← Chapters

အခန်း (၁၂၆-၁၂၈)

Vol. 9 Ch. 126-128

အခန်း (၁၂၆-၁၂၈)

Vol. 9 Ch. 126-128

၁၂၆) သွေးပင်လယ်ကြား တိုင်းပြည်အကြောင်း ဆွေးနွေးခြင်း

ပစ္စုပ္ပန်ရွာမှ ရွာသားများက လယ်ထွန်သူကထွန်၊ အဝတ်လျှော်သူကလျှော်၊ ဟင်းချက်သူကချက်နှင့် အလုပ်ရှုပ်နေကြပုံရသော်လည်း အမှန်စင်စစ်တွင်မူ သူတို့အားလုံး အလုပ်မျိုးစုံကို တစ်ပြိုင်နက် လုပ်နေကြခြင်း ဖြစ်သည်။ သူတို့က ကိုယ်စီအခန်းကဏ္ဍများတွင် သရုပ်ဆောင်ရင်း အုတ်ကြွပ်စိမ်း အိမ်လေးအတွင်းမှ စကားဝိုင်းများကို နားစွင့်နေကြခြင်းပင်။

မှန်ပေသည်။ ဤသည်မှာ ဧကရီ၏ တိတ်တဆိတ်ခွင့်ပြုချက်ကြောင့်သာ။ သို့မဟုတ်ပါက မည်သူမျှ ဤကဲ့သို့ လုပ်ဝံ့မည် မဟုတ်ပေ။

အသက်(၂၀၀)ကျော်ပြီဖြစ်သော အခွန်ဝန်ကြီးက မင်းဆက်သုံးဆက် အမှုထမ်းခဲ့သည့် ဝါရင့်အမတ်ကြီး ဖြစ်ပြီး ဩဇာအာဏာကြီးမားသူဖြစ်သည်။ ဧကရာဇ်၏ ထက်မြက်လှသော ရှင်းလင်းချက်ကို ကြားပြီးနောက် သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“ဧကရာဇ်သာ ရှိနေရင် မဟာကျင်းဟာ အတောင်ပံပါတဲ့ ကျားတစ်ကောင် ဒါမှမဟုတ် ပင်လယ်ထဲ ပြန်ရောက်သွားတဲ့ နဂါးတစ်ကောင်လိုပဲ။ ငါက နန်းရင်းဝန်နဲ့ တိုင်းပြည်မဏ္ဍိုင်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို စဉ်းစားလို့မရ ဖြစ်နေခဲ့တာ။ အခုတော့ ဧကရာဇ်ရဲ့ လမ်းညွှန်မှုကြောင့် အရာအားလုံး ရှင်းလင်းသွားပြီ…”

“ဒါက ခန့်မှန်းချက်သက်သက်ဆိုပေမဲ့ နန်းရင်းဝန်ရဲ့ ဗျူဟာအစစ်အမှန်က ဒါပဲလို့ ထင်တယ်။”

လူအတော်များများက ကျန်းစန်းဟိုင်၏ ဗျူဟာကို နားမလည်နိုင်ကြပေ။ မုန့်ချင်ကျိုး၏ တွက်ချက်မှုကို ကြားပြီးနောက်တွင်ပင် အချို့က ဤအစီအစဉ်သည် အလွန်ရက်စက်လွန်းပြီး ကိုယ့်ကိုယ်ကိုယ်ရော ရန်သူကိုပါ ထိခိုက်စေလိမ့်မည်ဟု သံသယဝင်နေကြဆဲဖြစ်သည်။

တိုင်းပြည်တစ်ခုတည်း၏ အင်အားဖြင့် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နှင့် မြောက်ဘက်မဟာမိတ် နှစ်ဖက်လုံးကို တစ်ပြိုင်နက် ရင်ဆိုင်ခြင်းက မီးပုံနံဘေး ကပြဖျော်ဖြေနေသကဲ့သို့ပင်။ အမှားအယွင်း အနည်းငယ်ရှိရုံဖြင့် ကိုယ့်ကိုယ်ကိုယ် မီးလောင်ကျွမ်းသွားစေနိုင်၏။

သို့သော် ကျန်းစန်းဟိုင်ကို ကောင်းကောင်းသိသော နန်းတွင်းအမတ် အချို့ကမူ ဧကရာဇ် ပြောသည်မှာ အမှန်တရားနှင့် အနီးစပ်ဆုံးဖြစ်ကြောင်း သိရှိကြသည်။

အခွန်ဝန်ကြီးနှင့် ကျန်းစန်းဟိုင်သည် နန်းတွင်းတစ်ခုတည်း အနှစ်(၆၀)တိုင် အတူတူ အမှုထမ်းခဲ့သူများ ဖြစ်၍ တစ်ဦးအကြောင်းတစ်ဦး ကောင်းကောင်းသိကြသည်။ ကျန်းစန်းဟိုင်သည် အပြင်ပန်းတွင် မြင်ရသကဲ့သို့ ကြင်နာသနားတတ်သူ မဟုတ်ကြောင်း သူသိသည်။

“နန်းရင်းဝန်ရဲ့ အုပ်ချုပ်ရေးဗျူဟာတွေက ပုံမှန်အားဖြင့် စနစ်ကျပြီး ဖြည်းဖြည်းချင်း သွားတတ်ပေမဲ့၊ စစ်ရေးကိစ္စဆိုရင်တော့ သူက ရည်မှန်းချက်အောင်မြင်ဖို့အတွက် သူ့အသက်ကိုတောင် ရင်းပြီး ဘာမဆို လုပ်မယ့်သူပဲ…” အခွန်ဝန်ကြီးက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုစဉ်မှာပင်...

မြို့တော်၏ အနောက်ဘက် ကောင်းကင်ယံမှ အနက်ရောင် အလင်းတန်းတစ်ခုသည် မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်လျက် ပေါ်ထွက်လာသည်။ ၎င်းကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။

အခွန်ဝန်ကြီး မော့ကြည့်လိုက်ရာ က်ဝန်းများ ကျဉ်းမြောင်းသွားပြီး တိုးတိုးလေး ပြောလိုက်၏။

“စစ်မီးတောက်တွေကတော့ တိုက်ပွဲကြီးတစ်ခု နီးကပ်လာပြီဆိုတဲ့ နိမိတ်ပဲ…”

“ဒါ အနောက်ဘက်ကလာတဲ့ ဝန်ကြီးချုပ်ရဲ့ သတင်းစကားပဲ။ သူတို့ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို တရားဝင် စစ်ကြေညာလိုက်ပြီ…”

...

အုတ်ကြွပ်စိမ်းအိမ်လေးအတွင်း...

တုန်းဖန်လျူလီu အနက်ရောင် အလင်းတန်းကို မြင်သောအခါ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်ပြီး ပြောလိုက်သည်။

“ဒီတောရိုင်းမြေကို စုစည်းဖို့ စစ်ပွဲကတော့ နောက်ဆုံးမှာ စတင်ခဲ့ပြီပဲ။ ဘယ်သူက အနိုင်ရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။”

မုန့်ချင်ကျိုးကမူ တုန်းဖန်လျူလီသည် နန်းတွင်းတွင် အမှုထမ်းခဲ့သည့် အချိန်များကို လွမ်းဆွတ်၍ ထိုကဲ့သို့ ပြောသည်ဟု ထင်မှတ်လိုက်သည်။

“စိတ်မပူပါနဲ့။ ကိုယ် ရှိနေသရွေ့ ဘယ်လောက်ပဲ ရေကြီးကြီး၊ ကမ္ဘာကြီး ဘယ်လောက်ပဲ ပျက်စီးပျက်စီး မင်းတို့ကို ကိုယ် ကာကွယ်ပေးနိုင်ပါတယ်။” မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ ပုခုံးကို ဖက်လိုက်သည်။

“အင်း...ယုံပါတယ်။” တုန်းဖန်လျူလီက သူ၏ပုခုံးပေါ်သို့ ခေါင်းမှီလိုက်သော်လည်း မျက်ဝန်းများမှာမူ ဟာလာဟင်းလင်း ဖြစ်နေတော့သည်။

စုချင်ချိုးu ထိုင်ခုံလေးပေါ်တွင် ထိုင်လျက် သွယ်လျသော ခြေထောက်များကို လက်ဖြင့်ပိုက်ကာ မေးစေ့ကို ဒူးပေါ်တင်ထားရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

“အရှင်မကတော့ ပြန်ပြီး အလုပ်ရှုပ်ရတော့မှာပဲ…”

“ကျွန်မ ဈေးသွားဝယ်ဦးမယ်။ ဒီည ရှင့်ကို ကောင်းကောင်း ကျွေးပါ့မယ်…” တုန်းဖန်လျူလီ ထရပ်ကာ တံခါးကိုတွန်းဖွင့်၍ ထွက်ခွာသွားတော့သည်။

......

ရွှေရောင်နန်းတော်…

အဆင့်(၅)နှင့် အထက်ရှိသော အရာရှိအားလုံးက နေမကောင်း၍ ခွင့်ယူထားသူဖြစ်စေ၊ အလုပ်ရှုပ်နေသူဖြစ်စေ မပျက်မကွက် တက်ရောက်နေကြသည်။ ထောင်ပေါင်းများစွာသော အရာရှိနှင့် မူးမတ်များက နန်းရင်ပြင်မှသည် အပြင်ဘက် မင်းလမ်းမကြီးအထိ တန်းစီနေကြသည်။

စုချင်ချိုးက ဓားကို ကိုင်ဆောင်ကာ နန်းတော်ထဲသို့ ဝင်လာပြီး ဧကရီ၏ဘေးတွင် ရပ်လိုက်သည်။ သူ၏ အေးစက်သော မျက်ဝန်းများက အောက်ရှိ အရာရှိများကို ကြည့်နေ၏။

နဂါးဝတ်ရုံကို ဆင်မြန်းထားသော တုန်းဖန်လျူလီက တည်ကြည်လေးနက်သော အသံဖြင့် မိန့်ကြားလိုက်သည်။

“နန်းရင်းဝန်နဲ့ တိုင်းပြည်မဏ္ဍိုင်က မဟာကျင်းရဲ့ စစ်သည်တစ်သန်းကို ဦးဆောင်ပြီး အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို စစ်ချီသွားပြီဆိုတဲ့ သတင်းကို အားလုံး မြင်ကြပြီးပြီလို့ ငါ ယုံကြည်တယ်။”

“နန်းရင်းဝန်နဲ့ ငါဟာ ဒီတောရိုင်းမြေကို စုစည်းဖို့ စစ်ပွဲဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ စစ်ဗျူဟာကိုတော့ အခုလောလောဆယ် ဆွေးနွေးမှာ မဟုတ်ဘူး…”

ဧကရီ စကားရပ်လိုက်သည်နှင့် နန်းတော်အပြင်ဘက်မှ ချပ်ဝတ်တန်ဆာချင်း တိုက်မိသံများ ရွှေရောင် နန်းတော်အတွင်းသို့ ကျယ်လောင်စွာ ကြားလာရသည်။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သည်အဖွဲ့များက နန်းတော်တစ်ခုလုံးကို ဝိုင်းရံထားလိုက်သည်။

စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်(၁၀)ဦးက စာရင်းတစ်ခုကို ကိုင်ဆောင်ကာ ရှေ့မှ ထွက်လာပြီး ဘာမှ မမေးမြန်းဘဲ တံခါးများကို ရိုက်ချိုး ဝင်ရောက်လာကြသည်။

“နန်းတွင်းအရာရှိချုပ် လီဖန်ဟာ ရန်သူ့တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သူလျှိုပဲ။ သူက ပြစ်မှုထင်ရှားတဲ့အတွက် ဘယ်လိုမှ မညှာတာဘဲ ကွပ်မျက်ရမယ်…”

ဖုန်းခနဲ အသံနှင့်အတူ သွေးများ နေရာအနှံ့ စင်သွားပြီး ခေါင်းကြီးတစ်လုံး လိမ့်ထွက်သွား၏။

ချက်ချင်းပင် နန်းတွင်းအတွင်းပိုင်းတွင် ထိတ်လန့်တကြား အော်ဟစ်သံများ၊ ဓားချင်းထိသံများနှင့် အသားထဲသို့ ဓားဝင်သွားသံများ ဆူညံသွားတော့သည်။ သွေးများမှာ မြစ်တစ်စင်းလို စီးဆင်းနေပြီး သွေးညှီနံ့များက နန်းတော်တစ်ခုလုံးကို လွှမ်းသွား၏။

အတွင်းနန်းတော်တင်မကဘဲ ရွှေရောင်နန်းတော်အတွင်း ဧကရီရှေ့တွင် ရပ်နေသော အရာရှိ များကိုလည်း အနက်ရောင် ချပ်ဝတ်ဝတ် စစ်သည်များက ဝိုင်းထားလိုက်သည်။

နန်းတွင်းအမတ်များမှာ ချွေးစေးများ ထွက်နေကြသည်။ အထူးသဖြင့် နောက်ကြောင်း မရှင်းသောသူများမှာ ချွေးပြန်နေကြပြီး အမြန်ပင် စကားဆိုကြသည်။

“အရှင်မ... ဒါက ဘာသဘောလဲ။”

တုန်းဖန်လျူလီ၏ နှုတ်ခမ်းများ ကွေးညွတ်သွားကာ အေးစက်စက် ပြုံးလိုက်သည်။ “စစ်ပွဲ မစခင်မှာ သစ္စာဖောက်အမတ်တွေနဲ့ ရန်သူ့သူလျှိုတွေကို အရင်ရှင်းထုတ်ရမှာပေါ့….”

“ဒီအချိန်ကစပြီး အားလုံး မျက်လုံးကို သေချာဖွင့်ကြည့်ထားကြ။ မဟာကျင်းကို သစ္စာဖောက်ရင် ဘာဖြစ်မလဲဆိုတာ…”

“စစ်ဝန်ကြီးဌာနက ဗိုလ်ချုပ်(၁၀)ဦး... စာရင်းအတိုင်း ပြစ်မှုတွေကို ဖတ်ပြီး ချက်ချင်း ကွပ်မျက်စေ...“

“ဒီနေ့ မင်းတို့ရဲ့ သွေးတွေနဲ့ ငါတို့စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ပူဇော်မယ်…”

ဗိုလ်ချုပ်(၁၀)ဦးက ဦးညွှတ်ကာ လက်အုပ်ချီပြီး တည်ငြိမ်စွာ ဆိုကြသည်။ “အမိန့်တော်အတိုင်းပါ အရှင်မ။”

ချက်ချင်းပင်...

ဗိုလ်ချုပ်တစ်ဦးက သုံးလက်မခန့် ထူသော စာရင်းစာအုပ်ကို ထုတ်ယူကာ ပထမဆုံးစာမျက်နှာကို ဖတ်လိုက်သည်။

“အခွန်ဝန်ကြီးဌာနက စတုတ္ထအဆင့် အရာရှိ၊ မဟာကျင်း ချင်းကျောက်နယ်သား။ လွန်ခဲ့တဲ့ (၃)နှစ်ကစပြီး မြောက်ဘက်မဟာမိတ်နဲ့ ပူးပေါင်းပြီး သတင်းအချက်အလက်တွေ ရောင်းစားခဲ့တဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်တယ်…”

“သတ်စေ…”

ဗိုလ်ချုပ်က လက်တစ်ဖက်ကို အောက်သို့ ဝှေ့ယမ်းပြလိုက်သည်။

အနက်ရောင် ချပ်ဝတ်ဝတ် စစ်သည်အချို့က ထိုအရာရှိကို ဖိထားလိုက်ပြီး၊ ဦးစွာ သူ၏ ဒန်တျန်ကို ဓားဖြင့်ထိုး၍ ကျင့်စဉ်ကို ဖျက်ဆီးလိုက်သည်။ ထို့နောက် မျက်နှာကို အဝတ်ဖြူဖြင့် အုပ်ကာ လည်ပင်းကို ဓားမြှောင်ဖြင့် လှီးလိုက်ပြီး နောက်ဆုံးတွင် ဝိညာဉ်လွင့်စင်အပ်ကို နဖူးအလယ်သို့ ထိုးစိုက်လိုက်ရာ သူ၏ ဝိညာဉ်မှာ ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်ချောမွေ့လှသည်။ နန်းတွင်းရှိ အရာရှိအားလုံး၏ ရှေ့မှောက်တွင် အမတ်တစ်ဦးကို သတ်ဖြတ်ခြင်းမှာ ကြက်တစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူနေတော့သည်။

သက်သေအထောက်အထား မလိုသလို၊ မေးခွန်းထုတ်စရာလည်း မလိုပေ။ ကိုယ်မလုံသောသူများသာ မတရားကြောင်း အော်ဟစ်နေကြသည်။

“ကူချီနယ်စားကြီး၊ တတိယအဆင့် နယ်စား။ မူလက တိုင်းပြည်ငယ်လေးတစ်ခုက သာမန်အရပ်သား ဖြစ်ပြီးတော့ မြို့တော်ကို လာရောက် ခိုလှုံခဲ့သူ။ နောက်ပိုင်းမှာ ထူးချွန်တဲ့ အမှုထမ်းမှုတွေကြောင့် နယ်စားဘွဲ့ အပ်နှင်းခံခဲ့ရတယ်။ စုံစမ်းစစ်ဆေးချက်အရ ကူချီနယ်စားဟာ ရန်သူ့ သူလျှိုတစ်ယောက် ဖြစ်နေတာကို တွေ့ရှိရတယ်…”

“သတ်စေ…”

နယ်စားကြီး ကူချီမှာ ဖိသိပ်ထားခြင်း ခံရပြီးနောက် ဒန်တျန်ကို ဓားဖြင့် ထိုးဖောက်သံ ထွက်လာသည်။ သူက နာကျင်စွာဖြင့် “အရှင်မ... ကျွန်တော်မျိုး အပြစ်မရှိပါဘူး...“ ဟု အော်ဟစ်လိုက်သော်လည်း စကားမဆုံးခင်မှာပင် မျက်နှာအုပ် လည်လှီးကာ ဝိညာဉ်ဖျက်ဆီးခြင်း ခံလိုက်ရသည်။

“အရှင်မ... တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ဘာလို့ အမတ်တွေကို အကြောင်းမဲ့ သတ်ဖြတ်နေရတာလဲ။ ဒါက စစ်တပ်ရဲ့စိတ်ဓာတ်ကို ထိခိုက်စေနိုင်ပါတယ်။ အမိန့်တော်ကို ပြန်လည် ရုပ်သိမ်းပေးပါ…” ဆံပင်ဖြူအဘိုးကြီးတစ်ဦးက မျက်ရည်များဖြင့် ဒူးထောက် တောင်းပန်လိုက်သည်။

စစ်ဝန်ကြီးဌာနက ဗိုလ်ချုပ်တစ်ဦးက ထိုအဘိုးကြီး၏ ပုခုံးကို ပုတ်ကာ အေးဆေးစွာ ပြောလိုက်သည်။ “ဒူးထောက်မနေပါနဲ့တော့ အဘိုးကြီး။ မင်းနာမည်လည်း စာရင်းထဲမှာ ပါတယ်။”

အဘိုးကြီးမှာ ဆွံ့အသွားသည်။ သူ လှည့်ကြည့်လိုက်ချိန်တွင် တောက်ပနေသော ဓားတစ်လက်က သူ၏ ဒန်တျန်ထဲသို့ ထိုးဝင်လာသည်။ ဓားဖြူဝင်ပြီး ဓားနီထွက်လာသည်နှင့်အတူ သူ၏ ကျင့်စဉ်များအားလုံး ပျက်စီးသွားတော့သည်။

...

ရွှေရောင်နန်းတော်မှ အတွင်းနန်းတော်၏ ထောင့်အသီးသီးအထိ တိုက်ခိုက်သံများ မစဲသော်လည်း၊ ပစ္စုပ္ပန်ရွာလေးမှာမူ သီးခြားဖြစ်နေဆဲပင်။

ဧကရာဇ် မည်သည့်အရာကိုမျှ သတိမထားမိစေရန်အတွက် ဧကရီက ပစ္စုပ္ပန်ရွာကို အကာအကွယ် အစီအရင်ဖြင့် ဖုံးအုပ်ထားခဲ့သည်။ ထို့ကြောင့် သွေးညှီနံ့များနှင့် အော်ဟစ်သံများမှာ ရွာထဲသို့ လုံးဝ မရောက်ရှိနိုင်ပေ။

“အရှင်မ... စစ်အင်အားကို ပြသတာက လက်ခံနိုင်ပေမဲ့ ဒီလောက်ကြီးမားတဲ့ သတ်ဖြတ်မှုကြီးက မသင့်တော်ဘူး မဟုတ်လား။“ စီမံခန့်ခွဲရေး ဝန်ကြီးက စိတ်ချင်းဆက်သွယ်၍ မေးမြန်းသည်။

ဧကရီက ဝတ်ရုံလက်ရှည်ကို ခါထုတ်ကာ ထရပ်လိုက်ပြီး ရှေ့မှ ငရဲခန်းသဖွယ် မြင်ကွင်းကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများ အထဲတွင် ဘာခံစားချက်မျှ မရှိဘဲ ကြက်သတ်နေသည်ကို ကြည့်နေသည့်အလား အေးစက်စွာ ဆိုသည်။

“ငါ ဘာလုပ်လုပ် ဘယ်သူ့ကိုမှ ရှင်းပြနေစရာ မလိုဘူး။ ငါက ရိုးရိုးသားသား လုပ်ဆောင်နေတာဖြစ်လို့ ဘာမှ ကြောက်စရာမရှိဘူး... ကိုယ်မလုံတဲ့သူတွေပဲ ကြောက်ကြလိမ့်မယ်။”

“ဒီနေ့ မြင်ကွင်းဟာ မင်းတို့အားလုံးအတွက် သတိပေးချက်တစ်ခုပဲ။ ဒီပြဇာတ်ကို သေချာကြည့်ကြ။”

“ကြောက်နေစရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်ပြီး ရန်သူနဲ့ ပူးပေါင်းတဲ့သူတွေဟာ ရန်သူတွေနဲ့ ဘာမှမခြားဘူး။ ရန်သူတွေရဲ့ အော်ဟစ်သံဟာ ငါတို့အတွက်တော့ သာယာတဲ့ တေးသံတစ်ခုပဲ ဖြစ်ရမယ်…”

နန်းတွင်းအမတ်များထဲမှ အမတ်ဟောင်းကြီးများမှာ တည်ငြိမ်နေကြပြီး အချို့ဆို အသတ်ခံရသူများကို ကြည့်ကာ ကျေနပ်သည့်အမူအရာဖြင့် နှာခေါင်းရှုံ့နေကြသည်။

အသစ်တက်လာသော အရာရှိငယ်လေးများမှာမူ ငုံးလေးများပမာ တုန်ရီနေကြပြီး ဧကရီကို မျက်လုံးချင်းပင် မဆိုင်ဝံ့ကြတော့ပေ။

ဤအရာရှိသစ်များသည် “ဧကရီ” ဆိုသည်မှာ မည်သို့သောသူဖြစ်ကြောင်းနှင့် “တောရိုင်းမြရှိ တိုင်းပြည် (၁၀၀)ကြားတွင် တစ်ဦးတည်းသော အောင်နိုင်သူ” ဆိုသည်မှာ မည်မျှ ကြောက်စရာကောင်းကြောင်းကို ယခုမှ ကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

“ဒီလောက် အာဏာပြင်းတဲ့ ဧကရီနဲ့ဆိုရင် ဧကရာဇ် ဘဝကတော့ တကယ့်ကို ခက်ခဲမှာပဲ…” အရာရှိသစ်များက စိတ်ထဲမှ တွေးနေကြသည်။

နှစ်နာရီ၊ သုံးနာရီခန့် ကြာသွား၏။

သွေးများက နန်းတော်တစ်ခုလုံးကို နီရဲသွားစေသည့် အချိန်ကျမှသာ ကျန်ရှိနေသော အမတ်များသည် ငိုက်စိုက်ကျနေသော ခေါင်းများကို မော့ကြည့်လိုက်ကြရာ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

“မဟာကျင်းထဲကို ရန်သူတွေ ထိုးဖောက်ဝင်ရောက်နေတာက ဒီလောက်တောင် နက်ရှိုင်းနေတာလား။” စီမံခန့်ခွဲရေး ဝန်ကြီးမှာ အလွန်တုန်လှုပ်သွား၏။

နန်းတော်တစ်ခုလုံး၏ လူဦးရေ ငါးပုံတစ်ပုံခန့်မှာ အသတ်ခံလိုက်ရခြင်းဖြစ်သည်။

စာပေနှင့် စစ်ဘက်အရာရှိများက သွေးမြစ်ကြီးကြား အလောင်းများစွာ ဝိုင်းရံလျက် ရပ်နေသော်လည်း မည်သူမျှ အသံတစ်ချက် မထွက်ဝံ့ကြပေ။

ပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရီက တည်ငြိမ်စွာ မိန့်ကြားလိုက်သည်။

“အစောင့်တွေ...အမတ်မင်းတွေအတွက် ထိုင်ခုံတွေ ယူလာပေးကြစမ်း။”

“တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ဒီလို သွေးပင်လယ်ကြီးကြားထဲမှာ တိုင်းပြည်ကြောင်း ဆွေးနွေးရတာက တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်မှာပဲ။”

“အရှင်မက ပညာရှိလှပါတယ်…”

နာရီပိုင်းအတွင်းမှာပင် ဧကရီ၏ ဩဇာအာဏာမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး အားလုံးကို အလိုအလျောက် ရိုသေကြောက်ရွံ့သွားစေတော့သည်။

၁၂၇) နောက်ဆုံးတိုက်ပွဲ စတင်ပြီ

နန်းတွင်းအရာရှိများနှင့် နယ်စားများ၏ ဖိနပ်များမှာ သွေးများဖြင့် ရွှဲနစ်နေတော့သည်။ စားပွဲများ အပေါ်တွင် အရသာရှိလှသော ဟင်းလျာများနှင့် သစ်သီးဝလံများ ခင်းကျင်းထားသော်လည်း စားပွဲ ခြေထောက်များ ဘေးတွင်မူ မျက်လုံးအပြူးသားဖြင့် မကျေမနပ် သေဆုံးသွားကြသည့် အလောင်းပေါင်းများစွာ လှဲလျောင်းနေကြသည်။

ဤသည်မှာ ဧကရီပေးသည့် သတိပေးချက်ပင်။ တိုင်းပြည်စစ်ပွဲ ဆင်နွှဲနေချိန်တွင် အောင်နိုင်ခြေ အလွန်နည်းပါးနေသည့်အတွက် စိတ်ဓာတ်ပျော့ညံ့သူ အချို့သည် နောက်ဆုတ်ရန် သေချာပေါက် စဉ်းစားကြလိမ့်မည်။

ဧကရီ၏ ဆိုလိုရင်းမှာ ရိုးရှင်းပေသည်။

စစ်တိုက်ရမည်ကို ကြောက်၍ရသည်။ ကိုယ်စား တာဝန်ထမ်းဆောင်ပေးမည့်သူ ရှိသည်။ အဆိုးဆုံး အနေဖြင့် ဆုလာဘ်များ ပေးအပ်ချိန်တွင် ဘေးကနေ ထိုင်ကြည့်နေရရုံသာ ရှိမည်။

သို့သော် လုံးဝ မလုပ်ရမည့်အရာမှာ တိုင်းပြည်ကို သစ္စာဖောက်ခြင်းပင်...

ရန်သူနှင့် ပူးပေါင်းသူ သို့မဟုတ် တိုင်းပြည်ကို ရောင်းစားသူ မည်သူမဆို မြေပြင်ပေါ်တွင် လှဲလျောင်းနေသူများကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ရမည်ဖြစ်သည်။

အရာရှိများသည် ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်နေပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ ဧကရီ၏ စွမ်းဆောင်နိုင်ရည်ကို အံ့သြနေမိကြသည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ဤမျှ အောင်မြင်မှုများ ရနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ဧကရာဇ်၏ အကူအညီမှာ မရှိမဖြစ် လိုအပ်သော်လည်း ဧကရီ၏ ရက်စက်ပြတ်သားလှသော သံမဏိလက်သီး ဗျူဟာများမှာလည်း အလွန်ပင် အရေးပါလှသည်။

တုန်းဖန်လျူလီက သူ၏ ခွက်ထဲမှ သွေးရောင်ကဲ့သို့ နီမြန်းနေသော ဝိုင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူက ဝိုင်တစ်ငုံ ငုံလိုက်ပြီး နီရဲသော နှုတ်ခမ်းလွှာများမှာ ထူးဆန်းသော အလှတရားဖြင့် ဝင်းပနေပြီး တည်ငြိမ်သော အသံဖြင့် မိန့်ကြားလိုက်သည်။

“ဧကရာဇ်နဲ့ နန်းရင်းဝန်တို့ဟာ အမျိုးသားမူဝါဒကို ချမှတ်ခဲ့ပြီးပြီ။ အခု အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို စစ်ချီတာဟာ အကြောင်းပြချက် သက်သက်ပဲ။ မဟာကျင်းရဲ့ တကယ့်ပစ်မှတ်က မြောက်ဘက် မဟာမိတ်ပဲ...“

“ဟမ်..”

အရာရှိများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ အထူးသဖြင့် ပစ္စုပ္ပန်ရွာ ဖြစ်စဉ်များတွင် မပါဝင်ခဲ့ဘဲ အမှန်တရားကို မသိရှိကြသော အရာရှိများမှာ အပြင်းအထန် တုံ့ပြန်ကြတော့သည်။

မဟာကျင်းအနေနဲ့ ဗုဒ္ဓတိုင်းပြည် တစ်ခုတည်းကိုတောင် အနိုင်ရဖို့ အခွင့်အရေး နည်းနေတာကို၊ အခု မြောက်ဘက် မဟာမိတ်ကိုပါ တစ်ပြိုင်နက် တိုက်ခိုက်ဦးမှာလား...

“အရှင်မ... ဒါက မသင့်တော်ဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်...“ အရာရှိတစ်ဦးက အသည်းအသန် ထရပ်ကာ ပြောလိုက်သည် - “မဟာကျင်းက ဗုဒ္ဓတိုင်းပြည်နဲ့ မဟာမိတ်အဖွဲ့ကို စစ်မျက်နှာ နှစ်ခုဖွင့်ပြီး တစ်ပြိုင်နက် တိုက်မယ်ဆိုရင် သူတို့နှစ်ဖက်ကို ပူးပေါင်းပြီး ကျွန်တော်တို့ကို ပြန်တိုက်ခိုက်ဖို့ တွန်းအားပေးသလို ဖြစ်ပါလိမ့်မယ်။“

“တကယ်လို့ သူတို့သာ ပူးပေါင်းသွားရင် မဟာကျင်းက ပျက်သုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။”

တုန်းဖန်လျူလီက ဘယ်ဖက်ပါးကို လက်ဖြင့်ထောက်ကာ ညာလက်မှ ဝိုင်ခွက်ကို ကိုင်ရင်း အတွင်းရှိ သွေးရောင်ဝိုင်ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဪ... ဟုတ်လား။”

“ဒါဆို ငါတို့က ဘာလုပ်ရမှာလဲ။ ဗုဒ္ဓတိုင်းပြည်နဲ့ အချိန်ဆွဲ တိုက်နေရင်း၊ မဟာမိတ်အဖွဲ့ရဲ့ နှောင့်ယှက်တာနဲ့ အလစ်အငိုက် တိုက်ခိုက်တာကို ခံရပြီး သရေကျတဲ့အထိ စောင့်ရမှာလား။ အဲဒီနောက် စစ်တပ်ကို ပြန်ခေါ်ပြီး အိမ်ပြန်နားနေရင်း ကောင်းကင်ပြည်နယ်က ကျိမိသားစု လာမှာကို စောင့်ရမှာလား။ အဲဒီအချိန်ကျရင် မဟာကျင်းက ဘာနဲ့ ပြန်ခုခံမှာလဲ။”

“ငါတို့က ဧကရာဇ် တစ်ယောက်တည်းကိုပဲ နိုင်ငံအတွက် အမြဲတမ်း ရှေ့တန်းထွက် တိုက်ခိုင်း နေရဦးမှာလား။...“

တုန်းဖန်လျူလီက ဝိုင်ခွက်ကို ရုတ်တရက် တင်းတင်းဆုပ်လိုက်ရာ ခွက်မှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။ ကောင်းမွန်လှသော ဝိုင်များမှာ သူ၏ လက်ဝါးပေါ်မှ စီးကျလာပြီး သူ၏ အသံမှာ အေးစက်သွား၏။

“အဲဒီလိုသာဆိုရင်... မင်းတို့က ငါ့အတွက် ဘာအသုံးကျတော့မှာလဲ...”

အကြံပေးခဲ့သော အရာရှိမှာ ဆွံ့အသွားသည်။ အတန်ကြာ စဉ်းစားပြီးနောက် သူက သက်ပြင်းချကာ အရိုအသေပေးပြီး အရာရှိတန်းစီရာသို့ ပြန်သွားတော့သည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများမှာ များပြားလွန်းလှသည်။

မင်းသားတစ်ပါး၏ ပုန်ကန်မှု၊ အင်အားကြီး (၇)ခု၏ ဝိုင်းရံပိတ်ဆို့မှု၊ ရှုဘုရင်၏ ကျူးကျော်မှု၊ မြောက်ဘက်စွန်းဒေသ စစ်ပွဲ၊ ကောင်းကင်ပြည်နယ်မှ ရောက်လာသော ဧည့်သည်များ...

ဤတိုက်ပွဲများမှာ ပင်ပန်းနွမ်းနယ်စရာ ကောင်းလှပြီး လူထုကိုလည်း ထုံထိုင်းသွားစေသည်။ သို့သော် ဤအကျပ်အတည်းတိုင်းမှာ ဧကရာဇ်နှင့် အချိန်နှင့်နေရာလွတ် ဓားသူတော်စင်တို့၏ အကူအညီမပါဘဲ မကျော်လွှားနိုင်ခဲ့သည်မှာ အမှန်ပင်။ သူတို့နှစ်ဦးသာ မရှိလျှင် မဟာကျင်း ပျက်စီးသွားသည်မှာ ကြာလှပြီဖြစ်သည်။

စစ်ဝန်ကြီးဌာနမှ ဗိုလ်ချုပ်တစ်ဦးက ရှေ့သို့ထွက်ကာ မေးမြန်းသည်။

“အရှင်မ... ဧကရာဇ်နဲ့ နန်းရင်းဝန်တို့ အမျိုးသားမူဝါဒ ချမှတ်တုန်းက မဟာမိတ်အဖွဲ့ကို ဘယ်လိုမျိုး တိုက်မလဲဆိုတာ ဆွေးနွေးခဲ့ကြပါသလား။“

“မဟာကျင်းက ရှုပြည်နယ်နဲ့ အင်အားကြီး (၇)ခုကို အောင်နိုင်ပြီးကတည်းက စစ်အင်အား နှစ်သန်းအထိ တိုးတက်လာခဲ့ပါတယ်။ အဲဒီထဲက တစ်ဝက်ကတော့ နန်းရင်းဝန်နဲ့အတူ ဗုဒ္ဓတိုင်းပြည်ကို တိုက်ဖို့ သွားကြပြီ။ ထိပ်တန်း တိုက်ခိုက်ရေးသမားတွေရဲ့ တစ်ဝက်ကလည်း ထွက်သွားကြပြီ။ ဒါဆိုရင် ကျန်တဲ့တစ်ဝက်ကိုပါ အကုန်သုံးမှာလား။ မဟာကျင်းကို စောင့်ရှောက်ဖို့ ဘယ်သူမှ ကျန်နေစရာ မလိုတော့ဘူးလား။“

အချို့အရာရှိများက နှုတ်ခမ်းမဲ့ကာ ဤမူဝါဒကို စိတ်ထဲမှ မထောက်ခံကြပေ။

ပြောရတာတော့ လွယ်တာပေါ့ ဟူ၍ တွေးနေကြသည်။

ဤတောရိုင်းမြေတွင် အုပ်စုသုံးစု ကွဲနေသည်။ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က အင်အားအကြီးဆုံးနှင့် အနက်နဲဆုံး ဖြစ်သည်။ ဒုတိယက မဟာကျင်းဖြစ်ပြီး မဟာမိတ်က တတိယ ဖြစ်သည်။

ဘာလို့ နံပါတ်တစ်နဲ့ နံပါတ်သုံးကို တစ်ပြိုင်နက် စစ်ကြေညာရတာလဲ။ တကယ်လို့သာ အဲဒီလောက် အင်အားရှိရင် တောရိုင်းမြကို စုစည်းပြီးတာ ကြာလှပြီပေါ့။

တုန်းဖန်လျူလီက တည်ငြိမ်စွာဖြင့် ဗိုလ်ချုပ်(၁၀)ဦးကို စိုက်ကြည့်ကာ တစ်လုံးချင်း မိန့်ကြားလိုက်၏။

“အရမ်းရိုးရှင်းပါတယ်... ငါကိုယ်တိုင် စစ်တပ်ကို ဦးဆောင်မယ်။”

ဗိုလ်ချုပ်များမှာ ထိတ်လန့်သွားကြပြီး အော်ဟစ်တားဆီးကြတော့သည်။ “အရှင်မ... ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။ မဟာကျင်းမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိနေတာကို အရှင်မ ကိုယ်တိုင် ရှေ့တန်းထွက်ရမယ်လို့ ဘယ်လိုလုပ် ဖြစ်မှာလဲ…”

ပလ္လင်ဘေးတွင် ရပ်နေသော စုချင်ချိုးကလည်း ထိုစကားကို ကြားသောအခါ စိုးရိမ်တကြီးဖြင့် စိတ်ချင်းဆက်သွယ်၍ အကြံပေးလိုက်သည်။

“အရှင်မ... အရှင်မရဲ့ ချိပ်ပိတ်က ပျက်စီးနေပြီလေ။ အရှင်မ လှုပ်ရှားမှုတိုင်းက သက်တမ်းကို လောင်ကျွမ်းစေတာနဲ့ အတူတူပဲ။ အရေးကြီးဆုံးက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို အမြန်ဆုံး ရောက်အောင် ကျင့်ကြံဖို့ပဲ မဟုတ်လား...“

တုန်းဖန်လျူလီမှာမူ ဘာအမူအရာမျှ မပြဘဲ ထူးခြားသည့် အလှတရားဖြင့် အေးစက်စွာ ရှိနေဆဲပင်။ သူ၏ အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။

သူ့တွင် ဧကရာဇ်အဆင့် ဝိညာဉ်ပါရမီ ရှိပြီး၊ ဝိညာဉ်ခန္ဓာကိုယ်မှာ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ပိုင်း အဆင့်သို့ ရောက်နေသော်လည်း ခန္ဓာကိုယ်ကျင့်စဉ်မှာ နံနက်ခင်းအလင်းနယ်ပယ် အလယ်အဆင့်တွင်သာ ရှိသေးသည်။

ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ သစ်သားချောင်းလေးများဖြင့် လုပ်ထားသော စင်တစ်ခုပေါ် လေးလံလှသော သံတုံးကြီးကို တင်ထားသကဲ့သို့ ဖြစ်နေသည်။ အနည်းငယ် ပေါ့ဆလိုက်ရုံဖြင့် သစ်သားစင်မှာ ချက်ချင်း ပြိုလဲသွားနိုင်၏။

သူ လက်တစ်ချက် လှုပ်ရှားတိုင်း ဝန်ပိနေသော သစ်သားစင်ကို အတင်းအဓမ္မ လှုပ်ခါနေသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် သူသာ စစ်တိုက်ထွက်နေရလျှင် ကျင့်ကြံရန်အချိန် ဘယ်မှာ ရတော့မည်နည်း။

သူ့တွင် အသက်ရှင်ရန် သုံးလသာ ကျန်တော့ကြောင်း သူ သိသည်။ သုံးလအတွင်း ကောင်းကင် ထောက်တိုင်နယ်ပယ်သို့ မရောက်နိုင်ပါက သူ သေဆုံးသွားမည်ဖြစ်ပြီး ဝိညာဉ်မှာလည်း ပြန်ဝင်စားခြင်း သံသရာထဲသို့ ဝင်နိုင်တော့မည် မဟုတ်ပေ။

“ငါက မင်းတို့ရဲ့ အမြင်တွေကို မေးနေတာ မဟုတ်ဘူး။ အကြံဉာဏ်တွေလည်း မလိုဘူး။ အာဏာစက်ကို တည်ထောင်ချင်တဲ့သူတွေဟာ ပေးဆပ်မှုမရှိဘဲ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။“

တုန်းဖန်လျူလီက ပြုံးလိုက်ပြီး အခြားဝိုင်ခွက်တစ်ခုကို ယူကာ ဝိုင်ဖြည့်လိုက်ပြီး မြှောက်လိုက်သည်။

“လာကြ... တိုက်ပွဲမစခင် မင်းတို့အားလုံးကို ငါ တိုက်တယ်…”

“မဟာကျင်းက ကြီးကျယ်တဲ့ အောင်ပွဲကို ရရှိပြီး ဒီတောရိုင်းမြေရဲ့ ရှုပ်ထွေးလှတဲ့ စစ်ပွဲတွေကို အဆုံးသတ်နိုင်ပါစေ...“

“မင်းတို့အားလုံး ငါ့ခြေရာနောက်ကို လိုက်ကြရမယ်။ မင်းတို့ရဲ့ နာမည်တွေကို သမိုင်းမှာ ကမ္ပည်းတင်ထားမယ် မင်းတို့ရဲ့ ကျော်ကြားမှုဟာ ထာဝရ တည်တံ့နေလိမ့်မယ်...“

အမတ်အားလုံးမှာ စိတ်လှုပ်ရှားသွားကြပြီး ထရပ်ကာ ခွက်များကို မြှောက်၍ “အရှင်မ သက်တော်ရာ ကျော် ရှည်ပါစေ…” ဟု ဟိန်းဟောက် အော်ဟစ်လိုက်ကြသည်။

နောက်တစ်နေ့တွင်..

သတင်းတစ်ခုသည် လောကတစ်ခုလုံးကို လေဆင်နှာမောင်း တစ်ခုကဲ့သို့ လွှမ်းမိုးသွားသည်။ တိုင်းပြည်အားလုံး တုန်လှုပ်သွားကြပြီး တံခါးပိတ် ကျင့်ကြံနေကြသော အဘိုးကြီးများပင် အံ့သြတကြီးဖြင့် ထွက်လာကြတော့သည်။

လူတိုင်းက ထိုအကြောင်းကိုသာ ပြောနေကြပြီး စစ်ဖြစ်နေသော တိုင်းပြည်ငယ်လေးအချို့ဆိုလျှင်ပင် တစ်ဖက်နှင့်တစ်ဖက် မတိုက်ခိုက်ရန် သဘောတူညီချက်များ ချက်ချင်း လက်မှတ်ထိုးလိုက်ကြသည်။

ထူးချွန်သူများ၊ အချိန်ကောင်းကို စောင့်နေကြသူများ၊ နယ်ပယ်အသီးသီးမှ ဆရာကြီးများနှင့် အင်အားကြီးသူများ အားလုံး ထွက်လာကြပြီဖြစ်သည်။ ခေတ်ကြီးတစ်ခု စတင်တော့မည်ကို သူတို့ အာရုံခံမိကြသည်။

“တောရိုင်းမြေကို စုစည်းမယ့် နောက်ဆုံးတိုက်ပွဲပြီးရင်... ဒီနေရာလည်း အဆုံးသတ်တော့မှာပဲ…” အင်အားကြီး ကျင့်ကြံသူတစ်ဦးက နေထွက်ရာ အရှေ့ဘက်သို့ လှည့်ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ... ချင်းလျူလီဟာ လောကကို အောင်နိုင်မယ့်သူပဲ။ သမိုင်းမှာ မရှိဖူးတဲ့ အမျိုးသမီး ဧကရာဇ်ပဲ။ သူက နောက်ထပ် လူသားဧကရာဇ် ဖြစ်လာမှာလား။“ တစ်ဦးက တည်ကြည်စွာ ပြောဆိုသည်။

“ကျင်းဧကရီ၊ ကျင်းဧကရာဇ်၊ ကျန်းစန်းဟိုင်... မဟာကျင်းက လူတွေဟာ တကယ့်ကို နဂါးတွေလိုပဲ။ သူတို့ရဲ့ ကံကြမ္မာက အတိုင်းအဆမရှိဘူး။ ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ။ တောရိုင်းမြေကို စုစည်းဖို့ စစ်ပွဲကို ပထမဆုံး စတင်ရဲတယ်...“

အရာအားလုံးက အနောက်ဘက် ဗုဒ္ဓတိုင်းပြည်တွင် ဖြစ်ပွားခဲ့သော မော်ကွန်းဝင် တိုက်ပွဲကြီးမှ စတင်ခဲ့ခြင်း ဖြစ်သည်။

မဟာကျင်းသည် စစ်သည်တစ်သန်းဖြင့် ဗုဒ္ဓတိုင်းပြည်ကို အလစ်အငိုက် တိုက်ခိုက်လိုက်သည်။ စစ်မီးတောက်များက ဗုဒ္ဓတိုင်းပြည် နယ်မြေ၏ တစ်ဝက်ခန့်ကို လွှမ်းခြုံသွားပြီဖြစ်သည်။

၎င်းတင် မကသေးပေ…

အံ့သြစရာ အကောင်းဆုံးက မဟာကျင်း၏ နန်းရင်းဝန် ကျန်းစန်းဟိုင်က သူ၏စစ်တပ်ကို ဦးဆောင်ပြီး ဗုဒ္ဓတိုင်းပြည်မှ အရဟတ္တ တစ်ပါးကို သတ်ဖြတ်လိုက်ခြင်းပင်...

ထို့ကြောင့် ဗုဒ္ဓတိုင်းပြည်တွင် အရဟတ္တ (၁၈)ပါး ရှိရာမှ (၁၇)ပါးသာ ကျန်ရှိတော့သည်။

၁၂၈) သတင်းဆိုးကြောင့် ထိတ်လန့်သွားခြင်း

“အရဟတ္တ (၁၈)ပါးထဲက တစ်ပါး ကျဆုံးသွားပြီတဲ့... ဘယ်သူလဲဆိုတာ မင်းသိလား။“

မုန့်ချင်ကျိုးက ထိုသတင်းကို ရုတ်တရက် ကြားလိုက်ရသောအခါ ဆွံ့အသွားပြီး အတန်ကြာအောင် စိတ်မသက်မသာ ဖြစ်နေမိသည်။

အရဟတ္တ (၁၈)ပါးစလုံးသည် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

စစ်သည်တစ်သန်း ဝိုင်းထားလျှင်ပင် အရဟတ္တတစ်ပါးသည် အလိုရှိက အချိန်မရွေး ထွက်သွား၍ ရနိုင်သည်။ ထို့အပြင် မုန့်ချင်ကျိုး၏ တွက်ချက်မှုအရ...

ကျန်းစန်းဟိုင်၏ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို အလစ်အငိုက် တိုက်ခိုက်ခြင်းမှာ အချိန်ဆွဲသည့် ဗျူဟာသာ ဖြစ်နိုင်လောက်သည်။ ဧကရီက သူ၏စစ်တပ်ကို နှစ်ဖွဲ့ခွဲပြီး မြောက်ဘက် မဟာမိတ်ကို အောင်မြင်စွာ ဖြိုခွဲနိုင်သည့်အချိန်အထိ အချိန်ဆွဲရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။

ဒါပေမဲ့ အခု ကျန်းစန်းဟိုင်က အရဟတ္တ တစ်ပါးကို သတ်လိုက်ပြီဆိုတော့... ဒါ ဗုဒ္ဓတိုင်းပြည်နဲ့ အသေအလဲ တိုက်ပွဲဝင်ဖို့ လမ်းစခင်းလိုက်တာ မဟုတ်ဘူးလား။

စုချင်ချိုးက ခေါင်းခါရင်း ပြောသည်။ “ကျွန်မလည်း သေချာမသိဘူး။ နန်းရင်းဝန်က တောင်တန်းနဲ့မြစ် မြေပုံကို တခြားနေရာလွတ်ထဲမှာ ဝှက်ထားပြီး သူနဲ့ အခြွေအရံ အနည်းငယ်က ကုန်သည်အဖွဲ့အဖြစ် ဟန်ဆောင်သွားခဲ့တာလို့ ပြောကြတယ်။ လမ်းမှာ သူတို့ကို တားဆီးတဲ့ အရဟတ္တ တစ်ပါးနဲ့ တွေ့ခဲ့တာတဲ့...“

“အဲဒီနောက် ကမ္ဘာပျက်မတတ် တိုက်ပွဲကြီး ဖြစ်ပွားခဲ့တာပဲ။ ဗုဒ္ဓတိုင်းပြည်ကလည်း အရမ်းကို ဒေါသထွက်ပြီး စစ်ကြေညာချက် ထုတ်ပြန်လိုက်တယ်။ သူတို့ရဲ့ အရဟတ္တ တစ်ပါးကို မဟာကျင်းက သတ်လိုက်တဲ့အတွက် ဗုဒ္ဓဘာသာဝင်အားလုံး စုပေါင်းပြီး မဟာကျင်းစစ်တပ်ကို ပြန်တိုက်ဖို့ ဆော်ဩလိုက်တာပဲ။“

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်လိုက်မိသည်။ မဟာကျင်းရဲ့ ထိပ်တန်းစစ်ဗျူဟာမှူးက ဘာတွေများ တွေးနေတာလဲ။

အချိန်ဆွဲရမယ့်စစ်ပွဲကနေ အင်အားပြည့်စစ်ပွဲ ဖြစ်သွားရင်၊ နန်းရင်းဝန်နဲ့ တိုင်းပြည်မဏ္ဍိုင်က ဘယ်လိုခံနိုင်ရည် ရှိမှာလဲ။

“ဗုဒ္ဓတိုင်းပြည်က တခြား အရဟတ္တတွေနဲ့ ဗောဓိသတ္တတွေကို စေလွှတ်လိုက်တဲ့ ကောလာဟလတွေရော ကြားမိသေးလား။” မုန့်ချင်ကျိုးက မေးသည်။

စုချင်ချိုးက လက်ညှိုးတစ်ချောင်း ထောင်ပြကာ ပြောသည်။ “အရဟတ္တဖိုလ်ရှင် တစ်ပါးတည်းပါ…”

တစ်ပါးတည်း ဟုတ်လား….

မုန့်ချင်ကျိုး အစပိုင်းမှာ အံ့သြသွားသော်လည်း ရုတ်တရက် သဘောပေါက်သွားသည်။

“မဟာကျင်းရဲ့ ဗျူဟာမှူးပီပီပဲ၊ သူက အန္တရာယ်များတဲ့ လှုပ်ရှားမှုတစ်ခုကို လုပ်လိုက်တာပဲ။ ဒါပေမဲ့ ဒါက အလုပ်ဖြစ်သွားတယ်။ နန်းရင်းဝန်က ဗုဒ္ဓတိုင်းပြည်ရဲ့ သဘာဝကို ကောင်းကောင်းသိတာပဲ…” မုန့်ချင်ကျိုးက ရယ်မောလိုက်သည်။

ဝူတျဲက လိမ္မော်သီးအခွံနွှာပြီး မုန့်ချင်ကျိုး၏ နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်သည်။ “သခင်လေး... အာ... ပါးစပ်ဟဦးလေ။“

“ဟေ့... နင်က ဧကရီမရှိတဲ့အချိန်ဆို သခင်လေးကို အမြဲတမ်း ပေါ်တင်ကြီး မြူဆွယ်နေတာပဲနော်...“ စုချင်ချိုးက ဒေါသတကြီး ကန်လိုက်သော်လည်း ဝူတျဲက အလွယ်တကူ ရှောင်တိမ်းလိုက်သည်။

ဝူတျဲက မျက်တောင်ခတ်ပြရင်း စိတ်ချင်းဆက်သွယ်၍ ပြန်ပြောလိုက်သည်။ “စုချင်ချိုးလေး... ငါက တောင်ရွှေ့နယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်သွားပြီနော်။ သတိထားဦး။ ငါ နင့်ကို အရိုက်ခံရအောင် လုပ်လိုက်မယ်။“

မုန့်ချင်ကျိုးက လိမ္မော်သီးကို စားရင်း အေးအေးဆေးဆေး ခေါင်းခါကာ ရေရွတ်လိုက်သည်။

“အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကလူတွေက အရာရာကို လျှို့ဝှက်ထားပြီး လက်ရှိအခြေအနေကိုပဲ ထိန်းသိမ်းရုံ တတ်တာ။ တိုက်စစ်ဆင်ဖို့ကျတော့ အားနည်းကြတယ်။ နှစ်ပေါင်းများစွာ သူတို့ဆီမှာ စစ်ပွဲဆိုတာ မရှိခဲ့ဘူး။ ဘယ်လိုလုပ် စစ်ဗျူဟာတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေကို နားလည်မှာလဲ။“

“နန်းရင်းဝန်က သူတို့ဆီကို ရောက်ရောက်ချင်း အရဟတ္တဖိုလ်ရှင်တစ်ပါးကို သတ်ပြလိုက်တော့ သူတို့က မဟာကျင်း အသေအလဲ လာတိုက်တာပဲလို့ ထင်ပြီး ကြောက်လန့်ပြီး တွန့်ဆုတ်သွားကြတာပဲ။“

စုချင်ချိုး မျက်လုံးလေးများ ဝင်းလက်သွားပြီး မေးလိုက်သည်။ “ဒါဆို ဗုဒ္ဓတိုင်းပြည်က ခြိမ်းခြောက်မှု မဟုတ်တော့ဘူးပေါ့ ဟုတ်လား။”

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက တည်ငြိမ်လေးနက်သော အသံဖြင့် ပြန်ပြောသည်။

“မဟုတ်ဘူး။”

“ဆန့်ကျင်ဘက်အနေနဲ့ နန်းရင်းဝန်က သူ့ကိုယ်သူ သေလမ်းထဲကို တွန်းပို့လိုက်တာပဲ။ ဇန်တရားမှာ နူးညံ့တဲ့ ဗောဓိသတ္တစိတ်ဓာတ်ရှိသလို၊ ပြင်းထန်တဲ့ ဝရဇိန်စိတ်ဓာတ်လည်း ရှိတာ မင်းသိရမယ်။“

“ဇန်တရားက လက်ရှိမှာတော့ သတိကြီးကြီးနဲ့ ထိန်းသိမ်းနေဦးမှာပဲ။ ဒါပေမဲ့ ဧကရီက မြောက်ဘက် မဟာမိတ်ကို စတင်တိုက်ခိုက်လိုက်တာနဲ့ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က သေချာပေါက် တုံ့ပြန်လာလိမ့်မယ်။ အဲဒီအချိန်ကျရင်... အရဟတ္တ (၁၇)ပါးစလုံး ထွက်လာလိမ့်မယ်၊ ဗောဓိသတ္တ (၄)ပါးကလည်း လောကရဲ့ အရပ်လေးမျက်နှာကို ပိတ်ဆို့ထားကြလိမ့်မယ်။ အဲဒီအချိန်ကျရင် နန်းရင်းဝန် အသက်ရှင်ဖို့ အခွင့်အရေးက နည်းသွားပြီ...“

စုချင်ချိုး ဆွံ့အသွားပြီး ရင်ထဲ မတည်မငြိမ် ဖြစ်သွားသည်။

“ဘာလို့ နန်းရင်းဝန်က ဒါမျိုးကို လုပ်ခဲ့တာလဲ။ သူက ပိုပြီး လိမ္မာပါးနပ်တဲ့ နည်းလမ်းနဲ့ အချိန်ဆွဲလို့ ရနေတာပဲကို…” စုချင်ချိုးက မေးသည်။

မုန့်ချင်ကျိုးက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ရင်း လွမ်းဆွတ်လျက် ပြောလိုက်သည်။ “ငါလည်း မသိဘူး။”

ကျန်းစန်းဟိုင်နှင့် အတူတူ ဖြတ်သန်းခဲ့သော အချိန်လေးများကို ပြန်တွေးမိပြီး အဘိုးကြီးနှင့် ခွဲခွာရမည်ကို သူ စိတ်မကောင်း ဖြစ်မိသည်။ တိုင်းပြည်အတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံသော သူရဲကောင်းတစ်ယောက်က တကယ့်ကို လေးစားစရာ ကောင်းလှသည်။

“ချင်ကျိုး…”

တုန်းဖန်လျူလီက ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ကိုင်ဆောင်ကာ ရောက်လာသည်။ သူက အပြာနုရောင် အင်္ကျီနှင့် အဖြူရောင် စကတ်လေးကို ဝတ်ဆင်ထားပြီး ထူးခြားသည့် အလှတရား တစ်ခုကို ဖော်ဆောင်နေသည်။ သို့သော် သူ၏အသံမှာ အားနည်းနေပြီး ဟန်ဆောင်နေပုံလည်း မရပေ။

ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် တုန်းဖန်လျူလီ ခြေခေါက်ကာ ရှေ့သို့ ယိုင်လဲသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သည်။

မုန့်ချင်ကျိုး လှည့်ကြည့်လိုက်ပြီး တစ်ခုခု မှားနေပြီဆိုတာ ချက်ချင်း သိလိုက်သည်။ သူက အမြန်ပြေးသွားပြီး ခြင်းတောင်းကို လှမ်းယူကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။”

သူ၏ အသက်ရှူသံက အားနည်းနေပြီး ခြေလှမ်းများမှာလည်း ဖော့ဖော့လေး ဖြစ်နေသည်။ ဒါက သူ နေမကောင်းဖြစ်နေတဲ့ လက္ခဏာပဲ။

“အဟွတ်... အဟွတ်…”

“စိတ်မကောင်းပါဘူး ချင်ကျိုး။ ရှင့်ကို အမြဲတမ်း ဖုံးကွယ်ထားမိခဲ့တယ်။ တကယ်တော့ ကျွန်မက...“ တုန်းဖန်လျူလီက နှုတ်ခမ်းကို အုပ်ကာ ချောင်းဆိုးလိုက်ရာ လက်ဝါးပေါ်တွင် တောက်ပသော သွေးစက်များ ပေကျံနေသည်ကို မြင်လိုက်ရသည်။

မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ လက်ဝါးကို ကိုင်ကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်။

“သွေးတွေလား…”

“မလှုပ်နဲ့ဦး။“ မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးစမ်းကြည့်လိုက်ရာ သူ၏ မျက်မှောင်များမှာ ပို၍ တင်းကျပ်လာသည်။

သွေးခုန်နှုန်းက အားနည်းပြီး ဝေ့ဝဲနေသော်လည်း အသက်ဓာတ်တော့ ရှိနေသေးသည်။

ဒါပေမဲ့ သွေးဓာတ်ကုန်ခမ်းလို့ အားနည်းနေတဲ့ ဒီသွေးခုန်နှုန်းက…

သေခါနီး လူတစ်ယောက်ရဲ့ လက္ခဏာပဲ...

“ဘာလို့ ကိုယ့်ကို အစောကြီး မပြောခဲ့တာလဲ...“ မုန့်ချင်ကျိုးက စိုးရိမ်တကြီးဖြင့် ဆူလိုက်သော်လည်း သူ၏ စကားသံထဲတွင် ကြင်နာမှုများ ပါဝင်နေသည်။

“စိတ်မပူနဲ့။ ကိုယ် ရှိနေတယ်။ သေမင်းတောင် မင်းကို လာခေါ်လို့ မရစေရဘူး။“

မုန့်ချင်ကျိုးက သိုလှောင်လက်စွပ်ထဲမှ အကောင်းဆုံး ဆေးလုံးအချို့ကို ချက်ချင်း ထုတ်ယူလိုက်သည်။

တုန်းဖန်လျူလီက အားနည်းစွာ ပြုံးလိုက်ပြီး ဆိုသည်။ “ရှင်က အချိန်နဲ့နေရာလွတ် ဓားသူတော်စင်မှန်း ကျွန်မ အရင်က မသိခဲ့ဘူးလေ။”

“ဒါ ကိုယ့်အမှားပါ၊ ဒါပေမဲ့ စိတ်မပူနဲ့။ မင်းရဲ့ယောက်ျားက ဘာမဆို လုပ်နိုင်ပါတယ်…” မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ လက်ကို ဆုပ်ကိုင်ထားရင်း တည်ငြိမ်အောင် ကြိုးစားကာ ပြောလိုက်သည်။

“မင်း ဘယ်လို ခံစားနေရလဲ ဆိုတာကို ပြောပြပါ၊ ဒါမှ ကိုယ် ဆေးမှန်အောင် ပေးလို့ရမှာ။“

တုန်းဖန်လျူလီက ခေါင်းခါရင်း ပြောသည်။ “အပင်ပန်း မခံပါနဲ့တော့။ ဒါက ကုလို့မရတဲ့ ရောဂါပဲ။ ဆေးတွေလည်း အသုံးမဝင်တော့ဘူး။”

“တစ်ခုကလွဲလို့ပေါ့…”

မုန့်ချင်ကျိုး စိတ်ဝင်စားသွားပြီး မေးသည်၊ “ဘာလဲ။ ဘာဖြစ်လို့လဲ။”

“ဧကရာဇ်အဆင့်ရှိတဲ့ ကုသဆေး ရှိရင်တော့ တစ်မျိုးပေါ့“ တုန်းဖန်လျူလီက သူ၏ နောက်ဆုံးဆန္ဒကို ပြောသကဲ့သို့ မုန့်ချင်ကျိုး၏ နဖူးပေါ်မှ ဆံပင်လေးများကို သပ်ပေးရင်း မုန့်ချင်ကျိုး၏ပါးပြင်ကို သူ၏ လက်ချောင်းလေးများဖြင့် အသာအယာ ထိတွေ့နေသည်။

ဧကရာဇ်အဆင့် ကုသဆေး...

မုန့်ချင်ကျိုး ဆွံ့အသွားသည်။

သူက ဆေးဖော်စပ်ခြင်း အတတ်ပညာကို လုံးဝ မသိပေ…

ဆေးလုံးများကို မည်သို့ ဖော်ရမည်ကိုလည်း မသိပေ။

“စိတ်မပူပါနဲ့။ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ…” မုန့်ချင်ကျိုး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုသတင်းဆိုးကို ကြားရသောအခါ သူ၏စိတ်ထဲ ရှုပ်ထွေးနေသော်လည်း တည်ငြိမ်အောင် ကြိုးစားပြီး၊ စာအုပ်ထဲတွင် ဧကရာဇ်အဆင့် ဆေးဆရာများ ဘယ်မှာရှိသလဲ၊ ဘယ်ရှေးဟောင်းနေရများတွင် အဲဒီဆေးများ ရှိနိုင်မလဲဆိုသည်ကို လိုက်တွေးနေမိသည်။

တုန်းဖန်လျူလီက အေးအေးဆေးဆေး ပြုံးလိုက်သည်။

“ရပါတယ် ချင်ကျိုး။ ကျွန်မမှာ အသက်ရှင်ဖို့ တစ်လလောက် ကျန်သေးတာပဲ။ အဲဒီအချိန်က ရှင်နဲ့အတူ လောကအနှံ့ လည်ပတ်ဖို့နဲ့ အတူ အချိန်ဖြုန်းဖို့ လုံလောက်ပါတယ်…”

မုန့်ချင်ကျိုး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

တစ်လပဲ ကျန်တော့တာလား...

အချိန်က အရမ်း နည်းလွန်းတယ်။ မှတ်မိသလောက် အဲဒီဆေးဆရာတွေ ဒါမှမဟုတ် ဆေးလုံးရှိတဲ့ နေရာတွေက အရမ်းကို ဝေးလွန်းတယ်/ ဒါမှမဟုတ် အချိန်တွေ အများကြီး ပေးရမှာ။ အချိန်က လုံးဝ မလောက်ဘူး...

“ကိုယ် စဉ်းစားပါဦးမယ်၊ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ…: မုန့်ချင်ကျိုး သူ၏ နားထင်ကို နှိပ်ရင်း အသည်းအသန် စဉ်းစားနေသည်။

တုန်းဖန်လျူလီက စုချင်ချိုးကို မျက်စိမှိတ်ပြလိုက်ပြီး စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်ꩻ “နင့်အလှည့် ရောက်ပြီ။”

စုချင်ချိုးက ခေါင်းကို ကုတ်လိုက်ပြီး၊ မရည်ရွယ်ဘဲ ပြောမိသလို ဟန်ဆောင်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ကျွန်မ မှတ်မိတာတော့... ဧကရီဆီမှာ ဧကရာဇ်အဆင့် ကုသဆေး ရှိတယ်လို့ ကြားဖူးတယ်။ တကယ်လို့ ဧကရီကသာ အဲဒီဆေးကို ပေးမယ်ဆိုရင်တော့ နည်းလမ်းရှိနိုင်တာပဲ။”

မုန့်ချင်ကျိုးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ “တကယ်လား။ ငါတော့ မမှတ်မိပါဘူး။“

စာအုပ်ထဲ၌ ဧကရီတွင် ထိုကဲ့သို့ ရတနာရှိသည်ဟု မပါခဲ့ဖူးပေ။

“သခင်လေး မှားမှတ်မိတာ ဖြစ်မှာပါ။” စုချင်ချိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“တကယ်လား...“ မုန့်ချင်ကျိုးက သံသယ ဖြစ်နေဆဲပင်။

တစ်ခုခု မှားနေသလို ခံစားရသည်။

သို့သော်လည်း တုန်းဖန်လျူလီ၏ သွေးခုန်နှုန်းက တကယ် အားနည်းနေသလို၊ လွန်ခဲ့သော ရက်ပိုင်းက ယင်ယန်အဘိုးကြိးနှင့် တိုက်ပွဲတုန်းကလည်း တုန်းဖန်လျူလီ၏ အသက်ဓာတ် လျော့နည်းနေသည်ကို သူ သတိထားမိခဲ့သည်။

အဲဒီအချိန်ကစပြီး ရောဂါက ပိုဆိုးလာတာလား။

“သခင်လေး... ဧကရီဆီ သွားပြီးတော့ အဲဒီဆေး တောင်းကြည့်ပါလား။” စုချင်ချိုးက ခပ်တောင့်တောင့် အသံဖြင့် ပြောသည်။

တုန်းဖန်လျူလီက အမြန်ပဲ ဆူလိုက်သည်။ “စုချင်ချိုး... လျှောက်မပြောနဲ့…”

“ချင်ကျိုးက မဟာကျင်းရဲ့ အရာရှိလည်း မဟုတ်တော့ဘူး၊ ဧကရီနဲ့လည်း ပတ်သက်မှု မရှိတော့တာ ကြာပြီပဲကို...“

ရုတ်တရက်...

မုန့်ချင်ကျိုးက စကားဖြတ်ပြောလိုက်သည်။ “မဟုတ်ဘူး... ကိုယ် သွားမယ်…”

“မင်းအတွက်ဆို ဓားတောင်ပဲဖြစ်ဖြစ်၊ မီးပင်လယ်ပဲဖြစ်ဖြစ် ကိုယ် သွားရဲပါတယ်။ ပြီးတော့ ဧကရီ ဆိုတာကလည်း ကြောက်စရာကောင်းတဲ့ သားရဲကြီးမှ မဟုတ်တာ။ အများဆုံးရှိလှ ရေကြီးတာလောက်ပဲ ရှိမှာပါ။“

အခြေအနေက အရေးကြီးနေပြီး ရောဂါကလည်း တကယ်ဖြစ်နေရာ မုန့်ချင်ကျိုး အကြာကြီး မစဉ်းစားတော့ပေ။

သူ ချက်ချင်း ထရပ်လိုက်ပြီး မဟာကျင်း မြို့တော်ဆီကို ဦးတည်ကာ ထွက်ခွာသွားတော့သည်။

All Chapters