အခန်း (၄၀၉-၄၁၀)
Vol. 38 Ch. 409-410
အပိုင်း (၄၀၉)
စံပြဆရာတစ်ဦး ဖြစ်လာပြီးနောက် ရရှိလာသည့် ဂုဏ်ဒြပ်များအပြင် အိမ်၊ ရွှေငွေနှင့် မျက်နှာပန်းပွင့်မှုများကဲ့သို့သော အကျိုးကျေးဇူးများမှာ အမှန်တကယ်ပင် များပြားလှပေသည်။
ယင်းကြောင့်ပင် တစ်နိုင်ငံလုံးရှိ ပညာရေးဝန်းကျင်မှာ ပြန်လည်နိုးထလာပြီး လူတိုင်းက စံပြဆရာတစ်ဦး ဖြစ်လာစေရန် အစွမ်းကုန် ကြိုးပမ်းလာကြတော့သည်။
ဤသတင်းသည် ကုန်းမြေတစ်ခုလုံးသို့ ပျံ့နှံ့သွားသောအခါ ပညာတတ် စာပေပညာရှင်ဆိုတို့၏ စိတ်နှလုံးကို အလွန်ပင် ဆွဲဆောင်သွားခဲ့သည်။
“မဟာရှနိုင်ငံရဲ့ ဒီလုပ်ရပ်ကတော့ သမိုင်းမှာ တကယ်ကို လမ်းသစ်ထွင်လိုက်တာပဲ”
“မဟာရှနိုင်ငံမှာ ပညာတတ်တွေကို တခြားဘယ်နေရာနဲ့မှ မတူအောင် အလေးထားတာပဲ”
“ဆရာတွေကို ဂုဏ်ပြုတာ...၊ ဆရာတွေကို တန်ဖိုးထားပြီး ပညာရေးကို အလေးအနက်ထားတာ... ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ပုံစံပဲ”
“ငါ ဒီမှာ ဆက်မနေချင်တော့ဘူး၊ မဟာရှနိုင်ငံကိုပဲ သွားတော့မယ်”
“ငါလည်း စံပြဆရာတစ်ယောက် ဖြစ်လာအောင် ကြိုးစားပြီး သမိုင်းမှာ အမည်တွင်ကျန်ရစ်စေရမယ်”
ထို့ကြောင့်ပင် ပညာတတ်များစွာတို့မှာ မဟာရှနိုင်ငံသို့ ပိုမိုစုရုံးရောက်ရှိလာကြတော့သည်။
အခြားနိုင်ငံများမှ ဧကရာဇ်များမှာမူ ဤအခြေအနေကို အားကျမနာလိုစွာဖြင့် ကြည့်နေရုံမှတစ်ပါး အတုလိုက်၍ မလုပ်ဆောင်နိုင်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် စံပြဆရာစနစ်နှင့် အခမဲ့ ပညာရေးစနစ်မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနေသောကြောင့် ဖြစ်သည်။ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီးမှသာ စံပြဆရာစနစ်မှာ ဤမျှကြီးမားသော အကျိုးသက်ရောက်မှု ရှိနိုင်မည်ဖြစ်သည်။
သို့သော် ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေမှာ ဤမျှကျယ်ပြန့်သော ပညာရေးစနစ်ကို ထောက်ပံ့ရန် မစွမ်းသာချေ။
ထို့အပြင် ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးများမှာလည်း ၎င်းတို့နှင့် အာဏာလုမည့် စနစ်သစ်တစ်ခု ပေါ်ပေါက်လာခြင်းကို မည်သို့မျှ ခွင့်ပြုမည်မဟုတ်ပေ။
စစ်မက်ဖြစ်ပွားနေသော မဟာလော့ဧကရာဇ်သည် ဤသတင်းကို ကြားသောအခါ နှာခေါင်းရှုံ့လျက် -
“ဘာမဟုတ်တာကို အဟုတ်လုပ်နေကြတာပဲ။ သာမန်အရပ်သားတွေဆိုတာ စိတ်ပြောင်းလွယ်တယ်၊ ပညာတတ်တွေက ပိုလို့တောင် ဆိုးသေးသည်။ အကျိုးအမြတ် မရှိတော့တဲ့တစ်နေ့ သူတို့ မင်းကို စွန့်ခွာသွားကြမှာပဲ။ သူတို့ကို ပြုစုပျိုးထောင်နေမယ့်အစား တိုင်းပြည်တည်ဆောက်ရေးနဲ့ နယ်မြေချဲ့ထွင်ရေးမှာ ပိုပြီး အချိန်ပေးသင့်တယ်။ တိုင်းပြည်အင်အား တောင့်တင်းလာရင် သူတို့အလိုလို ငါတို့ဆီ ရောက်လာကြမှာ မဟုတ်လား”
သူသည် ဒေါသကို ဖြေဖျောက်ပြီးနောက် လက်ထဲမှ အစီရင်ခံစာကို ကြည့်ကာ မေးလိုက်သည်။
“တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ”
ရှေ့မှ တပ်မှူးတစ်ဦးက လက်အုပ်ချီ နှုတ်ဆက်ကာ -
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ရန်သူတွေက အပြင်းအထန် ခုခံနေတဲ့အတွက် အခြေအနေက သိပ်ပြီး မကောင်းလှပါဘူး”
မဟာလော့ဧကရာဇ်မှာ မျက်မှောင်ကြုတ်လျက် -“သူတို့က ပြင်းပြင်းထန်ထန် ခုခံနေတာလား၊ ဒါမှမဟုတ် မောင်မင်းတို့ကပဲ အစွမ်းကုန် မတိုက်တာလား”
တပ်မှူးမှာ ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်ကာ -“ကျွန်တော်မျိုးတို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး သိရသလောက်တော့ အဲဒီသုံးနိုင်ငံက လူတွေဟာ စစ်ရှုံးမှာနဲ့ စစ်သားစုဆောင်းခံရမှာကို ကြောက်တဲ့အတွက် အသက်နဲ့လဲပြီး ခုခံနေကြတာပါ”
မဟာလော့ဧကရာဇ်က - “အကြောင်းပြချက်တွေကို ငါ အလိုမရှိဘူး။ ဆောင်းဦးရိတ်သိမ်းချိန် မတိုင်ခင် အဲဒီသုံးနိုင်ငံကို မသိမ်းပိုက်နိုင်ရင် မောင်မင်း တာဝန်ယူရလိမ့်မယ်”
“မှန်... မှန်လှပါ အရှင်မင်းကြီး” တပ်မှူးသည် ကြောက်လန့်တကြား ဆုတ်ခွာသွားတော့သည်။
ထို့ကြောင့် မဟာလော့ဘက်မှ တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့သည်။
လင်းပိုင်ဖန်မှာမူ ဤအခွင့်အရေးကို အသုံးချကာ လူတော်များကို စည်းရုံးပြီး မဟာလော့၏ စစ်ပွဲမှ အမြတ်ထုတ်နေခဲ့သည်။
သို့သော် ထိုအချိန်မှာပင် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ပေါ်ထွက်လာသည်။
ကောင်းကင်အဆင့်တစ်ဝက်ရှိသော လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် မဟာလော့နန်းတော်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ကာ မဟာလော့ဧကရာဇ်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သည်။
ထိုလုပ်ကြံမှုမှာ အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်ဟု ဆိုကြသည်။
ကံကောင်းထောက်မစွာဖြင့် တာအိုဂိုဏ်းမှ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး အချိန်မီ ရောက်ရှိလာခဲ့သောကြောင့် မဟာလော့ဧကရာဇ် လွတ်မြောက်သွားခဲ့ရသည်။
ထိုလုပ်ကြံသူမှာတော့ ဒဏ်ရာရရှိသွားပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အင်အားကြီး သိုင်းပညာရှင်နှစ်ဦး တိုက်ခိုက်မှုကြောင့် မဟာလော့နန်းတော်ရှိ အဆောက်အအုံ ထက်ဝက်ကျော်မှာ ပျက်စီးသွားခဲ့ရသည်။
မဟာလော့ဧကရာဇ်သည် မိုးကြိုးပမာ ဒေါသထွက်ကာ လုပ်ကြံသူကို ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သော်လည်း လုပ်ကြံသူမှာ အရိပ်အယောင်မျှပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။
“နှမြောစရာကြီးပဲ” ယောင်ယောင်မှာ သက်ပြင်းချကာ ဆိုလိုက်သည်။
လင်းပိုင်ဖန်က ရယ်မောလျက် -“ဘာကို နှမြောနေတာလဲ။ တာအိုဂိုဏ်းရဲ့ အစောင့်အရှောက် ရှိနေတာပဲ၊ မဟာလော့ဧကရာဇ်ကို လုပ်ကြံဖို့ဆိုတာ ဘယ်မှာ လွယ်ပါ့မလဲ”
“ဒါလည်း ဟုတ်တာပဲ”
ယောင်ယောင်က မေးထောက်လျက် -“အဲဒီလုပ်ကြံသူက ဘယ်သူဖြစ်မလဲ။ ဒီလောက် စွမ်းရည်ရှိတာ သာမန်လူတော့ မဟုတ်တာ သေချာတယ်။ ဒါပေမဲ့ ကျွန်မတို့ မိစ္ဆာဂိုဏ်းရဲ့ အဆက်အသွယ်နဲ့တောင် သူ ဘယ်ကလာသလဲဆိုတာ စုံစမ်းလို့ မရသေးဘူး”
“မဟာလော့ဧကရာဇ်ကို လုပ်ကြံရဲတဲ့သူဆိုတာ သေချာပေါက် ပြင်ဆင်မှုတွေ လုပ်ထားမှာပေါ့။ မင်းတို့ ဒီလောက် လွယ်လွယ်နဲ့ ဘယ်သိနိုင်ပါ့မလဲ” လင်းပိုင်ဖန်က တည်ငြိမ်စွာ လက်ဖက်ရည် သောက်ရင်း ပြောလိုက်သည်။
ယောင်ယောင်က မျက်လုံးလေး ကလယ်ကလယ်ဖြင့် -“ငတုံးဧကရာဇ်လေး... အဲဒီလုပ်ကြံသူက ဘာလို့ မဟာလော့ဧကရာဇ်ကို သတ်ချင်ရတာလဲလို့ ရှင်ထင်လဲ”
“ဘာရှိရဦးမှာလဲ။ အခု မဟာလော့ဧကရာဇ် ရန်စထားတဲ့ လူတွေက မနည်းဘူး၊ သူ့ကို သေစေချင်တဲ့လူတွေက စာရင်းအရှည်ကြီးပဲ။ သူ သတ်ခဲ့တဲ့လူတွေထဲမှာ အင်အားကြီးတဲ့ ဆွေမျိုးသားချင်းတွေ ပါနေလို့လည်း ဖြစ်နိုင်တာပဲလေ”
“ရှင် ပြောတာလည်း ဟုတ်သားပဲ။ ကြားရတာတော့ တာအိုဂိုဏ်း သိုင်းပညာရှင်ကြောင့် ရတဲ့ ဒဏ်ရာနဲ့ သူက မဟာရှနိုင်ငံဘက်ကို ပြေးလာတယ်တဲ့။ ဒါပေမဲ့ ကျားဖြူ တောင်တန်းကို ဖြတ်ပြီးတာနဲ့ ပျောက်သွားတယ်လို့ ဆိုတယ်။ သူ ဘယ်ကို ရောက်သွားမယ်လို့ ရှင်ထင်သလဲ” ယောင်ယောင်က လှမ်းကြည့်လိုက်သည်။
လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ပြကာ -“ငါ့ကို မမေးနဲ့၊ ငါက ဘယ်လိုလုပ် သိမှာလဲ”
လင်းပိုင်ဖန်နှင့် ခေတ္တစကားပြောပြီးနောက် ယောင်ယောင်မှာ သိုင်းပညာ လေ့ကျင့်ရန် ထွက်သွားတော့သည်။
လင်းပိုင်ဖန်၏ အသိစိတ်မှာမူ အင်ပါယာမြေပုံ နှင့် ချိတ်ဆက်ပြီး သူ၏ အကြည့်မှာ ကျားဖြူတောင်တန်းရှိ လျှို့ဝှက်သော ဂူတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ခန့်ညားသော ရုပ်ရည်နှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် အသက် ၂၀ ကျော် နှောင်းပိုင်းအရွယ် ရင့်ကျက်သည့် အသွင်ရှိသည်။
သူမသည် သွေးအိုင်ထဲတွင် သတိလစ်ကာ မေ့မြောနေလေသည်။
ဤသူသည် မဟာလော့ဧကရာဇ်ကို လုပ်ကြံရန် ကြိုးပမ်းခဲ့သူပင် ဖြစ်သည်။
သို့သော် သူမသည် ကောင်းကင်အဆင့်တစ်ဝက် မဟုတ်ဘဲ အင်ပါယာချီအဆင့်မျှသာ ရှိသေးသည်။
မဟာလော့ဧကရာဇ်ကို လုပ်ကြံစဉ်က သူမသည် ခွန်အားကို အတင်းအဓမ္မ မြှင့်တင်ပေးသည့် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ပုံရသည်။
သို့သော်လည်း သူမသည် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ လက်ထဲမှ လွတ်မြောက်လာနိုင်ခြင်းမှာပင် ကံကောင်းလှပြီ ဖြစ်သည်။
သူမ မဟာရှနိုင်ငံသို့ ထွက်ပြေးလာသောအခါ လင်းပိုင်ဖန်က သိရှိသွားပြီး သူမကို ကယ်တင်ရန် တိတ်တဆိတ် ကူညီခဲ့ခြင်းဖြစ်သည်။
ယခုအခါ သုံးရက်က ကုန်လွန်သွားခဲ့လေပြီ ဖြစ်သည်။
ထိုအမျိုးသမီးသည် ချောင်းတဟွတ်ဟွတ်ဖြင့် သတိပြန်လည်လာကာ - “အဟွတ်... အဟွတ်... ငါ ဘယ်ရောက်နေတာလဲ”
ခဏချင်းမှာပင် အတိတ်မှ မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာပြီး သူမ ဤနေရာသို့ ထွက်ပြေးလာခဲ့သည်ကို သတိရသွားသည်။
သူမသည် ရင်ဘတ်ကို ထိကြည့်ကာ အံ့အားသင့်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ယခင်က ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ ရိုက်နှက်မှုကို ခံခဲ့ရပြီး နှလုံးမှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်ခဲ့ကာ အသက်ရှင်ရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။
သို့သော် ယခုအခါ သူမ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများမှာ ထက်ဝက်ခန့် သက်သာနေပြီဖြစ်သည်။
“ဘယ်သူ... ဘယ်သူက ငါ့ကို ကယ်လိုက်တာလဲ”
သူမ စဉ်းစားသော်လည်း မည်သည့်အရာကိုမျှ မမှတ်မိချေ။
ထိုစဉ်မှာပင် ခပ်တိုးတိုး အသံတစ်သံ လွင့်ပျံ့လာသည်။
“နိုးလာပြီလား”
ထိုအမျိုးသမီး၏ မျက်နှာမှာ ပျက်သွားပြီး - “ဘယ်သူလဲ”
သူမသည် ဘေးဘီကို သတိကြီးစွာဖြင့် ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
“ငါ မင်းကို ကယ်လိုက်တာ” ဟု ထိုအသံက ပြန်ပြောသည်။
အမျိုးသမီးမှာ ခဏတာ ငြိမ်သက်သွားပြီး - “ဘာ... ကျေး…ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်စရာ မလိုပါဘူး။ မင်း လုပ်ခဲ့တဲ့အလုပ်က ငါ့ကို ကျေနပ်စေခဲ့လို့ လက်ကမ်း ကယ်တင်လိုက်ရုံပါပဲ။ မင်းရဲ့ နာမည်၊ နောက်ခံနဲ့ ဘာကြောင့် သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”
ထိုအမျိုးသမီးမှာ ဝေခွဲမရဖြစ်သွားပြီးမှ - “ကျွန်မ နာမည် မိုယုယန် ပါ။ မူလက မဟာလန်နိုင်ငံက ဖြစ်ပြီး ပြည်ပမှာ နှစ်ပေါင်းများစွာ သိုင်းပညာသင်ယူခဲ့တာပါ။ သတ်ဖို့လာတဲ့ အကြောင်းရင်းကတော့ ကျွန်မရဲ့ မောင်လေး မိသားစုအတွက် လက်စားခြေဖို့ပါ။ သူဟာ မဟာလန်ပြည်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ပေမဲ့ မဟာလော့ပြည်က လူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရလို့ပါ”
“အဲဒီလိုကိုး”
“ပြီးတော့... စီနီယာက ဘယ်သူများလဲ” မိုယုယန်က မေးလိုက်သည်။
သူမသည် အသံကိုသာ ကြားရပြီး လူကို မတွေ့ရပေ။ ဤသူသည် ယခင်က သူမ ရင်ဆိုင်ခဲ့သည့် တာအိုဂိုဏ်းမှ ကောင်းကင်အဆင့် သိုင်းပညာရှင်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်ဟု သူမ ခံစားနေရသည်။
“ငါ ဘယ်သူဘယ်ဝါဆိုတာ မင်းအတွက် အရေးမကြီးဘူး”
“ဟုတ်ကဲ့” မိုယုယန်၏ အသံတွင် စိတ်ပျက်မှု အနည်းငယ် ပါဝင်နေသည်။
“မဟာလော့ဧကရာဇ်ကို တာအိုဂိုဏ်းက အကာအကွယ် ပေးထားတာ။ သူ့ကို သတ်ဖို့ဆိုတာ မလွယ်ဘူး” ဟု ထိုအသံက ထပ်မံ ထွက်ပေါ်လာသည်။
“ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကျွန်မ သူ့ကို သတ်ရမယ်။ ဒီမိသားစု သတ်ဖြတ်ခံရတဲ့ ရန်ငြိုးက ကောင်းကင်အောက်မှာ အတူမရှိနိုင်ဘူး” မိုယုယန်က ပြင်းထန်သော နာကျည်းမှုတို့ဖြင့် ပြောလိုက်သည်။
“ပြောတာ ကောင်းတယ်။ မင်းမှာ ဒီလို သတ္တိရှိတာကို ငါ သဘောကျတယ်။ ငါ့အတွက် အလုပ်လုပ်ပေးဖို့ စိတ်ဝင်စားသလား။ ငါ့ရဲ့အကူအညီနဲ့ဆိုရင် ကလဲ့စားချေဖို့ဆိုတာ မခက်ခဲဘူး” ထိုအသံမှာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။
“စီနီယာ... ကျွန်မရဲ့ အသက်ကို စီနီယာက ကယ်ထားတာပါ။ စီနီယာ ခိုင်းတာမှန်သမျှ ကျွန်မ ငြင်းမှာ မဟုတ်ပါဘူး။ ကျွန်မကို ကလဲ့စားချေနိုင်အောင် ကူညီပေးမယ်ဆိုရင် ကျွန်မရဲ့ အသက်ကို စီနီယာ့ကို ပေးအပ်ပါတယ်” မိုယုယန်က မဆိုင်းမတွပင် ဆုံးဖြတ်လိုက်သည်။
သူမ တစ်ယောက်တည်း အင်အားဖြင့် မဟာလော့ဧကရာဇ်ကို မသတ်နိုင်ကြောင်း သူမ သိသည်။ သို့သော် ဤနက်နဲလှသော စီနီယာ၏ အကူအညီဖြင့်ဆိုလျှင် ဖြစ်နိုင်ပေလိမ့်မည်။
“ပြတ်သားတယ်။ ဒါကြောင့်လည်း ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အင်ပါယာချီအဆင့်ကို ရောက်နေခဲ့တာပဲ။ ရော့... ဒါက ဒဏ်ရာပျောက်ဆေးပဲ၊ အခု လောလောဆယ် သောက်ထားလိုက်ဦး”
အသံဆုံးသည်နှင့် မိုယုယန်၏ ရှေ့တွင် ဆေးပုလင်းတစ်လုံး ပေါ်လာလေသည်။
ဤကဲ့သို့သော လုပ်ဆောင်ချက်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေသောကြောင့် မိုယုယန်မှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ပေ။
အကယ်၍ ထိုသူက သူမကို သတ်ချင်သည်ဆိုလျှင်... အလွန်ပင် လွယ်ကူသော ကိစ္စဖြစ်ပေလိမ့်မည် မဟုတ်ပါလား။
အပိုင်း (၄၁၀)
သူမသည် ဆေးပုလင်းကို ကောက်ယူပြီး အဆို့ကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေပြီး လုံးဝန်းကာ တောက်ပနေသည့် ဆေးလုံးသုံးလုံးကို တွေ့လိုက်ရသည်။
သူမသည် ဤဆေးလုံးများကို မသိသော်လည်း ထူးခြားဆန်းပြားသော ဆေးများဖြစ်ကြောင်းတော့ အသေအချာ သိလိုက်သည့်အတွက် ဆေးတစ်လုံးကို ဝါးမျိုလိုက်ပြီး ဆေးအာနိသင်ကို စုပ်ယူရန်အတွက် သူမ၏ အတွင်းအားကို စတင် လည်ပတ်စေလိုက်သည်။ ဆေးလုံး၏ အဆီအနှစ်များမှာ နွေးထွေးသော စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားကာ အတွင်းဒဏ်ရာများကို ကုသပေးပြီး အင်အားများကို ပြန်လည် ဖြည့်တင်းပေးသောကြောင့် အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ခန့်အကြာတွင် သူမသည် ကျင့်ကြံမှုကို ရပ်နားလိုက်ပြီး အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဆေး၏ အာနိသင်မှာ အလွန်ပင် ကောင်းမွန်လွန်းသောကြောင့် ဖြစ်သည်။
ဤမျှ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူမ၏ ဒဏ်ရာများမှာ နောက်ထပ် ၂၀ ရာခိုင်နှုန်းခန့် သက်သာသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဆေးသုံးလုံးစလုံးကို သောက်လိုက်မည်ဆိုပါက သူမ လုံးဝ ပြန်လည် ကောင်းမွန်လာနိုင်မည် မဟုတ်ပါလား။
ဒါဟာ တကယ့်ကို နတ်ဆေးပင် ဖြစ်လေ၏။
သူမသည် နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့သော်လည်း ဤမျှ ချက်ချင်း လက်ငင်း ထိရောက်သည့် နတ်ဆေးမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ စီနီယာသည် တကယ့်ကို စီနီယာပင် ဖြစ်သည်။ သူ၏ နည်းလမ်းများက ထူးခြားဆန်းပြားရုံသာမက သူ၏ ဆေးလုံးများမှာလည်း အလွန်ပင် ထူးကဲလှပေသည်။
သူမသည် ဆေးပုလင်းကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ဤကဲ့သို့ ရှားပါးသော ဆေးမျိုးကို နောက်ထပ် ရရှိရန် အခွင့်အရေး ရှိ၊ မရှိ မသိနိုင်သောကြောင့် သူမက အရေးကြုံမှ သုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခုအခါ သူမ၏ ခန္ဓာကိုယ်မှာ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်လာပြီဖြစ်ရာ မိမိကိုယ်ကို ကာကွယ်ရန်အတွက် လုံလောက်နေပြီ ဖြစ်သည်။ ကျန်ရှိနေသော ဒဏ်ရာများကိုမူ သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ကုသနိုင်ပေသည်။
“စီနီယာ... ကျွန်မ အစားမစားရတာ ရက်အတော်ကြာပါပြီ။ အားအင် ပြန်လည် ပြည့်ဖြိုးလာအောင် တောကောင်အချို့ သွားရှာပြီး အမဲလိုက်လိုက်ပါဦးမယ်” ဟု မိုယုယန်က ရိုသေစွာ ဆိုလိုက်သည်။
“သွား..”
သူမသည် ဂူထဲမှ ထွက်လာပြီး သူမ၏ စွမ်းရည်ဖြင့် တောင်တန်းထဲမှ တောကောင်အချို့ကို ဖမ်းဆီးလိုက်သည်။ ထို့နောက် မီးဖိုကာ ကင်ပြီး အားရပါးရ စားသောက်လိုက်သည်။ ၎င်းနောက်တွင် တောကောင်များ၏ အသွေးအသားမှ အဆီအနှစ်များကို အသုံးပြုကာ သူမ၏ အားအင်များကို ဖြည့်တင်းရန်အတွက် အတွင်းအား ထပ်မံ လည်ပတ်လိုက်ပြန်သည်။
တစ်ညခန့် ကုန်ဆုံးသွားသောအခါ သူမ၏ ဒဏ်ရာမှာ နောက်ထပ် ၁၀ ရာခိုင်နှုန်းခန့် သက်သာလာခဲ့သည်။ ဤအတိုင်းဆိုလျှင် တစ်ပတ်ခန့်အတွင်း သူမ လုံးဝ ပြန်လည် ကောင်းမွန်လာပေလိမ့်မည် ဖြစ်သည်။
ထိုစဉ်မှာပင် သူမ၏ရှေ့၌ လက်ရေးဖြင့် ရေးသားထားသော စာလိပ်တစ်ခု ပေါ်လာလေသည်။ မိုယုယန်မှာ လန့်သွားပြီး - “စီနီယာ... ဒါက...”
“ဒါက ငါကိုယ်တိုင် တီထွင်ထားတဲ့ ‘တိမ်တိုက်ထဲက နဂါးပျံ’ သိုင်းကွက်ပဲ။ မင်း ဒါကို တတ်မြောက်သွားရင် မင်းရဲ့ ကိုယ်ဟန်ဟာ နဂါးတစ်ကောင်လို လျင်မြန်ဖြတ်လတ်လာပြီး ဝေဟင်မှာ လျင်မြန်စွာ ကွေ့ဝိုက် ပျံသန်းနိုင်လိမ့်မယ်။ ဒါ့အပြင် လေကိုစီးပြီး တိမ်တိုက်တွေကြားထဲမှာ ပျံသန်းနေတဲ့ နဂါးတစ်ကောင်လို အရှိန်အဟုန်ကို ရရှိနိုင်လိမ့်မယ်”
မိုယုယန်သည် ထိုစာလိပ်ကို တန်ဖိုးကြီး လက်ဆောင်တစ်ခုကဲ့သို့ မြတ်နိုးစွာ ကိုင်တွယ်လိုက်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤကိုယ်ဟန်သိုင်းမှာ အလွန်ပင် နက်နဲပြီး ခက်ခဲလှကြောင်း သူမ သိလိုက်သည်။ ဒါကို တတ်မြောက်သွားရင်တော့ စီနီယာ ပြောသလို တကယ့်ကို အံ့မခန်း ဖြစ်လာမှာပင် ဖြစ်လေ၏။
“မင်း ဒီသိုင်းကွက်ကို ကျွမ်းကျင်သွားရင် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်တောင် မင်းကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘူး” ဟု ထိုအသံမှာ နီးသလိုလို ဝေးသလိုလိုဖြင့် ထွက်ပေါ်လာသည်။
မိုယုယန်က စိတ်လှုပ်ရှားစွာဖြင့် - “စီနီယာ... ဒီသိုင်းကွက်ကို သင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“ငါ မင်းကို ဒီသိုင်းကွက် သင်ပေးတာက မင်း ပိုပြီး အစွမ်းထက်လာစေဖို့နဲ့ ငါ့ရဲ့ အလုပ်တွေကို ကူညီပေးနိုင်ဖို့ပဲ” ဟု ထိုအသံက ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ စီနီယာ” ဟု မိုယုယန်က ပြန်ပြောလိုက်သည်။
သူမသည် စာလိပ်ကို ယူကာ ကိုယ်ဟန်သိုင်းကို အသည်းအသန် လေ့ကျင့်တော့သည်။ အင်ပါယာချီအဆင့်သို့ ရောက်ရှိထားသော ပါရမီရှင်တစ်ဦးဟူသော ဂုဏ်သတင်းနှင့်အညီ သူမသည် နှစ်ရက်အတွင်းမှာပင် သိုင်းကွက်၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့်ကို တတ်မြောက်သွားခဲ့ရာ အခြေခံအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများမှာ ယခင်ကထက် တစ်ဆင့် မြင့်မားသွားခဲ့ပြီ ဖြစ်သည်။
ယခင်က သူမကို လိုက်လံ ဖမ်းဆီးခဲ့သည့် တာအိုဂိုဏ်းမှ ကောင်းကင်အဆင့် သိုင်းပညာရှင်နှင့် ပြန်တွေ့လျှင်တောင် လျှို့ဝှက်နည်းလမ်းများ မသုံးဘဲ လွတ်အောင် ပြေးနိုင်လိမ့်မည်ဟု သူမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေသည်။
“မဆိုးဘူး” ဟု ထိုအသံက ထပ်မံ ထွက်ပေါ်လာသည်။
“စီနီယာ” မိုယုယန်က ဦးညွှတ်လိုက်သည်။
“မင်းရဲ့ သိုင်းပညာ ပါရမီက ငါတွေ့ဖူးသမျှ ပါရမီရှင်တွေထဲမှာ အဆင့် ၅ အတွင်း ဝင်တယ်”
“ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ဒါပေမဲ့ ကျွန်မက ဒီလောက်အထိ အချီးမွမ်းခံရဖို့ မထိုက်တန်ပါဘူး” ဟု မိုယုယန်က နှိမ့်ချစွာ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် မကျေနပ်ဖြစ်သွားသည်။ သူမ၏ ပါရမီမျိုးနှင့်တောင် သူမနှင့်အဆင့်တူ နောက်ထပ် လေးယောက် ရှိနေသေးတာလား။ နောင်တစ်ချိန်တွင် ထိုလေးယောက်က ဘယ်သူတွေလဲဆိုတာ စီနီယာ့ကို မေးပြီး သွားရောက် စိန်ခေါ်ရမည်ဟု သူမ တွေးလိုက်သည်။
ထိုစဉ်မှာပင် သူမ၏ရှေ့၌ နောက်ထပ် စာလိပ်တစ်ခု လေထဲမှ ပေါ်လာပြန်သည်။
“စီနီယာ... ဒါကရော...”
“မင်းက ဓားသိုင်း လေ့ကျင့်တာကို ငါ မြင်တယ်။ ဒါကြောင့် မင်းကို ဓားသိုင်းတစ်ခု သင်ပေးမယ်။ ဒါကို ကျွမ်းကျင်သွားရင် ကောင်းကင်အဆင့်အောက်မှာ မင်းကို ယှဉ်နိုင်သူ ရှိမှာ မဟုတ်ဘူး”
မိုယုယန်မှာ တုန်လှုပ်သွားပြီး - “တကယ်ပဲ အဲဒီလောက် စွမ်းတာလား”
“ကြည့်ရင် သိလိမ့်မယ်”
မိုယုယန်သည် စိတ်လှုပ်ရှားစွာဖြင့် စာလိပ်ကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ - “ကောင်းကင်သတ် ဓားထုတ်သိုင်း”
ဒါဟာ ဓားတစ်ချက် ထုတ်လိုက်တာနဲ့ ရန်သူကို အသေ သတ်နိုင်တဲ့ သိုင်းကွက်ပင် ဖြစ်သည်။ အချိန်အတော်များများမှာ ဓားကို အိမ်ထဲမှာပဲ ထည့်ထားပြီး သတ်ဖြတ်လိုတဲ့ စိတ်နဲ့ ဓားရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားရမှာဖြစ်ပြီး၊ ဒါပေမဲ့ ဓားကို ထုတ်လိုက်ပြီဆိုတာနဲ့ မိုးကြိုးပမာ ပြင်းထန်တဲ့ တိုက်ကွက်နဲ့ ရန်သူကို သတ်ဖြတ်နိုင်လိမ့်မည်ဖြစ်သည်။ အထွတ်အထိပ်ကို ရောက်သွားရင် ကောင်းကင်ကိုတောင် သတ်ဖြတ်နိုင်ပေသည်။
ကောင်းကင်ကို သတ်ဖြတ်နိုင်တယ်ဆိုတာက ချဲ့ကားပြောတာ ဖြစ်နိုင်ပေမဲ့ ဒီဓားသိုင်းဟာ တကယ့်ကို အစွမ်းထက်လှသည်။ မိမိရဲ့ အင်အားအားလုံးကို တစ်ခဏအတွင်း စုစည်းပြီး ရန်သူ မထင်မှတ်ထားတဲ့ အချိန်မှာ တိုက်ခိုက်ရတာဖြစ်လို့ အကောင်းဆုံး လုပ်ကြံသတ်ဖြတ်မှု ဓားသိုင်းတစ်ခုပင် ဖြစ်သည်။
“ဒီသိုင်းကွက်ကို သင်ပေးတဲ့အတွက် စီနီယာ့ကို တစ်ဖန် ကျေးဇူးတင်ပါတယ်” ဟု မိုယုယန်က ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ဝိုင်းလျက် ပြောလိုက်သည်။ ဤသိုင်းကွက်ကြောင့် သူမ၏ ကလဲ့စားချေမှုမှာ တစ်လှမ်း ပိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။
“အင်း... ဓားသိုင်းကို ကောင်းကောင်း လေ့ကျင့်ထား။ နောက်ရက်အနည်းငယ်ကြာရင် ငါ ပြန်လာခဲ့မယ်” ဟု ပြောပြီးနောက် ထိုအသံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
မိုယုယန်သည် ခဏမျှ စောင့်ကြည့်နေပြီး မည်သည့်အသံမျှ မကြားရတော့မှ ဓားသိုင်းကို စတင် လေ့ကျင့်တော့သည်။ ထိုနေ့မှစ၍ သူမ၏ နေ့ရက်များမှာ ပိုမို စနစ်တကျ ရှိလာခဲ့သည်။
နံနက်ခင်းတွင် တောကောင်များကို အမဲလိုက်ကာ အားအင်ဖြည့်တင်းပြီး ဒဏ်ရာများကို ကုသသည်။ နေ့လယ်ခင်းတွင် ‘တိမ်တိုက်ထဲက နဂါးပျံ’ ကိုယ်ဟန်သိုင်းကို လေ့လာသည်။ ညဘက်တွင်မူ ‘ကောင်းကင်သတ် ဓားထုတ်သိုင်း’ ကို လေ့ကျင့်သည်။
သူမ၏ ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာလာပြီး အင်အားများ ပိုမို တောင့်တင်းလာကာ ယုံကြည်မှုများလည်း တိုးလာခဲ့သည်။ သူမ၏ အမြင်တွင် ကလဲ့စားချေရန်ဆိုသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။ ဤအရာအားလုံးမှာ နက်နဲလှသော စီနီယာ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူမသည် စီနီယာ၏ နောက်ကြောင်း၊ အမည်နှင့် သူ၏ ရုပ်ရည်ကိုပင် မသိရသေးချေ။ သူမသည် စီနီယာမှာ ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာကို မတွေးဘဲ မနေနိုင်တော့ပေ။
‘သူက သူ့ကိုယ်သူ ပြောရင် စီနီယာ ဒါမှမဟုတ် ငါ လို့ပဲ သုံးတယ်။ ဒီအဖိုးကြီး တို့၊ ဒီနတ်ဘုရား တို့လို့ မသုံးဘူး။ ဒါဆို သူက ငယ်ရွယ်တဲ့သူ ဖြစ်နိုင်တာပဲ’
‘သူက တိမ်တိုက်ထဲက နဂါးပျံ သိုင်းကွက်ကို ကိုယ်တိုင် တီထွင်တာလို့ ပြောတယ်။ ဒီလောက် အဆင့်မြင့်တဲ့ သိုင်းကွက်ကို တီထွင်နိုင်ဖို့ဆိုတာ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်ရမယ်။ သူ လုပ်ဆောင်ပုံတွေကလည်း ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ပုံစံမျိုးပဲ’
‘ပြီးတော့ ဒီဓားသိုင်းကလည်း အံ့မခန်းပဲ။ ဓားပညာမှာ နက်နက်နဲနဲ နားမလည်ဘဲနဲ့ ဒီလိုသိုင်းမျိုးကို မတီထွင်နိုင်ဘူး။ ဒါဆိုရင်... စီနီယာက ဓားပညာမှာ ထူးချွန်တဲ့သူလား’
‘ပြီးတော့ အဲဒီ နတ်ဆေးကလည်း ရှိသေးတယ်...’
အကြိမ်ကြိမ် စဉ်းစားပြီးနောက်တွင် မိုယုယန်က စီနီယာမှာ ဓားပညာ ကျွမ်းကျင်သည့် ငယ်ရွယ်သော ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ သို့သော် အချိန်အတော်ကြာ စဉ်းစားသော်လည်း ဤကဲ့သို့သော သူမျိုးကို သူမ မစဉ်းစားမိချေ။ ထိုသူမှာ သူမ၏ စိတ်ထဲတွင် နက်နဲသော ပဟေဠိတစ်ခု ဖြစ်လာခဲ့သည်။
“မင်း ပြန်ကောင်းလာပုံ ရတယ်” ဟု ထိုအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
“စီနီယာ” မိုယုယန်သည် ချက်ချင်း ထရပ်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
“မင်းရဲ့ ဒဏ်ရာတွေ သက်သာသွားရုံတင်မကဘဲ ကျင့်ကြံမှုလည်း သိသိသာသာ တိုးတက်လာပြီ။ အခု မင်း ဒီကနေ ထွက်သွားပြီး ကလဲ့စားချေလို့ ရပြီ”
“ဟုတ်ကဲ့၊ အခု ကျွန်မ ကလဲ့စားချေလို့ ရပါပြီ” မိုယုယန်၏ မျက်လုံးများတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။
“မင်း ဘယ်လို ကလဲ့စားချေဖို့ စဉ်းစားထားလဲ” ဟု ထိုအသံက မေးလိုက်သည်။
“စီနီယာ... ဒီရက်ပိုင်းမှာ ကျွန်မ ကောင်းကောင်း စဉ်းစားထားပါတယ်”
မိုယုယန်က တည်ငြိမ်စွာြဖင့် - “အဲဒီ ဧကရာဇ်ခွေးကောင်ကို တာအိုဂိုဏ်းက ကောင်းကင်အဆင့် သိုင်းပညာရှင်က ကာကွယ်ပေးထားတာဆိုတော့ သူ့ကို သတ်ဖို့က မလွယ်ဘူး။ ဒါပေမဲ့ ကျွန်မ တခြားလူတွေကို သတ်လို့ရတယ်။ မဟာလော့က အရာရှိတွေ၊ တပ်မှူးတွေ၊ မင်းညီမင်းသားတွေ... ကျွန်မ သတ်နိုင်တဲ့သူမှန်သမျှ အကုန်သတ်မယ်။ တာအိုဂိုဏ်းက လူတိုင်းကို လိုက်ကာကွယ်ပေးနိုင်မလားဆိုတာ ကြည့်ကြတာပေါ့”
ထိုအသံမှာ အလွန်ပင် ကျေနပ်သွားပုံရပြီး - “တော်တယ်။ ဒါက ကလဲ့စားချေဖို့ မှန်ကန်တဲ့ နည်းလမ်းပဲ။ သွားတော့။ မဟာလော့နဲ့ တာအိုဂိုဏ်းတို့ ဒုက္ခရောက်တာကို ကြည့်ရတာဟာ ငါ့ဘဝရဲ့ အပျော်ဆုံးပဲ... ဟားဟားဟား”
“စီနီယာ... ကျွန်မ ထွက်သွားပြီးရင် ဘယ်တော့ ပြန်တွေ့ရမလဲ မသိဘူး။ ကျွန်မ ကလဲ့စားချေပြီးရင် စီနီယာ့ဆီ ပြန်လာနိုင်အောင် စီနီယာ့ရဲ့ အမည်နဲ့ နေရပ်ကို ပြောပြပေးနိုင်မလား” ဟု မိုယုယန်က လိမ္မာပါးနပ်စွာ မေးလိုက်သည်။
“ငါက အမြဲတမ်း ဒီကျားဖြူတောင်တန်းမှာပဲ ရှိနေမယ်။ မင်း ကလဲ့စားချေပြီးရင် ဒီနေရာကို ပြန်လာပြီး ငါ့နာမည်ကို ခေါ်လိုက်၊ ငါတို့ ပြန်တွေ့ရမှာပေါ့”
မိုယုယန်က စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားပြီး - “စီနီယာ့ရဲ့ နာမည်က...”
“ငါ့ကို စီနီယာလို့ပဲ ခေါ်ပါ”
မိုယုယန်: “...”