟု ထင်မှတ်ခဲ့သည်။ လော့ဖုန်း အမိန့်ပြား တစ်ခုခုကို ကောက်ရပြီး လာရောက် ကံစမ်းနေသူဟု ထင်ခဲ့သည်။
သို့သော် မထင်မှတ်ဘဲ ဤမျှ ပြဿနာ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေရ၏။
ရုတ်တရက် သူသည် ဖိအားများစွာ ခံစားလိုက်ရ၏။
သို့သော် ဆုမိုက သူ့အတွေးများကို ဂရုမစိုက်ပေ။ ခပ်ဟဟ ရယ်လိုက်သည်။
“မြို့စားမင်းကျိုး... ဒီမှာ လူတစ်ယောက် ပါလာတယ်... ခင်ဗျား ကြည့်လိုက်ပါဦး...”
“လူတစ်ယောက် ဟုတ်လား...”
ကျိုးချင်ချွမ် မျက်နှာ၌အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။ လျူဆွေဖုန်းများ ပါလာသလားဟု တွေးလိုက်မိ၏။
ဘာတွေ ဖြစ်ကုန်တာလဲ။
သူ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဆုမို၏ နောက်ဘက် မလှမ်းမကမ်းမှ လူကောင်ကြီးတစ်ယောက်သည် မြင်းပေါ်တွင် တင်ထားသော လူတစ်ယောက်ကို ဆွဲမလိုက်ပြီး လက်ကောက်ဝတ်ကို ဝှေ့ယမ်းကာ ပစ်လိုက်သည်ကို တွေ့လိုက်ရ၏။
ထိုလူသည် သွေးသံရဲရဲဖြင့် သေလုမျောပါး ဖြစ်နေ၏။
လူကောင်ကြီး၏ လက်ထဲမှ လွတ်ထွက်လာသော ထိုလူသည် ကျိုးချင်ချွမ် ရှိရာသို့ အဟုန်ပြင်းစွာ ပျံသန်းလာသည်။
လေတိုးသံများ ဝှီး ခနဲ မြည်ဟည်းနေပြီး ပါဝင်သော ခွန်အားမှာ မသေးလှပေ။
ကျိုးချင်ချွမ် အငိုက်မိသွားသော်လည်း လက်နှစ်ဖက်ကို ချက်ချင်း ဆန့်ထုတ်ကာ ထိုလူ၏ ပခုံးများကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် လက်များကို ကြက်ခြေခတ် ယှက်နွှယ်လိုက်ပြီး လေထဲတွင် တစ်ပတ် လှည့်စေကာ ပါလာသော အရှိန်ကို စနစ်တကျ ချေဖျက်လိုက်သည်။
ဖမ်းမိလိုက်သော လူကို အသေအချာ ကြည့်လိုက်သောအခါ အသက်ငွေ့ငွေ့သာ ကျန်တော့ကြောင်း တွေ့ရ၏။ အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး အသားစများ လန်ထွက်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။
မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ပေ။
ခဏမျှ သူ ကြောင်သွားပြီး...
“ခေါင်းဆောင်ဆု... ဒါ ဘာသဘောလဲ... ဒီလူက ဘယ်သူလဲ...”
“ကျုံးဖူမြို့ အရှေ့ဘက် မိုင် (၁၀၀) အကွာမှာ ရွာတစ်ရွာ ရှိတယ်... အဲဒီရွာက ခင်ဗျားရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိတယ် မဟုတ်လား...”
ဆုမိုက မေးခွန်းကို တိုက်ရိုက် မဖြေဘဲ တခြားစကား လှည့်ပြောလိုက်သည်။
“ဒါပေါ့... ရှိတာပေါ့...”
ကျိုးချင်ချွမ် မငြင်းရဲပေ။ အကယ်၍ သူသာ ခေါင်းခါလိုက်လျှင် ဝေရူဟန် က ဒါ သူ့နယ်မြေပါ ဟု ဝင်ပြောလာလိမ့်မည်။
“အဲဒီရွာက လူတွေ တစ်ညတည်းနဲ့ အကုန် အသတ်ခံလိုက်ရတယ်... ဒီကလေးတစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တာ... သူလည်း နှလုံးကြောမှာ ဒဏ်ရာအပြင်းအထန် ရထားပြီး သေလုနီးပါး ဖြစ်ခဲ့ရတယ်...”
ဆုမို ဆက်ပြောလိုက်သည်။ ကျိုးချင်ချွမ်၏ အကြည့်များက ဆုမို၏ ရင်ခွင်ထဲမှ ကလေးဆီသို့ ရောက်သွားသည်။
အစကတည်းက ကလေးကို သတိထားမိသော်လည်း ဘာကြောင့် ခေါ်လာမှန်း မသိခဲ့ပေ။
ယခု ကြားလိုက်ရသောအခါ သူ့နဖူးမှ ချွေးစေးများ စီးကျလာသည်။
သူ ကပျာကယာ ပြန်ပြောလိုက်သည်။
“ခေါင်းဆောင်ဆု... ကျုပ်စကား နားထောင်ပါဦးဗျာ...”
သို့သော် ဆုမိုက နားထောင်လိုစိတ် မရှိပေ။
“လူသတ်သမားတွေက အနောက်ဘက် ဝူရှန်ခန်းမ ကလာတဲ့ ကွမ်ချွမ်း တစ္ဆေငါးကောင် ပဲ... ခင်ဗျားလက်ထဲက လူက အဲဒီ တစ္ဆေငါးကောင်ထဲက တစ်ကောင်ပဲ...”
“ကျုပ် ခင်ဗျားကို မေးချင်တယ်... ဒီလူတွေ ကျုံးဖူမြို့နယ်မြေထဲ ဝင်လာတာကို ခင်ဗျား လုံးဝ မသိလိုက်ဘူးလား...”
ထိုအချိန်တွင် မြို့စားအိမ်တော်ရှေ့၌ စုဝေးနေသော ပြည်သူများသည် အဘယ်ကြောင့် ဤလူစု ရောက်ရှိလာပြီး ပြဿနာရှာနေရသနည်း ဆိုသည်ကို နားလည်သွားကြ၏။
သူတို့ ကျုံးဖူမြို့နယ်မြေထဲတွင် ရက်စက်ကြမ်းကြုတ်သော လူသတ်ပွဲကြီး ဖြစ်ပွားခဲ့သည်ကို လက်ပိုက်ကြည့်မနေနိုင်ဘဲ တရားမျှတမှုကို လာရောက် တောင်းဆိုနေခြင်း ဖြစ်သည်ကိုး။
ချက်ချင်းပင် အားလုံး၏ အကြည့်များက ကျိုးချင်ချွမ်ထံသို့ ရောက်ရှိသွားကြ၏။
ကျိုးချင်ချွမ်၏ မျက်နှာ ကွက်ခနဲ ပျက် သွားသည်။ ဆုမိုသည် လော့ဖုန်း မဟာမိတ်အဖွဲ့ဝင် မဟုတ်သဖြင့် သူ့ကိစ္စ မဟုတ်ကြောင်း ငြင်းဆိုရန် ကြံရွယ်လိုက်သည်။
သို့သော် ဆုမိုသည် လော့ဖုန်း အမိန့်ပေး တံဆိပ်ပြား ကို ကိုင်ဆောင်လာခဲ့သည်။
လော့ဖုန်း အမိန့်၏ အာဏာသည် ကြီးမားနိုင်သလို သေးငယ်နိုင်သည်။ သို့သော် ဝေရူဟန် အသက်ရှင်နေသရွေ့ ဝေ တံဆိပ်ပြားသည် အခြား တံဆိပ်ပြားများနှင့် မတူဘဲ အဆင့်အတန်း တစ်ခု ရှိနေ၏။
သာမန်အားဖြင့် တံဆိပ်ပြားတစ်ခုတည်းနှင့် အခြား မဟာမိတ်ခေါင်းဆောင်များကို အမိန့်ပေး၍ မရနိုင်သော်လည်း...
ပြဿနာက... ပထမအချက်၊ ဒါက ဝေတံဆိပ်ပြား ဖြစ်နေ၏။ ဒုတိယအချက်၊ ပါဝင်ပတ်သက်နေသူက ဆုမို ဖြစ်နေ၏။ တတိယအချက်၊ ဖြစ်ပျက်ခဲ့သော ကိစ္စက ဆိုးရွားလွန်းနေ၏။
ဒီအချိန်မှာ သူ့အနေနှင့် ပြန်ဖြေဖို့မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
သူ အံကို ကြိတ်လိုက်ပြီး...
“ဒီကိစ္စကို... ကျုပ် ဘာမှ မသိဘူး...”
“မိုက်ရိုင်းလှချည်လား...”
ဆုမို ရုတ်တရက် ဒေါသပေါက်ကွဲကာ ဟိန်းဟောက် လိုက်သည်။
“လော့ဖုန်း မဟာမိတ်အဖွဲ့က မြို့လေးမြို့၊ မြစ်သုံးစင်း၊ ပင်လယ်အော်နှစ်ခု ကို အုပ်ချုပ်ပြီး ပြည်သူတွေကို စောင့်ရှောက်နေတာ...”
“ခင်ဗျားက မြို့စားတစ်ယောက် အနေနဲ့... ကွမ်ချွမ်း တစ္ဆေငါးကောင်လို လူစားမျိုးတွေ နယ်မြေထဲ ဝင်လာတာကိုတောင် အရိပ်အယောင်လောက်တောင် မသိဘူး ဟုတ်လား...”
“ဒါကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေ သွေးမြေကျပြီး သေဆုံးခဲ့ရတာပေါ့...”
“ကျိုးချင်ချွမ်... ခင်ဗျား အပြစ်ကို ဝန်ခံမလား...”
“လွန်လွန်းနေပြီ... ငါ့မှာ အပြစ်ရှိတယ် ဆိုဦးတော့... အာမခံဌာနတစ်ခုက ခေါင်းဆောင်လောက်ကများ ငါ့ကို လာပြီး စစ်ဆေးမေးမြန်းရဲတယ်ပေါ့...”
ကျိုးချင်ချွမ်၏ ရင်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေ၏။ ဆုမိုက သူ့ကို အရေးယူရန် အကြောင်းပြချက် ရှာနေမှန်း သိလိုက်သည်။
ဝေတံဆိပ်ပြားကို ကိုင်ဆောင်ထားခြင်းက ဝေရူဟန်နှင့် ဆက်ဆံရေး မရိုးကြောင်း ပြသနေ၏။
ယခု ဝေရူဟန်က ဝေဇီယီ ကို လော့ဖုန်း မဟာမိတ်အဖွဲ့ထဲ သွတ်သွင်းနေချိန်ဖြစ်ရာ ဆုမိုက ဒါကို အခွင့်ကောင်းယူပြီး ဝေဇီယီအတွက် လမ်းရှင်းပေးနေခြင်း ဖြစ်တန်ရာ၏။ ပြိုင်ဘက်များကို ဖယ်ရှားပေးနေခြင်း ပေတည်း။
“ဟား... ဟား... ဟား...”
ဆုမိုက မိုးမွှန်အောင် ရယ်လိုက်သည်။
“ဒီနေ့ ကျွန်တော့်လက်ထဲမှာ လော့ဖုန်း အမိန့် ရှိနေလို့ လော့ဖုန်း မဟာမိတ်အဖွဲ့ ကိစ္စကို ဝင်ပါခွင့်ရှိတာ ထားလိုက်ဦး...”
“ဒီတံဆိပ်ပြား မပါရင်တောင်မှ... လောကကြီးရဲ့ အရေးကိစ္စဆိုတာ အားလုံးနဲ့ သက်ဆိုင်တယ်ဗျ... ခင်ဗျားက မဟာမိတ်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ပေါ့လျော့တယ်... မဟာမိတ်အဖွဲ့ တိုးတက်ဖို့လည်း မလုပ်ဘူး... ပြည်သူတွေရဲ့ အကျိုးကိုလည်း မကြည့်ဘူး... ကိုယ့်အုပ်ချုပ်မှုအောက်က ပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံရတာကိုတောင် ဘာမှ မသိဘူးတဲ့လား...”
“တကယ့်ကို ရယ်စရာ ကောင်းလိုက်တာ...”
“ခင်ဗျားလို ခေါင်းဆောင်မျိုး ရှိနေတာထက် မရှိတာကမှ ပိုကောင်းဦးမယ်...”
စကားဆုံးသည်နှင့် သူသည် အရိပ်တခု ပျံတက် သကဲ့သို့ ခုန်တက်လိုက်ပြီး ကျိုးချင်ချွမ် ရှိရာသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
ကျိုးချင်ချွမ်သည် အသင့်ပြင်ထားပြီးသား ဖြစ်သည်။ ဒီအခြေအနေ ရောက်မှတော့ တိုက်ခိုက်ဖို့ပဲ ရှိတော့သည်ကို သူ သိသည်။ ချက်ချင်းပင် လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်ပြီး ဦးအောင် တိုက်ခိုက်လိုက်တော့၏။
သို့သော် ဆုမိုက မိမိ၏ လက်ဝါးချက်များကို ဂရုမစိုက်ဘဲ အထိခံလိုက်သည်ကို တွေ့လိုက်ရ၏။ လက်ဝါးများ ဆုမို၏ ကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း သံတုံးကို ရိုက်မိသကဲ့သို့ ခံစားလိုက်ရ၏။ ဆုမိုက မတုန်မလှုပ် ရှိနေသော်လည်း သူ့လက်မောင်းများမှာမူ ပြန်ကန်အားကြောင့် တုန်ခါသွားရ၏။
သွေးများ နှလုံးဆီသို့ ပြန်စီးဆင်းသွားပြီး ရင်ဘတ်အောင့်သွားသည်။ ထိုစဉ်မှာပင် ကောင်းကင်ကို ဖုံးလွှမ်းသွားသကဲ့သို့ ကြီးမားသော လက်ဝါးကြီးတစ်ခု သူ့မျက်နှာဆီသို့ တိုးဝင်လာသည်ကို မြင်လိုက်ရ၏။
ခေါင်းထဲတွင် ဝုန်း ခနဲ မြည်ဟည်းသွားပြီးနောက်... ကျိုးချင်ချွမ် ဘာမှ မသိတော့ပေ။
အောက်မှ ကြည့်နေသူများ မြင်လိုက်ရသည်မှာ... ဇီယန်ဂိုဏ်းချုပ် ဆုမိုသည် လေပေါ်သို့ ပျံတက်သွားပြီး ကျိုးချင်ချွမ်၏ လက်ဝါးချက်များကို ကြံ့ကြံ့ခံကာ ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဆုမို၏ လက်ဝါးချက်သည် ကျိုးချင်ချွမ်၏ ဦးခေါင်းကို ရိုက်ချလိုက်ရာ ဦးနှောက်များ ပွင့်ထွက်သွားပြီး ပွဲချင်းပြီး သေဆုံးသွားလေတော့၏။
ထို့နောက် ဆုမိုသည် ခေါင်မိုးစွန်းကို ခြေဖျားဖြင့် တို့ထိပြီး မြို့စားအိမ်တော်ရှေ့သို့ ပြန်လည် သက်ဆင်းလာသည်။ အမတ်လျို၏ လက်ထဲမှ လော့ဖုန်း အမိန့် တံဆိပ်ပြားကို ပေါ့ပါးစွာ ပြန်လည် ယူဆောင်လိုက်သည်။
အမတ်လျို၏ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
“မင်း... မင်း...”
သို့သော် ဆုမိုက သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ပေ။ ကျန်းရှောင်ရှောင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“သွားကြစို့...”
ကျန်းရှောင်ရှောင်က သွားဖြဲကာ ရယ်လိုက်ပြီး လူအုပ်ကြီးကို တွန်းထုတ်ကာ လမ်းရှင်းပေးလိုက်သည်။
သူတို့နှစ်ဦး နောက်သို့ ချာခနဲ လှည့်ထွက် လိုက်ချိန်တွင် အဝေးမှ အသံတစ်သံ ပဲ့တင်ထပ်လာလေ၏။
“ဘယ်သူကများ ကျုံးဖူမြို့စားအိမ်တော်မှာ ဒီလောက်တောင် ရမ်းကားရဲရတာလဲကွ...”
အခန်း (၃၂၇) - ချီလု၏ အပျော်
~“ဘယ်သူကများ ကျုံးဖူမြို့ မြို့စားအိမ်တော်မှာ ဒီလောက်တောင် ရမ်းကားရဲရတာလဲကွ...”
အဝေးမှ ပျံ့လွင့်လာသော ထိုအသံကြောင့် မြင်းပေါ်တက်ရန် ပြင်နေသော ဆုမို၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားသည်။
ခဏအကြာတွင် လူရိပ်အချို့ သူတို့ရှေ့သို့ ခုန်ပျံ ရောက်ရှိလာကြ၏။
ထိုအထဲမှ တစ်ယောက်သည် ခေါင်မိုးပေါ်တွင် သေဆုံးနေသော ကျိုးချင်ချွမ် ကို လှမ်းမြင်လိုက်ပြီး မျက်နှာ ကွက်ခနဲ ပျက် သွားသည်။
နောက်တစ်ယောက်ကမူ ဆုမိုကို မြင်လိုက်သည်နှင့် မျက်လုံးသူငယ်အိမ် ကျဉ်းမြောင်းသွားပြီး ခေါင်းဆောင်ဖြစ်သူ၏ နားနားသို့ ကပ်ကာ တီးတိုး မသိမသာ ရေရွတ် လိုက်သည်။
ခေါင်းဆောင် စကားမပြောရသေးမီမှာပင် နောက်ထပ် သတင်းတစ်ခုကို ကပျာကယာ လာရောက် ပေးပို့ကြပြန်သည်။
ဆက်တိုက် ကြားနေရသော သတင်းဆိုးများကြောင့် ခေါင်းဆောင်၏ မျက်နှာထားမှာ အမျိုးမျိုး ပြောင်းလဲနေ၏။
ခဏမျှ စဉ်းစားပြီးနောက် သူ စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက ဦးအောင် ဖြတ်ပြောလိုက်သည်။
“ခင်ဗျားက ကျုံးဖူမြို့ ဒုတိယမြို့စား ချီလု လား...”
“...ဟုတ်ပါတယ်...”
ချီလုသည် အချိန်ဆွဲမနေရဲဘဲ ကပျာကယာ လက်သီးဆုပ် အရိုအသေ ပြုလိုက်သည်။
ဒီနေ့ သူ သတင်းရထားသည်မှာ... လော့ဖုန်း အမိန့် အား ကိုင်ဆောင်ထားသူ တစ်ယောက် မြို့စားအိမ်တော်သို့ ရောက်လာပြီး ကျိုးချင်ချွမ်ကို တွေ့ခွင့်တောင်းနေသည် ဟူ၍ပင်။
ရှင်းနေသည်ပဲ... လာသည့် လူက ကောင်းသော ရည်ရွယ်ချက်နှင့် လာတာ မဟုတ်ချေ။
မြို့စားနှင့် ဒုတိယမြို့စား ရာထူးချင်း တူသည်ဟု ဆိုရသော်လည်း သူတို့ နှစ်ဦးကြားတွင် အဖုအထစ် ရှိနေသည်မှာ ကြာပြီ ဖြစ်၏။
ကျိုးချင်ချွမ် ကံဆိုးမိုးမှောင်ကျသည်ကို မြင်ချင်လွန်းသဖြင့် ချီလုသည် ပွဲကြည့်ရန် တဟားဟား ကြိတ်ရယ်ကာ ရောက်ချလာခြင်း ဖြစ်သည်။
သူ့စကားလုံးတွေက ပြင်းထန်ကောင်း ပြင်းထန်လိမ့်မည်။ သို့သော် တကယ်တမ်းတွင် သူသည် မီးလောင်ရာ လေပင့်ပြီး ပြဿနာ ပိုကြီးသွားအောင် လုပ်ချင်နေသူသာ။
သို့သော် ဒီနေ့ ပြဿနာက သူ ထင်ထားတာထက် အများကြီး ပိုကြီးနေ၏။
လော့ဖုန်း အမိန့် ကိုင်ဆောင်ထားသူက လော့ရှားမြို့၊ ဇီယန်အာမခံဌာန က ဆုမိုတဲ့လား...။
ချီလုသည် ဆုမိုနှင့် လူချင်း မရင်းနှီးသော်လည်း သတင်းစကားများတော့ အများကြီး ကြားဖူးသည်။
လူတိုင်းက ဆုမိုကို ရွှမ်ကျီတောင်ကြား တိုက်ပွဲတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သူ၊ သိုင်းပညာ အထွတ်အထိပ် ရောက်နေသူဟု အသိအမှတ်ပြုထားကြ၏။
သို့သော် ချီလု သိထားသည်က... ဆုမိုတွင် ပြိုင်ဘက်ကင်း သိုင်းပညာ ရှိရုံသာမက၊ သူ့၏ ဉာဏ်နီဉာဏ်နက်နှင့် စနစ်တကျ အကွက်ဆင်တတ်ပုံကလည်း ခန့်မှန်းရခက်လွန်းလှသည် ဟူ၍ပင်။
ခုနစ်ပါး အစွန်းရောက် ခန်းမ ၏ ခန်းမသခင်ကြီး ဖုန်းဝူရှန်သည် အာမခံပစ္စည်း လုယူမှုတစ်ခုနှင့် ပတ်သက်ပြီး ဆုမိုနှင့် ပြဿနာတက်ခဲ့ဖူးသည်။ လော့ရှားမြို့အထိ သွားပြီး ဆုမိုကို ရန်ရှာခဲ့၏။
မထင်မှတ်ထားသည်မှာ... ဆုမိုသည် စကားလုံး အနည်းငယ်ဖြင့် ဖုန်းဝူရှန်ကို ပြန်လွှတ်လိုက်နိုင်ရုံသာမက၊ ခန်းမသခင်များအကြား သွေးကွဲအောင်လည်း လုပ်ဆောင်နိုင်ခဲ့သည်။
လော့ရှားမြို့ပြင်တွင် ဖြစ်ပွားခဲ့သော ပရမ်းပတာ တိုက်ပွဲအပြီး၌ ခုနစ်ပါး အစွန်းရောက် ခန်းမ သည် သိုင်းလောကမှ ရုတ်ချည်း ပျောက်ကွယ် သွားခဲ့ရ၏။
ကောလာဟလတွေအရတော့ ဆုမိုက သဘောထားကြီးစွာဖြင့် ဖုန်းဝူရှန်နှင့် (၃) ကွက် ယှဉ်ပြိုင်ရန် သဘောတူခဲ့ပြီး တစ်ကွက်တည်းနှင့် အနိုင်ယူလိုက်သည် ဟု ဆိုကြ၏။
ဒါပေမဲ့ ချီလု အမှန်အတိုင်း သိပါသည်။ ဒါက မဟာမိတ်ခေါင်းဆောင်ကြီးက သူ့လူကို ကောင်းသတင်း ထွက်စေချင်၍ တမင် လွှင့်ထားသော သတင်းတွေပင်။
တကယ့် အမှန်တရားကတော့... ဆုမိုရဲ့ ရက်စက်ပြတ်သားသည့် နည်းဗျူဟာတွေကြောင့် ခုနစ်ပါး အစွန်းရောက် ခန်းမ ပြိုကွဲသွားခဲ့ရခြင်းပင်။ သူ့နာမည်ဂုဏ်သတင်း တက်လာပြီး ဟိုဘက်ကတော့ ပြာကျသွားခဲ့ရသည်လေ။
ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် ယခု ကျုံးဖူမြို့သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့အပြင် ကျိုးချင်ချွမ်ကိုလည်း လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်။
သူသာ စိတ်ဆန္ဒရှိပါက... မိမိကိုလည်း လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
မဟာမိတ်ခေါင်းဆောင် ဝေရူဟန် ပေးအပ်ထားသော လော့ဖုန်းအမိန့်ကို ကိုင်ဆောင်ထားသည်ဖြစ်ရာ... ဆုမို၏ လုပ်ရပ်များက အကြောင်းပြချက် အပြည့်အဝ ခိုင်လုံနေပြီ ဖြစ်တော့၏။
ချီလု၏ ရင်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်လာပြီး စိတ်နှလုံး လေးလံသွားရ၏။
“ကောင်းပြီ...”
ဆုမို ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော်လည်း ခင်ဗျားကို လိုက်ရှာဖို့ ကြံနေတာ... အခုတော့ လူကိုယ်တိုင် ရောက်လာပြီပေါ့...”
“ခေါင်းဆောင်ဆု ရောက်လာတာက ကွမ်ချွမ်း တစ္ဆေငါးကောင်.. ကျုပ်တို့ နယ်မြေထဲ ဝင်ပြီး ကျူးလွန် စော်ကားသွားတဲ့ ကိစ္စကြောင့်လား...”
ချီလုက ကပျာကယာ ဝင်ပြောလိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်.., ကျိုးချင်ချွမ်ကို အကြိမ်ကြိမ် သတိပေးခဲ့ပါသေးတယ်... ဒါပေမဲ့ သူက နားမထောင်ခဲ့ဘူး... ကျုပ်လက်အောက်မှာလည်း အရည်အချင်းရှိတဲ့လူ မရှိတော့ လွှတ်လိုက်တဲ့ လူတွေအကုန်လုံး အဲဒီ တစ္ဆေငါးကောင် လက်ချက်နဲ့ သေကုန်ကြတယ်...”
“ကျုပ် ကိုယ်တိုင် သွားဖမ်းဖို့ ကြံနေတုန်း အခုလို ဖြစ်သွားတာပါ...”
“ခုနလေးတင် ကျုပ်လူတွေက သတင်းလာပို့ကြတယ်... တစ္ဆေငါးကောင်ကြောင့် ပျက်စီးသွားတဲ့ အခြေအနေတွေကို ပြောပြကြတယ်... ကျုပ်.. ချီလု .. နောက်ကျသွားခဲ့ပြီ ဆိုပြီး နောင်တရနေတာပါ...”
“ခေါင်းဆောင်ဆု... ခင်ဗျားရဲ့ မေးခွန်းထုတ်မှုတွေက တရားမျှတပါတယ်ဗျာ...”
“ကျုပ်.. ချီလုမှာ အပြစ်ရှိပါတယ်”
ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ ချီလု ပြောသမျှ တစ်ခွန်းမှ မယုံပေ။
သို့သော် တစ်ခါတစ်ရံတွင် လူတွေ.. ဘာတွေးသလဲ ဆိုတာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ဘာပြောသလဲ ဆိုတာသာ။
ဒီနေ့ ဖြစ်ပျက်ခဲ့သည့် ထူးခြားသော အခြေအနေအရ... ချီလုရဲ့ ဝန်ခံစကားတွေက ကျုံးဖူမြို့ တစ်မြို့လုံးကို ပျံ့နှံ့သွားမှာ သေချာသည်။ ကြာလာလျှင် လော့ဖုန်း မဟာမိတ်အဖွဲ့ တစ်ခုလုံး သိကုန်ကြလိမ့်မည်။
ဆုမိုသည် အတွေးနက်နေသော ပုံစံဖြင့် ခဏငြိမ်နေပြီးမှ ရုတ်တရက် ခေါင်းငြိမ့်လိုက်၏။
“ဆက်လုပ်ပါ...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် လက်ထဲမှ ပစ္စည်းတစ်ခုကို ပေါ့ပါးစွာ ပစ်လိုက်သည်။
ချီလုသည် ဝှီး ခနဲ လေတိုးသံကို ကြားလိုက်ရပြီး မော့ကြည့်လိုက်ရာ တံဆိပ်ပြားတစ်ခု မိမိဆီသို့ ပျံဝဲလာသည်ကို တွေ့လိုက်ရ၏။
သူသည် လက်နှစ်ဖက်ဖြင့် ဖမ်းယူရန် ကပျာကယာ ပြင်ဆင်လိုက်သည်။ သို့သော် တံဆိပ်ပြားတွင် ပါဝင်သော ခွန်အားသည် ကြီးမားလွန်းလှသဖြင့် ထိမိလိုက်သည်နှင့် ဓာတ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ လက်ဝါးများတွင် ချီ စွမ်းအင်များကို စုစည်းပြီး ခုခံသော်လည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရ၏။
သူ့ဘေးနားရှိ သိုင်းပညာရှင်အချို့က ဝင်ရောက် ကူညီကြ၏။
နှစ်ယောက်ပေါင်းတာတောင် အရှိန်ကို မထိန်းနိုင်။ နောက်ထပ် လူများ ဝင်ကူကြရာ (၅) ယောက်၊ (၆) ယောက် တန်းစီပြီး တွန်းကန်ထားရ၏။ သုံးကိုက်ကျော်လောက် နောက်ဆုတ်သွားပြီးမှ တံဆိပ်ပြားကို လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်နိုင်လိုက်ကြ၏။
မော့ကြည့်လိုက်သောအခါ မြင်းခွာသံများ အဝေးသို့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အသံတစ်သံသာ လေထဲတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
“ပထမအချက်... အလောင်းကို ချက်ချင်း ရှင်းလင်းခိုင်းလိုက်ပါ...”
“ဒုတိယအချက်... (၇) ရက်အတွင်း ဒီတံဆိပ်ပြားကို ယူပြီး လော့ရှားမြို့ ကို လာခဲ့... မဟာမိတ်ခေါင်းဆောင် ဝေရူဟန် ဆီမှာ အပြစ်သွားတောင်းပါ...”
“ခင်ဗျားသာ ဝေရူဟန်ဆီမှာ ဖြေရှင်းချက် မပေးနိုင်ရင်... ကျွန်တော် ကိုယ်တိုင် ပြန်လာပြီး ခင်ဗျားဆီက ဖြေရှင်းချက် လာတောင်းမယ်...”
ချီလုသည် ငူငူကြီး ဖြစ် နေပြီး တံဆိပ်ပြားကို ဆုပ်ကိုင်လျက် ဆုမိုတို့ ထွက်ခွာသွားရာ လမ်းဘက်သို့ မမှိတ်မသုန်ကြည့် နေမိ၏။
အတော်ကြာမှ သူ သက်ပြင်းချလိုက်သည်။
“ငါ... ငါ အခု ဘာလုပ်ရမလဲ...”
ဘေးနားရှိ လူများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။ ဆုမို ပြောသွားသော စကားများက ရှင်းလင်းပြတ်သားလွန်းလှသည်။
ခင်ဗျားသာ ဝေရူဟန်ဆီ မသွားရင်... သူ ပြန်လာမယ်တဲ့။
သူ ကျိုးချင်ချွမ်ကို လာရှာတုန်းက ဘာဖြစ်သွားလဲ... အားလုံး မြင်ပြီးသွားကြပြီ လေ။
ဒါက အတိတ်က သင်ခန်းစာကို ယူပြီး အနာဂတ်အတွက် ပြင်ဆင်ဖို့ သတိပေးလိုက်တာပင်။
ပြီးတော့ ခုနက လော့ဖုန်း အမိန့်ကို ပစ်ပေးလိုက်တာက... သိုင်းပညာ စမ်းသပ်ပြလိုက်ခြင်းပင်။
ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်တာတောင် ဒီလောက် ခွန်အားပါနေသည်...။
ဒီလူရဲ့ သိုင်းပညာက တကယ့်ကို ကြောက်စရာ ကောင်းလွန်း၏။
သူ့စကားကို နားမထောင်ရင်... ဘာဖြစ်မလဲ ဆိုတာ တွေးကြည့်စရာတောင် မလိုတော့ချေ။
သို့သော်၊... သူ့စကားအတိုင်း လုပ်မည် ဆိုလျှင်ရော...
ဝေရူဟန်က သူ့ကို အသက်ရှင်ခွင့် ပေးပါ့မည်လော...။