အခန်း (၂၇၅-၂၇၆)
Vol. 18 Ch. 275-276
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -275
အခန်း ၂၇၅ ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်
ဤကိစ္စအသေးအဖွဲလေးသည် နန်းတွင်း၌ ကြီးမားသောဂယက်ဖြစ်မလာခဲ့ပေ။ သို့သော် ရက်အနည်းငယ်အကြာတွင် နန်းတွင်း၌ ပြဿနာတစ်ခု အမှန်တကယ်ပေါ်ပေါက်လာခဲ့သည်။
ချီရှန်းနန်းဆောင်မှ ဝမ်ဝမ်ရုန်သည် ရုတ်တရက် မျက်နှာတစ်ခုလုံး အနီစက်များ ထွက်လာခဲ့သည်။ သမားတော် စမ်းသပ်ကြည့်ရာ မသန့်ရှင်းသော အရာများနှင့် ထိတွေ့မိခြင်းကြောင့်ဖြစ်ကြောင်း ဆိုသည်။ စုံစမ်းစစ်ဆေးလိုက်သောအခါ သူမ အသုံးပြုနေသော မျက်နှာလိမ်းပေါင်ဒါတွင် ပြဿနာရှိနေကြောင်း တွေ့ရှိရသည်။
ထိုပေါင်ဒါမှာ သူမနှင့်အတူ ချီရှန်းနန်းဆောင်တွင် နေထိုင်သော ယွီပေါင်လင်က လက်ဆောင်ပေးထားခြင်း ဖြစ်သည်။ ဝမ်ရှီသည် ဒေါသကို မထိန်းနိုင်ဘဲ ထိုစဉ်ကပင် လူလွှတ်၍ ယွီပေါင်လင်၏ အနောက်ဘက်ဆောင်သို့ ဝင်ရောက်စီးနင်းကာ ပေါင်ဒါဘူးကို သိမ်းယူပြီး သူမ၏ ကိုယ်ပိုင်ပေါင်ဒါဘူးနှင့်အတူ ကျိုချန်နန်းဆောင် သို့ ယူဆောင်လာခဲ့သည်။
"အရှင်မင်းကြီး... ချန်းချဲ့အနေနဲ့ ယွီပေါင်လင်နဲ့ ဘယ်တုန်းကမှ ရန်ငြိုးမရှိခဲ့ပါဘူး၊ ဒါပေမဲ့ သူမက ချန်းချဲ့ကို ဒီလို အဆိပ်သင့်ပေါင်ဒါတွေ ပေးပြီး မျက်နှာမှာ အနီစက်တွေ ထွက်အောင် လုပ်ခဲ့ပါတယ်၊ အခုဆို ချန်းချဲ့ရဲ့မျက်နှာက လူရှေ့ထွက်လို့တောင် မရတော့ဘူး၊ အရှင်မင်းကြီးအနေနဲ့ ချန်းချဲ့အတွက် တရားမျှတအောင် လုပ်ပေးပါဦး!"
ပုဝါဖြင့် မျက်နှာကို အုပ်ထားသော ဝမ်ရှီကို ကြည့်လိုက်ရာ မျက်နှာအများစုကို ဖုံးကွယ်ထားသော်လည်း နဖူးပေါ်တွင် နီမြန်းရောင်ရမ်းနေသော အဖုများကို မြင်နေရသည်။
အခြေအနေမဟန်သဖြင့်နင်ချန်က မျက်မှောင်ကြုတ်လျက် အမိန့်ပေးလိုက်သည်။
"လူတွေ သွားခေါ်စမ်း... ယွီရှီကို ဒီကိုခေါ်လာခဲ့၊ ပြီးတော့ ဝမ်ဝမ်ရုန်ရဲ့မျက်နှာကို ကြည့်ပေးဖို့ သမားတော်တစ်ယောက်ပါ ပင့်ခဲ့လိုက်"
ယနေ့ သူသည် ကျောက်ချွန်းနန်းဆောင် သို့သွား၍ ယဲ့ယွင်နှင့်အတူ နေ့လည်စာစားရန် ပြင်ဆင်ထားသော်လည်း ယခုတော့ နှောင့်နှေးရပေတော့မည်။
သိပ်မကြာမီမှာပင် ထိတ်လန့်တုန်လှုပ်နေသော ယွီပေါင်လင်ကို ခေါ်ဆောင်လာခဲ့သည်။ သူမသည် ခန်းမထဲသို့ ရောက်သည်နှင့် ငိုယိုကာ ဒူးထောက်လိုက်တော့သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမ မလုပ်ပါဘူး၊ ဝမ်ဝမ်ရုန်ရဲ့ ပေါင်ဒါထဲမှာ မကောင်းတာတွေ ကျွန်တော်မျိုးမ မထည့်ခဲ့ပါဘူး၊ အဲဒီပေါင်ဒါက မိဖုရားခေါင်ကြီးက ကျွန်တော်မျိုးမကို ဆုချထားတာပါ၊ ကျွန်တော်မျိုးမက ဝမ်ဝမ်ရုန်နဲ့ အတူနေတာဆိုတော့ တစ်ဘူး လက်ဆောင်ပေးမိရုံတင်ပါ၊ ဘာမှမလုပ်ဝံ့ပါဘူး၊ အရှင်မင်းကြီး သေချာ စုံစမ်းပေးပါဦး!"
ဝမ်ရှီသည် ထိုစကားကို ကြားရသည်နှင့် ဒေါသတကြီး ပြန်မေးခွန်းထုတ်လေသည်။
"မင်း မလုပ်ဘူးဆိုရင် မိဖုရားခေါင်ကြီးက ငါ့ကို ဒုက္ခပေးချင်နေတာလို့ ပြောချင်တာလား?"
သူမသည် ဒေါသလွန်သွား၍လား၊ သို့မဟုတ် တမင်တကာ လုပ်ဆောင်ခြင်းလား မသိရသော်လည်း စကားပြောရင်းနှင့် မိဖုရားခေါင်ကြီးကိုပါ ဆွဲထည့်လိုက်ခြင်း ဖြစ်သည်။ ယွီရှီသည် ထိတ်လန့်သွားကာ ခေါင်းခါပြလျက် -
"ကျွန်တော်မျိုးမ မဝံ့ပါဘူး၊ အဲဒီလို အဓိပ္ပာယ် မဟုတ်ပါဘူး၊ မိဖုရားခေါင်ကြီးက ဝမ်ရုန်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး"
"ဒါဆို မိဖုရားခေါင်ကြီးလည်း မဟုတ်ဘူး၊ မင်းလည်း မဟုတ်ဘူးဆိုရင် ငါ့မျက်နှာကို ငါကိုယ်တိုင် အဆိပ်ခတ်ပြီး ဖျက်စီးပစ်
တယ်လို့ ပြောချင်တာလား!"
ဝမ်ဝမ်ရုန်က ညဏ်ကောင််းသူပီပီတရစပ် ဖိအားပေး မေးမြန်းတော့သည်။
ယွီရှီအား ပြန်ပြောခွင့်ပင်မပေးဘဲ သူမသည် နင်ချန်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
"အရှင်မင်းကြီး... ချန်းချဲ့က ယွီပေါင်လင်ထက်စာရင် အရှင်မင်းကြီးနဲ့ တွေ့ရတဲ့ အကြိမ်ရေ ပိုများပါတယ်၊ ဒါကြောင့် သူမက မနာလိုဖြစ်ပြီး အဆိပ်သင့်ပေါင်ဒါတွေ ပေးခဲ့တာ သေချာပါတယ်၊ ပြီးတော့လည်းမိဖုရားခေါင်ကြီးကိုပါ ဆွဲထည့်ဖို့ ကြံစည်နေတာပါ၊ မိဖုရားခေါင်ကြီးက နန်းတွင်းရဲ့ မိခင်ပဲ... ဒီလို ကိုယ်လုပ်တော်တွေကို ဒုက္ခပေးမယ့် ကိစ္စမျိုး ဘယ်လုပ်ပါ့မလဲ!"
နင်ချန်သည် အောက်တွင် ဒူးထောက်နေသော ကိုယ်လုပ်တော် နှစ်ဦးကို အေးစက်စွာ ကြည့်လိုက်သည်။ ဝမ်ရှီက ဒေါသထွက်နေသလို ယွီရှီကလည်း ငိုယိုကာ ငြင်းဆိုနေသည်။
ယနေ့ နန်းတွင်း၌ ကျားစခ်နယ်မြေ၏ အကြီးအကဲ အောက်ချီ ဆီမှ သတင်းရရှိထားရာ နယ်စပ်ရှိ ကျင်းလူမျိုးများမှာ ထူးခြားသော လှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။ ဤကဲ့သို့သော အချိန်တွင် အနောက်ဆောင်၌ မတည်မငြိမ်ဖြစ်နေခြင်းမှာ သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေလှသည်။
အပြင်ဘက်တွင် ပြောင်းလဲမှုများ ရှိနေချိန်၌ နန်းတွင်း၏ အခြေအနေကို ယိုင်နဲ့အောင် လုံးဝ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့်ဤကိစ္စတွင် မိဖုရားခေါင်ကြီးကို လုံးဝ ပတ်သက်
ခွင့် မပေးရန်ဆုံးဖြတ်ခဲ့သည်။ ဝမ်ရှီ ပြောသကဲ့သို့ပင် မိဖုရားခေါင်ကြီးသည် တရားဝင် ဇနီးမယားဖြစ်ရာ ပြည်ပရန်ရှိနေချိန်တွင် ကိုယ်လုပ်တော်များကို ဒုက္ခပေးသည်ဟု သတင်းထွက်ပါက လူပြောစရာ ဖြစ်ရုံတင်မကဘဲ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။
ထို့ကြောင့် နင်ချန်သည် အလေးအနက် စဉ်းစားပြီးနောက် ကိစ္စကို အမြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
"ယွီရှီက ကိုယ်လုပ်တော်တွေအပေါ် မနာလိုစိတ်ထားပြီး အဆိပ်ခတ်ဒုက္ခပေးရုံတင်မကဘူး မိဖုရားခေါင်ကြီးကိုပါ စွပ်စွဲဖို့ကြိုးစားခဲ့တယ်။ အဲ့ဒါကြောင့် ယွီရှီကို သာမာန်အရပ်သားအဖြစ်ရာထူးချပြီး ဟန်လုဆောင်ကို ပြောင်းရွှေ့စေပြီး ၆လအကျဉ်းချထားလိုက်။"
"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုးမ မလုပ်ပါဘူး၊ မတရားပါဘူး... မတရားဘူး..."
ငိုကြွေးအော်ဟစ်သံများနှင့်အတူ ယွီရှီကို အစေခံ နှစ်ဦးက ဆွဲခေါ်သွားသဖြင့် အသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"မင်းလည်း ဒီတစ်ခါ တကယ် စိတ်ဆင်းရဲသွားရပြီ၊ ကျန်း သမားတော်တွေကို လွှတ်ပြီး သေချာ ကုသပေးခိုင်းလိုက်မယ်၊ အခုတော့ အနားယူဖို့ ပြန်တော့၊ ဒီအတောအတွင်း ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ၊ ဖုန်းရှီးနန်းဆောင်ကိုလည်း ဂါရဝပြု သွားမနေနဲ့တော့"
နင်ချန်က ဝမ်ရှီကို နှိမ့်သိမ့်၍ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ပါတယ်၊ ချန်းချဲ့ ခွင့်ပြုပါဦး"
လိုချင်တာရပြီးနောက်ဝမ်ဝမ်ရုန်သည် လိမ္မာစွာပင် ဦးတိုက်၍ ထွက်ခွာသွားတော့သည်။
....
သူမ ထွက်သွားပြီးနောက် နင်ချန်သည် ဟွိုက်အန်းကို ခေါ်လိုက်သည်။
"ယွီရှီကို သေချာ စောင့်ကြည့်ထားအစေခံတွေ သူ့ကို နှိပ်စက်တာမျိုး မရှိစေနဲ့။”
ဤကိစ္စတွင် သူသည်အမှန်ပင်ယွီရှီအပေါ် မတရားသလို ဖြစ်သွားခဲ့သည်။ သို့သော် သူမမှာ သူတစ်ပါး၏ အသုံးချခံဖြစ်သွားရသည်မှာ သိသာလှသလို၊ နင်ချန်သည်လည်း သူမကို သေဆုံးသွားသည်အထိတော့ မဖြစ်စေချင်ပေ။ မည်သို့ပင်ဆိုစေ သူသည် အမျိုးသမီးတစ်ယောက်အပေါ်
ရက်စက်တတ်သူမဟုတ်ပေ။
ဟွိုက်အန်းက နားလည်သဖြင့် ချက်ချင်းပင် စီစဉ်တော့သည်။
အခြားတစ်ဖက်တွင်မူ ကျိုချန်နန်းဆောင်မှ ထွက်လာသော ဝမ်ရှီ၏ မျက်နှာတွင် ခုနကဲ့သို့ဒေါသရိပ်များ မရှိတော့ဘဲ တည်ငြိမ်မှုများသာ ရှိနေတော့သည်။
"ဝမ်ရုန်... ရှင်လည်း တကယ်ပါပဲ၊ အဲဒီပစ္စည်းက ပုံမှန်မဟုတ်မှန်း သိရက်နဲ့ မျက်နှာပေါ်ကို တင်သုံးရလား။”
သူမ၏ အနီးကပ်အစေခံ ရှီချင်က စိုးရိမ်တကြီး ပြောသည်။
ဝမ်ရှီက အေးစက်စွာ ရယ်မောလိုက်ပြီး
ပြန်ပြောလိုက်သည်။
"ဒီကိစ္စရဲ့ နောက်ကွယ်ကလူက ငါနဲ့ ယွီရှီကို တိုက်ခိုက်ခိုင်းစေချင်တာလေ၊ ငါကိုယ်တိုင်ကလည်း ယွီရှီကို မကြည်တာနဲ့ အခွင့်အရေးကို အသုံးချလိုက်ရုံပဲ"
ပေါင်ဒါတွင် ပြဿနာရှိနေသည်ကို သူမ စောစောစီးစီး သိရှိခဲ့သည်။ သို့သော် ယွီရှီမှာ ကြောက်တတ်သူဖြစ်ရာ ဤကဲ့သို့ ကိစ္စမျိုးကို လုံးဝ လုပ်ရဲလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမအနားကလူ အဝယ်ခံရခြင်း သို့မဟုတ် ယွီရှီအနားတွင် သူလျှိုရှိနေခြင်း တစ်ခုခု ဖြစ်ရမည်။
နှစ်ဦးလုံး ကိုယ်လုပ်တော်များဖြစ်ကြသော်လည်း ယွီရှီက သူမထက် ပိုလှသလို မိဖုရားခေါင်ကြီး၏ မြှောက်စားမှုကိုလည်း ခံနေရရာ အတူတူနေထိုင်ရသည်မှာ သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ ထို့ကြောင့် ယွီရှီကို နှိပ်ကွပ်ရန် ဤအခွင့်အရေးကို အသုံးချလိုက်သလို မိမိအနားရှိလူများ သစ္စာဖောက်ခြင်း ရှိမရှိကိုပါ စစ်ဆေးလိုက်ခြင်း ဖြစ်သည်။
ယွီရှီသည် အလွန်အမင်း အချစ်ခံရသူမဟုတ်သဖြင့် သူမကို ဒုက္ခပေးရန် မည်သူမျှ တကူးတက ကြိုးစားမည်မဟုတ်သော်လည်း သူမတွင် မိဖုရားခေါင်ကြီး၏ 'နယ်ရုပ်' ဖြစ်သည်ဟူသော အချက် ရှိနေသည်။ ထိုနောက်ကွယ်ကလူမှာ ယွီရှီကို ဖယ်ရှားခြင်းဖြင့် မိဖုရားခေါင်ကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေချင်ခြင်း ဖြစ်သည်။ သူမမှာမူ ထိုကိစ္စတွင် အသုံးချခံရုံသက်သက်ဖြစ်ရာ အကယ်၍ အဆိပ်က ပြင်းထန်ခဲ့လျှင် သူမမျက်နှာပါ ပျက်စီးသွားပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားနိုင်ပေသည်။
မိဖုရားခေါင်ကြီးနှင့် ယှဉ်နိုင်သူမှာ သားတော်ရှိသော သူများသာဖြစ်ရာ ယခုအချိန်တွင် သူမ မထိဝံ့သော သူများပင် ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှီသည် လူမိုက်လုပ်ကာ ယွီရှီကိုသာ ဖယ်ရှားလိုက်ပြီး ကိစ္စကို ထပ်မံစုံစမ်းခြင်း မပြုတော့ပေ။ သူမ၏ အခြေအနေမှာ မခိုင်မြဲသေးသဖြင့် များများစားစား သိနေရန် မလိုအပ်သေးသောကြောင့် ဖြစ်သည်။
ဝမ်ဝမ်ရုန် ခွဲခြမ်းစိတ်ဖြာသည့်အတိုင်းပင် မိဖုရားခေါင်ကြီးသည် ယွီရှီ ရာထူးချခံရသည့် သတင်းကို ကြားသောအခါ ဒေါသထွက်လွန်းသဖြင့် လက်ဖက်ရည်ခွက် အစုံလိုက်ကို ရိုက်ခွဲပစ်လိုက်တော့သည်။ သူမ အသည်းအသန် ပြုစုပျိုးထောင်ထားသော နယ်ရုပ်မှာ အစပင် မပျိုးရသေးမီ ပျက်စီးသွားရသဖြင့် ရင်ထဲတွင် တကယ်ပင် နာကျင်လှသည်။ သို့သော် ဤကိစ္စမှာ သူမနှင့်ပါ သွယ်ဝိုက်၍ ပတ်သက်နေသလို အရှင်မင်းကြီးကလည်း ဆုံးဖြတ်ပြီးသားဖြစ်ရာ ဘာမှလုပ်၍ မရတော့ပေ။ မိဖုရားခေါင်ကြီးအနေဖြင့် မသိကျိုးကျွန်ပြုကာ ဤအရှုံးကို လက်ခံလိုက်ရုံသာ ရှိတော့သည်။
.....
ထိုအချိန်တွင် ကျောက်ချွန်းနန်းဆောင်၌...
နင်ချန်သည် စိတ်ရှုပ်ထွေးနေသဖြင့် နောက်ဆုံးတွင် ယဲ့ယွင်ရှိရာသို့ ထွက်ခွာခဲ့သည်။ ယခုအချိန်တွင် သူ မည်သူ့ကိုမျှ မတွေ့ချင်ဘဲ ယဲ့ယွင်နှင့်အတူ ခဏတာ အနားယူချင်မိသည်။ သူ ရောက်ရှိချိန်တွင် ယဲ့ယွင်က ညစာ (သို့မဟုတ် နေ့လည်စာ) ပြင်ဆင်နေဆဲပင် ဖြစ်သည်။
"ဘာလို့ ဒီနေ့ ဒီလောက်နောက်ကျမှ စားတာလဲ?"
နင်ချန်က မျက်မှောင်ကြုတ်လျက် ပြောတော့သည်။
"မနေ့က အရှင်မင်းကြီး ချန်းချဲ့နဲ့အတူ နေ့လည်စာ စားမယ်လို့ ကတိပေးထားတာလေ၊ ဒီနေ့ကျတော့ အရှင်မင်းကြီး ကြွမလာသလို ဝမ်ဝမ်ရုန် ကျိုချန်နန်းဆောင်ထဲ ဝင်သွားတာကို ပိုင်ရှုက တွေ့တယ်လို့ ပြောပါတယ်၊ အဲ့တာနဲ့အရှင်မင်းကြီးမှာ အဖော်ရှိနေပြီထင်လို့ မနှောင့်ယှက်တော့ဘဲ အခုမှပဲ ကိုယ့်ဘာသာ စားဖို့ ပြင်နေတာပါ"
ယဲ့ယွင်က နူးညံ့စွာ ပြန်ဖြေလိုက်သည်။
နင်ချန်သည် နဖူးကို အသာအယာ ပွတ်လိုက်ပြီးနောက် သူမကို တွဲထူလိုက်သည်။
" ကျန်း ကတိပေးထားရင် သေချာပေါက် လာမှာပေါ့၊ ကျန်း ရဲ့ အမှားပါ... မင်းကို အကြာကြီး စောင့်ခိုင်းမိသွားတယ်၊ ကျန်း နဲ့အတူ စားကြစို့"
ထိုအခါမှ ယဲ့ယွင်သည် နင်ချန်၏ စိတ်အခြေအနေ မကောင်းမှန်း သတိပြုမိလိုက်သည်။ သူမသည် လှည့်လိုက်ချိန်တွင် ဘေးနားက လုကျစ် ကို မျက်ရိပ်ပြလိုက်၏။ လုကျစ်က နားလည်သဖြင့် သတင်းစုံစမ်းရန် ချက်ချင်း ထွက်သွားတော့သည်။
ထမင်းစားပွဲတွင် နှစ်ဦးသား ထိုင်လိုက်ကြရာ စားပွဲပေါ်တွင် ပန်းကန်၊ ဇွန်း နှစ်စုံ အသင့်ရှိနေသည်ကို နင်ချန် တွေ့လိုက်ရသည်။ ယဲ့ယွင်က သူ့ကို တကယ်ပင် စောင့်နေခဲ့သည်ဟု တွေးမိသောအခါ သူ၏ ရင်ထဲတွင် နွေးထွေးသွားတော့သည်။
သူသည် ယဲ့ယွင် ကြိုက်တတ်သော ဟင်းကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးရင်း နူးညံ့စွာ ဆိုသည်။
"နောက်တစ်ခါကျန်း လာတာ နောက်ကျရင် အကြာကြီး စောင့်မနေပါနဲ့၊ ဗိုက်ဆာရင် မင်းကျန်းမာရေး ထိခိုက်မှာစိုးလို့ အကယ်၍အဲ့လိုဖြစ်ခဲ့ရင်ကျန်းပဲစိတ်မကောင်း ဖြစ်ရမှာ"
"ချန်းချဲ့ တစ်ယောက်တည်း စောင့်နေတာ မဟုတ်ပါဘူး။”
ယဲ့ယွင်က ပြုံးလျက် သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်သည်။
"ခုနတင် ချန်းချဲ့ အရင်စားဖို့ ပြင်သေးတယ်၊ ဒါပေမဲ့ ဗိုက်ထဲက ဒီလူသားလေးက လှုပ်ပြီး ကန်နေတာလေ... သူက ခမည်းတော်ကို လွမ်းလို့ စောင့်ခိုင်းနေတာ ဖြစ်မှာပါ၊ အခုတော့ တကယ်ပဲ အရှင်မင်းကြီးကို စောင့်ရင်းနဲ့ တွေ့လိုက်ရပြီလေ။”
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -276
အခန်း ၂၇၆ ။ အမြစ်ဖြတ်ခြင်း
ဤအမျိုးသမီးသည် မိမိအား ချော့မော့ပြောဆိုနေခြင်းမှန်း သိသာလှသော်လည်း သူမ၏ လှပနူးညံ့သော အပြုံးနှင့် ဖောင်းကားနေသော ကိုယ်ဝန်ဆောင်ဗိုက်ကလေးကို ကြည့်ရင်း နင်ချန်၏ စိတ်နှလုံးမှာ ပျော့ပြောင်းသွားရပြန်သည်။
သူ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် အပေါ်သို့ အနည်းငယ် ကောက်တက်သွားတော့သည်။
"အရှင်မင်းကြီး ဟင်းတွေ အများကြီးထည့်စားပါဦး၊ ချန်းချဲ့ကတော့ အရှင်မင်းကြီး ပြုံးနေတာကို ပိုပြီး ခန့်ညားတယ်လို့ မြင်မိတယ်"
ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ အချိန်ကိုက်ပင် တူကိုယူ၍ နင်ချန်၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးလိုက်သည်။
ထို့နောက် သူမက ဆက်ပြောပြန်သည်။ "အရှင်မင်းကြီးက ဒီလောက် ကြည့်ကောင်းတာဆိုတော့... ချန်းချဲ့ ဗိုက်ထဲက ရှောင်ပေါင်ပေ့လေးကလည်း အရှင်မင်းကြီးနဲ့ တူမှဖြစ်မှာ။”
နင်ချန်က သူမကို အားမလိုအားမရ တစ်ချက်ကြည့်ကာ "ဘာလဲ... မင်းကရော မလှလို့လား၊ ကလေးက မင်းနဲ့တူရင်လည်း ကောင်းတာပဲလေ။”
"မဟုတ်ဘူး... မဟုတ်ဘူး" ယဲ့ယွင်က အလေးအနက်ထားဟန်ဖြင့် ခေါင်းခါပြသည်။
သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ရှက်ကိုးရှက်ကန်း ပုံစံဖြင့် သူ့အား အနားသို့ လာရန် အချက်ပြလိုက်သည်။ သူမ၏ ထိုကဲ့သို့ နောက်ပြောင်လိုသော ပုံစံလေးကြောင့် နင်ချန်၏ စိတ်အခြေအနေမှာ ပို၍ပင် ပေါ့ပါးသွားရကာ အလိုက်သင့်ပင် သူမနားသို့ တိုးကပ်သွားတော့သည်။
ယဲ့ယွင်က သူ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်၏။
"ချန်းချဲ့က အရှင်မင်းကြီးကို ချစ်တာလေ... ပြီးတော့ချန်းချဲ့ အမြဲကြည့်ချင်တာက အရှင်မင်းကြီးရဲ့ မျက်နှာပဲ၊ အကယ်၍ ကလေးက ချန်းချဲ့နဲ့ တူနေမယ်ဆိုရင် အရှင်မင်းကြီး အနားမှာမရှိတဲ့အခါ ချန်းချဲ့အနေနဲ့ ကလေးကို ကြည့်ပြီး အရှင်မင်းကြီးကို လွမ်းလို့ ရတော့မှာ မဟုတ်ဘူးလေ။
အွန်းဒီလို စကားချိုချိုလေးမျိုးကတော့...
နင်ချန် ရင်ထဲတွင် ရယ်လည်းရယ်ချင်သလို၊ ဤအမျိုးသမီးမှာ တကယ်ပင် လူကို ချော့တတ်လွန်းသည်ဟု ခံစားလိုက်ရသည်။ 'အမှတ်တရပစ္စည်းကို ကြည့်ပြီး လူကို လွမ်းသည်' ဟုသာ ကြားဖူးသော်လည်း ယခုမူ 'သူတို့ကလေးကိုကြည့်ပြီး လူကို လွမ်းမည်' ဟု ဆိုနေပြန်သည်။
သို့သော်လည်း ယဲ့ယွင်၏ ဤကဲ့သို့သော မြှူဆွယ်မှုများက သူ့စိတ်ကို တကယ်ပင် ကြည်လင်သွားစေခဲ့သည်မှာ အမှန်ပင်။
ထုံးစံအတိုင်းနေ့လည်စာ စားပြီးနောက် အစာခြေရန် လမ်းလျှောက်ထွက်ရပြန်သည်။ ကလေးမွေးခါနီးလေလေ လှုပ်ရှားမှု ပိုလုပ်ပေးရလေလေဖြစ်ပြီးထိုသို့လုပ်မှသာ မွေးဖွားချိန်တွင် ပို၍ သက်သောင့်သက်သာ ရှိမည်ဖြစ်သည်။
နင်ချန်သည် ထုံးစံအတိုင်း သူမနှင့်အတူ လိုက်ပါပေးခဲ့သည်။ ကျောက်ချွန်းနန်းဆောင် အနီးအနားတွင်ပင် လမ်းလျှောက်ကြခြင်း ဖြစ်၏။
နင်ချန်က ရုတ်တရက်စကားစလိုက်သည်။
"နယ်စပ်က သတင်းပို့လာတယ်၊ လျောင်
နိုင်ငံမှာထူးခြားတဲ့သူပုန်လှုပ်ရှားမှုတွေ ရှိနေတယ်တဲ့၊ ကျားစခ်နယ်မြေက မင်းသား လေးပါးရဲ့ နယ်မြေအနီးမှာ စစ်သည်အင်အားတွေ စုရုံးနေပုံရတယ်၊ စစ်ပွဲဖြစ်လာမှာကို ကျန်း စိုးရိမ်မိတယ်။”
အမှန်စင်စစ် သူသည် နန်းတွင်းကိုယ်လုပ်တော်များနှင့် ဤကဲ့သို့ ကိစ္စမျိုးကို မပြောသင့်ပေ။ သို့သော် လျောင်နိုင်ငံသည် ကျားစခ်နယ်မြေနှင့်သာမက ယဲ့ကျယ်ရှိနေသော လင်ကျိုး ဒေသနှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။ အကယ်၍ စစ်ပွဲဖြစ်လာခဲ့လျှင် ယဲ့ကျယ်သည်လည်း သေချာပေါက် စစ်မြေပြင်သို့ တက်လှမ်းရပေလိမ့်မည်။ ထို့ကြောင့် ဤကိစ္စကို ယဲ့ယွင်အား ဖုံးကွယ်ထားရန် မသင့်တော်ပေ။
ထင်သည့်အတိုင်းပင် ယဲ့ယွင်သည် ထိုသတင်းကို ကြားရသည်နှင့် မျက်နှာမှာ လေးနက်သွားတော့သည်။ "ဒါက တကယ်ပဲလား?"
"အောက်ချီက လူလွှတ်ပြီး သတင်းပို့တာဆိုတော့ မှားစရာ မရှိပါဘူး" နင်ချန်က အသံတိုးတိုးဖြင့် ဆိုသည်။
သူသည် သူမ၏ လက်ကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကာ "ဒါပေမဲ့ စစ်တကယ် ဖြစ်၊ မဖြစ်ဆိုတာကတော့ အခုထိ အတည်မပြုနိုင်သေးပါဘူး၊ မင်း အရမ်းကြီး စိုးရိမ်မနေပါနဲ့"
ယဲ့ယွင်သည် မျက်ဝန်းများကို မှေးလိုက်ကာ သူ့ကို မော့ကြည့်လိုက်သည်။ သူမ၏ အကြည့်များမှာ တည်ငြိမ်ပြီး ခိုင်မာလှသည်။
"အစ်ကိုက ငယ်ငယ်ကတည်းက အဖေနဲ့အတူ စစ်တပ်ထဲမှာ ကြီးပြင်းလာခဲ့တာပါ၊ နယ်စပ်ကို စောင့်ရှောက်ဖို့က သူ့တစ်ဘဝလုံးအမြဲတမ်းကြိုးစားနေတဲ့ အရာဖြစ်သလို အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိဖို့ကလည်းအမြဲရင်ဘက်ထဲထည့်ထားတဲ့သူပါ၊ ချန်းချဲ့က အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့လည်း ဒီလိုအချိန်မျိုးမှာ သံယောဇဉ်တွေနဲ့ တားဆီးနေရမယ့် အချိန်မဟုတ်မှန်း သိပါတယ်၊ အကယ်၍ စစ်ပွဲတကယ် ဖြစ်လာခဲ့ရင်လည်း ချန်းချဲ့အနေနဲ့ အစ်ကို စစ်မြေပြင်ကို ချီတက်တာကို ထောက်ခံမှာပါ"
နင်ချန်သည် ထိုမျက်ဝန်းအစုံကို စိုက်ကြည့်နေမိသည်။ ထိုမျက်ဝန်းထဲရှိ ခံစားချက်များမှာ ပုံမှန်နှင့် မတူဘဲ အလွန်ပင် တည်ငြိမ်လှသလို သာမန်အမျိုးသမီးများတွင် မရှိသော ထက်မြက်မှုနှင့် ခိုင်မာမှုများ ရှိနေသည်။ သူမ ပြောလိုက်သော စကားများမှာ တကယ့်ကို စစ်မှန်လှသည်။ ထိုမျက်ဝန်း အနက်ပိုင်းတွင် စိုးရိမ်စိတ်အချို့ ရှိနေသည်ကို နင်ချန် တွေ့ရှိခဲ့သော်လည်း သူမကမူ တာဝန်ကိုသာ အလေးထားခဲ့သည်။
အရင်က ယဲ့ယွင်အား မောက်မာပြီး ချွဲနွဲ့တတ်သော အမျိုးသမီးငယ်လေးဟုသာ ထင်မြင်ခဲ့သော်လည်း သူမ၏ ရင်ထဲတွင် တိုင်းပြည်အပေါ် ထားရှိသော မဟာကရုဏာနှင့် သတ္တိများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုစဉ်က ကျားစခ်နယ်မြေတွင် လေးနှင့်မြှားကို ကိုင်စွဲကာ ဒိုလန်မင်းသမီးနှင့် ယှဉ်ပြိုင်ခဲ့သော ယဲ့ယွင်၏ ပုံရိပ်ကို နင်ချန် ရုတ်တရက် ပြန်လည် မြင်ယောင်လာခဲ့သည်။
နင်ချန်သည် ယဲ့ယွင်မှာ လှောင်အိမ်ထဲက ငှက်ငယ်လေး မဟုတ်ဘဲ သူမ၏ ထက်မြက်မှုများကို ခေတ္တ ဖုံးကွယ်ထားသော ရွှေလင်းတငယ် တစ်ကောင်သာ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ စစ်သူကြီးကြီး၏ သမီးပီပီ ရဲရင့်သော အမျိုးသမီးတစ်ဦးမှာ ဤသို့ပင် ဖြစ်ပေလိမ့်မည်။
နင်ချန်က ရုတ်တရက် ဆိုလိုက်သည်။
"မင်းလို အမျိုးသမီးတစ်ယောက်ကိုရထားတာက ကျန်း ရဲ့ ကံကောင်းခြင်းပါပဲ"
ယဲ့ယွင်မှာမူ သူ၏ ရုတ်တရက် ပြောလိုက်သော စကားကြောင့် ကြောင်သွားရသည်။ နန်းတွင်း စစ်ရေးကိစ္စများကို ပြောနေရင်းမှ ဘာကြောင့် ရုတ်တရက် ချိုသာသော စကားများ ပြောလာရသနည်း။
သူမ ကြောင်နေသည်ကို မြင်သောအခါ နင်ချန်က ပြုံးလျက် သူမ၏ ဆံပင်လေးများကို ပွတ်သပ်ပေးကာပြောလိုက်သည်။
"နယ်စပ်ကိစ္စတွေကို မင်း စိတ်မပူပါနဲ့၊ ကျန်း မှာ အစီအစဉ် ရှိပါတယ်၊ မင်းကတော့ ကိုယ်ဝန်ကိုပဲ သေချာစောင့်ရှောက်ပြီး ကျန်း အတွက် ကျန်းမာတဲ့ ရင်သွေးလေးကို မွေးဖွားပေးရင်ရပါပြီ။”
"ဟုတ်ကဲ့ပါ"
ယဲ့ယွင်လည်း စကားလမ်းကြောင်း ပြောင်းသွားသဖြင့် ထပ်မမေးတော့ဘဲ ပြုံးလျက်သာ ခေါင်းငြိမ့်လိုက်တော့သည်။ လမ်းခဏလျှောက်ပြီး ပြန်လာသောအခါ ယဲ့ယွင်မှာ အနည်းငယ် အိပ်ချင်လာတော့သည်။ နင်ချန်သည် သူမအား အခန်းထဲအထိ တွဲပို့ပေးခဲ့ပြီး သူသည် နယ်စပ်ကိစ္စများကို ဆက်လက် စီမံရဦးမည်ဖြစ်ရာ သူမနှင့်အတူ အိပ်စက်ရန် မဖြစ်နိုင်ပေ။ ယဲ့ယွင် လဲလျောင်းသွားသည်ကို ကြည့်ပြီးမှ သူ အပြင်သို့ ထွက်လာခဲ့သည်။
....
ထွက်လာချိန်တွင် ဝင်းအတွင်းရှိ ပန်းပင်များမှာ အတော်လေး သန်စွမ်းနေသည်ကို မြင်သဖြင့်ပြောလိုက်သည်။
"ဒီပန်းပင်တွေက တကယ် ကောင်းကောင်း ရှင်သန်နေတာပဲ"
ယွမ်ကျိုက ရယ်မောလျက် "ကျောက်ချွန်းနန်းဆောင်ရဲ့ မြေဆီလွှာက လူကိုရော အပင်ကိုပါ ကောင်းကျိုးပေးတာကိုး "
"စကားတွေ အပိုမပြောနဲ့... သွားစို့" နင်
ချန်က ထိုလေအိုအား တစ်ချက်ကြည့်ကာ အပြင်သို့ ထွက်ခွာခဲ့သည်။
....
အခန်းထဲတွင်မူ ယဲ့ယွင်သည် အိပ်မပျော်ဘဲ ဟိုဘက်ဒီဘက် လူးလွန့်နေမိသည်။ အကယ်၍ စစ်ပွဲတကယ် ဖြစ်လာခဲ့လျှင် အစ်ကိုဖြစ်သူ၏ ဘေးကင်းရေးကို သူမ မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။
ယခုနှစ် ၈လပိုင်းကုန်တွင် မရီးဖြစ်သူ ယင်ရှီက သမီးလေးတစ်ဦးကို ဖွားမြင်ထားခဲ့ရာ ယခုဆိုလျှင် တူမလေးမှာ တစ်နှစ်ပင် မပြည့်သေးပေ။ အကယ်၍ ယဲ့ကျယ်သာ စစ်မြေပြင်တွင် တစ်ခုခု ဖြစ်သွားခဲ့လျှင် တူမလေးမှာ ငယ်ငယ်ကတည်းက ဖခင်မဲ့ ဖြစ်သွားရပေလိမ့်မည်။ ယဲ့ယွင်အတွက်မူ ဖခင်ကွယ်လွန်ပြီးနောက် အစ်ကိုဖြစ်သူ ယဲ့ကျယ်မှာ အစ်ကိုလိုရော ဖခင်လိုပါ အားကိုးရသူ ဖြစ်သည်။ လူချင်း ခဏခဏ မဆုံရသော်လည်း သွေးသားရင်းချာမို့ အမြဲတမ်း စိတ်ပူနေမိသည်။
သို့သော် ဤစစ်ပွဲမှာ ယဲ့ကျယ်အတွက် မိမိကိုယ်ကိုယ် သက်သေပြရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ကြောင်းလည်း သူမ နားလည်သည်။ ယခုအချိန်အထိ ပြင်ပလူများ သိထားကြသည်မှာ ယဲ့မိသားစုတွင် ဧကရာဇ်ဟောင်းကို အသက်ပေး ကာကွယ်ခဲ့သော၊ စစ်မှုထမ်းကောင်းစစ်သူကြီးကြီး တစ်ဦးသာ ရှိခဲ့ဖူးသည်ဟူ၍ပင်။
သူ၏ သားဦးဖြစ်သော ယဲ့ကျယ်၊ ယခု ကျုံးယုံဟို မှာလည်း လူငယ်စွမ်းဆောင်ရှင် စစ်သူကြီးတစ်ဦး ဖြစ်ကြောင်းကိုမူ လူအများ မသိကြသေးပေ။ အကယ်၍ ဤတစ်ကြိမ် စစ်မြေပြင်တွင် အောင်မြင်မှု ရရှိခဲ့လျှင် ယဲ့မိသားစု၏ ဂုဏ်သိက္ခာမှာ တစ်ဖန် ပြန်လည် တောက်ပလာမည် ဖြစ်သလို ယဲ့ကျယ်သည်လည်း ယဲ့မိသားစု၏ ဂုဏ်ဆောင်သူအဖြစ် အမှန်တကယ် ရပ်တည်နိုင်မည် ဖြစ်သည်။ သေဆုံးသူ၏ ဂုဏ်သတင်းမှာ အကြာကြီး မတည်မြဲနိုင်ဘဲ ရှင်သန်နေသူများကသာ အနာဂတ်ကို ဖန်တီးနိုင်သည်မဟုတ်လား။
အများကြီး တွေးနေလျှင်လည်း အကျိုးမရှိလှပေ။ မဖြစ်လာသေးသော ကိစ္စများကို စိတ်ပူမနေရန် မိမိကိုယ်မိမိ ထိန်းချုပ်ရင်း သက်ပြင်းတစ်ချက်ချကာ အတွေးများကို ဖျောက်ပစ်ပြီးမှသာ သူမ အိပ်ပျော်သွားတော့သည်။
....
ထိုအချိန်တွင် ဝေ့ရွယ်အဆောင် အတွင်း၌ ယောင်ရှန်းမှာမူ အိပ်မပျော်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲသည် သေချာပေါက် ဖြစ်လာမည်ဖြစ်ပြီး နန်ချီနိုင်ငံက အနိုင်ရရှိမည်ကို သူမ တစ်ယောက်တည်း သိနေသောကြောင့် ဖြစ်သည်။
ယခင်ဘဝက ယဲ့ကျယ်သည် ယခုဘဝကဲ့သို့ မဟုတ်ခဲ့ပေ။ ထိုစဉ်က နန်းတွင်းတွင် အချစ်တော်ဖြစ်သော ယဲ့ယွင်ဟူသော ညီမလေး မရှိခဲ့သဖြင့် ငါးနှစ်အတွင်း အရှင်မင်းကြီးက ယဲ့မိသားစုကို မေ့လျော့နေခဲ့သည်။ ထို့ကြောင့် ယဲ့ကျယ်မှာ စစ်မြေပြင်သို့ တက်လှမ်းခွင့် မရခဲ့ပေ။ အစားထိုးအနေဖြင့် ဟိုချိုက်ရန်၏ အစ်ကို ဟိုဖျင်ပေ က စစ်တပ်ကို ဦးဆောင်ကာ မြောက်ပိုင်းသို့ တက်လှမ်းခဲ့ပြီး ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
ထို့နောက်တွင် ဟိုရှီ (ဟိုချိုက်ရန်) သည်လည်း ရာထူးများ တရစပ် တိုးမြှင့်ပေးအပ်ခြင်း ခံခဲ့ရသည်။ ယခုဘဝတွင် ယဲ့ကျယ်သည် လင်ကျိုးဒေသတွင် နေရာတစ်နေရာ ရရှိထားဆဲဖြစ်ရာ စစ်မြေပြင်သို့ သွားရမှာ သေချာသလို ဟိုဖျင်ပေလည်း သွားရမှာ သေချာသည်။ သို့သော် သူတို့အားလုံး အဆင်ပြေပြေနှင့် အောင်မြင်မှုရသွားသည်ကို သူမ ကြည့်မနေနိုင်ပေ။
ယောင်မိသားစုသည် ယခုအခါ ပညာတတ်အရာရှိများ ဖြစ်နေကြသော်လည်း ယခင်က စစ်ဘက်ဆိုင်ရာတွင်လည်း အတွေ့အကြုံ ရှိခဲ့ဖူးသည်။ ယောင်ရှန်း၏ အစ်ကိုမှာ စာပေရော စစ်ရေးပါ ကျွမ်းကျင်သူ ဖြစ်၏။
"မြန်မြန်... စာရေးဖို့ ပြင်ပေးစမ်း၊ အစ်ကို့ဆီကို စာရေးရမယ်"
ကျီကျူးက နားလည်သဖြင့် အမြန်ပင် ပြင်ဆင်ပေးလိုက်သည်။ ယောင်ရှန်းသည် စာတစ်စောင်ကို အမြန်ရေးသားကာ ကျီကျူးအား ပေးအပ်လိုက်ပြီး နန်းပြင်သို့ထွက်၍ အစ်ကိုဖြစ်သူ၏ လက်ထဲသို့ ကိုယ်တိုင်ရောက်အောင် ပို့ဆောင်ရန် မှာကြားလိုက်သည်။
ဤတစ်ကြိမ်တွင် စစ်ပွဲကို အသုံးချ၍ ယဲ့ကျယ်ကို ဖယ်ရှားနိုင်ခဲ့လျှင် ယဲ့မိသားစုမှာ စစ်တပ်အတွင်းရှိ အာဏာများကို ဆုံးရှုံးသွားပေလိမ့်မည်။ ၎င်းမှာ ယဲ့ယွင်၏ ကျောထောက်နောက်ခံ အင်အားကို တစ်ဝက်ခန့် ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။ ယဲ့မျိုရိုးသာမရှိပါက ချူမိသားစုဟူသော ကုန်သည်မျိုးရိုးလေးက ဘာများ လုပ်နိုင်ပါမည်နည်း။
မီးခိုးများ တဖြည်းဖြည်း ထွက်နေသော အမွှေးတိုင်အိုးကို ကြည့်ရင်း ယောင်ရှန်း၏ မျက်ဝန်းများမှာ မြွေတစ်ကောင်ကဲ့သို့ အေးစက်ရက်စက်နေတော့သည်။
"ယဲ့ရှီ... ငါ့ကိုတော့ အပြစ်မတင်နဲ့၊ အရှင်မင်းကြီးက နင့်ကို အရမ်းချစ်လွန်းသလို မင်းရဲ့ မိသားစုနောက်ခံကလည်း အရမ်းကောင်းလွန်းနေလို့ပဲ၊ နင့်ကိုအခု မဖယ်ရှားရင် ငါ ဘယ်လိုလုပ် မိဖုရားခေါင်ကြီးနေရာကို စိတ်အေးလက်အေး တက်လှမ်းနိုင်ပါ့မလဲ။”
အခွင့်အရေး ရတုန်းမှာ ယဲ့ယွင်၏ အရာအားလုံးကို တဖြည်းဖြည်းနှင့် အမြစ်ဖြတ် ပစ်ရပေလိမ့်မည်။
***