← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

29

​“မနေ့က နင့်ဝမ်းကွဲအစ်မကိုရိုက်လိုက်တယ်ဆိုတာ ဟုတ်လား"

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်၏။

“ဟုတ်ပါတယ် ရိုက်လိုက်မိတယ်"

​သူမ ဝန်ခံလိုက်သည်ကိုကြားသောအခါ သခင်မရှောင်၏မျက်နှာထား အေးစက်သွားသည်။

“တကယ့်ကို လွန်လွန်းတယ်၊ နင့်ဝမ်းကွဲအစ်မကို လက်ပါဖို့ ဘယ်သူသင်ပေးတာလဲ၊ နောက်လကျရင် နင့်ဝမ်းကွဲအစ်မက ခွန်းမင်းသားနဲ့ လက်ထပ်ပြီး မင်းသားကြင်ယာတော်ဖြစ်လာတော့မှာ၊ နင်က ဘယ်လိုလုပ်ပြီး သူ့ကိုရိုက်ရဲရတာလဲ၊ တကယ်ပဲ အပြင်မှာကြီးပြင်းလာတဲ့ ရိုင်းစိုင်းတဲ့ကောင်မလေး၊ ယဉ်ကျေးမှုဆိုတာ ဘာမှန်းကိုမသိဘူး"

​ရှောင်အန်းလဲ့ ပခုံးတွန့်လိုက်၏။

“အမေ ပြောတာမှန်ပါတယ်၊ သမီးက အပြင်မှာ ကြီးပြင်းလာတာဆိုတော့ ဘယ်သူမှ မသင်ပေးဘူးလေ၊ ဝမ်းကွဲအစ်မကိုရိုက်မိတာကတော့ သမီးမှားပါတယ်၊ ဒါပေမဲ့လည်း သမီးကတမင်လုပ်တာ မဟုတ်ပါဘူး၊ ဝမ်းကွဲအစ်မ အပျိုစင် မဟုတ်တော့တာကိုမြင်ပြီး အပြင်က ကလေကချေတစ်ယောက်ယောက်နဲ့ ရောထွေးပြီး အပျိုရည်ပျက်စီးသွားတယ်လို့ ထင်လိုက်မိလို့ပါ၊ အဲဒီကလေကချေက ခွန်းမင်းသားဖြစ်နေမယ်လို့ ဘယ်သူထင်မိမှာလဲ၊ သူတို့နှစ်ယောက် အဲ့လောက်ထိ နယ်ကျွံပြီး ရင်းနှီးကျွမ်းဝင်နေမှန်းသာ သိရင် သမီးဘာမှပြောမိမှာ မဟုတ်ပါဘူး၊ ပြီးတော့ သမီးက တကယ်လည်း မသိလို့ပါ၊ အမေတို့ကလည်း အဲ့လိုနယ်ကျွံထားတာကို မပြောပြကြဘူးလေ"

​သခင်မကြီးရှောင်မှာ ဒေါသထွက်လွန်း၍ မေ့လဲချင်သွားသည်။

‘ဒီကောင်မလေးက အဲဒါကိုထပ်ပြောနေပြန်ပြီ’

“နင်ပြောပုံအရဆိုရင် အဲဒါကငါတို့အပြစ် ဖြစ်သွားပြီပေါ့လေ”

​ရှောင်အန်းလဲ့ ပခုံးတွန့်လိုက်ပြန်သည်။

“ထားလိုက်ပါတော့ သမီး အမေ့ကို နားလည်ပါတယ်၊ ဒီကိစ္စက တကယ် ပြောရခက်တယ်၊ ဘာပဲဖြစ်ဖြစ် ဝမ်းကွဲအစ်မကို အမေကပဲပျိုးထောင်သင်ကြားပေးခဲ့တာလေ၊ အခုလိုဖြစ်သွားတော့ တခြားသူတွေက အမေ့ရဲ့ စည်းကမ်းနဲ့ အမူအကျင့်တွေကို မေးခွန်းထုတ်ကြမှာပေါ့”

​ရှောင်ချန်းလင်း : “အဟွတ် အဟွတ် အဟွတ်”

​ရှောင်ချန်းဖုန်းပါးစပ် အနည်းငယ်တွန့်သွားကာ ရယ်ချင်စိတ်ကိုမနည်းထိန်းလိုက်ရသည်။ မိခင်ဖြစ်သူဒေါသကြောင့် မေ့လဲတော့မည်ကိုမြင်သဖြင့် သူအမြန်ဝင်ပြောကာ အခြေအနေကို ထိန်းလိုက်ရ၏။

“ဒီကိစ္စကို ဒီမှာတင်ရပ်လိုက်ကြရအောင်၊ ဝမ်းကွဲညီမလေးက သဘောထားကြီးတဲ့သူမျိုးပါ၊ ညီမလေးကို အပြစ်ယူမှာမဟုတ်ဘူး၊ ညီမလေးနောက်ဆိုရင် စကားပြောတာပိုဆင်ခြင်ဖို့ သတိထား၊ မြင်တိုင်းပြောလို့ရတာ မဟုတ်ဘူး၊ တစ်ခါတလေ မြင်နေရပေမယ့် မပြောဘဲ ထားရတာမျိုးတွေ ရှိတတ်တယ်၊ အင်း ကိုယ့်စိတ်ထဲမှာပဲ သိထားပေါ့၊ အစ်ကိုပြောတာ နားလည်ပြီလား"

​ရှောင်အန်းလဲ့ လိမ်လိမ်မာမာခေါင်းငြိမ့်ပြသည်။

“ဟုတ်ကဲ့ နောက်ဆို ဆင်ခြင်ပါ့မယ်၊ စားကြရအောင် စားကြရအောင်၊ ဒါနဲ့ အဖေရော အဖေ့ကိုမတွေ့ပါလား"

​သူမစကားဆုံးသည်နှင့် အခန်းထဲရှိမည်သူမှမဖြေရသေးခင် အဖေရှောင်၏မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တံခါးဝမှအပြေးဝင်လာကာ ပြောလိုက်၏။

“လဲ့အာ လဲ့အာ အဖေ သမီးအတွက် ဆိုင်ကောင်းကောင်းတစ်ဆိုင် ရှာခိုင်းပြီးပြီ၊ လာ သွားကြစို့ အော် သမီးမစားရသေးဘူးမလား၊ ဒါဆိုစားပြီးမှ သွားကြတာပေါ့"

​ဆိုင်အသစ်ရတော့မည်ဖြစ်၍ ရှောင်အန်းလဲ့မျက်လုံးများ အရောင်တောက်လာသည်။

‘အခုချိန်မှာစားတာက အရေးကြီးလို့လား’

“စားစရာမလိုပါဘူး လမ်းမှာတစ်ခုခု ဝယ်စားလိုက်လို့ ရပါတယ်၊ ဆိုင်ကိုအရင်သွားကြည့်ကြမယ် အဖေ"

​အဖေရှောင် ချက်ချင်းခေါင်းငြိမ့်ထောက်ခံ၏။

“အာ ဒါဆိုလည်း ကောင်းတာပဲ၊ အရမ်းကောင်းတဲ့ဖက်ထုပ်ဆိုင်တစ်ဆိုင်ကို အဖေ သိတယ်၊ ဆိုင်ကြည့်ပြီးရင် အဲဒီမှာ ဖက်ထုပ်ဝင်စားကြတာပေါ့"

​သားအဖနှစ်ယောက် စိတ်လှုပ်ရှားစွာ ပြောဆိုရင်း ထွက်ခွာသွားကြသည်။ သူ့နောက်ကွယ်ရှိ ထမင်းစားခန်းထဲတွင် သခင်မရှောင်သည် စားပွဲကိုဒေါသတကြီး ရိုက်ချလိုက်၏။ သူမရှေ့ရှိ ကလေး ၅ ယောက်လုံး ကြောက်လန့်တကြား တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ​စူးကျင်းရုံမှာ ရှောင်အန်းလဲ့နှင့်အဖေရှောင်တို့ ထွက်ခွာသွားရာလမ်းကြောင်းကို စူးစိုက်ကြည့်နေပြီး လက်ထဲရှိလက်ကိုင်ပဝါအား စုတ်ပြဲလုနီးပါး ဖျစ်ညစ်နေသည်။

​ဘေးနားရှိ ရှောင်ကျားဟော်မှာမူ သူမရှေ့ရှိကြာစေ့နှင့် မှိုဖြူဟင်းချိုကိုသာ အာရုံစိုက်နေသည်။ သူမ၏စားသောက်ပုံအမူအရာမှာ ပြစ်မျိုးမှဲ့မထင် ကောင်းမွန်ပြီး အသံမထွက်သော်လည်း စားပွဲဝိုင်းတွင် တစ်ဦးတည်းသောစားသောက်နေသူဖြစ်နေသဖြင့် သခင်မရှောင်၏မျက်စိစပါးမွှေးစူးခြင်းကို ခံနေရ၏။

​“နင်အားနေ စားဖို့ပဲသိတယ်၊ နင့်ဝမ်းကွဲအစ်မဆီကနေ အတုမယူနိုင်ဘူးလား၊ အရင်တုန်းက ငါကျက်ခိုင်းထားတဲ့ ကဗျာတွေ အကုန်ရပြီလား၊ နင်ဒီအတိုင်းသာ ဆက်စားနေရင် နင့်အဝတ်အစားတွေ အသစ်ချုပ်ရတော့မယ်၊ ဘယ်မိန်းကလေးက နင့်လိုမျိုး အားတိုင်းစားနေမှာလဲ"

​ရှောင်ကျားဟော် မထူးဇာတ်ခင်းကာ သခင်မရှောင်၏စကားများကို စားရင်း နားထောင်နေတော့သည်။ သူမပြောပြီးသည်နှင့် ရှောင်ကျားဟော်လည်း စား၍ပြီးသွား၏။ ​သခင်မရှောင် သူမကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်လိုက်ပြီးနောက် စူးကျင်းရုံဘက်သို့လှည့်ကြည့်ရာ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေသည်ကို သတိထားမိလိုက်၏။

“တူမလေး နင့်မျက်နှာမကောင်းပါလား၊ မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလား၊ နင့်ဝမ်းကွဲညီမ ပြောတာတွေကို စိတ်ထဲမထားပါနဲ့၊ သူကအပြင်မှာ ကြီးပြင်းလာတော့ သင်ပေမဲ့သူမရှိဘူး၊ အဲ့‌တော့ အခုလိုစည်းလွတ်ကမ်းလွတ် ဖြစ်နေတာ၊ နောက်ကျရင် အဒေါ်သူ့ကို သေချာသင်ပေးလိုက်ပါ့မယ်"

​ပြောပြီးနောက် သူမလှည့်ကြည့်လိုက်ရာ သူမဒုတိယသားမှာ မည်သည့်အချိန် ကမှန်းမသိ လစ်ထွက်သွားပြီ ဖြစ်ကြောင်းတွေ့လိုက်ရသည်။ ​ရှောင်အန်းလဲ့နှင့် အဖေရှောင်တို့သိပ်မဝေးသေးခင်မှာပင် ရှောင်ချန်းလင်းသူတို့ကို အမှီလိုက်လာခဲ့၏။

“အဖေ ညီမလေး သားကိုပါခေါ်သွား‌ကြလေ၊ အဖေ ညီမလေးအတွက်ဖွင့်ပေးထားတဲ့ဆိုင်က ဘယ်မှာလဲဆိုတာ သားလည်းသိချင်လို့"

​အဖေရှောင် သူ့ကိုမျက်စောင်းထိုးလိုက်သည်။

“မင်းက ဘာလို့ပြေးထွက်လာတာလဲ၊ မင်းအမေ ပွစိပွစိပြောမှာကိုမကြောက်ဘူးလား"

​’ရှောင်ချန်းလင်းကဘယ်သူလဲ၊ သူလဲရှောင်ကျားဟော်ရဲ့အကိုလေ’

မျက်နှာပြောင်ပြီးသားဖြစ်၍ သူ့အမေ ပွစိပွစိပြောတာလောက်ကို ဂရုမစိုက်တော့ပေ။

“အဖေ ညီမလေးဖွင့်မယ့်ဆိုင်နာမည်က ဘဝသစ်ဆို ဆိုင်းဘုတ်လုပ်ခိုင်းပြီးပြီလား"

​အဖေရှောင် သူ့ထံမျက်စောင်းထိုးကြည့်ကာ ပြောလိုက်သည်။

“လုပ်ပြီးပြီပေါ့ ကြည့်လေ ဟိုးရှေ့မှာ”

​မလှမ်းမကမ်းတွင် ဆိုင်တစ်ဆိုင်ရှိနေပြီး ဆိုင်၏ဘေးတစ်ဖက်တစ်ချက်တွင် အနီရောင်ဖဲကြိုးကြီးများ ချိတ်ဆွဲထားကာ ဆိုင်အပေါ်ရှိဆိုင်းဘုတ်ကို အနီရောင်အဝတ်စဖြင့် ဖုံးအုပ်ထားသည်။ ခြင်္သေ့အကအဖွဲ့နှင့် မီးရှူးမီးပန်းများလည်းရှိနေပြီး သူတို့ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြ၏။

​ရှောင်အန်းလဲ့ အတော်လေးပျော်ရွှင်နေမိသည်။ သို့သော် အမွှေးတိုင်နှင့်စက္ကူပိုက်ဆံရောင်းသောဆိုင်ကို ဤမျှ ခမ်းနားစွာ အလှဆင်ထားခြင်းမှာ နည်းနည်းလွဲနေသကဲ့သို့ ခံစားရသည်။

​“လာ လာ ဒါက ဒီနေ့ကစပြီး သမီးပိုင်တဲ့ ဆိုင်ပဲ"

အဖေရှောင်ပြောပြီးသည်နှင့် ရှောင်အန်းလဲ့ကို မေးလိုက်၏။

“သမီး အချိန်တန်ပြီလို့ ထင်လား"

​ရှောင်အန်းလဲ့ ယုံကြည်မှုအပြည့်ရှိသောခြေလှမ်းများဖြင့် ရှေ့သို့တက်ကာ ဦးစီးလိုက်သည်။ ဈာပနပစ္စည်းဆိုင်၏ ဆိုင်းဘုတ်ပေါ်မှ အနီရောင်အဝတ်စကို သူမဆွဲချလိုက်ရာ *ဘဝသစ်*ဟူသော စာလုံးကြီးသုံးလုံးမှာ လူတိုင်းမြင်ကွင်းတွင် ပေါ်လာတော့သည်။

​“ဒီနေ့ ဘဝသစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပါပြီ၊ နောင်အနာဂတ်မှာ လူကြီးမင်းတို့ ဆက်လက်အားပေးကြဖို့ မျှော်လင့်ပါတယ်၊ တစ်နေ့ကို သုံးကြိမ်ပဲ ဗေဒင်ဟောပေးပါမယ်၊ ဒီနေ့ အထူးအစီအစဉ်အနေနဲ့ တစ်ကြိမ်ကိုတေးတစ်ရာပါ”

​လူစုလူဝေးကြီး သူမ၏ဈေးနှုန်းကို ကြားသောအခါ အားလုံးတညီတညွတ်တည်း အတင်းပြောကြတော့၏။

​“ငါကတော့ အရေးကြီးတဲ့ဆိုင်မလို့ ဒီလောက် ခမ်းခမ်းနားနားလုပ်ထားတယ် ထင်နေတာ၊ အမွှေးတိုင်နဲ့ စက္ကူပိုက်ဆံ ရောင်းတဲ့နေရာ ဖြစ်နေတာကိုး၊ ကျက်သရေ မရှိလိုက်တာ”

“ငါက အထည်ဆိုင်ထင်လို့ ဖွင့်ပွဲလျှော့ဈေးနဲ့ အထည်စလေး ဘာလေး ဝယ်မလို့ စိတ်ကူးနေတာ၊ ဒါလေးပဲလား”

“ချင်းမင်ပွဲတော်လည်းမဟုတ်ဘဲနဲ့ ဘယ်သူကများ ဒါတွေကိုအိမ်မှာ အကြောင်းမဲ့ဝယ်ထားမှာလဲ"

“ဟုတ်ပ ပြီးတော့ ဗေဒင်ဟောတာက တေးတစ်ရာတဲ့၊ အဲဒါတောင် လျှော့ဈေးတဲ့လား ရယ်စရာပဲ၊ တံတားအောက်မှာ ကြေးပြားတစ်ရာပေးရင်တောင်ဟောပေးမယ့်သူတွေ အများကြီး"

“ကဲ လူစုခွဲကြ လူစုခွဲကြ၊ ပွဲကြည့်လို့ဝပြီ”

​ရှောင်ချန်းလင်း ထိုလူအုပ်အားကြည့်ကာ ခေါင်းခါလိုက်သည်။

“ညီမလေး ဒီလူတွေက အသိပညာမရှိလို့ မကြောက်မရွံ့ပြောနေကြတာပါ၊ ဂရုမစိုက်ပါနဲ့၊ ဒါနဲ့ညီမလေးရဲ့ လျှော့ဈေးက တစ်ကြိမ်ကိုတေးတစ်ရာဆိုတော့ လျှော့ဈေးမရှိရင်ရော ဘယ်လောက်လဲ"

​ရှောင်အန်းလဲ့မှာ သူထင်ထားသည်ထက် ပို၍ပွင့်လင်းနေ၏။

“လျှော့ဈေးမရှိရင် တေးနှစ်ရာပေါ့၊ စိတ်ထဲရှိတဲ့အတိုင်းဆို ညီမကတစ်ကြိမ်ကို တေးတစ်ထောင်တောင်းချင်တာ၊ အခုခေတ် တေးတစ်ထောင်ဘယ်သူကတတ်နိုင်မှာမို့လဲ၊ ပြီးတော့ အဲ့လိုသတ်မှတ်လိုက်ရင် ညီမရဲ့ဖောက်သည်တွေကို ကန့်သတ်လိုက်သလိုဖြစ်သွားမှာ"

​အဖေရှောင် ရှောင်အန်းလဲ့ကို အပြည့်အဝ ထောက်ခံ၏။

“သမီးပြောတာ လုံးဝမှန်တယ်၊ အရာရှိမိသားစုတွေတောင် တေးတစ်ထောင်ဆိုတာ လွယ်လွယ်ကူကူထုတ်ပေးနိုင်တာ မဟုတ်ဘူး"

​ဘေးနားရှိ ရှောင်ချန်းလင်းပြောစရာစကားမဲ့သွားသည်။

“အဖေ အဖေက ညီမလေးအပေါ်ဘာလို့ ဒီလောက်ကောင်းရတာလဲ"

​အဖေရှောင် သူ့ထံမျက်လုံးလှန်ပြလိုက်သည်။

“ဘာလို့လဲဆိုတော့ သူကငါ့သမီးမလို့လေ"

​ရှောင်ချန်းလင်း သူလည်းအဖေ့သားပါဟု ပြောချင်သော်လည်း သူ့အဖေမှာ သူ့ကြီးသည်ထိ ထိုမျှအလိုလိုက်သည်အား တစ်ခါမှမမြင်ဖူးခဲ့ပေ။

‘ထားလိုက်ပါတော့ အလိုလိုက်ခံရတဲ့သူက သူ့ညီမလေးပဲလေ’

​ဖွင့်ပွဲ၌စည်ကားခဲ့သော်လည်း ယခုလူစုကွဲသွားချိန်တွင် အနည်းငယ် ခြောက်ကပ်နေသကဲ့သို့ ဖြစ်သွား၏။

​“အဖေ အလုပ်ရှိရင် နန်းတော်ကိုအရင်သွားလိုက်ပါ၊ ဒီနေရာကို သားတို့ဆီလွှဲထားခဲ့လိုက်"

“ဒါကခဏလေးနဲ့ပွင့်လာမယ့် အရာမှ မဟုတ်တာ၊ ရေစက်ရှိတဲ့သူကိုစောင့်ရမှာပဲလေ”

​သူမစကားဆုံးသည်နှင့် အလွန်အဆင့်မြင့်သောမြင်းလှည်းတစ်စီး အပြင်ဘက်တွင် ရပ်တန့်လာသည်။ မြင်းလှည်းပေါ်မှဆင်းလာသူမှာ ငွေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး လျစ်လျူရှုတတ်သော အေးစက်စက်မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် လူများကိုရင်ထဲမှ လေးလံသောဖိအားတစ်ခု ခံစားရစေနိုင်သူဖြစ်သည်။

30

​ဆိုင်အပြင်မှ လူနည်းစုသည် တော်ဝင်မျိုးနွယ်ပုံစံရှိသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြ၏။

‘သူတို့၏ပထမဆုံးအတွေးမှာ မဝင်နဲ့၊ အဲ့ဆိုင်က လူလိမ်တွေပဲဖြစ်မှာ’

သေချာသည်မှာ ထိုအတွေးသည် ရှောင်အန်းလဲ့၏အတွေးတော့ မဟုတ်ပေ။

‘ဒီလူ လာတာကောင်းတယ်’

ဆိုင်ရှင်အနေဖြင့် သူမသေချာပေါက် သွားရောက်နှုတ်ဆက်ရမည်ပင်။

“မင်္ဂလာပါ သခင်လေး၊ ဘာများလိုအပ်ပါသလဲ၊ ကျွန်မက ဗေဒင်လည်းဟောတယ်၊ ဖုန်းရွှေလည်းကြည့်ပေးပါတယ် ဒါပေမယ့်”

​အဖေရှောင် အမြန်ရှေ့တိုးပြီး ဦးညွှတ်လိုက်ရင်း ယဲ့မင်းသားမှာ အဘယ်ကြောင့် ဤနေရာ၌ရောက်နေသနည်းဟု သူတွေးနေမိသည်။

“ယဲ့မင်းသားကို ဂါရဝပြုပါတယ်"

ရှဲ့စစ်မင် "အင်း" ဟုသာ အသာပြန်ပြောလိုက်ပြီး စူးရှတောက်ပသောအကြည့်များဖြင့် ရှောင်အန်းလဲ့ဘက်သို့လှည့်ကြည့်လိုက်၏။

“စောစောက မိန်းကလေး ပြောစရာ ကျန်နေသေးလား"

​ရှောင်အန်းလဲ့မှာ ထျန်းရှင်းသံလိုက်အိမ်မြှောင်ညွှန်တံမှ သူ့အိမ်တော်ကို ညွှန်ပြနေသည်အားတွေးမိပြီး ချက်ချင်းပြောလိုက်သည်။

“သြော် တကယ်တော့ သခင်လေးက ယဲ့မင်းသားဖြစ်နေတာကိုး၊ ကျွန်မက မျက်စိမကောင်းလို့ မသိလိုက်ပါဘူး ခွင့်လွှတ်ပါ၊ ဒါပေမယ့် မင်းသားရဲ့ မျက်ခုံးနှစ်ခုကြားမှာ မည်းမှောင်နေတာ မြင်ရတယ်၊ ကြည့်ရတာ မင်းသားမကြာသေးခင်က အိပ်မပျော်တဲ့ဝေဒနာ ခံစားနေရတယ်လို့ထင်ပါတယ်၊ ဒီအခြေအနေကို ဖြေရှင်းဖို့က ပြောပြဖို့ နည်းနည်းခက်တယ်၊ မင်းသားရဲ့အိမ်တော်ကိုသွားပြီး တစ်ယောက်ယောက်က အိမ်တော်ရဲ့ဖုန်းရွှေကိုပြုစားထားတာရှိမရှိ သွားစစ်ဆေးကြည့်ခွင့်ပြုပါသလား"

​ဘေးနားတွင်ရပ်နေသော အဖေရှောင်မှာ ကြားလိုက်ရသည့်စကားကိုပင် မယုံနိုင်ဘဲ ပါးစပ်တွန့်သွားရ၏။

‘တကယ်ကို သူ့သမီးပဲ၊ တကယ့်သတ္တိခဲလေး’

သာမန်လူဆို ယဲ့မင်းသားကိုရှောင်ရှားကြသော်လည်း သူ့သမီးမှာမူ အိမ်တော်သို့လိုက်ပါစစ်ဆေးရန် ကိုယ်တိုင် အဆိုပြုနေသည်။ ထိုအပြုအမူကိုမှ သတ္တိကောင်းသည်ဟု မခေါ်လျှင် အခြား မည်သည်ကိုခေါ်ရမည်နည်း။ ​ရှဲ့စစ်မင် သူမမှ သူ့အိမ်တော်သို့လိုက်ပါရန် တိုက်ရိုက်တောင်းဆိုလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက် သူ့မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိသော်လည်း မျက်ဝန်းထဲတွင်အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ရတာပေါ့ ဒါဆိုအချိန်ဆွဲမနေဘဲ အခုပဲ သွားကြတာပေါ့ မိန်းကလေး"

​ရှောင်ချန်းလင်း ဘေးနားတွင်သာ နားရွက်ကုတ်လိုက် ပါးကုတ်လိုက်နှင့် အနည်းငယ် စိုးရိမ်နေ၏။

‘ဒါက ယဲ့မင်းသားလေ’

သူ့တွင် ယဲ့မင်းသားနှင့် မည်သည့် ရင်းနှီးမှုမှမရှိပေ။

‘တစ်ကယ်လို့ သူ့ညီမလေးက မင်းသားဒါမှမဟုတ် မင်းသားမိသားစုကို စိတ်အနှောင့်အယှက်ဖြစ်စေမိရင် ဘယ်လိုလုပ်မလဲ၊ ဒါပေမယ့် ပြန်စဉ်းစားကြည့်ပြန်တော့ သူ့ညီမလေးရဲ့ အရည်အချင်းက အစစ်အမှန်ပဲကို ဘာမှမဖြစ်လောက်ပါဘူးလေ’

​ရှောင်အန်းလဲ့ ယဲ့မင်းသားအိမ်တော်ကို သွားရောက်လေ့လာရန် အခွင့်အရေး ရှာနေခဲ့ပြီး ယခုအခါ အခွင့်ကောင်းရရှိပြီဖြစ်သဖြင့်သွားရန် တကဲကဲဖြစ်နေခဲ့သည်။ သူမ၏ ထျန်းရှင်းသံလိုက်အိမ်မြှောင်မှ အကြောင်းပြချက်မရှိ မှားယွင်းညွှန်ပြမည်မဟုတ်ပေ။ ယဲ့မင်းသားအိမ်တော်အတွင်း ပြဿနာတစ်ခုခုရှိနေသည်မှာ သေချာ၏။

နှစ်ဦးသားမှာ လက်တွေ့သမားများဖြစ်ကြသဖြင့် ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားကြသည်။ အဖေရှောင်နှင့် ရှောင်ချန်းလင်းတို့ သားအဖနှစ်ယောက်မှာ မျက်လုံးပြူးများဖြင့်ကျန်ရစ်ခဲ့ကြသည်။

ရှောင်ချန်းလင်း : “ကျွန်တော်တို့လည်း လိုက်သွားသင့်လား"

အဖေရှောင် သူ့ကိုတစ်ချက်ကြည့်ကာ ငေါက်လိုက်၏။

“မင်းညီမက အလုပ်သွားလုပ်တာလေ၊ ငါတို့နှစ်ယောက်ပါ မိသားစုလိုက်ကြီး လိုက်သွားဖို့သင့်တော်ပါ့မလား"

ထို့ကြောင့်သားအဖနှစ်ယောက် စောင့်ဆိုင်းရင်းသာ ကျန်ရစ်ခဲ့တော့သည်။ ​ရှောင်အန်းလဲ့ ရှဲ့စစ်မင်နောက်သို့လိုက်ပါပြီး မြင်းလှည်းပေါ်သို့ တက်လိုက်ရာ မိုယွီကိုမြင်၍နှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ ကိုယ်ရံတော်အစ်ကိုကြီး”

ပြောပြီးနောက် သူမမြင်းလှည်းထဲတွင် ထိုင်ကာ ရှဲ့စစ်မင်ကိုကြည့်လိုက်သည်။

“မင်းသားရဲ့ကိုယ်ရံတော်က တကယ် အမြင်ရှိတာပဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မဆီကနေ ကျောက်စိမ်းအဆောင်တစ်ခုကို တေးနှစ်ရာနဲ့ဝယ်သွားတယ်လေ၊ ကျွန်မရဲ့ကျောက်စိမ်းအဆောင်က မကောင်းဆိုးဝါးကိုကာကွယ်ပေးပြီး ဘေးအန္တရာယ်ကင်းရှင်းစေတယ်၊ မင်းသားရဲ့ကိုယ်ရံတော် ဘေးကင်းရင် သူ့သခင်ဖြစ်တဲ့ မင်းသားလည်း သေချာပေါက် ဘေးကင်းမှာပါ ဟီးဟီး”

​စကားနည်းနည်းများသွားသည်ကို သတိထားမိပုံရသော ရှောင်အန်းလဲ့ အမြန်ပြုံးပြပြီး ပါးစပ်ပိတ်လိုက်သည်။ သူမ တိတ်ဆိတ်သွားသည်ကိုမြင်သော် ရှဲ့စစ်မင်မှစကားစ၍ မေးလိုက်သည်။

“မိန်းကလေးက ဘယ်ဂိုဏ်း ဘယ်ကျောင်းကလဲဆိုတာ မေးလို့ရမလား"

​ရှောင်အန်းလဲ့ ခေတ္တမျှတန့်သွားပြီးမှ ပြောလိုက်သည်။

“ကျွန်မက ရွှမ်ချင်းဘုရားကျောင်းရဲ့ ၄၁ဆက်မြောက် ဂိုဏ်းချုပ်ပါ၊ ကျွန်မဆရာတာအိုဆရာကြီးချင်းရွှမ်က ကောင်းကင်ဘုံဆီရောက်သွားတာကြာပါပြီ"

ပြောရင်းနှင့် သူကမင်းသားတစ်ပါးဖြစ်သဖြင့် သူမထက်ပိုသိနိုင်မည်ဟု တွေးမိကာဆက်ပြောလိုက်သည်။

“ယဲ့မင်းသား လုံယွင်တောင်အကြောင်း ကြားဖူးလားမသိဘူး”

​ရှဲ့စစ်မင် ခေါင်းခါလိုက်၏။

“မကြားဖူးဘူး"

​ရှောင်အန်းလဲ့ သူ့ကိုတိုက်ရိုက် သတိပေးလိုက်သည်။

“နောက်တစ်ခါလမ်းမှာ လုံယွင်တောင်က တပည့်ပါလို့ပြောတဲ့သူနဲ့ တွေ့ရင် လုံးဝမယုံပါနဲ့"

​ရှဲ့စစ်မင်နှုတ်ခမ်းများ ကွေးညွှတ်သွား၏။

“ဒါဆို မိန်းကလေးရဲ့ရွှမ်ချင်းဘုရားကျောင်းကရော”

​ရှောင်အန်းလဲ့ပြုံးကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကျွန်မတို့ ရွှမ်ချင်းဘုရားကျောင်းမှာ အခု ကျွန်မတစ်ယောက်ပဲရှိတော့တာမလို့လုံးဝစိတ်ချယုံကြည်ရပါတယ်"

​ရှဲ့စစ်မင် သူမကိုမျက်လုံးထဲတွင် အပြုံးရိပ်များဖြင့်ကြည့်လိုက်ပြီး သူမအကြောင်း စုံစမ်းထားသည်များကိုပြန်သတိရလိုက်၏။ ထိုတာအိုကျောင်းမှ သူမတောင်အောက်ဆင်းလာချိန်မှစ၍ ကျောင်းထဲရှိအရာအားလုံးကို တမင် ဖျောက်ဖျက်ထားသကဲ့သို့ မည်သူမှမနေခဲ့ဖူးသည့်အတိုင်းဖြစ်နေသည်။

ထို့ကြောင့် ရှဲ့စစ်မင် သူမအပေါ်အလွန်တရာ စိတ်ဝင်စားနေပြီး ဤမျှ နက်နဲသောတာအိုပညာရပ်များအား မည်သူမှသင်ပေးသည်ကိုသိချင်နေခဲ့၏။

​“စောစောက မိန်းကလေး ထီးဆောင်းထားတာတွေ့တယ်၊ နေရောင်ကိုမကြိုက်လို့လား၊ ဒါဆိုရင် မိန်းကလေးအတွက် ထီးတစ်လက်ပြင်ဆင်ခိုင်းပေးလို့ရပါတယ်"

​အမှန်စစ်စစ်တွင်ရှောင်အန်းလဲ့သည် နေရောင်ကို လုံးဝမမုန်းပေ။ ထို့ပြင် နေပူစာလှုံရသည်ကို အလွန် နှစ်သက်သည်။ နေပူစာလှုံခြင်းမှာ ကယ်လ်စီယမ်ရော ယန်စွမ်းအားပါ ဖြည့်တင်းပေးနိုင်သည်လေ။

“မလိုပါဘူး ရပါတယ်၊ ကျွန်မက အဲဒီလောက်အားမနွဲ့ပါဘူး"

သူမပြောရင်း အကြံတစ်ခုရကာ မျက်လုံးများ အရောင်လက်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။

“အော် ဒါနဲ့ ကျွန်မလက္ခဏာလည်း ကြည့်တတ်တယ်၊ မင်းသားရဲ့ လက္ခဏာကြည့်ပေးလို့ရမလား"

​သူမပြောပြီးသည်နှင့် သူမကိုယ်တိုင်ပင် စိတ်လှုပ်ရှားနေမိသည်။ လက္ခဏာကြည့်ရန် လက်ကိုထိတွေ့ရမည်ဖြစ်ပြီး သူ့ထံမှရွှေရောင်ကုသိုလ် အလင်းတန်းများ တိုးပွားနေသည်ကို မြင်နေရသည်။ သူ့လက်ကိုထိလိုက်လျှင် သူမ၏ကုသိုလ်အလင်းတန်းများ ပိုမိုမြန်ဆန်စွာ တိုးပွားလာမည်လားဟု သိချင်နေမိ၏။ ​ရှဲ့စစ်မင် သူမအတွေးများကို လုံးဝ သတိမထားမိသည့်ပုံစံဖြင့် အသာလက်ကမ်းပေးလိုက်သည်။ ရှောင်အန်းလဲ့ ရှင်းလင်းပြတ်သားသော လက္ခဏာလိုင်းများပါသည့် သူ့လက်ဖဝါးကမ်းလာသည်ကို ကြည့်ပြီး စိတ်ထဲတွင်လက်ခုပ်တီးနေမိ၏။

“အင်း”

အခွင့်အရေးကိုအရယူကာ သူမ သူ့လက်ကို မရှက်မကြောက်ဆုပ်ကိုင်လိုက်သည်။ တကယ်ကို အထိအတွေ့မှာကောင်းလွန်းလှ၏။ သို့သော် ပျော်ရွှင်မှုကို ဖုံးဖိထားပြီး လေးနက်သော မျက်နှာထားဖြင့် သူမအမှန်အတိုင်း ပြောပြလိုက်၏။

​“မင်းသားရဲ့လက္ခဏာက ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်အသရေကို ဖော်ပြနေတယ်၊ တစ်ချက်ကြည့်လိုက်တာနဲ့ ကံကြမ္မာမြင့်မားသူမှန်း သိသာပါတယ်၊ ဒါပေမယ့် မင်းသားဆီမှာ ရွှေရောင်ကုသိုလ်အလင်းတန်းရှိပေမယ့် မကောင်းဆိုးဝါး အငွေ့အသက်တွေလည်း တွဲပါနေတယ်၊ အရင်တုန်းကတော့ မကောင်းဆိုးဝါး အငွေ့အသက်တွေက မင်းသားရဲ့ အိမ်ထောင်ရေးလိုင်းကို ဖုံးကွယ်ထားပေမယ့် အခုတော့အိမ်ထောင်ရေးလိုင်း ပေါ်လာပါပြီ"

​သူမပြောရင်း ရှဲ့စစ်မင်၏ အိမ်ထောင်ရေးလမ်းကြောင်းကိုကြည့်လိုက်သည်။

“မင်းသားရဲ့အိမ်ထောင်ရေးလမ်းကြောင်း လင်းလာတာကိုမြင်ရတယ်၊ ဆိုလိုတာက မကြာခင်မိန်းမပျိုလေးတစ်ယောက်နဲ့ ဖူးစာစုံပါလိမ့်မယ်၊ ဒါပေမဲ့ မကောင်းဆိုးဝါးအငွေ့အသက်တွေက တားဆီးနေတယ်၊ ပြီးတော့မင်းသားရဲ့မိဘတွေက.....”

​ရှောင်အန်းလဲ့ ပါးစပ်ကိုအမြန်ပိတ်လိုက်သည်။ မင်းသား၏မိခင် သက်ရှိထင်ရှားရှိနေသေးသည်ကို သူမမြင်လိုက်ရသော်လည်း ဤသည်ကထုတ်ပြောသင့်သည့်အရာမဟုတ်ပေ။

“မိဘတွေကကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်အသရေကိုညွှန်ပြနေပါတယ်၊ ဒီမှာက အသက်လမ်းကြောင်း ဆိုလိုတာက မင်းသားအသက်ရှည်ရှည် နေရလိမ့်မယ်၊ ဒါပေမယ့် ပြဿနာတစ်ခုရှိနေတာက မင်းသားရဲ့ပတ်ဝန်းကျင်ကံတရား မတည်ငြိမ်ဘူး၊ မင်းသားကိုယ်တိုင်မှာတော့ ဘာမှားယွင်းတာမှမတွေ့ရဘူး၊ အဲ့ဒါကြောင့် မင်းသားရဲ့ကံတရားကိုနှောင့်နှေးစေတာ မင်းသားရဲ့ အိမ်တော်ထဲမှာပဲဖြစ်ရမယ်"

​သူမပြောနေသော်လည်း လက်ကိုမလွှတ်သေးပေ။ မင်းသားလက်ကို ကိုင်ထားရသည်မှာ ဝိညာဉ်ကျောက်တုံးကို ကိုင်ထားရသကဲ့သို့ပင် ကုသိုလ်စွမ်းအားများ သူမထံသို့တရစပ်စီးဝင်နေသည်။

+၁+၁+၁+၁+၁+၁.......

လက်ရှိအချိန်တွင် သူမပျော်လွန်း၍ထခုန်မတတ်ပင်ဖြစ်နေသည်။ ထိုအချိန်တွင် မြင်းလှည်းမှာ ရုတ်တရက်ရပ်တန့်သွား၏။

“မင်းသား အိမ်တော်ရောက်ပါပြီ”

​

‘ရောက်တောင်ရောက်ပြီလား’

ရှောင်အန်းလဲ့ သူ့လက်ကိုအမြန်လွှတ်လိုက်ပြီး အားနာဟန်ဖြင့် ယဉ်ကျေးစွာပြုံးပြကာ မြင်းလှည်းပေါ်မှ တန်းခုန်ဆင်းလိုက်သည်။ ခြေတင်ခုံ ကိုင်ထားသော မိုခန်းမှာ မည်သည်ကိုမှ မမြင်လိုက်ရသကဲ့သို့ တိတ်ဆိတ်စွာပင် ခြေတင်ခုံကို ပြန်သိမ်းလိုက်၏။ ရှဲ့စစ်မင် ဆင်းလာပြီး ရှောင်အန်းလဲ့ကို အိမ်တော်ထဲသို့ ခေါ်ဆောင်သွားကာ ရှဲ့စစ်မင်နေထိုင်သော ပင်မဆောင်သို့တန်းသွားကြသည်။ ရှောင်အန်းလဲ့ ထျန်းရှင်းသံလိုက်အိမ်မြှောင်ကို ကိုင်ထားရင်း ရုတ်တရက် ပြောလိုက်၏။

“ခဏလေး”

​ပြောပြီးနောက် သူမကြည့်လိုက်ရာ တစ်စုံတစ်ယောက်မှာ ကျားဖြူနေရာတွင် တွင်းတူးထားသည်ကို တွေ့လိုက်ရသည်။

“ဒီမှာ ဘာလို့တွင်းတူးထားတာလဲ၊ ဒါက ကျားဖြူတည်နေရာလေ၊ ဒီမှာတွင်းတူးလိုက်ရင် ပိုင်ဟူရှားဖြစ်လာပြီး ရောဂါဘယနဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေ ဝင်ရောက်လာနိုင်တယ်၊ အဲ့ဒါတင်မကဘူး ငွေကြေးဆုံးရှုံးမှုနဲ့ သွေးထွက်သံယို ဘေးအန္တရာယ်တွေပါဖြစ်စေနိုင်တယ်"

​မိုယွီနှင့် မိုခန်းတစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ တွင်းတူးတာက ဒီလောက်ထိဆိုးရွားသည့်အကျိုး သက်ရောက်မှုရှိမည်ဟုမထင်ထားခဲ့ပေ။ ထို့ကြောင့်ရှဲ့စစ်မင် တွင်းကို ပြန်ဖို့ရန် ချက်ချင်းအမိန့်ပေးလိုက်သည်။ ရှောင်အန်းလဲ့ ဆက်လက် လျှောက်ကြည့်နေ၏။

အိမ်တော်အပြင်ဘက်၌ ထျန်းရှင်း သံလိုက်အိမ်မြှောင်မှာ သိပ်မလှုပ်ရှားသော်လည်း ရုတ်တရက် ညွှန်တံမှာ နေရာတစ်ခုကို ညွှန်ပြလိုက်သည့်အတွက် ရှောင်အန်းလဲ့အမြန်လိုက်ကြည့်လိုက်သည်။

‘ဒီအိမ်တော်ထဲက တစ်ယောက်ယောက်က မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ကံကြမ္မာကို ငှားရမ်းပြီး ဝိညာဉ်ကိုချုပ်နှောင်ထားတာများလား’

​ထို့သို့တွေးရင်သူမ သံလိုက်အိမ်မြှောင်နောက်သို့လိုက်ပါသွားရာ ခြံဝင်းတစ်ခုသို့ရောက်သွား၏။ ဦးတည်ချက်အရ ၎င်းမှာ ပင်မဆောင်ဖြစ်သည်။

“ဒါက ကျွန်တော်တို့ မင်းသားရဲ့ခြံဝင်းပါ”

​စကားပြောလိုက်သော မိုယွီကို ရှောင်အန်းလဲ့တစ်ချက်ကြည့်လိုက်ပြီး ထျန်းရှင်းသံလိုက်အိမ်မြှောင်အတိုင်း အိမ်ထဲသို့ဝင်သွားသည်။ အိုးထဲထည့်စိုက်ထားသော ထင်းရှူးပင်တစ်ပင်ကိုမြင်လိုက်ရသောအခါ သူမ၏စိတ်လှုပ်ရှားနေမှုများ ပျောက်ကွယ်သွားတော့၏။

All Chapters