အခန်း (၂၄၇-၂၄၈)
Vol. 19 Ch. 247-248
အခန်း ၂၄၇
- အပိုင်း ၄၇ - မိစ္ဆာဘုရင် ရွေးချယ်ပွဲ (၁)
ကျနော် စားတော်ဆက်အသင်း သို့ သွားခဲ့သည်မှာ တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤတစ်ပတ်တာအတွင်း ကျနော် အလွန်ပင် အလုပ်များနေခဲ့၏။ မိစ္ဆာဘုရင် ရွေးချယ်ပွဲ ကျင်းပရန် လေးရက်သာ လိုတော့ပြီ ဖြစ်သည်။ ထိုအချိန်မတိုင်မီ ကျနော်၏ ပြင်ဆင်မှုအားလုံးကို အပြီးသတ်နိုင်ရန် လုပ်ဆောင်ရမည် ဖြစ်လေသည်။
ယူဂျွန်ဟော့ ၏ လက်ထဲတွင်ရှိသော မဟူရာကောင်းကင်မိစ္ဆာဓါး အပြင် သိုင်းလောက ထဲ၌ အသုံးပြုနိုင်သည့် ဝှက်ထားသော အရာအချို့ ရှိနေသေးသည်။ ထိုဝှက်ထားသော အရာများကို ကျနော် ရရှိနိုင်စေမည့် ဇာတ်ဝင်ခန်းအသေးများကို ရှာဖွေနိုင်ရန်အတွက် Ways of Survival ၏ ပထမအကြိမ် ပြင်ဆင်ထားသော စာသားများကို ဖွင့်လိုက်၏။ ဤအချိန်အတွင်း ပြင်ဆင်ထားသော စာသားများကို ဖတ်ရှုပြီး အရေးကြီးသော အပိုင်းများကို ပြန်လည် သုံးသပ်ခဲ့သော်လည်း ပျောက်ဆုံးနေသော အစိတ်အပိုင်းများစွာ ရှိနေဆဲပင် ဖြစ်သည်။
"ဒီကို ရောက်တာနဲ့ အလုပ်တွေ ရှုပ်နေတာပဲ။ ခင်ဗျားမျက်နှာကိုတောင် သေသေချာချာ မမြင်ရဘူး"
သူနှင့် မလိုက်ဖက်သော လက်ပြတ်အင်္ကျီအပွကြီးကို ဝတ်ဆင်ထားသည့် ဂျန်ဟာယောင်းတစ်ယောက် ကျနော့်နောက်သို့ မိနစ် ၃၀ ခန့် လိုက်ပါလာခဲ့သည်။
ကျနော် မျက်မှောင်ကြုတ်လျက် သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်း လေ့ကျင့်ရေး ဆင်းနေသင့်တာ မဟုတ်ဘူးလား"
ဂျန်ဟာယောင်း က သူ၏ နှုတ်ခမ်းကို ဆူလိုက်ပြီး ပြန်ဖြေလေသည်။
"…ကျုပ်က ကြိုးကြိုးစားစား လုပ်မနေလို့လား"
"ဘယ်နား ကြိုးစားတာလဲ။ မင်းက အသားပေါက်စီတွေပဲ စားနေတာလေ"
"ပေါက်စီစားရင်းနဲ့ တံခါးပိတ် ကျင့်စဉ် လေ့ကျင့်လို့ မရဘူးလား"
သူသည် ကျနော့်ကို အဘယ်ကြောင့် နှောင့်ယှက်နေရသနည်းဟု ကျနော် တွေးတောနေစဉ် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။
"ဪ…မင်း ပြိုင်ပွဲမှာ တတိယ ရခဲ့တယ်လို့ ငါ ကြားတယ်။ ဒါက တကယ့်ကို ကိစ္စကြီးပါပဲ"
ဂျန်ဟာယောင်း က ပုခုံးတွန့်လိုက်ပြီး အခြားတစ်နေရာသို့ ကြည့်နေသလို ဟန်ဆောင်လိုက်သည်။
"ဒါက သိပ်ပြီးကြီးတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး"
သို့သော်လည်း သူ၏ နှုတ်ခမ်းကွေးညွှတ်သွားပုံအရ သူ အတော်လေး သဘောကျနေကြောင်း သိသာနေခဲ့သည်။ သူ ကျနော့်နောက်ကို အဘယ်ကြောင့် ဤကဲ့သို့ လိုက်နေရသလဲဆိုတာ ကျနော် သိ၏။ တကယ်ကို မရိုးသားသည့် ကောင်လေးပင်။
" မိစ္ဆာဝိညာဉ်ပုတီးကိုရခဲ့လား"
"အင်း"
" ငါ့ကို ပေး"
"ဘာဖြစ်လို့ပေးရမှာလဲ"
ဂျန်ဟာယောင်း က သံသယဝင်နေသော အကြည့်ဖြင့်ကြည့်ကာ နောက်သို့ ဆုတ်သွားခဲ့သည်။
ကျနော် သက်ပြင်းချလိုက်ပြီး သူ့ကို ပြောလိုက်သည်။
"ငါ မိစ္ဆာဝိညာဉ်ပုတီးကို လုယူမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းက မိစ္ဆာဝိညာဉ်ပုတီးကို ဒီအတိုင်း စားလို့ မရဘူးလေ"
သူ၏ ညှိုးငယ်နေသော မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် ထိုအကြောင်းကို ယူဂျွန်ဟော့ ထံမှ ကြားသိပြီးဖြစ်ပုံရသည်။ သူသည် မဟူရာကောင်းကင်မိစ္ဆာဓါး ကို ရွေးချယ်နေစဉ်အတွင်း ဤအကြောင်းကို ပြောပြခဲ့သည်မှာ သေချာလှသည်။
「 အကယ်၍ မင်းသာ အဲဒါကို စားလိုက်ရင် ချီစီးကြောင်းဖောက်ပြန်ခြင်း ဖြစ်ပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေ အားလုံး ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်။ ဒီနေရာမှာ မိစ္ဆာဝိညာဉ်ပုတီး ကို ဘေးကင်းစွာနဲ့ စုပ်ယူနိုင်တဲ့သူက တစ်ယောက်ပဲ ရှိတယ် 」
...ကျနော် ဤသို့ တွေးတောလိုက်ပြီးနောက် ဂျန်ဟာယောင်း အဘယ်ကြောင့် ဤကဲ့သို့ ပြုမူနေရသလဲဆိုသည်ကို နားလည်သွားခဲ့သည်။
"မင်း မပေးချင်ရင်လည်း မပေးပါနဲ့။ အဲဒါက မင်းကိုယ်တိုင် ကြိုးစားပြီး ရခဲ့တဲ့ပစ္စည်းပဲလေ"
ယုံကြည်မှု အလုံအလောက် မတည်ဆောက်ရသေးသောကြောင့် ဂျန်ဟာယောင်း က ကျနော့်ကို မယုံကြည်လျှင်လည်း မတတ်နိုင်ပေ။ ထိုခဏတွင် ဂျန်ဟာယောင်း က သူ၏ လက်ကလေးကို ဆန့်ထုတ်လာခဲ့သည်။
"…အဲဒီလို မဟုတ်ပါဘူး။ ခင်ဗျားသာ မရှိခဲ့ရင် ကျုပ်လည်း ဒါကို ရမှာ မဟုတ်ဘူးလေ"
လုံးဝန်းသော အလုံးလေးတစ်ခုမှာ ကျနော့်လက်ထဲသို့ ပြုတ်ကျလာခဲ့သည်။ ထိုအလုံးလေးမှာ ပထမဆုံး သိုင်းလောက ၏ အဓိက ဆေးဝါးသုံးမျိုးထဲမှ တစ်ခုဖြစ်သော မိစ္ဆာဝိညာဉ်ပုတီး ပင် ဖြစ်သည်။ ကျနော်က ပြုံးလျက် ပြောလိုက်သည်။
"ခဏလောက် စောင့်ပေး"
မိစ္ဆာဝိညာဉ်ပုတီးမှာ အတိတ်ကာလက သွေးမိစ္ဆာဂိုဏ်း မှ ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်က လူပေါင်း ၁၀၀၀၏ သွေးကို သန့်စင်ပြီး ဖော်စပ်ခဲ့သည့် ဆေးဝါးတစ်ခု ဖြစ်သည်။ မိစ္ဆာဝိညာဉ်ပုတီးသည် သန္ဓေတည်ရာ သွေးကြော မှတစ်ဆင့် အကောင်းဆုံး စွမ်းအားများကို ရရှိစေနိုင်သော်လည်း ဝိညာဉ်များ၏ ကျိန်စာကြောင့် စားသုံးမိသူကို ရူးသွပ်သွားစေသည့် ကျိန်စာသင့်ဆေးလုံး တစ်လုံး ဖြစ်၏။
မူရင်းဝတ္ထုထဲတွင်တော့ ယူဂျွန်ဟော့သည် မိစ္ဆာဝိညာဉ်ပုတီးကို အရသာရှိစွာ အမြဲစားသုံးလေ့ရှိသော်လည်း ဂျန်ဟာယောင်းသာ စားသုံးမည်ဆိုပါက သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
"ကြည့်ရအောင်..."
သို့သော်လည်း မည်သည့် ဇာတ်ဝင်ခန်းတွင်မဆို ကျိန်စာသင့်ပစ္စည်းတစ်ခုကို အသုံးပြုရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ Ways of Survival ထဲတွင် မြေခွေးပျံ က ဤကျိန်စာသင့်ဆေးကို စုပ်ယူခဲ့သော အခန်းအား ကျနော် ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
「 ငါ့အတွက် မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး သုံးလုံးပဲ လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ် အရာအားလုံးက မျှခြေနဲ့ သဟဇာတဖြစ်မှုအပေါ်မှာပဲ မူတည်နေတာလေ။ တကယ်လို့ မိစ္ဆာစွမ်းအင်က ပြဿနာဖြစ်နေတာဆိုရင် ငါတို့က စွမ်းအင်ကို ပုံမှန် ဖြည့်တင်းပေးနိုင်ပါတယ် 」
အကယ်၍ မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး သုံးလုံးကို မိစ္ဆာဝိညာဉ်ပုတီး နှင့်အတူ ရောကြိတ်လိုက်မည်ဆိုပါက ကျိန်စာကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ပြောရသလောက်တော့ လွယ်ကူသည့်ကိစ္စမဟုတ်ချေ။ ပြဿနာမှာ အဆင့်မြင့် ဆေးဝါးသုံးမျိုးထဲမှ တစ်ခုဖြစ်သော မိစ္ဆာဝိညာဉ်ပုတီး ကို မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး သုံးလုံးနှင့်အတူ မည်သို့ ရယူရမည်နည်းဟူ၍ ဖြစ်၏။ သို့သော်လည်း ထိုပြဿနာမှာ ကျနော့်အတွက်တော့ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ခဲ့ချေ။
"ဘီယူ"
ကျနော်က ဘီယူ ကို ခေါ်လိုက်ပြီး ဒိုကဲဘီအိတ် ကို ဖွင့်လိုက်သည်။ မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံးမှာ 'အကြံပြုထားသော ကုန်ပစ္စည်းစာရင်း' တွင် ရှိနှင့်နေပြီးသား ဖြစ်၏။ ဒိုကဲဘီများ၏ အချက်အလက် စုဆောင်းမှုကြီးမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။
[အကြံပြုထားသော ကုန်ပစ္စည်းစာရင်း]
• မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး―၂၀၀,၀၀၀ C လက်ကျန် - ၅
ဒင်္ဂါး ၂၀၀,၀၀၀။ ပုံမှန်ဆိုလျှင် ကျနော်သည် ဤဈေးနှုန်းကြောင့် စိတ်ညစ်ညူးနေရမည် ဖြစ်သော်လည်း ယခုတော့ ထိုသို့ မဟုတ်တော့ပေ။ ကျနော်က စခရင်ကို လူအများမြင်နိုင်သော ပုံစံသို့ ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ပြီး ကုန်ပစ္စည်းများကို ဝယ်ယူလိုက်သည်။
[ဒင်္ဂါး ၆၀၀,၀၀၀ ကို အသုံးပြုလိုက်ပါပြီ။]
[မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး သုံးလုံးကို သင် ဝယ်ယူပြီးပါပြီ။]
ထိုခဏတွင် ချန်နယ် မက်ဆေ့ချ်များမှာ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။
[နက္ခတ်အချို့က သင်၏ ငွေဖြုန်းတီးမှုကို မနာလို ဖြစ်နေကြပါသည်။]
[နက္ခတ်အနည်းငယ်က မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ၏ အာနိသင်ကို သိချင်နေကြပါသည်။]
[အကယ်၍ မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ၏ အာနိသင်ကို ပြောပြမည်ဆိုပါက ဒင်္ဂါး ၅၀၀ ထောက်ပံ့မည်ဟု နက္ခတ်အချို့က ဆိုကြသည်။]
"ဒင်္ဂါး ၆-၆၀၀,၀၀၀ ဟုတ်လား"
ဘေးမှ ဖြတ်လျှောက်သွားသော ဟန်မြုံအို မှာ ခွေးစာခွက်ကို ကိုင်ထားရင်း တုန်လှုပ်သွားခဲ့သည်။ သူသည် ကောင်းကင်ဖြိုခွင်းသခင် အတွက် အစာပြင်ဆင်ပေးနေခြင်း ဖြစ်ပေလိမ့်မည်။
"အဲဒါက....... မင်း ချမ်းသာတယ်လို့တော့ ငါ ကြားပါတယ်"
"ကံကောင်းပြီးဒင်္ဂါးတွေရခဲ့တာပါ။ ကျေးဇူးပြုပြီး ဒါကို ယူပြီး အတူတူ ကြိတ်ပေးပါဦး"
"ဒါ... ဒါက ဘာလဲ။ အစွမ်းထက်ဆေးလား"
"သိချင်မနေနဲ့။ တကယ်လို့ မှားစားမိရင် မိစ္ဆာဘုရင် တစ်ပါးရဲ့ ကျိန်စာကို ခံရလိမ့်မယ်"
မိစ္ဆာဘုရင်၏ ကျိန်စာအကြောင်း ကြားလိုက်ရပြီးနောက် ဟန်မြုံအို၏ မျက်နှာမှာ ဖြူလျော်သွားပြီး ကျနော့်ထံမှ ဆေးလုံးများကို ယူကာ အမြန်ပင် လုပ်ဆောင်ပေးခဲ့သည်။ ဆေးလုံး လေးလုံးစလုံးမှာ အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ဆေးခွက်ကို ဂျန်ဟာယောင်း ဘက်သို့ ကျနော်ကမ်းပေးလိုက်ရာ သူက ကျနော့်ကို ပြောလာခဲ့သည်။
"ကျုပ် ဆေးမှုန့်တွေ မစားတတ်ဘူး"
"ဒီတစ်ကြိမ်တော့ အောင့်အည်းပြီး စားလိုက်ပါ။ နှာခေါင်းကို ပိတ်ပြီး ရေနဲ့ မျိုချလိုက်"
"ဒါနဲ့... တကယ်ပဲ ဒါကို စားလို့ ရတာလား"
"ဒါကို ငါနဲ့ ယူဂျွန်ဟော့စားမယ်ဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် သိပ်ပြီး အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး။ မင်းကတော့ မတူဘူး"
ယူဂျွန်ဟော့ အနေဖြင့် မိစ္ဆာဝိညာဉ်ပုတီး ကို မစားလျှင်တောင် သူ၌ လုံလောက်သော မှော်စွမ်းအင် စနစ်တစ်ခု ရှိနှင့်ပြီးသား ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျနော့်တွင်လည်း ရွှေနဂါး၏ ကျိုးပဲ့နေသော နှလုံးသား ရှိနေလေသည်။ သို့သော်လည်း ဂျန်ဟာယောင်း မှာမူ မှော်စွမ်းအင် ချို့တဲ့မှု ဒဏ်ကို ခံစားနေရ၏။
ဂျန်ဟာယောင်း က ဆက်လက်၍ တွန့်ဆုတ်နေသောကြောင့် ကျနော်က သူ့ကို ပြောလိုက်သည်။
"တကယ်လို့ မင်း မစားချင်ရင် ငါ့ကို ပြန်ပေး။ ဘာပဲဖြစ်ဖြစ် မင်းက စားဖို့ သတ္တိတောင် မရှိဘူးလေ"
"စားမှာ"
ဂျန်ဟာယောင်း က ဆေးမှုန့်များကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီး ခါးသက်သော အရသာကို ရေနှင့်အတူ မျိုချလိုက်သည်။ ဂျန်ဟာယောင်း က ဆေးခွက်ကို ချလိုက်သည်နှင့်တစ်ပြိုင်နက် အခွင့်အရေးကို စောင့်ဆိုင်းနေသော ကောင်းကင်ဖြိုခွင်းသခင် က ပြေးဝင်လာပြီး ဆေးခွက်ကို အငမ်းမရ လျက်တော့သည်။
ဂျန်ဟာယောင်း က သူ၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် အနည်းငယ် ပြုံးလျက် ခေါင်းစောင်းကာ မေးလာခဲ့သည်။
"… ဘာမှ ထူးထူးခြားခြား မခံစားရပါလား"
"အာနိသင်က မနက်ဖြန်လောက်မှ ပေါ်လာလိမ့်မယ်။ ဆေးလုံးတွေက ခန္ဓာကိုယ်ရဲ့ စွမ်းအင်နဲ့ ရောနှောဖို့ အချိန်ယူရတယ်လေ"
ဂျန်ဟာယောင်း က နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။ ထိုစဉ် ဘေးမှ နားထောင်နေသော ဟန်မြုံအိုက ထပ်ပြီးကြားဖြတ် ပြောလာခဲ့သည်။
"ကြည့်စမ်းပါဦး၊ ဒေါ့ဂျာ"
ကျနော် နောက်သို့ လှည့်ကြည့်လိုက်ရာ ကျနော် မျှော်လင့်ထားသည့်အရာတစ်ခု ပေါ်လာခဲ့သည်။
"ဒီကားက... စားတော်ဆက်အသင်းကလား"
သူ ပြောဆိုနေသော ကားမှာ ခြံဝင်း၏ ထောင့်တစ်နေရာတွင် ရှိနေသည့် အဆင့်-X ဖာရာရီဂီနီ ပင် ဖြစ်သည်။ မဟူရာဒိုင်မင်းရှင်း ၏ အက်ကြောင်းများကိုပင် ဖြတ်ကျော်နိုင်သော ချောမွေ့ပြောင်လက်သည့် အနက်ရောင် ကိုယ်ထည်ကို စိုက်ကြည့်ရင်း ထုတ်လုပ်ရေး လုပ်ငန်းရှင် ၏ စကားများမှာ ကျနော့်အာရုံထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
–ရန်သူ အများကြီး မမွေးချင်ပါနဲ့ဦး။
သူသည် ကျနော် သိကျွမ်းခဲ့သော နက္ခတ်များနှင့်တော့ သေချာပေါက် ကွဲပြားသော အမျိုးအစား တစ်ဦး ဖြစ်သည်။ အကယ်၍ သူက ဤကားကို ကျနော့်အား အလကား ပေးခဲ့မည်ဆိုပါက သူ့အပေါ်တွင် ပို၍ ကောင်းမွန်သော အမှတ်ရမှုမျိုး ရှိနေပေလိမ့်မည်။
"စားတော်ဆက်အသင်း က ပရဟိတအသင်းမှ မဟုတ်တာ။ ကျနော် ဒါကို အရစ်ကျစနစ်နဲ့ ဝယ်ခဲ့တာပါ"
"အရစ်ကျ ဟုတ်လား။ ဘယ်-ဘယ်လောက်တောင်လဲ..."
"တစ်လကို ဒင်္ဂါး ၅၀,၀၀၀ ပါ"
"ဒင်္ဂါး ၅-၅၀,၀၀၀ ဟုတ်လား။ မင်း ဒင်္ဂါး ဘယ်လောက်တောင် ရခဲ့လို့လဲ"
"အကြမ်းဖျင်းတော့ ဒင်္ဂါး ၄.၈ သန်းလောက်ပါ"
'ဒင်္ဂါး ၄.၈ သန်း' ဆိုသော စကားကို ကြားလိုက်ရသဖြင့် ဂျန်ဟာယောင်း နှင့် ဟန်မြုံအို တို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
ဂျန်ဟာယောင်း က မေးလာခဲ့သည်။
"တခုလောက်မေးပါရစေ... ခင်ဗျားမှာ ကိုယ်စားလှယ် ရှိလား"
"ဘာဖြစ်လို့လဲ။ မင်းက ငါ့ရဲ့ ကိုယ်စားလှယ် ဖြစ်ချင်လို့လား"
ကျနော်က သူ့ကို ပြုံးပြလိုက်ရာ ဂျန်ဟာယောင်း က အော်ဟစ်လိုက်သည်။
"ကျုပ်က သိချင်လို့ မေးကြည့်တာပါ။ ပြီးတော့ ကျုပ်က နက္ခတ် တစ်ပါးကို ရွေးဖို့တွေးထားပြီးသားဗျ"
"နက္ခတ် ဟုတ်လား။ ဘယ်သူ့ကို မင်းကရွေးချင်တာလဲ"
ကျနော်က အနည်းငယ် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ ကျနော်သည် ဂျန်ဟာယောင်း ကို ကိုယ်စားလှယ်အဖြစ် မလိုချင်သော်လည်း ဂျန်ဟာယောင်း အနေဖြင့် မှားယွင်းသော နက္ခတ်တစ်ပါးကို ရွေးချယ်မိပါက ကိစ္စရပ်များမှာ ရှုပ်ထွေးသွားပေလိမ့်မည်။ ထိုစဉ် ဂျန်ဟာယောင်း က မမျှော်လင့်ဘဲ ပြန်လည် ဖြေကြားလာခဲ့သည်။
"ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်"
"ဘာ"
"ကျုပ်က သူ့ရဲ့ ကိုယ်စားလှယ် ဖြစ်ချင်တာ"
ဂျန်ဟာယောင်း ၏ ပြင်းထန်သော အကြည့်များကို မြင်လိုက်ရသောအခါ ကျနော် ပြက်လုံးတစ်ခု ထုတ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် ကျနော် စဉ်းစားကြည့်လိုက်ပြီးနောက် သူသည် ကျနော့်၏ ဘွဲ့အမည်ကို မကြားသိရသေးကြောင်း သဘောပေါက်သွားခဲ့တော့သည်။ မူရင်းဝတ္ထုထဲတွင်တော့ သူသည် အာရုံခံစားမှု အလွန်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သော်လည်း...
မဟုတ်သေးပေ။ သူက ကျနော့်ကို ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ဟု တွေးတောရမည့် အကြောင်းရင်း မရှိခဲ့ဟု ပြော၍ရ၏။ သူ့ကို စနောက်ချင်စိတ်များ ကျနော့်ထံတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"သူက မင်းကို လက်ခံပါ့မလား။ မင်းက သူ့ကို ဆက်သွယ်ပြီးပြီလား"
"မဆက်သွယ်ရသေးပါဘူး..."
ဂျန်ဟာယောင်း ၏ ရှက်သွေးဖြာနေသော မျက်နှာကို မြင်လိုက်ရသောအခါ သူသည် ကျနော် မည်သူမည်ဝါ ဖြစ်သည်ကို တကယ်ပင် မသိသေးကြောင်း သဘောပေါက်သွားခဲ့၏။ တကယ်ကို ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြစ်လေသည်။
ထိုစဉ် ဘေးမှ စောင့်ကြည့်နေသော ဟန်မြုံအို က ကြားဖြတ် ပြောဆိုလာခဲ့သည်။
"မင်းက သူ့ရဲ့ ဘွဲ့အမည် ကို အခုထိ မသိသေးဘူးလား"
"ကျုပ် မသိဘူးလေ။ သိဖို့လိုလို့လား"
ကျနော် မတားဆီးနိုင်မီမှာပင် ဟန်မြုံအို က ကျနော့်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းဘေးက အဲဒီမိတ်ဆွေကြီးက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ပဲကွ"
နောက်ထပ် နှစ်ရက်တာကာလအတွင်း ဂျန်ဟာယောင်း သည် ကျနော့်ကို ရှောင်ဖယ်နေခဲ့သည်။ ပုံမှန်ဆိုလျှင် ပျင်းရိတတ်သော ဂျန်ဟာယောင်းမှာ ရုတ်တရက်ဆိုသလို သူ၏ လေ့ကျင့်ရေးခန်းမထဲမှနေ၍ လုံးဝ ထွက်မလာတော့ချေ။ ထို့ကြောင့ လေ့ကျင့်ရေးကွင်းပြင်ကျယ်ကြီးထဲတွင် ယူဂျွန်ဟော့ နှင့် ကျနော်နှစ်ယောက်တည်း ကျန်ရစ်ခဲ့သဖြင့် စိတ်ဖိစီးနေခဲ့ရသည်။
"မင်းဟာ အသုံးမဝင်တာ တစ်ခုခု ကို ထပ်လုပ်လိုက်ပြန်ပြီ ထင်တယ်၊ ကင်ဒေါ့ဂျာ"
"…ဘာမှ မလုပ်ပါဘူး"
ယူဂျွန်ဟော့ က မဟူရာကောင်းကင်မိစ္ဆာဓါး ဖြင့် မြေပြင်ကို ခြစ်ဆွဲလိုက်ပြီး ထွက်ခွာသွားခဲ့သည်။ ဤသည်က သူ စိတ်ကြည်လင်နေချိန်တွင် ပြသလေ့ရှိသော အပြုအမူတစ်ခု ဖြစ်သည်...
ဒီမအေဘေးက ဓားအသစ်လေးရလို့ စိတ်လှုပ်ရှားနေပုံပဲ။
လေ့ကျင့်ရေးကွင်းထဲတွင်တော့ ဂျန်ဟာယောင်း၏ တိုင်လုံးကြီး တစ်ခုကို ထိုးနှက်နေသည့် အသံများမှာ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။ ထိုအသံမှာ ကျနော် ညတိုင်း ညတိုင်း စောင်ကို ခြေထောက်နှင့် ကန်ကျောက်နေမိချိန်ထွက်ပေါ်တတ်သည့် အသံများနှင့် အတော်လေး ဆင်တူလှသည်။
"နင်က နက္ခတ် တစ်ပါးနဲ့တော့ မတူဘူး။ ဒါပေမဲ့ သူတို့လိုပဲ သူများအကြောင်း ချောင်းကြည့်တတ်တဲ့ အကျင့်တော့ ရှိတယ်"
ကျနော် နောက်သို့ လှည့်ကြည့်လိုက်ရာ အလွန် အရပ်ရှည်သော အမျိုးသမီးကြီးတစ်ဦးကို တွေ့လိုက်ရသည်။ ကျနော် နှုတ်ခမ်းဟပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ပြောလာခဲ့သည်။
"နင်သာ ငါ့ကို‘ဆရာမ’ လို့ နာမည်ရှေ့ထည့်မခေါ်ဘူးဆိုရင် ငါ နင့်ရဲ့ တင်ပါးကို ရိုက်မှာနော်"
"ဆရာမကြီး…ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်"
ကျနော်သည် စကားလုံး တစ်လုံးတည်းကြောင့်နှင့်တော့ ယူဂျွန်ဟော့ ကဲ့သို့ အရိုက်မခံထိလိုချေ။
" တာတာရပ်စ် ကို သွားခဲ့ပြီးပြီလား"
"မသွားရသေးပါဘူး။ ဒါပေမဲ့ နင့်ကျေးဇူးကြောင့် ‘မရဏကမ္ဘာ၏ဘုရင်မ’ နဲ့ တွေ့ဆုံဖို့ ချိန်းဆိုမှုတော့ ရခဲ့ပါတယ်"
"ဝမ်းသာပါတယ်"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်သည် သူ၏ လူမျိုးစုများနှင့် တွေ့ဆုံရတော့မည်ဟူသော မျှော်လင့်ချက်ကြောင့်လားတော့မသိ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်၏ မျက်နှာပေါ်တွင် သာယာသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ဤခရီးစဉ်၏ အမြတ်ထွက်မှုမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ကို ကျနော် ရရှိခဲ့ခြင်းပင် ဖြစ်သည်။
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် Ways of Survival ထဲတွင် အင်အားအကောင်းဆုံး အဆင့်ကျော်လွန်သူ များထဲမှ တစ်ဦး ဖြစ်၏။ သူ၏ တည်ရှိမှုတစ်ခုတည်းနှင့်တင် ကျနော်တို့သည် မိစ္ဆာဘုရင် ရွေးချယ်ပွဲ ကို တစ်နည်းနည်းဖြင့် ဖြတ်ကျော်နိုင်ကောင်း ဖြတ်ကျော်နိုင်ပေလိမ့်မည်။
ကျနော်က စကားဆက်လိုက်သည်။
"ကျနော့်မှာ မေးခွန်းတစ်ခု ရှိပါတယ်။ မေးလို့ ရမလား"
"မေးပါ"
"ခင်ဗျားက ဘာဖြစ်လို့ ဂျန်ဟာယောင်း ကို ခင်ဗျားရဲ့ သိုင်းပညာတွေ သင်ပေးခဲ့ရတာလဲ"
"သူက ပါရမီ ရှိတယ်။ ငါသာ သူ့ကို သေသေချာချာ လေ့ကျင့်ပေးမယ်ဆိုရင် အဆင့်ကျော်လွန်ခြင်း ပုံစံအသစ်တစ်ခုကို ရရှိဖို့ ဖြစ်နိုင်ခြေ ရှိတယ်"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ဆိုလိုသည့်အရာကို ကျနော် သိ၏။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် အနေဖြင့် ဂျန်ဟာယောင်း ၏ အတွင်းထဲတွင် ရှိနေသော 'တံတိုင်း' ကို ခံစားမိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုသို့ခံစားမိခြင်းမှာ အဓိက အကြောင်းရင်းတော့ မဖြစ်သင့်ချေ။
"သူက ယောက်ျားလေးတစ်ယောက်ဆိုတာ ခင်ဗျား သိပါတယ်နော်"
မူလကတော့ ကောင်းကင်ဖြိုခွင်းဓါးသိုင်းမှာ အမျိုးသမီးများ အတွက်သာ ဖြစ်သည်။ ယူဂျွန်ဟော့ ကတော့ ခြွင်းချက် ဖြစ်နိုင်သော်လည် ကောင်းကင်ဖြိုခွင်းကျောင်းသည် တပည့် အများအပြားကို ဘယ်တုန်းကမှ လက်မခံခဲ့ချေ။
"နင်က ငယ်ပါသေးတယ်။ ဇာတ်လမ်းတစ်ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတာက တစ်ခုထဲပဲ ရှိတာ မဟုတ်ဘူး"
ထိုစကားများမှာ လျှို့ဝှက်ဆန်းကြယ်လှသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် သည် ဂျန်ဟာယောင်း မှာ ယခင်ဘဝက အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်ကို သတိပြုမိခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"ငါ အရင်က သိခဲ့တဲ့ အမျိုးသားတစ်ယောက်ကို သတိရမိလို့ပါ"
"အမျိုးသားတစ်ယောက် ဟုတ်လား"
"ဟုတ်တယ်၊ အမျိုးသားတစ်ယောက်ပါ"
ထိုခဏတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် ပြောခဲ့သော 'ဇာတ်လမ်းတစ်ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တစ်ခုတည်းပဲ ရှိတာ မဟုတ်ဘူး' ဆိုသည့် အဓိပ္ပာယ်ကို ကျနော် အပြည့်အဝ နားလည်သွားခဲ့သည်။ သူ ရွေးချယ်ခဲ့သော စကားလုံးမှာ ရှုပ်ထွေးလှသည်၊ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးဆိုသည်မှာ သူ၏အမျိုးသား သို့မဟုတ် သူ၏ချစ်သူဖြစ်နေနိုင်... မဟုတ်သေးပင်၊ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် တွင် ချစ်သူ မရှိနိုင်လောက်ချေ။
"သူက အရမ်း ချောတာ"
မူရင်းဝတ္ထုထဲတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် သည် မည်သည့်အမျိုးသားကိုမျှ စကားထဲ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသဖြင့် ကျနော် ထူးဆန်းသလို ခံစားလိုက်ရသည်။
"ခင်ဗျား ပြောချင်တာက... ဂျန်ဟာယောင်း က ခင်ဗျားရဲ့ ချစ်သူဟောင်းနဲ့ တူတယ်လို့တော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား"
ကျနော်က စနောက်လိုက်ခြင်း ဖြစ်သော်လည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် က မမျှော်လင့်ဘဲ တည်ကြည်စွာ ပြန်ဖြေလာခဲ့သည်။
"သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကတော့ အတော်လေး ဆင်တူပါတယ်"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်သည် ယူဂျွန်ဟော့ ကို ချောမောသောကြောင့်သာ လက်ခံခဲ့ခြင်းလောဟု ကျနော် တွေးတောမိသွားသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် က ကျနော့်၏ စိတ်ပျက်မှုကို ဂရုမစိုက်ဘဲ စကားကို ဆက်ပြော၏။
"သူက အရမ်း ချောခဲ့ပေမဲ့ သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ကြောင့် သနားစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့ရတယ်"
"…သေးငယ်တယ် ဟုတ်လား"
ကျနော်သည် သူ၏ ရည်းစားဟောင်းအကြောင်းကို စဉ်းစားနေစဉ် တစ်စုံတစ်ခုမှာ ကျနော့်အာရုံထဲသို့ လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီး ကျနော့်ကို အံ့သြတုန်လှုပ်သွားစေခဲ့သည်။ Ways of Survival ထဲတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် နှင့် ပတ်သက်မှု ရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦး။ ထို့အပြင် 'သေးငယ်တယ်' ဆိုသော စကားလုံးမှာလည်း သူ့အတွက် အသင့်တော်ဆုံး စကားလုံး ဖြစ်သည်။
မဟုတ်သေးဘူး။ ခဏလောက် နေပါဦး။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မကောင်းဘူးလို့ ငါ ထင်ထားခဲ့တာလေ...
ထိုခဏတွင် အပြင်ဘက်မှနေ၍ ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မည်သို့မျှ မမှန်းဆနိုင်သော စွမ်းအင်လှိုင်းတစ်ခုမှာ ဤအိမ်ကြီးအပါအဝင် နဂါးပြာ ရဲတိုက်ကြီး၏ နယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် နှင့် ကျနော်တို့ တစ်ပြိုင်တည်း အပြင်သို့ ပြေးထွက်လာခဲ့ကြပြီး ယူဂျွန်ဟော့ က ကျနော့်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။
"ကင်ဒေါ့ဂျာ"
မိုးကောင်းကင်တွင် ဝဲကတော့ကြီးတစ်ခု ပေါ်ပေါက်လာနေခဲ့သည်။ ထိုဝဲကတော့မှာ ကျနော် အလွန်ပင် ရင်းနှီးနေသော ဝဲကတော့ကြီးတစ်ခု ဖြစ်သည်။ ထိုအရာမှာ ဇာတ်ဝင်ခန်းထဲ၌ ‘ကပ်ဘေး’ တစ်ခု ပေါ်ပေါက်လာချိန်တွင်သာ ပွင့်လေ့ရှိသော ကျိန်စာသင့်မုခ်ဝကြီး ဖြစ်သည်။
ယူဂျွန်ဟော့ က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"…မဟာတွင်းနက်ကြီး ပဲ"
‘ကပ်ဘေး ဇာတ်ဝင်ခန်းများ’ မှာ မူလကတော့ အစောပိုင်း ဇာတ်ဝင်ခန်းနယ်မြေများတွင်သာ တွေ့ရလေ့ ရှိသည်။ ပထမဆုံး သိုင်းလောက ထဲတွင် ‘ကပ်ဘေး’ ဆိုသည်မှာ မရှိခဲ့ချေ။ ဇာတ်ဝင်ခန်းပေါင်း အခု ၂၀ ကို ကျော်လွန်သွားခဲ့သော ဇာတ်ဝင်ခန်းနယ်မြေများတွင် ကပ်ဘေးများ မရှိနိုင်လောက်။
ဤကဲ့သို့သော နယ်မြေမျိုးတွင် ထို ‘မုခ်ဝ’ ပွင့်လာရသည့် တကယ့်အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။
"…ထွက်ပြေးကြတော့"
ပထမဆုံးသိုင်းလောက ၏ ‘မဟာကပ်ဘေး’ ဇာတ်ဝင်ခန်း စတင်တော့မည် ဖြစ်သည်။
[ရိုးရာတရုတ်ဆေးပညာတွင် ‘သန္ဓေတည်ရာ သွေးကြော’ဆိုသည်မှာ ခန္ဓာကိုယ်အတွင်း၌ ချီစီးဆင်းရာ လမ်းကြောင်းကွန်ရက်များဟု ယုံကြည်ကြသည့် အဓိက သွေးကြောမကြီး ရှစ်သွယ်အနက် တစ်ခု ဖြစ်သည်။]
အခန်း ၂၄၈
- အပိုင်း ၄၇ - မိစ္ဆာဘုရင် ရွေးချယ်ပွဲ (၂)
ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲတွင် ‘ကပ်ဘေး ဇာတ်ဝင်ခန်းများ’ နှစ်မျိုး ရှိသည်။ ပထမတစ်မျိုးမှာ သက်ဆိုင်ရာ နက်ဗျူလာ များကို အစွဲပြု၍ မှည့်ခေါ်ထားပြီး ဒဏ္ဍာရီတစ်ခုအသွင် ဖြစ်လာခဲ့သည့် လွနာရော့ခ် နှင့် ဂိုင်ဂန်တိုမာခီယာ ကဲ့သို့သော ကမ္ဘာပျက်ကပ် ဇာတ်ဝင်ခန်းများ ဖြစ်သည်။
ဒုတိယတစ်မျိုးမှာတော့ ပုံမှန်မဟုတ်ဘဲ ဖြစ်ပွားတတ်သည့် ပျက်စီးခြင်း ဇာတ်ဝင်ခန်း ဖြစ်၏။ ယခု ကျနော့်မျက်စိရှေ့တွင် ရှိနေသော မဟာတွင်းနက်ကြီး မှာ ဒုတိယအမျိုးအစား ဖြစ်လေသည်။
"အဲ့ဒါက နက္ခတ် တစ်ပါး မဟုတ်ဘူး"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က မှောင်မိုက်သွားသော ကောင်းကင်ယံကို မော့ကြည့်ရင်း ပြောလိုက်သည်။
အကယ်၍ ထွက်ပေါ်လာသည့်အရာက နက္ခတ်များ၏ စွမ်းအင်မျိုး မရှိပါက အဖြေက တစ်ခုတည်းသာ ရှိသည်။
"ပြင်ပနတ်ဘုရားပဲ"
ယခုအခါတွင် ကျနော်သည် နက္ခတ် တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မုခ်ဝကြီးဆီမှနေ၍ အရိပ်အယောင်များ ဖြာထွက်နေသော ထိုပြင်ပနတ်ဘုရား၏ စွမ်းအားကို ကျနော် ခံစားနေရသည်။ ထိုအရာမှာ ကျနော် အကြိမ်အနည်းငယ် ကြုံတွေ့ဖူးသော အရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ယခု ကျနော် ခံစားနေရသည့် ခံစားချက်မှာ ယခင်ကနှင့်တော့ ကွဲပြားနေခဲ့သည်။ မျက်စိကန်းနေသူ တစ်ယောက်သည် နေမင်းကြီးကို ကြည့်သည့်အခါ သိပ်ပြီး မျက်စိမကျိန်းတတ်ပေ။ ကျနော်သည် နက္ခတ် တစ်ပါး ဖြစ်လာခဲ့မိခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် မုန်းတီးမိသွားခဲ့သည်။
ယူဂျွန်ဟော့ က ရေရွတ်လိုက်၏။
"…ဘာဖြစ်လို့ ပျက်စီးခြင်း ဇာတ်ဝင်ခန်းက အစောကြီး စတင်ရတာလဲ"
ယူဂျွန်ဟော့ သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နောက်ပြန်ဆုတ်ခြင်း များကို ဖြတ်သန်းခဲ့ပြီးဖြစ်သဖြင့် ပထမဆုံးသိုင်းလောက ၏ အနာဂတ်ကို သိရှိထားပြီးသား ဖြစ်လေသည်။
မူရင်းဝတ္ထုထဲတွင် ပထမဆုံးသိုင်းလောက သည် ပြင်ပနတ်ဘုရားတစ်ပါးကြောင့် ပျက်စီးသွားခဲ့ရသည်။
သို့သော်လည်း ထိုသို့ဖြစ်ဖို့က စောလွန်းနေသေးသည်။ မူရင်းဝတ္ထုထဲတွင်တော့ ထိုအဖြစ်အပျက်မှာ နောက်ထပ် နှစ်အနည်းငယ် ကြာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ယခုတော့ တစ်စုံတစ်ခုက ထိုအဖြစ်အပျက်ကို နဂိုထက် ပိုစောအောင် လုပ်လိုက်ပြီ ဖြစ်သည်။
အဲ့ဒါက ဘာဖြစ်မလဲ။ ဘာတွေများ မှားယွင်းသွားခဲ့တာလဲ...
...ခဏလေး၊ မဟုတ်မှလွဲရော
ယူဂျွန်ဟော့ ကလည်း အလားတူပင် တွေးတောမိသွားပြီး ကျနော့်ကို မေးလာခဲ့သည်။
"…ငါ ထင်တာ မှန်နေတာလား"
"အဲဒီလိုပဲ ဖြစ်ပုံရတယ်"
ကျနော်က စိုးရိမ်စိတ်ဖြင့် ပြန်ဖြေလိုက်သည်။
‘ပျက်စီးခြင်း ဇာတ်ဝင်ခန်း’ ဆိုသည်မှာ ကိုယ်စားလှယ်များ ၏ ဖြစ်နိုင်ခြေများကို စမ်းသပ်သည့် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။ အကယ်၍ စုဆောင်းထားသော ဖြစ်နိုင်စွမ်း တန်ဖိုးသာ ဘယ်တော့မှ ပြည့်မလာခဲ့လျှင် ‘ကပ်ဘေး’ မှာလည်း ဘယ်တော့မှ စတင်နိုင်မည် မဟုတ်ပေ။ ဤနဂါးပြာရဲတိုက်ကြီးထဲတွင် မကြာသေးမီက ဖြစ်နိုင်စွမ်းကို လှုံ့ဆော်ပေးခဲ့သည့် အရာမှာ တစ်ခုတည်းသာ ရှိ၏။
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်က ဝင်ပြောလိုက်လေသည်။
"အခုလိုပေါ်လာရတာက သိုင်းပြိုင်ပွဲ ကြောင့်ပဲ"
သိုင်းပြိုင်ပွဲ။ ရဲတင်းသော ရွှံ့နွံသားရဲ နှင့် အခြားသော နက္ခတ်များ အသုံးပြုခဲ့ကြသည့် ဖြစ်နိုင်စွမ်းက နောက်ဆုံးတွင်တော့ ဤကပ်ဘေးကြီးကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်၏။
[သင့်ကို မနှစ်သက်သော နက္ခတ်အချို့က ဤအခြေအနေကို သဘောကျနေကြပါသည်။]
ချီးထုတ်ကောင်တွေ။
"ကင်ဒေါ့ဂျာ။ မင်း ဟိုပွဲမှာ ဘာတွေ သွားလုပ်ခဲ့တာလဲ"
ယူဂျွန်ဟော့ သည် စားတော်ဆက်အသင်း တွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ မသိရှိသဖြင့် ကျနော့်ကို ဒေါသထွက်နေခဲ့သည်။ ကျနော့်တွင် ဆင်ခြေပေးစရာ မရှိချေ။ စတင်နှင့်ပြီးသား ဇာတ်ဝင်ခန်းတစ်ခုကိုတော့ ပြန်လည် ပြောင်းလဲနိုင်မည့် နည်းလမ်း မရှိတော့။
[သိပ်မကြာခင်တွင် ပျက်စီးခြင်း ဇာတ်ဝင်ခန်း စတင်ပါတော့မည်။]
[‘ပြင်ပနတ်ဘုရား’ က တိုက်ခိုက်ရန် ပြင်ဆင်နေပါသည်။]
[ဇာတ်ဝင်ခန်းတွင် မပါဝင်သူများ အားလုံးသည် ဇာတ်ဝင်ခန်းနယ်မြေမှ အမြန်ဆုံး ထွက်ခွာသွားသင့်ပါပြီ။]
ကောင်းကင်ယံမှနေ၍ စနစ်မက်ဆေ့ချ်များ ထွက်ပေါ်လာခဲ့ပြီး နဂါးပြာရဲတိုက်ကြီးအတွင်း အုတ်အော်သောင်းနင်း စတင်ဖြစ်လာခဲ့ တော့သည်။
"ရူးချင်စရာပဲ။ အဲ့ဒါက ဘာကြီးလဲ"
"မြန်မြန် ထွက်ပြေးကြတော့"
အခြားသော ဇာတ်ဝင်ခန်းများနှင့် မတူဘဲ ‘မဟာပျက်စီးခြင်း’ ဇာတ်ဝင်ခန်းတွင် ပါဝင်ခြင်း သို့မဟုတ် မပါဝင်ခြင်းကို ရွေးချယ်နိုင်ခွင့် ရှိသည်။ ကျနော်တို့ကဲ့သို့သော ကိုယ်စားလှယ်များမှာ ထိုနယ်မြေမှ အလျင်အမြန်ပင် ထွက်ခွာသွားကြသည်။ သိုင်းကျမ်းများ ပါဝင်သော ဖိုင်များကို ရောင်းချနေကြသည့် ကုန်သည်များနှင့် နဂါးပြာရဲတိုက်၏ သိုင်းပညာရှင်များပင်လျှင်... မိုးကောင်းကင်တွင် မဟာတွင်းနက်ကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့ကြသည်။ ဤတည်ရှိမှုကြီး၏ ရှေ့မှောက်တွင် ‘အရည်အချင်းရှိသူ’ နှင့် ‘အရည်အချင်းမရှိသူ’ ဟူသော အယူအဆမှာ အဓိပ္ပာယ်မဲ့သွားခဲ့ရသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ..."
ဂျန်ဟာယောင်း နှင့် ဟန်မြုံအို တို့မှာ ခြံဝင်းထဲသို့ ပြေးထွက်လာခဲ့ကြသည်။
"ငါတို့ ဒီနေရာကနေ ထွက်သွားရမယ်။ အမြန် ပြင်ဆင်ကြတော့"
"ဟင်..."
ဂျန်ဟာယောင်း က မိုးကောင်းကင်ကို လက်ညှိုးထိုးပြရင်း အသက်ရှူမှားသွားခဲ့သည်။
မဟာတွင်းနက်ကြီး ဆီမှနေ၍ ရေသတ္တဝါတို့၏ နှာမောင်းသဏ္ဍာန် အမျှင်တန်းများစွာမှာ ဖြာထွက်လာနေခဲ့သည်။ ထိုအရာမှာ ကျနော် ငြိမ်းချမ်းမြေ နှင့် မဟူရာရဲတိုက် တို့တွင် ကြုံတွေ့ခဲ့ဖူးသော ပြင်ပနတ်ဘုရား သေချာလှသည်။
[ငါ က သက် ရှိ သတ္တ ဝါ တွေ ရဲ့ ဒီ ဇာတ် လမ်း ကို ရှာ ဖွေ စူး စမ်း မယ်]
ထိုစကားလုံးများကြားတွင် ပျံ့နှံ့နေသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုကြောင့် ကျနော် လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ဧရာမ အလိုလောဘကြီးမှာ ထွက်ပြေးနေကြသော လူများကို လဲပြိုသွားစေပြီး ကြောက်လန့်တကြားဖြစ်စေခဲ့သည်။
"အားးးးးး"
စစ်မှန်သောအသံကြောင့်တင် စိတ်ဝိညာဉ်ကို ထိခိုက်ပျက်ပြား သွားစေသည်အထိ ကစဉ့်ကလျားဖြစ်ကုန်ကြသည်။ ယူဂျွန်ဟော့ မည်မျှပင် အားကောင်းနေပါစေ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကို ရင်ဆိုင်ရန်မှာတော့ လုံးဝ မဖြစ်နိုင်သည်မှာ အမှန်ပင်။ အားနည်းသော မျိုးစိတ်ပြင်ပသတ္တဝါ တစ်ကောင်သည်ပင်လျှင် နက္ခတ်များကို နင်းခြေနိုင်သော စွမ်းအား ရှိ၏။ ကျနော် စိတ်ကူးစားသုံးသူ နှင့် ရင်ဆိုင်ခဲ့စဉ်ကလို Fourth Wall ကို အသုံးပြုပြီး အခွင့်အရေးရရန် မျှော်လင့်ဖို့ရာမှာလည်း ခက်ခဲလှသည်။
[ပျက်စီးခြင်း ဇာတ်ဝင်ခန်း စတင်ရန် မိနစ် ၃၀ သာ လိုပါတော့သည်။]
ကျနော်တို့ ဤနေရာမှနေ၍ ထွက်ပြေးရမည် ဖြစ်သည်။ ထိုသို့ ထွက်ပြေးခြင်းကသာ ပို၍ ကောင်းမွန်သော ရွေးချယ်မှု ဖြစ်နိုင်ပေလိမ့်မည်။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်"
ကျနော်သည် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို စိုက်ကြည့်လိုက်ရာ ဓါးသူတော်စင်ကလည်း ကျနော့်ကို ပြန်လည် ကြည့်ရှုနေခဲ့သည်။ သူ၏အမူအရာမှာ မည်သို့မျှ မှန်းဆ၍မရနိုင်သော မျက်နှာအမူအရာမျိုး ဖြစ်နေလေသည်။
「 ကောင်းကင်ဖြိုခွင်းဓါး နမ်ဂွန်မင်းယောင်း အတွက်တော့ ပထမဆုံးသိုင်းလောက က သူ့ရဲ့ အိမ်ပဲ ဖြစ်ခဲ့တယ် 」
ကျနော် သိထားသမျှမှာ Ways of Survival ထဲတွင် ရေးသားထားသော စာကြောင်းများသာ ဖြစ်သည်။
ထိုစာကြောင်းများအရဆိုလျှင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် အနေဖြင့် ဤနေရာကို ကာကွယ်ရမည့် အကြောင်းရင်း မရှိချေ။
「 ဒါပေမဲ့ လူတိုင်းကတော့ သူတို့ရဲ့ 'အိမ်' ကို မနှစ်သက်ကြတာ အမှန်ပဲ 」
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်အတွက်တော့ ပထမဆုံး သိုင်းလောက ဆိုသည်မှာ အကျင့်ပျက်ခြစားနေသော ကမ္ဘာကြီးတစ်ခု၏ မွေးဖွားရာနေရာသာ ဖြစ်သည်။ ထိုနေရာမှာ အသိအမှတ်ပြုမှုများနှင့် ဂရုဏာတရားများ ဆုံးရှုံးနေခဲ့ပြီဖြစ်သော ကမ္ဘာကြီးတစ်ခုသာ ဖြစ်သည်။
「 ပထမဆုံးသိုင်းလောကကြီး မပျက်စီးခင်ကတည်းက သိုင်းလောက ဆိုတာ ပျက်စီးနေခဲ့ပြီးသားပါ 」
ထို့ကြောင့် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် အနေဖြင့် ဤနေရာတွင် ဆက်လက် ရှိနေရမည့် အကြောင်းရင်း မရှိချေ။ ပထမဆုံးသိုင်းလောကကြီးမှာ ပျက်သုဉ်းသွားပေတော့မည်။ အတိအကျ ပြောရမည်ဆိုပါက ပထမဆုံးသိုင်းလောကကြီးမှာ ပျက်သုဉ်းသွားရမည်သာ ဖြစ်သည်။
"ဆရာ"
ယူဂျွန်ဟော့ ၏ အသံက ကျနော်တို့ကို ထွက်ခွာသွားရန် တိုက်တွန်းနေခဲ့သည်။
သို့ဆိုလျှင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က ဘာဖြစ်လို့ မလှုပ်မယှက် ရှိနေရသနည်း။ ဓါးသူတော်စင်သည် တောင်ကြီးတစ်လုံးကဲ့သို့ မတ်တတ်ရပ်နေပြီး မျက်နှာချင်းဆိုင် လမ်းမဆီသို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
ရဲတိုက်ကြီး၏ မြို့တော်အတွင်း၌ ဆူပူအုံကြွမှုများနှင့် စွန့်ခွာထွက်ပြေးမှုများကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။ ထိုစဉ်မှာပင် လူတစ်စု ချဉ်းကပ်လာနေသည်ကို ကျနော် တွေ့လိုက်ရသည်။ သူတို့မှာ အဆင့်ကျော်လွန်ဖို့ မျှော်လင့်နေကြသူများ သို့မဟုတ် အဆင့်ကျော်လွန်ခြင်းကို တွေ့ကြုံဖူးကြသူများ ဖြစ်ကြ၏။
သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော ငယ်ရွယ်နုပျိုသည့် စွမ်းအင်လှိုင်းများကို ကျနော် ခံစားမိလိုက်ပြီး သူတို့ မည်သူမည်ဝါ ဖြစ်သည်ကို သတိပြုမိသွားခဲ့သည်။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်။ မတွေ့ရတာ ကြာပြီနော်"
နဂါးပြာရဲတိုက်ကြီး၏ အင်အားကြီး ဂိုဏ်းခွဲများမှ ခေါင်းဆောင်များမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ထံသို့ လာရောက် ဂါရဝပြုကြခြင်း ဖြစ်ပေသည်။
သူတို့ ဘာဖြစ်လို့ ဒီနေရာကို ရောက်လာကြသလဲဆိုတာ ခန့်မှန်းရသိပ်မခက်လှပေ။ ပြင်ပနတ်ဘုရားသည် သိုင်းလောက သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပျက်စီးခြင်းမှာလည်း သတ်မှတ်ထားပြီးသား ဖြစ်နေခဲ့သည်။
သိုင်းလောက မပျက်စီးမီအချိန်တွင် တုံ့ပြန်မှု နှစ်မျိုးသာ ရှိ၏။ ထွက်ပြေးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ပင် ဖြစ်သည်။
ဆုံးရှုံးစရာ သိပ်မရှိလှသူများမှာ ထွက်ပြေးကြပေလိမ့်မည်၊ သို့သော်လည်း ဤနေရာတွင် အချိန်အတော်ကြာ အခြေချနေထိုင်ခဲ့ကြသော ကိုယ်စားလှယ်များမှာမူ ထိုသို့ မဟုတ်ကြပေ။ သူတို့သည် အင်အားစုများကို တည်ထောင်ခဲ့ကြပြီး စည်းစိမ်ဥစ္စာများကို စုဆောင်းကာ ဇာတ်လမ်းများကို ဖန်တီးခဲ့ကြသည်။ သူတို့သည် နယ်ပယ်တစ်ခု၏ အာဏာအရှိဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ကြသူများ ဖြစ်သည်။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်။ ကျနော်တို့ ခင်ဗျားရဲ့ အကူအညီ လိုအပ်ပါတယ်"
ထိုသူတို့မှာ ကျူးကော့မိသားစု၊ မုယုံမိသားစု၊ စီချွမ်ထန်မန်ကျောင်း၊ ဟွမ်ဘိုမိသားစု နှင့် နမ်ဂွန်မိသားစု တို့ ဖြစ်ကြသည်။
ပထမဆုံးသိုင်းလောက ၏ အဓိက အင်အားကြီး ငါးခုမှ ခေါင်းဆောင်များ စုဝေးမိကြခြင်းဖြစ်ပြီး ဤသည်က သိုင်းလောက တစ်ခုလုံးတွင် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခုပင် ဖြစ်ပေလိမ့်မည်။ သူတို့၏ နောက်ကွယ်တွင်တော့ အခြားသော ဂိုဏ်းကြီးများ၏ အကြီးအကဲများ ရှိနေကြသည်။
" တောင်းဆိုပါတယ်၊ သိုင်းလောက အတွက် ခင်ဗျားရဲ့ အင်အားကို အသုံးပြုပေးပါ"
နမ်ဂွန်မင်းယောင်းက လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး ပြန်ဖြေသည်။
"ငါ့ရဲ့ အင်အားကို လိုအပ်တယ် ဟုတ်လား…"
အေးစက်လှသော အသံကြောင့် ထင်ရှားကျော်ကြားလှသော မိသားစုများမှ ခေါင်းဆောင်အချို့မှာ နောက်သို့ တွန့်ဆုတ်သွားခဲ့ကြသည်။ အမြန်ဆုံး တုံ့ပြန်လာသူမှာ ကျူးကော့မိသားစု၏ ခေါင်းဆောင်ပင် ဖြစ်သည်။
"ကျေးဇူးပြုပြီး ကျနော်တို့ကို ကူညီပေးပါ။ ကျနော် တောင်းဆိုနေတာပါ"
သူတို့ ဘာဖြစ်လို့ ဒီလိုမျိုး ထွက်လာကြသလဲဆိုတာ ကျနော် နားလည်ပေသည်။ ဤနယ်မြေတွင် အကောင်းဆုံး သိုင်းပညာရှင်ဖြစ်သော နှင်းပန်းနတ်ဘုရားမပင်လျှင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ တပည့်ဖြစ်သူလက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရသည်။ ထို့အပြင် စွမ်းရည်ချင်းမှာလည်း အဆမတန် ကွာခြားလှလေသည်။
သိုင်းပြိုင်ပွဲ၏ သက်ရောက်မှုမှာ လွယ်ကူသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေခဲ့ကြသည့် မရေမတွက်နိုင်သော သိုင်းပညာရှင်များကို သတိပေးနှိုးဆော်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ယူဂျွန်ဟော့ သည် ဆင်းသက်လာသော နက္ခတ် တစ်ပါးကိုပင် အနိုင်ယူနိုင်သည့် စွမ်းအားကို ပြသခဲ့၏။
သိုင်းပညာရှင်အိုကြီးများသည် ရှေးဟောင်း အဆင့်ကျော်လွန်ခြင်း လမ်းစဉ်ကို လွမ်းဆွတ်တမ်းတနေကြချိန်တွင် လာရောက် လည်ပတ်ကြသော စွန့်စားသူများမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသူများကို သတိရသွားစေခဲ့သည်။
" ဘိုးဘေးကြီး၊ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ မျိုးဆက်တွေကို ကူညီပေးပါ"
နောက်ဆုံးတွင်တော့ စကားပြောလာသူမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် နမ်ဂွန်မင်းယောင်း နှင့် မျိုးနွယ်တူဖြစ်သော နမ်ဂွန်မိသားစုဝင် တစ်ဦး ဖြစ်သည်။
ထိုသူမှာ ခက်ထန်သော မျက်နှာထားရှိသည့် လူလတ်ပိုင်း အသက်အရွယ်ရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူကတော့ မိစ္ဆာဆယ်ပါး ထဲက တစ်ဦးဖြစ်သည့် နမ်ဂွန်ဂျင်ချွန်း ဖြစ်ပေလိမ့်မည်။ တစ်ဝက်သာ ရှိလောက်မည်ဖြစ်နိုင်သော်လည်း သူ၏ မိသားစု သွေးမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ ကိုယ်ထဲတွင်လည်း စီးဆင်းနေခဲ့သည်။ ထိုအကြောင်းကြောင့် ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင် ၏ မျက်လုံးများမှာ တုန်လှုပ်သွားခဲ့ရသည်။
ကျနော်သည် ဆက်လက်၍ ကြည့်မနေနိုင်တော့ဘဲ ရှေ့သို့ ထွက်လာခဲ့သည်။
"ရယ်စရာကောင်းလိုက်တာ။ အရင်တုန်းက ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို စွန့်ပစ်ခဲ့ကြတာ ခင်ဗျားတို့ မဟုတ်ဘူးလား"
ပုံမှန်ဆိုလျှင်တော့ သူတို့၏ ခံစားချက်များအပေါ် အခွင့်အရေးယူပြီး ကျနော် လုပ်ဆောင်မိပေလိမ့်မည်။ သူတို့ကို ကျနော်နှင့်အတူ မိစ္ဆာဘုရင် ရွေးချယ်ပွဲ ဆီသို့ ခေါ်ဆောင်သွားနိုင်မည့် နည်းလမ်းကို ကျနော် ကြံဆမိပေလိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က ပို၍ အရေးကြီးနေခဲ့သည်။
"ဝမ်းနည်းစရာကောင်းတာကတော့ နက္ခတ်တွေနဲ့ ဒိုကဲဘီတွေ ဒီနေရာကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တုန်းက ခင်ဗျားတို့ လုပ်ခဲ့တာတွေကို ခင်ဗျားတို့အကုန်လုံး မေ့နေကြတာပဲ"
"ဘာ… မင်းက ဘယ်သူလဲ"
ကျနော့်စကား၏ တကယ့်အဓိပ္ပာယ်ကို နားလည်သွားပြီးနောက် မိသားစုခေါင်းဆောင်အချို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့ကြသည်။ သူတို့လည်း သတိရသွားကြခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သိုင်းလောက ၏ ထိပ်ဆုံးတွင် စိုးမိုးခဲ့သော ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် ဘာဖြစ်လို့ ပြိုလဲနေသော နယ်မြေတစ်ခုတွင် သိုင်းသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ရသနည်း။
ယူဂျွန်ဟော့ သည် အခြေအနေများကို သိရှိထားသဖြင့် ကျနော့်စကားများကြောင့် သူ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် နမ်ဂွန်မင်းယောင်း ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခဲ့ပြီး သူ၏ သူရဲကောင်းဆန်သော စိတ်ဓါတ်များမှာလည်း ရပ်တန့်သွားခဲ့ရသည်။
သူ့အနေဖြင့် စိတ်လှုပ်ရှားသွားခြင်းကို ကျနော် အပြစ်မတင်နိုင်ချေ။ သူသည် ဂုဏ်ဒြပ် သို့မဟုတ် အကျိုးမရှိသော လောဘရမ္မက်များကို မလိုက်စားခဲ့။ ထို့ကြောင့်ပင် သူသည် သိုင်းလောက သားများ၏ အသုံးချခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် ဤနေရာ၌ စွန့်ပစ်ခြင်း ခံခဲ့ရသည်။ ပြိုလဲနေသော သိုင်းလောက ၏ သင်္ကေတတစ်ခုအနေဖြင့် ထင်ရှားကျော်ကြားသော မိသားစုများသည် သူ့ကို ဤနေရာတွင် ထားရစ်ခဲ့ကြပြီး သူတို့ကိုယ်ပိုင် ရဲတိုက်များကို တည်ဆောက်ခဲ့ကြသည်။
"နမ်ဂွန်မိသားစုရဲ့ သခင်၊ ခင်ဗျားအတွက်လည်း အတူတူပါပဲ။ ဘိုးဘေးကြီး တဲ့လား… ခင်ဗျားတို့ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ကို အရင်တုန်းက အဲဒီလို တစ်ခါမှ မခေါ်ခဲ့ဖူးပါဘူးနော်၊ ဟုတ်တယ်မလား"
"ဒါ… ဒါကတော့"
"ခင်ဗျားတို့မှာသာ အသိတရားရှိမယ်ဆိုရင် ဒီနေရာကို ရောက်လာကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့က သတ္တိရှိတာလား ဒါမှမဟုတ် မိုက်မဲတာလားတော့ ကျနော် မသိဘူး။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က ခင်ဗျားတို့ရဲ့ နမ်ဂွန်မိသားစုဆီကနေ ဘာဖြစ်လို့ ခွဲထွက်လာခဲ့ရသလဲဆိုတာ မသိကြဘူးလား"
ဧရာမနတ်ဘုရားတစ်ပါးနှင့် လူသားတစ်ဦးတို့ကြားမှ မွေးဖွားလာခဲ့သည့် ကလေးငယ်တစ်ဦး။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကြီးပြင်းလာစဉ်အတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ကျနော်က အခြားသူများထက် ပို၍ ကောင်းမွန်စွာ သိရှိထားသည်၊ ယူဂျွန်ဟော့ ထက်ပင် ပို၍ သိကောင်းသိပေလိမ့်မည်။
「 အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ်ပြီး…」
「 ဒါက ဧရာမနတ်ဘုရားတွေရဲ့ ကျိန်စာသင့်သွေး ပဲ 」
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် သံသယဖြစ်ဖွယ် မျက်နှာထားမျိုး ပြုလုပ်လိုက်သည်။ ဤအရာများကို ကျနော် ဘာဖြစ်လို့ သိနေရသနည်းဟု သူ သိချင်နေပေလိမ့်မည်။ ပုံမှန်ဆိုလျှင်တော့ ထိုသို့မေးမြန်းလိုခြင်းမှာ အန္တရာယ်ရှိနိုင်သော ကိစ္စဖြစ်လောက်သော်လည်း ယခုအချိန်တွင်တော့ ကျနော့်အတွက် အကျိုးရှိစေသည်။ ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင် သည် ဤမေးခွန်း၏အဖြေကို သိနိုင်ရန်အတွက် ကျနော့်နောက်သို့ လိုက်ပါလာပေလိမ့်မည်။
"မင်းက ဘာတွေ သိနေလို့လဲ…"
"ပါးစပ်ပိတ်ထားစမ်း! ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်၊ ဒီလူက ဘယ်သူလဲ"
စိတ်လှုပ်ရှားနေသော မိသားစုခေါင်းဆောင်များက ကျနော့်ကို ခြိမ်းခြောက်ရန် ချဉ်းကပ်လာခဲ့ကြသဖြင့် ယူဂျွန်ဟော့ က မဟူရာကောင်းကင်မိစ္ဆာဓါး ကို မြှောက်လိုက်သည်။ ထိုသို့ ခြိမ်းခြောက်ခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။ အကယ်၍ ဤနေရာတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့လျှင် ကျနော်တို့ ဤနေရာမှနေ၍ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ပေလိမ့်မည်။
ဒေါသထွက်နေသော ယူဂျွန်ဟော့ တိုက်ခိုက်ခြင်း မပြုနိုင်မီမှာပင် ကျူးကော့မိသားစု၏ ခေါင်းဆောင်က ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်၊ ကျနော် အဲဒီတုန်းက မှားယွင်းမှုတွေကို ပြန်လည် ဆင်ခြင်နေပါတယ်။ ကျနော်တို့ရဲ့ လုပ်ရပ်တွေကို ပြန်ပြင်လို့ မရဘူးဆိုတာကိုလည်း နားလည်ပါတယ်"
...သောက်ကျိုးနည်း၊ ဒီလောကထဲမှာ အခြေအနေပေါ်လိုက်ပြီး လုပ်တတ်တဲ့လူတော်တွေ ရှိနေသေးတာပဲ။
အခြားသော မိသားစုခေါင်းဆောင်များမှာ ကျူးကော့ခေါင်းဆောင်၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့ကြသည်။ ကျူးကော့မိသားစု၏ ခေါင်းဆောင်သည် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ထံသို့ စိတ်ပျက်အားလျော့နေသော မျက်နှာထားဖြင့် တောင်းပန်နေခဲ့သည်။ သူ၏တောင်းပန်နေပုံမှာ သိုင်းလောက ၏ နတ်ဘုရားထံ ဆုတောင်းနေသကဲ့သို့ပင် ဖြစ်သည်။
"ခင်ဗျားသာ မကူညီဘူးဆိုရင် ပထမဆုံးသိုင်းလောကကြီး ပျက်စီးသွားပါလိမ့်မယ်…"
သူသည် နတ်ဘုရားတစ်ပါး၏ ဂရုဏာတရားကို အချိန်မရွေး တောင်းခံနိုင်သော်လည်း သူ၏ ယုံကြည်ခြင်းကိုလည်း အချိန်မရွေး စွန့်ပစ်ရန် အသင့်ရှိနေသော တပည့်တစ်ဦးသာ ဖြစ်သည်။
ထိုစဉ် သိုင်းလောက ၏ နတ်ဘုရားက ပြန်လည် တုံ့ပြန်ခဲ့သည်။
"တစ်ချိန်တုန်းကတော့ သစ်ပင်ငယ်လေးတွေ အတူတူ စုစည်းမိကြပြီး တောအုပ်ကြီးတစ်ခု ဖြစ်လာခဲ့ကြတယ်"
ကျူးကော့မိသားစု၏ ခေါင်းဆောင်သည် မျှော်လင့်မထားသော စကားများကို ကြားလိုက်ရပြီးနောက် ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင် ကို မော့ကြည့်လိုက်သည်။
"အခုတော့ သစ်ပင်ငယ်လေးတွေက အမြစ်ကနေ ပြုတ်ထွက်ကုန်ကြပြီး နယ်မြေကို သိမ်းပိုက်ထားကြတဲ့ သစ်ပင်ကြီး အနည်းငယ်ကသာ သူတို့ရဲ့ သစ်ကိုင်းတွေနဲ့ ကောင်းကင်ယံကို ဖုံးအုပ်ထားကြတော့တယ်"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က နဂါးပြာရဲတိုက်ကြီးကို တုံဏှေဘာဝိဖြစ်နေသော မျက်နှာထားမျိုးဖြင့် စိုက်ကြည့်လိုက်သည်။ ထင်ရှားကျော်ကြားသော မိသားစုများ၏ အိမ်ရာများမှ အဆောက်အဦးထိပ်ချွန်များမှာ တံတိုင်းများထက် ပို၍ မြင့်မားနေခဲ့ကြသည်မှာ ကောင်းကင်ဘုံကို ကိုယ်စားပြုပြီး မြို့သူမြို့သားများကို ငုံ့ကြည့်နေကြသကဲ့သို့ပင် ဖြစ်သည်။ ထိုစဉ်မှာပင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ စကားများကို ကျနော် နားလည်သွားခဲ့သည်။
"သစ်ရွက်တွေနဲ့ သစ်ကိုင်းတွေကတော့ အများကြီးပါပဲ၊ ဒါပေမဲ့ အခုတော့ သစ်ပင် အနည်းငယ်ပဲ ကျန်တော့တယ်။ နင်တို့တွေက ဘာတွေတွေးနေတာလဲ။ ဒါကို အခုထိ တောအုပ်လို့ ခေါ်နိုင်သေးရဲ့လား"
သိုင်းလောက သည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက သေဆုံးနေခဲ့ပြီးသား ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က သေဆုံးခဲ့ပြီးဖြစ်ကြောင်းကို ယခုလေးတင် ကြေညာလိုက်ခြင်း ဖြစ်သည်။
"သွားကြစို့"
သိုင်းလောက ၏ နတ်ဘုရားသည် ကျောခိုင်းလိုက်ပြီး ဤကမ္ဘာကြီးကို စွန့်ပစ်လိုက်လေပြီ။ အခြေအနေကို ကျနော် မျှော်လင့်ထားသည်ထက် ပို၍ လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ပုံရသည်။ ကျနော် ကျေနပ်သွားခဲ့ပြီး ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ နောက်သို့ လိုက်ပါသွားခဲ့သည်။ ယူဂျွန်ဟော့ က ကျနော့်ကို စောင့်ကြည့်နေချိန်တွင် ဂျန်ဟာယောင်းနှင့် ဟန်မြုံအို တို့မှာ ပေါက်စီများကို စားရင်း အလျင်အမြန်ပင် ပစ္စည်းများကို သိမ်းဆည်းနေခဲ့ကြ၏။
ထိုခဏတွင် ထူးဆန်းသော စနစ်မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
[သင်၏ လုပ်ဆောင်ချက်များသည် ■■ ၏ ဦးတည်ရာအပေါ် နက်ရှိုင်းသော သက်ရောက်မှု ရှိခဲ့သည်။]
...ဘာလဲဟ
[‘ဒုတိယအကြိမ် ပြင်ဆင်မှု’ Update စတင်ပါတော့မည်။]