← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

ငါ့ရဲ့ဆေးလုံးတွေမှာ ဘေးထွက်ဆိုးကျိုး နည်းနည်းလေးပဲ ရှိတာပါ

ဘာသာပြန်သူ-ATY author team

Book 1 Chapter 1 to 10

အကျဥ်းချုပ်...

ချန်လဲ့က ကျင့်ကြံခြင်းလောကကို ကူးပြောင်းရောက်ရှိသွားခဲ့တယ်..သူ့ဆီမှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိနေတယ်..

သတင်းကောင်းကတော့ သူ့မှာ ဆေးဖော်စပ်နိုင်တဲ့ စွမ်းရည်ရှိနေတာဖြစ်ပြီး သတင်းဆိုးကတော့ သူ ဖော်စပ်လိုက်တဲ့ ဆေးတွေတိုင်းက အဆိပ်ပြင်းနေတာပါပဲ...

"ဘာပြောတယ်...ဒီဆေးလုံးကို စားလိုက်ရင် ကျင့်ကြံဆင့်နှစ်ဆင့် ချက်ချင်းမြင့်တက်သွားမယ်...ဟုတ်လား..."

"အမှန်ပဲ...ဘာမှ သံသယဝင်စရာ မလိုပါဘူး.. သေးသေးမွှားမွှားလေးဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး နည်းနည်းလေး ရှိတာကလွဲလိုပေါ့... အဲ့ဒီဘေးထွက်ဆိုးကျိုးက မင်းကို သေသွားစေနိုင်တာပါပဲ..."

"ဒါဆို ငါ့ကိုယ်ငါ သတ်သေလိုက်တာနဲ့ ဒီဆေးစားတာက ဘာများ ကွာခြားတော့မှာလဲ"

"မင်း သေတဲ့အထိ ကျင့်ကြံရင်တောင် အခြေတည်စဝိညာဥ်နယ်ပယ် အရှင်သခင်ကြီး ဖြစ်လာနိုင်မယ်လို့ ထင်နေတာလား....လူငယ်လေး... ဘဝမှာ လမ်းမှားကို မလျှောက်မိစေနဲ့"

အခန်း ၁ - ကျင့်ကြံခြင်းလား....စွမ်းအားပြင်းဆေးလုံး စားရာကနေ စတင်မယ်

ဝမ်ကျွင်းသည် နွားတစ်ကောင်လုံးကိုပင် မျိုချနိုင်လောက်အောင် ဆာလောင်နေသည်ဟု ခံစားလိုက်ရသည်။

ဤသည်မှာ သူ၏အသိစိတ်များ အဆုံးမဲ့ အမှောင်ထုထဲသို့ မကျဆင်းသွားမီ နောက်ဆုံး ပေါ်လာသော အတွေးပင်။

သူသည် ပန်းရောင်သစ်သားစားပွဲတွင် ကျေနပ်ဂုဏ်ယူစွာ ထိုင်နေပြီး စားပွဲပေါ်ရှိ စိတ်ဝိညာဉ်ဟင်းလျာများကို အားရပါးရ စားသောက်နေသည်။

သူသည် ယနေ့ မြို့ထဲတွင် လူလိမ်တစ်ယောက်ကို အပြစ်ပေးခဲ့ပြီးနောက် သူ၏ကျင့်ကြံခြင်းကို ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် နဝမအဆင့်သို့ တက်လှမ်းနိုင်စေမည့် အဖိုးတန်ဆေးလုံးတစ်လုံး ရရှိခဲ့ကြောင်း စားပွဲထိပ်တွင် ထိုင်နေသော သူ၏ဖခင်ကို သတင်းပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သူသည် စိတ်ဝိညာဉ်စွမ်းအင်များ လျှံကျနေသော ဖန်းလုံပေါက်စီတစ်လုံးကို ကောက်ယူလိုက်ပြီး ကိုက်စားရန် ပြင်လိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်ကြီး ရပ်တန့်သွားလေ၏။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဤဝမ်မိသားစု၏ သခင်လေးခုနစ်သည် သူ၏ရှေ့ရှိ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတန်ဖိုးရှိသော ရတနာရှစ်ပါး စိတ်ဝိညာဉ်အားဖြည့်ဟင်းရည်ပန်းကန်ထဲသို့ ခေါင်းစိုက်ကျသွားပြီး မှောက်ကျသွားသော ပန်းကန်နှင့်တူများမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ သွားသည်။

ထို့နောက် ချက်ချင်းပင် ဝမ်ကျွင်းသည် ပန်းရောင်သစ်သားကုလားထိုင်ပေါ်မှ ဖြည်းညင်းစွာ လျှောကျသွားပြီး ပြာလဲ့ရောင် ကျောက်သားကြမ်းပြင်ပေါ်တွင် တောင့်တင်းစွာ လဲလျောင်းကာ ဟောက်သံကြီးပေး၍ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။

"ကျွင်းအာ..."

ဝမ်ချင်းထျန်၏ကျောက်စိမ်းတူသည် 'ဂျွတ်' ခနဲ ကျိုးပဲ့သွားပေ၏။

ဝမ်မိသားစုစံအိမ်တစ်ခုလုံး ချက်ချင်းပင် ကသောင်းကနင်း ဖြစ်သွားတော့သည်။

"သခင်လေးခုနစ်... သခင်လေးခုနစ် ဘာဖြစ်သွားတာလဲ..."

"မြန်မြန်... သမားတော်စွန်းကို သွားခေါ်... မဟုတ်ဘူး... ချင်းယွင်ဂိုဏ်းက သခင်ကြီးကို သွားပင့်..."

"ကျင့်ကြံတဲ့နေရာမှာ အမှားအယွင်း ဖြစ်သွားတာများလား... ချီသွေဖည်တာများ ဖြစ်သွားတာလား..."

အချိန်တခဏအကြာတွင် ဝမ်မိသားစုစံအိမ်သည် လုံးလုံးလျားလျား ပရမ်းပတာ ဖြစ်သွားပေ၏။

လူတစ်စုက စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ စမ်းသပ်ကြပြီး ငွေအပ်များဖြင့် သွေးကြောများကို လှုံ့ဆော်ကြသည်။

အဖိုးတန် ဆေးလုံးများကိုလည်း အလကားရသည့်အလား သူ၏လည်ချောင်းထဲသို့ သွန်ချကာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားကြည့်ခဲ့ကြသည်။

သို့ရာတွင် ဝမ်ကျွင်းမှာ မည်သို့မျှ တုံ့ပြန်မှုမရှိဘဲ ဟောက်သံကြီးပေးကာ အိပ်မောကျနေဆဲပင်။

သူ၏မျက်နှာပေါ်တွင် ကျေနပ်နေသော အပြုံးတစ်ခုပင် ရှိနေပေ၏။

သူသည် အလွန်လှပသော အိပ်မက်တစ်ခုကို မက်နေသည့်အလား ဖြစ်နေပြီး ကြည့်ရသည်မှာ အလွန်ထူးဆန်းနေသည်။

သို့သော် မည်သို့ပင် ကြည့်စေကာမူ သူ၏သွေးခုန်နှုန်းမှာ ပုံမှန်ဖြစ်ပြီး အသက်ရှူနှုန်းမှာလည်း ရှည်လျားကာ ညီညာနေသည်။

နှိုးမရသည်မှအပ သူ၏ခန္ဓာကိုယ်မှာ အလွန်ကျန်းမာနေပြီး ချက်ချင်းပင် နောက်ထပ်ကျင့်ကြံဆင့်တစ်ဆင့် ထပ်မံတက်လှမ်းနိုင်မည့်ပုံပင် ပေါက်နေသည်။

ဝမ်ချင်းထျန်၏မျက်နှာ ပြာနှမ်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဖိအားအရှိန်အဝါများ ထွက်ပေါ်လာသည်။

လူတိုင်း အသက်ကိုပင် ပြင်းပြင်းမရှူရဲကြဘဲ လေထုမှာ အလွန်မွန်းကျပ်နေပေ၏။

ပိန်ပိန်ပါးပါး အစေခံလေးတစ်ယောက်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား တုန်ရီသော အသံဖြင့် ပြောဆိုသည်။

"သခင်ကြီး... သခင်လေးက... ဒီမနက် မြို့အဝင်ဝမှာ လူလိမ်လေးတစ်ယောက် ပေးတဲ့ ဆေးလုံးကို မျိုချခဲ့ပါတယ်... အဲဒါနဲ့များ သက်ဆိုင်နေမလား မသိဘူး..."

ချက်ချင်းပင် လူတိုင်း၏အကြည့်များသည် ဤအစေခံလေးထံသို့ ကျရောက်သွားပေ၏။

ဝမ်သခင်ကြီး၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

"ရှင်းအောင် ပြောစမ်း... ဘယ်လူလိမ်လဲ... ဘာဆေးလုံးလဲ..."

တစ်နာရီမတိုင်မီက...

အနည်းငယ် အေးစိမ့်နေသော နံနက်ခင်းတွင် ရှီထန်မြို့လေး၏ ကျောက်ပြားလမ်းများသည် စိုစွတ်နေဆဲ ဖြစ်ပေ၏။

ချန်လဲ့၏မျက်နှာသည် ရွှံ့ရေထဲသို့ ပြင်းထန်စွာ ဖိကပ်ခံထားရပြီး သွေးနံ့နှင့် မြေကြီးနံ့များ ရောယှက်ကာ သူ၏နှာခေါင်းထဲသို့ ဝင်ရောက်နေသည်။

ဝမ်ကျွင်းက သူ၏ကျောကို တက်နင်းထားပြီး အကြိမ်ကြိမ် ဖိကြိတ်နေသဖြင့် ကျောရိုးမှာ စူးရှစွာ နာကျင်နေရသည်။

"ဝိညာဉ်အမြစ် မရှိတဲ့ အမှိုက်ကများ ရွှံ့လုံးတွေကို စိတ်ဝိညာဉ်ဆေးလုံးအဖြစ် ဟန်ဆောင်ပြီး လိမ်ရဲတယ်ပေါ့..."

ဝမ်ကျွင်းသည် ချန်လဲ့အား အထက်စီးမှ ငုံ့ကြည့်လိုက်ပြီး လှောင်ပြောင်သော လေသံဖြင့် ပြောဆိုလိုက်၏။

သူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချန်လဲ့၏ပါးကို အလွန်ပြင်းထန်သော အင်အားဖြင့် ဆွဲညှစ်လိုက်ရာ ချန်လဲ့မှာ သူ၏မေးရိုး ကျိုးကြေတော့မည်ဟု ခံစားလိုက်ရသည်။

"လာစမ်း... ဒီနေ့ ငါ သဘောကောင်းကောင်းနဲ့ မင်းဆွေမျိုးတွေရဲ့ စိတ်ဝိညာဉ်ဆေးလုံးကို မြည်းစမ်းခွင့် ပေးမယ်..."

သူသည် ထနောင်းခေါက်နှင့် ကန်ရေပြင်မှ ရွှံ့များဖြင့် ပြုလုပ်ထားသော ကြမ်းတမ်းသည့် ရွှံ့လုံးကို ချန်လဲ့၏ပါးစပ်ထဲသို့ အတင်းအကျပ် ထိုးထည့်လိုက်သည်။

ချန်လဲ့သည် အသက်ရှူရန်ပင် ခက်ခဲနေပြီး မွန်းကျပ်မှုက ဒီရေအလား ရိုက်ခတ်လာပေ၏။

【အိမ်ရှင်သည် ကိုယ်တိုင်ဖော်စပ်ထားသော ဆေးလုံးကို စားသုံးလိုက်ကြောင်း ထောက်လှမ်းသိရှိရပါသည်... စနစ် စတင်လည်ပတ်ရန် အခြေအနေများနှင့် ကိုက်ညီသွားပါပြီ...】

【အထူးမှတ်ချက် - ဤစနစ်သည် ဆေးဖော်စပ်ခြင်းစနစ် ဖြစ်ပါသည်...】

【ဆေးလုံး၏ လက္ခဏာများ - ဆေးလုံးတစ်လုံးစီတိုင်းသည် ကောင်းမွန်သော အကျိုးသက်ရောက်မှု တစ်ခုနှင့် ဘေးထွက်ဆိုးကျိုး တစ်ခုကို ကျပန်း ဖန်တီးပေးမည် ဖြစ်ပါသည်...】

【ပါဝင်ပစ္စည်း စည်းမျဉ်း - ကောင်းမွန်သော ဂုဏ်သတ္တိများသည် စိတ်ဝိညာဉ်ဆေးပင်များ၏ အရည်အသွေးနှင့် အတိုင်းအတာတစ်ခုအထိ ဆက်စပ်မှု ရှိပါသည်...】

【စနစ်မှ ထုတ်လုပ်သော ဆေးလုံးများကို စနစ်လေဟာနယ်တွင် သိမ်းဆည်းထားပါသည်...】

【စနစ်လေဟာနယ်သည် အခြားသော ပစ္စည်းများကို သိမ်းဆည်း၍ မရနိုင်ပါ...】

【စနစ်သည် ထုတ်လုပ်မည့် ဆေးလုံးအရေအတွက်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်...】

【စနစ် စည်းမျဉ်း - လက်ရှိ ဆေးလုံးများကို စားသုံးပြီးမှသာ နောက်ထပ် ဆေးဖော်စပ်ခြင်းကို စတင်နိုင်မည် ဖြစ်ပါသည်...】

【စနစ် စည်းမျဉ်း - ဆေးလုံးများကို စားသုံးခြင်းမှလွဲ၍ မည်သည့်နည်းနှင့်မျှ ဖျက်ဆီး၍ မရနိုင်ပါ...】

【စနစ် စည်းမျဉ်း - လူသားမဟုတ်သော သက်ရှိများအား တစ်လအတွင်း ဆေးလုံး အလုံး ၃၀ ထက် ပို၍ မတိုက်ကျွေးရပါ...】

【အခြေခံ မိတ်ဆက်ခြင်း ပြီးဆုံးပါပြီ... စနစ် အသိပေးဝန်ဆောင်မှုကို ဖြုတ်ချနေပါသည်...】

【ပထမဆုံး စတင်ခြင်းဖြစ်ပါသည်... ဆေးလုံးတစ်သုတ်ကို လက်ဆောင်ပေးပါမည်... ထုတ်လုပ်မည့် ဆေးလုံးအရေအတွက်ကို ရွေးချယ်ပါ...】

【ရွေးချယ်မှု အောင်မြင်ပါသည်... မျက်နှာသစ် အကျိုးခံစားခွင့်စနစ် စတင်ပါပြီ... ထုတ်လုပ်မည့် ဆေးလုံးအရေအတွက် - ၃၀၀၀...】

【ကောင်းမွန်သော အကျိုးသက်ရောက်မှု - သုံးလစာ ကျင့်ကြံခြင်းကို တိုးပွားစေသည်...】

【ဘေးထွက်ဆိုးကျိုး - ဆေးစားသုံးပြီး တစ်နာရီအကြာတွင် စားသုံးသူအား လေးလတိုင်တိုင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေရန် အတင်းအကျပ် ဖိအားပေးမည်...】

【အထူးမှတ်ချက် - သာယာသော ဆေးသုံးစွဲမှု အတွေ့အကြုံလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်... နှုတ်ဆက်ပါတယ်...】

ချန်လဲ့မှာ ခေါင်းများ မူးဝေသွားသည်အထိ အရိုက်ခံလိုက်ရသည်။

သူ၏စိတ်ထဲတွင် အေးစက်စက် စက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်ကိုသာ သူ ကြားလိုက်ရ၏။

သူသည် မည်သည့်အရာကိုမျှ စဉ်းစားရန် အချိန်မရှိတော့ဘဲ ထိတ်လန့်တကြားဖြင့် ဂဏန်းတစ်ခုကိုသာ ကျပန်း ရွေးချယ်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူ၏အသိစိတ်နက်ရှိုင်းရာထဲ၌ လေဟာနယ်တစ်ခု ပေါ်လာသည်။

ထိုအထဲတွင် ဖြူဖွေးတောက်ပနေသော ဆေးလုံးပေါင်း သုံးထောင်ခန့် ဖြင့်ပြည့်နှက်နေပေ၏။

ယခုအချိန်တွင် သူသည် အသက်ရှင်ရန်သာ လိုလားနေပြီး အံ့သြနေရန် အချိန်မရှိချေ။

ချန်လဲ့သည် သူ၏နောက်ဆုံးကျန်ရှိနေသော ခွန်အားများကို အသုံးပြု၍ အသံစွာဖြင့် အော်ဟစ်လိုက်သည်။

"နေပါဦး... နေပါဦး... မှားနေပြီ... မှားနေပြီ... အရင်ရပ်ပါဦး... ဒီငယ်သားဆီမှာ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ တကယ့် အဖိုးတန်ဆေးလုံး ရှိပါသေးတယ်... သခင်ကြီးကို တောင်းပန်တဲ့အနေနဲ့ ဆက်သပါရစေ..."

သူ စိတ်ဆန္ဒကို စူးစိုက်လိုက်ချိန်တွင် ရွှံ့များပေကျံနေသော သူ၏လက်ထဲ၌ တောက်ပနေသော ဆေးလုံးဖြူဖြူလေးတစ်လုံး ရုတ်တရက် ပေါ်လာလေ၏။

ဆေးလုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော ရနံ့တစ်ခု ပျံ့လွင့်လာပြီး စိတ်ဝိညာဉ်အလင်းတန်းများ လှည့်ပတ်သွားသည်။

ယင်းကိုမြင်ချိန်၌ ဝမ်ကျွင်းမှာ အံ့အားသင့်သွား၏။

ဤဆေးလုံး၏ အသွင်အပြင်မှာ တော်တော်လေး ထူးခြားလှသည်။

သို့ရာတွင် ချန်လဲ့အား သူ ကြည့်လိုက်သော အကြည့်မှာ သံသယများဖြင့် ပြည့်နှက်နေသည်။

ဤရွှံ့ပေနေသော တောသားလေးဆီတွင် မည်သည့် အဖိုးတန်ပစ္စည်း ရှိနိုင်မည်နည်း။

ချန်လဲ့သည် တစ်ကိုယ်လုံးမှ ပူလောင်သော နာကျင်မှုကို အံကြိတ်ခံထားလိုက်သည်။

ဝမ်ကျွင်း ဘာတွေးနေသည်ကို သူ အတိအကျ သိနေပေ၏။

ထို့ကြောင့် သူက အလျင်အမြန်ပင် ဦးစွာ စကားဆိုလိုက်သည်။

"အထက်က သခင်ကြီး... ကျွန်တော့်ရဲ့ အသက်လေးက သခင်ကြီးရဲ့ လက်ထဲမှာပဲ ရှိတာပါ... အတုအယောင် ဆေးတွေနဲ့ သခင်ကြီးကို ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ..."

ချန်လဲ့သည် ယခင်ဘဝက ၂၁၁ တက္ကသိုလ်မှ ဘွဲ့ရခဲ့သူ ဖြစ်သည်။

သို့သော် အလုပ်အကိုင် ဈေးကွက်မှာ ခက်ခဲလှသည်။ သူ အလုပ်ရှာထွက်စဉ် မြန်မာပြည်မြောက်ပိုင်းသို့ လှည့်စားခေါ်ဆောင်ခံရပြီး ဆက်သွယ်ရေး လိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံခဲ့ရသည်။

သူသည် ကိုယ်ကျင့်တရားနှင့် မညီသော အလုပ်များကို အများအပြား လုပ်ခဲ့မိ၍ ဖြစ်ကောင်းဖြစ်မည်။ မိုးရွာနေသော နေ့တစ်နေ့တွင် အဝတ်လှန်းနေစဉ် မိုးကြိုးပစ်ခံရပြီး ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

ဤဘဝတွင် သူသည် အကျင့်ဆိုးများကို စွန့်လွှတ်ကာ အသစ်ပြန်လည် စတင်ချင်ခဲ့သော်လည်း သူ၏ အခြေခံ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုများကတော့ ရှိနေဆဲပင်။

"ဟွန့်... စကားပြောကတော့ ချောနေတာပဲ... ငါ စမ်းသပ်ကြည့်လို့ အသုံးမဝင်ဘူးဆိုရင် မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အရွတ်တွေ ဆွဲထုတ်ပစ်မယ်..."

ဝမ်ကျွင်း၏ စကားများမှာ ကြမ်းတမ်းသော်လည်း သူ၏လုပ်ရပ်ကတော့ မြန်ဆန်လှသည်။

သူသည် နောက်ထပ် မတုံ့ဆိုင်းတော့ဘဲဆေးလုံးကို သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ဆေးလုံးသည် အစာအိမ်ထဲသို့ ရောက်ရှိသွားပြီး အစွမ်းထက်သော ဆေးအာနိသင်များ ပေါက်ကွဲထွက်လာ၏။

ဝမ်ကျွင်းသည် သူ၏ခန္ဓာကိုယ်အတွင်းမှ လှိုင်းထနေသော စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရပြီး သူ၏ကျင့်ကြံခြင်းမှာ တကယ်ပင် သိသိသာသာ တိုးတက်လာခဲ့သည်။

သူ၏မျက်နှာပေါ်တွင် အရူးအမူး ဝမ်းသာပျော်ရွှင်နေသော အရိပ်အယောင်များ ပေါ်လာပြီး သူ၏မျက်လုံးများတွင်လည်း ဖုံးကွယ်မထားနိုင်သော လောဘများ ထင်ဟပ်နေသည်။

တစ်နှစ်ကြာ ပိတ်မိနေခဲ့သော ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်း အဋ္ဌမအဆင့်မှာ ဤသို့ဖြင့် အဆင့်တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။

"သူ့ကို ရှာစမ်း... ဒီခွေးကောင် တခြား အဖိုးတန်ပစ္စည်းတွေ ဖွက်ထားသေးလားဆိုတာ ကြည့်စမ်း..."

ဤစကားကို ကြားချိန်၌ အစေခံအချို့သည် ချန်လဲ့အား ထပ်မံ၍ ဝိုင်းဝန်းရိုက်နှက်ကြပြီး အင်္ကျီနှင့် ဘောင်းဘီများကို ချွတ်ပစ်လိုက်ကြသည်။

အချည်းနှီး ရှာဖွေပြီးနောက် ဝမ်ကျွင်းသည် နောက်ဆုံးတွင် ရွှေငွေအချို့ ပါဝင်သော အိတ်ငယ်လေးတစ်လုံးကို ပစ်ချပေးလိုက်သည်။

"ထွက်သွားစမ်း... ဒီနေ့ ငါ စိတ်အခြေအနေ ကောင်းနေလို့ မင်းကို ဆုချလိုက်မယ်... နောက်တစ်ခါ မင်းကို ထပ်မြင်ရရင် နောင်တရသွားအောင် လုပ်ပေးမယ်..."

ထိုသို့ပြောပြီးနောက် သူသည် သူ၏လူများနှင့်အတူ မောက်မာစွာ ထွက်ခွာသွားလေ၏။

ချန်လဲ့သည် မြေပြင်ပေါ်သို့ ပြိုကျသွားပြီး ငွေအိတ်ကို ဆွဲယူလိုက်သည်။

အထဲတွင် ငွေစအချို့သာ ရှိနေလောက်သည်။

ဤဝမ်ကျွင်းသည် ဟန်ဆောင်ကောင်းသူ တစ်ယောက်၏ ပြယုဂ်ပင် ဖြစ်၏။

ဤဆေးလုံးက ဤငွေလောက်သာ တန်သည်လား။

သူက သူ့ကို သူတောင်းစားတစ်ယောက်အလား ဆက်ဆံနေခြင်းလော။

ရုတ်တရက် စနစ်၏ ဘေးထွက်ဆိုးကျိုး သတိပေးချက်ကို သူ သတိရသွားသည်။

ဤဆေးလုံးသည် စားသုံးသူကို လေးလတိုင်တိုင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေမည် ဖြစ်သည်။

ပြီးတော့ သူ၏စနစ်လေဟာနယ်ထဲတွင် ဤကဲ့သို့သော ဆေးလုံးပေါင်း ၂၉၉၉ လုံး ကျန်ရှိနေသေးသည်။

ထို့ပြင် စနစ်၏အဆိုအရ လက်ရှိဆေးလုံးများကို အကုန်မစားသုံးရသေးဘဲ ဆေးလုံးအသစ်များကို ဖော်စပ်၍ မရနိုင်ပေ။

သူ အသစ်ရထားသော လှည့်ကွက်လေးသည် ချက်ချင်းပင် ပိတ်ဆို့ခံလိုက်ရပြီလော။

ချန်လဲ့သည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။

ယခုအချိန်သည် ဤအကြောင်းကို တွေးတောနေရမည့် အချိန်မဟုတ်ချေ။

လှည့်ကွက်လေးတစ်ခု ရထားသည်ကပင် လုံလောက်နေပြီ ဖြစ်သည်။

ပြဿနာများကို ဖြည်းဖြည်းချင်း ဖြေရှင်းရန် နည်းလမ်း အမြဲရှိပါသည်။

လောလောဆယ်တွင် သူ အရင်ပြေးသင့်သည်။ အကယ်၍ ဝမ်ကျွင်းတစ်ခုခု ဖြစ်သွားသည်အထိ သူ စောင့်နေမည်ဆိုလျှင် သူ ထွက်သွားနိုင်တော့မည် မဟုတ်ချေ။

သူသည် တစ်ယောက်တည်းဖြစ်ပြီး ဤစောက်ရမ်းဆိုးရွားသော မြို့လေးကို လုံးလုံးလျားလျား စိတ်ပျက်နေပြီ ဖြစ်၏။

ယခုမှ မသွားလျှင် ဘယ်အချိန်မှ သွားမည်နည်း။

ချန်လဲ့သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အစောင့်အရှောက်ငှားရမ်းသည့် ဆိုင်တစ်ဆိုင်ကို ဦးစွာ ရှာဖွေလိုက်သည်။

အကျဉ်းချုပ် မေးမြန်းပြီးနောက် ပြောပြလာသော ဈေးနှုန်းမှာ အလွန်မြင့်မားလွန်းလှသည်။

ဝမ်ကျွင်း ပေးခဲ့သော ငွေများကို သူ ရေတွက်ကြည့်လိုက်ရာ ခရီးစရိတ်ကို လုံးလုံးလျားလျား မတတ်နိုင်ချေ။

ဤကမ္ဘာကြီးသည် ကျယ်ပြောလှပြီး တောရိုင်းများထဲတွင် မိစ္ဆာသားရဲများဖြင့် ပြည့်နှက်နေပေသည်။

ကုန်သည်ယာဉ်တန်းများ၊ အစောင့်အရှောက်များနှင့်အတူ ခရီးသွားခြင်းသည် သဘာဝကျစွာပင် ခရီးစရိတ်များကို အလွန် ဈေးကြီးစေသည်။

လူအများစုမှာ သူတို့၏တစ်သက်တာလုံးတွင် တစ်နေရာတည်းမှ ထွက်ခွာခွင့် မရကြပေ။

ရွေးချယ်စရာမရှိသဖြင့် အခြားအစီအစဉ်တစ်ခု စဉ်းစားရန် သူ ဦးစွာ အိမ်သို့ ပြန်ရတော့မည် ဖြစ်၏။

ချန်လဲ့သည် ဒဏ်ရာရနေသော သူ၏ခန္ဓာကိုယ်ကို ဆွဲငင်ကာ မြို့ပြင်ရှိ ယိုယွင်းနေသော တဲအိမ်လေးဆီသို့ ပြန်လာခဲ့သည်။

သူသည် တံခါးမင်းတုပ်ကို တင်းကျပ်စွာ ပိတ်လိုက်ပြီး တံခါးကို မှီလျက် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။

စနစ် နိုးထရန် အခြေအနေက ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

ဆယ့်ခြောက်နှစ်... စနစ်ကို နိုးထစေရန် မိမိကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးကို စားရမည်ဟု ဘယ်သူက ထင်ထားမည်နည်း။

သူသည် သေမျိုးတစ်ယောက်သာ ဖြစ်ပြီး ဆေးဖော်စပ်ရန် မည်သို့ သိနိုင်မည်နည်း။

ရွှံ့လုံးလေးများ လုံးရန်သာ သူ သိပေသည်။

သူကိုယ်တိုင် ရှာဖွေထားသော ဆေးပင်တချို့နှင့် အခြားအရာများကို ထည့်သွင်းထားခြင်း ဖြစ်၏။

ခေါင်းကိုက်တာ၊ ဖျားနာတာလောက်အတွက်တော့ အဆင်ပြေပေသည်။

ကံမကောင်းစွာဖြင့် သူ၏အသက်မွေးဝမ်းကျောင်း အကျင့်ပါသွားပြီး ဆေးရောင်းရာတွင် အလွန်အကျွံ ကြွားလုံးထုတ်မိခဲ့သည်။

ထိုအချိန်တွင် ပြဿနာရှာရန် လမ်းဖြတ်လျှောက်လာသော ဝမ်ကျွင်းနှင့် တည့်တည့်တိုးကာ စောစောက အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

ကိစ္စများ ယာယီ ပြေလည်သွားပြီ ဖြစ်သော်လည်း ဝမ်ကျွင်း၏ ဘေးထွက်ဆိုးကျိုးများ စတင်လာချိန်တွင် ဝမ်မိသားစုက အနည်းငယ်မျှ စုံစမ်းလိုက်သည်နှင့် သူ့ကြောင့်ဖြစ်ကြောင်း သေချာပေါက် ကောက်ချက်ချကြမည် ဖြစ်သည်။

ထိုအခါ သူတို့က သူ့ကို ဖမ်းဆီးပြီး အရှင်လတ်လတ် အရေခွံဆုတ်ကာ အရွတ်တွေ ဆွဲထုတ်ပစ်ကြမည် မဟုတ်ပါလော။

ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားရင်း ချန်လဲ့သည် နောက်ကြောင်းပြန်လှည့်ကာ မြို့ပြင်ရှိ သူ၏ ပျက်စီးနေသော တဲအိမ်လေးဆီသို့ ဦးစွာ ပြန်ရန် ဆုံးဖြတ်လိုက်သည်။

"စနစ်... အစ်ကိုစနစ်... သခင်ကြီးစနစ်... အဲဒီမှာ ရှိလား... အသံလေးဘာလေး ထွက်ပါဦး..."

သို့ရာတွင် မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။

လမ်းတစ်လျှောက်တွင် ချန်လဲ့သည် ဤစနစ်ကို မည်သို့အသုံးပြုရမည်ကို စမ်းသပ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။

သို့သော် တုံ့ပြန်မှု တစ်ခုမျှ မရှိခဲ့ပေ။

သူသည် သက်ပြင်းချလိုက်ပြီး သူ၏ယိမ်းယိုင်နေသော သစ်သားတံခါးပေါ်တွင် မင်းတုပ်အဖြစ် အသုံးပြုထားသော ကျိုးပဲ့နေသည့် သစ်သားချောင်းကို ဦးစွာ ထောက်ထားလိုက်သည်။

စောစောက သူ အရိုက်ခံရတာ ပြင်းထန်လွန်းသဖြင့် သေချာ နားမထောင်နိုင်ခဲ့ချေ။ စနစ်၏ သတိပေးချက်တွင် "...စနစ် အသိပေးဝန်ဆောင်မှုကို ဖြုတ်ချနေပါသည်..." ဟု ပြောခဲ့ပုံရသည်။

သူ၏စိတ်ထဲတွင် အလွန် ရိုးရှင်းသော အသွင်အပြင် တစ်ခုသာ ရှိနေပေ၏။

တောက်ပသော အလင်းတန်းများ မရှိသလို အသိဉာဏ်ရှိသော အသံလည်း မရှိချေ။ လေထဲတွင် ဝဲပျံနေသော အရောင်အသွေးစုံလင်သည့် ပုံရိပ်ယောင် ဆေးမီးဖိုတစ်ခုသာ ရှိနေသည်။

ဆေးမီးဖိုဘေးတွင် စာကြောင်းအနည်းငယ်ကို ပြသထား၏။

【လက်ရှိ ပိုင်ဆိုင်ထားသော ဆေးလုံးအရေအတွက် - ၂၉၉၉】

【ဆေးလုံး၏ ကောင်းမွန်သော အကျိုးသက်ရောက်မှု - ဆေးတစ်လုံးလျှင် သုံးလစာ ကျင့်ကြံခြင်းကို တိုးပွားစေသည်】

【ဆေးလုံး၏ ဘေးထွက်ဆိုးကျိုး - ဆေးစားသုံးပြီး တစ်နာရီအကြာတွင် စားသုံးသူအား လေးလတိုင်တိုင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားစေရန် အတင်းအကျပ် ဖိအားပေးမည်】

【ဆေးလုံး စားသုံးမှု အခြေအနေ - ၁/၃၀၀၀】

【နောက်တစ်သုတ် ဆေးဖော်စပ်ရန် ခွင့်ပြုချက် - ပိတ်ထားသည် (၂၉၉၉/၃၀၀၀ စားသုံးရန် ကျန်ရှိသေးသည်)】

ချန်လဲ့၏ နှလုံးသားမှာ တစ်ဝက်ခန့် နစ်မြုပ်သွားပေ၏။

စည်းမျဉ်းများအရ စနစ်ဆေးလုံးများကို လူသားများနှင့် အခြားသော သက်ရှိများသာ စားသုံးနိုင်ပြီး လူသားမဟုတ်သော တိရစ္ဆာန်များအတွက် စားသုံးမှု ကန့်သတ်ချက်များ ရှိသည်။

ချန်လဲ့သည် တိတ်ဆိတ်စွာ လျှောက်သွားပြီး သစ်သားပျဉ်ပြားများဖြင့် ဖြစ်ကတတ်ဆန်း ဖန်တီးထားသော သစ်သားကုတင်ပေါ်တွင် ထိုင်ချလိုက်သည်။

ဤပျက်စီးနေသော တဲအိမ်လေးမှာ နေရာတိုင်းတွင် လေဝင်ပေါက်များ ရှိနေသည်။ မိုးရွာ၍ ကျဆင်းလာသော သက်ကယ်မျှင် အချို့သည် ပြတင်းပေါက်တွင် ပျော့ခွေစွာ တွဲလောင်းကျနေ၏။

ပြတင်းပေါက်အနီးရှိ ဆန်အိုးနားတွင် ကြွက်အချို့လည်း ချောင်းကြည့်နေကြသည်။

အထဲတွင် ဘာမှ မရှိချေ...

ချန်လဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

ချောင်းကြည့်နေသော ကြွက်များသည် ချက်ချင်းပင် နောက်ဆုတ်သွားကြ၏။

သူ လုံးလုံးလျားလျား အရှုံးမပေးသေးချေ။ သူသည် စနစ်လေဟာနယ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဆေးလုံးမှာ ဖြူဖွေးချောမွေ့နေပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့သော အလင်းတန်းလေးများ လှည့်ပတ်နေကာ သင်းပျံ့သော ဆေးရနံ့လေးများ ထွက်ပေါ်နေသည်ဖြစ်ရာ ၎င်း၏ အသွင်အပြင်မှာ အလွန် ကောင်းမွန်လှသည်။

သူသည် အလွန်အမင်း အားစိုက်ထုတ်ကာ အိုးကြီးကို ရွှေ့လိုက်ပြီး ပိန်ချုံးနေသော ကြွက်တစ်ကောင်ကို ဖမ်းကာ ဆေးလုံးကို ၎င်း၏ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။

ထို့နောက် သူသည် စနစ်အသွင်အပြင်ကို အလျင်အမြန် စစ်ဆေးလိုက်၏။

တကယ်ပင် 【ဆေးလုံး စားသုံးမှု အခြေအနေ - ၂/၃၀၀၀】 ဟု ပြောင်းလဲသွားသည်။

ကိန်းဂဏန်းများ ခုန်တက်သွား၏။

ချန်လဲ့မှာ ဝမ်းသာသွားသည်။ အလုပ်ဖြစ်ပေသည်။

ဆေးလုံးကို မျိုချပြီးနောက် ကြွက်မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မှိန်ဖျော့သော စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးလေးတစ်ခု ဖြတ်ပြေးသွားသည့်အလား ဖြစ်သွားသည်။

ထို့နောက် ချန်လဲ့သည် ထိုကြွက်ကို ပြတင်းပေါက်တွင် လျှော်ကြိုးပါးပါးလေးဖြင့် ချည်ထားလိုက်၏။

ခေါင်းကုတ်၊ နားကုတ် လုပ်ရင်း တစ်နာရီခန့် အလွန်ခက်ခဲစွာ စောင့်ဆိုင်းပြီးနောက် ကြွက်၏မျက်ခွံများမှာ လေးလံလာပြီး အသံကျယ်လောင်စွာ ဟောက်ကာ အိပ်ပျော်သွားလေတော့သည်။ ချန်လဲ့က မည်မျှပင် ဆွပေးနေစေကာမူ နိုးမလာတော့ချေ။

"ကောင်းပြီလေ... တကယ်ပဲ လေးလတောင် အိပ်ပျော်သွားတာပဲ..."

ချန်လဲ့ သက်ပြင်းချလိုက်သည်။ သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း သူ ပို၍ပင် စိုးရိမ်လာမိ၏။

အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားပြီး ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကြီးမှာ တဖြည်းဖြည်း မှောင်မိုက်လာသည်။

ကုတင်ပေါ်တွင် လှဲလျောင်းရင်း ချန်လဲ့သည် ရှီထန်မြို့မှ မည်သို့ လွတ်မြောက်ရမည်ကို တွေးတောနေမိသည်။

ထိုအချိန်တွင် တစ်ကိုယ်လုံး နာကျင်နေပြီး ဆာလောင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများက ဒီရေအလား ရိုက်ခတ်လာပေ၏။

စိုးရိမ်ပူပန်မှုများနှင့် အကြောက်တရားများကို သယ်ဆောင်ရင်း သူသည် အသိစိတ်လွတ်ကာ ဖြည်းညင်းစွာ အိပ်ပျော်သွားလေတော့သည်။

...

နောက်တစ်နေ့ နံနက်တွင် တံခါးကို အရေးတကြီး ခေါက်သံက သေမင်းခေါ်သံအလား ထွက်ပေါ်လာပေ၏။

ချန်လဲ့မှာ လန့်နိုးသွားသည်။ ယမန်နေ့က အဖြစ်အပျက်များသည် ရုပ်ရှင်ကားတစ်ကားအလား သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွား၏။ အရေးတကြီး ခေါက်သံကြောင့် သူ၏သွေးများပင် အေးခဲသွားမတတ် ဖြစ်သွားရသည်။

"သေစမ်း..."

အခန်း ၂ - ဆေးလုံးရောင်းခြင်း

မိုးလင်းခါစအချိန်တွင် ချန်လဲ့သည် အရေးတကြီး တံခါးခေါက်သံကြောင့် လန့်နိုးသွားခဲ့သည်။

ယမန်နေ့က မှတ်ဉာဏ်များသည် ရုပ်ရှင်ကားတစ်ကားအလား သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး သူ၏အသိစိတ်မှာ အနည်းငယ် ဝေဝါးနေဆဲ ဖြစ်၏။

"သေစမ်း..."

ချန်လဲ့သည် ကုတင်ပေါ်မှ ခုန်ထလိုက်ပြီး တံခါးဆီသို့ တိုးကပ်သွားကာ သစ်သားပြားပေါ်တွင် သူ၏နားကို ဖွဖွလေး ကပ်ထားလိုက်သည်။

တောင့်တင်းသန်မာသော အမျိုးသားအချို့ ဝင်လာပြီး သူ့ကို ဆွဲခေါ်သွားမည်ကို သူ အလွန် ကြောက်ရွံ့နေမိသည်။

သူ ယခုလေးတင် ရရှိထားသော လှည့်ကွက်လေးမှာ အစွမ်းပြရန် အခွင့်အရေးပင် မရသေးဘဲ အိမ်ရှင်ဖြစ်သူမှာ အော့ဖ်လိုင်း ဖြစ်သွားတော့မည် မဟုတ်ပါလော။

"ချန်လဲ့... မင်း အထဲမှာ သေနေပြီလား... ကောင်လေး ချန်လဲ့... ရွာသူကြီး ရောက်နေတယ်... တံခါးဖွင့်စမ်း..."

ဤအက်ကွဲကွဲနှင့် ကြမ်းတမ်းသော အသံကြောင့် သူ၏တင်းမာနေသော အာရုံကြောများ အနည်းငယ် ပြေလျော့သွားပေ၏။

ချန်လဲ့သည် သတိထား၍ တံခါးကို အနည်းငယ်မျှ ဟဟလေး ဆွဲဖွင့်လိုက်သည်။

"ရွာသူကြီး... ဘာလို့ ဒီလောက်စောစောကြီး ရောက်လာတာလဲ..."

ရွာသူကြီးဖြစ်နေသည်ကို မြင်ချိန်တွင်မှ ချန်လဲ့သည် နောက်ဆုံး၌ တံခါးကို အပြည့်အဝဖွင့်ကာ ရွာသူကြီး ဝင်လာစေရန် ဘေးသို့ ဖယ်ပေးလိုက်သည်။

အိုမင်းနေသော ရွာသူကြီးသည် လေဝင်ပေါက်များနေသည့် တဲအိမ်လေးထဲသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

"ကောက်ပဲသီးနှံ အခွန်ဆောင်ရမယ့် အချိန်ရောက်နေပြီ... အနောက်ဆုံး သန်ဘက်ခါပေးရမယ်... မင်းမိသားစုအတွက် ပေးရမယ့်ဝေစုကို ထပ်ပြီး အချိန်ဆွဲနေလို့ မရတော့ဘူး..."

ကောက်ပဲသီးနှံအခွန်။

သူ ထွက်ပြေးရန် ပြင်ဆင်နေပြီ ဖြစ်သည်။ မည်သည့်အကြောင်းကြောင့် ကောက်ပဲသီးနှံအခွန် ဆောင်ရမည်နည်း။

သူ၏မျက်နှာပေါ်တွင် အတင်းအကျပ် ပြုံးထားရသော အပြုံးတစ်ခု ပေါ်လာ၏။

"ရွာသူကြီး... ကျွန်တော့်ကို ရက်အနည်းငယ်လောက် အချိန်ထပ်ပေးလို့ ရနိုင်မလား... ကျွန်တော်..."

"အချိန်ထပ်ပေးရဦးမလား... မင်းကို ဘယ်နှစ်ကြိမ်တောင် အချိန်ပေးခဲ့ပြီးပြီလဲ... မိဘမဲ့တစ်ယောက်အနေနဲ့ မလွယ်ကူဘူးဆိုတာ ငါ သိပါတယ်..."

ရွာသူကြီးက သူ့စကားကို ဖြတ်ပြောလိုက်ပြီး သူ၏လေသံတွင် မတတ်နိုင်ခြင်းနှင့် စိတ်မရှည်ခြင်းတို့ ရောယှက်နေပေ၏။

"ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပဲလေ... ငါက မင်းကို အတင်းအကျပ် ခိုင်းနေတာ မဟုတ်ဘူး... တကယ်လို့ မင်း ကောက်ပဲသီးနှံ အခွန်မဆောင်နိုင်ရင် လုပ်အားပေးအဖြစ် အခေါ်ခံရလိမ့်မယ်... ငါ မင်းအတွက် အကောင်းဆုံး ဝင်ပြောပေးခဲ့ပြီးပြီ... ဘာပဲဖြစ်ဖြစ် မင်းကိုယ်မင်း ဂရုစိုက်ပါ..."

ရွာသူကြီးက ခေါင်းခါပြပြီး ယိုယွင်းနေသော သစ်သားတံခါးကို ဖွင့်ကာ ထွက်ခွာသွားလေတော့သည်။

အကယ်၍ ကောက်ပဲသီးနှံ အခွန်ဆောင်ရန် ငွေရှိခဲ့ပါက ထို 'ခွန်အားကြီးဆေးလုံး' များကို ရောင်းချပြီး သေမလောက် အရိုက်ခံရမည့် အလုပ်မျိုးကို သူ လုပ်ခဲ့မည်လော။

သူသည် ဝမ်ကျွင်း ဆုချခဲ့သော ငွေများကို စမ်းကြည့်လိုက်၏။

ယခု သူ၌ ကောက်ပဲသီးနှံ အခွန်ဆောင်ရန် ငွေရှိနေပြီ ဖြစ်သည်။

သို့သော် ဤသခင်လေးက သူတို့နှင့်အတူ ဆက်နေပြီး အလိုက်သင့် နေသွားမည် မဟုတ်ချေ။

သူသည် နောက်ထပ် ငွေတစ်မိုက်ကို အမြန်ဆုံး ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ငွေလုံလုံလောက်လောက် ရသည်နှင့် သူသည် ကုန်သည်ယာဉ်တန်း တစ်ခုခုကို ရှာဖွေပြီး အဝေးသို့ ချက်ချင်း ထွက်ပြေးမည် ဖြစ်၏။

သူ့ကို မည်သူမျှ မသိသော နေရာတစ်ခုကို ရှာဖွေပြီး ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်မည်။

မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာ၏ တောရိုင်းတောင်တန်းများတွင် မိစ္ဆာသားရဲများ ရှိနေသည်။

ဤကျိန်စာသင့်နေသော နေရာတွင် ကောင်းမွန်သော လမ်းတစ်ခုပင် မရှိချေ။

သူ တစ်ယောက်တည်း ရှီထန်မြို့မှ ထွက်သွားနိုင်မည် မဟုတ်သည်မှာ သေချာပေ၏။

ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ အချိန်ပင် ဖြစ်သည်။

"ငါ စွန့်စားရတော့မယ်..."

သူ၏အကြည့်များသည် သူ၏အသိစိတ်ပင်လယ်ထဲရှိ ဆေးလုံးများဆီသို့ ရောက်သွား၏။

"အဲဒါတွေကို ရောင်းပြီး ပြေးမယ်..."

သူ အချိန်ကွာဟချက်ကို အခွင့်ကောင်းယူရန် မြန်မြန်ဆန်ဆန် လှုပ်ရှားသရွေ့ မည်သူမျှ တုံ့ပြန်နိုင်မည် မဟုတ်ချေ။

ဤကမ္ဘာတွင် စောင့်ကြည့်ကင်မရာများ မရှိပေ။

စုံစမ်းစစ်ဆေးမှုများမှာ တစ်အိမ်တက်ဆင်း မေးမြန်းခြင်းအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။

သူတို့ အမြန်ဆုံး လှုပ်ရှားလျှင်တောင်မှ ဝမ်မိသားစုက သူ့ကို ခြေရာခံမိရန် တစ်ရက် သို့မဟုတ် နှစ်ရက် ကြာလိမ့်မည် မဟုတ်ပါလော။

...

နံနက်ခင်းအချိန် ရှီထန်မြို့ စျေး၏ ထောင့်တစ်နေရာတွင်...

ချန်လဲ့သည် သူ၏ဆိုင်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး သူ အသစ်ရေးသားထားသော ဆိုင်းဘုတ်တွင် ကြီးမား ရှုပ်ထွေးကာ မျက်စိဖမ်းစားနိုင်သော စာလုံးများ ပါဝင်နေပေ၏။

"နဂါးကျားခွန်အား ဆေးလုံး... ဘိုးဘေးတွေရဲ့ လျှို့ဝှက်ဆေးနည်း... တစ်လုံးတည်းနဲ့ ရက်တစ်ရာ ပြင်းပြင်းထန်ထန် ကျင့်ကြံရတာနဲ့ ညီမျှတယ်... အားလုံးအတွက် မျှတတဲ့စျေးနှုန်း... အတုဖြစ်ခဲ့ရင် ဆယ်ဆ လျော်ပေးမယ်..."

၎င်း၏ဘေးတွင် သေချာစဉ်းစားပြီး ရေးသားထားသော စာလုံးသေးသေးလေးများ ရှိနေသည်။

"မိတ်ဆွေများအတွက် သတိပေးချက်

ဤဆေးလုံး၏ ဆေးစွမ်းမှာ ကြီးမားကျယ်ပြန့်သဖြင့် နေရာတွင်ပင် ချက်ချင်း စားသုံးရမည်... အသုံးမဝင်ပါက ငွေပြန်အမ်းပေးမည်... အစာရှောင်ဆေးလုံးနှင့် တွဲဖက်စားသုံးရန်... တစ်ဦးလျှင် ၃ လုံးသာ ကန့်သတ်ထားသည်... ဈေးနှုန်း - ဆေးတစ်လုံးလျှင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး..."

ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည်နှင့် ချက်ချင်းပင် အကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့ပေ၏။

ဈေးထဲတွင် ကြွားလုံးထုတ်သူများနှင့် လိမ်လည်သူများစွာ ရှိသော်လည်း ထုတ်ကုန်ကို နေရာတွင်ပင် ချက်ချင်း စားသုံးခိုင်းရန် ရဲတင်းသူကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

အဓိကအချက်မှာ ဈေးနှုန်းက အလွန် ချိုသာလွန်းနေခြင်းပင်။

စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးဖြင့် သင် အရှုံးမပေါ်နိုင်သလို အလိမ်လည်း မခံရနိုင်ချေ။

"ကောင်လေး... မင်း သိပ်ပြီး ကြွားလုံးထုတ်လွန်းနေတာ မဟုတ်ဘူးလား... စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့ ရက်တစ်ရာ ကျင့်ကြံခြင်းကို ရနိုင်မယ်ပေါ့..."

အသားဝဖြိုးသော မျက်နှာနှင့် လေလွင့်ကျင့်ကြံသူ တစ်ဦးသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆိုင်းဘုတ်ကို လုံးလုံးလျားလျား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်၏။

ချန်လဲ့တွင် အလွန်မြင့်မားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိုယ်ကျင့်တရားများ ရှိနေပေသည်။

ယခင်ဘဝက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိုယ်ကျင့်တရား နည်းပါးသူများမှာ ကျောက်ကပ်ထုတ်ယူခံရရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး ဖြစ်သည်။

အနည်းဆုံးတော့ သူ ဤနေရာသို့ တစ်ကိုယ်လုံး အကောင်းပကတိ ရောက်လာခဲ့သည်။

သူ၏အမူအရာမှာ ရိုးသားဖြောင့်မတ်နေ၏။

"သခင်ကြီး... ဒီငယ်သားက ဒီမှာ ဆိုင်လာဖွင့်ရဲမှတော့ ဘယ်လိုလုပ် ထွက်ပြေးနိုင်မှာလဲ... ဆေးစွမ်းဘယ်လောက်ထက်လဲဆိုတာ သခင်ကြီး တစ်လုံးလောက် စမ်းကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်... ဒီနေရာမှာတင် အစာရှောင်ဆေးလုံးနဲ့ တွဲပြီး သောက်ကြည့်လိုက်ပါ... တကယ်လို့ အသုံးမဝင်ဘူးဆိုရင် ဒီငယ်သားရဲ့ ဆိုင်ကို မှောက်ချပစ်လို့ရပါတယ်... ဒီငယ်သား ဘာတစ်ခွန်းမှ မပြောပါဘူး... ဒီငယ်သားရဲ့ ပိန်လှီနေတဲ့ လက်မောင်းတွေ ခြေထောက်တွေကို ကြည့်ပါဦး... သခင်ကြီးက လက်တစ်ဖက်တည်းနဲ့ ဒီငယ်သားလို လူသုံးယောက်ကိုတောင် အသာလေး အနိုင်ယူနိုင်ပါတယ်... ဒီငယ်သားက သခင်ကြီးကို ဘာကိစ္စ လိမ်ရမှာလဲ..."

သူ၏အမူအရာမှာ လေးနက်နေပြီး သူ၏သရုပ်ဆောင်စွမ်းရည်မှာ အပြစ်အနာအဆာကင်းအောင် ပြည့်စုံလွန်းနေပေ၏။

လေလွင့်ကျင့်ကြံသူမှာ သံသယဝင်နေသော်လည်း စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ဆုံးရှုံးသွားခြင်းကို သူ လက်ခံနိုင်သည်ဟု တွေးလိုက်သည်။

ဤကောင်လေး ဘာလိုချင်နေမှန်းသာ သူ မသိခြင်း ဖြစ်၏။

သူသည် အစာရှောင်ဆေးလုံး တစ်လုံးနှင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။

"ကောင်းပြီလေ... ငါ စမ်းကြည့်လိုက်မယ်..."

ချန်လဲ့က ဆေးလုံးကို ကမ်းပေးလိုက်သည်။

စောင့်ကြည့်နေသူများကလည်း အနားတွင် ဝိုင်းအုံနေကြပြီ ဖြစ်၏။

လူတိုင်း၏ အကြည့်များအောက်တွင် လေလွင့်ကျင့်ကြံသူသည် ဆေးလုံးနှစ်လုံးစလုံးကို အတူတကွ မျိုချလိုက်သည်။

လူတိုင်းသည် ဆေးအာနိသင်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပေသည်။

လူအုပ်ကြီးမှာ စည်ကားနေသော်လည်း အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေ၏။

အရှိန်အဟုန် စုဆောင်းနေသည့်အလားပင်။ အကယ်၍ ဆေးလုံးသာ အလုပ်ဖြစ်ပါက ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုကြီး သေချာပေါက် ပေါ်ပေါက်လာမည် ဖြစ်သည်။

ရုတ်တရက် လေလွင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီသွား၏။ သူ၏အမူအရာမှာ အံ့သြမှုမှသည် အရူးအမူး ဝမ်းသာပျော်ရွှင်မှုဆီသို့ ပြောင်းလဲသွားသည်။

"ပူလိုက်တာ... သန့်စင်လွန်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေပဲ... တကယ် အလုပ်ဖြစ်တယ်ဟ... ငါ့ရဲ့ သုံးလစာ ကြိုးစားပမ်းစား ကျင့်ကြံထားရမှုနဲ့ တန်တယ်..."

သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ကခုန်နေတော့ပြီး အနီးနားရှိ လူများထံသို့ လက်ဟန်ခြေဟန်ဖြင့် ပြသနေကာ ခဏတာမျှ ရယ်စရာကောင်းသော အသွင်အပြင် ဖြစ်နေပေ၏။

သူသည် ချန်လဲ့၏ ကော်လာကို ဆွဲကိုင်ကာ မေးမြန်းလိုက်သည်။

"ကောင်လေး... မင်းဆီမှာ ဘယ်နှလုံး ကျန်သေးလဲ... ငါ အကုန်ယူမယ်..."

ဤအခိုက်အတန့်သည် ရေဆူနေသော ဆီအိုးထဲသို့ ရေစက်များ ကျသွားသည့်အလားပင်။

လူအုပ်ကြီးမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

"ငါ့ကို သုံးလုံးပေး..."

"ငါ ငါးလုံးလိုချင်တယ်..."

"ငါ နှစ်ဆပေးမယ်... ငါ့ကို အရင်ရောင်း..."

လူအုပ်ကြီးသည် ရှေ့သို့ တိုးဝှေ့လာကြပေ၏။

မြင်တွေ့ရသော ရလဒ်များနှင့် ချိုသာသော ဈေးနှုန်းတို့ ပေါင်းစပ်သွားခြင်းသည် အကောင်းဆုံး ကြော်ငြာပင် ဖြစ်သည်။ အော်ဟစ်ရန် သို့မဟုတ် အရောင်းမြှင့်တင်ရန် မလိုအပ်တော့ချေ။

အစာရှောင်ဆေးလုံးနှင့် တွဲသောက်ရမည် သို့မဟုတ် နေရာတွင်ပင် ချက်ချင်းစားသုံးရမည် စသည့် ရှုပ်ထွေးပြီး ထူးဆန်းသော သတ်မှတ်ချက်များနှင့် ပတ်သက်၍မူ အရေးမကြီးတော့ပေ။

စိတ်ဝိညာဉ်ကျောက်တုံးများကို အလုအယက် သိမ်းဆည်းကာ ဆေးလုံးများကို ဝေငှပေးနေစဉ် ချန်လဲ့သည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

"မတွန်းကြပါနဲ့... အားလုံးအတွက် လောက်ပါတယ်... ဒီနေရာမှာပဲ ချက်ချင်း စားရမယ်နော်... ကောင်တာကနေ ထွက်သွားရင် ပြန်အမ်းတာတို့ လဲလှယ်တာတို့ မရပါဘူး..."

တစ်စုံတစ်ယောက်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ တိုးဝှေ့လာပြီး ဆိုင်ရှိပစ္စည်းအားလုံးကို ဝယ်ယူလိုသော်လည်း ချန်လဲ့က ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

"မရဘူး... မရဘူး..."

ချန်လဲ့သည် ဆေးလုံးများ ကိုင်ထားသော လက်ကို ပြန်ရုပ်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် စိတ်ဝိညာဉ်ကျောက်တုံးကို ပြန်တွန်းပေးလိုက်၏။

သူ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ မင်းကို အကုန်ဝယ်ခိုင်းရမည်လော။

အကယ်၍ မင်းက ယူသွားပြီး မစားဘူးဆိုလျှင် သူ၏လှည့်ကွက်လေးက မည်သို့ လုပ်ရမည်နည်း။

သူသည် အကျိုးအမြတ် အနည်းငယ်အတွက် အလုံးစုံကို လုံးလုံးလျားလျား စွန့်စား၍ မရနိုင်ချေ။

ဆိုင်လေးမှာ အလွန် လူကြိုက်များနေပြီး ဆေးလုံးများ လျင်မြန်စွာ လျော့ကျသွားသည်နှင့်အမျှ စိတ်ဝိညာဉ်ကျောက်တုံးများသည် သူ၏အိတ်ထဲသို့ တဂျောက်ဂျောက် ဝင်ရောက်နေပေ၏။

ချန်လဲ့သည် စိတ်လှုပ်ရှားနေသော်လည်း သူ၏ပစ္စည်းများကို ဈေးနှိမ်ရောင်းချလိုက်ရသည့်အလား နှလုံးနာနေသော အမူအရာကို ဟန်ဆောင်ထားရသေးသည်။

ဘေးထွက်ဆိုးကျိုးများ စတင်မည့်အချိန် နီးကပ်လာသည်ကို မြင်သောအခါ အမြန်ရေတွက်ကြည့်လိုက်ရာ သူသည် ဆေးလုံးပေါင်း နှစ်ထောင်ခန့် ရောင်းချပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။

ဆေးစားထားသော ဈေးထဲရှိ ကျင့်ကြံသူ အများစုမှာ မျက်နှာများ ဝင်းပနေပြီး တက်ကြွစွာ စကားပြောဆိုနေကြသည်။

သို့ရာတွင် အချိန်ကုန်ခါနီးပြီဖြစ်ကြောင်း ချန်လဲ့ သိနေပေ၏။

အကယ်၍ သူ ယခု မထွက်သွားပါက မကြာမီတွင် လူအုပ်ကြီး ပြိုကျသွားမည်ဖြစ်ပြီး သူသည်လည်း ဤနေရာတွင် သူတို့နှင့်အတူ သေချာပေါက် ပိတ်မိနေတော့မည် ဖြစ်သည်။

သို့သော် ဖြစ်နိုင်သမျှ မြန်မြန် ထွက်ပြေးရန်အတွက် ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင်။

တကယ်တမ်းတွင် သူ ယနေ့ လုပ်ခဲ့သော အရာသည် အလွန် အန္တရာယ်များလှသည်။

မြို့ထဲတွင် လူများ လှုပ်ရှားရန် ခက်ခဲသော်လည်း နောက်ကွယ်မှ ရည်ရွယ်ချက်ရှိသူများ သေချာပေါက် ရှိနေမည် ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ရှီထန်မြို့ကဲ့သို့ သေးငယ်သော နေရာမျိုးတွင် လူတိုင်းမှာ လေလွင့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။

ချီသန့်စင်ခြင်းအဆင့်တွင် ရှိသူများသည် နတ်ဘုရားစိတ်အာရုံကို မပိုင်ဆိုင်ထားကြချေ။

သူ သတိထားနေသရွေ့...

သူ ဤစွန့်စားမှုကို လုပ်ဆောင်နိုင်သေးသည်။

မည်သို့ပင်ဆိုစေ ယခုအချိန်တွင် သူ့အတွက် အခြား ရွေးချယ်စရာ မရှိတော့ပေ။

ချန်လဲ့သည် ကသောင်းကနင်း ဖြစ်နေသော ဟာကွက်တစ်ခုကို ရှာတွေ့သွားပြီး ကျန်ရှိနေသော ဆေးလုံးများကို သူ၏ဝတ်ရုံထဲသို့ ထိုးထည့်လိုက်သည်။

လူအုပ်ကြီး မတုံ့ပြန်နိုင်မီ သူသည် ငါးရှဉ့်တစ်ကောင်အလား လူအုပ်ထဲသို့ တိုးဝင်သွားပြီး လျင်မြန်သော လှုပ်ရှားမှု အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားလေတော့သည်။

လူအုပ်ကြီးမှာ တွန်းတိုက်နေကြဆဲ ဖြစ်၏။ သူ ယခု မထွက်သွားလျှင် ဘယ်အချိန်မှ ထွက်သွားနိုင်မည်နည်း။

သူသည် ဖောင်းကားနေသော စိတ်ဝိညာဉ်ကျောက်တုံးအိတ်ကြီးကို သယ်ပိုးကာ ချက်ချင်းပင် ထွက်ပြေးသွားလေတော့သည်။

All Chapters