အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁) ဆိုးရွားတဲ့ ရှုံးနိမ့်မှု... နတ်ဘုရားသားတော်က စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်မှာလား
နတ်ဘုရားအင်ပါယာ၏ အမတ်ကြီးများစွာ ဝန်းရံထားပြီး ခုံးဝူတောက်သည် ကြယ်များကြားမှ လမင်းတစ်စင်းအလား နေလနတ်ဘုရား အင်ပါယာ၏ တော်ဝင်မြို့တော်သို့ ရောက်ရှိလာသည်။
သို့သော် လမ်းတလျှောက်တွင် တော်ဝင်မြို့တော်တစ်ခုလုံးကို မိုးကောင်းကင်ယံရှိ အစွမ်းထက် နေလနတ်ဘုရားအင်ပါယာ စစ်တပ်များက ကင်းလှည့်နေကြသည်။
အထူးသဖြင့် နေလနတ်ဘုရားအင်ပါယာ နန်းတော်၏ဧရိယာတွင် ဖြစ်ပေ၏။
ရွှေရောင်သံချပ်ကာများ ဝတ်ဆင်ထားပြီး အစွမ်းထက်သော စစ်တပ်အမြောက်အများကို နေရာအနှံ့တွင် တပ်စွဲထားပြီး ခြေလှမ်းဆယ်လှမ်းတိုင်းတွင် အစောင့်တစ်ယောက် ရှိသည်အထိ အမြင့်ဆုံးစံနှုန်းနီးပါး၌ ရှိနေသည်။
ဤသည်ကို မြင်သောအခါ ခုံးဝူတောက်က တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
"မင်းတို့ရဲ့ နေလနတ်ဘုရားအင်ပါယာမှာ ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့တာ သေချာတယ်...ဟုတ်တယ်လား..."
"မြို့ကိုစောင့်ကြပ်ဖို့ ဒီလောက်ထိများတဲ့ စစ်တပ်တွေကို စေလွှတ်ရလောက်အောင် ဘာဖြစ်ခဲ့တာလဲ..."
သူ၏အသံ အဆုံးသတ်သွားသည်နှင့်အမျှ ခုံးဝူတောက်ကို လမ်းပြနေသော ရှားရွှမ်ယွမ်နှင့် အမတ်ကြီးများအားလုံးသည် တပြိုင်နက်တည်း ရပ်တန့်သွားကြသည်။
ယခုချိန်၌ ခုံးဝူတောက်က နောက်တစ်ကြိမ် မေးမြန်းလာသည်ကို မြင်သောအခါ ရှားရွှမ်ယွမ်က အကယ်၍ သူသာ ဤကိစ္စကို နောက်တစ်ကြိမ် ဖုံးကွယ်ရန် ကြိုးစားမည်ဆိုလျှင် ထိုအရာသည် နတ်ဘုရားသားတော်အပေါ် မလေးမစား လုပ်ရာရောက်ပြီး မနှစ်မြို့မှုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိသည်။
သူက အခြေအနေကို ရှင်းပြတော့မည့် ဆဲဆဲမှာပင် ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်သော အော်ဟစ်သံတစ်သံက နန်းဆောင်၏ အပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။
"သတင်းပို့ပါတယ်..."
သံချပ်ကာ ဝတ်ဆင်ထားသော ခရမ်းစံအိမ်နယ်ပယ် စစ်သားတစ်ဦးသည် နန်းဆောင်၏ အပြင်ဘက်မှ အပြေးအလွှား ဝင်ရောက်လာပြီး သူ၏မျက်နှာအမူအရာမှာ အလွန်အမင်း ထိတ်လန့်နေလေ၏။
ဤသည်ကို မြင်သောအခါ ရှားရွှမ်ယွမ်၏ မျက်နှာအမူအရာ အနည်းငယ် သုန်မှုန်သွားပြီး သူက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ငါတို့ရဲ့ နေလနတ်ဘုရားအင်ပါယာမှာ အရေးကြီးတဲ့ ဧည့်သည်တော်တစ်ယောက် ရှိနေတယ်ဆိုတာ မင်း မမြင်ဘူးလား..."
"ဒီလောက်တောင် ပျာယာခတ်နေရအောင် ဒါက ဘယ်လို အပြုအမူမျိုးလဲ..."
သို့သော် ဧကရာဇ်၏ ဒေါသတကြီး မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင်ပင် စစ်သားသည် သူ၏စိတ်နှလုံးသားထဲရှိ အကြောက်တရားကို မဖုံးကွယ်နိုင်သကဲ့သို့ ပြာယာခတ်နေဆဲပင်။
နောက်ဆုံးတွင် သူ၏ဒူးများ ပျော့ခွေသွားပြီး ဝုန်းခနဲအသံနှင့်အတူ သူသည် ခုံးဝူတောက် ရှားရွှမ်ယွမ်တို့နှင့် မနီးမဝေးတွင် ဒူးထောက်ကျသွားသည်။
သူ၏ခေါင်းကို ငုံ့ထားကာ သူက တုန်ယင်လုမတတ်အသံဖြင့် စကားလုံးတစ်လုံးချင်းစီကို ပြောဆိုလိုက်သည်။
"အရှင်မင်းကြီး... ရှေ့တန်းက ရှုံးနိမ့်သွားပါပြီ..."
"မြောက်ပိုင်းလျှန်နယ်မြေကို စစ်ကူပေးဖို့ သွားတဲ့... သွားတဲ့ စစ်သားသုံးသိန်းလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရပါပြီ..."
"ကျွန်တော်တို့ နတ်ဘုရားအင်ပါယာရဲ့ ကာကွယ်သူနယ်စား ကျန်းဝူကျိတောင်မှ... တိုက်ပွဲမှာ ကျဆုံးသွားပါပြီ... သူပုန်တွေရဲ့ ခေါင်းဖြတ်တာကို ခံလိုက်ရပါတယ်..."
ဝုန်း...
ဤစကားများသည် ရှားရွှမ်ယွမ်နှင့် နတ်ဘုရား အင်ပါယာမှ အမတ်ကြီးများ၏ စိတ်ထဲတွင် ရုတ်တရက် မရေမတွက်နိုင်သော မိုးကြိုးများ ပေါက်ကွဲသွားသည့်အလားပင်။
အလွန်အမင်း အံ့အားသင့်တုန်လှုပ်မှုက သူတို့အားလုံးကို အဆုံးအစမရှိသော အိပ်မက်တစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ချက်ချင်းတွေဝေမိန်းမောသွားစေခဲ့သည်။
ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ...
ထိုစစ်သားသုံးသိန်းသည် သူတို့၏နေလနတ်ဘုရားအင်ပါယာမှ လက်ရွေးစင်များပင်။
ထို့ပြင် စစ်တပ်ကို ဦးဆောင်သော ဗိုလ်ချုပ်ကြီးသည် သူတို့ နေလနတ်ဘုရားအင်ပါယာ၏ ဂုဏ်ယူစရာအကောင်းဆုံး ကာကွယ်သူနယ်စားပင်။
နေလနတ်ဘုရားအင်ပါယာ၏ ကာကွယ်သူနယ်စားအနေဖြင့် ကျန်းဝူကျိသည် ပုန်ကန်မှုများကို နှိမ်နင်းရန် ယခင်စစ်ပွဲများရှိ တိုက်ပွဲတိုင်းတွင် အောင်ပွဲခံခဲ့ပြီး တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။
သို့သော် ယခုချိန်၌ စစ်သားသုံးသိန်းကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်သွားရာတွင် သူသည် ပုန်ကန်မှုကို နှိမ်နင်းရန် ပျက်ကွက်ခဲ့ရုံသာမက သူ ဦးဆောင်သွားသော စစ်သားသုံးသိန်းသည် အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီး သူကိုယ်တိုင်လည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။
ထိုကဲ့သို့ ရလဒ်မျိုးကို နတ်ဘုရားအင်ပါယာ တစ်ခုလုံးရှိ အမတ်ကြီးများအားလုံး လက်မခံနိုင်ကြချေ။
သူတို့သည် ကာကွယ်သူနယ်စား ကျန်းဝူကျိက သူတို့ကို ရှေ့တန်းမှ ကြီးမားသော အောင်ပွဲ သတင်း ယူဆောင်လာပေးမည်ကို စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ နာရီအနည်းငယ်အကြာတွင် ကြီးမားသော အောင်ပွဲအစား စစ်တပ်တစ်တပ်လုံး အမြစ်ပြန်သုတ်သင်ခံရကြောင်း သတင်းကို သူတို့ ရရှိခဲ့သည်။
နံဘေးမှနေ၍ ဤစကားများကို ကြားလိုက်ရသော ခုံးဝူတောက်သည်လည်း မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူ၏စိတ်နှလုံးသားထဲတွင် မှန်းဆလိုက်၏။
"ငါ အရင်က ရခဲ့တဲ့ အချက်အလက်တွေအရ... နေလနတ်ဘုရားအင်ပါယာရဲ့ ကာကွယ်သူနယ်စားကို အနိုင်ယူလိုက်တဲ့ တည်ရှိမှုဟာ ဒီ ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားဆိုသူ ဖြစ်နိုင်ခြေ အရမ်းများတယ်..."
"စိတ်ဝင်စားစရာပဲ... ဒီကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားက စစ်တပ်တွေကို တိုက်ပွဲဝင်ဖို့ ဦးဆောင်တဲ့ နေရာမှာလည်း အရမ်း ကျွမ်းကျင်ပုံရတယ်..."
ဤသည်က သူ၏ စိတ်ဝင်စားမှုကို များစွာ လှုံ့ဆော်ပေးခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ပျက်စီးခြင်းခေတ်ကို ပြန်တွေးကြည့်လျှင် သူ၏အသက် ဆယ့်သုံးနှစ် အရွယ်သာ ရှိသေးချိန်က အချိန်လေဟာနယ် တားမြစ်နယ်မြေသည် သူ့ကို လေ့ကျင့်ခွင့်ရစေရန်အတွက် သူ့ကို စစ်တပ်တစ်ခု ဦးဆောင်၍ စစ်တိုက်ခိုင်းခဲ့သည်။ ဤအထူး စမ်းသပ်မှုသည် သူ အသက်ဆယ့်ခြောက်နှစ် အရွယ်တွင်မှ ပြီးဆုံးခဲ့ပေ၏။
ထို့ပြင် ထိုသုံးနှစ်အတွင်း သူသည် မရေမတွက်နိုင်သော စစ်ဆင်ရေးများကို ဦးဆောင်ခဲ့သည်။
သူသည် စစ်ရေးဗျူဟာကို တခြားလူများ ယှဉ်ပြိုင်၍မရနိုင်လောက်အောင် အသုံးပြုခဲ့သည်။
မရေမတွက်နိုင်သော ကြီးမားသော တိုက်ပွဲများအပြီးတွင် သူ ဦးဆောင်သော စစ်တပ်သည် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခဲ့ခြင်း မရှိချေ။
ယခုချိန်၌ နေလနတ်ဘုရားအင်ပါယာ၏ စစ်သားသုံးသိန်းကို အမြစ်ပြတ်သုတ်သင်နိုင်စွမ်းရှိပြီး ကာကွယ်သူနယ်စားကိုပင် သတ်ပစ်နိုင်စွမ်းရှိသော ဤကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားသည် မည်သည့် စွမ်းရည်မျိုး ရှိသနည်းဆိုသည်ကို သူ မြင်တွေ့လိုလေပြီ။
..........
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ..."
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားထဲရှိ ဒေါသကို ဆက်လက်၍ ဖိနှိပ်မထားနိုင်တော့သော ရှားရွှမ်ယွမ်သည် သူ၏အမူအရာ လုံးဝပျက်ယွင်းသွားကာ အော်ငေါက်လိုက်သည်။
"စစ်သားသုံးသိန်းက... နှစ်နာရီတောင် မပြည့်ခင်မှာ... အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်..."
"အဲ့ဒီ ချူထျန် ဆိုတဲ့ကောင်ဆီမှာ... ဒဏ္ဍာရီလာ သရဲတွေနဲ့ နတ်ဘုရားတွေရဲ့ အကူအညီ ရှိနေတာများလား..."
သို့သော် ထို့နောက် ခုံးဝူတောက်က သူ၏နံဘေးတွင် ရှိနေသေးကြောင်း သတိရသွားကာ ရှားရွှမ်ယွမ်က သူ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို အလျင်အမြန် ဖိနှိပ်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ခုံးဝူတောက်ဆီသို့ နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ်လိုက်၏။
"တောင်းပန်ပါတယ်... ကျွန်တော်က နတ်ဘုရားသားတော် ဝူတောက်ကို ရယ်စရာ ဖြစ်အောင် လုပ်မိပြီ..."
"ဒီကိစ္စအပြည့်အစုံက တကယ်တော့ ဒီလိုပါ..."
ရှားရွှမ်ယွမ်သည် မည်သည့်အရာကိုမျှ ထပ်မံ ဖုံးကွယ်မထားတော့ဘဲ ကိစ္စရပ်တစ်ခုလုံးကို ထုတ်ဖော်ပြောပြလိုက်သည်။
...........
အချိန်တခဏအကြာတွင် အကြောင်းစုံကို သိရှိပြီးနောက် ခုံးဝူတောက်၏မျက်နှာပေါ်ရှိ နောက်ပြောင်ကျီစယ်လိုသော အမူအယာသည် ပို၍နက်ရှိုင်းလာပေ၏။
ချူထျန်ဟုခေါ်သော ဤကောင်သည် ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား တစ်ယောက်၏ ပြဋ္ဌာန်းစာအုပ် အဓိပ္ပာယ်ဖွင့်ဆိုချက် မဟုတ်လော....
နေလနတ်ဘုရားအင်ပါယာ၏ မရေမတွက်နိုင်သော အစွမ်းထက် ကျွမ်းကျင်သူ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး နောက်ဆုံးတွင် တားမြစ်နယ်မြေတစ်ခု၏ ချောက်ကမ်းပါးထဲသို့ ကျရောက်သွားရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရသည်။
သို့သော် သူ သေပြီဟု လူတိုင်း ထင်နေချိန်တွင် သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြန်လည်ရှင်သန်လာပြီး ကြီးမားသော စွမ်းအားများဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် နေလနတ်ဘုရားအင်ပါယာတစ်ခုလုံးကိုပင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပေ၏။
ဤအခြေအနေအရ အကယ်၍ နေလ နတ်ဘုရား အင်ပါယာတွင် သူ့ကို ယှဉ်နိုင်စွမ်းရှိသော တည်ရှိမှုတစ်ခု မရှိခဲ့ပါက အင်ပါယာ တစ်ခုလုံးသည် ဖြုတ်ချမခံရလျှင်ပင် မကြာမီ ပြိုလဲသွားမည်မှာ သေချာပေါက်ပင်။
ထို့ပြင် သူ၏ဗျူဟာသည် အလွန်ဉာဏ်ကောင်းပြီး နယ်စပ်များမှနေ၍ ကျူးကျော်ရန် ရွေးချယ်ကာ အဓိကအမာခံစခန်းများစွာကို ဦးစွာသိမ်းပိုက်ခဲ့သည်။
ထို့နောက် အရပ်မျက်နှာအဘက်ဘက်တွင် ကျယ်ပြန့်ပြီး ဗဟိုမြို့များကို ဝန်းရံသည့် ဗျူဟာတစ်ခုကို အသုံးပြုကာ သူသည် နေလ နတ်ဘုရားအင်ပါယာ၏ နယ်မြေကို ဖြည်းညှင်းစွာ ကျူးကျော်ဝင်ရောက်ခဲ့သည်။
ဤချဉ်းကပ်မှုသည် အလွန်ဆိုးရွားပြီး အခြေခံအားဖြင့် ဖြေရှင်း၍မရနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ အဓိကစစ်တလင်းသည် နေလနတ်ဘုရားအင်ပါယာ၏ နယ်မြေပေါ်တွင် ဖြစ်ပေ၏။
အကယ်၍ သူတို့ နိုင်လျှင် နေလနတ်ဘုရားအင်ပါယာ၏ နယ်မြေ တစ်ခုလုံးသည် ပျက်စီးသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်ပေါင်းရာနှင့်ချီပြီး နောက်ကျသွားပေလိမ့်မည်။
အကယ်၍ သူတို့ ရှုံးလျှင် နေလနတ်ဘုရားအင်ပါယာသည် လုံးဝဖြုတ်ချခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် မင်းဆက်အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုအချိန်မှာပင် ကြည်လင်ပြီး သာယာသော အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"အဖေ... နှစ်တွေတလျှောက်လုံး သမီးက စစ်ရေးဗျူဟာကို လေ့လာခဲ့ပြီးတော့ စစ်တပ်တွေကို တိုက်ပွဲဝင်ဖို့ အကြိမ်တွေအများကြီး ဦးဆောင်ခဲ့ဖူးပါတယ်..."
ရှားချူလီသည် လူအုပ်ထဲမှ ရှေ့ထွက်လာပြီး ရှားရွှမ်ယွမ်ကို ဦးညွှတ်အရိုအသေပြုကာ ပြောဆိုလိုက်သည်။
"အခု သမီးတို့ရဲ့ နေလနတ်ဘုရားအင်ပါယာက သင့်လျော်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ကိုရှာမတွေ့နိုင်တော့ဘူး..."
"သမီးကို နောက်တစ်ကြိမ် စစ်တပ်တစ်တပ် ဦးဆောင်ပြီး မြောက်ပိုင်းလျှန်နယ်မြေ မှာရှိတဲ့ ပုန်ကန်မှုကို နှိမ်နင်းခွင့်ပြုပါ..."
"မရဘူး..."
ဤအဆိုပြုချက်ကို ရှားရွှမ်ယွမ်က လျှင်မြန်စွာ ငြင်းပယ်လိုက်သည်။
"သမီးက စစ်တပ်တွေကို တိုက်ပွဲဝင်ဖို့ အကြိမ်များစွာ ဦးဆောင်ခဲ့ဖူးတယ် ဆိုပေမယ့် ဒီ စစ်ဆင်ရေးက အသေးအဖွဲ ကိစ္စ မဟုတ်ဘူး..."
"သူပုန်တွေက တောမီးလို ဖြစ်နေပြီ..."
"အဆိုးဆုံးအခြေအနေမှာ... ငါက အင်ပါယာ သင်္ချိုင်းကို သွားပြီး ရှေးဟောင်းဘိုးဘေးကြီး ကို လှုပ်ရှားခိုင်းလိုက်မယ်... နယ်မြေတွေ ကြေမွှပျက်စီးသွားရင်တောင်မှ ငါတို့ နတ်ဘုရားအင်ပါယာရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နှစ်ရာအနည်းငယ်လောက်ပဲ နောက်ကျသွားမှာပါ..."
ရှားရွှမ်ယွမ်သည် ရှားချူလီကို အမြဲတစေ အလိုလိုက်ခဲ့ပေ၏။
သူ၏သမီးသည် သူ၏မျက်လုံးထဲတွင် အမြဲတစေ အဖိုးတန်ရတနာတစ်ခု ဖြစ်ခဲ့သည်။
သူမကို ထိုသို့သော အန္တရာယ်မျိုး ခံစားရစေရန် သူ ဆန္ဒမရှိပေ။
"ဒါပေမယ့် အဖေ..."
ရှားချူလီက ဆက်လက်၍ ပြောချင်သေးသည်။
သို့သော် ကြည်လင်သော အသံတစ်သံက အရင်ဦးအောင် ပဲ့တင်ထပ်လာသည်။
"ဒီ နတ်ဘုရားသားတော်ကလည်း တိုက်ပွဲမှာ စစ်တပ်တွေကို ဦးဆောင်တဲ့ နေရာမှာ ကျွမ်းကျင်ပါတယ်..."
"ဘုရင်ရွှမ်ယွမ်... မင်းက စစ်တပ်ရဲ့ ကွပ်ကဲမှုကို ဒီ နတ်ဘုရားသားတော်ဆီ လွှဲပေးနိုင်မလား..."
"ဒီနတ်ဘုရားသားတော်က မင်းတို့ရဲ့ နတ်ဘုရား အင်ပါယာအတွက် ဒီပုန်ကန်မှုကို ကိုယ်တိုင်ကိုယ်ကျ နှိမ်နင်းပေးမယ်... ဘယ်လိုလဲ..."
...
အခန်း (၇၂) စစ်တပ် စုရုံးလာတယ်....စစ်သား တစ်သိန်းခွဲက လုံလောက်ပါပြီ
သူ၏အသံ အဆုံးသတ်သွားသည်နှင့်အမျှ နေလ နတ်ဘုရားအင်ပါယာ၏ အမတ်ကြီးများ နှင့် ဗိုလ်ချုပ်ကြီးများသည် ခုံးဝူတောက်ဆီသို့ ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ဘာလဲ...
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်က သူတို့၏နေလနတ်ဘုရား အင်ပါယာကို အမှန်တကယ် ကူညီချင်နေသလော...
နေလနတ်ဘုရားအင်ပါယာ၏ အစွမ်းထက် ကျွမ်းကျင်သူများသာ တွေဝေမိန်းမောသွားကြခြင်း မဟုတ်ပေ။
ခုံးဝူတောက်၏နောက်ရှိ ပါရမီရှင်များပင်လျှင် ဤကိစ္စကြောင့် အနည်းငယ် အံ့အားသင့်သွားပြီး ကြက်သေသေသွားကြသည်။
သူတို့၏နတ်ဘုရားသားတော်က ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ကြပေ။
ခုံးဝူတောက်၏မျက်နှာအမူအရာသည် သူ့ပတ်ဝန်းကျင်ရှိ အကြည့်များကို ရင်ဆိုင်ရသော်လည်း ခံစားချက်မဲ့နေဆဲပင်။
သူသည် ကြင်နာတတ်သော သူတစ်ယောက် မဟုတ်ပေ။ သူသည် မလှုပ်ရှားမီ အကျိုးကျေးဇူးများကို အမြဲတစေ စဉ်းစားလေ့ရှိသည်။
ပထမအချက်အနေဖြင့် သူသည် သူ၏ ပျင်းရိမှုကို ပြေပျောက်စေရန် ဤ ကောင်းကင်ကံကြမ္မာပိုင်ရှင် ချူထျန်နှင့် အမှန်တကယ် တွေ့ဆုံချင်ပေ၏။
ဒုတိယအချက်အနေဖြင့် အကယ်၍ သူသာ နေလ နတ်ဘုရားအင်ပါယာအတွက် ဤပုန်ကန်မှုကို အလွယ်တကူ နှိမ်နင်းပေးနိုင်မည်ဆိုလျှင်...
သူ၏အထောက်အထားနှင့် နေလနတ်ဘုရားအင်ပါယာကို ကယ်တင်သည့် ကျေးဇူးတို့ကို ပေါင်းစပ်လိုက်ပါက...
နေလနတ်ဘုရားအင်ပါယာသည် သူ့ကို အလွန်အမင်း ကျေးဇူးတင်နေမည်မှာ သေချာပေါက်ပင်။
ထို့နောက် နေလနတ်ဘုရားအင်ပါယာကို လုံးဝထိန်းချုပ်နိုင်ရန် အထူးနည်းလမ်းတချို့ကို အသုံးပြုရန်သာ လိုအပ်ပေလိမ့်မည်။
နေလနတ်ဘုရားအင်ပါယာသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေကဲ့သို့ တာအိုနယ်မြေနှစ်ခုတွင် အလွန်အရေးကြီးသော ပထဝီဝင် အနေအထားများကို ပိုင်ဆိုင်ထားလေ၏။
အကယ်၍ သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေသည် အနာဂတ်တွင် ဤတာအိုနယ်မြေ များကို ဖိနှိပ်မည်ဆိုလျှင်....
ဤတာအိုနယ်မြေ များရှိ တခြားအင်အားစုများကို ဖိနှိပ်ရန် ကြီးမားသော စစ်တပ်များကို စေလွှတ်ရန် ဤအဓိကအင်အားစုနှစ်ခုကို ခြေကုပ်တစ်ခုအဖြစ် သူတို့ အသုံးပြုနိုင်ပြီး ထိုမှတဆင့် တာအိုနယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်ပေမည်။
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ရှားချူလီက သခင်အပေါ် အရမ်းကျေးဇူးတင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်...]
[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ရှားချူလီကို ၂၀ ရာခိုင်နှုန်း ယဉ်ပါးအောင် အောင်မြင်စွာ သွေးဆောင်နိုင်ခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ် ၁၆၀၀ ကို လျှော့ချလိုက်ပြီး တစ်ဖက်လူမှာ ၄၈၀၀ မှတ် ကျန်ရှိနေပါတယ်...]
[သုံးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၄၈၀၀ကို ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]
[ရှားချူလီရဲ့ ယဉ်ပါးအောင် သွေးဆောင်မှု တိုးတက်မှုကတော့ ၄၀ ရာခိုင်နှုန်းပါ...]
စနစ်၏ကြေညာချက်ကို ရုတ်တရက် ကြားလိုက်ရသောအခါ ခုံးဝူတောက်သည် ပို၍ပင် အံ့အားသင့်သွားသည်။
ရှားချူလီ၏အကျင့်စရိုက်သည် အလွန်ထူးဆန်းကြောင်း သူ သိထားသော်လည်း သူမက ဤမျှလောက်အထိ ထူးဆန်းလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သူမအတွက် ပုန်ကန်မှုကို နှိမ်နင်းပေးမည်ဟုသာ သူ ပြောခဲ့သော်လည်း သူမကို ယဉ်ပါးအောင် သွေးဆောင်ရာတွင် တိုးတက်မှုက ဤမျှထိ အမြောက်အများ တိုးတက်သွားသလော...
သို့သော် ခုံးဝူတောက် မသိခဲ့သောအရာမှာ....
သူ၏ ယခင်စကားများသည် ရှားချူလီ ၏ နားထဲသို့ ရောက်သွားသောအခါ သူမ၏ နှလုံးသားသည် ထိုအရာ၏လှုပ်ရှားမှုကို မဖိနှိပ်နိုင်တော့ဘဲ ပို၍ပြင်းထန်စွာ ခုန်ပေါက်လာခဲ့ခြင်းပင်။
သေချာသည်မှာခုံးဝူတောက်၏ စကားများနှင့် လုပ်ရပ်များသည် သူမနှင့် ပို၍နီးကပ်လာစေရန် လုံးဝမရည်ရွယ်ကြောင်း သူမ အပြည့်အဝ သတိပြုမိသည်။
ထိုအစား ဤကိစ္စသည် သူ၏အကျိုးစီးပွားနှင့် ကိုက်ညီသည်ဟု သူ ခံစားရသောကြောင့် သူက သနားညှာတာစွာ ဝင်ရောက်စွက်ဖက်ခြင်းပင်။
သို့သော် ဤသည်က ရှားချူလီကို မယုံနိုင်လောက်အောင် ကျေးဇူးတင်စေခဲ့ပေ၏။
အကယ်၍ တခြားတစ်ယောက်ယောက်သာ ထိုသို့ ပြောခဲ့မည်ဆိုလျှင် သူမသည် အထင်သေးမိမည်ဖြစ်ပြီး သူတို့က အာရုံစိုက်ခံရရန် တမင်သက်သက် ကြိုးစားနေသည်ဟုပင် တွေးထင်မိပေလိမ့်မည်။
သို့သော် ထိုအရာသည် ခုံးဝူတောက်သာ ဖြစ်မည်ဆိုလျှင်...
သူတို့၏နတ်ဘုရားအင်ပါယာကို သက်ရောက်မှု ရှိနေသော ပုန်ကန်မှုသည် သေချာပေါက် လုံးဝ နှိမ်နင်းခံရနိုင်သည်။
..........
အသက်ဆယ်ရှိုက်ကျော် တိတ်ဆိတ်သွားပြီးနောက်....
တွေဝေမိန်းမောနေခဲ့ကြသော ရှားရွှမ်ယွမ်နှင့် နေလနတ်ဘုရားအင်ပါယာမှ တခြားလူအမြောက်အများသည် သူတို့၏သတိများ ပြန်လည်ဝင်ရောက်လာကြပြီး သူတို့၏ မျက်နှာများတွင် ပျော်ရွှင်မှုများဖြင့် တောက်ပနေသည်။
ရှားရွှမ်ယွမ်သည် ခုံးဝူတောက်ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်၏။
"ကျေးဇူးတင်ပါတယ်... နတ်ဘုရားသားတော် ဝူတောက်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်..."
ချူထျန်၏ ယခင်လုပ်ရပ်များသည် နေလနတ်ဘုရားအင်ပါယာမှ မရေမတွက်နိုင်သောလူများကို အံ့အားသင့်သွားစေခဲ့သော်လည်း....
အကယ်၍ သူ့ကို ခုံးဝူတောက်နှင့် နှိုင်းယှဉ်မည်ဆိုလျှင်....
လူတိုင်း၏မျက်လုံးများတွင် ထိုအရာသည် တောက်ပသော နေမင်းကြီးနှင့် ပိုးစုန်းကြူးတစ်ကောင်ကြားရှိ ကွာဟချက်တစ်ခုအလားပင်။
...........
မြောက်ပိုင်းလျှန်နယ်မြေ....
ကြေကွဲဖွယ် စစ်တလင်းတစ်ခုတွင် အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး သွေးများက မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည်။
ပြင်းထန်သော သွေးနံ့ကို သယ်ဆောင်လာသည့် လေနုအေးသည် ဝိညာဉ်များ ငိုကြွေးနေသည့်အလား ဖုန်မှုန့်များနှင့်သဲများကို လှိုင်းထသွားစေခဲ့သည်။
"ဟား ဟား... ဒါက နေလနတ်ဘုရားအင်ပါယာ ဂုဏ်ယူနေတဲ့ ကာကွယ်သူနယ်စားဆိုတာလား..."
"တကယ်ကို အားနည်းလွန်းတယ်..."
ခေါင်းပြတ်ပေါင်းတစ်သောင်းဖြင့် ပြုလုပ်ထားသော ခေါင်းပြတ်ပုံကြီးတစ်ပုံ၏အထက်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချူထျန်သည် လေတိုက်ခတ်မှုကို ဆန့်ကျင်၍ မတ်တတ်ရပ်နေသည်။
ထို့ပြင် သူ၏လက်ထဲတွင် ပြူးကျယ်နေပြီး ကြောင်စီစီမျက်လုံးများရှိသည့် ခေါင်းတစ်လုံးကို ကိုင်ဆောင်ထားသည်။
ဤခေါင်းပြတ်ကြီး၏ပိုင်ရှင်မှာ တခြားသူမဟုတ်ဘဲ နေလနတ်ဘုရားအင်ပါယာ၏ ကာကွယ်သူနယ်စား ကျန်းဝူကျိပင်။
နေလနတ်ဘုရားအင်ပါယာ၏ စစ်သားသုံးသိန်း ဆိုသည်မှာ...
သူတို့အားလုံးသည် သူ့ကြောင့် ခေါင်းပြတ်ပုံကြီးတစ်ပုံထဲသို့ စုပုံခြင်းခံလိုက်ရလေပြီ။
လှောင်ပြောင်သံအနည်းငယ် ထွက်ပေါ်လာပြီးနောက်....
ချူထျန်သည် သူ၏လက်ထဲရှိ ခေါင်းပြတ်ကြီးကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ထိုအရာကို ဗဟိုပြု၍ ထူထပ်သော အနက်ရောင်ချီ များသည် အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပေ၏။
ဤအနက်ရောင်ချီများဖြင့် ဖုံးလွှမ်းသွားသော မရေမတွက်နိုင်သည့် အလောင်းများသည် ထူးဆန်းသော အသွင်ပြောင်းမှုတစ်ခုကို ခံစားလိုက်ရသည်။
သူတို့သည် ပြန်လည်အသက်ဝင်လာသကဲ့သို့ သူ ဖြည်းညှင်းစွာ မတ်တတ်ရပ်လာကြပြီး သူတို့ လှုပ်ရှားလိုက်စဉ် သူတို့၏အဆစ်များမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။
ဤသည်မှာ ချူထျန်၏ မူလဘူတ နတ်ဘုရားစွမ်းရည်ဖြစ်သည့် မြေအောက်ကမ္ဘာ ဝိညာဉ် ခန္ဓာကိုယ်ပင်။
သေမင်းစိတ်ဝိညာဉ်ချီမှတစ်ဆင့် ထိုအရာသည် စစ်တလင်းတွင် သေဆုံးသွားသော စစ်သားများကို ထူးဆန်းသော နည်းလမ်းများဖြင့် ပြန်လည်ရှင်သန်လာစေနိုင်သည်။
နောက်ဆုံးတွင် ဤသေဆုံးသွားသော အလောင်းများအားလုံးသည် သူ၏ သေမင်းစိတ်ဝိညာဉ် စစ်တပ်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သေချာသည်မှာ သေဆုံးသွားသော အလောင်းများကို သေမင်းစိတ်ဝိညာဉ်များအဖြစ် ပြောင်းလဲသည့် ဤနတ်ဘုရားစွမ်းရည်ကို ချူထျန်အား သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်က သင်ကြားပေးခဲ့ခြင်း ဖြစ်ပေ၏။
"မဆိုးပါဘူး... မင်းက ငါ့ရဲ့သေမင်းစိတ်ဝိညာဉ် ဥပဒေသ အများစုကို တကယ်ကြီး သင်ယူတတ်မြောက်သွားပြီပဲ..."
ချူထျန် မသိလိုက်ဘဲ အနက်ရောင် မြူခိုးတစ်ခုသည် သူ၏နောက်ကွယ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်၏ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
"အရင် တိုက်ပွဲအပြီးမှာ နေလနတ်ဘုရားအင်ပါယာရဲ့ စစ်သားသုံးသိန်းလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ်..."
"ကြည့်ရတာတော့ သူတို့က အချိန်တိုအတွင်းမှာ တန်ပြန်တိုက်ခိုက်ဖို့ ကြီးမားတဲ့ စစ်တပ်ကြီးတစ်ခုကို စေလွှတ်မှာ မဟုတ်ဘူး..."
"နောက်တစ်ဆင့်အနေနဲ့... ငါတို့က မြောက်ပိုင်းလျှန်နယ်မြေရဲ့ နောက်ဆုံးအမာခံစခန်းကို သိမ်းပိုက်ဖို့ပဲ လိုတော့တယ်... နေလ နတ်ဘုရား အင်ပါယာရဲ့ မြောက်ပိုင်းလျှန်နယ်မြေတစ်ခုလုံးက ငါတို့ရဲ့လက်ထဲကို လုံးဝကျရောက်သွားလိမ့်မယ်..."
သို့သော် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ် မပြောခဲ့သောအရာတစ်ခု ရှိနေသေးသည်။
လွန်ခဲ့သော အချိန်သိပ်မကြာမီက....
နေလနတ်ဘုရားအင်ပါယာမှ မဟုတ်သော အရှိန်အဝါတချို့သည် အင်ပါယာ၏ တော်ဝင်မြို့တော်သို့ ဝင်ရောက်လာသည်အား သူ အာရုံခံမိသည်။
ထိုအရာက သူ့ကို နိမိတ်မကောင်းသော ကြိုတင်ခံစားမှုတစ်ခုအား သွယ်ဝိုက်၍ ပေးစွမ်းခဲ့သည်။
သို့သော် သူ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ပြင်ပနယ်မြေမှ အရေးပါသော ပုဂ္ဂိုလ် တစ်ဦးသည် သူ၏နောက်ကွယ်တွင် ရပ်တည်နေလေ၏။
ထို့ပြင် အပေါ်ယံအားဖြင့် ချူထျန်သည် အပြစ်ကို ခံယူရန် ထိုနေရာတွင် ရှိနေခြင်း ဖြစ်သည်။
နေလနတ်ဘုရားအင်ပါယာသည် ပြင်ပ အကူအညီများကို ထပ်မံ၍ ဖိတ်ခေါ်လျှင်ပင် ထိုအရာသည် သူတို့၏နောက်ဆုံးအစီအစဉ်ကို သက်ရောက်မှု ရှိမည် မဟုတ်ပေ။
..........
နေလနတ်ဘုရားအင်ပါယာ၏ တော်ဝင်မြို့တော်တွင်...
ခုံးဝူတောက်ကို ပို၍ကောင်းမွန်စွာ ကူညီရန် ရှားရွှမ်ယွမ်သည် အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပြီး တပ်သားတစ်သန်း အပြည့်ရှိသော စစ်တပ်တစ်တပ်ကို စုဆောင်းခဲ့သည်။
အချိန်တခဏအတွင်းမှာပင် တော်ဝင်မြို့တော် ၏နယ်စပ်တံခါးအောက်တွင် လူလှိုင်းကြီးတစ်ခု လှိုင်းထနေပြီး မရေမတွက်နိုင်သော ရွှေရောင် သံချပ်ကာဝတ် စစ်သားများက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားသည်။
ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ၏ တာအိုအမွေအနှစ်မြေများကို ကြည့်လိုက်လျှင်...
သူတို့အားလုံးတွင် သူတို့၏ကိုယ်ပိုင်စစ်တပ်များ ရှိကြ၏။
မည်သို့ပင်ဆိုစေကာမူ အဆုံးအစမရှိသော အင်မော်တယ် စစ်ပွဲသည် တိုက်ခိုက်ရန်အတွက် မရေမတွက်နိုင်သော စစ်သားများ လိုအပ်သည်။
လုံလောက်စွာ အစွမ်းထက်သော စစ်တပ်တစ်တပ်သည် ဧကရာဇ် တစ်ပါးကိုပင် အမဲလိုက်နိုင်စွမ်း ရှိပေ၏။
"နတ်ဘုရားသားတော်... ဒါက ရှေ့တန်းကနေ ကျွန်တော် ပြန်ပြီးဆင့်ခေါ်ထားတဲ့ တပ်သား တစ်သန်းအပြည့်ရှိတဲ့ စစ်တပ်ပါ... ဒီ စစ်ဆင်ရေးအတွက် သူတို့အားလုံးက အရှင့်ရဲ့ အမိန့်ကို နာခံပါလိမ့်မယ်..."
သူ စကားပြောနေစဉ် ရှားရွှမ်ယွမ်တွင် နိုင်ငံ အုပ်စိုးသူတစ်ဦး၏အမူအရာ မရှိတော့ပေ။
ထိုအစား အစေခံ တစ်ယောက်ကဲ့သို့ သူသည် နတ်ဘုရားနယ်ပယ် ပစ္စည်းများဖြင့် ဖန်တီးထားသော ကျားတံဆိပ်ပြားတစ်ခုကို ခုံးဝူတောက်အား ရိုသေလေးစားစွာ ဆက်သလိုက်၏။
ကျားတံဆိပ်ပြားကို ယူပြီးနောက် ခုံးဝူတောက်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုလိုက်သည်။
"မင်းတို့ နတ်ဘုရားအင်ပါယာရဲ့ မြောက်ပိုင်းလျှန်နယ်မြေမှာ စုဝေးနေတဲ့ သူပုန်စစ်တပ်က အင်အားလေးသိန်းလောက်ပဲ ရှိတယ်လို့ ငါ ကြားတယ်..."
"ဒီနတ်ဘုရားသားတော်ကို နိုင်ငံအုပ်စိုးသူ ပေးထားတဲ့ တပ်သားတစ်သန်းပါတဲ့ စစ်တပ်က သူပုန်စစ်တပ်ထက် အင်အားနှစ်ဆကျော် ပိုများနေတယ်..."
"ဖြစ်နိုင်တာက... ဒီနတ်ဘုရားသားတော်က အနိုင်ရဖို့အတွက် လူအင်အား အသာစီးရမှုကို အားကိုးဖို့ လိုအပ်တယ်လို့ မင်း ထင်နေတာလား..."
ဤစကားကို ကြားသောအခါ ရှားရွှမ်ယွမ်၏ မျက်နှာအမူအရာ ကြီးမားစွာ ပြောင်းလဲသွားပြီး သူက အလျင်အမြန် ခေါင်းယမ်းကာ ရိုသေလေးစားစွာ ပြောဆိုသည်။
"ဒီဧကရာဇ်က အဲ့ဒီလိုမျိုး လုံးဝမဆိုလိုပါဘူး... ကျေးဇူးပြုပြီး နတ်ဘုရားသားတော်... ရှင်းရှင်းလင်းလင်း ကြည့်ပေးပါ..."
ဤစကားကို ကြားသောအခါ ခုံးဝူတောက်သည် သိပ်ဂရုမစိုက်ပေ။
ရိုးရိုးသားသား ပြောရလျှင် ဤနေလနတ်ဘုရား အင်ပါယာ၏စစ်ပွဲသည် သူ့အတွက် ကလေးကစားစရာသက်သက်သာ ဖြစ်သည်။
ဖြစ်နိုင်သည်မှာ တစ်ဖက်လူ၏ စွမ်းအားက အလွန်နိမ့်ကျနေသောကြောင့် ဖြစ်နိုင်သည်။
ထိုသို့မဟုတ်ပါက သူတို့သည် နတ်ဘုရား အင်ပါယာ၏နယ်မြေ ကြေမွှပျက်စီးသွားမည်ကို ကြောက်ရွံ့နေသောကြောင့်လည်း ဖြစ်နိုင်ပေ၏။
စစ်တပ်ထဲတွင် အစွမ်းထက်ဆုံးတပ်မှူးသည် နတ်ဘုရားဘုရင်နယ်ပယ် ကျင့်ကြံခြင်းတွင်သာ ရှိနေသည်။
သင့်လျော်သော သူတော်စင်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူဟူ၍ တစ်ဦးမျှပင် မရှိပေ။
အတိတ်တွင် သူ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏စစ်တပ်ကို တိုက်ပွဲဝင်ရန် ဦးဆောင်ခဲ့စဉ်က...
စစ်သားတစ်ယောက်၏ အနိမ့်ဆုံးကျင့်ကြံခြင်း သည် သူတော်စင်နယ်ပယ် ဖြစ်ပြီး အားအနည်းဆုံးတပ်မှူးသည် ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ်တွင် ရှိနေသည်။
စစ်တပ်များ အချင်းချင်း တိုက်ခိုက်ကြတိုင်း မျက်စိတစ်ဆုံးအကွာထိ ကြယ်များ ကြေမွှသွားပြီး စကြဝဠာ ပြိုကျသွားကာ ဥပဒေသများ ပျောက်ကွယ်သွားသည်။
ယခု နေလနတ်ဘုရားအင်ပါယာက သူ့ကို ပေးထားသော လက်ရွေးစင်ဆိုသူများသည် ကြည့်မရလောက်အောင် ဆိုးရွားနေပြီး ကလေးကစားစရာနှင့် ခြားနားမှု မရှိပေ။
"စစ်သား အများကြီး မလိုအပ်ဘူး... ငါက လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေကိုပဲ လိုအပ်တယ်... အရမ်းများရင် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံပဲ ရှိလိမ့်မယ်..."
"စစ်သားတစ်သိန်းခွဲက လုံလောက်ပါပြီ..."