← Chapters

အခန်း (၁၅၀-၁၅၁)

Vol. 13 Ch. 150-151

အခန်း (၁၅၀-၁၅၁)

Vol. 13 Ch. 150-151

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၅၀) - အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်

ဘာသာပြန် - အားသစ်

"လုဝေ့... ရှင်လာတာနဲ့ အတော်ပဲ။ ဒီသင်းခွေချပ်သားရဲကို သယ်ဖို့ ကူညီပေးပါဦး။"

ချန်ရွှယ်ကတော့ ဘာကိုမှ ဂရုမစိုက်သည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။

လုဝေ့ ရှေ့သို့ တက်သွားပြီး သင်းခွေချပ်သားရဲ၏ အလောင်းကို ဆွဲယူကာ မြေပြင်ပေါ်သို့ ပစ်‌ပေါက်ချလိုက်သည်။

"ချန်ရွှယ်... မင်း တကယ်ပဲ ဘာတွေ လုပ်နေတာတုန်းကွ"

ချန်ရွှယ်က နှာမှုတ်လိုက်ပြီး "ရှင်တို့အားလုံး အစ်ကိုကျိုးအတွက် လက်စားမချေပေးရင် ကျွန်မကိုယ်တိုင် လုပ်မယ်။ ဒီသင်းခွေချပ်သားရဲက တစ်ကောင်တည်း ရှိနေတာ။ သူ့ကို သတ်ဖို့ ကျွန်မ အတော်လေး အားစိုက်ခဲ့ရတယ်"

"တစ်ကောင်တည်းလား"

"ဟုတ်တယ်။ ကျွန်မက သင်းခွေချပ်သားရဲတွေရဲ့ အသိုက်ထဲကို ဝင်တိုက်ပြီး အသေခံမယ့်သူလို့ ရှင်ထင်နေတာလား။"

"ဒါပေမဲ့ တစ်ကောင်တည်း ဖြစ်နေရင်တောင် သင်းခွေချပ်သားရဲတွေက အုပ်စုလိုက် နေတတ်တာ မင်းမသိဘူးလား။ တစ်ကောင်တည်း ရှိနေတဲ့ သားရဲက နတ်ဆိုးတစ်ကောင် ဖြစ်နေတာဟာ တိုက်ဆိုင်မှုလို့ မင်းထင်နေတာလား။ အဲဒါ ကင်းလှည့်နေတဲ့ နတ်ဆိုးလည်း ဖြစ်နိုင်တာပဲ"

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် နှစ်အတော်ကြာ နေထိုင်ခဲ့သဖြင့် လုဝေ့သည် သင်းခွေချပ်သားရဲများအကြောင်းကို ကောင်းကောင်း သိထားသည်။ ဤသားရဲများသည် နယ်မြေစွဲ အလွန်ကြီးမားကြသည်။ သူတို့၏ နယ်မြေအတွင်းတွင် လူသားများကဲ့သို့ပင် ကင်းလှည့်ရန်အတွက် သားရဲများကို စေလွှတ်လေ့ရှိသည်။

အကယ်၍ ကင်းလှည့်နေသော နတ်ဆိုးတစ်ကောင် ပျောက်ကွယ်သွားပါက ပြဿနာတက်ပေလိမ့်မည်။ ထိုသင်းခွေချပ်သားရဲများ သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်လာကြပေလိမ့်မည်။

"ဒီလောက်အထိတော့ မတိုက်ဆိုင်နိုင်ပါဘူး။ ကျွန်မ အသိုက်နားကိုတောင် မရောက်သေးဘူး။ အခြေစိုက်စခန်းနဲ့ မလှမ်းမကမ်းမှာပဲ ဒီကောင်ကို တွေ့လိုက်တာ"

ချန်ရွှယ် အလွန်ပျော်ရွှင်နေပုံရသည်။ သင်းခွေချပ်သားရဲတစ်ကောင်ကို သတ်လိုက်ရသဖြင့် သူမ၏ ဒေါသများ အတော်လေး လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။

"ချန်ရွှယ်... မင်း တကယ်ကို မဆင်မခြင် လုပ်တာပဲ။ ဒီကိစ္စကို ငါ စစ်သေနာပတိချုပ်ဆီ သတင်းပို့ရလိမ့်မယ်။ အဲဒီအချိန်ကျရင် စစ်သေနာပတိချုပ်က မင်းကို အပြစ်ပေးမပေးဆိုတာတော့ ငါ မသိဘူး"

"ပေးချင်သလို ပေးပါစေ"

ချန်ရွှယ်သည် သင်းခွေချပ်သားရဲကို သယ်ပြီး ထွက်သွားတော့သည်။ နတ်ဆိုးအဆင့်ရှိသော သင်းခွေချပ်သားရဲတစ်ကောင်မှာ အလွန် တန်ဖိုးရှိပြီး အထူးသဖြင့် အကျိုးပြုမှတ် နှင့် လဲလှယ်၍ ရနိုင်သည်။

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးသည် ကာကွယ်ရေးတာဝန် တစ်ကြိမ်အတွက် ရရှိသော အကျိုးပြုမှတ်မှာ အလွန်ပင် နည်းပါးလှသည်။ ဥပမာအားဖြင့် စစ်သေနာပတိချုပ် လင်းဖုန်းပင်လျှင် ကာကွယ်ရေးတာဝန်အတွက် တစ်နှစ်လျှင် အကျိုးပြုမှတ် ၁၀ မှတ်သာ ရရှိသည်။ သာမန်သာလွန်လူသားများမှာမူ ၅ မှတ်သာ ရရှိကြသည်။

အကယ်၍ ထိုအကျိုးပြုမှတ် ၅ မှတ်ပေါ်မှာသာ မှီခိုနေရပါက သိုင်းပညာရပ်များ၊ ကျင့်စဉ်များနှင့် လိုအပ်သော လက်နက်ကိရိယာများကို သိုင်းနယ်မြေကွန်ရက်၏ အွန်လိုင်းအရောင်းဆိုင်မှ ဝယ်ယူနိုင်ရန်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းရပေလိမ့်မည်။

သိုင်းပညာရပ်နှင့် သိုင်းကျင့်စဉ်များမှာ အလွန် ဈေးကြီးလှသည်။

ထို့ကြောင့် အကျိုးပြုမှတ်ရရှိရန် အကောင်းဆုံးနည်းလမ်းမှာ ထိုသားရဲရိုင်းများ သို့မဟုတ် နတ်ဆိုးများကို အမဲလိုက်ခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် သင်းခွေချပ်သားရဲများထဲမှ သားရဲဘုရင်တစ်ကောင်သည် ဂုဏ်ပြုမှတ် အနည်းငယ်သာ တန်ဖိုးရှိသော်လည်း သာမန်သားရဲရိုင်းများမှာမူ ဂုဏ်ပြုမှတ် လုံးဝ မရရှိပေ။

သာမန် နတ်ဆိုးတစ်ကောင်ကို သတ်နိုင်လျှင် သို့မဟုတ် အရှင်ဖမ်းမိလျှင် ဂုဏ်ပြုမှတ် ၅ မှတ် ရရှိမည် ဖြစ်သည်။ အကယ်၍ နတ်ဆိုးဗိုလ်ချုပ်သာ ဖြစ်ပါက တစ်မျိုးတစ်မည် ဖြစ်သွားပေလိမ့်မည်။ ဂုဏ်ပြုမှတ် ၅၀ ကို တစ်ပြိုင်နက်တည်း ရရှိနိုင်သည်။

အမှန်ပင်။ နတ်ဆိုးဗိုလ်ချုပ်တစ်ကောင်ကို သတ်ရန်မှာ အလွန် ခက်ခဲလှသည်။ သာမန်နတ်ဆိုးများပင်လျှင် သတ်ရန် မလွယ်ကူပေ။ ချန်ရွှယ်က လွယ်ကူသည်ဟု ပြောသော်လည်း နောက်ဆုံးတွင် သတ်နိုင်ရန်အတွက် ထိုနတ်ဆိုးနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရမည်မှာ အသေအချာပင်။

ချန်ရွှယ် ဥပေက္ခာပြုကာ ထွက်သွားသည်ကို ကြည့်ရင်း လုဝေ့ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။

"တကယ်လို့ ချန်ရွှယ်သာ ဒီလိုပဲ ဆက်ပြီး စိတ်ထင်သလို လုပ်နေမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို သူမကိုယ်တိုင်ရော အခြေစိုက်စခန်းတစ်ခုလုံးပါ ပျက်စီးသွားလိမ့်မယ်။ သူမကို ဒီမှာ ဆက်ထားလို့ မဖြစ်တော့ဘူးပဲ"

လုဝေ့ ခဏမျှ တွေးတောပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကာ လင်းဖုန်း၏ နေအိမ်သို့ အပြေးအလွှား သွားတော့သည်။

"အောင်မြင်ပြီ"

လျှို့ဝှက်ခန်းထဲတွင် လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ တိုးလျှံနေသော ကြယ်တာရာစွမ်းအားများကို အာရုံခံမိလိုက်သည်။ လက်ရှိလင်းဖုန်းတွင် ရှိသောစွမ်းအားမျှင်အရေအတွကိမှာ တစ်ခု နှစ်ခု မဟုတ်သလို မူလကရှိသော ၅၂၃ ခုလည်း မဟုတ်တော့ပေ။

စုစုပေါင်း ကြယ်တာရာစွမ်းအားမျှင် ၂၆၀၀ ပင်။

ပုံမှန်အားဖြင့် သိုင်းသမားများ အသွင်ပြောင်းနယ်ပယ် ပထမအဆင့်မှ ဒုတိယအဆင့်သို့ တက်လှမ်းသည့်အခါ ကြယ်တာရာစွမ်းအားမှာ တစ်ခဏအတွင်း အဆမတန် တိုးပွားလာလေ့ရှိသည်။ လင်းဖုန်းအတွက်လည်း ထိုနည်းတူပင်။ မူလက ၅၀၀ ကျော်သာရှိသော စွမ်းအားမျှင်မှာ ယခုအခါ ၂,၆၀၀ အထိ တဟုန်ထိုး တိုးတက်လာခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

ပုံမှန်အားဖြင့် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး၏ အကန့်အသတ်မှာ စွမ်းအားမျှင် ၉၉၉ ခုသာ ရှိသည်။ သို့သော် လင်းဖုန်းမှာမူ သာမန် ဒုတိယအဆင့် သိုင်းသမားတစ်ဦး၏ အကန့်အသတ်ကို ကျော်လွန်သွားရုံသာမက ထိပ်တန်း ဒုတိယအဆင့် သိုင်းသမားတစ်ဦးထက် နှစ်ဆကျော်ပိုလွန်သော ခွန်အားကိုပင် ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ထို့ပြင် ဤသည်မှာ လင်းဖုန်း၏ အကန့်အသတ် မဟုတ်သေးပေ။ သူ၏ ကြယ်တာရာစွမ်းအားမှာ ဆက်လက် တိုးပွားနိုင်သေးပြီး နောက်ဆုံးတွင် ၅၀၀၀ ကျော်အထိပင် ရောက်ရှိနိုင်ပေသည်။

လင်းဖုန်းအနေဖြင့် များပြားလှသော စွမ်းအားများကို မျှော်လင့်ထားသော်လည်း ဤမျှလောက်သော စွမ်းအားများ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာမှုအတွက် အနည်းငယ် တုန်လှုပ်မိဆဲပင်။

ကြယ်တာရာစွမ်းအားမျှင် ၂၆၀၀ နှင့်ဆိုလျှင် ဟင်းလင်းပြင်ပူဖောင်းကို အားကုန်သုံးမည်ဆိုပါက တစ်ပြိုင်နက်တည်းတွင် ပူဖောင်းခြောက်ခုအထိ အသုံးပြုနိုင်ပေလိမ့်မည်။ ရန်သူအများအပြားကို ရင်ဆိုင်ရလျှင်ပင် လင်းဖုန်း ကြောက်နေစရာ မလိုတော့ပေ။

ထို့ပြင် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားမှာလည်း ကြယ်တာရာစွမ်းအားပေါ်မူတည်၍ တိုးလာနိုင်သည်။ ဥပမာအားဖြင့် အခြေခံအကျဆုံး ပူဖောင်းတစ်ခုအတွက် စွမ်းအားမျှင် ၄၀၀ ကုန်ကျသည်။ သို့သော် အကယ်၍ စွမ်းအားမျှင် ၂၆၀၀ စလုံးကို အသုံးပြုပြီး ပူဖောင်းတစ်ခုတည်းကို ဖန်တီးမည်ဆိုပါက ၎င်းသည် မည်မျှလောက်အထိ အစွမ်းထက်လိုက်မည်နည်း။

လင်းဖုန်း တစ်ခါမျှ မစမ်းသပ်ဖူးသော်လည်း အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦးမှာမူ သေချာပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။ အကြောင်းမှာ ကြယ်တာရာစွမ်းအား ကွာခြားချက်ကပင် အလွန်ကြီးမားနေသောကြောင့်ပင်။

လက်ရှိတွင် လင်းဖုန်းသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သဖြင့် စိတ်အခြေအနေ ကောင်းမွန်နေသည်။ နောင်တွင် ဤကြယ်တာရာစွမ်းအားများကို ဖြည်းဖြည်းချင်း စုစည်းသွားရန်သာ ရှိတော့ပြီး အလျင်စလို လုပ်စရာ မလိုတော့ပေ။

အသွင်ပြောင်းနယ်ပယ် တတိယအဆင့်အတွက်မူ... လင်းဖုန်းသည် ယခုတစ်ကြိမ်တွင် အလွန် အန္တရာယ်များသော အဆင့်တက်ခြင်းကို ကြုံတွေ့ခဲ့ရသဖြင့် နောက်တစ်ကြိမ်အတွက်မူ လုံးဝဥဿုံ ယုံကြည်မှု မရှိဘဲ မဆင်မခြင် အဆင့်တက်ရန် မကြိုးစားဝံ့တော့ပေ။

နောက်လာမည့် အချိန်များတွင် ကြယ်တာရာစွမ်းအားများကို စုစည်းပြီး ခွန်အားမြှင့်တင်ခြင်းအပြင် စိတ်ဆန္ဒကို လေ့ကျင့်ရန်အတွက်လည်း အာရုံစိုက်ရပေလိမ့်မည်။ သို့မဟုတ်ပါက နောက်တစ်ကြိမ် အဆင့်တက်ရန် ကြိုးစားသည့်အခါ စွမ်းအားမျှင် ၅၀၀ မဟုတ်ဘဲ ၅၀၀၀ ကျော်ကို ရင်ဆိုင်ရမည် ဖြစ်သည်။

အကယ်၍ စိတ်ဆန္ဒ မလုံလောက်ပါက အဆင့်မတက်နိုင်ရုံသာမက ကျရှုံးသွားပါက အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။

"စစ်သေနာပတိချုပ်... ခေါင်းဆောင်လုဝေ့ လာတွေ့ပါတယ်ဗျ။ အရေးကြီးကိစ္စ တင်ပြစရာ ရှိတယ်လို့ ပြောပါတယ်"

အပြင်ဘက်ရှိ ကင်းစောင့်က လာရောက် သတင်းပို့ပြန်သည်။ လင်းဖုန်း၏ ရင်ထဲတွင် တစ်ချက် တုန်သွားသည်။ လုဝေ့ ဘာလို့ ရောက်လာတာလဲ။

လုဝေ့ ရောက်လာသည်ကို ကြားလိုက်ရသောအခါ လင်းဖုန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို ခဏခဏ လာရှာတတ်သော ချန်ရွှယ်ကို သတိရလိုက်သည်။ ဘာလို့ ရုတ်တရက် ဘာသံမှ မကြားရတော့တာလဲ။ သူမ သူ့ကို လာပြီးမနှောင့်ယှက်တာ ရက်အနည်းငယ် ရှိပြီ ဖြစ်သည်။

ဒါက အတော်လေး ထူးဆန်းသည်။ ချန်ရွှယ်သည် အလွန် ဇွဲနပဲကြီးသူဖြစ်ပြီး အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ပေ။ သို့သော် သူမ ရက်အတော်ကြာအောင် ပေါ်မလာခဲ့ပေ။ အခြေစိုက်စခန်းမှာ တစ်ခုခု ဖြစ်လို့လား။

ထိုသို့တွေးရင်း လင်းဖုန်းသည် မတ်တတ်ရပ်ကာ လျှို့ဝှက်ခန်းတံခါးကို ဖွင့်လိုက်ပြီး လုဝေ့ကို တွေ့ရန် ပြင်လိုက်သည်။

ဧည့်ခန်းသို့ ရောက်သောအခါ လုဝေ့မှာ စောင့်ဆိုင်းနေပြီး ဖြစ်သည်။

"ခေါင်းဆောင်လု... ဘာအရေးပေါ်ကိစ္စ ရှိလို့လဲ။"

လင်းဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။

"စစ်သေနာပတိချုပ်... ခေါင်းဆောင်ချန်ရွှယ်ကို တခြားနေရာကို ပြောင်းရွှေ့ပေးဖို့ အထက်ကို တင်ပြပေးပါဦး။"

လုဝေ့က လင်းဖုန်းကို မြင်သည်နှင့် တိုက်ရိုက်ပင် ပြောလိုက်သည်။ သူ၏ လေယူလေသိမ်းနှင့် အမူအရာမှာ အလွန် လေးနက်နေသည်။

"ချန်ရွှယ်ကို ပြောင်းရွှေ့ခိုင်းချင်တာလား။"

လင်းဖုန်း အနည်းငယ် အံ့ဩသွားသည်။ လုဝေ့သည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် ချန်ရွှယ်ကို အမှန်တကယ် ဂရုစိုက်ပြီး သူမနှင့် အရင်းနှီးဆုံးသူ ဖြစ်ကြောင်း သူ သိထားသည်။ သို့သော် ဘာကြောင့် လုဝေ့က ချန်ရွှယ်ကို ပြောင်းရွှေ့ခိုင်းရတာလဲ။

"စစ်သေနာပတိချုပ်... ချန်ရွှယ်က အရမ်းကို မဆင်မခြင် လုပ်တတ်လွန်းပါတယ်။ သူမက ကျွန်တော် အရင်က ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖီဆန်ပြီး အခြေစိုက်စခန်းကနေ ခွင့်ပြုချက်မရှိဘဲ သင်းခွေချပ်သားရဲတွေကို အမဲလိုက်ဖို့ ထွက်သွားခဲ့ပါတယ်။ တကယ်လို့ သူမသာ ဒီအတိုင်း ဆက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေဦးမယ်ဆိုရင် သူမကိုယ်တိုင်တင် မဟုတ်ဘဲ အခြေစိုက်စခန်းတစ်ခုလုံး ဘေးဒုက္ခ ရောက်နိုင်ပါတယ်"

လုဝေ့က ချန်ရွှယ် မည်သို့ ခွင့်ပြုချက်မရှိဘဲ ထွက်သွားကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ လင်းဖုန်းလည်း ချန်ရွှယ်၏ လုပ်ရပ်က အခြေစိုက်စခန်းအတွက် မည်မျှ အန္တရာယ်များကြောင်း တဖြည်းဖြည်း နားလည်လာသည်။

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ လုဝေ့ကလည်း သူ့ကို အလောတကြီး မတိုက်တွန်းဘဲ ငြိမ်သက်စွာ စောင့်နေသည်။

အတော်ကြာမှ လင်းဖုန်း မတ်တတ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သွားကြစို့... ခေါင်းဆောင်ချန်ရွှယ်ကို သွားတွေ့ကြတာပေါ့"

လုဝေ့၏ မျက်လုံးများမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ လင်းဖုန်းက ဘာကြောင့် ချန်ရွှယ်ကို အခုအချိန်မှာ သွားတွေ့ချင်ရတာလဲဆိုတာ သူ မသိပေမဲ့ ခေါင်းညိတ်လိုက်ပြီး လင်းဖုန်းကို လမ်းပြပေးလိုက်တော့သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၅၁) - ပါးရိုက်ချက် နှစ်ချက်

ဘာသာပြန် - အားသစ်

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ ကွင်းပြင်ကျယ်ထဲတွင် ကြီးမားလှသော သင်းခွေချပ်သားရဲ အလောင်းကြီး ရုတ်တရက် ရောက်ရှိလာမှုက အခြေစိုက်စခန်းရှိ သိုင်းသမားအများအပြားကို ဆွဲဆောင်သွားခဲ့သည်။

"ဒါ သင်းခွေချပ်သားရဲ အလောင်း မဟုတ်လား။ ကြည့်ရတာ သာမန် သင်းခွေချပ်သားရဲနဲ့တော့ မတူဘူးနော်"

"သာမန် မဟုတ်တာ သေချာတာပေါ့။ ဒီလောက်ကြီးမားတဲ့ သာမန်သင်းခွေချပ်သားရဲကို မင်း တွေ့ဖူးလို့လား။ ငါ့အထင်တော့ ဒါ နတ်ဆိုးတစ်ကောင်ပဲ"

"ဘာ... နတ်ဆိုးလား။ အခြေစိုက်စခန်းက သင်းခွေချပ်သားရဲတွေကို သွားမစဖို့နဲ့ အမဲမလိုက်ဖို့ အမိန့်ထုတ်ထားတာ မဟုတ်ဘူးလား"

"ငါကြားတာတော့ ခေါင်းဆောင်ချန်ရွှယ်ကိုယ်တိုင် သွားသတ်လာတာတဲ့..."

သိုင်းသမားများကြားတွင် ဝေဖန်ဆွေးနွေးမှုများ ပျံ့နှံ့နေသည်။ သင်းခွေချပ်သားရဲ အလောင်းတစ်ခု၊ ထိုမျှမက မိစ္ဆာတစ်ကောင် ဖြစ်နေခြင်းကပင် အာရုံစိုက်စရာ ဖြစ်နေပြီဖြစ်ရာ ချန်ရွှယ်နှင့် ပတ်သက်နေသည်ဆိုသော အချက်က ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။

ချန်ရွှယ်သည် အခြေစိုက်စခန်းတွင် စစ်လိုလားသူ တစ်ဦးဖြစ်ပြီး ထိုကိစ္စတွင် အတော်လေး အရူးအမူးဖြစ်နေသူ ဖြစ်ကြောင်း လူတိုင်း သိကြသည်။ လူအများစုက ချန်ရွှယ်၏ အယူအဆကို သဘောမတူကြသော်လည်း သူမနောက်သို့ လိုက်လိုသူ အချို့လည်း ရှိနေပေသည်။

ထို့ကြောင့် ချန်ရွှယ်သည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် ဩဇာအာဏာ အတိုင်းအတာတစ်ခုအထိ ရှိနေဆဲပင်။

အမှန်တကယ်တော့ သာမန်သိုင်းသမားများသာမက သာလွန်လူသား ကျွမ်းကျင်သူ အများအပြားသည်လည်း ချန်ရွှယ်၏ လုပ်ရပ်ကြောင့် ရောက်ရှိလာကြသည်။ သူတို့အားလုံး မျက်မှောင်ကြုတ်နေကြသည်။ ချန်ရွှယ် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူမသည် ဤမျှအထိ လူသိရှင်ကြား ဖြစ်အောင် လုပ်ပြနေခြင်းမှာ ယခင်က လုဝေ့ ထုတ်ပြန်ထားသော အမိန့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင်။ ယခုအခါ စစ်သေနာပတိချုပ်သစ် ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုအမိန့်ကို ပယ်ဖျက်ခြင်း မရှိသေးသရွေ့ ချန်ရွှယ်၏ လုပ်ရပ်မှာ အခြေစိုက်စခန်း၏ အမိန့်ကို ဖီဆန်နေခြင်းသာ ဖြစ်သည်။

အကျိုးဆက်မှာ အလွန်ပင် ကြီးမားနိုင်ပေသည်။

ချန်ရွှယ်သည် သင်းခွေချပ်သားရဲ အလောင်းပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သိုင်းသမားများကို ပြောလိုက်သည်။

"တချို့လူတွေက သင်းခွေချပ်သားရဲတွေက အရမ်းအစွမ်းထက်တယ်၊ ကျွန်မတို့ သူတို့ကို မနိုင်ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ အခု ဒီအလောင်းကို ကြည့်လိုက်စမ်းပါ။ ဒါက သင်းခွေချပ်သားရဲပဲ၊ နတ်ဆိုးတစ်ကောင်လည်း ဖြစ်တယ်။ ဒီကောင်က တအားအစွမ်းထက်နေလို့လား။ ကျွန်မ ဒီကောင့်ကို သတ်ခဲ့ပြီးပြီ။ သင်းခွေချပ်သားရဲတွေက ဘယ်လောက်တောင် အစွမ်းထက်နိုင်မှာမို့လဲ"

"တချို့လူတွေကတော့ အရင်တစ်ခါ ရှုံးနိမ့်မှုကို ကြောက်ပြီး ငါတို့ သင်းခွေချပ်သားရဲတွေကို မနိုင်တော့ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက သင်းခွေချပ်သားရဲတွေဘက်ကလည်း အကျအဆုံး များခဲ့တာပဲ မဟုတ်လား။ ငါတို့သာ ပိုကြိုးစားပြီး သူတို့ကို ပိုသတ်နိုင်မယ်ဆိုရင် ဒီသင်းခွေချပ်သားရဲတွေကို အမြစ်ပြတ်အောင် တိုက်နိုင်မှာပဲ။ ဒါက ငါတို့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ အဓိကရည်ရွယ်ချက်ပဲ မဟုတ်ဘူးလား"

"စစ်သေနာပတိချုပ် ကျိုးယွင်က ဒီပန်းတိုင်အတွက်ပဲ ကျွန်မတို့ကို သင်းခွေချပ်သားရဲတွေရဲ့ အသိုက်ထဲအထိ ခေါ်သွားခဲ့တာ။ ကျွန်မတို့ အောင်မြင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာပါ။ အားလုံးပဲ... သင်းခွေချပ်သားရဲတွေကို မကြောက်ကြပါနဲ့။ သူတို့က ကြောက်စရာ မဟုတ်ပါဘူး"

ချန်ရွှယ်၏ ကျယ်လောင်သော လှုံ့ဆော်မှုကြောင့် သိုင်းသမားအများအပြား၏ စိတ်ဓာတ်များ ခဏတာ မြင့်တက်လာသည်။ တဖြည်းဖြည်းနှင့် ချန်ရွှယ်ကို ထောက်ခံသူများ ပေါ်ထွက်လာသည်။

"ချန်ရွှယ်... မင်း ဘာလုပ်နေတာလဲ"

ရုတ်တရက် အဝေးမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံထဲတွင် အောင့်အည်းထားသော ဒေါသများ ပါဝင်နေသည်။

ထိာအသံရှင်မှာ လုဝေ့ပင် ဖြစ်သည်။ သူ့ဘေးတွင်မူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ်သစ် လင်းဖုန်း ပါလာသည်။

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ သိုင်းသမားအများအပြားမှာ လင်းဖုန်း၏ အမည်ကို ကြားဖူးနားဝ ရှိနေကြပြီ ဖြစ်သည်။ သိုင်းသမားများအတွက် မူဝါဒသစ် ပေါ်ပေါက်လာခြင်းမှာ လင်းဖုန်းနှင့် နီးကပ်စွာ ဆက်စပ်နေသည်။

သို့သော် လင်းဖုန်းသည် အခြေစိုက်စခန်းသို့ ရောက်လာပြီးနောက် ပထမဆုံး သုံးရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သည်မှအပ ကျန်အချိန်များကို ကျင့်ကြံရင်းသာ ကုန်ဆုံးစေခဲ့သည်။ အခြေစိုက်စခန်းရှိ သိုင်းသမားအများအပြားမှာ လင်းဖုန်းကို တစ်ခါမျှပင် မမြင်ဖူးကြပေ။

ယခုအချိန်တွင် လင်းဖုန်း ပေါ်လာခြင်းဖြစ်ရာ လူအများအပြားကို စပ်စုချင်စိတ် ဖြစ်ပေါ်စေသည်။

လုဝေ့မှာမူ ဒေါသထွက်နေသည်။ သူသည် သင်းခွေချပ်သားရဲ အလောင်းရှေ့သို့ ရောက်လာပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"ချန်ရွှယ်... မင်း ရူးနေလား။ ချက်ချင်း ဆင်းလာခဲ့စမ်း"

ချန်ရွှယ်၏ စကားများမှာ အခြေစိုက်စခန်း၏ အမိန့်များကို လုံးဝ ဆန့်ကျင်နေခြင်း ဖြစ်သည်။

လင်းဖုန်းလည်း မျက်မှောင်ကြုတ်လိုက်မိသည်။ အစပိုင်းတွင် ချန်ရွှယ်၏ အခြေအနေကို သူ အနည်းငယ် စာနာမိခဲ့သော်လည်း ယခုမူ သူ စိတ်မရှည်တော့ပေ။ လုဝေ့၏ အကြံပြုချက်ကိုပင် သူ စဉ်းစားနေမိသည်။ ချန်ရွှယ်ကို တကယ်ပဲ ပြောင်းရွှေ့ပေးသင့်သလား။

ချန်ရွှယ်သည် လုဝေ့ကို တစ်ချက်ကြည့်ပြီးနောက် လင်းဖုန်းထံသို့ အကြည့်ကို လွှဲလိုက်သည်။ သူမက အေးစက်စက် ပြောလိုက်သည်။

"စစ်သေနာပတိချုပ်... နောက်ဆုံးတော့ ရှင် အပြင်ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ ရှင် သင်းခွေချပ်သားရဲတွေကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား။ အမှန်တော့ သူတို့က ရှင်ထင်သလောက် ကြောက်စရာ မကောင်းပါဘူး။ ကြည့်စမ်း... ကျွန်မ ဒီသားရဲတစ်ကောင်ကို အလွယ်တကူ သတ်ခဲ့တာပဲလေ"

လင်းဖုန်းက ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်ရွှယ်က ဆက်ပြောသည်။

"စစ်သေနာပတိချုပ်... ကျွန်မတို့ အခုအချိန်မှာ သင်းခွေချပ်သားရဲတွေကို အခွင့်ကောင်းယူပြီး တိုက်သင့်တယ်လို့ ထင်ပါတယ်။ အရင်တစ်ခါက ကျွန်မတို့ဘက်က အကျအဆုံး များခဲ့ပေမဲ့ သင်းခွေချပ်သားရဲတွေဘက်ကလည်း အကျအဆုံး များခဲ့တာပဲ။ ကျွန်မတို့သာ အစပျိုးပြီး တိုက်ခိုက်မယ်ဆိုရင် သင်းခွေချပ်သားရဲတွေရဲ့ အသိုက်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ သေချာပါတယ်"

လူတိုင်း လင်းဖုန်းကို ကြည့်လိုက်ကြသည်။ လုဝေ့မှာ အလွန် စိုးရိမ်နေသော်လည်း လင်းဖုန်းဘက်မှ ဘာမှ မပြောသေးသရွေ့ သူ အောင့်အည်းနေရုံသာ တတ်နိုင်သည်။

လင်းဖုန်း၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူက ပထမဆုံးအကြိမ်အဖြစ် မေးခွန်းထုတ်လိုက်သည်။

"ခေါင်းဆောင်ချန်ရွှယ်... မင်းက အစပျိုးပြီး တိုက်ခိုက်ဖို့ တိုက်တွန်းနေတာပဲ။ သင်းခွေချပ်သားရဲတွေရဲ့ အရေအတွက် အတိအကျကို မင်းသိလား။ သူတို့အသိုက်ထဲမှာ နတ်ဆိုးဘယ်နှကောင် ရှိလဲ။ တကယ်လို့ အသိုက်ထဲက နတ်ဆိုးဗိုလ်ချုပ်က ထပ်ပြီး တိုက်ခိုက်လာရင်ရော။ ဒီအချက်တွေကို မင်း ထည့်စဉ်းစားထားလား"

လင်းဖုန်း၏ ပြတ်သားပြီး ဆက်တိုက်ထွက်ပေါ်လာသော မေးခွန်းများကြောင့် ချန်ရွှယ်၏ အကြည့်များမှာ အနည်းငယ် ပျာယာခတ်သွားသည်။

"အဲဒီ နတ်ဆိုးဗိုလ်ချုပ်က အရင်တစ်ခါက ဒဏ်ရာရသွားတာလေ၊ သူ အပြင်ထွက်လာရဲမှာ မဟုတ်ဘူး။ ပြီးတော့ သင်းခွေချပ်သားရဲတွေ အများကြီး ရှိနေရင်ရော ဘာဖြစ်လဲ။ ကျွန်မတို့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ သိုင်းသမားတွေ အများကြီး ရှိနေတာပဲ။ ကျွန်မတို့က ဘာလို့ အဲဒီသားရဲတွေကို ကြောက်နေရမှာလဲ။ အသိုက်ထဲမှာ နတ်ဆိုးဘယ်နှကောင် ရှိလဲဆိုတာကလည်း အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ အရင်တစ်ခါက အစ်ကိုကျိုးက သိုင်းသမားတွေကို အသိုက်ထဲအထိ ခေါ်သွားပြီး အဲဒီနတ်ဆိုးတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပြီးပြီ။ ဒီတစ်ခါ ကျွန်မတို့မှာ အခွင့်အရေးကောင်း ရှိနေတယ်။ ကျန်နေတဲ့ သင်းခွေချပ်သားရဲတွေကို ကျွန်မတို့ သေချာပေါက် တစ်ခါတည်းနဲ့ အမြစ်ဖြတ်နိုင်မှာပဲ"

လင်းဖုန်း၏ အကြည့်များ အေးစက်သွားသည်။ ဤမိန်းမမှာ တကယ်ပင် ရူးသွပ်နေပြီဟု သူ ခံစားလိုက်ရသည်။

"ဒါပေမဲ့ အရင်တစ်ခါက ကျိုးယွင် ရှုံးနိမ့်ခဲ့တာပဲ"

"မဟုတ်ဘူး... အစ်ကိုကျိုး ရှုံးခဲ့တယ်လို့ ဘယ်သူပြောလဲ။ အစ်ကိုကျိုးက သင်းခွေချပ်သားရဲတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့တာ။ သူက ငါတို့အတွက် အခွင့်အရေး ဖန်တီးပေးခဲ့တာပါ။ ရှင်တို့အားလုံးကသာ သတ္တိကြောင်ပြီး သူရဲဘောကြောင်နေကြတာ။ ရှင်တို့ မသွားရင် ကျွန်မကိုယ်တိုင် သွားမယ်"

ကျိုးယွင် ရှုံးနိမ့်ခဲ့သည်ဟူသော လင်းဖုန်း၏ စကားကို ကြားလိုက်ရသောအခါ ချန်ရွှယ်မှာ ချက်ချင်းပင် ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများပင်လျှင် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ရှူး...

ရုတ်တရက် မည်သူမျှ သေသေချာချာ မမြင်လိုက်မီမှာပင် ပုံရိပ်တစ်ခုက ချန်ရွှယ်၏ ရှေ့သို့ ရုတ်ချည်း ရောက်ရှိလာသည်။ ထိုပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ အလွန်လျင်မြန်လှသည်။

ဖြောင်း...

ကြည်လင်သော အသံတစ်ခုမှာ လူတိုင်း၏ နားထဲသို့ ရုတ်ချည်း ပဲ့တင်ထပ်သွားသည်။

သိုင်းသမား အများအပြား သေသေချာချာ ကြည့်လိုက်သောအခါ ထိုအရိပ်မှာ လင်းဖုန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လက်ဖဝါးကို ဆန့်ထုတ်ကာ ချန်ရွှယ်၏ ပါးကို ပြင်းထန်စွာ ရိုက်လိုက်ခြင်း ဖြစ်သည်။ တစ်ခဏအတွင်း လူတိုင်းမှာ မှင်သက်သွားပြီး ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

"ရှင်..."

ချန်ရွှယ်သည်လည်း မယုံကြည်နိုင်သကဲ့သို့ ဖြစ်နေသည်။ သူမ လူပုံအလယ်တွင် ပါးရိုက်ခံလိုက်ရသည်၊း။ ထို့ပြင် စစ်သေနာပတိချုပ်သစ်ဆီမှ ဖြစ်သည်။ သူမမျက်လုံးထဲတွင် သတ္တိကြောင်ပြီး သူရဲဘောကြောင်သည်ဟု ထင်ထားသော လင်းဖုန်းက သူမကို ပါးရိုက်လိုက်ခြင်း ဖြစ်သည်။

ဒါက အကြီးမားဆုံး အရှက်ခွဲမှုပင်။

ဝုန်း...

ချန်ရွှယ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ယခုအချိန်တွင် သူမ လုံးဝ စိတ်လွတ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုစလုံး ပေါက်ကွဲထွက်လာပြီး သားရဲရိုင်းတစ်ကောင်ကဲ့သို့ ရူးသွပ်သွားတော့သည်။

"ရှင်က ကျွန်မကို ရိုက်ရအောင် ဘာအခွင့်အရေး ရှိလို့လဲ။ အစ်ကိုကျိုးတောင် ကျွန်မကို မရိုက်ရက်ခဲ့ဘူး။ ရှင်က ဘာမို့လို့ ကျွန်မကို ရိုက်ရတာလဲ"

ဖြောင်း...

နောက်ထပ် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုကို ထုတ်လွှတ်ထားသော ချန်ရွှယ်မှာ ကြောင်အသွားသည်။

သူမ နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်ပြီ။ ထိုသည်မှာ နောက်ထပ် ပါးရိုက်ချက် တစ်ချက်ပင်။ သူမခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုစလုံး ထုတ်ဖော်အသုံးပြုထားသော်လည်း လင်းဖုန်း၏ ရှေ့တွင်မူ အသုံးမဝင်သကဲ့သို့ ဖြစ်နေသည်။ လင်းဖုန်း၏ လက်ဖဝါးမှာ ကြယ်တာရာစွမ်းအားများကို ဖြတ်ကျော်ကာ သူမ၏ ပါးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

တစ်ဒင်္ဂအတွင်း အခြေစိုက်စခန်းရှိ သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် အံ့ဩတကြီးဖြင့် အသက်ရှူမှားသွားကြသည်။ သူတို့မျက်စိရှေ့မှ အဖြစ်အပျက်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

လင်းဖုန်းက ချန်ရွှယ့်ပါးကို နှစ်ချက်ဆက်တိုက် ရိုက်လိုက်တာလား။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၅၂) - အသိဝင်စေသော ရိုက်နှက်မှု

ဘာသာပြန် - အားသစ်

လုဝေ့၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ လင်းဖုန်း၏ အရှိန်မှာ ခုနက အလွန်ပင် မြန်ဆန်လှသည်။ ထိုအရှိန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ပင်။ လုဝေ့ကိုယ်တိုင်ပင်လျှင် လင်းဖုန်း၏ ပုံရိပ်ကို သေသေချာချာ မမြင်လိုက်ရပေ။ လင်းဖုန်း၏ပုံရိပ်ဝေဝါးသွားပြီးနောက် လင်းဖုန်းက ချန်ရွှယ်ကို ပါးနှစ်ချက် ရိုက်လိုက်ခြင်း ဖြစ်သည်။

လင်းဖုန်း ပြသလိုက်သော ခွန်အားမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည်။

ချန်ရွှယ်သည် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ဦးသာ ဖြစ်သော်လည်း ကြယ်တာရာစွမ်းအားမျှင် ၉၉ ခုကို စုစည်းထားသူ ဖြစ်သည်။ လင်းဖုန်း မည်မျှပင် မြန်ပါစေ သူမအနေဖြင့် တုံ့ပြန်နိုင်စွမ်း ရှိသင့်သည်။ သို့သော် လင်းဖုန်း၏ ရှေ့တွင်မူ ချန်ရွှယ်သည် ထိုရိုက်ချက်နှစ်ချက်ကို လုံးဝမခုခံနိုင်ခဲ့ပေ။

ဤအချိန်တွင် လုဝေ့အပါအဝင် အခြေစိုက်စခန်းရှိ သာလွန်လူသား ကျွမ်းကျင်သူ အားလုံးသည် လင်းဖုန်း၏ ခွန်အားကို သူတို့၏ စိတ်ထဲတွင် အသစ်တစ်ဖန် ပြန်လည် တန်ဖိုးဖြတ်လိုက်ကြသည်။ နဂါးကျောက်တုံးမြို့မှ ဗီဒီယိုအချို့နှင့် ကျောက်တုံးမြို့မှ သတင်းအချက်အလက်အချို့ကိုသာ ကြည့်ပြီး သူတို့သည် လင်းဖုန်းကို အထင်သေးခဲ့မိပုံရသည်။

လက်တွေ့တွင် လင်းဖုန်း၏ အရှိန်မှာလည်း အလွန် မြန်ဆန်လှသည်။ သူ၏ ခွန်အားနှင့် နှိုင်းယှဉ်လျှင် အရှိန်မှာ အနည်းငယ် နိမ့်ပါးနေသော်လည်း သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများနှင့် နှိုင်းယှဉ်လျှင်မူ များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ ခုနက သူ၏ ကြယ်တာရာစွမ်းအားကို ထုတ်လွှတ်လိုက်သည့် အချိန်မှာဆိုလျှင် ပို၍ပင် ပြောနေစရာ မလိုတော့ပေ။

လင်းဖုန်းသည် ချန်ရွှယ်ကို ဆက်ပြီး သည်းမခံနိုင်တော့ပေ။ ဤရူးသွပ်နေသော မိန်းမမှာ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးထက် အရူးတစ်ယောက်နှင့် ပိုတူနေသည်။ ကျိုးယွင် သေဆုံးသွားကတည်းက ချန်ရွှယ်မှာ ရူးသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူမကိုယ်တိုင် သေချင်နေသည်မှာ ကိစ္စမရှိသော်လည်း တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ လူတိုင်းကို ဆွဲခေါ်ပြီး အသေခံခိုင်းရန် ကြိုးစားနေခြင်းမှာမူ မတူကွဲပြားသောကိစ္စတစ်ရပ်ပင် ဖြစ်သည်။

ထို့ကြောင့် လင်းဖုန်း ချန်ရွှယ်ကို ပါးနှစ်ချက် ရိုက်လိုက်ခြင်း ဖြစ်သည်။ အင်အားသုံးပြီး မလုပ်လျှင် သူမကို အသိဝင်အောင် လုပ်ရန်မှာ မဖြစ်နိုင်ပေ။

ပါးနှစ်ချက် ဆက်တိုက် အရိုက်ခံလိုက်ရပြီးနောက် ချန်ရွှယ်၏ မျက်နှာမှာ တွန့်လိမ်သွားသည်။ သူမသည် လူပုံအလယ်တွင် ဤကဲ့သို့ အရှက်ခွဲမှုမျိုးကို တစ်ခါမျှ မခံခဲ့ဖူးပေ။ ထို့ပြင် သူမကိုယ်တိုင်မှာလည်း ဂုဏ်သိက္ခာရှိသော သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး မဟုတ်ပါလား။

ဝုန်း...

ကြယ်တာရာစွမ်းအားမျှင် ၉၉ ခု ပေါက်ကွဲထွက်လာသည်။ ချန်ရွှယ်သည် သူမ၏ စွမ်းအားအားလုံးကို အသုံးချကာ ထုတ်လွှတ်လိုက်သည်။ သူမ နိုးထလာသော မွေးရာပါစွမ်းရည်မှာလည်း အလွန် သာမန်ဆန်သော မီးဒြပ်စင် မွေးရာပါစွမ်းရည် ဖြစ်သည်။ လက်တွေ့တွင် မီး၊ ရေ၊ လေ စသည့် စွမ်းရည်များမှာ အတွေ့ရအများဆုံးနှင့် နိုးထရန် အလွယ်ကူဆုံး စွမ်းရည်များ ဖြစ်သည်။

ချန်ရွှယ်၏ တစ်ကိုယ်လုံးတွင် မီးတောက်များ ဖုံးလွှမ်းသွားသည်။ ထို့ပြင် သူမ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများ ပေါက်ကွဲထွက်လာမှုမှာလည်း အမှန်တကယ်ပင် တုန်လှုပ်စရာ ကောင်းလှသည်။ သူမသည် စိတ်လွတ်သွားခဲ့ပြီဖြစ်ရာ လင်းဖုန်းအပေါ်တွင်ပင် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မည်သည့် အသွင်ပြောင်းနယ်ပယ် သိုင်းသမားမျှ ပါးရိုက်ခံရသည့် အရှက်ခွဲမှုကို သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

"တော်စမ်း... ချန်ရွှယ်။ မင်း ရူးနေလား"

ချန်ရွှယ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို မြင်သောအခါ လုဝေ့၏ ရင်ထဲတွင် တုန်သွားသည်။ သူသည် ချန်ရွှယ်က လင်းဖုန်းကို သတ်ပစ်မည်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။ လင်းဖုန်း ပြသလိုက်သော ခွန်အားကို ကြည့်ခြင်းအားဖြင့် သူသည် ချန်ရွှယ်ထက် အဆပေါင်းများစွာ ပို၍ သာလွန်နေသည်။ သို့သော် ချန်ရွှယ်၏ ရူးသွပ်မှုကြောင့် လင်းဖုန်း တကယ် ဒေါသထွက်သွားပြီး ချန်ရွှယ်ကို မတော်တဆ ထိခိုက်ဒဏ်ရာရအောင် လုပ်မိမည်ကိုသာ သူ စိုးရိမ်နေခြင်း ဖြစ်သည်။

သို့သော် လုဝေ့ မလှုပ်ရှားရသေးမီမှာပင် ချန်ရွှယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ဘုန်း...

လင်းဖုန်း၏ မျက်နှာမှာ တည်တင်းနေသည်။ သူသည် ခြေထောက်ကို မြှောက်ကာ ချန်ရွှယ်ကို တိုက်ရိုက် ကန်လိုက်ခြင်း ဖြစ်သည်။ ချန်ရွှယ် ခုနက ထုတ်လွှတ်လိုက်သော ကြယ်တာရာစွမ်းအားမှာ လင်းဖုန်း၏ ကန်ချက်ကို လုံးဝ ခုခံနိုင်စွမ်း မရှိပေ။

ချန်ရွှယ်မှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

သို့သော် ဤသည်မှာ မပြီးသေးပေ။ လင်းဖုန်းသည် ချန်ရွှယ်ဆီသို့ ဆက်လက် လိုက်သွားပြီး သူမ၏ မျက်နှာကို နောက်ထပ်တစ်ချက် ပြင်းထန်စွာ ရိုက်လိုက်ပြန်သည်။

ဖြောင်း...

ကြည်လင်သော အသံမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ ပါးရိုက်ချက် တစ်ချက်တိုင်းအတွက် လင်းဖုန်းက အဘယ့်ကြောင့်ရိုက်ရသည်ကိုလည်း တမင်တကာအသိဝင်အောင် ပြောဆိုကြိမ်းမောင်းနေသည်။

"ချန်ရွှယ်... တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို စောင့်ရှောက်နေတဲ့ သာလွန်လူသား ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မင်းက အခြေစိုက်စခန်းရဲ့ အမိန့်ကို လျစ်လျူရှု စိတ်ထင်ရာလုပ်ပြီး အပြင်ထွက်သွားခဲ့တယ်။ ဒါကြောင့် အခုက မင်းနဲ့ထိုက်လို့ အရိုက်ခံရတာပဲ"

"ချန်ရွှယ်... မင်းက အထက်လူကြီးရဲ့ အမိန့်ကို ဖီဆန်ပြီး စစ်သေနာပတိချုပ်ကို ပြန်ပြီး တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ဒီတစ်ချက်က မင်းနဲ့ထိုက်လို့ အရိုက်ခံရတာပဲ"

"ချန်ရွှယ်... မင်းက အခြေစိုက်စခန်းက သိုင်းသမားတွေကို သွေးထိုးလှုံ့ဆော်ပြီး အခြေစိုက်စခန်းရဲ့ ညီညွတ်မှုကို ပျက်ပြားအောင် လုပ်ခဲ့တယ်။ ဒါကြောင့် ဒီတစ်ချက်ကလည်း မင်းနဲ့ထိုက်လို့ အရိုက်ခံရတာပဲ"

"ချန်ရွှယ်... ငါ နောက်ထပ် ဘာကြောင့်ရိုက်ရတယ်ဆိုတာ ပြောမနေတော့ဘူး။ အခုချက်ချင်း အသိဝင်စမ်း"

လင်းဖုန်းသည် ချန်ရွှယ်အပေါ်တွင် လုံးဝ သနားညှာတာခြင်း မရှိပေ။ ရိုက်ချက် တစ်ချက်ပြီးတစ်ချက်ကြောင့် ချန်ရွှယ်၏ ခန္ဓာကိုယ်တွင် ခုခံရန်အတွက် ကြယ်တာရာစွမ်းအားများ မရှိတော့ပေ။ ထို့ကြောင့် သူမ၏ မျက်နှာမှာ ဖူးယောင်လာပြီး အတော်လေးကို ကြည့်မကောင်းရှုမကောင်းအောင် ဖြစ်သွားသည်။

"ရှင် ဒီလောက်တောင် အစွမ်းထက်နေရင် သင်းခွေချပ်သားရဲတွေကို သွားသတ်လေ။ ကျွန်မလို မိန်းမတစ်ယောက်ကိုပဲ ရှင် နိုင်တာလား"

"အခုကျမှ မင်းကိုယ်မင်း မိန်းမတစ်ယောက်ဆိုတာ သတိရနေတာလား။ ခုနက ခွင့်ပြုချက်မရှိဘဲ အခြေစိုက်စခန်းကနေ ထွက်သွားတုန်းကရော မင်းကိုယ်မင်း မိန်းမတစ်ယောက်ဆိုတာ သတိရခဲ့ရဲ့လား။ သိုင်းသမားတွေ အားလုံးကို သင်းခွေချပ်သားရဲတွေ သွားသတ်ဖို့ လှုံ့ဆော်နေတုန်းကရော အဲဒီသိုင်းသမားတွေထဲမှာ မိန်းမတွေ ပါနေတယ်ဆိုတာကို မင်း သတိရခဲ့ရဲ့လား"

"ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်၊ မင်း တကယ်ကို အသိဉာဏ် မရှိတာပဲ။ မင်း လုပ်ခဲ့တဲ့ လုပ်ရပ်တွေက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းအတွက် ပျက်စီးခြင်း အကျိုးဆက်တွေကို ယူဆောင်လာလိမ့်မယ်"

"မင်းရှေ့မှာ ကျိုးယွင်အကြောင်းကို ဘယ်သူမှ မပြောရဲခဲ့ကြဘူး ထင်တယ်။ ဒါဆိုရင် ဒီနေ့ ငါ ပြောပြမယ်။ မင်းရဲ့ အစ်ကိုကျိုး... တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ စစ်သေနာပတိချုပ်ဟောင်း ကျိုးယွင်သာ တိုက်ပွဲမှာ မသေခဲ့ရင် သူ စစ်ခုံရုံးမှာ တရားရင်ဆိုင်ရမှာပဲ"

"သူ့ရဲ့ အစွန်းရောက်မှု၊ သူ့ရဲ့ မဆင်မခြင် လုပ်ရပ်တွေနဲ့ သူ့ရဲ့ ရူးသွပ်မှုတွေကြောင့် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံခဲ့ရတာ။ သာလွန်လူသား ကျွမ်းကျင်သူ ၁၅ ယောက်နဲ့ ရေတွက်လို့မရတဲ့ သာမန်သိုင်းသမားတွေ အသတ်ခံခဲ့ရပြီး အခြေစိုက်စခန်းကိုယ်တိုင်တောင် ကျဆုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ ကျိုးယွင်က လုံးဝကို သောက်သောက်လဲ ကျရှုံးခဲ့တဲ့သူပဲ။ သူက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ပျက်စီးအောင် လုပ်ခဲ့တဲ့သူပဲ။ သူဟာ အပြစ်သားပဲကွ။ နားလည်လား"

လင်းဖုန်း၏ နောက်ဆုံး စကားလုံးမှာ ချန်ရွှယ်ကို အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လာစေသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... အစ်ကိုကျိုးက သူရဲကောင်းတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ် အပြစ်ရှိမှာလဲ။ အစ်ကိုကျိုးကို စွပ်စွဲတာကို ကျွန်မ ခွင့်မပြုဘူး။ ရှင့်မှာ အဲဒီလို ပြောပိုင်ခွင့် မရှိဘူး"

ချန်ရွှယ်၏ သွားများမှာ အလွန်အမင်း ကြိတ်ထားသဖြင့် သွေးထွက်လုနီးပါးပင် ဖြစ်နေသည်။ သူမသည် လင်းဖုန်းကို အရှင်လတ်လတ် ဝါးစားပစ်ချင်သည့်အလား သွားများကို ကြိတ်ထားသည်။ ကျိုးယွင်ကို စွပ်စွဲပြောဆိုသည်ကို သူမ လုံးဝ ခွင့်မပြုနိုင်ပေ။

"ငါက ကျိုးယွင်ကို စွပ်စွဲနေတာလား။ ကောင်းပြီလေ... ဒီနေ့ ငါ မင်းကို အမှန်တရားကို ပြပေးမယ်။ မင်းရဲ့ ပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်စမ်း။ သူတို့အားလုံးက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းက သိုင်းသမားတွေပဲ။ ကျိုးယွင်က သူရဲကောင်းတစ်ယောက်လို့ သူတို့ ထင်သလားဆိုတာ မင်း ကြည့်လိုက်စမ်း"

လင်းဖုန်းက ချန်ရွှယ်ကို ဆွဲမလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ချန်ရွှယ် ခေါင်းမော့လိုက်သည်။ သူမ၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံမှာ အလွန်ပင် ရက်စက်ပုံပေါက်နေသည်။ သူမသည် ပတ်ဝန်းကျင်ရှိ သိုင်းသမားများကို ကြည့်ကာ အော်ပြောလိုက်သည်။

"ရှင်တို့ အားလုံး အမှန်အတိုင်း ပြောကြစမ်းပါ။ အစ်ကိုကျိုးမှာ အပြစ်မရှိဘူး မဟုတ်လား... မရှိဘူးနော်"

ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ မည်သူမျှ ရှေ့ထွက်ပြီး စကားမပြောရဲကြပေ။ သို့သော် လင်းဖုန်းက ဝင်ရောက် မနှောင့်ယှက်ဘဲ ချန်ရွှယ်ကို အေးစက်စက်သာ ကြည့်နေခဲ့သည်။

ချန်ရွှယ်၏ အကြည့်များမှာ ပို၍ပင် ရူးသွပ်လာခဲ့သည်။ သူမမျက်လုံးထဲတွင် တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များပင် ရှိနေသည်။

"ရှင်တို့ လင်းဖုန်းကို ပြောပြလိုက်ကြပါ၊ အစ်ကိုကျိုးမှာ အပြစ်မရှိဘူးလို့ ပြောပြလိုက်ကြပါ။ အစ်ကိုကျိုးက သူရဲကောင်းတစ်ယောက်လေ။ ရှင်တို့ အားလုံး မေ့သွားကြပြီလား။ အစ်ကိုကျိုးက ရှင်တို့ကို ဦးဆောင်ပြီး သင်းခွေချပ်သားရဲတွေကို တိုက်ခိုက်ခဲ့တာလေ။ အစ်ကိုကျိုးက တိုက်ပွဲမှာတောင် သေဆုံးခဲ့ရတာ။ သူက လုံးဝအပြစ်မရှိဘူး"

ချန်ရွှယ်သည် စိတ်ဂယောက်ဂယက်ဖြင့် အော်ဟစ်နေသည်။ သူမအသံပင် ဝင်နေပြီ ဖြစ်သော်လည်း မည်သူမျှ စကားမပြောကြပေ။ တိတ်ဆိတ်မှု... ကြောက်စရာကောင်းသော တိတ်ဆိတ်မှုသာ ကြီးစိုးနေသည်။ ချန်ရွှယ်သည် ပတ်ဝန်းကျင်ရှိ သိုင်းသမားများ၏ အကြည့်များထဲမှ အမှန်တရားကို မြင်တွေ့လိုက်ရသည်။

သူမ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ သူမ အားရပါးရ ငိုကြွေးနေမိသည်။ အင်အားကြီးမားသော သာလွန်လူသားအဆင့် ကျွမ်းကျင်သူတစ်ဦး ငိုကြွေးနေခြင်း ဖြစ်သည်။ သူမ၏ ရင်ထဲတွင် အရာအားလုံးထက် သာလွန်ပြီး ပြီးပြည့်စုံနေသော အစ်ကိုကျိုးသည် သူမ တစ်ယောက်တည်းအတွက်သာ သူရဲကောင်း ဖြစ်နေခဲ့သည်။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ သိုင်းသမားများသည် ကျိုးယွင်ကို မမုန်းတီးကြလျှင်ပင် မည်သူမျှ သူ့ကို သူရဲကောင်းတစ်ယောက်ဟု မသတ်မှတ်ကြပေ။

ကျိုးယွင်ကြောင့် သိုင်းသမား အများအပြား သေဆုံးခဲ့ရပြီး အခြေစိုက်စခန်း တစ်ခုလုံး ကျဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ အခြေစိုက်စခန်းရှိ သိုင်းသမားများက ကျိုးယွင်ကို သူရဲကောင်းတစ်ဦးဟု မည်သို့ ထင်မြင်နိုင်ပါမည်နည်း။

ထိုဘေးဒုက္ခမှာ လုံးဝ ရှောင်လွှဲ၍ ရနိုင်သော ကိစ္စဖြစ်ပြီး ကျိုးယွင်၏ ခေါင်းမာမှုကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော အကျိုးဆက်များသာ ဖြစ်သည်။

သို့သော် ဤအရာကို ချန်ရွှယ်အား မည်သူမျှ မပြောရက်ခဲ့ကြပေ။ လုဝေ့ပင်လျှင် မပြောခဲ့ပေ။

ယနေ့တွင် လင်းဖုန်းက ပြောလိုက်ပြီ ဖြစ်သည်။ သူသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ရောက်ရှိလာသည်မှာ မကြာသေးသလို ပထမဆုံး သုံးရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သည်မှလွဲ၍ များသောအားဖြင့် သီးသန့်သာ နေထိုင်လေ့ရှိသည်။ သို့သော် ထိုသုံးရက်အတွင်း စစ်ဆေးမှုများမှတစ်ဆင့် ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ခဲ့ရသော တပ်ရင်း ၁၅ ခုမှာ ကျိုးယွင်အပေါ် မကျေမနပ် ဖြစ်နေကြကြောင်း လင်းဖုန်း တွေ့ရှိခဲ့ရသည်။

ထိုတပ်ရင်း ၁၅ ခုမှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ သူတို့၏ ခေါင်းဆောင်များပင် တိုက်ပွဲတွင် ကျဆုံးခဲ့ရသည်။ ဤအရာအားလုံးမှာ ကျိုးယွင်၏ မဆင်မခြင် လုပ်ရပ်များကြောင့်ပင် ဖြစ်သည်။ ကျိုးယွင် သေဆုံးသွားခဲ့သဖြင့်သာ မည်သူမျှ ဤကိစ္စကို ထပ်ပြီး မပြောကြတော့ခြင်း ဖြစ်သည်။

"ချန်ရွှယ်... အခု အသိဝင်ဖို့ အချိန်တန်ပြီ..."

လုဝေ့ ရှေ့သို့ တက်သွားပြီး ချန်ရွှယ်ကို တွဲထူလိုက်သည်။ ချန်ရွှယ်သည် ယနေ့တွင် လင်းဖုန်း၏ ပြင်းထန်သော သင်ခန်းစာပေးမှုကို ခံခဲ့ရပြီး သူမ၏ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် လင်းဖုန်း ခုနက ပြောခဲ့သော စကားများကို ချန်ရွှယ် ပို၍ စိုးရိမ်နေမည်ကို သူ သိထားသည်။

လင်းဖုန်း၏ စကားများက ချန်ရွှယ်၏ ရင်ထဲရှိ ဂုဏ်ယူမှုကို ဖြိုခွင်းလိုက်ပြီး သူမ၏ ယုံကြည်ချက်ကိုလည်း ဖျက်ဆီးလိုက်သည်။ ချန်ရွှယ်အနေဖြင့် ဤအခြေအနေမှ ပြန်လည် နာလန်ထူရန်ပင် မဖြစ်နိုင်တော့ခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် လုဝေ့အနေဖြင့် လင်းဖုန်းကို အပြစ်မတင်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ လင်းဖုန်းကသာ ချန်ရွှယ်ကို အသိဝင်အောင် ရိုက်နှက်ခြင်းမပြုခဲ့ပါက သူမ၏လုပ်ရပ်များသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းအတွက် အကြီးမားဆုံးသော လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်လာနိုင်သောကြောင့်ပင်။

"မကောင်းတော့ဘူး... သင်းခွေချပ်သားရဲတွေ လာနေပြီ။ အများ...အများကြီးပဲ"

ရုတ်တရက် အခြေစိုက်စခန်းကို စောင့်ကြပ်နေသော သိုင်းသမားတစ်ဦးသည် လင်းဖုန်းနှင့် အခြားသော တပ်ရင်းမှူးများ၏ ရှေ့သို့ အပြေးအလွှား ရောက်လာပြီး သတင်းပို့လိုက်သည်။

သင်းခွေချပ်သားရဲများ နောက်တစ်ကြိမ် ရောက်လာပြန်ပြီလား…

All Chapters