← Chapters

စတုတ္ထမြောက်နတ်ဘုရားရာထူ

Vol. 21 Ch. 287

စတုတ္ထမြောက်နတ်ဘုရားရာထူ

Vol. 21 Ch. 287

အခန်း (၂၈၇) စတုတ္ထမြောက်နတ်ဘုရားရာထူး

နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။

သူ ထွက်ခွာသွားသည်မှာ ရက်အနည်းငယ်မျှသာ ကြာမြင့်သည့်အတွက် ထိုအရာလေးများမှာ အဆင်ပြေပြေ ရှိနေကြဆဲပင်။

သူ နှစ်အနည်းငယ် ထားသွားခဲ့စဉ်ကပင် ထိုအရာလေးများက ရှင်သန်နိုင်သည်ဖြစ်ရာ ရက်အနည်းငယ်ကတော့ မပြောပလောက်ပေ။

ထို့နောက် ကျန်းလန် မရဏဂူဆီသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ သူ ဆက်လက်ကျင့်ကြံရပေမည်။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်တော့မည်ဖြစ်ရာ သားရဲဥလေးနှင့် ရေသဖန်းပင်လေးတို့ ခံနိုင်ရည်ရှိမည် မဟုတ်သောကြောင့် သူတို့ကို ခြံဝန်းထဲတွင် ထားရစ်ခဲ့ခြင်း ဖြစ်သည်။

မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ကျန်းလန် ငရဲတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

ယခုအချိန်ထိ ငရဲတံခါးကို သူ တစ်ချက်ပင် မကြည့်ရသေးပေ။

သူ ကြည့်စရာလည်း မလိုအပ်ပေ။ သို့သော် သတိတော့ထားရမည် ဖြစ်သည်။

အထူးသဖြင့် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေသည့်အချိန်မျိုးတွင် ဖြစ်၏။

ဤအခွင့်အရေးကိုအသုံးချကာ ခွန်လွန်တောင်ကို ပြဿနာထဲဆွဲထည့်ရန် တစ်စုံတစ်ယောက်က ကြိုးစားနေသည်ဟု ကျန်းလန်ခံစားရသည်။

ထိုသူများ၏ရည်ရွယ်ချက်ကို မသိသည့်တိုင် ကျန်းလန်ကတော့ သူတို့ကို အလေးအနက်ထားရမည် ဖြစ်သည်။

ယခင်တစ်ခေါက်က နတ်မိစ္ဆာများက ငရဲတံခါးကို လျှို့ဝှက်လမ်းကြောင်းတစ်ခု တူးဖော်ဖွင့်လှစ်ခဲ့ကြသည်။

ယခုတော့ ကျန်းလန်က အစီအရင်များကို အဆင့်မြှင့်တင်ထားလေရာ မရဏအငွေ့အသက်များ အနေအထား ပြောင်းလဲသွားသည်နှင့် အစီအရင်များက သူ့ကို ချက်ချင်း အသိပေးမည် ဖြစ်သည်။

ထိုအချိန်ရောက်လာလျှင်တော့...

သူက ဆရာဖြစ်သူကို အသိပေးရပေလိမ့်မည်။

သူက ထိုပြဿနာကိုတစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းရန် ရည်ရွယ်ချက်မရှိပေ။

ဆရာဖြစ်သူကတော့ ပြဿနာကို လျှင်မြန်စွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး သူကတော့ ဆရာ့တစ်ဝက်ပင် မှီမည် မဟုတ်ပေ။

ထို့ပြင် သူ့အကြောင်းပေါ်သွားခဲ့လျှင်လည်း ရှင်းရခက်ကုန်မည် ဖြစ်သည်။

ထို့နောက် ကျန်းလန် စတင် ကျင့်ကြံလိုက်သည်။

သေရည်ဆိုင်တွင် ဉာဏ်အလင်းရခဲ့ပြီးနောက် တာအိုကို ပိုမိုလေးနက်စွာ နားလည်လာခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်း (၃၀) မကျော်လွန်ခင် မိုးကောင်းကင် အင်မော်တယ်အဖြစ် အဆင့်တက်လှမ်းနိုင်တော့မည် ဖြစ်၏။

သို့သော် မိုးကောင်းကင် အင်မော်တယ်အဆင့်နှင့်ပတ်သက်ပြီးအသေးစိတ်အချက်အလက်များကို သူ မသိရှိသေးပေ။

အဆင့်တက်ပြီးမှသာ အတည်ပြုနိုင်မည် ဖြစ်သည်။

သူ လေ့လာထားသမျှ အချက်အလက်များအရဆိုလျှင် ကျင့်ကြံသူတစ်ယောက်သည် တာအိုတံခါးသို့လည်း ရောက်ရှိနေပြီး ကျင့်ကြံမှုကလည်း အထွတ်ထိပ်အဆင့်တွင်ရှိနေမည်ဆိုပါက မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်ရန် ဖြောင့်ဖြူးချောမွေ့ နေပေလိမ့်မည်။

မိုးကောင်းကင်အင်မော်တယ် အဆင့်တက်ခြင်းက လူသားအင်မော်တယ်အဆင့်တက်ခြင်းထက် ပိုမိုလွယ်ကူပုံပေါ်သည်။

သို့သော်...

အဆင့်တက်ရာတွင် အန္တရယ်ကြုံရနိုင်သည်လားဆိုသည်ကတော့ မသိနိုင်ပေ။

တစ်ယောက်တည်းကျင့်ကြံရခြင်းက ကျန်းလန်အတွက် ထမင်းစားရေသောက်ကိစ္စပမာ လွယ်ကူလွန်းသည်။အရာအားလုံးကလည်း အစီအစဉ်တကျရှိနေလေသည်။

ထိုသို့ဖြင့်…

အချိန် (၁)လက တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားခဲ့သည်။

လက်ရှိတွင် ကျန်းလန်က အစစ်အမှန်အင်မော်တယ်အဆင့်ဖြင့် အတော်လေး ကျွမ်းဝင်နေပြီ ဖြစ်သည်။ သူ့အတွက် မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ တက်ရောက်ရန်အတွက် စွမ်းအားများ စုစည်းထားရန်သာ လိုတော့သည်။

သူ မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ချိန်တွင် လုန်ယွိကောတ့ မရှိမှုအာကာသအဆင့် အောင်မြင်သွားပြီး မကြာမီ လူသားအင်မော်တယ်အဖြစ် အဆင့်တက်ပေလိမ့်မည်။

အမှန်တော့ လုန်ယွိက သူ့ကို စောင့်ဆိုင်းရန်အတွက် သူမ၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။

သူ့ကိုသာစောင့်မနေခဲ့လျှင်…

နောက်နှစ်အနည်းငယ်အတွင်း သူမက လူသားအင်မော်တယ် ဖြစ်လာတော့မည် ဖြစ်၏။

***

ကျန်းလန် မရဏဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် နေရောင်က လင်းထိန်တောက်ပလျှက် ရှိသည်။ သူ ကောင်းကင်ထက်မော့ကြည့်လိုက်စဉ် ဆရာဖြစ်သူ ပေးပို့လာသည့် စာတစ်စောင်ကို တွေ့မြင်လိုက်ရသည်။

ကျန်းလန်က စာကိုဖတ်ကြည့်လိုက်ပြီးနောက်…

"နဂါးဧကရီ ရန်ကျင်းက ငါ့ကို လာတွေ့မယ်တဲ့လား"

သူ အနည်းငယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

နဂါးဧကရီရန်ကျင်းက ရှောင်ယွိ၏ အမေဖြစ်ပြီး ရုတ်တရက် သူ့ကို လာရောက်တွေ့ဆုံသည်မှာ အကြောင်းတစ်ခုခု ရှိနိုင်သည်။

ကျန်းလန် ခြံဝန်းဆီသို့ ထွက်ခွာလာခဲ့သည်။

သို့သော် ခြံဝန်းဆီရောက်သည်နှင့် သူ အနည်းငယ် အံ့အားသင့်သွားရသည်။

ခြံဝန်းအတွင်းရှိ ကျောက်စားပွဲငယ်နံဘေးတွင် နဂါးဧကရီရန်ကျင့်း ထိုင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ သူမက ပန်းပင်လေးများကို သဘောကျနှစ်သက်စွာဖြင့် ကြည့်နေလေသည်။

သို့ရာတွင် သူမပုံစံက ရှောင်ယွိနှင့် သိပ်မတူလှပေ။

သူမ တစ်ယောက်တည်း ကျန်းလန်ကို လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး အခြား မည်သည့်အခြွေအရံမှ ပါမလာခဲ့ပေ။

ကျန်းလန် အံ့အားသင့်ရသည်မှာ သူ ပြုလုပ်ထားသည့်အစီအရင်များက နဂါးဧကရီကို တားဆီးနိုင်ခြင်း မရှိသည်သာမက သူရောက်လာသည်ကိုပင် အစီအရင်များက တုံ့ပြန်သတင်းပို့နိုင်ခြင်း မပြုခဲ့ကြပေ။

နဂါးဧကရီသည် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်ကြောင်း ကျန်းလန် ခံစားလိုက်ရသည်။

"မင်း ရောက်လာပြီလား"

ရန်ကျင်းက ကျန်းလန်ရောက်လာသည်ကို သတိထားမိသွားပြီး သိမ်မွေ့စွာပင် ဆိုသည်။

"လာ... ထိုင်ပါဦးကွယ်"

ကျန်းလန်က ကျောက်သားစားပွဲနံဘေးတွင် ဝင်ထိုင်ရင်း တည်ငြိမ်စွာပင် မေးလိုက်သည်။

"နဂါးဧကရီက ကျွန်တော်နဲ့ ဆွေးနွေးစရာကိစ္စတစ်ခုခုများရှိလို့ ရောက်လာရတာလား"

သူက စကားပြောရင်းဖြင့် မတော်တဆဖြစ်ရပ်များကို ကာကွယ်ရန် နွားရိုင်းကိုးကောင်စွမ်းအားကိုလည်း အသင့်စုစည်းထားသည်။

ရန်ကျင်းက ပေါ့ပေါ့ပါးပါး လေသံဖြင့်ပင် မေးသည်။

"မင်းနဲ့ လုန်ယွိ စေ့စပ်ထားတာ ဘယ်လောက်ကြာပြီလဲ"

"နှစ်ပေါင်း (၂၀၀) လောက် ရှိပါပြီ"

ကျန်းလန်က သိမ်မွေ့စွာပင် ပြန်ဖြေသည်။

ရန်ကျင်းက...

"ဒါဖြင့် လုန်ယွိက ဘယ်လိုမိန်းကလေးမျိုးလဲ..."

လုန်ယွိ၏ အမေရင်းတစ်ယောက်အနေဖြင့် လုန်ယွိအကြောင်း သူမ ဘာမှ မသိဘူးလား။

သူမ၏ မေးခွန်းက ဘာကိုဆိုလိုမှန်း မသိသော်လည်း သူကတော့ အလေးအနက်ထားကာ ဖြေကြားလိုက်သည်။

"သူက အပြင်ပန်းမှာ အေးစက်ပြီး လူတွေနဲ့ အမြဲတမ်း ဝေးဝေးနေတယ် ၊ တကယ်တမ်းမှာတော့ သူက သိပ်ကို နူးညံ့သိမ်မွေ့ပြီး ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ထားမျိုး ရှိပါတယ်"

ရန်ကျင်းက ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ဒါဖြင့် သူ့ရဲ့ပြစ်ချက်တွေက ဘာတွေများလဲ"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"ခုချိန်ထိတော့ ဘာပြစ်ချက်မှ ရှာမရသေးပါဘူး"

လုန်ယွိအကြောင်းမသိခင် အရင်အချိန်များတုန်းက သူမကို အခြားသူများ၏ ကိစ္စများတွင် ပါဝင်ပတ်သက်တတ်ပြီး လုပ်ရမည့်အလုပ်ကို မဖြစ်မနေ လုပ်တတ်သူဟု ထင်ခဲ့မိသည်။

သေရည်ဆိုင်တွင် အတူတူ အလုပ်လုပ်ခဲ့စဉ်က ထိုသို့သောအပြုအမူများကြောင့် ဆိုင်သို့လာသည့် ဧည့်သည်များနှင့် ပြဿနာတက်ခဲ့ရသည် မဟုတ်လား။

သို့သော် ယခုတော့ ကျန်းလန် ထိုသို့ မခံစားရတော့ပေ။

တွေးရင်းဖြင့်ပင် လုန်ယွိတွင် ချို့ယွင်းချက် တစ်စုံတစ်ရာ မရှိသည်ကို ကျန်းလန် အံ့အားသင့်စွာဖြင့် သိလိုက်ရသည်။

ရန်ကျင်းက မတ်တတ်ရပ်လိုက်ပြီး ခြံဝန်းထဲတွင် ဟိုဟိုဒီဒီ အနည်းငယ် လမ်းလျှောက်လိုက်သည်။

"လူသားတွေက ငါတို့ နဂါးမျိုးနွယ်တွေနဲပ မတူဘူး ၊ မင်းတို့ လူသားတွေဟာ စိတ်ခံစားချက် ထွေပြားကြပြီး သက်ရှိသတ္တဝါအားလုံးထဲမှာ အရှုတ်ထွေးဆုံး မျိုးစိတ်လို့ ပြောလို့ရတယ်လေ"

ပြောရင်း သူမက ကျန်းလန်ကို ကြည့်လိုက်သည်။

ထို့နောက်သိမ်မွေ့စွာဖြင့် မေးလာသည်။

"လူသားစုံတွဲတွေမှာ ထူးခြားတဲ့ခံစားချက်မျိုးတွေ ရှိကြတယ်လေ... ၊ သံယောဇဉ်လို့ ခေါ်မလားပဲ ၊ ဆိုတော့ မင်း လုန်ယွိအပေါ် မေတ္တာရှိရဲ့လား"

ကျန်းလန်က ထိုင်ရာမှ မတ်တတ်ထရပ်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။

"လောလောဆယ်မှာတော့ ဒီမေးခွန်းကို မဖြေနိုင်သေးပါဘူး ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်မ အန္တရယ်တစ်စုံတစ်ခု ရင်ဆိုင်ရမယ်ရင် ကျွန်တော် သူ့ကို ကူညီဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး"

ရန်ကျင်းက ကျန်းလန်ကိုကြည့်လိုက်ပြီး…

"အဲဒီလိုမျိုးလား"

ခဏနားပြီးမှ သူမက ဆက်ပြောသည်။

"လတ်တလောမှာ နဂါးမျိုးနွယ်တွေအတွက် အပြောင်းအလဲတစ်ခု ဖြစ်ဖို့ရှိတယ် ၊ အဲဒါက မင်းအတွက်လည်း အခွင့်ကောင်းတစ်ခု ရလာနိုင်တယ် ၊ ဆိုတော့ မင်း အဋ္ဌမမင်းသားနဲ့အတူ နဂါးတိုင်းပြည်ကို မလိုက်ချင်တာ သေချာလား"

သူမက ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ရင်း…

"မင်း လုန်ယွိကိုလက်ထပ်ချင်တယ်ဆိုရင် အင်မော်တယ်တစ်ပါး ဖြစ်လာဖို့က အရေးကြီးတယ်မဟုတ်လား ၊ မင်း နဂါးတိုင်းပြည်ကို လိုက်လာမယ်ဆိုရင် အင်မော်တယ်တစ်ပါးဖြစ်လာဖို့ အခွင့်ကောင်းတစ်ခု ရရှိလိမ့်မယ်"

နဂါးဧကရီ လာရောက်ရသည့်အကြောင်းရင်းက အဋ္ဌမမင်းသားအတွက်လား။

ကျန်းလန် ရင်ထဲမှ သက်ပြင်းတစ်ချက်ကြိတ်ချရင်း ခေါင်ခါယမ်းသည်။

"ဒီကိစ္စက ကျွန်တော် ဆရာ့ကို မေးကြည့်ဖို့ လိုပါတယ်"

ကျန်းလန်စကာကြောင့် ရန်ကျင်းက စိတ်ကွက်ပုံမရပေ။

"အင်းပေါ့လေ… ဟုတ်တာပေါ့"

သူမပုံစံက ပေါ့ပေါ့ပါးပါးပင် ရှိလေသည်။

ထို့နောက် ရန်ကျင်း ကျန်းလန်ကို နှုတ်ဆက်ပြီး နဝမတောင်ထွတ်မှ ပြန်သွားခဲ့သည်။

အဘယ့်ကြောင့် ရန်ကျင်း ရောက်လာရသလဲ ကျန်းလန် မသိရှိပေ။

ရှောင်ယွိအတွက်ရောက်လာသည်လား ၊ အဋ္ဌမမင်းသားအတွက် ရောက်လာခြင်းလား မပြောနိုင်ပေ။

သို့သော် ဘာပဲဖြစ်ဖြစ် သူ့အတွက် ကိစ္စမရှိပေ။

ရှောင်ယွိ စိတ်ဝင်စားမည်ဆိုလျှင် သူမ၏ မိခင်ပြောသွားသည့်စကားများအားလုံးကို ကျန်းလန်က သူမကို ပြန်ပြောပြမည်ပင် ဖြစ်သည်။

နောက်ဆုံးစကားတစ်ခွန်းကိုတော့ မပြောဘဲ ချန်ထားသင့်လေသည်။ သို့မှသာ ရှောင်ယွိ စိတ်ချမ်းသာပေလိမ့်မည်။

ထို့ပြင် ရန်ကျင်း သူ့ကို နောက်ဆုံးပြောခဲ့သည့်စကားကို ဆရာဖြစ်သူကို ပြောပြသင့်လား ၊ ပြောမပြသင့်ဘူးလား ကျန်းလန် စဉ်းစားနေမိသည်။

ပြောပြလိုက်လျှင် ဆရာဖြစ်သူက သူ့ကို နဂါးတိုင်းပြည်သို့ စေလွှတ်နေမည်ကို စိတ်ပူမိသည်။

နဂါးဧကရီပြောသည့် "နဂါးမျိုးနွယ်တွေအတွက်အပြောင်းအလဲတစ်ခု" ဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် နတ်ဘုရားရာထူးတစ်ခုကို ပြောခြင်း ဖြစ်နိုင်သည်။

ယခုအချိန်မှာတော့ နဂါးမင်းသား လုန်မန်မှလွဲပြီး မည်သူ့တွင်မှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရရှိခြင်း မရှိသေးပေ။

ကျန်းလန် ချီတုံချတုံ ဖြစ်နေမိသည်။

ဇာမဏီမျိုးနွယ်ကောင်မလေးနှင့် သေရည်ဆိုင်မှ ကလေးငယ်တို့သည် လုန်မန်ကဲ့သို့ မွေးရာပါအင်မော်တယ်များ မဟုတ်ကြဘဲ အဘယ်ကြောင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ ရရှိခဲ့ကြပါသနည်း။ ထိုကိစ္စက အလွန်ရှုတ်ထွေးလှသည်။

ကျန်းလန် ထိုအကြောင်းများကို စဉ်းစားမနေတော့ဘဲ မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ အမြန်ဆုံးတက်ရောက်နိုင်ရန်အတွက် ဆက်လက်ကျင့်ကြံရန်သာ ဆုံးဖြတ်လိုက်သည်။

သို့သော် မကျင့်ကြံမီ ဆရာဖြစ်သူကို အရင်ဆုံးသွားတွေ့ကာ ရန်ကျင်းပြောသည့်စကားများကို ပြောပြရဦးမည် ဖြစ်သည်။

***

ဆရာဖြစ်သူကို ကျန်းလန် ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

ဆရာဖြစ်သူ၏ သဘောထားကတော့ ရှင်းလင်းသည်။

နဂါးတိုင်းပြည်သို့ သွားရောက်ခြင်းက ကျန်းလန်၏ စိတ်ဆန္ဒနှင့် စိတ်သဘောထားအပေါ်တွင်သာ မူတည်သည်ဟု ဆိုသည်။

ကျန်းလန်က ပြင်ပလောကသို့ ထွက်ခွာချင်သူ မဟုတ်ပေ။

ထို့ကြောင့် နဂါးတိုင်းပြည်သို့ မသွားရောက်ရန် ဆုံးဖြတ်လိုက်ပြီး ဆက်လက်ကျင့်ကြံရန်အတွက် မရဏဂူသို့ ပြန်လာခဲ့သည်။

ကျန်းလန် ထွက်ခွာသွားသည်ကိုကြည့်ရင်း မော့ကျန်းသုန့် သက်ပြင်းသာ ချလိုက်မိတော့၏။

ကျန်းလန် ပြင်ပလောကသို့ထွက်ခွာစေရန် သူ ဘာလုပ်ပေးရပါမည်နည်း။ ဤတပည့်လေးသည် နှစ်ပေါင်း (၄၀၀) အတွင်း တစ်ကြိမ်သာလျှင် ပြင်ပလောသို့ ထွက်ခွာဖူးသည်။

ပြင်ပလောကအကြောင်း အနည်းငယ်သာသိရှိခြင်းက ကောင်းသည့်အချက် မဟုတ်ပေ။

သို့ပေသိ မော့ကျန်းသုန့်လည်း မည်သို့မှ မတတ်နိုင်ပေ။ တပည့်တိုင်းတွင် အားနည်းချက်ကိုယ်စီရှိကြသည်မှာ ပုံမှန်ပင် ဖြစ်၏။

ကျန်းလန်ကတော့ ပြင်ပလောကသို့ မသွားရောက်သည်မှလွဲပြီး ကျန်သည့်ကိစ္စများတွင် အတော်လေး ထူးချွန်သူ ဖြစ်လေ၏။

***

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။

ခွန်လွန်တောင်အောက်တွင် မြေအောက်နတ်ဆိုးများကို သတ်ဖြတ်ပွဲသည်လည်း အဆုံးသတ်လုနီးပြီ ဖြစ်သည်။ ယခုအခါ မြေအောက်နတ်ဆိုးများကို အရိပ်အယောင်ပင် မတွေ့ရတော့ပေ။

ခွန်လွန်တောင်နှင့် နဂါးမျိုးနွယ်များအကြား အငြင်းပွားမှုများ ထပ်မံဖြစ်ပွားပြီးနောက် နဂါးမျိုးနွယ်များ ဒေါသတကြီးဖြင့် ပြန်သွားကြသည်။

အဋ္ဌမမင်းသားကိုတော့ သူတို့နှင့် ပြန်လည်ခေါ်ဆောင်သွားနိုင်ခြင်း မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် ခွန်လွန်တောင်က ဇမဏီမျိုးနွယ်မိန်းကလေး"ဟုန်ယာ"ကို တောင်ပေါ်သို့ ရွှေ့ပြောင်းနေထိုင်စေခဲ့သည်။

ခွန်လွန်တောင်၏ ခွင့်ပြုချက်မရဘဲ သူမအနေဖြင့် ပြင်ပသို့ ထွက်ခွာခွင့်ရှိမည် မဟုတ်ပေ။ အကယ်၍ သူမ ထွက်သွားချင်သည်ဆိုပါက သင့်တော်သည့်တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရမည် ဖြစ်သည်။

သေရည်ဆိုင်မှ ကောင်ငယ်လေးကတော့ လက်ရှိအချိန်ထိ အဆင်ပြေနေသေး၏။

အဋ္ဌမမင်းသားက သူ့ထံသို့ မကြာခဏလာရောက်လည်ပတ်ရင်း သတင်းများဖောက်သည်ချနေသည့်အတွက် ကျန်းလန် ဤအကြောင်းအရာများကို သိရှိနေရခြင်း ဖြစ်သည်။

အဋ္ဌမမင်းသားက အလွန်ပွင့်လင်းသူ ဖြစ်သည်။

သူက ခွန်လွန်တောင်တွင် နေရသည်ဖြစ်စေ ၊ နဂါးတိုင်းပြည်တွင်နေရသည်ဖြစ်စေ ပြဿနာမရှိဟု ဆိုသည်။ သူ့အတွက်တော့ ခွန်လွန်တောင်သည်လည်း နဂါးတိုင်းပြည်ကဲ့သို့ပင် နေရထိုင်ရ အဆင်ပြေသည်။

သူ့ကိုကာကွယ်ပေးမည့် ယောက်ဖနှင့် အစ်မလည်း ရှိနေသည် မဟုတ်လား။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်…

ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

မိုးနဲ့မြေတစ်ခုလုံး တသိမ့်သိမ့်တုန်နေသည့်အလား သူ ခံစားရသည်။ ထိုသို့ဖြစ်ရသည်မှာ သူ၏ နတ်ဘုရားရာထူးက တုံ့ပြန်မှု ပြုလုပ်နေသောကြောင့် ဖြစ်၏။

ဤသည်က…

ယခင်က မတွေ့ကြုံဖူးသည့် ခံစားချက်အသစ်တစ်ခုဖြစ်သည်။

"စတုတ္ထမြောက် နတ်ဘုရားရာထူး ထွက်ပေါ်လာတော့မယ်"

စိတ်အာရုံထဲတွင် အလိုလိုသိရှိလာသည့် အသိကြောင့် ကျန်းလန် များစွာ အံ့အားသင့်သွားသည်။

နတ်ဘုရားရာထူးအသစ်ကို ရရှိသူမှာ မည်သူဖြစ်မည်လဲဆိုသည်ကိုတော့ ကျန်းလန် မသိရှိနိုင်သေးပေ။

All Chapters