← Chapters

အခန်း (၈၁-၈၂)

Vol. 8 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 8 Ch. 81-82

အပိုင်း (၈၁)

ယွင်ကျုံးဟဲ့က ရိုးရိုးသားသား စီးပွားရေး လုပ်ပြီး ငွေ ၁ သန်း ရှာမယ်ဟု ထင်နေသည်လား။ နောက်နေခြင်းသာ ဖြစ်ပေမည်။

မည်သည့်စီးပွားရေးက ၁၅ ရက်အတွင်း ငွေ ၁ သန်း ရနိုင်မည်နည်း။ လှည့်စားသည်ကလွဲရင် မည်သည့် နည်းလမ်း ရှိသေးသနည်း။

ဟုတ်ပေ၏။ လှည့်စားခြင်းပင်။ သို့ပေမည့် ယွင်ကျုံးဟဲ့ လှည့်စားမည့်ပုံစံက တစ်ဖက်သားကို ကျေနပ် လက်ခံပြီး ကျေးဇူးတင်ရှိလာအောင် လုပ်ပေးမှာဖြစ်သည်။

‘မှန်၊ ဖန်ခွက် ထုတ်လုပ်တာတွေက ကြာလွန်းတယ်။ ရေမွှေး၊ ဆပ်ပြာ၊ အရက်ပြန် ထုတ်လုပ်တာတွေလည်း တစ်နှစ်မှ ၁ သန်း မရနိုင်ဘူး။’

ယခု အချိန်၌ နင်အန်း နယ်စားအိမ်တော်သည် လုံခြုံရေး တင်းကျပ်ထား၏။

အဝင်ဝတွင် သံချပ်ကာ ဝတ်ဆင်ထားသော စစ်သည်များ စောင့်ကြပ်နေကြသည်။ အင်ပါယာကြီး၏ နယ်စားအိမ်တော် ပီသပါပေသည်။

နောက်တစ်စက္ကန့်တွင် ယွင်ကျုံးဟဲ့ကို ဆွဲမပြီး ပစ်ထုတ်လိုက်ကြ၏။

“ဘုန်း...”

မြေကြီးပေါ် ခွေးကျဝက်ကျသွားသည်။

‘ရိုင်းစိုင်းလိုက်တဲ့ အစောင့်တွေ။’

“ထွက်သွား။ နောက်တစ်ခါ လာရင် ခြေထောက် ရိုက်ချိုးပစ်မယ်။” အစောင့်ခေါင်းဆောင်က သံတုတ်ကို ကိုင်ရင်း ခြိမ်းခြောက်လိုက်၏။

“အတည်ပြောနေတာလား။”

ယွင်ကျုံးဟဲ့ ထရပ်လိုက်ပြီး တီးတိုး ပြောဆိုလိုက်သည်။ “စစ်သည်ကြီး... နယ်စားမင်းမှာ သားတစ်ယောက်တည်း ရှိတာ ကျုပ် သိပါတယ်။ အခု သူက ကာလသားရောဂါ ဖြစ်နေတယ် မဟုတ်လား။ တကိုယ်လုံး အနာတွေ ပေါက်နေပြီ။ မကုသနိုင်ရင် သေတော့မယ်။”

အစောင့်ခေါင်းဆောင် မျက်နှာပျက်သွား၏။ ‘ဒါ နယ်စားအိမ်တော်ရဲ့ လျှို့ဝှက်ချက်ပဲ။ ဘယ်သူက သတင်းဖြန့်လိုက်လဲ မသိဘူး။ ကျင်းကျိုးမြို့တင်မကဘူး၊ ပိုင်ရှင်မဲ့ နယ်မြေအထိ သတင်းရောက်နေပြီလား။’

သာမန်လူ တစ်ယောက်သာ ဖြစ်ခဲ့လျှင် ကိစ္စမရှိသော်လည်း ယခုမူကား ဤလူက နယ်စားအိမ်တော်၏ တစ်ဦးတည်းသော အမွေခံ ဖြစ်နေသည်။

သူသာ သေသွားပါက နယ်စားဘွဲ့ ပျောက်သွားပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ရန်သူတော် ဆွေမျိုးများ၏ လက်ထဲသို့ ရောက်သွားပေလိမ့်မည်ဟု တွေးတောနေမိသည်။

နယ်စားမင်း အနေဖြင့်လည်း ဤအခြေအနေကို မည်သို့မှ လက်ခံနိုင်မည် မဟုတ်သလို နောက်ထပ် သားတစ်ယောက် ထပ်မံ မွေးဖွားရန် ဆိုသည်မှာလည်း မဖြစ်နိုင်တော့ပေ။

ကာလသားရောဂါ ဆိုသည်မှာ ကုသ၍ မရနိုင်သော ရောဂါဆိုး တစ်ခု ဖြစ်သည်။ တချို့ကတော့ အဆိပ်ကို အဆိပ်နှင့် ကုမည်ဆိုပြီး စိန်စားကြသည်။ လက်တွေ့တွင်မူ လူနာက ပို၍ မြန်မြန် သေဆုံးသွားခြင်းသာ အဖတ်တင်၏။

ရှေးခေတ်အခါက ကာလသားရောဂါ ဆိုသည်မှာ သေမိန့်ချမှတ်ခံရသကဲ့သို့ ဖြစ်သည်။ ခေတ်သစ် ကမ္ဘာတွင်မူ ပင်နီဆီလင်တစ်လုံး ထိုးလိုက်ရုံဖြင့် ပျောက်ကင်းနိုင်သော်လည်း ယခု ရောက်ရှိနေသည့် ကမ္ဘာတွင်မူ ထိုဆေးမျိုး မရှိသေးချေ။

.................

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “စစ်သည်ကြီး... ကျုပ်က သခင်လေးကို ကုပေးနိုင်တယ်။ နယ်စားအိမ်တော်ကို ကယ်တင်နိုင်တယ်။ ကုပေးပြီးရင် ငွေတစ်ပြားမှ မယူဘူး။ ပစ္စည်းတစ်မျိုးပဲ လိုချင်တယ်။”

“ထွက်သွား။” အစောင့်ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

သတင်းပျံ့သွားတည်းက သမားတော် အယောင်ဆောင်များ အများအပြား လာကြ၏။

ကုလေ ပိုဆိုးလေ ဖြစ်နေပြီး ယခုအခါ သေလုမျောပါး ဖြစ်နေပြီး နာရေး ပြင်ဆင်နေရပြီဖြစ်သည်။ ထို့ကြောင့် နယ်စားမင်းက ဘယ်သမားတော်ကိုမှ အဝင်မခံတော့ခြင်းပင်။

အစောင့်ခေါင်းဆောင်က သံတုတ်ကို မြှောက်လိုက်သည်။

ယွင်ကျုံးဟဲ့က ၇ ကျပ်သား ရှိသည့် ရွှေချောင်းတစ်ချောင်း ထုတ်ပြလိုက်၏။ “လက်ဖက်ရည်ဖိုး သောက်လိုက်ပါဗျာ။”

အစောင့်ခေါင်းဆောင် မျက်လုံး အရောင်လက်သွားသည်။ သို့ပေမည့် ငြင်းပယ်လိုက်သည်။ “တောင်းပန်ပါတယ်။ နယ်စားမင်း အမိန့်မို့လို့ပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်မှာ မှော်ဆေး ရှိပါတယ်။ ၁ ရက် အတွင်း အနာတွေ သက်သာစေရမယ်။ ၇ ရက် အတွင်း ပျောက်ကင်းစေရမယ်။ မပျောက်ရင် ကျုပ်ခေါင်းကို ဖြတ်ယူလိုက်ပါ။ စစ်ကတိ ချုပ်ပေးပါ့မယ်။”

အစောင့်ခေါင်းဆောင် တွေဝေသွားသည်။ ရွှေချောင်းကိုလည်း လိုချင်၏။ လူလိမ် ဖြစ်မှာလည်း ကြောက်သည်။

ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်၏။ “စစ်သည်ကြီး... သခင်လေး ရောဂါ ပျောက်သွားရင် စစ်သည်ကြီးလည်း ကုသိုလ်ရတာပေါ့။ ကျုပ်က ကိုယ့်ခေါင်းနဲ့ အာမခံနေတာပဲ။ ဘာကြောက်စရာ ရှိလဲ။”

အစောင့်ခေါင်းဆောင်က ရွှေချောင်းကို ကြည့်လိုက်သည်။

ယွင်ကျုံးဟဲ့က ခပ်တိုးတိုး ပြောလိုက်သည်။ “ကျုပ် နားလည်ပါတယ်။ လူရှေ့သူရှေ့မှာ ပေးလို့ မကောင်းပါဘူး။ အထဲရောက်မှ တိတ်တဆိတ် ပေးပါ့မယ်။”

အစောင့်ခေါင်းဆောင် သဘောကျသွားသည်။ ‘ပါးနပ်တဲ့ သူတောင်းစားပဲ။’

“ကောင်းပြီလေ။ သခင်လေးအတွက် ဝင်လျှောက်တင်ပေးမယ်။”

.................

တောင်ပိုင်းကျိုးအင်ပါယာ နင်အန်း နယ်စားမင်းသည် စိတ်ညစ်နေ၏။ သူ၏သား ကာလသားရောဂါ ဖြစ်နေသည်ကို ဧကရာဇ်မင်း သိရှိသွားပြီ ဖြစ်သည်။

စစ်ပွဲ ဖြစ်တော့မည် ဖြစ်သောကြောင့် ဧကရာဇ်မင်းက ကျင်းကျိုးမြို့ကို နောက်တန်းဌာနချုပ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်၏။

အရာရှိသားသမီးများက ပျော်ပါးပြီး ရောဂါရနေသည် ဆိုသည့် သတင်းကြောင့် ဧကရာဇ်မင်းမှာ အလွန် ဒေါသထွက်နေပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း စေလွှတ်လိုက်ပြီ ဖြစ်သည်။

သခင်လေးတွင် ရောဂါဖြစ်နေသည်မှာ မှန်ကန်ပါက နယ်စားမင်းမှာ အပြစ်ပေးခံရတော့မှာ ဖြစ်သည်။ ထို့ကြောင့် သားဖြစ်သူ၏ ရောဂါသည် မိသားစု၏ ကံကြမ္မာနှင့် တိုက်ရိုက်သက်ဆိုင်နေပြီ ဖြစ်၏။

အစောင့်ခေါင်းဆောင်က သတင်းပို့လိုက်သည်။ “နယ်စားမင်း... အပြင်မှာ သမားတော် တစ်ယောက် ရောက်နေပါတယ်။ သခင်လေး ရောဂါကို ပျောက်အောင် ကုပေးနိုင်တယ်လို့ ပြောနေပါတယ်။”

“မောင်းထုတ်လိုက်။”

နယ်စားမင်း စိတ်မရှည်တော့ပေ။ သမားတော် အများကြီး ပြပြီးပြီ ဖြစ်သော်လည်း မည်သူမှ မကုနိုင်ချေ။

အစောင့်ခေါင်းဆောင်က ပြန်ထွက်သွားချင်သော်လည်း ရွှေချောင်းကို နှမြောနေမိသည်။ သူက အရဲစွန့်ကာ ပြောလိုက်၏။ “နယ်စားမင်း... သူက အသက်နဲ့ အာမခံပါပြီး စစ်ကတိ ပေးပါမယ်တဲ့။ ၁ ရက် အတွင်း သက်သာစေရမယ်လို့ ပြောနေပါတယ်။”

“ဟေ...” နယ်စားမင်း အံ့ဩသွားသည်။ ဤမျှလောက် ရဲရင့်သည့် သမားတော်ကို သူ တစ်ခါမှ မတွေ့ဖူးသေးပေ။

နယ်စားကတော်က တောင်းပန်လိုက်၏။ “ယောက်ျား... စမ်းကြည့်လိုက်ပါလား။ သားလေးက တစ်ယောက်တည်း ရှိတာ။ သေမယ့်လူကို ကုကြည့်တာ ဘာမှားလို့လဲ။”

သားကို အသက်ရှင်စေလိုသည့် မိခင်မေတ္တာမို့ နယ်စားမင်း မကြည့်ရက်တော့ပေ။

သူ သဘောတူလိုက်သည်။ “ကောင်းပြီ။ ဝင်ခွင့်ပြုလိုက်။”

.................

ယွင်ကျုံးဟဲ့ ဝင်ရောက်လာသည်။ လူကွယ်ရာတွင် ရွှေချောင်းကို အစောင့်ခေါင်းဆောင်ထံ ထိုးပေးလိုက်၏။

နယ်စားအိမ်တော်က ခမ်းနားထည်ဝါလှသည်။ ပန်းခြံ၊ ရေကန်နှင့် အဆောက်အအုံများ အများအပြား တည်ရှိနေသည်။

၁၀ မိနစ်လောက် လမ်းလျှောက်ပြီးမှ နယ်စားမင်းရှေ့သို့ ရောက်ရှိသွား၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ချူလျိုရှန်းက နယ်စားမင်းကို ဂါရဝပြုပါတယ်။”

နယ်စားမင်းက သူတောင်းစားအနံ့ကို မခံနိုင်ဟန်ဖြင့် နှာခေါင်းကို ပဝါဖြင့် အုပ်ကာ မေးလိုက်၏။ “မင်း ကုတတ်သလား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ကုတတ်ပါတယ်။”

နယ်စားမင်းက ပြောလိုက်၏။ “ကာလသားရောဂါက ကုမရဘူး ဆိုတာ လူတိုင်း သိတယ်။ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ။ မပြောရင် ခြေထောက် ရိုက်ချိုးပစ်မယ်။”

ယွင်ကျုံးဟဲ့ စကားမပြောဘဲ ကြမ်းပြင်ပေါ်တွင် စာရေးလိုက်သည်။ “ကုသနေစဉ် အပြင်မထွက်ပါဘူး။ မပျောက်ရင် ခေါင်းဖြတ်သတ်လိုက်ပါ။ ချူလျိုရှန်း။”

တစ်ခွန်းမှ မပြောဘဲ စာချုပ် ချုပ်လိုက်ခြင်းဖြစ်၏။

နယ်စားကတော်က ပြောဆိုလိုက်သည်။ “ယောက်ျား... ခွင့်ပြုလိုက်ပါ။ စမ်းကြည့်တာပေါ့။”

ယွင်ကျုံးဟဲ့ တွေးလိုက်မိ၏။ ‘အသံလေးက နူးညံ့လိုက်တာ။ အဒေါ် ကျုပ် မကြိုးစားချင်တော့ဘူး သကြားမေမေပဲ ရှာချင်တယ်။’

နယ်စားမင်း ခဏ စဉ်းစားပြီး လက်ခံလိုက်သည်။ “ကောင်းပြီ။ ၁၀ ရက်အတွင်း မသက်သာရင် မင်း အသတ်ခံရမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပါပြီ။ ပျောက်သွားရင် ငွေတစ်ပြားမှ မယူပါဘူး။ အိမ်တော်က ပစ္စည်းတစ်မျိုးပဲ လိုချင်ပါတယ်။”

နယ်စားမင်းက ကတိပေးလိုက်သည်။ “ပျောက်ရင် ဘာမဆို ပေးမယ်။ သွား.... အန်းနင်ဆောင်ကို ခေါ်သွားလိုက်။”

.................

အပိုင်း (၈၂)

အန်းနင်ဆောင် ဆိုသည်မှာ ဥယျာဉ်နှင့် သီးခြား ခြံဝင်းငယ်လေး တစ်ခု ဖြစ်သည်။

ခြံထဲသို့ ဝင်လိုက်သည်နှင့် ဆေးနံ့ ပြင်းပြင်းကို ရလိုက်သည်။ အဆောက်အအုံထဲသို့ ရောက်ချိန်မှာတော့ အပုပ်နံ့များပါ ရောနှောလာ၏။

“နယ်စားမင်းကို ဂါရဝပြုပါတယ်။”

နယ်စားမင်း ဝင်လာသည်နှင့် သမားတော် ၁၀ ယောက်ကျော်ခန့် ဦးညွှတ်လိုက်ကြသည်။ အသက် ၄၀ မှ ၈၀ အရွယ်အထိ ရှိကြသည်။

နယ်စားမင်းက မိုင်ပေါင်းများစွာ အကွာအဝေးမှ သမားတော်ကောင်းများကို ခေါ်ယူထားခြင်း ဖြစ်၏။

“သခင်လေး အခြေအနေ ဘယ်လိုလဲ။” နယ်စားမင်းက တုန်ယင်စွာ မေးမြန်းလိုက်သည်။

အသက်အကြီးဆုံး သမားတော်ကြီးက ပြန်ဖြေလိုက်၏။ “နယ်စားမင်း... သခင်လေး ဖြစ်နေတာက မက်မွန်အဆိပ်ပါ။ ကာလသားရောဂါတွေထဲမှာ အဆိပ်အပြင်းဆုံးပါပဲ။ ကုလို့ မရပါဘူး။ စိတ်လျှော့လိုက် ပါတော့။”

“ဟုတ်ပါတယ်။ ကုလို့ မရပါဘူး။”

“ဒါက သေမိန့်ပါပဲ။”

“ကြိုတင် ပြင်ဆင်ထားသင့်ပါပြီ။”

ဤစကားများကို ကြားရသည်မှာ နားရည်ဝနေပြီ ဖြစ်သော်လည်း နှလုံးသားကို ဓားနှင့်မွှန်းသလို နာကျင်ရဆဲပင်။

“ဒါနဲ့ နယ်စားမင်း... ဒီလူက ဘယ်သူလဲ။” သမားတော်ကြီးက ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်သည်။

ယွင်ကျုံးဟဲ့က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်၏။ “ကျုပ် နာမည်က ချူလျိုရှန်းပါ။ ကာလသားရောဂါကို ကုသနိုင်တဲ့ မှော်ဆေးပညာရှင်ပါ။”

“ပေါက်ကရတွေ…” သမားတော်ကြီး ဒေါသထွက်သွားသည်။ “ကျုပ် အမုန်းဆုံးက လူနာရှင်တွေကို လှည့်ဖြားပြီး သမားတော်လောကကို သိက္ခာချတဲ့ လူလိမ်တွေပဲ။”

“ဟုတ်တယ်။ ကျုပ်တို့တောင် မကုနိုင်တာ ခင်ဗျားက ကုနိုင်မယ်တဲ့လား။”

“နယ်စားမင်း... ဒီလူလိမ်ကို ဖမ်းပြီး ထောင်ထဲ ထည့်လိုက်ပါ။ ရိုက်နှက်လိုက်ရင် အမှန်တိုင်း ဝန်ခံလိမ့်မယ်။”

“သခင်လေး အခြေအနေ ပိုဆိုးသွားတာက ဒီလို လူလိမ်တွေ လက်ချက်ကြောင့်ပဲ။ မူလက လအနည်းငယ် ခံအုံးမှာ။ အခုတော့ ၁၅ ရက်တောင် ခံပါ့မလား မသိဘူး။”

သမားတော်များက ဝိုင်းဝန်းကာ ပြောဆိုလိုက်ကြ၏။

ယွင်ကျုံးဟဲ့ သခင်လေးကို ကြည့်လိုက်သည်။ တကယ့်ကို ဆိုးရွားလွန်းလှသည့် အခြေအနေကို ရောက်ရှိနေသည်။

တစ်ကိုယ်လုံး ပြည်တည်နာတွေ ပေါက်နေပြီး အနံ့ဆိုးများ ထွက်နေ၏။

သမားတော်အတုများ ကုသထားသောကြောင့် ရောဂါပိုးဝင်ပြီး သွေးဆိပ်သင့်ခြင်းကို ခံစားနေရ၏။ အဖျားတက်ပြီး သတိလစ်လို့နေသည်။

ခေတ်သစ်ကမ္ဘာမှာ ဆိုလျှင်တောင် ကုသရန် နောက်ကျနေပြီ ဖြစ်၏။

“အဖေ... သား မှားသွားပါတယ်။ နောက် မလုပ်တော့ပါဘူး။” သခင်လေးက ညည်းတွားနေသည်။

‘သေခါနီးတောင် တောင်းပန်နေသေးတယ်။ လိမ္မာလိုက်တဲ့ သားပါလား။’

နယ်စားမင်းက မေးလိုက်၏။ “ချူလျိုရှန်း... ကျုပ်သားရဲ့ အခြေအနေကို မြင်ပြီ မဟုတ်လား။ ၁၀ ရက် အတွင်း ပျောက်ကင်းအောင် ကုပေးမယ်လို့ ပြောရဲသေးလား။ ၁၂ နာရီ အတွင်း သက်သာစေရမယ်လို့ ပြောရဲသေးလား။”

ယွင်ကျုံးဟဲ့ ဦးညွှတ်လိုက်သည်။ “ဒီမှာ ရှိတဲ့ သမားတော်တွေ အားလုံး သက်သေပါပဲ။ ၁၂ နာရီ အတွင်း အဖျားမကျရင်၊ အနာမသက်သာရင် ကျုပ် ခေါင်းကို ဖြတ်ယူလိုက်ပါ။”

‘ပင်နီဆီလင်နဲ့ ဓာတ်မတည့် မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းရမှာပဲ။’

“ရူးနေတာပဲ။”

“လူလိမ်။”

သမားတော်များက ဝိုင်းဆဲကြ၏။

“ကုသခွင့် ပေးလိုက်ပါ။ ၁၂ နာရီပဲ အချိန်ပေးမယ်။” နယ်စားမင်းက အမိန့်ပေးလိုက်သည်။

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “ကုတင်ကို လိုက်ကာ ကာပေးပါ။ ကျုပ် ပညာကို ဘယ်သူမှ မမြင်စေချင်ဘူး။”

သမားတော် တစ်ယောက်က ငြင်းလိုက်သည်။ “မဖြစ်ဘူး။ ခင်ဗျား လုပ်ကြံရင် ဘယ်လို လုပ်မလဲ။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်၏။ “ဒီအခြေအနေ ရောက်နေမှတော့ ကျုပ် လုပ်ကြံစရာ လိုသေးလို့လား။”

မှန်ပေ၏။ လုပ်ကြံစရာ မလိုအပ်တော့ချေ။ ထို့ကြောင့် တောင်းဆိုထားသလို လိုက်ကာ ကာလိုက်ကြသည်။

ကုသမှုက လွယ်ကူလှ၏။

ယွင်ကျုံးဟဲ့က လေခွင်းမြို့မှ ယူဆောင်လာသော ဆေးထိုးအပ်ကို ထုတ်ယူလိုက်၏။ ပင်နီဆီလင် ပုလင်းကို ဖွင့်ပြီး ဆားရည်နှင့် ရောစပ်ကာ သခင်လေး၏ တင်ပါးကို ထိုးလိုက်သည်။

သခင်လေးက ထုံကျဉ်နေပြီ ဖြစ်သော်လည်း အနည်းငယ် နာကျင်သွားပုံ ရ၏။

.................

ထို့နောက် ယွင်ကျုံးဟဲ့ လိုက်ကာကိုမကာ ထွက်လာသည်။

“ပြီးပြီလား။”

နယ်စားမင်းနှင့် သမားတော်များ အံ့ဩသွားကြသည်။ လက်ဖက်ရည် တစ်အိုးကျိုချိန်လောက်ပင် မကြာချေ။ ၂ မိနစ်လောက်သာ ကြာ၏။

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ပြီးပါပြီ။”

လူလိမ်ဆိုသည်မှာ သိသာနေပြီ ဖြစ်၏။ အနည်းဆုံးတော့ မန္တန်ရွတ်ခြင်း၊ ကခုန်ခြင်းတို့ကို ဟန်ဆောင်ပန်ဆောင် ပြုလုပ်ပြရန် လိုအပ်သည် မဟုတ်ပါလား။ သို့ပေမည့် ယခုအချိန်တွင် ဘာမှ မလုပ်သေးဘဲ ပြီးသွားပြီဟု ပြောနေ၏။

နယ်စားမင်းက မေးလိုက်သည်။ “ထပ်ကုစရာ မလိုတော့ဘူးလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “လောလောဆယ်တော့ မလိုပါဘူး။”

နယ်စားမင်းက အမိန့်ပေးလိုက်သည်။ “ဖမ်းပြီး မြေအောက်ခန်းထဲ ထည့်ထားလိုက်။”

ထို့နောက် စစ်သည်များက ယွင်ကျုံးဟဲ့ကို ဖမ်းဆီးပြီး မြေအောက်ခန်းထဲသို့ ခေါ်ဆောင်သွားကြလေတော့၏။

.................

မြေအောက်ခန်းက ကျဉ်းကျဉ်းလေးဖြစ်သည်။

ယွင်ကျုံးဟဲ့ကို ကုလားထိုင်တွင် ချည်နှောင်ထားလိုက်ကြ၏။ စားပွဲပေါ်တွင် သဲနာရီ တစ်လုံး တင်ထားသည်။ သဲများ စီးကျနေ၏။

“သဲကုန်သွားလို့ အမိန့်မလာရင် သတ်ပစ်လိုက်။” အိမ်တော်ထိန်းက အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ။”

စစ်သည် ၄ ဦးက ယွင်ကျုံးဟဲ့ကို စောင့်ကြည့်နေကြ၏။

၁၂ နာရီ အတွင်း သခင်လေး မသက်သာရင် ယွင်ကျုံးဟဲ့ သေပြီဖြစ်သည်။

.................

နယ်စားမင်းသည် သားဖြစ်သူကို မကြည့်ရက်တော့သောကြောင့် ထွက်ခွာသွား၏။

အိပ်ခန်းသို့ ရောက်ချိန်မှာတော့ ဇနီးဖြစ်သူက မေးလိုက်သည်။ “ယောက်ျား... ဘယ်လိုလဲ။ သမားတော်က ကုနိုင်ရဲ့လား။”

နယ်စားမင်းက ပြောလိုက်၏။ “လူလိမ်ပါ။ ဘာပညာမှ မရှိပါဘူး။ လိုက်ကာ ကာပြီး ဟန်ပြ လုပ်သွားတာ။ ဆေးလည်း မတိုက်ဘူး။ ဘာမှ မလုပ်ဘူး။ ကမ္ဘာပေါ်မှာ ဒီလို ကုထုံးမျိုး မရှိဘူး။”

ဇနီးသည်က ငိုကြွေးလိုက်သည်။ “သားလေး သေရင် ကျွန်မတို့ အန်းမျိုးနွယ်စုလည်း ပြီးပြီ။ ဧကရာဇ်မင်းက နယ်စားဘွဲ့ကို ရုပ်သိမ်းတော့မယ်။”

“ဘိုးဘေးတွေကို မျက်နှာမပြရဲတော့ဘူး။” နယ်စားမင်း ညည်းတွားလိုက်၏။

ဇနီးသည်က မေးလိုက်သည်။ “ဧကရာဇ်မင်းက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။ နုလန် နယ်စားရဲ့ သားက အရူး၊ အသုံးမကျတဲ့ကောင်။ ဒါပေမဲ့ ဧကရာဇ်မင်းက ချီးကျူးနေတုန်းပဲ။ ဘွဲ့လည်း မသိမ်းဘူး။”

နယ်စားမင်းက ပြောလိုက်၏။ “ကျုပ်က နုလန် နယ်စားနဲ့ ယှဉ်လို့ ရမလား။ သူက အာဏာရှိတယ်။ မင်းသားတွေက သူ့ကို ဖားနေကြတာ။ ကျုပ်တို့ကတော့ အားကိုးမဲ့နေပြီ။”

ဇနီးသည်က ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။ “ဒါဆို ကျွန်မတို့ အိမ်တော် ပျက်စီးတော့မှာလား။”

နယ်စားမင်းက သက်ပြင်းချကာ ဖြေလိုက်၏။ “ပျက်စီးတော့မှာပေါ့။ သားလေး သေတာနဲ့ ပြီးပြီ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်လာတာနဲ့ အကုန် ဖမ်းခံရတော့မယ်။ ဧကရာဇ်မင်းရဲ့ စရိုက်ကို မိန်းမ သိသားပဲ။”

စစ်ပွဲ နီးလာပြီ ဖြစ်သောကြောင့် စည်းကမ်း တင်းကျပ်သည့် အနေဖြင့် နမူနာပြ အရေးယူခံရတော့မှာ ဖြစ်သည်။

နယ်စားမင်းက တုန်ယင်အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “အိမ်တော်ထဲမှာလည်း လူတွေ ထွက်ပြေးကုန်ကြပြီ။ ပစ္စည်းတွေ ခိုးနေကြပြီ။ ကျုပ် မသိချင်ယောင် ဆောင်နေရတာ။ မိန်းမရေ... ကျုပ်တို့တော့ သွားပြီ။”

နှစ်ယောက်သား ဖက်ပြီး ငိုကြွေးနေကြသည်။ ငိုရင်း အိပ်ပျော်သွားကြသည်။

အချိန်မည်မျှ ကြာသွားသည် မသိချေ တံခါးခေါက်သံ ကြားလိုက်ရ၏။

“နယ်စားမင်း... နယ်စားမင်း... သခင်လေးဆီ သွားကြည့်ပါအုံး။”

နယ်စားမင်း လန့်နိုးသွားသည်။ ဇနီးသည်လည်း ထထိုင်လိုက်သည်။ “ဘာဖြစ်လို့လဲ။ သားလေး ဆုံးသွားပြီလား။”

နယ်စားမင်း ရင်ထိတ်သွား၏။ ‘ချူလျိုရှန်း ဆိုတဲ့ လူလိမ်ကြောင့် သားလေး စောစော သေသွားတာလား။ သတ်မယ်။ အဲဒီကောင်ကို သတ်မယ်။’

နယ်စားမင်း ဓားဆွဲပြီး ပြေးထွက်သွားသည်။

အိမ်တော်ထိန်းက သတင်းပို့လိုက်၏။ “နယ်စားမင်း... သခင်လေး အဖျားကျသွားပြီ။ အနာတွေလည်း သက်သာသွားပြီ။ သမားတော်တွေ အံ့ဩနေကြတယ်။”

“ဘာ...” လင်မယား နှစ်ယောက်လုံး ကြောင်အသွားကြသည်။

နယ်စားမင်းက အိမ်တော်ထိန်းကို ဆွဲကိုင်ပြီး မေးလိုက်၏။ “ဘာပြောလိုက်တာလဲ။ ပြန်ပြောစမ်း။”

အိမ်တော်ထိန်းက ပြောလိုက်သည်။ “သခင်လေးရဲ့ အခြေအနေ သိသိသာသာ ကောင်းမွန်လာပါတယ်တဲ့။”

နယ်စားမင်းတို့ လင်မယား အန်းနင်ဆောင်သို့ အပြေးသွားကြလေတော့၏။

.................

အန်းနင်ဆောင်သို့ ရောက်ချိန်မှာတော့ နယ်စားမင်း မယုံနိုင်အောင် ဖြစ်နေသည်။

ပထမဆုံး သားဖြစ်သူ အဖျားကျသွားပြီး ပုံမှန် ကိုယ်အပူချိန် ပြန်ရနေပြီဖြစ်၏။ ဒုတိယ ပြည်တည်နာတွေ ခြောက်သွေ့စ ပြုနေပြီး အသစ် ထပ်မထွက်တော့ချေ။

သမားတော်ကြီးက တုန်ယင်စွာ ပြောဆိုလိုက်သည်။ “နယ်စားမင်း... အံ့ဩစရာပါပဲ။ မှော်ပညာပါပဲ။”

နယ်စားမင်းက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်၏။ “ကျုပ်သား သက်သာလာပြီလား။”

သမားတော်ကြီးက ပြောလိုက်သည်။ “သက်သာရုံတင် မကဘူး။ ပျောက်ကင်းတော့မယ့် အခြေအနေပါပဲ။ ကျုပ် တစ်သက်လုံး ဆေးကုလာတာ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ ချူလျိုရှန်းက တကယ့် နတ်သမားတော်ပါပဲ။”

နယ်စားမင်း ဝမ်းသာအားရ အော်ဟစ်လိုက်၏။ “မြန်မြန်... နတ်သမားတော် ချူလျိုရှန်းကို သွားပင့်ခဲ့။ မဟုတ်ဘူး။ နေအုံး။ ကျုပ် ကိုယ်တိုင် သွားပင့်မယ်။”

.................

All Chapters