← Chapters

အခန်း (၈၇-၈၈)

Vol. 8 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 8 Ch. 87-88

အပိုင်း (၈၇)

ဤကာလအတွင်း လေခွင်းချိုင့်ဝှမ်း ကျင်းမိသားစုသည် လမ်းဆုံးသို့ ရောက်နေသည့် အခြေအနေကို ကောင်းစွာ သရုပ်ဖော်နိုင်ခဲ့သည်။

ကတိုးမွှေးသခင်မသည် မျက်နှာအောက်ချကာ ယောက္ခမအိမ်သို့ သွားရောက်၍ ငွေချေးခဲ့၏။

သူမ၏ ယောက္ခမအိမ်သည် လူရိုင်းမျိုးနွယ်စု တစ်ခုဖြစ်ပြီး ယဉ်ကျေးစ ပြုနေပြီ ဖြစ်သော်လည်း လူရာမဝင်သေးပေ။

ထို့ကြောင့် ဤလူရိုင်းမျိုးနွယ်စုသည် လေခွင်းချိုင့်ဝှမ်းကို အမြဲတမ်း မျက်နှာလိုမျက်နှာရ လုပ်ခဲ့ကြပြီး ကတိုးမွှေးသခင်မကိုလည်း အလွန်အမင်း ဖားခဲ့ကြသည်။

ထို့ကြောင့် ကတိုးမွှေးသခင်မသည် လေခွင်းမြို့တွင် အမြဲတမ်း နေထိုင်ခဲ့သော်လည်း သူမ၏ ယောက္ခမအိမ်က ဘာမှ မပြောရဲခဲ့ခြင်းပင်။

ထိုစဉ်က ကျင်းမိသားစု ခေါင်းဆောင် ကျင်းအဲ့ အာဏာရခါစတွင် ရန်သူများ ဝိုင်းရံနေသောကြောင့် မဟာမိတ် လိုအပ်ခဲ့သည်။ ထို့ကြောင့် ညီမဖြစ်သူကို သံသတ္တုကြွယ်ဝသော လူရိုင်းမျိုးနွယ်စု ခေါင်းဆောင်၏ သားနှင့် လက်ထပ်ပေးခဲ့ခြင်း ဖြစ်၏။

ကျင်းအဲ့ လေဖြတ်ပြီး လဲကျသွားချိန်မှာတော့ လူရိုင်းမျိုးနွယ်စုသည် မျက်နှာပြောင်းလဲသွားပြီး လေခွင်းမြို့နှင့် သံကုန်သွယ်မှုကို ဖြတ်တောက်ခဲ့သည်။

ကျင်းကျုံးယွဲ့ အာဏာရလာချိန်မှာတော့ လူရိုင်းမျိုးနွယ်စုသည် မျက်နှာထပ်ပြောင်းသွားပြီး သံပိဿာချိန် သောင်းချီ ပေးပို့ကာ တောင်းပန်ခဲ့၏။

ယခု လေခွင်းမြို့ ကပ်ဘေးဆိုက်နေချိန်တွင် ကတိုးမွှေးသခင်မသည် သိက္ခာချကာ ငွေသွားချေးရာ ပါးရိုက်ခံခဲ့ရသည်။

ပြင်းထန်သော ပါးရိုက်ချက် တစ်ချက် ဖြစ်လို့နေသည်။ ကတိုးမွှေးသခင်မ ပြန်ရောက်လာချိန်မှာတော့ မျက်နှာတစ်ဖက် ရောင်ရမ်းနေ၏။

ကျင်းကျုံးယွဲ့၏ မိခင် လေခွင်းကတော်သည်လည်း ကျင်းမိသားစု၏ ရတနာများကို ယူဆောင်ကာ တာရှီမြို့သို့ သွားရောက် ရောင်းချခဲ့ရသည်။

တန်ဖိုး ထောင်ချီသော ရတနာများကို တာရှီမြို့ရှိ အပေါင်ဆိုင်များက ငွေရာဂဏန်းမျှသာ ပေးသည်။ နောက်ဆုံးတွင် သူမသည် သောင်းချီတန်သော ရတနာများကို နင်မိသားစုပိုင် အပေါင်ဆိုင်တွင် ငွေထောင်ဂဏန်းဖြင့် ပေါင်ခဲ့ရ၏။

ကျင်းမိသားစုတစ်ခုလုံး ဆွေမျိုးများထံ လိုက်လံ ငွေချေးသော်လည်း ဘာမှ မရခဲ့ပေ။

ယခုအခါ ရှင်းလင်းသွားပြီ ဖြစ်၏။ ပိုင်ရှင်မဲ့နယ်မြေရှိ နယ်စားပယ်စား အားလုံးက ကျင်းမိသားစု ပျက်စီးမည့်နေ့ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။

ကျင်းကျုံးယွဲ့သည် အမျိုးသမီး ဖြစ်လျက်နှင့် မြို့စားအဖြစ် ဆက်ခံခြင်းက အခြားနယ်စားများအတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်နေသည်။ အရေးကြီးဆုံးမှာ ဤသည်က မဟာမိတ်အဖွဲ့ ခေါင်းဆောင် ထန်ထိုင်မိသားစု၏ ဆန္ဒ ဖြစ်နေခြင်းပင်။

......

ဒီဇင်ဘာလ တစ်ရက်နေ့၊ ထိုနေ့ရက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

မဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့သည် မြို့ပြင်သို့ ရောက်ရှိနေပြီဖြစ်ပြီး နေထွက်သည်နှင့် ငွေဝင်တောင်းမည် ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ စစ်သည် နှစ်သောင်းသည်လည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။

သို့ပေမည့် မိုးမလင်းမီတွင် ကျင်းကျုံးယွဲ့သည် ထန်ထိုင်မိသားစုမှ သံတမန်တစ်ဦးကို လက်ခံတွေ့ဆုံခဲ့သည်။

“မြို့စားမင်း ကျင်းကျုံးယွဲ့... လူတွေ အများကြီးက ခင်ဗျားကို ဝိုင်းတိုက်ခိုက်နေကြတယ်။ ဒီအခက်အခဲကို ခင်ဗျား ကျော်လွှားနိုင်မှာ မဟုတ်ဘူး။”

ထန်ထိုင် သံတမန်က ပြောလိုက်၏။ “ခင်ဗျားရဲ့ သမားတော် ယွင်အောက်ထျန်းက တော်ပါတယ်။ လောင်းကစားဘုရင် ယွင်ဝမ်ရွှယ်ကို လှည့်စားပြီး လျော်ကြေးငွေ တစ်သန်းဖြစ်အောင် လုပ်ပေးခဲ့တာပဲ။ ဒါပေမဲ့ အဓိပ္ပာယ် ရှိလို့လား။ အခုချိန်မှာ ငွေတစ်သန်းနဲ့ နှစ်သန်း ဘာကွာခြားလို့လဲ။ ခင်ဗျားတို့က အခုအချိန်မှာ လက်ထဲ တစ်သိန်းတောင် မရှိဘူး မဟုတ်လား။

“ကျင်းကျုံးယွဲ့... ဒီအခက်အခဲကို ကျော်လွှားချင်ရင် ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ပါ။”

ထန်ထိုင် သံတမန်က စာချုပ်တစ်စောင်ကို ကမ်းပေးသည်။ စာချုပ်ပါ အကြောင်းအရာမှာ ရှင်းလင်းသည်။ လက်ထပ်စာချုပ် ဖြစ်၏။

မြို့စားမင်း ကျင်းကျုံးယွဲ့သည် ထန်ထိုင်မိသားစု၏ ဒုတိယသားနှင့် လက်ထပ်ရမည်။

ကျင်းကျုံးယွဲ့က ထန်ထိုင်မိသားစုထဲ ဝင်ရောက်သွားပါက လေခွင်းချိုင့်ဝှမ်း၏ နှစ်ရာချီ သက်တမ်းရှိသော အမွေအနှစ်များသည် ထန်ထိုင်မိသားစု လက်ထဲသို့ ရောက်သွားမည် မဟုတ်ပါလား။

ကျင်းကျုံးယွဲ့ ခေတ္တခဏ တိတ်ဆိတ်နေသည်။ ထို့နောက် လက်ထပ်စာချုပ်ကို ယူလိုက်ပြီး ဖယောင်းတိုင်မီးဖြင့် ရှို့ကာ ပြာ ဖြစ်စေလိုက်သည်။

ထန်ထိုင် သံတမန်၏ မျက်နှာ ပျက်သွားပြီး အေးစက်စွာ ပြုံးလိုက်၏။ “ပြတ်သားလှချည်လား။ သေရင်သေသွားပါစေ အညံ့မခံဘူးပေါ့လေ။ ကောင်းပြီလေ၊ ခင်ဗျား ဆန္ဒအတိုင်း ဖြစ်စေရမယ်။”

ထန်ထိုင် သံတမန် ထွက်ခွာသွားသည်။

......

မိုးလင်းပြီဖြစ်၏။ နေရောင်ခြည်သည် လေခွင်းမြို့ပေါ်သို့ ကျရောက်လာ၏။

လေခွင်းမြို့တံခါး ပွင့်သွားပြီး စစ်သည် ရာပေါင်းများစွာ၏ ကာကွယ်မှုအောက်တွင် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်အဖွဲ့သည် လေခွင်းမြို့ထဲသို့ ဝင်ရောက်လာကြသည်။

မြို့စားအိမ်တော် ရှေ့သို့ ရောက်ရှိလာပြီး မြို့စားအိမ်တော်ရှေ့ရှိ ကွင်းပြင်တွင် စစ်သည် တစ်သောင်း စီတန်းလျက် ရှိ၏။

ခဏအကြာတွင် ကျင်းကျုံးယွဲ့ ထွက်လာသည်။ သူမ၏ အနောက်တွင် ယွင်ကျုံးဟဲ့၊ ဇိုအန်နှင့် လန်ပိတို့သာ ပါလာသည်။

“မြို့စားမင်း ကျင်းကျုံးယွဲ့... နောက်ဆုံးရက် ရောက်ပါပြီ။ ငွေစ တစ်သန်းပေးပါ။” ယွင်ဝမ်ရွှယ်က အေးစက်စွာ ပြောလိုက်၏။

ကျင်းကျုံးယွဲ့ တိတ်ဆိတ်နေသည်။

ယွင်ဝမ်ရွှယ်က ဆက်ပြောလိုက်၏။ “စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသား၊ ဒီငွေကို ပြန်မဆပ်နိုင်ရင် ခင်ဗျားတို့ရဲ့ စစ်သည် တစ်သောင်းရဲ့ သံချပ်ကာနဲ့ လက်နက်တွေကို သိမ်းယူရလိမ့်မယ်။”

ကျင်းကျုံးယွဲ့ ဆက်လက် တိတ်ဆိတ်နေသည်။

ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ရှေ့ထွက်လာပြီး ပြောလိုက်၏။ “ယွဲ့... မင်းက ကျုပ်တပည့်ပါ။ ကျုပ်ရဲ့ အချစ်ဆုံး တပည့်လည်း ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးကို ကျုပ် မမြင်ချင်ပါဘူး။ ဒါပေမဲ့ စာချုပ်ဆိုတာ မြင့်မြတ်တဲ့ ကတိကဝတ်ပဲ။ လက်မှတ်ထိုးပြီးရင် လိုက်နာရမယ်။”

ရွှီရှစ်ဇီကလည်း ပြောလိုက်သည်။ “မြို့စားမင်း... လျော်ကြေးငွေ တစ်သန်း မပေးနိုင်ရင် ခင်ဗျားရဲ့ တပ်တော်ကို လက်နက်သိမ်းရပါလိမ့်မယ်။”

နင်လျန်ဟွာက အမွှေးတိုင်တစ်တိုင်ကို ထုတ်ယူ မီးညှိလိုက်ပြီး ပြောလိုက်၏။ “ခင်ဗျားကို အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်။”

အမွှေးတိုင်က လေထဲတွင် တဖြည်းဖြည်း လောင်ကျွမ်းနေသည်။

ယွင်ဝမ်ရွှယ်က ယွင်ကျုံးဟဲ့ ရှေ့သို့ ရောက်လာပြီး လှောင်ပြောင်လိုက်၏။ “ယွင်အောက်ထျန်း... ခင်ဗျားရဲ့ စကားပြောစွမ်းရည်က မဆိုးပါဘူး။ ဒါပေမဲ့ ခင်ဗျား အနှစ်တစ်ရာလောက် စကားပြောရင်တောင် ခင်ဗျားသခင်အတွက် ငွေတစ်သန်း ရှာပေးနိုင်မှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့ တိတ်ဆိတ်နေသည်။

မကြာမီ အမွှေးတိုင် ကုန်သွား၏။

ကျူ့ထျန်းဖန်က ပြောလိုက်သည်။ “ယွဲ့... အခြေအနေတွေ ပိုဆိုးမသွားခင် လက်နက်ချဖို့ အမိန့်ပေးလိုက်ပါတော့။”

ကျင်းကျုံးယွဲ့ တုပ်တုပ်မှ မလှုပ်ချေ။

“ရုန်းကန်ချင်နေသေးတာလား။ အလကားပါပဲ။”

ယွင်ဝမ်ရွှယ်က အော်ပြောလိုက်၏။ “ကျောင်းအုပ်ကြီး... အမွှေးတိုင် ကုန်သွားပါပြီ။ ဘာကို စောင့်နေအုံးမှာလဲ။”

ကျူ့ထျန်းဖန် သက်ပြင်းချလိုက်ပြီး အမိန့်ပေးလိုက်သည်။ “စစ်သည်များ အားလုံး အသင့်ပြင်၊ လေခွင်းချိုင့်ဝှမ်း တပ်တော်ကို လက်နက်သိမ်းမယ်။”

ထိုအချိန်တွင် ယွင်ဝမ်ရွှယ်က စိတ်ထဲမှ ကျိတ်ဆုတောင်းနေ၏။ ‘ခုခံကြလေ၊ တိုက်ခိုက်ကြလေ၊ ဒါမှ မင်းတို့ ကျင်းမိသားစု တစ်ခုလုံး ဖျက်ဆီးခံရမှာ...’

“နေအုံး။”

ယွင်ကျုံးဟဲ့ ရှေ့ထွက်လာကာ ပြောလိုက်သည်။ “လေခွင်းချိုင့်ဝှမ်း တပ်တော်က ညီအစ်ကိုတွေ။ အခုအချိန်၊ ဒီအခိုက်အတန့်မှာ မဟာမိတ်အဖွဲ့က ခင်ဗျားတို့ကို ဘယ်လို ဆက်ဆံခဲ့တယ်။ ဘယ်လို စော်ကားခဲ့တယ် ဆိုတာကို မှတ်ထားကြပါ။”

ယွင်ဝမ်ရွှယ်က ဒေါသတကြီး အော်ပြောလိုက်၏။ “ယွင်အောက်ထျန်း... ခင်ဗျားက မဟာမိတ်အဖွဲ့ရဲ့ အလုပ်ကို နှောင့်ယှက်ရဲတာလား။ သေချင်နေတာလား။”

ယွင်ကျုံးဟဲ့က ပြုံးလိုက်သည်။ “ဘာတွေ လောနေတာလဲ။ ငွေတစ်သန်း လျော်ပေးမလို့လေ။”

ယွင်ဝမ်ရွှယ်က လှောင်ပြောင်လိုက်၏။ “လျော်မယ် ဟုတ်လား။ ဘာနဲ့ လျော်မှာလဲ။”

ယွင်ကျုံးဟဲ့ မိုးပေါ်သို့ မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းကင်ကနေ ရွှေမိုး ရွာချင်ရွာမှာပေါ့။ နတ်ဘုရားတွေက ကျုပ်တို့ကို ကူညီပြီး ဒီပိုက်ဆံတွေ ပေးချင်ပေးမှာပေါ့။ ဘယ်သူ ပြောနိုင်မလဲ။ ကျုပ် ယွင်အောက်ထျန်းက နတ်ဘုရားတွေ အချစ်ဆုံး သားတော်ပဲဟာ။”

“ဟား ဟား ဟား... သေခါနီးမှ ရူးတောင်နေပါလား။”

ယွင်ဝမ်ရွှယ်က ရယ်မောလိုက်၏။ “လာကြစမ်း... ဒီအရူးကို ဖမ်းချုပ်ထားလိုက်၊ ထပ်ပြီး နှောင့်ယှက်ရင် ရိုက်သတ်ပစ်။”

ယွင်ကျုံးဟဲ့က အော်ပြောသည်။ “နေအုံး။ နေအုံး... ကျုပ် တကယ်ပြောနေတာ။ နတ်ဘုရားတွေက တကယ် ရွှေမိုးရွာချပြီး ကူညီမှာ။ မယုံရင် ခင်ဗျားတို့ မိုးပေါ်ကို မော့ကြည့်လိုက်။”

သူ ရူးနေသည်ကို သိသော်လည်း လူအများက မသိစိတ်ဖြင့် မော့ကြည့်မိကြ၏။

‘ယွင်အောက်ထျန်း တကယ် ရူးသွားပြီ။ ဖိအားတွေ များလွန်းလို့ ရူးသွားပြီ။ ကောင်းကင်က ရွှေမိုးရွာမယ်တဲ့။ ဟား ဟား ဟား... ဒါ အရူးစကားပဲ။’

ထိုအချိန်တွင် ကောင်းကင်ပေါ်၌ မရေမတွက်နိုင်သော အစက်အပြောက်များ ပေါ်လာသည်။ အမဲစက်များ မဟုတ်၊ ရွှေရောင် တောက်ပနေသော အစက်များဖြစ်သည်။

“ဝှစ်... ဝှစ်... ဝှစ်...” မရေမတွက်နိုင်သော ရွှေမိုးစက်များမှာ အမှန်တကယ်ပဲ မိုးသီးမိုးပေါက်များအလား ရွာကျလာသည်။ ကောင်းကင်တစ်ခုလုံး ရွှေရောင် တောက်ပနေ၏။

မြို့စားအိမ်တော် အတွင်းရှိ ကျောက်ခဲပစ်စက် ဒါဇင်များစွာက ရွှေများကို ရူးသွပ်စွာ ပစ်လွှတ်နေခြင်း ဖြစ်သည်။

ရွှေမိုးသည် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များ၏ ခေါင်းပေါ်သို့ မိုးသည်းထန်စွာ ရွာသွန်းနေကဲ့သို့ ရွာကျလာ၏။

ဤမြင်ကွင်းသည် အလွန်တရာ အံ့သြဖွယ် ကောင်းလှပြီး အားလုံး ကြက်သေ သေကုန်ကြသည်။

.................

အပိုင်း (၈၈)

ဤရွှေမိုးရွာသွန်းသော မြင်ကွင်း၏ သက်ရောက်မှုမှာ ကြီးမားလွန်းလှ၏။ နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကြာသည်အထိ လူအများ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

အမှန်စင်စစ် ယွင်ကျုံးဟဲ့သည် လွန်ခဲ့သော နှစ်ရက်က ရွှေများနှင့်အတူ လေခွင်းမြို့သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။

ထို့နောက် ရွှေများကို အရည်ကျိုကာ တစ်ကျပ်သားအရွယ် အလုံးများ ပြုလုပ်ခဲ့၏။

စုစုပေါင်း ရွှေ ခြောက်သောင်းကိုးထောင်ကျပ်သား၊ အလုံးရေ ခြောက်သောင်းကိုးထောင် ဖြစ်၏။ ဟန်လုပ်ရန်အတွက် အနည်းငယ် ပို၍ပင် ပြင်ဆင်ထားသေးသည်။

ရည်ရွယ်ချက်မှာ ယခုကဲ့သို့ ကောင်းကင်မှ ရွှေမိုးရွာသော ခမ်းနားကြီးကျယ်သည့် မြင်ကွင်းကို ဖန်တီးရန် ဖြစ်၏။

ရလဒ်က အလွန် ကောင်းမွန်သည်။ ယွင်ဝမ်ရွှယ်နှင့် လူများအားလုံး ကြောင်အ သွားကြသည်။

“ဝှစ်... ဝှစ်...”

ရွှေမိုးသည် တစ်သုတ်ပြီးတစ်သုတ် ရွာကျနေသည်။ တစ်ကျပ်သားသာ ရှိသောကြောင့် ခေါင်းကွဲ မသေနိုင်သော်လည်း နာကျင်မှုကိုတော့ ခံစားရ၏။

အထူးသဖြင့် ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန်ကဲ့သို့ လူကြီးလူကောင်းများအဖို့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အတွက် မလှုပ်မယှက် ရပ်နေရသည်။ လက်ဖြင့် ခေါင်းကို အုပ်ထား၍ မဖြစ်သလို၊ အင်္ကျီလက်ဖြင့်လည်း ကာကွယ်၍ မရပေ။

စာရေးတော်တစ်ဦးသည် သည်းမခံနိုင်တော့သောကြောင့် ကျယ်ပြန့်သော အင်္ကျီလက်စဖြင့် ခေါင်းကို အုပ်လိုက်ရာ ယွင်ကျုံးဟဲ့က လှမ်းအော်လိုက်သည်။

“ဟိုက ဝတုတ်... ခင်ဗျား ဘာလုပ်ချင်တာလဲ။ ဒါတွေက လျော်ကြေးငွေတွေ၊ ပြည်သူပိုင်ငွေတွေနော်။ ခင်ဗျားက အင်္ကျီလက်နဲ့ ဖမ်းယူပြီး ခိုးဖို့ ကြံနေတာလား။”

‘သောက်ကျိုးနည်း...’

ရှင်းပြရခက်သည့် အခြေအနေ ဖြစ်သွားသည်။

ဤအရာများက ရွှေများဖြစ်နေ၏။ အနည်းငယ် ကောက်ယူလိုက်ရုံနှင့် ချမ်းသာသွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်များသည် အေးစက်သော ရွှေမိုးစက်များ မျက်နှာပေါ်သို့ ရိုက်ခတ်နေသည်ကို မလှုပ်မယှက် ငြိမ်နေလိုက်ကြရတော့သည်။

......

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရွှေမိုး တိတ်သွားသည်။ မြို့စားအိမ်တော်ရှေ့ ကွင်းပြင်တစ်ခုလုံး ပဲစေ့များ ဖြန့်ခင်းထားသကဲ့သို့ ရွှေလုံးများဖြင့် ပြည့်နှက်နေ၏။

ယွင်ကျုံးဟဲ့က အော်ပြောလိုက်သည်။ “လေခွင်းမြို့က ညီအစ်ကိုတို့... ရွှေတွေကို ကောက်ကြ။”

လေခွင်းမြို့ စစ်သည်တစ်သောင်းသည် ညီညာစွာဖြင့် မြေပြင်ပေါ်မှ ရွှေများကို ကောက်ယူကြ၏။

တစ်နာရီခန့် အကြာတွင် ရွှေ ခြောက်သောင်းကိုးထောင်ကျပ်သားသည် တောင်ကုန်းငယ်တစ်ခုသဖွယ် စုပုံနေပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့က ဦးညွှတ်ပြီး ပြောလိုက်၏။ “ကျောင်းအုပ်ကြီး၊ သခင်ကြီး ယွင်ဝမ်ရွှယ်... တကယ် အားနာပါတယ်ဗျာ။ နတ်ဘုရားတွေက ရွှေမိုးရွာပေးတာ နည်းနည်း ကြမ်းသွားတယ်။ ရေတွက်ကြည့်ပါအုံး။ ပြည့်ရဲ့လားလို့။”

သူ့စကားတိုင်းသည် ပါးရိုက်နေသကဲ့သို့ပင်။

ကျူ့ထျန်းဖန်၏ မျက်နှာပေါ်တွင် အညိုအမည်းကွက်များ ဖြစ်နေပြီး ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များက အေးစက်နေသည်။

ယွင်ဝမ်ရွှယ်သည် ဒေါသထွက်ပြီး ပြန်သွားချင်စိတ် ပေါက်နေသည်။ သို့ပေမည့် ပြန်၍ မရပေ။

အကြောင်းမှာ ဤညှိနှိုင်းမှုကို သူက တာဝန်ယူထားပြီး စုစုပေါင်း ငွေ တစ်သန်းခြောက်သိန်း ရရှိမည် ဖြစ်သည်။ လူပေါင်းများစွာက သူ့ထံမှ ဝေစုခွဲရန် စောင့်နေကြ၏။

ယခု ကျင်းမိသားစုက ရွှေများ ထုတ်ပေးလိုက်ပြီ ဖြစ်ရာ လက်နက်သိမ်းရန် အကြောင်းပြချက် မရှိတော့ပေ။

မှန်ပေသည်။ ယွင်ကျုံးဟဲ့၏ ပိုက်ဆံပေးပုံပေးနည်းသည် အလွန် ရိုင်းစိုင်းပြီး သူတို့ကို အကြီးအကျယ် စော်ကားလိုက်ခြင်း ဖြစ်သည်။ သို့ပေမည့် ဘာတတ်နိုင်မည်နည်း။

‘မကျေနပ်ရင် ဒီရွှေတွေကို မယူဘဲ နေလိုက်လေ။ အမှန်အတိုင်း ပြောရရင် တစ်ယောက်ယောက်က ကျုပ်မျက်နှာကို ရွှေနဲ့ပစ်ပေါက်ပြီး စော်ကားမယ်ဆိုရင် ကျုပ်က ‘လာပါ။ လာပါ။ ပိုပြင်းပြင်းလေး ပစ်စမ်းပါ’ လို့တောင် ပြောမိအုံးမယ်။’

စစ်သည်တစ်ယောက်က ပြောလိုက်၏။ “သခင်ကြီး... ရွှေတွေက သိပ်ကောင်းတယ်။ စုစုပေါင်း ခြောက်သောင်းကိုးထောင်၊ ငွေစက တစ်သန်းကျော် တန်ဖိုးရှိပါတယ်။”

ရှိနေ့သည့် လူအများက မယုံနိုင် ဖြစ်နေကြသည်။ ‘ဒီရွှေတွေ ဘယ်က ရတာလဲ။ တစ်လတည်းနဲ့ ရှာဖွေထားတာလား။ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။’

ယွင်ဝမ်ရွှယ်က ယွင်ကျုံးဟဲ့ကို ကြည့်ပြီး မေးလိုက်၏။ “ဒီရွှေတွေ ဘယ်လို ရလာတာလဲ။”

ယွင်ကျုံးဟဲ့က ပြုံးကာ ဖြေလိုက်သည်။ “ကျုပ် ပြောပြီးသားပဲ။ နတ်ဘုရားတွေ ပေးတာပါလို့။ စောစောက ရွှေမိုးရွာတာ အားလုံး မြင်တယ်မလား။ သခင်ကြီး ယွင်ဝမ်ရွှယ်.. ကျန်တဲ့ ငွေခြောက်သိန်းကိုတော့ ခင်ဗျားပဲ စိုက်ပေးလိုက်တော့။ ကျေးဇူးပဲနော်။”

ယွင်ဝမ်ရွှယ် သွေးအန်လုမတတ် ဖြစ်သွား၏။

ကျူ့ထျန်းဖန်က ယွင်ကျုံးဟဲ့ကို တစ်ချက်ကြည့်ပြီး ကျင်းကျုံးယွဲ့အား ပြောလိုက်သည်။ “မြို့စားမင်း... ဒီ ယွင်အောက်ထျန်းက ခင်ဗျားဘေးနားမှာ ရှိနေသရွေ့ ဘေးအန္တရာယ် ဖြစ်လိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ဆုံးမစကားအတွက် ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူတို့ ထွက်ခွာသွားကြသည်။

......

မြို့စားအိမ်တော် အတွင်း၌ ဇိုအန်၊ လန်ပိ၊ လေခွင်းကတော်နှင့် ကျင်းကျုံးယွဲ့တို့သည် ယနေ့မြင်ကွင်းကြောင့် တုန်လှုပ်နေကြသည်။ ယွင်ကျုံးဟဲ့ ပြောစဉ်က မယုံခဲ့ကြသော်လည်း ယခု သူသည် ငွေတစ်သန်းကျော် ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်၏။

“စောဏက ကျုပ်တို့ရဲ့ ရွှေမိုးရွာတဲ့ အစီအစဉ် အောင်မြင်ခဲ့တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အခု နောက်တစ်ဆင့် သွားရအောင်။ မော့မိသားစုကို ကျင်းထဲ တွန်းချပြီး သစ်ရွက်ကြွေနယ်မြေကို ပြန်ယူဖို့က အရေးကြီးဆုံး အဆင့်ပဲ။ ကျုပ်တို့က လျော်ကြေးပေးတာ အရမ်း ရိုင်းစိုင်းသွားတော့ လူတွေကို အများကြီး ရန်စသလို ဖြစ်သွားတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ မဟာမိတ်အဖွဲ့ရဲ့ ဖိနှိပ်မှုတွေ ရောက်လာလိမ့်မယ်။

ဒါပေမဲ့ ကျုပ်တို့ကို ဖိနှိပ်လေလေ၊ မော့မိသားစုကို ကျင်းထဲ တွန်းချဖို့ လွယ်လေလေပဲ။ ကျုပ်တို့ကို တကယ် ဒုက္ခပေးချင်နေတာက ယွင်ဝမ်ရွှယ် မဟုတ်ဘူး။ မော့မိသားစု ဆိုတာ သိထားရမယ်။”

ထိုအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက် ပြေးဝင်လာပြီး အော်ပြောလိုက်၏။ “သခင်မလေး... ဒုက္ခရောက်ပြီ။ ကျုပ်တို့ရဲ့ စပါးကျီ မီးလောင်နေပါပြီ။”

ကျင်းကျုံးယွဲ့ ပြေးထွက်သွားချိန်မှာတော့ လေခွင်းမြို့ အနောက်မြောက်ထောင့်တွင် မီးများ တောက်လောင် နေသည်ကို တွေ့လိုက်ရသည်။

ထိုနေရာသည် လေခွင်းမြို့၏ အကြီးဆုံး စပါးကျီဖြစ်ပြီး ခြောက်လစာ ရိက္ခာများ သိုလှောင်ထားသော နေရာ ဖြစ်၏။

မော့မိသားစုသည် တကယ်ပဲ ရက်စက်လှသည်။ စစ်သည်များ အိမ်တော်ရှေ့တွင် စုရုံးနေချိန်ကို အခွင့်ကောင်းယူပြီး စပါးကျီကို မီးရှို့ကာ ကျင်းမိသားစု၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

“မီးငြှိမ်းကြ... မြန်မြန်။”

နောက်ဆုံးတွင် မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း စပါးကျီ ရှစ်ဆယ်ရာခိုင်နှုန်း မီးလောင်သွားခဲ့၏။

......

မြို့စားအိမ်တော်၏ မြေအောက် လျှို့ဝှက်ခန်းထဲတွင် ရိက္ခာများ တောင်ပုံရာပုံ ရှိနေသည်။

စပါးကျီ မီးလောင်မှုတွင် ပါသွားသည်မှာ အနည်းငယ်သာဖြစ်ပြီး ကျန်သည်မှာ ဖွဲနုနှင့် ကောက်ရိုးခြောက် များသာ ဖြစ်သည်။

အခြား မြေအောက်ခန်း တစ်ခုတွင် မီးသွေးမီးဖိုများ ထွန်းထားသောကြောင့် အခန်းအပူချိန်သည် ၄၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိနေ၏။

ယွင်ကျုံးဟဲ့သည် အဝတ်ပါးပါး ဝတ်ဆင်ထားပြီး ကျင်းကျုံးယွဲ့၏ မျက်နှာလေးမှာ အပူရှိန်ကြောင့် နီရဲနေသည်။

“သခင်မ... ကျုပ် မျက်လှည့်ပြမယ်။” ယွင်ကျုံးဟဲ့က စက္ကူဖြူတစ်ရွက်ကို စားပွဲပေါ် တင်လိုက်၏။

ခဏအကြာတွင် “ဝုန်း...” စက္ကူဖြူသည် အလိုအလျောက် မီးထလောင်လာသည်။

ယွင်ကျုံးဟဲ့က မီးလောင်နေသော စက္ကူကို ရေထဲ ပစ်ချလိုက်သည်။ ထူးဆန်းသည်မှာ ရေထဲတွင်လည်း ဆက်လက် လောင်ကျွမ်းနေပြီး မီးတောက်မှာ အစိမ်းရောင် ဖြစ်နေ၏။

ကျင်းကျုးယွဲ့က မေးလိုက်သည်။ “အောင်မြင်ပြီလား။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အောင်မြင်ပါပြီ။ အခု မော့မိသားစုနဲ့ စာချုပ် အလွတ်သဘော ချုပ်လို့ ရပါပြီ။ ဘာအကြောင်းအရာပဲ ရေးထားထား၊ ဘာကတိပဲ ပေးထားထား၊ နောက်ဆုံးကျရင် အားလုံး ပြာဖြစ်သွားပြီး မော့မိသားစု ဒုက္ခရောက်မှာ သေချာသွားပြီ။”

နေရောင်ခြည်အောက်တွင် အပူချိန် ၃၀ ဒီဂရီ ကျော်သည်နှင့် ဖော့စဖရပ်ဖြူသည် အလိုအလျောက် မီးလောင်ကျွမ်းတတ်သည့် အရာ မဟုတ်ပါလား။

......

လျော်ကြေးပေးပြီးနောက် မော့မိသားစုသည် နောက်ကွယ်မှ ရှေ့ထွက်လာတော့သည်။

မဟာမိတ်အဖွဲ့က လေခွင်းမြို့၏ ဆားလုပ်ငန်းကို ပိတ်ပင်လိုက်သည်။ လေခွင်းမြို့သို့ ရိက္ခာတင်သွင်းခြင်း ကိုလည်း ပိတ်ပင်လိုက်၏။

လေခွင်းမြို့သားများ ထွက်ပြေးကြသည်။ လေခွင်းမြို့တွင် ခြောက်လစာ ရိက္ခာသာ ကျန်ရှိတော့သည်။

အချိန်များ ကုန်ဆုံးသွား၏။

ဖေဖော်ဝါရီလ ငါးရက်နေ့တွင် ယွင်ကျုံးဟဲ့သည် လေခွင်းမြို့ ကိုယ်စားလှယ်အဖြစ် ရှီးယွီမြို့ရှိ မော့မိသားစုထံသို့ ဆွေးနွေးရန် တိတ်တဆိတ် သွားရောက်ခဲ့သည်။

သုံးရက်ကြာသည်အထိ မော့ချိုနှင့် မော့မိသားစု ခေါင်းဆောင်ကို မတွေ့ရပေ။

လေးရက်မြောက်နေ့တွင် စာရေးတော်ကြီး ယန်ရွေ့ရှန်က ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်သွားသည်။ “ဒီမှာ စောင့်နေ။”

ခဏအကြာတွင် တံခါးပွင့်လာပြီး မွှေးပျံ့သော ရနံ့နှင့်အတူ အမျိုးသမီးတစ်ဦး ဝင်လာသည်။

ဆွဲဆောင်မှု ရှိပြီး ရင့်ကျက်သော အလှတရားကို ပိုင်ဆိုင်ထားသူ၊ ကတိုးမွှေးသခင်မ၊ လေခွင်းကတော် တို့ထက်ပင် ပိုမို ဆွဲဆောင်မှု ရှိသည်။ ဤအမျိုးသမီးက မည်သူနည်း။

သူမက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်၏။ “ကျွန်မက ရှီးယွီမြို့ရဲ့ သခင်မ၊ မော့ချိုရဲ့ အမေပါ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဂါရဝပြုပါတယ် သခင်မ... ကျုပ်က လေခွင်းမြို့ ကိုယ်စားလှယ်အဖြစ် လာရောက်ဆွေးနွေးတာပါ။”

သခင်မက စကားမပြောဘဲ ယွင်ကျုံးဟဲ့ အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်၏။ “ဘာပဲဆွေးနွေးချင်ချင် ဒီဝိုင်ကို အရင်သောက်လိုက်ပါ။”

ယွင်ကျုံးဟဲ့ တွန့်ဆုတ်သွားသည်။ ‘အဆိပ်လား။’

“မသောက်ရင် မဆွေးနွေးဘူး။” သခင်မက အက်ရှရှ အသံဖြင့် ပြောရင်း မျက်လုံးများဖြင့် မြှူဆွယ်လိုက်၏။

ယွင်ကျုံးဟဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဝိုင်ကို မော့သောက်လိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်နေသကဲ့သို့ ပူပြင်းလာသည်ကို ခံစားလိုက်ရပြီး သတိလစ်သွားတော့၏။

.................

All Chapters