အခန်း (၆၅၅-၆၅၇)
Vol. 44 Ch. 655-657
Chapter 655: မမချွဲ ဘယ်တော့ လွှတ်ပေးမှာလဲ
အရှေ့ပြည်နယ်၊ အနောက်ဘက်ဒေသတွင် ကျယ်ပြောလှသော၊ အဆုံးအစမရှိသော ရှေးဦးသစ်တောကြီး တစ်ခုရှိသည်။ ထိုစဉ် ရုတ်တရက်ဆိုသလို ကြီးမားလှသော မျောက်ဝံကြီးအုပ်စုတစ်စုမှာ ဟိန်းဟောက်ရင်း ပြေးလွှားလာကြသည်။ ၎င်းတို့ တစ်ကောင်ချင်းစီမှာ တောင်ငယ်တစ်လုံးကဲ့သို့ ထွားကြိုင်းလှပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာလည်း အဖုအထစ်များဖြင့် ပြည့်နှက်နေသည်။
သူတို့၌ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ရှိကြရာ မြင့်မားသော သစ်ပင်ကြီးများကို တစ်ချက်တည်းဖြင့် အလွယ်တကူ ဆွဲနုတ်နိုင်ကြသည်။ လက်ဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သစ်ကိုင်းများကို ပြောင်စင်အောင် ဖယ်ရှားပစ်ကာ သစ်လုံးတုံးကြီးများ ဖြစ်သွားစေသည်။ မျောက်ဝံများသည် ထိုသစ်လုံးများကို မြေပြင်ပေါ်တွင် ဖိကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားသော လှံရှည်ကြီးများအဖြစ် ချွန်ထက်အောင် ပြုလုပ်လိုက်ကြသည်။ လက်တစ်ဖက်စီတွင် လှံတစ်စောင်စီကို မြဲမြံစွာ ကိုင်ဆောင်ထားရင်း တိုက်ပွဲဝင်ရန် အသင့်အနေအထား ပြင်လိုက်ကြ၏။ ဦးဆောင်လာသော မျောက်ဝံမင်း၏ ခပ်တိုးတိုး ဟိန်းဟောက်သံနှင့်အတူ မျောက်ဝံအားလုံးသည် ၎င်းတို့၏ လှံများကို တစ်ပြိုင်နက် ရှေ့သို့ ပစ်လွှတ်လိုက်ကြသည်။
ဝူးခနဲ အသံနှင့်အတူ—
ကြီးမားသော လှံရှည် (၁၀) ခုကျော်သည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန်များကဲ့သို့ လေထုကို ခွဲထွက်သွားကြ၏။ လှံများသည် ဝေးကွာသော တောင်ထိပ်ပေါ်ရှိ အသိုက်တစ်ခုဆီသို့ မိုးရွာသကဲ့သို့ ကျဆင်းသွားသည်။ သို့သော် ထိုလှံများ မကျရောက်မီမှာပင် အနက်ရောင် နဂါးနှစ်ကောင်သည် ကောင်းကင်ယံတွင် ဝှေ့ယမ်းလာပြီး လှံများကို သစ်သားစများအဖြစ် အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲပစ်လိုက်သည်။
"မင်းတို့ ငါ့ကို စိန်ခေါ်ချင်ရင် နောက်ထပ် နှစ်ပေါင်း ရှစ်ရာလောက် အရင်သွားကျင့်ဦး"
နက်ရှိုင်းသော အသံတစ်ခုမှာ အသိုက်အတွင်းမှ ထွက်ပေါ်လာ၏။
ဒေါသထွက်နေသော မျောက်ဝံများထံမှ ဟိန်းဟောက်သံများ ဆူညံသွားသည်။ သို့သော် မျောက်ဝံမင်းမ/ လက်တစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်ရာ ဆူညံသံများ ငြိမ်ကျသွားသည်။
၎င်းက အသိုက်ဆီသို့ လက်ညှိုးညွှန်လိုက်ပြီး မယိုင်လဲသော ယုံကြည်ချက်များ ပြည့်နှက်နေသည့် ကောင်းကင်တုန်ဟည်းမတတ် ဟိန်းဟောက်သံကြီးဖြင့် တုံ့ပြန်လိုက်၏။ ထိုခဏမှာပင် ၎င်း၏ နောက်ကျောဘက်၌ လက်ခြောက်ဖက်ပါသော မျောက်ဝံကြီးတစ်ကောင်၏ ရုပ်သွင်တော် ပေါ်ထွက်လာသည်။ ၎င်းမှာ အမြင့်ပေ ရှစ်ရာကျော် ရှိပြီး ကောင်းကင်ကို ထောက်ထားကာ မြေပြင်ကို နင်းခြေထားသည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့ပင်။ ကျင့်ကြံသူများကဲ့သို့ပင် အဆင့်မြင့် သားရဲများသည်လည်း ဓမ္မရုပ်သွင်တော်များကို ထုတ်ဖော်နိုင်ကြသည်။ သို့သော် ၎င်းတို့၏ ရုပ်သွင်တော်များမှာ ပြင်ပပညာရပ်များမှ ဆင်းသက်လာခြင်း မဟုတ်ဘဲ ရှေးဟောင်း သွေးမျိုးဆက်များမှ နိုးထလာခြင်း ဖြစ်၏။ သွေးမျိုးဆက် ပိုမိုအားကောင်းလေ ရုပ်သွင်တော်မှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလေဖြစ်သည်။
နောက်တစ်ခဏတွင်မူ အသိုက်အတွင်းမှ အားကောင်းလှသော အရှိန်အဝါ (၅) ခုမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
ပထမတစ်ခုမှာ— စကြဝဠာ တစ်ခွင်တွင် အော်ဟစ်နေသော ရှေးဟောင်းဆင်ဖြူတော်ကြီး ဖြစ်ပြီး ၎င်း၏ နှာမောင်းမှာ ကြယ်တာရာများကို ဆွဲဆုတ်ရန် အသင့်ပြင်နေသည်။
ဒုတိယတစ်ခုမှာ— အဆုံးအစမရှိသော ထာဝရမြစ်ရေ ဖြစ်ပြီး တားဆီး၍မရသော အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။
တတိယတစ်ခုမှာ— တောက်ပနေသော နေမင်းမျက်လုံး ဖြစ်ပြီး ပူပြင်းလှသော မီးခိုးငွေ့များဖြင့် ပြည့်နှက်နေကာ ကောင်းကင်ကို လောင်ကျွမ်းစေပြီး ပင်လယ်ကို ဆူပွက်စေမည့်အတိုင်းပင်။
စတုတ္ထတစ်ခုမှာ— လျှပ်စီးကဲ့သို့ လျင်မြန်လှသော နတ်ဘုရားမြင်းဖြူ ဖြစ်ပြီး လေနှင့် မိုးကြိုးများ၏ ဖုံးအုပ်မှုကို ခံထားရကာ အားကောင်းမောင်းသန် ရှိလှသည်။
ပဉ္စမတစ်ခုမှာ— ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော စစ်နတ်ဘုရား ဖြစ်ပြီး လက်တစ်ဖက်စီတွင် ကွဲပြားသော လက်နက်များကို ကိုင်ဆောင်ထားကာ ကမ္ဘာကြီးကိုပင် ရိုက်ခွဲပစ်နိုင်မည့်ပုံစံ ရှိသည်။
ဤအရာများနှင့် နှိုင်းယှဉ်လျှင် လက်ခြောက်ဖက်ပါ မျောက်ဝံ၏ ရုပ်သွင်တော်မှာ များစွာ သေးငယ်သွားပြီး ချက်ချင်းပင် အနှိမ်နင်းခံလိုက်ရသည်။
မျောက်ဝံမင်းသည် ၎င်း၏ လည်ပင်းကို ကျုံ့လိုက်ကာ တိုးတိုးလေး ညည်းညူရင်း လှည့်၍ ထွက်ပြေးသွားတော့သည်။ မျောက်အုပ်စုတစ်ခုလုံးမှာလည်း ကြောက်လန့်တကြား ထွက်ပြေးကြလေ၏။ ၎င်းတို့သည် အသိုက်အတွင်းရှိ ကြောက်မက်ဖွယ် သားရဲနှင့် ယှဉ်ပြိုင်ရန် မဝံ့ရဲကြတော့ပေ။
"စိတ်ပျက်စရာပဲ… ဒီတောင်ရွှေ့ မျောက်ဝံတွေနဲ့ နေ့တိုင်း အချိန်ဖြုန်းနေရတာက မဟုတ်တော့ဘူး"
အသိုက်အတွင်းမှ အားကိုးရာမဲ့သော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
"မမချွဲ… မမ ကျွန်တော့်ကို ဘယ်တော့ လွှတ်မှာလဲ"
ကြီးမားပြီး ရှုပ်ပွနေသော အသိုက်အတွင်း၌ ကြီးမားလှသော ဥကြီး သုံးလုံးကြားတွင် လူတစ်ယောက် မှီတွယ်နေထိုင်နေသည်။
ပတ်ဝန်းကျင်တွင် နူးညံ့သော အမွှေးအတောင်များနှင့် နွေးထွေးသော ကောက်ရိုးဖတ်များ ရှိနေ၏။ အရာအားလုံးမှာ ကြီးမားလွန်းလှသည်။ ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် ထိုလူသားမှာ အရုပ်လေးတစ်ရုပ်ထက် မပိုပေ။
ယင်းမှာ ရှန်မို ဖြစ်သည်။
မကြာသေးမီက သူ ရှိကျယ်ကို စီးနင်းကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ဒေသ၏ ကျယ်ပြောလှသော တောင်တန်းကြီးများဆီသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း... ဆင်းသက်သည့် နေရာမှာ အနည်းငယ် လွဲချော်သွားခဲ့၏။ မူလက သူသည် ကျင့်ကြံသူများ နေထိုင်ရာ မြို့တစ်မြို့အနီးသို့ ဆင်းသက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ရှိကျယ်မှာ ဟင်းလင်းပြင် ပိုးကောင်အုပ်စု၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ဟင်းလင်းပြင် ပိုးကောင်ဆိုသည်မှာ အစွမ်းထက်သော ဟင်းလင်းပြင် သားရဲများကို ကပ်ပါးရပ်တည်တတ်သော အကောင်များ ဖြစ်၏။ တစ်နေ့တွင် သူတော်စင်နယ်ပယ်သို့ ရောက်ရှိမည့် ရှိကျယ်ကဲ့သို့သော သားရဲကြီးမှာ ဟင်းလင်းပြင် ပိုးကောင်များ၏ အာရုံစိုက်မှုကို ခံရသည်မှာ သဘာဝပင်။ ထိုအကောင်များကို ခါချရန်အတွက် ရှိကျယ်မှာ အရေးပေါ် ရှောင်တိမ်းခဲ့ရသဖြင့် သတ်မှတ်ထားသော ဆင်းသက်မည့်နေရာမှာ လွဲချော်သွားခဲ့ခြင်း ဖြစ်သည်။
ရှန်မို၏ ကံတရားမှာ ဤတစ်ကြိမ်တွင်တော့ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။
သူသည် အဆုံးအစမရှိသော တောင်တန်းကြီးများအတွင်း ဆယ်ရက်ကျော်တိုင် ပျံသန်းခဲ့သော်လည်း စိမ်းလန်းသော တောအုပ်များကိုသာ မြင်တွေ့ရပြီး လူသားအရိပ်အယောင် သို့မဟုတ် ကျင့်ကြံသူတစ်ဦး၏ အလင်းရောင်ကိုပင် မတွေ့ရှိခဲ့ရပေ။ ပထမတော့ ခံသာသေးသော်လည်း ကြာလာသည်နှင့်အမျှ သူ စိမ်းလန်းသော ငရဲခန်းအတွင်း ပိတ်မိနေသကဲ့သို့ ခံစားလာရသည်။ လွတ်မြောက်ရာ လမ်းစ မရှိပေ။
လွန်ခဲ့သော တစ်လက သူသည် ကောင်းကင်ဖုံး လွှမ်းမိုးတိမ်တိုက် ချွဲငှက်တစ်ကောင်နှင့် မတော်တဆ ဆုံခဲ့သည်။ ထိုသတ္တဝါမှာ အထူးကဲဆုံး နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသော အစွမ်းရှိသည်။ ရှန်မိုမှာ ချက်ချင်းပင် ဖမ်းဆီးခြင်း ခံလိုက်ရပြီး ၎င်း၏ အသိုက်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရ၏။ ထိုငှက်မှာ ရှန်မိုကို လုံးဝ နှိမ်နင်းထားနိုင်လောက်အောင် အစွမ်းထက်သော်လည်း သူ့ကို သားကောင်အဖြစ် သဘောထားပုံ မရပေ။ ၎င်းမှာ ရှန်မိုကို ပြင်းထန်သော ဒဏ်ရာများရအောင် ပြုလုပ်ပြီး အသိုက်ထဲသို့ ပစ်ထည့်ထားခဲ့ကာ အမဲလိုက်ရန်အတွက် ထွက်သွားခဲ့သည်။
ဤဒေသတစ်ခုလုံးမှာ ထိုငှက်၏ နယ်မြေ ဖြစ်၏။ ၎င်းမှာ မြန်နှုန်း အလွန်မြင့်မားခြင်းကြောင့် ကျော်ကြားသော ရှေးဟောင်း သွေးသန့် မျိုးကွဲ သားရဲတစ်ကောင် ဖြစ်သည်။ သွေးအသန့်ဆုံးသော ထိုငှက်များမှာ ရှေးဦးမြင်းဖြူ၏ မြန်နှုန်းကိုပင် ယှဉ်ပြိုင်နိုင်သည်ဟု ဆိုကြသည်။ ရှန်မိုမှာ အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းတွင် ထိုငှက်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူ အသိုက်ထဲတွင်သာ နေထိုင်ခဲ့ရသည်။
သို့သော်လည်း ထိုငှက်မှာ သူ့အပေါ် ရက်စက်ခြင်း မရှိပေ။ အမဲလိုက်ပြီး ပြန်လာတိုင်း ရရှိလာသော အသားများကို သူ့အား ခွဲဝေပေးတတ်သည်။ တစ်ခါတစ်ရံတွင် ရှားပါးသော ကောင်းကင်ရတနာများကိုပင် ယူဆောင်လာတတ်၏။ ၎င်းတို့ထဲမှ အချို့မှာ သူတော်စင်အဆင့် ရတနာများ ဖြစ်သည်။ ဤဝိညာဉ်ဆေးပင်များမှာ ရှန်မိုအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိစေသည်။ ရုပ်သွင်တော်ကို စစ်ဆေးကြည့်သည့် အခါတိုင်း သူ၏ တာအိုအမှတ်အသားများ လျင်မြန်စွာ တိုးပွားနေသည်ကို တွေ့ရသည်။ တစ်နှစ်အကြာတွင် သူ၏ တာအိုအမှတ်အသား စုစုပေါင်းမှာ နှစ်ရာ့ငါးဆယ်အထိ ထိုးတက်သွားခဲ့သည်။
ထို့အပြင် တစ်နှစ်ပတ်လုံး အသိုက်ထဲတွင် နေထိုင်ခဲ့ပြီးနောက် ရှန်မိုမှာ ထိုငှက်၏ ရည်ရွယ်ချက်ကို အနည်းနှင့်အများ သဘောပေါက်လာ၏။ ၎င်း၏ နယ်မြေအစပ်တွင် တောင်ရွှေ့ မျောက်ဝံကြီးအုပ်စုတစ်စု နေထိုင်ကြပြီး ၎င်းတို့မှာ ထိုငှက်နှင့် ကာလရှည် ရန်သူများဖြစ်ပုံရကာ ပုံမှန် ပြဿနာလာရှာလေ့ ရှိကြသည်။ ၎င်း၏ ကြီးမားလှသော အစားအသောက် လိုအပ်ချက်ကြောင့် ထိုငှက်မှာ အမဲလိုက်ရန် အသိုက်မှ ထွက်ခွာရလေ့ ရှိသည်။ မျောက်ဝံများသည် ထိုပုံစံကို သိရှိကြသဖြင့် ငှက်မရှိချိန်တွင် အမြဲတမ်း ပြဿနာလာရှာကြခြင်း ဖြစ်သည်။ ထိုငှက်သည် ရှန်မိုကို အသိုက်ထဲတွင် ရည်ရွယ်ချက်ရှိရှိ ထားခဲ့ခြင်း ဖြစ်သည်မှာ ရှင်းနေပါသည်။ သူ၏ ခွန်အားကို အသုံးပြု၍ ၎င်း၏ ဥ သုံးလုံးကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပေလိမ့်မည်။
"မမချွဲ၊…ကျွန်တော် အဲဒီမျောက်တွေကို ထပ်မောင်းထုတ်လိုက်ပြီနော်… စကားလေး ဘာလေး ပြောပါဦးဗျ"
ရှန်မို ခေါင်းမော့ကာ ကြီးမားလှသော ထိုငှက်ကြီးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် လှပသော အမွှေးအတောင်များကို ရှင်းလင်းနေပြီး သေးငယ်လှသော လူသားကျင့်ကြံသူကို လုံးဝ ဂရုမစိုက်သလို ရှိနေသည်။
ရှန်မို အားကိုးရာမဲ့စွာ ပြုံးလိုက်၏။ ရုတ်တရက် ထိုငှက်မှာ တိုးတိုးလေး အော်မြည်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းမှာ အစက်အပြောက်လေး တစ်ခု ဖြစ်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။
"အမဲလိုက်ဖို့ ပြန်ထွက်သွားပြန်ပြီ..."
ရှန်မို ခေါင်းယမ်းလိုက်သည်။
ထိုအချိန်မှာပင် ကြီးမားသော ဥကြီးများထဲမှ တစ်လုံးထံမှ ကွဲအက်သံ ထွက်ပေါ်လာသည်။ ဥခွံမျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။ ၎င်းမှာ ပင့်ကူအိမ်သဖွယ် လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ရှန်မို မျက်ခုံးပင့်လိုက်မိသည်။
အမေက အခုလေးတင် ထွက်သွားတာကို မင်းက ထွက်လာတော့မှာလား။
ငါ့ကို မင်းအမေလို့တော့ လာမထင်နဲ့ဦး။
ကွဲအက်သံများ ထွက်ပေါ်လာသည်။
သေးငယ်သော ခေါင်းလေးတစ်ခုမှာ ဥခွံကို ထိုးဖောက်ကာ ထွက်လာသည်။ ထိုငှက်၏ သားပေါက်လေးများမှာ သာမန်ငှက်များနှင့် မတူပေ။ သာမန်ငှက်ပေါက်လေးများသည် မျက်စိမမြင်၊ အမွှေးမပါဘဲ ကြည့်ရဆိုးလှ၏။ သို့သော် ဤငှက်ပေါက်လေးများမှာ မွေးကတည်းက လှပကြသည်။ ၎င်းတို့မှာ ဥမှ ထွက်လာသည်နှင့် အမွှေးအတောင်များ အစုံအလင် ပါရှိပြီးသား ဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများသာ ပိတ်နေသေးခြင်း ဖြစ်သည်။
"ကောင်လေး… မင်းက တော်တော် ချစ်ဖို့ကောင်းတာပဲ"
ရှန်မို ရယ်မောကာ ပြော၏။
ထိုအချိန်မှာပင် ဝေးကွာသော ကောင်းကင်ယံ၌ တိုက်ပွဲဝင် အလင်းတန်းများ ဖြတ်ပြေးနေသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။ ထိုအလင်းများနှင့်အတူ ထိုငှက်ကြီး၏ နာကျင်စွာ အော်ဟစ်သံလည်း ပါရှိနေသည်။
"ဟင်… အထူးကဲဆုံး နယ်ပယ် ကျင့်ကြံသူလား"
ရှန်မို မျက်ခုံးပင့်လိုက်သည်။
ကောင်းကင်ကြီးမှ သူ၏ ဆုတောင်းသံကို ကြားလိုက်ပုံရသည်။
တစ်နှစ်ကျော် ကြာပြီးနောက်မှာတော့... နောက်ဆုံးတွင် လူသားကျင့်ကြံသူများကို သူ ပြန်တွေ့ရတော့မည်။
"အကယ်၍ အထူးကဲဆုံး နယ်ပယ် တစ်ယောက်က မမချွဲကို ထိန်းထားနိုင်တယ်ဆိုရင် တခြားလူတွေက ဒီအခွင့်အရေးကို သုံးပြီး ရောက်လာကြမှာပဲ..."
သူ ခေတ္တစဉ်းစားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဝေးကွာသော နေရာမှ အနီရောင် အလင်းတန်း အုပ်စုတစ်စုမှာ အသိုက်ဆီသို့ အပြင်းနှင်လာနေသည်ကို သူ တွေ့လိုက်ရသည်။
သို့သော် ၎င်းတို့ ချဉ်းကပ်လာချိန်မှာပင် အခြားလမ်းကြောင်းတစ်ခုမှ အပြာရောင် အလင်းတန်း (၁၀) ခုကျော် ပေါ်လာပြီး ၎င်းတို့ကို လေထဲတွင် ကြားဖြတ် တားဆီးလိုက်သည်။
တိုက်ပွဲမှာ ချက်ချင်းပင် စတင်တော့သည်။ အနီရောင်နှင့် အပြာရောင် ဝိညာဉ်အလင်းတန်းများမှာ ကောင်းကင်တစ်ဝက်စာခန့် လွှမ်းမိုးထားသည်။ တစ်ဖက်က အနီရောင် ဖြစ်ပြီး အခြားတစ်ဖက်မှာ အပြာရောင် ဖြစ်သည်။ ရှင်းနေသည်မှာ ဤသူများသည် ဆန့်ကျင်ဘက် ကျင့်စဉ်များကို ကျင့်ကြံကြသော ရန်ဘက် အဖွဲ့အစည်း နှစ်ခုမှ ကျင့်ကြံသူများ ဖြစ်ကြ၏။ ရံဖန်ရံခါတွင် ပုံရိပ်တစ်ခုစီ ကောင်းကင်မှ ပြုတ်ကျသွားတတ်သည်။
ပြင်းထန်စွာ ဒဏ်ရာရထားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဖြစ်နိုင်လေ၏။
ရှန်မို မျက်နှာပျက်သွားမိသည်။ ရန်ဘက် အဖွဲ့အစည်း နှစ်ခုက အချင်းချင်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ကြည့်ရသလောက်တော့ အပြာရောင်ဘက်က သိသိသာသာ အခြေအနေ မဟန်ဖြစ်နေပုံရလေ၏။
Chapter 656: လက်နက်ထုတ်ပေးရင် အသက်ချမ်းသာပေးမယ်
အပြာရောင်အဖွဲ့မှာ အနီရောင်ဘက်ကို ကြားဖြတ်တားဆီးနေသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အရေအတွက် နည်းပါးသော်လည်း ၎င်းတို့တစ်ဦးချင်းစီ၏ အစွမ်းမှာမူ ကြောက်ခမန်းလိလိပင်။ သို့သော် အနီရောင်အဖွဲ့ဘက်တွင် လူအင်အား အသာစီးရနေသည်။ အပြာရောင်အဖွဲ့မှ အစွမ်းကုန် ကြိုးစားတားဆီးသော်လည်း ၎င်းတို့ကို လုံးဝ ပိတ်ဆို့ထားနိုင်ခြင်း မရှိပေ။
ရှန်မို မျှော်လင့်ထားသည့်အတိုင်း မကြာမီမှာပင် အနီရောင်အလင်းတန်း အချို့သည် အဓိကအုပ်စုမှ ခွဲထွက်ကာ အသိုက်ဆီသို့ အပြင်းအထန် ဦးတည်လာကြသည်။
သူ နှုတ်ခမ်းကို တစ်ချက်သပ်လိုက်၏
ကြည့်ရသည်မှာ သူကိုယ်တိုင် ပါဝင်ပတ်သက်ရတော့မည့်ပုံပင်။
"တုန်းရွှမ်ဂိုဏ်းက ချွဲငှက်ဥတွေကို ခိုးမယ့် ငါတို့စီမံကိန်းကို တစ်နည်းနည်းနဲ့ သိသွားတာပဲ… ဟဲဟဲ... ဒါပေမဲ့ ဆုတ်ယုတ်နေတဲ့ သူတို့အင်အားလေးနဲ့ ငါတို့ ရှောက်ယန် စံအိမ်တော်ကို တားနိုင်မယ် ထင်နေတာလား… ရယ်စရာပဲ"
"ဟဲဟဲ... တုန်းရွှမ်ဂိုဏ်းကလည်း သူတို့ ဆုတ်ယုတ်နေတာကို ကောင်းကောင်းသိပါတယ်.. သူတို့က ငါတို့ရဲ့ ဥခိုးတဲ့အစီအစဉ်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်ရုံတင်ပါ… ငါတို့ရဲ့ ဘိုးဘေးက ဒါကို ကြိုတင်တွက်ဆပြီးသားပဲ"
"စကားများမနေနဲ့တော့… အသိုက်ထဲဝင်ပြီး ဥတွေကို မြန်မြန်ယူ… မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက အထူးကဲဆုံး ကျင့်ကြံသူက ချွဲငှက်ကို နာရီဝက်ပဲ ထိန်းထားပေးနိုင်မှာ"
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည့် ရှောက်ယန် စံအိမ်တော်မှ ကျင့်ကြံသူ သုံးဦးသည် အသိုက်၏ အစွန်းသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ သတင်းရရှိထားသည့်အတိုင်းပင် အသိုက်အတွင်း၌ ကြီးမားသော ဥကြီး သုံးလုံး ရှိနေ၏။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ရှောက်ယန် စံအိမ်တော်၏ ဘိုးဘေးသည် မန်ချန်း တောင်တန်းအတွင်းသို့ မတော်တဆ ရောက်ရှိလာရာမှ ချွဲငှက်ဥ သုံးလုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း တစ်ရာကျော်ကြာ စီစဉ်ပြီးနောက် ယခုမှသာ ဥခိုးယူမည့် စီမံကိန်းကို စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသုံးဦးကို ပို၍ အံ့အားသင့်စေသည်မှာ ဥတစ်လုံးမှာ ပေါက်နေပြီဖြစ်ပြီး ခေါင်းလေးတစ်ခေါင်းမှာ ထွက်ပြူနေခြင်းပင်။ ၎င်း၏ မျက်လုံးများမှာတော့ ပိတ်နေဆဲ ဖြစ်သည်။ ထိုအချိန်တွင်မှ သူတို့သည် အသိုက်အတွင်းရှိ အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို သတိပြုမိလိုက်ကြသည်။ သူ၏ ရင်ဘတ်တွင် ရှည်လျားသော ဒဏ်ရာတစ်ခု ရှိနေပြီး သူသည် အသိုက်အတွင်း၌ လဲလျောင်းနေရင်း သူတို့ကို စိတ်ဝင်တစား ကြည့်နေသည်။
ပိန်လှီသော ကျင့်ကြံသူမှ နှာခေါင်းရှုံ့ကာ
"ကြည့်ရတာ မန်ချန်း တောင်တန်းထဲ လျှောက်သွားရင်း ချွဲငှက်ရဲ့ သားကောင်ဖြစ်သွားတဲ့ အဆင့်နိမ့်ကောင်လေး တစ်ယောက် ထင်တယ်"
"တကယ့်ကို သေမင်းကို သွားခေါ်နေတာပဲ… ဒီတောင်တန်းတွေထဲမှာ ရှေးဟောင်းသားရဲတွေ ပြည့်နေပြီး လူသူလည်း မရှိသလောက်ပဲ… ဒါကို သူက တစ်ယောက်တည်း ဝင်ရဲတယ်ပေါ့"
အမျိုးသမီး ကျင့်ကြံသူမှ ဥများရှိရာသို့ တိုက်ရိုက် လျှောက်သွားသည်။
"သူ့ကို ဂရုမစိုက်နဲ့… ဒီအတိုင်း ထားခဲ့လိုက်… ငါတို့က ကယ်တင်ရှင် လုပ်ဖို့ လာတာမဟုတ်ဘူး"
သို့သော် ထွားကြိုင်းသော ကျင့်ကြံသူမှာ ရှန်မိုကို အကြိမ်အနည်းငယ် ထပ်မံကြည့်ရှုပြီးနောက် သူ၏ မျက်လုံးများမှာ လောဘဖြင့် တောက်ပလာသည်။ "နေဦး... သူဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာကို ကြည့်လိုက်ဦး.. တကယ့်ကို ထူးခြားတယ်နော်… နဂါးအရှိန်အဝါတွေ ထွက်နေပြီး နဂါးကြေးခွံတွေကလည်း တစ်ခုနဲ့တစ်ခု စေ့စပ်နေတာပဲ"
ပိန်လှီသော ကျင့်ကြံသူနှင့် အမျိုးသမီးမှာလည်း သူ့ကို ထပ်မံ ကြည့်ရှုလိုက်ကြရာ အကြည့်များကို လွှဲဖယ်နိုင်ခြင်း မရှိတော့ပေ။
နဂါးကြေးခွံများ။
နဂါးအရှိန်အဝါများ။
ဤချပ်ဝတ်တန်ဆာသည် အဆင့်မြင့်သည့်အရာ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အနည်းဆုံးတော့ အဆင့်နိမ့် သူတော်စင်လက်နက်တစ်ခု ဖြစ်ရမည်။
သူတို့၏ လောဘစိတ်များ ချက်ချင်း ထကြွလာသည်။
သူတော်စင်လက်နက်။
၎င်းတို့မှာ ရှောက်ယန် စံအိမ်တော်၏ အထူးချွန်ဆုံး ပါရမီရှင်များ မဟုတ်သော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြရာ တစ်သက်လုံး ထိုသို့သော လက်နက်မျိုးကို ကိုင်ခွင့်ရမည် မဟုတ်ကြောင်း သိထားကြသည်။
ယခုမူ ၎င်းမှာ သူတို့ရှေ့တွင် ရှိနေပြီ။
ထို့အပြင် ၎င်းကို ဝတ်ဆင်ထားသော လူငယ်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားရာ ခုခံနိုင်စွမ်း မရှိသည်မှာ သေချာသည်။
ဒါဟာ သူတို့အတွက် အလကားရတဲ့ လာဘ်ပင်။
"ကောင်လေး… အဲဒီ သူတော်စင်လက်နက်ကို ပေးလိုက်စမ်း… ဒါဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်"
ထွားကြိုင်းသော ကျင့်ကြံသူမှ ယုတ်မာစွာ ရယ်မောရင်း ပြောလိုက်သည်။
အမျိုးသမီး ကျင့်ကြံသူသည် မျက်မှောင်ကြုတ်ကာ
"ဘာလို့ စကားတွေ များနေတာလဲ… သူ့ကို သတ်ပြီး ယူလိုက်ရုံပဲလေ"
ပြောပြောဆိုဆိုဖြင့် သူသည် ရှည်လျားသော ကြိမ်လုံးတစ်ချောင်းကို ထုတ်ယူကာ တောက်လောင်နေသော မီးလျှံများဖြင့် ရိုက်နှက်လိုက်သည်။ ထိုတိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သူသည် နိဗ္ဗာန်နယ်ပယ်တွင် တာအိုအမှတ်အသား သုံးဆယ်ရှိသော အစွမ်းရှိကြောင်း သိသာလှသည်။
ရှန်မို အသာအယာ ပြုံးလိုက်ရုံသာ ရှိသည်။ တာအိုအမှတ်အသား သုံးဆယ်ရှိသော နိဗ္ဗာန်နယ်ပယ်။ သူ စိန့်လျှို့ဝှက်ကမ္ဘာသို့ စရောက်စကဆိုလျှင် ဤအစွမ်းမှာ လွှမ်းမိုးနိုင်သော အဆင့်တွင် ရှိနေဆဲ ဖြစ်၏။
သို့သော် ယခုမူ ချွဲငှက်ကြောင့် ရရှိထားသော ဒဏ်ရာများ ရှိနေသေးသော်လည်း... တာအိုအမှတ်အသား သုံးဆယ်မျှသာရှိသော နိဗ္ဗာန်နယ်ပယ် တစ်ဦးမှာ သူ့ကို အနာတရဖြစ်အောင်ပင် မလုပ်နိုင်ပေ။ သူသည် စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် ခုခံရေး ပညာရပ်တစ်ခုခုကိုပင် အသုံးပြုရန် မလိုပေ။ ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာက သူ့ဘာသာ ခုခံပေးလိမ့်မည်။
ဝူး...
နဂါးဟိန်းသံတစ်ခုမှာ ကောင်းကင်ကို တုန်ဟည်းသွားစေသည်။ တောက်လောင်နေသော ကြိမ်လုံးမှာ ရှန်မို၏ ပေသုံးဆယ်အတွင်းသို့ မရောက်ရှိနိုင်မီမှာပင် မီးပွားများအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။
အမျိုးသမီး ကျင့်ကြံသူမှာ မယုံကြည်နိုင်စွာဖြင့် မှင်တက်သွား၏။
ရှန်မို၏ လှောင်ပြောင်သော မျက်နှာအမူအရာကို ကြည့်ရင်း သူ၏ ရင်ထဲတွင် မသက်မသာဖြစ်မှုများ ပြင်းထန်စွာ ခံစားလိုက်ရသည်။ တစ်ဖက်တွင်လည်း ပိန်လှီသော ကျင့်ကြံသူနှင့် ထွားကြိုင်းသော ကျင့်ကြံသူတို့၏ လောဘစိတ်မှာ ပိုမို ပြင်းထန်လာသည်။
အလိုအလျောက် ခုခံနိုင်စွမ်း။
ဒါဟာ အမှန်တကယ်ပဲ သူတော်စင်လက်နက် တစ်ခုပဲ။
"သူ့ရဲ့ နယ်ပယ်က ငါတို့ထက် မြင့်နေရင်တောင် ငါတို့ သုံးယောက် ပေါင်းတိုက်ရင် သူ မခံနိုင်ပါဘူး"
ထွားကြိုင်းသော ကျင့်ကြံသူမှ အော်ဟစ်လိုက်ပြီး အနီရောင် ဆေးလုံးတစ်လုံးကို ချက်ချင်း မျိုချလိုက်သည်။
သူသည် သွေးအဆီအနှစ်ကို လောင်ကျွမ်းစေကာ ဓမ္မရုပ်သွင်တော်ကို ထုတ်ဖော်၍ တိုက်ခိုက်မှု တစ်ခု စတင်လိုက်သည်။
ပိန်လှီသော ကျင့်ကြံသူနှင့် အမျိုးသမီးတို့ကလည်း လိုက်ပါ လုပ်ဆောင်ကြ၏။ ရှန်မို၏ နယ်ပယ်မှာ ၎င်းတို့ထက် မြင့်မားနေနိုင်ကြောင်း သူတို့ သဘောပေါက်သွားကြပြီ ဖြစ်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြင်းထန်လှသော တိုက်ခိုက်မှု သုံးခုမှာ သူ့ထံသို့ တိုက်ရိုက် ဦးတည်လာသည်။
မီးလျှံပူ ကြိမ်လုံးရိုက်ချက်။
မိစ္ဆာမီးလျှံ ဝံပုလွေ။
တောက်လောင်နေသော မီးလုံးကြီး။
တိုက်ခိုက်မှု သုံးခုမှာ တစ်ပြိုင်နက်တည်း ကျရောက်လာသည်။
အဆောင်လက်ဖွဲ့များ၊ စိတ်ဝိညာဉ်လက်နက်များ၊ လျှို့ဝှက်ပညာရပ်များနှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအားလုံးကို ရှန်မိုအား တစ်ချက်တည်းဖြင့် အသေသတ်ရန် ထုတ်ဖော်လိုက်ကြခြင်း ဖြစ်သည်။
သို့သော် ရှန်မို၏ မျက်နှာအမူအရာမှာ လှောင်ပြောင်မှုများဖြင့်သာ ပြည့်နှက်နေဆဲ ဖြစ်၏။ သူ၏ တာအိုအမှတ်အသား စုစုပေါင်းမှာ နှစ်ရာ့ငါးဆယ်သို့ ရောက်ရှိနေလေပြီ။
ဤအဆင့်နိမ့် ကျင့်ကြံသူ သုံးဦး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် သူ ခုခံရန်ပင် မလိုပေ။
ချွမ်...
စူးရှသော ဓားသံတစ်ခု ထွက်ပေါ်လာသည်။
ထိုသုံးဦး၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများမှာ ချက်ချင်းပင် ချေမှုန်းခြင်း ခံလိုက်ရ၏။
၎င်းတို့မှာ မယုံကြည်နိုင်စွာဖြင့် မှင်တက်သွားကြသည်။ ဘာမှ မလုပ်နိုင်မီမှာပင် အေးစက်သော အာရုံတစ်ခုက သူတို့၏ ရင်ဘတ်များကို ထိုးဖောက်သွားသည်။ သူတို့ ခေါင်းငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်အလယ်တွင် ဟောင်းလောင်းပေါက်ကြီးများ ဖြစ်ပေါ်နေသည်ကို ထိတ်လန့်တကြား မြင်တွေ့လိုက်ရသည်။ မှောင်မိုက်မှုနှင့် အေးစက်မှုများက ၎င်းတို့ကို ဝါးမြိုသွားတော့၏။
ဘုတ်...
သုံးဦးလုံး အသက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ဝူး... ဝူး... ဝူး...
ချက်ချင်းဆိုသလိုပင် နောက်ထပ် ပုံရိပ်နှစ်ခု ရောက်ရှိလာသည်။ ဘယ်ဘက်တွင် အရပ်ရှည်ပြီး ချောမောသော လူငယ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ညာဘက်တွင် မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းသော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်ကာ ကိုယ်လုံးကိုယ်ပေါက် လှပပြီး ငယ်ရွယ်နုပျိုသော တက်ကြွမှုများ ရှိနေသည်။
"အစ်ကို… အဲဒီ သုံးယောက် သေသွားပြီ" မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးမှ အသိုက်အတွင်းရှိ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
လူငယ်ကျင့်ကြံသူမှာလည်း နောက်မှ ကပ်လျက် ပါလာသည်။ ထိုအလောင်းများကို မြင်သောအခါ သူ၏ မျက်နှာမှာ အံ့သြမှုနှင့် ထိတ်လန့်မှုများ ရောယှက်နေသည်။
တုန်းရွှမ်ဂိုဏ်းနှင့် ရှောက်ယန် စံအိမ်တော်တို့မှာ နှစ်ပေါင်း တစ်ထောင်တိုင် ရန်ဘက်များ ဖြစ်ခဲ့ကြရာ ရန်ကြွေးများမှာလည်း ရေတွက်မကုန်နိုင်အောင် ရှိသည်။ သူ ထိုသုံးဦးကို ကောင်းကောင်းသိသည်။ ၎င်းတို့မှာ ရှောက်ယန် စံအိမ်တော်၏ မျိုးဆက်သစ် နိဗ္ဗာန်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သို့သော် ယခုမူ ဤနေရာတွင် အလွယ်တကူ သေဆုံးနေကြလေပြီ။ ဒဏ်ရာများကို ကြည့်ရသလောက် ထိုသုံးဦးလုံးမှာ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
မိန်းကလေးမှာ ဥကြီး သုံးလုံးကြားတွင် လဲလျောင်းနေသော အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ချက်ချင်း သတိပြုမိသွားပြီး အံ့သြမှုများ ဖြစ်ပေါ်လာသည်။
"ရှင်က ဘယ်သူလဲ... ဘာလို့ ဒီမှာ လဲနေတာလဲ"
ချောမောသော လူငယ်မှာ သူ့ကို အမြန်ပင် နောက်သို့ ဆွဲလိုက်ပြီး ရှန်မိုကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ "ခင်ဗျားက ဒီသုံးယောက်ကို သတ်လိုက်တာလား"
ရှန်မိုမှ တည်ငြိမ်စွာဖြင့်
"ဘာလဲ.. မင်းတို့က သူတို့အတွက် လက်စားချေပေးမလို့လား"
လူငယ်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန်ပင် ခေါင်းယမ်းလိုက်ကာ ရိုသေစွာဖြင့် အလေးပြုလိုက်သည်။
"မဟုတ်ပါဘူး . မဟုတ်ပါဘူး စီနီယာ… ကျွန်တော်တို့က တုန်းရွှမ်ဂိုဏ်းကပါ… သူတို့ကတော့ ရှောက်ယန် စံအိမ်တော်ကသူတွေပါ"
"ရှောက်ယန် စံအိမ်တော်က ချွဲငှက်ဥတွေကို ခိုးဖို့ လာတာပါ… ကျွန်တော်တို့က သတင်းကို အစောကြီး ရထားလို့ ကြားဖြတ်တားဆီးဖို့ လာခဲ့တာပါ"
"သူတို့ကို သတ်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ တုန်းရွှမ်ဂိုဏ်းက စီနီယာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်"
တစ်ချက်ကြည့်ရုံဖြင့် ရှန်မိုမှာ ၎င်းတို့ထက် များစွာ သာလွန်သောအဆင့်တွင် ရှိနေကြောင်း သူ သိနိုင်သည်။ ထို့ကြောင့် သူ တွေဝေမနေဘဲ ရှန်မိုကို စီနီယာဟု ရိုသေစွာ ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
"တုန်းရွှမ်ဂိုဏ်းလား… နာမည်လေးက ကောင်းသားပဲ"
ရှန်မို ထိုနာမည်ကို ခပ်တိုးတိုး ရေရွတ်ရင်း ရယ်မောလိုက်သည်။
လူငယ်မှာ ထပ်မံ အလေးပြုရင်း
"စီနီယာ၊ ကျွန်တော့်နာမည်က ချန်နန်ရွှမ် ပါ… ဒါကတော့ ကျွန်တော့်ညီမလေး ချန်လင် ပါ"
"စီနီယာ ဒဏ်ရာရထားပုံရပါတယ်… ကျွန်တော်တို့ တုန်းရွှမ်ဂိုဏ်းက စီနီယာ့ရဲ့ ဒဏ်ရာတွေ ပျောက်ကင်းအောင် ကူညီပေးခွင့်ရရင် ဂုဏ်ယူမိမှာပါ"
ရှန်မို သိမ်မွေ့စွာ ပြုံးလိုက်၏။
ဤလူငယ်မှာ အကဲခတ် ကောင်းလှသည်။
တစ်ဖက်တွင် ချန်လင်မှာမူ သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် အမြဲတမ်း မျက်တောင်တခတ်ခတ် လုပ်နေသည်။
သူ့ အစ်ကိုမှာ အမြဲတမ်း အကဲခတ် တော်သူဖြစ်သော်လည်း ယခု အနက်ရောင် ဝတ်စုံဝတ် လူစိမ်းတစ်ယောက်ကို ဘာကြောင့် ဤမျှ ရိုသေနေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။ စီနီယာဟုပင် ခေါ်နေသေးသည်။
ရှန်မို တည်ငြိမ်စွာ ခေါင်းယမ်းလိုက်ပြီး
"ခဏလောက် ထပ်စောင့်ဦး"
သူ၏ စကားအဆုံးမှာပင် ဝေးကွာသော နေရာမှ ချွဲငှက်ကြီး၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
လေနှင့် မိုးကြိုးများ ထကြွလာပြီး အထူးကဲဆုံး နယ်ပယ် ကျင့်ကြံသူကိုပင် နောက်သို့ လွင့်ထွက်သွားစေသည်။ ထိုကျင့်ကြံသူမှာ တိုက်ပွဲကို ဆက်မတိုက်တော့ပေ။ သူ
အသိုက်ဆီသို့ ဝေးကွာသော နေရာမှ တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ ကောင်းကင်ယံသို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့သည်။
ချွဲငှက်ကြီးမှာ စူးရှစွာ အော်မြည်ရင်း အသိုက်ဆီသို့ လျင်မြန်စွာ ပျံသန်းလာသည်။ ပြန်ရောက်လာသောအခါ ဥ သုံးလုံးလုံး အကောင်းအတိုင်း ရှိနေသည်ကို မြင်ရသဖြင့် ၎င်းမှာ ချက်ချင်းပင် စိတ်အေးသွားလေ၏။
သို့သော် ချန်နန်ရွှမ်နှင့် ချန်လင်တို့မှာမူ ကံမကောင်းကြပေ။ ချွဲငှက်ကြီးမှာ အဆင့် (၁၀) သားရဲတစ်ကောင် ဖြစ်ပြီး အထူးကဲဆုံး နယ်ပယ်ရှိ ကျွမ်းကျင်သူတစ်ဦးနှင့် အလားတူသည်။ ၎င်းတို့မှာ တာအိုအမှတ်အသား နှစ်ဆယ်၊ သုံးဆယ်မျှသာ ရှိသော နိဗ္ဗာနနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြရာ ချွဲငှက်၏ ဖိအားကို လုံးဝ မခံနိုင်ကြပေ။
သူတို့ ထိုနေရာမှာတင် ဒူးထောက်ကျသွားကြသည်။ ထို့နောက် ဒူးနှစ်ဖက်လုံးမှ သွေးများ ထွက်လာ၏။ ပခုံးပေါ်ရှိ ကြီးမားလှသော ဖိအားကြောင့် ၎င်းတို့မှာ မကြာမီမှာပင် အသားစိုင်များအဖြစ် ဖိခြေခံရတော့မည့်အတိုင်း ခံစားနေရသည်။
Chapter 657: ရှောက်ယန်အိမ်တော်ကို ဖျက်ဆီးပေး
ရှန်မို လက်တစ်ချက်ဝှေ့ယမ်းလိုက်ကာ
"မမချွဲ… ဒီကလေးနှစ်ယောက်က ကူညီဖို့လာတာပါ… ဥတွေကို ခိုးဖို့ကြိုးစားတဲ့ သုံးယောက်ကတော့ သေသွားပါပြီ"
သူသည် မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းသုံးလောင်းရှိရာသို့ပင် လက်ညှိုးညွှန်ပြလိုက်သေးသည်။
ထိုအခါမှသာ ချွဲငှက်၏ အမူအရာမှာ အနည်းငယ် လျော့ပါးသွားပြီး ဖိနှိပ်ထားသော အရှိန်အဝါများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ချန်နန်ရွှမ်နှင့် ချန်လင်တို့ နှစ်ဦးလုံးလည်း သက်ပြင်းအရှည်ကြီး ချလိုက်မိကြ၏။ သူတို့ ပြန်မတ်တပ်ရပ်လိုက်ချိန်တွင် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး ငရဲတံခါးဝသို့ တစ်ခေါက် ရောက်သွားခဲ့သလို ခံစားနေရသည်။
ချန်နန်ရွှမ်မှ ချွဲငှက်ကို အလျင်အမြန် လက်အုပ်ချီ အရိုအသေပြုလိုက်သည်။
"ကျွန်တော်တို့ကို အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ… ကျွန်တော်တို့က တုန်းရွှမ်ဂိုဏ်းကပါ… ရှောက်ယန် စံအိမ်တော်က စီနီယာ့ရဲ့ ရင်သွေးတွေကို ခိုးဖို့ ကြံစည်နေတာကို ကြားသိရလို့ ဒါကို တားဆီးဖို့ သီးသန့် လာခဲ့တာပါ"
ထို့နောက် သူ ရှန်မိုဘက်သို့ လှည့်ကာ ထပ်မံ၍ ရိုသေစွာ အလေးပြုလိုက်ပြန်သည်။
"ကျွန်တော်တို့အတွက် ပြောပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ"
ချန်လင်ကလည်း လိုက်ပါလုပ်ဆောင်ရင်း "ကျေးဇူးတင်ပါတယ် စီနီယာ"
ချန်နန်ရွှမ်သည် ချွဲငှက်မှာ ကျယ်ပြောလှသော မန်ချန်း တောင်တန်းကြီး၏ အုပ်စိုးသူ သားရဲများထဲမှ တစ်ကောင် ဖြစ်ကြောင်း ကောင်းကောင်းသိသည်။ မကြာသေးမီကမှ အထူးကဲဆုံး နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည့် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှ အထူးကဲဆုံး ကျင့်ကြံသူပင် သူ့ကို မယှဉ်နိုင်ဘဲ အချိန်အနည်းငယ်မျှသာ ထိန်းထားနိုင်ခြင်း ဖြစ်သည်။ ယခု သူ၏ ရင်သွေးများကို ရှောက်ယန် စံအိမ်တော်က ခိုးယူရန် ကြိုးစားခဲ့သဖြင့် သူ့အနေဖြင့် ဒေါသထွက်နေမည်မှာ ဧကန်မလွဲပေ။ ၎င်းတို့မှာ တုန်းရွှမ်ဂိုဏ်းမှ ကျင့်ကြံသူများဖြစ်ပြီး ရှောက်ယန် စံအိမ်တော်၏ ရန်သူများ ဖြစ်သော်လည်း ချွဲငှက်၏ မျက်လုံးထဲတွင်မူ လူသားများသာ ဖြစ်ကြသည်။ အကယ်၍ ရှန်မိုသာ ကြားဝင်စကားပြောပေးခြင်း မရှိပါက ချွဲငှက်သည် ၎င်းတို့ကို ထိုနေရာမှာတင် ချက်ချင်း သတ်ပစ်လိုက်မည်မှာ သေချာလှ၏။ မည်သို့မျှ ဝေခွဲနေမှာ မဟုတ်ပေ။
ချန်နန်ရွှမ်၏ ရင်ထဲတွင် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသကဲ့သို့ပင် သိလိုစိတ်ကလည်း တဖွားဖွား ပေါ်ပေါက်လာသည်။ ဤအနက်ရောင် ဝတ်စုံဝတ် လူငယ်မှာ အမှန်တကယ်ပဲ မည်သူနည်း။ သူသည် ချွဲငှက်၏ သတ်ဖြတ်လိုစိတ်နှင့် သွေးဆာမှုကိုပင် ထိန်းချုပ်ပေးနိုင်နေသည်။
ရှန်မို ထိုနှစ်ဦးကို သိပ်ပြီး ဂရုမစိုက်ဘဲ ချွဲငှက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မမချွဲ… ရှောက်ယန် စံအိမ်တော်က မမရဲ့ ကလေးတွေကို လာခိုးတာပဲ"
"ကျွန်တော် အဲဒီ သုံးယောက်ကို သတ်လိုက်ပြီ ဆိုပေမဲ့ ရှောက်ယန် စံအိမ်တော်က ဒီအတိုင်း အလွယ်တကူ လက်လျှော့မှာ မဟုတ်တာ သေချာတယ်"
"မမချွဲရဲ့ ကိစ္စက ကျွန်တော့် ကိစ္စပဲ"
"အဲဒီ ရဲတင်းလွန်းတဲ့ ရှောက်ယန် စံအိမ်တော်ကို အမြစ်ပြတ်အောင် ချေမှုန်းဖို့ ကျွန်တော် မမချွဲကို ကူညီပေးမယ်"
ရှန်မိုသည် ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်များဖြင့် ရပ်တည်နေ၏။
ချွဲငှက်မှာ သူ၏ သစ္စာပြုထားသော အစ်ကိုကြီး တစ်ယောက်ကဲ့သို့ပင်။
ချွဲငှက်၏ ဥများကို ခိုးယူဝံ့သူများကို နှိမ်နင်းရန် သူ၏ အသက်ကိုပင် ရင်းမည်ဟု ဆိုနေခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူ အလိုချင်ဆုံးအရာမှာ ဤမန်ချန်း တောင်တန်းကြီးထဲမှ ထွက်ခွာချင်နေခြင်း ဖြစ်သည်။ ဤစာကလေးဥ သုံးလုံးကို ကလေးထိန်း ပေးနေရသည်မှာ အလွန် ငြီးငွေ့နေလေပြီ။
ချွဲငှက်မှ ရှန်မိုကို ခပ်စောင်းစောင်း ကြည့်လိုက်ပြီးနောက် ရုတ်တရက် စကားပြောလာသည်။
"ကောင်းပြီ"
ရှန်မို ချွေးစေးများ ထွက်သွားသည်။
ဟာ... မင်းက စကားပြောတတ်တာလား။
တစ်ချိန်လုံး ဘာမှမပြောဘဲ အခုမှ ရုတ်တရက်ကြီး ပြောချင်ရာတွေ ပြောနေတာပဲ။
ဒါဆိုရင် ငါ မင်းရဲ့ အကွယ်မှာ မင်းအကြောင်းတွေ ပြောခဲ့တာကိုလည်း မင်း အကုန်ကြားနေတာပေါ့ ဟုတ်လား။
"သူငယ်ချင်းလေး… ငါ့ကို တစ်ခုလောက် ကူညီပါ… မင်းသာ ငါ့အတွက် ရှောက်ယန် စံအိမ်တော်ကို အမြစ်ပြတ်အောင် ချေမှုန်းပေးရင် မင်းကို အထွတ်အထိပ် သူတော်စင်လက်နက်တစ်ခု ငါ လက်ဆောင်ပေးမယ်"
ချွဲငှက်မှ လေးနက်စွာဖြင့် ရုတ်တရက် ပြောလိုက်သည်။
ရှန်မို မျက်ခုံးပင့်လိုက်မိ၏။
အထွတ်အထိပ် သူတော်စင်လက်နက်။
ဒါ တကယ်ကြီးလား။
အဆင့် (၁၀) သားရဲ၊ ရှေးဟောင်းမျိုးကွဲနှင့် မန်ချန်း တောင်တန်း၏ အုပ်စိုးသူဆိုသည့်အတိုင်းပင်။
သူ့ ပြောပုံဆိုပုံမှာလည်း အထင်ကြီးစရာ ကောင်းလှသည်။ တိုက်ရိုက်ပင် အဓိကအချက်ကို ပြော၏။
အထွတ်အထိပ် သူတော်စင်လက်နက် ပေးမည်တဲ့။ အထူးကဲဆုံး နယ်ပယ်ရှိ ကျင့်ကြံသူများပင် ဤလက်နက်မျိုး ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ကြလိမ့်မည်။
"ကောင်းပြီ… ကျွန်တော် သဘောတူတယ်"
ရှန်မို အကြာကြီး စဉ်းစားမနေဘဲ တိုက်ရိုက်ပင် သဘောတူလိုက်သည်။
ချန်နန်ရွှမ်နှင့် ချန်လင်တို့ နှစ်ဦးလုံး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိကြ၏။
ရှောက်ယန် စံအိမ်တော်ကို အမြစ်ပြတ် ချေမှုန်းမည်လား။
အထွတ်အထိပ် သူတော်စင်လက်နက်ကို လက်ဆောင်ပေးမည်လား။
ဘုရားရေ… ကျွမ်းကျင်သူတွေ စကားပြောပုံက ဒီလိုကြီးလား။
ရှန်မို ပြုံးလိုက်ကာ
"မမချွဲ… တခြား ဘာခိုင်းစရာ ရှိသေးလဲ… လူဟောင်းတစ်ယောက်ယောက်ဆီ သတင်းပါးချင်တာမျိုးရော… အဲဒါလည်း ကျွန်တော် ကူညီပေးလို့ ရတယ်နော်"
"အခကြေးငွေကတော့ အများကြီး ပေးစရာ မလိုပါဘူး"
"သာမန် တာအိုသူတော်စင်လက်နက် တစ်ခု ဒါမှမဟုတ် ကောင်းကင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်ရဲ့ အရိုး တစ်ခုလောက် အထိမ်းအမှတ်အနေနဲ့ ပေးရင် ရပါပြီ"
ချွဲငှက်မှာ မျက်လုံးများကို အပေါ်သို့ လန်ကြည့်လိုက်သည်။
ချန်နန်ရွှမ်မှာလည်း ချွေးများ ထွက်လာပြန်၏။ ဤစီနီယာမှာ တကယ့်ကို ရဲရဲတင်းတင်း ပြောဝံ့သူပင်။ တာအိုသူတော်စင်လက်နက် ဆိုသည်မှာ သူတော်စင်တစ်ဦးသာ ကိုင်ဆောင်နိုင်သော ရတနာများ ဖြစ်သည်။ အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး ဆိုသည်မှာ အထူးကဲဆုံး နယ်ပယ် ကျင့်ကြံသူတစ်ဦး သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော အရိုးများ ဖြစ်ပြီး ၎င်းတို့၏ နတ်ဘုရား စွမ်းအားများ ကိန်းအောင်းနေတတ်သည်။ ကောင်းကင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး ဆိုသည်မှာ ပို၍ပင် ရှားပါးလှသည်။ ယခုအချိန်တွင် မှောင်ခိုဈေးကွက်၌ပင် မြေကမ္ဘာအဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး အနည်းငယ်သာ အရောင်းအဝယ် ဖြစ်နေပြီး ပေါ်လာသည့် အခါတိုင်းလည်း ချက်ချင်းပင် လုယူခြင်း ခံရလေ့ရှိသည်။ ဤအရာနှစ်ခုမှာ လမ်းဘေးတွင် လောက်လောက်လားလား ကောက်ရနိုင်သည့် ဂေါ်ဖီထုပ်များ မဟုတ်ပေ။
ချန်လင် ဇဝေဇဝါဖြင့်
"အစ်ကို… ကောင်းကင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်ရဲ့ အရိုး ဆိုတာ ဘာလဲဟင်"
ချန်နန်ရွှမ် အသံကို နှိမ့်ကာ အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ချန်လင် တိုးတိုးလေး ပြောလိုက်၏။
"မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုရဲ့ အသစ်တက်လာတဲ့ အထူးကဲဆုံး ပုဂ္ဂိုလ် လဲ့ကျင့်လုံ က ကောင်းကင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်ရဲ့ အရိုးကို ပိုင်ဆိုင်ထားတယ်လို့ ကျွန်မ ကြားဖူးတယ်"
"အကယ်၍ သူ သေသွားရင် သူ့ဆီကနေ အဲဒီအရိုးကို တူးထုတ်လို့ ရမှာပေါ့ နော်"
"မင်း အခု ဘာပြောလိုက်တာလဲ… မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုရဲ့ အထူးကဲဆုံး ပုဂ္ဂိုလ် အသစ်… လဲ့ကျင့်လုံ ဟုတ်လား"
ချွဲငှက်၏ အကြည့်မှာ ချက်ချင်းပင် အေးစက်သွားသည်။
သူ ရှန်မိုကို ကြည့်လိုက်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"သူငယ်ချင်းလေး… လဲ့ကျင့်လုံ ရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပေးဖို့ ငါ့ကို ကူညီပါဦး… ငါ သူ့ကို သတ်ပြီးရင် မင်းကို နှစ်ပေါင်း တစ်ရာတိုင်တိုင် ကာကွယ်ပေးမယ်… ပြီးတော့ သူတော်စင်အဆင့်ရှိတဲ့ အထူးကဲဆုံး ပုဂ္ဂိုလ်ရဲ့ အရိုး တစ်ခုအကြောင်းကိုလည်း သဲလွန်စ ပေးမယ်"
ဘေးနားရှိ ချန်နန်ရွှမ်မှာ ထိုစကားများကို ကြားသောအခါ မှင်တက်သွားတော့သည်။ သူတော်စင်အဆင့်။
အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး။
ဘုရားရေ။
အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး ဆိုသည်မှာ အရိုးတစ်ခု ဖြစ်သော်လည်း ၎င်းကို အပိုင်းလိုက် စုစည်းရယူရခြင်း ဖြစ်သည်။ အပိုင်း တစ်ပိုင်း ရရှိရုံဖြင့်ပင် အထူးကဲဆုံး နယ်ပယ်သို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။ သို့သော် ထိုသို့သော အထူးကဲဆုံး ပုဂ္ဂိုလ်များမှာ အားနည်းကြ၏။
ရည်မှန်းချက် ရှိသူတိုင်း နှစ်ပိုင်း၊ သုံးပိုင်း အစရှိသဖြင့် ဆက်လက်၍ စုစည်းကြလိမ့်မည်။
အပိုင်း တစ်ပိုင်းမှ သုံးပိုင်းအထိကို သာမန် အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး ဟု ခေါ်သည်။ လေးပိုင်းမှ ခြောက်ပိုင်းအထိကို မြေကမ္ဘာအဆင့် ဟု ခေါ်သည်။ ခုနစ်ပိုင်းနှင့် ရှစ်ပိုင်းမှာမူ ကောင်းကင်အဆင့် ဖြစ်သည်။ ကိုးပိုင်းအထိ ပြည့်စုံမှသာ သူတော်စင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး ဟု သတ်မှတ်ခြင်း ခံရလေသည်။
အသစ်တက်လာသည့် အထူးကဲဆုံး ပုဂ္ဂိုလ် လဲ့ကျင့်လုံပင် ရှစ်ပိုင်းသာရှိသော ကောင်းကင်အဆင့် အရိုးကိုသာ ပိုင်ဆိုင်ထားကြောင်း မိသားစု လူကြီးများ ပြောနေသည်ကို သူ ကောင်းကောင်း မှတ်မိနေသည်။ သို့သော်လည်း လဲ့ကျင့်လုံ မှာ အလွန်အမင်း အစွမ်းထက်နေပြီဖြစ်ကာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက ဂန္ထဝင် ချန်ချင်း အထူးကဲဆုံး နှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟု ကြွေးကြော်နေသူ ဖြစ်သည်။ ယခုအခါ သူသည် အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ ဝါရင့် အထူးကဲဆုံး ကျင့်ကြံသူများကိုပင် ပေါ်ပေါ်ထင်ထင် စိန်ခေါ်နေသူ ဖြစ်သည်။
ယခုမူ သူသည် "သူတော်စင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုး" ဆိုသည့် စကားလုံးကို ကြားလိုက်ရ၏။ သူ့ နားများပင် မှားကြားသလားဟု သံသယ ဝင်မိသွားသည်။
ရှန်မိုကမူ မျက်ခုံးပင့်လိုက်မိ၏။
သူတော်စင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်၏ အရိုးလား။
သူ့တွင် တာအိုအမှတ်အသား ၂၅၀ ရှိနေပြီ ဖြစ်သည်။ သူ၏ ရည်မှန်းချက်ဖြစ်သော ၅၀၀ သို့ ရောက်ရန် အလှမ်းဝေးနေသေးသော်လည်း ကြိုတင်ပြင်ဆင်ရမည့် အချိန် ရောက်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော ကံထူးမှုကို သူ လက်လွတ်မခံနိုင်ပေ။ ထို့အပြင် သူ ချက်ချင်း သဘောပေါက်သွားသည်မှာ ရှောက်ယန် စံအိမ်တော်အတွက် အချိန်ဆွဲပေးရန် ချွဲငှက်ကို တိုက်ခိုက်ခဲ့သော အထူးကဲဆုံး ကျင့်ကြံသူမှာ လဲ့ကျင့်လုံ ဖြစ်ရမည် ဆိုခြင်းပင်။
ခေတ္တမျှ စဉ်းစားပြီးနောက် ရှန်မို ခေါင်းယမ်းလိုက်သည်။
"မမချွဲ… လဲ့ကျင့်လုံ ကို သတ်ဖို့ မမနဲ့ ကျွန်တော် ပူးပေါင်းမယ်ဆိုရင် မမရဲ့ ကာကွယ်မှု ကျွန်တော် မလိုပါဘူး"
"ကျွန်တော် လိုချင်တာက သူတော်စင်အဆင့် အထူးကဲဆုံး ပုဂ္ဂိုလ်ရဲ့ အရိုး နဲ့ ပတ်သက်တဲ့ သဲလွန်စတွေပဲ… မမမှာ ဘယ်နှစ်ခုပဲ ရှိရှိ၊ အကုန်လုံး ကျွန်တော် ယူမယ်"
ချွဲငှက် သူ့ကို အသေအချာ တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ… ငါ သဘောတူတယ်"
တစ်ဖက်တွင်မူ ချန်နန်ရွှမ်နှင့် ချန်လင်တို့မှာ လုံးဝ ဆွံ့အသွားကြသည်။
လဲ့ကျင့်လုံ ကို... သတ်မယ် ဟုတ်လား။
ဒါဟာ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုရဲ့ အသစ်တက်လာတဲ့ အထူးကဲဆုံး ပုဂ္ဂိုလ်လေ။
အကယ်၍ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသာ ကျဆုံးသွားခဲ့လျှင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားလိမ့်မည်။ ဒါဟာ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု တစ်ခုလုံးကို စစ်ကြေညာလိုက်တာနဲ့ အတူတူပဲ။
ဤအနက်ရောင် ဝတ်စုံဝတ် စီနီယာကတော့ ရူးနေပြီလား။
သို့သော်လည်း ချန်နန်ရွှမ် သတ္တိမွေးကာ ရိုသေစွာ မေးလိုက်သည်။
"စီနီယာ ဒဏ်ရာတွေ ပြန်ကောင်းလာဖို့အတွက် ကျွန်တော်တို့ တုန်းရွှမ်ဂိုဏ်းက ကူညီပေးချင်ပါတယ်… ကျွန်တော်တို့ ဂိုဏ်းကို လာရောက်လည်ပတ်ဖို့ စီနီယာ သဘောတူမလား ခင်ဗျာ"
ရှန်မို တည်ငြိမ်စွာ ပြုံးလိုက်ပြီး
"ရတာပေါ့… ငါလည်း တည်းခိုဖို့ နေရာတစ်ခု လိုနေတာပဲ"
ချန်နန်ရွှမ်မှာ အလွန် ဝမ်းသာသွားပြီး
"ကျွန်တော့်ရဲ့ ဆရာနဲ့ တခြား အကြီးအကဲတွေ အဲဒီဘက်မှာ ရှိနေပါတယ်… စီနီယာ ကျွန်တော်နဲ့ လိုက်ခဲ့ပါ"
ရှန်မိုကလည်း ခေါင်းညိတ် သဘောတူလိုက်၏။ ခဏအကြာတွင် သူ တုန်းရွှမ်ဂိုဏ်း၏ အကြီးအကဲ လေးဦးနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့ထဲတွင် တစ်ဦးသာ လူလတ်ပိုင်း အရွယ် ဖြစ်ပြီး ကျန်သုံးဦးမှာ ဆံပင်များ ဖြူနေကြပြီ ဖြစ်သည်။
ကျင့်ကြံသူများမှာ အသက်ရှည်ကြ၏။ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများသည် ဘာပြဿနာမှ မရှိလျှင် အနည်းဆုံး နှစ်ပေါင်း နှစ်သောင်းခန့် အသက်ရှည်နိုင်ကြသည်။ အထူးကဲဆုံး နယ်ပယ်ရှိသူများမှာမူ ပို၍ပင် အသက်ရှည်ကြ၏။ ပုံမှန်အားဖြင့် သက်တမ်း ကုန်ခါနီးမှလွဲ၍ ၎င်းတို့၏ ရုပ်ရည်မှာ လူငယ်ဘဝအတိုင်းပင် တည်ရှိနေတတ်သည်။ သက်တမ်း ကုန်ဆုံးတော့မည့် အချိန်ကျမှသာ အိုမင်းရင့်ရော်သည့် လက္ခဏာများ စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရှန်မိုရှေ့ရှိ အကြီးအကဲ လေးဦးလုံးမှာ အိုမင်းရင့်ရော်သည့် လက္ခဏာများ ရှိနေကြသည်။ တုန်းရွှမ်ဂိုဏ်းမှာ မျိုးဆက်သစ် ပြဿနာနှင့် ရင်ဆိုင်နေရပုံရ၏။ ထို့အပြင် လေးဦးလုံးတွင် မြင်သာသော ဒဏ်ရာများ ရှိနေကြသည်။
လူလတ်ပိုင်း ကျင့်ကြံသူမှာမူ လက်တစ်ဖက်ပင် ပြတ်နေသေးသည်။ သေချာသည်မှာ ရှောက်ယန် စံအိမ်တော်နှင့် ၎င်းတို့၏ မကြာသေးမီက တိုက်ပွဲမှာ အလွန်အမင်း အန္တရာယ်များခဲ့ခြင်း ဖြစ်ပေလိမ့်မည်။