အခန်း (၂၅၁၉-၂၅၂၀)
Vol. 192 Ch. 2519-2520
အခန်း(၂၅၁၉)
ကျန်းချန်တို့နှစ်ဦး၏ စူးစိုက်ကြည့်မှုအောက်တွင် သွေးရောင်ပုံရိပ်နှစ်ခုသည် လေထုကို နင်းလျှောက်ကာ သူတို့ရှိနေသည့် နေရာ ဆီသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
ထိုသွေးပုံရိပ်နှစ်ခုသည် ဒဏ်ရာ အပြင်းအထန် ရရှိနေသော ရွှယ်ကျိုးမင်နှင့် ရွှယ်ဝူရှတို့ ဖြစ်၏။
“သိပ်မကြာခင် ဆိတ်ငြိမ်သွေးလွင်ပြင် ဆီကို ရောက်တော့မှာပဲ”
သူ့ရှေ့မှ ဆိတ်ငြိမ်သွေးလွင်ပြင်ကို ကြည့်ရင်း ရွှယ်ကျိုးမင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
လေအေးအင်မော်တယ်ဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်းတို့၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်သွားပြီးနောက်တွင် ရွှယ်ကျိုးမင်နှင့် ရွှယ်ဝူရှ တို့သည် ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရပြီး ဒဏ်ရာကုသရန်အ တွက် နေရာတစ်ခုကို ရှာကာ အနားယူခဲ့ရသည်။
ရက်အနည်းငယ် ကုသပြီးနောက် အတွင်းဒဏ်ရာများ ပြန်လည် သက်သာလာသည်နှင့် ဆိတ်ငြိမ် သွေးကောင်းကင် နယ်မြေသို့ ပြန်ရန် ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။
ဤအတောအတွင်း လေအေးအင်မော်တယ်ဂိုဏ်းနှင့် ကျိုလီအင်မော်တယ်ဂိုဏ်း တို့သည် သူတို့ကို အပြတ်ရှင်းပစ်လိမ့်မည်အား စိုးရိမ်နေခဲ့ကြသော်လည်း ယခု ဆိတ်ငြိမ်သွေးလွင်ပြင်ဆီသို့ ရောက်ခါနီးအထိ မည်သည့် ပြဿနာမှ မရှိသောကြောင့် အဆုံးသတ်တွင် သက်ပြင်းချနိုင်ခဲ့ကြသည်။
ရွှယ်ဝူရှက ခါးသီးစွာ ပြောလိုက်သည်။
“စိမ်လန်းသောမြစ် ကောင်းကင်နယ်မြေ ခရီးစဥ်က ဒီလိုမျိုး အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကျွန်တော် အတော်လေး ပေါ့ဆမိသွားတယ်”
ဤတစ်ကြိမ် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေသို့ လာခဲ့ရာတွင် ကပ်ဘေးဆေးလုံးကို မရရှိခဲ့ရုံသာမက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးကိုပါ ဆုံးရှုံးခဲ့ရသည်။
သူနှင့် ရွှယ်ကျိုးမင်တို့ပင် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် ကျဆုံးရမည့် အခြေအနေနှင့် အတော်လေး နီးစပ်ခဲ့၏။
“ဒါက မင်းရဲ့အပြစ်မဟုတ်ပါဘူး.. လေအေးအင်မော်တယ်ဂိုဏ်းက ကပ်ဘေးဆေးလုံးကို ကျိုလီအင်မော်တယ်ဂိုဏ်း စွန့်လွှတ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ငါတောင် မထင်ထားခဲ့ဘူး”
ရွှယ်ကျိုးမင်၏ မျက်နှာက အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
“လေအေးအင်မော်တယ်ဂိုဏ်းနဲ့ ကျိုလီအင်မော်တယ်ဂိုဏ်း.. အနှေးနဲ့အမြန် ငါ အခုခံစားခဲ့ရတဲ့ အရှက်တရားအတွက် မင်းတို့တွေ ဆယ်ဆ ပြန်လည် ပေးဆပ်စေရမယ်”
ထိုအချိန်မှာပင် ရွှယ်ကျိုးမင်သည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး လေထဲတွင် ရပ်တန့်လိုက်သည်။
ထိုအချင်းအရာကိုမြင်လျှင် ရွှယ်ဝူရှသည် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန်ပင် မေးလိုက်၏။
“လက်ယာကိုယ်ရံတော် ဘာဖြစ်လို့လဲ”
ရွှယ်ကျိုးမင်က လေးနက်စွာ ပြောလိုက်သည်။
“ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကနေ လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ နှစ်ယောက် ရှိတယ်လို့ မင်းပြောခဲ့တာ ငါမှတ်မိသေးတယ်.. အဲဒီနှစ်ယောက်က ရွှယ်ချန်ကျဲ တို့ နှစ်ယောက် ဖြစ်နိုင်ခြေရှိလား”
“သိပ်ရှိတာပေါ့ လက်ယာကိုယ်ရံတော်”
ရွှယ်ဝူရှက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“အဲဒီနှစ်ယောက်ကလွဲရင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေမှာ လီရှောင်နဲ့ ယှဥ်နိုင်တဲ့ ပါရမီရှင်ကို ကျွန်တော် တကယ်စဥ်းစားလို့မရဘူး”
ထိုနေ့က ကုန်သွယ်ရေးစျေးတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများပြီးနောက်တွင် ရွှယ်ဝူရှသည် ထိုနှစ်ဦး၏ အချက်အလက်များကို စုံစမ်းခဲ့သည်။
ထိုနှစ်ဦးက ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေမှ လာကြောင်း ရွှယ်ဝူရှ သိလိုက်ရလျှင် ထိုနှစ်ဦးသည် ရွှယ်ချန်ကျဲတို့ နှစ်ဦး ဖြစ်မည်ဟု သံသယဝင်ခဲ့သည်။
သို့သော်လည်း ထိုအချိန်က ရွှယ်ဝူရှသည် ကပ်ဘေးဆေးလုံးကိုသာ အဓိကအာရုံစိုက်နေသဖြင့် ထိုနှစ်ဦးကို အရေးယူရန် မလောခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူက ထိုနှစ်ဦး၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်ရန် လူလွှတ်ထားခဲ့ပြီး ကပ်ဘေးဆေးလုံးကို ရယူပြီးမှသာ ၎င်းတို့၏ အထောက်အထားကို စမ်းသပ်ရန် စီစဥ်ထားခဲ့သည်။
သို့သော်လည်း အထောက်အထားကို စမ်းသပ်သည်အထိ မရောက်ရှိလိုက်ဘဲ ကပ်ဘေးဆေးလုံးအတွက် ယှဥ်ပြိုင်ရာတွင် သူတို့ဘက်က မမျှော်လင့်ဘဲ ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူနှင့် ရွှယ်ကျိုးမင်တို့၏ လက်ရှိအခြေအနေအရ ထိုနှစ်ဦးအတွက် စိုးရိမ်ပူပန်နေရန် အချိန်မရှိ၍ ယခုအချိန်တွင် ရွှယ်ကျိုးမင်က ထိုနှစ်ဦးအကြောင်းကို ပြောလာလိမ့်မည်ဟု ရွှယ်ဝူရှ လုံးဝမထင်ထားခဲ့ပေ။
ထိုအခိုက်အတန့်တွင် ရွှယ်ဝူရှသည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို စဥ်းစားမိသွားခဲ့ပြီး ရွှယ်ကျိုးမင်ကို ကြည့်နေသည့် သူ၏ မျက်နှာသည်လည်း အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။
“ရွှယ်ချန်ကျဲတို့နှစ်ယောက်က ငါတို့စိုးမိုးထားတဲ့ ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေမှာတောင် ငါတို့ သွေးနတ်ဆိုးဂိုဏ်းက ပါရမီရှင်တွေကို သတ်ဖြတ်ခဲ့ကြတယ်.. အခု ငါတို့ ဒဏ်ရာရနေတော့ ဒီလို အခွင့်အရေးကောင်းကို သူတို့တွေ လက်လွှတ်ခံလိမ့်မယ်လို့ မင်းထင်လား”
စကားဆုံးသည်နှင့် ရွှယ်ကျိုးမင်သည် သွေးရောင်လွှမ်းသောမျက်ဝန်းများဖြင့် အောက်ဘက်ရှိ တောအုပ် ဆီသို့ ကြည့်လိုက်သည်။
သူ၏ အေးစက်စက် စကားသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့၏။
“ရွှယ်ချန်ကျဲ မင်းတို့ ရှိနေတာ ငါသိတယ်.. အပြင်ကို ထွက်လာခဲ့ပါ”
ရွှယ်ကျိုးမင်၏ စကားကိုကြားလျှင် တောအုပ်ထဲတွင် ပုန်းအောင်းနေသည့် ကျန်းချန်သည် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်သည်။
မဟာယာနအဆင့် ကျင့်ကြံသူ၏ အာရုံခံစားမှုသည် အလွန်တရာပင် အစွမ်းထက်၍ သူတို့နှစ်ယောက်ကို အလစ်အငိုက် တိုက်ခိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ရွှယ်ချန်ကျဲကို ပြောလိုက်သည်။
“ငါတို့ကို သတိပြုမိသွားပြီ ဆိုမှတော့ သူတို့နဲ့ သွားတွေ့ကြတာပေါ့”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားခဲ့ပြီး ရွှယ်ကျိုးမင်တို့ နှစ်ဦး၏ ရှေ့တွင် တိုက်ရိုက်ဆိုသလို ပေါ်လာခဲ့သည်။
သူတို့နှစ်ဦး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်တို့နှစ်ဦးကို ကြည့်ကာ ရွှယ်ကျိုးမင်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အေးစက်စက် အကြည့်သည် ရွှယ်ချန်ကျဲ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ရွှယ်ချန်ကျဲ.. မင်းလိုသစ္စာဖောက်က အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာဆီ ပြန်လာရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ရွှယ်ချန်ကျဲက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“အဲဒီတုန်းက မင်းတို့တွေ ငါ့ကို အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ သွေးနတ်ဆိုးဂိုဏ်းရဲ့သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့ကြတယ်.. အဲဒီအချိန်ကတည်းက အနှေးနဲ့အမြန် မင်းတို့ကို ကြီးမားတဲ့ အဖိုးအခ ပေးဆပ်စေရမယ်လို့ ငါရွှယ်ချန်ကျဲ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုခဲ့တယ်.. ငါက မင်းတို့ကို လက်စားချေဖို့ ဘာလို့ ပြန်မလာဘဲ နေရမှာလဲ”
“မင်းလို မလောက်လေး မလောက်စားက ငါတို့ကို လက်စားချေနိုင်မယ်လို့များ ထင်နေလား”
ရွှယ်ကျိုးမင်က မထီမဲ့မြင် ပြုံးလိုက်ပြီးနောက်တွင် ကျန်းချန်ဆီသို့ အကြည့်လွှဲကာ လေးနက်စွာ ပြောလိုက်သည်။
“ဒီကမိတ်ဆွေက ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပဲ.. ဒါပေမဲ့ ငါတို့ သွေးနတ်ဆိုးဂိုဏ်းက သစ္စာဖောက်နဲ့ အတူ ရှိနေတာက ဥာဏ်ရှိတဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ငါ့ဘာသာ ဘယ်သူနဲ့ အတူရှိချင်လဲ ဆိုတာက ငါ့ရဲ့ကိစ္စပဲ.. အဲဒါက ဥာဏ်ရှိတဲ့ ရွေးချယ်မှု ဟုတ်မဟုတ် မင်းစိုးရိမ်ပေးနေစရာမလိုဘူး”
“မိတ်ဆွေရဲ့ပါရမီက အနှိုင်းမဲ့ပဲ. ရွှယ်ချန်ကျဲနဲ့ ရှိနေတာက ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ အတူတူပဲ”
ရွှယ်ကျိုးမင်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းသာ ငါတို့ သွေးနတ်ဆိုးဂိုဏ်းထဲ ဝင်မယ်ဆိုရင် မင်းကို နောက်တက်မဲ့ ဂိုဏ်းချုပ်အဖြစ် ငါထောက်ခံပေးမယ်.. အရင်က ရန်ငြိုးတွေကိုလည်း အကုန် ပယ်ဖျက်ပေးမယ်.. ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ထောက်ပံ့မှုနဲ့သာ ဆိုရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲက ထိပ်တန်း ကျင့်ကြံသူ ဆယ်ဦးစာရင်းမှာ မင်းအတွက် နေရာတစ်နေရာ ကျိန်းသေ ရှိလာလိမ့်မယ်”
သူ့ရှေ့မှ လူငယ်လေးသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်များထက်ပင် ပို၍ ပါရမီ ရှိနေခဲ့သည်။
ထိုကောင်လေးသာ သွေးနတ်ဆိုးဂိုဏ်းထဲသို့ ဝင်လာမည်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းသည် အကျိုးယုတ်စရာ အကြောင်းမရှိပေ။
သွေးနတ်ဆိုးဂိုဏ်းထဲကို ဝင်လာသည်နှင့် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက် ဖြစ်သည့် ရွှယ်ချန်ကျဲကို အလွယ်တကူပင် ရှင်းပစ်နိုင်လိမ့်မည် ဖြစ်သည်။
ယင်းအပြင် ထိုကောင်လေးသာ သွေးနတ်ဆိုးဂိုဏ်းထဲသို့ ဝင်ခဲ့လျှင် သွေးနတ်ဆိုးဂိုဏ်းတွင် အစွမ်းထက် ပါရမီရှင် တစ်ဦး တိုးလာလိမ့်မည် ဖြစ်ပြီး ဤကာလအတွင်း ဆုံးရှုံးခဲ့ရသမျှကို ထည့်တွက်နေစရာပင် မလိုတော့ပေ။
ရွှယ်ကျိုးမင်က ထိုစကားကို ပြောလိုက်သည်နှင့် သူ၏ အနောက်မှ ရွှယ်ဝူရှနှင့် ကျန်းချန်၏ နံဘေးမှ ရွှယ်ချန်ကျဲတို့သည် မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည့် ရွှယ်ဝူရှသည် ကျန်းချန်က သွေးနတ်ဆိုးဂိုဏ်းသို့ ဝင်လာပြီး သူ၏ နေရာအား ခြိမ်းခြောက်လာမည်ကို သဘာဝကျစွာပင် မလိုလားခဲ့ပေ။
ရွှယ်ချန်ကျဲသည်လည်း ထိုကဲ့သို့ မြင်ကွင်းမျိုးကို ပို၍ပင် မမြင်ချင်ခဲ့ပေ။
အကြောင်းရင်းမှာ သူ၏ အသက်က ကျန်းချန်၏ လက်ထဲတွင် ရှိနေခြင်းကြောင့်ပင်။
ကျန်းချန်သာ ရွှယ်ကျိုးမင်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်လျှင် ယနေ့တွင် သူ့အနေဖြင့် မုချ သေရလိမ့်မည် မဟုတ်ပါလော။
“ဟားဟား သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်ယာကိုယ်ရံတော် ပီသပါပေတယ်.. ကမ်းလှမ်းချက်က တကယ်ကို မက်လောက်စရာပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒါနဲ့ စိတ်မကောင်းစရာက ငါ မင်းတို့ သွေးနတ်ဆိုးဂိုဏ်းကို စိတ်မဝင်စားတာပဲ.. ဒီနေ့ ငါ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်ယာ ကိုယ်ရံတော် ဖြစ်တဲ့ မင်းကို ဒီနေရာမှာ မြှုပ်နှံပေးဖို့ပဲ”
“ဟက်.. လေလုံးထွားလှချည်လား ကောင်လေး”
ကျန်းချန်က သွေးနတ်ဆိုးဂိုဏ်း၏ ရန်သူအဖြစ် ဆက်လက်ရှိနေရန် ဆုံးဖြတ်လိုက်သည်အား မြင်လျှင် ရွှယ်ကျိုးမင်သည် မထီမဲ့မြင် ရယ်မောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ဆန်းကြယ်သော သွေးရောင်အလင်းများ လင်းလက်နေခဲ့၏။
“ကောင်လေး.. ပါရမီအနည်းငယ် ရှိရုံလောက်နဲ့ ထင်တိုင်းကြဲလို့ရမယ် မထင်နဲ့.. သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်ယာကိုယ်ရံတော် ဖြစ်တဲ့ ငါက အထွတ်အထိပ် အခြေအနေမှာ ရှိမနေရင်တောင် မင်းသတ်ချင်တိုင်း သတ်လို့ရတဲ့သူ မဟုတ်ဘူး.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”
စကားဆုံးသည်နှင့် ရွှယ်ကျိုးမင်သည် ရှေ့သို့ တိုက်ရိုက်ပင် ခြေလှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်သော လှိုင်းလုံးကြီးသဖွယ် ဖြစ်သွားခဲ့ပြီး မဟာယာနအဆင့် ကျင့်ကြံသူ၏ အစွမ်းထက် အရှိန်အဝါသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။
အခန်း(၂၅၁၉)ပြီး၏။
အခန်း(၂၅၂၀)
“ကောင်လေး သေဖို့သာ ပြင်ထားပေတော့”
ရွှယ်ကျိုးမင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ လက်ထဲတွင် သွေးနီရောင် အလင်းတန်းများ တောက်ပနေသော သွေးရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့၏။
နောက်ထပ် တစ်ခဏမှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လူနှင့်ဓား တစ်သားတည်း ကျသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် သွေးရောင်ဓားအလင်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရှေးဟောင်းရွှေရောင်ဓားကို ထုတ်ဖော်၍ ရွှယ်ကျိုးမင်၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ထန်း..”
ဓားချင်း ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် မီးပွားများသည် နေရာအနှံ့သို့ လွင့်စင်သွားခဲ့၏။
သတ္တုချင်း ပြင်းပြင်းထန်ထန် ထိရိုက်သံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
ရွှေရောင်နှင့် အနီရောင် စွမ်းအင်မုန်တိုင်း တစ်ခုသည် ဓားချင်းထိပ်တိုက် ဆုံတွေ့သည့် နေရာကနေ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဘာမှမကျန်ရှိတော့သည် အထိ ချေမှုန်းပစ်လိုက်သည်။
အဖျက်စွမ်းအင် မုန်တိုင်းများ တိုက်ခတ်နေသည့် လေထုထဲတွင် ကျန်းချန်သည် ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်သွားခဲ့ရ၏။
သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
မဟာယာနအဆင့် ကျင့်ကြံသူ ဆိုသည်မှာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့် ယှဥ်လျှင် များစွာကွာခြား၏။
ရွှယ်ကျိုးမင်သည် ယခုအခါတွင် သူ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည် မရောက်ရှိသေးသည့်တိုင် ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ရွှယ်ကျိုးမင်ကို အသာစီးရယူရန် မလွယ်ကူပေ။
“ဒီကောင်လေးက တကယ်ကို သန်မာတာပဲ”
ရွှယ်ကျိုးမင်ကလည်း လေထဲတွင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရသည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် လေးနက်သော အမူအရာများ ပါဝင်နေခဲ့၏။
“ဒီကောင်က မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်ကတော့ မဟာယာနအဆင့် ကျင့်ကြံသူတွေထက် လုံးဝမနိမ့်ဘူး.. ဒါကြောင့် တိုက်ပွဲကို အမြန်အဆုံးသတ်မှ ဖြစ်လိမ့်မယ်”
မဟာယာနအဆင့် ကျင့်ကြံသူနှစ်ယောက် ဖြစ်သည့် ရေခဲမြစ်မိစ္ဆာကြီးနှင့် လီထျန်းယွမ် တို့ကို ရင်ဆိုင်ရစဥ်က ရွှယ်ကျိုးမင်သည် အစွမ်းကုန် ကြိုးစားခဲ့ရပြီး သွေးနတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုမှသာ မနည်းလွတ်အောင် ထွက်ပြေးနိုင်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ ခွန်အားသည် အနည်းငယ် ပြန်လည် ကောင်းမွန်လာသော်လည်း အထွတ်အထိပ် အခြေအနေကို ရောက်ရှိရန် များစွာ လိုအပ်နေသေး၏။
ထို့ကြောင့် တိုက်ပွဲကို အချိန်ဆွဲရန် မသင့်တော်ပေ။
အကယ်၍ အချိန်များစွာ ကြန့်ကြာသွားခဲ့လျှင် အခြေအနေသည် သူ့အတွက် ပို၍ ဆိုးရွားလာပေလိမ့်မည် မဟုတ်ပါလော။
ထိုသို့ တွေးမိပြီးနောက်တွင် ရွှယ်ကျိုးမင်၏ သွေးရောင်ဓားရှည် ထံကနေ ဆန်းကြယ်သော သွေးရောင်ဓားအလင်းများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“သွေးမိစ္ဆာနတ်ဆိုးဓား”
ရွှယ်ကျိုးမင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သွေးရောင်ဓားရှည် ထံကနေ ထွက်ပေါ်လာသည့် သွေးရောင်ဓားအလင်းများသည် ဆူပွက်နေသော သွေးအငွေ့အသက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခေါင်းပေါ်ရှိ မိုင်ထောင်ချီ ဧရိယာကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို ခုတ်ပိုင်းခြင်း”
ရွှယ်ကျိုးမင်၏ ဆန်းကြယ်သော ဓားကွက်ကို ရင်ဆိုင်ရသော အချိန်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် သင်ပေးခဲ့သည့် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
လေထုထဲတွင် သွေးရောင်ဓားအလင်းနှင့် ရွှေရောင်ဓားအလင်းတို့သည် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။
သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကနေ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်း ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုပင် ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။
ခဏအကြာတွင် ပုံရိပ်နှစ်ခုသည် တစ်ချိန်တည်းမှာပင် နောက်ပြန် လွင့်စင်လာခဲ့ကြသည်။
[ဒါ.. ဒါက ဘယ်လိုဓားသိုင်းလဲဟ.. ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ]
သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ရွှယ်ကျိုးမင်၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်ထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ထိုကောင်လေး ယခုလေးတင် ထုတ်ဖော်လိုက်သော ဓားသိုင်း၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
သွေးဓားအင်မော်တယ်ဂိုဏ်းမှ ထိပ်တန်း ဓားသိုင်းများပင် ထိုဓားသိုင်းကို ယှဥ်နိုင်မည် မဟုတ်ဟု သူထင်မြင်မိသည်။
ရွှယ်ကျိုးမင်ကို ပို၍ အံ့ဩထိတ်လန့်စေသည်မှာ ထိုကောင်လေး၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာထဲရှိ အင်မော်တယ် ကျင့်ကြံသူများ၏ စွမ်းအားများနှင့် မသိမသာ ကွဲပြားနေခြင်းပင်။
သို့သော်လည်း ထိုကောင်လေး၏ အရှိန်အဝါ ဖုံးကွယ်သော နည်းစနစ်သည် အလွန်ပင် ထူးခြားလွန်းပြီး အကယ်၍ ထိပ်တိုက်သာ ရင်ဆိုင် မတိုက်ခိုက်ခဲ့လျှင် သူ၏ ခွန်အားဖြင့်ပင် သတိထားမိရန် ခဲယဥ်းလိမ့်မည် ဖြစ်၏။
ရွှယ်ကျိုးမင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိက်လိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲက ကျင့်ကြံသူ မဟုတ်ဘူး.. မင်းဘယ်သူလဲ”
“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို သုတ်သင်ခြင်း”
ကျန်းချန်က ရွှယ်ကျိုးမင်၏ မေးခွန်းကို လုံးဝ ဂရုစိုက်မနေခဲ့ပေ။
သူက လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားကို အသုံးပြုကာ အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း၏ ဒုတိယမြောက် တိုက်ကွက်ကို ထုတ်ဖော်၍ ရွှယ်ကျိုးမင်ကို တိုက်ခိုက်လိုက်သည်။
ယခင်ထက် ပို၍ အစွမ်းထက်သည့် ကျန်းချန်၏ ဓားကွက်ကို ကြည့်ပြီး ရွှယ်ကျိုးမင်၏ မျက်နှာထက်တွင် လေးနက်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲဘဲ သူ၏ခန္ဓာကိုယ်ထဲမှ အနှစ်သာရ စွမ်းအားများကို အစွမ်းကုန် မြှင့်တင်လိုက်သည်။
ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသည့် သွေးရောင်မြူခိုးများ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် သူ၏ ဦးခေါင်းအထက်၌ ကြီးမားသော သွေးတိမ်တိုက်ကြီး တစ်ခု ဖြစ်သွားခဲ့သည်။
ရွှယ်ကျိုးမင်က ချက်ချင်းဆိုသလိုပင် သူ၏ ပါးစပ်ကို ဖွင့်လိုက်ရာ သွေးမြားတစ်စင်း ထွက်ပေါ်လာခဲ့ပြီး သူ၏ ဦးခေါင်းအထက်ရှိ သွေးတိမ်တိုက် ထဲကို တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
တစ်ခဏအကြာတွင် သွေးတိမ်တိုက်သည် ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့ပြီး ရုတ်တရက် ကွဲထွက်သွားကာ ပေတစ်ထောင်နီးပါး ရှိသည့် ကြီးမားသော သွေးရောင်ဓားအလင်း တစ်ခုသည် သွေးတိမ်တိုက်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာ စွမ်းအားနှစ်ခုသည် ထပ်မံ၍ ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ထိတ်လန့်ဖွယ် ဓားအရှိန်အဝါနှင့် ဓားအလင်းများသည် တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံ၌ ပျံ့နှံ့သွားခဲ့၏။
နေရာလွတ်များက ပြိုကျသွားခဲ့ပြီး ကမ္ဘာကြီးပင် ပျက်စီးတော့မလို ဖြစ်ပျက်သွားကာ လောက၏ နိဂုံးကို ရောက်ရှိလာသကဲ့သို့ပင်။
ရွှယ်ကျိုးမင် ဆီကနေ ညည်းညူသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့ပြီးနောက် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေရာချီ လွင့်စင်သွားခဲ့ကာ မျက်နှာတစ်ခုလုံး အလွန်အမင်း ဖြူဖျော့သွားခဲ့၏။
သို့ရာတွင် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းချုပ်နိုင်ခင်မှာပင် ရွှယ်ကျိုးမင်သည် သူ၏ ကျောဘက်ကနေ အေးစက်စက် အငွေ့အသက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။
ရွှယ်ကျိုးမင်က နောက်သို့ လှည့်ကြည့်လိုက်ရာ တောက်ပသော ရွှေရောင်ဓားအလင်း တစ်ခုသည် သူ့ထံသို့ တန်းတန်းမတ်မတ် လျင်မြန်စွာ ဦးတည်လာသည်ကို တွေ့လိုက်ရသည်။
ထိုရွှေရောင်ဓားအလင်း ထံကနေ ရွှယ်ကျိုးမင်သည် အလွန်အမင်း အန္တရာယ်ရှိသော အငွေ့အသက်ကို ပင်ကိုသိစိတ်အရ ခံစားမိလိုက်၏။
“သွေးနတ်ဆိုးကောင်းကင်ဒိုင်းကာ”
လောကကြီးတစ်ခုလုံးကိုပင် အဆုံးသတ်ပစ်နိုင်လောက်သည့် ကျန်းချန်၏ ဓားချက်ကို ရင်ဆိုင်ရသည့်အခါတွင် ရွှယ်ကျိုးမင် ထိတ်လန့်သွားခဲ့သည်။
သို့သော်လည်း မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် ရွှယ်ကျိုးမင်သည် သာမန် မဟုတ်ပေ။
သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သွေးရောင်အလင်းဒိုင်းကာ တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“ဝုန်း..”
ထိုအချိန်မှာပင် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်း၏ တတိယတိုက်ကွက် ဖြစ်သော အင်မော်တယ်များ သတ်ဖြတ်ခြင်း တိုက်ကွက်သည် ရွှယ်ကျိုးမင် ဆီသို့ ပြင်းပြင်းထန်ထန်ပင် ကျရောက်လာခဲ့ပြီး ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ သွေးရောင်အလင်းဒိုင်းကာကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။
သွေးရောင်အလင်းဒိုင်းကာ ကွဲထွက်သွားပြီးနောက်တွင် ကျန်ရှိနေသော ဓားစွမ်းအားသည် ရွှယ်ကျိုးမင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသောကြောင့် ရွှယ်ကျိုးမင်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။
သူက သူ့ရှေ့မှ ဝင့်ကြွားသော ပုံရိပ်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်နေခဲ့သည်။
ထိုကောင်လေး၏ အဆင့်သည် မဟာယာန တစ်ပိုင်းအဆင့်နှင့် တူသော်လည်း ခန္ဓာကိုယ်ထဲမှ ခွန်အားကမူ အလွန်အမင်း အားကောင်းပြီး မဟာယာနအဆင့် ကျင့်ကြံသူနှင့် အတော်လေး နီးစပ်နေခဲ့သည်။
ယင်းအပြင် ထိုကောင်လေး ထုတ်ဖော်လိုက်သည့် ဓားသိုင်းသည် ရွှယ်ကျိုးမင် မြင်တွေ့ဖူးသမျှ မည်သည့် ဓားသိုင်းထက်မဆို အဆများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်း၏။
ယခုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အထွတ်အထိပ် အခြေအနေ၏ ခုနစ်ဆယ် ရာခိုင်နှုန်းပင် မရှိသည်ကို မပြောနှင့်၊ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ဓားသိုင်းကို ခုခံရန် ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။
ရွှယ်ကျိုးမင်က ဤနေရာကနေ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
သူက ရွှယ်ချန်ကျဲနှင့် ရင်ဆိုင်နေရသည့် ရွှယ်ဝူရှကိုပင် ဂရုစိုက်ရန် အချိန်မရှိတော့ပေ။
သို့သော်လည်း ရွှယ်ကျိုးမင် ထွက်ပြေးသွားသည်နှင့် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“ထွက်ပြေးချင်တယ်လား.. ဒီနေရာက မင်းတို့နှစ်ယောက်ကို မြှုပ်နှံမဲ့နေရာလို့ ငါပြောခဲ့ပြီးသားပဲ”
အခန်း(၂၅၂၀)ပြီး၏။