အခန်း (၂၅၉-၂၆၀)
Vol. 17 Ch. 259-260
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -259
အခန်း ၂၅၉ ။ လျန်မားမား
"ကိုယ်လုပ်တော်တွေ ကိုယ်ဝန်ရှိတာ ကောင်းတာပေါ့။ တော်ဝင်မျိုးဆက် ပြန့်ပွါးတာ နန်ချီအတွက်ကောင်းချီးပဲလေ။ မင်းတို့လည်း ငယ်ကြသေးတော့ အားမကျနဲ့။ နောက်ကျ ကလေးရလာမှာပါ။”
မိဖုရားခေါင်ကြီး ပြုံးလျက် ပြောလိုက်သည်။
"အခု နန်းတော်ထဲမှာ ကလေးငါးယောက် ရှိနေပြီဆိုပေမဲ့ နည်းတယ်လို့ပြောရမယ်။ အဲ့တာကြောင့် မင်ရှိုးရုန် ကိုယ်ဝန်ရသွားလို့ အရှင်မင်းကြီး ပျော်နေပြီး မနေ့ကပဲ ကျောက်ချွန်းနန်းဆောင်ကို ပြင်ဆင်ပြီး နောက်နှစ် သူ့ကို ပြောင်းခိုင်းမယ်လို့ ပြောနေတယ်။ နှစ်သစ်ကူးကျရင် ရာထူးတိုးပေးမယ် ထင်တယ်။”
နင်ချန်က လူမသိစေရဘူးလို့ မပြောခဲ့ပေမဲ့ နှစ်သစ်ကူးထိ စောင့်မယ်လို့ ပြောခဲ့တာဆိုတော့ စောင့်စေချင်တဲ့ သဘောပါပဲ။
ဒါကြောင့် မိဖုရားခေါင်ကြီးက စကားကို တိတိကျကျ မပြောဘဲ ထားလိုက်သည်။
မိဖုရာရခေါင်ကြီး၏ရည်ရွယ်ချက်သည်သတင်းဖြန့်လိုက်ပြီး တစ်စုံတစ်ယောက်က နည်းလမ်းရှာကာ ယဲ့မျိုးရိုး ရာထူးတိုးမှာကို တားဆီးပေးမလားလို့ မျှော်လင့်နေခဲ့သည်။
စကားဆုံးပြီမို့ မိဖုရားခေါင်ကြီးလည်း စိတ်မကြည်သဖြင့် အားလုံးကို ပြန်လွှတ်လိုက်သည်။ ကိုယ်လုပ်တော်များ ဖုန်းရှီးနန်းဆောင်မှ တိတ်ဆိတ်စွာ ပြန်လာကြသည်။
လက်ရှိတွင် အဓိကပစ်မှတ်နှစ်ဦးမရှိသည့်အပြင် မနေ့ညက မိဖုရားခေါင်ကြီး အိပ်ဆောင်ဝင်ခဲ့သဖြင့် မနာလိုစရာ မရှိပေ။ ထို့ကြောင့် ပုံမှန်ထက်ဂါဝရပြုပွဲသည်ငြိမ်သက်နေခဲ့သည်။
.....
သို့သော်ယိရွှင်ရုန် သည် လမ်းလျှောက်ထွက်လာသော ယောင်ရှန်း ကို တွေ့သောအခါ အကြီးအကျယ် စကားနာထိုးတော့သည်။
"အို... ဒါညီမလေးယောင်ပါလား။ မင်းရှို့ရုန်နဲ့ အတူတူ ကိုယ်ဝန်ဆောင်ထားရတာဆိုတော့ ဘယ်လိုတောင်တိုက်ဆိုင်တာလဲ။ ဒါပေမဲ့အရှင်မင်းကြီးကလည်းလေ ယွီရှို့အဆောင် ကိုပဲ သွားနေတယ်။ ဝေ့ရွယ်
ဆောင်ကို နည်းနည်းပါးပါးမျက်နှာသာပေးအုံးပေါ့။ ဩော်... မဟုတ်သေးဘူး။ မကြာခင် မင်ရှိုးရုန်က ကျောက်ချွန်းနန်းဆောင်ကို ပြောင်းတော့မှာ။ ဝေ့ရွယ်ဆောင်ထက် အများကြီး ပိုကြီးတယ်လို့ကြားတယ်။”
ယောင်ရှန်း မျက်နှာမဲသွားသော်လည်း ရှေ့မှလူက ရာထူးမြင့်နေသဖြင့် သည်းခံလိုက်ရသည်။
"ရွှင်ရုန် နောက်နေပါပြီ။ ဒီချန်းချဲ့က ကျယ်ယွီ အဆင့်ပဲ ရှိတာပါ။ ကျိုဖင်အဆင့်ရှိတဲ့ မင်ရှိုးရုန်နဲ့ ဘယ်ယှဉ်လို့ရမလဲ။”
"ညီမလေးယောင်ပြောမှပဲ သတိရတော့တယ်။ ကျိုဖင်အဆင့် မဟုတ်တော့ရင် ဝေ့ရွယ်ဆောင်ရဲ့ အဓိက အဆောင်မကြီးမှာ နေလို့မရတော့ဘူးလေ။ ဘေးဆောင်ကို မြန်မြန် ပြောင်းမှ ဖြစ်မယ်မလား။ စည်းကမ်းဖောက်လို့ မဖြစ်ဘူး။ အမအရင်သတိရလို့ တော်သေးတာပေါ့။ တခြားလူတွေ သိသွားရင် နင်က တမင် စည်းကမ်းဖောက်တယ်လို့ ထင်သွားဦးမယ်။”
ယိရွှင်ရုန် အေးစက်စွာ ပြုံးလိုက်ပြီး ဘေးနားက ယွင်ရှို့ ကို အမိန့်ပေးလိုက်သည်။
"ဖန်းကျယ်ယွီဆီမှာ လူအင်အား နည်းနေလောက်တယ်။ နင် လူနှစ်ယောက်လောက် ခေါ်သွားပြီး ပစ္စည်းတွေ ကူသယ်
ပေးလိုက်ပါ။ စိတ်ထဲမထားနဲ့နော်ညီမလေးယောင် ဒါအမရဲ့စေတနာပါ"
ယောင်ရှန်း ငြင်းခွင့်မရလိုက်ခင်မှာပင် ယွင်ရှို့က မိန်းမစိုးလေး လေးယောက်ကို ခေါ်သွားလိုက်သည်။
ယောင်ရှန်း ဒေါသထွက်ပြီး အံကြိတ်ထားသော်လည်း သူမဘက်က မှားနေသဖြင့် သည်းခံလိုက်ရသည်။
....
ထို့ကြောင့် မနက်ခင်း တစ်ပိုင်းအတွင်း ယွင်ရှို့၏ "စေတနာ" ကြောင့် ယောင်ရှန်းသည် ကျယ်ဝန်းသော အဆောင်မကြီးမှ ကျဉ်းမြောင်းသော ဘေးဆောင်သို့ ပြောင်းရွှေ့လိုက်ရသည်။
ယွင်ရှို့ ထွက်သွားသည်နှင့် ယောင်ရှန်း ဒေါသထွက်ပြီး လက်ဖက်ရည်ခွက်ကို ရိုက်ခွဲပစ်လိုက်သည်။
ကျီကျူး လန့်သွားပြီး အမြန် ချော့မော့လိုက်သည်။
"ကျယ်ယွီ... စိတ်မဆိုးပါနဲ့။ ကိုယ်ဝန်ရှိနေတာလေ။ ကျန်းမာရေး ထိခိုက်လိမ့်မယ်။ ယိရွှင်ရုန်က တမင်စနေတာပါ။ သူ့အကွက်ထဲ မဝင်ပါစေနဲ့"
"ယီရွှင်ရုန်ပြောသလို အတူတူ ကိုယ်ဝန်ဆောင်ထားရတာပဲ။ ယဲ့မျိုးရိုးကျတော့ တန်ဖိုးထားခံရတယ်။ ငါ့ဗိုက်ထဲကဟာက ကျောက်ခဲမို့လို့လား။ အရှင်မင်းကြီးက ငါ့ကို အရေးမလုပ်တော့ ဒီကောင်မတွေက ငါ့ကို အနိုင်ကျင့်ရဲလာတာပေါ့။”
ယောင်ရှန်း ဒေါသထွက်လွန်း၍ နဖူးကြောများ ထောင်လာပြီး စိတ်မပြေနိုင်သဖြင့် လက်ဖက်ရည်အိုးကိုပါ ထပ်ရိုက်ခွဲပစ်လိုက်သည်။ လက်ဖက်ရည် တစ်ဝက်ကျန်သေးသဖြင့် ကြမ်းပြင်ပေါ် ဖိတ်စင်သွားပြီး သူမ၏ ဂါဝန်စကို စိုစွတ်သွားစေသည်။
ကျီကျူးလည်း ဒေါသထွက်သော်လည်း ယောင်ရှန်း၏ ဗိုက်ကို စိုးရိမ်သဖြင့် အဝတ်အစား အရင်လဲရန် ချော့မော့လိုက်သည်။
"ကျယ်ယွီ... အရှင်မင်းကြီးဆီ သွားတိုင်ကြမလား။”
နျန်ဝမ် မျက်မှောင်ကြုတ်ပြီး အကြံပေးလိုက်သည်။
"တုံးလိုက်တာ။ အရှင်မင်းကြီး ငါ့ကို ပိုမုန်းသွားအောင် လုပ်မလို့လား"
ယောင်ရှန်း စူးစူးဝါးဝါး ကြည့်လိုက်သည်။
"ငါက ကျိုဖင်အဆင့် မဟုတ်တော့ အဆောင်မကြီးမှာ မနေသင့်တာ အမှန်ပဲ။ ယိရွှင်ရုန်က မမှားဘူး။ ငါက မိသားစုနဲ့ ဒီဗိုက်ကို အားကိုးပြီး ပြန်တက်လာရတာ။ ပိုသတိထားမှ ဖြစ်မယ်။ ဒီကိစ္စလေးနဲ့ ပြဿနာမတက်ချင်ဘူး။ ဘာပဲဖြစ်ဖြစ်ငါက မှားနေတာပဲဟာ။”
နျန်ဝမ် အဆူခံရသဖြင့် မျက်နှာပူသွားပြီး ခေါင်းငုံ့တောင်းပန်လိုက်သည်။
ယောင်ရှန်း လက်ကာပြပြီး သူမကို ထွက်သွားခိုင်းလိုက်သည်။ ကျီကျူးကိုသာ အနားခေါ်ထားသည်။
.....
အခြားတစ်ဖက်တွင် ယဲ့ယွင် နေ့လည်စာ စားပြီးနောက် ယွမ်ကျို ရောက်လာသည်။
သူ့နောက်တွင် အသက် ၄၀ ကျော်ခန့်ရှိသော မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကြီးတစ်ဦး ပါလာသည်။
အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ကို သေသပ်စွာ စည်းနှောင်ထားကာ ငွေရောင် ဆံထိုးနှစ်ချောင်းသာ ထိုးထားသည်။ တခြားအလှဆင်ပစ္စည်း မပါပေ။ ကြည့်ရတာ သပ်ရပ်တဲ့ပုံပဲ။
"ရှိုးရုန် ကို ဂါရဝပြုပါတယ်။ ဒါက လျန်မားမား ပါ။ အရှင်မင်းကြီးက ရှိုးရုန်ကို ပြုစုဖို့နဲ့ ကိုယ်ဝန်စောင့်ရှောက်ဖို့ စေလွှတ်လိုက်တာပါ"
ယွမ်ကျို ပြုံးပြီး မိတ်ဆက်ပေးကာ ဘေးဖယ်ပေးလိုက်သည်။
လျန်မျိုးရိုးသည် အသားဖြူပြီး ရုပ်ရည်သန့်ပြန့်သည်။ ငယ်စဉ်က လှပခဲ့မည့်ပုံ ပေါက်သည်။
"ဒီချန်းချဲ့ လျန်မျိုးရိုး... ရှိုးရုန်ကို ဂါရဝပြုပါတယ်။”
"မားမား ထပါ။ နောက်နောင် ကျွန်မဗိုက်ကို မားမားပဲ တာဝန်ယူပေးပါတော့။”
ယဲ့ယွင် ဖော်ရွေစွာ ပြုံးလိုက်သည်။
ဘေးနားမှ ဟွေယွဲ့က အလိုက်သိစွာငွေထုပ်ကြီးတစ်ထုပ် ထည့်ပေးလိုက်သည်။ လျန်မျိုးရိုး ကိုင်ကြည့်လိုက်ရာ အံ့ဩသွားသည်။
လာတုန်းက ယွမ်ကျို ပြောပြထားသည်။ ဒီသခင်မက ရက်ရောတယ်၊ အလုပ်ကြိုးစားရင် ဆုချလိမ့်မယ်တဲ့။ ဒါပေမဲ့ ပထမဆုံးတွေ့တာနဲ့ ဒီလောက်အများကြီး ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ထို့ကြောင့်ယူပြီးနောက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
နန်းတွင်းအတွေ့အကြုံ ရင့်ကျက်သူမို့ စိတ်ထဲ အံ့ဩနေသော်လည်း မျက်နှာတွင် မပေါ်စေပဲ တည်ငြိမ်နေသည်။
ထိုအချက်ကို ယဲ့ယွင် သဘောကျသွားခဲ့သည်။ ထိုမားမားအပေါ်ပထမအမြင်
သည်အလွန်ကောင်းမွန်ပေသည်။
ပိုင်ရှု က ယွမ်ကျိုကို လိုက်ပို့ပြီးနောက် ယဲ့ယွင်က လျန်မားမားကို အခန်းထဲ ခေါ်သွင်းလိုက်သည်။
စကားပြောပြီး စည်းကမ်းသတ်မှတ်ရမယ်လေ။ သူမက ပြုစုမယ့်သူကို ရှာတာ။ သူမကို ထိန်းချုပ်မယ့်သူ ရှာတာ မဟုတ်ဘူး။
"ကျွန်မက စကားပြောရင် ဒဲ့ပြောတတ်တယ်။ အချိန်ကြာကြီး အတူနေရမှာဆိုတော့ ကြိုပြောပြထားချင်တယ်"
"ရှိုးရုန် သဘောပါပဲ။ ကျွန်တော်မျိုးမ နာခံပါ့မယ်"
လျန်မျိုးရိုး ရိုသေစွာ ပြောလိုက်သည်။
ကြည့်ရတာ ဉာဏ်ကောင်းပြီး အလိုက်သိမည့်ပုံပဲ။ ဉာဏ်ကောင်းသူနှင့် ဆက်ဆံရတော့ မပင်ပန်းဘူးပေါ့။
ယဲ့ယွင်က သူမ၏ စည်းကမ်းများကို ရှင်းပြလိုက်သည်။
ပထမအချက် - အစားအသောက်။ ဘေးကင်းရမယ်၊ အာဟာရရှိရမယ်၊ အရသာရှိရမယ်။ ဒီသုံးချက် ပြည့်စုံရမယ်။ မဖြစ်မနေမှလွဲရင် ပါးစပ်ထဲဝင်သမျှ ဒီအချက်တွေနဲ့ ညီညွတ်ရမယ်။
ဒုတိယအချက် - ကိုယ်ဝန်ထိန်းဆေးနဲ့ တခြားဆေးတွေ မသောက်ဘူး။
ဒါကို နင်ချန်လည်း သိတယ်၊ သမားတော်ရှန် လည်း သဘောတူထားတယ်။ လျန်မျိုးရိုး အံ့ဩသော်လည်း ဘာမှ မပြောပေ။
တတိယအချက် - ယွီရှို့အဆောင် က အစေခံမလေးတွေကို ဆုံးမပဲ့ပြင်ခွင့် ရှိတယ်။ ဒါပေမဲ့ ဗိုက်နဲ့ပတ်သက်တဲ့ ကိစ္စပဲ ဖြစ်ရမယ်။ တခြားကိစ္စ ဝင်မစွက်ဖက်ရဘူး။
အဓိက ဒီနှစ်ချက်ပဲ ရှိတယ်။
လျန်မျိုးရိုး လက်ခံလိုက်သည်။
စကားပြောရင်း သိလိုက်ရတာက လျန်မားမားသည်အရှင်မင်းကြီး၏အထိန်းတော်ကြီး ချင်မားမား၏ ဝမ်းကွဲညီမ ဖြစ်နေသည်။
ဝမ်းကွဲဆက်ဆံရေးကို ကြည့်ရင် အရှင်မင်းကြီးက သေချာ သူမအတွက်စေတနာထားရွေးချယ်ပေးထားမှန်း သိသာသည်။
ချင်မားမား ကိုယ်တိုင် ညွှန်ပေးလိုက်တာ ဖြစ်လောက်တယ်။ ဒါဆိုရင် သူ့နောက်ကြောင်းက သေချာပေါက် ရှင်းလင်းနေမှာပဲ။ ပြောစရာရှိတာ ပြောပြီးနောက် နန်ကျစ်ကို ခေါ်ပြီး နေရာချပေးခိုင်းလိုက်သည်။
တစ်နှစ်နီးပါး နေရမှာ ဖြစ်သလို အရှင်မင်းကြီး ပေးလိုက်သူ ဖြစ်သောကြောင့် အခန်းတစ်ခန်း သီးသန့် ပေးလိုက်သည်။
လျန်မျိုးရိုး ဒီလိုအခွင့်အရေး ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ထို့ကြောင့်အံ့ဩဝမ်းသာသွားပြီး သခင်မအပေါ် အမြင်ကြည်လင်သွားသည်။
ညနေပိုင်းတွင် ယဲ့ယွင် ပုံမှန်အတိုင်း တစ်ရေးအိပ်သည်။ နိုးလာသောအခါ လုမေ့နှင့် လုကျီ တို့ စောင့်နေကြသည်။
ထလာသည်နှင့် ရေနွေးတစ်ခွက် တိုက်လိုက်သည်။ ထို့နောက် လုကျီက ပြုံးစစဖြင့် ဒီနေ့ ဝေ့ရွယ်ဆောင်မှာ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -260
အခန်း ၂၆၀ ။ မိသားစု
"ဖန်းကျယ်ယွီက ကျယ်ဝန်းတဲ့ အဆောင်ကြီးမှာ နေသားကျနေတော့ အခု ဘေးဆောင်ကျဉ်းကျဉ်းလေးမှာ နေရတာ အဆင်ပြေပါ့မလား မသိဘူးရှင်။”
လုကျီ က သဘောကျပြီး မျက်ခုံးများ ပင့်တက်နေသည်။
ယဲ့ယွင် လည်း သူမကို ကြည့်ပြီး ပြုံးလိုက်သည်။
"နေသားကျလား၊ မကျလား သူ ဆုံးဖြတ်လို့ ရတာမှ မဟုတ်တာ။ ကျိုဖင်အဆင့် မဟုတ်ရင် အဆောင်ကြီးမှာ နေခွင့်မရှိဘူး။ ယိရွှင်ရုန် လုပ်တာ မှန်ကန်တယ်"
မှန်ကန်ရုံတင်မကဘူး။ တကယ်စိတ်ကျေနပ်စရာ ကောင်းတာ။
ယောင်မျိုးရိုးက အကြိမ်ကြိမ် လုပ်ကြံခဲ့တာတွေ ပြန်တွေးကြည့်ရင် ယဲ့ယွင်တွင် ထိုတစ်ယောက်ကို ကောင်းကောင်းမွန်မွန်နေစေချင်စိတ် မရှိပေ။ ဒါပေမဲ့ ဆက်ပြောလိုက်သည်။
"နင်က သတင်းစုံစမ်းတာ တော်တယ်။ အခု ငါ့ကိုယ်ဝန်ကိစ္စကို အပြင်လူတွေ သိကုန်ပြီဆိုတော့ ပိုသတိထားရမယ်။ ငါက အလုပ်ရှုပ်တယ်လို့ ထင်မသွားနဲ့။ သတင်းနည်းနည်းလေး ကြားတာနဲ့ ငါ့ကို လာပြော။ ပေါ့ဆလို့ မဖြစ်ဘူး"
လုကျီ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ ရှိုးရုန်။ ကျွန်တော်မျိုးမက မျက်လုံးနှစ်လုံးကို လေးလုံးလို သဘောထားပြီး စောင့်ကြည့်နေပါ့မယ်"
အခန်းထဲတွင် စကားပြောနေစဉ် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။
ဟွေယွဲ့ နှင့် နန်ကျစ် တို့ ဝင်လာကြသည်။ အနောက်တွင် ပိုင်ရှု နှင့် မိန်းမစိုးလေး လေးဦး သေတ္တာကြီးနှစ်လုံး သယ်လာသည်ကို တွေ့လိုက်ရသည်။
"ဒါတွေက ဘာတွေလဲ"
ယဲ့ယွင် မေးလိုက်သည်။
နန်ကျစ် ပြုံးလိုက်သည်။
"ရှိုးရုန် အိပ်နေတုန်း အပြင်က သခင်မကြီးက ပစ္စည်းတွေ ပို့လိုက်တယ်လို့ သတင်းရလို့ ကျွန်မတို့ သွားယူလာတာပါ။ သေတ္တာနှစ်လုံးတောင် ပါလာတယ်။”
သေတ္တာကြီးနှစ်လုံးဆိုတော့ ပစ္စည်းအများကြီး ပါမှာ သေချာတယ်။
ယဲ့ယွင် ရင်ထဲ နွေးထွေးသွားပြီး ဖွင့်ခိုင်းလိုက်သည်။
ပထမသေတ္တာထဲတွင် ချူရှီ ကိုယ်တိုင် ချုပ်ထားသော အဝတ်အစားများ ပါဝင်သည်။ ဒါပေမဲ့ ယဲ့ယွင်အတွက်ပဲ ပါပြီး ကလေးအဝတ်အစား မပါသေးပေ။
ယဲ့ယွင်အတွက် အဝတ်အစား ၁၀ စုံခန့်ချုပ်ပေးထားခဲ့သည်။ ကြည့်ရတာ အားလပ်ချိန်တွေမှာ ကြိုချုပ်ထားပုံရသည်။ ရင်းနှီးနေသော ချုပ်ရိုးချုပ်သားများကို ကြည့်ပြီး ယဲ့ယွင် မျက်ရည်ဝဲလာသည်။
ဟွေယွဲ့ တွေ့သွားပြီး အမြန် ချော့မော့လိုက်သည်။
"ရှိုးရုန်... ဘာလို့ ငိုနေတာလဲ။ ဒါတွေက သခင်မကြီးရဲ့ မေတ္တာတွေပါ။ ရှိုးရုန် ဝမ်းနည်းနေရင် သခင်မကြီး သိသွားရင် စိတ်မကောင်း ဖြစ်နေလိမ့်မယ်။ ဒီမှာ ကြည့်ပါဦး။ ဒီအစတွေက ရှိုးရုန်ရဲ့ ညဝတ်အင်္ကျီအစတွေနဲ့ အတူတူပဲ။ နူးညံ့တယ်။ သခင်မကြီးက သခင်လေးအတွက် ချုပ်ဖို့ ပို့ပေးလိုက်တာ ဖြစ်မယ်"
ပြောရင်း အဝတ်စတစ်ခုကို ယူပြီး ယဲ့ယွင်ကို စမ်းခိုင်းလိုက်သည်။
တကယ်ပဲ နူးညံ့သော ဝါဂွမ်းသားစများ ဖြစ်သည်။ ကလေးအဝတ်အစား ချုပ်ပါကအလွန်ကောင်းမွန်သည်။
ယဲ့ယွင် မျက်ရည်သုတ်ပြီး ပြုံးလိုက်သည်။
"လျန်မားမား ကို ခေါ်လိုက်ပါ။ သုံးလို့ရတာတွေ အခု သုံးမယ်။ မလိုသေးတာတွေ သိမ်းထားမယ်"
"ဟုတ်ကဲ့ပါ"
လုမေ့ ထွက်သွားသည်။
....
မကြာမီ လျန်မားမား ရောက်လာသည်။
အစေခံများက သေတ္တာထဲမှ ပစ္စည်းများကို ထုတ်ထားကြသည်။
အဝတ်အစား၊ အဝတ်စ၊ ဆေးဝါးများ၊ ယဲ့ယွင် အပျိုဘဝက ကြိုက်နှစ်သက်သော သရေစာများ (ဇီးခြောက်၊ အသားခြောက်၊ မုန့်များ) နှင့် ငွေစက္ကူ အထပ်လိုက် ပါဝင်သည်။
ချူရှီအပြင် အဒေါ်ဖြစ်သူ ယန်မျိုးရိုး ထည့်ပေးလိုက်သော ပစ္စည်းအချို့လည်း ပါဝင်သည်။
ဒါက မိသားစုမေတ္တာပါပဲ။
နန်းတော်ထဲမှာ စည်းစိမ်ချမ်းသာနဲ့ နေရပေမဲ့ မိသားစုက စိတ်ပူပြီး ပစ္စည်းတွေ ပို့ပေးနေတုန်းပဲ။
ယဲ့ယွင် စိတ်လှုပ်ရှားပြီး မျက်ရည်ကျလာသည်။ ကိုယ်ဝန်ဆောင် ဟော်မုန်းကြောင့်လား မသိပေမဲ့ ဝမ်းနည်းစိတ် ထိန်းမရ ဖြစ်လာသည်။
မိခင်၊ အစ်ကိုနှင့် လွန်ခဲ့သော ၅ နှစ်က ဆုံးပါးသွားသော အဖေဖြစ်သူတို့ကို လွမ်းဆွတ်မိသည်။
ယဲ့အဖေသည်စစ်သူကြီးဖြစ်သည့်အတွက်
နယ်စပ်မှာပဲနေရသောကြောင့် ယဲ့ယွင်တို့မောင်နှမနှင့် အမြဲတမ်းအတူမရှိနိုင်ခဲ့ပေ။သူမအဖေ၏နောက်ဆုံးအချိန်တောင် မတွေ့လိုက်ရပေ။ အခု ဖခင်ပုံရိပ်က ပြန်ပေါ်လာတော့ ပိုဝမ်းနည်းလာသည်။
ငိုရှိုက်သံ ကျယ်လာသဖြင့် အစေခံများ စိုးရိမ်သွားကြသည်။ လျန်မားမား ရောက်လာတော့ မင်ရှိုးရုန် ငိုနေတာကို တွေ့လိုက်ရသည်။ လုကျီကို မေးကြည့်ပြီးနောက်အကြောင်းစုံ သိလိုက်ရသည်။
လက်ကာပြပြီး တခြားသူများကို အပြင်ထွက်ခိုင်းလိုက်သည်။ ဟွေယွဲ့နှင့် နန်ကျစ်ကိုသာ ချန်ထားလိုက်သည်။
"ရှိုးရုန်... အိမ်လွမ်းနေတာလား"
လျန်မားမား နူးညံ့စွာ မေးလိုက်သည်။
"မကြာခင် နှစ်သစ်ကူး ရောက်တော့မယ်။ သခင်မကြီးက ဘွဲ့ထူးဂုဏ်ပုဒ်ရှိတော့ နန်းတွင်း ဝင်ခွင့်ရှိပါတယ်။ နှစ်သစ်ကူးပွဲတော်မှာ တွေ့လို့ရသလို၊ နှစ်ဆန်းတစ်ရက်နေ့မှာလည်း သီးသန့် တွေ့ခွင့်ရမှာပါ။”
ယဲ့ယွင်ကို အကဲခတ်ကြည့်လိုက်သည်။
အနည်းငယ် သက်သာသွားသော်လည်း ရှိုက်နေဆဲ ဖြစ်သည်။
"စည်းကမ်းအရ ကိုယ်ဝန်ဆောင် ကိုယ်လုပ်တော်တွေ မိသားစုနဲ့ တွေ့ခွင့်ရှိပါတယ်။ အရှင်မင်းကြီး ခွင့်ပြုရင် ညအိပ်
တည်းခိုခွင့်တောင် ရနိုင်ပါတယ်။ ကျွန်တော်မျိူးမက ချင်မားမား နဲ့ ရင်းနှီးတော့ သူ့ကို အကူအညီတောင်းပြီး အရှင်မင်းကြီးကို လျှောက်တင်ခိုင်းလို့ ရပါတယ်။”
ဒီစကားကြားမှ ယဲ့ယွင် အငိုတိတ်သွားပြီးရှက်ရွံ့စွာ မျက်ရည်သုတ်လိုက်သည်။
"အရှင်မင်းကြီးဆီ သွားပြောရင် ထင်ပေါ်လွန်းနေမလား။ မားမား ပြောသလို နောက်တစ်လဆို နှစ်သစ်ကူး ရောက်တော့မှာပဲ။ အဲ့ဒီကျမှ တွေ့တာ ပိုကောင်းမယ် ထင်တယ်။ ကျွန်မက ရုတ်တရက် လွမ်းသွားလို့ ငိုမိတာပါ။ အားနာစရာကြီး"
လျန်မားမား ပြုံးလိုက်ကာ နန်ကျစ်ကို မျက်နှာသစ်ရေ ယူခိုင်းလိုက်သည်။
"ရှိုးရုန်... ရှက်စရာ မလိုပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက စိတ်ခံစားမှု ပြင်းထန်တတ်ပါတယ်။ စိတ်ဆိုးလွယ်တယ်၊ ဝမ်းနည်းလွယ်တယ်။ ပုံမှန်ပါပဲ။ မိသားစုကို တွေ့ချင်တာလည်း သဘာဝပါ။ အရမ်း မထင်ပေါ်ချင်ရင် ဖန်းကျယ်ယွီ ရဲ့ မိသားစုကိုပါ ဖိတ်ခေါ်ခိုင်းလိုက်ရင် ရတာပဲ။”
ယဲ့ယွင် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဒီခံစားချက်ကို တခြားလူတွေ နားမလည်နိုင်ပါဘူး။ စိတ်ခံစားမှုက ရုတ်တရက် တက်လာရင် ထိန်းရခက်တယ်။
လျန်မားမားက အလုပ်လုပ်တာ မြန်ဆန်ပြီး ပါးနပ်သည်။
....
နှစ်ရက်၊ သုံးရက်အကြာတွင် နင်ချန်သည် ချင်မားမားထံမှ ကိုယ်ဝန်ဆောင် နှစ်ဦး စိတ်မကြည်မလင်ဖြစ်နေကြောင်း ကြားသိရသည်။
ချက်ချင်းပင် ယဲ့မိသားစု နှင့် ယောင်မိသားစု မှ သခင်မကြီးများကို နန်းတွင်းသို့ ဖိတ်ခေါ်ပြီး တစ်ညအိပ် တည်းခိုခွင့် ပြုလိုက်သည်။
ကျိုချန်နန်းဆောင် နှင့် ယွီရှို့အဆောင်တို့က သတင်းမထုတ်ပြန်သဖြင့် အပြင်လူများက အရှင်မင်းကြီး သဘောထားကြီးလို့ ခွင့်ပြုတာဟုသာ ထင်ကြသည်။
သို့သော် ယောင်ရှန်းကတော့ ရိပ်မိနေသည်။
နင်ချန်က ဒီလောက် အသေးစိတ် ဂရုစိုက်တတ်သူ မဟုတ်ပေ။သေချာပေါက်တစ်ယောက်ယောက် သတိပေးလို့ ဖြစ်ရမယ်။
သူမကတော့ မိသားစုကို လွမ်းတယ်လို့ မပြောမိဘူး။ ဒါဆိုရင် ယဲ့မျိုးရိုးက ပြောလို့ သူမပါ အဆစ်ပါသွားတာ ဖြစ်မယ်။
မိသားစုနဲ့ တွေ့ရမှာ ဝမ်းသာသော်လည်း ယဲ့မျိုးရိုးကြောင့် တွေ့ရတာမို့ စိတ်မသန့် ဖြစ်နေသည်။ ယဲ့ယွင်ကို ပိုမုန်းတီးသွားသည်။
အရင်ဘဝက ဒီအချိန်ဆို ယဲ့မျိုးရိုး အရိုးပြာတောင် ဖြစ်နေပြီ။ အခုတော့ အချစ်ခံနေရတုန်းပဲ။
ယဲ့ယွင်ကတော့ ဂရုမစိုက်ပါဘူး။ ပျော်
နေသည်။ မနက်ဖြန် အမေဖြစ်သူနဲ့ တွေ့ရတော့မယ်ဆိုတော့ အိပ်ရာခင်းတွေ အသစ်လဲခိုင်း၊ အမေဖြစ်သူကြိုက်တဲ့ မုန့်တွေ လုပ်ခိုင်းနှင့် အလုပ်ရှုပ်နေသည်။
တစ်ညလုံး စောင့်မျှော်ပြီးနောက် မနက်စောစော ထလိုက်သည်။
မနက်စာ စားပြီးသည်နှင့် ပိုင်ရှုကို နန်းတော်တံခါးဝသို့ သွားကြည့်ခိုင်းသည်။
မနက် ၉ နာရီလောက်မှ ရောက်လာကြသည်။
သို့သော် ချက်ချင်း တွေ့ခွင့်မရသေးပေ။ ချူရှီ နှင့် ယောင်သခင်မကြီးတို့သည် ဖုန်းရှီးနန်းဆောင်သို့ သွားရောက်ပြီး မိဖုရားခေါင်ကြီးကို ဂါရဝပြုရဦးမည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -261
ကံကောင်းထောက်မစွာပင် မိဖုရားခေါင်ကြီးသည် အိမ်တော်မှသခင်မနှစ်ဦးနှင့် စကားများစွာပြောလိုစိတ် မရှိပေ။ ထို့ကြောင့်တွေ့ဆုံပြီးနောက် ဝတ်ကျေတန်းကျေ လက်ဖက်ရည်တစ်ခွက်တိုက်ကာ ပြန်လွှတ်လိုက်တော့သည်။
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသည်နှင့် ပိုင်ရှုသည် အပြင်တွင် အသင့်စောင့်နေပြီးဖြစ်ကာ ဝေါယာဉ်ကိုလည်း ပြင်ဆင်လာခဲ့သည်။
သို့သော်ယောင်ကတော် (လျန်ရှီ) မှာမူ အတော်လေး နေရခက်သွားရသည်။ သမီးဖြစ်သူက သူမကို လာကြိုရန် လူလွှတ်မထားသည့်အပြင် နန်းတွင်းအစေခံတစ်ဦးကသာ သူမကို ဝေးရွီအဆောင်သို့ လမ်းပြခေါ်ဆောင်သွားရသဖြင့် ယဲ့ကတော်နှင့် ယှဉ်လျှင် အရှက်ရစရာဟုခံစားလိုက်ရသည်။
"ယောင်ကတော်... ဖြည်းဖြည်းကြွပါဦး၊ ကျွန်မကတော့ အရင်သွားနှင့်ပါပြီ" ဟု ချူရှီက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ယဲ့ကတော်ကလည်း အားနာစရာမလိုပါဘူး" ဟု ယောင်ကတော်က မျက်နှာပျက်ပျက်ဖြင့် ဆိုလိုက်၏။
ချူရှီသည် ဝေါယာဉ်ပေါ်တက်ကာ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူမ ရင်ထဲ၌ မချိတင်ကဲ ဖြစ်နေမိသည်။ သို့သော် ကံကောင်းသည်မှာ သိပ်အဝေးကြီး မလျှောက်ရသေးခင်မှာပင် နျန်ဝမ် ရောက်လာခဲ့သည်။ သို့သော်လည်း ချူရှီကဲ့သို့ ဝေါယာဉ်စီးပြီးသက်သောင့်သက်သာ သွားရသည်မျိုးတော့ မဟုတ်ခဲ့ပေ။
...
ယွီရှို့အဆောင်။
ယဲ့ယွင်သည် အစေခံများ၏ တားမြစ်မှုကို နားမထောင်ဘဲ တံခါးဝတွင် စိုးရိမ်တကြီး စောင့်နေခဲ့သည်။ မိခင်ဖြစ်သူကို မြင်လိုက်ရချိန်တွင် သူမသည် ဂါဝန်စကိုမကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
ချူရှီသည်လည်း သမီးဖြစ်သူကို မြင်
သောအခါ ရင်ထဲ၌ခံစားချက်များ လှိုက်တက်လာပြီး ဝေါယာဉ်ကို အမြန်ရပ်ခိုင်းကာ ဆင်း၍ ဂါရဝပြုရန် ပြင်လေသည်။
"မေမေ!" ယဲ့ယွင်က သူမကို အမြန်ဆွဲထူလိုက်ပြီး ငိုသံပါပါဖြင့် ခေါ်လိုက်မိသည်။
ချူရှီသည် "ရှိုးရုန်မယ်မယ်" ဟု ခေါ်ရန် ပြင်သော်လည်း လည်ချောင်းထဲတွင် တစ်ဆို့နေပြီး ထွက်မလာခဲ့ပေ။ သူမသည် မျက်ဝန်းများ နီမြန်းလျက် သမီးဖြစ်သူကို ဖက်ထားလိုက်တော့သည်။
"ယွင်အာ... မေမေ့ရဲ့ ယွင်အာလေးရယ်"
သားအမိနှစ်ဦးစလုံး စိတ်လှုပ်ရှားကာ တံခါးဝမှာတင် မျက်ရည်ကျနေကြသဖြင့် အစေခံများက အထဲသို့ဝင်ရန် အမြန်ဖျောင်းဖျကြရသည်။
ယဲ့ယွင်သည် ပုံမှန်ဆိုလျှင် အလွန်ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်သော်လည်း ယခုမူ ချူရှီ၏ ပုခုံးပေါ်တွင် မှီတွယ်နေကာ ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေတော့သည်။ လျန်မားမားသည် တံခါးဝမှ ကြည့်နေပြီး ဝင်မနှောက်ယှက်ဘဲ ဟွေယွဲ့နှင့် နန်ကျစ်တို့ကိုပါ အပြင်ထွက်ရန် အချက်ပြလိုက်ကာ သားအမိနှစ်ဦးကိုသာ သီးသန့် အချိန်ပေးရန်စီစဉ်ခဲ့သည်။
"အခု သမီးမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ အရာရာကို သတိထားရမယ်နော်၊ နန်းတွင်းထဲက ပရိယာယ်တွေက အရမ်းများလွန်းတယ်၊ မေမေ တကယ်စိုးရိမ်တယ်"
ချူရှီက သမီး၏လက်ကို ဆုပ်ကိုင်ထားကာ လုံးဝစိတ်မချနိုင်ဖြစ်နေရှာသည်။ ယဲ့ယွင်က သူမလက်ကို ပြန်ဆုပ်ကိုင်ရင်း အသာအယာ နှစ်သိမ့်လိုက်သည်။
"မေမေ စိတ်ချပါ၊ အရှင်မင်းကြီးက သမီးအပေါ် အရမ်းကောင်းပါတယ်၊ ပြီးတော့သမီးရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်းနေထိုင်စားသောက်တာအပြင်ကျန်းမာရေးကို ဂရုစိုက်ဖို့လည်းအတွေ့အကြံရှိတဲ့မားမားတစ်ယောက်ကို သမီးကိုစောင့်ရှောက်ပေးဖို့ ပို့ထားပေးတယ်၊ ကိုယ်ဝန်ကို ကြည့်ပေးတဲ့ သမားတော်ရှန်ကလည်း ဦးလေးနဲ့ ရင်းနှီးတဲ့သူမို့လို့ စိတ်ချရပါတယ်၊ ဘာမှမဖြစ်ပါဘူး။”
"ဒါဆိုရင်တော့ တော်သေးတာပေါ့" ချူရှီက ခေါင်းငြိမ့်ပြပြီး သက်ပြင်းချလိုက်ပြန်သည်။
"မင်းရဲ့ မရီးတုန်းကလည်း ကိုယ်ဝန်နဲ့လင်ကျိုးမှာဒုက္ခခံခဲ့ရတာ ဝေးနေတော့ မေမေ သွားပြီး မစောင့်ရှောက်နိုင်ဘူး၊ အခု မင်းကလည်း ကိုယ်ဝန်နဲ့ နန်းတွင်းထဲမှာဆိုတော့ မေမေ ခဏခဏ လာမတွေ့နိုင်ဘူး၊ မေမေ မင်းတို့ မောင်နှမနှစ်ယောက်အပေါ် တကယ်အားနာမိတယ်၊ မင်းတို့ တစ်ခုခုဖြစ်ရင် မေမေ မင်းတို့အဖေကို ဘယ်လိုမျက်နှာပြရပါ့မလဲ။”
သူမ၏သမီးနဲ့မြေးနှစ်ယောက်အတွက် ချူရှီသည် တကယ်ပင် စိတ်ရှိသလောက် ကိုယ်မပါနိုင်ဖြစ်နေရသည်။ သမီးက နန်းတွင်းထဲမှာ၊ သူမကတော့ သာမန်အမျိုးသမီးတစ်ယောက်ဖြစ်သဖြင့် သမီးကိုကျောထောက်နောက်ခံ မပေးနိုင်ပေ။ သာဖြစ်သူကလည်း စစ်တပ်ထဲမှာမို့ ဝေးလွန်းလှသည်။
နောက်ဆုံးတွင် ဤကလေးနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး မှီခိုအားထားနေကြရပြီး သူမကိုပင် ပြန်လည်စောင့်ရှောက်နေကြရသည်။ သမီးဖြစ်သူ၏ အကြံအစည်များသာ မရှိလျှင် မိမိ၏ အမျိုးအနွယ်ဖြစ်သော ချူမိသားစုမှာ ယခုကဲ့သို့ စည်ပင်ဝပြောလာလိမ့်မည်မဟုတ်ကြောင်း ချူရှီကောင်းကောင်းသိသည်။
"မေမေ အဲဒီလို မပြောပါနဲ့၊ ဖေဖေ မရှိတော့တဲ့နောက် မေမေက သမီးနဲ့ အစ်ကို့အတွက် အဓိက မှီခိုရာပဲလေ၊ မေမေ ရှိနေသရွေ့ ယဲ့မိသားစုက ဘယ်တော့မှ ပြိုကွဲမှာမဟုတ်ဘူး။” ဟု ယဲ့ယွင်က နူးညံ့စွာ ပြောလိုက်သည်။
သမီးဖြစ်သူ၏ စကားကြောင့် ချူရှီ ရင်ထဲ၌ နွေးထွေးသွားပြီး ပြုံးကာ ခေါင်းငြိမ့်လိုက်တော့သည်။ သားအမိနှစ်ဦးသည် တစ်မနက်လုံး အခန်းထဲတွင် အတွင်းရေးစကားများ ပြောဆိုနေကြပြီး အပြင်ရှိ အစေခံများမှာ သခင်မထံမှ ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော ရယ်မောသံများကို ကြားရမှ စိတ်အေးသွားကြတော့သည်။
....
အခြားတစ်ဖက်တွင်မူ ယောင်ရှန်းနှင့် မိခင်ဖြစ်သူ လျန်ရှီတို့မှာ ထိုမျှအထိ ကြည်နူးစရာ မကောင်းလှပေ။
တွေ့ဆုံသည်နှင့် လျန်ရှီသည် မိသားစုက ယောင်ရှန်းထံသို့ ပါးလိုက်သော စကားများကို အရင်ဦးဆုံး အလျင်အမြန် ပြောဆိုတော့သည်။
အဓိကမှာ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိအောင် ပို၍ ကြိုးစားရန် ဖြစ်သည်။ ဧကရာဇ်ဟောင်း လက်ထက်က ယောင်ထိုက်ကွေ့ဖေးသည် အလွန်မျက်နှာသာပေးခံရပြီး မင်းသားတစ်ပါးကိုပင် ဖွားမြင်ခဲ့သဖြင့် ယောင်မိသားစုမှာ ထိုစဉ်က အလွန်တန်ခိုးထွားခဲ့သည်။ သို့သော် ဒုတိယမင်းသား နန်းမတက်နိုင်ခဲ့သဖြင့် ယခင်ကကဲ့သို့ အာဏာမရှိတော့ခြင်း ဖြစ်သည်။
ယခု ယောင်ရှန်းလက်ထပ်တွင် နန်းတွင်းသို့ ဝင်လာသော်လည်း ထိုက်ကွေးဖေးတုန်းကလောက် ဧကရာဇ်ဆီမှမျက်နှာသာမရသဖြင့်
ယောင်မိသားစုမှာဘေးကျပ်နံကျပ်ဖြစ်နေခဲ့သည်။
ယခု ကိုယ်ဝန်ရလာချိန်တွင် မိသားစုက သူမအား သားတော်တစ်ပါး ဖွားမြင်ရန် အလွန်အမင်း မျှော်လင့်နေကြသည်။
သို့သော် သားမွေးမည်၊ သမီးမွေးမည်မှာ ကံတရားကသာ ဆုံးဖြတ်ခြင်းဖြစ်ရာ ယောင်မိသားစုသည် သူမအား ဤကိုယ်ဝန်ပြီးနောက် နောက်ထပ်ကိုယ်ဝန်မရမှာကို စိုးရိမ်သဖြင့် ယောင်မိသားစုမှ အမျိုးသမီးတစ်ဦးကို နန်းတွင်းသို့ ထပ်မံပို့ဆောင်ရန် ကြံစည်နေကြသည်။
ယခုနှစ်တွင် အသက်ပြည့်သူ မရှိသော်လည်း နောက်သုံးနှစ်တွင် အသက် ၁၂ နှစ် ပြည့်မည့် ယောင်မိသားစုမှ အဋ္ဌမမြောက်သခင်မလေးက်ိုအနောက်ဆောင်သို့ပို့ရန် ကြိုးစားလိမ့်မည်။ ဤတစ်ကြိမ်လာတွေ့ခြင်းမှာ ယောင်ရှန်း၏ သဘောထားကို တောင်းခံရန်ဖြစ်သော်လည်း တစ်ဖက်တွင်မူ သူမကို ဖိအားပေးခြင်းလည်း ဖြစ်သည်။
အကယ်၍ နောက်သုံးနှစ်အထိ ယောင်ရှန်းဘက်က ထူးမခြားနားဖြစ်နေပါက မိသားစုက အဋ္ဌမမြောက်သမီးလေးကို နန်းတွင်းသို့ သေချာပေါက်ပို့ဆောင်မည်ဖြစ်သည်။ သို့သော်သူမသာ ရာထူးကြီးကြီး ရရှိထားပါက ထိုသို့အတင်းအကျပ်လုပ်ရန် မလိုတော့ပေ။
မူလက မိခင်ဖြစ်သူ လာတွေ့သဖြင့် ယောင်ရှန်း အနည်းငယ် ဝမ်းသာမိသော်လည်း မိခင်ဖြစ်သူ၏ စကားများကို ကြားပြီးနောက်တွင်မူ ထိုဝမ်းသာမှုများမှာ လွင့်စင်သွားတော့သည်။ သူမကိုယ်ဝန်ရှိနေချိန်မှာပင် မိသားစုက အာဏာအတွက် နောက်သုံးနှစ်အရေးကို တွက်ချက်နေကြသည်မှာ တကယ်ပင် ဝမ်းနည်းစရာ ကောင်းလှသည်။
....
နောက်ဆုံးတွင် ဤသားအမိနှစ်ဦး၏ စကားဝိုင်းမှာ မကြည်မလင်ဖြင့်သာ ပြီးဆုံးသွားခဲ့သည်။ ယောင်ရှန်းသည် အဆောင်ဘေးခန်းတွင် နေထိုင်ရသဖြင့် နေရာသိပ်မကျယ်ရာ နှစ်ဦးတူတူနေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မိခင်အတွက် အနောက်ဘက်ဆောင်ကို သန့်ရှင်းရေးလုပ်ပေးကာ နေစေခဲ့သည်။
ယောင်မိသားစုမှာ မြို့စားမင်းအိမ်တော်ဖြစ်ပြီးချမ်းသာကြွယ်ဝသဖြင့် လျန်ရှီသည် ယခုကဲ့သို့ နေရာကျဉ်းကျဉ်းတွင် မနေတတ်ပေ။ ကံကောင်းထောက်မစွာပင် ထိုက်ကွေ့ဖေးက ယောင်ရှန်း၏ အခက်အခဲကို သိသဖြင့် သားအမိနှစ်ဦးကို စီအန်းနန်းဆောင်သို့ ခေါ်ကာ စကားပြောစေပြီး ထိုနေရာမှာပင် တည်းခိုစေခဲ့သည်။
....
ယွီရှို့အဆောင်တွင်မူ ယဲ့ယွင်သည် ညဘက်တွင် ချူရှီကို ဘေးခန်းသို့ သွားမအိပ်ခိုင်းဘဲ သားအမိနှစ်ဦး တူတူအိပ်ခဲ့ကြသည်။ အိမ်ထောင်မပြုခင်ကမိခင်နှင့် တူတူအိပ်ခဲ့သည့်နောက်ဆုံးအကြိမ်မှာ ယဲ့ယွင်နန်းတွင်းမဝင်ခင် ညကပင် ဖြစ်သည်။ နှစ်အတော်ကြာမှ ဤကဲ့သို့ အခွင့်အရေး ပြန်ရခြင်းဖြစ်ပြီး သားအမိနှစ်ဦးသည် မကုန်နိုင်သော စကားများကို ပြောဆိုရင်း သန်းခေါင်ကျော်မှသာ အိပ်ပျော်သွားကြတော့သည်။
ဒုတိယနေ့တွင် နှစ်ဦးစလုံး အိပ်ရာထနောက်ကျသွားကြသည်။ ချူရှီမှာ အနည်းငယ် အားနာနေသော်လည်း အစေခံများက ထိုအခြေအနေကို နေသားတကျ ရှိနေသည်ကို မြင်မှ သမီးဖြစ်သူ သည်ပုံမှန်လည်း ဤအတိုင်းပင်ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သမီးပြောခဲ့သော နန်းတွင်းတွင် လွတ်လွတ်လပ်လပ် နေရသည်ဟူသော စကားကို အတော်အတန် ယုံကြည်သွားတော့သည်။
မိသားစုနှင့် တွေ့ဆုံရချိန်မှာ အကန့်အသတ်ရှိသဖြင့် နေ့လည်စာ စားပြီးနောက် ချူရှီသည် နန်းတွင်းမှ ထွက်ခွာရတော့မည် ဖြစ်သည်။ ယဲ့ယွင်မှာ အလွန်ပင် တွယ်တာနေမိသော်လည်း နန်းတွင်းစည်းကမ်းကို မလွန်ဆန်နိုင်ပေ။ ချူရှီ ထွက်ခွာသွားချိန်တွင် ယွီရှို့အဆောင်မှ ပစ္စည်းများစွာကိုလည်း ပြန်လည် ထည့်ပေးလိုက်ရာ သူမ ယူလာသော ပစ္စည်းများထက်ပင် မနည်းလှပေ။
"သခင်မကြီး လာလည်တာကြောင့် ရှိုးရုန် တကယ်ကို ပျော်သွားတာပဲ" ဟု ဟွေယွဲ့က ပြုံးလျက် ဆိုသည်။
ယဲ့ယွင်က နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်ကာ "ဟုတ်တယ်၊ ဒီတစ်ခါ လျန်မားမား တကယ်ကို စိတ်ရောကိုယ်ပါ ကူညီပေးခဲ့တာ၊ နင်သွားပြီး ငါ့မှန်တင်ခုံထဲက မြစိမ်းရောင် သိန်းငှက်ပုံဆံထိုးကို မားမားကို ပေးလိုက်ပါ၊ ပြီးတော့မေမေနဲ့တွေ့ခွင့်ရအောင်လုပ်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ပေးတာလို့သေချာပြောလိုက်နော်။”
ဟွေယွဲ့က ခေါင်းငြိမ့်ကာ အခန်းထဲသို့ ဝင်ယူလေသည်။
စေတနာဟု ပြောလိုက်ချိန်တွင် ယဲ့ယွင်သည် နင်ချန်ကို သတိရသွားသည်။ တကယ်တမ်းတွင် နင်ချန်က ခွင့်မပြုလျှင် လျန်မားမား မည်မျှပင် ကြိုးစားပါစေ အလကားပင် ဖြစ်လိမ့်မည်။ ဤသို့တွေးမိသဖြင့် ကျေးဇူးရှင်ကြီးကို သွားရောက် ကျေးဇူးတင်ရဦးမည်ဟု တွေးလိုက်သည်။
အချိန်တွက်ကြည့်လျှင် ယခု နေ့လည်စာ စားပြီးစဖြစ်၍ အနားယူနေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့်ယဲ့ယွင်သည် အဝတ်အစားလဲကာ ဝေါယာဉ်စီးပြီး ကျိုချန်းနန်းဆောင်သို့ ထွက်လာခဲ့သည်။
....
သူမ ခန့်မှန်းသည်မှာ မမှားပေ။ နင်ချန်သည် တိုင်းပြည်ရေးရာများကြောင့် အလုပ်များနေသဖြင့် နေ့လည်စာကို နောက်ကျမှ စားခဲ့ရပြီး ယခုမှပင် အစာကြေရန် နန်းဆောင်အတွင်း လမ်းလျှောက်နေခြင်း ဖြစ်သည်။
မင်ရှိုးရုန် ရောက်လာကြောင်း အစေခံများကတင်ပြသဖြင့် ချက်ချင်းပင် အထဲသို့ ဝင်ခိုင်းလိုက်သည်။
တံခါးဝတွင် ရှန်းဖေးရောင် (ပန်းရောင်ဖျော့) ဇီးပွင့်ပုံစံ ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး အပြင်တွင် ယုန်မွေးလည်ကတုတ်ပါသော အပေါ်ခြုံအင်္ကျီအဖြူလေးကို ဝတ်ထားသည့် ပုံရိပ်လေး ဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုအဖြူရောင် ဝတ်စုံလေးကြောင့် သူမ၏ နီမြန်းနေသော နှုတ်ခမ်းလေးမှာ ပို၍ပင် ဆွဲဆောင်မှု ရှိနေတော့သည်။
***