← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 17 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 17 Ch. 267-268

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-267

အခန်း ၂၆၇ ။ ပြန်တက်လှမ်းခြင်း

နင်ချန်၏အသေးစိတ်တွေးပေးမှုကြောင့်ယဲ့ယွင်စိတ်ထဲကြည်နူးကာပြုံးရွှင်လျက်ဆိုလိုက်သည်။

"အရှင်မင်းကြီးရဲ့ စိတ်ကူးက တကယ်ကို ဆန်းကြယ်တာပဲ ဒါပေမဲ့ချန်းချဲ့မှာ ပြန်ဆပ်စရာ ဘာမှမရှိလို့ ပန်းတွေပွင့်တဲ့အချိန်ကျရင် အရှင်မင်းကြီးကို အတူတူ ပန်းကြည့်ဖို့ပဲ ဖိတ်ခေါ်နိုင်ပါတော့တယ်"

သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပြုပြင်မွမ်းမံမှုများမှာ အတော်လေး ပြီးစီးနေပြီ ဖြစ်သည်။ တံခါး၊ ပြတင်းပေါက်နှင့် သစ်သားစင်္ကြံများကို ဆေးအသစ် သုတ်ထားပြီး ပြတင်းပေါက်စက္ကူများကိုလည်း အသစ်လဲထားသည်။ အမိုးကို ကြည့်ရသည်မှာလည်း အသစ်စက်စက်ဖြစ်နေသဖြင့် အုတ်ကြွပ်များကို အသစ်လဲထားပုံရသည်။

ရှေ့ဝင်းမှ အသံများကို ကြားရသဖြင့် အနောက်ဘက်တွင် လုပ်ငန်းခွင်ကို ကြီးကြပ်နေသော အကြီးအကဲကုန်းကုန်းမှာ အပြေးအလွှား လာရောက် ဂါရဝပြုလေသည်။

"ကျွန်တော်မျိုး လီယုံဟွိုင်၊ အရှင်မင်းကြီးနဲ့ မင်ရှိုးယွမ်ကို ဂါရဝပြုပါတယ်"

"ထတော့" နင်ချန်က လက်ကာပြကာ "ကျန်း နဲ့ မင်ရှိုးယွမ်က ဒီဝင်းပြုပြင်တာ ဘယ်လိုရှိလဲဆိုတာ လာကြည့်တာ၊ မင်းက တာဝန်ခံဆိုတော့ ကျန်းတို့ကို လိုက်ပြပေးဦး။”

လီယုံဟွိုင်က ထူးသံပေးကာ ဦးတိုက်ပြီးမှ ထရပ်လိုက်သည်။ထို့နောက်သူက ပြုံးရွှင်သော မျက်နှာဖြင့် စတင်ရှင်းပြတော့သည်။

"ဒီကျောက်ချွန်းနန်းဆောင်က နှစ်ထပ်ဝင်း အမျိုးအစားပါ၊ ဒါပေမဲ့ တည်ဆောက်ပုံက နည်းနည်းကွဲပြားပါတယ်၊ ရှေ့ဝင်းက ပိုကျယ်ပြီး အနောက်ဝင်းက နည်းနည်းကျဉ်းပါတယ်၊ တံခါးမကြီးကနေ ဝင်လိုက်တာနဲ့ ရှေ့ဝင်းကို ရောက်မှာပါ၊ အဲဒီမှာ အဆောင်မကြီးနဲ့ ဝဲယာအဆောင်နှစ်ခု ရှိပါတယ်၊ အနောက်ဘက်ကိုတော့ နံရံတစ်ခုနဲ့ ခြားထားပြီး ပန်းဆွဲတံခါးတစ်ခု ရှိပါတယ်၊ အနောက်ဘက်မှာတော့ အဆောင်မကြီးထက် နည်းနည်းကျဉ်းတဲ့ အဆောင်နဲ့ နားနေခန်း နှစ်ခန်း ရှိပါတယ်"

ယဲ့ယွင်သည် ဤကဲ့သို့သော အသေးစိတ်များကို သိပ်မလေ့လာဖူးပေ။ သူမ နေထိုင်ရာ ယွီရှို့အဆောင်မှာ ပုံမှန်ဝင်းတစ်ခုသာဖြစ်ပြီး အဆောင်မကြီး တစ်ခုနှင့် အဆောင်ငယ် နှစ်ခုသာ ရှိသည်။ သူမ နန်းတွင်းဝင်ကတည်းက အဆောင်မကြီးမှာသာ နေထိုင်ခဲ့ပြီး ဘေးအဆောင်ငယ်များကို အစေခံများအား ပေးနေစေခဲ့သည်။ ယခု သေချာကြည့်လိုက်မှ ဘေးအဆောင်များမှာ တကယ်ပင် မကျယ်လှပေ။

ထိုကြောင့်ယိရွှင်ရုန်၏ နှင်ထုတ်ခြင်းကို ခံရကာ ဝေ့ရွယ်အဆောင်၏ အရှေ့ဘက်အဆောင်ငယ်တွင် ကပ်နေရသော ယောင်ရှန်းကို သတိရသွားပြီး ယဲ့ယွင် ရင်ထဲတွင် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။

"ကြည့်ရတာ အတော်လေး သဘောကျနေပုံပဲ၊ သိပ်တောင် မကြည့်ရသေးဘူး ချင်းချင်းက ပြုံးနေပြီပဲ။”

ထိုသို့ပြော၍ နင်ချန်က သူမလက်ကို ဆိတ်လိုက်သည်။

ယဲ့ယွင် အတွေးစကို ဖြတ်လိုက်ပြီး ဘေးမှ လူသားကို ကြည့်ကာ နှုတ်ခမ်းလေးတွန့်

လိုက်သည်။

"အရှင်မင်းကြီး ဆုချထားတာဆိုတော့ ချန်းချဲ့က ဘာမဆို သဘောကျပါတယ်။”

၎င်းတို့နှစ်ဦး၏ ချစ်ကြည်မှုကို မြင်လိုက်ရသော လီယုံဟွိုင်မှာ ပို၍ပင် သတိထားကာ စေ့စပ်စွာ ရှင်းပြတော့သည်။ အရှင်မင်းကြီးက မင်ရှိုးယွမ်ကို ဤမျှ ချစ်မြတ်နိုးနေမှတော့ သူမကို မည်သည့်နည်းနဲ့မျှ အပြစ်မလုပ်ဝံ့ပေ။

သူသည် အခြားနေရာများကိုပါ လိုက်လံ မိတ်ဆက်ပေးသည်။ အခြေခံအားဖြင့် ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း အရှေ့ဘက်အဆောင်ကို သားဖွားခန်းအဖြစ် အသွင်ပြောင်းထားသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ အလွန်ပါးနပ်စွာ ပြင်ဆင်ထားသဖြင့် ကလေးမွေးပြီးလျှင်လည်း မူလအတိုင်း ပြန်လည် ပြုပြင်ရန် လွယ်ကူလှသည်။ ၎င်းကို လူနေခန်းအဖြစ် ပြန်သုံးနိုင်သလို ဂိုဒေါင်ငယ်အဖြစ်လည်း သုံးနိုင်ပေသည်။

အနောက်ဘက်ဆောင်မှာမူ ကလေးအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ နန်းတွင်းတွင် ကလေးများကို မိခင်နှင့်အတူ သိပ်လေ့မရှိဘဲ သီးသန့်အဆောင်တွင်သာ ထားလေ့ရှိသည်။

အနောက်ဘက်သို့ ရောက်ရှိချိန်တွင် အစေခံအချို့ ဆေးသုတ်ခြင်းနှင့် အုတ်ကြွပ်လဲခြင်းများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် အထဲသို့ ဝင်မကြည့်တော့ပေ။ ရှေ့ဝင်းသို့ ပြန်လှည့်လာကာ အဆောင်မကြီးထဲသို့ ဝင်ကြည့်လိုက်ကြသည်။ အခန်းအပြင်အဆင်မှာ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိသော်လည်း အတော်လေး ကျယ်ဝန်းလှသည်။

"ကျန်း ကြည့်ရတာ မင်းဆီမှာ ဟွမ်လီမူသစ်နဲ့ လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်တွေ များနေသလိုပဲ၊ ဒါကြောင့် အားလုံးကို အဲဒီသစ်နဲ့ပဲ လဲခိုင်းလိုက်တယ်၊ အခုလောလောဆယ် သုံးကြည့်လိုက်ဦး၊ မကြိုက်ရင် ထပ်လဲပေးမယ်"

နင်ချန်က ပြောရင်း ဘေးမှ စားပွဲတစ်ခုကို ကိုင်ကြည့်လိုက်သည်။ အထိအတွေ့မှာ အတော်လေး ကောင်းမွန်လှသည်။

ယဲ့ယွင်လည်း သဘာဝအတိုင်း ကျေနပ်သွားကာ ပြုံးရွှင်လျက် အိပ်ခန်းထဲသို့ ဝင်ကြည့်သည်။ ကုတင်ပေါ်တွင် အခင်းများ မခင်းရသေးသော်လည်း ဝတ်ရုံဗီဒိုနှင့် ခုတင်မှာမူ အသင့်ရှိနေပြီ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ အံ့သြသွားတော့သည်။

"ဒီခုတင်က နန်မူသစ်နဲ့ လုပ်ထားတာလား?"

နင်ချန်က ချောင်းဟန့်ကာပြောလိုက်သည်။

"အင်း... ကျန်း က သီးသန့် လုပ်ခိုင်းထားတာ၊ နန်မူသစ်က ခိုင်ခံ့ပြီး တာရှည်ခံတယ်၊ ခုတင်လုပ်ဖို့ အကောင်းဆုံးပဲ"

ယဲ့ယွင်က လက်ဖြင့် စမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက အရမ်း တန်ဖိုးကြီးလွန်းနေပြီလား မသိဘူး"

နင်ချန်က မျက်ခုံးလေးပင့်ကာ

"ဒါက သာမန် နန်မူသစ်ပါ၊ ရွှေမျှင်နန်မူမှ မဟုတ်တာ၊ မင်းက ကျန်း ကို ခုတင်ကောင်းကောင်း တစ်လုံးတောင် မလုပ်ပေးနိုင်ဘူးလို့ ထင်နေတာလား။”

"အရှင်မင်းကြီးက ချန်းချဲ့အပေါ် တကယ် ကောင်းလွန်းပါတယ်၊ ချန်းချဲ့တောင် နည်းနည်း ကြောက်လာပြီ"

ယဲ့ယွင်က နင်ချန်ရှေ့တွင်တိုးတိုးလေး ညည်းတွားလိုက်သည်။

သူမက လှည့်လိုက်ပြီး သူ့ကို စိုက်ကြည့်

လိုက်၏။ ယဲ့ယွင်၏မျက်ဝန်းထဲရှိ ဝမ်းနည်းရိပ်များကို မြင်လိုက်ရသဖြင့် နင်ချန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သူက လက်ကိုလှမ်း၍ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ဘာဖြစ်လို့လဲ... ကျန်း က မင်းကို ကာကွယ်ပေးထားတာပဲ၊ ဘာကို ကြောက်နေတာလဲ။”

"ချန်းချဲ့ ကြောက်တာက တစ်နေ့ကျရင် အရှင်မင်းကြီး ချန်းချဲ့ကို မချစ်တော့မှာကိုပါ၊ အခု အရှင်မင်းကြီး ချန်းချဲ့အပေါ် ကောင်းပေးသမျှတွေက နောက်တစ်ချိန်ကြတခြားလူတွေအတွက်ဖြစ်သွားမှာကြောက်သလို အဲ့လူတွေကချန်းချဲ့ကို ဒုက္ခပေးမှာလည်းကြောက်တယ်။”

ယဲ့ယွင်၏ အသံမှာ အနည်းငယ် လေးလံနေသည်။ သူမ၏ ခေါင်းကို နင်ချန်၏ ပုခုံးပေါ်သို့ ဂရုတစိုက် မှီထားလိုက်၏။ ထိုအခိုက်အတန့်တွင် သူမသည် ဒဏ်ရာရထားသော ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ နုနယ်နေတော့သည်။

ဤကဲ့သို့ အခြေအနေမျိုးမှာ အလွန်ရှားလှသဖြင့် နင်ချန်၏ စိတ်နှလုံးမှာ နာကျင်သွားရသည်။ ရင်ခွင်ထဲက လူသားလေးမှာ ပုံမှန်ဆိုလျှင် မောက်မာရိုင်းစိုင်းသော်လည်း တကယ်တမ်းတွင်မူ ရိုးသားဖြူစင်သော အမျိုးသမီးငယ်လေးသာ ဖြစ်သည်။ ယဲ့မိသားစုကဲ့သို့ ပွင့်လင်းရိုးသားသူတစ်ဦးသည် လှည့်ဖြားတတ်ပြီး ဟန်ဆောင်ကောင်းသူများကြားတွင် မည်သို့ ယှဉ်ပြိုင်နိုင်ပါ့မည်နည်း။

"စိတ်ချပါ... ကျန်း က မင်းကိုရော မင်းတို့သားအမိနှစ်ယောက်လုံး ဘေးကင်းအောင် ကာကွယ်ပေးပါ့မယ်။”

နင်ချန်က ယဲ့ယွင်၏ ကျောကို အသာအယာ ပွတ်သပ်ပေးနေမိသည်မှာ အလွန်ပင် နူးညံ့လှသည်။ ယဲ့ယွင်သည်ခေါင်းကို အနည်းငယ် ငုံ့ထားကာ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရောင်အဝါများ လက်သွားပြီးမှ ပြန်လည်ပြုံးရွှင်သော ပုံစံသို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းအနက်ပိုင်းတွင်မူ တည်ငြိမ်အေးစက်မှုများ ကိန်းအောင်းနေဆဲပင်။

....

ကျောက်ချွန်းနန်းဆောင်မှ ထွက်လာချိန်တွင် ယဲ့ယွင် လမ်းသိပ်မလျှောက်နိုင်တော့ပေ။ မိမိ၏ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကို အထင်ကြီးမိသွားခြင်း ဖြစ်သည်။ ငါးလအရွယ် ကိုယ်ဝန်ဆောင်တစ်ဦးမှာ ဆောင်းရာသီ အဝတ်အစား ထူထူများနှင့်ဖြစ်သောကြောင့်အတော်လေး ပင်ပန်းလှသည်။ ကံကောင်းသည်မှာ ဝေါယာဉ်က အနောက်မှ လိုက်လာသဖြင့် စီး၍ ပြန်ခဲ့ကြသည်။

ဤသို့ အပြင်ထွက်ခြင်းကို မည်သူ့ကိုမျှ ဖုံးကွယ်မထားသဖြင့် နန်းတွင်းတစ်ခုလုံးသိသွားကြတော့သည်။ အရှင်မင်းကြီးသည် မင်ရှိုးယွမ်နှင့်အတူ နေရာသစ်သို့ သွားရောက်ကြည့်ရှုခဲ့သည်ဟူသော သတင်းကြောင့် ကိုယ်လုပ်တော်များမှာ နောက်တစ်ကြိမ် မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာကြပြန်သည်။

....

အခြားတစ်ဖက်တွင်မူ မိဖုရားခေါင်ကြီးသည် ဝေ့ရွယ်အဆောင်သို့ ရောက်ရှိလာခဲ့သည်။ မိဖုရားခေါင်ကြီး ကြွလာကြောင်း ကြားသိရသဖြင့် ယောင်ရှန်းမှာ အံ့သြသွားသော်လည်း ကြိုဆိုရန် ထွက်လာခဲ့သည်။

"မင်းမှာ ကိုယ်ဝန်နဲ့မို့လို့ ဒီလို စည်းမျဉ်းအတိုင်းလုပ်နေဖို့မလိုပါဘူး မြန်မြန် ထ။”

မိဖုရားခေါင်ကြီးက ပြုံးလျက် သူမကို တွဲထူလိုက်သည်။ ယောင်ရှန်းသည် အလိုက်သင့်ထရပ်လိုက်ကာ မိဖုရားကြီးအားဦးညွှတ်ထားဆဲဖြစ်သည်။

"မိဖုရားခေါင်ကြီးက ဘာလို့ ချန်းချဲ့ဆီကို ရုတ်တရက် ကြွလာတာလဲ မသိဘူး၊ အပြင်မှာ အေးတယ်၊ အခန်းထဲဝင်ပြီး လက်ဖက်ရည်ပူပူလေး သောက်ပါဦး"

"ကောင်းပြီ" မိဖုရားခေါင်ကြီးက ခေါင်းငြိမ့်ကာ အဆောင်မကြီးဘက်သို့ ဦးတည်လိုက်သည်။

မိဖုရားခေါင်ကြီးကအဆောင်မကြီးဘက်သို့ဦးတည်နေသဖြင့် ယောင်ရှန်း မတတ်နိုင်တော့ပဲ ပြောရတော့သည်။

"မိဖုရားခေါင်ကြီး... ဒီဘက်ကို ကြွပါဦး"

မိဖုရားခေါင်ကြီး မျက်နှာတွင် နားမလည်

ဟန် ပြလိုက်ကာပြန်ပြောလိုက်သည်။

"မင်းက ဘာလို့ ဘေးအဆောင်ငယ်မှာ သွားနေနေတာလဲ၊ ကိုယ်ဝန်နဲ့ဆိုတော့ အဆောင်ငယ်က ကျဉ်းပြီး နေရတာ အရမ်း ကျပ်ညပ်မနေဘူးလား။”

"မိဖုရားခေါင်ကြီးကို လျှောက်တင်ပါတယ်၊ ချန်းချဲ့က ကျိုဖင်ဘွဲ့ မရှိသေးတော့ စည်းကမ်းတွေကို မလွန်ဆန်ရဲလို့အဆောင်မကြီးမှာ နေရင် စည်းကမ်းဖောက်ဖျက်သလို ဖြစ်မှာစိုးလို့ပါ၊ အရင်ရက်က ယိရွှင်ရုန်ကလည်း သတိပေးတာနဲ့ ချန်းချဲ့ ချက်ချင်းပြောင်းလာခဲ့တာပါ"

ဤကိစ္စကို မိဖုရားခေါင်ကြီး မသိဘဲ မနေမှန်း သူမ သိသော်လည်း ယခုတွင်မူ အတူတူ ဟန်ဆောင်ကပြနေကြရသည်။

အစောပိုင်းက အရှင်မင်းကြီး သူမအပေါ် ဂရုမစိုက်သဖြင့် အဆောင်မကြီးမှ ပြောင်းရသည်ကို မသိသည်မှာ ဖြစ်နိုင်သော်လည်း မိဖုရားခေါင်ကြီးသည် နန်းတွင်းတစ်ခုလုံးကို စောင့်ကြည့်နေသူဖြစ်ရာ သတင်းမရဘဲ မဖြစ်နိုင်ပေ။ ပြောရလျှင် မိဖုရားခေါင်ကြီးသည် ယခုတွင် သူမအား ကျေးဇူးတင်စရာတစ်ခု ဖန်တီးပေးရန် တကူးတက လာရောက်ခြင်း ဖြစ်သဖြင့် ဤကိစ္စကို တမင် ထုတ်ပြောခြင်းသာ ဖြစ်သည်။

မှန်းထားသည့်အတိုင်းပင် မိဖုရားခေါင်ကြီးက သက်ပြင်းချကာ သူမလက်ကို ဆုပ်ကိုင်၍ ပုတ်ပေးလိုက်သည်။

"အို... ပန်းကုန်း မင်းကို တကယ် အားနာမိပါတယ်၊ ကိုယ်ဝန်နဲ့ကို ဘေးအဆောင်ငယ်မှာ ကပ်နေရတယ်လို့၊ ကဲ... ပန်ကုန်း ကပဲ ဆုံးဖြတ်ပေးလိုက်မယ်၊ မင်း အဆောင်မကြီးဆီကို အခုပဲ ပြန်ပြောင်းနေလိုက်တော့၊ ကလေးမွေးပြီးရင်လည်း ရာထူးတက်မှာပဲဆိုတော့ နည်းနည်းစောတာ ဘာမှမဖြစ်ပါဘူး။”

"ချန်းချဲ့မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်"

ယောင်ရှန်းက ခါးလေးကို ကိုင်ကာ အရ်ိုအသေပြုလိုက်သည်။

ဤကျေးဇူးကိုမူ သူမ လက်ခံရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်တိုင် နေရထိုင်ရသက်သောင့်သက်သာ ဖြစ်ရေးက အရေးကြီးသောကြောင့်ပင်။

ယောင်ရှန်းသည် ယခင်ဘဝကတည်းကပင် တစ်ဘဝလုံး တန်ဖိုးကြီးစွာ နေထိုင်ခဲ့သူဖြစ်ပြီး ယခုဘဝတွင်လည်း ထို့အတူပင်ဖြစ်ရာ ဤကဲ့သို့ ကျပ်ကျပ်တည်းတည်း နေရခြင်းကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

ထို့နောက်နှစ်ဦးသား ဘေးအဆောင်ငယ်ထဲတွင် ဝင်ထိုင်လိုက်ကြသည်။ အစေခံများက မုန့်နှင့် လက်ဖက်ရည်များ ချပေးပြီးနောက် အပြင်သို့ ထွက်သွားကြသည်။ မိဖုရားခေါင်ကြီးက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရာ လက်ဖက်ရည်မှာ အတော်လေး ကောင်းမွန်နေသည်ကို တွေ့ရသည်။ အခန်းတွင်းရှိ ပစ္စည်းပရိဘောဂများကို သေချာကြည့်လိုက်လျှင်လည်း အားလုံးမှာ အဆင့်မြင့် ပစ္စည်းများပင် ဖြစ်သည်။

သူမသည် မျိုးရိုးကြီးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ထိုက်ကွေ့ဖေး၏ စောင့်ရှောက်မှုကိုလည်း ရရှိထားရာ ရာထူးအဆင့်ဆင့် ကျဆင်းသွားသည့်တိုင်အောင် နေထိုင်မှုမှာ ခက်ခဲပုံမရပေ။ သို့သော် နေရထိုင်ရ မခက်ခဲခြင်းကအရေးမကြီးပင်၊ အနောက်ဆောင်တွင်ထင်ပေါ်ကျော်ကြားချင်ခြင်းကပင် အရေးကြီးပေသည်။

အမြင့်ကနေ ပြုတ်ကျသွားသောမြင့်မြတ်သောအမျိုးသမီးများသာလျှင် ထိုနေရာသို့ ပြန်လည် တက်လှမ်းလိုစိတ် ပို၍ ပြင်းပြတတ်ကြသည်။

မိဖုရားခေါင်ကြီးသည် မျက်ဝန်းများကို မှေးလိုက်ကာ ဂရုတစိုက် မေးလိုက်သည်။

"ဒီရက်ပိုင်း အစားအသောက်၊ အဝတ်အစားတွေရော အဆင်ပြေရဲ့လား? ကိုယ်ဝန်ကရော တည်ငြိမ်ရဲ့လား၊ ပန်ကုန်း က သမားတော်ဆီက သတင်းကြားရရုံနဲ့ စိတ်မအေးနိုင်လို့ ကိုယ်တိုင်လာကြည့်တာပါ၊ စူးကျယ်ယွီ ရဲ့ သင်ခန်းစာလည်း ရှိထားတာဆိုတော့လေ"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-268

အခန်း ၂၆၈ ။ ထိန်းကျောင်းခြင်း

"မိဖုရားခေါင်ကြီး စိတ်ချပါ၊ ချန်းချဲ့ အားလုံးအဆင်ပြေပါတယ်၊ သမားတော်က တစ်ရက်ခြားတစ်ခါ လာစမ်းသပ်ပေးသလို တစ်ခါတလေလည်း သမားတော်တွေ အပြောင်းအလဲလုပ်ပြီး ကြည့်ခိုင်းပါတယ်၊ ကိုယ်ဝန်က အားလုံး တည်ငြိမ်ပါတယ်"

ယောင်ရှန်းသည် အေးဆေးစွာ ပြုံးလျက် အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာပါးနပ်သော ပုံစံဖြင့် လျှောက်တင်လေသည်။ ယခုအခါ သူမတွင် ယုံကြည်စိတ်ချရသော ကိုယ်ပိုင်သမားတော် မရှိတော့သဖြင့် တစ်ဖက်မှ လက်လှည့်ခံရမည်ကို စိုးရိမ်သောကြောင့် သမားတော်များကို တမင်အပြောင်းအလဲလုပ်၍ စစ်ဆေးခိုင်းနေခြင်း ဖြစ်သည်။

မည်သူ့စကားကိုမျှ အပြည့်အဝ မယုံကြည်ဝံ့သော်လည်း ဤသို့ နှိုင်းယှဉ်စစ်ဆေးခြင်းက ပို၍ စိတ်ချရပေသည်။ နေနောက်ကွယ်မှတစ်ဦးဦးက မရိုးမသားလုပ်ပါက ချက်ချင်း ရိပ်မိနိုင်လိမ့်မည်။ထို့ပြင် ယခုအခါ သူမအနားတွင် ဆေးပညာဗဟုသုတရှိသော ဟိုင်ရှန့် ရှိနေသည်မှာလည်း စိတ်အေးစရာပင်။

"ဒါဆိုရင်တော့ တော်သေးတာပေါ့" မိဖုရားခေါင်ကြီးက ခေါင်းငြိမ့်ပြကာ နှစ်သိမ့်သောအသံဖြင့် ဆက်ပြောသည်။

"မင်ရှိုးယွမ်က စိတ်ကစားတတ်တဲ့ သဘာဝရှိတော့ လူတွေရဲ့ အာရုံစိုက်မှုကို ပိုရတတ်တယ်၊ ငိုတတ်တဲ့ကလေးက နို့ပိုရတယ်ဆိုတဲ့အတိုင်းပဲ... အရှင်မင်းကြီးက ပုံမှန်ဆိုရင် သူမကို ပိုပြီး ဂရုစိုက်မိတာပေါ့၊ မင်းကတော့ အေးအေးဆေးဆေး နေတတ်သူဆိုတော့ နည်းနည်းလျစ်လျူရှုခံရသလို ဖြစ်နေလိမ့်မယ်၊ အရှင်မင်းကြီးအပေါ်တော့ အပြစ်မမြင်ပါနဲ့ဦး"

ယောင်ရှန်းက ချက်ချင်း ခေါင်းခါပြကာ ကြောက်ရွံ့ထိတ်လန့်ဟန် ပြလိုက်သည်။

"ချန်းချဲ့ အရှင်မင်းကြီးအပေါ် အပြစ်တင်ဖို့ နည်းနည်းလေးတောင် မတွေးရဲပါဘူး၊ ချန်းချဲ့ရဲ့ တစ်ခုတည်းသော ဆန္ဒကတော့ ဒီကိုယ်ဝန်ကို သေသေချာချာ စောင့်ရှောက်ပြီး အရှင်မင်းကြီးအတွက် သားတော်၊ သမီးတော် တစ်ပါးပါး ဖွားမြင်ပေးဖို့ပါပဲ"

သူမ၏ ထိုပုံစံကို မြင်လိုက်ရသော မိဖုရားခေါင်ကြီး၏ မျက်ဝန်းများမှာ ပို၍ပင် ပြေလျော့သွားတော့သည်။ တရစပ် ရာထူးချခံရရုံတင်မကဘဲ မျက်နှာသာလည်း မပေးခံရသဖြင့် ကိုယ်ဝန်ရှိသည့်တိုင်အောင် ယောင်ရှန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်နေဆဲပင်။ သို့သော်လည်း သူမကိုယ်တိုင်ကသာ အကြိမ်ကြိမ် ပြဿနာရှာခဲ့သဖြင့် အရှင်မင်းကြီး၏ အသက်ကယ်ကျေးဇူးတရားများမှာ ကုန်ခမ်းသွားခဲ့ရခြင်း ဖြစ်သည်။

ဤသို့တွေးမိသဖြင့် မိဖုရားခေါင်ကြီးသည် ယောင်ရှန်းအား ပို၍ ချော့မော့ရန် လွယ်ကူမည်ဟု ယူဆလိုက်ကာ ချက်ချင်းပင် အလိုက်သင့် ဂရုဏာသက်ဟန် ပြလိုက်လေသည်။

"မင်းကလည်း အရမ်းကို သတိထားလွန်းနေတာပဲ၊ အရှင်မင်းကြီးက မင်းရဲ့ ဘွဲ့အမည်ကို ပြန်ပေးထားကတည်းက မင်းအပေါ် အပြစ်မမြင်တော့ဘူးလို့ ဆိုလိုတာပဲလေ၊ နေ့တိုင်းကြီးတော့ စိတ်ပူမနေပါနဲ့၊ ကိုယ်ဝန်ရှိတာချင်း အတူတူပဲ... မင်ရှိုးယွမ် ရသင့်တာမှန်သမျှ မင်းလည်း ရသင့်တာပဲ၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမနေပါနဲ့"

"ချန်းချဲ့ နားလည်ပါပြီ၊ မိဖုရားခေါင်ကြီးရဲ့ နှစ်သိမ့်မှုအတွက် ကျေးဇူးတင်ပါတယ်" ယောင်ရှန်းက မျက်လွှာချကာ ဆိုလိုက်သည်။

မိဖုရားခေါင်ကြီး ပြုံးလိုက်ကာ နှိမ့်သိမ့်ပေးလိုက်သည်။

" ပန်ကုန်းက မင်းကို ဘယ်လောက်အထိ နှစ်သိမ့်ပေးနိုင်မှာလဲ၊ အရှင်မင်းကြီးကသာ မင်းရဲ့ စိတ်ကို အကောင်းဆုံး နှစ်သိမ့်ပေးနိုင်မှာပါ၊ ကဲ... ပန်ကုန်းဆီမှာ စစ်ဆေးရမယ့် စာရင်းဇယားတွေ ရှိသေးတယ်၊ မင်းလည်း ဘာမှမဖြစ်ဘူးဆိုရင် ပန်ကုန်း အရင်ပြန်လိုက်ဦးမယ်"

"ဒါဆိုရင်တော့ မိဖုရားခေါင်ကြီးကို ဂါရဝပြု နှုတ်ဆက်ပါတယ်"

ယောင်ရှန်းသည် ကျီကျူး၏ လက်ကိုတွဲကာ ထရပ်ပြီး ခါးလေးကို အနည်းငယ်ကိုင်လျက် အရိုအသေပြုလိုက်သည်။ မိဖုရားခေါင်ကြီးက သူမ၏ဗိုက်ကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။

....

မိဖုရားခေါင်ကြီး ထွက်သွားသည်နှင့် ယောင်ရှန်းသည် မိဖုရားခေါင်ကြီး အသုံးပြုခဲ့သော လက်ဖက်ရည်ခွက်ကို လွှင့်ပစ်ခိုင်းလိုက်သည်။ သူမသည် ယခင်ဘဝက ဆက်ခံသူမိဖုရားခေါင်ကြီးအထိဖြစ်ခဲ့ရသော်လည်း သေဆုံးသွားသော ရှဲ့ရှီ (ပထမမိဖုရားခေါင်ကြီး) ကိုသာ အမြဲတစေ ကိုယ်လုပ်တော်တစ်ဦးကဲ့သို့ ဂါရဝပြုခဲ့ရသဖြင့် ထိုခံစားချက်က တစ်ဘဝလုံး သူမကို စိတ်ပျက်စေခဲ့သည်။ ထို့ကြောင့် ယခုဘဝတွင် ရှဲ့မျိုးနွယ်နှင့် ပတ်သက်သောအရာမှန်သမျှကို အနည်းငယ်မျှပင် မပတ်သက်လိုတော့ပေ။

"ကျယ်ယွီ... မိဖုရားခေါင်ကြီးက ဘာဖြစ်ချင်တာလဲ၊ တကူးတက လာပြီးတော့ ကြည့်ရုံပဲလား။”

ကျီကျူးက လက်ဖက်ရည် ပြန်ထည့်ပေးရင်း တိုးတိုးလေး မေးလိုက်သည်။

ယောင်ရှန်းက အေးစက်စွာ ရယ်မောလိုက်ပြီး "ဘာဖြစ်ရမလဲ၊ ငါ့ကို မြှောက်ပေးပြီး ယဲ့ရှီနဲ့ အပြိုင်လုခိုင်းချင်တာပေါ့"

"ဒါဆို ကျယ်ယွီကောဘယ်လိုတွေးလဲ"

ကျီကျူးက နှုတ်ခမ်းမဲ့ကာ ဆိုသည်။

"အရှင်မင်းကြီးကလည်း တကယ်ကို ဘက်လိုက်လွန်းပါတယ်၊ ကျယ်ယွီမှာ ကိုယ်ဝန်ရှိကတည်းက လာတာ အရမ်းနည်းတယ်၊ ယွီရှို့အဆောင်ဘက်ကိုတော့ ခဏခဏ သွားနေတာပဲ!"

"သူ သွားရုံနဲ့ အဲဒီ ယဲ့ရှီက ရွှေသားကလေး မွေးလာမှာမို့လို့လား"

ယောင်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။

"ဒီယဲ့ရှီ ဗိုက်ထဲမှာ ရှိနေတာက ယောက်ျားလေးလား မိန်းကလေးလားတောင် မသိရသေးဘူး၊ တစ်နေ့ကျရင် သမီးလေး မွေးလာမှ အရှင်မင်းကြီး စိတ်ပျက်သွားတာကို မြင်ချင်သေးတယ်"

ဘေးတွင် မီးသွေးထည့်နေသော နျန်ဝမ်က ချက်ချင်း ဝင်ပြောလေသည်။

"ဒါပေါ့... အရပ်စကားမှာတော့ ချဉ်တာကြိုက်ရင် သား၊ စပ်တာကြိုက်ရင် သမီး တဲ့၊ ကျွန်တော်မျိုးမတို့ ကျယ်ယွီက ချဉ်တာတွေပဲ စားနေတာဆိုတော့၊ ဗိုက်ကလေးကလည်း ချွန်နေတာပဲ၊ သားတော်လေး မွေးမှာ သေချာပါတယ်"

ဤစကားက ယောင်ရှန်းကို အလွန်ပင် ကျေနပ်စေခဲ့သည်။ သူမ ဗိုက်ကို ပွတ်သပ်ရင်း မျက်ဝန်းထဲတွင် ထက်မြက်သော အရောင်များ လက်သွားကာ အလွန်ပင် ဝင့်ကြွားနေတော့သည်။

အခြားသူများ မသိသော်လည်း ယောင်ရှန်း ကိုယ်တိုင်ကမူ ရှင်းရှင်းလင်းလင်း သိနေသည်။ သူမသည် ယခင်ဘဝက အရှင်မင်းကြီး၏ စတုတ္ထမင်းသားကို ဖွားမြင်ပေးခဲ့သူပင်။ ဤတစ်ကြိမ်တွင်လည်း အချိန်ရော၊ အစဉ်လိုက်စာရင်းရော အကုန်ကိုက်ညီနေသဖြင့် သူမ သားတော်လေး မွေးဖွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူမ ဗိုက်ထဲတွင် ရှိနေသည်မှာ နန်ချီ၏ အနာဂတ် ဧကရာဇ်ဖြစ်သလို သူမဘဝအတွက် အကြီးမားဆုံးသော အားကိုးရာလည်း ဖြစ်သည်။

ထို့ကြောင့် ယောင်ရှန်းသည် သူမ၏ ဤကိုယ်ဝန်ကို အနည်းငယ်မျှပင် အမှားခံ၍ မဖြစ်ပေ။ မိဖုရားခေါင်ကြီး မည်မျှပင် မြှောက်ပေးပါစေ သူမ ဘာမှလုပ်လိမ့်မည်မဟုတ်ပေ။ ယခုအချိန်တွင် သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ ကိုယ်ဝန်ကို သေချာစောင့်ရှောက်ပြီး သားတော်လေးကို အေးအေးဆေးဆေး မွေးဖွားရန်သာ ဖြစ်သည်။

....

သို့သော်လည်း အလွန်အမင်း တည်ငြိမ်နေဟန်ပြလျှင် မိဖုရားခေါင်ကြီး လာရကျိုးမနပ်ဖြစ်မှာစိုးသဖြင့် ရက်အနည်းငယ်ကြာသောအခါ ဝေ့ရွယ်အဆောင်မှ ကိုယ်လက်မအီမသာ ဖြစ်သည်ဟု အကြောင်းပြကာ အရှင်မင်းကြီးကို လာကြည့်ရန် လူလွှတ်လိုက်သည်။ တကယ်တမ်းတွင် ဘာမှမဖြစ်ဘဲ ခြေထောက် အနည်းငယ် ကြွက်တက်ခြင်းသာ ဖြစ်သည်။

သမားတော်က နင်ချန်အား ရှင်းပြသည်မှာ ကိုယ်ဝန်ရင့်လာချိန်တွင် ဤသို့ဖြစ်တတ်သည်မှာ သဘာဝပင် ဖြစ်ကြောင်း ဆိုသည်။ ယောင်ရှန်း၏ ကိုယ်ဝန်မှာ ခြောက်လနီးပါး ရှိနေပြီဖြစ်ရာ ပုံမှန်ပင် ဖြစ်၏။

"ချန်းချဲ့က ပထမဆုံး ကိုယ်ဝန်ဆိုတော့ ဒါတွေက ပုံမှန်မှန်း မသိလို့ စိုးရိမ်သွားတာပါ၊ အရှင်မင်းကြီးကို တကူးတက ကြွလာအောင် လုပ်မိလို့ တကယ်ကို အားနာမိပါတယ်"

ယောင်ရှန်းက အားနာဟန်ဖြင့် လျှောက်တင်သည်။

နင်ချန်က လက်ကာပြကာ "ဘာမှမဖြစ်ပါဘူး၊ မင်း သတိထားတာက ကောင်းတဲ့အချက်ပဲ၊ ကျန်း လည်း မင်းဆီ မလာဖြစ်တာ ကြာပြီဆိုတော့ ဒီနေ့ နေ့လည်စာ အတူတူစားပြီးမှ ပြန်မယ်"

"ဟုတ်ကဲ့" ယောင်ရှန်းက ပြုံးရွှင်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

....

ဖုန်းရှီးနန်းဆောင်။

မိဖုရားခေါင်ကြီးသည် ဤသတင်းကို ကြားသိရသောအခါ မျက်ဝန်းထဲတွင် အရာရာကို ကြိုတင်သိနေသည့်ဟန်ဖြင့် ပြုံးလိုက်မိသည်။ ယောင်ရှန်းက တစ်ခုခုတော့ ပြန်လုပ်ပြသားပဲ၊ ဤသို့ဖြစ်ခြင်းက ကောင်းပါသည်၊ သူမသည် ယဲ့ရှီတစ်ယောက်တည်း နန်းတွင်းမှာ အာဏာကြီးစိုးနေသည်ကို မကြည့်လိုပေ။

နှစ်ဦးစလုံးမှာ ကိုယ်ဝန်ဆောင် ကိုယ်လုပ်တော်များ ဖြစ်ကြပြီး မိသားစုနောက်ခံမှာလည်း မကွာခြားလှပေ။ အချစ်ခံရမှုတွင်သာ ကွာခြားနေခြင်းဖြစ်သော်လည်း ဗိုက်ထဲက ရင်သွေးကို အသုံးချနိုင်လျှင် ထိုကွာဟချက်ကို အတန်ငယ် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

ယခုအချိန်တွင် ယောင်ရှန်းကို မြှောက်ပေးပြီး ယဲ့ယွင်ကို ထိန်းကျောင်းခိုင်းမထားလျှင် ယဲ့ယွင် ကလေးမွေးပြီးချိန်ကျမှဆိုလျှင် နောက်ကျသွားပေလိမ့်မည်။

" ပန်ကုန်းဆီက သားဆုပန် ကွမ်ရင်မယ်တော်ရုပ်တုကို ဖန်းကျယ်ယွီဆီ သွားပို့ပေးလိုက်ပါ၊ အရှင်မင်းကြီးက မင်ရှိုးယွမ်ကို ပိုပြီး မျက်နှာသာပေးနေတော့ ပန်ကုန်း အနေနဲ့ မိဖုရားခေါင်ကြီး ပီပီ အရှင်မင်းကြီးကိုယ်စား မျှတအောင် လုပ်ပေးရမယ်၊ ဖန်းကျယ်ယွီ စိတ်မကောင်းဖြစ်စေလို့မရဘူးလေ။”

တင်းမားမားက ထူးသံပေးကာ ချက်ချင်းပင် လူလွှတ်လိုက်တော့သည်။ ၎င်းမှာ နန်းတွင်းတစ်ခုလုံးကို သတင်းပေးလိုက်ခြင်းလည်း ဖြစ်သည် ။

အရှင်မင်းကြီးက မင်ရှိုးယွမ်ကို ပိုချစ်သော်လည်း မိဖုရားခေါင်ကြီးကမူ ဖန်းကျယ်ယွီကို ကျောထောက်နောက်ခံ ပေးထားကြောင်းပင်။ ထိုသို့ပြထားမှ ယောင်ရှန်းကို မည်သူမျှ ဖိနှိပ်ရဲမည် မဟုတ်ပေ။

မဟုတ်လျှင် မိဖုရားခေါင်ကြီးအနေဖြင့် ယဲ့ယွင်ကိုဖိနှိပ်ရန်မည်သူ့ကိုမျှ အသုံးချနိုင်တော့မည် မဟုတ်ပေ။

ယိရွှင်ရုန်ကိုဘေးဖယ်ထားရသည့်အကြောင်းအရင်းမှာ သူမသည် တတိယမင်းသားကို ဖွားမြင်ထားသော်လည်း အချစ်ခံရမှုမှာ ယဲ့ယွင်ထက် အမြဲတမ်း နိမ့်ကျနေပြီး ရေရှည်တွင် ယဲ့ယွင်ကို ယှဉ်နိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်သည်။ အခြားသော ကိုယ်လုပ်တော်ငယ်လေးများမှာလည်း အခြေမခိုင်ကြသေးသဖြင့် ယခုအချိန်တွင် ယောင်ရှန်းတစ်ဦးတည်းသာ ယဲ့ယွင်ကို အနည်းငယ်မျှပြန်ကိုက်နိုင်စွမ်း ရှိသည်။

မိဖုရားခေါင်ကြီး၏အကြံအစည်များကို ယဲ့ယွင်သည် မိဖုရားခေါင်ကြီးက ဝေ့ရွယ်အဆောင်ကိုသာ လက်ဆောင်များ ပို့နေကတည်းက ရိပ်မိပြီးသား ဖြစ်သည်။ သို့သော် ယဲ့ယွင်က အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

သူမနှင့် ယောင်ရှန်းမှာ အစကတည်းက ရန်သူများဖြစ်ကြရာ မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ကြရဦးမည်သာ ဖြစ်သည်။ စောစောစီးစီး တိုက်ခိုက်ရမည်ကို သူမ မကြောက်ပေ။

ထို့ပြင် ယောင်ရှန်းသည်လည်းထက်မြက်သူဖြစ်ရာ ယခုအချိန်တွင် သူမကို တိုက်ရိုက်ရန်စလိမ့်မည် မဟုတ်ကြောင်း သိသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်နှစ်ဦး တိုက်ခိုက်ကြခြင်းမှာ မြင်မကောင်းရုံတင်မကဘဲ အမှားအယွင်းတစ်ခုခုဖြစ်လျှင် မိမိကလေးကိုပါ ထိခိုက်နိုင်သောကြောင့်ပင်။

ထို့ကြောင့် သူမတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မနာလိုဝန်တိုပြရုံဖြင့် ဟန်ဆောင်နေကြဦးမည်သာ ဖြစ်သည်။

....

အချိန်များ ကုန်ဆုံးသွားခဲ့ရာ ၁လပိုင်းပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၂လပိုင်း ၁ ရက်နေ့တွင် ယဲ့ယွင်သည် နန်းဆောင်သစ်သို့ ပြောင်းရွှေ့စံမြန်းရမည့်ရက်ကို တရားဝင် သတ်မှတ်လိုက်သည်။ နက္ခတ်ဗေဒင်ဌာန မှ တွက်ချက်ပေးချက်အရ ၂လပိုင်း ၁၀ ရက်နေ့သည် အကောင်းဆုံးရက် ဖြစ်သည်။

သို့သော် ၂လပိုင်း အစကတည်းက ပစ္စည်းများကို တဖြည်းဖြည်း စတင်ရွှေ့ပြောင်းနေပြီ ဖြစ်သည်။ သူမသည် နောက်ဆုံးမှ ပြောင်းရွှေ့မည် ဖြစ်သော်လည်း သူမ၏ ပစ္စည်းများမှာ အလွန်များပြားလှသဖြင့် ဂိုဒေါင်ငယ်လေးမှာပင် ပြည့်လျှံနေတော့သည်။ ကြိုတင်မရွှေ့ပြောင်းထားပါက တစ်ရက်တည်းနှင့် မည်သို့မျှ ပြီးနိုင်မည် မဟုတ်ပေ။

ဤသို့ ပစ္စည်းများကို သေချာစာရင်းစစ်လိုက်မှ ယဲ့ယွင် သတိထားမိလိုက်သည်မှာ - သူမ နန်းတွင်းဝင်လာသည့် ဤနှစ်အနည်းငယ်အတွင်း နင်ချန်က သူမအား ဆုလာဘ်များ တကယ်ပင် မနည်းမနော ပေးခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်က ပေးထားသော ပိတ်စများမှာပင် မသုံးရသေးဘဲ ကျန်နေသေးသည်။

ထိုပစ္စည်းများကို အကြာကြီးထားလျှင်လည်း မကောင်းသဖြင့် သူမသည် အချို့သော ပိတ်စကောင်းများကို ရွေးထုတ်ကာ ဝမ်ရွှင်ရီ၊ ကျိုးဝမ်ရုန်နှင့် ကျန့်ချိုက်ရန်တို့ဆီသို့ လက်ဆောင်အဖြစ် ပေးပို့လိုက်တော့သည်။

***

All Chapters