အခန်း (၄၄၅-၄၄၆)
Vol. 45 Ch. 445-446
အခန်း (၄၄၅) - ငါ့ရဲ့အားကိုးစရာကြီးကို လာလုမလို့လား ၊ ကုယွဲ့ကျဲမှ လျိုချင်းချင်း ၊ နတ်ဘုရားတောင်၏ တားမြစ်ချက် ၊ လုံကျူး သခင်လေး
သို့သော် ယခုအချိန်တွင် ထိုအတွေးမှာ သူတို့၏နှလုံးသားထဲ၌ အမြစ်တွယ်သွားခဲ့ပြီဖြစ်သည်။
ထိုတာအိုဆရာလေးကို အလွယ်တကူ သွားရောက်ရန်စရန် မဝံ့ရဲကြတော့ချေ။
ထို့ကြောင့်ပင်...
စောစောစီးစီး ထွက်ခွာသွားကြခြင်းက ပိုကောင်းပေလိမ့်မည်။
နတ်ဘုရားတောင်ပေါ်သို့သွားပြီး ကံစမ်းကြည့်ကြရုံသာ ရှိတော့သည်။
"အရင်က ရှေးဟောင်းတားမြစ်ချက်ကို နှိမ်နင်းခဲ့တဲ့ မီိးနတ်ဘုရားကိုယ်ပွားပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ် ထင်တယ် "
သူတို့သည် စိတ်ထဲတွင် ထိုနှစ်ယောက်၏ အနိမ့်အမြင့်ကို နှိုင်းယှဉ်ရင်း တအံ့တဩ ရေရွတ်နေကြသည်။
ယခုခေတ် လူငယ်တွေကတော့ တကယ့်ကို ကြမ်းကြုတ်လွန်းလှပေသည်။
လီယန်ချူသည် ဆေးအိုးကြီးကို သိုလှောင်အိတ် ထဲသို့ သိမ်းဆည်းလိုက်ရာ ထိုအပြုအမူက လူတိုင်းကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေပြန်သည်။
သူသည် ချက်ချင်း ထွက်ခွာရန် အလောမကြီးသေးပေ။
ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေမှာ အလွန်ကျယ်ပြောလှရာ နတ်ဘုရားအထောက်အပံ့ ပေါ်ထွက်လာသည် ဆိုဦးတော့ ခဏချင်းအတွင်းမှာပင် ရလဒ်ထွက်ပေါ်လာမည် မဟုတ်ချေ။
တစ်ဖက်တွင်လည်း လီယန်ချူ၏ အမြင်အရ နတ်ဘုရားနယ်မြေအတွင်းရှိ အခွင့်အလမ်းများမှာ ကြီးမားသော ဘေးအန္တရာယ်များနှင့် ဒွန်တွဲနေတတ်သည်။
ဒုတိယအဆင့် နှောင်းပိုင်း ကျင့်ကြံသူများပင်လျှင် မည်သည့်အချိန်တွင် အသက်ပျောက်သွားမည်မှန်း မသိနိုင်ပါ။
ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်ရမည့် အကျိုးအမြတ်က မမျှချေ။
သို့သော် သူသည် ကုသိုလ်မှတ်များ ကို ပိုင်ဆိုင်ထားသဖြင့် ဆေးလုံးများ၊ လက်နက်များကို အဆင့်မြှင့်တင် နိုင်သောကြောင့်သာ ထိုမျှ အေးဆေးနေနိုင်ခြင်း ဖြစ်သည်။
မဟုတ်လျှင်မူ သက်တမ်းတိုးရန်နှင့် အတားအဆီးများကို ကျော်ဖြတ်နိုင်မည့် နတ်ဘုရားအခွင့်အလမ်းလေး တစ်ခုအတွက် သူသည် အခြားသူများထက်ပင် ပို၍ လောနေပေလိမ့်မည်။
ကျန်းဝေက အနားသို့ လျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် တာအိုဆရာချောင်ချောင်၊ ဆေးအိုးနဲ့ နတ်ဆေးလုံးကို ရရှိခဲ့ပြီပဲ "
သူသည် တကယ့်ကို အထင်ကြီးသွားခြင်း ဖြစ်သည်။
လူတိုင်းက ရတနာလုရန် လူသတ်နေကြပြီး အရင်းအမြစ်တွေအတွက် ခေါင်းကွဲအောင် တိုက်နေကြသည်မှာ မြင်နေကျကိစ္စ ဖြစ်သည်။
သို့သော် ရတနာကိုယ်တိုင်က နောက်ကနေ တကောက်ကောက်လိုက်ပြီး ပိုင်ရှင်ရွေးနေသည့် အခြေအနေမျိုးကိုမူ သူ အလွန်တွေ့ရခဲလှသည်။
ထိုကပ်ဖားရပ်ဖား လုပ်ချင်နေသော ဆေးအိုးကြီးကို ကြည့်ရင်း ကျန်းဝေ၏ ပါးစပ်အနားပင် တုံ့ခနဲ ဖြစ်သွားရသည်။
လီယန်ချူက အသာအယာ ပြုံးပြလိုက်သည်။
ထိုအချိန်တွင် ရုပ်ရည်သန့်စင်ပြီး မျက်ဝန်းအိမ် ကြည်လင်ကာ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော မိန်းမပျိုလေးတစ်ဦး လျှောက်လာသည်။
လူအတော်များများက ထိုမိန်းမပျိုလေးကို သိကြသည်။
သူမကား ရှောင်ရန် ဖြစ်သည်
ချန်နိုင်ငံ တာအိုလောက၏ အကျော်ကြားဆုံး အလှပဂေးများထဲမှ တစ်ဦးပင်။
"ဂုဏ်ယူပါတယ် တာအိုဆရာ"
ရှောင်ရန်က ပြောလိုက်သည်။
"မင်းပေးတဲ့ တံဆိပ်ပြားက တန်ဖိုး တကယ်ကြီးတယ်ဆိုတာ မင်းသိလား "
လီယန်ချူက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
တံဆိပ်ပြား တစ်ခုတည်းဖြင့် ဆေးအိုးကြီးက ဤမျှအထိ ကပ်ဖားလိမ့်မည် မဟုတ်ချေ။
ရှောင်ရန်က နောက်ထပ်တစ်ခုကိုပါ လက်ဆောင်ပေးခဲ့သဖြင့် တံဆိပ်ပြားနှစ်ခုမှာ နတ်ဘုရားအခွင့်အလမ်းကို ရရှိရန် အခွင့်အရေးကို များစွာ မြင့်တက်စေခဲ့ခြင်း ဖြစ်သည်။
ရှောင်ရန်မှာ ခဏတာ မှင်သက်သွားသော်လည်း ထိုအရာကို ဂရုမစိုက်ဘဲ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"တာအိုဆရာအတွက် အသုံးဝင်တယ်ဆိုရင်ပဲ အကောင်းဆုံးပါပဲရှင်"
ဟင်း... မိန်းမတွေများ။
ကျန်းဝေ၏ ပါးစပ်မှာ တွန့်သွားပြန်သည်။
ဒီစကားရဲ့ အဓိပ္ပာယ်ကတော့ အလကားပေးချင်နေတဲ့ ပုံစံပဲ။
"နတ်ဘုရားတောင်ကို အတူတူ သွားကြည့်ကြမလား"
လီယန်ချူက ဖိတ်ခေါ်လိုက်သည်။
"ကောင်းတာပေါ့"
ရှောင်ရန်က ဝမ်းသာအားရ ဖြစ်သွားသည်။
ကျန်းဝေသည် ရှောင်ရန်၏ မျက်လုံးများထဲမှ မသိမသာ ထွက်ပေါ်လာသော စိုးရိမ်စိတ်တစ်ခုကို ခံစားလိုက်ရသည်။
ဒီမိန်းမက ငါ့ရဲ့ အားကိုးစရာကြီး ကို လာလုမလို့လား
သူ၏ စိတ်ထဲမှာ လေးလံသွားရသည်။
သူ့အနေဖြင့် သဘာဝအရပင် အသာစီးမရနိုင်မှန်း သိလိုက်သည်။
သူ့မိသားစုထဲတွင် ရှောင်ရန်ကဲ့သို့ အလှမျိုးနှင့် ယှဉ်နိုင်မည့် အမျိုးသမီးရှိမရှိ ကျန်းဝေ အသည်းအသန် စဉ်းစားနေတော့သည်။
စိတ်ကူးထဲတွင် ရှာဖွေကြည့်သော်လည်း...
အခြေခံအားဖြင့် မရှိသလောက်ပင်။
ထိုရှောင်ရန်၏ ရုပ်ရည်နှင့် အရှိန်အဝါမှာ ထိပ်တန်းအဆင့်ဖြစ်ရာ တာအိုဆရာချောင်ချောင်ကဲ့သို့သော လူကြီးသူမများ၏ စိတ်ကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
ရုတ်တရက်
ကျန်းဝေ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး လူတစ်ယောက်ကို သတိရလိုက်သည်။
"ငါ့ရဲ့ ဒုတိယအစ်မကို တာအိုဆရာ ချောင်ချောင်နဲ့ မိတ်ဆက်ပေးရင် သူ ဘယ်လိုနေမလဲ မသိဘူး "
ကျန်းဝေ၏ ဒုတိယအစ်မမှာ သိမ်မွေ့ငြိမ်သက်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်ထောင်ကျဖူးသည်။
သို့သော် ဒုတိယအစ်မယောက်ျားမှာ ကံတိုသဖြင့် စောစောစီးစီး ကွယ်လွန်သွားခဲ့ရှာသည်။
ရုပ်ရည်နှင့် အရှိန်အဝါကိုသာ သီးသန့်ယှဉ်မည်ဆိုလျှင် ဒုတိယအစ်မတစ်ယောက်သာ ထိုအလှပဂေး ရှောင်ရန်နှင့် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
"ဒါပေမဲ့... တာအိုဆရာ ချောင်ချောင်က ဘယ်လိုအမျိုးအစားကို ကြိုက်မှန်း မသိဘူး"
ကျန်းဝေ စိတ်ထဲက ရေရွတ်လိုက်သည်။
သူတို့သုံးယောက် နတ်ဘုရားတောင်ဆီသို့ အတူတူ သွားနေကြစဉ် ကျန်းဝေ၏ စိတ်ထဲတွင်မူ နန်းတွင်းအရှုပ်တော်ပုံ ဇာတ်လမ်းကြီး တစ်ပုဒ်ကိုပင် ဇာတ်အိမ်ဖွဲ့နေမိတော့သည်။
ဒီရှောင်ရန် ပြုံးလိုက်ရင် တကယ်ကြည့်ကောင်းတာပဲ၊ ငါ့အတွက်တော့ တာအိုဆရာ ချောင်ချောင် ကို ကပ်ဖားရာမှာ အကြီးမားဆုံး ပြိုင်ဘက်ပဲ
သူတို့သုံးယောက် နတ်ဘုရားတောင်ခြေသို့ ရောက်သောအခါ ထိုနေရာတွင် လူအတော်များများ စုဝေးနေကြပြီ ဖြစ်သည်။
ဘုန်းကြီးများ၊ တာအိုဆရာများ၊ အဘွားအိုများ၊ ဓားလွယ်ထားသော အမျိုးသမီးများ၊ အလတ်တန်းစား စာပေပညာရှင်များ၊ စာဆိုဟောင်းများ၊ ကြံ့ခိုင်သော သိုင်းသမားများ စသဖြင့် ပုံစံမျိုးစုံပင်။
ထိုအထဲတွင် လူစုတစ်စုမှာ အထင်ရှားဆုံး ဖြစ်နေသည်။
အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားသော မြူဆွယ်ညှို့ယူနိုင်သည့် အမျိုးသမီးတစ်ဦးကို ကျင့်ကြံသူအချို့က ဝန်းရံထားကြသည်။
ထိုအမျိုးသမီးမှာ မြေခွေးမျက်နှာမျိုးရှိပြီး အသားအရေမှာ ဖြူဝင်းနုနယ်ကာ အလှပြင်ထားပုံမှာလည်း စေ့စပ်သေသပ်လှသဖြင့် ညှို့ဓာတ်အပြည့် ရှိနေသည်။
ယောက်ျားတစ်ယောက် မြင်လိုက်ရုံနှင့် စိတ်လှုပ်ရှားသွားစေမည့် လှပသော အမျိုးသမီးပင်။
ထိုလှပသော အမျိုးသမီး၏ အနားတွင် အစေခံမလေးတစ်ဦး ရှိနေပြီး ပုံစံမှာ သက်ဝင်လှုပ်ရှားနေကာ အမူအရာနှင့် လှုပ်ရှားမှုများမှာ သဘာဝကျလှသည်။
သို့သော် လီယန်ချူ၏ အမြင်တွင်မူ အနည်းငယ် တောင့်တင်းနေသလို ခံစားရသည်။
သူသည် မျက်လုံးများကို နတ်ဘုရားအလင်းများ ဖြာထွက်စေလျက် ဝိညာဉ်မျက်စိကို တိုက်ရိုက် အသုံးချကာ ကြည့်လိုက်သည်။
ထိုလူများမှာ လူအစစ်များ မဟုတ်ဘဲ မြေရုပ် များဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဆိုလိုသည်မှာ မြေကြီးနှင့် ပုံဖော်ထားခြင်းပင်။
လီယန်ချူ အနည်းငယ် မှင်သက်သွားသည်။
စက္ကူရုပ်တွေကို သူမြင်ဖူးသည်၊ အရေခွံခြုံထားတာကိုလည်း မြင်ဖူးသည်၊ သို့သော် မြေရုပ်ကိုမူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထိုညှို့ဓာတ်ပြင်းသော အမျိုးသမီးသည် လီယန်ချူကို မြင်သောအခါ အစပိုင်းတွင် ခဏတာ ကြောင်သွားပြီးနောက် လီယန်ချူကိုကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။
"ဒီတာအိုဆရာလေးက တကယ်ကို ချောမောခန့်ညားတာပဲ "
ညှို့ဓာတ်ပြင်းသော အမျိုးသမီး၏ အသံမှာ ပျားရည်လောင်းထားသကဲ့သို့ နားဝင်ချိုလှသဖြင့် လူကို မသိစိတ်မှ မီးတောက်စေသည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအချို့မှာမူ ရန်လိုသော အမူအရာများဖြင့် မလိုတမာ ကြည့်လာကြသည်။
ညှို့ယူဖမ်းစားတဲ့ အတတ်လား
လီယန်ချူက မျက်မှောင်ကြုတ်လိုက်ပြီး သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
ညှို့ဓာတ်ပြင်းသော အမျိုးသမီးမှာ ကြောင်အသွားရသည်။
ထိုသည်မှာ မည်ကဲ့သို့သော အကြည့်မျိုးနည်း မိန်းမအလှကို မမက်မောသော လူငယ်လေးတစ်ယောက်လား။
စောစောက ထိုတာအိုဆရာလေး၏ တစ်ချက်ဝေ့ကြည့်လိုက်သော မျက်လုံးများထဲတွင် လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ ပါဝင်နေသည်ဟုပင် သူမ ခံစားလိုက်ရသည်။
ထိုအချိန်တွင်...
ညှို့ဓာတ်ပြင်းသော အမျိုးသမီးသည် သူမ၏ ဘေးပတ်ဝန်းကျင်ရှိ ကျင့်စဉ်အဆင့် နက်ရှိုင်းလှသော အဖိုးကြီး သုံးလေးယောက်က သူမကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်သည်။
"ဟင် "
"ဒါက ဘာဖြစ်တာလဲ "
ထိုအမျိုးသမီး၏ အမည်မှာ လျိုချင်းချင်း ဖြစ်ပြီး ကုယွဲ့ကျဲ မှ သန့်စင်သော မိန်းမပျို ဖြစ်သည်။
ထိုကုယွဲ့ကျဲမှာ တရားဝင် ဂိုဏ်းတစ်ခု မဟုတ်ဘဲ လမ်းဘေး ဂိုဏ်းခွဲတစ်ခုသာ ဖြစ်သည်။
ဂိုဏ်းသားအားလုံးမှာ လှပသော အမျိုးသမီးများ ဖြစ်ကြပြီး ကိုယ်လုံးကိုယ်ပေါက်မှာ ဆွဲဆောင်မှုရှိကာ ညှို့ယူဖမ်းစားသည့် အတတ် ကို ကျွမ်းကျင်ကြသည်။
လူတို့၏ စိတ်နှလုံးကို လှည့်စားရာတွင် ကျွမ်းကျင်သူများပင်။
အမှန်စင်စစ် သူတို့၏ ကျင့်စဉ်မှာ သူတစ်ပါးစွမ်းအင်ကို စုပ်ယူသည့် ကျင့်စဉ် မျိုး မဟုတ်သော်လည်း အပြုအမူများက ရဲတင်းလွန်းလှသဖြင့် ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ ဂိုဏ်းနှစ်ခုလုံး၏ အမုန်းကို ခံထားရခြင်း ဖြစ်သည်။
လျိုချင်းချင်းသည် လောကအနှံ့ လှည့်လည်သွားလာစဉ်အတွင်း နယ်ပယ်အသီးသီးမှ သိုင်းသမားများ၊ မင်းညီမင်းသားများနှင့် ဂိုဏ်းသားများ၏ ဝိုင်းဝိုင်းလည် အားပေးမှုကို အမြဲရရှိခဲ့သူဖြစ်သည်။
ထို့ကြောင့် သူမမှာ အနည်းငယ် ဘဝင်မြင့်နေတတ်သည်။
ယနေ့တွင်မူ မထင်မှတ်ဘဲ ထိပ်တိုက်တွေ့ကာ အငြင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
လျိုချင်းချင်းသည် ပါးနပ်သော အမျိုးသမီးတစ်ဦး ဖြစ်သဖြင့် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့်ပင် သူမ ပါးစပ်ပိတ်လိုက်တော့သည်။
ပြီးနောက် တောင်အောက်သို့ ကြည့်လိုက်သည်။
ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေမှာ အလွန်ကျယ်ပြောလှရာ စောစောက အဖိုးကြီး အချို့မှာမူ လီယန်ချူ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများ ဖြစ်ကြသည်။
လျိုချင်းချင်းတို့ လူစုမှာမူ အနီးကပ် မရှိခဲ့ဘဲ ဝေးကွာသော နေရာမှနေ၍ ထူးဆန်းထွေလာ တိုက်ပွဲကြီးတစ်ခုကိုသာ လှမ်းမြင်ခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့်ပင်...
စောစောက သူတို့ပြောနေကြသော ရွှေချပ်ဝတ် နတ်ဘုရားမှာ မိမိတို့ ရှေ့မှောက်တွင် ရှိနေသည်ကို မသိကြချေ။
လီယန်ချူကတော့ ဂရုမစိုက်ဘဲ လူတိုင်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ
လူငယ်တစ်ယောက်မှာ လက်ထဲတွင် လမ်းညွှန်အိမ်မြှောင် တစ်ခုကို ကိုင်ထားပြီး တောင်အောက်တွင် တစ်ခုခုကို တွက်ချက်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး ဒဏ်ရာရထားသည့် ပုံစံမျိုး ရှိသည်။
ယခုအခါ ပဲစေ့ခန့်ရှိသော ချွေးစက်များမှာ နဖူးမှ တရစပ် ကျဆင်းနေသည်။
ကြံ့ခိုင်သော ဘီလူးကြီးတစ်ယောက်က သူ့ဘေးတွင် စောင့်ကြပ်ပေးနေပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်မားပုံရသော အဖိုးကြီး အချို့ကလည်း သူ့ကို ဝန်းရံကာ ကာကွယ်ပေးထားသည်။
"လုံကျူး သခင်လေးက ဒီနတ်ဘုရားတောင်ရဲ့ တားမြစ်ချက်ကို ဖျက်ဆီးနိုင်ပါ့မလား မသိဘူး"
"သေချာပေါက် ဖျက်ဆီးနိုင်မှာပေါ့၊ လုံကျူး သခင်လေးက ကျိုရှန်းတာအိုဆရာရဲ့ တပည့်ပဲလေ၊ စီရင်ထုံး အစီအရင်တွေကို အလွန်ကျွမ်းကျင်တာ။ မင်းမမြင်ဘူးလား... ကျိသိုကျောင်းတော်နဲ့ ကွမ်မင်ဘုန်းကြီးကျောင်းက အဖိုးကြီးတွေတောင် အခု လုံကျူး သခင်လေးရဲ့ ဘေးမှာ စောင့်နေကြတာကို"
"ဒီနတ်ဘုရားတောင်ရဲ့ တားမြစ်ချက်က တကယ်ကို ကြောက်စရာကောင်းတာပဲ၊ စောစောက ခိုင်မာတဲ့ အရိုးအဆစ်တွေရှိတဲ့ ဝက်ဝံမျိုးနွယ် မိစ္ဆာကြီးတောင် ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ အသားစတွေ ဖြစ်သွားခဲ့တာ။ ကံကောင်းလို့ လုံကျူး သခင်လေးက သဘောထားကြီးပြီး ငါတို့အတွက် တားမြစ်ချက်ကို ဖျက်ဆီးပေးနေတာ"
လီယန်ချူတို့ သုံးယောက်မှာ ထိုနေရာတွင် ခဏတာ နားထောင်လိုက်ပြီးနောက် ကိစ္စအစအဆုံးကို နားလည်သွားကြသည်။
ကြည့်ရသည်မှာ ထိုနတ်ဘုရားတောင်၏ တားမြစ်ချက် မှာ အလွန်ပင် အစွမ်းထက်လှပုံရသည်၊ ထို့ကြောင့်ပင် ဤလူများမှာ တောင်ပေါ်မတက်ဘဲ ဒ္နေရာတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သူသည် တောင်ထိပ်ရှိ နန်းတော်ကြီးကို အသာအယာ မော့ကြည့်လိုက်သည်။
ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"တားမြစ်ချက်လား"
သူကျင့်ကြံထားသော ဟွမ်ထင်တာအိုကျမ်း ထဲမှ နတ်စွမ်းအားများထဲတွင် ဤကဲ့သို့သော အခြေအနေမျိုးအတွက် သင့်တော်သည့် ပညာရပ်တစ်ခု ပါဝင်နေသည် မဟုတ်ပါလား။
အခန်း (၄၄၆) - အစီအရင်ဖြိုခွင်းရေး ပါရဂူ ၊ သခင်လေးသာ မွေးမလာခဲ့ရင် အစီအရင်လောကကြီးဟာ ထာဝရ အမှောင်ထုထဲမှာ ကျန်ရစ်နေမှာပဲ ၊ရွှေတူ
"တာအိုဆရာ ချောင်ချောင်... ကျနော် တို့ လုံကျူးနောက်ကနေ လိုက်ဝင်ကြမလား "
ကျန်းဝေက မေးလိုက်သည်။
လီယန်ချူက ခေါင်းခါပြကာ
"ခဏစောင့်ဦး၊ ငါအရင် စမ်းကြည့်လိုက်မယ်"
သူသည် ကျန်းဝေ၊ ရှောင်ရန်တို့နှင့်အတူ နတ်ဘုရားတောင်ခြေ၏ အခြားတစ်ဖက် ခြမ်းသို့ လှည့်ပတ်သွားလိုက်သည်။
ရှောင်ရန်မှာ အလွန်ပင် အလိုက်သိတတ်သူဖြစ်ရာ ကျန်းဝေက လီယန်ချူကို ခေါ်ဝေါ်နေသည့် နာမည်နှင့်ပတ်သက်၍ အံ့ဩခြင်းမရှိပေ။
လောကအနှံ့ လှည့်လည်သွားလာရာတွင် နာမည်ဝှက် သုံးစွဲခြင်းမှာ ပုံမှန်ကိစ္စသာ ဖြစ်သည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ်... သူက ဒီလောက်တောင် ချောနေတာပဲလေ။
အလှအပမက်သော ရှောင်ရန်၏ အတွေးကတော့ ရိုးရှင်းလှပေသည်။
ထိုနေရာတွင် ကျင့်ကြံသူများ ဝိုင်းအုံကြည့်ရှုခြင်း မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
လီယန်ချူသည် ရှေ့ဘက်သို့ လက်ညှိုးဖြင့် အသာအယာ ညွှန်ပြလိုက်သည်။
တာအိုအတတ်
နံရံဖြိုခွဲခြင်း
တစ်ဝက်တစ်ပျက် မြင်သာနေသော အလင်းကာရံကြီးမှာ ဘေးနှစ်ဖက်သို့ ဖြည်းဖြည်းချင်း ကွဲအက်ပွင့်ဟသွားတော့သည်။
တားမြစ်ချက်ကြီးမှာ အပေါက်ကြီးတစ်ခုအဖြစ် ပွင့်ထွက်သွားခဲ့ပြီ ဖြစ်သည်။
ကျန်းဝေ : "..."
ရှောင်ရန် : "..."
သူတို့နှစ်ယောက်စလုံး မှင်သက်အံ့ဩသွားကြသည်။
ဒါ... ဒါပဲလား
ထိုအရာမှာ နတ်ဘုရားနယ်မြေအတွင်းရှိ ကျင့်ကြံသူ အမြောက်အမြားကို ပိတ်ဆို့ထားသည့် ရှေးဟောင်းတားမြစ်ချက်ကြီး ဖြစ်သည်။
အစီအရင် ကျွမ်းကျင်လှသည်ဆိုသော လုံကျူးပင်လျှင် ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ အသည်းအသန် ဖြိုခွင်းနေရသည် မဟုတ်ပါလား
အခုတော့... အသာလေး လက်ညှိုးညွှန်လိုက်ရုံနဲ့ ပွင့်သွားတာလား။
"ရပုံရတယ်၊ သွားကြစို့... အတွင်းထဲကို ဝင်ကြည့်ရအောင်"
လီယန်ချူက ပြုံးလျက် ပြောလိုက်သည်။
ဟွမ်ထင်တာအိုကျမ်း ထဲတွင် မှတ်တမ်းတင်ထားသော အတတ်ပညာများရဲ့ အဆင့်အတန်းမှာ တကယ်ကို မြင့်မားလွန်းလှသည်။
ဆရာဖြစ်သူက ထိုကျမ်းကို မည်သည့်နေရာမှ ရရှိခဲ့သည်ကိုပင် သူ အံ့ဩမိသွားရသည်။
ကျန်းဝေနှင့် ရှောင်ရန်တို့မှာ လီယန်ချူ၏ နောက်မှကပ်၍ ထိုအစွမ်းထက်လှသော တားမြစ်ချက်အတွင်းသို့ အလွယ်တကူပင် လျှောက်ဝင်သွားကြတော့သည်။
တစ်ဖက်တွင်မူ...
လက်ထဲတွင် လမ်းညွှန်အိမ်မြှောင်နှင့် အစီအရင်ဖြိုခွင်းရေး ရွှေတူကို ကိုင်ထားသော လုံကျူးမှာ ကောင်းကင်ဘုံရှစ်ကွက် ၊ ကောင်းကင်နှင့်မြေကြီး ပြောင်းလဲခြင်းနိယာမ တို့ကို တွက်ချက်ပြီး ဓာတ်ငါးပါး အစီအရင်များကို ခွဲခြမ်းစိတ်ဖြာနေသည်။
နောက်ဆုံးတွင် သူ၏ တစ်သက်တာ သင်ယူခဲ့သမျှ ပညာရပ်များကို အသုံးချပြီး နတ်ဘုရားတောင်၏ တားမြစ်ချက် အစီအရင်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
"လုံကျူးသခင်လေးက တကယ်ကို မထင်ရဘူးပဲ၊ နာရီဝက် အတွင်းမှာတင် ဒီအစီအရင်ကို ဖြိုခွင်းနိုင်ခဲ့တယ် "
"လုံကျူးသခင်လေးက နောင်တစ်ချိန်မှာ သေချာပေါက် အစီအရင်လောကရဲ့ ပါရဂူကြီး ဖြစ်လာမှာပဲ "
"အစီအရင် ပညာရပ်မှာတော့ လုံကျူးသခင်လေးက ထိပ်ဆုံးကပဲ "
"ကောင်းကင်ဘုံကသာ လုံကျူးသခင်လေးကို မမွေးဖွားပေးခဲ့ရင် အစီအရင်လောကကြီးဟာ ထာဝရ အမှောင်ထုထဲမှာ ကျန်ရစ်နေမှာပဲ "
လူအုပ်ကြီးမှာ သူတို့၏ ဖားယားလိုသော စိတ်ဆန္ဒများကို ဖုံးကွယ်မထားဘဲ အမွှမ်းတင်နေကြသည်။
သို့သော် နောက်ဆုံးစာကြောင်းကို ကြားလိုက်ရသည့်အခါ လူတိုင်း ခဏတာ ကြောင်သွားကြသည်။
ငါတို့ကြားထဲမှာ တစ်ခုခုတော့ မှားနေပြီထင်တယ် ။
လုံကျူးသည် သန်မာထွားကြိုင်းသော ဘီလူးကြီး ကျောက်ရှီးဟူ ကို တစ်ချက်စောင်းကြည့်လိုက်ပြီးနောက် လူအုပ်ကြီးကိုကြည့်ကာ ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"လူကြီးမင်းတို့... နတ်ဘုရားတောင်ရဲ့ တားမြစ်ချက်က အလွန်ကြောက်စရာကောင်းတယ်ဆိုတာ ကျနော်ထပ်ပြောနေဖို့ မလိုတော့ပါဘူး။ အထဲကို ရောက်သွားတဲ့အခါ တားမြစ်ချက်တစ်ခုခုကို မတော်တဆ သွားမထိမိစေဖို့ ဘာကိုမှ လျှောက်မလုပ်ကြပါနဲ့"
လူအုပ်ကြီးမှာ တညီတညွတ်တည်း ပြိုင်တူ ပြန်ထူးကြသည်။
"ဒါပေါ့... အားလုံးက လုံကျူးသခင်လေးရဲ့ အစီအစဉ်အတိုင်း လိုက်နာမှာပါ"
"လုံကျူးသခင်လေးက ငါတို့ကို ခေါ်လာတာပဲ၊ သူ့စကားကို နားထောင်ရမှာပေါ့၊ နားမထောင်တဲ့သူရှိရင် အားလုံးနဲ့ ရန်သူဖြစ်တာပဲ"
လုံကျူး၏ အပြုံးမှာ ယဉ်ကျေးသိမ်မွေ့လှသည်။
သူသည် ထိုကဲ့သို့ လဝန်းကို ကြယ်စင်တွေ ဝန်းရံထားသကဲ့သို့ ခံစားချက်ကို အလွန်နှစ်သက်သည်။
လုံမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် သူလည်း နာမည်ကျော်ကြားချင်သည် မဟုတ်ပါလား။
ဒါပေမဲ့လည်း...
သူ့စိတ်ထဲတွင် ကိုယ်ပိုင်အကြံစည်လည်း ရှိနေသည်။
တစ်ခုက အစွမ်းထက်သော ကူညီသူအချို့ကို ဖိတ်ခေါ်ရန်ဖြစ်ပြီး နောက်တစ်ခုမှာ အချို့သော တားမြစ်ချက်များအတွက် လမ်းပြအဖြစ် စတေးခံရမည့်သူများ လိုအပ်ခြင်းပင် ဖြစ်သည်။
လူများလေလေ ဘေးကင်းလေလေဟု သူ တွက်ထားသည်။
သူတို့လူအုပ်ကြီးမှာ ခန့်ညားထည်ဝါလှသော နတ်ဘုရားတောင်ကြီးအတွင်းသို့ အုတ်အုတ်ကျက်ကျက် ဝင်ရောက်သွားကြသည်။
အသားအရေဖြူဝင်းပြီး အလှပြင်ထားသော လျိုချင်းချင်းသည် လုံကျူးအနားသို့ ချဉ်းကပ်ကာ စကားစမြည် ပြောဆိုလိုက်သည်။
ဆွဲဆောင်မှုရှိသော အလှတရားနှင့် ပါးနပ်လှသော စကားပြောစွမ်းရည်ကြောင့် ချက်ချင်းပင် လုံကျူး၏ သဘောကျမှုကို ရရှိသွားသည်။
လူငယ်လေးဆိုသည်မှာ အစ်မကြီးအရွယ် အလှပဂေးတွေကို မကြိုက်ဘဲ နေပါ့မလား။
လျိုချင်းချင်း၏ ဆွဲဆောင်မှုရှိသော အမူအရာများကြောင့် ထိုနေရာရှိ အဖိုးကြီး အချို့ပင်လျှင် ခေါင်းမူးသွားကြရသည်။
နှစ်ပေါင်းများစွာ ပြန်လည် နုပျိုသွားသကဲ့သို့ပင် ခံစားနေကြရသည်။
သူတို့လူအုပ်ကြီးမှာ ကောင်းကင်သို့ ဦးတည်နေသော ကျောက်လှေကားတစ်ခုရှေ့သို့ ရောက်ရှိလာသည်။
လုံကျူး၏ ပေါ့ပါးနေသော စိတ်အခြေအနေမှာ ချက်ချင်းပင် လေးလံသွားရတော့သည်။
သူ၏ မျက်ဝန်းအိမ်တွင် စိမ်းဖန့်ဖန့် အလင်းတန်းများ ပေါ်ထွက်လာပြီး ရှေးကျကာ ခန့်ညားလှသော လှေကားထစ်များမှာ သူ့မျက်စိထဲတွင် အခြားပုံစံတစ်မျိုးသို့ ပြောင်းလဲသွားသည်။
"ဒါ တာအိုလောကရဲ့ ကောင်းကင်မျက်စိ ပဲ၊ လုံကျူးသခင်လေးက ဒီလောက်အရွယ်နဲ့ ကောင်းကင်မျက်စိ ကို ကျင့်ကြံအောင်မြင်ထားတာလား "
လူတစ်ယောက်မှာ လုံကျူး ရပ်တန့်သွားသည်ကို မြင်သောအခါ ရှေ့ဆက်ဘယ်လိုသွားရမလဲဟု မေးရန် ပြင်လိုက်သော်လည်း ထိုမြင်ကွင်းကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။
ဒါကြောင့်လည်း ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ နတ်ဘုရားတောင်ရဲ့ တားမြစ်ချက်ကို ဖြိုခွင်းနိုင်ခဲ့တာကိုး
လုံကျူး၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။
သူ၏ အမြင်ထဲတွင် ကျောက်လှေကားထစ်များပေါ်၌ ရေတွက်၍မရနိုင်သော ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများရှိနေပြီး ထိုမျဉ်းကြောင်းများမှာ အလွန်ပင် ထက်မြက်လှသည်။
"ကျနော် နောက်က လိုက်ခဲ့ကြပါ၊ ဒီနေရာက အစီအရင်ကို သတိထားကြ "
သူ၏ စိတ်ထဲတွင် များစွာ ထိတ်လန့်သွားရသည်။
ထိုအစီအရင်ကြီး၏ ဒီဇိုင်းမှာ အလွန်စေ့စပ်သေချာပြီး တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကာ အလွန်ပင် ရှုပ်ထွေးလှသည်။
သူ၏ တစ်သက်တာတွင် မြင်ဖူးသမျှထဲ၌ အရှုပ်ထွေးဆုံးဟုပင် ဆိုနိုင်သည်။
လှေကားထစ် တစ်ခုချင်းစီမှာ ရှေးကျလှပြီး အချိန်ကာလ၏ တိုက်စားမှုကို ခံထားရသဖြင့် လေးလံသော သမိုင်းအငွေ့အသက်များ ရှိနေသည်။
ထိုနတ်ဘုရားတောင်ကြီးတွင် လူကို ဖိနှိပ်ထားသော ထူးဆန်းသည့် အားအင်တစ်ခု ရှိနေသဖြင့် လှုပ်ရှားသွားလာရသည်မှာ အတော်ပင် ခက်ခဲလှသည်။
ထို့ပြင် လုံကျူး၏ ခွဲခြမ်းစိတ်ဖြာချက်အရ ဤနေရာတွင် ကောင်းကင်ပျံသန်းမှု တားမြစ်ချက် ရှိနေပုံရသည်။
အကယ်၍ ကျင့်ကြံသူတစ်ယောက်က စည်းကမ်းမလိုက်နာဘဲ တိုက်ရိုက် ပျံသန်းရန် ကြိုးစားလိုက်ပါက ချက်ချင်းပင် အစီအရင်၏ ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။
သို့မဟုတ်လျှင်လည်း ကျင့်စဉ်စွမ်းအားများ ပိတ်ဆို့ခံရပြီး အမြင့်မှ ပြုတ်ကျကာ အသက်ပျောက်သွားရပေလိမ့်မည်။
သူတို့သည် တောင်အတွင်းပိုင်းသို့ တဖြည်းဖြည်း တိုးဝင်လာကြရာ ခြေလှမ်းများမှာလည်း တစ်စထက်တစ်စ နှေးကွေးလာသည်။
ဤနေရာရှိ တားမြစ်ချက်များမှာ ရှုပ်ထွေးရုံသာမက အရေအတွက်လည်း အလွန်များပြားလှသည်။
လုံကျူး၏ မျက်နှာမှာ ပို၍ ပို၍ တည်ကြည်လာသည်။
သူ၏ နဖူးပေါ်တွင် ချွေးစက်များမှာ တရစပ် ကျဆင်းနေတော့သည်။
"လုံကျူးသခင်လေး... ဘာဖြစ်လို့လဲ"
ဝတ်ရုံနက်ဝတ် အဖိုးကြီးတစ်ယောက်က မေးလိုက်သည်။
လုံကျူးက
"ဘာမှမဖြစ်ပါဘူး၊ အစီအရင်က နည်းနည်း ရှုပ်ထွေးလာရုံတင်ပါ။ ဒါပေမဲ့ ကျနော် အတွက်တော့ ပြဿနာ မဟုတ်ပါဘူး"
သူသည် လက်မှ မန္တန်တစ်ခုကို ဖော်လိုက်ပြီး အစီအရင်ဖြိုခွင်းရေး ရွှေတူကို တင်းတင်းဆုပ်ကိုင်ကာ
ရှေ့သို့ အားပါးတရ ထုနှက်လိုက်တော့သည်။
ဝုန်း
ကျယ်လောင်လှသော မြည်ဟီးသံကြီးနှင့်အတူ မျက်စိဖြင့် မြင်နိုင်သော စွမ်းအင်လှိုင်းများမှာ ဘေးပတ်ဝန်းကျင်သို့ လွင့်စင်သွားပြီး ဖုန်မှုန့်များနှင့် ကျောက်စိုင်ကျောက်ခဲများ လွင့်ထွက်ကုန်သည်။
ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ကြီးမားသော အရာဝတ္ထုတစ်ခုကို ပစ်ချလိုက်သကဲ့သို့ပင် လှိုင်းလုံးကြီးများ ထလာတော့သည်။
ထိုအစီအရင်ဖြိုခွင်းရေး ရွှေတူမှာ လောကရှိ အစီအရင်မှန်သမျှကို ဖြိုခွင်းနိုင်သော အလွန်ပင် အစွမ်းထက်လှသည့် နတ်ဘုရားလက်နက် တစ်ခု ဖြစ်သည်။
သို့သော်လည်း...
လုံကျူး၏ စိတ်မှာ ပေါ့ပါးမသွားဘဲ ပို၍ လေးလံသွားရသည်။
အကြောင်းမှာ ထိုနေရာရှိ အစီအရင်ကို ဖြိုခွင်းလိုက်သော်လည်း အစီအရင်ကြီး တစ်ခုလုံးမှာ ပို၍ ပို၍ ရှုပ်ထွေးလာပြီး ပုံစံမှာ လုံးဝ ပြောင်းလဲသွားခြင်းကြောင့်ပင်။
"ဟင် "
"ပိုပြီး ရှုပ်ထွေးသွားပြီ "
လုံကျူး၏ စိတ်ထဲတွင် ငိုချင်သလို ဖြစ်သွားရသည်။
သူသည် ရှေးကျသော ကျောက်လှေကားထစ်များကို ကြည့်ရင်း စိတ်ထဲမှာ ထိတ်လန့်နေမိသည်။
အခုမှ လှေကားထစ်တွေရဲ့ တစ်ဝက်တောင် မရောက်သေးဘူးလေ။
"ငါ့ဆရာ ကိုယ်တိုင်လာရင်တောင် ဒီအစီအရင်ကို ဖြိုဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး"
လုံကျူး စိတ်ထဲက ရေရွတ်လိုက်သည်။
မတတ်နိုင်ချေ။
သူသည် အစီအရင်ဖြိုခွင်းပေးမည်ဟု ဆိုကာ ဂိုဏ်းကြီးများမှ ပညာရှင်ကြီးများ၊ အဖိုးကြီးများကို ဆွဲဆောင်ထားခဲ့သည် မဟုတ်ပါလား။
သူ့နောက်တွင်လည်း ကျင့်ကြံသူ အမြောက်အမြားက မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
အကယ်၍ ယခုအချိန်တွင် မရတော့ဘူး ဟုပြောပြီး နောက်ပြန်လှည့်လျှင် သိက္ခာကျရုံတင်မကဘဲ တစ်စုံတစ်ယောက်က သူ့ကို အရှင်လတ်လတ် ဆွဲဖြဲပစ်လိုက်မည်ကိုပင် စိုးရိမ်နေရသည်။
သူသည် အံကြိတ်ကာ ရှေ့သို့ ဆက်တိုးခဲ့သည်။
နောက်ထပ် လှေကားထစ် တစ်ရာခန့်ကို တက်လာပြီးနောက်
"ခဏနေဦး"
လုံကျူးက လက်မြှောက်ပြကာ လူတိုင်းကို မလှုပ်ရှားရန် တားလိုက်သည်။
ရှေ့တွင် အလွန်အစွမ်းထက်သော အစီအရင်တစ်ခု ပေါ်လာပြန်သည်။
သူ၏ ကောင်းကင်မျက်စိ အမြင်ထဲတွင် ထိုအစီအရင်၌ ပါဝင်သော ဓာတ်ငါးပါး နှင့် ရှစ်ကွက်အစီအရင် ပြောင်းလဲမှုများမှာ အလွန်ပင် ရှုပ်ထွေးလွန်းလှသည်။
ရွှေညိုရောင် မျဉ်းကြောင်းများမှာ ရှုပ်ယှက်ခတ်နေသဖြင့် မည်သည့်နေရာမှ စတင်ကိုင်တွယ်ရမည်မှန်းပင် မသိတော့ပါ။
လုံကျူးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး တစ်ဖက်မှ မန္တန်ဖော်ကာ ကျန်တစ်ဖက်မှ ရွှေတူကို မြှောက်လိုက်သည်။
"ဖြိုခွင်းစမ်း "
လုံကျူးက အေးစက်စွာ အော်ဟစ်လိုက်သည်။
ထိုရွှေတူတွင် အစီအရင်၏ ပြောင်းလဲမှုများကို နှိမ်နင်းနိုင်ပြီး အားနည်းချက်ကို အလိုအလျောက် ရှာဖွေနိုင်သော ဂုဏ်သတ္တိ ရှိသည်။
ယခုအချိန်တွင်တော့ ရွှေတူကိုသာ အားကိုးပြီး အတင်းအဓမ္မ ဖြိုခွင်းရတော့မည်။
အလင်းတန်းများ ဖြာထွက်လာသည်။
အရောင်အသွေး ငါးမျိုးစုံသော အလင်းတန်းများမှာ တောက်ပစွာ လက်ခနဲ ဖြစ်သွားပြီးနောက် တရစပ် ပြောင်းလဲနေတော့သည်။
ခရန်းးး
ကျွတ်ခနဲ မြည်သံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ..."
လုံကျူး၏ မျက်ဝန်းအိမ်များ ကျုံ့သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
လောကရှိ အစီအရင်ကြီးများကို ဖြိုခွင်းနိုင်သည်ဆိုသော ရွှေတူမှာ ဝုန်းခနဲ မြည်ကာ ကြေမွသွားပြီး အပိုင်းအစများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွားတော့သည်။