← Chapters

အခန်း (၁၅၆-၁၅၇)

Vol. 13 Ch. 156-157

အခန်း (၁၅၆-၁၅၇)

Vol. 13 Ch. 156-157

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၅၆) - အလွန်တရာ ပြင်းထန်သော တိုက်ပွဲ

ဘာသာပြန် - အားသစ်

သံသယဖြစ်ဖွယ်မရှိသည်မှာ သင်းခွေချပ်နတ်ဆိုးလေးကောင်ထံမှလာသော ဖိအားမှာ အလွန်ပင် ပြင်းထန်လှသည်။ လင်းဖုန်းပင်လျှင် အသက်ရှူရကျပ်သလို ခံစားနေရသည်။ ထိုသင်းခွေချပ်နတ်ဆိုးလေးကောင်မှာ တောင်ငယ်လေးများကဲ့သို့ ကြီးမားလှသည်။ သူတို့သည် လင်းဖုန်းကို အရပ်လေးမျက်နှာမှ ဝိုင်းရံထားပြီး လှုပ်ရှားရှောင်ပြေးနိုင်စွမ်းမရှိအောင် တစ်လှမ်းချင်းစီ ပိတ်ဆို့လာကြသည်။ ၎င်းမှာ လူသားများက ရန်သူကို ကိုင်တွယ်ရန် ပူးပေါင်းတိုက်ခိုက်သည့် နည်းဗျူဟာနှင့်ပင် ဆင်တူလှသည်။ ဤသင်းခွေချပ်နတ်ဆိုးများ၏ အသိဉာဏ်မှာ အတော်လေးကို မြင့်မားလှပေသည်။

"လာစမ်းပါ"

လင်းဖုန်း၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ မွေးရာပါခွန်အားစွမ်းရည် နှစ်ခုလုံးမှာ ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။ ယခုတစ်ကြိမ်တွင် လင်းဖုန်းသည် ထူးဆန်းသော အရာတစ်ခုကို ခံစားလိုက်ရသည်။ သူ့ခွန်အားစွမ်းရည်များပင် အတော်လေး တိုးတက်လာပုံရသည်။

မူလက သူ၏ ရုပ်ပိုင်းဆိုင်ရာ သန့်စင်သော ခွန်အားမှာ တန် ၃၅၀ ခန့် ရှိသော်လည်း ယခုအခါ အနည်းဆုံး တန် ၃၆၀ သို့မဟုတ် တန် ၃၇၀ ခန့် ရှိမည်ဟု လင်းဖုန်း ခန့်မှန်းမိလိုက်သည်။

သူ၏ ခွန်အားမှာ ယခင်ကထက် သိသိသာသာ ပို၍ သန်မာလာခဲ့သည်။

"ငါ့ခန္ဓာကိုယ်ရဲ့ အသွင်ပြောင်းလဲမှုက ဒီကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပိုပြီး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးခဲ့ပုံရတယ်။ ဒီသင်းခွေချပ်သားရဲတွေရဲ့ ခုခံမှုကို တစ်ချက်လောက် စမ်းကြည့်ကြတာပေါ့"

လင်းဖုန်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ လက်သီးမျက်နှာပြင်ပေါ်တွင် ထက်မြက်သောဦးချိုများမှာ သိပ်သည်းစွာ ပေါ်ထွက်လာသည်။ သူသည် မြေပြင်ကို ခြေတစ်ဖက်ဖြင့် ပြင်းထန်စွာ နင်းချလိုက်သည်။

"နွားရိုင်းနင်းခြေခြင်း"

ဘုန်း...

လင်းဖုန်းအနေဖြင့် "နွားရိုင်းနင်းခြေခြင်း" သိုင်းကွက်ကို အသုံးမပြုခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူ လုံးဝ စိမ်းသက်နေခြင်း မရှိပေ။ ဤသည်မှာ သူ အကြာဆုံး အသုံးပြုခဲ့သော သိုင်းကွက် မဟုတ်ပါလား။

လက်ရှိ လင်းဖုန်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ထားပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်မှာလည်း အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို ဖြတ်ကျော်ထားပြီး ဖြစ်သည်။ အသက်အနှစ်သာရ အဆင့်အတန်းတစ်ခု မြင့်တက်သွားပြီးနောက် သူ့ခွန်အားမှာလည်း ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ထို့ကြောင့် နွားရိုင်းနင်းခြေခြင်းကို အသုံးပြုလိုက်သည့် အကျိုးသက်ရောက်မှုမှာ ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားချေပြီ။

ထို‌ခြေဆောင့်ချက်နှင့်အတူ မြေပြင်တစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်။ ချက်ချင်းဆိုသလိုပင် မြေပြင်တွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး အဘက်ဘက်သို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ သင်းခွေချပ်မိစ္ဆာ အချို့မှာ ထိုတုန်ခါမှုကြောင့် ယိုင်နဲ့သွားပြီး သူတို့၏ ဝိုင်းရံမှုကြားတွင် ဟာကွက်တစ်ခု ဖြစ်ပေါ်သွားသည်။

ဒါအခွင့်ကောင်းပဲ။

လင်းဖုန်း၏ ပုံရိပ်မှာ အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး အရွယ်အစား အနည်းငယ် သေးငယ်သော သင်းခွေချပ်နတ်ဆိုးတစ်ကောင်ထံသို့ လျှပ်တစ်ပြတ် ပြေးဝင်သွားသည်။

"ဝဲကယက်စွမ်းအား တတိယအဆင့်"

လင်းဖုန်း လက်သီးတစ်ချက် ထိုးလိုက်ရာ ပြင်းထန်သော စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ တန်ပေါင်း ၁၄၀၀ ကျော်ရှိသော အင်အားမှာ သင်းခွေချပ်သားရဲထံသို့ ပြင်းထန်သော လှိုင်းလုံးကြီးကဲ့သို့ ကျရောက်သွားသည်။

ဘုန်း...

လင်းဖုန်းသည် ပြင်းပြင်းထန်ထန် ထိုးနှက်သံတစ်ခုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ၏ လက်သီးမှာ မာကျောသော ကျောက်တုံးကြီးတစ်ခုကို ထိမှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သင်းခွေချပ်နတ်ဆိုးမှာ လင်းဖုန်း၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကာ နာကျင်စွာ အော်ဟစ်ညည်းညူနေတော့သည်။

"ဒီနတ်ဆိုးရဲ့ ခုခံမှုက ဒီလောက်တောင် သန်မာတာလား"

လင်းဖုန်း အနည်းငယ် အံ့ဩသွားသည်။ ဤမျှ သန်မာသော ခုခံမှုမျိုး...။ သူ ထုတ်လွှတ်လိုက်သော တန် ၁၄၀၀ ခွန်အားမှာ စင်စစ်ပြင်းထန်နက်ရှိုင်းသော ခွန်အားပင် ဖြစ်သည်။ ဤခွန်အားနှင့်ဆိုလျှင် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦးပင်လျှင် ကြယ်တာရာစွမ်းအား၏ အကာအကွယ်မပါပါက တိုက်ရိုက် အမှုန့်ဖြစ်သွားပေလိမ့်မည်။

ယခင်က ရင်ဆိုင်ခဲ့ဖူးသော တီကောင်နတ်ဆိုးသားရဲများနှင့် ဆိုလျှင်ပင် ဤလက်သီးချက်က လွယ်လွယ်ကူကူ ချေမှုန်းနိုင်ပေလိမ့်မည်။

သို့သော် ဤသင်းခွေချပ်နတ်ဆိုးမှာမူ လင်းဖုန်း၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားရုံသာ ဖြစ်ခဲ့သည်။ ထိုတိုက်ခိုက်ချက်မှာ တစ်ဖက်ရန်သူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်မှာ သေချာသော်လည်း သင်းခွေချပ်သားရဲကို တိုက်ရိုက်သုတ်သင်နိုင်ခြင်း မရှိပေ။ ကျောက်တုံးကဲ့သို့ မာကျောသော အရေပြားရှိပြီး ခုခံမှုတွင် အထူးပြုထားသော ကြမ်းကြုတ်သားရဲဆိုသည့်အတိုင်းပင်။

ထိုသင်းခွေချပ်နတ်ဆိုးမှာ မသေသေးသော်လည်း ကောင်းမွန်သော အခြေအနေတွင် မရှိတော့ပေ။ လင်းဖုန်း၏ တန် ၁၄၀၀ ခွန်အားနှင့် ထက်မြက်သော ဦးချို၏ ပုံမှန်မဟုတ်သော စွမ်းအားတို့ ပေါင်းစပ်လိုက်မှုကြောင့် သင်းခွေချပ်နတ်ဆိုး၏ ခန္ဓာကိုယ်မှာ ပျက်စီးလုနီးပါး ဖြစ်သွားသည်။ ထိုနတ်ဆိုးမှာ မြေပြင်ပေါ်တွင် သနားစဖွယ် လဲကျနေပြီး နာကျင်စွာဖြင့်သာ အော်ဟစ်နေနိုင်တော့သည်။

သင်းခွေချပ်နတ်ဆိုးတစ်ကောင်မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့်အတွက် ကျန်ရှိသော နတ်ဆိုးသုံးကောင်မှာ လုံးဝ ဒေါသထွက်သွားကြသည်။ အထူးသဖြင့် ပို၍ ကြီးမားသော နတ်ဆိုးနှစ်ကောင်မှာ သူတို့၏ ထက်မြက်လှသော လက်သည်းများဖြင့် လင်းဖုန်းကို တပြိုက်နက် ကုတ်ဆွဲလိုက်ကြသည်။

ပြင်းထန်သော လေတိုးသံမှာ သူ့အပါးသို့ တိုးဝင်လာသည်။ လင်းဖုန်းအနေဖြင့် ရှောင်တိမ်းရန်ပင် အချိန်မရတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် သင်းခွေချပ်သားရဲများ၏ ဝိုင်းရံမှုကို ခံထားရပြီး လှုပ်ရှားနိုင်သည့် အကွာအဝေးမှာ အလွန် ကျဉ်းမြောင်းနေသည်။

ရွှစ်...

လင်းဖုန်း သူ့လက်မောင်းပေါ်မှ ချပ်ဝတ်တန်ဆာမှာ ထိုကုတ်ဆွဲချက်ကြောင့် လုံးဝ ပြဲထွက်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ချပ်ဝတ်တန်ဆာမှာ သင်းခွေချပ်သားရဲ၏ အားအပြည့်ဖြင့် တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပေ။

"ဝဲကယက်စွမ်းအား စတုတ္ထအဆင့်"

လင်းဖုန်း တွန့်ဆုတ်မနေဘဲ ရှေ့သို့ တိုးဝင်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ရှိနေသည်။ ယခုအချိန်တွင် သူသည် အင်အားချန်ထားရန် စိတ်ကူးမရှိပေ။ သူ၏ လက်မောင်းတစ်ဖက် ပျက်စီးသွားလျှင်ပင် ဝဲကယက်စွမ်းအား စတုတ္ထအဆင့်နှင့် တန် ၁၈၀၀ ခန့်ရှိသော ခွန်အားကို ထုတ်လွှတ်လိုက်ခြင်းဖြင့် ဤသင်းခွေချပ်နတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရအောင် သို့မဟုတ် သေအောင် သတ်နိုင်ပေလိမ့်မည်။

တန် ၁၈၀၀ ခွန်အားမှာ သန့်စင်သော ခွန်အားပေါက်ကွဲမှုဖြင့် တွက်ချက်မည်ဆိုပါက ကြယ်တာရာစွမ်းအားမျှင် ၄၀၀ ကျော် ပေါက်ကွဲထွက်လာမှုနှင့် ညီမျှသည်။ ၎င်းမှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး၏ ကြယ်တာရာစွမ်းအား ထက်ဝက်နီးပါး ပေါက်ကွဲထွက်လာမှုပင်။

ဘုန်း...

လင်းဖုန်း၏ လက်သီးမှာ သင်းခွေချပ်နတ်ဆိူး၏ အရေပြားကို ဖောက်ထွင်းသွားသည်။ ပြင်းထန်သော စွမ်းအားများမှာ ထိုနတ်ဆိုး၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်သွားသည်။ တောင်ငယ်လေးတစ်လုံးကဲ့သို့ ကြီးမားသော သင်းခွေချပ်နတ်ဆိုးမှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။

သေသွားပြီ။ လင်းဖုန်းသည် သင်းခွေချပ်နတ်ဆိုးတစ်ကောင်ကို လက်သီးတစ်ချက်တည်းဖြင့် သုတ်သင်လိုက်ခြင်း ဖြစ်သည်။ ဤသင်းခွေချပ်နတ်ဆိုးမှာ အလွန်ကြီးမားပြီး အခြားသော နတ်ဆိုးများ၏ ထက်ဝက်ကျော်ထက်ပင် ပို၍ ကြီးမားလှသည်။ ထိုနတ်ဆိုးမှာ အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည်ဟု လင်းဖုန်း သံသယရှိသည်။

သို့သော် လင်းဖုန်းက သူ့ ခွန်အားအားလုံးကို အနီးကပ် ထုတ်လွှတ်လိုက်ကာ ထက်မြက်သောဦးချို‌မွေးရာပါစွမ်းရည်ဖြင့် ထိုနတ်ဆိုး၏ အမာဆုံးသော အရေပြားကို ဖောက်ထွင်းလိုက်သည့်အခါတွင်မူ ၎င်း၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့သည်။

သို့သော် လင်းဖုန်းမှာမူ လုံးဝ မပျော်ရွှင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ ဒဏ်ရာရသွားသောကြောင့် ဖြစ်သည်။ သူ၏ လက်မောင်းတစ်ဖက်မှာ သင်းခွေချပ်သားရဲ၏ လက်သည်းချက် တစ်ချက်ကြောင့် ကြေမွသွားသည်။ သူ့ပုခုံးတွင် တွဲလောင်းကျနေသော အသားစ အနည်းငယ်သာ ကျန်တော့သည်။

ဤသည်မှာ အလွန်တရာ ပြင်းထန်လှသော သွေးချောင်းစီးတိုက်ပွဲပင်။ နှိုင်းယှဉ်စရာမရှိအောင် ပြင်းထန်လှသည်။

ဤသည်မှာ နဂါးကျောက်တုံးမြို့မှ အဆုံးအဖြတ်တိုက်ပွဲပြီးနောက် လင်းဖုန်း ကြုံတွေ့ခဲ့ရသော အပြင်းထန်ဆုံးသော တိုက်ပွဲ ဖြစ်ပေလိမ့်မည်။ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားခြင်းမှာ အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးပင်လျှင် ဘာမှ မတတ်နိုင်သော ကိစ္စဖြစ်သည်။

"စစ်သေနာပတိချုပ်"

သေချာသည်မှာ အချို့သောသူများသည် လင်းဖုန်း၏ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။ လင်းဖုန်းက သင်းခွေချပ်နတ်ဆိုးတစ်ကောင်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် လုပ်နိုင်သည်ကို မြင်သောအခါ အခြားသော သာလွန်လူသား ကျွမ်းကျင်သူများမှာ အစပိုင်းတွင် အတော်လေး ပျော်ရွှင်နေခဲ့ကြသည်။ သူတို့၏ စစ်သေနာပတိချုပ်မှာ အလွန် အစွမ်းထက်နေသဖြင့် ဤအရေးပေါ် အခြေအနေမှ အမှန်တကယ် လွတ်မြောက်နိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် ချက်ချင်းဆိုသလိုပင် ကြီးမားသော သင်းခွေချပ်သားရဲက လင်းဖုန်း၏ လက်မောင်းကို လက်သည်းဖြင့် ရိုက်ချိုးလိုက်သည်ကို မြင်လိုက်ရသည်။ လင်းဖုန်းကလည်း ထိုသင်းခွေချပ်သားရဲကို သတ်ပစ်နိုင်ခဲ့သော်လည်း ၎င်းအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ မည်မျှ ကြီးမားလိုက်သနည်း။

ဒါက အပြန်အလှန် ပျက်စီးစေသော တိုက်ပွဲပင်။ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားသော သိုင်းသမားတစ်ဦးသည် သူ၏ ခွန်အား ထက်ဝက်ကျော်ကို ဆုံးရှုံးသွားရပေလိမ့်မည်။ သူတို့၏ အနာဂတ် သိုင်းလမ်းစဉ်မှာလည်း အလွန် ခက်ခဲသွားပေလိမ့်မည်။

အသက်စွမ်းအင် အသွင်ပြောင်းလဲခြင်း ဒုတိယအဆင့်ကို ဖြတ်ကျော်ပြီး နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်မလာသရွေ့ သူ၏ လက်မောင်းကို မူလအတိုင်း ပြန်ဖြစ်အောင် လုပ်ရန်မှာ မဖြစ်နိုင်ပေ။

လင်းဖုန်း တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ရောက်လာသည်မှာ တစ်လသာ ရှိသေးသည်။ သူသည် အလားအလာ အလွန်ကောင်းသော လူသားမျိုးနွယ်၏ သူရဲကောင်းတံဆိပ်ကို ရရှိထားသည့် ပါရမီရှင် သိုင်းသမားတစ်ဦး ဖြစ်သည်။ သူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ရောက်ပြီးပြီးချင်းမှာပင် မည်သည့်အတွက်ကြောင့် လက်မောင်းတစ်ဖက် ဆုံးရှုံးသွားနိုင်ပါမည်နည်း။

လုဝေ့ ဒေါသထွက်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများမှာ အရူးအမူး ပေါက်ကွဲထွက်လာပြီး သင်းခွေချပ်နတ်ဆိုးနှစ်ကောင်ကို ချက်ချင်းပင် မောင်းထုတ်လိုက်သည်။ သို့သော် သူ ထိုနေရာမှ မထွက်ခွာနိုင်မီမှာပင် ကြမ်းကြုတ်သားရဲအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြန်သည်။

အခြားသော သာလွန်လူသား ကျွမ်းကျင်သူများမှာလည်း ဆင်တူသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အနည်းငယ် အင်အားနည်းသော သာလွန်လူသား ကျွမ်းကျင်သူများမှာမူ ပို၍ပင် ခက်ခဲနေကြသည်။ မည်သူမျှ လင်းဖုန်းကို လာရောက် မကယ်တင်နိုင်ကြပေ။

ယခင် အစီအစဉ်အရဆိုလျှင် သူတို့သည် သင်းခွေချပ်နတ်ဆိုးနှစ်ကောင်စီကို တားဆီးထားကြရမည် ဖြစ်သည်။ သို့သော် ထိုနတ်ဆိုးနှစ်ကောင်မှာ သာမန်နတ်ဆိုးများ မဟုတ်ပေ။ သူတို့သည် ထိုနတ်ဆိုးများကို မသတ်နိုင်ကြဘဲ ကြယ်တာရာစွမ်းအား ပေါက်ကွဲမှုကိုသာ အသုံးပြုပြီး တားဆီးထားနိုင်ကြသည်။ သို့သော် ၎င်းမှာလည်း အချိန်အကြာကြီး မဟုတ်ပေ။

လင်းဖုန်းမှာမူ သင်းခွေချပ်နတ်ဆိုး ၄ ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုအခါ တစ်ကောင်မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့သလို နောက်တစ်ကောင်မှာလည်း အသတ်ခံလိုက်ရပြီ ဖြစ်သော်လည်း ကျန်ရှိနေသော နတ်ဆိုးနှစ်ကောင်မှာ ဒေါသတကြီးဖြင့် လင်းဖုန်းထံသို့ ပြေးဝင်လာနေဆဲပင်။

လက်မောင်းတစ်ဖက် ဆုံးရှုံးသွားပြီးနောက် လင်းဖုန်းအနေဖြင့် သူတို့ကို မည်သို့ ခုခံနိုင်ပါမည်နည်း။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၅၇) - အပြန်အလှန်ချေပခြင်း

ဘာသာပြန် - အားသစ်

လက်မောင်းတစ်ဖက် ဆုံးရှုံးသွားပြီးနောက် လင်းဖုန်း၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်သွားသည်။

သူ ခုနက သင်းခွေချပ်နတ်ဆိုးနှစ်ကောင်ကို တိုက်ခိုက်ခဲ့ရာတွင် တစ်ကောင်မှာ အသတ်ခံလိုက်ရပြီး အခြားတစ်ကောင်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ တိုက်ပွဲရလဒ်မှာ ကောင်းမွန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ... လင်းဖုန်းသည် ကြယ်တာရာစွမ်းအားမှလွဲ၍ သူ၏ ခွန်အားအားလုံးနီးပါးကို ထုတ်သုံးခဲ့ရခြင်း ဖြစ်သည်။

ခုနက တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုအရ ဝဲကယက်စွမ်းအား တတိယအဆင့်နှင့် ထက်မြက်သော ဦးချိုကို ပေါင်းစပ်လိုက်ပါက သင်းခွေချပ်နတ်ဆိုးတစ်ကောင်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေနိုင်သည်။ အကယ်၍ ဝဲကယက်စွမ်းအား စတုတ္ထအဆင့်နှင့် ထက်မြက်သောဦးချိုကို ပေါင်းစပ်လိုက်မည်ဆိုပါက သင်းခွေချပ်နတ်ဆိုးကို တိုက်ရိုက်သုတ်သင်‌ချေမှုန်းနိုင်ပေသည်။

ဤအချက်က လင်းဖုန်းအား သင်းခွေချပ်သားရဲကို ပို၍ အလေးအနက်ထား အကဲဖြတ်ရန် ဖြစ်လာစေသည်။ သင်းခွေချပ်သားရဲများ၏ ခုခံမှုမှာ အထူးသဖြင့် ၎င်း၏ အရေပြားမှာ အလွန်ပင် အစွမ်းထက်လှသည်။ ၎င်းမှာ ကျောက်ဆောင်ကျောက်ခဲကဲ့သို့ မာကျောလှကာ "ကျောက်ဖြစ်စေခြင်း" အသွင်သို့ပင် ပြောင်းလဲသွားနိုင်ပေသည်။

ဤသည်မှာ နှာမောင်းရှည်သားရဲများနှင့် လုံးဝ မတူချေ။ နှာမောင်းရှည်သားရဲများသည် သူတို့၏ မာကျောသည့်အရေပြားနှင့် ထူထဲလှသည့် အသွေးအသားကို အသုံးပြုကာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိစေရန် လုပ်ဆောင်ကြသည်။ ထိုဖြစ်စဉ်မှာ ပြင်းထန်ကြမ်းတမ်းသည့် ရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိသော သဘာဝအသားအိတ်ကြီးအလားပင်။

သို့သော် ခုခံမှုနှင့် ပတ်သက်လာလျှင် ဤသင်းခွေချပ်သားရဲများမှာ အမှန်တကယ် ပို၍ သာလွန်လှသည်။ အကယ်၍ လင်းဖုန်းတွင် မပျက်စီးနိုင်သည့် ထက်မြက်သောဦးချိုသာ မရှိခဲ့လျှင် သူဝဲကယက်စွမ်းအား စတုတ္ထအဆင့်ကို ထုတ်သုံးခဲ့လျှင်ပင် သင်းခွေချပ်နတ်ဆိုးသားရဲများ၏ ကျောက်ကဲ့သို့ဖြစ်တည်နေသော အရေပြားကို ဖောက်ထွင်းနိုင်ရန် ခက်ခဲပေလိမ့်မည်။

ဤကဲ့သို့သော မွေးရာပါစွမ်းရည်မျိုးမှာ အလွန်ပင် အစွမ်းထက်လွန်းလှသည်။ ထို့ပြင် သင်းခွေချပ်သားရဲ၏ ခွန်အားမှာလည်း အတော်လေး ကြီးမားလှသည်။ ထို့ကြောင့် သိုင်းသမားများသည် တစ်ဦးချင်း ရင်ဆိုင်တိုက်ခိုက်ရာတွင် ထိုသားရဲများကို အလွယ်တကူ အသာစီး မရနိုင်ကြခြင်း ဖြစ်သည်။

"ငါ့ရဲ့ မျိုးရိုးဗီဇ လက်ခံနိုင်စွမ်းပမာဏက ၄၈ ရာခိုင်နှုန်းပဲ ရှိသေးတာ။ တခြားကြမ်းကြုတ်သားရဲတစ်မျိုးရဲ့ မျိုးရိုးဗီဇကို ထပ်ပြီး ပေါင်းစပ်ဖို့ စဉ်းစားသင့်သလား။ ဒီသင်းခွေချပ်သားရဲကတော့ အလားအလာ တော်တော်ရှိပုံရတယ်"

လင်းဖုန်းသည် သူ၏ ပတ်ဝန်းကျင်ရှိ သင်းခွေချပ်သားရဲများကို ကြည့်ကာ အနည်းငယ် စိတ်ဝင်စားသွားသည်။

သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ခဲ့စဉ်ကတည်းက မျိုးရိုးဗီဇပေါင်းစပ်ကိရိယာ၏ မျိုးရိုးဗီဇလက်ခံနိုင်စွမ်းပမာဏမှာ ပြန်လည် လျော့ကျသွားခဲ့သည်။ ဆိုလိုသည်မှာ သူသည် ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ထပ်မံ ပေါင်းစပ်နိုင်ပြီ ဖြစ်သည်။ သို့သော် အချိန်အတော်ကြာသည်အထိ သူသည် သင့်တော်သော သားရဲမျိုးရိုးဗီဇကို ရှာမတွေ့ခဲ့ပေ။

ယခုအချိန်တွင် သင်းခွေချပ်သားရဲမှာ အတော်လေး ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ အကယ်၍ လင်းဖုန်းသာ ထိုသားရဲ၏ မျိုးရိုးဗီဇကို ပေါင်းစပ်နိုင်ခဲ့လျှင် သူ၏ ခွန်အားကို မြှင့်တင်ရာတွင် သေချာပေါက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။

သို့သော် လင်းဖုန်းသည် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာနှင့် ပတ်သက်၍ တချို့အကြောင်းခြင်းရာများကို နားလည်ထားသည်။ သင်းခွေချပ်သားရဲ မျိုးရိုးဗီဇကို ပေါင်းစပ်ခြင်းဖြင့် မည်သည့် စွမ်းရည်များကို ရရှိမည်နည်း။ သို့တည်းမဟုတ် မွေးရာပါစွမ်းရည်များ ပါလာမည်လား ဆိုသည်မှာ ပြောရန် ခက်ခဲလှသည်။

ထို့ပြင် လင်းဖုန်းသည် အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို အပြီးမသတ်ရသေးပေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာရန် နေရာအများကြီး ကျန်ရှိနေသေးသည်။ ယခုအချိန်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာကို မြှင့်တင်ရန် အလောတကြီး မလိုအပ်သေးသဖြင့် သားရဲမျိုးရိုးဗီဇများကို ပေါင်းစပ်ရန် အလျင်စလို လုပ်စရာ မလိုသေးပေ။

ပို၍ အရေးကြီးသည်မှာ လင်းဖုန်းသည် သူ၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး တူညီသော အဆင့်ရှိ သိုင်းသမားများထက် များစွာ သာလွန်သော ကြယ်တာရာစွမ်းအားကို ပိုင်ဆိုင်ထားရသည့် အခြေခံအကြောင်းရင်းမှာ ကြမ်းကြုတ်သားရဲမျိုးရိုးဗီဇများကို ပေါင်းစပ်ထားသောကြောင့်ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ များစွာ တိုးတက်လာပြီး အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်သွားခြင်းကြောင့် ဖြစ်သည်ဟု မရေမရာ သံသယရှိနေသည်။

လက်ရှိတွင် သူသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်၌ ရှိနေသည်။ အကယ်၍ သူ ကန့်သတ်ချက်သို့ ရောက်ရှိသွားပါက သူ၏ ကြယ်တာရာစွမ်းအားမှာ အမျှင်ပေါင်း ၅၀၀၀ ကျော် ရှိလာနိုင်ပြီး ၎င်းမှာ အသွင်ပြောင်းနယ်ပယ် ပထမအဆင့်ထက် ၁၀ ဆ ပို၍ များပြားပေလိမ့်မည်။

လင်းဖုန်းအနေဖြင့် ယခုအချိန်တွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၅၀၀၀ စလုံးကို မဖိသိပ်နိုင်သေးပေ။ သူ၏ စိတ်ဆန္ဒကို ပို၍ လေ့ကျင့်ရန် လိုအပ်သည်။ မဟုတ်ပါက သူသည် အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် သူသည် ယခု မျိုးရိုးဗီဇများကို ပေါင်းစပ်ပြီး သူ၏ ကန့်သတ်ချက်ကို ထပ်မံ ချိုးဖျက်လိုက်မည်ဆိုပါက သူ၏ ကြယ်တာရာစွမ်းအားမှာ ဆက်လက် တိုးတက်လာပြီး အမျှင်ပေါင်း ၆,၀၀၀ သို့မဟုတ် ၇,၀၀၀ အထိ ရောက်ရှိသွားပေလိမ့်မည်။ ၎င်းမှာ လင်းဖုန်း အဆင့်တက်လှမ်းနိုင်ရေးအတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် လင်းဖုန်းသည် သားရဲမျိုးရိုးဗီဇများကို ပေါင်းစပ်ရန် အလျင်မလိုပေ။ သူသည် အနည်းဆုံး အသွင်ပြောင်းနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားသည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ ကြယ်တာရာစွမ်းအား မည်မျှပင် များပြားနေပါစေ လင်းဖုန်းအတွက် ပြဿနာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လင်းဖုန်းသည် ကြယ်တာရာစွမ်းအား ဖိသိပ်ခြင်းထက် များစွာ ပို၍ ခက်ခဲသော ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းကို ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ပင်။

သင်းခွေချပ်နတ်ဆိုးနှစ်ကောင် ပြေးဝင်လာသည်ကို မြင်သောအခါ လင်းဖုန်း၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ လင်းဖုန်းသည် သူ၏ ဘယ်ဘက်လက်မောင်းကို ငုံ့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ ဘယ်ဘက်လက်မောင်းမှ သွေးများ ထွက်မလာတော့ဘဲ မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည် ကြီးထွားလာနေခဲ့သည်။

နာလိုက်တာ။ အရမ်းကို နာတာပဲ... လက်မောင်းတစ်ဖက် ဆွဲဖြဲခံလိုက်ရပြီး ဆဲလ်များ အဆက်မပြတ် ကွဲပွားနေသည့်အချိန် နာကျင်မှုက ဘယ်လောက်တောင် ပြင်းထန်လိုက်မလဲ။

သို့သော် လင်းဖုန်း၏ စိတ်ဆန္ဒဖြင့် ဤနာကျင်မှုကို သူ အေးအေးဆေးဆေးပင် ရင်ဆိုင်နိုင်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဖုန်း၏ လက်မောင်းမှာ ထက်ဝက်ကျော် ပြန်လည် ကြီးထွားလာသည်။ သင်းခွေချပ်နတ်ဆိုးနှစ်ကောင် လင်းဖုန်းထံသို့ ရောက်ရှိလာချိန်တွင် သူ၏ လက်မောင်းမှာ မူလအတိုင်း ပြန်လည် ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။

ဤသို့သော ထိတ်လန့်ဖွယ်ရာပြန်လည်ကုသနိုင်စွမ်းမှာ လင်းဖုန်း မျှော်လင့်ထားသည်ထက်ပင် ပို၍ မြန်ဆန်နေပေသည်။ သူ၏ ယခင်ကုသခြင်းစွမ်းရည်မှာလည်း အလွန် အစွမ်းထက်သော်လည်း လက်မောင်း သို့မဟုတ် ခြေထောက် ပြတ်တောက်သွားသော ဒဏ်ရာမျိုးကို ကုသရန်အတွက် အချိန်အနည်းငယ် လိုအပ်သည်။

ဒါပေမဲ့ အခုကတော့...

၁၀ စက္ကန့်လောက် ကြာသွားသလော။ ၅ စက္ကန့်ပင် မပြည့်လောက်ပေ။ အသက်ရှူတစ်ရှိုက်စာမျှ အချိန်အတွင်းမှာတင် သူ၏ လက်မောင်းမှာ မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ။ ဤကုသမှုအရှိန်မှာ ယခင်ကထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ပို၍ မြန်ဆန်လာခြင်း ဖြစ်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... ယူနီကွန်းဦးချိုပဲဖြစ်ဖြစ်၊ အကာအကွယ် ချပ်ဝတ်တန်ဆာပဲဖြစ်ဖြစ်၊ မသေနိုင်တဲ့ အစွမ်းသတ္တိပဲဖြစ်ဖြစ် ငါ့ရဲ့ မွေးရာပါစွမ်းရည်တွေ အားလုံးက အဘက်ဘက်ကနေ တိုးတက်လာတာပဲ"

လင်းဖုန်းသည် သူ၏ မွေးရာပါစွမ်းရည်မျိုးစုံမှာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာကြောင်း ယခုအခါ သေချာသွားပြီ ဖြစ်သည်။

လင်းဖုန်း၏လက်မောင်း ချက်ချင်းပြန်ပေါက်လာသည်ကို မြင်လိုက်ရသူ အားလုံးမှာ ပါးစပ်အဟောင်းသားနှင့် မှင်သက်သွားကြသည်။

ထိုအခါမှသာ သူတို့သည် လင်းဖုန်းတွင် ကုသခြင်း စွမ်းရည် အလွန်ကောင်းကြောင်း သတိရလိုက်ကြသည်။ သို့သော် ဤသည် ရိုးရိုးကုသခြင်းစွမ်းရည်မျှသာလော။

အချို့သော သာလွန်လူသား ကျွမ်းကျင်သူများတွင် ကုသခြင်းအာနိသင်ရှိသော မွေးရာပါစွမ်းရည်များ ရှိကြသော်လည်း ပြတ်တောက်သွားသော အင်္ဂါအစိတ်အပိုင်းများကိုပင် ဤမျှ မြန်ဆန်စွာ ပြန်လည် ထွက်ပေါ်လာနိုင်သည့် အစွမ်းမျိုးမှာ မရှိသလောက်ရှားပါးလှပေသည်။ ထိုသို့သော စွမ်းရည်မျုးကို ရိုးရိုးကုသခြင်းစွမ်းရည်ဟု သတ်မှတ်နိုင်ပါဦးမည်လော။

အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသာ နားမလည်နိုင်ခြင်း မဟုတ်ချေ။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် နားလည်နိုင်ရန် ခက်ခဲပေလိမ့်မည်။

"ဝဲကယက်စွမ်းအား စတုတ္ထအဆင့်"

လင်းဖုန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သင်းခွေချပ်သားရဲ နှစ်ကောင်မျှသာ ဖြစ်သည်။ လင်းဖုန်းသည် သူ၏ လက်နှစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ရာ လေထုကို ဖြတ်သန်းသွားသော ပြင်းထန်သော စွမ်းအားများကြောင့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လင်းဖုန်းသည် ကြယ်တာရာစွမ်းအားကိုလည်း မလွှဲသာမရှောင်သာ ထုတ်သုံးလိုက်ရသည်။ သူ၏ လက်တစ်ဖက်စီတွင် ကြယ်တာရာစွမ်းအား အမျှင်ပေါင်း ၂၀၀ စီ ပေါက်ကွဲထွက်လာသည်။

ကြယ်တာရာစွမ်းအား အမျှင် ၁၀၀ မှာ တန် ၄၀၀ ခွန်အားနှင့် ညီမျှသည်။ လင်းဖုန်းသည် ဝဲကယက်စွမ်းအား စတုတ္ထအဆင့်ကို အားအပြည့်ဖြင့် ထုတ်သုံးလိုက်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ပေါင်းစပ်လိုက်လျှင် လင်းဖုန်းတွင် တန်ပေါင်း ၂၀၀၀ ကျော် ခွန်အား ရှိနေသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့်ဆိုလျှင် သင်းခွေချပ်နတ်ဆိုးနှစ်ကောင်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရခြင်းမှာ ပြောပလောက်စရာမရှိပေ။

ဘုန်း...

မြေပြင်တစ်ခုလုံးမှာ တုန်ခါသွားသည်။ ပြင်းထန်ကြမ်းတမ်းလှသောအရှိန်အဝါများ အရပ်မျက်နှာအနှံ့ပေါက်ကွဲထွက်သွားသည်။ သင်းခွေချပ်နတ်ဆိုးနှစ်ကောင်၏ ခန္ဓာကိုယ်ထဲမှ နားမခံသာအောင် စူးရှကျာ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ အရိုးများ ကြေမွသွားသည့် အသံနှင့် အသားများ လွင့်စင်ပျံ့ကျဲသွားသည့် အသံများပင် ဖြစ်သည်။ ထိုသင်းခွေချပ်နတ်ဆိုးနှစ်ကောင်မှာ လင်းဖုန်း၏ လက်ချက်ကြောင့် တမဟုတ်ချင်း လွင့်ထွက်သွားသည်။ သူတို့ မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင်မူ အသွေးအသားများမှာ အလုံးစုံ ကြေမွပျက်စီးနေပြီဖြစ်ကာ ထွက်သက်တစ်ရှိုက်ပင် မထုတ်နိုင်တော့ဘဲ သေဆုံးသွားသည်။

သို့သော် လင်းဖုန်းတစ်ကိုယ်လုံးမှာလည်း ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။ သင်းခွေချပ်သားရဲ နှစ်ကောင် အရှိန်အပြည့်ဖြင့် ပြေးဝင်လာသော ရိုက်ခတ်မှုမှာ မည်မျှ ပြင်းထန်လိုက်မည်နည်း။ လင်းဖုန်းမှာ တောင်ကြီးနှစ်လုံးနှင့် တိုက်မိသည့်အလား ခံစားလိုက်ရသည်။ ထို့ပြင် သင်းခွေချပ်သားရဲများ၏ လက်သည်းများက သူ့လက်မောင်းများနှင့် ဝမ်းဗိုက်ကို တစ်ပြိုင်နက်တည်း ဆွဲဖြဲသွားခဲ့သဖြင့် သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းသွားသည်။

တိုက်ပွဲမှာ အလွန်တရာ ပြင်းထန်လှချေသည်။ သူ၏ တိုက်ခိုက်ပုံမှာ ရန်သူကို သတ်နိုင်ရန် မိမိအသက်ကိုပါ ရင်းနှီးလိုက်သည့် ပုံစံမျိုး ဖြစ်သည်။ အကယ်၍ အခြားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်ပါက သူတို့သည် တတိယအဆင့်၌ ရှိနေပြီး ကြယ်တာရာစွမ်းအား အကာအကွယ် အများအပြား ရှိနေလျှင်ပင် ဤကဲ့သို့ တိုက်ခိုက်ပုံမျိုးက သူတို့ကို သေရွာသို့ ပို့ဆောင်ပေးပေလိမ့်မည်။

သို့သော် လင်းဖုန်းမှာမူ အသက်ရှင်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပြန်လည် ကောင်းမွန်လာပြီး ပြတ်တောက်သွားသော လက်မောင်းမှာလည်း အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် ပြန်လည် ကြီးထွားလာသည်။

တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ သိုင်းသမားများပင်လျှင် ဤအခြင်းအရာကို မြင်သောအခါ ထိတ်လန့်တုန်ယင်သွားကြသည်။ ဒီတိုက်ပွဲက ဘယ်လို ဆက်ဖြစ်ဦးမှာလဲ။ လင်းဖုန်းကို လုံးဝ သတ်လို့မရဘူး။ ဒဏ်ရာကို ဒဏ်ရာချင်း လဲလှယ်ခြင်းနှင့် အသက်ကို ရင်းပြီး တိုက်ခိုက်ခြင်းမှာ သင်းခွေချပ်သားရဲများ၏ အားသာချက် ဖြစ်ခဲ့ဖူးသည်။ သူတို့၏ အစွမ်းထက်သော ခုခံမှုကို အသုံးချပြီး သူတို့သည် အမြဲတမ်း အရူးအမူး အသက်စွန့် တိုက်ခိုက်လေ့ရှိကာ အမြဲတမ်းလည်း အောင်ပွဲခံရလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သင်းခွေချပ်သားရဲများမှာ အပြည့်အဝတန်ပြန်တိုက်ခိုက်နိုင်သူနှင့် ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။ လင်းဖုန်း၏ မသေနိုင်သော အစွမ်းသတ္တိမှာ သင်းခွေချပ်သားရဲကို လုံးဝ ချေပနိုင်စွမ်း ရှိနေသည်။

"စစ်သေနာပတိချုပ်က မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖြတ်ပြီးကာစ လူငယ်လေးတစ်ယောက်ပဲ ရှိသေးပေမဲ့ နဂါးကျောက်တုံးမြို့မှာ နတ်ဆိုး ၃၀ ကို ဘာလို့ နှိမ်နင်းနိုင်ခဲ့တာလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး။ အရင်ကတော့ ကံကောင်းလို့ ဖြစ်မယ်လို့ ငါ ထင်ခဲ့မိတာ။ အခု ကြည့်ရတာတော့ သူ့ရဲ့ ထူးကဲလှတဲ့ ကုသခြင်းစွမ်းရည်ကြောင့်ပဲ ဖြစ်ရမယ်..."

လုဝေ့၏ မျက်လုံးအစုံမှာ အနည်းငယ် တောက်ပလာသည်။ အကယ်၍ လင်းဖုန်းတွင် ဤမျှ အံ့ဩစရာကောင်းသော ကုသခြင်းစွမ်းရည် ရှိနေမည်ဆိုပါက ယခုတစ်ကြိမ်တွင် သင်းခွေချပ်သားရဲများကို မောင်းထုတ်နိုင်ရန်အတွက် အခွင့်အလမ်း အလွန်ကောင်းနေပြီ ဖြစ်သည်။

All Chapters