အခန်း (၂၈၇-၂၈၈)
Vol. 18 Ch. 277-278
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -287
အခန်း ၂၈၇ ။ မြှောက်ပင့်တင်မြှောက်ခြင်း
ယဲ့ယွင်သည် မျက်ခုံးလေးပင့်ကာ ခွေးကလေး၏ နားရွက်ကို အသာအယာ ဆွဲလိုက်သည်။
"ဒီညာန်ကောင်းက ကျွန်မဆီ ရောက်လာတုန်းက သေးသေးလေးပဲရှိတာ၊ ပြီးတော့ဒီလောက်အထိ ကြာကြာမွေးလာကိုက တကယ်ကိုယ့်ကလေးလို ဖြစ်နေပြီ"
ထိုစကားကြောင့်လျန်မားမားက အားတုံ့အားနားပြုံးလျက် ဆိုသည်။
"ရှိုးရီကလည်း နောက်နေပြန်ပြီ၊ ရှိုးရီက ညာန်ကောင်းကို ချစ်တယ်ဆိုတာ ကျွန်တော်မျိုးမတို့ သိထားရင် ရပါပြီ၊ အဲ့ဒါအပြင်ကို ပေါက်ကြားသွားရင်တော့ ကြားလို့သိပ်မကောင်းဘူးလေ။”
စတုတ္ထမင်းသားလေးမှာ နဂါးမျိုးနွယ် (ဧကရာဇ်၏ သွေးသား) ဖြစ်ရာ ညာန်ကောင်းက ဘယ်လောက်ပဲ ချစ်ဖို့ကောင်းပြီး ဉာဏ်ကောင်းနေပါစေဦးတော့ ဘယ်လိုလုပ် ညီအစ်ကိုတော်စပ်လို့ရပါ့မလဲ။
"ကောင်းပါပြီ... ကောင်းပါပြီ၊ ကျွန်မ မပြောတော့ပါဘူး။”
ယဲ့ယွင်က အလျှော့ပေးသည့် ပုံစံဖြင့် ခွေးကလေးကို လွှတ်ပေးကာ လက်ကို သုတ်လိုက်ပြီး သားဖြစ်သူကို ပြန်လည်ပွေ့ချီကာ စနောက်နေတော့သည်။
မကြာမီမှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ လုကျစ်က လိုက်ကာကို ဟကာ ဝင်လာပြီးလျှောက်တင်ခဲ့သည်။
"ရှိုးရီ... မိဖုရားခေါင်ကြီးရဲ့ အနီးကပ်အစေခံ စုချင် ရောက်လာပါတယ်"
"မိဖုရားခေါင်ကြီးရဲ့ လူလား?"
ယဲ့ယွင် ထူးဆန်းသွားရသည်။
လုကျစ်က ခေါင်းငြိမ့်ကာ "ဟုတ်ပါတယ်၊ စုချင် ပြောတာကတော့ စတုတ္ထမင်းသားလေးရဲ့ တစ်လပြည့်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အချို့ကို မိဖုရားခေါင်ကြီးက ရှိုးရီရဲ့ သဘောထားကို မေးခိုင်းလိုက်တာပါတဲ့"
ထိုစကားကို ကြားသောအခါ ယဲ့ယွင်၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားတော့သည်။ သူမသည် ကလေးကို နို့ထိန်းထံ ပြန်ပေးလိုက်ပြီးမှ ထိုအစေခံကို အထဲဝင်ခိုင်းလိုက်သည်။
သိပ်မကြာမီမှာပင် စုချင်ကို အထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူမသည် အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဂါရဝပြုလေသည်။
"မလိုပါဘူး" ယဲ့ယွင်က လက်ကာပြကာ မျက်နှာတွင် အပြုံးမရှိဘဲ ဆိုလိုက်သည်။
"စတုတ္ထမင်းသားလေးရဲ့ တစ်လပြည့်ပွဲကို တတိယမင်းသမီးလေးနဲ့အတူ ချုံးဟွာနန်းဆောင်မှာ ကျင်းပမယ်လို့ အရှင်မင်းကြီးက ကျွန်မကို အစောကြီးကတည်းက ပြောထားပါတယ်။ အရာအားလုံးကို မိဖုရားခေါင်ကြီးနဲ့ နန်းတွင်းရေးရာဌာနရဲ့ အစီအစဉ်အတိုင်းပဲ လုပ်လိုက်ပါ။ ကျွန်မကို သီးသန့် လာမေးနေဖို့ မလိုပါဘူး။”
စုချင်သည် ရောက်ရောက်ချင်း အငြင်းခံလိုက်ရသဖြင့် အနည်းငယ် အနေခက်သွားရသော်လည်းသူမသည် အားနာစွာ ပြုံးလျက်
"အစီအစဉ်တွေ ရှိပြီးသားဆိုပေမဲ့ ရှိုးရီက စတုတ္ထမင်းသားလေးရဲ့ မယ်တော်အရင်းပဲလေ၊ မိဖုရားခေါင်ကြီးကလည်း စတုတ္ထမင်းသားနဲ့ တတိယမင်းသမီးလေးတို့ရဲ့ အခြေအနေမတူတာကို ထောက်ထားပြီး... ပွဲကို အတူတူကျင်းပပေမဲ့လည်း ကွာခြားချက်လေးတွေ ရှိသင့်တယ်လို့ တွေးမိလို့ပါ"
"ဘာတွေများ ထူးပြီး ကွာခြားနေမှာလဲ?"
ယဲ့ယွင်က သူမကို မဲ့ပြုံးလေးဖြင့် ကြည့်ကာဖြေလိုက်သည်။
"အားလုံးက အရှင်မင်းကြီးရဲ့ သွေးသားတွေပဲလေ ပြီးတော့ချန်းချဲ့တို့မိဖုရားခေါင်ကြီးကိုပဲ မိခင်ရင်းလို့ ခေါ်ကြရမှာပဲ။ စတုတ္ထမင်းသားရော တတိယမင်းသမီးလေးရော အတူတူပါပဲ၊ မိဖုရားခေါင်ကြီးကိုစည်းကမ်းအတိုင်းသာ လုပ်ပေးဖို့ပြောလိုက်ပါ။”
ဤသို့ပြောပြီးနောက် ယဲ့ယွင်သည် ကိုယ်ကို အနည်းငယ် မော့ထိုင်ကာ စုချင်ကို စိုက်ကြည့်လျက် ဆက်ပြောသည်။
"ကျွန်မက ငယ်သေးသလို ဘာအတွေ့အကြုံမှလည်း မရှိတော့... အရမ်းကာရော ဝင်ပြီး မညွှန်ကြားဝံ့ပါဘူး။ မိဖုရားခေါင်ကြီးရဲ့ စီမံမှုအောက်မှာတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး... ဟုတ်တယ်မလား စုချင်?"
စုချင်သည် ယဲ့ယွင်၏ အကြည့်ကြောင့် ရင်ထဲတွင် တုန်လှုပ်သွားကာ အကြည့်လွှဲလျက် ခေါင်းငုံ့လိုက်ရသည်။ သူမက အလိုက်သင့်ပင် ပြန်ဖြေရတော့သည်။
"ဒါပေါ့... မိဖုရားခေါင်ကြီးက ကလေးတွေကို အချစ်ဆုံးပါပဲ။”
ယဲ့ယွင်က အကြည့်ကို ပြန်ရုပ်လိုက်ကာ ဘေးကို မျက်ရိပ်ပြလိုက်သည်။ ဟွေယွဲ့က ချက်ချင်း ရှေ့တိုးလာကာ စကားစလိုက်သည်။
"ရှိုးရီက စကားပြောရတာ နည်းနည်းပင်ပန်းသွားပြီမို့ အစ်မစုချင်မှာ တခြားကိစ္စ မရှိတော့ရင်... ကျွန်မပဲ အစ်မကို အပြင်အထိ လိုက်ပို့ပေးပါရစေ"
"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော်မျိုးမကို ခွင့်ပြုပါဦး" စုချင်သည် ယဲ့ယွင်ကို ဂါရဝပြုပြီးနောက် ဟွေယွဲ့၏ လိုက်ပို့မှုဖြင့် ထွက်ခွာသွားတော့သည်။
ပုံမှန်ဆိုလျှင် သူမသည် မည်သည့်နေရာသို့သွားသွား စကားပြောပြီးလျှင် ရိုသေစွာဖြင့် အပို့ခံရလေ့ရှိသော်လည်း ယနေ့တွင်မူ ဟွေယွဲ့က လိုက်ပို့သည်မှာ ဧည့်သည်နှင်သကဲ့သို့ ဖြစ်နေသည်ကို သူမ ခံစားလိုက်ရသည်။ ကျောက်ချွန်းနန်းဆောင်မှ ထွက်လာချိန်တွင် စုချင်၏ မျက်နှာမှာ တစ်လျှောက်လုံး မကောင်းတော့ပေ။
အခန်းထဲတွင် ယဲ့ယွင်သည် တစ်စုံတစ်ခုကို စဉ်းစားနေပြီးမှ လျန်မားမားအားပြောလိုက်သည်။
"မားမား... ဒီတစ်မနက်လုံး မားမားလည်း ပင်ပန်းနေပြီ၊ အနားယူဖို့ အရင်ပြန်နားလိုက်ပါဦး။ ဒီမှာတော့ ဟွေယွဲ့တို့ ရှိနေတာပဲ"
လျန်မားမားသည် သခင်နှင့် အစေခံများ လျှို့ဝှက်စကားပြောလိုသည်ကို သိသဖြင့် အလိုက်သိစွာပင် ထွက်ခွာသွားတော့သည်။ မည်သို့ပင်ဆိုစေ သူမသည် ယဲ့ယွင်အနားတွင် ခစားသည်မှာ မကြာသေးသဖြင့် ထိုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ရန် မလွယ်ကူလှပေ။ ထို့ပြင် ယဲ့ယွင် မီးနေသည်ကာလ ပြီးဆုံးလျှင်လည်း သူမက ထွက်ခွာရပေဦးမည်။
ယဲ့ယွင်သည်တစ်စုံတစ်ခုကိုသတိရကာထပြောခဲ့သည်။
"မင်းတို့ မှတ်မိလား... ဖန်းရှိုးရုန် (ယောင်ရှန်း) မွေးတဲ့ညက လူအားလုံး ဝေ့ရွယ်အဆောင်မှာ ရှိနေကြတုန်း မိဖုရားခေါင်ကြီးက ကျွန်မ မိုးရေထဲမှာ ထိတ်လန့်နေမှာ စိုးလို့ဆိုပြီး စုချင်ကို ကျောက်ချွန်းနန်းဆောင်ဆီ အထူးတလည် လွှတ်ခဲ့တာကို"
ဟွေယွဲ့နှင့် နန်ကျစ်တို့ စဉ်းစားကြည့်ပြီး ခေါင်းငြိမ့်ကြသည်။ နန်ကျစ်က ထပ်၍တင်ပြခဲ့သည်။
"အဲဒီတုန်းက ရှိုးရီ ကိုယ်လက်သန့်စင်ပြီးကာစ အိပ်ခန်းထဲမှာ လဲလျောင်းနေတုန်းပါ၊ စုချင်က အထဲအထိ ဝင်ကြည့်ပြီး ဂါရဝပြုသွားပါသေးတယ်"
"ဟုတ်တယ်... အဲဒီညက စုချင်ကလွဲလို့ တခြားဘယ်သူမှ ငါ့ရဲ့ အခန်းထဲကို မဝင်ခဲ့ဘူး" ယဲ့ယွင်က မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ဆိုသည်။
ဟွေယွဲ့၏ မျက်နှာ ပျက်သွားကာ - "ရှိုးရီက စုချင်မှာ ပြဿနာရှိတယ်လို့ သံသယရှိနေတာလား?"
"အင်း..." ယဲ့ယွင် ခေါင်းငြိမ့်သည်။
"အဲဒီမြွေတွေက ဘာလို့ အိပ်ခန်းထဲအထိ တန်းတန်းမတ်မတ် လာကြတာလဲဆိုတာကို ငါ အမြဲတမ်း စဉ်းစားလို့ မရဘူး။ သမားတော်က အအေးကြောင့်လို့ပြောပေမဲ့... ဒါက တိုက်ဆိုင်လွန်းနေတယ်မထင်ဘူးလား။”
"ဒါပေမဲ့ စုချင်က အထဲဝင်ပြီး ပြန်ထွက်သွားတာ ခဏလေးတင်ပါ၊ ဘာကိုမှလည်း မထိတွေ့သလို လျှောက်လည်း မသွားဘူး၊ ရှိုးရီနဲ့လည်း အနီးကပ် မရှိခဲ့ပါဘူး၊ သူက ဘာများလုပ်ကြံနိုင်မှာလဲ"
နန်ကျစ်က စိုးရိမ်တကြီး မေးသည်။
အကယ်၍ တစ်ခုခု တကယ်လုပ်ခဲ့သည်ဆိုလျှင် ၎င်းမှာ အလွန်ပင် လျှို့ဝှက်လွန်းလှသည်။
"အဲ့တာကြောင့်မို့ သံသယဝင်ရုံကလွဲပြီးတခြား သက်သေမရှိဘူး" ယဲ့ယွင်က မျက်ဝန်းများကို မှေးလိုက်သည်။
"အခုက ကိစ္စဖြစ်သွားတာလည်းတစ်လနီးပါးရှိသွားပြီဆိုတော့... တစ်ခုခုရှိခဲ့ရင်တောင် သူတို့ လက်စဖျောက်ပြီးလောက်ပြီ။ နောက်နောင်တော့ သေသေချာချာ စောင့်ကြည့်ရမယ်၊ မိဖုရားခေါင်ကြီးကလည်း လွယ်တဲ့သူ မဟုတ်ဘူး"
နန်းတွင်းထဲတွင် မင်းသားလေးတွေ တစ်ပါးပြီးတစ်ပါး မွေးလာကြသလို မယ်တော်ရင်းတွေရဲ့ မိသားစုနောက်ခံကလည်း မဆိုးလှပေ။ မိဖုရားခေါင်ကြီးကိုယ်တိုင်က ကလေးမရနိုင်သေးချိန်တွင် စိတ်မပူဘဲ အေးဆေးနေနိုင်လိမ့်မည် မဟုတ်ပေ။ သေချာပေါက် တစ်ခုခုတော့ လုပ်ပေလိမ့်မည်။ ကိုယ်ဝန်ရအောင် သူမ မထိန်းချုပ်နိုင်သော်လည်း ကိုယ်လုပ်တော်များနှင့် မင်းသားလေးများကို ဒုက္ခပေးရန်တော့ သူမ ကြံစည်
နိုင်သည့်အတွက် အမြဲတမ်း သတိထားနေရပေလိမ့်မည်။
...
အခြားတစ်ဖက်တွင်မူ စုချင်သည် ဖုန်းရှီးနန်းဆောင်သို့ ပြန်ရောက်သောအခါ အခြေအနေမှန်ကို လျှောက်တင်လိုက်သည်။ မိဖုရားခေါင်ကြီးသည် မူတန်းပန်းပင်ကို လှအောင်ပြင်နေပြီး သူမ၏ လက်ထဲရှိ ရွှေကတ်ကြေးမှာ အေးစက်သော အလင်းတန်းများ လက်နေတော့သည်။
"ယဲ့ရှီက တကယ်ပဲ တည်ငြိမ်လှချေလား၊ အရှင်မင်းကြီးက သူမကို ဒီလောက်ချစ်ပြီးသားတော်လည်း မွေးထားတာတောင်... သူမက ထင်ပေါ်ချင်တဲ့ စိတ်မရှိဘူးပဲ"
သူမ လူလွှတ်၍ မေးခိုင်းခြင်းမှာ ယဲ့ယွင်အား သွေးထိုးပေးခြင်း ဖြစ်သည်။အကယ်၍ တစ်လပြည့်ပွဲတွင် ကလေးနှစ်ယောက်အတွက် ပွဲကျင်းပပုံချင်း မတူညီအောင် မင်ရှိုးရီကိုယ်တိုင် တောင်းဆိုခဲ့မည်ဆိုလျှင် အရှင်မင်းကြီးက သေချာပေါက်သဘောကျလိမ့်မည်မဟုတ်ပေ။
မိဖုရားခေါင်ကြီးသည် ဤကဲ့သို့ နည်းလမ်းလေးဖြင့် ယဲ့ယွင်အား ဒုက္ခပေးနိုင်ရန် မမျှော်လင့်ထားသော်လည်း ယဲ့ယွင်က ဤမျှအထိ ပြတ်သားစွာ ငြင်းဆိုလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။ ထို့ပြင် ယဲ့ယွင်သည် ဖုန်းရှီးနန်းဆောင်အပေါ် သတိထားနေပုံလည်း ရသည်။
"ထားလိုက်ပါတော့... အေးအေးဆေးဆေးပဲ လုပ်ကြတာပေါ့၊ အခု သူ့ရဲ့ အစ်ကိုက စစ်မြေပြင်မှာ အောင်ပွဲတွေ ရနေတဲ့အချိန်ဆိုတော့... ပန်ကုန်းကလည်း သူ့ကို ကောင်းကောင်းလေး မြှောက်ပင့်တင်မြှောက် ပေးထားရမှာပေါ့" မိဖုရားခေါင်ကြီးက အေးစက်စွာ ရယ်မောလိုက်သည်။
စုချင်ကလည်း အလိုက်သင့်ပင်ဆိုလိုက်သည်။
"အမြင့်ကြီးကို မြှောက်တင်ထားလေလေ... ပြုတ်ကျတဲ့အခါမှာ ပိုပြီးတော့ နာကျင်ရလေလေပဲ မဟုတ်လား"
"ဟုတ်တယ်... အန်းရှီက သာဓကတစ်ခုပဲလေ" မိဖုရားခေါင်ကြီးက နူးညံ့စွာ ဆိုလိုက်သည်။
သူမ၏ လက်ထဲမှ ကတ်ကြေးသည် ရုတ်တရက် ကျဆင်းသွားကာ 'ကလစ်' ခနဲ အသံနှင့်အတူ မူတန်းပန်းပင်ဘေးရှိ အနုဆုံး အကိုင်းအခက်လေးကို ဖြတ်တောက်လိုက်တော့သည်။
" ပန်ကုန်း တစ်ယောက်တည်းသာလျှင် ထာဝရ တည်မြဲတဲ့သူဖြစ်ရမယ်။”
မိဖုရားခေါင်ကြီးက တိုးတိုးလေး ရေရွတ်ရင်း သူမ၏ မျက်ဝန်းများမှာ ရက်စက်စွာ အေးစက်သွားတော့သည်။
.....
မည်သို့ပင်ဖြစ်စေ တတိယမင်းသမီးနှင့် စတုတ္ထမင်းသားလေးတို့၏ တစ်လပြည့်ပွဲတော်မှာ ရောက်ရှိလာခဲ့သည်။ သို့သော် မြောက်ပိုင်းတွင် စစ်ပွဲဖြစ်နေသဖြင့် ပွဲတော်ကို အကျဉ်းချုံး၍သာ ကျင်းပခဲ့သည်။ နန်းတွင်းကိုယ်လုပ်တော်များနှင့် ရင်းနှီးသော တော်ဝင်ဆွေမျိုးအချို့သာ တက်ရောက်ခဲ့ကြသည်။ အရှင်မင်းကြီးနှင့် ကိုယ်လုပ်တော်များအပြင် ဖိန်ဝမ်၊ ခန်းဝမ်၊ ကျားဟယ်မင်းသမီးနှင့် ကျားရို့မင်းသမီး မိသားစုလေးစုသာ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ဤနေ့သည်ယဲ့ယွင်အတွက် တကယ့်ကို စိတ်ကျေနပ်စရာ အကောင်းဆုံးနေ့ပင်။ အကြောင်းမှာ သူမအား ခေါင်းလျှော်ခွင့်နှင့် ကိုယ်တိုင် ရေချိုးခွင့်ကို နောက်ဆုံးတွင် ခွင့်ပြုလိုက်သောကြောင့် ဖြစ်သည်။မီးနေသည်ကာလအပြီး ပထမဆုံးအကြိမ် ကိုယ်လက်သန့်စင်ခြင်းမှာ တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည်။ သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှအထိ စေ့စပ်သေချာစွာ မချိုးခဲ့ဖူးပေ။ တစ်လလုံးလုံး အောင့်အည်းနေခဲ့ရသည်မှာ တကယ်ပင် ခံရခက်လှသည်။
ကလေးတစ်ယောက် မွေးပြီးလျှင် နောက်တစ်ယောက် မမွေးချင်တော့လောက်အောင်ပင်။ နာကျင်မှုက တစ်ခဏသာ ဖြစ်သော်လည်း မီးနေသည်ကာလမှာ တကယ်ပင် လူညှဉ်းပန်းနေသကဲ့သို့ပင်။ သို့သော် ဤကာလအတွင်း သေသေချာချာ ပြုစုခဲ့သဖြင့် တစ်လပြည့်ချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ ပို၍ ပေါ့ပါးလန်းဆန်းလာသည်ဟု ခံစားလိုက်ရသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -288
အခန်း ၂၈၈ ။ အတည်ပြုချက်ရယူရန် ကြိုးပမ်းခြင်း
မီးနေသည်ကာလအတွင်း က်ိုယ့်ကိုကိုယ်သေသေချာချာ ဂရုစိုက်ခဲ့တဲ့သူရှိသလို၊ သေသေချာချာ ဂရုမစိုက်နိုင်ခဲ့တဲ့သူလည်း ရှိပေသည်။
ချုံးဟွာနန်းဆောင်အတွင်း၌ ယဲ့ယွင်သည် ယောင်ရှန်းကို တွေ့လိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်သွားရသည်။ အခြားကြောင့်မဟုတ်ဘဲ ယောင်ရှန်းမှာ ကြောက်စရာကောင်းလောက်အောင် ပိန်ကျသွားသောကြောင့် ဖြစ်သည်။ မေးစေ့မှာ ချွန်ထွက်နေပြီး ပါးပြင်များမှာလည်း ချောင်ကျကာ မျက်တွင်းများပင် ဟောက်ပက်ဖြစ်နေချေပြီ။ အဝတ်အစားနှင့် အပြင်အဆင်များမှာ အလွန်တရာ စေ့စပ်လှပနေသော်လည်း သူမ၏ ကျန်းမာရေးမကောင်းမှုကိုမူ အလွယ်တကူ မြင်နိုင်လှသည်။
ယဲ့ယွင်ပင် သတိပြုမိသည်ဆိုလျှင် အခြားသူများလည်း သတိပြုမိကြသည်မှာ အမှန်ပင်။ အထူးသဖြင့် လူတိုင်းက သူမနှင့် ယောင်ရှန်းကို ယှဉ်ကြည့်နေကြခြင်း ဖြစ်သည်။
ယနေ့ ယဲ့ယွင်သည် ပျားရည်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကလေးမွေးပြီးကာစဖြစ်၍ ခါးမှာ အရင်ကလောက် မသေးသေးသဖြင့် ခါးသိမ်ဝတ်စုံ မဟုတ်ဘဲ လည်ပိုင်နှင့် ပုခုံးသားကို ပေါ်လွင်စေသော ဝတ်စုံကို ရွေးချယ်ထားရာ အလွန်ပင် ကျော့ရှင်းလှသည်။ ဆံပင်ကိုလည်း မြင့်မြတ်သော ချောင်ယွမ်ဆံထုံး ထုံးထားကာ ရွှေကြိုးဖြင့် ကျစ်ထားသော ခေါင်းဆောင်းနှင့် ပတ္တမြားဥဒေါင်းဆံထိုးကို ဆင်မြန်းထားသဖြင့် အလွန်ပင် မျက်စိကျိန်းစရာအလှဖြစ်နေတော့သည်။
သူမသည် မီးနေသည်ကာလအတွင်း အာဟာရပြည့်ဝစွာ စားသောက်ခဲ့သလို တစ်လလုံး နေရောင်မထိခဲ့သဖြင့် အသားအရေမှာလည်းဥခွံခွာထားသော ကြက်ဥကဲ့သို့ ဝင်းမွတ်နေတော့သည်။ တစ်ချက်ကြည့်လိုက်လျှင် ၁၆၊ ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မခြားသော်လည်း သေသေချာချာ ကြည့်လျှင်မူ သူမ၏ အရှိန်အဝါမှာ အရင်ကထက် ပို၍ နူးညံ့ကာ ဆွဲဆောင်မှုရှိနေသည်ကို တွေ့ရသည်။
အခြားတစ်ဖက်ရှိ ယောင်ရှန်းမှာမူ ယနေ့ ခရမ်းဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ပုလဲဆံထိုးများကို ဆင်မြန်းထားသည်။ အဝတ်အစားနှင့် လက်ဝတ်ရတနာများမှာ အပြစ်ပြောစရာမရှိဘဲ သန့်ရှင်းကျော့ရှင်းသော စတိုင်လ်ဖြစ်သော်လည်း ပိန်လှီပြီး အသားအရေမှာ ဖယောင်းရောင်သန်းကာ ဝါကျင့်ကျင့်ဖြစ်နေသော ယောင်ရှန်းနှင့် ပေါင်းစပ်လိုက်သောအခါ ကြည့်လို့သိပ်မကောင်းတော့ပေ။
"ဖန်းရှိုးရုန်ရဲ့ ကျန်းမာရေးက သိပ်မကောင်းသေးဘူး ထင်တယ်၊ အရင်ကထက် အများကြီး ပိန်သွားတာပဲ၊ သမားတော်ကို သေသေချာချာ ပြကြည့်ပါအုံး။”
မိဖုရားခေါင်ကြီးက စိုးရိမ်ဟန်ဖြင့် ဆိုသည်။
ယောင်ရှန်း၏မျက်နှာမှာ တင်းမာသွားသော်လည်း အားယူ၍ ပြုံးပြလိုက်ရာ ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။
"မိဖုရားခေါင်ကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ချန်းချဲ့က မင်းသမီးလေးကို မွေးတုန်းက မွေးရခက်ခဲ့တော့ အင်အားတွေ ကုန်ခမ်းသွားလို့ပါ၊ အခုတော့ အားဆေးတွေ သောက်နေရလို့ အများကြီး သက်သာနေပါပြီ။”
"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ မင်းက ငယ်သေးတယ်ဆိုတော့ ကျန်းမာရေးကို သေသေချာချာ ပြန်ဂရုစိုက်ရမယ်၊ မဟုတ်ရင် နောင်ကျရင် ဒုက္ခရောက်လိမ့်
မယ်"
မိဖုရားခေါင်ကြီးက ထိုသို့ပြောပြီးနောက် ယဲ့ယွင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်ရှိုးရီကတော့ အမြဲတမ်းကျန်းမာနေတာပဲ၊ ကြည့်ရတာ ပန်ကုန်းတို့ စတုတ္ထမင်းသားလေးက တကယ်ကို ကံကောင်းတာပဲ။ ရှိုးရီရဲ့ မျက်နှာလေးကို ကြည့်ပါဦး... အသားအရေက ဖွေးဥလို့ ကလေးမမွေးခင်ကထက်တောင် ပိုပြီး ဖြူဝင်းနေသလိုပဲ"
ဤစကား၏အဓိပ္ပာယ်မှာ စတုတ္ထမင်းသားလေးက ကံကောင်းသည်ဆိုလျှင် တတိယမင်းသမီးလေးမှာ ကံမကောင်းသဖြင့် ဖန်းရှိုးရုန် မွေးရခက်ကာ ကျန်းမာရေး ထိခိုက်ရသည်ဟု ပြောနေခြင်းဖြစ်သည်။
ယဲ့ယွင်၏ မျက်ဝန်းများ အေးစက်သွားကာ အလိုက်သင့်ပင် ပြုံးလျက် ပြန်လည် တုန့်ပြန်လိုက်သည်။
"မိဖုရားခေါင်ကြီးက မြှောက်ပင့်လွန်းနေပါပြီ၊ အဲ့နေ့ညကချန်းချဲ့သေဘေးက လွတ်လာလို့ရတဲ့ကံကောင်းမှုဖြစ်မှာပါ။ အမှန်တော့အဲဒီညက ကျောက်ချွန်းနန်းဆောင်မှာ မြွေတွေပေါ်လာတုန်းက ချန်းချဲ့ တကယ်ပဲ လန့်သွားခဲ့တာ၊ တကယ်ပါရှင်နောက်ထပ်အဲ့လိုကံကောင်းမှုမျိုးကိုတော့ ထပ်မလိုချင်တော့ပါဘူး။”
ထိုသို့ပြောနေစဉ် သူမသည် မိဖုရားခေါင်ကြီး၏ မျက်ဝန်းများကို စိုက်ကြည့်နေပြီး တုန့်ပြန်မှု တစ်စုံတစ်ရာကိုမျှ လွတ်မသွားစေရန် သတိထားနေသည်။ မိဖုရားခေါင်ကြီးသည်လည်း သူမအား ခဏတာ စိုက်ကြည့်ပြီးမှ အကြည့်လွှဲကာ ပြုံးလိုက်သည်။
"မင်းလည်းအဲ့ကိစ္စကြောင့်တကယ်
ဒုက္ခရောက်ခဲ့ရမှာပဲ ဒါပေမဲ့ အန်းရှီလည်း သေသွားပြီဆိုတော့... မင်းတို့ သားအမိနှစ်ယောက်အတွက် တရားမျှတမှုရှိသွားပါပြီ။”
"ဟုတ်ပါတယ် အရှင်မင်းကြီးက အမျှော်အမြင်ရှိယုံမကပဲ ချန်းချဲ့နဲ့ စတုတ္ထမင်းသားလေးကို ရင်ထဲမှာ အမြဲသိမ်းထားတော့ ချန်းချဲ့တို့လည်း အရှင်မင်းကြီးကိုရင်ဘက်ထဲကနေကျေးဇူးတင်နေတာ။”
ယဲ့ယွင်က အေးဆေးစွာ ဆိုသည်။
ဤစကားထဲတွင် အရှင်မင်းကြီးကိုသာ ရည်ညွှန်းပြီး မိဖုရားခေါင်ကြီးကို ထည့်မပြောခြင်းမှာ သိသာလှသည်။ မိဖုရားခေါင်ကြီးလည်း သူမအား တစ်ချက်ကြည့်ပြီးနောက် စကားဆက်မပြောတော့ပေ။
ထိုအချိန်တွင် ယောင်ရှန်းသည် ယဲ့ယွင်၏ နောက်ကွယ်မှ နို့ထိန်းပွေ့ချီထားသော ကလေးကို စိုက်ကြည့်နေသည်မှာ ကြာလှပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူမ စကားစလိုက်သည်။
"ချန်းချဲ့က စတုတ္ထမင်းသားလေးကို မတွေ့ရသေးဘူးပဲ၊ တစ်ရက်တည်း မွေးတဲ့ တိုက်ဆိုင်မှုဆိုတာ တကယ်ကို ရှားရှားပါးပါးပဲ။”
"ဒါပေါ့... ချန်းချဲ့လည်း တတိယမင်းသမီးလေးကို မတွေ့ရသေးဘူး၊ လူတိုင်းကြည့်နိုင်အောင် ကလေးတွေကို ရှေ့ကို ခေါ်လာခဲ့ကြ။” ယဲ့ယွင်က ပြုံးလျက် ဆိုလိုက်သည်။
သူမသည် နို့ထိန်းကို အနားသို့ လာရန် အချက်ပြလိုက်သည်။ ယောင်ရှန်းသည် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နေသော်လည်း သူမ၏ စိတ်လှုပ်ရှားမှုမှာ အနည်းငယ် သိသာနေသည်။ ၎င်းကို မြင်လိုက်ရချိန်တွင် ယဲ့ယွင်မှာ ယောင်ရှန်း၏ ပုံမှန်မဟုတ်သော အမူအရာကို ရိပ်မိလိုက်သည်။ ဤအပြုအမူမှာ တစ်စုံတစ်ခုကို အသည်းအသန် အတည်ပြုချက်ရယူရန် ကြိုးပမ်းခြင်းနှင့် တူနေသည်။
ယောင်ရှန်းက ကလေးကို တစ်ခုခု ဒုက္ခပေးမှာစိုးသဖြင့် ယဲ့ယွင်သည် သူမ၏ ဘေးသို့ မသိမသာ တိုးကပ်သွားလိုက်သည်။ သို့သော် ယောင်ရှန်းမှာ ဘေးပတ်ဝန်းကျင်ကလူများကို ဂရုမစိုက်နိုင်ဘဲ စတုတ္ထမင်းသားလေးအပေါ်မှာသာ အာရုံစိုက်နေတော့သည်။သူမ၏ မှတ်ဉာဏ်ထဲရှိ ကလေးငယ်၏ မျက်နှာနှင့် လုံးဝ မတူညီသော ကလေးငယ်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် သူမ တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ သူမ၏ သားတော် 'ယန်အာ' မှာ သူမနှင့် ပိုတူပြီး မျက်လုံးနှင့် နှာခေါင်းမှာ သူမနှင့် တစ်ပုံစံတည်း ဖြစ်၏။ သို့သော် ရှေ့က ကလေးငယ်မှာမူ နင်ချန်နှင့် အလွန်တူလှသည်။ အထူးသဖြင့် ထိုမျက်လုံးအစုံမှာ တစ်ပုံစံတည်း ထွင်းထားသလိုပင်။
သို့သော် သူမ လက်မလျှော့သေးဘဲ ထပ်မံ စစ်ဆေးလိုသေးသည်။ သူမ၏ သားတော်လေး မွေးဖွားချိန်တွင် ဘယ်ဘက် ပခုံးရိုးနေရာ၌ ပဲစေ့ခန့်ရှိသော အနီရောင် အမှတ်ကလေးတစ်ခု ပါရှိသည်။ ယခုအချိန်တွင် ကလေး၏ အဝတ်ကို ချွတ်ကြည့်ရန် မဖြစ်နိုင်သဖြင့် သွယ်ဝိုက်၍ မေးမြန်းရတော့သည်။
သူမသည် ပြုံးလျက် ယဲ့ယွင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“စတုတ္ထမင်းသားလေးက တကယ်ကို ဖြူဖြူဖွေးဖွေးနဲ့ ချစ်ဖို့ကောင်းတာပဲ၊ တတိယမင်းသမီးလေးက်ိုမွေးတုန်းက သိပ်မလေးဘူး၊ ကိုယ်အလေးချိန် ၃ ကီလို ပဲ ရှိတာ။ မီးနေသည်ကာလတုန်းက ကလေးရဲ့ မျက်ခွံလေးပေါ်မှာ အရောင်ခြယ်သထားသလိုမျိုးလေးနီနီလေးဖြစ်နေလို့ မှည့်များလားလို့ စိတ်ပူခဲ့သေးတယ်၊ ဒါပေမဲ့ နောက်တော့ ပျောက်သွားတာပဲ။ စတုတ္ထမင်းသားလေးမှာကော အဲဒီလိုမျိုး ပါသေးလား?"
၎င်းမှာ သာမန်စကားစမြည် ပြောခြင်းသာဖြစ်သော်လည်း ယဲ့ယွင်က သံသယရှိနေသဖြင့် ထိုစကားထဲမှ ထူးခြားမှုကို ရိပ်မိလိုက်သည်။ ၎င်းမှာ အတည်ပြုချက် ရယူလိုခြင်းနှင့် ပိုတူနေသည်။
ယဲ့ယွင်အနေဖြင့် ဖုံးကွယ်ထားစရာအကြောင်းမရှိသဖြင့်အမှန်အတိုင်းပင် ဆိုလိုက်သည်။
"စတုတ္ထမင်းသားလေးမှာတော့ ဘာမှည့်မှ မပါပါဘူး၊ အသားအရေကတော့ ချန်းချဲ့နဲ့တူလို့ထင် အရမ်းဖြူတာပဲ။ အစေခံတွေ ပြောတာတော့ ကလေးက နှာခေါင်းလေးပဲ ချန်းချဲ့နဲ့တူပြီး ကျန်တာတွေကတော့ အရှင်မင်းကြီးနဲ့ အကုန်တူတယ်တဲ့"
သူမ ဤသို့ပြောနေစဉ်တွင် ယောင်ရှန်း၏ မျက်နှာအမူအရာကို သေသေချာချာ စောင့်ကြည့်နေသည်။ ထင်သည့်အတိုင်းပင် သူမက ကလေး၏ နှာခေါင်းက သူမနှင့်တူသည်ဟု ပြောလိုက်ချိန်တွင် ယောင်ရှန်း၏ အကြည့်များက စတုတ္ထမင်းသားလေးကို အသေအချာ ပြန်လည်စစ်ဆေးနေတော့သည်။ ၎င်းမှာ သာမန်မဟုတ်ပေ။
နောက်တစ်ခဏတွင် ယောင်ရှန်းက မသဘာဝကျစွာဖြင့် - "ဟုတ်လား... ချန်းချဲ့တော့ သေသေချာချာ မကြည့်မိဘူး၊ ယောက်ျားလေးက အရှင်မင်းကြီးနဲ့တူတာ အကောင်းဆုံးပေါ့"
ကြည့်နေပါလျက်နှင့် သေသေချာချာ မကြည့်မိဘူးဟု ပြောနေခြင်းမှာ တကယ်ပင် ထူးဆန်းလှသည်။ ယောင်ရှန်းကိုယ်တိုင်လည်း သူမ၏ စိတ်အခြေအနေ မဟန်မှန်း သိသဖြင့် ခံစားချက်များ ပေါက်ကြားမှာစိုး၍ ဂါရဝပြုကာ တတိယမင်းသမီဍလေးထံ ပြန်သွားတော့သည်။ သူမ၏ ရင်ထဲတွင် အလွန်ပင် ရှုပ်ထွေးနေသဖြင့် ဘေးပတ်ဝန်းကျင်က စကားများကိုပင် မကြားရတော့ပေ။
....
တစ်နာရီခန့်အကြာတွင် နင်ချန်သည် တော်ဝင်ဆွေမျိုးအချို့နှင့်အတူ ရောက်ရှိလာခဲ့သည်။ အခန်းထဲသို့ ဝင်လာချိန်တွင် အားလုံးက ဂါရဝပြုကြသည်။ စည်းမျဉ်းများအတိုင်းဆောင်ရွက်ပြီးနောက် နင်ချန်သည် ကလေးများကို ကြည့်ရှုတော့သည်။ တတိယသမီးတော်လေးက အရင်မွေးသဖြင့် နင်ချန်သည်သူမအား ဦးစွာ ပွေ့ချီလိုက်သည်။ သို့သော် မင်းသမီးလေးမှာ အိပ်ပျော်နေသဖြင့် မနှိုးချင်သောကြောင့် စကားအများကြီး မပြောခဲ့ပေ။
စတုတ္ထမင်းသားလေးကို ပွေ့ချီလိုက်ချိန်တွင်မူ ထိုကလေးငယ်မှာ အလွန်ပင် နိုးကြားနေတော့သည်။ ထိုအချိန်တွင် မယ်တော်ကြီးလည်း ရောက်ရှိလာကာ ကလေးကို ကြည့်၍ ပြုံးရယ်လျက်ပြောတော့သည်။
- "ဒီကလေးက ဧကရာဇ် ငယ်ငယ်တုန်းကနဲ့ တကယ်တူတာပဲ၊ မျက်လုံးလေးတွေကတော့ လုံးဝကို တူတယ်"
ဘေးနားရှိ ဖူမားမားကလည်း အလိုက်သင့်
ပင် ဝင်ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ မျက်လုံးတွေက မယ်တော်ကြီးနဲ့ တူတာပဲလေ၊ အခု စတုတ္ထမင်းသားလေးကလည်း နဂါးမျက်ဝန်းပါပဲ။ ဒီလိုမျက်လုံးမျိုးက ကြည့်လို့ကောင်းသလို ကံကောင်းခြင်းတွေလည်း ဆောင်ကျဉ်းပေးပါတယ်"
"ဟုတ်လား?" မယ်တော်ကြီးမှာ ဤကိစ္စကို တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးသဖြင့် အနည်းငယ် ထူးဆန်းနေမိသည်။ သူမသည် နင်ချန်ကိုကြည့်လိုက်၊ စတုတ္ထမင်းသားလေးကိုကြည့်လိုက်၊ မိမိကိုယ်ကို ပြန်စဉ်းစားလိုက်နှင့်... တကယ်ပင် တူနေသည်ဟု ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူမသည် မြေးဖြစ်သူ စတုတ္ထမင်းသားလေးကို ပို၍ ကြည့်လို့ကောင်းသည်ဟု ထင်မြင်လာတော့သည်။
ဒါပေမဲ့ စတုတ္ထမင်းသားလေးရဲ့ မယ်တော်က ယဲ့ရှီ မဟုတ်ရင်တော့ ပိုကောင်းမှာပေါ့။
ထိုအချိန်တွင် ယဲ့ယွင်သည်လည်း ထိုကဲ့သို့ပင် တွေးနေမိသည်။ မယ်တော်ကြီးဆီက ရုပ်ရည်ဗီဇကိုပဲ ယူတာ ကောင်းပါတယ်။ ကျန်တဲ့ ဉာဏ်ရည်ဗီဇတွေကိုတော့ မယူတာ အကောင်းဆုံးပါပဲ။
ဤသို့ဖြင့် အချင်းချင်း မကြည်ဖြူမှုများကို ဖုံးကွယ်ရင်း ယနေ့၏ တစ်လပြည့်ပွဲတော်ကို စတင်လိုက်ကြတော့သည်။
***