အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
25
ယခုတစ်ခါတော့ ရှောင်အန်းလဲ့မှာ အံ့အားသင့်သွားရသူပင် ဖြစ်သည်။
“ဒုတိယအစ်ကို၊ အစ်ကို သူ့ကိုမြင်ရလို့လား”
ရှောင်ချန်းလင်း အမြန်ခေါင်းခါပြသည်။
“ဟင့်အင်း မမြင်ရပါဘူး၊ အစ်ကိုက စဉ်းစားမိရုံပါ၊ အရင်က ချင်းမိသားစုအိမ်မှာတုန်းက ညီမလေး သူ့ကို မြင်ရအောင် လုပ်ပေးခဲ့တယ်မဟုတ်လား၊ ဒီတော့ ညီမလေးကိုင်ထားတဲ့ထီးက သူ့ကို ဖမ်းထားဖို့ သီးသန့်လုပ်ထားတာလားလို့ တွေးမိလို့ပါ”
ရှောင်အန်းလဲ့ ခေါင်းငြိမ့်ပြလိုက်၏။
“အဲ့လိုပဲပြောရမယ်ထင်တယ်၊ လောလောဆယ်တော့ သူက ဒီထဲမှာပဲ နေနေတာ၊ ဒါနဲ့ သခင်လေးကျိုး ဘာဖြစ်လို့လဲ၊ ကျွန်မ သူ့ကိုဘေးကင်းရေး ကျောက်စိမ်းပြား ရောင်းထားတယ်လေ၊ အသက်အန္တရာယ် မရှိသင့်ဘူး မဟုတ်လား”
ထိုစကားကိုကြားရ၍ ရှောင်ချန်းလင်း ချက်ချင်းပင် သူ့ညီမကိုလေးစားသွားတော့သည်။
“ညီမလေးရဲ့ တွက်ချက်မှုက တကယ်ကို တိကျတာပဲ၊ ညီမလေးပေးတဲ့ ကျောက်စိမ်းပြားကြောင့် သခင်လေးကျိုး အန္တရာယ်ကနေ အကြိမ်ကြိမ် လွတ်မြောက်ခဲ့တာ၊ ဒါပေမယ့် အခု အဲဒီကျောက်စိမ်းပြားက ကွဲသွားပြီလို့ကြားတယ်၊ ညီမလေးဆီမှာ ကျောက်စိမ်းပြားတွေ ကျန်သေးလား၊ သူ့ကို နောက်တစ်ခုထပ်ရောင်းပေးလို့ ရမလား”
ရှောင်အန်းလဲ့ ခေါင်းခါလိုက်၏။
“ရှိသမျှ ကျောက်စိမ်းပြားတွေ အကုန်ကုန်သွားပြီ၊ ကျွန်မမှာ အသစ်လုပ်ဖို့ အချိန်မရသေးဘူး၊ နောက်မှ ကျောက်စိမ်းဆွဲပြားတွေ အသစ်သွားဝယ်ပြီး မန္တန်တွေထပ်ရေးထည့်ပြီးမှ ရောင်းပေးလို့ရမှာ”
ထိုအခါ ရှောင်ချန်းလင်း ခေတ္တမျှတွေဝေသွားပြီး ပြောလိုက်သည်။
“ဒါဆို ညီမလေး အစ်ကိုနဲ့ လိုက်ခဲ့ပေးပါလား၊ အခု သခင်လေးကျိုးက သတိမေ့နေတာ၊ ခန္ဓာကိုယ်မှာလည်း ဘယ်လို အဆိပ်မိတဲ့ လက္ခဏာမှမရှိဘူး၊ အဲ့တာကြောင့် နန်းတွင်းသမားတော်တွေလည်း အဖြေရှာမရ ဖြစ်နေကြတာ၊ အစ်ကိုလည်း ညီမလေးရောင်းတဲ့ ကျောက်စိမ်းပြားတွေနဲ့ ညီမလေးရဲ့ ပညာကို သတိရသွားလို့လာခေါ်တာ”
ရှောင်အန်းလဲ့ အလိုက်သင့်ပင် ဒုတိယအစ်ကို၏ ဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားပြီး ရထားလုံးဖြင့် သခင်လေးကျိုး၏ အခန်းသို့ ရောက်လာ၏။ ထိုအချိန်မှ ရှောင်ချန်းလင်း ရှောင်အန်းလဲ့တွင် ကျောက်စိမ်းပြား ပါမလာသည်ကို သတိရသွားသည်။
“ညီမလေး ကြည့်ပါဦး၊ သူက ဒီလိုဖြစ်နေတာ၊ ဘာလုပ်ရင်ကောင်းမလဲ”
ရှောင်အန်းလဲ့ အရင်ဆုံး လူနာကို စစ်ဆေးကြည့်ပြီးမှ ခေါင်းခါလိုက်၏။
“ကျောက်စိမ်းပြားက လူကို အန္တရာယ်မဖြစ်အောင်ပဲ ကာကွယ်ပေးနိုင်တာ၊ မေ့မြောနေတဲ့သူကိုနိုးအောင် မစွမ်းဆောင်နိုင်ဘူး၊ အဲ့တာကြောင့် ထပ်ပေးရင်တောင် သူချက်ချင်းနိုးလာမှာ မဟုတ်ဘူး၊ ဒီကိစ္စကနည်းနည်းတော့ လေးနက်တယ်ပဲ ပြောရမလား၊ ကျွန်မမြင်တာတော့ တစ်ယောက်ယောက်က သူ့ကိုဒုက္ခပေးဖို့ သီးသန့်ရည်ရွယ်ပြီး လုပ်ထားတာပဲ”
“ဘယ်သူလဲ၊ ဘယ်သူက ငါ့သားကို တမင်တကာ လုပ်ကြံတာလဲ ပြောစမ်း”
ရှောင်အန်းလဲ့နှင့် ရှောင်ချန်းလင်းတို့ လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ခန့်ညားထည်ဝါသော အမျိုးသမီးတစ်ဦး အစေခံများ၏အကူအညီဖြင့် အမြန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ရှောင်ချန်းလင်း အလျင်အမြန် ရှောင်အန်းလဲ့ကို မိတ်ဆက်ပေးလိုက်၏။
“ညီမလေး ဒီအမျိုးသမီးက ချန်အန်း မင်းသမီးကြီးလေ”
ရှောင်အန်းလဲ့လည်း အမြန်ဦးညွှတ် အရိုအသေပြုလိုက်သည်။
“မင်းသမီးကြီးကို ဂါရဝပြုပါတယ်”
“မြန်မြန်ပြောစမ်း၊ ဘာတွေ ဖြစ်နေတာလဲ၊ ငါ့သားကို နိုးလာအောင်လုပ်နိုင်တဲ့ နည်းလမ်းရှိလား”
ရှောင်အန်းလဲ့ ချက်ချင်းဆိုသလိုခေါင်းငြိမ့်ပြလိုက်သည်။
“သခင်လေးကျိုးကို နိုးလာအောင်လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်၊ ဒါပေမယ့် ကျွန်မမှာ တောင်းဆိုချက်တစ်ခုရှိပါတယ်"
မင်းသမီးကြီး ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမကဲ့သို့ မင်းသမီးကြီးတစ်ဦးကို အတင့်ရဲစွာ လာရောက်ညှိနှိုင်းဝံ့သူကို စိတ်ဝင်စားသွားကာ ထိုမိန်းကလေး ပြောလာမည့်စကားကို စူးစိုက် နားထောင်နေခဲ့၏။
“ပြောကြည့် မင်းသာငါ့သားကို ကယ်တင်နိုင်မယ်ဆိုရင် ဒီမင်းသမီးက ဘာမဆို သဘောတူမယ်"
ဘေးနားရှိ ရှောင်ချန်းလင်းမှာ မိမိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး စိုးရိမ်တကြီးဖြစ်နေတော့သည်။ သူ့ညီမမှာ တကယ်ကို သတ္တိခဲပင်။ သူတို့ရှေ့မှ အမျိုးသမီးမှာ ရိုးရိုးအိမ်တော်သခင်မ, မဟုတ်ဘဲ ချန်အန်းမင်းသမီးကြီး ဖြစ်၏။ အစ်ကိုတစ်ယောက်အနေဖြင့် စိတ်ပူပန်စွာ ရှောင်အန်းလဲ့ကို မျက်ရိပ်မျက်ခြေပြနေသော်လည်း ရှောင်အန်းလဲ့မှာ မသိချင်ယောင်ဆောင်ကာ လျစ်လျူရှုထားလိုက်သည်။ ထို့နောက် ရှောင်အန်းလဲ့ ချန်းအန်းမင်းသမီးကြီးကို ပြောလိုက်၏။
“တစ်ယောက်ယောက်က သရဲတစ်ကောင်ကိုသုံးပြီး သခင်လေးရဲ့မျက်စိကို ကွယ်အောင်လုပ်ရင်း ဝိညာဉ်ကို မြေအောက်လောကဆီ ခေါ်သွားဖို့ ကြိုးစားနေတာပါ၊ ကျွန်မလည်း ဝိညာဉ်ကိုပြန်လုဖို့ သရဲတစ်ကောင်ကိုပြန်လွှတ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီသရဲက ထင်ထားတာထက်များလွန်းတဲ့ နာကျည်းချက်တွေ ရှိနေတာကြောင့် အဲ့သားအမိ နှစ်ယောက်အတွက် တရားမျှတမှုရှာပေးဖို့ မင်းသမီးကြီးကိုကူညီပေးစေချင်ပါတယ်"
ရှောင်ချန်းလင်း စကားဝိုင်းကို နားထောင်ရင်း မှင်တက်သွားရ၏။ သူ့ညီမနှင့် ပတ်သက်သမျှ အရာအားလုံးမှာ သူနားမလည်နိုင်သောအရာများသာ ဖြစ်နေသည်။ ချန်အန်း မင်းသမီးကြီး၏ မျက်နှာထားသည်လည်း ခေတ္တမျှ တန့်သွားသည်။ သူမ ဤကဲ့သို့ တောင်းဆိုချက်မျိုးကို မမျှော်လင့်ထားခဲ့ပေ။ သူမ စိတ်ထဲတွင်တော့ ထိုမိန်းကလေးမှာ လူများကို လှည့်စားနေသည်ဟု တွေးမိကာ မျက်မှောင်ကြုတ်မိသည်။
‘ဒီလောကမှာ တကယ်ပဲ နတ်ဘုရားတွေ၊ သရဲသစ္ဆေတွေ ရှိလို့လား’
“အင်း နင်ပြောတာသာ အမှန်ဆိုရင် လူတစ်ယောက်အတွက် တရားမျှတမှုရှာပေးတာက ငါ့အတွက်တော့ ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး၊ ကဲ အခုသွားပြီး ငါ့သားကိုကယ်နိုင်ရင် မိန်းကလေးပြောတဲ့အတိုင်း ဖြစ်စေရမယ်"
ရှောင်အန်းလဲ့ မူလက ထိုသားအမိသရဲကို စုန့်သခင်ကြီးထံသို့ ယနေ့ည လက်စားချေရန် လွှတ်ဖို့ စီစဉ်ထားခြင်းပင်။ ယခု မင်းသမီးကြီး ကိုယ်တိုင် ပါဝင်ကူညီနိုင်ပါက ပို၍ပင်အဆင်ပြေသွား၏။
“ကျေးဇူးတင်ပါတယ် မင်းသမီးကြီး၊ အခုပဲ သူတို့ကိုထွက်လာပြီး မင်းသမီးကြီးနဲ့ တွေ့ခိုင်းလိုက်ပါ့မယ်"
ပြောပြီးသည်နှင့် သူမအိတ်ထဲမှ စက္ကူရုပ်လေးနှစ်ခုကို ထုတ်လိုက်သည်။ ထိုစက္ကူရုပ်လေးများမှာ လေထဲတွင် မည်းနက်သောမြူခိုးနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး သားအမိသရဲများ ပေါ်လာ၏။
“ဆရာသခင် ကျေးဇူးပြုပြီး ကျွန်မတို့ သားအမိကို လက်စားချေခွင့်ပေးပါ၊ မဟုတ်ရင် ကျွန်မတို့ ဘယ်တော့မှစိတ်အေးရမှာမဟုတ်ဘူး"
ရှောင်အန်းလဲ့ ချက်ချင်းပင် မင်းသမီးကြီးရှိရာဘက်သို့ မေးထိုးပြလိုက်သည်။
“ငါ့ကို လာတောင်းပန်မနေနဲ့၊ ဒီအမျိုးသမီးက ချန်အန်းမင်းသမီးကြီးပဲ၊ သူက ရှင်တို့ကို ကူညီဖို့သဘောတူပြီးပြီ၊ ဒါပေမယ့် ရှင်တို့က သခင်လေးရဲ့ဝိညာဉ်ကိုခေါ်သွားတဲ့ အကောင်ကို အရင်သွားဖြေရှင်းရမယ်"
ချန်းအန်းမင်းသမီးကြီး ထိတ်လန့်ဖွယ် ကောင်းလွန်းလှသော မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူသံများ ပြင်းထန်လာသော်လည်း ပါးစပ်ကိုတော့ တင်းတင်းစေ့ထားသည်။ သူမသာ မင်းသမီးကြီး ဆိုသည့်ဂုဏ်ပုဒ်ကို မထိန်းထားရလျှင် ယခုအချိန်တွင် မေ့လဲသွားလောက်ပြီ ဖြစ်၏။
ထိုအချိန်တွင် ကလေးပွေ့ထားသော သရဲမမှ သူမကိုကြည့်လိုက်သဖြင့် မင်းသမီးကြီး၏မျက်နှာမှကြွက်သားများ တွန့်သွားပြီး ပြုံးချင်သလိုလို မပြုံးချင်သလိုလိုနှင့် ခေါင်းသာငြိမ့်ပြလိုက်နိုင်သည်။ ၎င်းမှာ ရှောင်အန်းလဲ့ ပြောသမျှအမှန်ဖြစ်ကြောင်း ထောက်ခံသည့် သဘောပင်။ ရှောင်အန်းလဲ့ ထိုသရဲမအား အလျင်အမြန်ချော့ပြောလိုက်၏။
“စုန့်သခင်ကြီးဆိုတာ ဒီအတိုင်းသာမန်ဝိုင်ဆိုင်ပိုင်ရှင်လေး တစ်ယောက်ပဲ၊ ချန်းအန်းမင်းသမီးကြီးနဲ့ယှဉ်ရင် ဘာမှ မဟုတ်တော့ဘူး၊ မင်းသမီးကြီးရဲ့ စကားတစ်ခွန်းရှိရင် ရှင်တို့ လက်စားချေမဲ့ကိစ္စကို အမြန် အကောင်အထည်ဖော်နိုင်မှာ၊ ကဲ သွားတော့ အခုချက်ချင်း သခင်လေးကျိုးရဲ့ဝိညာဉ်ကိုပြန်ခေါ်ခဲ့"
ဝိညာဉ်ကလေးကိုပွေ့ထားသော လီလန်ဟွာ မင်းသမီးကြီးကိုဦးချလိုက်သည်။
“ကျွန်မတို့သားအမိအတွက် တရားမျှတမှု ဖော်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီးကြီး၊ ကျွန်မတို့ရှိသမျှ အင်အားသုံးပြီး သခင်လေးရဲ့ဝိညာဉ်ကို ပြန်ခေါ်လာပေးပါ့မယ်"
ပြောပြီးသည်နှင့် လီလန်ဟွာ ရှောင်အန်းလဲ့ကိုကြည့်လိုက်သည်။ ရှောင်အန်းလဲ့ လက်နှစ်ဖက်ဖြင့် မန္တန်အစီအရင်များကို ပြုလုပ်လိုက်၏။
“ခွန် တွေ့ ချန် ခန် ကန်း ကျိန်း ရွှမ် လီ၊ ရေသည် မြေကိုရွေးချယ်စေ၊ မြေအောက်တံခါး ပွင့်စမ်း”
အခန်းတွင်းရှိ ဟာလာဟင်းလင်းလေဟာပြင်တွင် မည်းနက်သော မြေအောက်တံခါးပွင့်လာပြီး လီလန်ဟွာတစ်ယောက် မြူခိုးမည်းအဖြစ် ပြောင်းလဲကာ အထဲသို့ပြေးဝင်သွားတော့သည်။ ထိုအချိန်တွင် သခင်လေးကျိုးမှာတော့ သူ့က်ိုယ်သူသေပြီဟု ထင်နေ၏။ ယခုအချိန်တွင် သူ့ဝိညာဉ်ကို သရဲတစ်ကောင်မှ မြေအောက်လောကသို့ ဆွဲခေါ်သွားနေသည်။
“အဟမ်းအဟမ်း ကျွန်တော်ပြောပါရစေဦး၊ သရဲတမန်အစ်ကိုကြီး ကျွန်တော့်က ဒီလောက်အသက်တိုမယ့်သူ မဟုတ်ပါဘူး၊ ကြည့်ရတာ အစ်ကိုကြီးတော့ လူမှားခေါ်လာမ်ိပြီထင်တယ်၊ အစ်ကိုကြီး ဘာလို့ ကျွန်တော့်ကိုစကားမပြောတာလဲ၊ ကျွန်တော့်မိသားစုက အရမ်းချမ်းသာတာနော်၊ အဖေက မြို့စား အမေက မင်းသမီး ကျွန်တော်ကတော့ အမွေခံသခင်လေးလေ၊ ဟူး နောက်ဘဝကျရင်ရော ဒီလိုမိသားစုမျိုးမှာပြန်လူဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား အစ်ကိုကြီး သရဲတမန်”
“ပါးစပ်ပိတ်ထားစမ်း"
တတွတ်တွတ်ရွတ်နေသော သူ့စကားများမှုကြောင့် သူ့ကိုဖမ်းခေါ်လာသော သရဲမှာ အတော်လေးစိတ်ညစ်နေသည်။ ထို့ကြောင့် ထိုသရဲလှည့်ကြည့်ပြီး ဝိညာဉ်ခန္ဓာကိုယ်ကို ရိုက်နှက်ရန်ပြင်လိုက်စဉ်မှာပင် အဝေးမှသရဲမတစ်ကောင်မှာ ကလေးငယ်တစ်ဦးကို ပခုံးပေါ်တင်၍ သူတို့ထံသို့အရှိန်အဟုန်ဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
“သားအမိ မကောင်းဆိုးဝါးဝိညာဉ် မင်းတို့လို အကောင်တွေက ဘယ်လိုလုပ်ပြီး မြေအောက်တံခါးထဲကို ဝင်လာနိုင်တာလဲ"
လီလန်ဟွာ အနားသို့ရောက်သည်နှင့် သူ့ကို တိုက်ခိုက်တော့သည်။
“အဲဒီလူကို လွှတ်လိုက်စမ်း"
“ဟမ့် ငါ့လက်ထဲကလူကို လုချင်တယ်ပေါ့၊ အိပ်မက်မက်နေလိုက်"
ဤသို့ဖြင့်သရဲနှစ်ကောင် တိုက်ခိုက်နေကြရာ သခင်လေးကျိုးမှာ ကြောင်တောင်တောင်နှင့် မည်သည့်ဘက်ကို အားပေးရမှန်းမသိဖြစ်နေ၏။
“ဟေး ဟေး နေကြပါအုံး၊ ကျွန်တော် စပ်စုတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ"
လီလန်ဟွာ တစ်ဖက်မှ သရဲကိုဖိနှိပ်ထားရင်း သခင်လေးကျိုးကိုပြောလိုက်သည်။
“ချန်အန်းမင်းသမီးကြီးက ရှင့်ကိုကယ်ဖို့ ကျွန်မတို့ကို လွှတ်လိုက်တာ၊ အခု ကျွန်မနဲ့ အမြန်ပြန်လိုက်ခဲ့တော့"
သခင်လေးကျိုးမှာ အမေဖြစ်သူနာမည်ကိုကြားသောအခါ ဝမ်းသာအားရဖြစ်သွားသည်။
“ကျွန်တော် ပြန်သွားလို့ရပြီလား၊ တော်သေးတာပေါ့ ကျွန်တော် ဒီဘဝမှာမိန်းမ မယူရသေးဘူးလေ”
လီလန်ဟွာဆွဲခေါ်ရန်ပင်မလိုဘဲ သခင်လေးကျိုး သူမနောက်သို့အမြန် လိုက်ပါလာတော့သည်။ အပြင်ဘက်တွင် အခန်းထဲရှိလူအားလုံးမှာ အသက်ရှူအောင့်ပြီး လေဟာပြင်တွင်ပေါ်နေသော အပေါက်မည်းကြီးကိုသာ မျက်တောင်မခတ်တမ်းကြည့်နေကြ၏။ ခဏအကြာတွင် လီလန်ဟွာ သခင်လေးကျိုးနှင့် သရဲအရိပ်တစ်ခုကို ခေါ်ဆောင်ကာ ထွက်လာသည်။ မင်းသမီးကြီး သားဖြစ်သူ၏ဝိညာဉ်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ရှေ့သို့ တိုးသွားသော်လည်း ရှောင်အန်းလဲ့ တားလိုက်၏။
“မင်းသမီးကြီး အနားမကပ်ပါနဲ့ဦး၊ ကျွန်မ အဲဒီသရဲကိုအရင်ဖမ်းပြီး ဘယ်သူခိုင်းတာလဲဆိုတာ စစ်ဆေးလိုက်ပါဦးမယ်"
ရှောင်အန်းလဲ့ စက္ကူရုပ်တစ်ခုကို ထုတ်၍ ဝိညာဉ်ချုပ်မန္တန်ရေးဆွဲပြီး ထိုသရဲထံသို့ပစ်လိုက်၏။ စက္ကူရုပ်ထဲသို့ သရဲကို ဖမ်းယူပြီးနောက် အလွန်တရာစပ်စုလွန်းသော သခင်လေးကျိုးကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ခိုင်းလိုက်သည်။ ရုတ်တရက် မြေအောက်တံခါးအတွင်းမှ ပြင်းထန်သောစွမ်းအင်တစ်ခု တိုးထွက်လာပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးမှာ အချိန်ရပ်တန့်သွားသကဲ့သို့ ငြိမ်သက်သွားသည်။
“ဟမ့် ဘယ်သူကများမြေအောက်တံခါးကို စိတ်အလိုရှိတိုင်းဖွင့်ဝံ့ရတာလဲ"
ဩဇာအာဏာပြည့်ဝသော ထိုအသံနှင့်အတူ ခန့်ညားချောမောသော အမျိုးသားတစ်ဦး အကြီးအကဲဝတ်စုံကိုဝတ်ဆင်ကာ တရားသူကြီးစုတ်တံတစ်ချောင်းကို ကိုင်ဆောင်ပြီး မြေအောက်တံခါးထဲမှ လျှောက်ထွက်လာ၏။
သို့သော် ရှောင်အန်းလဲ့ကို သူမြင်လိုက်ရသည့် တခဏတွင် တောင့်ခဲသွားပြီးနောက် ချက်ချင်းလှည့်ထွက်ကာ မြေအောက်တံခါးထဲသို့ ပြန်ဝင်ပြီး ပျောက်ကွယ်သွားတော့သည်။
ရှောင်အန်းလဲ့ : “ဟဲ့အကောင် ပြန်လာခဲ့စမ်း၊ ငါအောက်ဆင်းလာပြီး နင့်ပါးကို ရိုက်ရအောင်မလုပ်နဲ့နော်"
26
တရားသူကြီးကျုံးမှာ မြေအောက်အရာရှိဝတ်စုံကို ဝတ်ထားပြီး တရားသူကြီးစုတ်တံကို ကိုင်လျက် ရှောင်အန်းလဲ့ထံ လှည့်ကြည့်ကာရှက်ရွံ့ဟန်ဖြင့် ပြုံးပြလိုက်သည်။
“အို ဆရာသခင်အကြီးအကဲပါလား၊ ဘယ်လိုလုပ် ဒီရောက်နေတာလဲဗျ"
ရှောင်အန်းလဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထေ့ငေါ့လိုက်၏။
“နင် ငါ့ကို မှတ်မိသေးလို့တော်သေးတာပေါ့၊ ငါ နင့်ကို မမေးရသေးဘူး၊ နင် ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ၊ ပြီးတော့ တရားသူကြီး အလုပ်တောင် ရထားတယ်ပေါ့လေ ဟုတ်လှချည်လားဟ၊ အော် ငါ မှတ်မိပြီ နင်က လွန်ခဲ့တဲ့ နှစ် ၅၀၀ကတည်းက သေသွားပြီလေ၊ အခုထိ လူပြန်မဝင်စားရသေးဘူးလို့တော့မပြောနဲ့နော်"
တရားသူကြီးကျုံး ရှောင်အန်းလဲ့ကိုကြည့်ကာ အနည်းငယ်မလုံမလဲဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။
“အကြီးအကဲ မယုံရင်လည်းရပါတယ်၊ ကျွန်တော့်မိသားစုမှာ ကျုံးလို့ခေါ်တဲ့ ဘိုးဘေးတစ်ယောက် ရှိတယ်လေ၊ သူကတော်တော် နာမည်ကြီးပြီး နတ်ဘုရားအဆင့်ထိတောင် ရောက်ထားတာ၊ တိုက်တိုက်ဆိုင်ဆိုင်ကျွန်တော် မြေအောက်လောက ရောက်သွားတော့ သူက ကျွန်တော့်ကို သူ့မျိုးဆက်မှန်း သိပြီး ကျင့်ကြံမှုလည်း ရှိနေတော့ မြေအောက်တရားသူကြီး အလုပ်ရအောင် ကူညီပေးခဲ့တာ၊ ကျွန်တော် ဒီအလုပ်လုပ်နေတာ နှစ် ၅၀၀တောင် ရှိနေပြီ၊ အကြီးအကဲကို ဒီမှာ ပြန်တွေ့ရမယ်လို့ ထင်မထားမိဘူး၊ အဟမ်းအကြီးအကဲက တရားစီရင်ခံဖို့လာတာလား"
ရှောင်အန်းလဲ့ နှုတ်ခမ်းတွန့်သွားပြီး စိတ်ထဲတွင် ခေတ္တမျှရုန်းကန်ပြီးနောက် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်၏။
“ငါအခု ဒီခန္ဓာကိုယ်ထဲဝင်နေရတဲ့ အခြေအနေ ရောက်သွားတယ်၊ ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်ဝိညာဉ်ဘယ်ရောက်သွားလဲ သိချင်လို့၊ နင်က မြေအောက်တရားသူကြီးဆိုတော့ ကူညီပြီးစုံစမ်းပေးလို့ရမလား"
ထိုစကားကြောင့် တရားသူကြီးကျုံး၏ မျက်နှာမဲ့သွားလေတော့သည်။
‘သူက လူတိုင်းကို လိုက်စုံစမ်းပေးလို့မရဘူးလေ’
“အကြီးအကဲ ဒါက ကျွန်တော် စုံစမ်းပေးလို့မရဘူးဗျ"
ရှောင်အန်းလဲ့ : “အသုံးမကျလိုက်တာ၊ ဒါဆို နင်က ဒီကိုဘာလာလုပ်တာလဲ"
တရားသူကြီးကျုံး : “တစ်ယောက်ယောက်က မြေအောက်တံခါး ခွင့်ပြုမိန့်မရှိပဲ ဖွင့်လိုက်တာမြင်လို့ လာကြည့်တာပါ၊ ဖွင့်တဲ့သူက အကြီးအကဲဖြစ်နေတော့ မသိချင်ယောင်ဆောင် ပေးလိုက်ပါ့မယ်၊ ဒါပေမဲ့ အကြီးအကဲ သတိထားဖို့က မြေအောက်တံခါးကို အမွှေးတိုင်တစ်တစ်ဝက်စာထက် ပိုမဖွင့်ထားမိစေနဲ့၊ ပြီးတော့ သရဲလေးတွေ ထွက်မပြေးစေနဲ့နော်"
ရှောင်အန်းလဲ့လည်း မြေအောက်တံခါးကို မဖြစ်မနေမှလွဲ၍ အကြိမ်တိုင်းဖွင့်ရန် စိတ်ကူးမရှိပေ။
“ဒါနဲ့ ငါဒီမှာ ‘ဘဝသစ်ဆိုင်’ ဆိုတဲ့ ဆိုင်တစ်ဆိုင်ဖွင့်မလို့၊ ပြီးရင် အဲဒီမှာ လူပြန်ဝင်စားတဲ့ ဘဝသစ်တံခါးတစ်ခု မန္တန်အစီအရင်နဲ့ ဖန်တီးဖို့ စိတ်ကူးထားတယ်၊ နောက်ကျ ငါဝိညာဉ်တွေကို လူဝင်စားဖို့ ပို့တဲ့အခါ အဲဒီတံခါးကနေ တန်းဝင်သွားလို့ရတယ်မလား"
တရားသူကြီးကျုံး ထိုစကားကိုကြားသောအခါ ချက်ချင်း ခေါင်းငြိမ့်လိုက်၏။
“ရတာပေါ့ ၊ ဒါဆို ကျွန်တော်က သရဲလေးတစ်ကောင်ကို ဘဝသစ်တံခါး စောင့်ဖို့ လွှတ်ပေးလိုက်မယ်၊ အဲ့တံခါးစောင့်က အကြီးအကဲပို့လိုက်တဲ့ ဝိညာဉ်တွေကို မြေအောက်လောကဆီ တန်းရောက်အောင် လမ်းပြပေးလိမ့်မယ်"
ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်ပြီး လက်မလျှော့သေးဘဲ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
“ဒီခန္ဓာကိုယ်ရဲ့ အသက်ကို ဘယ်သူ ငှားသွားလဲဆိုတာ နင် တကယ် ရှာမတွေနိုင်ဘူးလား၊ နင့်ဆီမှာ သေရေးရှင်ရေး စာအုပ်ရှိတယ် မဟုတ်လား၊ တစ်ချက်လောက် ကြည့်လိုက်တာနဲ့သိမှာပဲလေ"
တရားသူကြီးကျုံး : “အကြီးအကဲ သေရေးရှင်ရေးစာအုပ်က ငရဲမင်းကြီးဆီမှာလေ၊ ကျွန်တော်က တရားသူကြီးဆိုပေမဲ့ သဘောရှိတိုင်း ဖွင့်ကြည့်လို့မရဘူး၊ ပြီးတော့ အကြီးအကဲပဲ မသိတာလား၊ ကျွန်တော် မြင်ရသလောက်တော့ အခု အကြီးအကဲရဲ့ ခန္ဓာကိုယ်က အကြီးအကဲရဲ့ ခန္ဓာကိုယ်အစစ်ပါပဲ၊ အကြီးအကဲ ဟိုးတုန်းက ကိုယ်ပွားတွေ ဖန်တီးပြီး ဘုံအသီးသီးကို လွှတ်ခဲ့တယ် မဟုတ်လား၊ ဒီခန္ဓာကိုယ်က အကြီးအကဲရဲ့ ကိုယ်ပွားတစ်ခုများဖြစ်နေမလား"
တရားသူကြီးကျုံးပြောနေရင်း စိတ်ထဲတွင် တွေးလိုက်မိ၏။
‘အကြီးအကဲက ကျင့်ကြံတာကြာလွန်းလို့ မှတ်ဉာဏ်တွေ ရှုပ်ထွေးသွားတာများလား’
ရှောင်အန်းလဲ့ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ မည်သည်အားတွေးနေသည်ကို သိလိုက်သည်။
“ငါကို သူငယ်ပြန်နေတယ်လို့ နင်ထင်နေတာလား၊ သေချာနားထောင် ဒီခန္ဓာကိုယ်က ငါ့ကိုယ်ပွားဖြစ်နေရင်တောင် အရင်မှတ်ဉာဏ်တွေရှိနေသင့်တယ်လေ၊ ဝိညာဉ်လည်းမရှိ မှတ်ဉာဏ်လည်း မရှိဘူးဆိုတော့ တစ်ယောက်ယောက်က တစ်ခုခုလုပ်ထားတာ သေချာတယ်၊ ထားလိုက်ပါတော့ နင့်ကို မေးနေတာ အလကားပဲ၊ သွားတော့ ငါ့ဘာသာပဲ ရှာလိုက်မယ်"
တရားသူကြီးကျုံး သက်ပြင်းချလိုက်ပြီး မြေအောက်တံခါးကိုပိတ်ကာ အမြန် လစ်ပြေးသွားတော့သည်။ သူထွက်သွားသည်နှင့် အချိန်ပြန်လည် လည်ပတ်လာပြီး သခင်လေးကျိုး နောက်တစ်စက္ကန့်တွင် ဝိညာဉ်နှင့်ခန္ဓာ ပေါင်းစည်းသွားကာ မျက်လုံးများ ပွင့်လာ၏။ ရှောင်အန်းလဲ့ လီလန်ဟွာနှင့် သူမသားကို စက္ကူရုပ်လေးများထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ သခင်လေးကျိုး မျက်လုံးပွင့်လာသည်နှင့် ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းရန် ကြိုးစားလိုက်သည်။
“အား ခြေထောက်တွေ ကျဉ်တယ် ကျဉ်တယ် ကျဉ်တယ်”
မင်းသမီးကြီး သားဖြစ်သူထလာသည်ကို မြင်သောအခါ အမြန်သွား၍ တွဲကူပေးလိုက်သည်။
“အခုမှ နိုးလာတာ ဘာလို့ ကုတင်ပေါ်က ဆင်းတာလဲ၊ ကုတင်ပေါ်မှာ ခဏလောက် လှဲနေရတာ အဆင်မပြေဖြစ်လို့လား"
သို့သော် အထင်အမြင်လွဲမှားစွာ သခင်လေးကျိုး သူမစကားကို ကြားသည်နှင့် ချက်ချင်း တက်ကြွလာ၏။
“အမေ ကျွန်တော် ပြောပြမယ်၊ စောစောက ကျွန်တော် အိပ်မက်တစ်ခု မက်တယ်ဗျာ၊ လုံးဝကို တကယ့်အစစ်အတိုင်းပဲ၊ ကျွန်တော့်ဝိညာဉ်ကို သရဲတစ်ကောင်က ဖမ်းခေါ်သွားတယ်ဆိုပြီး မက်တာ၊ ပြီးတော့ သရဲမလှလှလေးတစ်ယောက် လာကယ်သွားတာ၊ နှမြောစရာကောင်းတာက အဲဒီသရဲမမှာ ကလေးပါနေလို့၊ မဟုတ်ရင် အသက်ကယ်တဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် သရဲမကျဲကျဲဆီမှာ ပုံအပ်လိုက်မိမှာ”
မင်းသမီးကြီးမှာ သူ့ခေါင်းကိုမညာမတာ ရိုက်ချလိုက်၏။
“ဘာတွေ ပေါက်ကရပြောနေတာလဲ၊ ကျေးဇူးတင်ချင်ရင် သခင်မလေးရှောင်ကို ကျေးဇူးတင်ချေ၊ သူမက သရဲတစ်ကောင်လွှတ်ပြီး မင်းကိုကယ်ခိုင်းလိုက်တာ"
သခင်လေးကျိုး ရှောင်အန်းလဲ့အကြောင်း ကြားလိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွားရသည်။ တောက်ပသော မျက်လုံးများဖြင့် သူ့ဘေးနားတွင် ရပ်နေသော ရှောင်အန်းလဲ့ကိုကြည့်ပြီး လေးစားအားကျစွာ ပြောလိုက်သည်။
“သခင်မလေးရှောင် မင်းက တကယ် စွမ်းတာပဲ”
ထို့နောက် ရှောင်အန်းလဲ့ဘေးရှိ ရှောင်ချန်းလင်းကို ကြည့်လိုက်၏။
“ရှောင်အာ့ မင်းမှာ ဒီလောက်စွမ်းတဲ့ ညီမလေးရှိမယ်လို့ ထင်မထားမိဘူး၊ မင်းညီမလေးက အခု ငါ့ညီမလေးပဲ"
ရှောင်ချန်းလင်း ပြောစရာစကားမဲ့သွားသည်။
‘ဒီကောင် သူ့ညီမကို လုချင်နေတာလား’
ချန်အန်းမင်းသမီးကြီးမှာ ရှောင်အန်းလဲ့ကိုကြည့်ပြီး မေးလိုက်သည်။
“ငါ့သား အခု အဆင်ပြေသွားပြီလား၊ သူ့ကို ဘယ်သူက ဒုက္ခပေးချင်တာလဲဆိုတာ ရှာပေးလို့ရမလား"
ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်၏။
“သူ အဆင်ပြေသွားပါပြီ၊ ခဏနေရင် ကျွန်မ အဲဒီသရဲကို ဘယ်သူခိုင်းတာလဲဆိုတာ စစ်ဆေးလိုက်ပါ့မယ်၊ ပြီးတော့ ပြန်ရောက်ရင် သခင်လေးကျိုး ကိုယ်နဲ့မကွာ ဆောင်ထားဖို့ ကာကွယ်ရေး ကျောက်စိမ်းပြားတစ်ခု စီစဉ်ပေးလိုက်မယ်၊ ဒါဆိုရင် ပြဿနာ သိပ်မရှိလောက်တော့ဘူး၊ ဒါပေမယ့် တစ်ဖက်လူက သခင်လေးကို အကြောင်းမဲ့ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ထင်တာပဲ၊ အမွေခံသခင်လေးကို တိုက်ခိုက်နိုင်တဲ့သူဆိုတော့ ရှုပ်ထွေးတဲ့ အကျိုးစီးပွားတစ်ခုခုနဲ့ ပါဝင်ပတ်သက်နေမှာ သေချာတယ်၊ ဒီကိစ္စကိုတော့ မင်းသမီးကြီး ကိုယ်တိုင် သေချာစုံစမ်းရလိမ့်မယ်"
ဤအကြောင်း ပြောလိုက်သည်နှင့် သခင်လေးကျိုး ချက်ချင်း တက်ကြွလာသည်။
“အမေ တကယ်ပဲ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒုက္ခပေးချင်နေတာ၊ ဒီနေ့ ဟုန်ကွေ့လက်ဖက်ရည်ဆိုင်သွားတာ သေချာမမြင်လိုက်ပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်ရင်ခွင်ထဲ တမင်တကာဝင်တိုး ပြီးတော့ ဓားတစ်ချောင်းနဲ့ ကျွန်တော့်နှလုံးတည့်တည့်ကိုထိုးလိုက်တာ၊ အမေကြည့် ဒီနေရာမှာ"
မင်းသမီးကြီးကြည့်လိုက်ရာ သူ့သား၏ အဝတ်အစားပေါ်တွင် စုတ်ပြဲရာတစ်ခု တကယ်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲထိတ်ခနဲဖြစ်သွား၏။
“သား အဆင်ပြေရဲ့လား"
သခင်လေးကျိုး ခေါင်းခါလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်၊ ညီမလေးရှောင်ပေးထားတဲ့ ကျောက်စိမ်းပြားကြောင့် ကြီးကြီးမားမား မဖြစ်သွားတာလို့ ပြောရမယ်၊ ဒီနေ့ အဲဒီအဆောင်က ကျွန်တော့်အသက်ကိို ကာကွယ်ပေးလိုက်တာပဲ၊ ပထမတစ်ယောက်ရဲ့ ကြိုးစားမှုက မအောင်မြင်တာတွေ့တော့ နောက်တစ်ယောက်က ကျွန်တော့်ကို ထပ်သတ်ဖို့ ကြိုးစားပြန်ရော၊ အဲ့အချိန်ကျောက်စိမ်းပြားက ထပ်ကာကွယ်ပေးလိုက်လို့ ကွဲသွားတာ၊ မဟုတ်ရင် အဲဒီဓားက ကျွန်တော့်နှလုံးကိုတန်းဝင်သွားမှာ"
ရှောင်အန်းလဲ့ မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
“ကျွန်မ အကြံပေးချင်တာက အခုရက်ပိုင်း အပြင်ထွက်ရင် သခင်လေးအနေနဲ့ ရင်အုပ်ကာကွယ်တဲ့ သံချပ်ကာဝတ်ထားရင် ပိုစိတ်ချရမယ်ထင်တယ်"
သူမ ထိုသို့ပြောလိုက်သည်နှင့် သခင်လေးကျိုး ချက်ချင်းခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောတူလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်၊ အမေနောက်ကျရင် ကျွန်တော့်အတွက် တစ်ခုလောက် ရှာပေးပါဦး၊ ဒါပေမယ့် ညီမလေးရေ ညီမလေးဆီက ကျောက်စိမ်းပြားတစ်ခုလည်း လိုချင်သေးတယ်၊ မဟုတ်ဘူး သုံးခု လုပ်ပေး၊ တစ်ခုကို ရင်ဘတ်မှာထားမယ် ၊ တစ်ခုကို ခါးမှာချိတ်မယ် ၊ နောက်တစ်ခုကို ခေါင်းပေါ်က ကျောက်စိမ်းသရဖူထဲမြှုပ်ထားမယ်၊ အဲဒီကျရင် ဘယ်မကောင်းဆိုးဝါးက ဒီသခင်လေးကို လာကပ်ရဲဦးမလဲ ကြည့်ရသေးတာပေါ့"
’ဘုရားရေ ရှင့်သွားတွေပေါ်မှာပါ တစ်ခုလောက် တပ်ထားလိုက်ပါလား’
“ရှင် ပျော်သလိုသာလုပ်ပါ၊ ကျွန်မရဲ့ ကျောက်စိမ်းပြား အရည်အသွေးက သိပ်ကောင်းတဲ့ထဲတော့ မပါပါဘူး၊ မင်းသမီးကြီးဆီမှာ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းပြားတွေရှိရင် ကျွန်မ နေရာတင်ထွင်းပေးလို့ ရပါတယ် ၊ ဈေးနှုန်းကတော့ အတူတူပါပဲ”
မင်းသမီးကြီး : “ဘယ်လောက်လဲ"
သခင်လေးကျိုး : “ကျွန်တော် သိတယ်၊ တေးနှစ်ရာပဲရှိတာ အမေ၊ အဲဒီတုန်းကတော့ ဈေးကြီးတယ်ထင်ခဲ့တာ၊ ဒါပေမယ့် အဲဒါက ကျွန်တော့်အသက်ကို ကယ်လိုက်တာလေ၊ အမေ ငါးခုဝယ်လိုက်၊ ကျွန်တော့်အတွက် သုံးခု ၊ အမေနဲ့ အဖေအတွက် တစ်ခုစီ”
မင်းသမီးကြီး သူမသား၏တက်ကြွလွန်းသော အသံကြောင့် ခေတ္တမျှတန့်သွားပြီး ကြင်နာစွာပြုံးလိုက်၏။
“နင့်အဖေလူအိုကြီးက မလိုပါဘူး ၊ ငါ့အတွက် တစ်ခု၊ နင့်အတွက် သုံးခုဆိုရပြီ"
မင်းသမီးကြီးပြောရင်း ဘေးနားရှိ အထိန်းတော်ကြီးကို ကြည့်လိုက်ရာ အထိန်းတော်ကြီးမှ ပြင်ဆင်ရန် အပြင်သို့ ချက်ချင်း ထွက်သွားလေသည်။ ထိုအချိန်တွင် မင်းသမီးကြီး ယခင်က စေခိုင်းလိုက်သောသူ ပြန်ရောက်လာ၏။
“မင်းသမီးကြီးကို တင်ပြပါရစေ ၊ စုန့်မိသားစုဝိုင်ဆိုင်က လူအကုန်လုံးကို ဖမ်းဆီးထားပြီးပါပြီ ၊ မင်းသမီးကြီးရဲ့ အမိန့်ကို စောင့်နေပါတယ်"
ထိုသတင်းကြားသည်နှင့် ရှောင်အန်းလဲ့၏အင်္ကျီလက်ကြားမှ စက္ကူရုပ်လေး ပျံထွက်လာသည်။
“သူတို့ကို သေခိုင်းလိုက်၊ စုန့်မိသားစုက လူအကုန်လုံးကို သေစေချင်တယ်"
ရှောင်အန်းလဲ့ လေထဲသို့ပျံတက်သွားသော စက္ကူရုပ်လေးကို လှမ်းဖမ်းပြီး လက်ထဲသို့ ပြန်ယူလိုက်၏။
“ငါ ပြောပြီးပြီလေ၊ အကြောင်းတရားတိုင်းမှာ အကျိုးတရားရှိပြီး အကြွေးတိုင်းမှာ ဝဋ်ရှိတယ်လို့၊ စုန့်သခင်ကြီးတစ်ယောက်တည်းပဲ နင့်ကိုသတ်ခဲ့တာ၊ ဒါကြောင့် သူတစ်ယောက်တည်းသေရင် လုံလောက်ပြီ"
“မလုံလောက်ဘူး၊ လုံးဝ မလုံလောက်ဘူး၊ အဲ့ဒီ အကြီးဆုံးစုန့်သခင်လေးက သခင်ကြီး ကျွန်မကိုနှိပ်စက်နေတာ သိသိကြီးနဲ့ မကြားချင်ယောင်ဆောင် မမြင်ချင်ယောင်ဆောင်နေခဲ့တာ၊ သခင်ကြီးက ကျွန်မကို သူ့ဆီလာခိုင်းတော့ ဘာဖြစ်မယ်ဆိုတာ သူကောင်းကောင်း သိတယ်၊ ကျွန်မ, မသွားချင်ပေမဲ့ သူက ခွင့်မပြုဘူး၊ အတင်းသွားခိုင်းတယ်၊ ဒုတိယ စုန့်သခင်လေးဆိုရင်လည်း ကျွန်မကို ကျောက်ဆောင်တွေကြားမှာ ပိတ်ပြီး အနိုင်ကျင့်ဖူးတယ်၊ စုန့်သခင်မကြီးကလည်း လူခေါ်ပြီး ကျွန်မကို ကိုယ်ဝန်ဖျက်ဆေးရည် အတင်းတိုက်ဖူးတယ်၊ အဲ့တုန်းက သူတို့ထွက်သွားတာနဲ့ ကျွန်မအမြန်အန်ထုတ်ပစ်လိုက်တာ၊ နောက်မှ အဲဒါကကိုယ်ဝန်ဖျက်ဆေးမှန်းသိရတာ၊ အစကကြောက်ပြီး အဆိပ်လို့ ထင်နေတာလေ၊ ကိုယ်ဝန်ဖျက်ဆေးရည်မှန်းသာသိရင် ကျွန်မအန်ထုတ်ခဲ့မှာမဟုတ်ဘူး၊ ဒါဆိုရင် ကျွန်မကလေးလည်း ကျွန်မနဲ့အတူ ဒုက္ခခံရမှာ မဟုတ်ဘူး၊ စုန့်မိသားစုမှာ လူကောင်းတစ်ယောက်မှ မရှိဘူး အကုန် သေသင့်တယ်"
ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်လိုက်၏။ လီလန်ဟွာ ခန္ဓာကိုယ်နှင့် သူမ၏သရဲကလေးဆီမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပျံ့လွင့်လာသည်။