အခန်း (၂၄၃-၂၄၄)
Vol. 19 Ch. 243-244
အခန်း ၂၄၃
- အပိုင်း ၄၅ - စားတော်ဆက်အသင်း (၇)
သူက သူတို့အားလုံးကို ဝါးမြိုပစ်လိုက်ပြီ။
ထိုစကားများကို ပြောနေသည့် အက်စ်မိုးဒီအက်စ် ၏ ပြုံးရွှင်နေသော မျက်နှာထက်တွင် မည်သည့် အပြစ်ရှိစိတ် အရိပ်အယောင်မျိုးမျှ မရှိပေ။
[စားတော်ဆက်အသင်း အဖွဲ့ဝင် အတော်များများက အက်စ်မိုးဒီအက်စ် ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချနေကြပါသည်။]
[စားတော်ဆက်အသင်း ၏ အနည်းစုကမူ အက်စ်မိုးဒီအက်စ် ၏ ရက်စက်ကြမ်းကြုတ်မှုကို သဘောကျ နှစ်သက်နေကြပါသည်။]
စားတော်ဆက်အသင်း ၏ အဖွဲ့ဝင်များသည် နှစ်ကာလများစွာ ကြာညောင်းလာသည်နှင့်အမျှ ငြီးငွေ့နွမ်းနယ်နေကြသူများ ဖြစ်ကြပြီး သူတို့၏ ဝါသနာနှင့် အရသာခံနိုင်စွမ်းမှာလည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားကြ၏။ အပေါ်ယံကြည့်လျှင် ‘ပထမမျိုးဆက်’ ဇာတ်လမ်းများက အကောင်းဆုံးဟု ထင်ရသော်လည်း ထုတ်လုပ်ရေး လုပ်ငန်းရှင် ကဲ့သို့ အဆင့် SSS ဇာတ်လမ်းများကို ပိုမိုနှစ်သက်သော နက္ခတ်များ ရှိသကဲ့သို့ ယခုကဲ့သို့ မျှော်လင့်မထားသော ဖြစ်ရပ်ဆိုးများကို နှစ်သက်သူများလည်း ရှိကြသည်။
[ဟားဟား… ဒါက အစစ်အမှန်တော့ မဟုတ်ပေမဲ့ နက္ခတ်တစ်ပါးရဲ့ ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးချင်း မတူဘူးပဲ]
ဤသည်မှာ အက်စ်မိုးဒီအက်စ် ကဲ့သို့သော မိစ္ဆာဘုရင်များ စားတော်ဆက်အသင်း အတွင်း လက်ခံရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ နက္ခတ်များ၊ အဆင့်ကျော်လွန်သူများ သို့မဟုတ် မိစ္ဆာဘုရင်များ ဖြစ်ကြပါစေ၊ စားတော်ဆက်အသင်း ဆိုသည်မှာ အခြားအုပ်စုများထက် ခေါင်းမာသော ကလေးဆိုးများ ပိုမိုစုစည်းနေသည့် နေရာဖြစ်သော်လည်း သူတို့သည် အရသာရှိသော အရာအားလုံးကိုတော့ အသိအမှတ်ပြု တန်ဖိုးထားကြသည်။
သွေးအိုင်များကို နင်းဖြတ်ကာ တဖြည်းဖြည်း ချဉ်းကပ်လာသော အက်စ်မိုးဒီအက်စ် ကို ကြည့်ပြီး ကျနော် တံတွေးတစ်ချက် မျိုချလိုက်သည်။
[အီအိုရန်၏ ဓါး ၏ အထူးအကျိုးသက်ရောက်မှု ကုန်ဆုံးပါတော့မည်။]
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ နည်းစနစ်များကို ကျနော် အသုံးပြုခဲ့သော်လည်း အီအိုရန်၏ ဓါး ကြောင့်သာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုဓါးသာ မရှိလျှင် မကောင်းဆိုးဝါး ဝိညာဉ်များကို ရင်ဆိုင်နိုင်ရန် မည်သည့်နည်းလမ်းမျှ ရှိလိမ့်မည်မဟုတ်ပေ။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အက်စ်မိုးဒီအက်စ် က ကျနော့်ကို စိုက်ကြည့်ကာ သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
ကျနော်လှမ်းပြောလိုက်သည်။
[…ခင်ဗျားက ကျုပ်ကို စားဖို့ ဒီကို လာတာ မဟုတ်ဘူးမလား]
[ဟ… မင်းက ဘယ်လိုလုပ် သေချာပြောနိုင်နေရတာလဲ]
[ခင်ဗျားသာ ကျုပ်ကို သတ်လိုက်ရင် မဟာဇာတ်လမ်းကြီး ကို ရနိုင်တော့မှာ မဟုတ်ဘူးလေ]
အက်စ်မိုးဒီအက်စ် သည် မိစ္ဆာဘုရင် အဆင့်တက်ခြင်း နှင့် ပတ်သက်၍ ကျနော့်ကို ကတိတစ်ခု ပေးထားခဲ့သည်။ ထို့ကြောင့် သူသည် ကျနော့်ကို ဤနေရာတွင် သတ်၍ မရနိုင်ပေ။
[၃၀ ရာခိုင်နှုန်း ဝေစုပေးမယ်လို့ ကတိပေးထားပြီးသားပဲလေ။ ခင်ဗျားက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ]
[ငါ့ဆီကို ၃၀ ရာခိုင်နှုန်း ရောက်လာမယ်ဆိုတာ မသေချာဘူးလေ]
[ခင်ဗျားက တခြား နက္ခတ်တွေနဲ့ ယှဉ်ပြိုင်ဖို့ ယုံကြည်ချက် မရှိတာလား]
ကျနော့်၏ ရန်စသော စကားများကြောင့် အက်စ်မိုးဒီအက်စ် ၏ မျက်နှာထားမှာ တင်းမာသွားခဲ့သည်။
[အခု မင်းက ငါ့ကို ရန်စနေတာလား]
အက်စ်မိုးဒီအက်စ် ထံမှ ခြိမ်းခြောက်နေသော အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း ကျနော် စိုးရိမ်ထိတ်လန့်ခြင်း မရှိပေ။
[ခင်ဗျားက တကယ့် မိစ္ဆာဘုရင် တစ်ပါးဆိုရင် အသုံးမကျတဲ့သူ တစ်ယောက်လို မနေပါနဲ့။ ခင်ဗျားရဲ့ ဝေစုကို ရဖို့အတွက် ကောင်းကောင်းမွန်မွန် ယှဉ်ပြိုင်စမ်းပါ]
အမှန်စင်စစ် အက်စ်မိုးဒီအက်စ် သည် ဤနေရာသို့ ကျနော့်ကို ‘ကူညီရန်’ ရောက်လာခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ သူသည် အက်စ်မိုးဒီအက်စ် ဖြစ်နေသည့်တိုင် စားတော်ဆက် အသင်းဝင်အချင်းချင်းကို တိုက်ခိုက်ခြင်းမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်ကတော့ အမှန်ပင်။ သို့သော်ငြားလည်း သူသည် ‘အရူး’ တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ဤသို့ ပြုမူခဲ့ခြင်း ဖြစ်၏။
အက်စ်မိုးဒီအက်စ် ၏ မျက်နှာမှာ ဖြူလျော်သွားပြီး သူက အော်ဟစ်လိုက်သည်။
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်... မင်း တစ်ခုခုကို မှားယွင်း ထင်မှတ်နေပုံရတယ်။ ငါ မင်းကို အခုချက်ချင်း စားပစ်လိုက်လို့ ရတယ်—]
[ပြောနေကျစကားတွေကို ထပ်မပြောဘဲ ဒီကနေ အခုချက်ချင်း လစ်လိုက်တော့]
အက်စ်မိုးဒီအက်စ် ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ ကျနော်သည် ရပ်တန့်ခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။
[ခင်ဗျား တကယ်ပဲ ကျုပ်ကို စားချင်တယ်ဆိုရင် အခုချက်ချင်း သတ်လိုက်လေ]
အတိတ်က ကျနော်သာ ဤမြင်ကွင်းကို မြင်ခဲ့လျှင် ကျနော့်ကိုယ်ကျနော် ရူးနေပြီဟု ထင်မိပေလိမ့်မည်။ ဤသူမှာ တခြားသူ မဟုတ်ဘဲ အက်စ်မိုးဒီအက်စ် ဖြစ်လေသည်။ သို့သော်လည်း ကျနော် ဤသို့ ပြုမူရခြင်းတွင် အကြောင်းပြချက် ရှိ၏။
အက်စ်မိုးဒီအက်စ် ၏ ‘အရှိန်အဝါ’ မှာ ကျနော့်ထံသို့ တောက်လောင်လာခဲ့သည်။ ထိုကြီးမားလှသော စွမ်းအားကြောင့် ကျနော့်မှာ ကြက်သီးမွေးညင်းများ ထသွားခဲ့သော်လည်း ကျနော့်၏ အာရုံခံစားမှုထက် ကျနော် ဖတ်ခဲ့ရသော ‘ဇာတ်လမ်း’ ကိုသာ ပိုမို ယုံကြည်လိုက်သည်။
「 အဲ့ဒီအချိန်တုန်းက ငါတို့တွေဟာ အက်စ်မိုးဒီအက်စ် ကို ကွဲပြားစွာဆက်ဆံခဲ့သင့်တယ်」
ပြုပြင်ထားသော Ways of Survival ထဲတွင် ဖြစ်သည်။ ၄၉ ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့ ၏ မှတ်တမ်းထဲ၌ ထိုသို့သော ဝါကျတစ်ကြောင်းကို ကျနော် တွေ့ရှိခဲ့ဖူးသည်။
「 အက်စ်မိုးဒီအက်စ် သည် အလျှော့မပေးသော တည်ရှိမှုများကို မြတ်နိုးသည်။ 」
「 ထိုကဲ့သို့သော သူမျိုးနှင့် ရင်ဆိုင်ရလေလေ၊ သူတို့ကို နှိမ်နင်းလိုသော ဆန္ဒမှာ ပိုမို ကြီးမားလာလေလေ ဖြစ်သည်။ 」
ယူဂျွန်ဟော့ သည် ဤကဲ့သို့သော ထိုးထွင်းသိမြင်မှုကို မည်သို့ ရရှိခဲ့သည်ကို ကျနော် မသိသော်လည်း အကယ်၍ သူသာ မှန်ကန်ခဲ့မည်ဆိုပါက အက်စ်မိုးဒီအက်စ် ၏ လုပ်ရပ်အားလုံးမှာ အကျိုးအကြောင်း ဆီလျော်သွားပေလိမ့်မည်။
[ဇာတ်ကောင် ‘အက်စ်မိုးဒီအက်စ်’ အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]
ထိုအခါ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
[ဇာတ်ကောင် ‘အက်စ်မိုးဒီအက်စ်’ အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]
[ဇာတ်ကောင် ‘အက်စ်မိုးဒီအက်စ်’ အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]
မိစ္ဆာဘုရင် တစ်ပါး၏ အတွင်းစိတ်ကို ပထမဆုံးအကြိမ် ကျနော် စတင် နားလည်လာသည်နှင့်အမျှ သွယ်ဝိုက်သော မက်ဆေ့ချ်များမှာ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာခဲ့သည်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၂’ အသက်ဝင်ပါပြီ။]
「 ငါ စားချင်တယ် 」
「 စားလို့မဖြစ်ဘူး 」
「 ငါ စားချင်တယ် 」
「 စားလို့မဖြစ်ဘူး 」
「 အားးး... 」
ကြီးမားလှသော အတွေးပေါင်းများစွာသည် ကျနော့်နားထဲသို့ တိုးဝင်လာခဲ့သည်။ သက်ရှိတစ်ခုတည်းတွင် ဤမျှလောက်အထိ များပြားလှသော လောဘစိတ်များ တည်ရှိနေနိုင်သည်မှာ ထိတ်လန့်ဖွယ်ရာပင် ကောင်းလှသည်။
[ဒါက တကယ်ကို အံ့ဩစရာပဲ...]
အက်စ်မိုးဒီအက်စ် သည် လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အိုင်းရစ် ၏ ဆံနွယ်တစ်စုကို ဆုပ်ကိုင်ကာ အသက်ရှူသံ ခပ်သဲ့သဲ့ ထုတ်လိုက်သည်။
[ဟားးး... ကောင်းတယ်။ အေးလေ၊ ဒီနေ့အတွက်တော့ ဒီလောက်ဆိုရင် တော်လောက်ပါပြီ]
"..."
[ဒါပေမဲ့ ဒါကိုတော့ မှတ်ထားလိုက်။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။ နောက်တစ်ကြိမ်ကျရင်တော့ ဒီနေ့လိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး...]
ကျနော်သည် အက်စ်မိုးဒီအက်စ် ၏ စကားများကို နားမထောင်တော့ဘဲ မီးတောင်ရှိရာသို့ ပြေးသွားလိုက်သည်။ ခက်ခဲစွာ ရရှိထားသော ဤအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ချေ။ ချော်ရည်များကို ကျနော့်ရှေ့ တည့်တည့်တွင် မြင်တွေ့နေရပြီ ဖြစ်သည်။ လေ၏လမ်းစဉ် စွမ်းအားကြောင့် ကျနော့်လက်ချောင်းထိပ်ရှိ လက်ကောက်မှာ ကမ်းပါးအောက်သို့ လွင့်စင်ကျသွားခဲ့သည်။ လက်ကောက်မှာ ကြည်လင်သော အသံနှင့်အတူ အရည်ပျော်သွားခဲ့သည်။
[ဇာတ်ဝင်ခန်းအသေး ပြီးဆုံးသွားပါပြီ။]
[သင်သည် ဆုလာဘ်အဖြစ် ဒင်္ဂါး ၁၅၀၀၀၀ ကို ရရှိပါသည်။]
[‘စားတော်ဆက်အသင်း’ အတွင်း သင်၏ သိရှိနားလည်မှုမှာ များစွာ တိုးတက်လာပါသည်။]
[သင်သည် ဇာတ်လမ်းသစ်တစ်ပုဒ်ကို ရရှိပါသည်။]
ကျနော်သည် အင်အားကုန်ခမ်းနေသော အိုင်းရစ် ၏ ပါးစပ်ထဲသို့ အဲလိန်းတောအုပ်၏ဇီဝစွမ်းအား ကို လောင်းထည့်ပေးလိုက်သည်။ အိုင်းရစ်၏ ခန္ဓာကိုယ်အခြေအနေမှာ ပျက်စီးနေသော်လည်း ဖြစ်နိုင်စွမ်း ကို အလွန်အကျွံ မသုံးစွဲခဲ့သဖြင့် ပြန်လည်ကောင်းမွန်လာမှုမှာ မြန်ဆန်လိမ့်မည် ဖြစ်သည်။
[အရံဇာတ်ကောင်အနေဖြင့်ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့် ကို ရုပ်သိမ်းလိုက်ပါသည်။]
ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ကျနော်သည် စားတော်ဆက်အသင်း ၏ တည်းခင်းဧည့်ခံပွဲ ခန်းမသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျနော့်၏ အာရုံခံစားမှုများ ပြန်လည်ရရှိလာသည့်အခါ ပထမဆုံး ကြားလိုက်ရသည်မှာ သက်ကြီးရွယ်အိုတစ်ဦး၏ အသံပင် ဖြစ်သည်။
[လူငယ်လေး၊ ငါ တကယ် သဘောကျခဲ့တယ်]
ထုတ်လုပ်ရေး လုပ်ငန်းရှင် က အားရပါးရ ရယ်မောနေသည်ကို မြင်လိုက်ရသည့်အခါမှ ကျနော် ပြန်ရောက်လာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ကျနော် သူ့ကို ခေတ္တခဏမျှ စိုက်ကြည့်နေပြီးနောက် ခေါင်းကို အနည်းငယ် ညွှတ်လိုက်သည်။
"…ဒါတွေ အားလုံးက လူကြီးမင်းရဲ့ ကျေးဇူးကြောင့်ပါ"
[ဟင်၊ မင်း ဘာကို ပြောတာလဲ]
"ဒါကို ပြောတာပါ"
အိုင်းရစ် အခုလေးတင် အသုံးပြုခဲ့သည့် ဒင်္ဂါး ၂ သိန်းတန် အမှိုက်ဖြစ်သော အီအိုရန်၏ ဓါး ကို ကျနော် ကိုင်ထားမိသည်။ ထိုဓါး၏ လက်ကိုင်တွင်—ထုတ်လုပ်ရေး လုပ်ငန်းရှင် မှ ပြုလုပ်သည်—ဟူသော စာသားကို ထွင်းထုထားလေသည်။
ထုတ်လုပ်ရေး လုပ်ငန်းရှင် က ရယ်မောလိုက်သည်။
[ဒါက စီးပွားဖြစ်ထုတ်လုပ်ထားတာသက်သက်ပါပဲ။ ဒီဓါးက ဒီနေ့ ရောင်းထွက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး]
"ဒါက ဒိုကဲဘီ အိတ် ထဲမှာ အကြံပြုထားတဲ့ ပစ္စည်းတစ်ခု ဖြစ်နေလို့ ဝယ်ဖြစ်ခဲ့တာပါ"
[ဟားဟား… နက္ခတ်တစ်ပါးက ဒိုကဲဘီတွေရဲ့ အလုပ်အကြောင်း ဘယ်လိုလုပ်ပြီး သိနေရတာလဲ]
ဤသည်မှာ ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ စီးပွားရေးသက်သက် ထုတ်လုပ်ခဲ့မှု ဟုတ်မဟုတ်ကို ကျနော် မသိပေ။ သို့သော် တစ်ခုတော့ သေချာသည်။ ဤဓါးမှာ ကျနော်နှင့် အိုင်းရစ် ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းပင်။
[ဒါနဲ့ အခြေအနေတွေကတော့ နည်းနည်း ခက်ခဲသွားပြီ ထင်တယ်]
ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကျနော့်ပတ်ပတ်လည်ရှိ အငွေ့အသက်မှာ တင်းမာနေခဲ့သည်။
[ဘယ်သူက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်လဲ]
နက္ခတ်များသည် ဒေါသတကြီးဖြင့် ကျနော့်ကို လိုက်လံရှာဖွေနေကြသည်။ ထိုသူများထဲတွင် ခန္ဓာကိုယ်များ ဆုံးရှုံးခဲ့ရပြီး ဇာတ်ဝင်ခန်းအတွင်းမှ ပြန်ရောက်လာကြသော နက္ခတ်များလည်း ပါဝင်သည်။
[‘ရဲတင်းသော ရွှံ့နွံသားရဲ’ နက္ခတ်က သင့်အပေါ် ရန်လိုမှုကို ပြသနေပါသည်။]
[‘ငြိမ်သက်သောကျွန်း၏ စားတော်ဆက်’ နက္ခတ်က သင့်ကို စိုက်ကြည့်နေပါသည်။]
ယူဖရိုဆီနီ မှာ စင်ပေါ်တွင် ကြောင်တောင်တောင်ဖြင့် ရပ်နေပြီး အန်နာ ခရော့ဖ် မှာမူ မျက်နှာဖြူလျော်နေခဲ့သည်။ ယခုအခါ နက္ခတ်အချို့မှာ ကျနော် ဘာဆက်လုပ်မည်နည်းဟူသော အတွေးဖြင့် စောင့်ကြည့်နေကြသည်။ ဇာတ်ဝင်ခန်းအသေးမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း သူတို့အတွက်မူ ဤအခြေအနေမှာ ကစားပွဲ၏ အဆက်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ကျနော်သည်လည်း သူတို့၏ မျှော်လင့်ချက်ကို မရိုက်ချိုးလိုချေ။
[ကိုယ်စားလှယ် ‘အိုင်းရစ်’ နှင့် ချုပ်ဆိုထားသော ကတိကဝတ်အရ သင်သည် ‘ဆုတောင်းလက်မှတ်’ တစ်စောင်ကို ရရှိပါသည်။]
[သင်သည် စားတော်ဆက်အသင်း က ခွင့်ပြုထားသော ဘောင်အတွင်းမှ ဆုတစ်ခု တောင်းဆိုနိုင်ပါသည်။]
စားတော်ဆက်အသင်း က ခွင့်ပြုထားသော ဘောင်အတွင်းမှ ဆိုသည့် အဓိပ္ပာယ်မှာ ထင်ရှားလှသည်။ ကျနော်သည် နက္ခတ်များကို သတ်ဖြတ်ပေးရန် ဆုတောင်း၍ မရနိုင်သည်မှာ သဘာဝပင်။
[ဤသည်မှာ ဆုတောင်းချက်က ခွင့်ပြုထားသော ဖြစ်နိုင်စွမ်း ထက် ကျော်လွန်နေပါသည်။]
နက္ခတ်အားလုံးကို ကျနော့်ဘက်တော်သား ဖြစ်လာရန် သို့မဟုတ် သူတို့၏ သခင်ဖြစ်လာရန် ကျနော် ဆုတောင်း၍လည်း မရပေ။ ထိုသို့ဆုတောင်းခြင်းမှာ မည်သို့မျှ မဖြစ်နိုင်သော ဆုတောင်းချက်ပင် ဖြစ်သည်။
[ဤသည်မှာ ဆုတောင်းချက်က ခွင့်ပြုထားသော ဖြစ်နိုင်စွမ်း ထက် ကျော်လွန်နေသည်။]
အခြားတစ်ဖက်တွင် ဤ ‘ဆုတောင်းချက်’ ဆိုသည်မှာ သံတမန်ရေးရာ ကတ်တစ်ခု ဖြစ်သည်။ ကျနော်သည် ဖြစ်နိုင်သော အရာနှင့် မဖြစ်နိုင်သော နယ်ပယ်ကို ခွဲခြားသတ်မှတ်ကာ ကျနော့်အတွက် အကောင်းဆုံး ဖြစ်မည့် ဆုတောင်းချက်ကို ရှာဖွေရမည် ဖြစ်သည်။
[စားတော်ဆက်အသင်း အဖွဲ့ဝင်အချို့က သင့်အပေါ် ပြင်းထန်သော ရန်လိုမှုကို ပြသနေကြပါသည်။]
[နက္ခတ် အမြောက်အမြားက သင်၏ ရွေးချယ်မှုကို မျှော်လင့်စောင့်စားနေကြပါသည်။]
ကျနော့်၏ ချန်နယ်ထဲမှ နက္ခတ်များပင် တင်းမာနေကြသည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်၏ ရွေးချယ်မှုကို မျှော်လင့်စောင့်စားနေပါသည်။]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်မှာ စိတ်လှုပ်ရှားမှုကြောင့် လက်ချောင်းလေးများကို လှုပ်ခါနေပါသည်။]
ဤမျှများပြားလှသော အကြည့်များ၏ ရှေ့မှောက်တွင် ကျနော် ဖြည်းဖြည်းချင်း ပါးစပ်ကို ဖွင့်ဟလိုက်သည်။
[စားတော်ဆက်အသင်း က ကျနော့်အပေါ် ယဉ်ကျေးပျူငှာမှု ပြသဖို့ ကျနော် ဆုတောင်းပါတယ်]
ခေတ္တခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး၌ ကြီးမားသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့သည်။ ကျနော်သည်လည်း ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ထိုတိတ်ဆိတ်မှုထဲတွင် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။
[စားတော်ဆက်အသင်း ၏ ဖြစ်နိုင်စွမ်း အသက်ဝင်ပါပြီ။]
[သင်၏ ဆုတောင်းချက်ကို လက်ခံရရှိပါသည်။]
စားတော်ဆက်အသင်း ခန်းမအတွင်း၌ လျှပ်စစ်မီးပွားများ ပြည့်နှက်သွားခဲ့သည်။ သေချာကြည့်လိုက်သည့်အခါ ထိုအရာတို့မှာ လျှပ်စစ်မီးပွားများမဟုတ်ဘဲ မိုးကြိုးလျှပ်စီးများ ဖြစ်နေလေသည်။ ထို့နောက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
[ဟားဟားဟား။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ]
‘ကြာသပတေးနေ့၏ မိုးကြိုးအရှင်’ က ဘီယာခွက်ကို ကိုင်မြှောက်လျက် အားရပါးရ ရယ်မောနေလေသည်။
[ပျင်းစရာကောင်းနေတဲ့ ဇာတ်လမ်းက ကြည့်ရကျိုးနပ်တဲ့အထိ ဖြစ်လာတာပဲ။ မင်းတို့တွေက ဘာလို့ ဒီနက္ခတ်ငယ်လေးကို အပြစ်တင် ညှဉ်းပန်းချင်နေကြတာလဲ]
သူ၏ စကားများကို အချို့သော နက္ခတ်များက ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ကြသည်။
[ဒါပေမဲ့ စည်းကမ်းတွေက...]
[ဇာတ်ဝင်ခန်းဆိုတာ ဇာတ်ဝင်ခန်းသက်သက်ပဲ။ ပြီးတော့ အဲဒီဇာတ်ဝင်ခန်းကလည်း ပြီးသွားပြီလေ။ ဒါပဲ ငါနဲ့ ငါ့ရဲ့ တူက သိတယ်]
သော် ၏ တူ မှာ မည်သည့် ငြင်းခုံမှုကိုမျှ လက်မခံနိုင်လောက်အောင် နားကွဲလုမတတ် အသံကြီးကို ထုတ်လွှတ်လိုက်သည်။ အက်စ်ဂတ် နက်ဗျူလာ မှ သော် သည် ဤနေရာတွင် အစွမ်းထက်ဆုံးသော ဇာတ်လမ်းပိုင်ရှင်များထဲမှ တစ်ဦး ဖြစ်၏။ သူ၏ တူ ကို မည်သူမျှ အံတုကာ ရင်မဆိုင်လိုကြပေ။
[ဒီရိုင်းစိုင်းတဲ့ မိုးကြိုးနတ်ဘုရားရဲ့ စကားကို ထောက်ခံရတာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါလည်းပဲ အတူတူ ခံစားရတယ်]
စကားပြောလိုက်သူမှာ ‘မိုးသောက်ကြယ်နတ်ဘုရားမ’ ပင် ဖြစ်သည်။ ထိုနက္ခတ်မ လှုပ်ရှားလိုက်သည့်အခါ သေသေချာချာ ထုံးဖွဲ့ထားသော ဆံနွယ်များကြားမှ ကြယ်မှုန်များ ကျဆင်းလာခဲ့သည်။
[ဇာတ်ဝင်ခန်းကို ဇာတ်ဝင်ခန်းထဲမှာပဲ အဆုံးသတ်သင့်တယ်။ နင်တို့ တိုက်ချင်ရင် ဇာတ်ဝင်ခန်းထဲမှာ သွားတိုက်ကြ။ စားတော်ဆက်အသင်းကြီး ဒီထက်ပိုပြီး အရုပ်ဆိုးသွားတာကို ငါ မမြင်ချင်ဘူး]
ဤနေရာတွင် ရှိနေသော ထိပ်တန်းအဆင့် နက္ခတ်နှစ်ပါးစလုံးက ရပ်တည်ပေးလိုက်သဖြင့် အခြားသော နက္ခတ်များမှာလည်း ဝေခွဲမရ ဖြစ်သွားကြသည်။ ထို့အပြင် ‘ဆုတောင်းလက်မှတ်’ မှာလည်း အသက်ဝင်သွားပြီ ဖြစ်သည်။ နက္ခတ်အချို့က ကျနော့်ကို စိုက်ကြည့်နေကြဆဲ ဖြစ်သော်လည်း ကျနော့်ကို ရန်ပြုမည့် အရိပ်အယောင်များ မရှိတော့ပေ။ ပတ်ဝန်းကျင်အငွေ့အသက်မှာ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး မိုးသောက်ကြယ်နတ်ဘုရားမ ၏ အကြည့်များမှာ ကျနော့်ထံသို့ ရောက်ရှိလာသည်။
[ဒါပေမဲ့ ငါ တစ်ခုတော့ မေးပါရစေဦး]
မျှော်လင့်မထားသော မေးခွန်းတစ်ခု ဖြစ်သဖြင့် ကျနော် မိုးသောက်ကြယ်နတ်ဘုရားမကို အလိုအလျောက် မော့ကြည့်လိုက် မိသည်။
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။ နင်က ဘာလို့ ငါတို့ကို ဒီလို ဇာတ်ဝင်ခန်းမျိုး ပြသရတာလဲ]
နတ်ဘုရားမ၏ မျက်လုံးများထဲတွင် ဂလက်ဆီတစ်ခုလုံး ကိန်းအောင်းနေသကဲ့သို့ပင်။ ယခုအခါ ထိုမျက်လုံးများမှာ ကြယ်သစ်တစ်ပွင့်ကို ရှာဖွေတွေ့ရှိသွားသည့်အလား တောက်ပနေခဲ့သည်။
[ငါ့အမြင်မှာတော့ နင့်မှာ ပြောစရာ တစ်ခုခု ရှိနေပုံပဲ။ ဒါပေမဲ့ ငါ့မျက်စိက မှုန်ဝါးနေလို့ နင်ပြသခဲ့တဲ့ ဇာတ်ဝင်ခန်းကို ငါ သေချာ နားမလည်နိုင်သေးဘူး။ နင့်အနေနဲ့ စိတ်မရှိဘူးဆိုရင် အဲဒီအကြောင်းကို နင့်ရဲ့ ပါးစပ်ကနေ ကိုယ်တိုင် ပြောပြတာကို ငါ နားထောင်ချင်တယ်]
ကျနော် ပြသခဲ့သော ဇာတ်ဝင်ခန်းမှာ အကြမ်းထည်သက်သက် ဖြစ်သည်ဟု ထိုနတ်ဘုရားမက မပြောခဲ့ချေ။ ဤသည်မှာ ထိုနတ်ဘုရားမ၏ နှိမ့်ချတတ်သောဇရိုက်ကြောင့် ဖြစ်ပေလိမ့်မည်။ မိုးသောက်ကြယ်နတ်ဘုရားမ ၏ ဘေးတွင် ရပ်နေသော ပါစီဖုန်း က ကျနော့်ကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
...အရာရာကို ကိုယ့်ဘာသာကိုယ် လုပ်ဖို့ ငါ ပြောခဲ့ပေမဲ့ ဒါက နင့်ကို ငါ ကူညီနိုင်တဲ့ တစ်ခုထဲသော နည်းလမ်းပဲ
စားတော်ဆက်အသင်း မှ နက္ခတ်အားလုံးမှာ ကျနော့်ကို စိုက်ကြည့်နေကြသည်။ ဤသည်မှာ ကျနော် ဤနေရာသို့ စတင်ရောက်ရှိလာကတည်းက လိုလားခဲ့သော အခြေအနေမျိုး ဖြစ်၏။ သူတို့၏ အားပေးထောက်ခံမှုကို ရရှိရန် ကျနော် ဘာပြောသင့်သနည်း။ မိစ္ဆာဘုရင် ရွေးချယ်ပွဲ အကြောင်းကိုသာ တိုက်ရိုက်ပြောဆိုမည်ဆိုပါက သူတို့က ကျနော့်ကို ကူညီလိမ့်မည်ဟု ထင်နေခြင်းမှာ မိုက်မဲရာ ရောက်ပေလိမ့်မည်။
「 ထိုခဏ၌ ကင်ဒေါ့ဂျာ သည် သူ အမှန်တကယ် ပြောဆိုလိုသည့် အရာမှာ အဘယ်နည်းဟူသည်ကို ပထမဆုံးအကြိမ် စဉ်းစားမိလိုက်သည်။ 」
လျှောက်လှမ်းရမည့် လမ်းက အလွန်အမင်း ဝေးကွာနေဆဲ ဖြစ်ပြီး မျက်စိဖြင့် မမြင်နိုင်သေးပေ။ သို့သော်လည်း လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေသူ တစ်ဦးအတွက်မူ အနည်းဆုံးတော့ ရှင်းလင်းပြတ်သားနေခဲ့သည်။
ကျနော့်ရှေ့တွင် ဤလမ်းကို လျှောက်လှမ်းရန် ကြိုးစားခဲ့သူ တစ်ဦး ရှိခဲ့ဖူးသည်။ မည်သူမျှ မလျှောက်လှမ်းခဲ့သော လမ်းပေါ်တွင် လျှောက်လှမ်းကာ ရယ်မောနေခဲ့သည့် ထိုလူကို ကျနော် ပြန်လည် အမှတ်ရလိုက်သည်။ ထို့နောက် ကျနော့်ထံသို့ စကားလုံးအချို့ သဘာဝအလျောက် ရောက်ရှိလာခဲ့သည်။
[ကျနော်က...]
မဟုတ်သေး။ ဤအရာသည်သာ ကျနော် ပြောဆိုရန် လိုအပ်သည့် တစ်ခုတည်းသော အရာ ဖြစ်ပေလိမ့်မည်။
အခန်း ၂၄၄
- အပိုင်း ၄၆ - ဇာတ်လမ်းအသစ် (၁)
[အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ‘ဇာတ်လမ်းအသစ်’ တစ်ပုဒ်ကို ကျနော် ဖန်တီးပါ့မယ်။]
ကျနော့် စကားကြောင့် နက္ခတ်များ အားလုံး ပါးစပ်ပိတ်သွားကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိတ်လန့်သွားကြသောကြောင့်တင် မဟုတ်ဘဲ ကျနော် ပြောနေသည့် အရာကို သူတို့ နားမလည်နိုင်ကြသောကြောင့် ဖြစ်၏။
ပထမဆုံး စတင် စကားပြောလာသူမှာ သော် ၏ ဘေးတွင် သောက်စားနေသည့် နက္ခတ်တစ်ပါးပင် ဖြစ်သည်။
[ဇာတ်လမ်းအသစ် ဆိုတာက ဘာကို ဆိုလိုတာလဲ]
Ways of Survival အရ ဒိုကဲဘီဘုရင် သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤစကားကို ချန်ထားခဲ့ဖူးသည်။
「 ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲမှာ ဇာတ်လမ်းအသစ်ဆိုတာ မရှိဘူး။ ဇာတ်လမ်းအားလုံးက ဟောင်းနွမ်းနေတဲ့ ဇာတ်လမ်းတွေအပေါ်မှာပဲ အခြေခံထားတာ 」
ဤစကားဟောင်းမှာ ဒိုကဲဘီတို့၏ နှိမ့်ချမှုဖြစ်ပြီး ကျော်လွှားရန် လိုအပ်သည့် စကားလည်း ဖြစ်သည်။
ကျနော် မည်သို့ပြန်ဖြေရမည်မသိဘဲ ဖြစ်နေစဉ်မှာပင် စိတ်တိုတတ်သော နက္ခတ်တစ်ပါးက အရင်ဆုံး ထွက်လာခဲ့သည်။
[အဲဒီဇာတ်လမ်းထဲမှာ ဓါးသခင် ပါလား]
ဓါးသခင်...
မျှော်လင့်မထားသော မေးခွန်းကြောင့် ကျနော် ခေါင်းငြိမ့်ပြလိုက်သည်။
[ပါပါတယ်]
ကျနော့် အဖြေကြောင့် အချို့သော နက္ခတ်များက သက်ပြင်းချကြပြီး အချို့မှာမူ မျက်လုံးများ တောက်ပလာကြသည်။ ထို့နောက် အခြား နက္ခတ်တစ်ပါးက ထပ်မံ မေးမြန်းခဲ့သည်။
[မဟာမှော်ဆရာကော ပါလား]
[တစ်ယောက်ယောက်တော့ ပေါ်လာနိုင်ပါတယ်]
[ဝင်စားသူကော ပါလား]
[ဟုတ်ကဲ့။ ပါပါတယ်]
[အဆင့် SSS မုဆိုးကော ပါလား။ ပြောရရင် ငါက ကျိုးကြောင်းဆီလျော်တဲ့ ကြိုးစားမှုအတွက် ဆုလာဘ် ပြန်ရတဲ့ မိတ်ဆွေမျိုးတွေကို သဘောကျတယ်]
[အဲ့လိုမျိုးဖြစ်ဖို့က ဖြစ်နိုင်ခြေ ရှိပါတယ်။ ကြိုးစားအားထုတ်တဲ့သူတွေကို ကျနော်လည်း မမုန်းပါဘူး]
[ပြန်လာသူ လည်း ထွက်လာမှာမလား]
ပျော်စရာကောင်းနေသည့်အလား အမျိုးမျိုးသော မေးခွန်းများမှာ ခေတ္တခဏမျှ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။ ထိုဖြစ်စဉ်အတွင်း ပြုံးနေသူများ ရှိသကဲ့သို့ ခေါင်းခါနေသူများလည်း ရှိ၏။ သူတို့၏ မျက်နှာအမူအရာ မည်သို့ပင်ဖြစ်နေပါစေ သူတို့အားလုံးမှာ ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ကူးပုံဖော်နေကြခြင်းပင်။ ဇာတ်လမ်းမှာ မဖန်တီးရသေးသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သော်လည်း တည်ရှိနေနိုင်သည့် ဇာတ်လမ်းလည်း ဖြစ်၏။ စားတော်ဆက်အသင်း အနေဖြင့် ဤကဲ့သို့သော ‘စိတ်ကူးစိတ်သန်းများဖြင့်’ စိတ်ကူးမယဉ်ရသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့်လား မသိ။ ခေတ္တခဏမျှအတွင်းမှာပင် စားတော်ဆက်အသင်း နှင့် မလိုက်ဖက်သော နူးညံ့သိမ်မွေ့သည့် လေထုတစ်ခု ခန်းမအတွင်း လွှမ်းမိုးသွားခဲ့သည်။
သို့သော်လည်း ထိုလေထုမှာ ဤအတိုင်း ကြာရှည်မခံခဲ့ချေ။
[ငါ နားမလည်နိုင်ဘူး။ ဒီလိုဇာတ်လမ်းတွေက အများကြီး ရှိနေပြီးသား မဟုတ်ဘူးလား]
ရေအေးဖြင့် လောင်းချလိုက်သူမှာ ‘မိုးသောက်ကြယ်နတ်ဘုရားမ’ ပင် ဖြစ်သည်။
[ဓါးသခင်တွေ၊ မဟာမှော်ဆရာတွေ၊ ဝင်စားသူတွေ၊ ပြန်လာသူတွေ... ဒီဇာတ်လမ်းမှာ ဘာက အသစ်အဆန်း ဖြစ်နေလို့လဲ။ ဒီလို ထွက်ကုန်တစ်ခုကို ‘အသစ်’ လို့ ဘယ်လို သတ်မှတ်နိုင်မလဲဆိုတာ ငါ မသိဘူး]
ကျနော် ခေတ္တခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
[ဇာတ်လမ်းသစ်ဆိုတာ အသစ်အဆန်းဖြစ်တဲ့ အကြောင်းအရာတွေ နဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ စားတော်ဆက်အသင်းက နှစ်သက်တဲ့ ပထမမျိုးဆက် ဇာတ်လမ်းတွေကလည်း သာမန်အကြောင်းအရာတွေနဲ့ပဲ တည်ဆောက်ထားတာ မဟုတ်ဘူးလား]
[နင်က အနုပညာမြောက်တဲ့ ပထမမျိုးဆက်ကို နင့်ရဲ့ ဇာတ်လမ်းနဲ့ နှိုင်းယှဉ်နေတာလား]
[နှိုင်းယှဉ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ ကျနော်က အနုပညာ ဖန်တီးဖို့ ကြိုးစားနေတာ မဟုတ်လို့ပါ]
ကျနော့်၏ စကားကြောင့် နက္ခတ်အချို့မှာ စိတ်ပျက်သွားသော အမူအရာများ ပြသကြသည်။ မိုးသောက်ကြယ်နတ်ဘုရားမ ကမူ ရယ်စရာကောင်းလှသည်ဟူသော အမူအရာဖြင့် ရယ်မောလိုက်သည်။
[နင်က ရိုင်းစိုင်းတဲ့ စကားတွေကို ပြောနေတာပဲ။ အေးပါ… ကောင်းပြီလေ။ ဒါဆို နင့်ရဲ့ ဇာတ်လမ်းမှာ ဘာက အသစ်အဆန်း ဖြစ်နေတာလဲ]
နက္ခတ်များ၏ လေထုမှာ တစ်ဖန် ပြန်လည် ပြောင်းလဲသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အရာရာကို ပေါ့ပေါ့ပါးပါး ပစ်ပေါက်၍ မရနိုင်ချေ။ ကျနော် သူတို့ကို ရင်ဆိုင်ကာ ကျနော့်၏ အစစ်အမှန် အသံဖြင့် ကြေညာလိုက်သည်။
[ကျနော် ဖန်တီးနေတဲ့ ဇာတ်လမ်းထဲမှာ ဇာတ်ဝင်ခန်း အားလုံးရဲ့ အဆုံးသတ် ရှိနေပါလိမ့်မယ်။]
ဇာတ်ဝင်ခန်း အားလုံး၏ အဆုံးသတ်။ လေထုမှာ ချက်ချင်းပင် အေးခဲသွားခဲ့သည်။
[မင်း... မင်းက ဘယ်လိုများ သတ္တိရှိနေပြီး ပြောရဲရတာလဲ...]
အချို့က တိုးတိုးလေး ရေရွတ်ကြပြီး အချို့သော နက္ခတ်များမှာမူ မျက်နှာဖြူလျော်သွားကြသည်။ ပထမမျိုးဆက်ကို ကျနော် ပြောဆိုခဲ့စဉ်ကထက် ပိုမိုပြင်းထန်သော တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့တုန့်ပြန်ခြင်းမှာ ကျနော်သည် သူတို့၏ တားမြစ်ချက်ကို ချိုးဖောက်လိုက်သောကြောင့် ဖြစ်ပေလိမ့်မည်။
ကျနော့်ထံသို့ စုပြုံရောက်ရှိလာသော အကြည့်များကို ခံစားရင်း ကျနော် မျက်လုံးမှိတ်လိုက်သည်။ ကျနော့်ဇာတ်လမ်းက အခြေအနေကိုတော့ သိသိသာသာ ပြောင်းလဲပေးလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကျနော့်၏ ဇာတ်လမ်းမှာ နက္ခတ်များ၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ကျန်ရစ်နေပေလိမ့်မည်။ ယခုအတွက်တော့ ဤမျှဆိုလျှင် လုံလောက်ပေပြီ။
[…အရူးကောင်]
ကျနော် သူတို့ကို ပေးလိုက်သော စွဲလန်းမှုမှာ အလွန်ပင် နက်ရှိုင်းသွားပုံရသည်။ ရန်လိုမှု ပြည့်နှက်နေသော အသံက ဆက်လက် ထွက်ပေါ်လာ၏။
[စားတော်ဆက်အသင်းထဲမှာ အရူးအမျိုးမျိုး ရှိမှန်း ငါ သိထားပေမဲ့ ဒီတစ်ခါတော့ တကယ်ကို အံ့ဩစရာပဲ။ ဒီလိုစကားမျိုး ပြောဖို့ မင်းရဲ့ စိတ်ကော မှန်ရဲ့လား]
အသံပိုင်ရှင်မှာ နဂါးခေါင်းနှင့် အစိမ်းရောင် အရုပ်ကလေး ဖြစ်သည်။ သူသည် လွန်ခဲ့သော ဇာတ်ဝင်ခန်းတွင် လှုပ်ရှားခဲ့သည့် ‘ရဲတင်းသော ရွှံ့နွံသားရဲ’ နက္ခတ်ပင် ဖြစ်သည်။ သူ၏ အပြုံးမှာ လှောင်ပြောင်မှုများ ပြည့်နှက်နေလျက် ဆက်ပြောလိုက်သည်။
[ဒါဆို မင်းက ငါတို့ကို ဘာကူညီပေးစေချင်တာလဲ။ ဇာတ်ဝင်ခန်းရဲ့ အဆုံးသတ်အထိ အတူတူ သွားကြရအောင်လို့ မင်းက ပြောချင်တာလား]
[မှန်ပါတယ်။ ကျနော်နဲ့အတူ ဇာတ်ဝင်ခန်းရဲ့ အဆုံးသတ်အထိ လိုက်ပါမယ့် နက္ခတ်တွေကို ရှာဖွေဖို့ ဒီကို လာခဲ့တာပါ]
ကျနော့်၏ တည်ငြိမ်လှသော ကြေညာချက်ကြောင့် နက္ခတ်များ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့ထဲမှ အချို့မှာ နက်ဗျူလာ တစ်ခုခုထဲသို့ ဝင်ရောက်ထားပြီးသား ဖြစ်သဖြင့် ကျနော့်၏ စကားလုံးများမှာ သူတို့အတွက် ရန်စသံကဲ့သို့ ဖြစ်နေပေလိမ့်မည်။
[နင့်ရဲ့နက်ဗျူလာကရော။ နက်ဗျူလာ ရဲ့ နာမည်က ဘာလဲ]
[နာမည်တော့ မရှိသေးပါဘူး။ တရားဝင်လည်း မတည်ထောင်ရသေးလို့ပါ]
[ဟ... ဒါဆို နဂိုမူလ အဖွဲ့ဝင် ဘယ်နှစ်ယောက် ရှိလဲ]
[နှစ်ယောက်ပါ]
နက္ခတ်များ၏ လှောင်ပြောင်သံများမှာ ပိုမိုကျယ်လောင်လာခဲ့သည်။ ကျနော် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသော်လည်း အောင့်အည်းသည်းခံလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ စားတော်ဆက်အသင်း ၏ ‘ယဉ်ကျေးပျူငှာမှု’ တစ်ရပ်ဟုပင် ဆိုရပေမည်။ သူတို့ထဲမှ မည်သူကမျှ ကျနော့်စကားကို လွယ်လွယ်နှင့် လက်ခံလိမ့်မည်ဟု ကျနော် မထင်ထားချေ။
မိုးသောက်ကြယ်နတ်ဘုရားမ က ဆက်လက် မေးမြန်းခဲ့သည်။
[တစ်ယောက်က နင်ဆိုတော့ ကျန်တဲ့တစ်ယောက်ကကော နက္ခတ် တစ်ပါးပဲလား]
[နက္ခတ်တော့ မဟုတ်ပါဘူး...]
ယူဂျွန်ဟော့ အကြောင်းကို ထုတ်ပြောရန် ကျနော် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ရဲတင်းသော ရွှံ့နွံသားရဲ က "ဟုတ်မှလွဲရော ဟိုကောင်လား" ဟု ဆိုကာ စူးစမ်းလာသည်။
မျက်နှာပြင်ပေါ်ရှိ ဖန်သားပြင်များထဲမှတစ်ခုတွင် ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်မှာ တတိယမြောက် သိုင်းလောက တွင် ကျင်းပနေသည့် သိုင်းလောကပြိုင်ပွဲ၏ ဗိုလ်လုပွဲ မြင်ကွင်းပင် ဖြစ်သည်။
— အားလုံး စောင့်မျှော်နေကြတဲ့ ထိပ်တိုက်တွေ့ဆုံမှုကြီး ရောက်ရှိလို့ လာခဲ့ပါပြီ
တင်ဆက်သူ စကားပြောနေစဉ် ကင်မရာမှာ လူတစ်ယောက်ထံသို့ အာရုံစိုက်သွားသည်။
— ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကြီးရဲ့ တပည့်၊ အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့ ပါ
မျှော်လင့်ထားသည့်အတိုင်းပင် ယူဂျွန်ဟော့ မှာ ဗိုလ်လုပွဲသို့ ဘေးကင်းစွာ တက်လှမ်းနိုင်ခဲ့သည်။
ဒါဆို ပြိုင်ဘက်က ဘယ်သူပါလိမ့်...
— သိုင်းလောကရဲ့ မဟာပညာရှိ ၁၀ ဦးထဲက တစ်ဦးဖြစ်တဲ့ နှင်းပန်းနတ်ဘုရားမ ကျူးကော့လင်းလင်း ပါ
တီရှပ်အကျပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည့် ကျူးကော့လင်းလင်း ထံသို့ တောက်ပသော မီးမောင်းထိုးပြသမှုများ ကျရောက်သွားသည်။ နှင်းပန်းနတ်ဘုရားမ မှာ လွယ်ကူသော ပြိုင်ဘက်မဟုတ်ချေ။ နှင်းပန်းနတ်ဘုရားမသည် သိုင်းလောကကို ကိုယ်စားပြုသည့် အဆင့်ကျော်လွန်ခြင်း အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ မူလကဆိုလျှင် ယူဂျွန်ဟော့ အနေဖြင့် သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ယူဂျွန်ဟော့ယှဉ်ပြိုုင်နိုင်စွမ်း ရှိမရှိဆိုသည်မှာ လတ်တလောအတွင်း ယူဂျွန်ဟော့၏ ကောင်းကင်ဖြိုခွင်းဓါးသိုင်း က မည်မျှအထိ တိုးတက်လာခဲ့သနည်း ဆိုသည့်အချက်ပေါ်တွင်သာ မူတည်ပေလိမ့်မည်။
[အဟမ်း...]
တစ်စုံတစ်ယောက်က အသံပြုလိုက်သည့် ခဏမှာပင် ကျနော့်စိတ်များ နိုးကြားသွားခဲ့သည်။ ကျနော် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် တဖြည်းဖြည်း ဒေါသထွက်လာ မိသည်။
...ချီး။ တစ်စုံတစ်ယောက်က ဒီဗီဒီယိုကို တင်လိုက်တာပဲ။
စင်၏ ထောင့်တစ်နေရာတွင် ရပ်နေသော အန်နာ ခရော့ဖ် ကို ကျနော် စိုက်ကြည့်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာအရ ဗီဒီယိုတင်ခဲ့သည်မှာ သူ မဟုတ်ပုံရသည်။
ဒါဆိုရင် ဒီဗီဒီယိုက...
[ဟားဟား... သာမန်လူသားတွေရဲ့ ပွဲတော်ပါလား...]
ရဲတင်းသော ရွှံ့နွံသားရဲ က ရယ်မောလိုက်သည်။
[တကယ်ကို စိတ်ပျက်စရာကောင်းလိုက်တာ။ ဒဏ္ဍာရီလာအဆင့် ကို အခုမှ ရောက်ခါစ တည်ရှိမှုတစ်ခုနဲ့ အဆင့်မရှိတဲ့ သာမန်လူသားတစ်ယောက်က ‘ဇာတ်လမ်းရဲ့ အဆုံးသတ်’ အကြောင်း ဆွေးနွေးနေကြတာလား]
နက္ခတ်အချို့မှာလည်း စောင့်ဆိုင်းနေသည့်အလား လိုက်လံရယ်မောကြသည်။ ထိုသို့ရယ်မောခြင်းမှာ ကျနော် ပြောဆိုခဲ့သမျှ စကားလုံးအားလုံးကို ငြင်းပယ်လိုက်သည့် ရယ်မောသံပင် ဖြစ်သည်။ ဤသို့ ဖြစ်လာလိမ့်မည်ဟု ကျနော် ကြိုတင် ခန့်မှန်းထားခဲ့သင့်သည်။ အစကတည်းက နက္ခတ်တွေဆီကနေ တစ်ခုခု မျှော်လင့်နေခဲ့မိခြင်းက မှားယွင်းခဲ့ပုံရသည်။
[ဟားဟားဟား၊ ဒီနက္ခတ်ရဲ့ ဘွဲ့အမည် က ဘာလဲ။ ကြွားဝါခြင်း၏ မိစ္ဆာဘုရင် လား]
[အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ။ အတော်လေး ပျော်စရာကောင်းတဲ့ မိတ်ဆွေတစ်ယောက်ကို ခေါ်လာတာပဲ]
မျက်နှာပြင်ပေါ်တွင် ယူဂျွန်ဟော့ နှင့် နှင်းပန်းနတ်ဘုရားမ တို့မှာ ထိပ်တိုက် ရင်ဆိုင်နေကြသည်။ ရဲတင်းသော ရွှံ့နွံသားရဲ က မြင်ကွင်းမှာ ချစ်စရာကောင်းသည်ဟု ထင်နေသည့်အလား တဟားဟား ရယ်မောနေခဲ့၏။
[ဇာတ်ဝင်ခန်းတွေရဲ့ အဆုံးသတ်ထားပါဦး၊ ဒီဇာတ်ဝင်ခန်းတောင် သူ့အတွက် ခက်ခဲပုံရတယ်]
ကျနော် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ယူဂျွန်ဟော့ လျှောက်လှမ်းမည့် လမ်းစဉ်နှင့် အနာဂတ်တွင် သူ ရရှိမည့် အောင်မြင်မှုများကို ကျနော် သိရှိထားသည်။ အလွန်အမင်း ကြိုးစားအားထုတ်တတ်သော ထိုလူမှာ တစ်နေ့တွင် ဤအောက်တန်းကျသော စားတော်ဆက်အသင်း အဖွဲ့ဝင် အားလုံးကို သတ်ဖြတ်ပစ်လိမ့်မည်ဆိုသည်ကိုလည်း ကျနော် ကောင်းကောင်း သိ၏။
သို့သော်လည်း ဤနေရာရှိ နက္ခတ်များ၏ အမြင်တွင်မူ လက်ရှိ ယူဂျွန်ဟော့ မှာ အရေးမပါသော သာမန်လူသားတစ်ဦးသာ ဖြစ်သည်။
[ဒါက အတော်ပဲ။ ဇာတ်ဝင်ခန်း ပြီးသွားလို့ ပျင်းနေတာနဲ့ အတော်ဖြစ်သွားတယ်။ လောင်းကြေးထပ်ကြမလား။ ဒီပိုးကောင် နှစ်ကောင်ထဲက ဘယ်သူ နိုင်မလဲဆိုတာကိုလေ]
[အို၊ ကောင်းတယ်၊ ကောင်းတယ်]
နက္ခတ်အမြောက်အမြားက ရဲတင်းသော ရွှံ့နွံသားရဲ ၏ အဆိုပြုချက်ကို သဘောတူလိုက်ကြသည်။ ထို့နောက် စနစ်မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
[ဇာတ်ဝင်ခန်းအသေး အသစ်တစ်ခု ရောက်ရှိလာပါပြီ။]
[ဇာတ်ဝင်ခန်းအသေး — စားတော်ဆက်အသင်း လောင်းကစားပွဲ စတင်ပါပြီ။]
နက္ခတ်များ၏ ရှေ့တွင် ရွေးချယ်စရာ ဇယားများစွာ ပေါ်ထွက်လာသည်။
[အဲဒီ အမျိုးသမီးဘက်ကနေ ဒင်္ဂါး ၅၀၀၀၀ လောင်းကြေးထပ်မယ်]
ရဲတင်းသော ရွှံ့နွံသားရဲ အော်ဟစ်လိုက်သည့် ခဏမှာပင် အခြားသော နက္ခတ်များကလည်း ရယ်မောလျက် ဒင်္ဂါးအချို့ကို လောင်းကြေးထပ်လိုက်ကြသည်။ ထို့နောက် ရဲတင်းသော ရွှံ့နွံသားရဲက ကျနော့်ကို လှမ်းကြည့်လိုက်သည်။
[လူသစ်လေး။ မင်းလည်း လောင်းသင့်တယ်လေ
[လောင်းကြေးထပ်ပြီးသားပါ]
[ဘယ်သူ့ဘက်က လောင်းလိုက်တာလဲ]
[ယူဂျွန်ဟော့ ဘက်ကနေ ဒင်္ဂါး ၁၀၀၀၀၀ ပါ]
ကျနော်က သူထက် နှစ်ဆပို၍ လောင်းလိုက်သည့် အချက်ကြောင့် ရဲတင်းသော ရွှံ့နွံသားရဲ ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။
[ချီးထုတ်ကျတဲ့ ကောင်လေးပဲ။ မင်း နောင်တရစေရမယ်]
ရဲတင်းသော ရွှံ့နွံသားရဲ က ဤလောင်းကြေး၏ ရလဒ် မည်သို့ဖြစ်လာမည်ကို သိရှိနေသည့်အဟန် ပြောဆိုလိုက်သည်။ အဝေးတစ်နေရာတွင်မူ အန်နာ ခရော့ဖ် က တည်ငြိမ်သော အကြည့်များဖြင့် ကျနော့်ကို စောင့်ကြည့်နေခဲ့သည်။ မျက်နှာပြင်ပေါ်တွင် ယူဂျွန်ဟော့ ၏ ရုန်းကန်လှုပ်ရှားမှုကို ကြည့်ရသလောက် တိုက်ပွဲတစ်ဝက်သို့ ရောက်ရှိလာပြီ ဖြစ်မှန်း ကျနော်ခန့်မှန်းမိလိုက်သည်။
[အိုး... သူက အတော်လေး ဟုတ်နေတာပဲ။ ငါ့ရဲ့ ကိုယ်စားလှယ် အဖြစ် ထားရမလား]
အစပိုင်းတွင် ယူဂျွန်ဟော့ မှာ အရေးနိမ့်နေပုံရသော်လည်း သူ၏ အရှိန်အဟုန်မှာ တဖြည်းဖြည်းနှင့် ပိုမိုအားကောင်းလာခဲ့သည်။ အချို့သော နက္ခတ်များမှာ မျှော်လင့်မထားသော အခြေအနေကြောင့် အံ့အားသင့်သွားကြသော်လည်း ရဲတင်းသော ရွှံ့နွံသားရဲ က စိုက်ကြည့်လိုက်သည်နှင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။
မျှော်လင့်ထားသည့်အတိုင်း ယူဂျွန်ဟော့ ပင် ဖြစ်သည်။ သူသည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကြီးနှင့် စီစဉ်ထားသည်ထက် ပိုမိုစောစီးစွာ ဆုံတွေ့ခဲ့ပြီး သူ၏ ကောင်းကင်ဖြိုခွင်းဓါးသိုင်း အဆင့်မှာလည်း မူရင်းထက် ပိုမိုမြင့်မားသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
အားကစားကွင်းအတွင်း၌ ကောင်းကင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး နှင်းပန်းနတ်ဘုရားမ မှာ သွေးများအန်လျက် ဖုန်မှုန့်များကြားတွင် လွင့်စင်သွားခဲ့သည်။ အခြေအနေမှာ တစ်ဖက်သို့ လုံးဝ တိမ်းစောင်းသွားခဲ့ပြီ ဖြစ်သည်။ ဇာတ်လမ်းမှာ မျှော်လင့်မထားသော ဘက်သို့ စီးဆင်းသွားသဖြင့် ရဲတင်းသော ရွှံ့နွံသားရဲ ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
[…ဟ… ဒီလိုဆိုရင်တော့ မပျော်စရာမကောင်းတော့ဘူး]
ကျနော့်စိတ်ထဲတွင် မကောင်းသော အငြိုးအတေးတစ်ခုကို ခံစားလိုက်ရသည့် ခဏမှာပင် ရဲတင်းသော ရွှံ့နွံသားရဲ အပါအဝင် စားတော်ဆက်အသင်း အဖွဲ့ဝင်အချို့၏ ပတ်ပတ်လည်တွင် လျှပ်စစ်မီးပွားများ ပေါ်ထွက်လာခဲ့သည်။ သူတို့ ဘာလုပ်နေသနည်းဆိုသည်ကို ကျနော် ချက်ချင်း သတိပြုမိလိုက်၏။ သူတို့၏ လျှပ်စစ်မီးပွားများမှာ သိုင်းလောကပြိုင်ပွဲ ပြသနေသည့် မျက်နှာပြင်ဆီသို့ ပျံ့နှံ့သွားခဲ့သည်။ အတိအကျ ပြောရမည်ဆိုလျှင် နှင်းပန်းနတ်ဘုရားမ ထံသို့ပင် ဖြစ်သည်။
— အားးးးးးး
နှင်းပန်းနတ်ဘုရားမ က အော်ဟစ်လိုက်ပြီးနောက် တင်ဆက်သူ၏ စကားသံ ထွက်ပေါ်လာသည်။
— ဒါ... ဒါက ဘာဖြစ်တာလဲ
ယူဂျွန်ဟော့ မှာလည်း အံ့အားသင့်သွားပုံရသည်။ နှင်းပန်းနတ်ဘုရားမမှာ သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသဖြင့် ယူဂျွန်ဟော့ ၏ မျက်နှာမှာ တင်းမာသွားခဲ့သည်။ ကျနော်သည် ရဲတင်းသော ရွှံ့နွံသားရဲ ကို စိုက်ကြည့်လျက် အေးစက်သော အသံဖြင့် ပြောလိုက်သည်။
[ဒါက လောင်းကစားပွဲလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား]
ရဲတင်းသော ရွှံ့နွံသားရဲ က ရယ်မောလိုက်သည်။
[ဝင်ရောက်စွက်ဖက်လို့ မရဘူးလို့ ငါ မပြောခဲ့ဘူးလေ]
နက္ခတ်အမြောက်အမြား ပံ့ပိုးပေးထားသော ဖြစ်နိုင်စွမ်း များကြောင့် နှင်းပန်းနတ်ဘုရားမ ၏ ခန္ဓာကိုယ်မှာ အစိမ်းရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ဤအရာက ဘာကို ဆိုလိုသနည်းဆိုသည်ကို ကျနော်နှင့် ယူဂျွန်ဟော့ နှစ်ယောက်စလုံး သိသည်။ ဤသည်က နက္ခတ်တစ်ပါး၏ ‘ဆင်းသက်ခြင်း’ ပင် ဖြစ်သည်။ ငြိမ်းချမ်းမြေ နှင့် မဟူရာရဲတိုက် တို့တွင်လည်း ဤကဲ့သို့ပင် ဖြစ်ခဲ့ဖူးသည်။ ထိုစဉ်က ကျနော်နှင့် ယူဂျွန်ဟော့ အတူတကွ တိုက်ခိုက်ခဲ့ကြသော်လည်း ယခုမူ ထိုသို့မဟုတ်တော့ပေ။
[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အသက်ဝင်ပါပြီ။]
[လက်ရှိ ပစ်မှတ်နှင့် ဆက်သွယ်၍ မရနိုင်ပါ။]
...ဒီမအေဘေးကတော့ကွာ။ ဒီလိုအချိန်မျိုးမှာ ဘာလုပ်နေတာလဲ။
ယူဂျွန်ဟော့ က ကျနော့်အကြောင်းကို လုံးဝ စဉ်းစားမနေသောကြောင့် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အသုံးပြုရန် မဖြစ်နိုင်တော့ချေ။
မျက်နှာပြင်ပေါ်တွင်မူ နဂါးစိမ်းတစ်ဝက် ဖြစ်နေသော နှင်းပန်းနတ်ဘုရားမ က ဟိန်းဟောက်နေခဲ့သည်။
ရဲတင်းသော ရွှံ့နွံသားရဲ။ ‘ဆီလီဂျီဒွန်’ ဂြိုဟ်ပေါ်တွင် မွေးဖွားခဲ့သည့် ထိုရှေးဟောင်းသက်ရှိမှာ ကျနော့်ကဲ့သို့ပင် ဒဏ္ဍာရီလာအဆင့် ကို ရောက်ရှိခါစ နက္ခတ်တစ်ပါး ဖြစ်သည်။ သို့သော်လည်း သူ စုဆောင်းထားသော ဇာတ်လမ်းများမှာ ကျနော့်ထက် များစွာ သာလွန်သဖြင့် ကျနော်တို့၏ စွမ်းရည်များမှာ အဆင့်အတန်း မတူညီကြပေ။
ထိုသားရဲက အသက်တစ်ချက် ရှူထုတ်လိုက်ရုံဖြင့် သိုင်းလောကပြိုင်ပွဲကျင်းပရာ နေရာ၏ တစ်ဝက်ခန့်မှာ ပျက်စီးသွားခဲ့သည်။ မဟုတ်မှလွဲရော သူသည် နှင်းပန်းနတ်ဘုရားမနှင့် အချိန်တိုအတွင်း ထောက်ပံ့သူ ကတိကဝတ် ကို ချုပ်ဆိုလိုက်ပုံရသည်။ ပေါင်းစပ်မှုနှုန်း နိမ့်ပါးနေသောကြောင့် သူ၏ ခွန်အားအားလုံး ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဤမျှလောက်သော ဖြစ်နိုင်စွမ်း အဆင့်ဖြင့် အားဖြည့်ထားမည်ဆိုလျှင် ပြိုင်ပွဲကို အဆုံးသတ်ရန်မှာ ခဲယဉ်းလိမ့်မည် မဟုတ်ချေ။
ဇာတ်လမ်းများစွာ စုဆောင်းထားသော ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါးကို ရင်ဆိုင်ရန်မှာ ယူဂျွန်ဟော့ အတွက်ပင် ခက်ခဲပေလိမ့်မည်။
[နင့်ကို ကြည့်ရတာ စိတ်မအေးဖြစ်နေပုံပဲ။ မင်းရဲ့ အပေါင်းအဖော်ကို မယုံကြည်ဘူးလား]
ကျနော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ထုံးစံအတိုင်း ပြုံးနေသော ပါစီဖုန်း ကို တွေ့လိုက်ရသည်။
ငါက သူ့ကို မယုံဘူးလား။
ဇာတ်လမ်းက သဘာဝကျသော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။ မကြာခဏ သေတတ်သော ထို ငါးရံ့လိုကောင်ကို ကျနော် မယုံကြည်နိုင်ချေ...
[သူ့ကို ကျနော် ယုံကြည်ပါတယ်]
သို့သော်လည်း ကျနော် ဤကဲ့သို့ပင် ပြန်လည် ဖြေကြားလိုက်သည်။ ကျနော့်၏ သဘာဝကျသော အဖြေကြောင့် ပါစီဖုန်း ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။
[ပထမဆုံးအနေနဲ့ ပြောရရင် သူ့ကို ယုံကြည်လို့ပဲ ကျနော် ဒီကို လာခဲ့တာပါ]
ကျနော်သည် မျက်နှာပြင်ပေါ်မှ ယူဂျွန်ဟော့ ကို စိုက်ကြည့်လိုက်သည်။ သူ မည်မျှအကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပါစေ၊ ပြိုလဲခဲ့ပါစေ သို့မဟုတ် စိတ်ပျက်အားငယ်ခဲ့ပါစေ၊ သူသည် အဆုံးသတ်အထိ လက်မလျှော့သော လူတစ်ယောက် ဖြစ်၏။ ကျနော်သာ သူ့ကို မယုံကြည်နိုင်ဘူးဆိုလျှင် အစကတည်းက ကျနော် ဘယ်သူ့ကို ယုံကြည်ရတော့မည်နည်း။ အကယ်၍ ဤအလှည့်မှာ ကျရှုံးခဲ့မည်ဆိုလျှင်ပင်...
ဤလူမှာ တစ်နေ့တွင် ဤကမ္ဘာကြီး၏ အဆုံးသတ်ကို မလွဲမသွေ မြင်တွေ့ရမည့်သူ ဖြစ်သည်။
ကျနော် မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီးနောက် ပြန်လည် ဖွင့်လိုက်သည်။
[ကျနော့်ရဲ့ လောင်းကြေးကို ထပ်တိုးပါ့မယ်။ ဒင်္ဂါး တစ်သန်း အထိ ထပ်တိုးမှာပါ]