အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း (၁၉၇) - ကောင်းကင်ယံထက်တွင် လောင်ကျွမ်းနေသော စစ်မီးလျှံများ၊ တပ်ဖွဲ့သုံးဖွဲ့၏ အစွမ်းကုန်တိုက်ခိုက်မှု (၁)
သူတို့၏ အဓိကယုံကြည်ချက်မှာ ဘယ်သောအခါမှ မယိမ်းယိုင်ခဲ့ပေ။
ဝံပုလွေအဖေကို ယုံကြည်ရမည်၊ ဝံပုလွေအုပ်နှင့် ပခုံးချင်းယှဉ်ရပ်တည်နိုင်ရမည်၊ ပြီးနောက် သူတို့အား ဘဝသစ်နှင့် နွေးထွေးမှုပေးစွမ်းနိုင်သော ဤအိမ်ကို ကာကွယ်နိုင်ရမည်။
ထိုအချိန်မှာပင်။
ဘုန်း…။
အရာခပ်သိမ်းဆုတ်ဖြဲနိုင်ပစ်မည့် အရှိန်အဟုန်များ ပါဝင်သော ပူလောင်ကြမ်းတမ်းသည့် စွမ်းအင်လှိုင်းတစ်ခု ဝံပုလွေအသိုက်၏ အနောက်ဘက်ရှိ လုပ်ကြံသတ်ဖြတ်သူများ လေ့ကျင့်ရေးကွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ရွှေရောင်ရင့်ရင့် အလင်းနှင့် အနီရင့်ရောင် ချော်ရည်ပုံစံများ ရောယှက်ကာ ကောင်းကင်သို့ ထိုးတက်သွားသော ထူထဲသည့် အလင်းတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုဧရိယာအထက်ရှိ ညကောင်းကင်ယံကို လုံးဝ လောင်ကျွမ်းသွားစေသည်။
ယခင်ထက် များစွာ သာလွန်သော ကြမ်းတမ်းသည့် အငွေ့အသက်တစ်ခုက ဟာရီကိန်းမုန်တိုင်းတစ်ခုပမာ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင် သိမ်မွေ့သော လှိုင်းဂယက်များ ဖြစ်ပေါ်သွားသည်။
ကန့်နံ့နှင့် ပြင်းထန်သော မီးတောက်များ၏အနံ့က လေထုထဲတွင် ပြန့်နှံ့နေသော်လည်း ဝံပုလွေအသိုက်၏ ကိုယ်ပိုင် အေးစက်စက် စွမ်းအင်ကြောင့် ချေဖျက်ခံလိုက်ရကာ ထူးဆန်းသော မျှခြေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဘုရင်ကြီး ကျွန်တော် အောင်မြင်သွားပြီ။” ထျန်းပင်း၏ အလွန်အမင်း စိတ်လှုပ်ရှားနေသော ဟိန်းဟောက်သံက အတွေးထဲမှတစ်ဆင့် ရောက်ရှိလာပြီး လင်းထျန်းလုံ၏ အသိစိတ်ကို အနည်းငယ် လှုပ်ခတ်သွားစေသည်။
“မြေအောက်မီးလျှံနှလုံးသား နဲ့ အဲဒီအမြုတေရဲ့ စွမ်းအားကို ကျွန်တော် အပြည့်အဝ စုပ်ယူပြီးသွားပြီ၊ ဟားဟားဟား အခု ကျွန်တော့်မှာ စွမ်းအားတွေ အရမ်းပြည့်လျှံနေတာကို ခံစားနေရတယ်၊ လက်သီးတစ်ချက်တည်းနဲ့တင် တောင်တစ်တောင်ကို ခွဲပစ်နိုင်လောက်တယ်”
လင်းထျန်းလုံသည် ငွေပြာဘုရင်မျက်၀န်းဖြင့် ထျန်းပင်းကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
ထျန်းပင်းသည် အဆင့် ၂၅ (ပါရမီရှင်အဆင့်) ကို အပြည့်အဝ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ရုံသာမက သူ၏ ထာ၀ရဗာဂျရာခန္ဓာမှာလည်း နက်ရှိုင်းသောအဆင့် မျိုးဗီဇပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်ခဲ့သည်ကို သူ ရှင်းလင်းစွာ မြင်နေရသည်။
ရွှေရောင်ရင့်ရင့် အမွေးများအောက်ရှိ သွေးကြောများထဲ၌ ချော်ရည်များ စီးဆင်းနေသကဲ့သို့ ဖြစ်နေပြီး အစွန်းရောက် ရုပ်ပိုင်းဆိုင်ရာခံစစ်နှင့် ရုပ်တရက်ပေါက်ကွဲထွက်နိုင်သော တန်ပြန်ပျက်စီးမှု လက္ခဏာရပ် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချော်ရည်ပုံစံများမှာ အလှဆင်ထားရုံသက်သက် မဟုတ်တော့ဘဲ ကြောက်မက်ဖွယ်ကောင်းသော မီးစွမ်းအင်များ ပါဝင်သည့် အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ ဂမ္ဘီရစာလုံးများ ဖြစ်လာသည်။
နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်၏ တိုက်ပွဲဝင်လိုစိတ်ကလည်း ဤစွမ်းအားအသစ်နှင့် ပေါင်းစပ်သွားကာ ပိုမိုကြမ်းတမ်းရက်စက်လာသည်။
ဤရုတ်တရက် အစွမ်းထက်သော အဆင့်တိုးတက်လာမှုသည် တင်းကြပ်နေသော လေးကြိုးကို ကြီးမားသော ခွန်အားတစ်ခုဖြင့် ဆွဲဆန့်လိုက်သကဲ့သို့ဖြစ်သွားပြီး ဝံပုလွေအသိုက်တစ်ခုလုံး၏ တိုက်ပွဲဝင်လိုစိတ်များ ချက်ချင်း ဆူပွက်သွားခဲ့သည်။
သူ၏ အတွေးက ဝံပုလွေအသိုက်တစ်ခုလုံး ပြန့်နှံ့သွားပြီး ပြတ်သားသော ဆုံးဖြတ်ချက်များ ပါဝင်နေသည်။
“အားလုံး မြင်တဲ့အတိုင်းပဲ၊ မိခင်သစ်ပင်က အရေးကြီးတဲ့ အဆင့်ကို ကျော်ဖြတ်ပြီးသွားပြီ၊ သူ့ရဲ့ ခံစစ်က ဖျက်ဆီးလို့မရနိုင်ဘူး၊ ထျန်းပင်းရဲ့ စွမ်းအားကလည်း အများကြီး တိုးတက်လာတယ်၊ သူ့ရဲ့ အစွယ်တွေက အရင်ကထက် ပိုထက်ရှနေပြီ”
“ဒါ ငါတို့ ဝံပုလွေအသိုက်ရဲ့ စွမ်းအားပဲ”
သူ့အသံက နှင်းဝံပုလွေတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားပြီး သူတို့၏သွေးထဲရှိ ရိုင်းစိုင်းမှုနှင့် တိုက်ပွဲဝင်လိုစိတ်ကို လောင်ကျွမ်းစေခဲ့သည်။
“ရန်သူတွေက ငါတို့ကို ကြောက်ပြီးထွက်ပြေးမယ်လို့ ထင်နေတယ်၊ ငါတို့ကို ပိတ်လှောင်ပြီးသတ်လို့ရမယ်လို့ ထင်နေတယ်။”
“ဒါပေမယ့် သူတို့မှားသွားပြီ”
“သူတို့ ရင်ဆိုင်ရမှာက သတ်ဖို့စောင့်နေတဲ့ သိုးငယ်လေးတွေ မဟုတ်ဘဲ သူတို့ကို အပိုင်းပိုင်းအစစ ဆွဲဆုတ်ပစ်နိုင်တဲ့ ဝံပုလွေအုပ်ပဲဆိုတာ သူတို့ မကြာခင် နားလည်လာလိမ့်မယ်”
“အားလုံးပဲ၊ အကောင်းဆုံး အခြေအနေကို ပြင်ဆင်ထားကြ၊ မင်းတို့ရဲ့ လက်သည်းတွေကို သွေး၊ သွားတွေကို သွေးထား”
“နောက်ပိုင်း ဆက်ဖြစ်မယ့်တိုက်ပွဲက သွေးထွက်သံယို ဖြစ်လိမ့်မယ် ဒါပေမယ့် ငါ လင်းထျန်းလုံက မင်းတို့နဲ့အတူ ရပ်တည်ပြီး ဒီအောင်ပွဲကို အရယူမယ်”
“အာ၀ူးးး”
“အာ၀ူး…”
နားကွဲမတတ် ဝံပုလွေအူသံများက သာမန်မျက်စိဖြင့် မမြင်ရသော ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ကောင်းကင်သို့ ထိုးတက်သွားကာ အဝေးရှိ တိမ်တိုက်များကိုပင် လွင့်စင်သွားစေသည်
တုံ့ဆိုင်းမှုများ၊ ကြောက်ရွံ့မှုများအားလုံး ဤအခိုက်အတန့်တွင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကုန်လေပြီ။ နှင်းဝံပုလွေတိုင်း၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်နှင့် အောင်ပွဲအတွက် တောင့်တမှုသာ ကျန်ရှိတော့သည်။
ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီဖြစ်သော ထက်ရှသည့် ဓားတစ်လက်ဖြစ်သည့် ဝံပုလွေအသိုက်အတွင်း အေးစက်စက်အလင်းရောင်များ လင်းလက်နေပြီး သွေးသောက်ရမည့် အချိန်ကို စောင့်ကြိုနေလေတော့သည်။
……..
အရုဏ်မတက်မီ အမှောင်မိုက်ဆုံးအချိန်က ထျန်းစန်းသစ်တောကြီးအပေါ်သို့ ပျစ်ချွဲသောမှင်ရည်များပမာ လွှမ်းခြုံထား၏။
စဉ်ဆက်မပြတ် သတိထားစောင့်ကြည့်မှုများကြောင့် ဝံပုလွေအသိုက်အတွင်းရှိ တင်းမာမှုများ အနည်းငယ်မျှပင် ပြေလျော့သွားခြင်းမရှိချေ။
တင်းမာလွန်းသော အခြေအနေကား အဆုံးစွန်ထိ ဆွဲဆန့်ထားသည့် လေးကြိုးတစ်ချောင်းနှင့်ပင် တူနေတော့သည်။
လင်းထျန်းလုံသည် တိုတမ်မိခင်သစ်ပင်အောက်၌ တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းနေ၏။ မျက်ဝန်းများ မှိတ်ထားသော်လည်း အိပ်မောကျနေခြင်းမဟုတ်ပေ။
အသိစိတ်အနက်ရှိုင်းဆုံးနေရာ၌ ငွေပြာဘုရင်မျက်ဝန်းစွမ်းရည်ဖြင့် အတိကျဆုံးသော ရေဒါတစ်ခုပမာ မိုင်တစ်ဆယ်အတွင်းရှိ စွမ်းအင်လှုပ်ခတ်မှုများကို အာရုံခံစောင့်ကြည့်လျက်ရှိသည်။
၈၅ ရာခိုင်နှုန်း အသွင်ပြောင်းလဲပြီးနောက် မိခင်သစ်ပင်ထံမှ ဖြာထွက်နေသော ကြီးမားလှသည့် အသက်စွမ်းအင်နှင့် ဝိညာဉ်အနှစ်သာရများက အမှောင်ထုထဲမှ မီးပြတိုက်တစ်ခုပမာ နွေးထွေးမှုနှင့် စွမ်းအားများကို ဆောင်ကြဉ်းပေးနေသည်။
သို့သော်ငြား တစ်ဖက်တွင်လည်း လောဘတကြီး ငမ်းငမ်းတက်လိုချင်နေကြသည့် အကြည့်များကို မလွဲမသွေ ဆွဲဆောင်နေခဲ့သည်။
ရုတ်တရက် အလွန်တရာသိမ်မွေ့သော်လည်း ထက်ရှလွန်းသော အန္တရာယ်အငွေ့အသက်တစ်ခုက ရေခဲအပ်တစ်ချောင်းပမာ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာထိ ထိုးဖောက်ဝင်ရောက်လာ၏။
ယင်းက စနစ်၏အသိပေးချက်မဟုတ်ဘဲ ရေတွက်မရနိုင်သော သေရေးရှင်ရေးတိုက်ပွဲများကြားမှ ရရှိလာသည့် သားရဲပင်ကိုဗီဇနှင့် သတ်ဖြတ်လိုစိတ်အပေါ် တုံ့ပြန်တတ်သည့် အလိုအလျောက်ကြိုတင်သိမြင်နိုင်စွမ်းပင် ဖြစ်သည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်။
“အာဝူး...”
အလွန်ဝေးကွာသော ဝံပုလွေအသိုက်၏ အနောက်မြောက်အရပ်မှ သတိပေးချက်အပြည့်ပါဝင်နေသော စူးရှတိုတောင်းလှသည့် ဟိန်းဟောက်သံတစ်ခုက တိတ်ဆိတ်မှုကို ထိုးခွင်းထွက်ပေါ်လာ၏။
သို့သော် စက္ကန့်ဝက်မျှအကြာတွင် ထိုအသံက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
လင်းထျန်းလုံ၏ ရေခဲသဖွယ်အေးစက်နေသော မျက်ဝန်းပြာများ ရုတ်တရက်ပွင့်လာပြီး မျက်၀န်းထဲမှ အေးစက်စက် အလင်းတန်းများ ထွက်ပေါ်လာ၏။
ထိုအသံသည် သာမန်သတိပေးသံမဟုတ်ဘဲ အင်အားကြီးမားလွန်းသော ရန်သူ့နှင့် ရင်ဆိုင်ရချိန်တွင် အမဲလိုက်သမား ကင်းထောက်များက အသက်နှင့်ရင်း၍ ပေးပို့လိုက်သည့် နောက်ဆုံးအချက်ပေးသံပင် ဖြစ်သည်။
“ရန်သူလာပြီ”
ရေခဲပမာအေးစက်လှသော အသိအာရုံက ဝံပုလွေအသိုက်ရှိ အဓိကအဖွဲ့ဝင်တိုင်း၏ စိတ်ထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွား၏။ နှင်းဝံပုလွေများမှာ ထိတ်လန့်တုန်လှုပ်ခြင်းအလျဉ်းမရှိဘဲ တိုက်ပွဲဝင်လိုစိတ်များသာ အလိုအလျောက် ထကြွလာကြသည်။
နောက်တစ်ခဏတွင် တစ္ဆေတစ်ကောင်ပမာ မြေပြင်နှင့်တစ်သားတည်းဖြစ်နေသော အရိပ်တစ်ခုက လျှပ်တစ်ပြက် ပြေးလွှားလာပြီး လင်းထျန်းလုံ၏ရှေ့၌ ရပ်တန့်သွား၏။
ယင်းကား ယင်းဖုန်းပင် ဖြစ်သည်။
ရှေ့လက်သည်းတစ်ဖက်တွင် ခြောက်သွေ့ခြင်းမရှိသေးသော တခြားသက်ရှိတစ်ကောင်ကောင်၏ အနီရင့်ရောင်သွေးများ ပေကျံနေပြီး နက်ရှိုင်းသော မျက်ဝန်းများထဲတွင် အေးစက်စက် ဒေါသတရားများနှင့်အတူ မသိမသာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အရိပ်အယောင်များ ကိန်းအောင်းနေသည်။
“ဘုရင်ကြီး” ယင်းဖုန်း၏ စိတ်အာရုံ ပေးပို့မှုက အရေးတကြီးဖြစ်နေသော်လည်း တိကျလှ၏။
“အနောက်မြောက်၊ အနောက်တည့်တည့်နဲ့ အနောက်တောင်အရပ်... အရပ်သုံးမျက်နှာစလုံးကနေ ကြီးမားတဲ့ ရန်သူ့အင်အားတွေ တစ်ပြိုင်နက်တည်း ချဉ်းကပ်လာနေပါပြီ။ သားရဲတွေမဟုတ်ဘဲ လူသားတွေပါ”
“အင်အားက... အရမ်းများပြားလွန်းပါတယ်၊ ကျွန်တော်တို့ရဲ့ အပြင်စည်း ကင်းထောက်အဖွဲ့ သုံးဖွဲ့စလုံး... အဆက်အသွယ် ပြတ်တောက်သွားပါပြီ”
ယင်းဖုန်း၏စကားများကြောင့် နေရာယူရန် အလျင်အမြန်ရောက်ရှိလာကြသော ထျန်းပင်း၊ ရန့်မြဲ့နှင့် မဟာနှင်းအစောင့်အရှောက်တို့၏ အငွေ့အသက်များက ချက်ချင်းပင် ဒေါသအငွေ့အသက်အများအဖြစ် ပြောင်းလဲသွားကြသည်။
“လူသားတွေ၊ အရပ်သုံးမျက်နှာကနေ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာတာလား” လင်းထျန်းလုံ၏ အသံထဲတွင် မည်သည့်ခံစားချက်မျှ ပါဝင်မနေသော်လည်း ပတ်ဝန်းကျင်ရှိလေထုက သူ၏ဖိအားအောက်တွင် အေးခဲသွားတော့မည့်အလား ထင်မှတ်ရ၏။
သူသည် မတ်တတ်ရပ်လိုက်ပြီး ငွေပြာဘုရင်မျက်ဝန်းကို အပြည့်အဝဖွင့်လှစ်ကာ အဝေးဆီသို့ ထိုးဖောက်ကြည့်ရှုလိုက်သည်။
အနောက်မြောက်အရပ်ရှိ မိုးကုတ်စက်ဝိုင်းတွင် တောမီးလောင်ကျွမ်းနေသည့်အလား ထူထပ်လှသော မီးအလင်းရောင်များက ထိန်လင်းနေ၏။
ပြင်းထန်ပြီး ကြမ်းတန်းလွန်းသော စွမ်းအင်လှုပ်ခတ်မှုများကို ဤအကွာအဝေးမှပင် ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။ ယင်းက လောင်ကျွမ်းမီးလျှံဂိုဏ်း၏ ထင်ရှားသော အငွေ့အသက်ပင် ဖြစ်သည်။
အနောက်တည့်တည့်အရပ်မှ တစ်ပြေးညီဖြစ်နေသော ကြီးမားလှသည့် ခြေသံကြီးများက မိုးချိန်းသံပမာ ထွက်ပေါ်လာ၏။
မြေဝါရောင်အလင်းတန်းများ ဖြာထွက်နေသည့် ဧရာမစွမ်းအင်ဒိုင်းကာကြီးများက အရုဏ်မတက်မီ အလင်းရောင်အောက်တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ခိုင်မာတောင့်တင်းလှသော ရွေ့လျားတံတိုင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။
ယင်းကား သံမဏိဒိုင်းကာ ကင်းစခန်းမှ ချီတက်လာသော တပ်မကြီးပင်။
အနောက်တောင်အရပ်မှမူ စက်ယန္တရားများ လည်ပတ်နေသည့်အသံများ ထွက်ပေါ်လာ၏။
သံချပ်ကာများ ဖုံးအုပ်ထားပြီး စွမ်းအင်လှိုင်းများ တဖျပ်ဖျပ်လက်နေသည့် ထူးဆန်းသောပုံစံရှိ စစ်ပွဲစက်ယန္တရားဒါဇင်ပေါင်းများစွာသည် ချီတက်လာသော သံမဏိဒီရေလှိုင်းကြီးတစ်ခုအလား သစ်တောကြီးကို ဖြည်းညင်းစွာ ဖျက်ဆီးချေမွလာကြသည်။
ယင်းတို့ကား မီးပွားသုသေသနပညာရှင်အသင်း၏ လက်ပါးစေများပင် ဖြစ်ပေသည်။
ရှင်းလင်းသော ရည်မှန်းချက်များရှိကြသည့် ထိုတပ်ကြောင်းကြီးသုံးခုသည် တားဆီးမရနိုင်သော အင်အားများဖြင့် အရပ်သုံးမျက်နှာမှ ဝံပုလွေအသိုက်ဆီသို့ ချဉ်းကပ်လာနေကြ၏။
သူတို့သည် လှုပ်ရှားမှုများကို ဖုံးကွယ်ထားရန်ပင် မကြိုးစားတော့ဘဲ အကြွင်းမဲ့ယုံကြည်ချက်၊ ဖျက်ဆီးပစ်လိုသော ဆန္ဒအပြည့်ဖြင့် ပေါ်ပေါ်ထင်ထင်ပင် ချီတက်လာကြသည်။
“ဘုရင်ကြီး၊ လုပ်ကြံသတ်ဖြတ်သူအဖွဲ့ကို ဦးဆောင်ပြီး ကျွန်တော့်ကို ထွက်ခွင့်ပြုပါ” တစ်ဖက်ဖက်ကို အရင်ဆုံး ချေမှုန်းပစ်ပါ့မယ်” ထျန်းပင်းက ဟိန်းဟောက်လိုက်၏။
အခန်း (၁၉၈) - ကောင်းကင်ယံထက်တွင် လောင်ကျွမ်းနေသော စစ်မီးလျှံများ၊ တပ်ဖွဲ့သုံးဖွဲ့၏ အစွမ်းကုန်တိုက်ခိုက်မှု (၂)
သူ၏ကိုယ်ပေါ်ရှိ မှောင်မိုက်သော ရွှေရောင်အဆင်းနှင့် ချော်ရည်စီးကြောင်းပုံစံများက ပြင်းထန်စွာ တဖျတ်ဖျတ်လက်နေပြီး နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်၏ တိုက်ပွဲဝင်လိုစိတ်က ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေသည်။
ယခုလေးတင် အဆင့်တက်ပြီးထားသူဖြစ်ရာ သူ၏စွမ်းအားများကို သက်သေပြရန် ကျေနပ်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခုကို တောင်းတနေခဲ့သည်။
“မိုက်မဲလွန်းတယ်” ရန့်မြဲ့၏အသံက ရေခဲတုံးများ အချင်းချင်း ရိုက်ခတ်သွားသကဲ့သို့ အေးစက်စက် ထွက်ပေါ်လာ၏။
“ရန်သူ့တပ်ဖွဲ့က ကျစ်လျစ်ပြီး သူတို့ရဲ့ စိတ်ဓာတ်ကလည်း တက်ကြွနေတယ်။ အလျင်စလို တိုက်ခိုက်တာက သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်”
“ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံ အားပျော့သွားအောင် အကာအကွယ်နဲ့ ခံတပ်တွေကို အားကိုးပြီး အားနည်းချက်တွေကို ရှာဖွေရမယ်”
ရန့်မြဲ့၏ ခန္ဓာကိုယ်ပတ်လည်တွင် ရေခဲကြေးခွံချပ်ဝတ်တန်ဆာမှ ခပ်ဖျော့ဖျော့အလင်းရောင်များက လှည့်ပတ်စီးဆင်းနေသည်။
ထိုအလင်းရောင်များမှာ အကောင်းဆုံးခံစစ်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သော သူ့နောက်ရှိ မဟာနှင်းအစောင့်အရှောက်နှင့် ရေပြာကြေးခွံအစောင့်အရှောက်တို့၏ ကာကွယ်ရေးအလင်းရောင်များနှင့် မသိမသာ ပဲ့တင်ထပ်နေသည်။
လင်းထျန်းလုံ၏ အကြည့်က အသင့်စောင့်ဆိုင်းနေသော ဝံပုလွေအုပ်စုကြီးအပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် ဘေးရှိ မိခင်သစ်ပင်ဆီသို့ တစ်ချက်ကြည့်လိုက်၏။ မိခင်သစ်ပင်သည်လည်း စွမ်းအားများကို စုစည်းနေသည့်အလား ပို၍တောက်ပလာနေသည်။
“ရန့်မြဲ့ ပြောတာမှန်တယ်" သူက ဆုံးဖြတ်ချက်ချလိုက်ပြီး တိုက်ခိုက်ရေးအဖွဲ့တိုင်းဆီသို့ ရှင်းလင်းသော စိတ်အာရုံအမိန့်ပေးချက်များကို ထုတ်ပြန်လိုက်၏။
“အားလုံးပဲ ကြိုတင်သတ်မှတ်ထားတဲ့ ကာကွယ်ရေးအစီအစဉ်အတိုင်း ကိုယ့်နေရာကိုယ်ယူကြ”
“ထျန်းပင်း မင်းရဲ့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့က အဓိကအင်အားစုအဖြစ် တာဝန်ယူရမယ်။ ငါ့အမိန့်ကိုစောင့်ပါ၊ အတွင်းပိုင်းလမ်းကြောင်းတွေကနေ အချိန်မရွေး တန်ပြန်တိုက်ခိုက်ဖို့ အသင့်ပြင်ထား”
“ရန့်မြဲ့၊ အစောင့်အရှောက်အဖွဲ့က အကာအကွယ်အချိတ်အဆက် နေရာတိုင်းနဲ့ ရှေ့တန်းခံတပ်တွေကို ခိုင်ခိုင်မာမာ ထိန်းထားရမယ်။ ငါ့အမိန့်မရှိဘဲ ခြေတစ်လှမ်းတောင် နောက်ဆုတ်ခွင့်မရှိဘူး”
“ယင်းဖုန်း… အမဲလိုက်သမားအဖွဲ့ကို အုပ်စုငယ်လေးတွေခွဲလိုက်။ ဝံပုလွေအသိုက်အပြင်ဘက်က ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်ကို အသုံးချပြီး ပြောက်ကျားစနစ်နဲ့ နှောင့်ယှက်တိုက်ခိုက်ရမယ်”
“ရန်သူ့အထောက်အကူပြုတပ်ဖွဲ့တွေနဲ့ စွမ်းအင်အချိတ်အဆက် နေရာတွေကို အဓိကထား တိုက်ခိုက်ပြီး သူတို့ရဲ့စစ်ချီတက်မှုကို နှေးကွေးအောင်လုပ်၊ ကစဉ့်ကလျားဖြစ်အောင် ဖန်တီး”
“ပိုင်လင်း၊ ဝံပုလွေမတွေနဲ့ သားပေါက်လေးတွေကို ဦးဆောင်ပြီး မိခင်သစ်ပင်ရဲ့ အမြစ်တွေအောက်က အဓိကခိုလှုံရာနေရာဆီကိုသွားကြ”
ညွှန်ကြားချက်များက မမြင်ရသော ကွန်ရက်တစ်ခုပမာ ပြန့်နှံ့သွားပြီး ဝံပုလွေအသိုက်တစ်ခုလုံးကို မြင့်မားသော စွမ်းဆောင်ရည်ဖြင့် လှုပ်ရှားစေလိုက်၏။
ဆူညံသံများ မရှိဘဲ ဝံပုလွေများ ရွေ့လျားသွားရာမှ ဖြစ်ပေါ်လာသော လေတိုးသံများနှင့် ကြေးခွံချပ်ဝတ်တန်ဆာများ၏ ခပ်သဲ့သဲ့ပွတ်တိုက်သံများသာ ထွက်ပေါ်နေသည်။ မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်းပမာ ဖိစီးမှုအပြည့်ပါသော တိတ်ဆိတ်မှုတစ်ခုက ပျံ့နှံ့သွား၏။
ထိုအချိန်မှာပင် သစ်ပင်အိမ်လေးထဲမှ ပုံရိပ်လေးနှစ်ခု ပြေးထွက်လာ၏။ ထိုပုံရိပ်များကား ရှောင်လန်နှင့် ရှောင်ယင်းတို့ပင် ဖြစ်သည်။
အပြင်ဘက်မှ ရုတ်တရက်ထွက်ပေါ်လာသော ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ်များကြောင့် သူတို့ နိုးလာခဲ့ခြင်းဖြစ်သည်။
သူတို့၏ မျက်နှာငယ်လေးများပေါ်တွင် အိပ်ရာနိုးကာစ အိပ်ချင်မူးတူးဖြစ်နေသည့် အရိပ်အယောင်များ အနည်းငယ် ကျန်ရှိနေသေးသော်လည်း ပို၍သိသာနေသည်က သူတို့၏အရွယ်နှင့် မလိုက်ဖက်အောင် တည်ကြည်လေးနက်နေခြင်းပင်။
“ဖေဖေ...” ရှောင်ယင်းက လင်းထျန်းလုံ၏ အမွေးများကို ဆုပ်ကိုင်ရင်း တိုးတိုးလေး ခေါ်လိုက်၏။
ရှောင်လန်ကလည်း ဘေးသို့ကပ်လာပြီး အဝေးမှ တဖြည်းဖြည်းနီးကပ်လာနေသော မီးရောင်များနှင့် ဖုန်မှုန့်များကို ကြည့်ကာ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားမိသည်။
လင်းထျန်းလုံက ခေါင်းငုံ့ကာ သူတို့ကို နှာခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် စိတ်အေးချမ်းနွေးထွေးစေသော အတွေးများကို ပေးပို့လိုက်၏။
“မကြောက်ပါနဲ့၊ နောက်ပိုင်း ဘာတွေပဲကြားရ ကြားရ၊ ဘာတွေပဲမြင်ရ မြင်ရ အဒေါ်ပိုင်လင်းနဲ့အတူ ဒီအောက်မှာပဲ နေခဲ့နော်”
“အပြင်ကို ထွက်မလာနဲ့” သူ၏အသံက စိတ်အာရုံဆက်သွယ်မှုမှတစ်ဆင့် ထွက်ပေါ်လာပြီး တည်ငြိမ်နေလေသည်။ “ဖေဖေ့ကို ယုံကြည်ပါ။ ဦးလေးတွေကို ယုံကြည်ပါ”
“သမီးတို့ မကြောက်ပါဘူး” ရှောင်လန်က သူမ၏ရင်ဘတ်လေးကို ကော့လိုက်၏။ အသံလေးက အနည်းငယ် တုန်ယင်နေဆဲဖြစ်သော်လည်း သူမ၏အကြည့်များကမူ အလွန်တရာ ခိုင်မာနေပေသည်။
ရှောင်ယင်းကလည်း ခေါင်းကို အားရပါးရ ငြိမ့်ပြလိုက်၏။ “သမီးတို့ လိမ္မာပါ့မယ်။ ဖေဖေနဲ့ ဦးလေးတို့လည်း သတိထားကြနော်”
“ဝံပုလွေဖေဖေနဲ့ ဦးလေးတို့က အားလုံး ပြင်ဆင်ထားပြီးသားပါ၊ ဒီတိုက်ပွဲမှာ ငါတို့ နိုင်ကိုနိုင်ရမယ်” ရှောင်လန်က ရှောင်ယင်းကို ကြည့်ရင်း ပြောလိုက်သည်။
“အင်း။ ဖေဖေရှိနေသရွေ့၊ အားလုံးရှိနေသရွေ့ ငါတို့အိမ်လေကို သေချာပေါက် ကာကွယ်နိုင်မှာ” ရှောင်ယင်းကလည်း အကြည့်ချင်း ဖလှယ်လိုက်၏။
သူ့သမီးနှစ်ယောက်အား ပိုင်လင်းမှ တိုတမ်မိခင်သစ်ပင်၏ အမြစ်များအောက်ရှိ အလုံခြုံဆုံးသော ခိုလှုံရာဆီသို့ ဂရုတစိုက် ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း……
လင်းထျန်းလုံ၏ မျက်ဝန်းထဲမှ နောက်ဆုံးကျန်ရစ်နေသော နူးညံ့မှုများ အငွေ့ပျံပျောက်ကွယ်သွားပြီး ရေခဲပမာ အေးစက်သော တည်ငြိမ်မှုနှင့် သတ်ဖြတ်လိုစိတ်များကသာ အစားထိုးနေရာယူလာတော့သည်။
သူက အဝေးဆီသို့ အကြည့်ကို ပြန်ရွှေ့လိုက်၏။ လူသားစစ်တပ်သည် ဆယ်မိုင်အကွာအဝေးအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ ထူးချွန်အဆင့်အထက် သက်ရှိများအတွက် ဤအကွာအဝေးမှာ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိနိုင်သည်ဟု ဆိုလိုခြင်းပင်။
ပထမဆုံး စတင်တိုက်ခိုက်လာသည်က အနောက်တောင်အရပ်မှ မီးပွားသုသေသနပညာရှင်အသင်းပင် ဖြစ်သည်။
ထိုစစ်ပွဲဝင်စက်ယန္တရားများထံမှ မျက်စိကျိန်းမတတ် တောက်ပနေသော စွမ်းအင်ရောင်ခြည်တန်းများက ရုတ်တရက် ရွာသွန်းလာသော မိုးပေါက်များပမာ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုကို ဆုတ်ဖြဲကာ ဝံပုလွေအသိုက်၏ အပြင်ဘက် ကြယ်တာရာအကာအကွယ်ဆီသို့ ပြင်းထန်စွာ ကျရောက်လာလေတော့သည်။
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများက ကောင်းကင်နှင့်မြေကြီးကြားရှိ တစ်ခုတည်းသော ပင်မသံစဉ်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အကာအကွယ် မျက်နှာပြင်ပေါ်တွင် ဧရာမကျောက်တုံးကြီးတစ်ခု ပစ်ချလိုက်သော ရေကန်တစ်ခုပမာ ကြမ်းတမ်းသော လှိုင်းဂယက်များထလာ၏။
တစ်ချိန်တည်းမှာပင် မျက်စိဖြင့်မမြင်နိုင်သော အနှောင့်အယှက်ပေးနိုင်သည့် စွမ်းအင်စက်ကွင်းတစ်ခုက ပျံ့နှံ့ထွက်ပေါ်လာပြီး အကာအကွယ်ကို ထိုးဖောက်ကာ အတွင်းပိုင်းရှိ စွမ်းအင်လှည့်ပတ်မှုနှင့် အဆက်အသွယ်များကို ဖြတ်တောက်နှောက်ယှက်ရန် ကြိုးပမ်းလာသည်။
ထိုနောက်တွင်တော့ အနောက်မြောက်အရပ်မှ လောင်ကျွမ်းမီးလျှံဂိုဏ်းကပါ ဝင်ရောက်လှုပ်ရှားလာတော့သည်။
ရာနှင့်ချီသော မီးလုံးများ၊ မီးလျှံလှံတံများနှင့် ပေါက်ကွဲစေတတ်သော မှော်အက္ခရာများက ဥက္ကာပျံမိုးများရွာကျသည့်အလား ကောင်းကင်ယံကို ဖုံးလွှမ်းသွား၏။
ဟော်ကျန်း၏ ပုံရိပ်က မီးတောက်များကြားတွင် တဖျတ်ဖျတ် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
သူသည် အပြည့်အဝ ပြန်မသက်သာသေးသည့်ပုံ ပေါ်သော်လည်း သူထိန်းချုပ်ထားသော မီးလျှံများ၏ စွမ်းအားက ယခင်ကထက်ပင် ပိုမိုအားကောင်းနေပြီး လျှို့ဝှက်စွမ်းရည် သို့မဟုတ် အစီအရင်စွမ်းအားအချို့ကို အသုံးပြုထားကြောင်း သိသာထင်ရှားလှသည်။
လောင်ကျွမ်းလုမတတ် ပူပြင်းလှသော အပူရှိန်ကြောင့် အကာအကွယ်အပြင်ဘက်ရှိ လေထုက ကောက်ကွေးရှုံ့တွသွားပြီး မီးပွားသုသေသနပညာရှင်အသင်း၏ စွမ်းအင်တိုက်ခိုက်မှုများနှင့် ရောယှက်ကာ အကာအကွယ်အပေါ်သို့ ပေါင်းစပ်ရိုက်ခတ်မှုတစ်ရပ်ကို ဖြစ်ပေါ်လာစေတော့သည်။
နောက်ဆုံးမှ တိုးဝင်လာသည်က အနောက်တည့်တည့်မှ သံမဏိဒိုင်းကာ ကင်းစခန်းပင်။
သူတို့သည် အဝေးမှ တိုက်ခိုက်ခြင်းမပြုဘဲ ဧရာမစွမ်းအင်ဒိုင်းကာကြီးများကို အကာအကွယ်ယူကာ ရွေ့လျားနေသော တောင်ကုန်းကြီးများအလား ညီညာလေးလံလှသော ခြေသံများနှင့်အတူ ရှေ့သို့ ချီတက်လာကြပြီး အကာအကွယ်ဆီသို့ အကြောက်အလန့်ကင်းစွာ အပြင်းအထန် ဝင်တိုက်ကြတော့သည်။
သူတို့၏ ရည်မှန်းချက်က ရှင်းလင်းလှ၏။
အကာအကွယ်နှင့် အနီးကပ်ဆုံးအကွာအဝေးသို့ ချဉ်းကပ်ကာ သန့်စင်ဆုံး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုအသုံးပြု၍ ဆက်တိုက်ဝင်တိုက်ရန်ပင်။
ထို့ပြင် အခြားအရပ်နှစ်ခုမှ စွမ်းအင်ပေါက်ကွဲတိုက်ခိုက်မှုများနှင့် ပေါင်းစပ်ကာ ဤအခွံမာကြီးကို ကြိတ်ချေဖျက်ဆီးပစ်ရန်ပင် ဖြစ်သည်။
ရေခဲ၊ နှင်းနှင့် ကြယ်ရောင်စင်များဖြင့် တည်ဆောက်ထားသော ဤအထွတ်အမြတ်ထားရာ ဝံပုလွေအသိုက်သည် ယခုအချိန်တွင် စစ်မီးလျှံများနှင့် သံမဏိဒီရေလှိုင်းကြီးများ၏ အပြည့်အဝ ဝန်းရံခြင်းကို ခံနေရပြီဖြစ်သည်။
ပေါက်ကွဲမှုများ၊ မီးပွားများ၊ စွမ်းအင်များ တိုက်မိကြရာမှ ထွက်ပေါ်လာသော အလင်းတန်းများ၊ စက်ယန္တရားများထံမှ ကျယ်လောင်သောအသံများ၊ လူသားများ၏ ကြွေးကြော်သံများနှင့် ဝံပုလွေအုပ်စုကြီး၏ ခပ်သြသြ ဟိန်းဟောက်သံများ ရောယှက်ကာ စစ်မြေပြင်တွင် ပျက်စီးခြင်းသံစဉ်တစ်ခုအဖြစ် ပုံဖော်နေတော့သည်။
လင်းထျန်းလုံသည် တိုတမ်မိခင်သစ်ပင်အောက်၌ မတ်တတ်ရပ်လျက် သူ၏ငွေပြာဘုရင်မျက်ဝန်းနှင့် တိုက်ခိုက်မှုသုံးခု၏ ပြင်းထန်မှု၊ ကြိမ်နှုန်းနှင့် အားနည်းချက်များကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနေ၏။
ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် အကာအကွယ်က ပြင်းထန်စွာ တဖျတ်ဖျတ်တုန်ခါနေသော်လည်း ဝိညာဉ်သစ်ပင်အစောင့်အရှောက် စွမ်းရည်နှင့် ပေါင်းစပ်ထားသောကြောင့် ၎င်း၏ခိုင်ခံ့မှုမှာ ယခင်ကထက် များစွာသာလွန်နေပြီး အတွင်းပိုင်းကို ခိုင်မာစွာ ကာကွယ်ပေးထားနိုင်ပေသည်။
“ယင်းဖုန်း၊ အနောက်တောင်အရပ်က စက်ယန္တရားတပ်ဖွဲ့ နံပါတ်သုံးနဲ့ ခုနစ်ကို ပစ်မှတ်ထား၊ သူတို့ရဲ့ စွမ်းအင်လှုပ်ခတ်မှုတွေက မကြာခဏ အနှောင့်အယှက်ဖြစ်နေတယ်၊ ဖျက်ဆီးပစ်ဖို့ ဦးစားပေး”
“ရန့်မြဲ့၊ အနောက်ဘက်က တတိယမြောက် အချိတ်အဆက်နေရာကို အင်အားဖြည့်ပေး၊ အဲဒီမှာ ဖိအားအများဆုံးပဲ”
“ထျန်းပင်း…. အသင့်ပြင်ထား၊ ရန်သူရဲ့ ပထမလှိုင်း အင်အားစမ်းသပ်မှုက ပြီးတော့မယ်၊ နောက်တစ်ခုက... တကယ့် သေစေလောက်တဲ့ တိုက်ကွက်ဖြစ်နိုင်တယ်”
အမြောက်ဆန်များ ပေါက်ကွဲနေသည့်တိုင် သူ၏အမိန့်များက တိုက်ခိုက်ရေးအဖွဲ့တိုင်းထံသို့ တိကျစွာ ရောက်ရှိသွား၏။
အိပ်မောကျနေသော သားရဲကြီးနှင့်တူသည့် ဝံပုလွေအသိုက်သည် အရူးအမူးတိုက်ခိုက်ခံနေရစဉ်မှာပင် သူ၏ထက်ရှလှသော အစွယ်များကို ထုတ်ဖော်ကာ ကျူးကျော်သူများကို အသေအကြေတန်ပြန်တိုက်ခိုက်ခွင့်ရမည့် အချိန်ကို စောင့်ဆိုင်းနေတော့သည်။
နားကွဲမတတ် ပေါက်ကွဲသံများနှင့် အကာအကွယ်မှ တုန်ခါမြည်ဟည်းသံများက အဆက်မပြတ် ထွက်ပေါ်နေ၏။
ကြယ်တာရာအကာအကွယ်နှင့် ဝိညာဉ်သစ်ပင်အစောင့်အရှောက်တို့ ပေါင်းစပ်ဖွဲ့စည်းထားသော နှစ်ထပ်အကာအကွယ်သည် အင်အားစုသုံးခု၏ အညှာအတာမဲ့ ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် မုန်တိုင်းထံမှ ကြံ့ကြံ့ခံနေသော ကျောက်ဆောင်ကြီးများနှင့် တူနေပေတော့သည်။
ပြိုကျတော့မည်ဟု ထင်ရသော်လည်း မယိမ်းမယိုင် ရပ်တည်နေဆဲပင်။