အခန်း (၂၈၅-၂၈၆)
Vol. 18 Ch. 275-276
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -285
အခန်း ၂၈၅ ။ ဆရာထက်သာသော တပည့်
"အရှင်မင်းကြီး... ဒီကိစ္စကို ဘယ်လို စီရင်ရမလဲ?"
ယွမ်ကျိုက အလွန်သတိထားလျက် မေးမြန်းလိုက်သည်။
နင်ချန်သည် လက်ထဲတွင် ကစားနေသော ကျောက်စိမ်းပြားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ မှောင်မှိုင်းသွားတော့သည်။
"ဘယ်လိုလုပ်ရမလဲဆိုတာ ကျန်း အစောကြီးကတည်းက မိန့်ထားပြီးသားပဲ မဟုတ်လား၊ ချက်ချင်းသတ်"
သူသည် အန်းရှီအပေါ် ထားရှိခဲ့သော သည်းခံမှုနှင့် ဂရုဏာတရားအားလုံးကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ယခုတစ်ကြိမ် အန်းရှီ၏ လုပ်ရပ်မှာ နင်ချန်၏ နောက်ဆုံးစည်းကို ကျော်လွန်သွားခဲ့ချေပြီ။ နင်ချန်သည် သံယောဇဉ်ကြီးသူ ဖြစ်သော်လည်း အမှားအမှန်ကို မခွဲခြားနိုင်သူ မဟုတ်ပေ။ အထူးသဖြင့် ယခုအခါ ယဲ့ယွင်သည် နင်ချန်အတွက် ထူးခြားသော တည်ရှိမှု ဖြစ်နေရုံတင်မကဘဲ အန်းရှီ ထိခိုက်အောင်လုပ်ခဲ့သည်မှာ ယဲ့ယွင်သာမက သူတို့၏ ရင်သွေးလေးပါ ဖြစ်နေသောကြောင့်ပင်။
သူသည် ယဲ့ယွင်အား သားအမိနှစ်ယောက်လုံး ဘေးကင်းစေရမည်ဟု ကတိပေးထားခဲ့ရာ ယခုတစ်ကြိမ်တွင်တော့ လုံးဝ လက်တွန့်နေလိမ့်မည် မဟုတ်တော့ပေ။
"ပိုးဖြူစ၊ အဆိပ်အရက်နဲ့ ဓားမြှောင်ကို ယူပြီး ချင်းရှင်းဆောင်ကို သွားလိုက်ကြစမ်း။ မင်းသားကြီးရဲ့ မျက်နှာကို ထောက်ထားပြီး သူမရဲ့ ရုပ်အလောင်းကိုတော့ မပျက်စီးစေနဲ့။ ဒါပေမဲ့ အန်းရှီရဲ့ ဆွေမျိုးသုံးဆက်လုံးကို ရာထူးက ထုတ်ပယ်လိုက် ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီးစစ်မှုထမ်းဖို့ ပို့လိုက်။ ကျန်း သူမအပေါ် သည်းခံခဲ့တာ လုံလောက်သွားပြီ။”
ယွမ်ကျိုသည် အမိန့်ကို ကြားသည်နှင့် ချက်ချင်းပင် - "ကျွန်တော်မျိုး အမိန့်အတိုင်း အခုချက်ချင်း ဆောင်ရွက်ပါ့မယ်" ဟု လျှောက်တင်ကာ ထွက်ခွာသွားတော့သည်။
သူ ခန်းမဆောင်ထဲက ထွက်လာချိန်တွင် ဝန်ထမ်းရေးရာဝန်ကြီး နှင့် စစ်ဘက်ဆိုင်ရာဝန်ကြီးတို့ ရောက်လာကြသည်နှင့် ဆုံသည်။ ယွမ်ကျို စိတ်ထဲတွင် သက်ပြင်းချမိသည်။ ရှေ့တန်းတွင် စစ်ပွဲက ပြင်းထန်နေချိန်၌ အန်းရှီက ဤကဲ့သို့ ပြဿနာရှာခြင်းမှာ တကယ်ပင် မိမိအသက်ကို မိမိ တိုအောင်လုပ်ခြင်းပင် ဖြစ်၏။
......
ချင်းရှင်းဆောင်သို့ သွားရောက်ပြီး တစ်နာရီပင် မပြည့်မီမှာပင် အန်းချိုက်နွီ ကွယ်လွန်သွားခဲ့သည်။ သူမသည် အဆုံးစီရင်ရန် ဓားမြှောင်ကို ရွေးချယ်ခဲ့ပြီး သူမ၏ ရင်ဘတ်ကို ကိုယ်တိုင် ထိုးစိုက်ကာ ရက်စက်စွာ အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။ ယွမ်ကျိုသည် အစေခံများကို အလောင်းအား ပိုးဖြူစဖြင့် သေသေချာချာ ထုပ်ပိုးခိုင်းကာ အပြင်သို့ သယ်ဆောင်စေခဲ့သည်။ သူမသည် ကိုယ်လုပ်တော် သင်္ချိုင်းသို့ ဝင်ခွင့်မရတော့ဘဲ ဧကရာဇ်သင်္ချိုင်း၏ အပြင်ဘက် ဝေးလံသော နေရာတစ်ခုတွင်သာ မြှုပ်နှံခြင်း ခံရပေလိမ့်မည်။
အန်းရှီကို စီရင်ပြီးနောက် ယွမ်ကျိုသည် ကျောက်ချွန်းနန်းဆောင်သို့ ကိုယ်တိုင်တစ်ခေါက် သွားခဲ့သည်။ ယဲ့ယွင်ကမူ ဘာမှထွေထွေထူးထူး မပြောခဲ့ပေ။ သေဆုံးသူမှာ သေဆုံးသွားပြီဖြစ်ရာ ရန်ငြိုးရန်စများလည်း လွင့်ပျယ်သွားပြီ ဖြစ်သည်။ တစ်
ဘဝလုံး ထိုအရာများကို သယ်ပိုးမနေနိုင်
ပေ။
ယခု သူမလုပ်ရမည့်အရာမှာမီးနေသည်ကာလအတွင်း ခန္ဓာကိုယ်ကိုသေသေချာချာ ပြန်လည် ပြုစုရန်သာ ဖြစ်သည်။ ဝေ့ရွယ်အဆောင်မှ ယောင်ရှန်းမှာ တစ်ရက်တည်းမှာပင် နှစ်ကြိမ်တိုင်တိုင် သတိလစ်သွားခဲ့ကြောင်း ကြားရသဖြင့် ယဲ့ယွင်သည် သူမ၏ ကျန်းမာရေးကို ပို၍ ဂရုစိုက်နေတော့သည်။
....
ဖုန်းရှီးနန်းဆောင်။
မိဖုရားခေါင်ကြီးသည် သတင်းကို ကြားလိုက်ရချိန်တွင် မျက်နှာတွင် အပြုံးရိပ်များ ထွက်ပေါ်လာသည်။
"မားမား ကြည့်ပါဦး... အရင်တုန်းက ဘယ်လောက်ပဲ အချစ်ခံရပါစေ၊ နောက်ဆုံးတော့လည်း အရှင်မင်းကြီးရဲ့ လက်ချက်နဲ့ပဲ သေရတာပဲ မဟုတ်လား"
တင်းမားမားက ပြုံးလျက် ဆိုသည်။
"မယ်မယ်တစ်ယောက်တည်းကပဲ နန်းတွင်းရဲ့သခင်မအစစ်ပါ၊ အရှင်မင်းကြီးနဲ့အတူ ထာဝရ လက်တွဲနိုင်တာလည်းမယ်မယ်ပဲ ရှိပါတယ်၊ တခြား ကိုယ်လုပ်တော်တွေဆိုတာ မယားငယ်တွေပါပဲ... ဘယ်သူကမှမယ်
မယ်ရဲ့ ဘုန်းကံကို မမီနိုင်ပါဘူး။”
မိဖုရားခေါင်ကြီး၏ မျက်ဝန်းများက တစ်စုံတစ်ယောက်ကိုတွေးမိကာ အေးစက်သွားခဲ့သည်။
"ဒါပေမဲ့ အန်းရှီ သေသွားတော့လည်း ယဲ့ရှီ ပေါ်လာပြန်တာပဲ၊ တကယ်ကို စိတ်ပျက်
စရာ ကောင်းလိုက်တာ၊ ယဲ့ရှီက တကယ်ပဲ အသက်ပြင်းတယ်။”
တင်းမားမားက နှာခေါင်းရှုံ့ကာ သရော်လိုက်သည်။
"အခုတစ်ခေါက်လွတ်သွားပေမဲ့ နောက်ကြအချိန်တွေ အများကြီး ရှိပါသေးတယ်၊ သူမ အမြဲတမ်းတော့ လွတ်မှာ မဟုတ်ပါဘူး။”
မိဖုရားခေါင်ကြီးက ညွှန်ကြားလိုက်သည်။
"တော်ပြီ... အရှင်မင်းကြီးက ယဲ့ရှီကို ချစ်သလို စတုတ္ထမင်းသားလေးကိုလည်း ချစ်တယ်ဆိုတော့ ပန်ကုန်း ကလည်း မိဖုရားခေါင်ကြီးပီပီ အရှင်မင်းကြီးနဲ့ စိတ်ချင်း တစ်ထပ်တည်း ရှိရမှာပေါ့။ မင်ရှိုးရီ သားဖွားပြီး ရာထူးတက်တာကို ဂုဏ်ပြုဖို့ မားမားပဲ ကျောက်ချွန်းနန်းဆောင်ကို လက်ဆောင်တွေ သွားပို့လိုက်ပါဦး"
......
သိပ်မကြာမီမှာပင် စုချင်သည် လက်ဆောင်များစွာဖြင့် ကျောက်ချွန်းနန်းဆောင်သို့ ရောက်လာခဲ့သည်။ မိဖုရားခေါင်ကြီးက စတင်လိုက်သဖြင့် အခြားကိုယ်လုပ်တော်များအားလုံးလည်း လက်ဆောင်ကိုယ်စီဖြင့် ရောက်ရှိလာကြရာ ကျောက်ချွန်းနန်းဆောင်မှာ တစ်ခဏအတွင်း အလွန် စည်ကားသွားတော့သည်။
၎င်းကပင် ယဲ့ယွင်အား တစ်နေ့လုံး ဆူညံမှုဒဏ်ကို ခံစားရစေပြီး စိတ်တိုစေခဲ့သည်။
ထိုလူများမှာ တမင်တကာ လာနှောင့်ယှက်ခြင်းမှန်း သူမ သိသော်လည်း စည်းကမ်းနှင့်အညီဖြစ်နေသဖြင့် ငြင်း၍ မရခဲ့ပေ။ ထို့ကြောင့် တစ်နေ့လုံး အောင့်အည်းသည်းခံပြီးနောက် နောက်တစ်နေ့တွင် ဧည့်သည်မတွေ့ဘဲ တံခါးပိတ်ထားရန် အတိအလင်း ကြေညာလိုက်တော့သည်။ အချစ်တော် ကိုယ်လုပ်တော်ပီပီ မောက်မာမှု အနည်းငယ်တော့ ပြရပေလိမ့်မည်။
ကိစ္စများပြန်လည် ငြိမ်သက်သွားပြီးနောက် ယဲ့ယွင်သည် နေ့တိုင်း အိပ်ရေးဝအောင် အိပ်စက်နေတော့သည်။ အစက သူမ၏ ကျန်းမာရေး တစ်ခုခုဖြစ်နေသလားဟု သံသယရှိခဲ့သော်လည်း ရှန်ဖိန်ကျစ်က ၎င်းမှာ ပုံမှန်သာဖြစ်ကြောင်း၊ ကလေးမွေးဖွားခြင်းမှာ သွေးသားအားနည်းစေသဖြင့် ပြန်လည် ဖြည့်တင်းရမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ လျန်မားမားသည်လည်း နေ့တိုင်း ယဲ့ယွင်၏ ခါးကို အားစိုက်၍ နှိပ်ပေးခဲ့သည်။ ကိုယ်လုံးလှလိမ်းဆေးများနှင့် တွဲဖက်နှိပ်နယ်ပေးသဖြင့် အလွန် ထိရောက်လှသည်။
.....
ရက်သတ္တပတ် နှစ်ပတ်ခန့်အတွင်းမှာပင် ယဲ့ယွင်၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပြန်လည် ကျစ်လစ်လာခဲ့သည်။ စတုတ္ထမင်းသားလေးမှာလည်း ကျန်းကျန်းမာမာဖြင့် ကြီးထွားလာခဲ့သည်။ ကလေးလေးမှာ မွေးကာစက ၄ ကီလိုဂရမ် ရှိခဲ့ရာ အတော်လေး ထွားကျိုင်းသည်ဟု ဆိုရမည်။ ယခု နှစ်ပတ်အတွင်းမှာပင် ပို၍ ဖောင်းအိလာချေပြီ။ မျက်နှာပေါက်မှာ မည်သူနှင့် တူသလဲဆိုသည်ကို မသိရသေးသော်လည်း မျက်လုံးအစုံမှာမူ သူ၏ခမည်းတော် နင်ချန်ကဲ့သို့ နဂါးမျက်ဝန်းဖြစ်နေသည်မှာ အမှန်ပင်။
ကလေးမှာ အိပ်စက်ရသည်ကို နှစ်သက်သော်လည်း ယဲ့ယွင်ကမူ နေ့တိုင်း ကလေးကို ကြည့်၍ မဝနိုင်အောင် ဖြစ်နေမိသည်။ နောက်ပိုင်းတွင် ကလေး၏ ခုတင်ငယ်ကိုပါ သူမ၏ အိပ်ခန်းထဲသို့ ရွှေ့ခိုင်းကာ သားအမိနှစ်ယောက် အတူတူ အိပ်စက်ကြတော့သည်။ နို့တိုက်ချိန်မှသာ ကလေးကို ခဏခေါ်သွားစေခဲ့သည်။ မူလက ယဲ့ယွင်ကိုယ်တိုင် နို့တိုက်ချင်ခဲ့သော်လည်း နန်းတွင်းတွင် ထိုကဲ့သို့ စည်းကမ်းမရှိသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။ စတုတ္ထမင်းသားလေးအတွက် နို့ထိန်း လေးဦး စီစဉ်ပေးထားပြီး နေ့ည အလှည့်ကျ စောင့်ရှောက်စေခဲ့သည်။
ယဲ့ယွင်အတွက် အခက်ခဲဆုံးအရာမှာ အစေခံများက သူမအား ခေါင်းလျှော်ခွင့် လုံးဝမပေးခြင်းပင်။ နေလို့မကောင်းလျှင် ဘီးဖြင့်သာ အသာအယာ ဖီးခိုင်းရသည်။
ယခုအခါ ၅လပိုင်းသာ ရှိသေးသဖြင့် ယဲ့ယွင် တော်သေးသည်ဟု တွေးမိသည်။ မဟုတ်လျှင် အလွန်ပင် ခံရခက်ပေလိမ့်မည်။ ထို့ပြင် နင်ချန်မှာလည်း အလုပ်များနေသဖြင့် နန်းတွင်းသို့ မလာနိုင်ခြင်းမှာ သူမအတွက် ကံကောင်းခြင်းပင်။ မဟုတ်လျှင် သူမ၏ ယခုပုံစံကို သူ မြင်သွားပါက ချက်ချင်းပင် အချစ်တော်ဘဝမှ ကျဆင်းသွားမည်ဟု သူမ တွေးနေမိသည်။
အမှန်စင်စစ် ၎င်းမှာ သူမ၏ အတွေးသာ ဖြစ်၏၊ အစေခံများက သေသေချာချာ သန့်ရှင်းပေးထားသဖြင့် မည်သည့် အနံ့အသက်မျှ မရှိပေ။ မီးနေသည်ကာလ ရက်ပေါင်း ၂၀ ရောက်ရှိချိန်တွင် ယဲ့ယွင် အစိုးရိမ်ဆုံးကိစ္စ ပေါ်ပေါက်လာခဲ့သည်။
၎င်းမှာနင်ချန် ရောက်လာခဲ့ခြင်းပင်။
လုကျစ်က လာရောက် သတင်းပို့ချိန်တွင် ယဲ့ယွင်မှာ တစ်ကိုယ်လုံး ထူပူသွားကာ ချက်ချင်းပင် မတွေ့ချင်ကြောင်း၊ လိုက်ကာ အပြင်ဘက်ကနေသာ စကားပြောရန် ငြင်းဆိုလိုက်တော့သည်။ ၎င်းက နင်ချန်အား နားမလည်နိုင်အောင် ဖြစ်သွားစေသည်။
"ချန်းချဲ့က မီးနေသည်ကာလမို့ ခေါင်းလည်း မလျှော်ရ၊ ရေလည်း မချိုးရသေးပါဘူး၊ ဒီလို ၅လပိုင်းရာသီမှာ နံစော်နေမှာကို စိုးရိမ်လို့ပါ၊ အရှင်မင်းကြီး အနားကို မလာပါနဲ့၊ လုံးဝလည်း မကြည့်ပါနဲ့ဦး... မဟုတ်
ရင် ချန်းချဲ့ ရှက်လွန်းလို့ သေသွားပါလိမ့မယ်"
ယဲ့ယွင်ကခေါင်းမာစွာအတင်းအကြပ် ငြင်းဆိုနေတော့သည်။
သူမ၏ အသံထဲမှ ငြင်းဆိုမှုကို ကြားလိုက်ရချိန်တွင် နင်ချန်လည်း မတတ်သာဘဲ လိုက်ကာအပြင်ကနေသာ စကားပြောရတော့သည်။
"မင်းရဲ့ အစ်ကိုက နောက်ထပ် အောင်ပွဲတစ်ခုရပြန်ပြီ။ လျောင်နိုင်ငံရဲ့ ဝါရင့်စစ်သူကြီးကို မြင်းပေါ်ကနေ တိုက်ချပြီး ကွပ်မျက်နိုင်ခဲ့တယ်။ လျောင်စစ်တပ်နဲ့ ကျန်းတို့တပ်တွေ တစ်လကျော်ကြာ တိုက်ခိုက်နေရတာ... အခုမှပဲ သိသိသာသာ တိုးတက်မှု ရှိလာတော့တယ်။ မင်းရဲ့ အစ်ကိုက တကယ်ကို ဆရာထက်သာတဲ့ တပည့်ပါပဲ... တကယ်ကို တော်ပါတယ်"
လိုက်ကာအပြင်က ဆိုသော်လည်း နင်ချန်၏ စိတ်အခြေအနေ အလွန်ကောင်းနေမှန်း ယဲ့ယွင် သိလိုက်ရသည်။ ထိုသတင်းကို ကြားရသဖြင့် သူမလည်း အလွန်ပင် ဝမ်းသာသွားရသည်။
"တကယ်ကိုသတင်းကောင်းပဲ၊ လျောင်စစ်တပ်ရဲ့ စိတ်ဓာတ်ကို အကြီးအကျယ် ချိုးနှိမ်လိုက်နိုင်တော့ စစ်သည်တော်တွေလည်း စိတ်ဓာတ် တက်ကြွလာမှာ သေချာပါတယ်၊ ချန်းချဲ့ အရှင်မင်းကြီးအတွက် ဝမ်းသာပါတယ်"
နင်ချန်က ပြုံးလျက် သက်ပြင်းတစ်ချက်ချကာစိတ်ထဲရှိသည့်အတိုင်းပြောပြနေခဲ့သည်။
“အခုတော့ တိုးတက်မှု ရှိလာပြီဆိုပေမဲ့ စစ်ကတော့ အကြာကြီး ဆက်ဖြစ်နေဦးမှာပဲ။ လျောင်နိုင်ငံက အခုအချိန်မှာ မြက်ခင်းတွေ ကောင်းသလို နွားတွေ မြင်းတွေလည်း အားအင်ပြည့်ဝနေတဲ့ အချိန်လေ၊ သူတို့က နွေရာသီကို အခွင့်ကောင်းယူပြီး အပြင်းအထန် တိုက်ခိုက်လာမှာပဲ။ ရှေ့လျှောက် တိုက်ပွဲတိုင်းက တကယ်ကိုပြင်းထန်လာတော့မှာမို့ ကျန်းစိုးရိမ်မိတယ်။”
ဆောင်းဦးနှင့် ဆောင်းရာသီ ရောက်ရှိသွားပါက လျောင်နိုင်ငံသားများတွင် ရိက္ခာလုံလောက်စွာ မရှိတော့သလို မြင်းများမှာလည်း စားစရာမရှိသဖြင့် စစ်မြေပြင်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။ ထိုအချိန်ရောက်မှသာ လျောင်နိုင်ငံသားများ စစ်ကို ရပ်တန့်ပေလိမ့်မည်။ လျောင်နိုင်ငံကဲ့သို့သော ခြေသလုံးအိမ်တိုင် ကုန်သည်မျိုးနွယ်စုများသည် နန်ချီကဲ့သို့ စိုက်ပျိုးရေးနိုင်ငံများနှင့် ယှဉ်လျှင် ရိက္ခာသိုလှောင်မှုမှာ အကြာကြီး ခံနိုင်ရည်မရှိပေ။ ထို့ကြောင့်ပင် လျောင်နိုင်ငံသားများသည် ယခုအချိန်တွင် အသေအလဲ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
"ချန်းချဲ့က စစ်ရေးစစ်ရာတွေကို နားမလည်ပါဘူး၊ ဒါပေမဲ့ ချန်းချဲ့ တစ်ခုပဲ သိပါတယ်... အရှင်မင်းကြီးကို ယုံကြည်သလို ချန်းချဲ့ရဲ့အစ်ကို့ကိုလည်း ယုံကြည်တယ်၊ ပြီးတော့ နန်ချီရဲ့ စစ်သည်တော်အားလုံးကို ယုံကြည်ပါတယ်။ ဧကရာဇ်ဟောင်းရဲ့ ဂုဏ်သတင်းက ကျော်ကြားခဲ့သလို အရှင်မင်းကြီးကလည်း ဧကရာဇ်ဟောင်းထက် နိမ့်ကျမှာမဟုတ်ပါဘူး။”
ဤအချိန်တွင် သူမကဲ့သို့သော အမျိုးသမီးတစ်ဦးအနေဖြင့် စစ်မြေပြင်ကို သွား၍ မညွှန်ကြားနိုင်သော်လည်း လုပ်ဆောင်နိုင်သည်မှာ အားပေးစကား ပြောကြားခြင်းသာရှိပေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -286
အခန်း ၂၈၆ ။ ညီလေး
နင်ချန်သည် သူမ၏ ဆိုလိုရင်းကို နားလည်ပြီး ထိုစကားများကိုသဘောကျသွားခဲ့သည်။ ယဲ့ယွင်၏နူးညံ့လှသောအသံကို ကြားလိုက်ရချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များက အလိုအလျောက် မြင့်တက်သွားတော့သည်။
ထိုစဉ် ယဲ့ယွင်က နို့ထိန်းအား ကလေးကို အပြင်ထုတ်၍ နင်ချန်အား ပြခိုင်းလိုက်သည်။
"အရှင်မင်းကြီး... စတုတ္ထမင်းသားလေးရဲ့မျက်နှာကဘယ်တူနဲ့တူမလဲဆိုတာသေချာမပြောတတ်သေးပေမဲ့ မျက်လုံးလေးတွေကတော့ အရှင်မင်းကြီးနဲ့ တစ်ပုံစံတည်းပါပဲ၊ ချန်းချဲ့ ဒီနှစ်ရက်အတွင်း ကြည့်နေတာ... ပါးစပ်လေးကလည်း တူသလိုပဲ၊ ချန်းချဲ့ တစ်ကိုယ်လုံး ခံစားပြီး မွေးလိုက်ရတာတောင် ချန်းချဲ့နဲ့တူတာတစ်ခုမှမရလိုက်
သလိုပဲနော်"
သူမ၏ လေသံမှာ အပြစ်တင်နေသလို ရှိသော်လည်း အလွန်ပင် ချွဲနွဲ့လှသည်။ နင်ချန် ရင်ထဲတွင် ရယ်ချင်သွားကာ သားဖြစ်သူကို ကြည့်လိုက်ရာ မျက်လုံးလေးများမှာ တကယ်ပင် သူ့နှင့် တူလှသည်။
စတုတ္ထမင်းသားလေးမှာ နို့သောက်ပြီးကာစဖြစ်၍ နိုးကြားနေပြီး သူ၏ခမည်းတော်ကို မျက်လုံးလေး အဝိုင်းသားဖြင့် ကြည့်နေသည်။ သားအဖနှစ်ယောက် စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေမိကြသည်။
လိုက်ကာကြားကနေ အရိပ်အယောင်လောက်သာ မြင်ရသော်လည်း ယဲ့ယွင်၏ ရင်ထဲတွင် နွေးထွေးသွားရသည်။
"အရှင်မင်းကြီး မချီကြည့်ဘူးလား?"
ယဲ့ယွင်ကအသာလေးနှိုးဆော်လိုက်သည်။
နင်ချန်သည် ဤမျှငယ်သော ကလေးကို တစ်ခါမျှ မချီဖူးပေ။ နူးညံ့လှသောကလေးငယ်မှာ တစ်လပင် မပြည့်သေးသဖြင့် သူ အနည်းငယ် ကြောက်နေမိသည်။
" ကျန်း သူနာသွားမှာ စိုးလို့ပါ"
သို့သော် ချက်ချင်းပင် အထဲမှ ရယ်သံလေး ထွက်ပေါ်လာသည်။
"ကလေးပဲကို ထိလိုက်တာနဲ့ ကွဲသွားမယ့် အရာမှ မဟုတ်တာ... အရှင်မင်းကြီး စိုးရိမ်မနေပါနဲ့။”
စကားက ထိုအဆင့်ထိ ရောက်သွားပြီဖြစ်
သလို နို့ထိန်းရင်ခွင်ထဲက သားတော်လေးကိုလည်း သူ တကယ် ချီကြည့်ချင်နေမိသည်။ ထို့ကြောင့် နင်ချန်သည် အားမလိုအားမရဖြင့် ကလေးကို လှမ်းယူကာ ခဏတာ ပွေ့ချီလိုက်သည်။ နူးညံ့လှသော ကလေးငယ်လေးကို ရင်ခွင်ထဲ ထည့်ထားရချိန်တွင် နင်ချန်မှာ ထိတ်လန့်သလိုလိုနှင့် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ဤခံစားချက်မျိုးမှာ အခြားကလေးများကို ချီစဉ်က မရရှိခဲ့ဖူးပေ။ စတုတ္ထမင်းသားလေးက အလွန်ငယ်လွန်းသဖြင့် မိမိကိုယ်တိုင် ပို၍ ဂရုစိုက်လိုသော စိတ်ကြောင့် ဖြစ်မည်ဟု နင်ချန် တွေးလိုက်သည်။
ခဏကြာ ချီပြီးနောက် နို့ထိန်းထံ ပြန်ပေးလိုက်သော်လည်း သူ မခွဲနိုင် မခွာရက် ဖြစ်နေဆဲပင်။ နင်ချန်သည်ခဏတာ လာခဲ့ခြင်းဖြစ်၍ ပြန်ရပေဦးမည်။ သို့သော် မပြန်မီ မနေနိုင်ဘဲ ပုလဲလိုက်ကာကို အသာဟ၍ အထဲကို လှမ်းကြည့်လိုက်သည်။
မထင်မှတ်ဘဲ ထိုအကြည့်မှာ အပြင်ကို လှမ်းကြည့်နေသော ယဲ့ယွင်၏ အကြည့်နှင့် ဆုံသွားတော့သည်။ နှစ်ဦးသား၏ နှလုံးခုန်သံမှာ တစ်ချက်မျှ တုန့်ခနဲ ဖြစ်သွားရသည်။ ဧကရာဇ်နင်ချန်သည် အပြစ်
လုပ်ထားသည့် ကလေးတစ်ယောက်လိုမျိုး လူမိသွားသဖြင့် အမြန်ပင် လက်ကို ပြန်ရုပ်လိုက်သည်။
"နောက်ထပ် ဆယ်ရက်ဆိုရင် တစ်လပြည့်ပွဲ လုပ်ရတော့မယ်၊ အဲဒီကျရင် ချုံးဟွာနန်းဆောင်မှာ ကျင်းပကြတာပေါ့၊ တတိယမင်းသမီးလေးနဲ့ စတုတ္ထမင်းသားလေးက တစ်ရက်တည်းမွေးတာဆိုတော့ ကျန်းအတူတူပဲ လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။”
"ကောင်းပါပြီ... ဒါဆိုရင်တော့ ချန်းချဲ့လည်း ကိုယ်တိုင် စီစဉ်နေစရာ မလိုတော့ဘူးပေါ့" ယဲ့ယွင်လည်း အကြောင်းအရင်းမရှိအနည်းငယ် အနေခက်သလို ခံစားလိုက်ရသည်။
နင်ချန် ခေတ္တရပ်ကာ မှာကြားစရာများကိုမှာကြားပြီး ထွက်ခွာသွားတော့သည်။
" ကျန်း နောက်ရက်မှ ထပ်လာခဲ့တော့မယ်၊ မင်း ကျန်းမာရေးကို သေသေချာချာ ဂရုစိုက်။”
ယဲ့ယွင်အနေဖြင့်နင်ချန်၏ဆုံးဖြတ်ချက်များကို ကန့်ကွက်စရာ မရှိပေ။ နောက်ရက်တွေအထိနင်ချန်မလာဘဲ မီးနေသည်ကာလ ပြီးဆုံးသည်အထိ စောင့်နေလျှင်ပင် အကောင်းဆုံးဟု သူမ တွေးနေမိသည်။
......
ယဲ့ယွင်က နင်ချန်ကို မလာစေချင်သော်လည်း အခြားတစ်ဖက်ရှိ ယောင်ရှန်းမှာမူ နင်ချန်ကို စောင့်မျှော်နေသော်လည်း ရောက်မလာခဲ့ပေ။ အလုပ်များနေသဖြင့် နင်ချန် နန်းတွင်းသို့ လာတိုင်းရောက်လာသည့်အချိန်မှာ အလွန်နည်းပါးလှရာ နေရာတစ်ခုတည်းကိုသာ ခဏတဖြုတ် သွားနိုင်
ခြင်း ဖြစ်သည်။ ထို့ကြာင့်သူသည် အမြဲတမ်း ကျောက်ချွန်းနန်းဆောင်သို့သာ တန်းတန်းမတ်မတ် လာခဲ့သလို ဝေ့ရွယ်အဆောင်သို့မူ ယွမ်ကျိုကိုသာ ကိုယ်စား လွှတ်လေ့ရှိသည်။
ယောင်ရှန်းသည် ဤဘဝတွင် သမီးမွေးခဲ့သဖြင့် အကြီးအကျယ် စိတ်ဓာတ်ကျနေရသည့်အပြင် အရှင်မင်းကြီး၏ အလေးပေးခြင်းကိုလည်း မခံရသဖြင့် ယခုအခါ တစ်ကိုယ်လုံး ဒေါသများ ပေါက်ကွဲနေတော့သည်။ သူမသည်လည်း ဤသို့ မဖြစ်ချင်ပေ၊ တတိယသမီးတော်လေးမှာ မိမိ၏ သွေးသားရင်းချာဖြစ်ကြောင်း မိမိကိုယ်ကို နားချသော်လည်း စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ဖြစ်နေရသည်။ သူမသည် သမီးဖြစ်သူကိုပင် မတွေ့ချင်တော့ပေ။
ကလေးမွေးဖွားခြင်းမှာ ဝမ်းမြောက်စရာ ကိစ္စဖြစ်သော်လည်း ဝေ့ရွယ်အဆောင်တစ်ခုလုံး၏ အခြေအနေမှာ အလွန်ပင် တင်းကျပ် လေးလံနေတော့သည်။ ဆန့်ကျင်ဘက်အနေဖြင့်ယဲ့ယွင်၏ အဆောင်မှာမူ ဆူညံစည်ကားနေသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
....
နောက်တစ်နေ့ မနက်ပိုင်း ဂါရဝပြုပွဲတွင် ယဲ့ယွင် မတက်ရောက်နိုင်သော်လည်း ကိုယ်လုပ်တော်များမှာ သူမကြောင့်ပင် စကားများ ငြင်းခုံကြတော့သည်။
အကြောင်းမှာ ရှူးဖေးသည် ‘စတုတ္ထမင်းသားလေးဟာ မွေးကတည်းက တတိယမင်းသားလေးထက် အရှင်မင်းကြီးရဲ့ အချစ်ကို ပိုရတယ်' ဟု ပြောလိုက်ခြင်းကြောင့် ဖြစ်ပေသည်။ ထိုစကားက ယိရွှင်ရုန်၏ အထိမခံသော နေရာကို နင်းမိသွားသဖြင့် သူမ ချက်ချင်း ဒေါသထွက်သွားတော့သည်။
"ရှူးဖေးက ကိုယ်တိုင် မင်းသားမမွေးနိုင်တော့ ချန်းချဲ့ရဲ့ တတိယမင်းသားလေးကိုမကောင်းဘူးလို့ ပြောနေတာလား၊ အရှင်မင်းကြီးက သားတော်ကို မချစ်ဘူးလို့ ကိုယ်တိုင် မိန့်ခဲ့လို့လား? ဒါမှမဟုတ် ရှူးဖေးက တစ်ခြားသူရဲ့ စိတ်ကို ဖတ်နိုင်တဲ့ ပညာရပ်ကို တတ်မြောက်ထားလို့ အရှင်မင်းကြီးရဲ့ စိတ်တော်ကို ခန့်မှန်းနေတာလား?။”
"ချန်းချဲ့ မှတ်မိသလောက်တော့ အရင်က ကျန်းဝမ်ရုန်နဲ့ရှူးဖေးအရမ်းရင်းနှီးခဲ့တာ မဟုတ်လား၊ ဘာလို့ နောက်ပိုင်းကျမှ မရင်းနှီးတော့တာလဲ... ဟွန်း၊ ရှူးဖေးက တခြားလူတွေကို ဆွဲဆောင်ပြီး အချစ်တော်ဖြစ်အောင် လုပ်ချင်နေတာပဲ၊ ဒါပေမဲ့ ကိုယ့်ကိုကိုယ် အရှင်မင်းကြီးမျက်နှာသာပေးရဲ့လားအရင်ကြည့်ဦးမှပေါ့၊ မဟုတ်ရင်လအားစိုက်သမျှအပိုပဲလေ။”
ကျန်းရှီသည် ရှူးဖေးကို စွန့်ခွာ၍ မိဖုရားခေါင်ကြီးဘက်သို့ ကူးပြောင်းသွားသည့် ကိစ္စမှာ နန်းတွင်းထဲတွင် လူတိုင်း သိထားကြသော လျှို့ဝှက်ချက်ပင်။ ယနေ့ ယိရွှင်ရုန်က ၎င်းကို အတိအလင်း ဆွဲထုတ်ပြောဆိုလိုက်ရုံတင်မက ရှူးဖေးသည် ဧကရာဇ်ထံမှာမျက်နှာသာပေးခံရခြင်းမရှိတော့ကြောင်းကိုပါ ပွင့်ပွင့်လင်းလင်းလှောင်ပြောင်လိုက်သဖြင့် ရှူးဖေး၏ မျက်နှာမှာ မြေကြီးပေါ် နင်းခြေခံလိုက်ရသလို ဖြစ်သွားတော့သည်။
ရှူးဖေးမှာ ဒေါသထွက်လွန်းသဖြင့် အရာအားလုံးကို အဆုံးစီရင်မည့် ပုံစံမျိုးဖြင့် လက်ညိုးထိုးကာပြောတော့သည်။
"ဝူရှီ! နင်တကယ်ပဲ စွမ်းရင် ကျောက်ချွန်းနန်းဆောင်ကို သွားပြီး မင်ရှိုးရီဆီမှာ သွားပြီး ဆရာလုပ်စမ်းပါ! အခု မင်ရှိုးရီရဲ့ အစ်ကိုက နယ်စပ်မှာ အောင်ပွဲတွေ တရစပ် ရနေတာ... တရားရုံးတော်မှာ ပုန်းနေပြီး ရာဇဝတ်သားတွေကိုတောင် သေချာမကြည့်နိုင်တဲ့ နင့်ရဲ့အစ်ကိုထက်စာရင်တော့အဆပေါင်းများစွာ သာပါတယ်!"
ယိရွှင်ရုန်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားတော့သည်။ နှစ်ဖက်လုံး အခြေအနေ ဆိုးရွားလာချိန်မှ မိဖုရားခေါင်ကြီးက တားမြစ်လိုက်သည်။
"အားလုံး ပါးစပ်ပိတ်စမ်း!"
မိဖုရားခေါင်ကြီး၏ ငေါက်သံကြောင့်နှစ်ဦးလုံး ဒေါသကို မြိုသိပ်ကာ ပြန်ထိုင်လိုက်ကြရသည်။ မိဖုရားခေါင်ကြီးက ထိုနှစ်ယောက်ကို စိုက်ကြည့်ကာ စိတ်ပျက်စွာ ဆိုသည်။
"နယ်စပ်မှာ စစ်ပွဲက တင်းမာနေပြီး အရှင်မင်းကြီးက တိုင်းရေးပြည်ရာတွေနဲ့ အလုပ်များနေတယ်၊ နင်တို့နှစ်ယောက်ကအားမပေးနိုင်ရင်တောင် အငြိမ်မနေကြပဲ... ဒီမှာ လာပြီး ဆူညံအော်ဟစ်နေကြတယ်၊ ဒါ ကိုယ်လုပ်တော်တစ်ယောက်ရဲ့ အပြုအမူ ဟုတ်ရဲ့လား။”
"တတိယမင်းသားရော စတုတ္ထမင်းသားရော အရှင်မင်းကြီးရဲ့ သွေးသားတွေပဲ၊ ရှူးဖေးရဲ့ ပါးစပ်ထဲမှာ ဘာလို့ အနိမ့်အမြင့်တွေ ခွဲခြားနေရတာလဲ။ ရှူးဖေးက အရှင်မင်းကြီးကို ခစားလာတာ ကြာပြီဖြစ်တဲ့ လူဟောင်းတစ်ယောက်ပဲ၊ ယိရွှင်ရုန် မင်းကလည်း ရိုသေမှု လုံးဝမရှိဘူး။ ဒီနေ့ကိစ္စကို ဒီမှာပဲ ရပ်ကြ၊ မင်းတို့နှစ်ယောက်လုံး တကဲကဲဖြစ်နေကြတာဆိုတော့... နန်းဆောင် ပြန်ရောက်ရင် ဗုဒ္ဓကျမ်းစာကို သုံးကြိမ်စီ ကူးရေးပြီး စိတ်ကို ငြိမ်အောင် ထားကြစမ်း!"
နှစ်ဦးလုံး မကျေနပ်သော်လည်း မိဖုရားခေါင်ကြီး၏ လက်ထဲတွင် အမှားမိနေသဖြင့် ခေါင်းငုံ့၍ လက်ခံလိုက်ကြရသည်။ ယိရွှင်ရုန်မှာ ရှူးဖေးထက် ပို၍ စိတ်မကျေမနပ် ဖြစ်နေမိသည်။
နင်ချန်သည် ယဲ့ယွင်အပေါ် သူမထက် ပို၍ ကောင်းသည်ကို သူမအနေနဲ့လည်းမြင်နိုင်ေ့သည်။ အရှင်မင်းကြီးသည် ပညာရှိသော ဧကရာဇ်တစ်ပါးဖြစ်၍ ဘက်လိုက်လိမ့်မည်မဟုတ်ဟု မိမိကိုယ်ကို အကြိမ်ကြိမ် နားချခဲ့သော်လည်း ရင်ထဲတွင်တော့ စိုးရိမ်စိတ်များ ရှိနေဆဲပင်။ အထူးသဖြင့် ယခုအခါ နယ်စပ်မှ အောင်ပွဲသတင်း နှစ်ခါလုံးမှာ ယဲ့ယွင်၏ အစ်ကိုဆီမှ ဖြစ်နေသဖြင့် ယိရွှင်ရုန်မှာ ပို၍ စိတ်ပူလာရတော့သည်။
သို့သော် စိတ်ပူနေရုံနှင့် မရပေ။ အချစ်တော်ဘဝကို နည်းလမ်းမျိုးစုံဖြင့် လုယူ၍ ရနိုင်သော်လည်း စစ်မှုထမ်းကောင်းမှုကိုတော့ လွယ်လွယ်နှင့် မရနိုင်ပေ။ ထို့ပြင် ဝူမိသားစုမှာ စာပေအရာရှိများ ဖြစ်ကြသဖြင့် စစ်မှုထမ်းရန် လုံးဝ မဖြစ်နိုင်ပေ။ ဤသည်မှာ ယိရွှင်ရုန်အနေဖြင့် စစ်ဘက်ဆိုင်ရာ အာဏာရှိသူများသည် စာပေအရာရှိများထက် မည်သို့ သာလွန်ကြောင်း ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်သည်။ ထီးနန်းလုပွဲတွင် စစ်အာဏာ၏ ထောက်ခံမှုမပါလျှင် အလွန်ပင် ခက်ခဲပေလိမ့်မည်။
ဝူမိသားစုထဲတွင် စစ်အာဏာ ကိုင်တွယ်နိုင်သူ မရှိသဖြင့် အခြားစစ်ဘက်ဆိုင်ရာ လူများနှင့် မဟာမိတ်ဖွဲ့ရန် လိုအပ်လာချေပြီ။ သူမသည် ဤကိစ္စများကို သေချာစဉ်းစားပြီးနောက် လန်ဟွာနန်းဆောင်သို့ ပြန်ရောက်သည်နှင့် သူမ၏ မိသားစုထံသို့ စာပေးပို့လိုက်တော့သည်။ သားတော်မွေးဖွားလိုက်ချိန်မှစ၍ သူမ၏ ရင်ထဲတွင် မယ်တော်ကြီး နေရာအတွက် ရည်မှန်းချက်များ ရှိလာခဲ့ပြီ ဖြစ်သည်။ နန်ချီ၏ ဧကရာဇ်တွင် ဝူမိသားစု၏ သွေးသား တစ်ဝက်ပါဝင်လာစေခြင်းမှာကြီးကျယ်သော ဂုဏ်ယူစရာကိစ္စဖြစ်လာပေလိမ့်မည်။ ထိုအချိန်အခါအတွက် တတိယမင်းသားလေး ငယ်စဉ်ကတည်းက လမ်းခင်းပေးထားရန် လိုအပ်ပေသည်။
....
သို့သော် ဤကဲ့သို့သော အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများမှာ ယဲ့ယွင်တွင်တော့ မရှိပေ။
ကျောက်ချွန်းနန်းဆောင်တွင် ယဲ့ယွင်သည် ခွေးကလေးနှင့် သားလေးကို စနောက်ရင်း ပျော်ရွှင်နေတော့သည်။ စတုတ္ထမင်းသားလေးမှာ ရှားရှားပါးပါး နိုးကြားနေချိန်တွင် ညာန်ကောင်း က အနားသို့ တိုးကပ်လာခဲ့သည်။ သူသည် ဟိုနမ်းဒီနမ်းလုပ်ရင်း အမြီးကို ရဟတ်ယာဉ် ဒလက်ကဲ့သို့ တရမ်းရမ်း လုပ်ကာ စိတ်လှုပ်ရှားနေတော့သည်။
"ညာန်ကောင်းက စတုတ္ထမင်းသားလေးကို တကယ်ပဲ ချစ်ပုံရတယ်နော်" ဟု ဟွေယွဲ့က ဘေးနားမှ အပ်ချုပ်ရင်း ပြုံးလျက် ဆိုသည်။
ယဲ့ယွင်လည်း ရယ်မောလိုက်ကာ စိတ်အခြေအနေ ကောင်းစွာဖြင့် ခွေးခေါင်းကို ပွတ်သပ်ပေးပြီးမှ အံ့သြစရာ စကားတစ်ခွန်း ဆိုလိုက်သည်။
"ညာန်ကောင်းက ညီလေးကို ချစ်တယ် မဟုတ်လား။”
လျန်မားမား ကြားလိုက်ရချိန်တွင် မျက်နှာမှာ တောင့်ခဲသွားကာ အနေခက်စွာဖြင့်သတိပေးတော့သည်။
"ရှိုးရီ... ညာန်ကောင်းက ခွေးလေ၊ ဘယ်လိုလုပ် စတုတ္ထမင်းသားလေးရဲ့ 'အစ်ကို' ဖြစ်နိုင်မှာလဲ... စကားကို သတိထားပါ"
***
ညာန်ကောင်း: ဝုတ် ငါက မထိုက်တန်ဘူးလား?
စတုတ္ထမင်းသား: မားမား... ကျွန်တော် ငယ်သေးတာကို မနှိပ်စက်ပါနဲ့ဦး!!!