← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

Chapter 53+54

~

အခန်း ၅၃+၅၄ : တတိယအဆင့် ၉.. ပြီးပြည့်စုံသည့် အဆင့်.

~

​ မကြာမီမှာပင် သတိလစ်နေသော ယွင်ယန်ကို ခေါ်ဆောင်သွားကြပြီး မြင်းခေါင်းမျက်နှာဖုံးစွပ် အစောင့်မှာလည်း လေထဲတွင် ပျောက်ကွယ်သွားပြန်သည်။ ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများသည် သူတို့၏ ကိုယ်ပိုင်ဘတ်စ်ကားပေါ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့ကြသည်။

​ သို့သော် ထိုကျောင်းသားများနှင့် ဒါရိုက်တာ လီကျဲအတွက်မူ နွားခေါင်းနှင့် မြင်းခေါင်းမျက်နှာဖုံးစွပ် အစောင့်နှစ်ဦး၏ အရိပ်အယောင်များမှာ စိတ်ထဲမှ ထွက်မသွားသေးပေ။ ထိုထူးဆန်းလှသော သိုင်းပါရမီနှင့် ကျွဲတစ်ကောင်အလား အစွမ်းထက်လှသော ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ရင်တုန်စရာ ကောင်းလှ၏။

​ ထို့ထက်ပို၍ ဂူချန်၏ဘေးတွင် ပဉ္စမအဆင့် နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင် နှစ်ဦး အမြဲတမ်း စောင့်ရှောက်နေသည်ဟူသောအချက်က သူတို့၏ စိတ်ကို ပို၍ ဖိအားဖြစ်စေသည်။ ထိုဖိအားမှာ မြွေဟောက်တစ်ကောင်၏ ရစ်ပတ်ခြင်းကို ခံထားရသကဲ့သို့ ခံစားနေရစေသည်။

​ဘတ်စ်ကားပေါ်တွင် အားလုံးက ခေါင်းငုံ့ထားကြပြီး တစ်ကားလုံး တိတ်ဆိတ်နေတော့၏။ လီကျီရန် တစ်ယောက်သာလျှင် ထိုထူးဆန်းသော အခြေအနေကို ဂရုမစိုက်ဘဲ ဂူချန်ကို အတင်းမြှောက်ပင့် ပြောဆိုနေသည်။

​" ဘောစ့်... ဘောစ့်မှာ ဒီလောက်သန်မာတဲ့ အစောင့် နှစ်ယောက်ရှိတာ တကယ်ကို မိုက်တယ်ဗျာ.."

​"ဘောစ့်... အဲဒီမိန်းမ ဝတ်ထားတဲ့ အဝတ်အစားကို ကျွန်တော် သိတယ်၊ သူက အမှိုက်တက္ကသိုလ်တစ်ခုက ဆရာမပဲ .. ဘောစ့်ရဲ့ ဂူမိသားစုနဲ့ ယှဉ်ရင် သူက လပြည့်ဝန်းရှေ့က ကြယ်သေးသေးလေးနဲ့တူတယ်.."

​"ဘောစ့်... ကျွန်တော်..."

​"ပါးစပ်ပိတ်စမ်း.."

ဂူချန်က စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်ပြီး လီကျိရန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

​ဖြန်း...

​ လီကျီရန်၏ မျက်နှာမှာ တစ်ဖက်သို့ လည်ထွက်သွားသော်လည်း သူက ဒေါသထွက်ဟန် မပြ။ ယခင်ထက်ပင် ပို၍ အားကိုးတကြီး ကြည့်နေပြန်သည်။

​ ဂူချန်က စိတ်ပျက်စွာဖြင့် မျက်လုံးမှိတ်လိုက်၏။ သူ ထိုကောင်ကို နောက်ထပ် လက်ဝါးတစ်ချက် ထပ်ကျွေးချင်သော်လည်း စနစ်က ဘာသတိပေးချက်မှ မပြပေ။ ဆိုလိုသည်မှာ လီကျီရန်ကို ရိုက်နှက်ခြင်းမှာ ကောင်းမှုကုသိုလ် မြောက်ပုံမရဘဲ ထိုကောင်ကပင် သဘောကျနေပုံရသည်။

​ ဤသို့သော လူစားမျိုးကို သူ ဘာမှမတတ်နိုင်ပေ။ ထို့အပြင် လီကျီရန်မှာ သစ္စာရှိသော လက်ပါးစေတစ်ဦး ဖြစ်သဖြင့် သူ့ကို သတ်ပစ်၍လည်း မဖြစ်ပေ။

​ ဂူချန်သည် လိကျိရန်ကို လျစ်လျူရှုကာ စနစ်၏ မျက်နှာပြင်ကို ခေါ်ယူ၍ သူ၏ စေတနာတန်ဖိုး စုစုပေါင်းကို စစ်ဆေးလိုက်သည်။

​【လက်ရှိ စေတနာတန်ဖိုး - ၁၁၂၀】

'​စနစ်... ငါ့ရဲ့ စေတနာတန်ဖိုးတွေကို သိုင်းအဆင့်အတွက် သုံးလိုက်မယ် ..'

ဂူချန် စိတ်ထဲမှ တွေးလိုက်သည်။

​ ကျန်းနန်ပြည်နယ်၏ အသန်မာဆုံး ကျောင်းသားမှာ ဒုတိယအဆင့် အထွက်အထိပ်မှာသာ ရှိသေးသဖြင့် စစ်မှန်သောသိုင်းအဆင့် ၇တွင်ရှိသော ဂူချန်အတွက် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။ သို့သော် ဂူချန်အတွက်မူ ၉၉ ရာခိုင်နှုန်း အနိုင်ရနိုင်ခြေရှိခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူ တိုက်ခိုက်မည်ဆိုပါက အမြင့်ဆုံး အခြေအနေဖြင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။

​[ကျင့်ကြံမှုအတွက် ပြင်ဆင်နေသည်...]

​[အိမ်ရှင်၏ ပါရမီကြောင့်... ကျင့်ကြံမှု အရှိန်မြှင့်တင်နေသည်...]

​[ကျင့်ကြံမှု စတင်နေပြီ]

​[စေတနာတန်ဖိုး ၄၁၀ အသုံးပြုလိုက်သည်။ သင်၏ အဆင့်သည် စစ်မှန်သောသိုင်းနယ်ပယ် အဆင့် ၈သို့ တိုးတက်သွားပြီ ဖြစ်သည်]

​[စေတနာတန်ဖိုး ၉၆၀ အသုံးပြုလိုက်သည်။ သင်၏ အဆင့်သည် စစ်မှန်သောသိုင်းနယ်ပယ် အဆင့်၉၊ ပြီးပြည့်စုံသော အောင်မြင်မှုသို့ တိုးတက်သွားပြီ ဖြစ်သည်]

​[သင်၏ ခန္ဓာကိုယ်အတွင်း စစ်မှန်သောချီ လည်ပတ်မှုမှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားပြီ။ အသက်ရှူတိုင်းတွင် သင်၏ ခန္ဓာကိုယ်အတွင်းရှိ နေမင်းစကြာယန်ချီ ကို စိတ်တိုင်းကျ အသုံးပြုနိုင်သည်။ စစ်မှန်သောချီအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာသည်]

​[အိမ်ရှင်၏ ကျန်ရှိသော စေတနာတန်ဖိုးမှာ နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းရန် မလုံလောက်တော့ပေ။ ကျင့်ကြံမှုကို ရပ်တန့်မလား]

​' ရပ်လိုက်တော့..'

​ ဂူချန်၏ စိတ်အမိန့်ပေးမှုအပြီးတွင် မျက်နှာပြင်မှာ ပြောင်းလဲသွားသည်။

​[ကျင့်ကြံမှု ပြီးဆုံးသွားပြီ]

​[ကျန်ရှိသော စေတနာတန်ဖိုး - ၅၂]

' ​စေတနာတန်ဖိုးတွေက နည်းသွားပြန်ပြီ..သုံးရတာ မလောက်ဘူး..'

​ ဂူချန်သည် ကျန်ရှိနေသော တန်ဖိုးကို ကြည့်ကာ ခေါင်းကိုက်သွား၏ ။ ယွင်ယန်ထံမှ ရရှိခဲ့သော စေတနာတန်ဖိုး မှာမျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

​ ယခင်က စေတနာတန်ဖိုး တစ်ထောင်ဆိုလျှင် အဆင့်များစွာကို တက်လှမ်းနိုင်သော်လည်း ယခုအခါ နှစ်ဆင့်တက်ရုံနှင့်ပင် ကုန်လုနီးပါး ဖြစ်သွားသည်။ သို့သော် ဤသည်က ပုံမှန်သာ ဖြစ်သည်။ သူ၏ ပါရမီနှင့် အရည်အချင်းမှာ ယခင်ကထက် သာလွန်နေသောကြောင့် အဆင့် မြှင့်တင်ရန် ခက်ခဲမှုမှာလည်း တစ်ဆင့်ချင်း မြင့်တက်လာခြင်း ဖြစ်သည်။

​ မုရုံချင်းရွှယ်ကဲ့သို့ ပါရမီရှင်မျိုးပင် ဒုတိယအဆင့်အတွင်း တစ်ဆင့်တိုးရန် လပေါင်းများစွာ ကြာမြင့်တတ်သည်။ အကယ်၍ တတိယအဆင့်ဆိုလျှင် နှစ်နှင့်ချီ၍ ကြာနိုင်ပေသည်။ သို့သော် သူကမူ တစ်ချက်နှိပ်ရုံဖြင့် ဒုံးပျံကို ဖျင်ကြားညှပ်၍ အဆင့်တက်နိုင်လေသည် ။

​ ' ပါရမီနဲ့ အရည်အချင်း တိုးတက်မှုက ခွန်အားတိုးတက်မှုနဲ့ မျှတနေမှ စေတနာတန်ဖိုးတွေကို အထိရောက်ဆုံး သုံးနိုင်မှာ..'

ဂူချန် တွေးလိုက်သည်။

​ ပါရမီတိုးတက်ခြင်းက စေတနာတန်ဖိုး အနည်းငယ်ဖြင့် ခွန်အားပိုမိုရရှိစေပြီး၊ ခွန်အားတိုးတက်ခြင်းက ပိုမိုကြီးမားသော ကောင်းမှုကုသိုလ်များကို လုပ်ဆောင်နိုင်စေကာ စေတနာတန်ဖိုးများ ပိုမိုရရှိစေမည် ဖြစ်သည်။

​ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ခွန်အားများကို ခံစားရင်း ဂူချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ စစ်မှန်သောသိုင်းနယ်ပယ် အဆင့်ကိုး ဆိုသည်မှာ ချင်းဟယ်မြို့ရှိ မျိုးဆက်သစ်လူငယ်များထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။

​' နောက်တစ်ခါ စေတနာတန်ဖိုး လုံလောက်ရင် ခရမ်းရောင် နတ်ဆိုးမျက်လုံး ကို SSS အဆင့်အထိ အရင်မြှင့်ကြည့်ရမယ်.. ဘာတွေ ပြောင်းလဲသွားမလဲ သိချင်တယ်..'

​ ဂူချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

​' ကျန်းနန်ပြည်နယ်က ပါရမီရှင်လေးတို့... မလောကြပါနဲ့ဦး..မင်းတို့ရဲ့ အိပ်မက်ဆိုးတွေ လာနေပြီ..'

​ တစ်ချိန်တည်းမှာပင် လင်းထျန်းမြို့ အမှတ် (၁) အထက်တန်းကျောင်း၌...

​ကျောင်းသား ၁၀ ဦးနှင့် ဦးဆောင်ဆရာတို့သည် ကိုယ်ပိုင်ဘတ်စ်ကားပေါ်တွင် ထိုင်ကာ မနက်ဖြန်ပြုလုပ်မည့် ပုံစံတူ စစ်ဆေးမှုအကြောင်း ရယ်မောကာ ပြောဆိုနေကြသည်။

​"ချင်းဟယ်မြို့က ပါရမီရှင်မလေး ရှုံးသွားတယ်လို့ ကြားတယ်.. တကယ်ကို ရှက်စရာပဲ.."

​"ဒုတိယအဆင့်၇က ကောင်မလေးလား.."

​"အေး... ဘယ်သူ့ကို ရှုံးတာလဲ သိလား.."

​"ဝှက်မထားပါနဲ့ဟ..ပြောပြစမ်းပါ.."

​"ချင်းဟယ် ဂူမိသားစုရဲ့ သခင်လေး ဂူချန်ပဲ.. မင်းတို့လည်း သိမှာပါ.."

​"မဖြစ်နိုင်တာ... မင်းနောက်နေတာလား.. အဲဒီလို မိန်းမလိုက်စားတဲ့ လူရှုပ်လူပွေက ဒီလောက်အထိ သန်မာပါ့မလား.."

​"ယုံချင်ယုံ..မယုံချင်နေ.."

​ သူတို့နှစ်ဦး၏ ငြင်းခုံသံမှာ ရှေ့ဆုံးတွင် ထိုင်နေသော မိန်းကလေးဆန်ဆန် လူငယ်တစ်ဦး၏ စိတ်ဝင်စားမှုကို ရရှိသွားသည်။

​"ရှောင်လီ... မင်းရဲ့ သတင်းက သေချာရဲ့လား.."

​"သေချာတာပေါ့.. တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ထားတာ.. တကယ်ကြီးပဲ.."

​ ထိုကျောင်းသားက စိုးရိမ်တကြီး ပြောလိုက်သည်။

"မုရုံချင်းရွှယ်ကို အနိုင်ရတယ်ဆိုရင် ဂူချန်ရဲ့ အစွမ်းက ဒုတိယအဆင့် အထွက်အထိပ်လောက် ရှိမှာပဲ.. ငါတို့ အရင်က လူရှုပ်လို့ ထင်ထားတဲ့လူက ရုတ်တရက် အသန်မာဆုံး ဖြစ်လာမယ်လို့ ဘယ်သူ ထင်ထားမှာလဲ.."

​ ဘေးမှ ဆရာ ဝမ်ကန်းကလည်း သတိပေးလိုက်သည်။

"ဂူချန်က ဒီနှစ် စစ်ဆေးမှုမှာ မင်းတို့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ်.. သူနဲ့တွေ့ရင် ဝေးဝေးက ရှောင်ကြပေါ့.."

​"ကျွန်တော်တော့ အဲဒီလို မထင်ဘူး.."

​ သို့သော် ထိုအချိန်တွင် ဘတ်စ်ကားပေါ်၌ မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းက ထိုအသံရှင်ကို ကြည့်လိုက်ကြရာ အိုးရန်ပုကျန့် ဖြစ်နေသည်။

​ အိုးရန်ပုကျန့်က လက်ပိုက်လျက် သူ၏ မိန်းကလေးဆန်သော မျက်နှာတွင် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

​"ဆရာဝမ်... ဆရာက အဲဒီလူရှုပ်ကို အထင်ကြီးလွန်းနေပြီ.. ဒုတိယအဆင့် အထွက်အထိပ် အဆင့်တူချင်းမှာတောင် ခွန်အားချင်းက ကွာခြားမှု အများကြီး ရှိတယ်.. အချိန်တန်ရင် သူ့ရဲ့ အဆင့်အတန်းက ဘယ်လောက်တောင် အနှစ်မရှိဘဲ ပေါ့ပျက်ပျက် ဖြစ်နေသလဲဆိုတာ နားလည်အောင် ကျွန်တော် လုပ်ပြပေးလိုက်မယ် .."

All Chapters