အခန်း (၁၇၃၂-၁၇၃၄)
Vol. 116 Ch. 1732-1734
အခန်း(၁၇၃၂) အားလုံး၏ ကိုယ်ပိုင် ရည်ရွယ်ချက် အသီးသီး
ချူးယွင်ဖန်းက တင်းမျိုးနွယ်စုကို အမြစ်ပြတ်ဖယ်ရှားပြီးနောက် သီးသန့်ကျင့်ကြံတော့မည်ဟု ကြေငြာခဲ့သည်။ သို့သော် သူလှုံ့ဆော်ခဲ့သော အခြေအနေများသည် သူ၏ သီးသန့်ကျင့်ကြံမှုကြောင့် ရပ်တန့်မသွားခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ လျှို့ဝှက်လှုပ်ရှားမှုအမျိုးမျိုးသည် မည်သူမျှမမြင်နိုင်သောနေရာများတွင် မြင့်တက်လာခဲ့သည်။ စစ်စခန်းသည် ပေါင်းထိုင်ရှိ မရေမတွက်နိုင်သောလူများ၏ အာရုံစိုက်ရာနေရာဖြစ်လာခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။ သို့သော် ချူးယွင်ဖန်းက နတ်ဖြိုခွင်းလေးများဖြင့် သူလျိုများကို ပစ်ခတ်ပြီးနောက်
မည်သူမျှ စခန်းသို့ ချဉ်းကပ်ရဲခြင်း မရှိပေ။ သူတို့သည် အဝေးမှသာ ကြည့်ရဲကြသော်လည်း အလွန်ဝေးကွာလွန်းသောကြောင့် ဤသူလျှိုများသည် တိကျသော အချက်အလက်များကို ရရှိရန် နည်းလမ်းမရှိခဲ့ပေ။
သို့သော် လဝက်အကြာ၌ စခန်းသို့ ဖိတ်ကြားချက်ပေးပို့သောအခါ ဤငြိမ်းချမ်းရေးအားလုံး ပျက်ပြားသွားခဲ့သည်။ မြို့တွင်းရှိ အင်အားစုများဖြစ်ကြသော ချန်မျိုးနွယ်စု၊ ဝမ်မျိုးနွယ်စု၊ ပေါင်းစည်းခြင်းဂိုဏ်းနှင့် ကောင်းကင်နယ်မြေဂိုဏ်းတို့သည် ပွဲတော်တစ်ခု ပေါင်းစည်းကျင်းပကာ ချူးယွင်ဖန်း တက်ရောက်၍ ပေါင်းထိုင်မြို့အကြောင်း အကောင်းအဆိုး အကြောင်းအကျိုးဆွေးနွေးရန် ဖိတ်ကြားခဲ့သည်။
ထို့ကြောင့် မြို့ထဲမှ လူများစွာက မျက်စောင်းထိုးလာကြသည်။ ချူးယွင်ဖန်းက တင်းမျိုးနွယ်စုကို အမြစ်ပြတ်ဖယ်ရှားပြီးနောက် မြို့ထဲက အခြားအဓိကအဖွဲ့များသည် နောက်ဆုံး၌ စတင်လှုပ်ရှားခဲ့ကြပြီဖြစ်သည်။
"ဒါက စိတ်ရင်းနဲ့ ဖိတ်ခေါ်တာလား၊ ဒါမှမဟုတ် ထောင်ချောက်တစ်ခုလား။"
လူများစွာက ထင်ကြေးအမျိုးမျိုးပေးခဲ့ကြသော်လည်း ထိုပွဲအပြီးရလဒ်က မည်သို့ပင်ဖြစ်စေကာမူ ပေါင်းထိုင်၏ အခြေအနေကို ပြောင်းလဲသွားစေလိမ့်မည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ချူးယွင်ဖန်းက ပေါင်းထိုင်၏ အခြေအနေကို လုံးဝ ထိန်းချုပ်နိုင်မည်လော မနိုင်မည်လောသည်မူ ဤပွဲအပေါ်၌ မူတည်သည်။
ညအချိန်တွင် အရိပ်တစ်ခုသည် စခန်းထဲသို့ တိတ်တဆိတဝင်လာသည်။ ညအချိန်ကို ဖုံးကွယ်ထားသော်လည်း သူ၏အရိပ်ကို မည်သူမျှ သတိမထားမိကြပေ။ ဤအချိန်တွင် တပ်မှုူးချုပ်ရုံးခန်း၌ ချူးယွင်ဖန်းသည် အဓိကထိုင်ခုံတွင် ထိုင်လျက် သူ့ရှေ့ရှိ အသက်လတ်ပိုင်းအမျိုးသားကို စိတ်ဝင်စားစွာ ကြည့်နေသည်။
"သူတို့က ငါ့ကို ကိုင်တွယ်ဖို့ ထောင်ချောက်ဆင်ထားတာလား" ချူးယွင်ဖန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဟုတ်တယ်။ တပ်မှူး သတိမလျှော့ပါနဲ့။ ဒီလူတွေက ပြည်ပအကူအညီတွေနဲ့တောင် တပ်မှုးကို ကိုင်တွယ်ဖို့ ဖိတ်ခဲ့တာ" အသက်လတ်ပိုင်းလူက ပြောသည်။
သို့သော် ချူးယွင်ဖန်း၏ တုံ့ပြန်မှုက ဤသို့ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူ အနည်းငယ် အံ့သြသွားသည်။ ထိုလူများ၏ လုပ်ရပ်များသည် ချူးယွင်ဖန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ သူ အံ့အားသင့်ခြင်း မရှိပေ။
‘သူ အစကနေ အဆုံးအထိ ထိန်းချုပ်ထားခဲ့တာလား။ ဒါမှမဟုတ် ဒီလိုဖြစ်လာအောင်လုပ်ထားတာလား’
ထိုအကြောင်းကိုစဥ်းစား၍ အသက်လတ်ပိုင်းပုဂ္ဂိုလ်က ကျောရိုးတစ်လျှောက်အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လူတိုင်းက ချူးယွင်ဖန်းကို သူအသက်အရွယ်ကြောင့် လျှော့တွက်ခဲ့ကြသော်လည်း ယခု လူတိုင်း အမှားလုပ်မိသွားပြီဟုထင်ရသည်။ ချူးယွင်ဖန်းက လူတိုင်းထင်ထားသည်ထက် များစွာပိုပါးနပ်၍ ဆက်ဆံရခက်ခဲသည်။
“ဟုတ်ပြီ ဒီကိစ္စတွေကို ကျွန်တော် အာရုံစိုက်ပါမယ် ဒါပေမယ့် ကျွန်တော် နားမလည်တာက ပေါင်းထိုင်မှာရှိတဲ့ အဓိကအင်အားစုအားလုံးက တစ်ခုတည်းပဲ မဟုတ်လား။ ဆရာရွှီ၊ ကျွန်တော့်ကို ဘာလို့ကူညီဖို့ ရွေးချယ်ခဲ့တာလဲ" ချူးယွင်ဖန်းက မေးခွန်းထုတ်လိုက်သည်။
ဤအသတ်လတ်ပိုင်းပုဂ္ဂိုလ်သည် မြို့ထဲမှ မိသားစုကြီးတစ်ခုဖြစ်သော ရွှီမျိုးနွယ်စု၏ အကြီးအကဲဖြစ်သော်လည်း တင်းမျိုးနွယ်စု၊ ချန်မျိုးနွယ်စုနှင့် ရွှီမျိုးနွယ်စုတို့နှင့် ယှဥ်ပါက ရွှီမျိုးနွယ်စု၏ အရွယ်အစားက အလွန်သေးငယ်လွန်းသည်။ မျိုးနွယ်စုသုံးခု၏ ထက်ဝက်ပင် မရှိပေ။ တစ်နည်းအားဖြင့် အလယ်အလတ်မျိုးနွယ်စုဟုသာ သတ်မှတ်နိုင်သည်။
ချူးယွင်ဖန်းက ထိုမေးခွန်းကို နောက်ဆုံးတွင် မေးလာသည်ကိုမြင်သောအခါ ဆရာရွီက ပြောလိုက်၏။
"တပ်မှုး မေးလာညပြီဆိုတော့ ကျွန်တော် ဘာမှ ဖုံးကွယ်ထားစရာမရှိတော့ပါဘူး။ ရွှီမျိုးနွယ်စုရဲ့ တကယ့်ပြိုင်ဘက်က တပ်မှူးမဟုတ်ပါဘူး၊ တခြား အဓိကဂိုဏ်းတွေပါ။ သူတို့ ရှိနေသရွေ့ ရွီမျိုးနွယ်စုက ဘယ်တော့မှ ထင်ရှားနိုင်မှာ မဟုတ်ဘူး”
ချူးယွင်ဖန်းသည် ဆရာရွှီ၏ ကြားသောအခါ အရာအားလုံးကို နားလည်သွားသည်။ ချူးယွင်ဖန်းကို ကူညီရန် ရွေးချယ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
သို့သော် သူသည် ချူးယွင်ဖန်းကို ကူညီရန် ရွေးချယ်ပါက ကွဲပြားသွားလိမ့်မည်။ ချူးယွင်ဖန်းသည် ပိုမိုအစွမ်းထက်လာရုံသာမက အဓိကတပ်ဖွဲ့များစွာကို နှိမ်နင်းပြီးနောက်ပင် ဖြတ်သွားဖြတ်လာလူတစ်ဦးသာ ဖြစ်တော့သည်။ ချူးယွင်ဖန်းသည် ပေါင်းထိုင်တွင် ဆယ်နှစ်၊ နှစ်ဆယ် သို့မဟုတ် သုံးဆယ်နှစ် နေထိုင်မည်မဟုတ်ပေ။
ချူးယွင်ဖန်းကဲ့သို့သော ပုဂ္ဂိုလ်သည် ကောင်းကင်ဘုံရှိ နတ်ဘုရားနဂါးတစ်ပါးနှင့် တူကြောင်း ဆရာရွှီကောင်းစွာ နားလည်သည်။ သူ အဘယ်ကြောင့် ပေါင်တိုင်းတွင် အချိန်အတန်ကြာ နေထိုင်ရမည်နည်း။
ချူးယွင်ဖန်းသည် အနှေးနှင့်အမြန် ထွက်သွားလိမ့်မည်၊ သို့သော် ဝမ်၊ ချန်၊ ပေါင်းစည်းခြင်းနှင့် ကောင်းကင်နယ်မြေဂိုဏ်းတို့အပါအဝင် အခြားသူများသည် နှစ်များစွာကြာ နေကြလိမ့်မည်။ အနာဂတ်တွင် ရေရှည်ရန်သူ မည်သူဖြစ်လာမည်က ထင်ရှားသည်။
ချူးယွင်ဖန်းသည် ဤရလဒ်ကို အံ့သြခြင်းမရှိပေ။ ဤအင်အားစုများသည် သူ့ကို ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်နေပုံရသော်လည်း အမှန်တကယ်တွင် ၎င်းတို့တွင် ၎င်းတို့၏ကိုယ်ပိုင် နောက်ကွယ်မှ ရည်ရွယ်ချက်များ ရှိနေသည်။
၎င်းတို့တစ်ဖွဲ့စီ၌ ကိုယ်ပိုင် ရည်ရွယ်ချက်များရှိကြသည်။
ဝမ်မျိုးနွယ်စု၊ ချန်မျိုးနွယ်စု၊ ပေါင်းစည်းခြင်းဂိုဏ်းနှင့် ကောင်းကင်နယ်မြေတို့သည် ချူးယွင်ဖန်း ကို အရိုးထိအောင် မုန်းတီးကြသော်လည်း အခြားအင်အားစုငယ်များက ထိုသို့မတွေးကြပေ။ သူတို့တွင် သဘာဝအတိုင်း ၎င်းတို့၏ကိုယ်ပိုင်အစီအစဉ်များရှိသော်လည်း ရွှီမျိုးနွယ်စုကဲ့သို့ လူတိုင်းသည် ချူးယွင်ဖန်း ကို လောင်းကြေးထပ်ရဲသော ရဲရင့်သူများမဟုတ်ပေ။
“ခင်ဗျား မလိမ်ဘူး။ အရမ်းကောင်းတယ်" ချူးယွင်ဖန်း ပြုံးလိုက်သည်။
"ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတဲ့လူတွေကို ကျုပ်လေးစားတယ်။ ပေါင်းထိုင်က အဓိကအင်အားစုအားလုံးကို ဖြုတ်ချဖို့ စီစဥ်ထားပေမယ့် ခင်ဗျားရဲ့ ရွှီမျိုးနွယ်စုက ကျုပ်ကို အားကိုးဖို့ ဆန္ဒရှိတာကြောင့် ကျွန်တော် အစွမ်းကုန်တိုက်စရာမလိုဘူး"
"ဘာပဲဖြစ်ဖြစ်၊ ကျုပ်ရဲ့အနာဂတ်က ပေါင်းထိုင်လို ရေကန်ငယ်လေးတစ်ခုအတွက်ပဲ မဟုတ်ဘူးဆိုတာ ခင်ဗျားမြင်သားပဲ။ ဒါပေမယ့် ကျုပ်မှာ နောက်ဆုံးဆုံးဖြတ်ချက်ရှိတယ်။ ခင်ဗျား ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိသရွေ့ အရာအားလုံးကို ဆွေးနွေးနိုင်တယ်" ချူးယွင်ဖန်းက တည်ငြိမ်စွာပြောလိုက်သည်။
"ကျွန်တော် တပ်မှူးအတွက် အသက်ပေးဖို့ အသင့်ပါပဲ!" ဆရာရွှီက ပြန်ဖြေသည်။
သူ အံ့အားသင့်သွားသည်၊ အထူးသဖြင့် ပေါင်းထိုင်ရှိ အဓိကတပ်ဖွဲ့အားလုံးကို ဖြုတ်ချရန် ချူးယွင်ဖန်း၏ အစီအစဉ်ကို ကြားသောအခါတွင် ဖြစ်သည်။ သူသည် ချက်ချင်းပင် ပင့်သက်ရှိုက်လိုက်မိသည်။
လူတိုင်းက ချူးယွင်ဖန်း၏ အခြေအနေနှင့် သူ၏ ရက်စက်ကြမ်းကြုတ်မှုကို လျှော့တွက်ထားခဲ့ကြသည်။
ချူးယွင်ဖန်း၏ အစီအစဉ်အရ ဤမနာခံသော တပ်ဖွဲ့များအားလုံးသည် သူ၏ပစ်မှတ်စာရင်းတွင် ပါဝင်သည်။ ရွှီမျိုးနွယ်စုသည်လည်း သူ၏ပစ်မှတ်စာရင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအခါ သူသည် ကပ်ဘေးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။
"အရမ်းကောင်းတယ်။ အညစ်အကြေးတွေအားလုံးကို ဖယ်ရှားပြီးရင် စစ်ဝန်ကြီးဌာနကို စာတင်ပြီး ပေါင်းထိုင်ရဲ့ အုပ်ချုပ်ရေးအရာရှိအဖြစ် ခန့်အပ်ဖို့ အကြံပြုပါမယ်။ မင်းငါနဲ့ ပူးပေါင်းဆောင်ရွက်သရွေ့ မင်းရဲ့အနာဂတ်က သဘာဝအတိုင်း မင်းအတွက် ဖြစ်လာလိမ့်မယ်။"
ချူးယွင်ဖန်းက ဆရာရွှီကို ကျေနပ်အားရစွာ ကြည့်လိုက်သည်။ ရွှီမျိုးနွယ်စုက သူ့ကို အားကိုးရသည့် ပထမဆုံးအင်အားစုဖြစ်သောကြောင့် သူသည် သဘာဝအတိုင်း အကျိုးအမြတ်တစ်ခုပေးရမည်ဖြစ်သည်။
"ကောင်းပြီ၊ နောက်ကျနေပြီ။ ခင်ဗျား သွားလို့ရပေမယ့် ဘယ်သူမှ ခင်ဗျားကို မမြင်စေနဲ့၊ သူတို့ သံသယဝင်သွားမှာစိုးလို့" ချူးယွင်ဖန်းက လက်ပြလိုက်သောအခါ ဆရာရွှီက ချက်ချင်းထွက်သွားသည်။
ဆရာရွှီ ထွက်သွားပြီးနောက် ချူးယွင်ဖန်းသည် ယုချူးယွင်ကို အလျင်အမြန်ရှာကာ ထိုကိစ္စကို ပြောပြခဲ့သည်။ ယုချူးယွင်က ချူးယွင်ဖန်းကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့အမျိုးမျိုးက ထောင်ချောက်ဆင်ထားသည်ကို သိလိုက်ရသောအခါ အံ့အားသင့်သွားသည်။
အခန်း(၁၇၃၃) အဆင့်ဖြတ်ကျော်ခြင်း
"ဒီလူတွေက အရမ်းကောက်ကျစ်တာပဲ။ သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာ ကျွန်တော် သိသားပဲ!" ယုချူးယွင်က အံ့အားသင့်စွာ ပြောလိုက်သည်။
ဤလူများတွင် မကောင်းသော ရည်ရွယ်ချက်များရှိကြောင်း သူ ခန့်မှန်းထားနှင့်ပြီးဖြစ်၍ တိုက်ရိုက်သက်သေအထောက်အထား မရှိလျှင်ပင် ဤကိစ္စနှင့်ပတ်သက်၍ သတိမလျှော့တားပေ။
တကယ်တမ်းတွင် ထို့ကြောင့်သာ ချူးယွင်ဖန်းက ဤကိစ္စကို ကြားသောခါ အံ့သြမသွားခြင်းဖြစ်၏။
တစ်ဖက်လူ၏ အစီအစဥ်များက မည်သို့ပင်ဖြစ်စေကာမူ အနည်းဆုံးအနေဖြင့် ချူးယွင်ဖန်းက အဆိုးဆုံးအတွက် ပြင်ဆင်ထားနှင့်ပြီးဖြစ်သည်။
"ဒါက ပွဲတစ်ခုပါပဲ။ သူတို့ချည်းပဲဆိုရင်လည်း ဘာမှမဖြစ်ဘူး။ သူတို့နဲ့တိုက်ဖို့ ငါ့မှာ အကြောင်းပြချက်မရှိဘူးဆိုတော့ အခု သူတို့ကိုယ်တိုင် ငါ့အိမ်တံခါးဝထိရောက်လာကြတာပဲ” ချူးယွင်ဖန်းက ပြောသည်။
"ဒါပေမယ့် သူတို့ဖိတ်ကြားထားတဲ့ ပြင်ပအကူအညီက နည်းနည်းခက်ခဲမယ်ထင်တယ်။ ရွှီမျိုးနွယ်စုရဲ့ အကြီးအကဲရဲ့ ပြောစကားအရဆို သူတို့က ပြင်ပနယ်ပယ်က နတ်ဆိုးဂိုဏ်းငယ်လေးရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖိတ်ခေါ်ဖို့ စီစဉ်ထားတယ်။ ဒီလူက အနည်းဆုံးတော့ စကြဝဌာအဆင့်မှာရှိတယ်။ အဲ့လူက ငါ့အတွက် တကယ့်ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။"
ချူးယွင်ဖန်းသည် သူတို့၏ အတွေးများကို နားလည်နိုင်သည်။ သူသည် ဧကရာဇ်နန်းတော်နှင့် အင်ပါယာ၏ အရာရှိများကို ကိုယ်စားပြုသည်။ သူတို့တွင် စခန်းကို တိုက်ခိုက်ရန် သတ္တိမရှိပေ။ သာမန် မိစ္ဆာဂိုဏ်းများပင် ထိုသို့ လုပ်ဆောင်ဝံ့ခြင်း မရှိပေ။ လူသားမျိုးနွယ်ကို ဆန့်ကျင်ရန် မွေးဖွားလာသော နတ်ဆိုးနတ်ဘုရားဂိုဏ်းသာလျှင် တရှ၏ ဟန့်တားမှုကို မကြောက်ရွံ့ဘဲ စခန်းကို တိုက်ခိုက်ဝံ့ခဲ့သည်။ အခြား အဓိကအင်အားကြီးနိုင်ငံများကလည်း ထိုသို့ လုပ်ဆောင်ဝံ့ခြင်း မရှိပေ။ တရှသည် ထိုအကြောင်းကို သိရှိသည်နှင့် ၎င်းတို့အား မရေမတွက်နိုင်သော လူများက လိုက်လံဖမ်းဆီးကြလိမ့်မည်။ ဤသည်မှာ တရှ၏ သမိုင်းတစ်လျှောက်တွင် သက်သေပြခဲ့ပြီးဖြစ်သည်။
ထို့ကြောင့်ပင် ၎င်းတို့က ဤသို့လှည့်ကွက်မျိုး တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ချူးယွင်ဖန်းကို ထွက်လာအောင် လှည့်စားပြီးလျှင် ၎င်းတို့ စတင်လှုပ်ရှားရန် ပိုလွယ်ကူသွားပေလိမ့်မည်။ သို့သော် ယင်းက ချူးယွင်ဖန်းအတွက် အဓိကအင်အားစုများကို လုံးဝဖယ်ရှားပစ်နိုင်မည့်အခွင့်အရေးတစ်ခုလည်းဖြစ်သည်။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ" ယုချူးယွင်က အနည်းငယ် စိတ်ညစ်နေသည်။
၎င်းတို့ မည်သည့်နေရာ၌ ရှိစေကာမူ စကြဝဌာအဆင့်ဟူသည် အံ့မခန်းတည်ရှိမှုတစ်ခုဖြစ်သည်။
၎င်းတို့သာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ ရှိနေပါက တပည့်စစ်တစ်ဦးဖြစ်လာနိုင်သည်။ အသက်ကြီးသူများသည် ဂိုဏ်း၏ အကြီးအကဲများဖြစ်လာနိုင်သည်။ ၎င်းတို့ တစ်ယောက်ချင်းစီက ၎င်းတို့၏နယ်မြေတစ်ခု၏ ကိစ္စများကို တာဝန်ယူရကာ မြင့်မားသော အခွင့်အာဏာကို ရရှိကြသည်။
"အဆင်ပြေပါတယ်။ ညကို အခွင့်ကောင်းယူပြီး ဒီကျောက်စိမ်းပြားနဲ့ ကြယ်ကြွေကောင်းကင်ကို ပြန်သွားပါ။ စီနီယာယွီယွင်ယောင်ကို ရှာပြီး ကျောက်စိမ်းပြားပေးလိုက်ပါ။ သူ အရာအားလုံးကို သိသွားလိမ့်မယ်" ချူးယွင်ဖန်းက ပြော၍ ယုချူးယွင်ထံသို့ ကျောက်စိမ်းပြား ပေးလိုက်သည်။
"ဟုတ်ကဲ့၊ စီနီယာချူး"
ယုချူးယွင်က သူ၏ နတ်ဘုရားစိတ်ဝိဉာဥ်ကို ကျောက်စိမ်းပြားထဲကို မကြည့်ခဲ့သောကြောင့် ချူးယွင်ဖန်းက ယွီယွင်ယောင်ကို ကျောက်စိမ်းပြားထဲ၌ ဤမျှ ယုံကြည်မှုရှိအောင် မည်သို့ပြောခဲ့သည်ကို သူမသိပေ။ သို့သော် သူက အချိန်မဆိုင်းဝံ့ဘဲ ညအမှောင်ထဲ၌ စခန်းမှ အမြန်ထွက်သွားသည်။
သူထွက်သွားကြောင်း မည်သူမျှ မသိခဲ့ကြပေ။
ချူးယွင်ဖန်းသည် ယုချူးယွင် ထွက်သွားသည်ကို ကြည့်ရင်း သူ့အမူအရာက ချက်ချင်း တည်ငြိမ်သွားသည်။
"ထောင်ချောက်လား။ မင်းတို့က လူပြက်တွေပဲကွ။ ဒီအခွင့်အရေးကို အသုံးချပြီး မင်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းမိအောင် လုပ်မယ်။" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်ပြီးနောက် ချက်ချင်းပင် တောင်မြစ်ပန်းချီကားထဲသို့ဝင်သွားသည်။
ဤအချိန်တွင်၊ တောင်မြစ်ပန်းချီကားထဲ၌ တောင်မြစ်အိုးသည် ခပ်တိုးတိုးအသံတစ်ခုပေါ်ထွက်လာသည်။ ထို့နောက်၊ အိုးအဖုံး ပွင့်သွားသည်။ ချက်ချင်းပင်၊ ထိတ်လန့်ဖွယ်ကောင်းသော ဆေးဖက်ဝင်အမွှေးအကြိုင်သည် အဖြူရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ နေရာလွတ်တိုင်းကို ဖုံးလွှမ်းသွားသည်။
ချူးယွင်ဖန်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အဖြူရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသော ဆေးဖက်ဝင်ရနံ့သည် နဂါးရှည်နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံး ပွင့်သွားသည်ကို ခံစားလိုက်ရသည်။ ဆေးဖက်ဝင်ရနံ့သာ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် နယ်ပယ်အသစ်တစ်ခုသို့ အပြေးအလွှားသွားရန် စိတ်အားထက်သန်မှုကို ခံစားရစေသည်။
ချူးယွင်ဖန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးဖိုကြီးက လှည့်သွားသည်။ ၎င်းမှ အနီရောင်ဆေးပြားတစ်ပြား လွင့်ထွက်လာသည်။ ၎င်းသည် သွေးဂျင်ဆင်းကို အဓိကပါဝင်ပစ္စည်းအဖြစ် ပြုလုပ်ထားသော မဟာအသက်ဓာတ် ကျင့်ကြံသူဆေးပြားဖြစ်သည်။
"ဆေးပြားက နောက်ဆုံးတော့ ပြီးပြီ။ ဆယ်ရက်အတွင်း ပွဲတော်ကျင်းပမယ်။ အဲ့တာကြောင့် ငါ့ ကျင့်ကြံမှု အဆင့်ထပ်တက်ဖို့အချိန်ရှိတယ်” ချူးယွင်ဖန်း၏ မျက်နှာက ပျော်ရွှင်မှုအရိပ်အယောင်များပေါ်လာသည့်တိုင် သူ၏ တည်ငြိမ်သော အမူအရာသို့ ချက်ချင်း မြန်မြန်ဆန်ဆန် ပြန်ရောက်သွားသည်။
ချူးယွင်ဖန်းသည် လီချန်းယွမ်အား သူ၏အကူအညီအတွက် ကျေးဇူးတင်ရမည်ဖြစ်သည်။ လီချန်းယွမ်မရှိလျှင် နောက်ထပ်အဆင့်တက်ရန် အချိန်မည်မျှကြာမည်ကို မသိပေ။
ဤအရာကို စဉ်းစားရင်း ချူးယွင်ဖန်းသည် တင်ပျဥ်ခွေချိတ်ထိုင်၍ ဧကရာဇ်ကျဥ့်စဥ်ကို လည်ပတ်စေလိုက်သည်။ ထို့နောက် သူက မဟာအသက်ဓာတ် ကျင့်ကြံသူ ဆေးလုံးကို မျိုချလိုက်သည်။ ဆေးလုံးသည် သွေးနီရောင် မီးလျှံအဖြစ်သို့ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး ရူးသွပ်စွာ လောင်ကျွမ်းသွားသည်။
ခဏတာအတွင်း၌ ဤအနီရောင်မီးတောက်က ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ခုလုံဂသို့ ပျံ့နှံ့သွားခဲ့သည်။ သွေးကြောတိုင်း၊ ဆဲလ်တိုင်းက ရူးသွပ်စွာ လောင်ကျွမ်းနေကြောင်း သူခံစားလိုက်ရသည်။ သာမန်လူတစ်ဦးသာဆိုပါက ထိုမီးတောက်ကြောင့် သေသွားနိုင်သော်လည်း ချူးယွင်ဖန်းက သာမန်လူတစ်ဦးမဟုတ်ပေ။ သူ ပြင်ဆင်ထားနှင့်ပြီးဖြစ်သည်။
ထိုသွေးဂျင်ဆင်းကို အထူးမျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ကြကာ အထူးသဖြင့် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် သွေးဂျင်ဆင်းဖြစ်သည်။ ၎င်း၌ နတ်ဆိုးစွမ်းအင်အနည်းငယ်သာ ပါရှိသည်။
သွေးဂျင်ဆင်းနှင့် ပြုလုပ်ထားသော ဆေးလုံးများသည် သဘာဝအတိုင်း စွမ်းအင်ချေဖျက်ရန် မလွယ်ကူပေ။ ၎င်း၌ နတ်ဆိုးစွမ်းအင်တချို့ရှိသည်ဟု ပြောနိုင်သည်။
ချူးယွင်ဖန်းသည် ကောင်းကင်စားသုံးခြင်းပညာရပ်ကို လျင်မြန်စွာ အသက်သွင်း၍ အနီရောင်မီးတောက်ကို မျိုချလိုက်ကာ သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲလိုက်သည်။
၎င်း၏တစ်စိတ်တစ်ပိုင်းသည် သူ၏ခြေလက်များနှင့် အရိုးများထဲသို့ ပျံ့နှံ့သွားသည်။ ၎င်းသည် သူ၏ဆဲလ်တိုင်းထဲသို့ ပေါင်းစည်းသွားပြီး သူ့ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးသည့် အစွမ်းထက်သောစွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျန်တစ်စိတ်တစ်ပိုင်းသည် ဒြပ်မဲ့လေ့လာသူအဆင့်သို့ ဦးတည်သော ကြီးမားသောစွမ်းအင်ပမာဏအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် သာမန်လူတစ်ဦးဖြစ်ပါက ၎င်းတို့သည် ပြိုလဲသွားလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည် ကွဲပြားသည်။ သူသည် တစ်ချိန်တည်းတွင် အရာနှစ်ခုကို လုပ်ဆောင်နိုင်သည်။
တစ်ချိန်တည်းမှာပင်၊ တောင်မြစ်ပန်းချီကားထဲရှိ အလယ်အလတ်အဆင့် ဝိဉာဥ်ကျောက်တုံးက လေထဲသို့ လွင့်စင်သွားပြီး ပေါက်ကွဲသွားသည်။ ခဏလေးအတွင်းမှာပင် ၎င်းတို့သည် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချူးယွင်ဖန်း၏ စိတ်ထဲသို့ ရှည်လျားသော နဂါးတစ်ကောင်ကဲ့သို့ စီးဝင်လာခဲ့သည်။ ၎င်းတို့အားလုံးသည် နတ်ဘုရားစိတ်ဝိဉာဥ်၏ စုပ်ယူမှုကို ခံခဲ့ရသည်။
ချူးယွင်ဖန်းသည် သူသည် ဉာဏ်အလင်းရရှိသည့်အဆင့်သို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရပြီး နှောင်းပိုင်း ဒြပ်မဲ့လေ့လသာသူအဆင့်နှင့်ပတ်သက်သော မရေမတွက်နိုင်အောင်များပြားသည့် နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုများသည် သူ့ရှေ့တွင် ပေါ်လာကာ လျှို့ဝှက်ချက်အနည်းငယ်မျှမပါဘဲ အသေးစိတ်အချက်အလက်တိုင်းကို ဖော်ထုတ်ပြသနေသည်။
ချူးယွင်ဖန်း၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ နောက်ဆုံး ဒြပ်မဲ့လေ့လာသူအဆင့်၏ အတားအဆီးသည် တစ်စတစ်စ ပြိုကွဲလာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်လာသည်ကို ခံစားလိုက်ရပြီး ကမ္ဘာတစ်ခုလုံးကို ပြည့်နှက်သွားသည်။ သို့သော် သူသည် ချက်ချင်းပင် သူ၏ နတ်ဘုရားစွမ်းအားကို ရုပ်သိမ်းလိုက်သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်ပေါ်လာခြင်းနှင့်အတူ နောက်ဆုံး ဒြပ်မဲ့လေ့လာသူအဆင့် အတားအဆီးသည်လည်း ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြိုလဲသွားကာ အဆင့်ကျော်ဖြတ်သွားသည်ကို သူခံစားလိုက်ရသည်။
သူ ယခု နှောင်းပိုင်း ဒြပ်မဲ့လေ့လာသူအဆင့်သို့ရောက်သွားပြီဖြစ်သည်။
အခန်း(၁၇၃၄) အလွန်သန်မာလာခြင်း
နှောင်းပိုင်း ဒြပ်မဲ့လေ့လာသူအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ ကျင့်ကြံမှုသည် နှစ်ဆထက်မက မြင့်တက်လာသည်ကို ရှင်းလင်းစွာခံစားလိုက်ရသည်။ သူသာ ဟုတ်သားရဲအဖြစ်မပြောင်းလဲနိုင်လျှင်ပင်
သူနှင့် ပခုံးချင်းယှဉ် ရပ်နိုင်သည့် ဒြပ်မဲ့ကျွမ်းကျင်အဆင့် အနည်းငယ်သာ ရှိသည်။
ချူးယွင်ဖန်းသည် သူ၏ မူလကိုယ်ရည်ကိုယ်သွေး သုံးဦးမှ ငါးဦးအထိ အလွယ်တကူ သတ်နိုင်သည်ဟု ခံစားမိသည်။ ကျင့်ကြံမှုအဆင့် တစ်ကြိမ်တိုးလာရုံဖြင့် သူ၏ တိုက်ခိုက်ရေးအစွမ်း မြင့်တက်လာသည်ကို ခံစားမိနေပြီဖြစ်သည်။ သူသည် သာမန်လူများနှင့် မတူပေ။ သာမန်လူများအတွက် အဆင့်တက်ခြင်းက လွယ်ကူသော်လည်း ထိုးဖောက်ဝင်ရောက်ပြီးနောက် တိုက်ခိုက်ရေးအစွမ်း တိုးလာမှုမှာ အကန့်အသတ်ရှိသည်။ ချူးယွင်ဖန်း၏ အဆင့်တက်မှုက သာမန်လူများထက် များစွာပို၍ ခက်ခဲသော်လည်း သူ အဆင့်တက်ပြီးသည်နှင့် သူ၏ လေ့ကျင့်မှုနှင့် တိုက်ခိုက်ရေးအစွမ်းသည်လည်း ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မည်။
အစပိုင်းတွင်ခါးသက်၍ တဖြည်းဖြည်းချိုမြိန်သွားခြင်းပင်ဖြစ်ကာ သူ ဆက်သွားလေလေ သူ၏ ကျင့်ကြံမှု အားသာချက်က ပိုများလာလေလေဖြစ်၍ တူညီသောအဆင့်၌ ပြိုင်ဘက်ကင်းဆိုသော စကားကို သက်သေပြနေခြင်းလည်းဖြစ်သည်။
သူ့ထက် များစွာအဆင့်မြင့်သော ကျွမ်းကျင်သူများကိုပင် အနိုင်ယူနိုင်နေပြီဖြစ်သည်။
"ငါ့ ဟုတ်သားရဲနဲ့သာ တွဲလိုက်ရင် သာမန် အထွတ်အထိပ် ဒြပ်မဲ့ ကျွမ်းကျင်အဆင့်လောက်က ငါ့ကို မယှဥ်နိုင်ဘူး။ သိပ်မကြာပေမယ့် တိုက်ပွဲတစ်ပွဲအတွက် လုံလောက်တယ်။" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ဘာထောင်ချောက်လဲ။ ငါ သူတို့နေရာမှာတင် ကပ်ပါးကောင်တွေအားလုံးကို အမြစ်ပြတ် ရှင်းပစ်မယ်။"
ချူးယွင်ဖန်းက အချိန်ကို တွက်ချက်လိုက်သည်။ ယနေ့သည် ဆယ်ရက်ကြာပြီးဖြစ်၍ ပွဲတော်အတွက် အချိန်ရောက်တော့မည်ဖြစ်သည်။
နေဝင်သွားသည်နှင့်အမျှ ညကောင်းကင်သည် နေဝင်ချိန်၏ နောက်ဆုံးရောင်ခြည်များကို တစ်စတစ်စ ဆုတ်ဖြဲကာ အနက်ရောင်အဝတ်စတစ်ခုကဲ့သို့ အရာအားလုံးကို ဖုံးအုပ်ထားသည်။ တောက်ပသောလသည် ကောင်းကင်တွင် တွဲလောင်းကျ၍ မြေပြင်ပေါ်သို့ အေးစက်သောလရောင်ကို ဖြာကျနေစေသည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း ချန်မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေသည် အလွန်သက်ဝင်လှုပ်ရှားနေသည်။
ယနေ့တွင် ချန်မျိုးနွယ်စု၏ ခေါင်းဆောင်သည် ချူးယွင်ဖန်းနှင့် အဓိကတပ်ဖွဲ့အမျိုးမျိုးမှ ခေါင်းဆောင်များကို ဧည့်ခံရန်အတွက် ဘိုးဘွားပိုင်မြေတွင် ပွဲတော်တစ်ခု ကျင်းပခဲ့သည်။ ပေါင်းထိုင်ရှိ ဩဇာကြီးမားသော ပုဂ္ဂိုလ်အားလုံး တက်ရောက်ခဲ့ကြသည်။ နှစ်ဖက်တိုက်ပွဲတွင် မပါဝင်ခဲ့သူများစွာပင် ပွဲတော်တွင် ရှိနေကြသည်။ ဤသည်မှာ ပေါင်တိုင်း၏ အနာဂတ်ကို ဆွေးနွေးရန် ပွဲတော်တစ်ခုသာ ဖြစ်သကဲ့သို့ပင်အသက်ဝင်နေ၏။
"ချူးယွင်ဖန်း မလာသေးဘူး။ သူ မလာရဲဘူးလို့ မပြောနဲ့။"
"ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီပွဲရဲ့ အခြေအနေက မရှင်းလင်းသေးပါဘူး။ ချူးယွင်ဖန်း ကိုယ်တိုင်လာချင်မှလာမယ်။ လူတော်တော်များများက သူ့ကို မုန်းတီးကြတယ်ဆိုတာ မင်းသိတယ်။"
"မဖြစ်နိုင်ဘူး။ မင်းတို့ထဲက ဘယ်သူမှ မမှန်ဘူး။ ချူးယွင်ဖန်းက ပြန်ကြားချက်ပို့ပြီးပြီဆိုတာ မင်းတို့မသိဘူးလား။ သူကိုယ်တိုင် ဒီနေ့ညစာစားပွဲကို တက်ရောက်လိမ့်မယ်။"
"သူက အရမ်းမာနကြီးတာပဲ။ လူတိုင်းက အစောကြီးရောက်ပြီး သူ့ကိုစောင့်နေကြတယ်။"
"သူက တပ်မှုးပဲလေ တရှရဲ့ စည်းမျဉ်းတွေအရ ပေါင်တိုင်းမှာ နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။"
ဧည့်သည်များသည် စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။ အတွင်းခန်းမသို့ ဖိတ်ကြားခံရခြင်းမရှိသော်လည်း ခန့်မှန်းချက်အမျိုးမျိုးကို မရပ်တံ့နိုင်ပေ။
သူတို့အများစုတွင် သတင်းအချက်အလက်ရယူသည့် ၎င်းတို့၏ကိုယ်ပိုင်လမ်းကြောင်းများရှိသောကြောင့် ၎င်းသည် မှန်မမှန် ပြောရန်ခက်ခဲခဲ့သည်။
"ဒုတပ်မှူး ချူးယွင်ဖန်း ရောက်လာပါပြီ!"
အစေခံများ၏ ကြေငြာချက်နှင့်အတူ အသံအားလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းက စိတ်အားထက်သန်စွာ ခေါင်းလှည့်ကြည့်ကြသည်။ လူအများအပြားက သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ကာ ချူးယွင်ဖန်းသည် အလွန်ငယ်ရွယ်ကြောင်း သူတို့ သိရှိခဲ့ရသည့် အချိန်လည်း ဖြစ်သည်။
ချူးယွင်ဖန်း ဝင်လာသည်နှင့်အမျှ လူတိုင်းသည် သူ၏အလင်းရောင်အောက်တွင် အသံများ ပျောက်ကွယ်သွားသကဲ့သို့ တိတ်ဆိတ်နေကြသည်။ အစေခံများ၏ လမ်းညွှန်မှုအောက်တွင် ချူးယွင်ဖန်းသည် အပြင်ဘက်ရင်ပြင်ကို ဖြတ်ကျော်ပြီး အတွင်းရင်ပြင်သို့ ရောက်ရှိခဲ့သည်။
အပြင်ဘက်ရင်ပြင်ရှိ ရှုပ်ထွေးမှုများနှင့်မတူဘဲ အတွင်းရင်ပြင်သည် ပိတ်ထားသော ခန်းမဆောင်တစ်ခုတွင် တည်ရှိသည်။ ကြီးမားသောဂိုဏ်းအမျိုးမျိုး၏ ခေါင်းဆောင်များသည် ခန်းမထောင့်များတွင် ထိုင်ကာ အရက်များဖလှယ်နေကြသည်။ ၎င်းသည် သူတို့အတွက် မိတ်ဆွေဖွဲ့ရန် ရှားပါးအခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
ဂိုဏ်းခွဲလေးခု၏ ခေါင်းဆောင်များသည် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ သို့သော် ချူးယွင်ဖန်း အတွင်းခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာသည်နှင့်အမျှ လူတိုင်း၏ မျက်လုံးများသည် သူ့ထံတွင် စုပြုံနေကြသည်။
"ချူးယွင်ဖန်းလား။ သူက အရမ်းငယ်သေးသလိုပဲနော်။ ကောလာဟလတွေပြောသလို တကယ်ကို အစွမ်းထက်တာလား။"
"သူက အနည်းဆုံးတော့ ဒြပ်မဲ့ကျွမ်းကျင်အဆင့်မှာ ရှိနေတယ်လို့ ကောလာဟလတွေ ထွက်နေတာ။ ဒါပေမယ့် အခုချိန်မှာတော့ ငါလုံးဝ အတိအကျမပြောနိုင်သေးဘူး။ ငါသိသလောက်တော့ သူက ပြိုင်ဘက်ကင်းပဲ”
"ဒီမှာ တပ်မှူးတွေ အများကြီး သေသွားတယ်ဆိုတာ သိရက်နဲ့တောင် မင်းက သိမ်းပိုက်ရဲသေးလား။ မင်းမှာ အရည်အချင်းတစ်ခုခု မရှိရင် အလုပ်မဖြစ်မှာစိုးတယ်"
ကြီးမားသော အုပ်စုအမျိုးမျိုး၏ ခေါင်းဆောင်များသည် သီးသန့်ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ သို့သော် ၎င်းတို့၏ အသံများသည် အလွန်တိုးညှင်းလှ၍ ၎င်းတို့၏ နတ်ဘုရားစိတ်ဝိဉာဥ်များမှတစ်ဆင့် အချင်းချင်း သတင်းအချက်အလက်များပင် ဖလှယ်ခဲ့ကြသည်။ ၎င်းတို့က ချူးယွင်ဖန်း ဝင်လာသည်ကို ကြည့်နေကြသည်။ တပ်ဖွဲ့လေးဖွဲ့၏ ခေါင်းဆောင်များပင် ချူးယွင်ဖန်းကို တစ်ခါမျှ မမြင်ဖူးကြပေ။ ထိုမတိုင်ခင်ပ ၎င်းတို့သည် သူ၏ ပုံတူကိုသာ မြင်ဖူးကြသည်။
"တပ်မှုူးချူး၊ ရောက်လာပြီပဲ။ ကျေးဇူးပြုပြီး ထိုင်ပါ" ချန်လူကြီးမင်းက အလျင်အမြန်ထရပ်ကာ ပြောလိုက်သည်။ ပုံမှန်အားဖြင့် ပေါင်းထိုင်တွင် သူ့ကို ဤမျှယဉ်ကျေးအောင် လုပ်နိုင်သူ မရှိပေ။
"မလိုပါဘူး၊ ငါမထိုင်တော့ပါဘူး အချိန်ဖြုန်းရုံဖြစ်နေမှာပဲ" ချူးယွင်ဖန်းက ပြောသည်။
"ဘာကိုဆိုလိုတာလဲ ခင်ဗျာ" ဝမ်လူကြီးမင်းက မေးသည်။
ထိုအချိန်၌ ထောင့်၌ သောက်နေသော ရွှီသခင်ကြီးအပါအဝင်အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ချူးယွင်ဖန်းက ဤမျှ ရိုးရှင်း၍ ရက်စက်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူ့သောက်လက်စဝိုင်ပင် အန်ထွက်လုမတက်ဖြစ်သွားသည်။
"အချိန်ဖြုန်းတာမို့ မထိုင်ဘူးလို့ပြောတာပါ။ ခင်ဗျားတို့ အစာထဲအဆိပ်ခတ်ထားလားဆိုတာ ကျုပ်မသိဘူးလေ” ချူးယွင်ဖန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။
"ဒါကြောင့် လုံခြုံအောင် ကျုပ်မထိုင်တော့ဘူး"
"ဘယ်လိုဟာသတွေပြောနေတာလဲ။ ဘာလို့ အစားအစာကို အဆိပ်ခတ်ရမှာလဲ" ပေါင်းစည်းခြင်းဂိုဏ်း ခေါင်းဆောင်က ပြောသည်။
သူနှင့် ကောင်းကင်နယ်မြေ ဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်း ထွက်ပြေးနိုင်မည့် လမ်းကြောင်းကို တိတ်တဆိတ်ပိတ်ဆို့ခဲ့သည်။ ဝမ်မျိုးနွယ်စု၏ ခေါင်းဆောင်နှင့် ချန်မျိုးနွယ်စုနှင့်အတူ ချူးယွင်ဖန်းကို ထောင်ချောက်ဆင်ရန် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့သည်။
"ခင်ဗျားတို့အစီအစဥ်ကို ကျုပ်သိပြီးသား ဟန်ဆောင်နေစရာ မလိုဘူး။ ကျုပ်တို့အားလုံး အချိန်ကုန်သက်သာတာပေါ့” ချူးယွင်ဖန်းက စိတ်မဝင်စားစွာ ပြောလိုက်သည်။ သူက အားလုံးကို ကြည့်လိုက်ကာ ဝိုင်းရံထားမှုကို အနည်းငယ်မျှ မကြောက်ပေ။