← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 45 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 45 Ch. 441-442

အခန်း (၄၄၁) - ဗုဒ္ဓဘာသာရဲ့ ခရမ်းရွှေသပိတ် ၊သန့်စင်သော ဖန်ပုလင်း ၊ နတ်ဘုရားများ တိုက်ပွဲကြားတွင် ငါးစာဖြစ်ရရှာလေပြီ

ကျန်းဝေ စကားသံအဆုံးမှာပင်

ပြင်းထန်လှသော ဒေါသတကြီး ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာသည်။

ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ ယခုအခါ တစ်ကိုယ်လုံး တောက်ပလှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းမှာလည်း အရှိန်အဟုန်ဖြင့် တောက်လောင်နေသည်။

သူ့ မျက်လုံးအစုံတွင်လည်း ရွှေရောင်မီးလျှံများ တောက်လောင်နေတော့သည်။

"မင်းကတော့ တကယ်ကို အသက်မရှင်ချင်တော့တာပဲ "

ရဟန္တာဝိညာဉ်ကိုယ်ပွား၏ အသံမှာ ကြေးစည်ကြီးကို တီးလိုက်သည့်အလား ကောင်းကင်နှင့်မြေကြီးကြား ဟိန်းထွက်သွားသည်။

ကောင်းကင်ယံမှနေ၍ ဧရာမ လက်ဝါးကြီးတစ်ဖက် ကျဆင်းလာရာ ထိုလက်ဝါးမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ရင်တုန်ပန်းတုန်ဖြစ်စရာ ကောင်းလှပေသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး အမြန်ပင် နောက်သို့ ဆုတ်ခွာသွားကြရသည်။

ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းမှာ စောစောက ရှေးဟောင်းတားမြစ်ချက်များ၏ စွမ်းအားနှင့်ပင် ယှဉ်နိုင်နေပြီ မဟုတ်ပါလား။

"တာအိုဆရာ ချောင်ချောင်... သူ့ကို အပြတ်ရှင်းလိုက်ပါ "

ကျန်းဝေမှာ သူ၏ ပုံမှန်အလေ့အထအတိုင်းပင် လွတ်မြောက်ရာလမ်းကို အမြန်ရှာကာ ခပ်လှမ်းလှမ်းကနေ လှမ်းအော်လိုက်သည်။

ရွှေရည်ဖြင့် သွန်းလောင်းထားသည့်အလား တောက်ပနေသော ဧရာမလက်ဝါးကြီးမှာ ကောင်းကင်မှ ကျဆင်းလာပြီး လီယန်ချူကို ပစ်မှတ်ထားကာ ဖိနှိပ်လိုက်သည်။

လီယန်ချူက မော့ကြည့်လိုက်ရာ ခဏမျှ ငေးမောသွားပြီး နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားရသည်။

ဒီကွက်က သူနဲ့ တော်တော်လေး ရင်းနှီးနေသလိုပဲ။

လီယန်ချူ၏ ကိုယ်ပေါ်မှ သွေးချီစွမ်းအားများမှာ မီးခိုးတန်းကြီးအလား ကောင်းကင်သို့ ထိုးတက်သွားပြီး တောက်ပလှသော သွေးချီများမှာ နေမင်းကြီးအလား ဝင်းလက်နေသည်။

ဝုန်း

ထူထဲလှသော သွေးချီအရှိန်အဝါများမှာ သူ၏ကိုယ်မှ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံးကို အနီရောင်အလင်းတန်းများ ဖုံးလွှမ်းသွားတော့သည်။

သူသည် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။

မည်သည့်အပို အမူအရာမှ မပါသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပါဝင်နေသည်။

သူ့ ကျောဘက်တွင်လည်း ဧရာမ ပုံရိပ်ယောင်ကြီးနှစ်ခု ပေါ်ထွက်လာသည်။

တစ်ခုမှာ သူ၏ သိုင်းပညာပုံရိပ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အခြားတစ်ခုမှာ နတ်ဘုရားပုံရိပ် အားဖြည့်မှုပင် ဖြစ်သည်။

ထိုပုံရိပ်ကြီးနှစ်ခုမှာ ခန့်ညားထည်ဝါလှပြီး မျက်နှာကို သေချာမမြင်ရသော်လည်း လီယန်ချူ၏ လက်သီးချက်နှင့် တစ်ထပ်တည်း ကျနေသည်။

ဒိန်း

အနီရောင် လေစီးကြောင်းကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး ရွှေရောင်လက်ဝါးကြီးကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်သည်။

အစပိုင်းတွင် လက်ဝါးကြီးပေါ်၌ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာပြီး နောက်တစ်စက္ကန့်မှာတော့ အနီရောင်လေစီးကြောင်းအောက်မှာ လုံးဝ ပျက်စီးသွားရတော့သည်။

တစ်ချိန်တည်းမှာပင် ဗိုလ်ကျစိုးမိုးလှသော ရဟန္တာဝိညာဉ်ကိုယ်ပွား၏ လက်မောင်းတစ်ဖက်မှာလည်း လုံးဝ ပျောက်ကွယ်သွားရသည်။

စောစောက ထိတွေ့လိုက်ရသည့် အခိုက်အတန့်တွင် ထိုလက်သီးချက်၏ ပြင်းထန်လှသော အရှိန်အဝါကြောင့် ရဟန္တာမှာ မသိမသာ ကိုယ်ကိုစောင်းကာ ရှောင်တိမ်းလိုက်မိခြင်း ဖြစ်သည်။

ယခုအခါ ရဟန္တာမှာ အံ့ဩလွန်း၍ရော ဒေါသထွက်လွန်း၍ပါ မျက်နှာပျက်နေရသည်။

မိမိက တစ်ခဏမျှ ကြောက်ရွံ့သွားမိသည် မဟုတ်ပါလား။

ထိုအချက်က အမြဲတမ်း မောက်မာလှသော လျှို့ဝှက်လူငယ်ကို စိတ်ထဲမှာ အနည်းငယ် အရှက်ရစေသည်။

သို့သော်လည်း ရှောင်လိုက်မိ၍သာ တော်တော့သည်။

မည်သူက ထင်မှတ်ထားမည်နည်း၊ တာအိုဆရာလေးတစ်ယောက်က ထိုမျှအထိ ပြင်းထန်သော လက်သီးကွက်မျိုးကို သုံးနိုင်လိမ့်မည်ဟု။

"မင်းက တကယ်တမ်း သိုင်းသမားလား၊ တာအိုဆရာလားကွ "

ရဟန္တာဝိညာဉ်ကိုယ်ပွားက ဒေါသတကြီး မေးလိုက်သည်။

လီယန်ချူမှာ ခဏမျှ ကြောင်သွားသည်။

ထိုရဟန္တာကိုယ်ပွားက ယခုကဲ့သို့ အခြေအနေမျိုးမှာတောင် ထိုကိစ္စကို စိတ်ဝင်စားနေလိမ့်မည်ဟု သူ မထင်ထားမိပါ။

ချွင်

ကျန့်ကျောင်းဓား သည် ဓားအိမ်မှ ထွက်လာပြီ ဖြစ်သည်။

တောက်ပလှသော ဓားအရှိန်အဝါ တစ်ခုမှာ ကောင်းကင်ယံရှိ ရဟန္တာဝိညာဉ်ကိုယ်ပွားထံသို့ တိုက်ရိုက်ပင် ပိုင်းဖြတ်သွားသည်။

ရဟန္တာက လက်သီးတစ်ချက် ပြန်လည်ပစ်သွင်းကာ ဗုဒ္ဓဘာသာရဲ့ မိစ္ဆာနှိမ်နင်းလက်သီး ကို ထုတ်သုံးလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ဓားအရှိန်အဝါက လက်သီးချက်ကို ပိုင်းဖြတ်ကာ ရဟန္တာထံသို့ တိုးဝင်သွားပြန်သည်။

သူသည် ထိတ်လန့်သွားကာ ခြေလှမ်းတစ်ထောင်နတ်စွမ်းအား ကို သုံး၍ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပေပေါင်းများစွာ ဝေးသောနေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။

ဗုဒ္ဓဘာသာ၏ ထိုအစွမ်းမှာ ရဟန္တာကိုယ်ပွားဖြင့် အသုံးပြုလိုက်သည့်အခါ နတ်ဖန်ဆင်းသကဲ့သို့ ဖြစ်နေပြီး အရှုံးမရှိနိုင်သော အနေအထားမှာ ရှိနေသည်။

သို့သော် ရုတ်တရက် သူ၏ ဦးခေါင်းနောက်ကွယ်မှ ပြင်းထန်သော လေတိုးသံတစ်ခု ထွက်ပေါ်လာပြန်သည်။

နောက်ထပ် ဓားအရှိန်အဝါတစ်ခုက ထပ်မံပိုင်းဖြတ်လာခြင်းပင်။

ရဟန္တာမှာ စိတ်အာရုံကို သုံး၍ ထပ်မံပျောက်ကွယ်သွားပြန်သည်။

ဝုန်း ဝုန်း

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩနေကြသည်။

တာအိုဆရာလေးက ဓားကိုကိုင်ပြီး ရဟန္တာဝိညာဉ်ကိုယ်ပွားကို လိုက်လံသတ်ဖြတ်နေသည် မဟုတ်ပါလား။

သူတို့နှစ်ဦးမှာ ပျောက်လိုက်၊ ပေါ်လိုက် ဖြစ်နေသော်လည်း ထိုဗိုလ်ကျစိုးမိုးလှသော ဓားအလင်းတန်းများမှာ အဆုံးမရှိသကဲ့သို့ပင်။

ရဟန္တာ ပေါ်လာသည့် နေရာတိုင်းကို ဓားချက်က အမီလိုက်နေသည်။

ကျင့်ကြံသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး။

"ဒါက တာအိုဘာသာရဲ့ မြေကျုံ့ခြင်းအတတ် လား၊ ဒါမှမဟုတ် ခြေတစ်လှမ်း ကမ္ဘာအဆုံး လား"

ဝဝဖိုင့်ဖိုင့် ဘုန်းကြီးတစ်ပါးက အံ့ဩတကြီး ပြောလိုက်သည်။

တာအိုအဖိုးကြီးမှာလည်း မျက်မှောင်ကြုတ်ကာ ကြောင်အမ်းအမ်း ဖြစ်နေရသည်။

သူ တာအိုကျင့်လာတဲ့ တစ်သက်လုံး ခွေးကိုပဲ ကျင့်စဉ်ပေးခဲ့မိသလားဟုပင် ထင်မှတ်သွားရသည်။

လူငယ်လေးတစ်ယောက်က ဤမျှအထိ ဆန်းကြယ်တဲ့ တာအိုပညာကို ပိုင်ဆိုင်ထားရသလား။

ရဟန္တာကိုယ်ပွားမှာ အလွန်ဒေါသထွက်သွားပြီး လက်ဝါးတစ်ချက် ပြန်ရိုက်လိုက်သည်။

ရွှေရောင်လက်ဝါးကြီးက ဓားအရှိန်အဝါကို သွားရောက်တိုက်မိသည့်အချိန်မှာ သူသည် နောက်သို့ ဆုတ်ခွာလိုက်သည်။

စောစောက သူသည် အထင်သေးမိသဖြင့် ဗုဒ္ဓဘာသာ မှော်လက်နက်များကို ထုတ်မသုံးခဲ့ပါ။

ထို့ကြောင့် ဤတာအိုဆရာလေး၏ လျင်မြန်လှသော ဓားချက်များအောက်တွင် လက်အောက်ခြေအောက် ရောက်နေခဲ့ရခြင်း ဖြစ်သည်။

သူသည် ရင်ဘတ်ထဲမှ ခရမ်းရွှေသပိတ် တစ်ခုကို ထုတ်ယူကာ လက်ပေါ်တင်၍ အလင်းဖြင့် ထိုးလိုက်ရာ ဗုဒ္ဓအလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။

ဒိန်း

လီယန်ချူ၏ ရှေ့တွင် အကာကွယ်အရှိန်အဝါများ ပေါ်ထွက်လာပြီး ထိုရွှေရောင်ဗုဒ္ဓအလင်းကို အတင်းခုခံလိုက်သည်။

ကျန်ရှိနေသော နှစ်လွှာတည်းသော ကာကွယ်ရေးအလွှာကို ကြည့်ပြီး လီယန်ချူက မျက်ခုံးပင့်လိုက်သည်။

ဒီရွှေရောင်အလင်းက တော်တော်လေး စွမ်းတာပဲ။

"အောက်တန်းစားလေး... မင်းလိုကောင်က ငါနဲ့ ယှဉ်ပြိုင်ဖို့ ထိုက်တန်တယ်များ ထင်နေတာလား "

ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ အေးစက်စပြုလာပြီး သူ၏ မောက်မာသောအရှိန်အဝါမှာ ပြန်လည်ပေါ်ထွက်လာသည်။

သူသည် ခရမ်းရွှေသပိတ်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်ရာ ရွှေရောင်ဗုဒ္ဓအလင်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။

လီယန်ချူက လက်ကို လှန်လိုက်ရာ ရှစ်ခွင်မှန် ထဲမှ နတ်ဘုရားအလင်းတစ်ခု ထွက်ပေါ်သွားပြီး အလင်းနှစ်ခု ထိပ်တိုက်တွေ့သွားကာ ရွှေဖြူရောင် အလင်းစက်ဝိုင်းကြီးတစ်ခု အပြင်သို့ ပျံ့နှံ့သွားတော့သည်။

စောစောက ဆေးအိုးလုပွဲမှာ ဒဏ်ရာရထားတဲ့ ကျင့်ကြံသူအချို့မှာ မျက်စိရှေ့မှာ ဝေဝါးသွားပြီး ဝိညာဉ်ကို တစ်စုံတစ်ခုက ပူလောင်စေသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ အော်ဟစ်ကာ နောက်သို့ ထပ်မံဆုတ်ခွာသွားကြရပြန်သည်။

"ဒါ... ဒါက တကယ့်ကို နတ်ဘုရားတွေ တိုက်ပွဲကြားမှာ ငါးစာ ဖြစ်ရတာပဲ "

"အခုခေတ် လူငယ်တွေက တကယ်ကို ကြောက်စရာကောင်းလိုက်တာကွာ "

ကျင့်ကြံသူအချို့က စိတ်ထဲမှာ ကျိန်ဆဲရင်း နောက်သို့ ပိုဝေးအောင် ပြေးကြတော့သည်။

ရဟန္တာကိုယ်ပွားမှာလည်း စိတ်ထဲမှာ အံ့ဩသွားသည်။

ထိုခရမ်းရွှေသပိတ်မှာ တာရှန်းကော်ကျောင်းတော်မှ ဆရာတော်ကြီးများ၏ အစွမ်းထည့်ထားသော မှော်လက်နက် ဖြစ်သည်။

ဗုဒ္ဓတရားတော်များ ပါဝင်နေသဖြင့် မိစ္ဆာတွေရဲ့ ဝိညာဉ်ကို နှိမ်နင်းနိုင်စွမ်း ရှိသော်လည်း ယခုအခါ ထိုရှစ်ခွင်မှန်၏ တန်ပြန်မှုကို ခံနေရသည် မဟုတ်ပါလား။

သူ၏ မျက်နှာပေါ်တွင် အေးစက်လှသော အပြုံးတစ်ခု ပေါ်လာသည်။

"ဒီနေ့... သာမန်လူတစ်ယောက်နဲ့ ငါ့ကြားက ကွာခြားချက်ကို မင်းသိစေရမယ် "

သူ့မှာ မှော်လက်နက်ဆိုတာ အမြဲတမ်း ပေါများလှသည်။

ကြီးမားလှသော ကံတရားနှင့် နောက်ခံအင်အား ရှိသူဖြစ်သဖြင့် သူ့ လက်ထဲမှ မှော်လက်နက်များမှာ အစွမ်း အလွန်ကြီးမားလှသည်။

ပုံမှန်ဆိုလျှင် သူက အသုံးမပြုချင်၍သာ ဖြစ်သည်။

သူသည် ဆိတ်ဆီကျောက်ကဲ့သို့ ဖြူဖွေးလှသော ပုလင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။

သန့်စင်သော ဖန်ပုလင်း

ဗုဒ္ဓဘာသာ၏ အဖိုးတန်ရတနာပင် ဖြစ်သည်။

ရဟန္တာကိုယ်ပွားက မှော်လက်နက်ကို နှိုးဆော်လိုက်သည်နှင့် ပြင်းထန်လှသော စုပ်ယူမှုအားကြီးတစ်ခု ချက်ချင်း ရောက်ရှိလာသည်။

လီယန်ချူမှာ ခွန်အားကြီးမားလှပြီး တာအိုအဆောင်အကာအကွယ်များ ရှိနေသော်လည်း ထိုစုပ်အားကို ခုခံရန် ခက်ခဲနေသည်။

"ဒါ... ဒါက သန့်စင်သော ဖန်ပုလင်း မဟုတ်လား "

ဝဝဖိုင့်ဖိုင့် ဘုန်းကြီးက အော်ဟစ်လိုက်သည်။

သူသည် ရဟန္တာဝိညာဉ်ကိုယ်ပွားကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။

ဒီလူက တကယ်တမ်း ဘယ်သူလဲ။

ဗုဒ္ဓဘာသာရဲ့ လျှို့ဝှက်ပညာရှင်ကြီးလား။

ဒါပေမဲ့ တတိယအဆင့် ကျင့်ကြံသူတွေက နတ်ဘုရားနယ်မြေထဲကို ဝင်လို့မရဘူးလေ။

ခဏချင်းအတွင်းမှာပင် ထိုလျှို့ဝှက်ဆန်းကြယ်သော ဘုန်းကြီးမှာ အတွေးထဲ နစ်ဝင်သွားတော့သည်။

လီယန်ချူမှာ ဤပြင်းထန်လှသော စုပ်အားကို မည်သို့မျှ ခုခံ၍ မရမှန်း သိလိုက်သည်။

ထို့ပြင် ဤအခိုက်အတန့်တွင် သူသည် ပြန်လည်တိုက်ခိုက်ရန်လည်း မဖြစ်နိုင်ပါ။

နောက်တစ်စက္ကန့်မှာတော့ သူသည် ဘေးလွှဲအတတ် ကို အသုံးပြုကာ ထိုစုပ်အားကို အခြားနေရာသို့ လွှဲပြောင်းလိုက်သည်။

လူနှစ်ဖက်စာရှိသော သစ်ပင်ကြီးတစ်ပင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

"ဟင်"

"ဘာဖြစ်သွားတာလဲ "

"ဟာ... စောစောက အဲဒီသစ်ပင်ကြီး ဘယ်ရောက်သွားတာလဲ "

လူတိုင်း ဆူညံသွားကြသည်။

ရဟန္တာကိုယ်ပွား၏ မျက်နှာမှာတော့ မှောင်ကျသွားသည်။

သူ့ မျက်လုံးများက အခြေအနေကို သေချာမြင်လိုက်ရသည်။

စောစောက တာအိုဆရာလေးက တိုက်ခိုက်မှုကို လွှဲပြောင်းပြီး သူ၏ဖန်ပုလင်းကို ရှောင်လိုက်ခြင်းပင်။

သူသည် ထိုအစွမ်းထက် မှော်လက်နက်ကို နောက်တစ်ကြိမ် ထပ်မံနှိုးဆော်လိုက်ပြန်ရာ ကိုယ်တွင်းမှ ကျင့်စဉ်စွမ်းအားများ လျင်မြန်စွာ ကုန်ခမ်းလာသည်။

သို့သော် နောက်တစ်စက္ကန့်မှာတော့ သူ၏ လက်ထဲတွင် ဗလာ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

"သန့်စင်သော ဖန်ပုလင်း"

မှာ သူ၏လက်ထဲမှ လွတ်ထွက်သွားပြီ ဖြစ်သည်။

လီယန်ချူသည် မှော်လက်နက်များကို စွမ်းအားမဲ့စေသော ကျောက်စိမ်းပေတံကို ထုတ်သုံးလိုက်ပြီး အဝေးမှ ပစ္စည်းယူအတတ် ကိုပါ တွဲသုံးလိုက်ခြင်း ဖြစ်သည်။

ချောမွေ့လှသော နည်းလမ်းများကို သုံးပြီးနောက် ဖန်ပုလင်းလေးမှာ လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။

"တောက်... ငါ့ပုလင်းကို အခုချက်ချင်း ပြန်ပေးစမ်း"

ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ အော်ဟစ်ဆဲဆိုတော့သည်။

ဗုဒ္ဓသားတော်တစ်ဦး၏ ယဉ်ကျေးသိမ်မွေ့မှုမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လီယန်ချူကတော့ သဘောကျသွားသည်။

စောစောက အခြေအနေမှာ အနည်းငယ် အန္တရာယ်ရှိခဲ့သော်လည်း ထိုလျှို့ဝှက်ရဟန္တာကိုယ်ပွား၏ အစွမ်းထက်မှော်လက်နက်ကို ရယူနိုင်ခဲ့ပြီ မဟုတ်ပါလား။

သူသည် လက်ကိုဝေ့ယမ်းကာ ရှေးဟောင်းဆေးဖော်စပ်အိုးကြီးကို ကိုင်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် နောက်တစ်ကြိမ် ထပ်မံပစ်ပေါက်လိုက်ပြန်သည်။

"မင်းလည်း အရှုံးမရှိ စေရပါဘူးကွာ "

အခန်း (၄၄၂) - ဟိတ်ဟန်ထုတ်နေတာလား ၊ ရှေးဦး တောက်ထယဲ့ ပုံရိပ်ယောင် ၊ မျက်နှာကို ရိုက်နှက်ခြင်း ၊ အရိုးရှင်းဆုံး တိုက်ခိုက်ရေးနည်းလမ်း

ဝုန်း

ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ နောက်တစ်ကြိမ် ထပ်မံ အထုခံလိုက်ရပြန်သည်။

လီယန်ချူက အသာအယာ ပြုံးလိုက်သည်။

စောစောကတည်းက သူ ရိပ်မိထားခဲ့သည်မှာ တစ်ခါက ထိုကိုယ်တစ်ပိုင်းတာအိုဆရာကို တိုက်ခိုက်ခဲ့ဖူးသူမှန်သမျှ ထိုအစွမ်းထက်ပြီး ရှေးကျလှသော ဆေးဖော်စပ်အိုးကြီးက မည်သည့်နည်းနှင့်မျှ သခင်အဖြစ် အသိအမှတ်ပြုမည်မဟုတ်ချေ။

ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ ထိုရှေးဟောင်းဆေးအိုးကြီး၏ အထုကို ထပ်မံခံလိုက်ရပြန်သည်။

အဆိုးဆုံးမှာ စောစောက သူ လှမ်းဖမ်းသည့်အချိန်တွင် ထိုဆေးအိုးကြီးက မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ လျင်မြန်စွာ ပျံထွက်သွားခြင်းပင်။

အစအနလေးတောင် ချန်မထားခဲ့ပေ။

သူ့ရင်ဘတ်ထဲတွင် သွေးများ ဆို့တက်လာတော့သည်။

တောက်...

ဒီလိုမျိုး လူကို လှောင်ပြောင်တာမျိုးတော့ မလုပ်သင့်ဘူးလေ။

ဒီဆေးအိုးက ဟိုတာအိုဆရာလေးကိုပဲ မျက်စိကျနေတာလား။

"ကြည့်ရတာ မင်းရဲ့ ကုသိုလ်ကံက ဒီရတနာနဲ့ မထိုက်တန်လို့ ဒီပစ္စည်းက မင်းနောက်ကို မလိုက်ချင်တာ ထင်တယ်"

လီယန်ချူက လှောင်ပြုံးကာ ပြောလိုက်သည်။

"မင်းအမေကို သွားပြောလိုက် "

ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာတော့သည်။

လီယန်ချူကတော့ သဘောကျနေသည်။

"စောစောက မောက်မာလှချည်ရဲ့ဆိုတဲ့ ဟန်ပန်တွေ ဘယ်ရောက်ကုန်ပြီလဲ၊ ဆက်ပြီး ဟိတ်ဟန်မထုတ်တော့ဘူးလား "

စကားလုံးဖြင့် သတ်ဖြတ်ခြင်းပင်

ကျန်းဝေမှာ ကွင်းထဲက အခြေအနေကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေသော်လည်း တာအိုဆရာ ချောင်ချောင် ၏ စကားကို ကြားရသည့်အခါ မအောင့်နိုင်ဘဲ တခစ်ခစ် ရယ်မိသွားတော့သည်။

ကျန်ရှိနေသည့် ကျင့်ကြံသူများစွာမှာလည်း စိတ်ထဲတွင် ကျေနပ်သွားကြသည်။

ရဟန္တာဝိညာဉ်ကိုယ်ပွားကို ကြည့်ရသည်မှာ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် အကြည့်မျိုးဖြင့်

ထိုက်တယ်

မင်းကို ဘယ်သူကဟိတ်ဟန်ထုတ်ခိုင်းလို့လည်း။

"ဒီလီတာအိုဆရာ ကတော့ တကယ်ကို လူရည်ချွန်ပဲ၊ ရုပ်ချောရုံတင်မကဘူး စကားပြောတာကလည်း နားဝင်ချိုလိုက်တာ"

ရှောင်ရန်၏ မျက်နှာပေါ်တွင် ပြုံးပန်းများ ဝေနေသည်။

သို့သော် စိတ်ထဲမှာတော့ ပူပန်နေမိပြန်သည်။

အင်း...

ဒီလောက်အထိ ထူးချွန်တဲ့ အမျိုးသားမျိုးကို ဘယ်လိုလုပ်ပြီး အရယူရမလဲ။

လူသားတို့၏ ဝမ်းသာဝမ်းနည်းမှုများမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

ရဟန္တာဝိညာဉ်ကိုယ်ပွားကို နှိုးဆော်ထားပြီး ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းများ တောက်လောင်နေသည့် လျှို့ဝှက်လူငယ်၏ စိတ်ထဲမှာမူ ဒေါသမီးများဖြင့် ပြည့်နှက်နေသည်။

ပုံမှန်ဆိုလျှင် သူသည် လူ့အသက်ကို အရေးမစိုက်၊ တည်ငြိမ်အေးဆေးသူ ဖြစ်သည်။

မည်မျှပင် ကြီးမားသော ကိစ္စမျိုးကိုမဆို အေးအေးဆေးဆေး ကိုင်တွယ်နိုင်သည်။

သူသည် မိမိကိုယ်မိမိ အမြဲသတိရှိသည်။

သူက ဘယ်သူလဲ၊ ဘာကို လိုချင်တာလဲဆိုတာ ကောင်းကောင်းသိသည်။

တာရှန်းကော်ကျောင်းတော်မှ ဆရာတော်ကြီးများ၊ အစွမ်းထက် ပညာရှင်ကြီးများပင်လျှင် သူ့ကို အလွန်ယဉ်ကျေးစွာ ဆက်ဆံကြသည်။

လူကြီးလူငယ် ဆက်ဆံရေးမျိုးထက်ပင် ပိုလွန်နေပြီး မသိမသာ ကြောက်ရွံ့နေကြသည့် အသွင်ပင်။

သူသည် တစ်သက်လုံးတွင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဗိုလ်ကျစိုးမိုးလာခဲ့သဖြင့် သူရဲ့ အနှိုင်းမဲ့စိတ်ဓာတ် ကို အမြဲထိန်းသိမ်းထားနိုင်ခဲ့သည်။

သို့သော် သူ လုံးဝ မထင်မှတ်ထားခဲ့သည်မှာ

ယနေ့ ထိုထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲတွင် သူ ဂုဏ်ယူရပါသည်ဆိုသော ဗုဒ္ဓဘာသာ ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ တာအိုဆရာလေးတစ်ယောက်ကို မယှဉ်နိုင်ဖြစ်နေရသည်။

အစွမ်းထက် မှော်လက်နက်များမှာလည်း ထိုသူ့လက်ထဲသို့ ပါသွားခဲ့ရပြီ။

နတ်ဘုရားနယ်မြေထဲက ရှေးဟောင်းဆေးအိုးကြီးကလည်း သူ့ကို လုံးဝပစ်ပယ်ပြီး ထိုတာအိုဆရာလေးကိုသာ ရွေးချယ်သွားခဲ့သည်။

သူသည် အလွန်ပင် ဝမ်းနည်းဒေါသထွက်နေရပြီးအနည်းငယ်လည်း တွေဝေထိတ်လန့်နေမိသည်။

ဤကဲ့သို့သော ခံစားချက်မျိုးမှာ သူ့ဘဝတွင် တစ်ခါမျှ မရှိခဲ့ဖူးချေ။

ဒီအတိုင်းသာ ဆက်သွားပါက စိတ်ဝိညာဉ်တွင် မိစ္ဆာစွဲကပ် တော့မည်ကို သူ ကောင်းကောင်းသိသည်။

ချက်ချင်းပင် သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။

ထိုတာအိုဆရာကို အပြတ်ရှင်းရမည်။

သတ်ပစ်ရမည်။

သတ်လိုက်မှသာ ပြဿနာအားလုံး ပြေလည်သွားပေလိမ့်မည်။

ထိုလျှို့ဝှက်လူငယ်၏ ကိုယ်ပေါ်မှ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ရဟန္တာဝိညာဉ်ကိုယ်ပွားကိုပင် ဖုံးလွှမ်းသွားတော့သည်။

ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါတစ်ခု သူ၏ကိုယ်မှ ထွက်ပေါ်လာရာ ရှေးဦးခေတ်မှ မိစ္ဆာသားရဲကြီးတစ်ကောင် ထွက်ပေါ်လာသည့်အလား။

ထိုအရှိန်အဝါကြောင့် ကောင်းကင်နှင့် မြေကြီးမှာ အရောင်ပြောင်းသွားပြီး လူတိုင်းမှာ ကောင်းကင်ကြီး ပြိုကျလာကာ စစ်မက်များ ဖြစ်ပွားနေသည့် ရှေးဦးကမ္ဘာထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှေးကျလှသော ပုံရိပ်ယောင်ကြီးတစ်ခု မသိမသာ ပေါ်ထွက်လာသည်။

သိုးခန္ဓာကိုယ်၊ လူမျက်နှာ၊ ကျားစွယ်နှင့် လူလက်သည်းများ ပါရှိသော

ထောင်ယဲ့

ရှူး...

ကျင့်ကြံသူတိုင်း ရင်ထဲအေးသွားကာ အသက်ရှူပင် မှားသွားကြသည်။

"စောစောက ပညာရှင် ပြောခဲ့တာ တကယ်ပဲ၊ သူ့မှာ တကယ့်ကို ဒုတိယ ဝိညာဉ်ကိုယ်ပွား ရှိနေတာပဲ "

"ဒါက ရှေးဦးမိစ္ဆာသားရဲ ထောင်ယဲ့ ပဲ "

"ဘုရားရေ... ဒီတစ်ခေါက် ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေကတော့ တကယ်ကို အံ့ဩစရာကောင်းလွန်းနေပြီ "

လူတိုင်း၏ စိတ်ထဲမှာ စိတ်လှုပ်ရှားမှုများ ပြင်းထန်လာသည်။

တစ်စုံတစ်ယောက်က ဒုတိယ ဝိညာဉ်ကိုယ်ပွားကို ကျင့်ကြံနိုင်သည်ဆိုသည်မှာ မယုံနိုင်စရာပင်။

၎င်းမှာ ရှေးဦးသားရဲကြီး ထောင်ယဲ့ ဖြစ်နေသည်မှာ ပို၍ပင် ဆိုးဝါးလှသည်။

"မင်းရဲ့ လုပ်ရပ်အတွက် ငါက ပေးဆပ်ခိုင်းရလိမ့်မယ် "

ကြမ်းကြုတ်လှသော အသံတစ်သံ ထွက်ပေါ်လာပြီး တစ်ကမ္ဘာလုံးကို တုန်ခါသွားစေသည်။

ထောင်ယဲ့ ပုံရိပ်ယောင် ပေါ်လာစဉ်က ကျင့်ကြံသူများမှာ သိပ်ပြီး မခံစားရသော်လည်း ယခုမူ လူတိုင်းမှာ ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

စောစောက ပြတ်တောက်နေသော လက်မောင်းထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။

ထိုအရှိန်အဝါတွင် အရာအားလုံးကို ဝါးမြိုလိုသော လောဘရနံ့များ ပါဝင်နေပြီး မိစ္ဆာသားရဲကြီး၏ အစာအဖြစ် အကြည့်ခံနေရသကဲ့သို့ ကြက်သီးထဖွယ် ခံစားချက်မျိုး ပေးစွမ်းနေသည်။

"မင်းကများ"

လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်လိုက်သည့်အလား ဟိန်းထွက်သွားသည်။

"လက်ဝယ် ရွှေကျိန်လုံးကိုင်ကာ ကမ္ဘာအနှံ့လှည့်လည်၊ ကိုယ်မှာ ရွှေချပ်ဝတ်ဝတ်ကာ တန်ခိုးအာဏာစက် ပြသပါလေ "

"လင်ကွမ်းဖိတ်ခေါ်အဆောင်... ပွင့်စေ"

တောက်ပလှသော နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေချပ်ဝတ်ဝတ် နတ်စစ်သူကြီးတစ်ပါးမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။

လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ

ဝမ်လင်ကွမ်း သည် နတ်ပြည်ရှိ နတ်ဘုရားငါးရာတွင် အကြီးအကဲဖြစ်ပြီး တာအိုဘာသာ၏ အဓိက ကာကွယ်စောင့်ရှောက်သူ နတ်ဘုရား ဖြစ်သည်။

ရဲရင့်ပြတ်သားကာ မိစ္ဆာများကို နှိမ်နင်းရာတွင် အနှိုင်းမဲ့သူ ဖြစ်သည်။

လီယန်ချူသည် ဝမ်လင်ကွမ်း၏ နတ်ဘုရားစွမ်းအားကို ပင့်ဖိတ်လိုက်ရာ မည်သူမျှ မတားဆီးနိုင်သော စွမ်းအားဖြင့် လက်ထဲမှ ရွှေကျိန်လုံး ကို ထောင်ယဲ့ ပုံရိပ်ယောင်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဒိန်း

မြေကမ္ဘာပင် တုန်ခါသွားသည်။

သိုးခန္ဓာကိုယ်နှင့် လူမျက်နှာရှိသော ထောင်ယဲ့ ပုံရိပ်ယောင်မှာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားရှာသည်။

"ဟိတ်ဟန်ထုတ်နေတာလား"

လီယန်ချူက နောက်ထပ် ကျိန်လုံးတစ်ချက်ကို ပြင်းထန်စွာ ထပ်မံရိုက်ချလိုက်ပြန်သည်။

ထောင်ယဲ့ ပုံရိပ်ယောင်မှာ ရုန်းကန်ထရန် ကြိုးစားသော်လည်း ထက်မြက်လှသော အရှိန်အဝါများက လီယန်ချူကို ပိုင်းဖြတ်ရန် ကြိုးစားသည်။

သို့သော် ထိုအရှိန်အဝါများမှာ တိုက်ရိုက်ပင် ရိုက်ခွဲခံလိုက်ရသည်။

ဝုန်း

ထောင်ယဲ့ ပုံရိပ်ယောင်မှာ နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ ပြားပြားဝပ် လဲကျသွားပြန်သည်။

လျှို့ဝှက်လူငယ်မှာ အလွန်ပင် ထိတ်လန့်သွားရသည်။

တောက်... ဒါက ဘယ်လို အရာကြီးလဲ

ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ထွားကြိုင်ခန့်ညားလှပြီး လက်မောင်းပေါ်မှ ကြွက်သားများမှာ ပေါက်ကွဲထွက်တော့မည့် ခွန်အားများ ပါဝင်နေသည်။

တစ်ကိုယ်လုံးမှာ ရွှေရောင် နတ်ဘုရားအာဏာစက်များ ဖုံးလွှမ်းနေသည်။

သူသည် လက်တစ်ဖက်ဖြင့် ထောင်ယဲ့ ပုံရိပ်ယောင်ကို ဖိနှိပ်ထားပြီး နောက်ထပ် ကျိန်လုံးတစ်ချက်ကို အားကုန်လွှဲရိုက်လိုက်ပြန်သည်။

ထောင်ယဲ့ ပုံရိပ်ယောင်မှာ မြေပြင်ပေါ်တွင် ဖိခြေခံထားရကာ အငြိုးတကြီး အရိုက်ခံနေရတော့သည်။

၎င်းသည် ထောင်ယဲ့ရဲ့ မူလခန္ဓာကိုယ်လည်း မဟုတ်၊ ဝိညာဉ်ခွဲတစ်ခုပင် မဟုတ်ပါ။

လီယန်ချူမှာမူ ဝမ်လင်ကွမ်း၏ နတ်ဘုရားစွမ်းအားကို အားဖြည့်ထားသူဖြစ်ရာ ရူးသွပ်မိုက်မဲစွာပင် တရစပ် ထုနှက်နေတော့သည်။

"မဟုတ်ရင် ကြိမ်းဝါးချင်နေတာ မဟုတ်လား၊ အခု ဘာလို့ ဘာမှမပြောတော့တာလဲ "

လီယန်ချူက လှောင်ပြုံးကာ မေးလိုက်သည်။

ထောင်ယဲ့ ပုံရိပ်ယောင်မှာ အထုခံရလွန်းသဖြင့် ခေါင်းမူးဝေနေပြီး အရှိန်အဝါများ ပျက်စီးကာ တဖြည်းဖြည်း မှိန်ဖျော့လာတော့သည်။

စကားပင် ပြန်မပြောနိုင်တော့ချေ။

ထိုစဉ် ရဟန္တာဝိညာဉ်ကိုယ်ပွားမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းမှာ တောက်ပလှသော မီးလျှံများကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး သူ၏အရှိန်အဝါမှာ နောက်တစ်ကြိမ် မြင့်တက်လာပြန်သည်။

ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ရှစ်ခွင်မှန်ကို မြှောက်လိုက်ရာ ဖြူဖွေးလှသော နတ်ဘုရားအလင်းတစ်ခု ထွက်ပေါ်သွားတော့သည်။

ရဟန္တာကိုယ်ပွားမှာ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားပြီး ကိုယ်ဟန်ပျက်ကာ တောင့်တင်းသွားသည်။

ဝုန်း

ရွှေကျိန်လုံးမှာ လေထဲတွင် ကြီးမားလာပြီး ပေပေါင်းများစွာ ရှည်လျားသော အရွယ်အစားဖြင့် ရဟန္တာကိုယ်ပွားကိုပါ မြေပြင်ပေါ်သို့ ရိုက်ချလိုက်ပြန်သည်။

ဤသည်မှာ တကယ့်ကို ကမ္ဘာပျက်သလိုပင်

"ငါ့ရှေ့မှာ ထပ်ပြီး ဟိတ်ဟန်ထုတ်ဦးမလား "

လီယန်ချူက ဆဲလည်းဆဲ၊ ရိုက်လည်းရိုက်နေတော့သည်။

ရဟန္တာကိုယ်ပွား ကိုယ်ပေါ်မှ တန်... တန်... တန်... ဟူသော အသံများ ထွက်ပေါ်လာပြီး နေရာအနှံ့တွင် ပုံပျက်ပန်းပျက် ဖြစ်ကုန်တော့သည်။

ယခုအခါ သူသည် လေးလံလှသော နတ်ဘုရားအာဏာစက်ဖြင့် အတင်းဖိနှိပ်ခံထားရသည်။

ကျိန်လုံးချက်များမှာ တောင်တိုင်ကြီးအလား လေးလံစွာ ကျရောက်နေသည်။

လျှိုဝှက်လူငယ်၏ မူလခန္ဓာကိုယ်မှာ တစ်ခြားနေရာတစ်ခုတွင် ရှိနေသော်လည်း ယခုအခါ မျက်နှာမှာ ဖြူလျော့နေပြီး ကိုယ်တွင်းအင်္ဂါ ခုနစ်ခုမှ သွေးများ ယိုစီးလာတော့သည်။

ကြည့်ရသည်မှာ မည်သည့်အချိန်တွင်မဆို သေဆုံးသွားနိုင်သည့် အခြေအနေပင်

သူသည် ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းကို နောက်ဆုံးအကြိမ် ပေါက်ကွဲစေလိုက်ရာ တစ်ကိုယ်လုံး ကြွက်သားများမှာ ချက်ချင်းပင် သန်မာလာပြီး ရွှေချပ်ဝတ် နတ်စစ်သူကြီးကို အတင်းတွန်းထုတ်လိုက်သည်။

ဒုန်း

လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်ရာ ရွှေရောင်လက်သီးအရာမှာ မည်သူမျှ မတားဆီးနိုင်သော အရှိန်ဖြင့် ပြေးဝင်သွားသည်။

သို့သော် ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ကိုယ်ကို အနည်းငယ် စောင်းလိုက်ရုံမျှဖြင့် လက်ဖြင့် ဖိနှိပ်ကာ ရဟန္တာကိုယ်ပွား၏ ခွန်အားကို ဖယ်ရှားပစ်လိုက်သည်။

အမြင့်ဆုံးသော တိုက်ပွဲများမှာ များသောအားဖြင့် အရိုးရှင်းဆုံး နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိကြသည်။

ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ကြမ်းကြုတ်လှသော ခေါင်းတိုက်ချက် ဖြင့် တိုက်ရိုက်ပင် ဝင်တိုက်လိုက်တော့သည်။

တန်

ကောင်းကင်နှင့် မြေကြီးကြားတွင် ကြေးစည်ကြီးကို တီးလိုက်သကဲ့သို့ အသံကြီး ဟိန်းထွက်သွားသည်။

ရဟန္တာကိုယ်ပွား၏ နောက်ကွယ်မှ မီးဝိုင်းမှာ မှိန်သွားပြီး သူသည် နောက်သို့ ပြင်းထန်စွာ ဆုတ်ခွာသွားရသည်။

သို့သော် လုံးဝ မလွတ်မြောက်သေးမီမှာပင် ရွှေချပ်ဝတ် နတ်စစ်သူကြီးက သူ၏လက်မောင်းကို ဆွဲလိုက်ပြီး ပြင်းထန်လှသော ပခုံးတိုက်ချက် ဖြင့် ရင်ဘတ်ကို ဝင်တိုက်လိုက်ပြန်သည်။

ဝုန်း

တောင်ကုန်းလေးတစ်ခုမှာ ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် တိုက်ရိုက်ပင် ကြေမွသွားရတော့သည်။

ရဟန္တာကိုယ်ပွားမှာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း ရွှေချပ်ဝတ် နတ်စစ်သူကြီးက လက်မောင်းကို ဖမ်းကိုင်ကာ ကျွမ်းကျင်လှသော ပခုံးကျော် လွှဲပစ်ခြင်း ဖြင့် ပြေးဝင်လာနေသော ထောင်ယဲ့ ပုံရိပ်ယောင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဝုန်း

မြေပြင်ပေါ်တွင် ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

ရှေးဦးမိစ္ဆာသားရဲ ထောင်ယဲ့ တစ်ကောင်နှင့် ဦးခေါင်းနောက်ကွယ်တွင် မီးဝိုင်းများ တောက်ပနေသော ရဟန္တာဝိညာဉ်ကိုယ်ပွား တစ်ခုတို့မှာ ယခုအခါ တစ်ခုပေါ်တစ်ခု ထပ်လျက် တွင်းကြီး၏ အလယ်ဗဟိုတွင် ပြားပြားဝပ် လဲကျနေကြတော့သည်။

ငြိမ်သက်သွားသည်။

တစ်နယ်မြေလုံး သေမင်းတမျှ ငြိမ်သက်သွားသည်။

ကျန်းဝေမှာ ကြောင်အမ်းအမ်း ဖြစ်နေရသည်။

"ဒါ... ဒါက ငါစိတ်ကူးထားတဲ့ ဝိညာဉ်အဆင့် တိုက်ပွဲတွေနဲ့ နည်းနည်းတော့ ကွာခြားနေသလားလို့ "

All Chapters