အခန်း (၄၄၃-၄၄၄)
Vol. 45 Ch. 443-444
အခန်း (၄၄၃) - မွေးရာပါ နတ်စွမ်းအား ဝါးမြိုခြင်း ၊ လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန် ၊ ကြောက်မက်ဖွယ်ကောင်းသော လက်ရုံးတိုက်ပွဲ ၊ ငါနှင့်မင်း အသေအလဲပဲ
ထိုလျှို့ဝှက်လူငယ်မှာ တာရှန်းကော်ကျောင်းတော် တစ်ခုတည်းမှာတင် ကျင့်ကြံခဲ့သူ မဟုတ်ပေ။
အဆင့်တူ ကျင့်ကြံသူများထဲတွင် ကျူးကော် ကို စားသုံးထားသည့် ကျဲ့ခုန်းကိုယ်တော်ပင်လျှင် သူ၏ ပြိုင်ဘက်မဟုတ်ပါ။
မော်ရှန်းတောင်မှ တန်ရန်ကျိ၊ ဆွဲလဲဂိုဏ်းမှ ချန်ထျန်းယွမ်၊ လွင်ပြင်ဒေသမှ ပါရမီရှင် မုရုန်လုံချန်း
သူ၏ မျက်လုံးထဲတွင် ထိုသူအားလုံးမှာ ရွှံ့ရုပ်၊ မြေရုပ်များသာ ဖြစ်ကြသည်။
သို့သော် ယနေ့တွင်မူ သူသည် မြောင်းထဲ၌ မှောက်ခဲ့ရပြီ ဖြစ်သည်။
ထောင်ယဲ့ ပုံရိပ်ယောင်နှင့် ရဟန္တာဝိညာဉ်ကိုယ်ပွား နှစ်ခုစလုံးကို ထိုတာအိုဆရာလေးက တစ်ပြိုင်နက်တည်း နှိမ်နင်းလိုက်သည် မဟုတ်ပါလား။
သူသည် ဒေါသတကြီး ထရပ်လိုက်ရာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။
ရွှေရောင်ဗုဒ္ဓအလင်းနှင့် အနက်ရောင်အရှိန်အဝါများ ရောယှက်သွားပုံမှာ အလွန်ပင် ထူးဆန်းဆိုးဝါးလှသည်။
ထိုထောင်ယဲ့ ပုံရိပ်ယောင်၏ အော်ဟစ်သံမှာ ကလေးငယ်တစ်ယောက် ငိုသံနှင့်တူပြီး ဝိညာဉ်ကို ဆွဲဖြဲနိုင်စွမ်းသော အင်အားများ ပါဝင်နေသည်။
သူသည် မိမိရဲ့ နှလုံးသားအနှစ်သာရသွေး ကို အလဟဿ အကုန်ခံပြီး လီယန်ချူ၏ ဝိညာဉ်ကို မွေးရာပါ နတ်စွမ်းအားဖြစ်သော ဝါးမြိုခြင်း ဖြင့် ဝါးမြိုပစ်ရန် ဆုံးဖြတ်လိုက်သည်။
သိုးခန္ဓာကိုယ်နှင့် လူမျက်နှာရှိသော ထောင်ယဲ့ ပုံရိပ်ယောင်မှာ ရုတ်တရက် ကြီးမားလာပြီး ပေပေါင်းရာချီသော အရွယ်အစားသို့ ပြောင်းလဲသွားတော့သည်။
၎င်းသည် သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကြီးကို ဟလိုက်ရာ ဆန်းကြယ်လှသော စုပ်ယူမှုအားကြီးတစ်ခု ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် လီယန်ချူကို ဝမ်းဗိုက်ထဲသို့ ဝါးမြိုတော့မည့်အလား။
"ငါ့ကို ဝါးမြိုချင်တာလား"
လီယန်ချူက အေးစက်စွာ ရယ်မောလိုက်သည်။
စိတ်အာရုံကို လှုပ်ရှားလိုက်ရုံဖြင့် ဖားထျန်းရှန့်တီနတ်စွမ်းအားကို ထုတ်သုံးလိုက်သည်။
ပေတစ်ရာကျော် မြင့်မားသော ရွှေချပ်ဝတ် နတ်စစ်သူကြီးတစ်ပါးမှာ ဖြည်းညှင်းစွာ ထရပ်လိုက်ရာ ခန့်ညားထည်ဝါမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
သူ၏ လက်ရှိ ဝိညာဉ်အဆင့် ကျင့်စဉ်နှင့် လင်ကွမ်းဖိတ်ခေါ်အဆောင်မှ ရရှိထားသော ဝမ်လင်ကွမ်းရဲ့ နတ်ဘုရားစွမ်းအားကြောင့် ထို ဖားထျန်းရှန့်တီ နတ်စွမ်းအား၏ အစစ်အမှန် အာနိသင်ကို ပြသနိုင်ခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ်ပေါ်မှ သန့်စင်သောယန် နတ်ဘုရားအာဏာစက်မှာ အလွန်ပင် လေးလံလှပြီး ရွှေရောင်အလင်းတန်းများမှာ ကမ္ဘာကြီးကို လွှမ်းခြုံသွားတော့သည်။
ရှူး...
လူတိုင်း နောက်တစ်ကြိမ် ကြက်သီးထသွားကြပြန်သည်။
ပေတစ်ရာကျော်မြင့်တဲ့ ရွှေချပ်ဝတ် နတ်စစ်သူကြီးကြီးလား
ယခုအခါ ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ ထောင်ယဲ့ ပုံရိပ်ယောင်ကို အပေါ်စီးမှ ငုံ့ကြည့်နေပြီး မျက်လုံးများမှာ အေးစက်လှသည်။
"ဒီလောက်အဆင့်အတန်းနဲ့များ ငါ့ရှေ့မှာ ဆရာကြီး လာလုပ်နေသေးတယ် "
ဝုန်း
လက်ထဲမှ ရွှေကျိန်လုံးမှာ ကောင်းကင်ကို ထောက်ထားသည့် တိုင်ကြီး ပြိုကျလာသည့်အလား ကျဆင်းလာသည်။
ထောင်ယဲ့ ပုံရိပ်ယောင်မှာ မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားရပြီး အလွန်ပင် အရှက်ရဖွယ် ဖြစ်သွားရသည်။
ထိုဆန်းကြယ်လှသော ဝါးမြိုခြင်းစွမ်းအားမှာလည်း ရိုက်ခွဲခံလိုက်ရသည်။
လေးလံလှသော နတ်ဘုရားစွမ်းအားကြောင့် မြေပြင်တစ်ခုလုံးမှာ ချိုင့်ဝင်သွားတော့သည်။
လျှို့ဝှက်လူငယ်မှာ အလွန်ထိတ်လန့်သွားရသည်။
သူသည် သူ၏ နှလုံးသားအနှစ်သာရသွေးကို ထပ်မံအသုံးချလိုက်ပြန်သည်။
မိမိ၏ ဝိညာဉ် ထိခိုက်ပျက်စီးသွားမည်ကို ဂရုမစိုက်တော့ဘဲ ထိုရွှေချပ်ဝတ် နတ်စစ်သူကြီးကို ဝါးမြိုပစ်ရန် ကြိုးစားပြန်သည်။
ဆန်းကြယ်လှသော စုပ်ယူမှုအားမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ထောင်ယဲ့၏ ပါးစပ်ကြီးမှာ အဆုံးမရှိသော တွင်းနက်ကြီးအလား ထူးဆန်းဆိုးဝါးလှသည်။
ရှေးဦးမိစ္ဆာသားရဲရဲ့မွေးရာပါ နတ်စွမ်းအားကို မြင်တွေ့လိုက်ရသော ကျင့်ကြံသူများမှာ ကြောက်စရာကောင်းလိုက်တာ ဟုပင် ပြောနိုင်တော့သည်။
ရွှေချပ်ဝတ် နတ်စစ်သူကြီးသာမကဘဲ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံး သစ်ပင်၊ ကျောက်တုံး၊ ကျင့်ကြံသူများနှင့် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များပါ ထောင်ယဲ့၏ ဝါးမြိုခြင်းကို ခံနေရသည်။
"တောက်... ခွေးမသား"
"ဒီဝက်မသားကတော့"
ကျင့်ကြံသူတိုင်းမှာ မမျှော်လင့်ဘဲ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ထိုဆန်းကြယ်လှသော စုပ်အားထဲသို့ ပါသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကိုယ်တွင်းမှ ကျင့်စဉ်စွမ်းအားများမှာလည်း ထိန်းချုပ်မရတော့ဘဲ ဖြစ်နေသည်။
သူတို့မှာ အတင်းအကျပ် ခုခံနေကြရသော်လည်း စိတ်ထဲမှာမူ အစစ်အမှန် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာတော့သည်။
ထောင်ယဲ့ ပုံရိပ်ယောင်မှာ ထိုမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပါ။
စောစောက ရွှေချပ်ဝတ် နတ်စစ်သူကြီးက ထောင်ယဲ့ကို အမိအရ ထုနှက်နေသည်ကို ကြည့်ပြီး ထိုရှေးဦးသားရဲမှာ သာမန်မျှသာဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုမှသာ ထိုစွမ်းအားမှာ ယင်ဝိညာဉ် အဆင့်ကို ကျော်လွန်နေမှန်း သူတို့ သိလိုက်ရသည်။
ဖြစ်နိုင်သည်မှာ ယန်ဝိညာဉ် အဆင့်ရှိသော ပညာရှင်ကြီးများသာလျှင် ကြီးမားလှသော ကျင့်စဉ်စွမ်းအားဖြင့် ခုခံနိုင်ပေလိမ့်မည်။
ရှောင်ရန်မှာလည်း သူမ၏ ဝိညာဉ်မှာ ဆန်းကြယ်လှသော ဆွဲငင်အားတစ်ခုကြောင့် ခန္ဓာကိုယ်မှ ထွက်ခွာသွားမတတ် ခံစားလိုက်ရသည်။
သူမ လက်ခြေများမှာ အေးစက်သွားပြီး စိတ်ထဲမှာလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအရာမှာ သာမန်မှော်ပညာ အဆင့်ထက် ကျော်လွန်နေပြီ မဟုတ်ပါလား။
ရုတ်တရက်
နားထဲတွင် ကြီးမားလှသော အသံကြီးတစ်သံ ကြားလိုက်ရသည်။
ဝုန်း
ထို့နောက်တွင် ထိုဆန်းကြယ်လှသော ဝါးမြိုခြင်းအားမှာ ပျောက်ကွယ်သွားတော့သည်။
ရှောင်ရန်ရဲ့ စိတ်မှာလည်း ချက်ချင်းပင် လန်းဆန်းသွားရသည်။
ဧရာမ ထောင်ယဲ့ ပုံရိပ်ယောင်မှာ ရွှေချပ်ဝတ် နတ်စစ်သူကြီး၏ လက်သီးချက်တစ်ချက်အောက်တွင် ဖင်ထိုင်လျက် လဲကျသွားပြီး ဟထားသော ပါးစပ်ကြီးမှာလည်း ပြန်ပိတ်သွားရရှာသည်။
ထို့ပြင် ကြည့်ရသည်မှာ မေးရိုးများပင် ကြေမွသွားပုံရပြီး သွေးများဖြင့် ရဲရဲနီနေတော့သည်။
"..." ထောင်ယဲ့ ပုံရိပ်ယောင်
ဒါက ကစားနေတာလား
ကျင့်ကြံသူများစွာမှာ ထိုအခါမှသာ ရင်တုန်ပန်းတုန်ဖြင့် သတိပြန်ဝင်လာကြပြီး အမြန်ပင် နောက်သို့ ဆုတ်ခွာသွားကြတော့သည်။
"တောက်... ဒီမိစ္ဆာကတော့ တကယ်ကို စိတ်ဓာတ်ယုတ်မာတာပဲ "
"စောစောက သူက ဒီနေရာမှာရှိတဲ့ လူတိုင်းကို ဝါးမြိုပစ်ဖို့ ကြံစည်နေတာလား "
"ဝက်မသား... တာအိုဆရာအချောလေး သူ့ကို အပြတ်ရှင်းလိုက်"
သေဘေးမှ လွတ်မြောက်လာပြီးနောက် လူတိုင်းမှာ ဒေါသတကြီးဖြင့် အော်ဟစ်အားပေးကြတော့သည်။
ရှေးဦး ထောင်ယဲ့ ပုံရိပ်ယောင်၏ မျက်နှာမှာ သွေးရောင်ထွက်မတတ် မှောင်ကျနေသည်။
၎င်းသည် ပါးစပ်ကို ထပ်မံဟလိုက်ပြီး ဝါးမြိုခြင်း နတ်စွမ်းအားကို ထပ်မံအသုံးချရန် ကြိုးစားပြန်သည်။
လီယန်ချူက ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေကမ္ဘာပင် တုန်ခါသွားသည်။
သူသည် လက်နှစ်ဖက်ဖြင့် ထောင်ယဲ့၏ ဦးချိုနှစ်ခုကို ဖမ်းကိုင်ကာ ပြင်းထန်လှသော ဒူးတိုက်ချက် ဖြင့် မေးစေ့ကို ဆောင့်တိုက်လိုက်တော့သည်။
ဝုန်း
ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော အသံကြီး ထွက်ပေါ်လာပြီး ထောင်ယဲ့ ဦးခေါင်းတစ်ဝက်မှာ လုံးဝ ပျက်စီးကြေမွသွားတော့သည်။
ရဟန္တာဝိညာဉ်ကိုယ်ပွားမှာလည်း ထိုအချိန်တွင် ဒေါသတကြီး ပြေးဝင်လာသော်လည်း လီယန်ချူ၏ ခြေတစ်ချက် ကန်ထုတ်ခြင်းကိုသာ ခံလိုက်ရသည်။
ပေတစ်ရာကျော် မြင့်မားသော ဘီလူးကြီးတစ်ယောက်နှင့် ယှဉ်လျှင် ရဟန္တာကိုယ်ပွားမှာ အလွန်ပင် သေးငယ်လွန်းနေသည်။
သူသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်ဖြင့် တောင်ကုန်းတစ်ခုထဲသို့ တိုက်ရိုက်ပင် ကန်သွင်းခံလိုက်ရပြီး ထိုတောင်ကုန်းမှာလည်း ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
ရဟန္တာကိုယ်ပွားမှာ ရင်ဘတ်ရိုးများ ကျိုးသွားကာ လက်ခြေများမှာလည်း ပုံပျက်ပန်းပျက်ဖြင့် တွင်းကြီးတစ်ခုထဲတွင် လဲကျနေရှာသည်။
လူတိုင်းမှာ အံ့ဩသွားကြသည်။
သူတို့ မြင်လိုက်ရသည့်အရာကို မယုံနိုင်အောင် ဖြစ်နေကြရသည်။
စောစောက သူတို့ ဘာကို မြင်လိုက်ရတာလဲ
ရှေးဦးမိစ္ဆာသားရဲ ထောင်ယဲ့ကို လက်သီးနဲ့ထိုးပြီး၊ ဗုဒ္ဓဘာသာ ရဟန္တာကို ခြေနဲ့ကန်လိုက်တာလား
ခဏချင်းအတွင်းမှာပင် သူတို့၏ ကိုယ်တွင်းမှ သွေးများမှာ ဆူပွက်လာတော့သည်။
ဤသည်မှာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
လီယန်ချူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ကျောဘက်မှ ကြွက်သားများမှာ နဂါးကြီးတစ်ကောင်အလား ရုန်းကြွနေသည်။
သူသည် လက်သီးတစ်ချက်ကို ထောင်ယဲ့ရဲ့ ပါးစပ်ပေါ်သို့ ပြင်းထန်စွာ ထပ်မံရိုက်ချလိုက်သည်။
ထောင်ယဲ့မှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး အတင်းအကျပ် ရုန်းထွက်ရန် ကြိုးစားသော်လည်း ဝမ်းနည်းဖွယ် ကောင်းသည်မှာ သာမန်ခွန်အားချင်း ယှဉ်ပြိုင်ရာတွင် သူသည် ထိုရွှေချပ်ဝတ် နတ်စစ်သူကြီး၏ ပြိုင်ဘက်မဟုတ်ပါ။
သူသည် နောင်တရနေမိသည်။
စောစောက ဟိတ်ဟန်ထုတ်ပြီး ပေပေါင်းများစွာမြင့်သော သားရဲကြီးအဖြစ် မပြောင်းလဲခဲ့သင့်ပေ။
ယခုမူ ထိုရွှေချပ်ဝတ် နတ်စစ်သူကြီးကို ပေတစ်ရာကျော် ဘီလူးကြီးအဖြစ် ပြောင်းလဲသွားစေရန် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုသူ၏ ခွန်အားမှာလည်း အဆပေါင်းများစွာ တိုးတက်သွားခဲ့ပြီ မဟုတ်ပါလား။
ဖားထျန်းရှန့်တီ ဆိုသည်မှာ သာမန် အရွယ်အစား ကြီးမားလာခြင်းမျိုး မဟုတ်ပါ။
လုံဟုရှန်းတောင်၏ ထိုလျှို့ဝှက်ပညာမှာ ခွန်အား၊ အရှိန်နှင့် ကာကွယ်ရေး အစရှိသည့် နယ်ပယ်အားလုံးတွင် အဆမတန် တိုးတက်စေခြင်း ဖြစ်သည်။
၎င်းမှာ ခေတ္တမျှ ပေါက်ကွဲထွက်လာသော လျှို့ဝှက်နတ်စွမ်းအားမျိုးပင်။
လီယန်ချူမှာ ၎င်းကို အပြည့်အဝ တတ်မြောက်သွားပြီးနောက်မှသာ ထိုနတ်စွမ်းအား၏ အနှစ်သာရကို နားလည်သွားခဲ့ခြင်း ဖြစ်သည်။
သူသည် လက်သီးတစ်ချက်ပြီး တစ်ချက် ထုနှက်နေရာ မြေကမ္ဘာမှာ တုန်ခါနေတော့သည်။
ထောင်ယဲ့ ပုံရိပ်ယောင်မှာ ကြည့်မကောင်းလောက်အောင်ပင် ထုနှက်ခံနေရသည်။
အသားများ ကြေမွကာ အရိုးများ ကျိုးပဲ့ကုန်တော့သည်။
သိုးချိုနှစ်ခုမှာလည်း အရိုက်ခံရလွန်းသဖြင့် ကျိုးသွားခဲ့ပြီ ဖြစ်သည်။
သနားစရာ ကောင်းလှပေစွ။
လျှို့ဝှက်လူငယ်၏ မူလခန္ဓာကိုယ်မှာ ကိုယ်တွင်းအင်္ဂါ ခုနစ်ခုမှ သွေးများ ပို၍ပင် ယိုစီးလာပြီး အရှိန်အဝါမှာလည်း အလွန်ပင် အားနည်းလာတော့သည်။
နှလုံးသားအနှစ်သာရသွေးကို လောင်ကျွမ်းစေခဲ့သော်လည်း ဘာကြောင့် ထိုတာအိုဆရာကို မယှဉ်နိုင်ရသနည်းဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေရသည်။
ရင်ထဲမှာ အလွန်ပင် မွန်းကျပ်နေရသည်။
မျက်နှာကိုလည်း တဖြန်းဖြန်း အရိုက်ခံနေရသကဲ့သို့ပင်။
လျှို့ဝှက်လူငယ်၏ အရှိန်အဝါ ကျဆင်းလာသည်နှင့်အမျှ ထောင်ယဲ့ ပုံရိပ်ယောင်မှာလည်း ဆက်လက်မတည်မြဲနိုင်တော့ဘဲ မူလအရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။
ထိုအချိန်မှာပင် သူသည် ရွှေချပ်ဝတ် နတ်စစ်သူကြီး၏ လက်ထဲမှ လွတ်မြောက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သေလား၊ ရှင်လား မသိရသော ရဟန္တာကိုယ်ပွား၏ ကိုယ်ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားတော့သည်။
ထို့နောက်တွင် ပျောက်ကွယ်သွားတော့သည်။
ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။
ရဟန္တာကိုယ်ပွား၏ ပျက်စီးနေသော ခန္ဓာကိုယ်မှာ ခဏချင်းအတွင်း ပြန်လည်ကောင်းမွန်လာပြီး ပြတ်တောက်သွားသော လက်မောင်းမှာလည်း ပြန်လည်ပေါက်လာပြန်သည်။
သူသည် လက်နှစ်ဖက်ကို ပူးကပ်ကာ ရှိခိုးလိုက်ပြီး ဦးခေါင်းနောက်ကွယ်မှ မီးဝိုင်းမှာ တောက်ပလှသော နတ်ဘုရားအလင်းများကို ထုတ်လွှတ်လိုက်သည်။
သူသည် လီယန်ချူကို ဒေါသတကြီး စိုက်ကြည့်ကာ
"ဝက်မသား... မင်းက ငါ့ကို အကြိမ်ကြိမ် အရှက်ခွဲနေတာပဲ၊ ငါနဲ့မင်းကတော့ အသေအလဲပဲ "
သူသည် လက်ဝါးနှစ်ဖက်ကို တွန်းထုတ်လိုက်ရာ ရွှေရောင်ဗုဒ္ဓအလင်းများမှာ ကမ္ဘာကြီးကို လွှမ်းခြုံသွားပြီး လူတိုင်း၏ စိတ်ထဲမှာ မြင့်မြတ်လှသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
နောက်တစ်စက္ကန့်မှာတော့ ဧရာမ လက်ဝါးအရာကြီးနှစ်ခုက လီယန်ချူထံသို့ ဖိနှိပ်ရန် ပြေးဝင်လာတော့သည်။
ကြည့်ရသည်မှာ ဤသည်မှာ အသက်စွန့်၍ တိုက်ခိုက်မည့် နောက်ဆုံးတိုက်ကွက်ပင်။
လီယန်ချူသည် သူ၏ သန့်စင်သောယန် နတ်ဘုရားစွမ်းအားကို ရွှေကျိန်လုံးထဲသို့ ထည့်သွင်းကာ အားကုန် ရိုက်ချလိုက်တော့သည်။
ဝုန်း
ပေပေါင်းများစွာ ရှည်လျားသော နတ်ဘုရားအလင်းတန်းတစ်ခုက ရဟန္တာကိုယ်ပွားကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် ရဟန္တာကိုယ်ပွားမှာ ကောင်းကင်ယံ တစ်နေရာတွင် ပေါ်ထွက်လာပြန်သည်။
စောစောက ပုံရိပ်မှာ ပုံရိပ်ယောင်ပြကွက် သာ ဖြစ်နေသည် မဟုတ်ပါလား။
ရဟန္တာကိုယ်ပွားမှာ ဗုဒ္ဓဘာသာ နတ်စွမ်းအားကို အသုံးချကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများကိုလည်း အစွမ်းထက်လှသော စွမ်းအားတစ်ခုဖြင့် ဖုံးကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထွက်ပြေးသွားတာလား
ကျင့်ကြံသူများစွာမှာ ကြောင်သွားကြသည်။
မယုံနိုင်အောင်ပင် ဖြစ်နေကြရသည်။
စောစောက အသေအလဲပဲ လို့ ပြောခဲ့တာ မဟုတ်လား။
ဒီလောက်အထိ မောက်မာလှတဲ့ ရဟန္တာကိုယ်ပွားက ဒီအတိုင်းကြီး ထွက်ပြေးသွားတာလား။
အခန်း (၄၄၄) - ထိတ်လန့်ဖွယ်ရာ အပြောင်းအလဲ၊ တားမြစ်ချက် နိုးထလာခြင်း ၊ နတ်ဘုရားတောင်ပေါ်ထွက်လာခြင်း ၊ ရှင်းဟွမ်အလံ ပေါ်ထွန်းလာခြင်း
ထိုအပြောင်းအလဲက လူတိုင်းကို အငိုက်မိသွားစေသည်။
သူတို့သည် ထိုရွှေချပ်ဝတ် နတ်စစ်သူကြီးကို ရိုသေကြောက်ရွံ့စွာ ကြည့်နေကြပြီး မည်သို့မျှ မယှဉ်နိုင်တော့သည့် ခံစားချက်မျိုး ဝင်နေကြတော့သည်။
လီယန်ချူကတော့ အနည်းငယ် ရယ်ချင်သွားသည်။
သူသည် နတ်ဘုရားခြေလှမ်း အတတ်ပညာကို အသုံးချပြီး နောက်ကနေ လိုက်ဖမ်းရန် ကြံစည်လိုက်သော်လည်း ကျယ်ပြောလှသော လောကကြီးထဲတွင် ထိုလျှို့ဝှက်ဆန်းကြယ်လှသော ရဟန္တာကိုယ်ပွားမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တစ်ခါမျှ ပေါ်မလာခဲ့ဖူးသည့်အလားပင်။
"တကယ်ကို အမြီးကုပ်ထွက်ပြေးသွားတာပဲ"
လီယန်ချူက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
တစ်ဖက်တွင်မူ လျှို့ဝှက်ထားသော နေရာတစ်ခု၌
မျက်နှာပေါ်ရှိ ဒွါရခုနစ်ပေါက် မှ သွေးများ ယိုစီးနေသော လူငယ်တစ်ယောက်သည် မျက်လုံးကို ဒေါသတကြီး ဖွင့်လိုက်သည်။
သူ၏ ဦးခေါင်းထက်တွင် ရွှေရောင်ဓာတ်တော် တစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်ဗုဒ္ဓအလင်းတန်းများကို ထုတ်လွှတ်နေသည်။
စောစောက ဝိညာဉ်ကိုယ်ပွား ပြန်လည်ရောက်ရှိလာသည်မှာ ထိုဓာတ်တော်၏ စွမ်းအားကြောင့်ပင် ဖြစ်သည်။
ယခုအခါ သူ၏ မျက်နှာမှာ သွေးအလိမ်းလိမ်းနှင့် အလွန်ပင် သနားစရာကောင်းလောက်အောင် ပျက်စီးနေသည်။
ဟူး...
ရေနစ်နေသူတစ်ယောက်ကဲ့သို့ လေကို အားပါးတရ ရှူသွင်းလိုက်ရသည်။
လျှို့ဝှက်လူငယ်၏ မျက်လုံးများမှာ မှောင်မှိုင်နေပြီး ဦးခေါင်းပေါ်ရှိ ဓာတ်တော်မှာ တရစပ် လည်ပတ်နေသည်။
ဗုဒ္ဓအလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားတော့သည်။
ကိုယ်တွင်းဒဏ်ရာများမှာလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ခန္ဓာကိုယ် ဒဏ်ရာများသာမကဘဲ ပြင်းထန်စွာ ထိခိုက်သွားသော ဝိညာဉ်ဒဏ်ရာများမှာလည်း ဓာတ်တော်၏ အလင်းအောက်တွင် ပြန်လည်သက်သာလာသည်။
သို့သော် လောင်ကျွမ်းစေခဲ့သော နှလုံးသားအနှစ်သာရသွေးမှာမူ မူလစွမ်းအား နှင့် သက်ဆိုင်နေသဖြင့် ချက်ချင်း ပြန်မကောင်းနိုင်သေးပါ။
"သူ့ရဲ့ ဝိညာဉ်လှိုင်းတွေက အရမ်း နုပျိုနေတယ် ၊ ကျင့်စဉ်အဆင့်ကို ဖုံးကွယ်ထားတဲ့ အဖိုးကြီးတစ်ယောက် မဟုတ်ဘူး။ ဒါဆို ငါ့လိုပဲ လူဝင်စားပြီး ပြန်လည်ကျင့်ကြံနေတာလား "
လျှို့ဝှက်လူငယ်မှာ မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။
ထိုအချက်မှလွဲ၍ သူ အခြား အကြောင်းပြချက် မတွေ့တော့ချေ။
အသက် ၂၀ ကျော် တာအိုဆရာလေးတစ်ယောက်က ထိုမျှလောက် များပြားလှသော နတ်ဘုရားစွမ်းအား ကို ပင့်ဖိတ်နိုင်ရုံတင်မကဘဲ သတ်ဖြတ်ခြင်း နတ်စွမ်းအားများမှာလည်း ထိုမျှအထိ ရက်စက်ကြမ်းကြုတ်နေသည် မဟုတ်ပါလား။
"ဒါပေမဲ့ သူက ဘယ်သူ့ရဲ့ လူဝင်စား ဖြစ်နေတာလဲ"
လျှို့ဝှက်လူငယ်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ လက်ခနဲ ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ငြင်းပယ်လိုက်သည်။
"ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲက နတ်ဆေးဝါးတွေကို အရင်သွားယူမှ ဖြစ်မယ်၊ မဟုတ်ရင် ဒီတစ်ခေါက်တော့ ဒီတာအိုဆရာလေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
ဓာတ်တော်မှာ သူ၏ ဦးခေါင်းထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
၎င်းမှာ ဗုဒ္ဓဘာသာ၏ အဆင့်မြင့်မားလှသော ဆရာတော်ကြီးများသာ ပိုင်ဆိုင်သည့် ဓာတ်တော် ဖြစ်သည်။
အသုံးဝင်ပုံမှာ အဆုံးမရှိချေ။
လျှို့ဝှက်လူငယ်သည် ဦးတည်ချက်တစ်ခုကို ရွေးချယ်လိုက်ပြီး နတ်ဘုရားခြေလှမ်း အတတ်ဖြင့်ဖြင့် ပျောက်ကွယ်သွားတော့သည်။
သူသည် ထိုနတ်ဘုရားနယ်မြေအကြောင်းကို အလွန်နှံ့စပ်နေပုံရပြီး လမ်းကြောင်းများကို ကောင်းကောင်း သိနေသည်။
ထို့ပြင် စောစောက ဓာတ်တော်၏ အလင်းမှာ သူ၏ တည်ရှိမှုကိုပါ ဒီလောကကြီးထဲတွင် ဖုံးကွယ်ပေးထားခဲ့သည်။
ဗုဒ္ဓဘာသာတွင် စကြာဝဠာပေါင်း သုံးထောင်ဟူသော အယူအဆရှိပြီး သဲပွင့်လေးတစ်ပွင့်ထဲတွင်ပင် ကမ္ဘာတစ်ခု တည်ရှိနိုင်သည်ဟု ဆိုသည်။
ယခုအခါ လျှို့ဝှက်လူငယ်မှာ ထိုကဲ့သို့သော အထွတ်အထိပ် နတ်စွမ်းအားကို အသုံးချသွားခြင်း ဖြစ်သည်။
ထိုဘက်တွင်မူ လီယန်ချူသည်လည်း ဝိညာဉ်ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လင်ကွမ်းဖိတ်ခေါ်အဆောင်၏ နတ်ဘုရားစွမ်းအားကို ရုပ်သိမ်းလိုက်ရာ ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားသော တာအိုဆရာလေးတစ်ယောက် ပြန်လည် ပေါ်ထွက်လာသည်။
မျက်နှာမှာ ခန့်ညားချောမောပြီး မျက်ဝန်းများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေသည်။
သန့်စင်သော ယန်စွမ်းအား အရှိန်အဝါများက သူ့ထံမှ လွင့်ပျံ့နေတော့သည်။
အမှန်အတိုင်း ပြောရလျှင် လီယန်ချူ၏ ရုပ်ရည်မှာ အလွန်ပင် ကြည့်ကောင်းလွန်းလှပြီး တကယ့်ကို အချောစားကြီး ဖြစ်သည်။
ထို့ပြင် တာအိုဘာသာဝင်များ၏ အေးချမ်းငြိမ်သက်သော ရနံ့မျိုးလည်း ရှိနေပြန်သည်။
အထူးသဖြင့် သူသည် အမှောင်ဖုံးကွယ် အတတ်ကို အသုံးချပြီး ကောင်းကင်လျှို့ဝှက်ချက်များကို ပိတ်ဆို့ကာ အရှိန်အဝါများကို ဖုံးကွယ်ထားလိုက်သည့်အခါ စောစောက ဓားကဲ့သို့ ထက်မြက်ပြီး ရက်စက်လှသော သတ်ဖြတ်လိုစိတ်များမှာ ပျောက်ကွယ်သွားတော့သည်။
သူသည် ငြိမ်သက်တည်ငြိမ်သော ခံစားချက်မျိုးကို ပေးစွမ်းနေပြီး မည်မျှအထိ ငြိမ်သက်နေသနည်းဆိုလျှင် စောစောက ပေတစ်ရာကျော် ရွှေချပ်ဝတ် နတ်စစ်သူကြီးမှာ သူမဟုတ်သကဲ့သို့ပင်။
ယခုအခါ တစ်ကွင်းလုံးမှာ တိတ်ဆိတ်နေသည်။
သေမင်းတမျှ တိတ်ဆိတ်နေခြင်းပင်။
လူတိုင်းမှာ ကျန်းဝေကဲ့သို့ အစွမ်းထက်လှသော ပညာရှင်ကြီးကို တွေ့လျှင် ချက်ချင်း ကပ်ဖားရပ်ဖား လုပ်ချင်ကြသည် မဟုတ်ပါ။
လူအများစုမှာမူ အကွာအဝေးတစ်ခု ထိန်းထားတတ်ကြသည်။
ဒါပေမဲ့လည်း အခွင့်အရေးသာ ကြုံလာရင်တော့ ကပ်ဖားတာက ပြဿနာ မရှိပါဘူး။
လီယန်ချူရဲ့ အသက်အရွယ်မှာ ပုံမှန်ဆိုလျှင် တာအိုကျင့်စဉ်ကို ကြိုးစားကျင့်ကြံနေရမည့် တာအိုဆရာလေးအဆင့်သာ ရှိသေးသည်။
တရားထိုင်ရင်း ဝိညာဉ်စွမ်းအင်များကို စုဆောင်းနေရမည့် အချိန်ပင်။
သို့သော် ယခုအခါ သူသည် အရှိန်အဟုန် အပြည့်ဖြင့် တစ်ရှိန်ထိုး တိုးတက်နေပြီ ဖြစ်သည်။
ဂိုဏ်းကြီးများမှ အစွမ်းထက် ပညာရှင်ကြီးများ၊ အဖိုးကြီးများပင်လျှင် သူ့ကို တည့်တည့်မကြည့်ရဲဘဲ ကြောက်ရွံ့နေကြရသည်။
သွေးဓာတ်ဆေးလုံး နှင့် ရှေးဟောင်းဆေးအိုးကြီး ကြောင့် ဖြစ်ပွားခဲ့သော ရတနာလုပွဲမှာ ခေတ္တမျှ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
မသိစိတ်ထဲမှပင် လူတိုင်းမှာ သက်ပြင်းချလိုက်မိကြသည်။
အကြောင်းမှာ ပတ်ဝန်းကျင်ရှိ တောင်များ ပြိုပျက်ကာ မြေပြင်များ အက်ကွဲနေသော မြင်ကွင်းက လူကို သတိပြန်ဝင်လာစေရန် လွယ်ကူစေသည် မဟုတ်ပါလား။
ရတနာလုတာက ငါတို့ ကျင့်ကြံသူတွေ လုပ်ရမယ့် အလုပ် မဟုတ်ဘူး။
ငြိမ်းချမ်းရေးကိုပဲ ဖော်ဆောင်ရမယ်
ထိုအချိန်မှာပင် ကောင်းကင်ရှိ နေမင်းမှာ ဖြည်းဖြည်းချင်း မှိန်ဖျော့လာတော့သည်။
နေကြတ်ခြင်း
ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ တဖြည်းဖြည်း မှောင်အတိ ကျသွားတော့သည်။
ထိုကဲ့သို့သော ထူးဆန်းသော ဖြစ်စဉ်အောက်တွင် မတည်မငြိမ်ဖြစ်သော ခံစားချက်တစ်ခုက လူတိုင်း၏ ရင်ထဲတွင် လွှမ်းမိုးသွားသည်။
စောစောက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကြောင့် ရှေးကျလှသော တားမြစ်ချက် တစ်ခုခု နိုးထလာပုံရသည်။
မြင့်မားထည်ဝါလှသော နတ်ဘုရားတောင်ကြီးတစ်ခုထဲမှ နက်ရှိုင်းလှသော ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။
လူတိုင်း၏ စိတ်ထဲမှာ လေးလံသွားကြသည်။
လီယန်ချူသည်လည်း မျက်မှောင်ကြုတ်ကာ ထိုနတ်ဘုရားတောင်ကို အေးစက်စွာ ကြည့်လိုက်သည်။
စောစောက ထိုရဟန္တာဝိညာဥ်၏ ကိုယ်ထဲတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေသည်။
အဆင့်အတန်းမှာ အလွန်မြင့်မားပြီး လူကို ထိတ်လန့်သွားစေလောက်သော အရှိန်အဝါမျိုး ရှိသည်။
ထိုစွမ်းအားကပင် ရဟန္တာဝိညာဥ်ကို လုံးဝ ပျက်စီးမသွားအောင် ထိန်းထားပေးခဲ့ခြင်း ဖြစ်သည်။
လီယန်ချူသည် ဝိညာဥ်မျက်စိ ဖြင့် ကြည့်ခဲ့စဉ်က ရဟန္တာဝိညာဥ်ကို ထူထပ်လှသော ဗုဒ္ဓအလင်းတန်းများ ဖုံးလွှမ်းထားသည်ကို တွေ့ခဲ့ရသည်။
၎င်းမှာ တစ်စုံတစ်ဦးသော ပညာရှင်ကြီး၏ လက်ချက် ဖြစ်ပေလိမ့်မည်။
ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာတွင် ထိုမျှအထိ သိမ်မွေ့စွာ စီစဉ်ထားနိုင်သည်မှာ သေချာပေါက် ကောင်းကင်နှင့် မြေကြီးကို လှန်ပစ်နိုင်သော အစွမ်းရှိသူ ဖြစ်ရပေမည်။
ဖြစ်နိုင်သည်မှာ တတိယအဆင့် ကိုပင် ကျော်လွန်နေပေလိမ့်မည်။
စောစောက ရဟန္တာဝိညာဥ်ရဲ့ တည်နေရာကို ချက်ချင်း ပျောက်ကွယ်သွားစေပြီး ခြေရာခံရ ခက်ခဲအောင် လုပ်ဆောင်ခဲ့သည်မှာလည်း ထိုစွမ်းအားကြောင့်ပင်။
သူသည် နတ်ဘုရားတောင်ကို ကြည့်ရင်း စဉ်းစားနေမိသည်။
ထိုလောကကြီးရှိ လွန်ကဲသော စွမ်းအားများအပေါ် အမြင်သစ်တစ်ခု ရလိုက်သကဲ့သို့ပင်။
အချို့သော တည်ရှိမှုများ၏ မျက်စိထဲတွင်မူ တတိယအဆင့်သည်ပင်လျှင် အခြေခံ ကျင့်စဉ်အဆင့် သို့မဟုတ် ယင်ဝိညာဉ်အဆင့်နှင့် မခြားနားလှပေ။
ကျန်းဝေ၏ အဆိုအရ ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲတွင် တားမြစ်ထားသော တည်ရှိမှု ငါးခု ရှိနေသင့်သည်။
စောစောက တိုက်ပွဲကြီးမှာ ၎င်းတို့ထဲမှ တစ်ခုကို သွားပြီး ထိခိုက်စေခဲ့ပုံရသည်။
သူသည် ထိုနေရာသို့ သွားပြီး အပြတ်ရှင်းရမလားဟု တွေးတောနေစဉ်
ကောင်းကင်ယံမှ နတ်ပြည်မှ ဂီတသံစဉ်များ ရုတ်တရက် ပေါ်ထွက်လာသည်။
တစ်စုံတစ်ယောက်က နားထဲတွင် တာအိုကျမ်းစာများကို ရွတ်ဖတ်နေသကဲ့သို့ပင်။
ထို့နောက်တွင် လူတိုင်း မြင်တွေ့လိုက်ရသည်မှာ ရှင်းဟွမ်အလံ တစ်လက် ပေါ်ထွက်လာခြင်းပင်။
မြင့်မားသော နတ်ဘုရားတောင်ကြီးထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
"ဒါက နတ်ဘုရားလက်နက် ရှင်းဟွမ်အလံပဲ"
လီယန်ချူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
ရှင်းဟွမ်အလံ ပေါ်လာသည်နှင့်အမျှ ကမ္ဘာကြီးမှာ ပြန်လည်လင်းထိန်လာပြီး နေမင်းမှာလည်း ပုံမှန် ပြန်ဖြစ်သွားသည်။
ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေတစ်ခုလုံးတွင် ထူထပ်လှသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်သွားတော့သည်။
စောစောကထက် အနည်းဆုံး သုံးဆခန့် ပိုမို ထူထပ်လာခြင်း ဖြစ်သည်။
ခြောက်သွေ့နေခဲ့သော နတ်ဘုရားတောင်ကြီးမှာလည်း ချက်ချင်းပင် အသက်ဝင်လာသည်။
အပင်များမှာ ပြန်လည် စိမ်းလန်းလာပြီး အသက်ဓာတ်များ ဝေဖြာနေတော့သည်။
ဘေးပတ်ဝန်းကျင်နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သွားရသည်။
အစက ကျင့်ကြံသူများ ထိုနယ်မြေထဲသို့ ဝင်လာစဉ်က အသက်ဓာတ်များ လုံးဝ ပြတ်တောက်နေသည်မဟုတ်သော်လည်း ပျက်စီးခြောက်သွေ့နေသော အငွေ့အသက်မျိုး ရှိခဲ့သည်။
ထိုနတ်ဘုရားတောင်ကြီးလည်း ထိုနည်းအတိုင်းပင်။
ရှင်းဟွမ်အလံသည် တောင်ကြီးထဲမှ ရှေးကျလှသော တားမြစ်ချက်ကို နှိမ်နင်းပြီးနောက်တွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်ပေါ်သို့ ကျဆင်းသွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း
ခန့်ညားထည်ဝါလှသော နတ်ဘုရားနန်းတော်ကြီးတစ်ခုမှာ တောင်ထိပ်ပေါ်တွင် ပေါ်ထွက်လာသည်။
တိမ်တိုက်များကြားတွင် ဖုံးလွှမ်းနေတော့သည်။
"နတ်ဘုရားလက်နက်... ဒါက သေချာပေါက် နတ်ဘုရားလက်နက်ပဲ "
ကျင့်ကြံသူတစ်ယောက်မှာ အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သူသည် ချက်ချင်းပင် ကိုယ်ဖော့ကျင့်စဉ်ကို အသုံးချပြီး ထိုနတ်ဘုရားတောင်ဆီသို့ အပြင်းနှင်သွားတော့သည်။
သူတင်မကဘဲ နတ်ဘုရားနယ်မြေထဲ ဝင်လာခဲ့သမျှ ကျင့်ကြံသူတိုင်းမှာ တစ်ဦးထက်တစ်ဦး ဦးအောင် နတ်ဘုရားတောင်ဆီသို့ တိုးဝှေ့သွားကြတော့သည်။
ဤသည်မှာ နတ်ဘုရားလက်နက် ရှင်းဟွမ်အလံ၏ ဆွဲဆောင်မှုကြောင့်သာ မဟုတ်ပေ။
လီယန်ချူ၏ လက်ထဲမှ ဆေးအိုးကြီးကို လုယူဖို့က မဖြစ်နိုင်မှန်း သူတို့ ကောင်းကောင်း သိသွားကြခြင်းကြောင့်လည်း ဖြစ်သည်။
ထိုတာအိုဆရာလေးမှာ ထောင်ယဲ့ပုံရိပ်နဲ့ ရဟန္တာ ဝိညာဥ် ကို ပိုင်ဆိုင်ထားတဲ့ ဝိညာဉ်အဆင့်ပညာရှင်ကိုတောင် အေးအေးဆေးဆေး နှိမ်နင်းသွားတာလေ။
ဒီနေရာမှာရှိတဲ့ ဘယ်သူကမှ သူ့ကို စိန်ခေါ်ဖို့ သတ္တိမရှိကြတော့ဘူး။
သူတို့မှာ မသိစိတ်ထဲကပင် ထိတ်လန့်နေမိကြသည်။
ငါတို့အားလုံး စုပေါင်းပြီး တိုက်မယ်ဆိုရင်တောင်... ဒီတာအိုဆရာလေး တစ်ယောက်တည်းက ငါတို့အားလုံးကို အပြတ်ရှင်းပစ်နိုင်မှာပဲ
ထိုနေရာတွင် ယင်ဝိညာဉ်အဆင့် ကျင့်ကြံသူများစွာ စုဝေးနေကြခြင်း ဖြစ်သည်။
စောစောက ကိုယ်တစ်ပိုင်းတာအိုဆရာကဲ့သို့သော တည်ရှိမှုမျိုးပင်လျှင် လူတိုင်း စုပေါင်းတိုက်ခိုက်လိုက်သည့်အခါ ပြာအဖြစ် ပြောင်းလဲသွားခဲ့ရသည် မဟုတ်ပါလား။
သို့သော် လီယန်ချူကတော့ ထိုသူများထက် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းနေသည်။