← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

21

[T/N- တာအိုဆရာကြီးဝူရဲ့ ရှောင်အန်းလဲ့အပေါ် ခေါ်ဆိုပုံကို etran မှာကိုက အတည်တကျမရှိလို့ ဘယ်အသုံးကိုအတည်ပြုရမယ်မှန်းမသိဖြစ်နေပါတယ်။ အဲ့တော့ etran အတိုင်းပဲလိုက်သုံးပါမယ်။ မှတ်ထားရမှာက ရှောင်အန်းလဲ့က တာအိုဆရာကြီးဝူထက် ရာထူးကြီးတယ်ဆိုတဲ့ အချက်ပါပဲ]

သူမစကားကြောင့် အရာရှိလုမှာ သူမသည် စစ်ဘက်ဆိုင်ရာဒုတိယဝန်ကြီး၏ သမီးဖြစ်ကြောင်း သတိရသွားပြီး အမှန်တကယ်ပြဿနာတတ်ခဲ့လျှင်လည်း ဒုတိယဝန်ကြီးမှာ သူမဘက်မှရပ်တည်ပေးမည်ဖြစ်၍ သူအံကြိတ်ကာ ပြောလိုက်သည်။

​"ကောင်းပြီလေ ဒါဆိုလည်းသခင်မလေးရှောင်စကား နားထောင်ကြတာပေါ့၊ မင်းတို့နှစ်ယောက် ချက်ချင်း ထင်းသွားရှာပြီး အဲ့ဒီအမျိုးသမီးအလောင်းကို မီးရှို့လိုက်”

​

ထို့နောက် ရှောင်အန်းလဲ့ထံ သူကြည့်လိုက်သည်။

​"သခင်မလေးရှောင် မင်းပြောတာသာ အမှန်ဖြစ်ပါစေ၊ ကျန်းမိသားစုကို ဖုံးကွယ်ပေးနေတာမျိုး မဟုတ်ပါစေနဲ့၊ မဟုတ်ရင်တော့ မင်းအဖေက စစ်ဘက်ဆိုင်ရာ ဒုတိယဝန်ကြီးဖြစ်နေရင်တောင် ဒီကိစ္စကလွယ်လွယ်နဲ့ပြီးမှာ မဟုတ်ဘူး”

​ရှောင်အန်းလဲ့ ပြုံးပြလိုက်သည်။

​"စိတ်မပူပါနဲ့၊ ကျွန်မ အရာရှိလုကို စိတ်ပျက်အောင် မလုပ်ပါဘူး”

ထိုသို့​ပြောပြီးသည်နှင့် သူမဘေးဘီဝဲယာကိုကြည့်ကာ လက်ကိုမြှောက်ပြီး ကြေးနီဒင်္ဂါးအချို့ကို ထုတ်ယူလိုက်သည်။

​"အလောင်းကို နေရာမှာတင်မီးရှို့မယ်၊ ကျွန်မအစီအရင်တစ်ခု လုပ်ပေးမှာမလို့ အဲ့ထဲကို ရှင်တို့ထင်းတွေထည့်လိုက်ကြ”

​စကားပြောနေရင်းပင် သူမမှာ ချန်၊ ခွန်း၊ ရွှမ်၊ ကန်း အရပ်မျက်နှာများဆီသို့ ကြေးနီဒင်္ဂါးအချို့ပစ်လိုက်သည်။ တာအိုဆရာကြီးမှာ သူမဘေးနားမှလိုက်ပါလာပြီး သူမအစီအရင်ချနေသည်ကိုကြည့်ကာ မနေနိုင်ဘဲမေးလာ၏။

​"ဂိုဏ်းတူ‌ဆရာသခင် ဒါကဘာအစီအရင်လဲ”

​ရှောင်အန်းလဲ့ သူ့ထံရယ်ရွှင်လိုရိပ်တို့ဖြင့် ကြည့်လိုက်သည်။ ဒီလူကြီးက သူမကို တကယ်ကြီးဂိုဏ်းတူအကြီးအကဲလို့ သတ်မှတ်ထားတာပဲ။ မျက်နှာပြောင်လွန်းပေသိ ဤလူသည်တာအိုပညာရပ်ကို ကိုယ့်ဘာသာလေ့လာခဲ့သည့်အပြင် သနားစရာလည်းကောင်းနေသည်ကြောင့် သူ့ကို လမ်းညွှန်မှုအချို့ပေးဖို့ဆုံးဖြတ်လိုက်၏။ အထူးသဖြင့် ဤလူသည်အာရုံငါးပါးချို့တဲ့ခြင်းအပြင် လောကီသုံးပါးလျော့နည်းခြင်းဖြစ်သော မုဆိုးဖို၊ မိဘမဲ့၊ သားသမီးမရှိသည့်အပြင် အထီးကျန်အဖော်မဲ့ခြင်းတို့အားကြုံတွေ့ခဲ့ရသည်။ အကယ်၍ ဒီတစ်ခေါက်သာ သူမအချိန်မီရောက်မလာခဲ့လျှင် ဤလူသည်ကိုယ်လက်အင်္ဂါပါချို့ယွင်းသွားမည်မှာအသေအချာပင်။

​"ဒါက 'သင်္ကေတလေးပါး အစီအရင်' လို့ခေါ်တယ်၊ ယင်စွမ်းအားကို ချုပ်ထားပြီး မကောင်းဆိုးဝါးအငွေ့အသက်ကို ဖုံးကွယ်ဖို့ သုံးတာ၊ ချန် က ကောင်းကင် ၊ ခွန် က မြေကြီး ၊ ရွှမ် က လေ ၊ ကန်း က တောင်.…..”

​သူမ ပြောနေစဉ်မှာပင် ကျန်းမိသားစုမှာထင်းများယူလာပြီး အလောင်းကို နေရာတင်မီးင်္သဂြိုဟ်နေကြပြီး သူတို့မှအလောင်းကို ထင်းပုံပေါ်တင်ပြီး ပြာကျသည်ထိမီးရှို့နေသည်ကို ရှောင်အန်းလဲ့ ဘေးမှရပ်ကြည့်နေသည်။

​"အားးးးး”

​အမျိုးသမီးတစ်ဦး၏ စူးရှရှအော်သံမှာ သူတို့နားတွင်းပဲ့တင်ထပ်သွားသကဲ့သို့ခံစားလိုက်ရကာ ကျန်းမိသားစုဝင်များအားလုံးကို ကျောချမ်းသွားစေသည်။ ထို့နောက် သူတို့အပေါ်ဘက်တွင် မည်းနက်သောမြူခိုးတစ်အုပ်မှာ အမျိုးသမီးပုံသဏ္ဌာန်အဖြစ် ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီးမှာမွေးကင်းစကလေးတစ်ဦးကို ပွေ့ချီထားသည်။

​

လူတိုင်း တညီတညွတ်တည်း အသက်ရှူမှားသွားကြပြီး ထိတ်လန့်တကြား မျက်လုံးပြူးများဖြင့်ကြည့်နေကြသည်။ ထွက်ပြေးချင်သော်လည်း ခြေထောက်များ ပျော့ခွေနေပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက်လဲကျကုန်ကြ၏။ ရှောင်အန်းလဲ့မျက်လုံးများ စူးရှသွားသည်။

‘နေ့ခင်းကြောင်တောင်ကြီးမှာတောင် ရုပ်လုံးပေါ်လာနိုင်တယ်ဆိုတော့ နာကျည်းမှုက မကောင်းဆိုးဝါးဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီထင်တယ်၊ အလောင်းကိုသာ မီးမရှို့ခဲ့ရင် သူတို့ကို ဖြေရှင်းရတာ ပိုခက်ခဲသွားမှာအမှန်ပဲ’

ထို့နောက်ချက်ချင်းပင် သူမချန်ခွင်းအိတ်ထဲမှ အရိုးဖြူထီးကိုထုတ်ပြီး ဖွင့်လိုက်သည်။ ချင်းရှုရန်၏ပုံရိပ်မှာ ဝေ့ဝဲလာပြီး အရိုးဖြူထီးအောက်တွင် ပေါ်လာ၏။

​"အိုး မကောင်းဆိုးဝါးအငွေ့အသက်က ပြင်းလှချည်လား၊ ငါစားချင်တယ်”

​သားအမိနှစ်ယောက် မီးပုံထဲသို့အတင်းတိုးဝင်ရန်ကြိုးစားနေသည်ကို ရှောင်အန်းလဲ့ကြည့်ပြီး ချင်းရှုရန်ကိုပြောလိုက်သည်။

​"သွား သူတို့ကိုမေတ္တာတရားလေးနဲ့ သွားဆုံးမလိုက်”

​ချင်းရှုရန် : "ဆရာသခင်က ဘယ်လိုပေါက်တတ်ကရတွေလာပြောနေတာလဲ”

​ရှောင်အန်းလဲ့ : "အဲ့ဒီသားအမိအသက်ရှင်တုန်းက လူမဆန်တဲ့နှိပ်စက်မှုကို ခံခဲ့ရမှာ သေချာတယ်၊ သူတို့ကံတရားက အခုချိန်မှာတက်နေပြီး မကောင်းဆိုးဝါး အငွေ့အသက်တွေက သူတို့ပတ်လည်မှာ ဝန်းရံနေတယ်၊ စကားသွားပြောကြည့်ချေ၊ နင့်အတွေ့အကြုံတွေမျှဝေပေးလိုက် ၊ နင်က သူတို့ထက်ပိုသနားစရာကောင်းတာကိုမြင်ရင် သူတို့စိတ် ပျော့သွားပြီး မကောင်းဆိုးဝါး အငွေ့အသက်တချို့ပျောက်ကွယ်သွားနိုင်တယ်”

​ချင်းရှုရန် သူမကိုမယုံနိုင်သလိုကြည့်လိုက်သည်။

"ဆရာသခင် ဘာတွေလာ‌ပြောနေတာလဲ၊ ဆရာသခင်က လူမှဟုတ်ရဲ့လား၊ ကျွန်မက သူတို့နဲ့စကားသွားပြောရမယ်ပေါ့လေ၊ အဲဒီအစား သူတို့ကိုယ်ထဲက မကောင်းဆိုးဝါးအငွေ့အသက်တွေကို ဝါးစားပစ်လိုက်တာကမှ ပိုကောင်းဦးမယ်”

​ချင်းရှုရန်ပြောရင်းဆိုရင်း ထိုသားအမိထံသို့ ပျံသန်းသွားပြီး သူတို့နှင့် ပြင်းထန်စွာ တိုက်ခိုက်တော့သည်။ ​သားအမိ မကောင်းဆိုးဝါးဝိညာဉ်၏ ကြောက်စရာအကောင်းဆုံးအချက်မှာ သူတို့အတွေးများ တူညီခြင်း၊ အမုန်းတရားများတူညီခြင်းနှင့် အင်အား တူညီခြင်းတို့ဖြစ်သည်။ ​ချင်းရှုရန်မှာ တစ်ယောက်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်နေရသဖြင့် သားအမိနှစ်ယောက်နှင့် အကြိတ်အနယ်တိုက်ခိုက်နေရ၏။ ​ကျန်းမိသားစုနှင့် အရာရှိလုတို့သည် နံရံကိုကပ်၍ တုန်လှုပ်ချောက်ချားစွာဖြင့် ခြံဝင်းထဲရှိ မီးခိုးရောင်မြူခိုးသုံးခုကို ကြည့်နေကြသည်။ ​မျက်စိရှေ့တွင်ဖြစ်နေသာ ကိစ္စများသည် မယုံနိုင်စရာ ကောင်းလွန်းလှ၏။

‘သူတို့အရင်က သိထားသမျှ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပဲ’

​ချင်းရှုရန်မှာ သားအမိနှစ်ယောက်၏တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီး ထီးအောက်သို့ပြန်လွင့်လာကာ သူမခန္ဓာကိုယ်တစ်ခုလုံး ဒေါသများဖြင့် ဖုံးလွှမ်းသွားသည်။ သူမခြေဆောင့်ပြီး နှာခေါင်းရှုံ့ကာ ထိုသားအမိထံသို့ နောက်တစ်ကြိမ်ပြေးဝင်သွားပြန်၏။

​"နင်မနိုင်ရင် ခဏလောက်တောင့်ခံထား၊ မွန်းတည့်ချိန် ရောက်တော့မယ်၊ အဲ့အချိန်ကယန်စွမ်းအား အကောင်းဆုံးအချိန်ပဲ၊ သူတို့က အခုမှသေထားတာဆိုတော့ ယန်စွမ်းအားကိုသုံးပြီး ဖြေရှင်းတာ အကောင်းဆုံးပဲ”

​အချိန်မှာမွန်းတည့်ချိန်သို့ တဖြည်းဖြည်း ရောက်လာသည်နှင့်အမျှ သားအမိသရဲများမှာ တကယ်ပင် တန်ပြန်တိုက်ခိုက်ခံလာရသည်။ ​ရှောင်အန်းလဲ့ စက္ကူရုပ်သေးသေးလေးနှစ်ခုကိုထုတ်ယူကာ ဝိညာဉ်ချုပ်မန္တန်များ ရေးဆွဲလိုက်ပြီး မောပန်းနွမ်းနယ်နေသော ချင်းရှုရန်ထံလှမ်းအော်လိုက်သည်။

​"ပြန်လာခဲ့တော့"

​ထိုအသံကိုကြားတော့ ချင်းရှုရန် တိုက်ခိုက်ချင်စိတ် လုံးဝမရှိတော့ဘဲ ချက်ချင်း ပြန်လှည့်လာသည်။ ​သူမ ဆုတ်ခွာလိုက်သည်နှင့် ဝိညာဉ်ချုပ်မန္တန်ပါသော စက္ကူရုပ်လေးနှစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး သားအမိသရဲများ၏ဝိညာဉ်များကို စက္ကူရုပ်များထဲတွင် ချုပ်နှောင်လိုက်သည်။

​"အား အား အား ဒီတာအိုဆရာစုတ် ငါတို့သားအမိကို လွှတ်ပေးစမ်း၊ မဟုတ်ရင် နင်တို့အကုန်လုံးကို အသေဆိုးနဲ့ သေအောင်လုပ်ပစ်မယ်”

​

ရှောင်အန်းလဲ့လက်ကို ဆန့်ထုတ်ကာ လက်သင်္ကေတများအား ပုံဖော်ပြီး စက္ကူရုပ်များကို ပြန်ခေါ်ယူလိုက်၍ လက်ထဲတွင် ကိုင်ထားလိုက်သည်။

​"ရှင်တို့က တကယ့်လုတုန်းပင်းကိုကိုက်တဲ့ခွေးလိုပဲ၊ စေတနာကို နားမလည်ဘူး၊ ကျွန်မက ရှင်တို့ကိုကူညီနေတာ၊ ရှင်တို့ကို ဘယ်သူသတ်လဲပြောပြ၊ အမှားတိုင်းမှာ တရားခံရှိပြီး အကြွေးတိုင်းမှာ ဝဋ်ရှိတယ်၊ အပြစ်မရှိတဲ့သူတွေကို မပတ်သက်စေနဲ့”

​စက္ကူရုပ်လေးနှစ်ခု သူမလက်ထဲတွင် တွန့်လိမ်နေကြရာ သူမလည်း တာအိုလောကကျင့်ဝတ်နှင့် မညီစွာပင် နေပူကျဲကျဲထဲထောင်ပြလိုက်သည်။ တခဏအကြာတွင် သူတို့ငြိမ်ကျသွားပြီး ပြောလာကြသည်။

​"စုန့်မိသားစုဝိုင်ဆိုင်ပိုင်ရှင် စုန့်သခင်ကြီးလက်ချက်ပါ၊ သူကလူမဟုတ်ဘူး တိရစ္ဆာန်အဖိုးကြီး၊ ကျန်းမိသားစုဝိုင်ဆိုင်ကိုဖြိုချဖို့အတွက် သူ့နောက်လိုက်ခဲ့တဲ့သံယောဇဉ်ကိုတောင် မထောက်ဘဲ ကျွန်မကိုသတ်ခဲ့တယ်၊ သူ့သွေးသားရင်းကိုတောင် အလွတ်မပေးဘူး၊ ကျွန်မ သူ့ကိုအရမ်းမုန်းတယ်၊ အရမ်းမုန်းတယ် နင်တို့အကုန်လုံးကို ငါသတ်မယ်၊ အကုန်လုံးကို သတ်ပစ်မယ်”

​စက္ကူရုပ်လေးများ သူမလက်ထဲတွင် မရပ်မနားတွန့်လိမ်နေသည်ကိုကြည့်ပြီး ရှောင်အန်းလဲ့ ပြောစရာစကားမဲ့သွားသည်။

​"ကျွန်မ ပြောပြီးပြီမလား၊ အမှားတိုင်းမှာ တရားခံရှိပြီး အကြွေးတိုင်းမှာ ဝဋ်ရှိတယ်လို့၊ ရှင်တို့ကို ဒုက္ခပေးတဲ့သူကို သွားရှာလေ"

​ရှောင်အန်းလဲ့ ထိုသို့ပြောသည်ကိုကြားသော် သူမ တကယ်ပင်ကြောက်ရွံ့သွားသည်။

​"ဒါပေမယ့် သူ့ဆီမှာ တာအိုဆရာစုတ်တစ်ယောက်ပေးထားတဲ့ အဆောင်ရှိတယ်၊ ကျွန်မ သူ့နားကပ်လို့မရဘူး၊ ပြီးတော့ သူတို့အိမ်တံခါးဝမှာလည်း အဆောင်အမျိုးမျိုး ကပ်ထားတယ်၊ ကျွန်မ ဝင်လို့မရဘူး”

​“ဒါပေမဲ့ရှင်က သူ့နားကပ်လို့မရရင် တခြားလူတွေကိုလည်း ဒုက္ခပေးလို့မရဘူးလေ ဟုတ်တယ်မလား၊ ကျန်းမိသားစုက ရှင့်ကိုပြစ်မှားထားတာလည်း မရှိဘူး၊ ဒုက္ခပေးထားတာလည်း မရှိဘူးလေ၊ အနည်းဆုံးတော့ သရဲဖြစ်ရင်တောင် အကျိုးအကြောင်းသင့်ရမယ်မလား”

​စက္ကူရုပ်လေးမှာတုန်ရီသွားပြီး ပြောစရာစကားမရှိတော့ပေ။ သူမ လက်စားချေလိုသည့် သရဲမဖြစ်ပြီး လူသတ်မှသာ ပိုစွမ်းအားကြီးလာမည်ဟု ပြောချင်နေသည်။

​’ထားလိုက်ပါတော့ သူမရှေ့ကလူက သူမထက် ဘာလို့ပိုစွမ်းအားကြီးနေရတာလဲ၊ ဝူး ဝူး ဝူး သူမကံကြမ္မာက ဘာလို့ ဒီလောက်တောင်ဆိုးရတာလဲ၊ လက်စားချေတဲ့ သရဲမတောင်ဖြစ်ခွင့်မရှိဘူး၊ ဘယ်တော့မှ လက်စားချေခွင့်ရမှာလဲ’

​"ရှင် ကျွန်မအစားလက်စားချေပေးမှာလားဟင်"

​ရှောင်အန်းလဲ့ စက္ကူရုပ်လေးကိုဖျစ်ညှစ်ပြီး အရာရှိလုရှေ့ထိုးပေးလိုက်သည်။

​"ရှင်ပဲ ပြောတယ်လေ၊ ကျွန်မက တာအိုဆရာ သရဲနှင်ထုတ်တာကလွဲရင် တခြားမလုပ်တတ်ဘူးဆို ဒီလိုကိစ္စမျိုးကို အရာရှိလုလက်ထဲအပ်ပြီး ရှင်တို့အတွက် တရားမျှတမှုရှာခိုင်းရမှာ”

​အရာရှိလု : သရဲမဆီ သူ့ကောင်းကြောင်းပြောပေးတာ ကျေးဇူးတင်ရမှာလား

"ကျ.....ကျွန်.....ကျွန်တော်ကျေးဇူး ကျေးဇူးတင်ပါတယ်"

ရုပ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုကို အတင်းဖိနှိပ်ရင်း အရာရှိလုကိုယ့်ကိုကိုယ် *မကြောက်နဲ့ မကြောက်နဲ့*ဟု တိတ်တဆိတ်ပြောနေမိသည်။ ​သူ့နောက်မှ ပါလာသော ရဲမက်ငယ်နှစ်ဦးမှာတော့ မျက်ဖြူစိုက်ပြီးမေ့လဲသွားကြပြီပင်။ ​အရာရှိလု မည်သည့်နေရာသို့ ကြည့်ရမည်အားမသိဘဲ ငိုသည်ထက် ရုပ်ဆိုးသောအပြုံးအား အတင်းညှစ်ထုတ်ပြုံးကာ စက္ကူရုပ်လေးကို ကြည့်လိုက်သည်။

​"အမ်....ဟို....မင်းဆီမှာ သက်သေအထောက်အထားရှိလား၊ ဒါမှမဟုတ် အခင်းဖြစ်တဲ့နေရာက ဘယ်မှာလဲ၊ စုန့်သခင်ကြီးအပြင် တခြားဘယ်သူတွေ ကြံရာပါသေးလဲ”

​သူဒီလိုမေးလိုက်တော့ သရဲမမှာလူတစ်ယောက်ကို တကယ်သတိရသွားသည်။

​"စုန့်သခင်ကြီးဘေးက အိမ်တော်ထိန်းလျောင်လေ၊ သူက စုန့်သခင်ကြီးခိုင်းသမျှ အကုန်လုပ်ပေးတာ၊ ကျွန်မကို သူကအစောင့်နှစ်ယောက်နဲ့ ဖမ်းချုပ်ခိုင်းပြီး စော်ကားတယ်၊ ပြီးတော့ အသက်ရှူမရအောင်နှာခေါင်းပိတ်ပြီး ကျွန်မကို သတ်ပစ်ခဲ့တာ၊ အရာရှိမင်း ကျွန်မအတွက် တရားမျှတမှုရအောင်ကူညီပေးပါ၊ ကျွန်မအတွက် တရားမျှတမှု ရအောင်ကူညီပေးပါနော်”

အရာရှိလု : ဘာတတ်နိုင်တော့မှာလဲ

သူလည်းသရဲကြောက်တတ်သည့်အတွက် ခေါင်းတငြိမ့်ငြိမ့်သာလုပ်နိုင်တော့သည်။

​"ကောင်းပြီ ကောင်းပြီ ငါမင်းအတွက် တရားမျှတမှုရှာပေးပါ့မယ်၊ မင်း....မင်းမိသားစုမှာ ဘယ်သူတွေရှိသေးလဲ၊ မင်းအဆင့်အတန်းကရော ဘာလဲ၊ ကျွန်လား ကိုယ်လုပ်တော်လား”

​ရှောင်အန်းလဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။ သူမဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်၏။ ထင်သည့်အတိုင်းပင် သရဲမ၏ငိုယိုသံကို ကြားလိုက်ရသည်။

​"ကျွန်မနာမည်က လီလန်ဟွာပါ၊ လွန်ခဲ့တဲ့ ၅နှစ်က အကြီးဆုံးစုန့်သခင်လေးက ကျွန်မကိုကိုယ်ပိုင်အစေခံအဖြစ် ဝယ်ခဲ့တာပါ၊ ဒါပေမယ့် အကြီးဆုံးသခင်လေးက အိမ်မှာမရှိတာများတယ် ၊ အဲ့ဒါကြောင့် သခင်ကြီးကအကြီးဆုံးသခင်လေးရဲ့ခြံဝင်းထဲကို ခိုးဝင်ပြီး ကျွန်မကိုအနိုင်ကျင့်လေ့ရှိတယ်”

​အရာရှိလု ရှောင်အန်းလဲ့ကိုကြည့်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။

​"သခင်မလေး ရှောင်သခင်မလေး သူက သေဆုံးတဲ့ထိ သခင့်ကိုအလုပ်အကျွေးပြုရမယ့်စာချုပ်, ချုပ်ထားတဲ့ကျွန်လေ ဒါက....."

​

22

​ရှောင်အန်းလဲ့ကိုယ်တိုင်လည်း စာချုပ်ချုပ်ထားသည့် ကျွန်များမှာ သခင်ဖြစ်သူ၏ ပိုင်ဆိုင်မှုပစ္စည်းအဖြစ် သတ်မှတ်ခံရသည်ကို ကြိုသိပြီးသား ဖြစ်သည်။

​သခင်ဖြစ်သူ စိတ်မကြည်၍ ကျွန်ကို ရိုက်သတ်လိုက်လျှင်ပင် အစိုးရရုံးကို ဒဏ်ငွေ နည်းနည်းပါးပါး ဆောင်လိုက်ရုံဖြင့် ကိစ္စပြီးသွားသည်ပင်။

အစေခံဟူသောအဆင့်အတန်းမှာ နိမ့်ကျလွန်းသည့်အတွက် တရားမျှတမှု တောင်းဆိုခွင့်မရှိသကဲ့သို့ သူတို့၏ နစ်နာမှုကိုလည်း မည်သူကမှ တကူးတက အယူခံဝင်မပေးကြပေ။

​ရှောင်အန်းလဲ့ ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် ကောင်းကင်ကို ခေါင်းစောင်း၍ မော့ကြည့်လိုက်ပြီး အရာရှိလု နားလည်စေရန် မျက်လုံးလှန်ပြလိုက်၏။

​“အဲဒါ ဘာသဘောလဲ၊ ကျွန်မက တာအိုဂိုဏ်းကလူဆိုတော့ ဒီလိုကိစ္စတွေနားမလည်ဘူး”

​အရာရှိလုမှာ ငိုချင်လာကာ ခြေတုန်လက်တုန်ဖြစ်နေပြီး သူ့ရှေ့မှ သရဲမကို မည်သို့ နှစ်သိမ့်ရမည်အား မသိတော့ပေ။

​“ဒါဆိုလည်း ကောင်းပြီလေ၊ ကျုပ် ပြန်သွားပြီး မြို့ဝန်မင်းကို တင်ပြပြီးတော့ မင်းအမှုကို ကိုင်တွယ်ခိုင်းလိုက်မယ်၊ မြို့ဝန်မင်းက အဂတိလိုက်စားမှုကင်းတဲ့ အရာရှိကောင်းတစ်ယောက်ပါ၊ သူက မင်းအတွက် တရားမျှတမှု ရအောင်ယူပေးမှာ သေချာတယ်”

ထိုအခါစက္ကူရုပ်လေးထဲမှသရဲမမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

​“ငါကသေသွားပေမဲ့ ငတုံးတော့ မဟုတ်ဘူး၊ ငါ့ကို လာလိမ်ဖို့မကြိုးစားနဲ့၊ ငါ့အတွက် ဘယ်သူမှ တရားမျှတမှုရှာပေးမှာမဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဘာလို့လဲဆိုတော့ ငါကကျွန်စာချုပ်နဲ့ ရောင်းစားခံထားရလို့လေ၊ စာချုပ်ချုပ်ပြီးတာနဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက သခင်လက်ထဲရောက်သွားပြီ၊ ဒါကြောင့် ရှင်တို့က ငါ့အတွက်တရားမျှတမှု ရှာပေးမှာမဟုတ်ဘူးမလား၊ လူလိမ်တွေ နင်တို့အကုန်လုံးက လူလိမ်တွေ၊ ငါ့အတွက် တရားမျှတမှုရှာပေးမယ်ပြောပြီး တကယ်တမ်းကျတော့ ဘာမှလုပ်ပေးနိုင်တာ မဟုတ်ဘူး၊ ဟား ဟား ဟား ဟား လူလိမ်တွေ၊ ငါနဲ့ငါ့သားပဲ လက်စားချေလို့ရမှာ၊ ငါတို့ကိုယ်ကိုပဲ အားကိုးရတော့မှာ”

​သူမ၏နာကျင်ပြီး ရူးသွပ်မတတ် အော်ဟစ်သံများကို ကြားရသောအခါ ကျန်းမိသားစုနှင့် အရာရှိလုတို့မှာ ကြောက်လွန်း၍ မေ့လဲချင်စိတ် ပေါက်သွားကြ၏။ ​ရှောင်အန်းလဲ့ပင် ပြောစရာစကား မရှိတော့ပေ။

‘စကားဝိုင်းက ဘယ်လိုလုပ်ပြီး လမ်းဆုံးကို ရောက်သွားရတာလဲ’

​

သူမလက်ထဲရှိ စက္ကူရုပ်လေးမှ မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်လာပြီး အဝါရောင်စက္ကူလေးမှာ မီးကျွမ်းလုနီးပါးဖြစ်နေသည်ကို ကြည့်နေမိသည်။ ​ရှောင်အန်းလဲ့ အရာရှိလုကို မေးလိုက်၏။

​“စုန့်မိသားစုရဲ့ဝိုင်ဆိုင်ကို သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ပေးနိုင်မယ့် တခြားနည်းလမ်းရှိသေးလား”

​ကျန်းသခင်ကြီး ရှေ့တိုးလာပြီးပြောလိုက်သည်။

​“စုန့်မိသားစုကို ကျွန်တော်တို့တရားစွဲရင်ရော ဘယ်လိုလဲ”

​ရှောင်အန်းလဲ့ မျက်လုံးများအရောင်တောက်သွားသည်။

‘ဒါဆိုရင် ဖြစ်နိုင်တယ်’

​အရာရှိလုမှာမူ ငိုမိလုနီးပါးဖြစ်နေခဲ့သည်။

​“ခင်ဗျားတရားစွဲရင်တောင် ခင်ဗျားတို့ ရေတွင်းထဲကို အလောင်းစွန့်ပစ်မှုနဲ့ပဲစွဲလို့ရမှာ၊ ဒီပြစ်မှုလောက်နဲ့ကစုန့်သခင်ကြီးကို ကြီးကြီးမားမားပေးဆပ်ရအောင် လုပ်လို့မရဘူး၊ အများဆုံးရှိလှ ငွေဒဏ်လောက်ပဲရိုက်ခံရမှာ၊ ပြီးတော့ အလောင်းကလည်း မီးရှို့လိုက်ပြီဆိုတော့ အခုသက်သေလည်းမရှိတော့ဘူး”

​သရဲမ သူထိုသို့ပြောလိုက်သည်ကို ကြားသည်နှင့် ချက်ချင်းဒေါသသူပုန်ထလာသည်။

​“ငါသူ့ကို သေစေချင်တယ်၊ ငါသူ့ကို သေစေချင်တယ်၊ ငါနဲ့ ငါ့သားအတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်စေရမယ်”

​အရာရှိလု ရုတ်တရက်ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ် ပေါက်သွားမိသည်။

‘သူ ဘာလို့များ ပါးစပ်သရမ်းပြီး အဲဒီစကားသွားပြောလိုက်မိပါလိမ့်၊ သူသာ မပြောလိုက်ရင် ဒီသရဲမဒေါသထွက်လာမှာ မဟုတ်ဘူး’

​ရှောင်အန်းလဲ့ သူတို့အားလုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မည်သည်ကိုလုပ်ရမှန်းမသိ ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။ ​သူမ ရုတ်တရက် စကားပုံတစ်ခုကို သတိရသွား၏။

‘မျက်လုံးအတွက် မျက်လုံးတစ်လုံး အသက်အတွက် အသက်တစ်ချောင်း၊ ဟုတ်တယ် အဲ့တာမှမျှတမှာ မဟုတ်လား၊ အနည်းဆုံးတော့ ဒီနေရာမှာ မဟုတ်ဘူးပေါ့လေ’

​“ထားလိုက်ပါတော့၊ အခြေအနေက ဒီလိုဖြစ်နေမှတော့ သူတို့ဘာသာပဲဖြေရှင်းပါစေတော့၊ သူတို့ဘာသာ ဖြေရှင်းကြပါစေ”

ရှောင်အန်းလဲ့ ရုတ်တရက်ပြောလိုက်သော စကားကြောင့် လူတိုင်း သူမကို ကြည့်လိုက်ကြကာ မည်သည်ကို ဆိုလိုသည်အား နားမလည်ကြပေ။

‘သူတို့ဘာသာ ဖြေရှင်းပါစေဆိုတာ ဘာသဘောလဲ’

​“ကျွန်မ အရင်ကပြောဖူးတယ်မလား၊ အမှားတိုင်းမှာ တရားခံရှိပြီး အကြွေးတိုင်းမှာ ဝဋ်ရှိတယ်လို့လေ၊ ဒီသရဲမကို သူ့ဘာသာ ဖြေရှင်းခိုင်းလိုက်ပါ၊ ဖြေရှင်းပြီးသွားရင် သူ့ဆီကနာကျည်းမှုကြောင့်ဖြစ်တဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေကို ဖယ်ရှားပေးလို့ရပြီ၊ အဲဒီကျမှ သူ့ကိုလူဝင်စားရအောင် ကျွန်မပို့ပေးလို့ရမှာ”

​သူမပြောပြီးသည်နှင့် လူတိုင်း၏ ခေါင်းထဲတွင် စကားစုတစ်ခု ပေါ်လာသည်။ ‘သူပြုသမျှ ကိုယ်ပြန်ခံရမယ်’ ဟူသောစကားပုံပင်။ ​ထို့နောက် သူတို့အားလုံး ကြက်သီးထသွားကြပြီး အရာရှိလု ချက်ချင်း တားလိုက်သည်။

​“မဖြစ်ဘူး၊ အဲဒါ မဖြစ်ဘူး”

​ရှောင်အန်းလဲ့ မျက်ခုံးပင့်လိုက်၏။

​“ဘာလို့ မဖြစ်ရမှာလဲ”

​“ကြည့်ပါဦး၊ ဒီသားအမိဆီမှာ နာကျည်းချက်တွေ ဘယ်လောက် ပြင်းထန်နေလဲဆိုတာ၊ သူတို့ဆီက မကောင်းဆိုးဝါး အငွေ့အသက်တွေကို ဖယ်ရှားဖို့ နည်းလမ်းမရှာရင် သူတို့က လက်စားချေလိုတဲ့ သရဲဆိုးတွေ ဖြစ်လာမှာ”

​“ဒါပေမဲ့ ကျွန်မသူတို့ကို တစ်သက်လုံး စောင့်ကြပ်နေပေးလို့ မရဘူးလေ၊ ဘယ်သူကများ ကိုယ့်ဆီမှာ လက်စားချေချင်တဲ့သရဲဆိုး အကောင်လိုက်ကြီးကပ်ပါနေတာကို နေ့တိုင်းသည်းခံနိုင်မှာလဲ၊ ကြာလာတာနဲ့ သူတို့ကစွမ်းအားကြီးလာမှာ၊ အဲ့အခါကျ ကျွန်မလည်းထိန်းနိုင်မှာ မဟုတ်တော့ဘူး၊ ဒါမှမဟုတ် ရှင် ယူထားပြီးခေါ်သွားမလား”

​အရာရှိလု ချက်ချင်းလက်ကာပြလိုက်သည်။

​“မ‌ခေါ်ဘူး မခေါ်ဘူး မခေါ်ဘူး”

‘သူ သေချာပေါက်မ‌ခေါ်ချင်ပါဘူးနော်’

​“ဒါဆို ဘုရားကျောင်းပို့လိုက်ရင်ရော၊ ဘုရားကျောင်းမှာဆိုရင် နေ့တိုင်း ဘုရားတရားနဲ့နေ၊ တရားတော်တွေ နာကြားရင် ကြာလာတာနဲ့ သူတို့ဆီကနာကျည်းမှု အငွေ့အသက်တွေ ပျောက်ကွယ်သွားနိုင်တယ်လို့ ပြောကြတယ်မလား”

​

ရှောင်အန်းလဲ့ သူ့ကိုကြည့်လိုက်သည်။

“ရှင် တော်တော်သိတာပဲ၊ ဒါပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ဘူး”

​သူတို့စကားပြောနေသည်ကို ကြားသောအခါ စက္ကူရုပ်လေးထဲမှ သရဲမ ချက်ချင်း အော်ဟစ်ငိုယိုလာ၏။

​“မသွားချင်ဘူး၊ ငါကျွတ်လွတ်ခွင့် မလိုချင်ဘူး၊ ငါလက်စားချေချင်တာပဲ သိတယ်”

​ရှောင်အန်းလဲ့ တွေးမိသည်မှာ ဤသို့ လက်စားချေလိုစိတ် ပြင်းထန်သော သရဲတွေအတွက် လက်စားချေရန်မှာ သူတို့၏စွဲလမ်းမှုဟုပင် ပြော၍ရနေပြီပင်။ ဗုဒ္ဓတပည့်သာဝကများ ရွတ်ဖတ်သည့် တရားတော်များကို နေ့တိုင်းနာကြားနေလျှင်ပင် သူတို့၏စွဲလမ်းမှုကို ပျောက်ကင်းအောင် လုပ်နိုင်ချင်မှလုပ်နိုင်လိမ့်မည်။ သို့သော် နှစ်တစ်ရာ နှစ်ရာခန့် နားထောင်လိုက်လျှင်တော့ ပျောက်သွားနိုင်၏။

‘ဒါဆို အချိန်က အကောင်းဆုံးကုစားသူဖြစ်ပြီး အချိန်ကပဲ လူတွေကိုအရာအားလုံး မေ့သွားစေနိုင်တယ်ဆိုတဲ့ သဘောပေါ့၊ ဒါပေမယ့်စုန့်သခင်ကြီးကရော သူကဘာပြစ်ဒဏ်မှခံရစရာ မလိုတော့ဘူးလား၊ စုန့်သခင်ကြီးရဲ့ အမြင်မှာတော့ ကျွန်တွေက သူတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေဖြစ်ပြီး ကိုယ့်ပိုင်ဆိုင်မှုကို ကိုယ်သဘောရှိစီမံတာ မှန်ကန်တယ်လို့ ထင်နေမှာ၊ ဒါပေမယ့် ကျွန်တွေကလည်း လူတွေပဲလေ၊ သူတို့မှာလည်း ခံစားချက်တွေ ရှိတယ်၊ အဲဒီခံစားချက်တွေက ဘယ်အဆင့်ထိ ရောက်သွားလဲဆိုတာပေါ် မူတည်တာပေါ့၊ ချမ်းသာတဲ့ မိသားစုတချို့မှာလည်း သရဲတွေရှိတတ်ကြတယ်၊ ဒါပေမယ့် အဲဒီသရဲတွေက သခင်မိသားစုကို မနှောင့်ယှက်ရဲကြဘူး၊ ဘာလို့လဲဆိုတော့ အသက်ရှင်နေတဲ့ အချိန်ကတည်းက သခင်ကို ကြောက်ခဲ့ရလို့ သေပြီးတဲ့အခါမှာလည်း သခင်အနားမကပ်ရဲ လက်တုံ့မပြန်ရဲကြဘူး၊ အဲ့တော့သူတို့က သူတို့သေခဲ့တဲ့နေရာမှာပဲ လှည့်လည်သွားလာနေနိုင်ကြတယ်၊ တစ်မျိုးပြောရရင် ချမ်းသာတဲ့မိသားစု ဖြစ်လာဖို့ဆိုတာ အဆင့်အတန်းနဲ့ ကံက ကျွန်တွေနဲ့ နှိုင်းယှဉ်လို့ မရဘူးလေ’

​လူတိုင်း ခေတ္တမျှကြောင်အသွားကြပြီး မည်သည့်အရာအား လုပ်ရမှန်းမသိ ဖြစ်နေကြ၏။ ထိုစဉ် ရှောင်အန်းလဲ့ စက္ကူရုပ်လေးကို သိမ်းလိုက်သည်။

​“ရှင်တို့ဘယ်သူမှ သူ့ရဲ့နာကျည်းချက်တွေကို မဖြေရှင်းပေးနိုင်မှတော့ ကျွန်မကိုပဲလွှဲပေးလိုက်ပါ၊ ဒီသရဲနှစ်ကောင်နဲ့ သူတို့ရဲ့ပြာတွေကို ကျွန်မယူသွားလိုက်မယ်”

ထိုသို့​ပြောပြီးနောက် သူမ ကျန်းသခင်ကြီးဘက်သို့ လှည့်လိုက်သည်။

​“ငွေရှင်းပေးဖို့မမေ့ပါနဲ့၊ ပြီးရင် ဘေးကင်းရေးအဆောင်တစ်ခု ပေးခဲ့မယ်၊ ဒီကိစ္စ ဒီမှာတင်ပြီးပြီ”

​ကျန်းသခင်ကြီး မည်မျှပေးရမည်ကိုမသိသဖြင့် နည်းတာထက်ယှဉ်လျှင် ပို၍ များသည်က ပိုကောင်းသည်ဟုတွေးလိုက်၏။

​

‘ဘာပဲဖြစ်ဖြစ် သူ့ရှေ့က မိန်းကလေးက တကယ်ကို စွမ်းအားကြီးတဲ့သူလေ၊ နောင်တစ်ချိန် အကူအညီတောင်းစရာ လိုလာရင်လည်း လိုလာနိုင်တာပဲ၊ မလိုဘူးဆိုရင်တောင် မိတ်ဆွေဖွဲ့ထားတာက အကျိုးရှိပါတယ်’

​သူ ရှောင်အန်းလဲ့ကိုပေးရန် ထူထဲသော စာအိတ်နီတစ်အိတ်နှင့်အတူ လျှောက်လာခဲ့သော်လည်း မေးခွန်းမထုတ်မိဘဲမနေနိုင်ခဲ့ချေ။

​“သခင်မလေး၊ ဒီကိစ္စကို ဘယ်လိုစီစဉ်မလို့လဲ”

​ရှောင်အန်းလဲ့ စာအိတ်နီကိုယူလိုက်ပြီး ဖွဖွပြုံးလိုက်သည်။

​“အဲဒါကို စိတ်မပူပါနဲ့၊ ကျွန်မမှာ အစီအစဉ် ရှိပါတယ်”

​ကျန်းသခင်ကြီး သက်ပြင်းချလိုက်ပြီး နောက်ထပ် စာအိတ်နီတစ်အိတ်ကိုထပ်ထုတ်ကာ ပြောလိုက်၏။

​“ဒီသရဲမကလည်း ကံဆိုးရှာတဲ့သူပါ၊ ဒါက ကျွန်တော်တို့ရဲ့ စေတနာပါ၊ ကျေးဇူးပြုပြီး ရှောင်သခင်မလေး၊ သူတို့သားအမိအတွက် အမွှေးတိုင် ဖယောင်းတိုင်နဲ့ စက္ကူပိုက်ဆံလေးမီးရှို့ပေးပါဦး”

​ရှောင်အန်းလဲ့ စာအိတ်နီကို လက်ခံလိုက်ပြီး ခေါင်းငြိမ့်ကာ ထွက်ခွာရန် ပြင်လိုက်၏။ အရာရှိလုကိုမြင်၍ သူမ ပြုံးပြလိုက်လေသည်။

​“အရာရှိလု၊ ရှင်က အမှုတွေမကြာခဏ ကိုင်တွယ်ရတာဆိုတော့ ဖြေရှင်းမရတဲ့ အမှုတွေနဲ့ကြုံလာရင် ကျွန်မဆီလာလို့ရပါတယ်၊ ပြီးတော့ ကျွန်မဆီမှာအမှန်စကားဆိုတဲ့ အဆောင်လည်းရောင်းတယ် လုံးဝကိုအာမခံတယ်နော်၊ ဒီအဆောင်ကိုသုံးပြီးတာနဲ့ တစ်ဖက်လူက သေချာပေါက်အမှန်တိုင်း ပြောလာလိမ့်မယ်၊ ဒါ့အပြင် ဖြေရှင်းမရတဲ့ အမှုတွေရှိရင်လည်း ကျွန်မ ကူညီပေးနိုင်ပါတယ်နော်၊ ပိုက်ဆံတော့ ပေးဖို့လိုတာ‌ပေါ့”

​အရာရှိလု မျက်နှာရှုံ့မဲ့သွားပြီး ရှောင်အန်းလဲ့ကို ခံစားချက်ပေါင်းစုံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

​“လိုအပ်လာရင် သခင်မလေးကို သေချာပေါက် အကူအညီ တောင်းပါ့မယ်”

​ပြောပြီးနောက် သူ ရှောင်အန်းလဲ့ထွက်ခွာသွားသည်ကိုကြည့်ပြီး မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာ တွေးမိလိုက်၏။

‘ဒီမိန်းကလေးက သိပ်ကိုစွမ်းလွန်းတယ်၊ ဒီလိုလူမျိုးသာ မကောင်းမှု ကျူးလွန်ရင် ဘယ်သူကများ နိုင်ပါ့မလဲ’

ထို့နောက် သူ ခေါင်းခါလိုက်မိသည်။

‘သူ ဘာတွေ တွေးနေတာပါလိမ့်၊ သူမက အရာရှိမိသားစုက သခင်မလေးတစ်ယောက်ပဲလေ၊ ဟူး ဒါကဘယ်လိုအခြေအနေကြီးလဲကွာ’

​တာအိုဆရာဝူ ရှောင်အန်းလဲ့နောက်သို့ လိုက်လာပြီး နားရွက်ကုတ်လိုက် ပါးကုတ်လိုက် လုပ်နေသည်ကို ရှောင်အန်းလဲ့ တွေ့လိုက်ရသည်။ ရှောင်အန်းလဲ့ လက်ပိုက်ပြီး သူ့ကိုရယ်ချင်စိတ်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူမ စာအိတ်နီကိုဖွင့်လိုက်ပြီး ငွေစက္ကူတစ်ရွက်ဆွဲထုတ်ကာ သူ့ကိုပေးလိုက်သည်။

​“ရော့ ရှင်ကအများကြီး သိမ်းထားလို့မရဘူး၊ ကျွန်မတို့ရဲ့ အလုပ်သဘောသဘာဝအရ ရှင်ကကံဆိုးခြင်းငါးပါးထဲက ‘မုဆိုးဖို၊ အထီးကျန်ခြင်း’ နဲ့ ငြိစွန်းနေပြီး၊ ချို့တဲ့ခြင်းသုံးပါးထဲက ‘ဥစ္စာဓန’ ချို့တဲ့ခြင်းနဲ့ ငြိနေတယ်၊ ဒါကြောင့် ပိုက်ဆံအများကြီးမလိုဘူး၊ ပိုက်ဆံကုန်သွားရင် အလုပ်ကအလိုလို ရောက်လာလိမ့်မယ်”

​တာအိုဆရာဝူ ငွေစက္ကူကိုယူလိုက်ပြီး နည်းသည်ဟု မခံစားရပေ။ စောစောကလည်း သူနည်းနည်း ရထားပြီးပြီ ဖြစ်သည်။ ရှောင်အန်းလဲ့ လက်စားချေလိုသောသားအမိသရဲကို မည်သို့စီမံမည်ကိုသာ သူပိုသိချင်နေသည်။

​“ဟို ဆရာသခင် အကြီးအကဲ ဟီးဟီး၊ အဲဒီသားအမိ မကောင်းဆိုးဝါးဝိညာဉ်ကို ဘယ်လိုစီမံမှာလဲ”

​ရှောင်အန်းလဲ့ ပခုံးတွန့်လိုက်ပြီး အိမ်ပြန်လမ်းဘက်ဦးတည်လျှောက်သွားရင်း ပြောလိုက်၏။

​“ဒီလိုကိစ္စမျိုးကို ရှင်မသိတာ ပိုကောင်းတယ်၊ ကျွန်မက မကောင်းတဲ့စံနမူနာပဲ၊ ရှင် ကျွန်မကိုအတုမခိုးနဲ့နော်၊ နောက်ဆိုရင် ရှင်ကျွတ်လွတ်အောင်လုပ်ပေးလို့မရတဲ့ လက်စားချေလိုတဲ့ သရဲတွေဖမ်းမိရင် ဘုရားကျောင်းကို ပို့လိုက်တာ အကောင်းဆုံး ရွေးချယ်မှုပဲ၊ ဒါမှမဟုတ် ကျွန်မဆီ ပို့လိုက်ရင်လည်းရပါတယ်”

​တာအိုဆရာဝူ ငိုချင်သွားသည်။

‘သူ မတွေ့ချင်ပါဘူး၊ သူက သရဲမှမဖမ်းတတ်တာလို့’

All Chapters