ရွှီချင်း၏ နိယာမများ
Vol. 10 Ch. 148
ရွှီချင်း၏မျက်လုံးများထဲ အေးစိမ့်စိမ့်ဝင်းလက်သွားသည်။
ထိုပင်လယ်တစ္ဆေဂိုဏ်းကို သူ အစိမ်းသက်သက်မဟုတ်ချေ။
ချီရွှဲ့ထုံဂိုဏ်းတွင် ရှိစဉ်အခါက ဝိညာဉ်ကျောက်တုံးများ ရှာရန် ရာဇဝတ်ကောင်များကို သူ သတ်ဖြတ်ခဲ့သည်။ ထိုရာဇဝတ်ကောင်များထဲတွင် ပင်လယ်တစ္ဆေဂိုဏ်းမှ စွန်းဒဲ့ဝမ်လည်း ပါဝင်သည်။
စွန်းဒဲ့ဝမ်က ကျောက်ကျုံးဟန်၏ လောင်းကစားရုံ၌ ပါသမျှ ပစ္စည်းအားလုံး ကုန်သွားခဲ့သည့်အတွက်ကြောင့် ရွှီချင်းမှာ သူ၏ခေါင်းကို သတ်ဖြတ်ပြီးနောက် ဆုကြေးငွေမှလွဲ၍ ဘာမှအကျိုးအမြတ်မရခဲ့ပေ။
ထိုအချိန်ကတည်းက တားမြစ်ပင်လယ်ထဲ၌ ပင်လယ်ဓားပြဂိုဏ်းများလည်း ရှိနေသည်ကို သူ နားလည်လာခဲ့ရသည်။ ထိုပင်လယ်ဓားပြဂိုဏ်းများသည် ဂိုဏ်းအသီးသီးမှ ထုတ်ပယ်ခံရသောလူများ၊ ကျွန်းများပေါ်တွင် နေထိုင်ကြသောလူများနှင့် တခြားမျိုးနွယ်ဝင်များမှလူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သူတို့ထဲမှ လူအများစုက ပင်လယ်ဓားပြဂိုဏ်းများထဲ ဝင်ရန်မှလွဲပြီး တခြားရွေးချယ်စရာမရှိကြသည်ဖြစ်ပြီး တားမြစ်ပင်လယ်ထဲတွင် သူတို့ နေထိုင်ကျက်စားကြလေသည်။
ပင်လယ်ဓားပြဂိုဏ်းများစွာ ရှိပြီး ပင်လယ်တစ္ဆေဂိုဏ်းသည်လည်း ပင်လယ်ဓားပြဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
တောင်ခြေမှ လျှောက်လာနေကြသည့် ကျင့်ကြံသူဒါဇင်ကျောက်ထံမှ စွန်းဒဲ့ဝမ်ကဲ့သို့ တူညီသော ဝိညာဉ်စွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုလူများအနက် သိသိသာသာ အားပြင်းသော အငွေ့အသက်များထုတ်လွှတ်နေသည့် လူလေးယောက်လည်း ရှိသည်။
ထိုလူလေးယောက်က ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဟု ရွှီချင်း ခံစားမိနေသည်။
ယင်းအပြင် ဓားသွားပေါ်တွင် နေထိုင်နေကြသည့် လူများဖြစ်၍ သူတို့ထံမှ လူသတ်ငွေ့များက ရတနာမုဆိုးစခန်း၌ ရွှီချင်း မြင်ခဲ့ရသည့် လူအားလုံးထက် အဆပေါင်းများစွာ အားကောင်းနေသည်။
ရွှီချင်းက ပင်လယ်တစ္ဆေပင်လယ်ဓားပြဂိုဏ်းသား တစ်ဆယ့်ခြောက်ယောက်ကို စူးစိုက်ကြည့်နေပြီး ထိုသို့ သူ ကြည့်နေရင်းမှာပင် သူတို့က အလျင်အမြန် ချဉ်းကပ်လာကြသည်။ ချိုင့်ဝှမ်းသို့ သူတို့ ရောက်သောအခါ ဘေးပတ်လည်ရှိ ကျင့်ကြံသူများထံသို့ ရန်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ပင်လယ်တစ္ဆေဂိုဏ်း၏ ဂုဏ်သတင်းနှင့် တန်ခိုးစွမ်းအားက လူအားလုံးကို အလိုလို ငြင်းပယ်သွားစေသည်။
သို့သော်လည်း ပင်လယ်တစ္ဆေဂိုဏ်းမှ ထိုကျင့်ကြံသူများကလည်း ဤနေရာရှိလူများအားလုံးကို လုံးဝ ဂရုမစိုက်ချေ။ သူတို့ထဲမှ အများစု၏ မျက်နှာအမူအရာက အေးတိအေးစက်ဖြစ်နေပြီး ရန်လိုသောအကြည့်ကို ကွယ်ဝှက်မထားသည့် လူတချို့ပင် ရှိသည်။
သူတို့က တစ်ယောက်မှ ဂရုမစိုက်သည့်အလား ရွှီချင်းနှင့် ပန်းချွမ်လမ်းမှ အဘိုးအိုကိုပင် အေးတိအေးစက် ကြည့်လိုက်သည်။
သို့သော်လည်း သူတို့က ချက်ချင်း မတိုက်ခိုက်သေးဘဲ နေရာတစ်နေရာကို ရှာ၍ ထိုင်ချလိုက်သည်။ သူတို့ထဲမှ တစ်ယောက်က ခေါင်းမော့၍ ဘေးဘီဝဲယာကို အေးတိအေးစက်ကြည့်ကာ လေးတွဲသောလေသံဖြင့် ပြောလိုက်သည်။
“ မင်းတို့ကောင်တွေ အခုချက်ချင်း ထွက်သွားတော့။ မထွက်သွားချင်ရင် ပင်လယ်ဖွတ်အရေခွံတွေကို ဝင်မလုပ်နဲ့။ နို့မဟုတ်ရင် မင်းတို့အားလုံး သေမယ် ”
သူ၏အသံက လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားကာ လူအားလုံး တိတ်ဆိတ်သွားသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်း အတွေးနက်သွားရသည်။ တခြားလူများ၏ အပြုအမူများကို ကြည့်၍ သူ အနည်းငယ် ခန့်မှန်းထားပြီးသား ဖြစ်ပြီး ယခု ပင်လယ်တစ္ဆေဂိုဏ်း ရောက်ရှိလာသည်ကိုပါ ထည့်တွက်လိုက်သောအခါ ပင်လယ်ဖွတ်ကျွန်းပေါ်၌ ထူးဆန်းသောအရာတစ်ခုခု ဖြစ်ပျက်တော့မည်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
“ ငါ အရင်ဆုံး ထွက်သွားသင့်လား ”
ရွှီချင်း ငြိမ်ကျသွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များကို အာရုံခံလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ပြီး မတ်တတ်ရပ်၍ ထွက်သွားသည်။
သူက လက်ဖျားခါရလောက်အောင် မြန်ဆန်၍ တခဏလေးအတွင်း အဝေးသို့ ရောက်သွားသည်။
သူ ထွက်သွားခြင်းကြောင့် ဘေးပတ်လည်ရှိ ကျင့်ကြံသူများအားလုံး သူ့ကို လှမ်းကြည့်လိုက်ကြသည်။ ပန်းချွမ်လမ်းမှ အဘိုးအိုသည်ပင် အံ့အားသင့်သွား၏။
“ ဒီကလေးက တကယ်ကြီး ထွက်သွားတာပေါ့ ”
ပင်လယ်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူအများစုသည်လည်း ရွှီချင်း၏ နောက်ကျောကို လှမ်းကြည့်လိုက်သည့်တိုင်အောင် စိတ်ထဲမရှိချေ။
ထိုသို့ဖြင့် ရွှီချင်းက တောင်ပေါ်မှ တဟုန်ထိုး ဆင်းသက်လာပြီး တောအုပ်ထဲသို့ အတားအဆီးမရှိ ဝင်ရောက်သွားသည်။ တစ်နာရီကြာပြီးနောက် ကမ်းခြေ၌ သူ ပေါ်လာသည်။
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ မှော်လှေ ပေါ်လာပြီး ပင်လယ်ပြင်ပေါ် ကျဆင်းသွားသည်။ ထို့နောက် မှော်လှေပေါ် သူ ခုန်ဝင်လိုက်၏။
မှော်လှေပေါ် သူ ရောက်သွားသည့်အခိုက် အသက်ပြင်းပြင်းရှူ၍ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူက မန္တန်လက်ကွက်ဖော်လိုက်ပြီး မှော်လှေ၏ အကာအကွယ်အလွှာကို အသက်သွင်းလိုက်သည်။ ပင်လယ်ရေမျက်နှာပြင်က တဝုန်းဝုန်းမြည်ဟည်းလာပြီး သူ၏မန္တန်မှ ဖြစ်ပေါ်လာသော ရှဲကျင်းလုံက ပင်လယ်ရေအောက်တွင် ကူးခတ်ကာ စောင့်ကြပ်ပေးလိုက်သည်။
ပြီးသည်နှင့် ရွှီချင်းက ပင်လယ်ဖွတ်ကျွန်းကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။
ကျွန်းပေါ်မှ အကျိုးအမြတ်များ အဆင်ပြေချောမွေ့စွာ ရရှိခဲ့ခြင်းကြောင့် သို့မဟုတ် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ခွန်အားများ တိုးတက်လာခဲ့သည့်အတွက်ကြောင့် သူ သတိလက်လွတ်ဖြစ်မသွားခဲ့ပေ။ သူ့ပင်ကိုယ်စရိုက်က ပုံမှန်အတိုင်းသာ ဖြစ်သည်။
သို့ဖြစ်၍ သူ အဆင့်တက်တော့မည့်အချိန်ရောက်လာသည့်အခါ ကျွန်းပေါ်၌ ဆက်မနေခဲ့ခြင်း ဖြစ်သည်။
ကျွန်းပေါ်၌ သူ ဆက်နေခဲ့ပါကလည်း ဘေးကင်းလုံခြုံရန် အခွင့်အရေးများပြီး သူ့မှာ အနားကပ်လာသည့် လူများစွာကို ဆိုးဆိုးဝါးဝါး သေစေနိုင်သော အဆိပ်မှုန့် အမြောက်အမြား ရှိသည်။ ထို့ပြင် သူကိုယ်တိုင်သည်လည်း အလွန် အစွမ်းထက်သည် မဟုတ်ပါလား။
သို့သော်လည်း ထိုသိ့ု လုပ်နေရန် မလိုအပ်ပေ။
ဆင်းရဲသားရပ်ကွက်၌ ထိုကဲ့သို့ကိစ္စများကို သူ မြင်ခဲ့ဖူးသည်။ ဥပမာအနေဖြင့် ရန်သူများကို မောက်မာဝင့်ကြွားစိတ်ဖြင့် အခွင့်အရေးများ ပေးခဲ့သည့် လူများစွာ ရှိသည်။
သူ့အသက်ကို ခြိမ်းခြောက်လာသူမှန်သမျှ သူ သတ်ပစ်ချင်ပါသော်ငြား တခြားလူများကိုတော့ သူ့ကို တိုက်ခိုက်နိုင်ရန် အခွင့်အရေး ပေးမည် မဟုတ်ပေ။
ယင်းသည် ဤလောကပျက်ကြီး၏ အသက်ရှင်ရေးနည်းလမ်းတစ်ခု ဖြစ်သည်။
လူတချို့က သူတို့ခွန်အားကြောင့် ထိုအချက်ကို တဖြည်းဖြည်း မေ့လျော့သွားခဲ့ကြသည်။ သို့သော်လည်း ငယ်စဉ်ကလေးအရွယ်ကတည်းက အရိုးစွဲအောင် မှတ်သားထားခဲ့ရသည့် အတွေ့အကြုံများကြောင့် ရွှီချင်းက ထိုအချက်ကို ဘယ်တော့မှ မေ့မည် မဟုတ်ပေ။
ယခု သူက ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်သို့ ရောက်ပြီဖြစ်၍ မျက်လုံးများကို မှတ်ကာ စတင်ကျင့်ကြံလိုက်သည်။
တချိန်တည်းမှာပင် ရွှီချင်း ထွက်သွားသည်ဖြစ်၍ ပင်လယ်ဖွတ်ကျွန်းပေါ်ရှိ တောင်ထိပ်မှ ချိုင့်ဝှမ်းဘေးတွင် အဆိပ်များ လျော့နည်းသွားသည်။ ထိုအခါ ကျင့်ကြံသူအများစု စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချလိုက်ကြသည်။
သို့သော်လည်း ပင်လယ်တစ္ဆေဂိုဏ်း၏ ခြိမ်းခြောက်သောစကားများက လေလွင့်ကျင့်ကြံသူများကို မွန်းကြပ်သွားစေသည်။ သို့ပေမည့် သူတို့မှာ ထွက်သွားချင်ဟန်မတူဘဲ ချီတုံချတုံဖြစ်နေကြသည်။
အနည်းငယ် တွေဝေတွန့်ဆုတ်နေပြီးနောက် ထွက်သွားကြသည့်လူအနည်းငယ်လည်း ရှိသည်။
မကြာခင် မှောင်ရိပ်သမ်းလာသည်။
နေမင်းကြီး ငုပ်လျှိုးသွားသည့်အခိုက် အဝေးရှိ ပင်လယ်နှင့် ကောင်းကင်ကြားတွင် မြူခိုးများ တဖြည်းဖြည်း ပေါ်လာသည်။
ထိုမြူခိုးများသည် ပါးလျပြီး ပတ်ဝန်းကျင်ကို စိမ့်ဝင်သွားပြီး မမြင်နိုင်သော နတ်ဘုရားတစ်ပါး အသက်ရှူနေသည့်အလားပင်။ ၎င်းက တားမြစ်ပင်လယ်အထက်တွင် လွင့်မျောကာ အဘက်ဘက်သို့ ပျံ့နှံ့သွား၏။
တားမြစ်ပင်လယ်ထဲ၌ မြူခိုးများသည် ရှားရှားပါးပါး မဟုတ်သည့်အတွက်ကြောင့် မြူခိုးများကို မြင်မိသူ တစ်ယောက်တစ်လေ ရှိသည့်တိုင်အောင် များများစားစား စိတ်ဝင်စားနေမည် မဟုတ်ချေ။ ကမ်းခြေတည်ရှိရာ ပင်လယ်ရေမျက်နှာပြင်မှ ကြောက်ခမန်းလိလိ အငွေ့အသက်များ ထွက်ပေါ်လာသောအခါမှသာ ကျင့်ကြံသူအားလုံး အလျင်အမြန် လှမ်းကြည့်လိုက်သည်။
သူတို့ ကြည့်လိုက်သည့်အခိုက်မှာပင် ကမ်းခြေမှ ဝိညာဉ်စွမ်းအားများက ပို၍ အားကောင်းလာသည်။
ထိုအချိန်၌ လေးဖက်လေးတန်မှ အဆုံးမဲ့ ဝိညာဉ်စွမ်းအားများက တရွှီရွှီမြည်သံပေး၍ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ မှော်လှေဆီ အလုအယက် ပြေးဝင်သွားသည်။
ထိုဝိညာဉ်စွမ်းအားများက မျက်တောင်တစ်ချက်ခတ်အတွင်း ပေခြောက်ရာအကျယ်ကို ဖုံးလွှမ်းသွားသည်။ ထို့ပြင် ၎င်းက မရပ်တန့်သေးဘဲ ဆက်လက်ကျယ်ပြန့်လာရာ ချက်ချင်း ပေရှစ်ရာ့ကိုးဆယ်သို့ ရောက်သွားသည်။
ယင်းသည်လည်း အဆုံးသတ်မဟုတ်ချေ။ ဝိညာဉ်စွမ်းအားများ ဗြုန်းခနဲ စုပြုံလာခြင်းကြောင့် ပင်လယ်ပြင်ပေါ်တွင် ရွှီချင်း၏မှော်လှေကို ဗဟိုပြု၍ ဧရာမလေပွေကြီးတစ်ခု ပေါ်ပေါက်လာသည်။
လေပွေကြီးက တဝုန်းဝုန်းမြည်ဟည်း၍ ညဉ့်သန်းခေါင်ယံရှိ လက်ဆွဲမီးအိမ်အလား ပင်လယ်ပြင်မှာ လှိုင်းထန်နေပေရာ ပင်လယ်ဖွတ်ကျွန်းပေါ်ရှိ တောင်ထိပ်အသီးသီးမှ လူအားလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
မြောက်မြားစွာသောအကြည့်များ မှော်လှေဆီ စုပြုံနေပြီး တောင်ထိပ်တိုင်းမှ အသက်ရှူသံပြင်းပြင်း ထွက်ပေါ်နေသည်ကို ကြားနိုင်သည်။
“ ဒီမှာ အဆင့်တက်နေတဲ့လူ ရှိနေတာပဲဟ ”
“ အဆင့်တက်တဲ့ခံစားချက်က နည်းနည်း ပြင်းတယ် ”
ချိုင့်ဝှမ်းရှိ ကျင့်ကြံသူများအနက် လေလွင့်ကျင့်ကြံသူများဖြစ်စေ၊ ပင်လယ်တစ္ဆေအဖွဲ့ဝင်များဖြစ်စေ တုန်လှုပ်ချောက်ချားသွားကြသည်။ အဝေးရှိ လေပွေကြီးကို သူတို့ စူးစိုက်ကြည့်ကာ ရင်တုန်သွားကြသည်။
“ ဒါ စောစောတုံးက ထွက်သွားတဲ့ ချီရွှဲ့ထုံဂိုဏ်းသားပဲ ”
“ သူ တကယ်ကြီး အဆင့်တက်သွားတာပဲ ”
ကျင့်ကြံသူများ၏ ဆွေးနွေးသံများကို ရွှီချင်း မကြားနိုင်ပေ။ ထိုအချိန်၌ သူ့တစ်ကိုယ်လုံး တုန်ခါနေသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်က အပြင်ဘက်ရှိ လေပွေကြီးကဲ့သို့ ပေရှစ်ရာ့ကိုးဆယ် မြင့်သည်။
သူ၏ခန္ဓာကိုယ်ထဲရှိ တခြားကမ္ဘာက ခန္ဓာကိုယ်အပြင်ဘက်ရှိ ကမ္ဘာနှင့် တစ်ထပ်တည်း ကျနေသည့်အလားပင်။
ထိုသို့ ထပ်တူညီနေစဉ်အတောအတွင်း ရွှီချင်း၏ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီနေပြီး စူးရှတောက်ပသော ခရမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်နေကာ အသက်ရှူသံများ မြန်ဆန်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံလည်ပတ်လာသည်နှင့် သူ့ကိုယ်ထဲမှ ဝိညာဉ်ပင်လယ်က လက်ကျန်ဆယ်ပေကို ကျော်လွန်ပြီး ပေကိုးရာသို့ ရောက်သွားသည်။ အပြင်ဘက်ရှိ လေပွေသည်လည်း ပေကိုးရာအထိ ရုတ်ခြည်း ဆန့်ထွက်လာသည်။
ထိုအချိန်၌ ခန္ဓာကိုယ်အတွင်းနှင့်အပြင်ရှိ ပင်လယ်များက ချိန်သားကိုက်လှုပ်ရှားလိုက်ရာ ရွှီချင်း၏ ခေါင်းထဲတွင် နားစည်ကွဲလုမတတ်မြည်ဟည်းသံကြီး တရစပ် မြည်ဟည်းသွားသည်။
ဝုန်း ဝုန်း ဝုန်း
သူ ပင်လယ်အသွင်ပြောင်းပညာရပ်၏ အဆင့်ရှစ်ကို ကျော်လွန်ကာ အဆင့်ကိုးသို့ ရောက်သွားပြီဖြစ်သည်။
သို့တိုင်အောင် ထိုမျှဖြင့် မပြီးသေးပေ။
ထိုပေါက်ကွဲနေစဉ်အတောအတွင်း သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားလေပွေက ထပ်မံ ဆန့်ထွက်လာသည်။ ပေကိုးရာ့တစ်ဆယ်၊ ပေကိုးရာ့နှစ်ဆယ်၊ ပေကိုးရာ့သုံးဆယ် …
အပြင်ဘက်ရှိ တားမြစ်ပင်လယ်လေပွေ ဆန့်ထွက်လာခြင်းက သူ့ကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်ကိုလည်း ဆန့်ထွက်လာရန် လမ်းပြပေးလိုက်သည်။
ထိုအခြေအနေသည် ယခင်က သူ ကျင့်ကြံနေစဉ်အတောအတွင်း တစ်ခါမှ မကြုံခဲ့ဖူးသည့်အရာဖြစ်သည်။ ယင်းမှာ လက်ရှိသူ အဆင့်တက်နေသည်မှာ တားမြစ်ပင်လယ်ထဲတွင် ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ယခင် ကုန်းပေါ်၌ ကျင့်ကြံသည်နှင့် မတူဘဲ ဤနေရာတွင် ဝိညာဉ်စွမ်းအားများက ပို၍ ထူထပ်သိပ်သည်းသည်။
ဝိညာဉ်ပင်လယ်က ဆက်လက်ဆန့်ထွက်နေသည်။
ပေကိုးရာ့လေးဆယ်၊ ပေကိုးရာ့ငါးဆယ်၊ ပေကိုးရာ့ခြောက်ဆယ် …
အပြင်ဘက်လောကရှိ လေပွေက ပေကိုးရာ့ခုနစ်ဆယ်သို့ ရောက်သွားသောအခါ ရွှီချင်းခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်သည်လည်း ပေကိုးရာ့ခုနစ်ဆယ်အထိ ချိန်သားကိုက် ဆန့်ထွက်လာသည်။ ထိုအခါ သူ့ခန္ဓာကိုယ်ထဲမှ ချီစုစည်းခြင်းအဆင့်ကိုး အငွေ့အသက်များ လုံးလုံးလျားလျား ထွက်ပေါ်လာ၏။
သူ၏ပတ်လည် ပေကိုးရာ့ခုနစ်ဆယ်အတွင်းရှိ တားမြစ်ပင်လယ်ရေမျက်နှာပြင်သည်လည်း တဝုန်းဝုန်း အော်မြည်၍ လေထဲသို့ မြင့်တက်လာသည်။
၎င်းက တုန်လှုပ်ချောက်ချားစရာ မြင်ကွင်းတစ်ရပ်ပင်။
ရွှီချင်း၏မျက်လုံးများ ဆတ်ခနဲ ပွင့်လာသည်။
သူ၏မျက်လုံးအိမ်များထဲတွင် ခရမ်းရောင်အလင်းတန်းက အသက်ရှူကြိမ်အနည်းငယ်ကြာသည်အထိ လင်းလက်သွားသည်။ ထိုအလင်း မှိန်ဖျော့သွားတော့မည့်အခိုက်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ပို၍ အားကောင်းသော အငွေ့အသက်များ တဖန် ပေါ်ထွက်လာပြန်သည်။
သူ့နောက်၌ ‘ ပါ ’ အရိပ် ပေါ်လာပြီး ရက်စက်ကြမ်းတမ်းသော တစ္ဆေတစ်ကောင်အလား ကောင်းကင်ဝေဟင်ပြင်သို့ ဟိန်းဟောက်မာန်ဖီနေလေရာ ပေတစ်ထောင်နီးပါးရှည်သော တဝုန်းဝုန်းရိုက်ခတ်နေသည့် ပင်လယ်ကြီးက အရှိန်တညီးညီး လောင်ကျွမ်းတော့မည့်လက္ခဏာများ ပြသလာသည်။
၎င်းက မီးပင်လယ်တစ်စင်းအဖြစ် ပြောင်းလဲသွား၏။
ထိုဟိန်းဟောက်သံက အဘက်ဘက်သို့ ပျံ့နှံ့သွားသောအခါ ရွှီချင်းနောက်ရှိ ‘ ပါ ’ အရိပ်က အရူးအမူး စုပ်ယူလိုက်ရာ ပေကိုးရာ့ခုနစ်ဆယ်ရှည်သော မီးလေပွေကြီးက ၎င်း၏ ပါးစပ်ထဲ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
ထို့နောက် ၎င်းက မီးလေပွေအားလုံးကို တစ်ခုမကျန် တရှိန်ထိုး ဝါးမျိုပစ်လိုက်လေသည်။
မီးလေပွေကို ဝါးမျိုပြီးသည်နှင့် ၎င်းမှာ အပြင်းအထန် တုန်ခါလာသည်။ ၎င်း၏ ခြောက်ကပ်ကပ် အက်ကွဲနေသော အရေပြားအောက်မှ အနီဖျော့ဖျော့ လင်းလက်လာပြီး မီးတောင်ချော်ရည်ပူများဖြင့် ပြည့်နှက်လာသည့်အလားပင်။
နောက်ဆုံး၌ အလင်းက ဖြာထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို စူးရှတောက်ပသောအလင်းတစ်ခု ဖုံးလွှမ်းသွားသည်။ တချိန်တည်းမှာပင် ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင်လည်း ပြင်းထန်သော မီးစွမ်းအားတစ်မျိုး မြင့်တက်လာသည်။
ယင်းသည် ရေ၏ ထူးဆန်းသော မီးအသွင်ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ ယင်းသည် ရေနှင့် မီး ကြောက်ခမန်းလိလိ ပေါင်းစပ်ခြင်း ဖြစ်စဉ်ဖြစ်ပြီး မီးတောက်များထဲတွင် တားမြစ်ပင်လယ်အငွေ့အသက်များမှ ဖြစ်ပေါ်လာသော ရေခိုးရေငွေ့များ ရှိနေသည်။
ထိုအခါမှသာ ရွှီချင်း၏အဆင့်တက်ခြင်းဖြစ်စဉ်က အမှန်တကယ် အထမြောက်သွားခဲ့သည်။
သူ၏မျက်လုံးများထဲမှ ခရမ်းရောင်အလင်းသည်လည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး သူက ဖြည်းညင်းစွာ ထ၍ လှေကလေးပေါ် မတ်တတ်ရပ်လိုက်သည်။ သူ၏အရှိန်အဝါနှင့် သူ့အကြည့်စူးစူးက ကြည့်မိသူတိုင်းကို ကြောက်လန့်တုန်ရီသွားစေနိုင်သည်။
အထူးသဖြင့် တောင်ထိပ်ချိုင့်ဝှမ်းပတ်လည်ရှိ ကျင့်ကြံသူများမှာ ကြီးမားသော ရန်သူတော်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ရသည့်အလား သွေးရူးသွေးတမ်း ဖြစ်သွားကြသည်။
ရွှီချင်း၏ အဆင့်တက်ခြင်းဖြစ်စဉ်သည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှပြီး သူတို့မှာ ပြင်းထန်သော ဖိအားတစ်ရပ် ခံစားလိုက်ရသည်။ ယင်းသည် အစောပိုင်းက ရွှီချင်း၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသော ကျင့်ကြံသူများ ခံစားခဲ့ရသည့် တုန်လှုပ်ချောက်ချားခြင်းထက် သာလွန်သည်။
အစကတည်းက ရွှီချင်းက အစွမ်းထက်သည်ကို လူတိုင်း သိထားကြသည်။ ယခု သူက အဆင့်တက်သွားပြီဖြစ်ရာ ယခုတစ်ခေါက် လူတိုင်း ရရှိနိုင်မည့်အကျိုးအမြတ်က နည်းပါးသွားတော့မည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။
ပန်းချွမ်လမ်းမှ အဘိုးအိုသည်လည်း မျက်လုံးများ ပြူးကျယ်နေသည်။ အချိန်အတော်ကြာသည်အထိ သူ မှင်တက်နေပြီးနောက် ဘေးရှိ မြွေကြီးကို ခပ်တိုးတိုးပြောလိုက်သည်။
“ အဲဒီကလေးဆီသွားပြီး စည်းရုံးကြည့်ပါလား။ အဲဒီကလေးက ထင်သလောက်မရိုးရှင်းဘူး။ သူက ချီစုစည်းခြင်းအဆင့်ကိုးပဲ ရှိသေးတာတောင် ဘာလို့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ထက် ပိုကြောက်စရာကောင်းတယ်လို့ ငါ ခံစားနေရပါလိမ့် ”
ထိုကျင့်ကြံသူများ၏ အသက်ရှူသံများ ရုတ်ခြည်း ရပ်သွားသည်။ အဘယ်ကြောင့်ဆိုရသော် ကျွန်းပေါ်သို့ ရွှီချင်း နောက်ထပ် ဝင်ရောက်လာသည်ကို သူတို့ မြင်လိုက်ရသောကြောင့်ပင်။ သူက ယခင်ကထက် ပို၍ မြန်ဆန်နေပြီး အလင်းတန်းတစ်ခုအသွင် ပြောင်း၍ ပြန်လည်ဝင်ရောက်လာသည်။
ရွှီချင်းက ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် ချိုင့်ဝှမ်းအပြင်ဘက်တွင် ပြန်လည်ပေါ်ထွက်လာသည်။
သူသည် လူအားလုံးကို လျစ်လျူရှု၍ မျက်နှာသေဖြင့် သစ်ပင်ကြီးပေါ် ပြန်သွားလိုက်ပြီး ယခင်အတိုင်း တင်ပျဉ်ခွေထိုင်လိုက်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ပင်လယ်တစ္ဆေဂိုဏ်းအဖွဲ့ဝင်များအားလုံး သူ့ကို အာရုံစိုက်နေကြသည်။ သူတို့၏အမူအရာများက အလွန် တည်ကြည်နေပြီး သူတို့မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းများ ခပ်ရေးရေး ပေါ်နေသည်။
ခွန်အားကို ထုတ်ဖော်ပြသလိုက်ခြင်းသည် အကျိုးနှင့်အပြစ် ရှိပါသော်ငြား လက်ရှိပတ်ဝန်းကျင်၌ အကျိုးက အပြစ်ထက် သာလွန်နေသည်မှာ ထင်ရှားသည်။
ရွှီချင်းက ပင်လယ်တစ္ဆေဂိုဏ်းအား သူ့ကို လာမရှုပ်စေရန် အပြောထက် အလုပ်ဖြင့်သာ စကားဆိုသွားခဲ့ပေသည်။
ပင်လယ်ဖွတ်အရေခွံကို မလုဖို့ တခြားလူတွေကို မင်းတို့ ပြောသလိုမျိုး ငါ့ကို လာမပြောနဲ့ …