← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉) ဧကရာဇ် နှစ်ပါး ရောက်လာပြီ ...မတရားတဲ့ နတ်ဘုရားသားတော်နဲ့ တွေ့ဆုံကြမယ်

ဝုန်း...

ထိုအချိန်မှာပင်...

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ လှိုင်းတံပိုးများသည် မိုးကုတ်စက်ဝိုင်းမှ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ဧကရာဇ်တာအို၏ တောက်ပသော လှိုင်းဂယက်များ ပျံ့နှံ့လာသည်။

ဧရာမဟင်းလင်းပြင်အက်ကွဲကြောင်း နှစ်ခု ဆုတ်ဖြဲခံလိုက်ရပြီး ချက်ချင်းဆိုသလိုပင် အစွမ်းထက်သော ပုံရိပ်နှစ်ခုသည် ထိုအရာအတွင်းမှ လျှောက်လှမ်းလာကြသည်။

ထိုပုံရိပ်နှစ်ခုလုံးသည် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်ထက်ပင် ပို၍အစွမ်းထက်သော ဧကရာဇ်အရှိန်အဝါဖြင့် လွှမ်းခြုံထားလေ၏။

သူတို့ ထွက်ပေါ်လာသည်နှင့်အမျှ ဧကရာဇ် အလင်းတန်းများ သန်းဆယ်နှင့်ချီ၍ လင်းလက်လာပြီး လှိုင်းထလာကာ ကြယ်မိုးတစ်ခုအလား ပျံ့လွင့်သွားသည်။

ဤလူနှစ်ဦးသည် တခြားသူမဟုတ်ဘဲ နေလနတ်ဘုရားအင်ပါယာ၏ မဟာဧကရာဇ်နယ်ပယ် အစွမ်းထက်ကျွမ်းကျင်သူများပင်။

ဧကရာဇ်လက်နက်ဖြစ်သော စေတီသည် ယခင်က သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်နှင့် တိုက်ခိုက်မိသည့် အခိုက်အတန့်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့ အာရုံခံမိခဲ့လေ၏။ ထိုကြောင့် သူတို့သည် အင်ပါယာ သင်္ချိုင်းမှ နိုးထလာပြီး ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

"ရှေးဟောင်းဘိုးဘေးကြီးတွေ..."

"မဟာဧကရာဇ်တို့ကို ဂါရဝပြုပါတယ်..."

ရှားချူလီနှင့် နေလနတ်ဘုရားအင်ပါယာမှ ကျင့်ကြံသူအုပ်စုသည် သူတို့၏လက်များကို အလျင်အမြန် ပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

သူတို့ နေလနတ်ဘုရားအင်ပါယာ၏ မဟာဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူ များ ရောက်ရှိလာခြင်းကြောင့် သူတို့သည်လည်း အလွန်အမင်း အံ့အားသင့်သွားသည်။

"ဒီနေရာမှာ တကယ်တမ်းက ဘာတွေဖြစ်ခဲ့တာလဲ..."

နေလနတ်ဘုရားအင်ပါယာမှ မဟာဧကရာဇ်တစ်ပါးက အေးစက်တင်းမာစွာ ပြောဆိုသည်။

သူတို့သည် သူတို့၏အိပ်မောကျနေမှုမှ ယခုလေးတင် နိုးထလာပြီး ချက်ချင်းအပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်ရာ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိသေးပေ။

"အရှင်ရှေးဟောင်းဘိုးဘေးကြီး... ဒီလိုပါ..."

ရှားချူလီက အခြေအနေကို ရှင်းပြရန် အလျင်အမြန် ရှေ့သို့ထွက်လာခဲ့သည်။

အချိန်တခဏအကြာတွင် ကိစ္စရပ်၏အမှန်တရားကို အပြည့်အဝ နားလည်ပြီးနောက်....

မဟာဧကရာဇ်နှစ်ပါးလုံးသည် အချိန်တခဏကြာ တွေဝေမိန်းမောသွားကြပြီး သူတို့၏ အကြည့်များသည် စေတီ၏အောက်ရှိ ဝတ်ရုံဖြူပုံရိပ်ဆီသို့ မယုံကြည်နိုင်စွာ ရွေ့လျားသွားသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ နတ်ဘုရားသားတော် ခုံးဝူတောက် လား...

ထိုကဲ့သို့ မိုးကောင်းကင်ယံကို အန်တုသည့် ပုဂ္ဂိုလ်တစ်ဦးသည် သူတို့၏နေလနတ်ဘုရား အင်ပါယာသို့ အမှန်တကယ် ရောက်ရှိလာခဲ့သလော....

သူတို့နှစ်ဦးသည် သူတို့၏နှလုံးသားများကိုပင် အကြောက်တရားဖြင့် ရင်တလှပ်လှပ်ဖြစ်သွားစေသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသော စေတီဧကရာဇ်လက်နက်ကို မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။ သူတို့သည် ပို၍ပင် ထိတ်လန့်သွားကြ၏။ သူတို့သည် ယဉ်ကျေးမှုကို မလျစ်လျူရှုရဲဘဲ သူတို့နှစ်ယောက်သား ခုံးဝူတောက်၏ရှေ့သို့ အလျှင်အမြန် ဆင်းသက်လိုက်ကြ၏။

"ဒီအဘိုးကြီးက နေလနတ်ဘုရားအင်ပါယာရဲ့ ရှားချန်ယွမ်ပါ... နတ်ဘုရားသားတော် ဝူတောက်ကို ဂါရဝပြုပါတယ်..."

"နေလနတ်ဘုရားအင်ပါယာရဲ့ ရှားခွန်းလွန် က နတ်ဘုရားသားတော် ဝူတောက်ကို ဂါရဝပြုပါတယ်... ပုန်ကန်မှုကို နှိမ်နင်းဖို့ လှုပ်ရှားပေးတဲ့အတွက် နတ်ဘုရားသားတော် ဝူတောက်ကို ကျေးဇူးတင်ပါတယ်..."

ဤစကားများကို ပြောလိုက်သည်နှင့်အမျှ အနီးအနားရှိ နေလနတ်ဘုရားအင်ပါယာမှ ကျင့်ကြံသူ အများအပြားသည် အံ့အားသင့်စွာဖြင့် သက်ပြင်းချသံတစ်သံကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အင်ပါယာ၏ မဟာဧကရာဇ်များသည် သူတို့၏ဧကရာဇ်ဘွဲ့များကိုပင် အသုံးမပြုခဲ့ဘဲ သူတို့၏ကိုယ်ပိုင် အမည်များကို အသုံးပြု၍ သူ့ကို မိတ်ဆက်ခဲ့ကြသည်။

ထိုသို့သော လုပ်ရပ်သည် ခုံးဝူတောက်အပေါ် အမြင့်မားဆုံး ရိုသေလေးစားမှုကို ပြသခြင်းဖြစ်သည်ဟု ဆိုနိုင်ပေ၏။

"ရပါတယ်..."

ခုံးဝူတောက်က အနည်းငယ် ခေါင်းညိတ်ပြပြီး ဆက်လက်၍ ပြောဆိုလိုက်သည်။

"ဒါပေမယ့်... သူ့ကိုယ်သူ သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်လို့ ခေါ်တဲ့ ဒီကောင်ကိုတော့ ဒီ နတ်ဘုရားသားတော်က ခေါ်သွားမယ်..."

ဤသေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် ယခင်က သူ၏ရှေ့တွင် အလွန်မောက်မာစွာ စကားပြောခဲ့သည်။

အကယ်၍ သူသာ တိုက်ရိုက်ဖိနှိပ်ပြီး သတ်ဖြတ်ခံရမည်ဆိုလျှင် ထိုအရာသည် သူ့အတွက် အလွန်လွယ်ကူလွန်းသော သေဆုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

သူ့ကို ခေါ်ဆောင်သွားပြီး ထာဝရကာလ တလျှောက်လုံး ဘယ်တော့မှ ပြန်လည်မွေးဖွားမလာရခြင်းသည် ဘယ်လိုအဓိပ္ပာယ်ဆိုသည်ကို အမှန်တကယ် ခံစားရစေရန် ခုံးဝူတောက်က ရည်ရွယ်ထားသည်။

ဤစကားကို ကြားသောအခါ နေလ နတ်ဘုရား အင်ပါယာ၏ မဟာဧကရာဇ်နှစ်ပါးသည် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။

သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်၏အထောက်အထားကို သူတို့သည်လည်း သိရှိထားကြ၏။

သူသည် သူတို့၏ နေလနတ်ဘုရားအင်ပါယာ တော်ဝင်မိသားစုနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်ပြီး သူတို့သည် သွေးမျိုးဆက်ချင်း ဆက်နွယ်မှုတစ်ခုကိုပင် မျှဝေထားသည်။

သို့သော် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ် သည် အတိတ်တွင် တော်ဝင်မိသားစုမှ နှင်ထုတ်ခံရပြီးနောက် မည်သို့ဖြစ်သည်မသိရဘဲ မကောင်းဆိုးဝါး လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် နေလနတ်ဘုရားအင်ပါယာ၏ တော်ဝင်မိသားစုကို ဖြုတ်ချရန် အကြိမ်ကြိမ် ကြိုးစားခဲ့၏။

ကံမကောင်းစွာဖြင့် သူ ကျွမ်းကျင်သော နတ်ဘုရားစွမ်းရည် ဥပဒေသများသည် အလွန်အမင်း ထူးဆန်းလွန်းသဖြင့် သူတို့၏ ဖိနှိပ်ရန် ကြိုးပမ်းမှုတိုင်းသည် ကျရှုံးမှုဖြင့် အဆုံးသတ်ခဲ့သည်။

သို့သော် ယခုချိန်၌ သူတို့ကို ဤမျှထိ ခေါင်းကိုက်စေခဲ့သော သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ် သည် ခုံးဝူတောက်၏လက်များဖြင့် အမှန်တကယ်ကို ရှုံးနိမ့်သွားခဲ့လေပြီ။

ရှားချန်ယွမ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အလျင်အမြန် ပြော​ဆိုသည်။

"သေချာတာပေါ့... အရှင်နတ်ဘုရားသားတော် က သူ့ကို ဆန္ဒရှိသလို စီမံနိုင်ပါတယ်..."

သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်ထံတွင် ပုန်းကွယ်နေသော လျှို့ဝှက်ချက်များကို သူတို့ဖော်ထုတ်ချင်ခဲ့သော်လည်း...

ယခုချိန်၌ ခုံးဝူတောက်က တောင်းဆိုလိုက်ပြီဖြစ်ရာ သူတို့သည် စောဒကတက်ဝံ့သည်အထိ မိုက်မဲမည် မဟုတ်သည်မှာ သေချာပေါက်ပင်။

"တပ်မှူးက... သေသွားပြီ..."

"ဧကရာဇ်ကလည်း သေသွားပြီလား..."

သူပုန်အများအပြားသည် ချူထျန်နှင့် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်တို့ တစ်ယောက်ပြီးတစ်ယောက် ဖိနှိပ်ခံရသည်ကို မျက်မြင်တွေ့ရှိခဲ့ကြသည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံးသည် လုံးဝတွေဝေမိန်းမောသွားကြပြီး နေရာတွင်ပင် အမြှစ်တွယ်သွားသကဲ့သို့ မတ်တတ်ရပ်နေသည်။

သူတို့၏ဦးနှောက်များတွင် မရေမတွက်နိုင်သော အနက်ရောင်တွင်းပေါက်များဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားရပြီး အံ့အားသင့်တုန်လှုပ်မှုကြောင့် သူတို့၏စိတ်ဝိညာဉ်များ မတည်မငြိမ် လွင့်မျောနေပေ၏။

သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် မည်မျှ အစွမ်းထက်ကြောင်းကို သူတို့ ကောင်းစွာသိထားကြသည်။

သူပုန်များ၏အမြင်အရ သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် မသေနိုင်သော ဖျက်ဆီး၍မရနိုင်သော နတ်ဘုရားတစ်ပါးပင်။

ယခုချိန်၌ သူတို့၏မျက်လုံးများထဲရှိ မသေနိုင်သော နတ်ဘုရားသည်...

ခုံးဝူတောက်၏ လက်အောက်ခံဟု သံသယရှိသူ တစ်ဦးမှ ဧကရာဇ်လက်နက်တစ်ခုဖြင့် တိုက်ရိုက်ဖိနှိပ်ခြင်း ခံလိုက်ရလေပြီ။

ထို့ပြင် အစမှအဆုံးတိုင် သူတို့၏ ဧကရာဇ် သည် တိုက်ခိုက်မှုတစ်ခုမျှကိုပင် တောင့်မခံနိုင်ခဲ့ပေ။

ချူထျန်နှင့် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ် ဆိုသော အဓိကတရားခံနှစ်ယောက်ကို ဖြေရှင်းပြီးနောက် ပုန်ကန်မှုသည် ငြိမ်သက်သွားပြီဟု ဆိုနိုင်ပေ၏။

ခုံးဝူတောက်သည် တခြားသူပုန်မှုများကို နှိမ်နင်းရန်အတွက် စစ်သားများကို ဆက်လက်၍ ဦးဆောင်ရန် များစွာစိတ်ဝင်စားမှု မရှိတော့ပေ။

မဟာဧကရာဇ်နှစ်ပါးသည်လည်း ဤအချက်ကို သဘာဝကျကျ နားလည်ထားကြသည်။

စစ်တလင်းကို ရှင်းလင်းရန် လူတစ်စုကို ချန်ထားခဲ့ပြီးနောက် သူတို့သည် ခုံးဝူတောက်၏နံဘေးတွင် အစောင့်အရှောက်အနေဖြင့် လိုက်ပါသွားကာ နေလနတ်ဘုရားအင်ပါယာ၏ တော်ဝင်မြို့တော်သို့ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

မည်သူမျှ မသိခဲ့သောအရာမှာ လူအုပ်ထဲတွင်ရှိနေသော ရှားချူလီ၏အကြည့်သည် ခုံးဝူတောက်အပေါ်သို့ စူးစိုက်၍ ကျရောက်နေခြင်းပင်။

သူ၏ ထူးချွန်သော ခေါင်းဆောင်မှုပုံစံနှင့် သူ၏ ပြိုင်ဘက်ကင်းသော ကိုယ်ဟန်အမူအရာကို ပြန်လည်အမှတ်ရရင်း ရှားချူလီ၏နှလုံးသားသည် ကဆုန်စိုင်းမခုန်ဘဲ မနေနိုင်ခဲ့ပေ။

ကလေးဘဝမှ အရွယ်ရောက်သည်အထိ ခုံးဝူတောက်ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

"တကယ်လို့ ငါသာ ဒီလိုပုဂ္ဂိုလ်မျိုးနောက်ကို လိုက်ခွင့်ရတဲ့ ဂုဏ်ကျက်သရေမျိုးကို ရနိုင်ခဲ့ရင် အရမ်းကောင်းမှာပဲ..."

တစ်ချိန်တည်းမှာပင် စနစ်၏ကြေညာချက်သည် ခုံးဝူတောက်၏စိတ်ထဲတွင် ပဲ့တင်ထပ်လာပေ၏။

[ဒင်... ကောင်းကင်ကံကြမ္မာဇာတ်လိုက်မင်းသမီး ရှားချူလီက သခင်အပေါ် လေးစားအားကျတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... သူမရဲ့ ယဉ်ပါးအောင် သွေးဆောင်နိုင်မှုအဆင့်က ၃၀ ရာခိုင်နှုန်း တိုးလာပါတယ်... သူမဆီကနေ ကောင်းကင်အမိန့်တော်အမှတ် ၂၄၀၀ ကို လျှော့ချလိုက်ပြီး ၂၄၀၀ မှတ် ကျန်ရှိနေပါတယ်...]

[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၄၈၀၀ ကို ရရှိခဲ့တဲ့အတွက် သခင်ကို ဂုဏ်ယူပါတယ်...]

[ပစ်မှတ်ကိုယဉ်ပါးအောင် သွေးဆောင်မှု အဆင့်ကတော့ ၇၀ ရာခိုင်နှုန်းပါ...]

ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ အသံကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏ပါးစပ်ထောင့်သည် တွန့်ကွေးမသွားဘဲ မနေနိုင်ခဲ့ပေ။

ဤရှားချူလီတွင် ထူးဆန်းသော ဝါသနာတစ်ခု ရှိနေသည်ဟု သူ အမှန်တကယ် သံသယဝင်လာမိသည်။

သူ မည်သည့်အရာမျှ မလုပ်ခဲ့ဘဲ သူမကို ယဉ်ပါးအောင် သွေးဆောင်မှုအဆင့်က အလိုအလျောက် ၃၀ ရာခိုင်နှုန်း အမှန်တကယ် တိုးလာခဲ့သည်။

သူမသည် သူမ၏ စိတ်ထဲတွင် သူမကိုယ်သူမ ယဉ်ပါးအောင် သွေးဆောင်ခြင်းကို ပြီးမြောက်အောင် လုပ်နေခြင်း ဖြစ်သလော...

တစ်ချိန်တည်းမှာပင်....

ခုံးဝူတောက်သည် မြောက်ပိုင်းလျှန်နယ်မြေ ရှိ ပုန်ကန်မှုကို တိုက်ရိုက်နှိမ်နင်းခဲ့ရုံသာမက...

ပုန်ကန်မှု၏ အဓိကတရားခံနှစ်ယောက်လည်း တိုက်ရိုက်ဖယ်ရှားခဲ့ကြောင်း သိရှိရသောအခါ နေလနတ်ဘုရားအင်ပါယာတစ်ခုလုံးမှလူများသည် တုန်လှုပ်သွားပေ၏။

"နတ်ဘုရားသားတော် ဝူတောက်က အရမ်း အစွမ်းထက်လွန်းတာမဟုတ်ဘူးလား..."

"ဒီပုန်ကန်မှုကို နှိမ်နင်းဖို့ အနည်းဆုံး တစ်လလောက် ကြာမယ်လို့ ငါ အစက ထင်ခဲ့တာ... ဒါပေမယ့် နတ်ဘုရားသားတော်ဝူတောက်က အဲဒါကို နေ့ဝက်အတွင်းမှာပဲ တကယ်ကြီး ဖြေရှင်းလိုက်တယ်..."

"ပြီးတော့... ငါတို့ရဲ့အင်ပါယာအတွက် အချိန်အတော်ကြာအောင် ခေါင်းကိုက်စေခဲ့တဲ့ သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်ကိုတောင် နှိမ်နင်းဖို့ သူက အမိန့်ပေးခဲ့တယ်..."

"နတ်ဘုရားသားတော် ဝူတောက်ရဲ့ ရောက်ရှိလာမှုက ငါတို့ နေလနတ်ဘုရားအင်ပါယာအတွက် တကယ်ကို ကောင်းချီးတစ်ခုပဲ..."

နေလနတ်ဘုရားအင်ပါယာတစ်ခုလုံးတွင် ဝမ်းသာအားရ အားပေးသံများဖြင့် ပြည့်နှက်နေသည်။

ခုံးဝူတောက်သည် သူတို့၏အင်ပါယာမှ လူတစ်ယောက် မဟုတ်သော်လည်း...

နေလနတ်ဘုရားအင်ပါယာ၏ ကျင့်ကြံသူ များသည် ဤအချိန်အခိုက်အတန့်တွင် သူ့ကို အလွန်အမင်း ရိုသေလေးစားနေကြလေပြီ။

ခုံးဝူတောက်အပေါ် သူတို့၏ကျေးဇူးတင်မှုကို ဖော်ပြရန် နေလနတ်ဘုရားအင်ပါယာ၏ တော်ဝင်မိသားစုသည် သူ့အတွက် အလွန်အမင်း ခမ်းနားထည်ဝါသော စားသောက်ပွဲတစ်ခုကိုပင် ကျင်းပပေးခဲ့သည်။

ဗဟိုပင်မနန်းဆောင် တွင် ခမ်းနားထည်ဝါသော စားသောက်ပွဲကြီး စတင်နေလေပြီ။

လူအုပ်ကြီးသည် ပင်လယ်တစ်ခုကဲ့သို့ဖြစ်နေပြီး လက်ရှိနေရာတွင် ထိုင်နေသူများအားလုံးသည် နေလနတ်ဘုရားအင်ပါယာတွင် အမြင့်မားဆုံး အဆင့်အတန်းများနှင့် ရာထူးများကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများပင်။

နေလနတ်ဘုရားအင်ပါယာ၏ အရေးပါသော ဧည့်သည်တော်အဖြစ် သတ်မှတ်ခံရသော ခုံးဝူတောက်နှင့် ပတ်သက်၍မူ သူ ထိုင်နေသော နေရာသည် အင်ပါယာ၏အုပ်စိုးသူထက်ပင် ပို၍ဂုဏ်သရေမြင့်မားနေသည်။

"အားလုံးပဲ... ငါတို့ရဲ့ နေလနတ်ဘုရားအင်ပါယာက ပုန်ကန်မှုကို ဒီလောက် မြန်မြန်ဆန်ဆန် နှိမ်နင်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်က နတ်ဘုရားသားတော် ဝူတောက်ရဲ့ အကူအညီကြောင့်ပဲ..."

ရှားရွှမ်ယွမ်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဝိုင်အရက်ခွက်တစ်ခွက်ကို မြှောက်ကာ ခုံးဝူတောက်ကို ဂုဏ်ပြုလိုက်၏။

"အရှင့်ရဲ့ ဖြောင့်မတ်တဲ့ ဝင်ရောက်စွက်ဖက်မှုအတွက် ကျေးဇူးတင်ပါတယ် အရှင်နတ်ဘုရားသားတော်... ငါတို့ နေလနတ်ဘုရားအင်ပါယာ က အဆုံးမရှိအောင် ကျေးဇူးတင်ပါတယ်..."

"ကျေးဇူးတင်ပါတယ် အရှင်နတ်ဘုရားသားတော်..."

နေလနတ်ဘုရားအင်ပါယာ၏ တခြားအမတ်ကြီးများသည်လည်း ခုံးဝူတောက်အပေါ် သူတို့၏ မြင့်မားသော ရိုသေလေးစားမှုကို ဖော်ပြရန် သူတို့၏ ဝိုင်အရက်ခွက်များကို တစ်ယောက်ပြီးတစ်ယောက် မြှောက်လိုက်ကြသည်။

"အင်း..."

ဤအရာကို မြင်တွေ့ချိန်၌ ခုံးဝူတောက်က အနည်းငယ်သာ ခေါင်းညိတ်ပြလိုက်သည်။

သူက မျက်လွှာချကာ သူ၏ခွက်ထဲရှိ ဝိုင်အရက်ကို သောက်လိုက်ပြီး သူ၏နံဘေးပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမျှ ဂရုမစိုက်သည့်ပုံ ပေါက်နေသည်။

ယခုချိန်၌ နေလနတ်ဘုရားအင်ပါယာ၏ ကိစ္စရပ်များသည် နိဂုံးချုပ်သွားပြီဟု ဆိုနိုင်ပြီဖြစ်သော်လည်း ရှားချူလီကို ယဉ်ပါးအောင် သူ၏ သွေးဆောင်နိုင်ခြင်းမှ တိုးတက်မှုသည် ၃၀ ရာခိုင်နှုန်း လိုအပ်နေဆဲပင်။

ရှားချူလီကို ဖိနှိပ်ရန် သူ အကြောင်းပြချက်တစ်ခု ရှာသင့်သလော...

ခုံးဝူတောက်၏ စိတ်မပါသည့် အသွင်အပြင်ကို မြင်သောအခါ....

အင်ပါယာ၏ ရာထူးမြင့် အမတ်ကြီးများသည်လည်း ထိတ်လန့်မှုလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး သူတို့ ပြင်ဆင်ပေးထားသော စားသောက်ပွဲ ကို သူ မကျေနပ်ဟု ထင်မှတ်လိုက်ကြသည်။

သို့သော် ရှားရွှမ်ယွမ် စကားမပြောနိုင်မီမှာပင် လှပသော ပုံရိပ်တစ်ခုသည် သူမ၏ ထိုင်ခုံမှ ရုတ်တရက် ထလာသည်။

မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် သူမသည် ခုံးဝူတောက်၏ရှေ့တွင် မတ်တတ်ရပ်ပြီးဖြစ်သည်။

သူမက အလွန်အမင်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။

"အရှင် နတ်ဘုရားသားတော်..."

"ချူလီက အရှင်ရဲ့နောက်လိုက်တွေထဲက တစ်ယောက် ဖြစ်လာနိုင်မလားလို့ မေးပါရစေ အရှင်နတ်ဘုရားသားတော်..."

...

အခန်း (၈၀) နတ်ဘုရားသားတော်ရဲ့ နောက်လိုက်အနေနဲ့ မင်းက အဲဒါကို ထိန်းချုပ်တတ်အောင် သင်ယူရမယ်

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

လူတိုင်း၏အကြည့်များသည် ရှားချူလီအပေါ်သို့ မသိစိတ်အရ စုရုံးသွားကြ၏။

အထူးသဖြင့် နေလနတ်ဘုရားအင်ပါယာ၏ အမတ်ကြီးများ ဖြစ်ပြီး သူတို့၏မျက်လုံးများသည် အလွန်အမင်း အံ့အားသင့်တုန်လှုပ်မှုကြောင့် ပြူးကျယ်နေကာ အချိန်မရွေး ကျွတ်ထွက်သွားတော့မည့်ပုံ ပေါက်နေသည်။

နေလနတ်ဘုရားအင်ပါယာ၏ နန်းမွေခံမင်းသမီးအနေဖြင့် ရှားချူလီ၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ သူမကို အင်ပါယာ၏ တန်ဖိုးထားရသော ပုလဲရတနာဟု ခေါ်ဆိုခြင်းက ချဲ့ကားပြောဆိုခြင်း မဟုတ်ကြောင်း သိထားရပေမည်။

ယခုချိန်၌ နေ့ခင်းကြောင်တောင် လူအုပ်ကြီး၏ရှေ့တွင် သူတို့ နေလနေတ်ဘုရားအင်ပါယာ၏ နန်းမွေခံမင်းသမီးက သူမသည် ခုံးဝူတောက်၏ နောက်လိုက်တစ်ယောက် ဖြစ်လိုကြောင်း အမှန်တကယ် ဖွင့်ဟပြောဆိုလိုက်သည်။

ထိုအရာက သူတို့ကို မည်သို့ အံ့အားမသင့်စေဘဲ နေမည်နည်း...

"ချူလီ... သမီး..."

အထူးသဖြင့် ရှားချူလီ၏ဖခင် ရှားရွှမ်ယွမ် သည် သူ၏စိတ်ဝိညာဥ် ခန္ဓာကိုယ်အပြင်ဘက်သို့ လွင့်မျောသွားသကဲ့သို့ အလွန်အမင်း အံ့အားသင့်သွားလေ၏။

သူ့သမီး၏ အကျင့်စရိုက်ကို သူ အမြဲတစေ ကောင်းစွာသိထားခဲ့သည်။ နေလနတ်ဘုရားအင်ပါယာ၏ အထူးချွန်ဆုံး ပါရမီရှင် အနေဖြင့် သူ၏သမီးတွင်လည်း သူမ၏ကိုယ်ပိုင်မောက်မာထောင်လွှာမှုများ ရှိနေသည်။

ယခုချိန်၌ သူမက ခုံးဝူတောက်၏နောက်လိုက် တစ်ယောက် ဖြစ်လိုကြောင်း တိုက်ရိုက်ပြောဆိုလိုက်၏။

ဤသည်က သူမ အမြတ်နိုးဆုံး မောက်မာမှုကို လုံးလုံးလျားလျား ခြေမွှဖျက်​ဆီးလိုက်ခြင်းပင်။

သို့သော် ရှားချူလီသည် သူမ၏ပတ်ဝန်းကျင်ရှိ လူများ၏အံ့အားသင့်မှုများကို လုံးဝလျစ်လျူရှုထားသည်။

သူမသည် ရိုသေလေးစားသော လက်နှစ်ဖက်ပူးဆုပ်ထားသည့် ဟန်ပန်အမူအရာကို ဆက်လက် ထိန်းသိမ်းထားပြီး သူမက ကျယ်လောင်သောအသံဖြင့် နောက်တစ်ကြိမ် ပြောဆိုလိုက်သည်။

"နတ်ဘုရားသားတော်ရဲ့နောက်ကို လိုက်နိုင်သရွေ့... ချူလီက ဘာမဆိုလုပ်ဖို့ ဆန္ဒရှိပါတယ်..."

သူမသည် အချိန်အတော်ကြာအောင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူမက ဤစားသောက်ပွဲတွင် သူမ ပြောချင်သောအရာကို မပြောခဲ့လျှင် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးမျိုးကို သူမ နောက်တစ်ကြိမ် ဘယ်တော့မှ ရရှိတော့မည် မဟုတ်ပေ။

ဤစကားများ နောက်တစ်ကြိမ် ထွက်ပေါ်လာချိန်၌ တိတ်ဆိတ်နေပြီဖြစ်သော ဟင်းလင်းပြင် သည် ပို၍ပင် သုသာန်တစပြင်တမျှ တိတ်ဆိတ်သွားပြီး လူများအားလုံး ဆွံ့အသွားကြသည်။

သူတို့၏လည်ချောင်းများသည် အချိန်အတော်ကြာ လှုပ်ရှားနေသော်လည်း သူတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေရုံသာ တတ်နိုင်ပြီး စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ်သားတော်အစဉ်အဆက်များပင်လျှင် အနည်းငယ် အံ့အားသင့်သွားကြ၏။ သူတို့သည် အံ့အားသင့်မှုနှင့်စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသော မျက်နှာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

နေလနတ်ဘုရားအင်ပါယာ၏မင်းသမီးသည် သူတို့၏ နတ်ဘုရားသားတော်အပေါ် ဤမျှထိ ရူးသွပ်နေလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ကြပေ။

"ချူလီ... သမီး ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ရိုင်းစိုင်းနိုင်ရတာလဲ..."

အသိဝင်လာသော ရှားရွှမ်ယွမ်သည် သူ၏ သမီးကို ဆွဲခေါ်လိုသဖြင့် အလျင်အမြန် ရှေ့သို့ ထွက်လာခဲ့သည်။

ခုံးဝူတောက်၏အဆင့်အတန်းသည် မည်မျှထိ မြင့်မြတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ တာအိုအမွေအနှစ်များဖြင့် ခုံးဝူတောက်သည် အပြင်ဘက်မှ နောက်လိုက်များကို ရှာဖွေရန် မလိုအပ်ပေ။

အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် နှစ်ပေါင်း မရေမတွက်နိုင်သော တာအိုအမွေအနှစ် များ ရှိနေသဖြင့် ပြိုင်ဘက်ကင်း ပါရမီရှင်များလည်း မရေမတွက်နိုင်အောင် ရှိနှင့်နေပြီးဖြစ်သည်။

ခုံးဝူတောက်သည် မည်သည်ကြောင့် သူ့သမီး၏ သစ္စာစောင့်သိမှုကို ရရှိရန် လိုအပ်မည်နည်း။

"ငါ့ရဲ့ နောက်လိုက် ဖြစ်ချင်တယ်... ဟုတ်လား..."

ခုံးဝူတောက်၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။

ရှားချူလီဟူသော ဤကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီးတွင် ထူးဆန်းသော အကျင့်စရိုက်တစ်ခုရှိကြောင်း သူ သိထားလေ၏။

သို့သော် သူမကိုယ်တိုင် နည်းဗျူဟာချရုံသာမက ဤအတိုင်းအတာအထိ အစပြုလှုပ်ရှားလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။ ထိုကိစ္စက အမှန်တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။

သို့သော် သူ၏အမြင်အရ တစ်ဖက်လူသည် ရည်ရွယ်ချက်လေးတချို့ကို ဖုံးကွယ်ထားဆဲပင်။

သူမသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် တစ်ပါးအနေဖြင့် သူ၏အထောက်အထားကို တန်ဖိုးထားခြင်းမျှသာ ဖြစ်ပေ၏။

နေလနတ်ဘုရားအင်ပါယာသည် သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် ကပ်လျက်တွင် တည်ရှိသည်။

အကယ်၍ ရှားချူလီသည် သူ၏ နောက်လိုက် တစ်ယောက် ဖြစ်လာနိုင်မည်ဆိုလျှင် သူမသည် တစ်နေ့တွင် သူမ၏နေလနတ်ဘုရားအင်ပါယာ သည် သူ၏အချိန်လေဟာနယ်တားမြစ်နယ်မြေ ကြောင့် ဖျက်ဆီးခံရနိုင်သည်ကို ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေရန် မလိုအပ်တော့ပေ။

ခုံးဝူတောက်၏ခန့်မှန်းချက်သည် အလွန်တိကျပေ၏။

ခုံးဝူတောက်၏နောက်သို့ လိုက်ရန် ရှားချူလီ၏ ဆုံးဖြတ်ချက်သည် သူ၏ကိုယ်ရေးကိုယ်တာ ဆွဲဆောင်မှုကြောင့် သူမ ဆွဲဆောင်ခံရရုံသက်သက် မဟုတ်ပေ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ နေလနတ်ဘုရားအင်ပါယာ၏အကျိုးစီးပွားများကို သူမ ထည့်သွင်းစဉ်းစားခြင်းကြောင့်လည်းဖြစ်သည်။

ခုံးဝူတောက်၏ နောက်လိုက်တစ်ယောက် ဖြစ်လာနိုင်ခြင်းသည် သူမအတွက်ရော နေလ နတ်ဘုရားအင်ပါယာတစ်ခုလုံးအတွက်ပါ ကြီးမားသော အခွင့်အရေးတစ်ခုပင်။

"ဟုတ်ပါတယ်... ချူလီကို အခွင့်အရေး တစ်ခုပေးဖို့ နတ်ဘုရားသားတော် ခုံးဝူတောက်ကို တောင်းဆိုပါတယ်..."

ရှားချူလီသည် သူမ၏ လက်နှစ်ဖက်ပူးဆုပ်သည့် ဟန်ပန်အမူအရာကို ဆက်လက်၍ ထိန်းသိမ်းထားပြီး နောက်တစ်ကြိမ် ထပ်မံ၍ပြောဆိုလိုက်သည်။

"တကယ်လို့ နတ်ဘုရားသားတော်က စိတ်မချဘူးဆိုရင်... ချူလီက နတ်ဘုရားသားတော် ခုံးဝူတောက်ကို ထာဝရကာလ တလျှောက်လုံး ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာ ချုလီရဲ့ တာအိုနှလုံးသားနဲ့ ကျိန်ဆိုဖို့ ဆန္ဒရှိပါတယ်..."

ဤစကားများ အဆုံးသတ်သွားသည်နှင့်...

ရှားချူလီကို ဆွဲခေါ်နေသော ရှားရွှမ်ယွမ် ၏ လက်သည်လည်း မသိစိတ်အရ လှုပ်ရှားသွားပြီး သူ၏အကြည့်သည် ခုံးဝူတောက်ဆီသို့ ရံဖန်ရံခါ အကဲခတ်နေလေ၏။

ယခုချိန်၌ သူသည် သူ့သမီး၏လုပ်ရပ်များကို သဘာဝကျကျ နားလည်ထားသည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ခုံးဝူတောက်သည် သူ၏ထိုင်ခုံပေါ်တွင်ထိုင်ကာ သူ၏ခွက်ထဲရှိ ဝိုင်အရက်ကို ပျင်းရိစွာ သောက်နေပြီး ချက်ချင်းအဖြေမပေးခဲ့ချေ။ ဤသည်က ထိုနေရာရှိ ဖိနှိပ်ခံထားရသော အခြေအနေကို ပို၍ပင် လေးလံလာသကဲ့သို့ ဖြစ်စေခဲ့သည်။

ဤစားသောက်ပွဲသို့ လာရောက်ကြသူများအားလုံးသည် နေလနတ်ဘုရားအင်ပါယာ၏ ထိပ်တန်းပုဂ္ဂိုလ်များပင်။

သို့သော် ယခုချိန်၌ သူတို့၏လှုပ်ရှားမှုတိုင်းကို ခုံးဝူတောက်က အပြည့်အဝ ထိန်းချုပ်ထားပုံရပြီး သူတို့သည် အသက်ပြင်းပြင်းရှူဝံ့ခြင်းပင် မရှိချေ။

နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခံစားချက်မဲ့နေသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။

"မင်းရဲ့ ပါရမီက တကယ့်ကို ကောင်းပါတယ်..."

"ဒါပေမယ့်... အရမ်း အားနည်းနေသေးတယ်..."

"ငါ့ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာဖို့ မင်းက အရည်အချင်း မပြည့်မီသေးဘူး..."

ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရှားချူလီသာမက လက်ရှိနေရာရှိ နေလနတ်ဘုရားအင်ပါယာ၏ ရာထူးမြင့်အမတ်ကြီးများအားလုံးသည် ရလဒ်ကို လုံးဝမမျှော်လင့်ထားဘဲ သူတို့၏နှလုံးသားများထဲတွင် တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။

"အရည်အချင်း မပြည့်မီဘူးလား..."

ရှားချူလီ၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားပြီး သူမ၏မျက်လုံးသူငယ်အိမ်များ၌ အာရုံစူးစိုက်မှု ဆုံးရှုံးသွားပုံရသည်။

သူမသည် သူမ၏ စိတ်ထဲတွင် မြင်ကွင်းများကို မရေမတွက်နိုင်အောင် ပုံဖော်ထားခဲ့သော်လည်း ခုံးဝူတောက်က ဤကဲ့သို့ စကားမျိုး ပြောဆိုလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။

ရှားချူလီသည် သူမ၏နီမြန်းသောနှုတ်ခမ်းလေးများကို တင်းတင်းစေ့ထားပြီး သူမ၏ လှပသော မျက်လုံးများသည် ကြီးမားသော ထိုးနှက်ချက်ကြောင့် မယုံနိုင်လောက်အောင် မှေးမှိန်သွားပုံရသည်။ သူမ၏မျက်လုံးအတွင်းရှိ အနက်ရှိုင်းဆုံးနေရာတွင် ရေခိုးရေငွေ့အလွှာပါးလေးတစ်ခု လှည့်ပတ်နေလေ၏။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေပြင်းထဲရှိ လှပသော ပန်းဖြူလေး တစ်ပွင့်ကဲ့သို့ အနည်းငယ် ယိမ်းယိုင်နေပုံရသည်။

ရှားချူလီသည် သူမ၏စိတ်နှလုံးသားထဲရှိ မသက်မသာဖြစ်မှုကို ဖိနှိပ်ထားပြီး မလိုလားစွာဖြင့် တီးတိုးပြောဆိုလိုက်သည်။

"ကျွန်မ နားလည်ပါပြီ... နတ်ဘုရားသားတော်..."

"ချူလီက စည်းကျော်သွားတာပါ... ချူလီက စိတ်ကူးယဉ်နေခဲ့တာပါ..."

အမှန်တကယ်ကိုပင် သူမသည် နေလနတ်ဘုရားအင်ပါယာ၏ အထူးချွန်ဆုံးပါရမီရှင် ဖြစ်သော်လည်း ...

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော်အစဉ်အဆက် များနှင့် နှိုင်းယှဉ်လျှင် သူမသည် အမှန်တကယ်ကို များစွာများစွာ နိမ့်ကျနေသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ တန်ဖိုးထားဆုံး နတ်ဘုရားသားတော်၏ နောက်လိုက် တစ်ယောက် ဖြစ်လာရန်ကိုမူ ထည့်သွင်းစဥ်းစားရန်ပင် မလိုတော့ချေ။

ရှားချူလီသည် ကိုယ့်ကိုယ်ကိုယ် သရော်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး သူမ ထွက်သွားတော့မည့်ဆဲဆဲမှာပင် ခုံးဝူတောက်၏ အသံကို နောက်တစ်ကြိမ် ကြားလိုက်ရသည်။

"မင်းရဲ့ လက်ရှိကျင့်ကြံခြင်း က တာအိုနန်းတော်နယ်ပယ်မှာပဲ ရှိသေးတာ မဟုတ်လား..."

"မင်း ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ကို ရောက်တဲ့အချိန်ကျရင် အချိန်လေဟာနယ် တားမြစ်နယ်မြေ မှာ ငါ့ကို လာရှာလှည့်ပါ..."

ဘာ...

ရှားချူလီသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမ၏မျက်လုံးသူငယ်အိမ်များသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်လာကာ ခုံးဝူတောက်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

အထက်တွင် မြင့်မားစွာ ထိုင်နေသော ခုံးဝူတောက်သည် ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်နေသော မျက်လုံးများဖြင့် သူ၏လက်ကို ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်၏။

သိုလှောင်လက်စွပ်တစ်ကွင်းသည် သူ့ထံမှ ပျံ့လွင့်လာပြီး ရှားချူလီ၏လက်ထဲသို့ ဖြည်းညှင်းစွာ ကျဆင်းလာသည်။

"မင်းက ဒီနတ်ဘုရားသားတော်ရဲ့ နောက်လိုက် တစ်ယောက် ဖြစ်လာချင်မှတော့ မင်းရဲ့ကျင့်ကြံခြင်းက အရမ်းအားနည်းနေလို့ မရဘူး..."

"အဲဒီထဲက ကျင့်ကြံခြင်းအရင်းအမြစ်တွေက ဒီ နတ်ဘုရားသားတော်က မင်းအတွက် ကြိုတင်ပေးထားတဲ့ ဆုလာဘ်ပဲ..."

မည်သို့ပင်ဆိုစေကာမူ ဤသိုလှောင်လက်စွပ်ထဲရှိ ကျင့်ကြံခြင်းအရင်းအမြစ်များသည် သာမန်အဆန်ဆုံးဖြစ်သဖြင့် ထိုအရာများကို လူများအား စည်းရုံးရန် နည်းလမ်းတစ်ခုအဖြစ် တကယ် အသုံးပြုနိုင်သည်။

သူ၏စကားများ အဆုံးသတ်သွားချိန်တွင်...

ရှားချူလီနှင့် နေလနတ်ဘုရားအင်ပါယာ၏ ရာထူးမြင့် အမတ်ကြီးများစွာသည် လုံးဝဆွံ့အသွားကြပြီး သူတို့၏စိတ်များ ချက်ချင်းဗလာကျင်းသွားသည်။

ဤဆန့်ကျင်ဘက်ဆန်မှုသည် အမှန်တကယ်ကို ရုတ်တရက် ရောက်လာပြီး လူများအားလုံး အငိုက်ဖမ်းခံလိုက်ရသည်။

ခုံးဝူတောက်၏မျက်လုံးများသည် ခံစားချက်မဲ့နေပေ၏။ အရာအားလုံးသည် သူ၏ဆုပ်ကိုင်မှုအတွင်း၌သာ ရှိနေသည်။

လူသားများသည် အမြဲတစေ ထူးဆန်းသော သတ္တဝါများပင်။

အလွန်လွယ်ကူစွာ ရရှိသောအရာများကို တန်ဖိုးမထားသလို ရှားပါးသည်ဟုလည်း မသတ်မှတ်ကြပေ။

သူ၏လုပ်ရပ်များသည် ရှားချူလီကို ဆုံးမရန်အတွက်သာ မဟုတ်ပေ။

ထိုကိစ္စသည် သူမကို ထိန်းချုပ်ရန် သူမကို သူ၏ စည်းချက်ထဲသို့ ကျရောက်သွားစေရန်နှင့် သူမကို ထိန်းချုပ်ရန် ပို၍လွယ်ကူစေရန်လည်းဖြစ်သည်။

အကယ်၍ သူမသည် သူ၏နောက်လိုက်တစ်ယောက် ဖြစ်လိုပါက....

အစကတည်းက သူမသည် အရာအားလုံးကို သူ့ထံ အပ်နှင်းရမည်ဖြစ်ကြောင်း သူမကို သိစေရန်အတွက်ပင်။

Book 8 end.

All Chapters