အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း (၁၉၉) - ကောင်းကင်ယံထက်တွင် လောင်ကျွမ်းနေသော စစ်မီးလျှံများ၊ တပ်ဖွဲ့သုံးဖွဲ့၏ အစွမ်းကုန်တိုက်ခိုက်မှု (၂)
တိုက်ခိုက်မှု အနည်းငယ်ငြိမ်သက်သွားချိန်တွင် အသံချဲ့စက် သို့မဟုတ် စွမ်းအင်ကူးပြောင်းမှု နည်းပညာတစ်ခုခုကို အသုံးပြုထားသော မောက်မာပြီး သြဇာလွှမ်းမိုးလိုသည့် အသံတစ်ခုက အကာအကွယ်၏ တားဆီးမှုကို ထိုးဖောက်ကာ ဝံပုလွေအသိုက်တစ်ခုလုံးကို ရှင်းလင်းစွာ ပဲ့တင်ထပ်သွား၏။
“အထဲက သားရဲတွေ နားထောင်စမ်း၊ ငါက လောင်ကျွမ်းမီးလျှံဂိုဏ်းက ဟော်ကျန်းပဲ” အသံပိုင်ရှင်ထံမှ ဖုံးကွယ်မထားသော မုန်းတီးမှုများနှင့် မောက်မာမှုများကို ခံစားရနိုင်သည်။
“ပြီးခဲ့တဲ့အကြိမ်က ငါတို့ရဲ့ပေါ့ဆမှုကြောင့် မင်းတို့သားရဲတွေ အခွင့်အရေးနည်းနည်း ရသွားရုံလေးပါ၊ ဒီလိပ်ခွံကြီးက မင်းတို့ကို ထာဝရ ကာကွယ်ပေးနိုင်မယ်လို့ တကယ်ထင်နေတာလား”
“အခြေအနေကို နားလည်ရင် ကိုယ့်ဘာသာ ထွက်လာပြီး အဲဒီတောက်ပနေတဲ့သစ်ပင်နဲ့ ဝံပုလွေပေါက်တွေကို လက်နှစ်ဖက်နဲ့ ဆက်သလိုက်။ ဒါဆိုရင် မင်းတို့ကို မြန်မြန်သေခွင့်ပေးဖို့ ငါစဉ်းစားပေးမယ်”
“ဒါမှမဟုတ် ဒီလိပ်ခွံကြီးကို ငါချိုးဖျက်နိုင်တဲ့အချိန်ကျရင် ဝံပုလွေအသိုက်ထဲမှာ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးတောင်မှ အရှင်မထားဘူးလို့ ငါကျိန်ဆိုတယ်၊ မင်းတို့ကို အရေခွံဆုတ်၊ အရိုးဆွဲထုတ်ပြီး ကျဆုံးသွားတဲ့ ငါ့ညီအစ်ကိုတွေရဲ့ ဝိညာဉ်တွေကို ပူဇော်ပစ်မယ်”
ဤစော်ကားမှုနှင့် ခြိမ်းခြောက်မှု စကားများကြောင့် အကာအကွယ်အတွင်းရှိ ဝံပုလွေအုပ်စုကြီးထံမှ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့၏။
ထျန်းပင်းဆိုလျှင် သွားများပေါ်လာသည်အထိ ဒေါသထွက်နေပြီး သူ၏ချော်ရည်စီးကြောင်းပုံစံများက မပီမပြင် တဖျတ်ဖျတ်လက်နေကာ ချက်ချင်းပင် အပြင်ထွက်၍ အဓိပ္ပာယ်မရှိသော စကားများပြောနေသည့် လူသားကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်နေတော့သည်။
လင်းထျန်းလုံ၏ မျက်ဝန်းများကမူ ရေခဲပမာ အေးစက်နေဆဲပင်။
သူသည် ဒေါသထွက်ခြင်းမရှိဘဲ ငွေပြာဘုရင်မျက်ဝန်းကို အသုံးပြုကာ ဟော်ကျန်း၏ တည်နေရာကို သေချာချိန်စလိုက်ပြီး အကောင်းဆုံး တိုက်ကွက်လမ်းကြောင်းနှင့် အချိန်ကို တွက်ချက်နေ၏။
ဟော်ကျန်း စကားပြောအပြီးတွင် တည်ငြိမ်ပြီးလေးနက်ကာ၊ ဖုံးကွယ်မရနိုင်အောင် အာဏာပြလိုသည့် နောက်ထပ်အသံတစ်ခုက အနောက်တည့်တည့်ရှိ သံမဏိဒိုင်းကာ ကင်းစခန်း တပ်ဖွဲ့ထံမှ ချက်ချင်း ထွက်ပေါ်လာ၏။
“နှင်းဝံပုလွေဘုရင်” ဤအသံက ပို၍တည်ငြိမ်သယောင်ရှိသော်လည်း ပိုမောက်မာနေပြီး သေချာပေါက်ဖြစ်လာတော့မည့် အမှန်တရားတစ်ခုကို ပြောနေသည့်အလားပင်။
“ငါက သံမဏိဒိုင်းကာ ကင်းစခန်းက လိန့်ဟောင်ပဲ၊ မင်းရဲ့ ခွန်အားနဲ့ ဉာဏ်ပညာက သာမန်မိစ္ဆာသားရဲတွေထက် သာလွန်နေတာက ငါ့ကို တကယ်အံ့သြစေတယ်၊ ဒါပေမဲ့ ဒီလောက်ပဲ၊ အကြွင်းမဲ့ စွမ်းအားနဲ့ ခွန်အားအရှေ့မှာ တစ်ဦးချင်းစီရဲ့ ရဲရင့်မှုက အဓိပ္ပာယ်မရှိဘူး"
“အချည်းနှီး ခုခံနေတာတွေကို ရပ်တန့်လိုက်ပြီး မင်းရဲ့ မျိုးနွယ်စုတွေကို ဦးဆောင်ကာ လက်နက်ချလိုက်တော့၊ ငါမင်းရဲ့ အဓိကမျိုးနွယ်စုဝင်တွေရဲ့ အသက်ကို ချမ်းသာပေးမယ်၊
“ပြီးတော့ မင်းအတွက်လည်း ငါ့လက်အောက်မှာ ရှေ့တန်းက နေရာတစ်ခု ပေးမယ်လို့ မယိမ်းယိုင်သော ကျောက်ဆောင်ဘုရင်ရဲ့ နာမည်ကို တိုင်တည်ပြီး ငါကျိန်ဆိုတယ်”
“အဲဒီလိုမှ မဟုတ်ရင်တော့ ငါ့စစ်တပ်က အစီအရင်ကို ချိုးဖျက်ဝင်ရောက်လာတဲ့အချိန်ဟာ မင်းတို့အားလုံး မျိုးတုံးပျောက်ကွယ်ရမယ့်အချိန်ပဲ”
ဤစကားလုံးများတွင် အထက်စီးမှနေ၍ သိမ်းသွင်းလိုခြင်းများ ပါဝင်နေပြီး ဝံပုလွေအုပ်စုကို လက်နက်ချခွင့်ပြုခြင်းကပင် ကြီးမားသော ကျေးဇူးတရားတစ်ခုအဖြစ် သဘောထားနေပုံရသည်။
ဤအပြုအမူက ဂုဏ်ယူဝင့်ကြွားတတ်သော ဝံပုလွေအုပ်စုကြီးအတွက် ဟော်ကျန်း၏ ရိုင်းစိုင်းသော စော်ကားမှုများထက်ပင် ပို၍စော်ကားရာကျနေပေသည်။
နောက်ဆုံးတွင် အနောက်တောင်အရပ်ရှိ မီးပွားသုသေသနပညာရှင်အသင်း၏ တပ်ဖွဲ့အတွင်းမှ ဆင်ခြင်တုံတရားနှင့် ခွဲခြမ်းစိတ်ဖြာလိုစိတ်များ အပြည့်ပါဝင်နေသည့် စက်ရုပ်ဆန်ဆန်အသံတစ်ခု ထွက်ပေါ်လာ၏။
ယင်းကား ယန်ချင်းယွမ်ပင် ဖြစ်သည်။
“နှင်းဝံပုလွေဘုရင်၊ ဒါမှမဟုတ်... အထူးစွမ်းအင်သက်ရှိတွေ စုစည်းနေတဲ့ နေထိုင်မှုအဆင့်မြင့် မိစ္ဆာသားရဲမျိုးနွယ်စုရဲ့ ခေါင်းဆောင်လို့ပဲ ခေါ်ရမလား”
ယန်ချင်းယွမ်၏ အသံတွင် ခံစားချက်များသိပ်မပါ၀င်ပဲ သိပ္ပံပညာရပ်ဆိုင်ရာ အစီရင်ခံစာတစ်ခုနှင့် ပိုတူနေ၏။
“ မင်းရဲ့ဖြစ်တည်မှု၊ ဒီမိခင်သစ်ပင်နဲ့ ဒီအကာအကွယ်နည်းပညာတွေ အားလုံးက အလွန်တန်ဖိုးမြင့်မားတဲ့ သုတေသနတွေပဲ၊ ခုခံနေတာက အကျိုးမရှိသလို အကျိုးသင့်အကြောင်းသင့်လည်း မဟုတ်ဘူး”
“ငါတို့နဲ့ ပူးပေါင်းပါ၊ သုတေသနလုပ်ဖို့ မင်းတို့ရဲ့ အသိုက်ကို ဖွင့်ပေးပါ၊ ဒါဟာ သက်ရှိတွေ ဆင့်ကဲပြောင်းလဲမှုနဲ့ စွမ်းအင်အသုံးချမှု တိုးတက်ရေးအတွက် ကြီးမားတဲ့ ပံ့ပိုးမှုတစ်ခု ဖြစ်လာလိမ့်မယ်"
“မင်းတို့ စိတ်ကူးထားတာထက် အများကြီးပိုကောင်းတဲ့ အခြေအနေတွေကို ငါတို့ပေးနိုင်ပါတယ်၊ အဓိပ္ပာယ်မရှိတဲ့ သိက္ခာအတွက် ဘာလို့ အသေအပျောက်တွေ ထပ်တိုးနေဦးမှာလဲ၊ ဒီအဖိုးတန်နမူနာတွေကို စစ်မီးလျှံတွေကြားထဲမှာ ဘာလို့ ဖျက်ဆီးခံလိုက်မှာလဲ”
အကြမ်းဖက် ခြိမ်းခြောက်သည့်အသံ၊ အာဏာပြသိမ်းသွင်းသည့်အသံနှင့် အကျိုးသင့်အကြောင်းသင့်ပြ၍ လက်နက်ချရန် ဖျောင်းဖျသည့်အသံ...
ဤအသံသုံးခုသည် ဝံပုလွေအုပ်၏ တိုက်ပွဲဝင်လိုစိတ်ကို စိတ်ဓာတ်ရေးရာအရ ချိုးနှိမ်ရန် ရည်ရွယ်ချက်ဖြင့် အရပ်သုံးမျက်နှာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း သူတို့ရရှိလိုက်သော တုံ့ပြန်မှုမှာ ကောင်းကင်ယံကို ထိုးခွဲသွားသည့် လင်းထျန်းလုံ၏ အေးစက်လှသော ဝံပုလွေဟိန်းဟောက်သံပင် ဖြစ်ပေသည်။
“အာဝူး...”
ဤဟိန်းဟောက်သံက ငွေပြာဝံပုလွေ တိုက်ပွဲဟိန်းဟောက်သံ မဟုတ်သော်လည်း လင်းထျန်းလုံ၏ ဘုရင်အဆင့်အာဏာစက်နှင့် အဆုံးအစမဲ့ လှောင်ပြောင်မှုများ ပါဝင်နေပြီး ဝံပုလွေအုပ်စု၏ သဘောထားကို ရှင်းလင်းစွာ ဖော်ပြနေပေသည်။
အကြွင်းမဲ့ အထင်သေးခြင်းပင်။
“အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ များသွားပြီ” လင်းထျန်းလုံ၏ ဆန္ဒက ဝံပုလွေအဖွဲ့ဝင်အားလုံး၏ စိတ်အာရုံထဲသို့ အေးစက်စွာ စီးဆင်းသွား၏။ “အားလုံး အသင့်ပြင်ထားကြ။ သူတို့ အစွမ်းကုန်ထုတ်သုံးတော့မယ်”
ထင်သည့်အတိုင်းပင် စကားလုံးများဖြင့် ထိုးစစ်ဆင်ခြင်းက အလုပ်မဖြစ်သည်ကို မြင်သောအခါ ခေါင်းဆောင်သုံးဦးသည်လည်း စိတ်ရှည်သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားကြတော့သည်။
“ခေါင်းမာ၊ မိုက်မဲလွန်းတဲ့သူတွေ၊ အစီအရင်ဖွဲ့ကြ”
ဟော်ကျန်းက ဟိန်းဟောက်လိုက်၏။ လောင်ကျွမ်းမီးလျှံဂိုဏ်း၏ အစီအရင်နောက်ကွယ်တွင် မီးစွမ်းအင်သုံး မှော်ဆရာ ဒါဇင်ပေါင်းများစွာက တစ်ပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြသည်။
“ရူးသွပ်နေသောနေမင်း၏ မြို့ကိုလောင်ကျွမ်းခြင်း”
ကြီးမားကျယ်ပြန့်လှသော မီးစွမ်းအင်များ အရူးအမူး စုစည်းလာပြီး လေထုထဲတွင် အချင်းဆယ်မီတာကျော်ရှိသော တောက်ပလွန်းသည့် ဧရာမ မီးလုံးအဖြူကြီးတစ်ခုအဖြစ် ပုံပေါ်လာ၏။
ယင်းက အကာအကွယ်ဆီသို့ ဖြည်းညင်းစွာ ဖိချလာနေသည်မှာ ဖျက်ဆီးနိုင်စွမ်းအားကောင်းသော အငွေ့အသက်များ ဖြာထွက်နေသည့် နေမင်းငယ်လေးတစ်စင်းနှင့်ပင် တူနေတော့သည်။
“ငါတို့ရဲ့ အဓိကတံတိုင်းအစီအရင်ကိုဖွင့်၊ ရှေ့ကိုချီတက်၊” လိန့်ဟောင်ကလည်း အစွမ်းကုန်တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။
“တောင်ပြိုခြင်း”
သံမဏိဒိုင်းကာ ကင်းစခန်းမှ စစ်သည်များ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး မြေဝါရောင်စွမ်းအင်များက တစ်သားတည်း ချိတ်ဆက်သွားကြသည်။
သူတို့သည် ဧရာမဒိုင်းကာကြီးများကို ကိုင်ဆောင်ထားပြီး အစောကကဲ့သို့ ဖြည်းညင်းစွာ ရွေ့လျားခြင်းမျိုးမလုပ်ကြတော့ပေ။
ယင်းအစား ကြမ်းတမ်းစွာ တိုးဝင်တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။ ခြေလှမ်းတိုင်းက မြေကြီးနှင့် တောင်တန်းများကို တုန်လှုပ်သွားစေပြီး စုစည်းထားသော စွမ်းအားများက တောင်ထွတ်များကိုပင် အမှန်တကယ် ပြိုကျပျက်စီးစေနိုင်စွမ်းရှိပုံရသည်။
“တပ်ဖွဲ့အားလုံး၊ ဝမ်ကျင်လည်ပတ်မှုစနစ်ကို ဖွင့်ပြီး စွမ်းအင်အပြည့်နဲ့ တိုက်ခိုက်ကြ၊ အကာအကွယ်ရဲ့ ဖွဲ့စည်းပုံအားနည်းချက်တွေကို ထိုးဖောက်ဖို့ အနှောင့်အယှက်ပေးနိုင်တဲ့ ဒရုန်းအုပ်တွေကို စေလွှတ်လိုက်” ယန်ချင်းယွမ်က တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
မီးပွားသုသေသနပညာရှင်အသင်း၏ စက်ယန္တရားတပ်ဖွဲ့က သူတို့၏ အဝေးပစ်လက်နက်များမှ စွမ်းအင်များ အပြည့်အဏ ထုတ်လွှတ်လိုက်ရာ ရေတွက်၍မရသော စွမ်းအင်ရောင်ခြည်တန်းများက သတ္တုမုန်တိုင်းတစ်ခုအလား တိုး၀င်လာတော့သည်။
တစ်ချိန်တည်းမှာပင် ရာနှင့်ချီသော ဒရုန်းငယ်လေးများက ပျားအုံတစ်ခုပမာ ပျံတက်လာကြပြီး အကာအကွယ်၏ စွမ်းအင်အချိတ်အချက်နေရာများကို ရှာဖွေဖျက်ဆီးရန် ကြိုးပမ်းလာကြသည်။
အရင်က တစ်ခါမှမကြုံဖူးသေးသော ဤတပ်ပေါင်းသုံးခု၏ အမြင့်ဆုံးတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လင်းထျန်းလုံ၏ငွေပြာဘုရင်မျက်ဝန်းသည် မျက်၀န်းစွမ်းရည်၏ အဆုံးစွန်သော ကန့်သတ်ချက်အထိ လည်ပတ်နေတော့သည်။
“အခုပဲ” သူက ရုတ်တရက် ရှည်လျားစွာ အော်ဟစ်လိုက်၏။ “ယင်းဖုန်း၊ အဲဒီဒရုန်းတွေကို ရှင်းထုတ်ပစ်လိုက်၊ ရန့်မြဲ့၊ ရှေ့ကဝင်တိုက်တာကို တောင့်ခံထား၊ ထျန်းပင်း…....”
ဝုန်း...။
အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသော ထျန်းပင်းသည် နှစ်ပေါင်းတစ်သောင်းတိုင်တိုင် ဖိနှိပ်ခံထားရသည့် မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာတော့သည်။ သူသည် အထက်မြက်ဆုံး လုပ်ကြံသတ်ဖြတ်သူအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွား၏။
သူတို့သည် မျက်နှာချင်းဆိုင် တိုက်ခိုက်မည့်အစား လင်းထျန်းလုံ တွက်ချက်ထားသော လျှို့ဝှက်လမ်းကြောင်းအတိုင်း တစ္ဆေများပမာ ရွေ့လျားသွားကြပြီး လောင်ကျွမ်းမီးလျှံဂိုဏ်း၏ ရူးသွပ်နေသောနေမင်း၏ မြို့ကိုလောင်ကျွမ်းခြင်း အစီအရင်ဘေးဘက်တွင် ရုတ်တရက် ထွက်ပေါ်လာကြလေသည်။
“ပြင်းထန်ရေခဲဝါးမြိုခြင်း၊ ကွဲအက်သွားစမ်း”
ထျန်းပင်းက ဟိန်းဟောက်လိုက်၏။ သူသည် တားဆီးမရနိုင်သော အရှိန်အဟုန်ကို သယ်ဆောင်လာပြီး ပြင်းထန်လှသည့် ရေခဲနှင့် မီးစွမ်းအင်များ ရောယှက်ဖုံးလွှမ်းနေသည်။
တန်ပြန်တိုက်ခိုက်လာသော ဥက္ကာပျံတစ်ခုအလား သူသည် ပုံပေါ်လုနီးပါးဖြစ်နေသော နေမင်းငယ်လေးဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်လေတော့သည်။
ဘုန်း...။
မြေပြင်ကိုပင် တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီးက ကောင်းကင်ယံကို ဆုတ်ဖြဲပစ်တော့မည့်အလား ထွက်ပေါ်လာ၏။
တောက်ပလွန်းသော အဖြူရောင်မီးတောက်များနှင့် ရေခဲသဖွယ်အေးစက်နေသော ရေပြာရောင်လှိုင်းများက အချင်းချင်း အရူးအမူး ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်ကြသည်။
၎င်းမှဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများက အနီးဆုံးရှိ လောင်ကျွမ်းမီးလျှံဂိုဏ်းမှ အဖွဲ့ဝင်များကို ချက်ချင်းပင် လွင့်စင်သွားစေတော့သည်။
တစ်ချိန်တည်းမှာပင် ရန့်မြဲ့ဦးဆောင်သော အစောင့်အရှောက်များက မြေကြီးတုန်ဟီးမတတ် ဟိန်းဟောက်လိုက်ကြသည်။
နှင်းခဲအကာအကွယ်နှင့် လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်တို့၏ အလင်းရောင်များက ခိုင်မာသော ရေခဲပြာရောင်တံတိုင်းကြီးတစ်ခုအဖြစ် ချိတ်ဆက်သွားပြီး သံမဏိဒိုင်းကာ ကင်းစခန်း၏ တောင်ပြိုခြင်း အစီအရင်ဖွဲ့စည်းပုံဖြင့် ဝင်တိုက်မှုကို အားကုန်သုံးကာ တောင့်ခံထားလိုက်ရာ ရေခဲစများနှင့် မြေကြီးအစအနများ နေရာအနှံ့ လွင့်စဉ်သွားတော့သည်။
ယင်းဖုန်းနှင့် သူ၏အမဲလိုက်သမားများကမူ သေမင်း၏အရိပ်များပမာ လှုပ်ရှားသွားကြပြီး စစ်မြေပြင်၏ အစွန်းတစ်လျှောက် ဖြတ်သန်းကာ အကာအကွယ်ဆီသို့ ချဉ်းကပ်ရန် ကြိုးပမ်းကာ အနှောင့်အယှက်ပေးနေသော ဒရုန်းများကို တိကျစွာ ပစ်မှတ်ထားလိုက်ကြသည်။
ဒရုန်းများမှာ ချက်ချင်းပင် လောင်ကျွမ်းနေသော သတ္တုအပိုင်းအစများအဖြစ် ပြောင်းလဲသွားလေတော့သည်။
အပြင်းထန်ဆုံးသော ပထမအချီတိုက်ပွဲတွင် ဝံပုလွေအသိုက်က တောင့်ခံနိုင်ခဲ့ချေပြီ။
သို့သော်လည်း ဤသည်မှာ အစသာရှိသေးကြောင်း လင်းထျန်းလုံသိသည်။
သူတို့၏ အစီအရင်များနောက်တွင် ရပ်နေကြသော ဟော်ကျန်း၊ လိန့်ဟောင်နှင့် ယန်ချင်းယွမ်တို့၏ စွမ်းအင်အရိပ်အယောင်များသည် အားနည်းသွားခြင်းမရှိသည့်အပြင် ပို၍ပင် မြင့်တက်လာကာ အန္တရာယ်များလာတော့သည်။
စစ်မှန်သော ဘုရင်အဆင့်တိုက်ပွဲကြီး စတင်တော့မည်ဖြစ်သည်။
ဝံပုလွေအသိုက်၏ အသက်ရှင်သန်ရေးက နောက်ထပ်စက္ကန့်တိုင်းအပေါ်တွင်သာ မူတည်နေလေတော့သည်။
အခန်း (၂၀၀) - ဘုရင်အဆင့်များ၏ အားပြိုင်မှု၊ လုပ်ကြံသတ်ဖြတ်သူနှင့် မီးလျှံဘုရင်တို့၏တိုက်ပွဲ (၁)
နားကွဲမတတ် ဆူညံလှသော ပေါက်ကွဲသံကြီးများ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင် စစ်မြေပြင်တစ်ခွင်၌ ပြင်းထန်သော စွမ်းအင်လှိုင်းရိုက်ခတ်မှုများကြောင့် ထွက်ပေါ်လာသည့် မြေကြီးရနံ့နှင့် ရေခဲနံ့တို့ ထူးဆန်းစွာ ရောယှက်ပျံ့နှံ့နေသည်။
အပြင်းထန်ဆုံးသော ပထမအကြိမ်ထိုးစစ်ကြီးကို ဝံပုလွေအသိုက်က ခိုင်မာကြံ့ခိုင်စွာဖြင့် တောင့်ခံထားနိုင်ခဲ့ချေပြီ။
ကြယ်တာရာအကာအကွယ်နှင့် ဝိညာဉ်သစ်ပင်အစောင့်အရှောက်တို့ ဖန်တီးထားသော အလင်းတံတိုင်းမှာ အနည်းငယ် မှေးမှိန်သွားသော်လည်း အတွင်းပိုင်းကို မယိမ်းမယိုင် ဆက်လက်ကာကွယ်ပေးထားဆဲပင်။
သို့သော်လည်း အင်အားစမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အားလုံးက ကောင်းစွာနားလည်ထားကြ၏။ စစ်မှန်သော မုန်တိုင်းကြီးက ယခုမှ စတင်အုံ့ဆိုင်းလာခြင်းသာ ဖြစ်သည်။
“အသုံးမကျတဲ့ အမှိုက်ကောင်တွေ၊ လိပ်ခွံတစ်ခုကိုတောင် မချိုးဖျက်နိုင်ကြဘူးလား” လောင်ကျွမ်းမီးလျှံဂိုဏ်း၏ တပ်စခန်းအတွင်းမှ ဟော်ကျန်း၏ ဒေါသတကြီး ဟိန်းဟောက်သံက ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့၏။
မီးတောက်များက သူ၏ မီးလျှံကိုယ်ထည်ပတ်လည်တွင် တဟုန်းဟုန်းတောက်လောင်နေပြီး ဒဏ်ရာများကို လျှို့ဝှက်နည်းလမ်းတစ်ခုခုဖြင့် ထိန်းချုပ်ထားပုံရကာ အငွေ့အသက်က ယခင်ကထက်ပင် ပို၍အန္တရာယ်ကြီးမား ကြမ်းတမ်းနေတော့သည်။
“ငါကိုယ်တိုင် ဝင်လှုပ်ရှားမှရတော့မယ့်ပုံပဲ”
စကားမဆုံးမီမှာပင် လူသားမီးလုံးကြီးတစ်ခုအသွင် ပြောင်းလဲကာ ကောင်းကင်ယံသို့ ထိုးတက်သွားလေပြီ။
ပြင်းထန်သော မီးတောက်များက သူ၏ကျောဘက်တွင် ဧရာမမီးလျှံတောင်ပံကြီးတစ်စုံအဖြစ် စုစည်းသွားပြီး လောင်ကျွမ်းလုမတတ် ပူပြင်းလွန်းသော အပူရှိန်ကြောင့် လေထုပင် ကောက်ကွေးရှုံ့တွသွားရသည်။
လေထဲတွင် ဝဲပျံနေရင်း အောက်ဘက်ရှိ ဝံပုလွေအသိုက်ကို အထက်စီးမှငုံ့ကြည့်ကာ လင်းထျန်းလုံကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။
“နှင်းဝံပုလွေဘုရင်၊ ထွက်လာပြီး အသေခံစမ်”။ ဟော်ကျန်းက ဟိန်းဟောက်လိုက်ပြီး လက်ထဲတွင် မီးလျှံများဖြင့် ဖန်တီးထားသော လှံရှည်ကြီးတစ်ချောင်းပေါ်လာကာ လှံသွားက လင်းထျန်းလုံဆီသို့ တည့်တည့်ချိန်ရွယ်ထားသည်။
“အရင်တစ်ခေါက်က ကံကောင်းလို့ နိုင်သွားတာ၊ ဒီတစ်ခါတော့ မင်းကို ပြာကျသွားတဲ့အထိ လောင်ကျွမ်းပစ်မယ်” သူ၏ မျက်ဝန်းများထဲတွင် မောက်မာသော အရိပ်အယောင်များက မီးတောက်များအလား တောက်လောင်နေလေသည်။
တစ်ချိန်တည်းမှာပင် သံမဏိဒိုင်းကာ ကင်းစခန်း တပ်ဖွဲ့ဆီမှ တောင်ကုန်းကြီးတစ်ခုပမာ တည်ငြိမ်လေးလံသော လိန့်ဟောင်၏ပုံရိပ်က အရှေ့သို့ တစ်လှမ်းတိုးလာ၏။
ခြေချလိုက်တိုင်း မြေပြင်က အနည်းငယ်တုန်ခါသွားပြီး မြေဝါရောင်စွမ်းအင်များက ကိုယ်ပေါ်တွင် ခိုင်ခံ့သော ကျောက်သားချပ်ဝတ်တစ်ခုအဖြစ် စုစည်းသွားရာ မယိမ်းယိုင်သော ကျောက်ဆောင်ဘုရင်ဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် လိုက်ဖက်နေခဲ့ပေသည်။
သူက ဟော်ကျန်းကဲ့သို့ အော်ဟစ်ကြိမ်းဝါးခြင်းမပြုဘဲ အကာအကွယ်ဆီသို့ လက်တစ်ဖက်ကို တိတ်ဆိတ်စွာ မြှောက်ပြလိုက်၏။ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။
အစီအရင်ကို ဖျက်ဆီးပစ်ရန်ပင်။
အနောက်တောင်အရပ်ရှိ မီးပွားသုသေသနပညာရှင်အသင်း၏ စက်ယန္တရားတပ်ဖွဲ့ နောက်ကွယ်တွင်မူ ယန်ချင်းယွမ်က ထူးခြားသော ပုံစံရှိသည့် ရွေ့လျားကွပ်ကဲရေးစင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေ၏။
မျက်မှန်ကို ပင့်တင်လိုက်ရာ မှန်ဘီလူးပေါ်တွင် စစ်မြေပြင်အချက်အလက်များ စီးဆင်းသွားပြီး သူ၏အသံက အသံချဲ့စက်မှတစ်ဆင့် တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
“ပစ်မှတ်က နှင်းဝံပုလွေဘုရင်၊ အသက်စွမ်းအင်အရ အဆင့် ၃၂၊ အန္တရာယ်ပြုနိုင်စွမ်းက အလွန်မြင့်မားတယ် ‘ဘုရင်ကို ခေါင်းဖြတ်ခြင်း’ အစီအစဉ်ကို အကောင်အထည်ဖော်”
“တပ်ဖွဲ့အားလုံး ဟော်ကျန်း၊ လိန့်ဟောင်တို့နဲ့ ပူးပေါင်းပြီး စစ်မြေပြင်ကို ဖိနှိပ်နှောင့်ယှက်မှုတွေလုပ်ကြ” သူ၏လေသံထဲတွင် အေးစက်စက် တွက်ချက်မှုများနှင့် အနာဂတ်သိပ္ပံပညာထွန်းကားရေး အောင်ပွဲအတွက် ရေခဲသဖွယ် အေးစက်သော ဆန္ဒများသာ ကိန်းအောင်းနေသည်။
နောက်ဆုံးတွင်တော့ ခေါင်းဆောင်သုံးဦးလုံး စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာကြပြီဖြစ်သည်။
အရင်က တစ်ခါမှမကြုံဖူးသေးသော ဤဖိအားကြီးကို ရင်ဆိုင်ရချိန်တွင် လင်းထျန်းလုံ၏မျက်ဝန်းများထဲ၌ ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ပြင်းထန်လွန်းသော တိုက်ပွဲဝင်လိုစိတ်များသာ တောက်လောင်လာခဲ့၏။
သူသည် အလင်းရောင်များ လှည့်ပတ်စီးဆင်းနေပြီး ၈၅ ရာခိုင်နှုန်းအထိ အသွင်ပြောင်းလဲမှု ပြီးမြောက်နေပြီဖြစ်ကာ၊ နောက်ဆုံးခြေလှမ်းတစ်ခုသာ လိုတော့သည့် မိခင်သစ်ပင်ကို လှည့်ကြည့်လိုက်သည်။
“ရန့်မြဲ့၊ ယင်းဖုန်း” စိတ်ချင်းဆက်သွယ်ခြင်းမှတစ်ဆင့် သူ၏အမိန့်က ထွက်ပေါ်လာ၏။
“အကာအကွယ်နဲ့ အလုံးစုံကွပ်ကဲမှုအပိုင်းကို မင်းတို့ဆီ ခဏလွှဲပေးထားမယ်၊ ဟို စက်ယန္တရားကောင်နဲ့ သူ့ရဲ့ သံမဏိလိပ်တပ်ဖွဲ့ကို မျက်ခြည်မပြတ် စောင့်ကြည့်ထားကြ”
“အမိန့်အတိုင်းပါ ဘုရင်ကြီး” ရန့်မြဲ့၏အသံက နှစ်တစ်ထောင် ရေခဲတုံးပမာ အေးစက်နေပြီး အစောင့်အရှောက်များက တစ်ခဲနက်ဟိန်းဟောက်လိုက်ကြရာ နှင်းခဲအကာအကွယ်၏ အလင်းရောင်များမှာ ပို၍ပင်ခိုင်မာလာတော့သည်။
“နားလည်ပါပြီ” ယင်းဖုန်း၏ ပုံရိပ်က အရိပ်များကြားတွင် တဖျတ်ဖျတ် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေပြီး အမဲလိုက်သမားများက တစ္ဆေများပမာ လူစုခွဲကာ မီးပွားသုသေသနပညာရှင်အသင်း၏ အစီအရင်တွင်းမှ အားနည်းချက်များကို ရှာဖွေလေတော့သည်။
“ထျန်းပင်း” လင်းထျန်းလုံက ဆက်လက်၍ သည်းခံနိုင်စွမ်းမရှိတော့ဟန်ရသော ဘေးရှိ မည်းမှောင်နေသည့် မျက်နှာထားနှင့် ရွှေရောင်ဝံပုလွေကြီးကို ကြည့်လိုက်၏။
“ဘုရင်ကြီး၊ ကျွန်တော် အသင့်ပါပဲ” ထျန်းပင်းက ဟိန်းဟောက်လိုက်ရာ ကိုယ်ပေါ်ရှိ ချော်ရည်စီးကြောင်းပုံစံများက တဖျတ်ဖျတ်လက်လာပြီး အစွမ်းပြချင်စိတ်များ ပြင်းပြနေခဲ့သည်။
နောက်ဆုံးအမိန့်မပေးမီ လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းက ရန်သူ့တပ်ဖွဲ့ထဲသို့ တစ်ဖန် ပြေးလွှားသွားပြီး သူသိပြီးသားဖြစ်သော ဟော်ကျန်းကို ချက်ချင်းကျော်ဖြတ်ကာ ကျန်လူသားခေါင်းဆောင်နှစ်ဦးဆီသို့ အာရုံစိုက်လိုက်ရာ သူတို့၏ အချက်အလက်မျက်နှာပြင်များက ရှင်းလင်းစွာ ပေါ်လာတော့သည်။
[စနစ်အသိပေးချက်]
[လိန့်ဟောင်]။ ။သံမဏိဒိုင်းကာ ကင်းစခန်းမှူး
[အဆင့်]။ ။အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့်)
[ပင်ကိုစွမ်းရည်]။ ။ကျောက်နှလုံးသား (ရွှေရောင် အဆင့်မြင့်) ၊ မြေကမ္ဘာသွေးကြော (ခရမ်းရောင် အဆင့်မြင့်)
[စွမ်းရည်လက္ခဏာရပ်]။ ။မယိမ်းယိုင်သောခံတပ် (ရွှေရောင် အဆင့်မြင့်) ၊ တောင်ပြိုခြင်း (ခရမ်းရောင် အဆင့်မြင့်) ၊ မြေကမ္ဘာတုန်ခါလှိုင်း (ခရမ်းရောင် အဆင့်မြင့်) ၊ ကျောက်သားချပ်ဝတ်ပေါင်းစပ်ခြင်း (ခရမ်းရောင် အဆင့်မြင့်)
ကျောက်နှလုံးသား - အတုမရှိသော ကာကွယ်ရေးစွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို ပေးစွမ်းပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ကြီးမားစွာ လျော့ကျစေသည်။
မြေကမ္ဘာသွေးကြော - မြေပြင်ပေါ်တွင် ခြေချထားချိန်၌ ကမ္ဘာမြေကြီးထဲမှသွေးကြောစွမ်းအင်များကို အဆက်မပြတ်စုပ်ယူကာ မိမိကိုယ်ကိုယ် ပြန်လည်ကုစားနိုင်ပြီး ခွန်အားနှင့် ကာကွယ်ရေးကို အနည်းငယ် တိုးတက်စေသည်။
မယိမ်းယိုင်သောခံတပ် - ပင်မအကာအကွယ်စွမ်းရည်ဖြစ်ပြီး အချိန်တိုအတွင်း မိမိ၏အကာအကွယ် တောင်ကုန်းကြီးတစ်ခုပမာ အဆမတန် မြှင့်တင်ပေးကာ လှုပ်ရှားရန် ခက်ခဲစေသည်။
တောင်ပြိုခြင်း - စွမ်းအားများကို နေရာတစ်ခုတည်းတွင် စုစည်းကာ တောင်ထွတ်များပြိုကျသည့်အလား ပြင်းထန်သည့် အဟုန်ဖြင့် ပြင်းထန်လွန်းသော တိုက်ကွက်ကို ဖော်ဆောင်နိုင်ပြီး အလွန်တရာထိုးဖောက်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းရှိသည်။
မြေကမ္ဘာတုန်ခါလှိုင်း - ဧရိယာထိန်းချုပ်မှုစွမ်းရည်ဖြစ်ပြီး မြေပြင်ကို ဆောင့်နင်းခြင်းဖြင့် တုန်ခါလှိုင်းများကို ဖန်တီးကာ ရန်သူ၏ဟန်ချက်နှင့် ဖွဲ့စည်းပုံကို နှောင့်ယှက်နိုင်သည်။
ကျောက်သားချပ်ဝတ်ပေါင်းစပ်ခြင်း - အလိုအလျောက်စွမ်းရည်ဖြစ်ပြီး အချိန်တိုင်း မာကျောသော ကျောက်သားစွမ်းအင်ချပ်ဝတ်တန်ဆာတစ်ထပ် ဖုံးလွှမ်းထားကာ စဉ်ဆက်မပြတ်ကာကွယ်ပေးသည်။
[ယန်ချင်းယွမ်]။ ။မီးပွားသုသေသနပညာရှင်အသင်း ခေါင်းဆောင်
[အဆင့်]။ ။ အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့်)
[ပင်ကိုစွမ်းရည်]။ ။ စက်ယန္တရားပေါင်းစုံဆက်နွယ်ခြင်း (ရွှေရောင် အဆင့်မြင့်) ၊ အဆင့်မြင့် ဉာဏ်အလင်း (ခရမ်းရောင် · အဆင့်မြင့်)
[စွမ်းရည်လက္ခဏာရပ် - အသိဉာဏ်တုစက်ယန္တရားစက်ရုံ (ရွှေရောင် အဆင့်မြင့်) ၊ အဏုစိတ်ပြန်လည်တည်ဆောက်ခြင်း (ခရမ်းရောင် အဆင့်မြင့်) ၊ စွမ်းအင်စက်ကွင်း ထိန်းချုပ်ခြင်း (ခရမ်းရောင် အဆင့်မြင့်) ၊ ဒေတာခွဲခြမ်းစိတ်ဖြာတွေးခေါ်မှု (ခရမ်းရောင် အဆင့်မြင့်)
စက်ယန္တရားပေါင်းစုံဆက်နွယ်ခြင်း - စက်ယန္တရားဖန်တီးမှုအားလုံးအပေါ် မွေးရာပါ ထိန်းချုပ်နိုင်မှုနှင့် နားလည်နိုင်စွမ်းရှိပြီး စက်ယန္တရားများကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်ဖန်တီးခြင်းများပင် ပြုလုပ်နိုင်သည်။
အဆင့်မြင့် ဉာဏ်အလင်း - တွေးခေါ်မှုအမြန်နှုန်းနှင့် တွက်ချက်နိုင်စွမ်းသည် သာမန်လူများထက် များစွာသာလွန်ပြီး ဆန်းသစ်တီထွင်မှုနှင့် သုတေသနစွမ်းရည် အလွန်အားကောင်းသည်။
အသိဉာဏ်တုစက်ယန္တရားစက်ရုံ - ပင်မစွမ်းရည်ဖြစ်ပြီး လုပ်ဆောင်ချက်အမျိုးမျိုးရှိသော အလတ်စားနှင့် အသေးစား စက်ယန္တရားတပ်ဖွဲ့များကို ကိုယ်ပိုင်နေရာလွတ် သို့မဟုတ် အဝေးမှနေ၍ တိုက်ခိုက်ရန်၊ ဘေးမှကူညီရန် သို့မဟုတ် ကာကွယ်ရန် အချိန်မရွေး ဆင့်ခေါ်နိုင်သည်။
အဏုစိတ်ပြန်လည်တည်ဆောက်ခြင်း - စက်ယန္တရားများ သို့မဟုတ် တစ်စိတ်တစ်ပိုင်း စွမ်းအင်ဖွဲ့စည်းပုံများကို လျင်မြန်စွာ ဖြုတ်ချခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ယာယီပြန်လည်တည်ဆောက်ခြင်းများ ပြုလုပ်နိုင်ပြီး ချိုးဖျက်ရန်၊ ပြုပြင်ရန် သို့မဟုတ် ယာယီကိရိယာများ ဖန်တီးရန် အသုံးပြုသည်။
စွမ်းအင်စက်ကွင်း ထိန်းချုပ်ခြင်း - လမ်းကြောင်းလွှဲစက်ကွင်း (ကာကွယ်ရေး)၊ ချုပ်နှောင်စက်ကွင်း (ထိန်းချုပ်ရေး) နှင့် ဖိအားမြှင့်စက်ကွင်း (စက်ယန္တရားတိုက်ခိုက်မှုများကို အားဖြည့်ခြင်း) ကဲ့သို့သော စွမ်းအင်စက်ကွင်းအမျိုးမျိုးကို ဖန်တီးနိုင်သည်။
ဒေတာခွဲခြမ်းစိတ်ဖြာတွေးခေါ်မှု - အလိုအလျောက်စွမ်းရည်ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်မြေပြင်အချက်အလက်များကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာကာ ပြိုင်ဘက်၏လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းပြီး အကောင်းဆုံးဖြေရှင်းနည်းများကို ရှာဖွေနိုင်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤအမည်မသိ ပြိုင်ဘက်နှစ်ဦး၏ စွမ်းရည်များကို လင်းထျန်းလုံ ရှင်းလင်းစွာ နားလည်သွား၏။
တစ်ဦးက တောင်ကြီးတစ်လုံးပမာ ခိုင်မာတောင့်တင်းပြီး နောက်တစ်ဦးက ခန့်မှန်းရခက်ကာ နည်းဗျူဟာ ကြွယ်ဝလှသည်။
“ဟို မီးသုံးတဲ့ကောင်က ငါ့အတွက်ပဲ” လင်းထျန်းလုံ၏ အသံထဲတွင် အကြွင်းမဲ့ယုံကြည်ချက်များ ပါဝင်နေပြီး သူ၏အကြည့်များက လေထဲရှိ ဟော်ကျန်းထံသို့ ရောက်ရှိနေပြီဖြစ်သည်။
“မင်းနဲ့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့က ဟိုအခွံမာတွေ ဖုံးနေတဲ့ကောင်ကို ထိန်းထား၊ သူက ‘မယိမ်းယိုင်ဘူး’ လို့ ကြွေးကြော်ထားတယ်မဟုတ်လား၊ သူ့ဒိုင်းက ပိုမာသလား၊ ငါတို့လက်သည်းက ပိုထက်သလားဆိုတာ သိရတာပေါ့”
“ဟားဟား... အဲဒီစကားကိုပဲ စောင့်နေတာ” ထျန်းပင်းက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ပြီး သူ၏အကြည့်များက ရှေ့သို့ချဉ်းကပ်လာနေသော လိန့်ဟောင်ထံသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။