← Chapters

အခန်း (၂၅၁၇-၂၅၁၈)

Vol. 192 Ch. 2517-2518

အခန်း (၂၅၁၇-၂၅၁၈)

Vol. 192 Ch. 2517-2518

အခန်း(၂၅၁၇)

“လီထျန်းယွမ်.. အခုအခြေအနေကို မင်းနဲ့ငါ နှစ်ယောက်လုံး သိကြတာပဲ.. မင်းနဲ့ငါလက်တွဲပြီး ခပ်မြန်မြန် ရှင်းပစ်လိုက်ကြစို့”

ရွှယ်ကျိုးမင်က လေအေးအင်မော်တယ်ဂိုဏ်းကို လျစ်လျူရှုထားလိုက်ပြီး လီထျန်းယွမ်ကို ကြည့်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။

လီထျန်းယွမ်၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားခဲ့သည်။

“ပြီးရင်ရော ကပ်ဘေး‌ဆေးလုံး အတွက် ဘယ်လို ဆုံးဖြတ်ကြမလဲ”

ထိုမေးခွန်းကို ကြားလျှင် ရွှယ်ကျိုးမင်သည် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဒီတစ်ခေါက် မင်းနဲ့ငါ့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲရှိတယ်.. အဲဒါက ကပ်ဘေးဆေးလုံးအတွက်ပဲ.. ကပ်ဘေးဆေးလုံးကို ရတာနဲ့ ငါတို့တွေ တရားမျှမျှတတ ယှဥ်ပြိုင်ကြတာပေါ့”

“ရွှယ်ကျိုးမင်.. မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာ တစ်ဂိုဏ်း အပါအဝင် ဖြစ်ပေမဲ့ ဒီလောက်အထိ အောက်တန်းကျလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

လေအေးအင်မော်တယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူက ရွှယ်ကျိုးမင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့က ငါတို့ကို အနိုင်ကျင့်လို့ လွယ်မယ်များ ထင်နေလား”

“ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းတို့ဆီမှာ ရေခဲမြစ်မိစ္ဆာကြီးရဲ့ အကူအညီသာ မရှိရင် မင်းတို့ လေအေးအင်မော်တယ်ဂိုဏ်း ဆိုတာ ငါ့မျက်လုံးထဲမှာ ပုရွက်ဆိတ်နဲ့ မခြားဘူး”

ရွှယ်ကျိုးမင်က မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်ပြီး လီထျန်းယွမ် ဘက်သို့ ပြန်ကြည့်ကာ ပြောလိုက်သည်။

“လီထျန်းယွမ်.. မင်း ဒီလိုမျိုး အချိန်ဆွဲနေမယ်ဆိုရင် မင်းအတွက်ရော၊ ငါ့အတွက်ရော ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး”

“သခင်ကြီး.. သွေးနတ်ဆိုးဂိုဏ်းက လေအေးအင်မော်တယ်ဂိုဏ်းကို ရင်ဆိုင်ဖို့ အတွက် ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ ပူးပေါင်းဖို့ ကြံရွယ်နေတာပဲ.. ဒီအတိုင်းဆို လေအေးအင်မော်တယ်ဂိုဏ်းက အတော်လေး အန္တရာယ်ရှိနေခဲ့ပြီ”

ထိုမြင်ကွင်းကို ကြည့်ရင်း ရွှယ်ချန်ကျဲသည် မျက်နှာ အနည်းငယ် ပျက်သွားခဲ့သည်။

လေအေးအင်မော်တယ်ဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရေခဲမြစ်မိစ္ဆာကြီးကို ဖိတ်ခေါ်ထားသော်လည်း ရွှယ်ကျိုးမင်နှင့် လီထျန်းယွမ် တို့သာ ပူးပေါင်းသွားခဲ့လျှင် ရေခဲမြစ်မိစ္ဆာကြီးသည် ခုခံနိုင်တော့မည်မဟုတ်ပေ။

“ငါတို့ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့.. သူတို့တွေ အတူတူပူးပေါင်းပြီး လေအေးအင်မော်တယ်ဂိုဏ်းကို ရှင်းပစ်လိုက်ရင်တောင် ကပ်ဘေးဆေးလုံး အတွက် တိုက်ပွဲ ဆက်ဖြစ်ကြဦးမှာပဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ဒါ့အပြင် အခြေအနေတွေက မျှော်လင့်ထားသလို ဖြစ်မလာနိုင်ဘူးလို့ ငါခံစားနေမိတယ်”

ထိုစကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“လီထျန်းယွမ်က ရွှယ်ကျိုးမင်နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ဆိုလိုချင်တာလား”

“ရွှယ်ကျိုးမင်က လီထျန်းယွမ်ကို ပူးပေါင်းဖို့ ပွင့်ပွင့်လင်းလင်း ကမ်းလှမ်းနေတာတောင် လေအေးအင်မော်တယ်ဂိုဏ်းနဲ့ ရေခဲမြစ်မိစ္ဆာကြီးက တုန်လှုပ်မှု မရှိတာကို မင်းသတိထားမိလား”

ထိုစကားကို ပြောနေစဥ် ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် အံ့အားသင့်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းနှင့် ကျိုလီအင်‌မော်တယ်ဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦး၏ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မည် ဖြစ်သော်လည်း လေအေးအင်မော်တယ်ဂိုဏ်းသည် အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှု ရှိမနေသည်မှာ အမှန်တကယ် ထူးဆန်းနေခဲ့သည်။

ဤအချက်ကို ထောက်၍ လေအေးအင်မော်တယ်ဂိုဏ်းတွင် ရေခဲမြစ်မိစ္ဆာကြီး အပြင် တခြားသော ပြင်ဆင်မှုများ ရှိနေနိုင်၏။

ကျန်းချန်တို့ နှစ်ဦး တိတ်တဆိတ် ဆွေးနွေးပြောဆိုနေသော အချိန်မှာပင် လီထျန်းယွမ်က သူ၏ မေးခွန်းကို ပြန်မဖြေသည်အား မြင်လျှင် ရွှယ်ကျိုးမင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“လီထျန်းယွမ်.. မင်း ငါနဲ့ မပူးပေါင်းဘူးလား”

“ရွှယ်ကျိုးမင် မင်းအားကုန်ခံမနေနဲ့တော့.. ကျူလီအင်မော်တယ်ဂိုဏ်းက မိတ်ဆွေကြီးလီက မင်းနဲ့ လက်တွဲမှာမဟုတ်ဘူး”

ထိုအချိန်မှာပင် ရေခဲမြစ်မိစ္ဆာကြီး၏ အေးစက်စက် စကားသံက ရွှယ်ကျိုးမင်၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ရွှယ်ကျိုးမင် အံ့ဩထိတ်လန့်သွားခဲ့သည်။

သူက တည်ငြိမ်မှု ရှိနေသည့်‌ ရေခဲမြစ်မိစ္ဆာကြီးတို့ အဖွဲ့ကို ကြည့်လိုက်ပြီး လီထျန်းယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ရွှယ်ကျိုးမင်.. ကျိုလီအင်‌မော်တယ်ဂိုဏ်းနဲ့ လက်တွဲဖို့ မင်းတစ်ယောက်တည်းပဲ သိတယ်လို့ ထင်နေလား”

လေအေးအင်မော်တယ်ဂိုဏ်းက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

“ဒီတစ်ကြိမ် ကပ်ဘေးဆေးလုံးကို လေလံလာဆွဲတယ် ဆိုကတည်းက ငါတို့ လေအေးအင်မော်တယ်ဂိုဏ်းမှာ အပြည့်အဝ ပြင်ဆင်မှုတွေ ရှိပြီးသားမို့လို့ပဲ.. စိမ်းလန်းသောမြစ်မြို့ကနေ မထွက်ခွာခင်ကတည်းက ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ ငါတို့ ပူးပေါင်းပြီးသွားပြီ”

ထိုစကားကိုကြားလျှင် ရွှယ်ကျိုးမင်၏ မျက်နှာထက်တွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လေအေးအင်မော်တယ်ဂိုဏ်းသည် ကျိုလီအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းခဲ့ပြီး ကျိုလီအင်မော်တယ်ဂိုဏ်းကို ကပ်ဘေးဆေးလုံး ယှဥ်ပြိုင်မှုကနေ စွန့်လွှတ်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လီထျန်းယွမ်က ပြုံး၍ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး ရွှယ်ကျိုးမင်.. လေအေးအင်မော်တယ်ဂိုဏ်းက ငါတို့ ကျိုလီအင်မော်တယ်ဂိုဏ်း မငြင်းနိုင်တဲ့ ကမ်းလှမ်းချက်ကို ပေးခဲ့တာကြောင့် ငါ သူတို့နဲ့ ပူးပေါင်းလိုက်ပြီ”

လီထျန်းယွမ်၏ စကားကိုကြားလျှင် ရွှယ်ကျိုးမင်၏ စိတ်နှလုံးထဲဝယ် စိုးရိမ်စိတ်များ ပြည့်နှက်သွားခဲ့သည်။

လေအေးအင်မော်တယ်ဂိုဏ်းသည် ကျိုလီအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းသွားပြီ ဖြစ်ရာ သူတို့အနေဖြင့် ရေခဲမြစ်မိစ္ဆာကြီးနှင့် လီထျန်းယွမ်တို့ မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ရင်ဆိုင်ဖို့ အခွင့်အရေး မရှိတော့ပေ။

အနည်းငယ် ပေါ့ဆမိသည်နှင့် ယနေ့တွင် သူတို့အားလုံးသည် ဤနေရာမှာပင် အသက်ဆုံးရှုံးသွားနိုင်ခြေ ရှိ၏။

“ဆုတ်ကြစို့”

ထို့ကြောင့် ရွှယ်ကျိုးမင်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်ဝူရှတို့နှင့် အတူ ချက်ချင်းဆိုသလို လှည့်ထွက်ကာ ထွက်ပြေးသွားခဲ့သည်။

“သတ်ကြ”

လေအေးအင်မော်တယ်ဂိုဏ်းဘက်မှ ရေခဲမြစ်မိစ္ဆာအိုကြီး ဦးဆောင်ကာ ရွှယ်ကျိုးမင် တို့ကို ပြေးဝင်၍ တိုက်ခိုက်လိုက်သည်။

လီထျန်းယွမ်ကလည်း တုံ့ဆိုင်းမနေဘဲ ပြတ်ပြတ်သားသားပင် ဝင်ရောက် တိုက်ခိုက်လိုက်၏။

လေအေးအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင် တို့သည်လည်း သွေးနတ်ဆိုးဂိုဏ်းမှ လူများကို ဝိုင်းရံကာ တိုက်ခိုက်လိုက်ကြသည်။

ရွှယ်ဝူရှတို့ သုံးယောက်သည် အလွန်တရာ သန်မာသော်လည်း အရေအတွက်နှင့် အရည်အသွေးပိုင်းတွင် လေအေးအင်မော်တယ်ဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်းကို မယှဥ်နိုင်ခဲ့ပေ။

ထို့ကြောင့် တစ်ခဏအတွင်းမှာပင် ရွှယ်ဝူရှတို့ သုံးယောက်သည် လေအေးအင်မော်တယ်ဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်း၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီး အရေးနိမ့်လာခဲ့ကြသည်။

အခြားတစ်ဖက်တွင်လည်း ရွှယ်ကျိုးမင်သည် နှစ်ယောက် တစ်ယောက် ရင်ဆိုင်နေရ၏။

မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူ၏ ပုံရိပ်သည် အတော်လေးအရှက်ရစရာ ဖြစ်နေခဲ့ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့သည်။

ဤအတိုင်း ဆက်သွားနေ၍ မဖြစ်မှန်း ရွှယ်ကျိုးမင် ကောင်းစွာ သိထားခဲ့သည်။

သူက ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်မြင့် သွေးလျှို့ဝှက်နည်းစနစ်ကို တိုက်ရိုက်ပင် အသုံးပြုလိုက်သည်။

“ကောင်းကင်သွေး ဖောက်ခွဲခြင်း နည်းစနစ်”

ရွှယ်ကျိုးမင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားများကို သွေးမြစ်ကြီး တစ်စင်းအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲလိုက်ကာ ရေခဲမြစ်မိစ္ဆာကြီးနှင့် လီထျန်းယန် တို့ကို အတင်းအကျပ်ပင် တွန်းထုတ်လိုက်သည်။

ထို့နောက်တွင် သူ၏ ပုံရိပ်သည် ရွှယ်ဝူရှ၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ရွှယ်ဝူရှကို ခေါ်ကာ ထွက်ပြေးသွားခဲ့၏။

ကောင်းကင်နှင့်မြေကြီး ကြားတွင် ရွှယ်ကျိုးမင်၏ အေးစက်စက် စကားသံ တစ်သံသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။

“လေအေးအင်မော်တယ်ဂိုဏ်း.. ဒီနေ့ကိစ္စကို ငါကောင်းကောင်းကြီး မှတ်ထားမယ်”

ရွှယ်ကျိုးမင်က ထွက်ပြေးသွားနိုင်သော်လည်း သွေးနတ်ဆိုးဂိုဏ်းမှ ကျန်ရှိသည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်သည် ရွှယ်ကျိုးမင် တို့လောက် ကံမကောင်းခဲ့ပေ။

ဒဏ်ရာ အပြင်းအထန် ရရှိနေသည့် ထိုနှစ်ယောက်သည် လေအေးအင်မော်တယ်ဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်းမှ အင်မော်တယ် ကျင့်ကြံသူ အများအပြားကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါမည်နည်း။

အားလုံး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ထိုနှစ်ယောက်သည် လျင်မြန်စွာပင် အသက် ဆုံးရှုံးသွားကြသည်။

“ငါတို့နှစ်ယောက် ပူးပေါင်းပြီး တိုက်တာတောင် ရွှယ်ကျိုးမင်က လွတ်သွားသေးတယ်”

ခြေရာလက်ရာပင် မကျန်ဘဲ ပျောက်ကွယ်သွားသော ရွှယ်ကျိုးမင်ကြောင့် ရေခဲမြစ်မိစ္ဆာကြီးက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းမှ နည်းလမ်းများသည် ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲ၏။

“ရွှယ်ကျိုးမင်လို မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်က အသက်ကို ရင်းပြီး တိုက်ခိုက်မယ် ဆိုရင် သူ့ကို ဖမ်းဖို့အတွက် ငါတို့တွေ အများကြီး ရင်းနှီးရလိမ့်မယ်”

လီထျန်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရေခဲမြစ်မိစ္ဆာကြီးက ခေါင်းခါရမ်းလိုက်ပြီး လီထျန်းယွမ်ကို ဂါဝရပြုကာ ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အကူအညီပေးတဲ့ အတွက် မိတ်ဆွေကြီးလီကို ကျေးဇူးတင်ပါတယ်”

လီထျန်းယွမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“အားနာနေစရာမလိုပါဘူး.. လေအေးအင်မော်တယ်ဂိုဏ်းအနေနဲ့ ငါ့ရဲ့ကမ်းလှမ်းချက်ကို သဘောတူဖို့ပဲ လိုအပ်ပါတယ်”

“မိတ်ဆွေကြီးလီ စိတ်ချပါ.. ငါက လေအေးအင်မော်တယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်ပေမဲ့ လေအေးအင်မော်တယ်ဂိုဏ်းရဲ့ ကိုယ်စား ငါအဆုံးအဖြတ် ပေးလို့ရပါတယ်”

ရေခဲမြစ်မိစ္ဆာကြီးက ခေါင်းညိတ်ပြလိုက်ပြီး လေအေးအင်မော်တယ်ဂိုဏ်းမှ လူများကို ပြောလိုက်သည်။

“သွားစို့.. ငါမင်းတို့ကို စောင့်‌ရှောက်ပြီး လေအေးအင်မော်တယ်ဂိုဏ်း အထိ လိုက်ပို့ပေးမယ်”

ထိုစကားကို ပြောပြီးသည်နှင့် သူတို့အဖွဲ့သည် လီထျန်းယွမ်ကို နှုတ်ဆက်ကာ တောအုပ်ထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ရေခဲမြစ်မိစ္ဆာကြီးတို့ ထွက်ခွာသွားပြီးနောက်တွင် လီထျန်းယွမ်သည်လည်း လီရှောင်တို့နှင့် အတူ ထိုနေရာကနေ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၅၁၇)ပြီး၏။

အခန်း(၂၅၁၈)

“ကျိုလီအင်မော်တယ်ဂိုဏ်းနဲ့ လေအေးအင်မော်တယ်ဂိုဏ်းတို့က နဂိုကတည်းက ပူးပေါင်းထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဤတစ်ကြိမ်တွင် လေအေးအင်မော်တယ်ဂိုဏ်းသည် ကပ်ဘေးဆေးလုံး အတွက် လေလံဆွဲရာတွင် တကယ့်ကို အပြည့်အဝ ပြင်ဆင်ထားခဲ့သည်။

ပြန်လည် တိတ်ဆိတ်သွားသော သူ့ရှေ့မှ တောအုပ်ကို ကြည့်ရင်း ကျန်းချန်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

လေအေးအင်မော်တယ်ဂိုဏ်းတွင် နောက်ထပ် အစီအစဥ် တစ်ခု ရှိနေလိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ထိုအစီအစဥ်သည် ကျိုလီ အင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းရန် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။

ဤတစ်ကြိမ်တွင် သွေးနတ်ဆိုးဂိုဏ်းသည် ကပ်ဘေးဆေးလုံးကို လုယူရင်း ကြက်လည်းပျောက် ဆန်လည်းဆုံး ဖြစ်သွားရပြီဟုပင် ဆို၍ရ၏။

“သခင်ကြီး.. အခုရွှယ်ကျိုးမင်နဲ့ ရွှယ်ဝူရှတို့ ဒဏ်ရာတွေရနေကြပြီ.. ဒီအချိန်က သူတို့ကို ရှင်းပစ်ဖို့ အကောင်းဆုံးအချိန်ပဲ.. ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချကြမလား”

ရွှယ်ချန်ကျဲ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

“သေချာတာပေါ့.. ဒါက တစ်သက်မှာ တစ်ခါ ကြုံတွေ့ရမဲ့ အခွင့်အရေးပဲ.. ဘယ်လိုလုပ် အလွယ်တကူ လက်လွှတ်ခံနိုင်မှာလဲ”

ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“သွားစို့.. ငါတို့ ရွှယ်ကျိုးမင်တို့ နှစ်ယောက်ကို ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေဆီ မရောက်ခင် အဆုံးသတ်ပေးကြတာပေါ့”

ရွှယ်ဝူရှသည် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီအရှိဆုံးလူငယ် ဖြစ်ပြီး မဟာယာနအဆင့်ကို တက်လှမ်းနိုင်ရန် အတွက် မျှော်လင့်ချက်အရှိဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။

သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာ ကိုယ်ရံတော် ဖြစ်သည့် ရွှယ်ကျိုးမင်သည်လည်း သွေးနတ်ဆိုးဂိုဏ်း၏ နာမည်ကျော် မဟာယာနအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်သည်။

ထိုနှစ်ယောက်ကိုသာ ဖယ်ရှားနိုင်လျှင် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို အကြီးအကျယ် ထိခိုက်စေမည်မှာ သေချာသလောက်ပင်။

ထိုအချိန်သို့ ရောက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေကို ထပ်မံ ကျူးကျော်ချင်လျှင် အင်အားများစွာ လျော့နည်းသွားလိမ့်မည် ဖြစ်၏။

ယင်းနောက်တွင် ကျန်းချန်တို့ နှစ်ယောက်သည် တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ယံ ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြသည်။

ကျန်းချန်တို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် အစောပိုင်းက ပျောက်ကွယ်သွားသည့် လီထျန်းယွမ်တို့ လူစုက လေထုထဲတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

“အကြီးအကဲထျန်းယွမ်.. အဲဒီကောင်က ကုန်သွယ်ရေးစျေးမှာ အင်မော်တယ်ရတနာ တစ်ခုကို ရထားသလို လေလံပွဲမှာလည်း အင်မော်တယ်လက်နက် အစိတ်အပိုင်း တစ်ခုကို ရထားတယ်.. သူတို့ရှိနေတာကို သိလျက်နဲ့ ဘာလို့ အခွင့်အရေးယူပြီး မတိုက်ခိုက်ခဲ့တာလဲ”

လီရှောင်က ကျန်းချန်တို့ ပျောက်ကွယ်သွားသော နေရာကို ငေးကြည့်ရင်း နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

လီထျန်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“အဲဒီကောင်လေးက သာမန်မဟုတ်ဘူး.. သူ့ကို ရင်ဆိုင်ဖို့မလွယ်ဘူး”

“အကြီးအကဲထျန်းယွမ်ရဲ့ ခွန်အားနဲ့တောင် အဲဒီကောင်ကို မယှဥ်နိုင်ဘူးလား”

လီရှောင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

လီထျန်းယွမ် ဆိုသည်မှာ ကျိုလီအင်မော်တယ်ဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

ထိုကောင်လေးက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်နေလျှင် လီထျန်းယွမ် အနေဖြင့် ဤမျှအထိ ကြောက်ရွံ့နေစရာ မလိုအပ်ပေ။

သို့ဆိုလျှင် ထိုလူငယ်သည် မဟာယာန အဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်များ ဖြစ်နေပါသလော။

သို့သော်လည်း ယနေ့ခေတ် အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာရှိ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ အထူးချွန်ဆုံး ပါရမီရှင်များသည်ပင် မဟာယာန တစ်ပိုင်း အဆင့်သာ ရှိကြသည်။

ယင်းအချက်ကို ထောက်လျှင် ထိုကောင်လေးသည် အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ပါရမီရှင်များထက် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပါသလော။

“ငါ အဲဒီကောင်လေးရဲ့ ခွန်အားကို ထွင်းဖောက် မမြင်နိုင်ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အန္တရာယ် အငွေ့အသက်ကို ခံစားမိခဲ့တယ်.. သူ့ကို တိုက်ရိုက် သွားတိုက်ခိုက်တာက ဥာဏ်ရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူး”

လီထျန်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ပြုံး၍ ပြောလိုက်သည်။

“တကယ်လို့သာ အစောပိုင်းက ငါ အစွမ်းကုန် ကြိုးစားခဲ့ရင် ရွှယ်ကျိုးမင်တို့ ထွက်ပြေးဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး.. ငါ ရွှယ်ကျိုးမင်တို့ကို ဘာလို့ လွှတ်ပေးလိုက်လဲ ဆိုတာ မင်းသိလား”

ထိုစကားကိုကြားလျှင် လီရှောင်သည် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး လီထျန်းယွမ်ကို မယုံကြည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

“အကြီးအကဲထျန်းယွမ်က အဲဒီနှစ်ယောက်ကို ရွှယ်ကျိုးမင်တို့နဲ့ အရင်တိုက်ခိုက်စေပြီးမှ အခွင့်အရေးယူဖို့ စီစဥ်ထားတာလား.. သူတို့နှစ်ယောက်က ရွှယ်ကျိုးမင်တို့နဲ့ သေချာပေါက် တိုက်ခိုက်လိမ့်မယ်လို့ အကြီးအကဲ ထျန်းယွမ်က ဘယ်လိုလုပ်ပြီး အသေအချာ သိနေရတာလဲ”

“အစကတော့ ဒီနှစ်ယောက်ကို ကပ်ဘေးဆေးလုံး အတွက် လာတယ်လို့ ငါထင်ခဲ့တယ်.. ဒါပေမဲ့ လေလံပွဲအစကနေ အဆုံးအထိ သူတို့က ကပ်ဘေးဆေးလုံးကို လေလံဆွဲဖို့ စိတ်မဝင်စားခဲ့ကြဘူး.. ဒါ့အပြင် မင်းစုံစမ်းထားတဲ့ အချက်အလက်တွေအရ အဲဒီနှစ်ယောက်က ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေက လာတာပဲ.. ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို စဥ်းစားကြည့်ရင် အဲဒီနှစ်ယောက်က သွေးနတ်ဆိုးဂိုဏ်း အတွက် လာတယ်ဆိုတာ ခန့်မှန်းရ မခက်ပါဘူး”

လီထျန်းယွမ်က အချက်အလက် တစ်ခုချင်းစီကို တည်ငြိမ်စွာပင် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

လီထျန်းယွမ်၏ စကားကိုကြားလျှင် လီရှောင်သည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို သတိရသွားခဲ့ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“အဲဒီနှစ်ယောက်က ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေမှာ ပြဿနာ အကြီးအကျယ်ရှာခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းရဲ့ပါရမီရှင်တွေကို သတ်ဖြတ်ခဲ့တဲ့ လူတွေလို့ အကြီးအကဲထျန်းယွမ် ဆိုချင်တာလား”

“ငါ့ရဲ့ခန့်မှန်းချက်က မမှားလောက်ဘူးလို့တော့ ထင်တာပဲ”

လီထျန်းယွမ်၏ မျက်လုံးများက တောက်ပလာခဲ့သည်။

“ဒီနှစ်ယောက်က ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေမှာ ပြဿနာရှာခဲ့တဲ့ သူတွေသာ အမှန်ဆိုရင် သူတို့ မျက်စိ‌ရှေ့က အခွင့်အရေးကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး.. သူတို့က ဖြတ်လမ်းကနေ ရွှယ်ကျိုးမင်ကို စောင့်တိုက်ကြလိမ့်မယ်”

လီရှောင်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“စိမ်းလန်းသောမြစ်ကောင်းကင် နယ်မြေနဲ့ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ ကြားမှာ ရှိတဲ့ နေရာက ဆိတ်ငြိမ်သွေးလွင်ပြင်ပဲ.. စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကနေ ဆိတ်ငြိမ်သွေးလွင်ပြင်ကို သွားမဲ့လမ်းက တစ်လမ်းပဲ ရှိတယ်.. သူတို့တွေ ရွှယ်ကျိုးမင်ကို တိုက်ခိုက်ချင်ရင် အဲဒီနေရာမှာ ဖြစ်မှာ အသေအချာပဲ"

"အခုအချိန်မှာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေခဲ့ပြီ.. အင်မော်တယ်နဲ့ ပတ်သက်တဲ့ ဘယ်အရာမဆို အင်မော်တယ် ဖြစ်လာနိုင်ဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်.. အဲဒီကောင်လေးရဲ့ ခန္ဓာကိုယ်မှာ အင်မော်တယ်ရတနာ နှစ်ခုတောင် ရှိနေတယ်ဆိုတော့ ငါတို့ အလွယ်တကူ လက်လွှတ်ခံလို့ မဖြစ်ဘူး”

ထိုစကားကို ပြောရင်း လီထျန်းယွမ်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

ရွှယ်ကျိုးမင်သည် အစောပိုင်းက တိုက်ပွဲတွင် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။

ယင်းကြောင့် ရွှယ်ကျိုးမင်ကို ရှင်းပစ်ချင်လျှင် အဖိုးအခတချို့ ပေးဆပ်ရပေလိမ့်မည်။

ထိုနှစ်ယောက်၏ ခွန်အားသည် ထူးခြား၏။

ရွှယ်ကျိုးမင်ကို သတ်နိုင်လျှင် ထိုနှစ်ယောက်သည်လည်း ဒဏ်ရာ အပြင်းအထန် ရရှိမည်မှာ အသေအချာပင်။

ထိုကောင်လေးက ရွှယ်ကျိုးမင်ကို မသတ်နိုင်လျှင်ပင် ဒဏ်ရာ အပြင်းအထန် ရလာသည့် ရွှယ်ကျိူးမင်ကို ပို၍ အထိနာစေလိမ့်မည် ဖြစ်၏။

ရှင်းလင်းစွာ ဆိုရလျှင် ရလဒ်က မည်သို့ပင်ဖြစ်နေပါစေ၊ အဆုံးသတ်တွင် အမြတ်ထွက်မည့်သူမှာ ကျိုလီအင်‌မော်တယ်ဂိုဏ်းသာ ဖြစ်လာပေလိမ့်မည် မဟုတ်ပါ‌လော။

ဆိတ်ငြိမ်သွေးလွင်ပြင် အနီးရှိ တောအုပ် တစ်ခုထဲတွင် လူရိပ်နှစ်ခုသည် တိတ်တဆိတ် ပုန်းအောင်းနေခဲ့ကြသည်။

ထိုလူရိပ်နှစ်ခုမှာ ရွှယ်ကျိုးမင်ကို ကြားဖြတ်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် ကျန်းချန်တို့ နှစ်ယောက်ပင် ဖြစ်သည်။

ကပ်ဘေးဆေးလုံး တိုက်ပွဲတွင် သွေးနတ်ဆိုးဂိုဏ်းသည် ရှုံးနိမ့်ခဲ့ပြီး ရွှယ်ကျိုးမင်နှင့်ရွှယ်ဝူရှ တို့သာ ထွက်ပြေးလွတ်မြောက်ခဲ့သောကြောင့် ကျန်းချန်တို့ နှစ်ယောက်သည် ဤတောအုပ်ဆီသို့ အလျင်မြန်ဆုံး ရောက်လာပြီး ရွှယ်ကျိုးမင်တို့နှစ်ယောက်ကို ကြားဖြတ် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။

“သခင်ကြီး.. ကျွန်တော်တို့ ဒီမှာ စောင့်နေတာ တစ်ရက်နဲ့တစ်ညတောင် ရှိနေပြီ.. ရွှယ်ကျိုးမင်တို့ နှစ်ယောက်ကို အခုအထိ မတွေ့ရသေးဘူး.. ကျွန်တော်တို့ ခြေတစ်လှမ်း နောက်ကျသွားပြီး.. ရွှယ်ကျိုးမင်တို့က ဆိတ်ငြိမ်သွေးလွင်ပြင်ထဲ ဝင်သွားကြပြီလားမသိဘူး”

ရွှယ်ကျိုးမင်တို့ နှစ်ယောက် ယခုအထိ ပေါ်မလာသေးသည်ကိုမြင်လျှင် ရွှယ်ချန်ကျဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်၏။

“မဖြစ်နိုင်ဘူး.. ငါတို့ ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်”

ရွှယ်ကျိုးမင်တို့ကို ကြားဖြတ် တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသည်နှင့် သူတို့သည် ဤနေရာသို့ အလျင်မြန်ဆုံး ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ကျိုလီအင်မော်တယ်ဂိုဏ်းနှင့် လေအေးအင်မော်တယ်ဂိုဏ်းတို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ခဲ့ရသော တိုက်ပွဲတွင် ရွှယ်ကျိုးမင်သည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရုံသာမက အဆုံးသတ်တွင် သူအသုံးပြုခဲ့သည့် လျှို့ဝှက်နည်းစနစ်အတွက်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။

ထို့ကြောင့် ရွှယ်ကျိုးမင်သည် တစ်နေနေရာတွင် ပုန်းအောင်းပြီး ဒဏ်ရာကို အတိုင်းအတာ တစ်ခုအထိ ကုသနေမည်မှာ သေချာသလောက်ဖြစ်ရာ ကျန်းချန်တို့ထက် အရင်ရောက်နှင့်နေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။

ဤသို့ဖြင့် တိတ်တဆိတ်စောင့်ဆိုင်းရင်း နောက်ထပ်နှစ်ရက် ထပ်မံကုန်ဆုံးသွားခဲ့သည်။

ယနေ့တွင်မူ မျက်စိမှိတ်၍ ကျင့်ကြံနေသည့် ကျန်းချန်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး မျက်လုံးကို ဖွင့်ကာ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ဘက်သို့ လှမ်းကြည့်လိုက်သည်။

“သခင်ကြီး သူတို့ရောက်လာကြပြီ”

ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် လေးနက်သွားခဲ့၏။

သူတို့က သူနှင့် အဆင့်တူ ပါရမီရှင် တစ်ယောက်နှင့် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရင်ဆိုင်ရမည် ဖြစ်၏။

ထိုနှစ်ယောက်၏ အခြေအနေသည် လက်ရှိတွင် အကောင်းဆုံး မဟုတ်တော့သည့်တိုင် သူတို့အနေဖြင့် ကြားဖြတ် သတ်ဖြတ်ဖို့ ဆိုသည်မှာ မလွယ်ကူသော ကိစ္စ ဖြစ်သည်။

ကောင်းကင်ကနေ လျင်မြန်စွာ ပျံသန်းလာသည့် သွေးရောင်ပုံရိပ်နှစ်ခုကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

“နောက်ဆုံးတော့ ရောက်လာကြပြီပဲ”

အခန်း(၂၅၁၈)ပြီး၏။

All Chapters