အခန်း (၆၅၈-၆၆၀)
Vol. 44 Ch. 658-660
Chapter 658: ရွှမ်လိပ်ကန်
ထိုခဏတွင် အကြီးအကဲ လေးဦးစလုံးမှာ ရှန်မိုကို အထင်ကြီး လေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ချန်နန်ရွှမ်မှာ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်လည် ပြောပြထားပြီးဖြစ်သည်။ တာအိုအမှတ်အသား နှစ်ဆယ်စီရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ သုံးဦးကို တစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့သဖြင့် ရှန်မို၏ အစွမ်းမှာ အနည်းဆုံး အမှတ်အသား ခြောက်ဆယ် သို့မဟုတ် ထို့ထက်မက ရှိရမည်ဖြစ်ရာ မည်သည့် ပထမတန်းစား ဂိုဏ်းတွင်မဆို မဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည်နိုင်စွမ်း ရှိသည်။ သာ၍ အထင်ကြီးစရာ ကောင်းသည်မှာ ရှန်မိုသည် ချွဲငှက်နှင့် မိတ်ဆွေဟောင်းများကဲ့သို့ စကားပြောနိုင်ခြင်းပင်။ ယင်းကသာ ၎င်းတို့၏ လေးစားမှုကို အမှန်တကယ် ရရှိစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ တစ်ဦးမျှ မောက်မာစွာ မပြုမူကြဘဲ ရှန်မိုကို မိမိတို့ထက် သာလွန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူထားကြသည်။
"ကျွန်တော်ကတော့ တုန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်ချွမ်းလျို ပါ… မိတ်ဆွေကို တွေ့ရတာ ဝမ်းသာပါတယ်"
"ကျွန်တော်ကတော့ တုန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ရှီဖျင် ပါ… မိတ်ဆွေကို တွေ့ရတာ ဝမ်းသာပါတယ်" "ကျွန်တော်က ရှီခွမ် ပါ..."
"ကျွန်တော်က မိုင်ကျန့်ဖုန်း ပါ..."
တစ်ဦးချင်းစီ မိတ်ဆက်ပြီးနောက် ဂိုဏ်းချုပ် ပိုင်ချွမ်းလျိုမှ
"မိတ်ဆွေရဲ့ နာမည်ကို သိခွင့်ရှိမလား"
"ရှန်မို ပါ"
ပိုင်ချွမ်းလျို လက်အုပ်ချီလိုက်ကာ
"ဒီနေရာက စကားပြောဖို့ မသင့်တော်ပါဘူး… ကျွန်တော်တို့ ဂိုဏ်းဌာနချုပ်ကို ကြွပြီး အေးအေးဆေးဆေး စကားပြောကြမလား ခင်ဗျာ"
"ရတာပေါ့"
ရှန်မို ခေါင်းညိတ်လိုက်သည်။
...
ရွှမ်လိပ်ကန်။
ယင်းမှာ အရှေ့ပြည်နယ်၏ အနောက်ဘက်ဒေသတွင် ပြန့်ကျဲနေသော ရေကန်ပေါင်းများစွာထဲမှ တစ်ခုဖြစ်သည်။ ကျယ်ပြောလှပြီး စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝလှသောကြောင့် ဤနေရာသည် တုန်းရွှမ်ဂိုဏ်း၏ ဌာနချုပ်အဖြစ် နှစ်ပေါင်း တစ်သောင်းကျော်တိုင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ အထက်ကောင်းကင်ယံမှနေ၍ ရှန်မို ရေကန်ကြီးကို ငုံ့ကြည့်လိုက်သည်။ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကြက်ခွပ်လေးများ ထနေပြီး ကျူပင်များမှာ လေထဲတွင် ယိမ်းနွဲ့နေကာ ရေငှက်များမှာလည်း ပျော်မြူးနေကြ၏။ ရွှမ်လိပ်ကန်ကို ပတ်လည်ဝိုင်းထားသော ဝါးအဆောက်အအုံပေါင်းများစွာကို တည်ဆောက်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤအဆောက်အအုံများကို အစီအရင်တစ်ခု၏ ပုံစံအတိုင်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း ရှန်မို သိလိုက်၏။ ယင်းကို ဂိုဏ်း၏ အကာအကွယ် အတားအဆီးအဖြစ် အသုံးပြုရန် အစီအရင် ပညာရှင်တစ်ဦးက တည်ဆောက်ထားခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ကျူးကျော်သူများ ပေါ်လာပါက အဆောက်အအုံများနှင့် ရေကန်အောက်ခြေတွင် ဝှက်ထားသော အစီအရင်မှာ ချက်ချင်း အသက်ဝင်လာလိမ့်မည် ဖြစ်သည်။
"မဆိုးဘူး… အစီအရင်ကို တကယ့်ကို သေသပ်လှပအောင် ခင်းကျင်းထားတာပဲ"
ရှန်မို သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
ပိုင်ချွမ်းလျိုနှင့် အခြားသူများမှာ မှင်တက်သွားကြပြီး စိတ်ထဲမှ တုန်လှုပ်သွားကြသည်။
ဤအနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူသည် ၎င်းတို့၏ အစီအရင်ကို တစ်ချက်ကြည့်ရုံဖြင့် ထိုးဖောက်မြင်ရသည်။
သူသည်လည်း အစီအရင် ပညာရှင်တစ်ဦး ဖြစ်ရမည်။
"နန်ရွှမ်၊ ချန်လင်… တခြား အကြီးအကဲတွေကို သွားခေါ်လိုက်ဦး"
ပိုင်ချွမ်းလျိုမှ ညွှန်ကြားလိုက်သည်။
ချန်နန်ရွှမ်နှင့် ချန်လင်က ခေါင်းညိတ်ကာ
"နားလည်ပါပြီ"
ပိုင်ချွမ်းလျို ရှန်မိုဘက်သို့ လှည့်ကာ ပြုံးလျက်
"မိတ်ဆွေ… ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
တုန်းရွှမ်ဂိုဏ်း၏ ပင်မခန်းမကြီးမှာ တောင်ဘက်တွင် တည်ရှိသည်။ တံခါးစောင့် တပည့်များသည် ဂိုဏ်းချုပ် ပိုင်ချွမ်းလျိုကို မြင်သည်နှင့် ရိုသေစွာ အလေးပြုကြ၏။ မကြာမီမှာပင် ကျော့ရှင်းသော အမျိုးသမီးတပည့်လေးတစ်ဦးသည် အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်ကို ယူဆောင်လာပြီး ရှန်မို၏ ဘေးတွင် ယဉ်ကျေးစွာ ရပ်နေသည်။ ပိုင်ချွမ်းလျို၊ ရှီဖျင်နှင့် အခြားသူများသည်လည်း ၎င်းတို့၏ နေရာအသီးသီးတွင် ထိုင်လိုက်ကြပြီး ရှန်မိုနှင့် ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။
အမှန်စင်စစ် ၎င်းတို့သည် ရှန်မို၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်ဂိုဏ်းက ဖြစ်ကြောင်းကို သိမ်မွေ့စွာ စုံစမ်းနေကြခြင်းပင်။ သို့သော် ရှန်မိုမှာ ၎င်းတို့၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိသဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံးဝ ထုတ်မပြောပေ။
ခဏအကြာတွင် ပုံရိပ်အချို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ဦးဆောင်လာသူ အနည်းငယ်မှာ ဆံပင်ဖြူများဖြင့် တည်ငြိမ်သော ခြေလှမ်းများ ရှိကြရာ တုန်းရွှမ်ဂိုဏ်း၏ အခြားသော အကြီးအကဲများ ဖြစ်ကြသည်မှာ ထင်ရှားသည်။
"တံခါးတွေ ပိတ်လိုက်"
ပိုင်ချွမ်းလျိုမှ အမိန့်ပေးလိုက်သည်။
ပင်မခန်းမကြီး၏ တံခါးများ ပိတ်သွားပြီး စုစုပေါင်း အကြီးအကဲ ဆယ်ဦး နေရာယူလိုက်ကြသည်။ ထိုနေရာတွင် နေခွင့်ရသည့် တပည့်များမှာ ချန်နန်ရွှမ်နှင့် ချန်လင်တို့ နှစ်ဦးသာ ရှိသည်။
"ဂိုဏ်းချုပ်… ကျွန်တော်တို့ကို ဘာလို့ ဒီကို ခေါ်လိုက်တာလဲဗျ"
ငယ်ရွယ်ပုံရသော အကြီးအကဲတစ်ဦးမှ မေးလိုက်သည်။
"ပြီးတော့ ဒီအနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူက ဘယ်သူလဲ။ရ… သူ့ကို ဘာလို့ ပင်မခန်းမထဲကို ပေးဝင်ထားတာလဲ"
အခြား အကြီးအကဲတစ်ဦးမှ မေးခွန်းထုတ်သည်။
ပိုင်ချွမ်းလျို လက်ကာလိုက်ကာ
"နန်ရွှမ်… မင်းပဲ ရှင်းပြလိုက်ပါ… အတိအကျ ပြော… ဘာကို ပြောရမယ်၊ ဘာကို မပြောရဘူးဆိုတာ သိတယ်မလား"
စကားပြောနေစဉ်တွင် သူ ချန်နန်ရွှမ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ချန်နန်ရွှမ် ခေါင်းညိတ်ပြပြီး မန်ချန်း တောင်တန်းတွင် ဖြစ်ပျက်ခဲ့သမျှကို အစမှ အဆုံးအထိ ပြန်လည် ပြောပြလိုက်သည်။ သို့သော် မပြောသင့်သည့် အချက်များဖြစ်သော ရှန်မိုနှင့် ချွဲငှက်တို့၏ သဘောတူညီချက်မျိုးကိုမူ တစ်လုံးမျှ ထုတ်မပြောပေ။
သူ ပြောပြီးသွားသောအခါ အကြီးအကဲများ အတော်ကြာအောင် တိတ်ဆိတ်သွားကြသည်။ ၎င်းတို့ ရှန်မိုကို ကြည့်သည့် အကြည့်မှာ လုံးဝ ပြောင်းလဲသွားပြီး ခန့်ညားထိတ်လန့်သော အကြည့်များ ဖြစ်သွား၏။
မန်ချန်း တောင်တန်းမှာ အရှေ့ပြည်နယ်တွင် အကြီးဆုံးနှင့် ရှေးအကျဆုံး တောင်တန်းကြီး ဖြစ်သည်။ ၎င်း၏ နယ်မြေအတွင်း အုပ်စိုးသူ သားရဲဘုရင်များမှာ လွတ်လပ်စွာ ကျက်စားနေကြသည်။ ချွဲငှက်ပင်လျှင် တောင်တန်းကြီး၏ နက်ရှိုင်းသော နေရာတွင် ပို၍ အစွမ်းထက်သော သားရဲကြီးနှင့် တိုက်ပွဲရှုံးနိမ့်ပြီးမှ အပြင်ဘက်ပိုင်းသို့ ရောက်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။ မန်ချန်း တောင်တန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် အထူးကဲဆုံး နယ်ပယ်ရှိ ကျင့်ကြံသူများတောင် အထဲသို့ နက်နက်ရှိုင်းရှိုင်း မဝင်ရဲကြပေ။ သို့သော် ဤအနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူမှာ ထိုနေရာတွင် အချိန်အတော်ကြာအောင် နေထိုင်နိုင်ရုံတင်မက ချွဲငှက်၏ ခင်မင်မှုကိုပင် ရရှိထားသည်။ သူသည် သာမန်လူ မဟုတ်သည်မှာ သေချာလှ၏။
တုန်းရွှမ်ဂိုဏ်း၏ အကြီးအကဲများသည် ယခုအခါ ရှန်မို၏ အစွမ်းနှင့် စရိုက်ကို လုံးဝ ယုံကြည်သွားကြပြီ ဖြစ်သည်။ ထို့အပြင် ရှောက်ယန် စံအိမ်တော်ကို ဖျက်ဆီးခြင်းမှာလည်း ဂိုဏ်း၏ အဓိက အကျိုးစီးပွားနှင့် ကိုက်ညီနေသည်။ ၎င်းတို့၏ ရည်မှန်းချက်များမှာ တူညီနေသဖြင့် သဘာဝကျစွာပင် ပူးပေါင်းကြလိမ့်မည်။
ပိုင်ချွမ်းလျို လေးနက်စွာ မတ်တပ်ရပ်လိုက်ပြီး
"မိတ်ဆွေ ရှန်… တုန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဂိုဏ်းရဲ့ အကာအကွယ်ပေးမယ့် အထူး အကြီးအကဲ တစ်ယောက်အဖြစ် ဆောင်ရွက်ပေးဖို့ ခင်ဗျားကို ဖိတ်ခေါ်ပါတယ်"
"သာမန် အကာအကွယ်ပေးသူ မဟုတ်ဘဲ ကောင်းကင်အဆင့် အကာအကွယ်ပေးသူ အဖြစ်ပါ"
ဂိုဏ်းအများစုတွင် 'အကာအကွယ်ပေးသူ' သို့မဟုတ် 'အထူး အကြီးအကဲ' ဆိုသည့် ရာထူးများ ရှိကြသည်။ ဤရာထူးမှာ ဂိုဏ်း၏ တရားဝင် အဆင့်အတန်းများ၏ ပြင်ပတွင် ရှိပြီး ဂိုဏ်းဝင်အစစ်အမှန်များအဖြစ် မသတ်မှတ်ထားပေ။ သို့သော် ၎င်းတို့သည် လစဉ် ချီးမြှင့်ငွေများ ရရှိကြပြီး ဂိုဏ်းတွင် ဘေးဒုက္ခ ကြုံလာချိန်များ၌ ကူညီပေးရလေ့ ရှိ၏။ ပုံမှန်အားဖြင့် ထိုသူများသည် အလွန် အစွမ်းထက်ကြသည်။ အချို့သော အစွမ်းထက် ကျင့်ကြံသူများသည် ဂိုဏ်းငယ်လေးများစွာတွင် ထိုကဲ့သို့သော ရာထူးများကို တစ်ပြိုင်နက် ရယူထားတတ်၏။ သူတို့၏ အမည်နာမမှာပင် ထိုဂိုဏ်းများအတွက် အကာအကွယ် အဆောင်လက်ဖွဲ့ တစ်ခု ဖြစ်နေတတ်သည်။ သဘာဝကျစွာပင် အကာအကွယ်ပေးသူ အဆင့်အတန်းကို လူသားအဆင့်၊ မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်ဟူ၍ သုံးမျိုး ခွဲခြားထားသည်။ ရှန်မိုကို ကောင်းကင်အဆင့် အကာအကွယ်ပေးသူအဖြစ် တိုက်ရိုက် ခန့်အပ်လိုက်ခြင်းမှာ ပိုင်ချွမ်းလျိုအနေဖြင့် အမြင့်ဆုံးသော လေးစားမှုကို ပြသလိုက်ခြင်း ဖြစ်ပြီး သူ့အား မျက်နှာသာ အကြီးအကျယ် ပေးလိုက်ခြင်းပင် ဖြစ်သည်။
ဤကဲ့သို့ ကောင်းမွန်သော ကမ်းလှမ်းချက်ကို ငြင်းပယ်စရာ အကြောင်းမရှိသကဲ့သို့ ရှန်မိုသည်လည်း အမှန်တကယ်ပင် ခေတ္တတည်းခိုရန် နေရာတစ်ခု လိုအပ်နေသောကြောင့် အသာအယာ ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ"
ပိုင်ချွမ်းလျိုနှင့် တုန်းရွှမ်ဂိုဏ်း အကြီးအကဲများမှာ ဝမ်းသာအားရ လက်ခုပ်တီးကြပြီး ရှန်မို၏ ဂိုဏ်းအတွင်းသို့ တရားဝင် ဝင်ရောက်လာမှုကို ဂုဏ်ပြုပွဲ ဆင်နွှဲကြသည်။
ချန်နန်ရွှမ်မှာ ခေတ္တ စဉ်းစားပြီးနောက် ပိုင်ချွမ်းလျို အနားနားသို့ ကပ်ကာ တိုးတိုးလေး ပြော၏။ နားထောင်ပြီးနောက် ပိုင်ချွမ်းလျို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အားလုံးပဲ”
ပိုင်ချွမ်းလျိုမှ အသံကို မြှင့်ပြောလိုက်ပြီး အခန်းတွင်းကို တိတ်ဆိတ်သွားစေရန် လက်နှစ်ဖက်ဖြင့် ဖိပြလိုက်သည်။
အားလုံး တိတ်ဆိတ်သွားသောအခါ သူ လေးနက်စွာဖြင့်
"အကာအကွယ်ပေးသူ ရှန်ဟာ ရှောက်ယန် စံအိမ်တော်ကို တိုက်ခိုက်ဖို့ ငါတို့ရဲ့ လျှို့ဝှက်လက်နက်ပဲ… သူ့ရဲ့ အစစ်အမှန်ကို ဘယ်သူမှ မသိစေရဘူး"
"ရှောက်ယန် စံအိမ်တော်ရဲ့ သံသယနဲ့ စုံစမ်းမှုတွေကို ရှောင်လွှဲဖို့အတွက် ငါ အခု ကြေညာတယ်… ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့သူ ဘယ်သူမှ အကာအကွယ်ပေးသူ ရှန်ရဲ့ အစစ်အမှန် အဆင့်အတန်းကို ထုတ်မပြောရဘူး" "ပြင်ပကမ္ဘာကိုတော့ သူဟာ လူသားအဆင့် အကာအကွယ်ပေးသူလို့ပဲ ပြောမယ်… ဂိုဏ်းအတွင်းမှာတော့ သူဟာ အမြင့်ဆုံး ကောင်းကင်အဆင့် အဆင့်အတန်းနဲ့ အခွင့်အရေးအားလုံးကို ရရှိခံစားရမယ်"
သူ ပြောပြီးသည်နှင့် အကြီးအကဲများ အားလုံးက သဘောတူ ခေါင်းညိတ်လိုက်ကြသည်။ "ကောင်းလိုက်တဲ့ အကြံ!"
"ဒါ နန်ရွှမ်ရဲ့ အကြံ ဖြစ်ရမယ်… တကယ့်ကို သေသပ်လှပတာပဲ"
"အကာအကွယ်ပေးသူ ရှန်ကို လုံးဝ ဖုံးကွယ်ထားရမယ်… သူ့ကို လူသားအဆင့် အကာအကွယ်ပေးသူအဖြစ် ပြသထားတာဟာ တကယ့်ကို ကောင်းမွန်တဲ့ အကာအကွယ်ပဲ"
"ငါတို့ရဲ့ တန်ပြန်တိုက်စစ်က အချိန်ယူရဦးမှာ… သုံးနှစ်ကနေ ငါးနှစ်လောက် ဖြစ်နိုင်သလို အနှစ်နှစ်ဆယ် သုံးဆယ်လောက်လည်း ကြာနိုင်တယ်… အဲဒီအချိန်အတောအတွင်း အကာအကွယ်ပေးသူ ရှန်အနေနဲ့ ဒီလို သာမန်ပုံစံလေးနဲ့ပဲ သည်းခံပြီး နေပေးပါဦး"
မကြာမီမှာပင် အစည်းအဝေး ပြီးဆုံးသွားပြီး အကြီးအကဲများလည်း လူစုခွဲသွားကြသည်။ ပိုင်ချွမ်းလျှို၏ ညွှန်ကြားချက်အရ ရှန်မိုကို ချန်နန်ရွှမ်နှင့် ချန်လင်တို့က ဝါးအဆောက်အအုံများကြားမှတစ်ဆင့် မြေအောက်နေရာတစ်ခုသို့ ခေါ်ဆောင်သွားကြရာ နောက်ဆုံးတွင် မြေအောက် ကျင့်ကြံခြင်း ခန်းမတစ်ခုသို့ ရောက်ရှိသွားသည်။
ရှန်မို သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး
"မဆိုးဘူးပဲ… ကန်အောက်ခြေမှာ ကျင့်ကြံခြင်း ခန်းမကို တိုက်ရိုက် တည်ဆောက်ထားတာ တကယ့်ကို ပါးနပ်တာပဲ"
ချန်နန်ရွှမ်က ရိုသေစွာ ရှင်းပြသည်။ "ကန်အောက်ခြေမှာ အဆင့်အလိုက် ခွဲခြားထားတဲ့ အခန်းပေါင်း ၃၆ ခန်း ရှိပါတယ်… ကောင်းကင်အဆင့် အခန်းတွေကိုတော့ ဂိုဏ်းချုပ်၊ အကြီးအကဲတွေနဲ့ ပင်မတပည့်တွေပဲ ဝင်ခွင့်ရှိတာပါ"
"ကျွန်တော့်ဆရာ ဂိုဏ်းချုပ်က သူ့ရဲ့ ကိုယ်ပိုင်အခန်းကို ဖယ်ပေးပြီး စီနီယာ့ကို ကမ်းလှမ်းလိုက်တာပါ"
ရှန်မို ထပ်မံ ခေါင်းညိတ်လိုက်သည်။
ကြည့်ရသည်မှာ ပိုင်ချွမ်းလျိုသည် လူမှုရေးကို ကောင်းကောင်း နားလည်သူဖြစ်သည်။ သူသည် ရှန်မို၏ အစွမ်းအစကို ကောင်းကောင်း မြင်ထားသဖြင့် ယခုအခါ သူ့အပေါ်တွင် ပုံအော လောင်းကြေးထပ်လိုက်ခြင်းပင် ဖြစ်သည်။
"ကောင်းပြီ… မင်းရဲ့ ဆရာ ဂိုဏ်းချုပ်ကို သွားပြောလိုက်… ငါ တကယ့်ကို စိတ်ကျေနပ်တယ်လို့"
ရှန်မိုမှ အခန်းထဲသို့ ဝင်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ တံခါးပိတ် ကျင့်ကြံတော့မယ်… ဘယ်သူမှ ငါ့ကို လာမနှောင့်ယှက်စေနဲ့"
"ဟုတ်ကဲ့ပါ စီနီယာ… ကျွန်တော့် ညီမလေးက ဘေးခန်းမှာ စောင့်ကြပ်ပေးပါလိမ့်မယ်"
ချန်နန်ရွှမ် လေးနက်စွာ ပြန်ပြောသည်။
ချန်လင်ကလည်း အားတက်သရော ဝင်ပြော၏။
"စီနီယာ ရှန်… ဘယ်သူမှ စီနီယာ့ရဲ့ အေးချမ်းမှုကို လာမနှောင့်ယှက်စေရဘူးလို့ ကျွန်မ အာမခံပါတယ်"
ရှန်မို စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
Chapter 659: စိတ်ဝိညာဉ်လက်နက်များ ပူးပေါင်းခြင်း
ရှန်မို ဝင်ထိုင်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်အတွင်းမှ ကိရိယာမျိုးစုံကို ချက်ချင်း ထုတ်ယူလိုက်သည်။ ပထမဆုံးနှင့် အရေးကြီးဆုံးအရာမှာ ‘နတ်ဘုရားမွေးမြူရေး ဖန်မီးအိမ်’ ဖြစ်သည်။ ပျက်စီးနေသော ဤသူတော်စင်လက်နက်သည် ဝိညာဉ်လက်နက်နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်၏။ ရှန်မိုသည် သူပိုင်ဆိုင်ထားသော ဝိညာဉ်လက်နက်များကို ပေါင်းစပ်ပြီး ၎င်းတို့၏ စွမ်းပကားကို မြှင့်တင်ရန် ဤမီးအိမ်၏ စွမ်းအားကို အသုံးပြုဖို့ ကြံစည်ထားသည်မှာ ကြာပြီဖြစ်သည်။
သို့သော် သူထိုသို့လုပ်ဆောင်ရန် အားလပ်ချိန် လုံးဝမရရှိခဲ့ပေ။ ယခုမူ အားလပ်ချိန် အနည်းငယ် ရရှိလာပြီဖြစ်ရာ ချက်ချင်းပင် အလုပ်စတင်တော့သည်။
ရှန်မို သူ၏ စိတ်အာရုံကို နတ်ဘုရားမွေးမြူရေး ဖန်မီးအိမ်အတွင်းသို့ ထည့်သွင်းကြည့်ရှုလိုက်ရာ မီးအိမ်၏ အောက်ခြေတွင် ထူးဆန်းပြီး ကြည်လင်သော အရည်အကြွင်းအကျန်အချို့ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ယင်းမှာ ပေါင်းစပ်မှုပြုလုပ်ရန် ဤမီးအိမ် အားကိုးအားထားပြုရသည့် အဆီအနှစ် ဖြစ်ပေလိမ့်မည်။
"ဒီအရည်က နောက်ထပ် ဘယ်နှစ်ကြိမ်လောက် ပေါင်းစပ်လို့ ရဦးမလဲဆိုတာ စိတ်ဝင်စားစရာပဲ"
"မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာနဲ့ ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာကို အရင်ဆုံး ပေါင်းစပ်ကြည့်တာ ပိုကောင်းမယ်"
ရှန်မိုသည် မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာနှင့် ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာတို့ကို ထုတ်ယူလိုက်၏။
ထိုအခါ မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာ၏ ဝိညာဉ်ဖြစ်သူ ဟေးရန်မှာ ချက်ချင်း ပေါ်လာသည်။
သူ ဝမ်းသာအားရဖြင့်
"သခင်… ကျွန်တော့်ကို အခု လိုအပ်လို့လား"
ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်သော မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာသည် စိတ်ဝိညာဉ်စွမ်းအားကို ဝိညာဉ်အဆီအနှစ်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ယခင်က ကုကျိုးတွင် ရှိစဉ်က ၎င်းမှာ ရှန်မိုအတွက် အမှန်တကယ်ပင် အထောက်အကူ ဖြစ်ခဲ့၏။ သို့သော် ရှန်မို၏ ဝိညာဉ်စွမ်းအားနှင့် သွေးအဆီအနှစ်တို့မှာ ထိုအချိန်မှစ၍ အလွန်အမင်း သန့်စင်လာခဲ့ရာ မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာ ပြောင်းလဲပေးနိုင်သည့် အဆင့်ထက် များစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ခုခံနိုင်စွမ်းမှာလည်း အဆင့်မြင့် သူတော်စင်လက်နက်ဖြစ်သော ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာ၏ အောက်သို့ လုံးဝ ရောက်ရှိသွားခဲ့လေ၏။ ထို့ကြောင့် မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာမှာ တဖြည်းဖြည်း နောက်ကျ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှန်မို ၎င်းကို မစွန့်ပစ်ခဲ့ပေ။
မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာ၏ အစစ်အမှန် တန်ဖိုးမှာ လက်နက်ကိုယ်တိုင်ထက် ၎င်း၏ ဝိညာဉ်ဖြစ်သူ ဟေးရန်တွင် ရှိကြောင်း သူ ကောင်းကောင်း နားလည်သည်။
ရှန်မိုမှ နတ်ဘုရားမွေးမြူရေး ဖန်မီးအိမ်၏ ထူးခြားသော ဂုဏ်သတ္တိများကို ရှင်းပြပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။
"ဟေးရန်… မင်း သဘောတူရဲ့လား"
ဟေးရန်အတွက်မူ မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာမှာ အိမ်နှင့် တူသည်။ ယခု အိမ်အသစ်တစ်ခု ပေးမည်ဆိုသောအခါ ရှန်မို သူ၏ သဘောထားကို သဘာဝကျကျ မေးမြန်းလိုခြင်း ဖြစ်၏။
အကယ်၍ ဟေးရန် သဘောမတူပါက ရှန်မိုအနေဖြင့် ထိုက်ယီ မိစ္ဆာချပ်ဝတ်တန်ဆာနှင့် ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာကိုသာ ပေါင်းစပ်ရမည် ဖြစ်သည်။
ဟေးရန် အံ့အားသင့်သွားသည်။
"အဆင့်မြင့်... သူ… သူတော်စင်လက်နက်လား"
"ကျွန်တော့် တစ်သက်မှာ ဒီလောက် အံ့သြဖို့ကောင်းတဲ့ စိတ်ဝိညာဉ်လက်နက်မျိုး တစ်ခါမှ မမြင်ဖူးဘူး"
"သခင်၊ ကျွန်တော် သဘောတူပါတယ်… အကြိမ်ပေါင်း တစ်ထောင်မက သဘောတူပါတယ်"
သူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
သခင်က ငါ့ကို အမှတ်ရနေသေးတာပဲ။
ပြီးတော့ ငါ့ကို အိမ်အသစ်တစ်လုံးတောင် ပေးဦးမယ်… ပိုကြီးပြီး ပိုကျယ်တဲ့ အိမ်မျိုးပေါ့။
ရှန်မိုလည်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် နတ်ဘုရားမွေးမြူရေး ဖန်မီးအိမ်အတွင်းမှ ကြည်လင်သော အရည်များကို မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာနှင့် ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာတို့၏ မျက်နှာပြင်ပေါ်သို့ လောင်းချလိုက်သည်။ စိတ်ဝိညာဉ်လက်နက်နှစ်ခုမှာ ချက်ချင်းပင် အရည်ပျော်လာကြ၏။ ၎င်းတို့ ထိတွေ့မိသည့် နေရာများမှစ၍ အချင်းချင်း ပေါင်းစပ်ကာ ရောယှက်သွားကြသည်။ သို့သော် ထိုလုပ်ငန်းစဉ်မှာ သိသိသာသာ နှေးကွေးလှသည်။ ဟေးရန်မှာ အပြင်သို့ ပျံထွက်လာပြီး စိုးရိမ်တကြီး ကြည့်နေသည်။
ရှန်မို ၎င်းတို့ကို ဘေးတွင် ချထားလိုက်ပြီး အလိုအလျောက် ဆက်လက် ပေါင်းစပ်နေစေရန် လွှတ်ထားလိုက်သည်။
"ကြည်လင်တဲ့ အရည်က အတော်လေး ကျန်နေသေးတယ်… နောက်ထပ် ပေါင်းစပ်မှု တစ်ခုလုပ်ဖို့ လုံလောက်တယ်"
ခေတ္တမျှ စဉ်းစားပြီးနောက် ရှန်မို ကောင်းကင်ခွဲဓားနှင့် ထိုက်ယီ မိစ္ဆာချပ်ဝတ်တန်ဆာတို့ကို ထုတ်ယူလိုက်သည်။ ထိုက်အာမှာ ချက်ချင်း အပြင်သို့ ထွက်လာပြီး မျက်နှာချိုသွေးကာ ဖားသည့် အမူအရာများဖြင့် ပြုံးနေသည်။ ကောင်းကင်ခွဲဓား၏ ဝိညာဉ်ဖြစ်သူ ကျီလင်း ပေါ်လာသော်လည်း အနည်းငယ် ရှက်ရွံ့နေပုံရသည်။
"သခင်… ကျွန်တော် သဘောတူပါတယ်… ဘာမှ ထပ်ပြောနေစရာ မလိုပါဘူး… ကျွန်တော် သဘောတူပါတယ်"
ကျီလင်းထက် ဦးအောင် ထိုက်အာမှ အလျင်အမြန် ပြောလိုက်သည်။
ကျီလင်းမှာ ပါးစပ်ဟလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။
ရှန်မို အသာအယာ ခေါင်းညိတ်လိုက်ကာ
"ငါ့မှာ အဆင့်လတ် သူတော်စင်လက်နက်ဖြစ်တဲ့ အနက်ရောင် နဂါးကပ်ကြေး ရှိတယ်… အဲဒါက ဝိညာဉ်တစ်ခု လိုအပ်နေတာ… ကျီလင်း ဘာမှမပြောတော့ ထိုက်အာကပဲ အဲဒီတာဝန်ကို ယူလိုက်တော့"
ထိုက်အာအနေဖြင့် ပုန်ကန်လိုသော စိတ်ရှိမရှိကို သူ ဂရုမစိုက်ပေ။ သူ့ကိုယ်ပိုင် ခွန်အားသာ လုံလောက်ပါက ထိုက်အာကို နှိမ်နင်းထားရန်မှာ ပြဿနာ မဟုတ်ပေ။ ကျီလင်အတွက်မူ သူ့ကို တစ်ခါမျှ သခင်ဟု မခေါ်ဖူးသလို အမြဲတမ်းလည်း ဝန်လေးနေတတ်၏။ ယခုတိုင် သူ၏ သခင်ဟောင်းဖြစ်သူ ဝူကျူးကို သူ ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း သူမသည် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူ့ကို ဤအခွင့်အရေး ပေး၍ မရနိုင်ပေ။
"ကျေးဇူးတင်ပါတယ် သခင်"
ထိုက်အာမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ကြည်လင်သော အရည်များ၏ စွမ်းအင်ကို ခံယူရန် ရိုသေ ငြိမ်သက်စွာ ထိုင်နေသည်။ ကျီလင်း၏ မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် မှိုင်ညို့သွားကာ ကောင်းကင်ခွဲဓားအတွင်းသို့ ပြန်ဝင်သွားတော့သည်။ အစမှ အဆုံးအထိ ရှန်မို ကျီလင်းကို စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
ဝိညာဉ်တစ်ခုအနေဖြင့် အကယ်၍ မင်းက မင်းရဲ့သခင်ကို အသိအမှတ်မပြုဘဲ မင်းရဲ့တာဝန်တွေကို ပျက်ကွက်နေမယ်ဆိုရင် ကံထူးမှုတွေ ရောက်လာတဲ့အခါ မင်းကို ရွေးချယ်မှာ မဟုတ်ဘူးဆိုတာ သေချာပါသည်။
…
အချိန်များမှာ မြင်းရိုင်း တစ်ကောင်ကဲ့သို့ ကုန်လွန်သွားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်နှစ်ဆိုသော အချိန်မှာ ကုန်ဆုံးသွားခဲ့လေပြီ။ ရှန်မိုသည် ကောင်းကင်အဆင့် ကျင့်ကြံခြင်း ခန်းမအတွင်း၌ လှုပ်ရှားမှုမရှိဘဲ ထိုင်နေခဲ့သည်။ သို့သော် သူ၏ တာအိုအမှတ်အသားများမှာမူ အံ့အားသင့်ဖွယ် မြန်နှုန်းဖြင့် တိုးပွားနေသည်။
‘ရှေးဦးဆင်ဖြူတော်’ ရုပ်သွင်တော်မှာ ‘ကိုးထပ်ငရဲ ရေခဲမီးလျှံ’ ဖြင့် တောက်လောင်နေသည်။ ‘ထာဝရမြစ်’ ရုပ်သွင်တော်မှာ ‘အဆုံးမဲ့သက်ရှိ မီးလျှံ’ ဖြင့် တောက်လောင်နေသည်။ ‘တောက်ပနေသော နေမင်းမျက်လုံး’ ရုပ်သွင်တော်မှာ ‘နေမင်းအဆီအနှစ် မီး’ ဖြင့် တောက်လောင်နေသည်။ ‘နတ်ဘုရားမြင်းဖြူ’ ရုပ်သွင်တော်မှာ နတ်ဘုရားအရိပ် ကောင်းကင်မီး၏ အဖော်ရတနာဖြစ်သော ‘နတ်ဘုရားအရိပ် ကောင်းကင်ရည်’ ဖြင့် တောက်လောင်နေသည်။ ‘စစ်နတ်ဘုရား’ ရုပ်သွင်တော်မှာ ‘ရှစ်မျက်နှာ တိုက်ပွဲဝင် အဆောင်လက်ဖွဲ့’ ၏ အကြွင်းအကျန် မီးလျှံများဖြင့် တောက်လောင်နေသည်။
ရုပ်သွင်တော် ငါးခုလုံးမှာ အကောင်းဆုံးသော ရတနာများကို လောင်စာအဖြစ် အသုံးပြုထားဦ တာအိုအမှတ်အသားများ တိုးပွားသည့် မြန်နှုန်းမှာ အခြားသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများထက် များစွာ သာလွန်လှသည်။ နှစ်နှစ်အတွင်းမှာပင် ရှန်မို၏ တာအိုအမှတ်အသား စုစုပေါင်းမှာ သုံးရာအထိ ထိုးတက်သွားခဲ့သည်။ သို့သော် ရုပ်သွင်တော် တစ်ခုချင်းစီမှာမူ တာအိုအမှတ်အသား တစ်ရာအထိ မရောက်ရှိသေးပေ။ နောက်ဆုံးတွင် ကျင့်စဉ် အဆင့်မြင့်လာလေလေ၊ တိုးတက်ရန် ပိုမို နှေးကွေးပြီး ခက်ခဲလာလေလေ ဖြစ်သည်။
ရှန်မို မျက်လုံးကို ဖွင့်ကာ ရှေ့သို့ ကြည့်လိုက်သည်။ အသစ် ပေါင်းစပ်ဖန်တီးထားသော ချပ်ဝတ်တန်ဆာ တစ်ခုမှာ သူ့ရှေ့တွင် ရှိနေသည်။ ၎င်း၏ မျက်နှာပြင်မှာ မာကျောသော နဂါးကြေးခွံများဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်သည်။ ၎င်းထံမှ ခပ်တိုးတိုး နဂါးအရှိန်အဝါများ ထွက်ပေါ်နေသည်။ သို့သော် ၎င်းသည် မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာ၏ သတ္တုတည်ဆောက်ပုံနှင့် လုံးဝ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏။ ဘယ်လိုမှ ကြည့်မရတာမျိုး မရှိပေ။ မူလကတည်းက ဤကဲ့သို့ တည်ဆောက်ထားသည့်အတိုင်းပင်။
ဟေးရန် ချပ်ဝတ်တန်ဆာအတွင်းမှ ထွက်ပေါ်လာသည်။ သူ၏ ပုံရိပ်မှာ အလွန်အမင်း တည်ငြိမ်အားကောင်းလာပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် သခင်"
သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှန်မို စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ… အခုကစပြီး မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာ ဆိုတာ မရှိတော့ဘူး… ရွှေရောင် နဂါးအရှိန်အဝါ ချပ်ဝတ်တန်ဆာ ပဲ ရှိတော့မယ်"
"မင်းက အဲဒီလက်နက်ရဲ့ ဝိညာဉ်ပဲ"
ဟေးရန် ရိုသေစွာ အလေးပြုလိုက်သည်။
"ဟုတ်ကဲ့ပါ! သခင့်ကို ကျွန်တော် စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုပါ့မယ်”
ရှန်မို ခေါင်းညိတ်လိုက်သည်။
စကားပြောပုံက နည်းနည်း ရိုင်းစိုင်းသလို ရှိသော်လည်း အဓိပ္ပာယ်ကတော့ ကောင်းမွန်လှသည်။ ဟေးရန်မှာ အခြားသော ဝိညာဉ်များထက် များစွာ ပိုမို ကောင်းမွန်လှသည်။
ထိုအချိန်မှာပင် အနက်ရောင် နဂါးကပ်ကြေးအတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ မည်းနက်ကာ ပိန်လှီပြီး ကြည့်ရဆိုးလှသည်။
ယင်းမှာ ထိုက်အာ ဖြစ်သည်။
သူသည် အနက်ရောင် နဂါးကပ်ကြေး၏ ဝိညာဉ်ဖြစ်လာပြီးနောက် ခွန်အားများ တိုးလာသဖြင့် သူ၏ မျက်လုံးများမှာ ရဲရဲတင်းတင်း ဖြစ်နေပုံရသည်။ သူ၏ ကြာရှည်စွာ ဖိနှိပ်ထားသော ပုန်ကန်လိုသည့် စိတ်ဓာတ်မှာ ပြန်လည် နိုးထလာကြောင်း သိသာ၏။
"သခင်… ကျွန်တော့်ရဲ့ အနက်ရောင် နဂါးကပ်ကြေး ရိုက်ချက်ကို သခင် ခံနိုင်ပါ့မလား"
ထိုက်အာ ဟန်ဆောင်ပန်ဆောင် နှိမ့်ချစွာဖြင့် မေးလိုက်သည်။
ရှန်မို ခပ်ပါးပါး ပြုံးလိုက်ပြီး
"ဟေးရန်… သူ့ကို သင်ခန်းစာလေး ပေးလိုက်ဦး"
"ဝမ်းမြောက်စွာနဲ့ပါ သခင်"
ဟေးရန် ထူးဆန်းစွာ ရယ်မောလိုက်ပြီး ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ကျင့်ကြံခြင်း ခန်းမအတွင်း၌ ရိုက်နှက်သံများ ဆူညံသွားတော့သည်။ ခဏအကြာတွင် ထိုက်အာမှာ မြေပြင်ပေါ်တွင် ဝပ်ဆင်းနေပြီး ရှန်မို၏ ဖိနပ်ကို အပြင်းအထန် နမ်းရှုံ့နေတော့သည်။ သူ၏ အညံ့ခံပုံမှာ မွေးရာပါ အစေခံတစ်ဦးကဲ့သို့ပင် ဖြစ်သည်။
"သခင်… ကျွန်တော့်ရဲ့ အထွတ်အထိပ် သခင်ကြီး!" "သခင့်ရဲ့ တောက်ပမှုက နေနဲ့ လကိုတောင် လွှမ်းမိုးနိုင်ပါတယ်"
"သခင့်ရဲ့ စွမ်းပကားက သူတော်စင်နယ်ပယ် ကျင့်ကြံသူအားလုံး ပေါင်းတာထက်တောင် သာပါသေးတယ်"
"သခင်က ဒီကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး သခင်ပါပဲ"
ထိုက်အာမှာ ဖားသည့် စကားများကို အဆက်မပြတ် ပြောနေတော့သည်။
ရှန်မို လှောင်ပြုံး ပြုံးလိုက်ကာ
"ငါ့ကို အနက်ရောင် နဂါးကပ်ကြေးနဲ့ စမ်းကြည့်ချင်သေးလား"
ထိုက်အာ ခေါင်းကို အပြင်းအထန် ယမ်းလိုက်၏။
"ဘယ်တော့မှ မလုပ်ပါဘူး!"
"သခင့်ကို အနက်ရောင် နဂါးကပ်ကြေးနဲ့ တိုက်ခိုက်ဖို့ ကျွန်တော် ဘယ်လိုလုပ် ဝံ့မှာလဲ!"
"ထိုက်အာဟာ အသက်ရှင်နေရင်လည်း သခင့်ရဲ့ ဝိညာဉ်ပဲ… သေသွားရင်လည်း သခင့်ရဲ့ သရဲပဲ!" "ထိုက်အာ ထာဝရ သစ္စာရှိမှာပါ!"
သူ ရင်ဘတ်ကို မတ်ကာ ဖြောင့်မတ်မှန်ကန်ကြောင်း ပြသနေသည်။ သို့သော် သူ၏ ပိန်လှီပြီး ရုပ်ဆိုးလှသော ပုံစံကြောင့် ကြည့်ရသည်မှာ ဘယ်လိုမှ ဂုဏ်သိက္ခာ ရှိမနေပေ။ ထိုကဲ့သို့သော ပုံစံဖြင့် ဤစကားများကို ပြောနေသည်မှာ ဘယ်သူမှ အလေးအနက် ထားလိမ့်မည် မဟုတ်ပေ။
"သိုလှောင်လက်စွပ်ထဲ ပြန်သွားတော့"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ာ…အခုချက်ချင်း ပြန်သွားပါ့မယ်" ထိုက်အာမှာ သိုလှောင်လက်စွပ်အတွင်းသို့ လှိမ့်ဝင်သွားတော့သည်။
ရှန်မိုက သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ချလိုက်၏။ ထို့နောက် မတ်တပ်ရပ်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။
ဆယ်နှစ်ဆိုသော ကျင့်ကြံခြင်း အချိန်မှာ လက်ဖျောက်တစ်ချက် တီးလိုက်သလို ကုန်ဆုံးသွားခဲ့ပြီ။
သူ တစ်ချိန်က ပေးခဲ့သော ကတိကို ဖြည့်ဆည်းရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်၏။
ကျွီ...
ကျင့်ကြံခြင်း ခန်းမ၏ လေးလံသော တံခါးကြီး ပွင့်သွားသည်။ ဖုန်မှုန့်များမှာ အလွှာလိုက် အပြင်သို့ လွင့်ထွက်လာသည်။
သို့သော် ရှန်မို၏ စိတ်ဝိညာဉ်စွမ်းအားများမှာ သူ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် အညစ်အကြေး တစ်ခုမျှ သူ့ထံ မကပ်နိုင်ပေ။
Chapter 660: ဆယ်နှစ်အကြာ တုန်းရွှမ်ဂိုဏ်း
ရှန်မို ထွက်လာခြင်းမှာ အနီးအနားရှိ လူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။ ပို၍ တိတိကျကျ ပြောရလျှင် အကြီးအကဲ ဝတ်စုံဝတ်ထားသော လူလတ်ပိုင်း ကျင့်ကြံသူတစ်ဦး၏ မျက်စိထဲသို့ ရောက်သွားခြင်း ဖြစ်၏။
ရှန်မို ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့သြသွားသည်။ လွန်ခဲ့သော ဆယ်နှစ်က သူသည် တုန်းရွှမ်ဂိုဏ်း၏ အကြီးအကဲ အားလုံးနှင့် တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ဤလူမှာ ထိုစဉ်က မပါဝင်ခဲ့ပေ။
"မင်းက..."
လူလတ်ပိုင်း ကျင့်ကြံသူသည် ရှန်မိုကို အကဲခတ်သလို ကြည့်ပြီးနောက် ရုတ်တရက် သတိရသွားပုံဖြင့်
"ဪ... ငါ မှတ်မိပြီ… ဂိုဏ်းချုပ်ဟောင်းက သူ့ရဲ့ ကောင်းကင်အဆင့် ကျင့်ကြံခြင်းခန်းမကို ရှန်မျိုးရိုးရှိတဲ့ အထူးအကြီးအကဲတစ်ယောက်ဆီ ခေတ္တငှားထားဖူးတယ်လို့ ပြောဖူးတယ်"
"မင်းက အဲဒီအထူးအကြီးအကဲ ဖြစ်ရမယ်… ငါ့အမှတ်မမှားရင် မင်းက လူသားအဆင့် အထူးအကြီးအကဲ တစ်ယောက်ပဲ"
ရှန်မို တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။
ထိုစဉ်က ဂိုဏ်းချုပ် ပိုင်ချွမ်းလျိုသည် ရှန်မို၏ အစစ်အမှန် အဆင့်အတန်းနှင့် အစွမ်းကို ဘယ်သူ့ကိုမှ ထုတ်မပြောရန် အကြီးအကဲများကို ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ ထို့နောက် သူသည် စိတ်ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံးဖြစ်သော ကောင်းကင်အဆင့် ကျင့်ကြံခြင်းခန်းမကို ရှန်မိုအား အထူးလက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်၏။ ထိုကဲ့သို့သော ဆက်ဆံမှုကို ရှန်မို သဘာဝကျကျပင် ဝမ်းမြောက်စွာ လက်ခံခဲ့သည်။ ထိုအချိန်က ရှောက်ယန် စံအိမ်တော်ကို တစ်ယောက်တည်း ဖျက်ဆီးရန်မှာ အခက်အခဲ အချို့ ရှိနေသေးသော်လည်း ယခု သူ၏ အစွမ်းဖြင့်ဆိုလျှင် ၎င်းတို့ကို အမြစ်ပြတ်အောင် ချေမှုန်းရန်မှာ လက်တစ်ဖက် မြှောက်လိုက်သလိုပင် လွယ်ကူလှသည်။
"အကြီးအကဲ ရှန်… ငါတို့ တုန်းရွှမ်ဂိုဏ်းမှာ လူသားအဆင့် အထူးအကြီးအကဲ စုစုပေါင်း ၂၉ ယောက် ရှိတယ်… သူတို့ထဲက ဘယ်သူမှ ကောင်းကင်အဆင့် ကျင့်ကြံခြင်းခန်းမကို သုံးစွဲခွင့် မရှိသလို ဆယ်နှစ်တိုင်တိုင် နေထိုင်ခွင့်လည်း မရှိဘူး"
လူလတ်ပိုင်း ကျင့်ကြံသူမှ ပြုံးလိုက်ပြီး
"ဒါကြောင့် ဒီအခန်းကနေ ဖယ်ပေးဖို့ ငါ တောင်းဆိုချင်တယ်"
ရှန်မို မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
သူ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဤအခန်းကို ဖယ်ပေး၍ ရသော်လည်း မိမိဘာသာ ဖယ်ပေးခြင်းနှင့် အမိန့်ပေးခံရ၍ ဖယ်ပေးရခြင်းမှာ လုံးဝ ကွဲပြားခြားနားလှသည်။
ဆယ်နှစ်ဆိုသော အချိန်အတွင်းမှာပင် ဂိုဏ်းအတွင်း တစ်ခုခု ပြောင်းလဲသွားပြီလား။
ရှန်မိုသည် ထိုလူလတ်ပိုင်း ကျင့်ကြံသူကို လျစ်လျူရှုကာ မြေပြင်အထက်သို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။ သူ တံခါးပိတ် ကျင့်ကြံခြင်း မဝင်မီက ချန်လင်သည် သူ၏ ဘေးတွင် စောင့်ကြပ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုအခါ သူ့ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ ရှင်းနေသည်မှာ တုန်းရွှမ်ဂိုဏ်းအတွင်း အပြောင်းအလဲ တစ်ခုခု ဖြစ်ပွားခဲ့ခြင်းပင်။
ယင်းက ရှန်မိုနှင့် တိုက်ရိုက် မသက်ဆိုင်ခဲ့သဖြင့် သူ၏ ကံကြမ္မာစနစ်တွင် သတင်းအချက်အလက် တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။
ရှန်မို သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရာ ရွှမ်လိပ်ကန်နှင့် မိုင်သုံးထောင် ပတ်လည်အတွင်းရှိ နေရာအားလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။ ကျင့်ကြံသူများ၏ လှုပ်ရှားမှုတိုင်းမှာ သူ၏ အာရုံထဲသို့ ရောက်ရှိလာတော့၏။ ထို့အပြင် တာအိုအမှတ်အသား ၃၀၀ ရှိသော သူ၏ အစွမ်းကြောင့် အခြားသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများပင် သူ၏ စုံစမ်းမှုကို သတိပြုမိနိုင်ခြင်း မရှိပေ။
မကြာမီမှာပင် ရှန်မိုတစ်ယောက် ချန်နန်ရွှမ်နှင့် ချန်လင်တို့ကို ရှာဖွေတွေ့ရှိသွားသည်။ ၎င်းတို့မှာ ဝေးလံသော ခြံဝင်းတစ်ခုအတွင်း ကျင့်ကြံနေကြခြင်း ဖြစ်၏။ လွန်ခဲ့သော ဆယ်နှစ်က အကြီးအကဲများထဲမှ နှစ်ဦးသာ ကျန်ရှိတော့ပြီး ကျန်သူများမှာ ပျောက်ကွယ်သွားပုံရသည်။
ရှန်မို ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ နောက်တစ်ခဏမှာပင် သူသည် ချန်နန်ရွှမ်နှင့် ချန်လင်တို့ နေထိုင်ရာ ခြံဝင်းအတွင်းသို့ ရောက်ရှိသွား၏။
သူ မြေပြင်ကို အသာအယာ နင်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ထွက်ပေါ်သွားသည်။ နူးညံ့သော လေပြေတစ်ခုမှာ ၎င်းတို့၏ ပါးပြင်ကို ပွတ်သပ်သွားသဖြင့် ၎င်းတို့မှာ တရားထိုင်ရာမှ နိုးလာကြသည်။
ချန်နန်ရွှမ်၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ရှန်မိုကို မြင်လိုက်ရချိန်တွင် ဝမ်းသာအားရ ဖြစ်သွားသည်။
"စီနီယာ ရှန်… စီနီယာ နောက်ဆုံးတော့ အပြင်ထွက်လာပြီပဲ"
ချန်လင်မှာ သတိဝင်လာသော်လည်း မျက်နှာတွင် ဝမ်းနည်းမှုများ ဖုံးလွှမ်းနေသည်။
ရှန်မို သူတို့၏ ကံကြမ္မာစနစ်ကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းတို့ ဘာမှမပြောမီမှာပင် သူ သံသယရှိခဲ့သည့်အတိုင်း ဂိုဏ်းအတွင်း ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိလိုက်ရ၏။ တကယ့်ကို ကြီးမားလှသော အပြောင်းအလဲပင်။
"စီနီယာ ရှန်… အခု တုန်းရွှမ်ဂိုဏ်းကို ကယ်တင်နိုင်တာ စီနီယာ တစ်ယောက်ပဲ ရှိပါတော့တယ်"
ချန်လင်မှ ဝမ်းနည်းစွာ ပြောလိုက်သည်။
ချန်နန်ရွှမ်သည် သူ၏ ညီမလေးကို အမြန်ပင် တွဲလိုက်ပြီး တောင်းပန်လိုက်သည်။
"စီနီယာ ရှန်… ကျွန်တော့် ညီမလေးက စိတ်ဒဏ်ရာ အကြီးအကျယ် ရထားလို့ပါ… သူ နှစ်ပေါင်းများစွာ ဝမ်းနည်းပူဆွေးနေခဲ့ရတာလေ… သူ့ကိုယ်စား ကျွန်တော်ပဲ ရှင်းပြပါရစေ"
သူသည် ရှန်မို၏ ကံကြမ္မာစနစ်တွင် မပေါ်နိုင်သော အသေးစိတ် အချက်အလက်များကိုပါ ပါဝင်အောင် သေသေချာချာ ရှင်းပြလိုက်သည်။
ရှန်မို တံခါးပိတ် ကျင့်ကြံပြီး မကြာမီမှာပင် တုန်းရွှမ်ဂိုဏ်းသည် ရှောက်ယန် စံအိမ်တော်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အကြောင်းရင်းမှာ ချွဲငှက်ဥ ခိုးယူမှုကို တားဆီးခဲ့ခြင်းကြောင့်ပင် ဖြစ်၏။ အကယ်၍ ဂိုဏ်းနှစ်ခုကြား တိုက်ပွဲဆိုလျှင် တုန်းရွှမ်ဂိုဏ်းမှာ အားနည်းသော်လည်း အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်ပေလိမ့်မည်။ သို့သော် ရှောက်ယန် စံအိမ်တော်သည် အခြားဂိုဏ်း ခြောက်ခုကို စုစည်းကာ တုန်းရွှမ်ဂိုဏ်းကို ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တုန်းရွှမ်ဂိုဏ်းသည် အစွမ်းကုန် ခုခံရင်း မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုထံသို့လည်း ကြားဝင်စေ့စပ်ပေးရန် လူလွှတ်၍ အကူအညီ တောင်းခံခဲ့သည်။ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှာ ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိသော်လည်း တင်းကျပ်သော စည်းကမ်းတစ်ခုကို အမြဲတမ်း ထိန်းသိမ်းထားလေ့ ရှိသည်။ ယင်းမှာ အကယ်၍ အဖွဲ့အစည်းများကြား ပဋိပက္ခ ဖြစ်ပွားပါက တစ်ဦးချင်း (ဂိုဏ်းချင်း) သာ တိုက်ခိုက်ခွင့် ရှိသည်။ အပေါင်းအသင်းများ စုစည်းကာ အခြေအနေကို ပိုမို ဆိုးရွားအောင် လုပ်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားသည်။ ဤစည်းကမ်းမှာ ဂိုဏ်းများကြား ပဋိပက္ခ ပြင်းထန်မှုကို လျှော့ချရန်သာမက ၎င်းတို့ကြား ကျန်းမာသော ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သို့သော် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စု၏ တုန်းရွှမ်ဂိုဏ်းအပေါ် ပြန်လည် တုံ့ပြန်မှုမှာ ရှောက်ယန် စံအိမ်တော်၏ တိုက်ခိုက်မှုသည် စည်းကမ်းကို ဖောက်ဖျက်ခြင်း မရှိပါဟူ၍ ဖြစ်ပြီး ကြားဝင်စေ့စပ်ပေးရန် ငြင်းဆိုခဲ့သည်။ နောက်ဆုံးတွင် ဂိုဏ်းချုပ် ပိုင်ချွမ်းလျိုမှာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပြီး အကြီးအကဲ ဆယ်ဦးတွင် ခြောက်ဦး သေဆုံးခဲ့သည်။ ကျန်ရှိနေသော အကြီးအကဲ အနည်းငယ်ထဲတွင် အကြီးအကဲ ရှီဖျင်မှာ အစွမ်းအထက်ဆုံး ဖြစ်သဖြင့် ဂိုဏ်းချုပ်အဖြစ် ချက်ချင်း တာဝန်ယူခဲ့ရသည်။ လစ်လပ်သွားသော အကြီးအကဲ နေရာများကိုမူ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုက ခန့်အပ်လိုက်သော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများဖြင့် အစားထိုးလိုက်သည်။ ၎င်းတို့ထဲမှ အများစုမှာ အမှန်တကယ်တော့ ရှောက်ယန် စံအိမ်တော်မှ ဖြစ်ကြသည်။ နှစ်အနည်းငယ် အကြာတွင် တုန်းရွှမ်ဂိုဏ်းမှာ အတွင်းပိုင်းမှ လုံးဝ အစားထိုးခံလိုက်ရပြီ ဖြစ်၏။
ဂိုဏ်းချုပ်သစ် ရှီဖျင်တွင် မည်သည့် လုပ်ပိုင်ခွင့် အာဏာမျှ မရှိတော့ပေ။ တုန်းရွှမ်ဂိုဏ်းမှာ ဒုတိယ ရှောက်ယန် စံအိမ်တော် တစ်ခု ဖြစ်သွားခဲ့ပြီ။
ချန်နန်ရွှမ်နှင့် ချန်လင်တို့မှာ ကွယ်လွန်သူ ပိုင်ချွမ်းလျို၏ ကိုယ်ပိုင်တပည့်များ ဖြစ်ကြသည်။ ဂိုဏ်းချုပ် သေဆုံးပြီးနောက် ၎င်းတို့မှာ သဘာဝကျစွာပင် ဖယ်ကြဉ်ခြင်း ခံရသည့် ပစ်မှတ်များ ဖြစ်လာခဲ့၏။ အကယ်၍ ရှီဖျင်သာ ကာကွယ်မပေးထားပါက ယခုအချိန်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ရှန်မို အသာအယာ ခေါင်းယမ်းလိုက်ပြီး အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ သို့သော် စိတ်မကောင်း ဖြစ်ရုံမျှသာ ဖြစ်သည်။ ပိုင်ချွမ်းလျိုတို့နှင်ါ သူ၏ ပတ်သက်မှုမှာ အပြန်အလှန် လေးစားမှုနှင့် သူ့ကို ကောင်းကင်အဆင့် အထူးအကြီးအကဲအဖြစ် သတ်မှတ်ပေးထားမှုမျှသာ ရှိခဲ့၏။ သူသည် ကျင့်ကြံရန် တိတ်ဆိတ်သော နေရာတစ်ခု လိုအပ်ပြီး တုန်းရွှမ်ဂိုဏ်းကမူ ရှောက်ယန် စံအိမ်တော်ကို ဖျက်ဆီးပေးရန် သူ့ကို လိုအပ်ခဲ့သည်။ တစ်ဦးကိုတစ်ဦး အပြန်အလှန် အသုံးချခဲ့ခြင်း ဖြစ်သည်။ သူသည် ဆယ်နှစ်တိုင်တိုင် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး အခန်းထဲမှ တစ်ဖဝါးမှ မခွာခဲ့သဖြင့် ဂိုဏ်းသားများ ဘာဖြစ်နေသည်ကို သိခွင့်မရခဲ့ပေ။
"စီနီယာ ရှန်..."
ချောမောသော ချန်နန်ရွှမ်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။
ယောကျာ်းကောင်းဆိုသည်မှာ အကြောင်းမဲ့ မျက်ရည်မကျတတ်ပေ။ အလွန်အမင်း ဝမ်းနည်းပူဆွေးမှသာ ကျတတ်ခြင်း ဖြစ်သည်။
ယခု ရှန်မို ပေါ်လာပြီဖြစ်ရာ သူ ရင်ဖွင့်စရာ လူတစ်ယောက် ရသွားပြီ ဖြစ်၏။ ချန်နန်ရွှမ်သည် သူ၏ ဝမ်းနည်းမှုများကို မထိန်းနိုင်တော့ဘဲ ငိုကြွေးတော့သည်။
ရှန်မိုမှ တည်ငြိမ်စွာဖြင့်
"ငါ ရှောက်ယန် စံအိမ်တော်ကို ဖျက်ဆီးပေးမယ်"
"ဒါဟာ မမချွဲကို ပေးထားတဲ့ ငါ့ရဲ့ ကတိဖြစ်သလို တုန်းရွှမ်ဂိုဏ်းရဲ့ ကောင်းကင်အဆင့် အထူးအကြီးအကဲ တစ်ယောက်အနေနဲ့ ငါ့ရဲ့ တာဝန်လည်း ဖြစ်တယ်"
ချန်နန်ရွှမ်နှင့် ချန်လင်တို့ လက်အုပ်ချီ အရိုအသေပြုလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ ရှန်"
ချန်နန်ရွှမ်မှ လေးနက်စွာဖြင့်
"ကျွန်တော် ဂိုဏ်းချုပ်ကို အခုချက်ချင်း သွားပင့်လိုက်ပါ့မယ်"
သို့သော် သူ ပြန်မလာခဲ့ပေ။ သုံးနာရီတိတိ ကြာသွားသော်လည်း သူ၏ အရိပ်အယောင်မျှ မတွေ့ရပေ။
ရှန်မို မျက်မှောင်ကြုတ်လျက်
"ဘယ်နေရာမှာ တိတ်ဆိတ်လဲ"
ချန်လင်မှ ဝေးကွာသော တောင်တစ်ခုကို ညွှန်ပြလိုက်သည်။
"စီနီယာ ရှန်… အဲဒီ ကျောက်နက်တောင်က တိမ်တွေထဲအထိ မြင့်ပြီး ဘာသယံဇာတမှ မရှိလို့ ကျင့်ကြံသူတွေ သိပ်မသွားကြဘူး"
"စီနီယာ ဒီမှာ ခဏစောင့်ပါ… ကျွန်မ အစ်ကို့ကို သွားရှာလိုက်ဦးမယ်"
ပြောပြောဆိုဆိုဖြင့် သူ ချက်ချင်း ထွက်သွားသည်။
ရှန်မိုလည်း မြေပြင်ကို အသာအယာ နင်းကာ ကောင်းကင်သို့ ပျံတက်သွားပြီး ကျောက်နက်တောင်ထိပ်သို့ ရောက်ရှိသွားသည်။ ထိုတောင်တွင် ဘာမှ ထူးထူးခြားခြား မရှိပေ။
အနက်ရောင် ကျောက်ဆောင်များသာ ရှိ၏။
ဘယ်သူမှ မရှိသည်ကို မြင်ရသဖြင့် ရှန်မို စတင် ကျင့်ကြံတော့သည်။ သူသည် ‘နတ်ဘုရားဆင်မင်း ဖိနှိပ်ခြင်း အင်အား’ ၏ ‘နဂါးဆင် အခန်း’ ကို စတင် ကျင့်ကြံကာစသာ ရှိသေးသည်။ စတင်ရန်အတွက် အချိန်နှင့် ကြိုးစားအားထုတ်မှု များစွာ လိုအပ်လှ၏။ ယခု တာဝန်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အမှုန် ၈၄၀ သန်းကို နဂါးဆင် အမှုန်များအဖြစ် နိုးထစေရန် ဖြစ်သည်။ အကယ်၍ ဆယ်ခုမျှ နိုးထလာပါက နဂါးဆင် အခန်း၏ ပထမအဆင့်ကို အောင်မြင်သည်ဟု သတ်မှတ်နိုင်သည်။ သို့သော် အစမှာ အမြဲတမ်း အခက်ခဲဆုံး ဖြစ်သည်။ တစ်ခုမှ ဆယ်ခုအထိမှာ လွယ်ကူသော်လည်း သုညမှ တစ်ခု ဖြစ်လာရန်မှာမူ အလွန်အမင်း ခက်ခဲလှသည်။
ရှန်မိုသည် မျက်လုံးကို တင်းတင်းပိတ်ကာ သူ၏ သွေးအဆီအနှစ် စွမ်းအားများကို လှုံ့ဆော်လိုက်သည်။ နတ်ဘုရားဆင်မင်း သန်းပေါင်းများစွာမှာ သူ၏ ခန္ဓာကိုယ်အတွင်း ဟိန်းဟောက်နေကြသော်လည်း အမှုန်တစ်ခုမျှ နဂါးဆင်အဖြစ် နိုးထလာခြင်း မရှိသေးပေ။
ထိုအချိန်မှာပင် အရှေ့ဘက်မှ လျှပ်စီးအလင်းတန်းတစ်ခု ရုတ်တရက် ပျံသန်းလာသည်။
ထိုပုံရိပ်မှာ ရွှမ်လိပ်ကန်ကို ဖြတ်ကျော်တော့မည့် အချိန်တွင် ကျောက်နက်တောင်ထိပ်မှ နတ်ဘုရားဆင်မင်းတို့၏ ဟိန်းဟောက်သံကို ခပ်တိုးတိုး ကြားလိုက်ရသည်။ နားစွင့်ကြည့်လိုက်ရာ ထိုအသံမှာ သူ၏ ဝိညာဉ်ကို တူနှင့် ထုလိုက်သလို ခံစားလိုက်ရ၏။
သူ အကြီးအကျယ် တုန်လှုပ်သွားပြီး လမ်းကြောင်းကို ချက်ချင်း ပြောင်းကာ ထိုတောင်ဆီသို့ ဦးတည် ပျံသန်းလာတော့သည်။