အခန်း (၂၅၁၅-၂၅၁၆)
Vol. 192 Ch. 2515-2516
အခန်း(၂၅၁၅)
“လူသားဧကရာဇ်ဓားရဲ့ နောက်ဆုံးအစိတ်အပိုင်းက ဘယ်မှာ ရှိနေမလဲ”
လူသားဧကရာဇ်ဓား၏ ထိပ်ဖျားပိုင်းရှိ လစ်လပ်နေသော နေရာကိုကြည့်ရင်း ကျန်းချန်သည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေသို့ ကျူးကျော်ခဲ့သည့် စကြဝဠာအဆင့် စစ်ပွဲတွင် လူသားဧကရာဇ်ဓားသည် တိုက်ပွဲအတွင်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။
လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းများ မည်သည့်နေရာတွင် ကျန်ရစ်ခဲ့သည်ကို မည်သူမျှ မသိရှိကြပေ။
ဤနှစ်များအတွင်း ကျန်းချန်သည် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းများမှ ပြန်လည် သွန်းလုပ်ထားသော ရှေးဟောင်းရွှေရောင်ဓားကို ပထမဆုံးအနေဖြင့် ရရှိခဲ့သည်။
ထို့နောက်တွင် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းတချို့ကို တစ်ခုပြီး တစ်ခု ရှာဖွေတွေ့ရှိခဲ့၏။
သို့သော်လည်း ယခုတစ်ကြိမ် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲတွင် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းသည် လုံးဝ ထင်မထားသော ဖြစ်ရပ်တစ်ခုပင်။
လူသားဧကရာဇ်ဓား၏ နောက်ဆုံး အစိတ်အပိုင်းအတွက်မူ ရှာဖွေရုံနှင့် တွေ့နိုင်မည် မဟုတ်ဘဲ ကြုံကြိုက်မှသာ ရရှိနိုင်သောအရာ ဖြစ်၍ ကျန်းချန်သည် ကံတရားအတိုင်းသာ သဘောထားလိုက်တော့သည်။
“လူသားဧကရာဇ်ဓားရဲ့ စွမ်းအားက အများကြီး မြင့်တက်သွားပြီ ဆိုတော့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ လုံလောက်သွားခဲ့ပြီ.. နောက်တစ်ဆင့်အနေနဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး အုပ်စိုးသူအဆင့်ကို အမြန်ဆုံး ထိုးဖောက်ဖို့ပဲ ရှိတော့တယ်”
ကပ်ဘေးဆေးလုံး အတွက် တိုက်ပွဲတွင် သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ဝူရှဖြစ်စေ၊ ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်ဖြစ်စေ၊ မည်သူကမှ အလွယ်တကူ လက်လျှော့ကြလိမ့်မည် မဟုတ်ပေ။
ကပ်ဘေးဆေးလုံးကို ရရှိရန်အတွက် လီရှောင်နှင့် ရွှယ်ဝူရှတို့၏ နောက်ကွယ်မှ မဟာယာနအဆင့် ကျင့်ကြံသူများသည်ပင် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေသို့ ရောက်ရှိလာနိုင်ခြေ အလွန်များသည်ဟု ကျန်းချန် ခံစားမိခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ကပ်ဘေးဆေးလုံးကို အလွန်အမင်း စိတ်မဝင်စားသလို ထိုဆေးလုံး အတွက် တိုက်ပွဲတွင်လည်း ပါဝင်ရန် အစီအစဥ် မရှိပေ။
သို့သော်လည်း သူက ထိုကိစ္စနှင့် မကင်းဘဲ နေနိုင်လိမ့်မည် မဟုတ်ချေ။
အဆုံးသတ်တွင်မူ သူက လေလံပွဲတွင် အင်မော်တယ်လက်နက် အစိတ်အပိုင်းကို လေလံဆွဲထားသူ ဖြစ်၏။
ယင်းကြောင့် လီရှောင်ဖြစ်စေ၊ ရွှယ်ဝူရှဖြစ်စေ၊ သူ့ကို အာရုံမစိုက်ဘဲ နေလိမ့်မည် မဟုတ်ပေ။
အထူးသဖြင့် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင် ဖြစ်သည်။
ကုန်သွယ်ရေးစျေး၏ တတိယထပ်တွင် ရှိစဥ်ကတည်းကပင် လီရှောင်သည် ကျန်းချန်က အင်မော်တယ်နှင့် ပတ်သက်သော အရာကို ရရှိထားမှန်း သိရှိထားသည်။
ထို့အပြင် ယခုအခါ အင်မော်တယ်လက်နက် အစိတ်အပိုင်းကိုပါ ရရှိထားသည်ဖြစ်ရာ လီရှောင်အနေဖြင့် သူ့ကို အလွယ်တကူ အလွှတ်ပေးရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ကျန်းချန်က အုပ်စိုးသူ အဆင့်သို့ အလျင်မြန်ဆုံးထိုးဖောက်ရန် ဆုံးဖြတ်ထားခဲ့သည်။
အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်လျှင် ကျိုလီအင်မော်တယ်ဂိုဏ်းဖြစ်စေ၊ သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူဖြစ်စေ၊ သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။
ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူအဆင့်စွမ်းအားကို အသည်းအသန် မြှင့်တင်ရန် အတွက် အခန်းထဲတွင် အောင်း၍ အပတ်တကုတ် ကျင့်ကြံနေခဲ့သည်။
ကျင့်ကြံခြင်း အပြင် ကျန်းချန်သည် စိမ်းလန်းသောမြစ်မြို့၏ အခြေအနေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။
သူက နေ့စဥ် အချိန်အနည်းငယ်ပေးကာ ရှဖေး ထံကနေ အခြေအနေများကို စူးစမ်းလေ့လာခဲ့သည်။
ရှဖေးသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ကြီးကြပ်ရေးမှူး တစ်ဦး ဖြစ်၍ စိမ်းလန်းသောမြစ် အဖွဲ့အတွင်း ရာထူးမြင့်မားပြီး သတင်းများစွာကို ရရှိနိုင်သူ ဖြစ်သည်။
ရှဖေး၏ နှုတ်မှတစ်ဆင့် ကျန်းချန်သည် ကပ်ဘေးဆေးလုံး၏ လေလံပွဲ ရလဒ်ကို သိခဲ့ရသည်။
ကျန်းချန်၏ မျှော်လင့်ချက်ကို ကျော်လွန်သွားသည့် အချက်မှာ အဆုံးသတ်တွင် ကပ်ဘေးဆေးလုံးကို ရရှိသွားသူသည် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင် မဟုတ်သလို သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ဝူရှလည်း မဟုတ်ဘဲ လေအေးနယ်မြေမှ လေအေးအင်မော်တယ်ဂိုဏ်း ဖြစ်နေခဲ့သည်။
လေအေးအင်မော်တယ်ဂိုဏ်းသည် လေအေးနယ်မြေတွင် အစွမ်းထက်ဆုံးဂိုဏ်း ဖြစ်ပြီး လေအေးနယ်မြေ တစ်ခုလုံးကို အုပ်ချုပ်ထား၏။
ဆိုရလျှင် လေအေးအင်မော်တယ်ဂိုဏ်းသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအောက်ရှိ အင်အားအကောင်းဆုံး အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ ဖြစ်ပြီး လေးအေးအင်မော်တယ်ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ အောက်ဆုံးအဆင့်ရှိ အင်အားစုများထက် မနိမ့်ကျပေ။
လေအေးအင်မော်တယ်ဂိုဏ်းနှင့် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတို့ကြားတွင် တစ်ခုတည်းသောခြားနားချက်မှာ လေအေးအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ မရှိခြင်းပင်။
ထိုအကြောင်းကြောင့်ပင် ယခုတစ်ကြိမ်တွင် လေအေးအင်မော်တယ်ဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး ပေါ်ထွက်လာစေရန် အတွက် အဖိုးအခများစွာ ရင်းနှီး၍ ကပ်ဘေးဆေးလုံးကို အရယူခဲ့ခြင်း ဖြစ်၏။
ကပ်ဘေးဆေးလုံးကို အားကိုး၍ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို မွေးထုတ်နိုင်ခဲ့လျှင် လေအေးအင်မော်တယ်ဂိုဏ်းသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းသို့ တိုးဝင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း လေအေးအင်မော်တယ်ဂိုဏ်းသည် ကပ်ဘေးဆေးလုံးကို လေလံအောင်ပြီးနောက်တွင် သူတို့အနေဖြင့် ဆေးလုံးကို ယူ၍ ဘေးကင်းကင်းနှင့် ထွက်ခွာသွားရန်မှာ အလွန်ပင် ခက်ခဲမည်ကို ကောင်းစွာ သဘောပေါက်ထားခဲ့သည်။
ထို့ကြောင့် ကပ်ဘေးဆေးလုံးကို ရရှိပြီးနောက်တွင် တစ်စုံတစ်ရာကို တည်ငြိမ်စွာ စောင့်ဆိုင်းနေသကဲ့သို့ စိမ်းလန်းသောမြစ်မြို့ကနေ ထွက်မသွားဘဲ ရှိနေခဲ့သည်။
လေအေးအင်မော်တယ်ဂိုဏ်းမှ လူများ ထွက်မသွား၍ ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်နှင့် သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ဝူရှ တို့သည်လည်း စိမ်းလန်းသောမြစ်မြို့မှာပင် ဆက်လက်နေထိုင်နေခဲ့ကြသည်။
သေချာသောအချက်မှာ ထိုအင်အားစု နှစ်စု အပြင် အခြားသော လက်မလျှော့လိုသည့် အင်အားစု အချို့သည်လည်း အမှောင်ထဲတွင် တိတ်တဆိတ် ပုန်းကွယ်နေကြပြီး အခွင့်အရေးရလျှင် ကြားဖြတ် လုယူရန် စောင့်ဆိုင်းနေကြသည်။
စိမ်းလန်းသောမြစ် တစ်မြို့လုံးသည် အပြင်ပန်းအားဖြင့် အေးချမ်းနေသယောင် ရှိသော်လည်း အမှောင်ထဲတွင် လှိုင်းတံပိုးများ ထန်နေခဲ့ပြီး မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုး ကဲ့သို့ ဖြစ်ပေါ်နေခဲ့၏။
“မိတ်ဆွေလေးကျန်းချန်.. မင်းလည်း သတိထားဖို့ လိုလိမ့်မယ်.. သိပ်မကြာခင်က လီရှောင်နဲ့ ရွှယ်ဝူရှတို့ ငါ့ဆီလာပြီး မင်းရဲ့ အကြောင်းကို စုံစမ်းသွားကြသေးတယ်”
ရှဖေးက အင်အားစုအချို့၏ နောက်ဆုံးအခြေအနေကို ပြောပြပြီးနောက်တွင် လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။
“သတိပေးတဲ့အတွက် ကြီးကြပ်ရေးမှူးရှကို ကျေးဇူးတင်ပါတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“လီရှောင်နဲ့ ရွှယ်ဝူရှတို့ တစ်ခုခု လှုပ်ရှားမှု ရှိလာရင် ကြီးကြပ်ရေးမှူးရှ အနေနဲ့ ကျွန်တော့်ကို ချက်ချင်း အသိပေးဖို့ တောင်းဆိုပါတယ်”
လီရှောင်နှင့်ရွှယ်ဝူရှ တို့က သူ့ကို ပစ်မှတ်ထားလာမည်ကို ကျန်းချန် တွေးထားပြီးသား ဖြစ်သည်။
သို့သော်လည်း ထိုနှစ်ဦး၏ အတွေးအများစုသည် ကပ်ဘေးဆေးလုံး တိုက်ပွဲအပေါ်တွင်သာ ရှိနေဦးမည် ဖြစ်ရာ အနည်းဆုံးတော့ ထိုတိုက်ပွဲ မပြီးမချင်း သူ့ကို လာရောက် ပြဿနာရှာလိမ့်မည် မဟုတ်ပေ။
ယခုအခါတွင် ကျန်းချန်သည် လေအေးအင်မော်တယ်ဂိုဏ်းမှ လူများ စိမ်းလန်းသောမြစ် မြို့တွင် အချိန်အနည်းငယ် ထပ်မံ နေထိုင်ပေးရန်သာ မျှော်လင့်နေခဲ့သည်။
အကြောင်းရင်းမှာ သူသာ ရက်အနည်းငယ် အချိန်ထပ်ရမည် ဆိုလျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူ စွမ်းအားသည် ပြီးပြည့်စုံသွားမည် ဖြစ်ပြီး အုပ်စိုးသူအဆင့်သို့ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သောကြောင့်ပင်။
ထိုအချိန်သို့ ရောက်လျှင် လီရှောင်ဖြစ်စေ၊ ရွှယ်ဝူရှဖြစ်စေ၊ သူ့ကို ပြဿနာလာရှာရဲလျှင် ထိုသူကို ကြီးလေးသော အဖိုးအခ ပေးဆပ်စေလိမ့်မည် ဖြစ်သည်။
ရှဖေးနှင့် တစ်ခဏမျှ စကားပြောပြီးနောက်တွင် ကျန်းချန်သည် အခန်းထဲသို့ ပြန်ဝင်ကာ အခန်းအောင်း၍ ဆက်လက် ကျင့်ကြံနေခဲ့သည်။
“ဒင်.. သင်က အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို စုပ်ယူပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ဆယ်မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
“ဒင်.. သင်က ဆယ့်ငါးမိနစ်ကြာ ကျင့်ကြံခဲ့ပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ဆယ်မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
“...........”
ဤကဲ့သို့ နှစ်ဆ တိုးမြှင့်လာမှုနှင့်အတူ ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူစွမ်းအား တိုးတက်မှုနှုန်းသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
နောက်ထပ် သုံးရက်အကြာတွင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ အုပ်စိုးသူစွမ်းအားသည် သုံးဆယ် ရာခိုင်နှုန်းကိုပင် ကျော်လွန်သွားခဲ့သည်။
ဆယ်ရက်အကြာတွင် ကျန်းချန်၏ ခန္ဓာကိုယ် အတွင်းရှိ အုပ်စိုးသူစွမ်းအားသည် ကိုးဆယ်ရာခိုင်နှုန်းကျော် အထိ ရောက်ရှိသွားခဲ့ပြီး အုပ်စိုးသူအဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
သို့သော်လည်း ကျန်းချန်က အုပ်စိုးသူအဆင့်ကို ထိုးဖောက်တော့မည့် အချိန်မှာပင် ရှဖေးသည် သူ့ကို ရုတ်တရက် လာရှာသောကြောင့် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ရသည်။
“မိတ်ဆွေလေးကျန်းချန်.. လေအေးအင်မော်တယ်ဂိုဏ်းက လူတွေ လှုပ်ရှားနေပြီ ဆိုတဲ့သတင်းကို ငါအခုလေးတင် ရထားတယ်.. သူတို့တွေ စိမ်းလန်းသောမြစ်မြို့ကနေ ထွက်သွားတော့မယ်ထင်တယ်”
အခန်းထဲမှ ထွက်လာသော ကျန်းချန်ကို မြင်လျှင် ရှဖေးသည် အပိုစကားများ ပြောမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“လေအေးအင်မော်တယ်ဂိုဏ်းက စိမ်းလန်းသောမြစ်မြို့မှာ ဆယ့်ငါးရက်တောင် နေခဲ့တယ်.. အခု သူတို့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတော့ သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီးသွားပြီလို့ ငါထင်မိတယ်”
“အမှန်ပဲ.. မနေ့ကလေးတင် လေအေးအင်မော်တယ်ဂိုဏ်းရဲ့ အဖွဲ့ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ တစ်ယောက်ကို တွေ့ခဲ့ရတယ်”
ရှဖေးက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ရထားတဲ့သတင်းအရဆိုရင် အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက် ကျင့်ကြံသူက အင်မော်တယ် ကျင်ကြံခြင်း စကြဝဠာထဲက နာမည်ကျော် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်တဲ့ ရေခဲမြစ်မိစ္ဆာကြီးပဲ”
“မဟာယာနအဆင့် ကျင့်ကြံသူလား”
ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့သည်။
လေအေးအင်မော်တယ်ဂိုဏ်းသည် စိမ်းလန်းသောမြစ် မြို့တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူတို့က မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို လာရောက်ကူညီရန် ဖိတ်ခေါ်ထားခြင်း ဖြစ်နေခဲ့၏။
ကပ်ဘေးဆေးလုံးကို ရယူရန်အတွက် လေအေးအင်မော်တယ်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အစွမ်းကုန်အားထုတ်လာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ကျိုလီအင်မော်တယ်ဂိုဏ်းနှင့် သွေးနတ်ဆိုးဂိုဏ်း တို့သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် ပါဝင်သော ဂိုဏ်းများ ဖြစ်ကြသည်။
သို့ဖြစ်ရာ မဟာယာနအဆင့် ကျင့်ကြံသူ၏ အကူအညီကို ရလျှင်ပင် လေအေးအင်မော်တယ်ဂိုဏ်း အနေဖြင့် ကပ်ဘေးဆေးလုံးကို ကာကွယ်ထားနိုင်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
အခန်း(၂၅၁၅)ပြီး၏။
အခန်း(၂၅၁၆)
စိမ်းလန်းသောမြစ်မြို့၏ အရှေ့ဘက် မိုင်ပေါင်းထောင်ချီ အကွာရှိ တောအုပ်လေးတစ်ခု အတွင်းမှ မြင့်မားသော သစ်ပင်အိုကြီးပေါ်တွင် လူရိပ်နှစ်ခု တိတ်တဆိတ် ပေါ်လာခဲ့သည်။
ထိုပုံရိပ်နှစ်ခုမှာ စိမ်းလန်းသောမြစ်မြို့ကနေ ထွက်ခွာလာကြသည့် ကျန်းချန်တို့ နှစ်ယောက်ပင် ဖြစ်သည်။
စိမ်းလန်းသောမြစ် မြို့ကနေ လေအေးအင်မော်တယ်ဂိုဏ်း ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်နှင့် ရွှယ်ချန်ကျဲ တို့သည် သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ကာ လေအေးအင်မော်တယ်ဂိုဏ်း၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် သွေးနတ်ဆိုးဂိုဏ်းဖြစ်စေ၊ ကျိုလီ အင်မော်တယ်ဂိုဏ်းဖြစ်စေ ကပ်ဘေးဆေးလုံးနှင့် ပတ်သက်၍ အလွယ်တကူ လက်လျှော့ကြလိမ့်မည် မဟုတ်သည်ကို ကျန်းချန် ကောင်းစွာ သိရှိထားသောကြောင့်ပင်။
နောက်ထပ် ဖြစ်ပေါ်လာမည့် တိုက်ပွဲသည် လေအေးအင်မော်တယ်ဂိုဏ်း၏ ပတ်ဝန်းကျင်တွင်သာ ဖြစ်ပေါ်ပေလိမ့်မည်။
ထို့ကြောင့် သူတို့ အနေဖြင့် အမှောင်ထဲတွင် ပုန်းကွယ်ကာ လေအေးအင်မော်တယ်ဂိုဏ်းကို စောင့်ကြည့်နေသရွေ့ ရေနောက်သောအခါတွင် ငါးဖမ်းနိုင်ဖွယ် ရှိသည် မဟုတ်ပါလော။
သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ဝူရှနှင့် အခြားသူများသာ လေအေးအင်မော်တယ်ဂိုဏ်းနှင့် တိုက်ခိုက်ပြီး နှစ်ဦးနှစ်ဖက် အထိနာသွားသည်နှင့် သူတို့က ကြားကနေ အမြတ်ထုတ်နိုင်ပြီး ရွှယ်ဝူရှ တို့ကို သတ်ဖြတ်ရန် အခွင့်အရေးပင် ရရှိကောင်း ရရှိနိုင်ပေသည်။
အရှိန်အဝါကို မည်သူမှ မရိပ်မိစေရန် ဖုံးကွယ်ထားနိုင်ရန်အတွက် ကျန်းချန်သည် ရွှယ်ချန်ကျဲကို အရှိန်အဝါ ဖုံးကွယ်သည့် နည်းစနစ်အား သင်ကြားပေးထားခဲ့သည်။
သူတို့ နှစ်ဦး၏ စွမ်းရည်ဖြင့် အရှိန်အဝါ ဖုံးကွယ်သည့်နည်းစနစ်ကို အသုံးပြုထားလျှင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် သူတို့ ရှိနေသည်ကို အလွယ်တကူ သိရှိနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
“ငါတို့ နောက်ကနေ ခြေရာခံလိုက်လာတဲ့ လူတွေကို ရှင်းပစ်ပြီးပြီလား”
ကျန်းချန်သည် သစ်ကိုင်းကြားကနေ မိုင်ရာချီ အကွာတွင် အနားယူနေသော လူရိပ်များကို ကြည့်ရင်း ခပ်တိုးတိုးမေးလိုက်သည်။
ရွှယ်ဝူရှနှင့် လီရှောင် တို့သည် သူတို့၏ အာရုံအများစုကို ကပ်ဘေးဆေးလုံး အပေါ်တွင် စုပုံထားသော်လည်း ကျန်းချန် တို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် လူလွှတ်ထားဆဲ ဖြစ်သည်။
ထို့ကြောင့် စိမ်းလန်းသောမြစ်မြို့ကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် တမင်တကာပင် အဝေးသို့ ပတ်သွားခဲ့ပြီး ရွှယ်ချန်ကျဲကို သူတို့ နောက်သို့ နောက်ယောင်ခံ လိုက်လာသည့် သူများကို ရှင်းခိုင်းလိုက်ခြင်း ဖြစ်၏။
“သခင်ကြီး စိတ်မပူပါနဲ့.. ကျွန်တော် အားလုံးရှင်းလိုက်ပါပြီ.. အခုဆိုရင် ကျွန်တော်တို့ ဘယ်မှာ ရှိနေလဲ ဆိုတာ ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး”
ထိုစကားကိုပြောရင်း ရွှယ်ချန်ကျဲသည် လေအေးအင်မော်တယ်ဂိုဏ်း၏ အဖွဲ့ကို အဝေးကနေ လှမ်းကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
“သခင်ကြီး နည်းနည်းတော့ ထူးဆန်းနေသလိုပဲ.. လေအေးအင်မော်တယ်ဂိုဏ်းက စိမ်းလန်းသောမြစ်မြို့ကနေ ထွက်လာတာ မကြာသေးဘူး.. လေအေးအင်မော်တယ်ဂိုဏ်းက စိမ်းလန်းသောမြစ်မြို့ကနေ ထွက်လာတာ မကြာသေးဘဲ ဘာလို့ ဒီနေရာမှာ အနားယူနေရတာလဲ”
လေအေးအင်မော်တယ်ဂိုဏ်းသည် သူတို့ကို အကူအညီပေးရန် အတွက် မဟာယာနအဆင့် ကျင့်ကြံသူကိုပင် ဖိတ်ခေါ်ထားသည် ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်း တို့က ကပ်ဘေးဆေးလုံးကို အလွယ်တကူ လက်လျှော့မည် မဟုတ်မှန်း ရိပ်စားမိလောက်သည်။
သို့ဆိုလျှင် လေအေးအင်မော်တယ်ဂိုဏ်း အနေဖြင့် သူတို့၏ ဌာနေသို့ အမြန်ဆုံး ပြန်ရောက်အောင် သွားသင့်သည် မဟုတ်ပါလော။
သို့ရာတွင် ယခုအခါတွင်မူ လေအေးအင်မော်တယ်ဂိုဏ်းသည် စိမ်းလန်းသောမြစ် မြို့ကနေ ထွက်လာသည်မှာ မကြာသေးသော်လည်း ရပ်နားကာ အနားယူနေခဲ့သည်။
ယင်းမှာ အမှန်တကယ်ပင် ပုံမှန်မဟုတ်ပေ။
“ရှေ့က တောအုပ်ထဲမှာ ပုန်းကွယ်နေတဲ့ အရှိန်အဝါတွေ အများကြီးရှိနေတယ်.. ဒီထဲမှာ မဟာယာနအဆင့် ကျင့်ကြံသူတွေတောင် ပါနေတယ်.. လေအေးအင်မော်တယ်ဂိုဏ်းက လူတွေက အဲဒါကို သတိထားမိသွားလို့ ဖြစ်မယ်”
လေအေးအင်မော်တယ်ဂိုဏ်း၏ အရှေ့မှ တောအုပ်ကို လှမ်းကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
အုပ်စိုးသူအဆင့်နှင့် အလွန်တရာ နီးစပ်နေပြီ ဖြစ်၍ ကျန်းချန်၏ လက်ရှိ အာရုံခံနိုင်စွမ်းသည် အလွန်တရာပင် အားကောင်းနေခဲ့သည်။
ကျန်းချန်သည် သူ့ရှေ့ရှိ တောင်တန်းဆီကနေ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သည့် အရှိန်အဝါ နှစ်ခုကို ခံစားမိခဲ့သည်။
ထိုအရှိန်အဝါ နှစ်ခုသည် မဟာယာနအဆင့် ကျင့်ကြံသူနှစ်ယောက်၏ အရှိန်အဝါ ဆိုသည်မှာ သေချာသလောက်ပင်။
မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦးသည် သူတို့၏ အရှိန်အဝါကို အတော်လေး ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း ကျန်းချန် ကဲ့သို့ အရှိန်အဝါကို ဖုံးကွယ်သည့် အဆင့်မြင့်လျှို့ဝှက်နည်းစနစ်ကို မတတ်မြောက်ထားသောကြောင့် ကျန်းချန်က အာရုံခံမိခဲ့ခြင်း ဖြစ်သည်။
ထိုမဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦး၏ ဘေးတွင် ကျန်းချန်နှင့် အလွန်ရင်းနှီးသော အရှိန်အဝါ တချို့ ရှိနေခဲ့၏။
သံသယဖြစ်စရာ မလိုလောက်အောင်ပင် ထိုတောအုပ်ထဲတွင် ပုန်းကွယ်နေသော အုပ်စုနှစ်စုမှာ သွေးနတ်ဆိုးဂိုဏ်းနှင့် ကျိုလီ အင်မော်တယ်ဂိုဏ်းမှ လူများသာ ဖြစ်နိုင်လောက်၏။
“ဒီနှစ်ကောင်က ကပ်ဘေးဆေးလုံးကို အပိုင်သိမ်းဖို့ အသေအလဲ ကြိုးစားနေတာပဲ”
တောအုပ်အတွင်းရှိ အခြေအနေကို ခံစားမိပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျန်းချန်နှင့် ရွှယ်ချန်ကျဲ တို့သည် မြင့်မားသော သစ်ပင်အိုကြီးပေါ်တွင် တိတ်တဆိတ် ပုန်းကွယ်နေရသည့် အကြောင်းအရင်းမှာ သူတို့ရှေ့ရှိ တောအုပ် အခြေအနေကို အပေါ်စီးကနေ ကြည့်ရှုနိုင်သောကြောင့် ဖြစ်သည်။
မည်သည့်အသံမှ မထွက်ဘဲ ငြိမ်သက် တိတ်ဆိတ်နေသော တောအုပ်ကို လှမ်းကြည့်ရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခုအခါတွင် လေအေးအင်မော်တယ်ဂိုဏ်းသည် တစ်စုံတစ်ရာကို သတိထားမိသွားပြီ ဖြစ်ရာ တောအုပ်အတွင်းသို့ အလွယ်တကူ ဝင်တော့မည် မဟုတ်ပေ။
သွေးနတ်ဆိုးဂိုဏ်းနှင့် ကျယိုလီအင်မော်တယ်ဂိုဏ်းမှ လူများသည်လည်း တစ်ဖက်ဖက်က အရင်ဆုံး စတင်လှုပ်ရှားရန် စောင့်ဆိုင်းနေကြပုံ ရ၏။
သူတို့နှစ်ဖွဲ့သည် တစ်ဖက်အဖွဲ့က လေအေးအင်မော်တယ်ဂိုဏ်းနှင့် တိုက်ခိုက်ပြီး နှစ်ဦးနှစ်ဖက် အထိနာသွားသည် အထိ စောင့်ကာ ကြားထဲကနေ တံငါသည် ကဲ့သို့ အကျိုးအမြတ်ရယူလိုနေကြခြင်း ဖြစ်သည်။
ယခုအခါ အဖွဲ့သုံးဖွဲ့ကြားတွင် အခြေအနေတင်းမာနေပြီ ဖြစ်ရာ မည်သည့်အဖွဲ့က အရင်ဆုံး စိတ်မရှည်ဖြစ်မလဲ ဆိုသည့်အပေါ်တွင်သာ မူတည်တော့သည်။
ဤကဲ့သို့ စောင့်ဆိုင်းရင်းဖြင့် အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး တိတ်ဆိတ်သော အငွေ့အသက်သည် ပတ်ဝန်းကျင်တွင် အချိန်အတော်ကြာ လွှမ်းမိုးနေခဲ့သည်။
အချိန်မည်မျှ ကြာသွားမှန်းပင် မသိရပေ။
မျက်စိမှိတ်ကာ အနားယူရင်း သစ်ပင်၏ ပင်စည်ကို မှီနေခဲ့သော ကျန်းချန်သည် အဆုံးသတ်တွင် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး ရုတ်တရက် လှမ်းကြည့်လိုက်သည်။
အနားယူနေကြသော လေအေးအင်မော်တယ်ဂိုဏ်းအဖွဲ့သည် အဆုံးသတ်တွင် စတင် လှုပ်ရှားလာခဲ့ချေပြီ။
သို့သော်လည်း သူတို့သည် အရှေ့ရှိ တောအုပ် ဆီသို့ ဦးတည်၍ မသွားဘဲ ဘေးဘက်ကနေ ကွေ့ပတ်၍ သွားခဲ့ကြသည်။
လေအေးအင်မော်တယ်ဂိုဏ်းသည် တောအုပ်အတွင်းရှိ အန္တရာယ်ကို သတိထားမိသွားပုံရပြီး ဤနေရာတွင်လည်း ဆက်လက် အချိန်မဖြုန်းလိုတော့သဖြင့် လမ်းလွှဲကနေ သွားရန် စီစဥ်ခဲ့ခြင်း ဖြစ်သည်။
လေအေးအင်မော်တယ်ဂိုဏ်းက လမ်းလွှဲကနေ ထွက်ခွာရန် ပြင်ဆင်လိုက်သောအချိန်မှာပင် တောအုပ်အတွင်းရှိ အဖွဲ့တစ်ဖွဲ့သည် အဆုံးသတ်တွင် ငြိမ်သက် မနေနိုင်တော့ပေ။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
တောအုပ်အတွင်းကနေ သွေးရောင်လွှမ်းသော ပုံရိပ်လေးခုသည် ထွက်ပေါ်လာခဲ့ပြီး သွေးရောင် အလင်းတန်းလေးခုအဖြစ်သို့ ပြောင်းလဲကာ လေအေးအင်မော်တယ်ဂိုဏ်း အဖွဲ့၏ အရှေ့တွင် ဆင်းသက်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ခနဲ့တဲ့တဲ့ လေသံတစ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
“ရေခဲမြစ်မိစ္ဆာကြီး.. မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ.. မင်းဒီလောက်အထိ သတိကြီးမယ်လို့ ငါမထင်ထားခဲ့ဘူး”
လေအေးအင်မော်တယ်ဂိုဏ်းမှ နှစ်ပေါင်းသောင်းချီ ကြာမြင့်သည့် ရေခဲပြင်ကဲ့သို့ အေးစက်စက် အရှိန်အဝါရှိသည့် အပြာရောင်ဝတ်ရုံဝတ် အဘိုးအိုသည် သူ၏ ရှေ့မှ သွေးရောင်ဝတ်ရုံဝတ် လူထွားကြီးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ရွှယ်ကျိုးမင်.. နောက်ဆုံးတော့ မင်းလည်း ဝင်ပါလာရပြီပေါ့”
သွေးရောင် ဝတ်ရုံဝတ်လူမှာ သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာကိုယ်ရံတော် ဖြစ်သည့် ရွှယ်ကျိုးမင် ဖြစ်သည်။
“ရေခဲမြစ်မိစ္ဆာကြီး.. မင်းက လေအေးအင်မော်တယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါတို့ နှစ်ဂိုဏ်းရဲ့ ပြဿနာကြားမှာ ဝင်ပါချင်ရတာလဲ.. ဘာမှမဟုတ်တဲ့ လေအေးအင်မော်တယ်ဂိုဏ်း အတွက်နဲ့ ငါတို့ သွေးနတ်ဆိုးဂိုဏ်းကို ပြစ်မှားတာက ဥာဏ်ရှိတဲ့ရွေးချယ်မှု မဟုတ်ဘူး”
ရွှယ်ကျိုးမင်က ရေခဲမြစ်မိစ္ဆာကြီးကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“မင်း အခုနေ ထွက်သွားမယ်ဆိုရင် အချိန်မီပါသေးတယ်”
ရေခဲမြစ်မိစ္ဆာကြီးက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ရွှယ်ကျိုးမင်.. သွေးနတ်ဆိုးဂိုဏ်းရဲ့ နာမည်ကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့.. ငါက သူတို့ဆီက အကျိုးအမြတ်ကို လက်ခံထားပြီးမှတော့ သူတို့ရဲ့ အကျိုးကို ဆောင်ရွက်ပေးရမှာပဲ.. မင်းက ကပ်ဘေးဆေးလုံးကို လုယူချင်တယ် ဆိုရင် မင်းမှာ အဲဒီစွမ်းရည်ရှိ၊မရှိ ကြည့်ရသေးတာပေါ့”
“စကားကောင်း ပြောနေတာကို နားမထောင်ချင်ဘူးကိုး.. မင်းဒီလောက်တောင် ခေါင်းမာနေမှတော့ ငါ့ဘက်ကလည်း အားနာမနေတော့ဘူး”
ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ကျိုးမင်သည် သူ၏ အနောက်ဘက်ရှိ တောအုပ်၏တစ်နေရာ ဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
“လီထျန်းယွမ် ထွက်လာခဲ့တော့.. အခြေအနေက ဒီအထိ ရောက်နေပြီကို မင်းက ဘာလို့ အမှောင်ထဲမှာ ပုန်းနေသေးတာလဲ”
သူက လေအေးအင်မော်တယ်ဂိုဏ်းကို အရင်ဆုံး တားဆီးလိုက်သော်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။
သူသာ လေအေးအင်မော်တယ်ဂိုဏ်းနှင့် တိုက်ခိုက်မည်ဆိုလျှင် အမှောင်ထဲတွင် ပုန်းအောင်းနေသော ကျိုလီအင်မော်တယ်ဂိုဏ်းမှ လူများကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။
သူ့အနေဖြင့် ယခုလုပ်ဆောင်ရမည့် အကောင်းဆုံးနည်းလမ်းမှာ ကျိုလီအင်မော်တယ်ဂိုဏ်းမှ လူများကို အရင်ဆုံး ခေါ်ထုတ်ပြီး ၎င်းတို့နှင့် ပူးပေါင်း၍ လေအေးအင်မော်တယ်ဂိုဏ်းကို ရင်ဆိုင်ရန် ဖြစ်သည်။
သို့မှသာ မျှမျှတတ ယှဥ်ပြိုင်နိုင်ပေလိမ့်မည် မဟုတ်ပါလား။
“ဝှစ်..”
“ဝှစ်..”
ရွှယ်ကျိုးမင်၏ စကားအဆုံးတွင် တောအုပ်အတွင်းကနေ လေတိုးသံတချို့ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် လူရိပ်လေးခုသည် တောအုပ်အတွင်းကနေ ထွက်လာခဲ့ကြသည်။
ထိုလေးဦးအနက် သုံးဦးမှာ လီရှောင်တို့ သုံးဦးပင် ဖြစ်သည်။
လီရှောင်တို့ သုံးဦး၏ ရှေ့တွင်မူ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပုံရသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။
ယင်းအနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ အရှိန်အဝါသည် အလွန်တရာပင် နက်ရှိုင်းပြီး သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ကျိုးမင်ထက်ပင် အနည်းငယ်မျှ မနိမ့်ကျပေ။
အခန်း(၂၅၁၆)ပြီး၏။