← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅) မင်းရဲ့စွမ်းအားကုန် ထုတ်သုံးတာလား... ဒါပဲလား...

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ..."

ပေါင်းပင်များကဲ့သို့ ရိတ်သိမ်းခံနေရသော သူ၏ စစ်တပ်ကို ကြည့်ရင်း ယခုလေးတင် ကြီးမားသော အောင်ပွဲတစ်ခုကို ရရှိခဲ့သော ချူထျန်သည် အံ့အားသင့်တုန်လှုပ်မှုကြောင့် သူ၏ဝိညာဉ် လွင့်စင်သွားလုမတတ် ခံစားလိုက်ရသည်။

အဓိပ္ပါယ်ရှိရှိပြောဆိုရလျှင် သာမန်စစ်တပ်တစ်တပ်သည် သူတို့ထက် အရေအတွက် များပြားသော တပ်ဖွဲ့တစ်ခုကို မြင်တွေ့ချိန်၌ သူတို့သည် ထိုးစစ်ဆင်သည့် နည်းဗျူဟာများကို စွန့်လွှတ်ပြီး ကာကွယ်ခြင်းမှတဆင့် အခွင့်အရေးများကို ရှာဖွေတွေ့ရှိနိုင်ခြေ အလွန်များသည်။

ယခင်က နေလနတ်ဘုရားအင်ပါယာ၏ ကာကွယ်သူနယ်စား ကျန်းဝူကျိသည် ဤနည်းဗျူဟာကို အသုံးပြုခဲ့ပေ၏။

သို့သော် ချူထျန်သည် အားနည်းချက်တစ်ခုကို ရှာဖွေနိုင်ခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ နေလနတ်ဘုရားအင်ပါယာ၏ လက်ရွေးစင်စစ်သားသုံးသိန်းကို ဝန်းရံပြီး အမြစ်ပြတ်သုတ်သင်နိုင်ခဲ့သည်။

သို့သော် ယခုချိန်၌ ခုံးဝူတောက် ဦးဆောင်သော စစ်တပ်သည် ချူထျန် ကွပ်ကဲသော စစ်တပ်ထက် အရေအတွက် များစွာနည်းပါးနေသည်မှာ သိသာထင်ရှားနေသည်။

ထိုသို့ဆိုသည့်တိုင် တစ်ဖက်လူသည် တက်ကြွစွာ တိုက်ခိုက်ခဲ့ရုံသာမက ရူးသွပ်နေသည့်အလား သေစေလောက်သော ထိုးစစ်ဖြင့် သူတို့ကို တိုက်ခိုက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လှောင်ပြောင်လိုသော ရယ်မောသံတစ်သံက သူ၏ အပြေးအလွှားဖြစ်နေသော အတွေးများကို အနှောင့်အယှက် ပေးလိုက်၏။

"ဟဲ ဟဲ... မင်းက ချူထျန်လား..."

"မင်းက ငါ့အတွက် ပျော်ရွှင်မှုတချို့ ယူဆောင်လာပေးနိုင်မယ်လို့ အစက ငါ ထင်ခဲ့တာ..."

"ဒါပေမယ့် အခုတော့ အတော်လေး ပျင်းစရာကောင်းနေပုံရတယ်..."

ဤစကားကို ကြားသောအခါ ချူထျန် ၏ ခန္ဓာကိုယ် သိသိသာသာ တုန်ယင်သွားပြီး သူသည် သူ၏ခေါင်းကို တောင့်တင်းစွာဖြင့် မော့ကြည့်လိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ..."

သူ မသိလိုက်ချိန်မှာပင် အမျိုးသားနှင့် အမျိုးသမီးပုံရိပ်အနည်းငယ်သည် မိုးကောင်းကင်ယံအထက်တွင် ဆိုင်းငံ့နေကြလေပြီ။

သို့သော် သူတို့အားလုံးသည် အလွန်ငယ်ရွယ်ပုံပေါက်ပြီး သူတို့ ထုတ်လွှတ်လိုက်သော အရှိန်အဝါက သူ့အား ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။

အထူးသဖြင့် သူတို့အကြားမှ အမျိုးသမီး တစ်ယောက်ကို သူ မြင်လိုက်ရချိန်၌...

ချူထျန်၏မျက်လုံးသူငယ်အိမ်များသည် မကျုံ့သွားဘဲ မနေနိုင်ခဲ့ချေ။ ဤအမျိုးသမီးသည် တခြားသူမဟုတ်ဘဲ နေလနတ်ဘုရားအင်ပါယာ ၏ နန်းမွေခံမင်းသမီး ရှားချူလီပင်။

ရှားချူလီသည် နေလနတ်ဘုရားအင်ပါယာ၏ တန်ဖိုးထားရသော ပုလဲရတနာအဖြစ် ချီးကျူးခံခဲ့ရသည်။

သူမသည် နေလနတ်ဘုရားအင်ပါယာကို အုပ်စိုးသူ၏ ချစ်မြတ်နိုးရဆုံးသမီးဖြစ်ပြီး အခွင့်အာဏာ၏အထွတ်အထိပ်တွင် ရှိနေသော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။

မည်သည်ကြောင့် သူမသည် ယခုအချိန်၌ အစေခံ တစ်ယောက်ကဲ့သို့ ဤတည်ရှိမှုများ၏ နောက်တွင် တိတ်ဆိတ်စွာ လိုက်ပါနေရသနည်း..

အထူးသဖြင့် ဤပုံရိပ်များ၏ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော ဝတ်ရုံဖြူဝတ်အမျိုးသားပင်။

သူ ပြုလုပ်လိုက်သော အမူအရာတစ်ခုစီတိုင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ သာလွန်ထူးကဲသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

ရှားချူလီနှင့်တခြားသူများ စကားမပြောလျှင်ပင် သူတို့၏ညင်သာသိမ်မွေ့သော လှုပ်ရှားမှုများမှတစ်ဆင့် ဝတ်ရုံဖြူဝတ်အမျိုးသားအပေါ် သူတို့၏ရိုသေလေးစားမှုကို သူ အာရုံခံနိုင်သည်။

သို့သော် ဤနေရာသည် သူ ကွပ်ကဲသော စစ်တပ်၏ဗဟိုချက်ဖြစ်ကြောင်း ပြန်လည်အမှတ်ရသွားကာ ချူထျန်သည် လှောင်ပြောင်လိုက်၏။

"ဟမ့်... မင်းတို့က ဘယ်သူတွေလဲဆိုတာ ငါ မသိပေမယ့် ငါ့စစ်တပ်ရဲ့ ဗဟိုချက်ထဲကို ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်း ဝင်လာရဲတယ်ဆိုတာ မင်းတို့က သေချင်နေတာပဲ..."

"လာကြစမ်း... ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ ဒီကောင်တွေကို သတ်လိုက်ကြစမ်း..."

"ရှားချူလီကို ငါ အရှင်လိုချင်တယ်... ဒီ သခင်လေးအတွက် သူက အများကြီး အသုံးဝင်သေးတယ်..."

ချူထျန်၏စကားများ အဆုံးသတ်သွားသည့် အချိန်အခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ရှိ ကျန်ရှိနေသော သူပုန်ကျင့်ကြံသူများသည် အမိန့်များကို ချက်ချင်းလက်ခံလိုက်ကြသည်။

သူတို့သည် အရပ်မျက်နှာအဘက်ဘက်မှ စုရုံးလာကြပြီး ခုံးဝူတောက်နှင့်တခြားသူများကို လုံးဝ ဝန်းရံလိုက်ကြ၏။

ချူထျန်၏အမြင်အရ ခုံးဝူတောက်သည် ရှားချူလီ ဖိတ်ခေါ်လာသော အကူအညီပေးသူ တစ်ဦးသာ ဖြစ်နိုင်သည်။

သို့သော် သူ လုံးဝဂရုမစိုက်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူ၏ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အုပ်စုကြီးဖြင့် ဤလူအနည်းငယ်ကို ဖိနှိပ်ရန် လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်ပြီး အခြေအနေကို တိုက်ရိုက် ပြောင်းပြန်လှန်ရန်အား ထည့်ပြောရန်ပင် မလိုတော့ချေ။

ဤကြီးမားသောတိုက်ပွဲတွင် သူ ရှုံးနိမ့်တော့မည်ဟု မူလက တွေးထင်ခဲ့သည်။

သို့သော် ယခု၌မူ တစ်ဖက်လူများက သူတို့၏ခေါင်းများကို သူ့ထံ တက်ကြွစွာ လာပို့ပေးနေပြီဖြစ်ရာ သူသည် ထိုအရာများကို ဝမ်းသာမျက်ရည်များဖြင့် လက်ခံရပေမည်။

"ညီအစ်ကိုတို့... သူတို့ကို ဦးဆောင်နေတဲ့ အဲ့ဒီ လူငယ်လေးက ဒီ စစ်တပ်ရဲ့တပ်မှူး ဖြစ်လိမ့်မယ်..."

"အဲ့ဒီကောင်စုတ်လေးက အခုလေးတင် ငါတို့ရဲ့ ညီအစ်ကိုတွေ အများကြီးကို သတ်ပစ်ခဲ့တယ်... အတူတူ သွားကြစို့... ကောင်းကင်ဘုံက ငါတို့ ညီအစ်ကိုတွေရဲ့ ဝိညာဉ်တွေကို ငြိမ်းချမ်းအောင် သူ့ကို အရေခွံခွာပစ်ကြမယ်..."

ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုး တပ်မှူးတချို့က ဟိန်းဟောက်လိုက်သည်နှင့်အမျှ သူပုန်ကျင့်ကြံသူ ထောင်နှင့်ချီ၍ ရှေ့သို့ ပြေးဝင်လာကြပြီး ခုံးဝူတောက်တို့လူစုကို နေရာတွင်ပင် သတ်ဖြတ်ရန် ရည်ရွယ်ထားကြသည်။

"သေချင်နေတာလား... အရှင်နတ်ဘုရားသားတော်ရဲ့ရှေ့မှာ မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ဒီလောက်ထိ ရိုင်းစိုင်းရဲတာလဲ..."

ခုံးဝူတောက် မလှုပ်ရှားမီမှာပင် သူ၏နံဘေးတွင် မတ်တတ်ရပ်နေသော ဧကရာဇ်သားတော်အစဉ်အဆက်များသည် သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ကြလေပြီ။

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအားများသည် သူတို့၏ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာပေ၏။

မဟာတာအို၏ ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်များ ကောင်းကင်ယံအထက်တွင် ချက်ချင်းသရုပ်ထင်ဟပ်လာပြီး ဧရာမဓမ္မပုံရိပ်ယောင်အနည်းငယ်ကိုပင် ဖန်တီးလိုက်သည်။

ဟင်းလင်းပြင်၏တုန်ခါမှုကြားတွင် ဓမ္မခန္ဓာကိုယ်များသည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ပြီး အရပ်မျက်နှာအဘက်ဘက်မှ တိုးဝင်လာသော ကျင့်ကြံသူများကို ရိုက်နှက်လိုက်၏။

ဤဧကရာဇ်သားတော်အစဉ်အဆက်၏ ကျင့်ကြံခြင်းနယ်ပယ်သည် တပ်မှူးများထက် နိမ့်ကျသည်။ သို့ရာတွင် အချိန်လေဟာနယ်တားမြစ်နယ်မြေ၏ဧကရာဇ်သားတော်များအနေဖြင့် သူတို့အားလုံးသည် ပါရမီရှင်များကြားရှိ ပါရမီရှင်များ ဖြစ်ကြပြီး မွေးရာပါ မိစ္ဆာဆန်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

သူတို့၏ တိုက်ခိုက်မှုများနှင့်အတူ ကောင်းကင်နှင့်မြေကြီးသည် လုံးလုံးလျားလျား ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည့်အလားပင်။

တောက်ပသော နတ်ဘုရားမီးတောက်များ မြည်ဟီးပြီး ပျံ့နှံ့သွားသည်နှင့်အမျှ ပေါက်ကွဲမှုအတွင်း ပါသွားသော မရေမတွက်နိုင်သည့် သူပုန်ကျင့်ကြံသူများသည် သွေးမြူခိုးများအဖြစ် ချက်ချင်းကြေမွှပျက်စီးသွားသည်။

"ဒီကောင်တွေက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ အစွမ်းထက်နေရတာလဲ..."

ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခဲ့သော ချူထျန်သည် အံ့အားသင့်စွာ မရေရွတ်ဘဲ မနေနိုင်ခဲ့ချေ။

သူ၏ ယခင်ခန့်မှန်းချက်အရ ခုံးဝူတောက်သည် အစွမ်းထက်ဆုံးနှင့် ပြဿနာအများဆုံး တည်ရှိမှု ဖြစ်သည်ဟု သူ တွေးထင်ခဲ့သည်။

သို့သော် ခုံးဝူတောက်၏နောက်မှ လိုက်ပါလာသူများဟု ထင်ရသော လူငယ်ကျင့်ကြံသူ များသည်လည်း ထိုကဲ့သို့ အစွမ်းထက်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ အမှန်တကယ် မျှော်လင့်မထားခဲ့ချေ။

ထို့အပြင် ယခုလေးတင် လူတချို့၏စကားပြောဆိုမှုများမှတစ်ဆင့် ခုံးဝူတောက်၏အထောက်အထားကိုလည်း သူ သိရှိခဲ့ရသည်။

ဤလူငယ်သည် နတ်ဘုရားသားတော်ပင်။

သူသည် လွန်ခဲ့သော အချိန်သိပ်မကြာခင်ကမှ ပြန်လည်ရှင်သန်လာခဲ့သောကြောင့် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ လုံးဝမသိခဲ့ပေ။

"နတ်ဘုရားသားတော်" ဟူသော စကားလုံးများသည် မည့်သည့်အရာကို ကိုယ်စားပြုသည်အား သူ မသိသည်မှာ သဘာဝကျပေ၏။

"တပ်မှူးတစ်ယောက်က ရန်သူ့နယ်မြေရဲ့ နက်ရှိုင်းတဲ့နေရာအထိ လူတွေကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လာတာက တကယ်ကို မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပဲ..."

ခုံးဝူတောက်၏ လှောင်ပြောင်လိုသော အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။

"ဒါပေမယ့်... ရန်သူက သတိထားစရာ မလိုလောက်အောင် အားနည်းနေရင်တော့ အဲ့ဒါက တခြားကိစ္စတစ်ခုပေါ့..."

ဤတစ်ကြိမ်တွင် ခုံးဝူတောက်၏ မှတ်ချက်များကို ကြားသောအခါ ချူထျန်သည် ပို၍ပင် ဒေါသထွက်သွားလေ၏။

မြို့စားကျန်းကော်အိမ်တော်၏ တရားဝင် သားအကြီးဆုံးအနေဖြင့် သူ မသေဆုံးမီက သူ၏ ပါရမီသည် နေလနတ်ဘုရားအင်ပါယာတစ်ခုလုံးတွင် ထိပ်တန်းအဆင့်ပင်။

သူ၏ "ပြန်လည်ရှင်သန်ခြင်း" ပြီးနောက် ဒဏ္ဍာရီလာ ငရဲကမ္ဘာ ဖုတ်ကောင်ခန္ဓာကိုယ်ကို နိုးထလာခဲ့ပြီး သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ပို၍ပင် တိုးတက်လာခဲ့သည်ကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။

တစ်ဖက်လူက သူ့ကို သတိထားရန် မလိုလောက်အောင် အားနည်းသည်ဟု အမှန်တကယ် ပြောဆိုခဲ့သည်။ ထိုလူငယ်က အမှန်တကယ်ကို အစွန်းရောက်အောင် မောက်မာလွန်းပေ၏။

"ဟမ့်... မောက်မာလိုက်တာ..."

"ငရဲကမ္ဘာ ဘေးဒုက္ခပင်လယ်..."

ဤအချိန်အခိုက်အတန့်တွင် ချူထျန်သည် ရုတ်တရက် တိုးညင်းစွာ ရေရွတ်လိုက်ရာ သူ၏နံဘေးပတ်လည်ရှိ အနက်ရောင်မြူခိုးများ ချက်ချင်းလှိုင်းထလာသည်။

နောက်ထပ်အချိန်တခဏတွင် သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ တလိမ့်လိမ့်ဖနေသော ငရဲကမ္ဘာချီ များ အပြင်ဘက်သို့ လျှင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ငရဲကမ္ဘာချီများ ဖုံးလွှမ်းသွားသော ဧရိယာသည် မှောင်မိုက်သော သမုဒ္ဒရာတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

ငရဲကမ္ဘာချီများဖြင့် ဖန်တီးထားသော မရေမတွက်နိုင်သည့် အနက်ရောင်သရဲလက်များသည် ထိုအရာအတွင်းမှ အရူးအမူး ထွက်ပေါ်လာပေ၏။

ငရဲကမ္ဘာဘေးဒုက္ခပင်လယ်သည် ချူထျန် ပိုင်ဆိုင်ထားသော ငရဲကမ္ဘာဖုတ်ကောင်ခန္ဓာကိုယ်၏ နတ်ဘုရားစွမ်းရည်များအနက်မှ တစ်ခုပင်။

သူ ထုတ်လွှတ်လိုက်သော ငရဲကမ္ဘာချီသည် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ဆွေးမြေ့သွားစေနိုင်သည်။

ထိုအရာသည် ကြီးမားသော ဧရိယာတစ်ခုကို ငရဲကမ္ဘာ နယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပြီး ဤနယ်မြေထဲသို့ ဆွဲသွင်းခံရသော မရေမတွက်နိုင်သည့် သက်ရှိများကို မြှုပ်နှံပစ်နိုင်သည်။

ခုံးဝူတောက်သည် သာလွန်ထူးကဲကြောင်း ချူထျန်က သဘာဝကျကျ သိရှိထားသည်။

ထိပ်တိုက်ရင်ဆိုင်မှုကို ဆက်လက်၍ အချိန်ဆွဲနေခြင်းသည် သူ၏အခြေအနေအတွက် အလွန်အဆင်မပြေ ဖြစ်ပေလိမ့်မည်။

သူသည် လက်ဦးမှုယူ၍ တိုက်ခိုက်ပြီး တစ်ဖက်လူကို အငိုက်ဖမ်းခြင်းက ပိုကောင်းပေမည်။

ဝုန်း...

ချူထျန်၏အရှိန်အဝါတစ်ခုလုံး တည်ငြိမ်စွာ မြင့်တက်လာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ခြမ်းမှောင်မိုက်နေသော နေမင်းကြီးတစ်စင်းအလား အထီးကျန်ခြင်းနှင့် သေခြင်းတရား၏ အလင်းရောင်ကို ထုတ်လွှတ်ထားသည်။

"သခင်ချူထျန်ရဲ့ တိုက်ပွဲမှာ စစ်တပ်တွေကို ဦးဆောင်နိုင်တဲ့ စွမ်းရည်က အစွမ်းထက်ရုံသာမက သူ့ရဲ့ စွမ်းအားကလည်း ယှဉ်နိုင်သူမရှိလောက်အောင်ပဲ..."

"ဒီကောင်က တပ်မှူးကို ရန်စရဲတယ်... သူက တကယ့်ကို သေချင်နေတာပဲ..."

ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိရသော သူပုန် ကျင့်ကြံသူ အများအပြားသည် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ပျော်ရွှင်နေပုံရပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက်သည် ဤနတ်ဘုရားအင်ပါယာစစ်တပ်မှ စစ်သားတစ်သိန်းခွဲ၏ခေါင်းဆောင်ပင်။

အကယ်၍ သူတို့တပ်မှူး၏ သတ်ဖြတ်ခြင်းကို သူ ခံရသည်နှင့် သူတို့သည် ဤစစ်ပွဲကို အနိုင်ရပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် မြောက်ပိုင်းလျှန်နယ်မြေ တစ်ခုလုံးသည်လည်း သူတို့၏လက်ထဲသို့ ကျရောက်လာပေလိမ့်မည်။

သို့သော် ထိုအချိန်မှာပင် အလွန်ပျင်းရိနေသော သက်ပြင်းချသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"မင်းရဲ့စွမ်းအားကုန်က... ဒါပဲလား..."

..........

အခန်း (၇၆) ဒီလောက်ထိ မောက်မာအောင် ပြောဖို့ မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ...

ခုံးဝူတောက်သည် အလွန်ပျင်းရိနေပုံရပြီး ခေါင်းခါယမ်းလိုက်ကာ သေမျိုးလောကသို့ နှင်ထုတ်ခံရသော အင်မော်တယ် တစ်ပါးကဲ့သို့ သူ၏ချောမောသော မျက်နှာပေါ်တွင် သိသာထင်ရှားသော စိတ်ပျက်မှုတစ်ခု ထင်ဟပ်လာသည်။

"ဒီလောက် မျက်စိနောက်စရာကောင်းတဲ့ လှုပ်ရှားမှုက ဘယ်လိုလုပ်ပြီး ရုပ်ခန္ဓာကိုယ် နတ်ဘုရားစွမ်းရည် တစ်ခုလို့ သတ်မှတ်လို့ရမှာလဲ..."

"အဲဒါက တကယ့်ကို ပျင်းစရာကောင်းလွန်းတယ်..."

သူ၏အသံ အဆုံးသတ်သွားသည့် အချိန်အခိုက်အတန့်မှာပင် ဟင်းလင်းပြင်ထဲတွင် မတ်တတ်ရပ်နေသော ခုံးဝူတောက်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ သူ၏ဝတ်ရုံဖြူ လူးလွန့်သွားသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချီများသည်လည်း ချက်ချင်းမြင့်တက်သွားလေ၏။

ဝုန်း...

ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမရှိသော မှော်စာလုံးများ စုစည်းမှုအောက်တွင် ဟင်းလင်းပြင်၌ လွင့်မျောနေသော ဥပဒေသ စွမ်းအားများသည် သူ၏နောက်တွင် အရူးအမူး စုရုံးလာကြသည်။

နောက်ဆုံးတွင် ထိုအရာများသည် ကောင်းကင်နှင့် မြေကြီး၏ဆုံချက်တွင် တည်ရှိနေပုံရပြီး မဟာတာအို၏ အဆုံးအစမရှိသော စွမ်းအားများကို သယ်ဆောင်နိုင်စွမ်းရှိသည့် မြင့်မားသော နတ်ဘုရားတံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့ပြင် ဤမြင့်မားသော နတ်ဘုရားတံခါး အကောင်အထည်ပေါ်လာသည့် အချိန်အခိုက်အတန့်မှာပင် မိုးကောင်းကင်ယံတစ်ခုလုံးသည် တောက်ပသော အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

"ဒါကိုမှ ရုပ်ခန္ဓာကိုယ် နတ်ဘုရားစွမ်းရည်လို့ ခေါ်တာ..."

ခုံးဝူတောက်၏နံဘေးပတ်လည်တွင် အချိန်လေဟာနယ် ဥပဒေသများ လည်ပတ်နေပြီး သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လှိုင်းထနေသော အချိန်မြစ်၏ပုံရိပ်ယောင်များသည် သူ၏ နောက်တွင် တစ်ခုပြီးတစ်ခု ဖြည်းညှင်းစွာ သရုပ်ထင်ဟပ်လာပေ၏။

ဤစွမ်းအား ဆင်းသက်မလာမီမှာပင် အလွန်အမင်းဆိုးညစ်မှုများ ပါဝင်နေသော သေမင်းချီများသည် တိမ်များအောက်ရှိ ပုရွက်ဆိတ်များအလား ချက်ချင်းဖိနှိပ်ခံလိုက်ရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံလိုက်ရသည်။

ထို့ပြင် အမြင့်ဆုံး တောက်ပမှုတစ်ခုကို ထုတ်လွှတ်နေသော သူ၏အနက်ရောင်ဆံပင်များ လူးလွန့်နေကာ မြင့်မားသော နတ်ဘုရားတံခါး ၏ရှေ့တွင် မတ်တတ်ရပ်နေသော ခုံးဝူတောက်သည် အထက်ဘုံမှ ဆင်းသက်လာသော ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးအလား။

"သာမန် ပုရွက်ဆိတ်တွေပဲ..."

သူ၏အသံ အဆုံးသတ်သွားသည်နှင့် ခုံးဝူတောက်သည် လက်ဝါးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်၏။

ဝုန်း...

အလွန်မြင့်မားသော နတ်ဘုရားတံခါးသည် တစ်ပြိုင်နက်တည်းနီးပါး ပွင့်သွားသည်။

ထို့နောက် အဆုံးအစမရှိသော အချိန်လေဟာနယ် မှော်စာလုံးများဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် ထိုအရာအတွင်းမှ ဆန့်ထွက်လာသည်။

ထိုအရာသည် ဟင်းလင်းပြင်ကို မိုးကြိုးကဲ့သို့ တုန်ခါသံကြီးဖြင့် ဆုတ်ဖြဲကာ အောက်ဘက်ရှိ ချူထျန်ဆီသို့ ဦးတည်၍ ရိုက်နှက်လိုက်သည်။

ထိုဧရာမလက်ဝါးပုံရိပ်ယောင်ကြီးသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော နတ်ဘုရားတောင်ကြီးတစ်လုံးကဲ့သို့ဖြစ်ပြီး တောက်ပသော ရွှေရောင်အလင်းတန်းများသည် ကြယ်များ သေမျိုးလောကသို့ ပြန့်ကျဲသွားသကဲ့သို့ ထိုအရာအတွင်းတွင် စီးဆင်းနေသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားအောက်တွင် ချူထျန်၏တိုက်ခိုက်မှု အားလုံးသည် လုံးဝအသုံးမဝင်တော့ပေ။

တစ်ချိန်တည်းမှာပင် သေစေလောက်သော အန္တရာယ်၏ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုသည် သူ၏ရုပ်ခန္ဓာကိုယ်ကို ချက်ချင်းလွှမ်းခြုံသွားလေ၏။

ဝုန်း...

ဧရာမ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် သေမျိုးလောကသို့ ကျဆင်းလာသော ဧရာမ ကြယ်တစ်ပွင့်ကဲ့သို့ မိုးကောင်းကင်ယံမှ ချက်ချင်းကျဆင်းလာသည်။

ထိုဧရာမလက်ဝါးပုံရိပ်ယောက်ကြီး ရိုက်ခတ်သွားသော မြေပြင်သည် စက္ကူစုတ်များကဲ့သို့ အားနည်းနေပေ၏။ ထိုဧရိယာတစ်ခုလုံးသည် ကြေမွကာ ပြိုလဲပျက်စီးသွားပြီး အပျက်အစီးများနှင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း... ဝုန်း...

လောကကြီးကို တုန်ခါစေသော မြည်ဟီးသံများ အဆုံးအစမရှိ ပဲ့တင်ထပ်နေသည်။

ခုံးဝူတောက်၏လက်ဝါးမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင်....

ပေရာနှင့်ချီ၍ အချင်းဝက်ရှိသော ဧရိယာတစ်ခုသည် ချက်ချင်းပြိုကျသွားပြီး အနက်ရောင်မြေကျွံးတွင်းတစ်ခုကို ဖန်တီးလိုက်သည်။

"အဟွတ်... အဟွတ်... အဟွတ်... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ..."

နက်ရှိုင်းသော မြေကျွံးတွင်းထဲတွင် ချူထျန်၏ခန္ဓာကိုယ်သည် သွေးသံရဲရဲ ဖြစ်နေလေပြီ။

သူ၏ချီများသည် အလွန်အမင်း အားနည်းနေပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူသည် ငရဲကမ္ဘာ ဖုတ်ကောင်ခန္ဓာကိုယ်ကို နိုးထလာခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ ရုပ်ခန္ဓာကိုယ်သည် ရုပ်ခန္ဓာကိုယ်များ၏ ကြံ့ခိုင်မှုအရ အကြီးစား အောင်မြင်မှုအဆင့်ရှိသော ရှေးဟောင်း သူတော်စင်ရုပ်ခန္ဓာကိုယ်ကိုပင် ယှဉ်ပြိုင်နိုင်သည်။

သို့သော် သူသည် တစ်ဖက်လူထံမှ လက်ဝါးရိုက်ချက်တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ချေ။

အကယ်၍ အရေးကြီးသော အခိုက်အတန့်တွင် သူ၏ရုပ်ခန္ဓာကိုယ်ကို ကာကွယ်ပေးရန်အတွက် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်မှ သူ့အပေါ် ချန်ထားခဲ့သည့် ကာကွယ်ရေးတားမြစ်ချက်သာ မရှိခဲ့လျှင်....

သူသည် အစောပိုင်းက လုံးလုံးလျားလျား သေဆုံးသွားလောက်လေပြီ။

[ဒင်... သခင်ရဲ့ကြီးမားတဲ့ စွမ်းအားကြောင့် ချူထျန်ရဲ့တာအိုနှလုံးသား ယိမ်းယိုင်သွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ် ၁၀၀၀ ကို လျှော့ချလိုက်ပြီး ၈၀၀၀ မှတ် ကျန်ရှိနေပါတယ်...]

[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၂၀၀၀ ကို အောင်မြင်စွာ ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

တစ်ချိန်တည်းမှာပင် ဆူညံနေသော စစ်တလင်းသည်လည်း သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေ၏။

အမှတ်တမဲ့ဖြင့် စစ်တပ်နှစ်ခုလုံးသည် သူတို့၏တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြပြီး သူတို့၏မျက်နှာများ ဖြူဖျော့နေကာ ဤနေရာကို စိုက်ကြည့်နေကြသည်။

အထူးသဖြင့် ယခုအချိန်၌ အလွန်အမင်း ထိတ်လန့်နေသော သူပုန်စစ်တပ်ပင်။

သူတို့က ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ထားသော ချူထျန် သည် ဤ ဝတ်ရုံဖြူဝတ်အမျိုးသားထံမှ လက်ဝါးရိုက်ချက်တစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ချေ။

ထိုအချိန်တွင် ကောင်းကင်ယံအထက်တွင် ရပ်နေသော ခုံးဝူတောက်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"ခုဏက ပေါက်ကွဲထွက်လာတဲ့ချီ... အဲ့ဒါက အထူးကာကွယ်ရေး ကောင်းချီးတစ်ခု ဖြစ်ပုံရတယ်..."

"ဒီကောင်လေးရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့ အစွမ်းထက် ကျွမ်းကျင်သူ တစ်ယောက်ယောက်များ ရှိနေတာလား..."

"ပြီးတော့... အဲဒါက ဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်ခြေ အရမ်းများတယ်..."

မည်သည်ကြောင့် ဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူဟု သူ ပြောရသနည်း...

အကြောင်းအရင်းမှာ သူသည် အစောပိုင်းက မူလဘူတ အချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ်၏ စွမ်းအားတချို့ကို အသုံးပြုခဲ့သောကြောင့်ပင်။

အကယ်၍ သူတော်စင်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူတစ်ဦးက ချူထျန်အပေါ် ကာကွယ်ရေးကောင်းချီးတစ်ခု ပေးခဲ့လျှင်ပင် သူ၏ထိုးနှက်ချက်ကို ပိတ်ဆို့ပြီး ချူထျန်၏ အသက်ကို ကာကွယ်ရန် မဖြစ်နိုင်ချေ။

ဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူ တစ်ဦးသာလျှင် ထိုသို့လုပ်ဆောင်ရန် အခွင့်အရေး ရှိနိုင်သည်။

ထို့ပြင် ချူထျန်၏ရုပ်ခန္ဓာကိုယ်အတွင်းတွင် ပုန်းကွယ်နေသော အမှတ်အသားတွင်လည်း ထူထပ်သိပ်သည်းသော သေမင်းချီများ ပါဝင်နေပေ၏။

ချူထျန်သည် သူ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် ထိုသို့သော အမှတ်အသားကို အသုံးပြုနိုင်ရုံသာမက ထိုအရာမှနေ၍ အသက်စွမ်းအားများကို ပို၍ရရှိနိုင်သည်။

.............

"ချူထျန်... ဒီကောင်က တစ်ခုခုတော့ မှားနေတယ်... မင်းက သူရဲ့ပြိုင်ဘက် မဟုတ်ဘူး..."

"တိုက်ပွဲမှာ အချိန်မဆွဲနဲ့တော့...ထွက်ပြေးဖို့ နည်းလမ်းတစ်ခုကို မြန်မြန်ရှာစမ်း..."

ဤအချိန်အခိုက်အတန့်တွင် သေမင်းစိတ်ဝိညာဉ်မဟာဧကရာဇ်၏ အသံပေးပို့မှုက ချူထျန်၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

ခုံးဝူတောက်၏ ယခင်ထိုးနှက်ချက်ကြောင့် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် ချူထျန်အပေါ်ရှိ ကျန်ရစ်နေသော အမှတ်အသားချီ မှတစ်ဆင့် ခုံးဝူတောက်၏ကြောက်မက်ဖွယ်ကောင်းပုံကို အာရုံခံမိသည်။

ချူထျန်သည် ချူထျန်၏ပြိုင်ဘက် လုံးဝမဟုတ်ကြောင်း သူ အတပ်ပြောနိုင်သည်။

"သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးလား...ဟမ့် ငါ မယုံကြည်ဘူး..."

ချူထျန်သည် သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်၏ စကားများကို နားထောင်ရန် မရွေးချယ်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က တစ်ကြိမ် သေဆုံးဖူးပြီးဖြစ်ရာ နောက်တစ်ကြိမ် သေရမည်ကို မည်သည်ကြောင့် ကြောက်ရွံစရာ ရှိမည်နည်း။

သူ၏ နိုးထလာသော ငရဲကမ္ဘာ ဖုတ်ကောင်ခန္ဓာကိုယ်တွင် အဆုံးအစမရှိသော သက်စောင့်စွမ်းအားများ ရှိနေသည်ကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ပေ။

သူသည် သူ၏ဒဏ်ရာများကို ကုသရန်နှင့် ပြန်လည်သက်သာလာစေရန်အတွက် စစ်တလင်းမှ သွေးချီများသာမက ကောင်းကင်နှင့်မြေကြီး၏ အဆီအနှစ်များကိုပင် စုပ်ယူနိုင်သည်။

သူသည် ခုံးဝူတောက်၏ ခြေမွှဖျက်ဆီးခြင်းကို ခံရပြီး အသားပြားအဖြစ်သို့ ပြောင်းလဲသွားလျှင်ပင် သူ၏သွေးတစ်စက်အား ချန်ထားနိုင်သရွေ့ ဤရုပ်ခန္ဓာကိုယ်မှတဆင့် သေရာမှ ပြန်လည်ရှင်သန်နိုင်သည်။

ဝုန်း...

ချူထျန်သည် အံ့ကြိတ်ကာ ပို၍ကြောက်မက်ဖွယ်ကောင်းသော သေမင်းချီများကို ပေါက်ကွဲထုတ်လွှတ်ရန် သူ၏သွေးအဆီအနှစ်များကို လောင်ကျွမ်းပြီး ဆူပွက်လာစေရန်ပင် အဆင်ခြင်မဲ့စွာ တိုက်တွန်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏နံဘေးပတ်လည်ရှိ လှိုင်းထနေသော အနက်ရောင်သေမင်းချီများသည်လည်း ဖြည်းညှင်းစွာ ပြောင်းလဲသွားပေ၏။

မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ထိုအရာများသည် ယခင် အနက်ရောင်မှ ကြက်သွေးရောင်သို့ ပြောင်းလဲသွားပြီး ပို၍ပင် ဆိုးညစ်သော ခံစားချက်အား ပေးစွမ်းနေသည်။

ဖြစ်နိုင်သည်မှာ သူ၏ ရူးသွပ်သော လုပ်ရပ်များကြောင့် သူသည် သေခြင်းတရားအပေါ် အမြင်သစ်တစ်ခု ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။

သူ၏ ငရဲကမ္ဘာ ဖုတ်ကောင်ခန္ဓာကိုယ်သည် ဤအချိန်အခိုက်အတန့်တွင် နောက်ထပ် အံ့အားသင့်ဖွယ် အသွင်ပြောင်းမှုတစ်ခုကို ခံစားလိုက်ရလေပြီ။

ဤသည်က ချူထျန်ကို ပို၍ပင် ဝမ်းသာအားရဖြစ်သွားကာ အံ့အားသင့်သွားစေခဲ့သည်။

တစ်ဖက်လူက သူ့အပေါ် ပေးသော ဖိအားသည် အမှန်အားဖြင့် သူ ပို၍တိုးတက်ရန် အခွင့်အရေး တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

"ဟား ဟား ဟား... ငါ မင်းကို ကျေးဇူးတင်ရမယ်... မင်းသာ မရှိခဲ့ရင် ငါက ဒီလို သေခါနီး အခြေအနေမျိုးမှာ ရုပ်ခန္ဓာကိုယ်နယ်ပယ်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး..."

ချူထျန်သည် သူ၏ယုံကြည်မှုကို ပြန်လည်ရရှိသွားလေ၏။

"အခု မင်း ပြန်ပေးဆပ်ဖို့အတွက် ငါ့ရဲ့အလှည့်ပဲ..."

သို့သော် သူ၏ကြွားလုံးထုတ်သော စကားများ မဆုံးမီမှာပင်....

ဝုန်း...

ခုံးဝူတောက်သည် တိုက်ပွဲဝင်ကျင့်ဝတ်များကို လုံးဝဂရုမစိုက်ဘဲ နောက်ထပ်လက်ဝါးတစ်ချက်ဖြင့် တိုက်ခိုက်ပြီးဖြစ်သည်။

အဆုံးအစမရှိသော အချိန်လေဟာနယ် စွမ်းအားဖြင့် ဖန်တီးထားသော ရွှေရောင်ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးသည် နတ်ဘုရားတောင်ကြီးတစ်လုံးအလား မိုးကြိုးကဲ့သို့ ဟိန်းဟောက်သံဖြင့် ကျဆင်းလာသည်။

ဤတစ်ကြိမ်တွင် သူ ထုတ်လွှတ်လိုက်သော စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းကာ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး ဆင်းသက်မလာမီမှာပင် ထိုအရာ၏သက်ရောက်မှု ခံရသော ဟင်းလင်းပြင်သည် ပုံပျက်ပြီး တွန့်လိမ်နေလေပြီ။

ဤပတ်ဝန်းကျင်ရှိ ဥပဒေသများပင်လျှင် ဝန်ထုပ်ဝန်ပိုးကို မခံနိုင်ဘဲ နာကျင်စွာ ငိုကြွေးသံတစ်ခုကို ထုတ်လွှတ်လိုက်၏။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ထိုးနှက်ချက်အောက်တွင် ချူထျန်သည် ပတ်ဝန်းကျင်ဧရိယာနှင့်အတူ ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။

ပြိုလဲကျပြီး ကြေမွှပျက်စီးနေသော အပျက်အစီးများကို ကြည့်ရင်း ခုံးဝူတောက်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ဒီလောက်ထိ မောက်မာအောင် ပြောဖို့ မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ..."

သို့သော် တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ် ဇဝေဇဝါ ဖြစ်နေလေ၏။

အကြောင်းအရင်းမှာ စနစ်က ချူထျန် သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာချက်တစ်ခုကို ထုတ်လွှတ်ခြင်းမရှိသေးသောကြောင့်ပင်။

ငရဲကမ္ဘာ ဖုတ်ကောင်ခန္ဓာကိုယ်အကြောင်းကို သူ သိထားသည်။ ထိုအရာကို ထောင်ပေါင်းများစွာသော ရုပ်ခန္ဓာကိုယ်များကြား၌ သတ်၍မရသော ပိုးဟပ်တစ်ကောင်ဟု ဆိုနိုင်သည်။

အသားတစ်စ သို့မဟုတ် သွေးတစ်စက် ကျန်ရှိနေသရွေ့ တစ်ဖက်လူသည် ပြန်လည်ကောင်းမွန်လာနိုင်ခြေရှိသည်။

သူ၏ ယခင်ထိုးနှက်ချက်သည် သွေး သို့မဟုတ် အသားစအနည်းငယ်ကို ကျန်ရစ်ခဲ့မည်မှာ သေချာကြောင်း သူ တွက်ဆလိုက်သည်။

"ကိစ္စမရှိပါဘူး... သူ့ကို နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်ရိုက်လိုက်မယ်..."

ကောင်းကင်ကံကြမ္မာပိုင်ရှင်ကို တိုက်ရိုက် အမဲလိုက်ခြင်းသည် နှစ်ဆ ပြင်းထန်သော ထိုးနှက်ချက်ကို ဖြစ်ပေါ်စေမည် မဟုတ်သော်လည်း...

ခုံးဝူတောက်သည် ​ဤကိစ္စကို လုံးဝဂရုမစိုက်ပေ။

သူသည် ပျော်ရွှင်မှုသက်သက်အတွက်သာ ကောင်းကင်ကံကြမ္မာပိုင်ရှင်များကို အမဲလိုက်ခြင်းဖြစ်သည်။

သို့သော် ချူထျန်ဆိုသည့် ဤအမှိုက်သည် သူ့အတွက် မည်သည့်ပျော်ရွှင်မှုကိုမျှ ယူဆောင်မပေးနိုင်ရုံသာမက သူ၏ရှေ့တွင် ဤမျှထိ မောက်မာစွာ စကားပြောရန်ပင် ရဲဝံ့နေလေ၏။

ဤသည်မှာ ချူထျန်သည် တိုက်ရိုက်အမှုန်အမွှားဖြစ်သွားစေရန် သူ့ကို ဖိအားပေးနေခြင်းပင်။

All Chapters