အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
27
ထိုအချိန်တွင် သခင်လေးကျိုးမှသတင်းပို့သူအားပြောလိုက်သည်။
“အဲ့ဒီစုန့်မိသားစု ဝိုင်ဆိုင်က ဝိုင်တွေကြောင့် ငါ သေလုနီးပါး ဖြစ်ခဲ့တာလေ၊ ဒီအမွေခံသခင်လေးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတာဆိုတော့ အကုန် သေသင့်တာပေါ့”
ရှောင်အန်းလဲ့ သူ့ကိုအံ့အားသင့်စွာ ကြည့်လိုက်သည်။
“ရှင်က လီလန်ဟွာပြောတာကို ကြားရတယ်လား”
အမွေခံသခင်လေးကျိုး ရှောင်အန်းလဲ့ထံပြုံးပြကာ ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ် ကြားရတယ်။”
ချန်အန်းမင်းသမီးကြီးနှင့် ရှောင်ချန်းလင်းတို့မှာ သူတို့ဘာပြောနေကြမှန်း နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြသည်။
“ဘာကြားရတာလဲ”
ကျိုးသခင်လေးမှ “သြော်” ဟု တစ်ချက်ရေရွတ်ပြီး သူ့အမေကိုပြောလိုက်သည်။
“စောစောက ကျွန်တော့်ကို ကယ်ခဲ့တဲ့ အစ်မကြီး စကားပြောနေတာက်ို ကျွန်တော် ကြားနေရတယ်၊ ကျွန်တော်ထင်တာ စုန့်မိသားစုကအရမ်းယုတ်မာလွန်းတယ်၊ တိရစ္ဆာန်မိသားစုပဲ သူတို့အကုန်သေသင့်တယ်”
ရှောင်အန်းလဲ့သည် လီလန်ဟွာ၏ ဖြစ်ရပ်မှန်ကို မင်းသမီးကြီးအားအတိုချုံး ပြောပြလိုက်သည်။ ပြိုင်ဘက်မိသားစု၏ ရေတွင်းထဲသို့ အလောင်းပစ်ချပြီး စီးပွားရေးပျက်စီးစေရန် ရည်ရွယ်ချက်သက်သက်ဖြင့် သူမကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မင်းသမီးကြီးသည် ထိုစကားကိုကြားသောအခါဒေါသထွက်သွား၏။
“လူတွေက ဥစ္စာဓနအတွက်သေကြတယ် ၊ ငှက်တွေက အစာအတွက်သေကြတယ်ဆိုပေမယ့် အကျိုးအမြတ်အတွက်နဲ့ ဒီလောက်တောင်ယုတ်မာရဲကြတာ တကယ်ကို သေသင့်တယ်၊ သားက သဘောထားပျော့လွန်းနေသေးတယ်၊ အမေ့သဘောနဲ့ဆိုရင် သူတို့ရဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးသတ်ပစ်ရမှာ”
ရှောင်အန်းလဲ့ ပါးစပ်အနည်းငယ်တွန့်သွားသည်။ ပြတ်သားလိုက်ပုံများနော် တစ်ကယ်တော့ ဆွေစဉ်မျိုးဆက်ခုနှစ်ဆက်လုံးသေဖို့မလိုပါဘူး။ ကျိုးသခင်လေး မိခင်ဖြစ်သူစိတ်အေးစေရန် ဖျောင်းဖျလိုက်သည်။
“အမေ စိတ်လျှော့ပါဦး၊ ဆွေမျိုးတွေပါအကုန်သတ်ပစ်တာက နည်းနည်းများလွန်းပါတယ်”
သူတို့စကားပြောနေစဉ်မှာပင် အထိန်းတော်ကြီးတစ်ဦးမှာ ကြည်လင်တောက်ပနေသော ကျောက်စိမ်းပြား လေးခုကို ယူဆောင်လာသည်။
“ကျေးဇူးတင်ပါတယ် ရှောင်သခင်မလေး”
ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်သည်။ စုန့်မိသားစုတစ်ခုလုံးကို သတ်ပစ်ရန် အမွေခံသခင်လေးကျိုး အမိန့်ပေးလိုက်သည်ကို ကြားသောအခါ သူမအင်္ကျီလက်ကြားရှိ သားအမိသရဲလည်း ငြိမ်သက်သွားကြသည်။ နောက်ကျလျှင် စုန့်မိသားစုအသတ်ခံရသည့်မြင်ကွင်းအား ထိုးသားအမိကိုခေါ်သွားပြရန်စဉ်းစားလိုက်သည်။ သူတို့၏နာကျည်းမှုအငွေ့အသက်လည်းလျော့ပါးသွားလိမ့်မည်ဟုထင်သည်။
အဲဒီအချိန်ကျ သူတို့ကိုကျွတ်လွတ်အောင် လုပ်ပေးလိုက်ရင် ငါလည်းကုသိုလ်ရသူတို့လည်း ဝဋ်ကျွတ်ပြီပေါ့။
သူမ ကျောက်စိမ်းပြားလေးခုကိုယူပြီး ဘေးနားရှိ စားပွဲတစ်ခုသို့လျှောက်သွားလိုက်သည်။ ခဏကြာသော် သူမသည် ကျောက်စိမ်းပြားတစ်ခုစီ၏ တစ်ဖက်တွင် မကောင်းဆိုးဝါးကာကွယ်ရေးမန္တန် နှင့် အခြားတစ်ဖက်တွင် ငြိမ်းချမ်းရေးမန္တန်တို့ကို ထွင်းထုနေကာမျက်တောင်တစ်ခတ်အတွင်း ပြီးသွားသည်။
“နောက်တစ်ခါတော့ ကိုယ်နဲ့မကွာ ဆောင်ထားဖို့ ကျောက်စိမ်းပြား ထပ်မရှိတော့ဘူးနော်၊ တကယ်တော့ ဒီလောက်အများကြီး တစ်ပြိုင်နက် ဆောင်ထားစရာ မလိုပါဘူး”
ရှောင်ချန်းလင်းသည် မျက်နှာပေါ်တွင် အံ့သြသည့်ဟန် အလွန်အကျွံမပေါ်စေရန် အတတ်နိုင်ဆုံးထိန်းထားလိုက်သည်။ သူ့ညီမလေး ငြိမ်းချမ်းရေးအဆောင်များ ထွင်းထုသည့် အမြန်နှုန်းမှာ အလွန်မြန်လွန်းသည်ဟုခံစားနေရသည်။ သူမလက်ထဲရှိ ထွင်းထုသည့် ဓားမှာ စုတ်တံဖြင့်စာရေးသည်ထက်ပင်ပို၍လွယ်ကူသယောင်ပေါက်နေသည်။
သူ့ညီမလေးပိုက်ဆံရှာရတာ အရမ်းလွယ်လွန်းနေတာမဟုတ်ဘူးလား။ ဝူး ဝူး... သူလည်း အဲ့လိုပိုက်ဆံရှာချင်ပေမယ့် ကံဆိုးတာက သူ့မှာသူ့ညီမလေးလောက်အရည်အချင်းမရှိဘူးလေ။
ကျိုးသခင်လေးသည် ရှောင်အန်းလဲ့ဆီမှကျောက်စိမ်းပြားများကို ယူလိုက်ပြီး တစ်ခုကို ချန်အန်းမင်းသမီးကြီးအား ပေးလိုက်ပြီးတစ်ခုကို ကိုယ်တိုင် သိမ်းထားလိုက်သည်။
ထို့နောက် ဘေးနားရှိ ရှောင်ချန်းလင်းကို တစ်ချက်ကြည့်ပြီး ခေါင်းလွှဲသွားသည်။ ကျန်နှစ်ခုထဲမှ တစ်ခုကို ချန်အန်းမင်းသမီးကြီးအား ပေးလိုက်ပြန်ပြီး တစ်ခုကို ကိုယ်တိုင်သိမ်းထားလိုက်ပြန်၏။ သူအရင်ပြောခဲ့သလို သုံးခုလုံးကိုတော့ ကိုယ်တိုင်မဆောင်ထားတော့ပေ။ မင်းသမီးကြီးသည် သားဖြစ်သူကို စိတ်ပူသဖြင့် သူမရထားသော ကျောက်စိမ်းပြားကိုပါ သားဖြစ်သူအား ပေးလိုက်သည်။
“ရော့ သေချာယူထားပြီး မင်းရဲ့ကျောက်စိမ်းသရဖူမှာ မြှုပ်ထားလိုက်၊ ဘယ်မကောင်းဆိုးဝါးမှ မင်းအနားကပ်ရဲမှာမဟုတ်တော့ဘူး”
ပြောပြီးသည်နှင့် သူမသည် ဘေးနားရှိ အထိန်းတော်ကြီးကို တစ်ချက်ကြည့်လိုက်ရာ အထိန်းတော်ကြီးမှာ ချက်ချင်း သဘောပေါက်ပြီး ရှောင်အန်းလဲ့အား စာအိတ်နီတစ်အိတ် ပေးလိုက်သည်။ ရှောင်အန်းလဲ့သည် စာအိတ်နီကို ဝမ်းသာအားရယူပြီး အင်္ကျီလက်ကြားထဲ ထိုးထည့်လိုက်သည်။
သူမ အားလပ်နေချိန်တွင် အင်္ကျီလက်ကြားထဲ၌ နေရာလွတ်မန္တန်တစ်ခု ကပ်ထားခဲ့သည်။ ထို့ကြောင့် သူမအင်္ကျီလက်ကြားထဲတွင် နှစ်စတုရန်းမီတာခန့် ကျယ်ဝန်းသော နေရာလွတ်တစ်ခုရှိသည်။ ယင်းကို တာအိုဆရာများက လက်ဝထဲမှစကြဝဠာဟု ခေါ်ဝေါ်လေ့ရှိ၏။ သေချာသည်မှာ စွမ်းရည်ကြီးလေလေ ကျင့်ကြံမှုမြင့်လေဖြစ်ပြီး နေရာလွတ်ပိုကျယ်လေဖြစ်သည်။
“ကျေးဇူးတင်ပါတယ် မင်းသမီးကြီး၊ ကျွန်မ ခဏနေရင် အဲဒီသရဲကိုဘယ်သူခိုင်းတာလဲဆိုတာ မေးလိုက်ပါ့မယ်၊ အဖြေရတာနဲ့ ချက်ချင်းအသိပေးမှာပါ”
ချန်အန်းမင်းသမီးကြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောတူလိုက်ပြီး သူမမျက်လုံးများတွင် စူးရှသော အရောင်တစ်ချက် လက်သွားသည်။
“ကောင်းပြီ သတင်းရတာနဲ့ ငါ့ကိုပြောပြပေးပါအုံး၊ ငါ့သားကို ဒုက္ခပေးရဲတဲ့ ဘယ်သူ့ကိုမဆို လုံးဝ ခွင့်မလွှတ်ဘူး။ ကဲ အခုတော့လူငယ်ချင်း စကားပြောကြဦး၊ ငါမီးဖိုချောင်မှာ မင်းတို့အတွက်ပါ ညစာပြင်ခိုင်းလိုက်ဦးမယ်၊ မောင်နှမနှစ်ယောက်လုံး ဒီမှာပဲ ညစာစားသွားကြနော် မတည့်တာ ဘာရှိလဲ”
ရှောင်အန်းလဲ့ ခေါင်းခါလိုက်သည်။ သူမတွင် မတည့်သည့် အစားအစာဟူ၍ မရှိပေ။
“မရှိပါဘူး ကျွန်မ အကုန်စားပါတယ်။”
ရှောင်ချန်းလင်းလည်း အမြန်ဝင်ပြောသည်။
“ဟုတ်ကဲ့ ကျွန်တော်လည်း မရှိပါဘူး။ ဘာမဆို စားပါတယ်”
ချန်အန်းမင်းသမီးကြီးသည် ကြင်နာသော အပြုံးဖြင့် ထွက်ခွာသွားသည်။ အခန်းထဲမှ ထွက်သည်နှင့် သူမအပြုံးများ ပျောက်ကွယ်သွားပြီး အမွေခံသခင်လေးကို ဘယ်သူဒုက္ခပေးနေလဲဆိုသည်ကို ချက်ချင်း စုံစမ်းခိုင်းလိုက်သည်။ ရှောင်အန်းလဲ့သည် မင်းသမီးကြီး ညစာစားရန် ဖိတ်ခေါ်ထားခြင်းမှာ သူမကို အလုပ်မြန်မြန် လုပ်စေချင်၍ ဖြစ်ကြောင်း နားလည်လိုက်သည်။
“သခင်လေးကျိုး ကျွန်မအတွက် အခန်းလွတ်တစ်ခန်းလောက် စီစဉ်ပေးပါဦး၊ ရှင်နဲ့ ကျွန်မရဲ့ ဒုတိယအစ်ကို စကားပြောနေကြဦးလေ၊ ကျွန်မ အဲဒီသရဲကို ဘယ်သူခိုင်းတာလဲဆိုတာ သွားမေးလိုက်ဦးမယ်”
ရှောင်အန်းလဲ့ ထိုသို့ပြောသည်ကိုကြားသော် ကျိုးသခင်လေးသည် လူလွှတ်ပြီး ရှောင်အန်းလဲ့ကို စာကြည့်ခန်းသို့ ခေါ်သွားခိုင်းလိုက်သည်။
“ကျွန်တော့်စာကြည့်ခန်းက သိပ်မသုံးဖြစ်ဘူး၊ အဲဒီကို သွားလိုက်ပါ၊ အဲနေရာကအတိတ်ဆိတ်ဆုံးပဲ”
စာကြည့်ခန်းကိုသိပ်မသုံးဖြစ်ဘူးဆိုတော့တကယ့်ကို တူရာတူရာစုတာပဲ၊ သူမရဲ့ဒုတိယအကိုနဲ့ရင်းနှီးနေတာအံ့ဩစရာမဟုတ်တော့ဘူး။
ရှောင်အန်းလဲ့ စာကြည့်ခန်းသို့ရောက်သောအခါ သူမဖမ်းလာသော သရဲထည့်ထားသည့် စက္ကူရုပ်လေးကိုထုတ်လိုက်သည်။ ထိုသရဲသည် ရှောင်အန်းလဲ့ လွှတ်ပေးလိုက်သည်ကိုမြင်သည်နှင့် ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်တံခါးဝသို့ ရောက်ခါနီးတွင် အနီရောင်ဆီစိမ်စက္ကူထီးအောက်မှ သရဲမတစ်ကောင်က ချက်ချင်းပင်ပိတ်ဆို့ထားလိုက်၏။
ချင်းရှုရန် : “ကောင်လေး ဘာလို့ပြေးနေတာလဲ၊ လူဝင်စားဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေပြီလား”
ရှောင်အန်းလဲ့ ချက်ချင်းပင်အမှန်စကားပြောအဆောင်ကို သူ့အပေါ်ကပ်လိုက်သည်။
“ဘာလို့ ဒီလောက်အလောတကြီးပြေးနေရတာလဲ၊ ကျိုးသခင်လေးကို ဒုက္ခပေးဖို့ ဘယ်သူခိုင်းတာလဲ ပြောစမ်း”
ထိုသရဲမှာ မပြောချင်သော်လည်းအမှန်စကားပြောအဆောင်ကပ်ထားသဖြင့် သူ့ပါးစပ်မှအလိုအလျောက်ပွင့်လာတော့သည်။
“ဝူယန်နယ်စားမင်းရဲ့ ကိုယ်လုပ်တော် ခိုင်းတာပါ၊ အဲဒီမိန်းမက ခင်ဗျားလိုပဲ အတတ်ပညာတချို့တတ်ပေမယ့် ခင်ဗျားလောက်တော့ မစွမ်းဘူး၊ သူက ကျွန်တော့်အတွက် စက္ကူပိုက်ဆံအများကြီးရှို့ပေးမယ်လို့ ကတိပေးတယ်၊ ပြီးတော့ သရဲတမန်ကိုလာဘ်ထိုးပြီး နောက်ဘဝကျရင် ချမ်းသာတဲ့မိသားစုမှာ လူပြန်ဝင်စားရအောင် ကူညီပေးမယ်ပြောလို့ ကျွန်တော်ကူညီပေးတာပါ၊ အရင်တုန်းက ကျိုးသခင်လေးဆီမှာ ငြိမ်းချမ်းရေးအဆောင်ရှိနေလို့ ကာကွယ်ပေးထားနိုင်ခဲ့ပေမယ့် နောက်ပိုင်း လုပ်ကြံတဲ့သူတွေကြောင့် အဆောင်ကွဲသွားတော့မှ ကျွန်တော်အခွင့်အရေးရသွားတာ”
ရှောင်အန်းလဲ့ : “ဒါဆိုနင်တစ်ယောက်တည်းမဟုတ်ဘူးပဲ ဆိုလိုတာက နင့်အပြင် နောက်ထပ်လူရှိသေးတယ်ဆိုတဲ့ သဘောလား”
ထိုသရဲ ချက်ချင်းရှင်းပြသည်။
“အဲဒီလူတွေက ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး၊ သူတို့လုပ်တာကို ကျွန်တော်ခေါင်းမခံနိုင်ဘူးနော်”
“ကောင်းပြီ ဝူယန်နယ်စားမင်းရဲ့ ကိုယ်လုပ်တော်နေတဲ့လိပ်စာပေး၊ ပြီးတော့ သူလာဘ်ထိုးတဲ့သရဲတမန်က ဘယ်သူလဲဆိုတာ နင်သိလား၊ နင် အဲဒီသရဲတမန်နဲ့ တွေ့ဖူးလား”
“တွေ့ဖူးပါတယ်၊ အဲဒီသရဲတမန်က ကျွန်တော့်ကိုကိုယ်တိုင် ကတိပေးခဲ့တာပါ၊ မဟုတ်ရင် ကျွန်တော်လည်း နဂါးစွမ်းအင်အကာအကွယ်ရှိတဲ့ အမွေခံသခင်လေးကို ဒုက္ခပေးရဲမှာမဟုတ်ပါဘူး”
ရှောင်အန်းလဲ့ : အမယ်လေး နဂါးစွမ်းအင်တဲ့လား။ တော်ဝင်မိသားစုရဲ့ ရေချိန်ကတော်တော်နက်တာပဲ။
“ကောင်းပြီ ငါ နားလည်ပြီ၊ နင်က နောက်ဘဝကျရင် ကောင်းကောင်းမွန်မွန် လူပြန်ဝင်စားချင်ရုံသက်သက်ဆိုရင် နည်းလမ်းကောင်းတစ်ခုပြောပြမယ်၊ နင့်အပြစ်ကို နင်ပြန်ပေးဆပ်လိုက်”
ထိုသရဲက ရှောင်အန်းလဲ့ဘာကိုဆိုလိုမှန်း နားမလည်ပေ။ နောက်တစ်စက္ကန့်တွင် ရှောင်အန်းလဲ့မှ မရဏတံခါးကို ဖွင့်လိုက်သည်အား တွေ့လိုက်ရသည်။ ထို့နောက် သူမမှာ မညှာမတာဖြင့်သူ့ကို ကန်ထည့်လိုက်၏။
“အောက်ဆင်းသွားပြီးတရားသူကြီးကျုံးကို သွားရှာလိုက်၊ နင်သိတာတွေ အကုန်ပြောပြလိုက်ရင် သူကနင့်ကို ကောင်းမွန်တဲ့မိသားစုမှာ လူဝင်စားအောင် စီစဉ်ပေးလိမ့်မယ်၊ အော် နေဦး လိပ်စာပြောသွားဦးဟဲ့”
ထိုသရဲမျက်လုံးပြူးသွားပြီးတွေးနေသည်မှာ တကယ်ပဲ ဒီလောက်ရိုးရှင်းတာလားဟုပင်။ သို့သော်သူထွက်မသွားခင် ရှောင်အန်းလဲ့ကို လိပ်စာပြောပြခဲ့သည်။ ရှောင်အန်းလဲ့ စာကြည့်ခန်းမှ ထွက်လာသောအခါ မင်းသမီးကြီးသည် ညစာပြင်ဆင်ခိုင်းပြီးပြီ ဖြစ်သည်။ သူမထွက်လာသည်ကို မြင်သော် ရင်းရင်းနှီးနှီးလက်ယပ်ခေါ်လိုက်သည်။
“ရောက်လာတာအတော်ပဲ၊ မိန်းကလေးကိုပေးစရာ လက်ဝတ်ရတနာတစ်စုံရှိသေးတယ်၊ လာ ဒီမင်းသမီးခြံဝင်းကို သွားပြီးရွေးကြရအောင်”
ရှောင်အန်းလဲ့ : လာပြန်ပြီ လာပြန်ပြီ။ တော်ဝင်မိသားစုဆိုတာ ဒါမျိုးပဲ။ လေကတော့ကြွယ်နေတာပဲဟေ့။
ချန်အန်းမင်းသမီးကြီးနောက်သို့ လိုက်ပါသွားပြီး ခြံဝင်းထဲရောက်သောအခါ မင်းသမီးကြီးသည် တကယ်ပင် ရက်ရက်ရောရောဖြင့် ရွှေပန်းထိုး ခေါင်းအဆင်တန်ဆာတစ်စုံလုံးကို သူမအတွက် ရွေးပေးလိုက်သည်။ အပိုင်းအစ ၅၀/၆၀ လောက် ပါဝင်သော ခေါင်းအဆင်တန်ဆာအစုံလိုက်ကြီးကိုကြည့်ပြီး ရှောင်အန်းလဲ့ပြောစရာစကားမဲ့သွား၏။
ဒါတွေအကုန်လုံးကိုမှ တစ်စုံလို့ခေါ်တာကိုး။ သူမကတော့ လက်ဝတ်ရတနာ တစ်စုံဆိုလျှင် ဆံထိုးတစ်ချောင်း၊ နားကပ်တစ်ရံ၊ လည်ဆွဲတစ်ကုံး၊ လက်ကောက်တစ်ကွင်း ထို(၄)မျိုးသာရှိမည်ဟုထင်ထားခဲ့သည်။ ချမ်းသာတဲ့သူတွေရဲ့ဘဝကို အခုမှပဲမျက်မြင်တွေ့တော့တယ်။
“မင်းသမီးကြီး ဒါတွေကို ကျွန်မလက်မခံနိုင်ပါဘူး၊ အရမ်းတန်ဖိုးကြီးလွန်းပါတယ်”
မင်းသမီးကြီး သူမကိုကြင်နာသော အပြုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ရပါတယ် ရပါတယ်၊ ဒါတွေကမင်းအတွက်သာမာန်ဖြစ်သလို ငါ့အတွက်လည်းသာမာန်ပစ္စည်းတွေပါပဲ၊ ငါ့သားရဲ့ဘေးကင်းမှုလောက် တန်ဖိုးမကြီးပါဘူး”
ရှောင်အန်းလဲ့ သူမဘာသိချင်နေလဲဆိုတာ နားလည်လိုက်သည်။ ထို့ကြောင့်သူမသည် သရဲပြောပြခဲ့သည်များကို ပြန်ပြောပြလိုက်ရာ အခန်းတွင်းရှိ လေထုမှာ သိသိသာသာအေးစက်သွား၏။ မင်းသမီးကြီး၏ မျက်နှာပေါ်မှ ကြင်နာသောအပြုံးများ ပျောက်ကွယ်သွားပြီး ဖျော့တော့သောအပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ဒါဆို အဲဒီကိုယ်လုပ်တော်ရဲ့ နေရပ်လိပ်စာကိုသိလား”
ရှောင်အန်းလဲ့သည် စာကြည့်ခန်းတွင် ရေးမှတ်လာခဲ့သော လိပ်စာကိုထုတ်ယူပြီး ဘေးနားရှိ အထိန်းတော်ကြီးအား ပေးလိုက်လေသည်။
28
အထိန်းတော်ကြီး စာရွက်တစ်ရွက်ကို ချန်အန်းမင်းသမီးကြီးအား ကမ်းပေးလိုက်ရာ မင်းသမီးကြီး တစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်ပြသည်။ ရှောင်အန်းလဲ့ စေတနာဖြင့် သတိပေးလိုက်သေး၏။
“မင်းသမီးကြီးကို သတိပေးစရာလေးရှိလို့ပါ၊ အဲဒီသရဲပြောတာက ကိုယ်လုပ်တော်က နည်းလမ်းမမှန်တဲ့ အတတ်ပညာတချို့ တတ်ထားတယ်တဲ့၊ ခန့်မှန်းရသလောက် အောက်လမ်းအတတ်ပညာဖြစ်မယ်ထင်တယ်၊ သူ့ကို ဖြေရှင်းမယ်ဆိုရင် အဲဒီအချက်ကို သတိထားဖ်ို့မမေ့ပါနဲ့"
ပြောပြီးသည်နှင့် သူမစကားကို ခေတ္တရပ်လိုက်သည်။
‘ချန်းအန်းမင်းသမီး ဒီကိစ္စ သူမကိုဖြေရှင်းခိုင်းရင်ကောင်းမယ်ဆိုပေမဲ့ အကူအညီမတောင်းတော့ သူ့ဖြေရှင်းနည်း ဖြေရှင်းဟန်ရှိမှာပေါ့’
မင်းသမီးကြီး ခေါင်းငြိမ့်လိုက်ပြီး သူမမျက်နှာပေါ်ရှိအပြုံးများ ပျောက်ကွယ်သွားကာ အေးစက်စက်အပြုံးတစ်ခု အစားထိုးဝင်ရောက်လာ၏။
“ကောင်းပြီ ငါ နားလည်ပြီ၊ တကယ်လို့ ကိုင်တွယ်ရခက်ခဲလာရင် လူလွှတ်ပြီး မိန်းကလေးကို ဖိတ်လိုက်ပါ့မယ်၊ ဒီကိစ္စအကြောင်း သခင်လေးကျိုးကို ဘာမှပြောဖို့ မလိုပါဘူး၊ အလကားသက်သက် အဲ့ကလေး စိတ်ပူနေမှာဆိုးလို့ပါ"
ချန်းအန်းမင်းသမီး၏ မိခင်မေတ္တာကြောင့် ရှောင်အန်းလဲ့ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။
‘မိခင်မေတ္တာဆိုတာတကယ်ကြီးမားတာပဲ’
ကံဆိုးသည်မှာ သူမအနေဖြင့် မိခင်မေတ္တာကိုမခံစားဖူးပေ။ သို့သော် သူမ၌ ဖခင်မေတ္တာတော့ရှိသည်။ ယခုဘဝ၌ သူမဖခင်သည် ယခင်ဘဝမှ ဖခင်နှင့်ပို၍တူလာသည်ဟု ခံစားရသည်။ ထိုသို့တွေးရင်း ဤညအိမ်ပြန်ရောက်လျှင် ဖခင်အတွက် ကာကွယ်ရေး ကျောက်စိမ်းဆွဲပြားတစ်ခု လုပ်ပေးရန် ဆုံးဖြတ်လိုက်၏။
သူမသည် ခံစားချက်ထားတတ်သည့် လူမျိုးမဟုတ်ပေ။ ယခင်ဘဝ၌ သူမသည်ငယ်စဉ်ကတည်းမှ မိဘမေတ္တာမလိုအပ်ခဲ့ဘဲ ‘သံယောဇဉ်ကင်းမဲ့သော တာအိုလမ်းစဉ်’ကို ကျင့်ကြံခဲ့သူဖြစ်၏။ ယခုဘဝမှာတော့ သူမဝင်ရောက်နေသည့် ခန္ဓာကိုယ်မှာ မိခင်အရင်းရှိသော်လည်း သူမအပေါ် သဘောထားမှာ များစွာမကောင်းလှပေ။ သခင်လေးကျိုး၏ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ သူမကိုမြင်သည်နှင့် သူလက်ယပ်ခေါ်လိုက်၏။
“ညီမလေး လာ ထိုင်ပါဦး၊ ညီမလေးက အရင်တုန်းက တောင်ပေါ်မှာတာအိုဆရာကြီးနဲ့အတူ ဂမ္ဘီရပညာတွေ လေ့လာခဲ့တယ်လို့ကြားတယ်၊ ညီမလေးရဲ့ပညာက ခက်လား၊ အစ်ကို့ကိုရော ဘယ်လိုမြင်လဲ"
ချန်အန်းမင်းသမီးကြီးနှင့် ရှောင်အန်းလဲ့တို့အတူတူဝင်လာကြ၍ သူ့စကားကိုကြားသောအခါ မင်းသမီးကြီးမှာ သူ့ကို မျက်စောင်းထိုးလိုက်သည်။
“ပေါက်ကရတွေ မပြောနဲ့”
သခင်လေးကျိုး သူ့မိခင်ကိုမျက်နှာချိုသွေးပြီး ပြုံးပြလိုက်၏။
“အမေ ကျွန်တော် ထင်တာတော့ သခင်မလေးရှောင်နဲ့ လက်ထပ်လို့ရလောက်တယ်၊ စိတ်မပူပါနဲ့ အမေ့ကို မြေးချီရအောင်လုပ်ပေးမယ့်ကိစ္စကို မနှောင့်နှေးစေရပါဘူး၊ ကြည့်လေ သခင်မလေးရှောင်ပြန်ရောက်လာပြီဆိုတော့ လက်မထပ်ဘဲနေပါ့မလား"
သခင်လေးကျိုးပြောရင်းနှင့် မျက်လုံးများအရောင်တောက်လာကာ ရှောင်အန်းလဲ့ကိုကြည့်ပြီး မေးလိုက်သည်။
“အန်းလဲ့ မင်းကိုညီမလေးမလုပ်ခိုင်းတော့ဘူး၊ မင်း ငါ့ကိုဘယ်လိုသဘောရလဲ၊ ငါ့ကိုလက်ထပ်ပြီး ဆက်ခံသူကြင်ယာတော်လုပ်ပါလား"
သူ့စကားကိုကြားသောအခါ မင်းသမီးကြီးသည် ရှောင်အန်းလဲ့ကိုကြည့်လိုက်ပြီး စိတ်ကူးတစ်ခုဝင်လာ၏။ ရှောင်ချန်းလင်းမှာမူ မှင်တက်သွားရသည်။ သူ့ညီမလေးက မြို့စားအိမ်တော်ထဲသို့ လက်ထပ်ဝင်ပြီး မင်းသမီးကြီးကို ယောက္ခမတော်ရမည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ရဲခဲ့ပေ။ အဟမ်း ဤအရာမှာမဖြစ်နိုင်သည်တော့မဟုတ်ဟု ရုတ်တရက်တွေးလိုက်မိသည်။
သို့သော် နှစ်ပေါင်းများစွာ တောင်ပေါ်တွင် ကြီးပျင်းလာသော သူ့ညီမလေးကို စိတ်မကောင်းဖြစ်ဟန်ဖြင့်ကြည့်လိုက်ပြီး သူ့ညီမလေးသည် သခင်လေးကျိုးထက် ချန်းအန်းမင်းသမီးနှင့် အဆင်ပြေနိုင်ပါ့မလားဟု တွေးပူမိပြန်၏။ ရှောင်အန်းလဲ့ ထမင်းစားပွဲတွင်တင့်တယ်စွာဝင်ထိုင်လိုက်ပြီး စားပွဲအပြည့်တည်ခင်းထားသော ဟင်းပွဲကောင်းများကိုကြည့်ကာ ရင်ထဲတွင် ပျော်ရွှင်မှုများ ဝေဆာသွားသည်။ ထို့ကြောင့်သူမအပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်၏။
“သခင်လေးကျိုးနဲ့ ကျွန်မကြားမှာ ဖူးစာပါမလာတဲ့အတွက် အတင်းအကြပ် လုပ်ယူလို့မရပါဘူး၊ ဆက်ခံသူသခင်လေးက ကျွန်မကို ကျေးဇူးဆပ်ချင်ရင် နောက်ကျရင် ရှေ့ဖြစ်ဟော၊ ယတြာ၊ ဖုန်းရွှေ နဲ့ သရဲဖမ်းတဲ့အလုပ်တွေရှိရင် မိတ်ဆက်ပေးဖို့သာမမေ့ပါနဲ့၊ ပြီးတော့ ဆက်ခံသူသခင်လေးကို ကျွန်မဝေစုခွဲပေးပါ့မယ်"
ရှောင်ချန်းလင်း တစ်ယောက် ရုတ်တရက် ပြောစရာစကားမဲ့သွားသည်။ သူ့ညီမလေးပြောသည့် စကားများကို သူကိုယ်တိုင်ရင်းနှီးနေခဲ့၏။
“ပေါက်ကရတွေ သခင်လေးကျိုးက ညီမလေးရဲ့ဝေစု နည်းနည်းလေးကိုဂရုစိုက်ပါ့မလား"
ရှောင်အန်းလဲ့ ခဏစဉ်းစားလိုက်ပြီးမှ သူ့အကိုပြောတာဖြစ်နိုင်သည်ဟုဆိုကာ လက်ခံလိုက်သည်။ ထို့နောက် သူမမျက်နှာပေါ်ရှိအပြုံးမှာ ပို၍တောက်ပလာခဲ့၏။
“ဒါဆိုရင်တော့ ကျွန်မ သခင်လေးကျိုးကို မိတ်ဆွေအဖြစ် သတ်မှတ်လိုက်ပြီ၊ ကျွန်မတို့လို တာအိုပညာလေ့လာသူတွေက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ထုတ်ဖော်တဲ့အတွက် ‘ငါးပါးချို့တဲ့ခြင်းနဲ့ သုံးပါးလျော့နည်းခြင်း’ဆိုတဲ့ဒဏ်ကို ခံရတတ်တယ်၊ အဲ့ဒါကြောင့် အမြဲကုသိုလ်လုပ်ပြီး လူတွေကိုကူညီရတယ်လေ၊ ပြီးတော့ ကျွန်မ ဗေဒင်ဟောတာ အရမ်းမှန်တယ်၊ လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်လက္ခဏာကိုကြည့်လိုက်တာနဲ့ သူတို့ဘဝတစ်လျှောက်လုံး ဘာမကောင်းတာတွေလုပ်ခဲ့လဲ၊ ဘာကောင်းတာတွေလုပ်ခဲ့လဲ ဆိုတာ အကုန်မြင်နိုင်တယ်"
ရှောင်အန်းလဲ့ ထိုစကားကို မင်းသမီးကြီးကြားစေရန် တမင်ပြောလိုက်ခြင်း ဖြစ်သည်။ တော်ဝင်မိသားစုဝင်အများစုမှာ တူညီသောအားနည်းချက်တစ်ခု ရှိသည်။ ၎င်းမှာ သူတို့အတွေးနှင့် ကိုယ်ရေးကိုယ်တာများကို နက်နဲစွာ ဖုန်းကွယ်ထားလိုပြီး လူသိမခံနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်သူမ စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်၏။
“ဒါပေမယ့် မင်းသမီးကြီးလို တော်ဝင်မိသားစုဝင်တွေကျတော့ နဂါးစွမ်းအင် အကာအကွယ်ရှိနေလို့ ကျွန်မသိပ်ဟောလို့မရပါဘူး"
မင်းသမီးကြီး သူမစကားကြောင့် သက်ပြင်းချလိုက်သည်ကို သတိထားမိပြီး ရှောင်အန်းလဲ့ စိတ်ထဲတွင်ပြုံးလိုက်သည်။ မင်းသမီးကြီးမှာ တူကိုဦးစွာ ကိုင်လိုက်ပြီး စတင်လိုက်၏။
“စားကြစို့လေ သခင်လေးကျိုးက မိန်းကလေးကို ညီမလေးအဖြစ် အသိအမှတ်ပြုလိုက်တာ ကောင်းတယ်လို့ ငါထင်တယ်"
မင်းသမီးကြီး၏စကားဖြင့် ကိစ္စရပ်များ ပြေလည်သွားပြီးနောက် ထမင်းစားစဉ် စကားမပြောရဟူသော စည်းကမ်းအတိုင်း တိတ်ဆိတ်စွာစားသောက်ကြသည်။ ထမင်းစားပြီးနောက် သုံးယောက်သား ပန်းကန်လုံးများကိုချလိုက်ကြ၏။ ရှောင်အန်းလဲ့လည်း ပန်းကန်လုံးများကို ချလိုက်သော်ငြား သူမဘေးတွင် ပန်းကန်လုံးသုံးလုံးရှိနေသည်။ လူကောင်ထွားသော ဆက်ခံသူသခင်လေးကျိုးနှင့် ရှောင်ချန်းလင်းတို့သည် တစ်လုံးစီသာစားပြီး ဗိုက်ဝသွားကြ၏။ ရှောင်အန်းလဲ့ဘေးတွင် ဆင့်ထားသော ပန်းကန်လုံးသုံးလုံးကို အံ့အားသင့်ဟန်ဖြင့် သူတို့ကြည့်လိုက်ကြ၏။
“ရှောင်လဲ့ မင်းစားနိုင်လှချည်လား၊ နောက်ကျစားချင်တာရှိရင် အစ်ကို့ကိုပြော၊ ရှောင်အာ့က မင်းရဲ့အစ်ကိုအရင်းဆိုရင် ငါလည်းပဲ မင်းရဲ့အစ်ကိုပဲ"
ရှောင်အန်းလဲ့ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ကဲ့ပါ အစ်ကိုကြီးကျိုး”
မိန်းမပျိုလေး၏ခေါ်သံကြောင့် သခင်လေးကျိုး ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးလိုက်ပြီး သူတို့ပြန်ခါနီးတွင်တာအိုပညာသင်ယူခွင့်ရမရ ထပ်မေးပြန်သည်။ ရှောင်အန်းလဲ့ သူ့တွင်တာအိုပညာနှင့် ပတ်သက်သောပါရမီမရှိကြောင်း ပြတ်ပြတ်သားသားပြောလိုက်မှသာ သူလက်လျှော့သွား၏။ ယခုအချိန်တွင် မိုးချုပ်နေပြီဖြစ်သည်။ ရှောင်အန်းလဲ့ လိုက်ကာကိုလှန်ကြည့်လိုက်ရာ လမ်းပေါ်တွင် လူသူကင်းမဲ့နေသည်ကိုတွေ့လိုက်ရ၏။ သူမနှင့် ရှောင်ချန်းလင်းတို့ လမ်းလျှောက်လာနေစဉ် စားသောက်ဆိုင်တစ်ခုမှ ဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦးထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှောင်အန်းလဲ့မျက်လုံးများ တောက်ပသွား၏။
‘အခုချိန်က သူမကုသိုလ်တွေစုဖို့အခွင့်အရေးကောင်းပဲမလား’
သူမ ချက်ချင်းရှေ့သို့အသာတိုးပြီး ထိုအမျိုးသမီး၏လမ်းကို ပိတ်ရပ်လိုက်သည်။
“ခွင့်ပြုပါ သခင်မလေး၊ ကျွန်မတို့အရင်က တစ်နေရာရာမှာတွေ့ဖူးသလားလို့ပါ၊ သခင်မလေးရဲ့ ရုပ်ရည်က သဘောကောင်းမယ့်ပုံပေါက်တယ်၊ အခုပြန်တွေ့တယ်ဆိုတော့ကျွန်မတို့ ရေစက်ဆုံတယ်ဆိုတဲ့သဘောပဲ"
“ဖယ်စမ်း ဟယ်မင်လက်ဖက်ရည်ဆိုင်မှာ ငါနောက်တစ်နပ်သွားစားရဦးမယ်"
ရှောင်အန်းလဲ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ အတွန်းခံလိုက်ရသော်လည်း သူမစိတ်မဆိုးပေ။ သို့သော် ထိုအမျိုးသမီး၏လက်ကို သူမဖမ်းဆွဲလိုက်ပြီးနောက် သူမအကြည့်များ ချက်ချင်းစူးရှသွား၏။
“သခင်မလေးက စားချင်သေးတယ်ပေါ့၊ ဒါဆို ကျွန်မတို့တခြားနေရာသွားပြီး စားကြမလား"
ပြောရင်းဆိုရင်း သူမသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် စက္ကူရုပ်လေးတစ်ရုပ်ကို ထိုအမျိုးသမီးကိုယ်ပေါ်သို့ ကပ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ထိုအမျိုးသမီး၏ကိုယ်ပေါ်မှ ပြိတ္တာကို သူမဆွဲထုတ်လိုက်ပြီး စက္ကူရုပ်လေးထဲတွင် ချုပ်နှောင်လိုက်သည်။ ဘေးနားရှိ အစေခံမလေးမှာ လန့်ဖျပ်သွား၏။
“နင် ငါ့သခင်မလေးကိုဘာလုပ်လိုက်တာလဲ"
ရှောင်ချန်းလင်းလည်း သေချာဂရုမစိုက်မိလိုက်ပေ။
‘သူ့ညီမလေးက ဘယ်လိုလုပ်ပြီး လူတစ်ယောက်နဲ့ စကားများနေရတာလဲ’
သို့သော်သူ အမြန်ပြေးလာစဉ် သူ့ညီမလေး ပြောသည်ကိုကြားလိုက်ရ၏။
“နင့်သခင်မလေးက စားရတာအရမ်းကြိုက်တာပဲ ကြည့်ပါဦး၊ အခုဘယ်လောက်တောင်ဝနေပြီလဲဆိုတာ၊ အဲဒါသူ့ကိုယ်ပေါ်မှာ ပြိတ္တာတစ်ကောင် ကပ်နေလို့ပဲ၊ စောစောက သူ့ကိုယ်ထဲက ပြိတ္တာကို ငါဆွဲထုတ်ပေးလိုက်ပြီ၊ ဒီနေ့ကစပြီး နင့်သခင်မလေး အဲဒီလောက်စားချင်စိတ် ရှိတော့မှာမဟုတ်ဘူး၊ ပြီးတော့ သူ့ခန္ဓာကိုယ်လည်း တဖြည်းဖြည်းပြန်လှလာလိမ့်မယ်၊ ဒီနေ့ ငါစိတ်ကြည်နေလို့ ကုသိုလ်တစ်ခုလုပ်ပေးလိုက်တာ၊ ကျေးဇူးတင်စရာမလိုပါဘူး"
အစေခံမလေး ရှောင်အန်းလဲ့ကိုအရူးတစ်ယောက်ကိုကြည့်သကဲ့သို့ စိုက်ကြည့်လိုက်သည်။
“နင် ဘာပေါက်ကရတွေလာပြောနေတာလဲဆိုတာ ငါမသိဘူး၊ ငါ့သခင်မလေးက တပ်မှူးရှဲ့အိမ်တော်က သခင်မလေးနော်၊ ငါ့သခင်မလေးသာ တစ်ခုခုဖြစ်သွားရင် ငါတို့သခင်ကြီးက နင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"
ရှောင်အန်းလဲ့ ပခုံးတွန့်လိုက်ပြီး ရှေ့တိုး၍ ထိုအမျိုးသမီး၏နှာခေါင်းအောက်မှ သွေးကြောကိုဖိလိုက်ရာ ထိုအမျိုးသမီး သတိပြန်ရလာခဲ့သည်။
“ကဲ နင့်သခင်မလေး သတိရလာပြီ၊ ငါ သွားတော့မယ်"
ရှောင်ချန်းလင်း ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေပြီး သူမထွက်သွားသည်ကိုမြင်မှ အနောက်မှအမြန်ပြေးလိုက်သွား၏။
“ညီမလေး စောစောကပြောတာအမှန်ပဲလား"
ရှောင်အန်းလဲ့ ယနေ့ပစ္စည်းကောင်းများ, များစွာရထားသဖြင့် စိတ်ကြည်နေသည့်အတွက် စိတ်ရှည်ရှည်ဖြင့်ဖြေကြားပေးနေခဲ့သည်။
“အမှန်ပေါ့ ညီမလေးကလိမ်ပြောစရာလား"
ရှောင်ချန်းလင်း တဖြည်းဖြည်းမှောင်လာသော ကောင်းကင်ကိုမော့ကြည့်ပြီး သူ့ညီမလေးနှင့် ပိုနီးကပ်အောင် ခြေလှမ်းများကို သွက်လိုက်၏။
‘ရုတ်တရက်ကြီး ဘာလို့လမ်းပေါ်မှာ မလုံခြုံတော့သလို ခံစားနေရပါလိမ့်၊ ဘုရား ဘုရား၊ နောက်ဆို ညဘက်အိမ်အပြင်ထွက်တာ ရှောင်မှထင်တယ်’
ထိုည ရှောင်အန်းလဲ့အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူမှ သူမကိုရှာနေကြောင်းကြားလိုက်ရသော်လည်း သူမ လက်ယမ်းပြလိုက်ကာ မနက်ဖြန်မှတွေ့မည်ဟုပြောလိုက်သည်။
“ဒါနဲ့ တုန်းထောင်ရော ဘာလို့ သူ့ကိုမတွေ့ရတာလဲ"
ထင်ရွှယ် အမှန်အတိုင်းပြန်ဖြေလိုက်၏။
“သခင်မလေး တုန်းထောင်က ညဆိုင်း တာဝန်မကျလို့ အနားသွားယူနေပါပြီ"
ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်လိုက်သည်။
‘တုန်းထောင်ရဲ့အလုပ်က သူမထက်တောင် ပိုသက်သာနေပါလား’
“ဒါဆိုလည်း ရပါတယ်၊ မနက်ဖြန်ကျရင် သူ့ကိုပြောစရာရှိလို့ လာတွေ့ခိုင်းလိုက်ပါ"
မနက်ဖြန်ဖြစ်လာမည့် ပျော်စရာမြင်ကွင်းကိုတွေးမိပြီး ရှောင်အန်းလဲ့ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်ကို မထိန်းနိုင်တော့ပေ။ နောက်တစ်နေ့မနက် မနက်စာစားချိန်တွင် သူမ တုန်းထောင်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမမှန်တင်ခုံပေါ်မှ နားကပ်တစ်ရံကိုယူပြီး တုန်းထောင်ကို ပေးလိုက်၏။
“တုန်းထောင် ငါ့ခြံဝင်းထဲမှာ ငါ့ကိုပြုစုရတာ တကယ်ပင်ပန်းမှာပေါ့၊ တောရွာကလာတဲ့ သခင်မလေးတစ်ယောက်ကို အထင်သေးပေမယ့် မဖြစ်မနေပြုစုနေရတာ နင့်အတွက်ခက်ခဲမှာပဲ၊ ဒီနားကပ်က နင့်အတွက် လာ၊ ငါကိုယ်တိုင်တပ်ပေးမယ်လေ၊ နင်နဲ့လိုက်ရဲ့လား ကြည့်ရအောင်"
ရှောင်အန်းလဲ့ ပြောရင်းဆိုရင်း ရှေ့တိုးကာ ပြိတ္တာပူးနေသော စက္ကူရုပ်လေးကို တုန်းထောင်ကိုယ်ပေါ်သို့ ကပ်လိုက်သည်။ စက္ကူရုပ်လေးမှာ ချက်ချင်းပင် အသွင်ပျောက်ကွယ်သွားပြီး ပြိတ္တာသည် တုန်းထောင်ကိုယ်ထဲသို့ ဝင်ရောက်သွား၏။ တုန်းထောင်မှာမူ မည်သည်ကိုမှမသိလိုက်ဘဲ မာန်တက်ဟန်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
’အခုမှ ငါ့ကိုမျက်နှာချိုသွေးဖို့ သိတယ်ပေါ့ ဟမ့် အရင်တုန်းကကျ ဘာလုပ်နေလဲ၊ သခင်မရှောင် မနေ့ကသူမကို သခင်မလေးစူး ရိုက်လိုက်တယ်ဆိုပြီး ဒေါသတွေထွက်နေတာ၊ သူမသာ လိမ္မာပြီး စောစောစီးစီးမျက်နှာချိုသွေးခဲ့ရင် သခင်မကြီးရှောင်ရဲ့ အကြိုက်တွေကို ပြောပြကောင်းပြောပြမိမှာ အခုတော့ ဟမ့်၊ သခင်မရှောင်က သူမထက် အများကြီးပိုရက်ရောတယ်၊ ဒီလို နားကပ်စုတ်တစ်ရံနဲ့ ငါ့ကိုလာဖားလို့ရမယ်ထင်နေလား ဝေးသေးတယ်’
သူမ သာမန်ကာလျှံကာဒီဇိုင်းမိုက်သည်ဟုထင်ရသော နားကပ်ကိုမလိုလားဟန်ဖြင့်ယူလိုက်သည်။
“ကျွန်မဘာသာ တပ်လိုက်ပါ့မယ် သခင်မလေးကို ဒုက္ခမပေးပါရစေနဲ့၊ သခင်မရှောင်က သခင်မလေးလာမှာကို စောင့်နေတာ၊ သခင်မလေး မြန်မြန်သွားသင့်ပါတယ်"
ရှောင်အန်းလဲ့ ဂရုမစိုက်ဟန်ဖြင့်ပခုံးတွန့်ပြလိုက်၏။
‘သူမကိုယ်တိုင်တပ်မပေးရတော့ ပိုတောင်ကောင်းသေးတယ်’
ထမင်းစားခန်းသို့ ရောက်သောအခါ သူမကိုမြင်သည်နှင့် သခင်မရှောင် နှာခေါင်းရှုံ့လိုက်ပြီး လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဒုန်းကနဲဆောင့်ချကာ စစ်မေးတော့သည်။