← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

23

ရှောင်အန်းလဲ့ တာအိုဆရာကြီးကို ရှောင်အိမ်တော်သို့ ခေါ်လာပြီး အိမ်တော်တံခါးမကြီးကို ညွှန်ပြကာ ပြောလိုက်သည်။

​“ဒါက ကျွန်မအိမ်ပဲ၊ နောက်ဆို တစ်ခုခု လိုအပ်တာရှိရင် ဒီကိုလာရှာလို့ရတယ်၊ ခဏနေရင် ရှင် အရင်ဆုံး လေ့လာဖို့ စာအုပ်တစ်အုပ် လုပ်ပေးမယ်၊ အဲ့ဒါက ရှင့်အတွက် အကျိုးရှိလိမ့်မယ်၊ ပြီးတော့ ကောင်းမှုကုသိုလ်တွေ များများ လုပ်ဖို့ မမေ့နဲ့၊ ကုသိုလ်တွေ စုဆောင်းတာက ရှင့်ကို အသက်ရှည်စေလိမ့်မယ်”

​ရှောင်အန်းလဲ့ မကောင်းဆိုးဝါး ကာကွယ်ပြီး ဘေးကင်းစေသည့် ငြိမ်းချမ်းရေးအဆောင် တစ်ခုနှင့် အသံလွှင့်အဆောင် နှစ်ခုကို သူ့အား ထုတ်ပေးလိုက်သည်။

​“ဒါတွေက ဘေးကင်းဖို့အတွက်ပဲ၊ ရှင့်ဆီမှာရှိတဲ့ အဆောင်တွေထက် အဆပေါင်းများစွာ ပိုစွမ်းတယ်၊ ပြီးတော့ ဒီနှစ်ခုက အသံလွှင့်အဆောင်တွေ၊ အဲဒါကို မီးရှို့ပြီးတာနဲ့ ရှင်ပြောချင်တာကို ပြောလိုက်၊ ရှင့်စကားတွေက ကျွန်မဆီ ရောက်လာလိမ့်မယ်”

​တာအိုဆရာဝူ အံ့အားသင့်သွားပြီး အသံလွှင့်အဆောင်နှစ်ခုကို တန်ဖိုးမဖြတ်နိုင်သော ရတနာများကဲ့သို့ ကိုင်ထားမိ၏။ ထို့နောက် ငြိမ်းချမ်းရေးအဆောင်ကို ရင်ဘတ်ထဲသို့ ဂရုတစိုက် ထည့်သိမ်းကာ ရှောင်အန်းလဲ့ကို ဦးညွှတ်လိုက်သည်။

​“ဆရာသခင်အကြီးအကဲ ဒီတပည့်ရဲ့ အရိုအသေ‌ပေးတာကို လက်ခံပေးပါ”

​ရှောင်အန်းလဲ့ အနည်းငယ် ဘဝင်ခိုက်သွားရသည်။

‘ဒီလို ပတ်သက်မှုမျိုး ရှိနေမှတော့ သူ့ကို သရဲနှင်တဲ့ နည်းလမ်းတချို့ သင်ပေးလိုက်တာက အွန်း မဆိုးပါဘူးလေ’

​“အင်း၊ ပြန်တော့လေ”

​ရှောင်အန်းလဲ့ အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် တစ်မူထူးခြားသော လေထုကို ခံစားလိုက်ရ၏။

အစေခံများ၏ အကြည့်များမှာ သူမဝင်လာသည်က်ို မြင်သည်နှင့် ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြ၏။ သူမသည် အကြားအမြင် စူးရှသူဖြစ်၍ ဥယျာဉ်ထဲမှ စကားသံများနှင့် ရယ်သံများကို ကြားနေရပြီဖြစ်သည်။

ရှောင်အန်းလဲ့ စူးစမ်းလိုစိတ်ဖြင့် လမ်းကြောင်းပြောင်းပြီး ထိုဘက်သို့ ဦးတည်လိုက်သည်။

​အစေခံအချို့ သူမကို တားချင်သော်လည်း မဝံ့မရဲ ဖြစ်နေကြသည်။ အချို့မှာမူ စကားပြောချင်သော်လည်း တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် သူမ သွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ကြ၏။

​နားနေဆောင်တစ်ခုတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စကားပြောနေကြသည်။ သူမ၏ တတိယအစ်ကို ရှောင်ချန်းရှန်း၊ ရှောင်ကျားဟော်၊ စူးကျင်းရုံ နှင့် သူမ, မသိသော သခင်လေးတစ်ဦးတို့ ဖြစ်သည်။

​သူမ ရောက်လာသည်ကို မြင်သော် ရှောင်ကျားဟော်မှလွဲ၍ အားလုံး စကားရပ်သွားကြသည်။ ရှောင်ကျားဟော်မှာမူ စိတ်လှုပ်ရှားစွာ ပြေးလာသည်။

​“အစ်မကြီး အစ်မကြီး၊ မြန်မြန်လာပါဦး ညီမတို့က ခွန်းမင်းသား နဲ့ စကားပြောနေတာ၊ အစ်မကြီးက ခွန်းမင်းသား နဲ့ မတွေ့ရသေးတာ တော်သေးတာပေါ့၊ လာပါ ညီမလေးမိတ်ဆက်ပေးမယ်၊ ဒီတစ်ယောက်က ခွန်းမင်းသားလေ၊ နောက်လကျရင် သူက ညီမလေးတို့ ဝမ်းကွဲအစ်မရဲ့ ခင်ပွန်းလောင်း ဖြစ်လာတော့မှာ”

​ရှောင်အန်းလဲ့ လူတိုင်း၏မျက်နှာထား အဘယ်ကြောင့် ထူးဆန်းနေရသနည်းဆိုသည်ကို နားလည်သွားရသည်။

‘အော် ဒါဆို ခွန်းမင်းသား ရောက်နေတာပေါ့’

ဤခွန်းမင်းသားဆိုသည်မှာ ယခင်က သူမနှင့် စေ့စပ်ထားသူဟု ကြားဖူးသည်။

‘တော်သေးတာပေါ့ သူမရဲ့ တုံးအအ ညီမလေးက တကယ်ကို ကံကောင်းသည့် လူအမျိုးအစားပဲ’

​သူမ ပျောက်ဆုံးသွားပြီးနောက် ခွန်းမင်းသားနှင့် လက်ထပ်ရမည်မှာ သူမညီမလေး ဖြစ်သော်လည်း ယခုအခါ ဝမ်းကွဲအစ်မထံ ရောက်သွားသဖြင့် ရှောင်အန်းလဲ့ ပျော်နေခဲ့၏။

‘ဒါပေမဲ့ ရှောင်ကျားဟော် သူမကို ဗလိုင်းကြီး ဆွဲခေါ်လို့ စူးကျင်းရုံမျက်နှာ ပျက်သွားတာကိုရော သူမရဲ့ ငတုံးညီမလေးက သတိမထားမိဘူးလား’

​တစ်ပါးသူ၏ ပစ္စည်းကို ခိုးယူထားသူသည် အမြဲတမ်း စိတ်မလုံဖြစ်နေတတ်သည်မှာ အမှန်ပင် ဖြစ်နေခဲ့သည်။

​သို့သော် ခွန်းမင်းသားမှာမူ သူမကို မြင်သည်နှင့် မျက်လုံးများ အရောင်တောက်သွားသည်။ ထို့ကြောင့် သူ ရှေ့သို့ လှမ်းလာပြီး သူမကို ပြုံးလျက် အကဲခတ်လိုက်၏။

​“ဒါဆို ဒီမိန်ကလေးက ဟိုးအရင်က ပျောက်ဆုံးသွားတဲ့ ရှောင်အိမ်တော်က သခင်မလေးအကြီးဆုံးပေါ့၊ ကောင်းတယ် တကယ်ကို ထူးချွန်တာပဲ”

ခွန်းမင်းသား ထိုသို့ပြောလိုက်သည်နှင့် စူးကျင်းရုံ ချက်ချင်း ပျာယာခတ်သွားပြီး သူမမျက်နှာပေါ်မှ အပြုံးမှာ တောင့်တင်းသွားသည်။ သူမ ခွန်းမင်းသား အနားသို့ လျှောက်သွားပြီး ပြောလိုက်၏။

​“ဟုတ်တယ်၊ ဝမ်းကွဲညီမလေးက ပြီးခဲ့တဲ့နှစ်တွေက တာအိုကျောင်းမှာပဲ ကြီးပြင်းခဲ့တာလို့ ကြားတယ်၊ ဝမ်းကွဲညီမလေး ဘယ်မှာရှိနေမှန်း စောစောမသိရတာ နှမြောဖို့ကောင်းလိုက်တာ၊ အစောကတည်းက သိပြီး ညီမလေးကို စောစောစီးစီး ပြန်ခေါ်ခဲ့သင့်တာ”

​ဤစကား၏ဆိုလိုရင်းမှာ ရှောင်အန်းလဲ့သည် တာအိုကျောင်းတွင် နှစ်အတော်ကြာ နေခဲ့ရသဖြင့် တောသူမတစ်ဦးသာ ဖြစ်သည်ဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။

​ရှောင်အန်းလဲ့၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွှတ်သွားပြီး စူးကျင်းရုံကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

​“ဝမ်းကွဲအစ်မ ကျွန်မသာ စောစောပြန်လာခဲ့ရင် အစ်မရဲ့ အိမ်ထောင်ရေးကိစ္စတွေ ပြောင်းလဲသွားမှာကို မကြောက်ဘူးလား၊ ဘာပဲဖြစ်ဖြစ် ဒီအိမ်ထောင်ရေးက အစကတည်းက ရှောင်မိသားစုအတွက်ပဲလေ၊ ပြီးတော့ ဝမ်းကွဲအစ်မက ရှောင်မိသားစုဝင် မဟုတ်ဘူးမလား၊ ဒါပေမဲ့လည်း ခွန်းမင်းသားကတော့ တကယ်ကို အစ်မကို လက်ခံတယ်ဆိုတော့ ဘယ်လိုပြောရမလဲ အရမ်းကို သစ္စာရှိတဲ့သူမျိုးပဲ”

​သူမ၏ စကားကို ကြားသည်နှင့် စူးကျင်းရုံ၏ အပြုံးမှာ လုံးဝ ပျောက်ကွယ်သွား၏။ သူမ၏ လက်ကိုင်ပဝါကို ဆုပ်ကိုင်ပြီး မျက်လုံးထောင့်မှ မရှိသော မျက်ရည်များကို သုတ်လိုက်သည်။

​“ဝမ်းကွဲညီမလေးက အစ်မကို အခုထိ အပြစ်တင်နေတာလား၊ ဒါပေမယ့် မင်းသားနဲ့ အစ်မက တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှပြီး ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့လို့ပါ၊ ညီမလေးသာ စောစော ပြန်လာမယ်မှန်း သိခဲ့ရင် အစ်မ ဒီအိမ်ထောင်ရေးကို လက်ခံခဲ့မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် အခုက မင်္ဂလာရက်လည်း သတ်မှတ်ပြီးသွားပြီ၊ ထပ်ပြောင်းဖို့က မဖြစ်နိုင်တော့ဘူးရယ်၊ ဝမ်းကွဲညီမလေးကလည်း မင်းသားကို သဘောကျတယ်ဆိုရင် ဒါဆိုရင် ညီမလေးက မင်းသားရဲ့ ကိုယ်လုပ်တော်အဖြစ်နေလို့ရတာပဲ”

​သူမ ရှောင်အန်းလဲ့ ကြားဖြတ်ပြောမည်ကို ကြောက်သကဲ့သို့ စကားကို အမြန်ထပ်၍ ပြောလိုက်၏။

​“ဝမ်းကွဲညီမလေး စိတ်မပူပါနဲ့၊ ညီမလေး မင်းသားရဲ့ ကိုယ်လုပ်တော် ဖြစ်လာရင် အစ်မက ညီမလေးကို အနိုင်မကျင့်ပါဘူး၊ မင်းသားအိမ်တော်မှာ ညီအစ်မနှစ်ယောက် သင်သင့်မြတ်မြတ်နဲ့ မင်းသားကို စောင့်ရှောက်ပြီး နေကြတာပေါ့”

​စူးကျင်းရုံ ရုတ်တရက် တွေးမိသည်မှာ ရှောင်အိမ်၏ တရားဝင်သမီးအရင်း ရှောင်အန်းလဲ့သာ ခွန်မင်းသား၏ ကိုယ်လုပ်တော် ဖြစ်လာခဲ့ပါက သူမ တရားဝင်ဇနီးဖြစ်သူ စူးကျင်းရုံကို ထိုမိန်းမယုတ်မှ အရိုအသေပြုရပေလိမ့်မည်။

​ထိုအချိန်ကျလျှင် ခွန်းမင်းသား အိမ်တော်ထဲတွင် သူမက တရားဝင် မင်းသားကြင်ယာတော်အဖြစ် အရာရာကို ဆုံးဖြတ်နိုင်မည်ပင်။ သူမ ထိုကိုယ်လုပ်‌တော်ကို စိတ်ကြိုက်နှိပ်စက်နိုင်သည်။ ထိုအကြောင်းကို တွေးမိရုံနှင့်ပင် သူမ ရင်ထဲတွင် ကျေနပ်မှုများ လှိုက်တက်လာ၏။

​

ထိုအချိန်မည်သည့် သတိပေးချက်မှမရှိဘဲ ရှောင်အန်းလဲ့ ရုတ်တရက် လှုပ်ရှားလိုက်ပြီး စူးကျင်းရုံ၏ ပါးကို ရိုက်ချလိုက်သည်။

“ဖြောင်း”

​ထိုအချိန်တွင် ဥယျာဉ်ထဲရှိ လူအားလုံး မှင်တက်သွားကြ၏။

‘ရှောင်သခင်မလေး ဘာလို့ ရုတ်တရက် လက်ပါလိုက်တာလဲ’

​အရိုက်ခံရသော စူးကျင်းရုံပင် ကြောင်အသွားသည်။ သူမ ပါးကိုအုပ်ကာ ရှောင်အန်းလဲ့ကို အံ့အားသင့်စွာ ကြည့်နေမိ၏။ သူမ အဘယ်ကြောင့် အရိုက်ခံရမှန်း မသိသကဲ့သို့ သူမကို ထိုအောက်တန်းစားမမှ ရိုက်ဝံ့လိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။

​သူမမှာ မကြာခင် ခွန်းမင်းသား၏ကြင်ယာတော် ဖြစ်တော့မည်။ သူမဒေါ်လေးပင်လျှင် သူမအပေါ် ယခင်ကထက် ပိုကောင်းအောင် ဆက်ဆံနေသည်။

‘​ဒီလို အပြင်ကပြန်လာတဲ့ ရိုင်းစိုင်းတဲ့ သောက် တာအိုသီလရှင်မကများ’

​ထိုသို့တွေးရင်း သူမ ချက်ချင်းပါးကို အုပ်ကာ ခွန်းမင်းသား၏ ရင်ခွင်ထဲသို့ လဲကျသွားသည်။

​“မင်းသား ဝမ်းကွဲညီမလေးက ကျွန်မကို အခုထိ စိတ်ဆိုးနေတုန်းထင်တယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မက မင်းသားရဲ့ တရားဝင်ဇနီး ဖြစ်တော့မှာလေ၊ ဝမ်းကွဲညီမလေးက ဘယ်လိုလုပ် ကျွန်မကို လူကြားထဲအခုလို ရိုက်နှက်နိုင်ရတာလဲ၊ မင်းသားကျေးဇူးပြုပြီး ညီမလေးရဲ့ အပြုအမူကြောင့် စိတ်မဆိုးပါနဲ့၊ ညီမလေးက သင်ပြဆုံးမပေးမဲ့သူ မရှိတော့ စည်းမျဉ်းစည်းကမ်းတွေ မသိပဲ စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာ ဖြစ်မှာပါ၊ ပြီးတော့ညီမလေးက တာအိုကျောင်းမှာ ကြီးပျင်းလာခဲ့တာလေ၊ အိမ်တော်သခင်မလေး တစ်ယောက်ရဲ့ အမူအကျင့်တွေကို မသင်ခဲ့ရရှာတော့၊ အခုလိုဖြစ်သွားတာ ကျွန်မနားလည်ပေးလို့ ရပါတယ်”

​ရှောင်အန်းလဲ့ သူမ၏ဒရာမာဆန်ဆန် သရုပ်ဆောင်ချက်များကို ကြည့်ပြီး ရယ်ချင်သွားသည်။

​“ကျစ် ဝေ့လည်ကြောင်ပတ်မနေနဲ့၊ ငါ ရိုက်တာ နင့်ကိုပဲ၊ နင့်ကိုယ်နင် ခွန်းမင်းသားနဲ့ တကယ်ပဲ ထိုက်တန်လို့လား”

​သူမ ထိုသို့ပြောလိုက်သည်နှင့် စူးကျင်းရုံ၏ စကားများကို အတည်ပြုပေးသကဲ့သို့ ဖြစ်သွားပြီး သူမ၏ အိမ်ထောင်ရေးကို စူးကျင်းရုံမှ ခိုးယူသွားသည့်အတွက် လက်မခံနိုင်ဟု အများက ထင်မှတ်သွားကြ၏။

​ခွန်းမင်းသား ချက်ချင်းပင် သူ့ရင်ခွင်ထဲမှ နူးညံ့ချောမောသော အလှလေးကို ပွေ့ဖက်လိုက်ပြီး ရှောင်အန်းလဲ့ကို ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

​“ရိုင်းလှချည်လား၊ သူမက ပန်းဝမ် လက်ထပ်တော့မယ့် ဇနီးဖြစ်သူပဲ၊ မင်းက ဘယ်လိုသတ္တိနဲ့ သူ့ကို လက်ပါရတာလဲ၊ အခု ဘယ်လောက် ကြီးမားတဲ့ ပြစ်မှုကို ကျူးလွန်လိုက်လဲဆိုတာ မင်းကိုယ်မင်းကော နားလည်ရဲ့လား”

​ခွန်းမင်းသား ဒေါသထွက်လာသည်နှင့် သူမ၏တတိယအစ်ကို ရှောင်ချန်းရှန်း ချက်ချင်း ရှေ့တိုးလာပြီး ပြောလိုက်သည်။

​“မင်းသား ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါ၊ ကျွန်တော့်ညီမလေးက တာအိုကျောင်းက ပြန်လာတာ မကြာသေးတော့ စည်းကမ်းတွေ အမူအကျင့်တွေကို ကောင်းကောင်း နားမလည်သေးလို့ပါ”

​ထိုသို့ပြောပြီးနောက် သူ ရှောင်အန်းလဲ့ကို စိတ်ပျက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်၏။

​“ညီမလေး၊ ဝမ်းကွဲအစ်မကို တောင်းပန်လိုက်ပါ၊ ဘယ်လိုလုပ်ပြီး ဝမ်းကွဲအစ်မကို လူကြားထဲဒီလို ရိုက်လိုက်ရတာလဲ”

​သူ၏စိတ်ပူနေသော မျက်နှာထားနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဘေးနားရှိ ရှောင်ကျားဟော်မှာမူ မျက်လုံးလေးများ အရောင်တောက်ကာ တစ်ယောက်ချင်းဆီကို အကဲခတ်နေသည်။ ​ရှောင်အန်းလဲ့ ခေါင်းခါလိုက်၏။

​“ကျွန်မ ဘာလို့ သူ့ကိုတောင်းပန်ရမှာလဲ၊ အစ်ကိုပဲ စူးကျင်းရုံက ခွန်းမင်းသားနဲ့ လက်ထပ်တော့မယ့်သူဆို၊ ဒါပေမယ့် စူးကျင်းရုံက အပျိုစင်မှ မဟုတ်တော့တာ၊ အခြေခံစည်းမျဉ်းလောက်တော့ ကျွန်မသိပါတယ်၊ လက်မထပ်ခင် လွန်လွန်ကြူးကြူးဖြစ်ထားဖူးတာ ရှက်စရာပဲလေ၊ အဲ့တော့ သူမသန့်ရှင်းတာ မဟုတ်ဘူးလား၊ ပြီးတော့ မသန့်ရှင်းတဲ့သူတစ်ယောက်က တော်ဝင်မိသားစုထဲကို လက်ထပ်ဝင်ပြီး မင်းသားရဲ့ ကြင်ယာတော်ဖြစ်နိုင်လို့လား”

​ဤစကားများမှာ ရှောင်ချန်းရှန်းကို ဆွံ့အသွားစေ၏။ ခဏအကြာတွင် သူ့မျက်နှာတစ်ခုလုံး နီမြန်းသွားလေသည်။ ဘေးတွင် ရပ်နေသော ရှောင်ကျားဟော် ခေါင်းလေးစောင်းလိုက်ကာ သူမသည် ရှောင်အန်းလဲ့စကားကို သေချာ နားမလည်သော်လည်း ဝင်ရောက်ရှင်းပြရန် ကြိုးစားလိုက်သည်မှာ မပြောခြင်းထက် ပိုဆိုးသွား၏။

​“အာ အစ်မပြောတာ ညီမလေး သဘောပေါက်တယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ ဝမ်းကွဲအစ်မ အပျိုမဟုတ်တော့တာ မင်းသားခွန်းကြောင့်ထင်တယ်၊ ဝမ်းကွဲအစ်မနဲ့ ခွန်းမင်းသားက ရှက်စရာကောင်းတဲ့ကိစ္စတွေကို အတူတူလုပ်ခဲ့ကြပြီးပြီနေမှာ၊ အဲဒါကြောင့် ဝမ်းကွဲအစ်မက အပျိုစင်မဟုတ်တော့တာပေါ့”

​ရှောင်အန်းလဲ့ တဟားဟားရယ်မောလိုက်ပြီး ခွန်းမင်းသားနှင့် သူ့ရင်ခွင်ထဲရှိ စူးကျင်းရုံကို အံ့အားသင့်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။

​“အို ဒါဆိုရင်တော့ ကျွန်မမှားသွားတာပဲ၊ ဝမ်းကွဲအစ်မက တခြားတစ်ယောက်နဲ့ခိုးရာလိုက်ခဲ့လို့ အပျိုစင်မဟုတ်တော့ဘူးလို့ ထင်နေတာ၊ ဒါပေမယ့် အဲ့ဒါ ခွန်းမင်းသားလက်ချက်မှန်း မသိခဲ့ဘူး၊ အမ်း အခုတော့ မင်းသားတို့က လက်ထပ်တော့မှာပဲဆိုတော့ အဟမ်း ဖြစ်နိုင်တာက စောစောစီးစီး.....ထားပါတော့ ထားပါတော့ လူတွေပြောကြတာတော့ မြို့တော်ကသခင်မလေးတွေက ဂုဏ်သိက္ခာကို အလေးထားကြတယ်တဲ့၊ အခုကြည့်ရတာ မင်းသားတို့နှစ်ယောက်က ချစ်ဇောဟုန်တွေများနေကြတယ်ထင်တယ်၊ စည်းမျဉ်းစည်းဘောင်တွေတောင် လွတ်လို့ပါလား”

​ဤစကားများသည် ခွန်းမင်းသားနှင့် စူးကျင်းရုံတို့မျက်နှာကို ခွာယူပြီး မြေကြီးပေါ်တွင် နင်းခြေလိုက်သကဲ့သို့ပင်။ ​နာမည်ကြီးမိသားစုမှ သခင်မလေးတစ်ဦးနှင့် မင်းသားတစ်ပါးတို့သည် လက်မထပ်မီ ထိုသို့သော အပြုအမူများ ပြုလုပ်ခြင်းမှာ အောက်တန်းကျလှပြီး နှစ်ဖက်မိဘအား အရှက်ရစရာဖြစ်စေ၏။ သူတို့အဆင့်အတန်း၊ စည်းကမ်းနှင့် အမူအကျင့်များကို ပြန်၍ မေးခွန်းထုတ်သင့်ပေသည်။

​ခွန်းမင်းသား၏လက်များ အင်္ကျီလက်ကြားတွင် တင်းတင်းဆုပ်ထားပြီး ရှောင်အန်းလဲ့စကားများကြောင့် သူ့မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းနက်သွားရ၏။ ​ချက်ချင်းပင် သူ့ခမည်းတော်၏ ကြိမ်းမောင်းသံများကို သတိရသွားမိသည်။ ရှောင်မိသားစု၏ ပြန်ရောက်လာသော ဤသမီးအရင်းမှာ ကိုင်တွယ်ရလွယ်မည့်သူ မဟုတ်ပုံပင်။

​ရှောင်ချန်းရှန်းမှာမူ ခေါင်းကြီးသွားပြီး ရှက်လွန်း၍ မြေကြီးထဲသို့သာ တိုးဝင်ချင်စိတ် ပေါက်သွားသည်။ ​စူးကျင်းရုံ ၅ နှစ်သမီးအရွယ်ကတည်းမှ ရှောင်အိမ်တော်တွင် ကြီးပြင်းလာသူ ဖြစ်သည်။ သူမ၏ယခုလုပ်ရပ်ကြောင့် အမူအကျင့်များ ညံ့ဖျင်းနေပြီး အကြောင်းအရင်းမှာ ရှောင်မိသားစုက ကောင်းကောင်း မသင်ကြားခဲ့သည့် သဘောမျိုး ဖြစ်နေ၏။

​ဤစကားများသာအပြင်သို့ ပေါက်ကြားသွားလျှင် ရှောင်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ပင်။ ထိုသို့တွေးကာ သူချက်ချင်း ရှေ့တိုးလာပြီး ရှောင်အန်းလဲ့ကို ဆွဲခေါ်သွား၍ အဝေးသို့ရောက်မှသာ သူမကိုဆုံးမလေတော့သည်။

​“ညီမလေး ခုနကပြောတဲ့စကားတွေကို နောက်တစ်ခါ ဘယ်တော့မှထပ်မပြောမိပါစေနဲ့”

24

ရှောင်အန်းလဲ့ သူမအစ်ကိုဖြစ်သူကို အပြစ်ကင်းစင်ဟန်ဆောင်ကာ ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​“ဘာလို့ ကျွန်မက မပြောရမှာလဲ”

​ရှောင်ချန်းရှန်းမှာ ဦးရေပြားတစ်ခုလုံး စပ်ဖျင်းဖျင်း ဖြစ်လာပြီး တကယ်ပင် ကုတ်ပစ်ချင်သော်လည်း သူ့အမြင်တွင် ခေါင်းကုတ်ခြင်းမှာ ရိုင်းစိုင်းသည်ဟု ယူဆသည်။ သူကဲ့သို့ စာပညာရှင်များသည် ခေါင်းယားလျှင် ခေါင်းကို ပုတ်ခြင်း သို့မဟုတ် ယပ်တောင်ဖြင့် တို့ခြင်းသာ ပြုလုပ်လေ့ရှိသည်။ သူ လက်သီးဖြင့် ပါးစပ်ကိုအုပ်ကာ ချောင်းတစ်ချက် ဟန့်လိုက်၏။

​“အဟမ်း၊ အဲဒါက ခွန်းမင်းသားနဲ့ ဝမ်းကွဲညီမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလို့လေ၊ နောက်ဆိုရင် ဒီကိစ္စကို ထပ်မပြောတာ အကောင်းဆုံးပဲ”

​

ရှောင်အန်းလဲ့ နားလည်သွားသည့်ပုံစံဖြင့် ကြည့်လိုက်ပြီး အသာလေးပြုံးပြလိုက်သည်

​“သြော်၊ အဲ့ဒါက သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာကိုး၊ ဒါဆို သူတို့ မျက်နှာမပျက်ရအောင် ကျွန်မထပ်မပြောတော့ပါဘူး ဟုတ်ပြီလား”

​ရှောင်ချန်းရှန်း စိတ်မသက်မသာဖြင့် ခေါင်းငြိမ့်ပြသည်။

​“ဟုတ်တယ် ဟုတ်တယ်”

​သူထိုသို့ပြောပြီးနောက် ရှောင်အန်းလဲ့ကို ပြန်ကြည့်လိုက်၏။

​“ခွန်းမင်းသားနဲ့ ဝမ်းကွဲညီမကိစ္စက အတည်ဖြစ်သွားပြီ၊ ဝမ်းကွဲညီမရဲ့ မိသားစုက မြို့တော်မှာမရှိတော့ သူ့ရဲ့ မင်္ဂလာကိစ္စကို အစ်ကိုတို့ ရှောင်အိမ်တော်ကပဲ စီစဉ်ပေးရမှာ၊ အမေက အရင်ရက်တွေက ဝမ်းကွဲညီမလေးရဲ့ မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေတာဆိုတော့ ညီမလေးအပေါ် ဂရုမစိုက်မိတာရှိရင် နားလည်ပေးပါဦး”

​ရှောင်အန်းလဲ့ ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်ဟန်အပြုံးဖြင့် ခေါင်းခါပြလိုက်သည်။

​“တတိယအစ်ကို ကျွန်မစိတ်ထဲမထားပါဘူး၊ အတွေးလွန်မနေပါနဲ့”

​ရှောင်ချန်းရှန်း သူမထိုသို့ပြောသည်ကို ကြားမှ သက်ပြင်းချနိုင်တော့သည်။

​“ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ညီမလေးက အခုမှ ပြန်ရောက်တာဆိုတော့ တစ်ခုခု လိုအပ်တာရှိရင် အစ်ကို့ကို ပြောနော်”

​ထို့နောက် သူ သူ့ညီမသည် အပြင်တွင် ကြီးပြင်းခဲ့ရသဖြင့် စာသိပ်တတ်လောက်မည်မဟုတ်ဟု တွေးမိပြန်၏။

​“ဪ ဒါနဲ့ အစ်ကို့ဆီမှာအခြေခံလေ့ကျင့်ဖို့ သင့်တော်တဲ့ လက်ရေးမူအချို့ ရှိတယ်၊ ခဏနေရင် အစ်ကို အဲဒါတွေကို ညီမလေးဆီ ပို့ပေးလိုက်မယ်”

​ရှောင်အန်းလဲ့ ထိုတတိယအစ်ကိုနှင့် စကားမပြောချင်တော့ဘဲ ခေါင်းခါလိုက်ပြီး လှည့်ထွက်ကာ လက်ဝှေ့ယမ်းပြီး ထွက်သွားလေသည်။ ​သူမခြံဝင်းအတွင်းသို့ ပြန်ရောက်သည်နှင့် မိန်းကလေးငယ်နှစ်ဦး ငြင်းခုံနေသည့် အသံကို ကြားလိုက်ရ၏။ ထင်ရွှယ်၏ အသံမှာ အရေးတကြီးနှင့် ပြတ်သားနေသည်။

​“ဒါတွေက သခင်မလေးရဲ့လက်ဝတ်ရတနာတွေလေ၊ နင်ဘာဖြစ်လို့ အကုန် လိုက်လျှောက်ကိုင်နေတာလဲ၊ တစ်ခုခု ခြစ်ရာထင်တာ ဒါမှမဟုတ် ကွဲသွားရင် ဘယ်လိုလုပ်မလဲ နင်လျော်နိုင်လို့လား”

​တုန်းထောင်မှာမူ အရေးမစိုက်သည့်ပုံစံဖြင့် မောက်မာစွာပြောလိုက်သည်။

​“ငါက သခင်မလေးအတွက် သိမ်းပေးနေတာလေ၊ နင် မမြင်ဘူးလား၊ ငါက ဒီပစ္စည်းတွေကို ကိုင်ကြည့်ပြီး မစစ်ဆေးရင် ဘယ်လိုလုပ်ပြီး ခွဲခြားသိမ်းဆည်းရမလဲ၊ ပြီးတော့ နင် အကြီးဆုံးသခင်လေးရဲ့ခြံဝင်းက ပထမတန်းစား အစေခံဖြစ်နေရုံနဲ့ ကိုယ့်ကိုကိုယ် အထက်လူကြီးဆိုပြီး ငါ့ကိုအာဏာလာပြမနေနဲ့၊ ငါက နင့်ကိုမကြောက်ဘူး၊ ငါက သခင်မကြီးဘက်က ဒုတိယတန်းစားအစေခံပဲ ဟမ့်”

​ရှောင်အန်းလဲ့ အိမ်တွင်းအစေခံများအကြား ဆက်ဆံရေးမှာ ရှုပ်ထွေးကြောင်းသိသည်။ အိမ်တော်တွင် မျိုးဆက်နှစ်ဆက် သုံးဆက်ဆက်တိုက် အလုပ်အကျွေးပြုနေသူများရှိသလို မိသားစုဝင်များကလည်း နေရာအနှံ့တွင် ရာထူးများ ရယူထားကြ၏။ သူမစိတ်ရှုပ်စွာပင် အရိုးဖြူထီးကို ထုတ်ပြီး ဖွင့်လိုက်၏။ ချင်းရှုရန် ထွက်လာသည်နှင့် စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။

​“အဲဒီသားအမိသရဲတွေကို ဘယ်လိုလုပ်လိုက်ပြီလဲ၊ ဝိညာဉ်ကို ဖျောက်ပစ်လိုက်တာလား၊ ဒါမှမဟုတ် ကျွတ်လွတ်အောင်လုပ်ပေးဖို့ စီစဉ်နေတာလား”

​ထိုသားအမိနှစ်ယောက်အတွက် ရှောင်အန်းလဲ့ စိတ်ထဲတွင်အကြံရှိပြီးသားပင်။

​“ဝိညာဉ်ကို ဖျောက်ပစ်မယ်၊ နင်ပြောတာတော့ လွယ်တာပဲ၊ ဒါပေမဲ့ ဘယ်လောက် စိတ်စွမ်းအားကုန်တယ် ထင်လဲ၊ အဲဒါထက်စာရင် ကျွတ်လွတ်အောင် လုပ်ပေးတာက ပိုရိုးရှင်းသေးတယ်၊ ပြီးတော့ ကျွတ်လွတ်အောင် လုပ်ပေးရင် ကုသိုလ်လည်းရတယ်၊ ဖျောက်ပစ်ရင် ကုသိုလ်မရတဲ့အပြင် အရှုံးပါပေါ်လိမ့်မယ်”

​သူမအသံကို ကြားလိုက်ရသဖြင့် အခန်းထဲမှ မိန်းကလေးနှစ်ဦး၏ငြင်းခုံသံမှာ ရပ်သွားလေသည်။ ​ရှောင်အန်းလဲ့ အခန်းထဲသို့ လမ်းလျှောက်ဝင်သွားပြီး နှစ်ယောက်လုံးကိုကြည့်လိုက်ရာ သူမအကြည့်မှာ တုန်းထောင်ပေါ်သို့ ကျရောက်သွား၏။

တုန်းထောင် အရင်အကြိမ်၌ ရှောင်အန်းလဲ့၏ ဆွံ့အမန္တန်အောက်တွင် ၁၂ နာရီကြာ စကားမပြောနိုင်ဘဲဖြစ်ခဲ့ရ၏။ ယခု ရှောင်အန်းလဲ့ကို မြင်သောအခါသူမ ကြောက်နေသေးသဖြင့် ယခင်က ထောင်လွှားနေသည့် အမူအရာများ ပျောက်ကွယ်သွားလေသည်။ သူမ ထင်ရွှယ်နှင့်အတူ ဦးညွှတ်လိုက်ပြီး သိမ်သိမ်မွေ့မွေ့ ခေါ်လိုက်သည်။

​“သခင်မလေး”

​ရှောင်အန်းလဲ့အကြည့်မှာ သူတို့နောက်မှ လက်ဝတ် ရတနာသေတ္တာပေါ်သို့ ကျရောက်သွားသည်။ သေတ္တာပွင့်နေသည်ကိုမြင်သောအခါ အကြံတစ်ခုရပြီး သူမ ပြုံးလိုက်ကာ တုန်းထောင်ကို မေးလိုက်၏။

​“ဒီထဲက ရတနာတွေကို နင်သဘောကျလို့လား”

​တုန်းထောင် အမှန်တကယ် သဘောကျပေသည်။ သို့သော် သခင်မလေးက ထိုသို့မေးလျှင် မကောင်းသော ရည်ရွယ်ချက်ရှိမည်မှာ သေချာ၏။ သူမမျက်လုံးများကို ဟိုဟိုဒီဒီကစားနေပြီး မသိသလိုငြိမ်နေလိုက်သည်။

​ရှောင်အန်းလဲ့ သူမအမူအရာကို ကြည့်ပြီး ရယ်ချင်သွားသည်။ ​ချင်းရှုရန် အခန်းထဲတွင် ပျံဝဲနေပြီး မှန်တင်ခုံပေါ်ရှိ ရတနာများကို ကြည့်ကာ ရှုံ့ချလိုက်၏။

​“ဒါတွေက သာမန်ပစ္စည်းတွေပဲက်ို အဲ့မိန်းကလေးက ဒီလောက်ထိ အာရုံစိုက်နေရတာ တန်လို့လား၊ ဟွမ့် နေနှင့်ဦး နောက်ကျရင် ကျွန်မအမေကို ဆရာသခင်အတွက် ပစ္စည်းကောင်းတွေပို့ခိုင်းလိုက်မယ်၊ သူတို့ မျက်စိပွင့်သွားအောင်လို့”

​ရှောင်အန်းလဲ့ သူမထံမျက်လုံးလှန်ပြလိုက်သည်။

‘အဲဒါက နင့်အမေလေ၊ ငါ့အမေမှ မဟုတ်တာ၊ ချင်းမိသားစုဆီက ပစ္စည်းတွေကို အကြောင်းပြချက်မရှိဘဲ လက်ခံလို့ မဖြစ်ဘူးလေ’

​

ထို့နောက် ရှောင်အန်းလဲ့ ထင်ရွှယ်ကို မေးငေါ့ပြလိုက်၏။

​“အခန်းထဲဝင်ပြီး ကျောက်စိမ်းဖြူ နားကပ်တစ်စုံ သွားယူလိုက်၊ နင့်နာမည်က ထင်ရွှယ်လို့ခေါ်တော့ နှင်းက အဖြူရောင်ဆိုတော့ ကျောက်စိမ်းဖြူက နင်နဲ့ အလိုက်ဖက်ဆုံးပဲ”

​ထင်ရွှယ် အံ့အားသင့်ဟန်ဖြင့်ကြည့်လိုက်ပြီး သခင်မလေးကို ကျေးဇူးတင်စကား ပြောလိုက်၏။ ရှောင်အန်းလဲ့ ခေါင်းငြိမ့်ပြပြီး တုန်းထောင်ကို ပြန်ကြည့်လိုက်သည်။ တုန်းထောင်မှာမူ ရှောင်အန်းလဲ့မှ သူမကို သက်သက်မဲ့ ရန်လုပ်ရန်အတွက် ထင်ရွှယ်ကို ဆုချခြင်းဖြစ်သည်ဟု ခံစားနေရ၏။

​“သခင်မလေးက ကျွန်မကိုကြည့်နေစရာမလိုပါဘူး၊ ကျွန်မက နိမ့်ကျတဲ့သူမလို့ ဒီလိုပစ္စည်းကောင်းတွေနဲ့ မထိုက်တန်ဘူးဆိုတာ သိပါတယ်”

​ရှောင်အန်းလဲ့ ပြုံးလိုက်သည်။

​“နင်က ကိုယ့်ကိုကိုယ် တကယ်သိတာပဲ ဒါပေမယ့်”

​ရှောင်အန်းလဲ့ပြောနေရင်း တုန်းထောင်၏နောက်ဘက်ကို ကြည့်လိုက်ရာ ပန်းနုရောင်ဝတ်စုံနှင့် မိန်းကလေးနောက်တွင် မင်္ဂလာဆောင်ဝတ်စုံအနီရောင်နှင့် သရဲမတစ်ကောင် ချောင်းကြည့်နေ၏။ ​ညဘက်တွင်သာ ရုတ်တရက်မြင်လိုက်ရပါက တကယ်ပင် ကြောက်လန့်စရာကောင်းပြီး လူတစ်ယောက်ကို အသက်ထွက်အောင်အထိ ခြောက်လှန့်နိုင်ပေသည်။ ​ချင်းရှုရန် ရှောင်အန်းလဲ့ နောက်မှပြုံးပြလိုက်၏။

​“ဒီအစေခံက တကယ်ကိုသင်ခန်းစာမရသေးတာပဲ၊ ကျွန်မ သူ့ကိုယ်ထဲဝင်ပြီး ခဏလောက် ဆော့လိုက်ဦးမယ်”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်ပြလိုက်ရာ သူမအကြည့်မှာ တုန်းထောင်၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။ နောက်တစ်စက္ကန့်တွင် တုန်းထောင်၏အမူအရာ ပြောင်းလဲသွားပြီး သူမ ရှောင်အန်းလဲ့ရှေ့တွင် ပတ်ချာလည် ကခုန်နေတော့သည်။

​“ဟီးဟီး ဒါက ပိုပျော်ဖို့ကောင်းတယ်”

​ရှောင်အန်းလဲ့ : “၁၅ မိနစ်ပဲနော် ပိုလို့မရဘူး”

​ချင်းရှုရန် ပျော်ရွှင်နေသောလိပ်ပြာလေးတစ်ကောင်ကဲ့သို့ အပြင်သို့ပြေးထွက်သွားလေသည်။ ဘေးနားရှိ ထင်ရွှယ်မှာမူ မျက်လုံးပြူးပြီးမှင်တက်ကျန်ခဲ့၏။

‘တုန်းထောင် ရူးသွားတာလား’

သူမ တုန်းထောင်တစ်ယောက် ခုန်ပေါက်ပြီး ထွက်သွားသည်ကို ကြည့်နေပြီးနောက် ရှောင်အန်းလဲ့ကို လှမ်းကြည့်လိုက်၏။ သူမသခင်မလေးမှပြုံးလျက် ကြည့်နေသည်ကိုမြင်၍ ထင်ရွှယ် ကျောက်စိမ်းဖြူနားကပ်မှာ ဆုလာဘ်မဟုတ်ဘဲ နှုတ်ပိတ်ခဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

​“သခင်မလေး တုန်းထောင်က”

​ရှောင်အန်းလဲ့ အစေခံမလေးကိုပြုံးပြလိုက်သည်။

​“လွန်ခဲ့တဲ့ရက်အနည်းငယ်က သေတာကြာပြီဖြစ်တဲ့ သရဲမတစ်ကောင်ကို ငါခေါ်လာခဲ့တာလေ၊ သူက တစ်ယောက်ယောက်ရဲ့ကိုယ်ထဲဝင်ပြီး ဆော့ချင်နေတာ၊ ဖြစ်ချင်တော့ တုန်းထောင်ရဲ့ခန္တာကိုယ်က သူနဲ့အသင့်တော်ဆုံးဖြစ်နေတယ်၊ ကြည့်ပါဦး သူ ဘယ်လောက်ပျော်နေလဲဆိုတာ”

​ထင်ရွှယ် : ‘သူက ပျော်တာတော့ပျော်နေပါတယ်၊ ဒါပေမဲ့ ဘယ်သူက တကယ် ပျော်နေတာလဲဆိုတာကိုပဲ ကျွန်မ, မသိတာပါ’

​ညနေပိုင်းတွင်ရှောင်အန်းလဲ့ တခဏမျှ အိပ်လိုက်ပြီး နိုးလာသောအခါ ချင်းရှုရန် ပြန်ရောက်လာသည်။

​“အိုး ဆရာသခင် နိုးလာပြီပဲ၊ ကျွန်မ အခုလေးတင် ဘာသွားလုပ်ခဲ့လဲ ခန့်မှန်းကြည့်”

​“အင်း ဘာလုပ်ခဲ့တာလဲ”

​ထင်ရွှယ် လိုက်ကာကိုမပြီး ဝင်လာချိန်တွင် ထိုမေးခွန်းကိုကြားလိုက်ရသည်။

​“သခင်မလေးကို တင်ပြပါတယ်၊ နူးဘီက တံခါးဝမှာပဲစောင့်နေတာပါ၊ ဘယ်မှ မသွားပါဘူး”

​ချင်းရှုရန်ပြုံးပြီး သူမရှေ့တွင်ပျံဝဲနေ၏။

​“ကျွန်မ အဲဒီဝမ်းကွဲအစ်မရဲ့ခြံဝင်းကိုသွားပြီး သူ့နောက်မှာ အမြဲကပ်ပါနေတဲ့ အစေခံသရဲမနှစ်ကောင်ကို သွားရှာတာလေ၊ အဲဒီမိန်းကလေးနှစ်ယောက် ဘယ်လိုသေခဲ့လဲ ခန့်မှန်းကြည့် လုံးဝကို အံ့ဩစရာပဲ၊ မိန်ကလေးနှစ်ယောက်လုံးကို အဲ့မိန်းမကပဲသတ်ခဲ့တာလေ၊ ဖြစ်ချင်တော့ ကျွန်မသွားတဲ့အချိန်မှာ သူက အစေခံမိန်းကလေးတစ်ယောက်ရဲ့ ကျောကိုအပ်နဲ့ ထိုးနေတာ၊ ဘယ်လောက်သနားဖို့ ကောင်းလိုက်လဲ၊ ကျွန်မ ကြည့်တောင်မကြည့်ရက်ဘူး၊ အဲ့ကလေးမရဲ့ ကျောမှာအပ်ရာတွေ အများကြီးပဲ၊ မိသားစုကောင်းက လူကုံထံသခင်မလေးတစ်ယောက်က လူတွေကိုနှိပ်စက်ဖို့ အခုလိုယုတ်မာတဲ့ နည်းလမ်းတွေ သုံးလိမ့်မယ်လို့ ဆရာသခင်မပြောနဲ့ ကျွန်မတောင်ထင်မှာ မဟုတ်ဘူး”

​ရှောင်အန်းလဲ့ ညနေခင်းမှ အဖြစ်အပျက်များကို ပြန်တွေးပြီး ခေါင်းငြိမ့်လိုက်၏။

​“သူ့ကို ဂရုမစိုက်ပါနဲ့၊ လူတွေလုပ်သမျှ ကောင်းကင်က ကြည့်နေတာပဲ၊ ဝဋ်ဆိုတာမလည်တာ မဟုတ်ဘူး၊ အချိန်မတန်သေးလို့ပါ”

​ထင်ရွှယ် တခဏမျှတောင့်သွားပြီးမှသာ တုံ့ပြန်နိုင်၏။ သူမပုခုံးလေးများ အနည်းငယ် တွန့်သွားပြီး အခန်းထဲကို ဝေ့ဝဲကြည့်သော်လည်း ဘယ်သူ့ကိုမှမမြင်ရပေ။ သူမပုံစံကို ကြည့်ပြီး ရှောင်အန်းလဲ့ ပြုံးလိုက်သည်။

​“မကြောက်ပါနဲ့၊ သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး၊ နင့်ကိုယ်ထဲလည်း မဝင်ဘူး ဒါနဲ့ တုန်းထောင်ရော”

​ထင်ရွှယ် ယခင်ကတုန်းထောင်ကို အမြင်ကပ်မိသော်လည်း ယခုအချိန်တွင် အနည်းငယ်သနားမိသွားသည်။

​“တုန်းထောင်က နေမကောင်းဘူးဆိုပြီး အနားယူဖို့ ပြန်သွားပါပြီ၊ သခင်မလေး ညစာစားဖို့ အချိန်နီးပြီဆိုတော့ ကိုယ့်ခြံဝင်းထဲမှာပဲ စားမလား ဒါမှမဟုတ် သခင်မကြီးဘက်ကို သွားမလား”

​ရှောင်အန်းလဲ့ ယနေ့ လူတစ်ယောက်ကို ရိုက်ခဲ့ပြီးပြီဖြစ်၍ မိခင်အစစ်မဟုတ်သည့် အမေဖြစ်သူ၏ ပွစိပွစိပြောသံများကို မကြားချင်တော့ပေ။

​“အဆောင်မှာပဲ ရိုးရိုးရှင်းရှင်းစားလိုက်မယ်”

​“ညီမလေး ညီမလေး အရေးကြီးကိစ္စရှိလို့ မြန်မြန်လိုက်ခဲ့ပါဦး”

​ရှောင်ချန်းလင်းပြေးဝင်လာပြီး သူမကို ဆွဲကာ ချက်ချင်းပင် အပြင်သို့ခေါ်ထုတ်သွား၏။ မူလက ရှောင်အန်းလဲ့ စောစော အနားယူပြီး ယနေ့ညတွင် သားအမိသရဲကို စုန့်မိသားစုထံသို့ လက်စားချေဖို့ ပို့ပေးရန် နည်းလမ်းရှာမည်ဟု စဉ်းစားနေခဲ့သည်။

​သို့သော် အလျင်စလ်ိုဖြစ်နေသော ဒုတိယအစ်ကို ပုံစံကို ကြည့်ပြီး ရှောင်အန်းလဲ့ လက်ချောင်းလေးများဖြင့် တွက်ချက်လိုက်သည်။

‘အို့ ကျိုးမိသားစုရဲ့သခင်လေး ဒုက္ခရောက်နေတာပဲ’

​ချင်းရှုရန် သူတို့နောက်မှလိုက်လာသော်လည်း တံခါးဝသို့ရောက်ခါနီးတွင် သူမ၏အရိုးဖြူထီးကို မေ့ကျန်ခဲ့သည်ကို သတိရသွားသည်။

​“အား နေဦး၊ ငါ့ရဲ့ အရိုးဖြူထီးမပါသေးဘူး၊ ငါ့ကိုပါ ခေါ်သွားလေ”

​ထိုစကားကိုကြားမှသာ ရှောင်အန်းလဲ့ ရှောင်ချန်းလင်း၏လက်ကို ရုန်းဖယ်ပြီး အရိုးဖြူထီးသွားယူရန် နောက်သို့ပြန်လှည့်လိုက်သည်။

​“ဒုတိယအစ်ကို ခဏစောင့်ဦး၊ ကျွန်မ အဲဒါ ယူသွားမှဖြစ်မယ်”

​ရှောင်ချန်းလင်း ထီးကိုမြင်သောအခါ ကြောင်သွား၏။

​“ချင်းသခင်မလေးကိုပါ ခေါ်လာတာလား”

All Chapters