← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 38 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 38 Ch. 411-412

အပိုင်း (၄၁၁)

​ထို့နောက် မိုယုယန်သည် ဒူးထောက်ကာ ကောင်းကင်ယံသို့ ဦးညွှတ်၍ မိမိအား ကူညီခဲ့သည့် နက်နဲလှသော စီနီယာကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ ၎င်းနောက်တွင် သူမသည် ကျားဖြူတောင်တန်းမှ ထွက်ခွာခဲ့လေသည်။

​ တစ်ရက်ကြာသောအခါ သူမသည် လူ့လောကထဲသို့ ပြန်လည်ရောက်ရှိလာပြီး ရေမိုးချိုးကာ သန့်ရှင်းသော အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် မဟာလော့ အင်ပါယာ မြို့တော်ထဲသို့ တဖန် ပြန်လည် ခိုးဝင်ခဲ့ပြန်သည်။

​ “ငါဟာ ကြီးမားတဲ့ ဘေးဒုက္ခကနေ လွတ်မြောက်ခဲ့ပြီးတော့ နက်နဲတဲ့ စီနီယာရဲ့ အကူအညီနဲ့ အံ့မခန်း သိုင်းပညာကို တတ်မြောက်ခဲ့ပြီ။ မဟာလော့က ခွေးဧကရာဇ်... ရှင့်ရဲ့ သေနေ့ ရောက်ပြီ။ ရှင့်ရဲ့ အသက်ကို မနှုတ်ခင်မှာ ရှင့်ရဲ့ သစ္စာရှိ လက်ပါးစေတွေကို အရင် ရှင်းထုတ်ပြီး ရှင့်ကို မျှော်လင့်ချက်မဲ့အောင် ငါ အရင် လုပ်ပြမယ်”

​ သူမသည် ဓားကို ကိုင်စွဲကာ မဟာလော့ ဝန်ကြီးချုပ်၏ နေအိမ်သို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ပြီး တွေ့သမျှလူတိုင်းကို သတ်ဖြတ်တော့သည်။ သူမသည် ကလဲ့စားချေလိုသကဲ့သို့ တခြားသူများကလည်း သူမအပေါ် ကလဲ့စား ပြန်ချေမည်ကိုလည်း မလိုလားသောကြောင့် လူတိုင်းကို သတ်ဖြတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။

​ သူမသည် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး သူမ၏ တိုက်ကွက်များမှာ အလွန်ပင် ထက်မြက်လှပြီး လူတစ်ယောက်ကို ဓားတစ်ချက်နှုန်းဖြင့် အဆုံးစီရင်ခဲ့သည်။ မည်သူမျှ သူမ၏ မျက်နှာကို မမြင်လိုက်ရသလို၊ မသေဆုံးမီ သူမကိုပင် မြင်တွေ့ခွင့် မရခဲ့ကြချေ။

​ လက်ဖက်ရည်တစ်ခွက်စာပင် မကြာသော အချိန်အတွင်းမှာပင် သူမသည် ထိုအိမ်မှ ထွက်လာပြီး နောက်ထပ် ဝန်ကြီးတစ်ဦး၏ နေအိမ်သို့ လျင်မြန်စွာ ဝင်ရောက်သွားပြန်သည်။ တစ်အိမ်ပြီးတစ်အိမ် သူမသည် မရပ်မနား သတ်ဖြတ်နေခဲ့သည်။

​ သွေးနံ့များ ပြင်းထန်စွာ ထွက်ပေါ်လာချိန်မှသာ ဘာဖြစ်ပျက်နေသည်ကို တခြားသူများ သိရှိသွားကြတော့သည်။

​ “ဘယ်သူလဲ.. ဘယ်သူက နန်းတွင်းအရာရှိတွေကို လိုက်သတ်နေတာလဲ”

​ မဟာလော့၏ အင်ပါယာချီအဆင့်ရှိ တပ်မှူးတစ်ဦး ပေါ်လာပြီး နေအိမ်အတွင်း၌ အသက်ရှင်သူ တစ်ဦးမျှ မရှိသည်ကို မြင်သောအခါ အလွန်ပင် ဒေါသထွက်သွားသည်။

​ မိုယုယန်က သူမ၏ ဓားကို အိမ်ထဲသို့ ဖြည်းညှင်းစွာ ပြန်ထည့်လိုက်ရင်း - “ငါပဲ” ဟု ဆိုလိုက်သည်။

​ “ဘယ်လိုတောင် အတင့်ရဲတာပဲ။ ဒီလောက် ဗြောင်ကျကျကြီး သတ်ဖြတ်ရဲတယ်ပေါ့။ ငါ မင်းကို ဖမ်းဆီးတာကို စောင့်ကြည့်နေလိုက်” တပ်မှူးသည် ချက်ချင်း တိုက်ခိုက်လိုက်ပြီး ပြင်းထန်သော သတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

​ မိုယုယန်၏ မျက်လုံးများမှာ အေးစက်သွားကာ - “ကောင်းကင်သတ် ဓားထုတ်သိုင်း”

​ ဓားအိမ်ထဲတွင် ရှိသော ဓားမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖြတ်တောက်လိုက်သည့် လခြမ်းကွေးတစ်ခုအလား ဝင်းခနဲ ဖြစ်သွားသည်။ ပြေးဝင်လာသော အင်ပါယာချီအဆင့် တပ်မှူးမှာ ထိုဓားတစ်ချက်အောက်မှာပင် သွေးများ၊ အူများ ထွက်ကျကာ ကိုယ်ခန္ဓာ နှစ်ပိုင်း ပြတ်သွားတော့သည်။

​ အောက်က စစ်သည်များမှာ ထိတ်လန့်သွားကြသည်။

​ “အားး.. တပ်မှူးကျောက် သေပြီ”

​ “ဒီမိန်းမဆိုးက တကယ့်ကို ရက်စက်တာပဲ၊ အကူအညီ တောင်းကြ…”

​ “တပ်မှူးကျောက်အတွက် ကလဲ့စားချေကြစို့”

​ မိုယုယန်၏ မျက်လုံးများမှာ အေးစက်နေပြီး - “နင်တို့အားလုံး သေထိုက်တယ်”

​ နောက်ထပ် ဓားတစ်ချက် ထုတ်လိုက်ပြန်ရာ သူမ၏ ဓားချီတို့မှာ ပတ်ဝန်းကျင် ပေတစ်ရာခန့်အထိ ပျံ့နှံ့သွားပြီး လူပေါင်း ရာနှင့်ချီ၍ ချက်ချင်း သေဆုံးသွားခဲ့သည်။

​ ထိုစဉ်မှာပင် ရိုးရှင်းသော တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် လူတစ်ယောက် ပေါ်လာသည်။

​ သူသည် မိုယုယန်ကို မြင်သောအခါ လန့်သွားပြီး - “ငါ ခုနက ရင်းနှီးနေတဲ့ ဓားချီကို ခံစားမိလို့ လာကြည့်တာ၊ တကယ်ပဲ မင်း ဖြစ်နေတာကိုး။ ငါ့ရဲ့ လက်ဝါးချက်ကို မိထားတာတောင် မင်း အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ မထင်ထားဘူး”

​ “အိုး... တာအိုဆရာကြီး၊ ရှင် ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့ရင်တောင် ကျွန်မက သေချင်မှ သေမှာပေါ့” ဟု မိုယုယန်က အေးစက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။

​ “ကောင်းပြီလေ၊ မင်းကို နောက်တစ်ကြိမ် ထပ်သတ်လိုက်ရရုံပေါ့” ဟု တာအိုအဖိုးကြီးက တည်ငြိမ်စွာ ဆိုလိုက်သည်။

​ “ဒါပေမဲ့ အခုတော့ ရှင်နဲ့ ကစားဖို့ ကျွန်မမှာ စိတ်မပါသေးဘူး။ ပြီးခဲ့တဲ့ အကြိမ်က လက်ဝါးချက်အတွက် ကလဲ့စားကိုတော့ နောက်ရက်မှ ပြန်ချေမယ်” မိုယုယန်သည် ‘တိမ်တိုက်ထဲက နဂါးပျံ’ သိုင်းကို အသုံးပြုကာ မြို့ပြင်သို့ ခန့်မှန်းရခက်သော အရှိန်ဖြင့် ပျံသန်းသွားတော့သည်။

​ “မိန်းမဆိုး... မပြေးနဲ့” တာအိုအဖိုးကြီးက သူမနောက်သို့ လိုက်လေတော့သည်။

​ သို့သော် သူ အံ့သြသွားရသည်မှာ မည်မျှပင် အသည်းအသန် လိုက်သော်လည်း သူမကို မမီနိုင်ခြင်းပင် ဖြစ်သည်။ ထို့ပြင် သူတို့ကြားက အကွာအဝေးမှာ ပိုပိုပြီး ဝေးကွာလာခဲ့သည်။

​ မိုင်ပေါင်း ၇၀ ခန့် အကြာတွင် သူ့အနေဖြင့် သူမကို လုံးဝ မျက်ခြေပြတ်သွားတော့သည်။

​ ထိုအချိန်တွင် မဟာလော့ အင်ပါယာ မြို့တော်၌ သွေးနံ့များ ပျံ့နှံ့သွားသောကြောင့် အမတ်ကြီးများ၏ နေအိမ်များအားလုံးကို တွေ့ရှိသွားကြပြီ ဖြစ်သည်။

​ “သေကုန်ပြီလား.. အကုန် သေကုန်ပြီလား”

​ “နန်းတွင်းအရာရှိတွေ အကုန်လုံး အသတ်ခံလိုက်ရတာလား”

​ “မဟာလော့ရဲ့ ကောင်းကင်ကြီးက... ပြိုကျတော့မှာပဲ”

​ ဤသတင်းမှာ တစ်ပြည်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

​ “ဘုရားရေ.. တစ်ညတည်းနဲ့ အိမ်ထောင် ၅၄ စုကို သတ်ဖြတ်ပြီး မဟာလော့ နန်းတွင်းက အရာရှိတွေ အကုန်လုံးကို ရှင်းပစ်လိုက်တဲ့ လူမိုက်က ဘယ်သူများလဲဟ”

​ “ရက်စက်လိုက်တာ၊ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ကြက်နဲ့ ခွေးတောင် မချန်ဘူးတဲ့”

​ “မဟာလော့ နန်းတွင်းကတော့ အလုပ်မလုပ်နိုင်တော့ဘဲ ရပ်တန့်သွားရတော့မှာပဲ”

​ “ဘယ်သူက ဒီလောက် ရက်စက်နိုင်မှာလဲ၊ မဟာလော့အပေါ် နက်နက်နဲနဲ နာကျည်းချက်ရှိတဲ့သူမှပဲ ဒါမျိုး လုပ်နိုင်မှာ”

​ “ဒါက ဟိုတစ်ခေါက်က ကောင်းကင်အဆင့် တစ်ဝက်လောက် ရောက်နေတဲ့သူလို့ ပြောကြတာပဲ။ သူမက အစက မဟာလော့ ဧကရာဇ်ကို လုပ်ကြံချင်တာ၊ ဒါပေမဲ့ တာအိုဂိုဏ်းက ကောင်းကင်အဆင့် နဲ့ တွေ့ပြီး ဒဏ်ရာရပြီး ထွက်ပြေးခဲ့ရတာလေ။ အခု သူမ ဒဏ်ရာ ပျောက်သွားတော့ ကလဲ့စားပြန်လာချေတာ နေမှာပေါ့”

​ “ဖြစ်နိုင်တယ်၊ မဟာလော့ကတော့ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ကို သွားဆွမိပြီ”

​ “ဟ... မဟာလော့က ခံထိုက်လို့ ခံရတာပဲလေ”

​ လူတိုင်းက ထိုအကြောင်းကိုသာ ပြောဆိုနေကြသည်။

​

​ မဟာရှ အင်ပါယာ နန်းတော်အတွင်း၌ လင်းပိုင်ဖန်နှင့် ယောင်ယောင်တို့သည်လည်း ဤသတင်းကို သိရှိထားကြသည်။

​ ယောင်ယောင်မှာ စိတ်လှုပ်ရှားစွာဖြင့် - “ ငတုံး ဧကရာဇ်လေး၊ သိပြီးပြီလား။ ကျွန်မတို့ ရထားတဲ့ သတင်းတွေအရ မဟာလော့ ဝန်ကြီးတွေကို အကုန်သတ်လိုက်တဲ့သူက ဟို ကောင်းကင်အဆင့် တစ်ဝက်လောက် ရောက်နေတဲ့သူ ဖြစ်ဖို့ များတယ်။ သူမ ကလဲ့စားချေဖို့ ပြန်လာပြီ”

​ လင်းပိုင်ဖန်က ခေါင်းညိတ်ပြီး ပြုံးလိုက်ကာ - “ငါလည်း အဲဒီလိုပဲ ထင်တယ်”

​ “သူ့ရဲ့ ပုံစံကို ကြည့်ရတာ မိန်းမတစ်ယောက် ဖြစ်ပုံရတယ်” ဟု ယောင်ယောင်က ထပ်ပြောလိုက်သည်။

​ လင်းပိုင်ဖန်က လက်မထောင်ပြလိုက်ရင်း - “ဒါဆိုရင် ပိုတောင် အထင်ကြီးဖို့ ကောင်းသေးတယ်”

​ “တကယ်ကို အထင်ကြီးဖို့ ကောင်းတာပေါ့။ မဟာလော့ တစ်ခုလုံးနဲ့ နောက်ကွယ်က တာအိုဂိုဏ်းကို တစ်ယောက်တည်း ရင်ဆိုင်ရဲတာ မလွယ်ဘူး။ ကျွန်မတို့ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ဒီလိုမျိုး လုပ်နိုင်တဲ့ မိန်းမဆိုလို့ တစ်ယောက်ပဲ ရှိတယ်”

​ “ဘယ်သူလဲ”

​ “မိုယုယန်”

​ လင်းပိုင်ဖန်က တည်ငြိမ်စွာ မေးလိုက်သည် - “သူမက ဘယ်သူလဲ၊ ဘာလို့ သူမလို့ ထင်ရတာလဲ”

​ “မိုယုယန်က ထူးခြားတဲ့ သိုင်းပညာ ပါရမီရှင်တစ်ယောက်ပဲ။ အသက် ၃၅ နှစ်လောက်နဲ့ အင်ပါယာချီအဆင့်ကို ရောက်နေပြီး ကောင်းကင်အဆင့် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်။ ကျွန်မတို့ မိစ္ဆာဂိုဏ်းကတောင် သူမကို ဖိတ်ခေါ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူမက အရမ်း မာနကြီးပြီး ကျွန်မတို့ဆီ မဝင်သလို တခြား အင်အားစုတွေကိုလည်း လက်မခံဘူး။ သူမက တစ်ကိုယ်တော်သမားပဲ၊ သိုင်းပညာကို လေ့ကျင့်ရင်း နေရာအနှံ့ လှည့်လည်နေတတ်တဲ့သူ”

​ “သူမရဲ့ မောင်ကလည်း သိုင်းပညာ ပါရမီရှင်တစ်ယောက်ပဲ၊ မဟာလန် နိုင်ငံမှာ အမှုထမ်းနေခဲ့တာ။ မဟာလန် နိုင်ငံမှာ ဘာဖြစ်ခဲ့လဲဆိုတာ ရှင်လည်း သိသားပဲ၊ သူမရဲ့ မောင်လည်း အဲဒီ ပဋိပက္ခထဲမှာ ပါသွားခဲ့တယ်။ သူ့ရဲ့ မိသားစု တစ်ခုလုံးလည်း အသတ်ခံလိုက်ရတယ်”

​ “ဒါကြောင့် သူမက မဟာလော့ ဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားတာဟာ သူတို့အတွက် ကလဲ့စားချေတာပဲ”

​ “ဪ... အဲဒီလိုလား” လင်းပိုင်ဖန်က အခုမှ သိသလိုမျိုး ဟန်ဆောင်လိုက်သည်။

​ “ဒါပေမဲ့ ကျွန်မတို့ ရထားတဲ့ သတင်းတွေအရ တစ်ခုခုတော့ ထူးဆန်းနေတယ်။ သူမရဲ့ အစွမ်းက သိသိသာသာ တိုးတက်လာပုံရတယ်”

​ “သူမက ကျောက်ထျန်းယောင်ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တယ်။ သူက ကြယ်တာရာချီအဆင့် သိုင်းပညာရှင် တစ်ယောက်ပဲလေ။ သူမရဲ့ အရင် အစွမ်းနဲ့ဆိုရင် ဒီလို လူမျိုးကို ချက်ချင်း မသတ်နိုင်ဘူး။ ဒါ့အပြင် တာအိုဂိုဏ်းရဲ့ ကောင်းကင်အဆင့် ပညာရှင်ရဲ့ လိုက်ဖမ်းတာကနေ လွယ်လွယ်ကူကူ လွတ်အောင် ပြေးနိုင်ခဲ့သေးတယ်”

​ “သူမ ဒဏ်ရာ ကုသနေတဲ့ အချိန်မှာ ထူးခြားတဲ့ အတွေ့အကြုံ တစ်ခုခု ရခဲ့တာပဲ ဖြစ်ရမယ်”

​ “ဘယ်သူက ဂရုစိုက်မှာလဲ၊ သူမက မဟာလော့ကို ဒုက္ခပေးနေသရွေ့တော့ သူမရဲ့ အပြောင်းအလဲက ကောင်းတာပဲပေါ့” လင်းပိုင်ဖန်က လက်ဝှေ့ယမ်းရင်း ရယ်လိုက်သည်။

​ “ဒါတော့ ဟုတ်သားပဲ”

​ ယောင်ယောင်က သူမရဲ့ မေးကို လက်နဲ့ထောက်လိုက်ပြီး - “နောက်ထပ် သူမ ဘာလုပ်မယ်လို့ ရှင် ထင်လဲ”

​ လင်းပိုင်ဖန်က တွေဝေမနေဘဲ ပြောလိုက်သည် - “ဒါပေါ့၊ ဆက်ပြီး သတ်မှာပေါ့။ မဟာလော့ ဧကရာဇ်ကို မသတ်နိုင်ရင်တောင် တခြားသူတွေကို သတ်လို့ရတာပဲ”

​ “ဟုတ်တယ်၊ ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်။ တာအိုဂိုဏ်းကတော့ အခု ခေါင်းကိုက်ရတော့မှာပဲ၊ ဟားဟားဟား…”

​ သူတို့နှစ်ဦးစလုံးမှာ လာမည့် ပွဲကောင်းကို စောင့်ကြည့်ရင်း အားရပါးရ ရယ်မောလိုက်ကြတော့သည်။

အပိုင်း (၄၁၂)

​မဟာလော့ အင်ပါယာ နန်းတော်အတွင်း၌ မဟာလော့ ဧကရာဇ်သည် ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေချေလေပြီ။

​ ထိုလုပ်ကြံသတ်ဖြတ်သူသည် သူ့ကို လုပ်ကြံရန် ကြိုးစားရုံတင်မကဘဲ အခုတော့ သူ့ရဲ့ အမတ်ကြီးတွေကိုပါ အကုန်အစင် သတ်ဖြတ်ပစ်လိုက်ပြီ မဟုတ်ပါလား။ အမတ်များ၏ အကူအညီမပါဘဲ သူ၏ အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံးမှာ ရပ်တန့်သွားရပြီး ဘာတစ်ခုမှ ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်တော့ချေ။

​ ထို့ပြင် ထိုအမတ်များမှာ အင်အားကြီး ကြီးမြတ်တဲ့ မိသားစုဝင်များ ဖြစ်ကြသည်။ သူတို့ ရုတ်တရက် သေဆုံးကုန်ခြင်းအပေါ် ထိုမိသားစုကြီးများအား သူ မည်သို့ ပြန်လည် ရှင်းပြရတော့မည်နည်း။ တာအိုဂိုဏ်းမှာ သူ့နောက်ကွယ်တွင် ရှိနေသည် ဆိုသော်ငြားလည်း ထိုကြီးမြတ်တဲ့ မိသားစုများကို ကိုင်တွယ်ရသည်မှာ အလွန်ပင် ခေါင်းခဲစရာ ကိစ္စဖြစ်သည်။ အတိုချုပ်ဆိုရလျှင် မဟာလော့သည် အစစအရာရာ ပရမ်းပတာ ဖြစ်နေပြီး ဧကရာဇ်မှာလည်း ဘာလုပ်ရမှန်း မသိတော့ချေ။

​ ထိုစဉ်မှာပင် စုန့်ယွီဖေးနှင့် တာအိုအဖိုးကြီးတစ်ဦးတို့ ဝင်လာကြသည်။ မဟာလော့ ဧကရာဇ်က - “တာအိုဆရာကြီး ယွီရှနဲ့ နတ်မိမယ် ယွီဖေး... အဲဒီလုပ်ကြံသူရဲ့ နောက်ခံကို စုံစမ်းလို့ ရပြီလား” ဟု မေးလိုက်သည်။

​ “အရှင်မင်းကြီး... စုံစမ်းလို့ ရပါပြီ”

​ စုန့်ယွီဖေးက ခေါင်းအသာညိတ်ကာ - “သူမရဲ့ နာမည်က မိုယုယန် ပါ၊ အသက် ၃၅ နှစ်ရှိပြီး အင်ပါယာချီအဆင့် ခွန်အားရှိတယ်။ သူမက မဟာလန်နိုင်ငံသား တစ်ယောက်ပါပဲ။ သူမရဲ့ မောင်က မဟာလန်နိုင်ငံမှာ အမှုထမ်းနေပြီး ကျွန်မတို့နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ သေဆုံးသွားခဲ့တာပါ။ ဒါကြောင့် သူမက ကလဲ့စားချေဖို့ ပြန်လာတာ ဖြစ်ရပါမယ်”

​ “တောက်... အမြစ်ကို အပြတ်မရှင်းခဲ့မိလို့ အခုတော့ နွေဦးလေပြေမှာ ပြန်ရှင်လာပြီပေါ့” မဟာလော့ ဧကရာဇ်မှာ နာကျည်းချက်ကြောင့် တုန်ရင်နေတော့သည်။

​ သူတို့မှာ လူတစ်ယောက်ကို မျက်ခြေပြတ်ခဲ့မိသောကြောင့် အခုတော့ သူ့ရဲ့ နန်းတွင်းကြီးမှာ အလုပ်မလုပ်နိုင်တော့ဘဲ ရပ်တန့်သွားရလေပြီ ဖြစ်သည်။

ယခုအခါ ရန်သူမှာ အမှောင်ထဲတွင် ပုန်းအောင်းနေပြီး ရက်စက်လှသော မြွေဆိုးတစ်ကောင်ကဲ့သို့ သူတို့ကို ချောင်းမြောင်းနေကာ မည်သည့်အချိန်တွင် ပြန်လည် တိုက်ခိုက်လာမည်ကို မည်သူမျှ မသိနိုင်ကြချေ။

​ “သူမကို ဖမ်းဖို့ ဒါမှမဟုတ် သတ်ဖို့ နည်းလမ်းမရှိဘူးလား” ဟု မဟာလော့ ဧကရာဇ်က မေးလိုက်သည်။

​ “ဒါက အလွန် ခက်ခဲပါလိမ့်မယ်” ဟု တာအိုအဖိုးကြီးက ဆိုလိုက်သည်။

​ “ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ ငါ သူမနဲ့ နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရတယ်။ ပထမတစ်ကြိမ်မှာ သူမက အင်ပါယာချီအဆင့် ခွန်အားပဲ ရှိသေးတယ်။ လျှို့ဝှက်နည်းလမ်းကို သုံးပြီးတော့မှ သူမရဲ့ ခွန်အားကို ကောင်းကင်အဆင့် တစ်ပိုင်းတစ်စအထိ အတင်းအကျပ် မြှင့်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူမက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး၊ ငါ့ရဲ့ လက်ဝါးတစ်ချက်နဲ့ သူမရဲ့ နှလုံးသွေးကြောတွေကို ဖြတ်တောက်နိုင်ခဲ့ပါတယ်”

​ “သူမ သေပြီလို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ သူမက ပြန်လည် သက်သာလာရုံတင်မကဘဲ ခွန်အားတွေပါ သိသိသာသာ တိုးတက်လာခဲ့တယ်။ ငါ အစွမ်းကုန် လိုက်ဖမ်းတာတောင် သူမကို မမီနိုင်ခဲ့ဘူး။ သူမရဲ့ ကိုယ်ဖော့သိုင်းက တကယ့်ကို ထူးခြားဆန်းပြားလွန်းတယ်။ သိသာတာကတော့ ဒီ ၁၀ ရက်အတွင်းမှာ သူမက ဒဏ်ရာတွေကို ကုသနိုင်ခဲ့ရုံတင်မကဘဲ တစ်စုံတစ်ရာသော ထူးခြားတဲ့ အခွင့်အလမ်းတွေကိုပါ ရရှိခဲ့တာပဲ”

​ “တကယ်ပဲ... သူမကို သတ်ဖို့ နည်းလမ်း လုံးဝ မရှိတော့ဘူးလား” မဟာလော့ ဧကရာဇ်က မကျေမနပ်ဖြင့် ထပ်မေးလိုက်သည်။

​ ဤကဲ့သို့သော ထိပ်တန်းသိုင်းပညာရှင်တစ်ဦး၏ ပစ်မှတ်ထားခြင်းကို မည်သူက ခံနိုင်ပါမည်နည်း။ သူမက သူ့ကို မသတ်နိုင်ရင်တောင် သူ့ရဲ့ လက်အောက်ငယ်သားတွေကို သတ်လို့ ရနေသည် မဟုတ်ပါလား။ သူ့လူတွေ အကုန် အသတ်ခံလိုက်ရရင် သူ့ရဲ့ တိုင်းပြည်က ဘယ်လို ဖြစ်သွားမည်နည်း။

​ တာအိုအဖိုးကြီးမှာ သက်ပြင်းကိုသာ မတတ်သာဘဲ ချလိုက်ရင်း - “ခက်ပါလိမ့်မယ်” ဟု ဆိုလိုက်သည်။

​ စုန့်ယွီဖေးက ဘေးမှ ဝင်၍ နှစ်သိမ့်ပေးလိုက်သည် - “အရှင်မင်းကြီး စိတ်အေးအေးထားပါ၊ ဦးလေးက သူမရဲ့ အငွေ့အသက်ကို မှတ်မိနေပါတယ်။ သူမ မြို့တော်ထဲကို ရောက်လာတာနဲ့ ဦးလေးက ချက်ချင်း သိမှာဖြစ်ပြီး လက်ဦးမှု ယူပါလိမ့်မယ်”

​ “အခုလောလောဆယ်တော့... ဒီလိုပဲ လုပ်ရမှာပေါ့” မဟာလော့ ဧကရာဇ်လည်း သက်ပြင်းချလိုက်သည်။

​ ကောင်းကင်အဆင့် သိုင်းပညာရှင်တောင်မှ နည်းလမ်းမရှိမှတော့ သူကရော ဘာတတ်နိုင်ပါဦးမည်နည်း။

​ ထိုအချိန်တွင် စုန့်ယွီဖေးက အခွင့်ကောင်းယူကာ အကြံပေးလိုက်သည် - “အရှင်မင်းကြီး... စဉ်ဆက်မပြတ် စစ်မက်ဖြစ်ပွားခြင်းဟာ အင်အားကြီးတဲ့ ရန်သူတွေကို ဆွဲဆောင်သလို ဖြစ်နေပါတယ်။ နောက်တစ်ကြိမ်မှာ မိုယုယန်လို လူမျိုး နောက်ထပ် ပေါ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အကောင်းဆုံးကတော့ စစ်ရေး လှုပ်ရှားမှုတွေကို ခေတ္တရပ်နားပြီး လူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံစိုက်သင့်ပါတယ်”

​ မဟာလော့ ဧကရာဇ်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင် - “အရင်ဆုံး သူမကို သတ်ဖို့ပဲ ကြိုးစားကြတာပေါ့”

​ ဤအချိန်တွင် မိုယုယန်မှာ မဟာလော့ မြို့တော်၏ ဆင်ခြေဖုံးအရပ်သို့ တိတ်တဆိတ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

​ မလှမ်းမကမ်းရှိ မြို့တော်ကြီးကို ကြည့်ရင်း သူမက တစ်ကိုယ်တည်း ရေရွတ်လိုက်သည် - “ဒီအချိန်မှာတော့ ဟိုခွေးဧကရာဇ်ရော၊ တာအိုဂိုဏ်းပါ သတိကြီးကြီးထားပြီး စောင့်နေကြမှာပဲ။ အခုချိန်မှာ ထပ်ပြီး တိုက်ခိုက်တာက ပညာရှိရာ မရောက်ဘူး။ ဆုတ်ခွာလိုက်တာ ပိုကောင်းမယ်။ ငါ ရှင့်ရဲ့ မြို့တော်က အရာရှိတွေကို မသတ်နိုင်ရင်တောင် တခြားနေရာက လူတွေကို သတ်လို့ မရဘူးတဲ့လား”

​ သူမသည် နောက်သို့ လှည့်ကာ ပြတ်ပြတ်သားသား ထွက်ခွာသွားပြီး သူမ၏ သတ်ဖြတ်ခြင်း ခရီးစဉ်ကို ဆက်လက် လုပ်ဆောင်လေတော့သည်။

​ သူမ ရောက်ရှိသွားသမျှ မြို့တိုင်းတွင် အရာရှိအားလုံးကို သတ်ဖြတ်ခဲ့ပြီး အသက်ရှင်သူ တစ်ဦးမျှ မကျန်စေခဲ့ချေ။ ၅ ရက်မပြည့်မီ အချိန်အတွင်းမှာပင် မြို့ကြီး ၁၀ မြို့မှ အရာရှိအားလုံးမှာ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

​ မဟာလော့ တစ်ပြည်လုံးမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး အထူးသဖြင့် မဟာလော့ အရာရှိများမှာ ယခုအခါ နိုင်ငံရေးကိစ္စများကို စိတ်မပါတော့ဘဲ ပုန်းအောင်းရင်း မိမိအသက်ကိုသာ ကာကွယ်ရန် ကြိုးစားနေကြတော့သည်။

​ အပြင်လောကမှ လူများကမူ ဤသတင်းကို ကြည့်ပြီး ဝမ်းသာအားရ အားပေးနေကြသည်။

​ “ကောင်းတယ်... ဒါကမှ ငါတို့လို သိုင်းလောကသားတွေရဲ့ သတ္တိနဲ့ မာန်မျိုးပဲ”

​ “မဟာလော့အတွက်တော့ ဒါက ခံထိုက်တဲ့ ပြစ်ဒဏ်ပဲ။ လူယုတ်မာကို လူမိုက်နဲ့ ဆုံးမတာပဲလေ”

​ “ဘာလူမိုက်လဲ... မိန်းကလေးမိုက သူမရဲ့ မိသားစုအတွက် ကလဲ့စားချေတာရော၊ သာမန်လူထုအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနေတာရောပဲ။ သူမက သူရဲကောင်းပဲ”

​ “ဟုတ်တယ်... သူမကို ‘သူရဲကောင်းမို’ လို့ ခေါ်သင့်တယ်”

​ သတင်းများမှာ မဟာလော့ နန်းတွင်းသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားပြီး မဟာလော့ ဧကရာဇ်မှာ ဒေါသထွက်လွန်းသဖြင့် တဆတ်ဆတ် တုန်နေတော့သည်။

​ အကယ်၍ သတ်ဖြတ်မှုတွေက ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင် တစ်လမပြည့်ခင်မှာပဲ သူ့ရဲ့ မဟာလော့ အရာရှိတွေ အကုန်လုံး သေကုန်ကြတော့မည် ဖြစ်သည်။

​ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တာအိုဆရာကြီး ယွီရှကို ရိုသေစွာ ပြောလိုက်သည် - “သူမကို ဖမ်းဆီးနိုင်ဖို့ တာအိုဂိုဏ်းက ကူညီပေးဖို့ ကျွန်ုပ် တောင်းဆိုပါတယ်။ မဟုတ်ရင်တော့ ကျွန်ုပ်ရဲ့ မဟာလော့ဟာ ဘယ်တော့မှ အေးချမ်းရတော့မှာ မဟုတ်ဘူး”

​ တာအိုဆရာကြီး ယွီရှက သက်ပြင်းချကာ - “ဒါဆိုရင်လည်း ပြီးတာပါပဲ။ ဒီမိန်းမရဲ့ သတ်ဖြတ်လိုစိတ်က အရမ်းပြင်းထန်နေပြီ၊ သူမ မိစ္ဆာလမ်းစဉ်ထဲ ကျသွားမှာကို ငါ စိုးရိမ်မိတယ်။ ဒါကို ငါတို့ လျစ်လျူရှုထားလို့ မဖြစ်တော့ဘူး။ ငါ့ရဲ့ စီနီယာအစ်ကို ယွီမင် ကို အကြောင်းကြားပြီး သူမကို ကိုယ်တိုင် ဖမ်းဆီးခိုင်းလိုက်ပါ့မယ်”

​ “တာအိုဆရာကြီး ယွီမင် ရဲ့ အစွမ်းက ဘယ်လောက်ရှိမလဲ သိပါရစေ”

​ တာအိုဆရာကြီး ယွီရှက - “သူကလည်း ကောင်းကင်အဆင့် တစ်ယောက်ပါပဲ၊ သူ့ရဲ့ အစွမ်းက ငါ့ထက် မနိမ့်ဘူး”

​ မဟာလော့ ဧကရာဇ်မှာ အလွန်ပင် ဝမ်းသာသွားပြီး - “ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့”

​……

​နှစ်ရက်အကြာတွင်...

​ မိုယုယန်မှာ မြို့တစ်မြို့ရှိ အရာရှိများကို သတ်ဖြတ်ပြီး နောက်တစ်မြို့သို့ သွားနေစဉ် လမ်းခုလတ်၌ သူမ၏ လမ်းကို ပိတ်ဆို့ထားသော တာအိုအဖိုးကြီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

​ ထိုလူမှာ ပိန်ပါးသော မျက်နှာရှိပြီး ရိုးရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ လက်ထဲတွင် ယပ်တောင်ကို ကိုင်ဆောင်ထားပြီး ကြည်လင်အေးချမ်းသော ပုံစံရှိသည်။ သို့သော် မိုယုယန်မှာ သူ့ဆီမှ ထွက်ပေါ်နေသော အန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။

​ သူမရှေ့က လူသည် တာအိုဂိုဏ်းက စေလွှတ်လိုက်သည့် နောက်ထပ် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ရပေမည်။

​ “ရှင်ကလည်း တာအိုဂိုဏ်းက လွှတ်လိုက်တဲ့သူလား” ဟု မိုယုယန်က မေးလိုက်သည်။

​ တာအိုအဖိုးကြီးက အသံသြသြဖြင့် ပြောလိုက်သည် - “မိန်းကလေးမို... ကျေးဇူးပြုပြီး ရပ်တန့်လိုက်ပါတော့။ မင်း လူတွေ အများကြီးကို သတ်ခဲ့ပြီးပြီ”

​ မိုယုယန်က မထီမဲ့မြင် ပြုံးလိုက်ရင်း - “မဟာလော့ကလည်း လူတွေ အများကြီး သတ်ခဲ့တာပဲလေ။ သူတို့ သတ်တာကျတော့ ရှင်တို့က မများဘူးလို့ ထင်နေတာလား”

​ “ကျွန်ုပ်တို့ သတ်တာက တခြားသူတွေကို ကယ်တင်ဖို့ပဲ။ လောကကြီး တစ်ခုလုံး စည်းလုံးသွားတဲ့အခါ ပဋိပက္ခတွေ ရှိတော့မှာ မဟုတ်ဘူး၊ အဲဒီအခါ သာမန်ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်ကြလိမ့်မယ်။ ငြိမ်းချမ်းရေး မရခင်မှာ နာကျင်မှုတွေကိုတော့ ရှောင်လွှဲလို့ မရနိုင်ဘူး” ဟု တာအိုအဖိုးကြီးက တည်ငြိမ်စွာ ဆိုသည်။

​ “အဓိပ္ပာယ်မရှိတာ။ ရှင့်ရဲ့ တာအိုဂိုဏ်းက ကိုယ့်အကျိုးစီးပွားအတွက်ပဲ လုပ်နေတာ။ ကျွန်မကို လာလိမ်လို့ မရဘူး။ ရှင့်တို့ရဲ့ အကူအညီသာ မပါခဲ့ရင် ကျွန်မရဲ့ မောင်နဲ့ မိသားစုတွေ သေမှာ မဟုတ်ဘူး။ ရှင့်ရဲ့ တာအိုဂိုဏ်းကလည်း တရားခံပဲ” ဟု မိုယုယန်က အော်ဟစ်လိုက်သည်။

​ “မင်းကတော့ ခေါင်းမာနေတုန်းပဲကိုး။ ဒါဆိုရင်တော့ ကျွန်ုပ်အနေနဲ့ လက်ဦးမှု ယူရတော့မှာပဲ။ ခွင့်လွှတ်ပါလေ”

​ ပြောပြီးသည်နှင့် သူသည် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ လက်ဝါးရိပ်မှာ အလွန်ပင် သန်မာလှပြီး ပေတစ်ရာခန့်အထိ လွှမ်းခြုံသွားသည်။

​ မိုယုယန်မှာ တိုက်ရိုက် ရင်ဆိုင်ရန် အစီအစဉ်မရှိဘဲ ‘တိမ်တိုက်ထဲက နဂါးပျံ’ သိုင်းကို အသုံးပြုကာ ချက်ချင်း ရှောင်တိမ်းပြီး ထွက်ပြေးလေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ အရိပ်အယောင်သာ ကျန်ရစ်တော့သည်။

​ “မိန်းမဆိုး... မပြေးနဲ့” တာအိုအဖိုးကြီးက သူမနောက်သို့ မနားတမ်း လိုက်လေသည်။

​ သို့သော် မိုင် ၁၀၀ ကျော်အထိ လိုက်ဖမ်းသော်လည်း သူမကို မျက်ခြေပြတ်သွားခဲ့ပြန်သည်။ တာအိုအဖိုးကြီးက ရှေ့က ဟာလာဟင်းလင်း ဖြစ်နေသော နေရာကို ကြည့်ရင်း သက်ပြင်းချကာ - “ဒီမိန်းမရဲ့ ကိုယ်ဖော့သိုင်းက တကယ့်ကို ထူးခြားတာပဲ။ ငါ့ရဲ့ ဂျူနီယာညီလေး ဘာလို့ ငါ့ကို အကူအညီတောင်းတာလဲ ဆိုတာ အခုမှ သိတော့တယ်။ အင်း… ဒီအလုပ်က တကယ်ကို ခက်ခဲတော့မှာပဲ”

​ သီသီလေး လွတ်မြောက်ခဲ့သော မိုယုယန်မှာ မဟာလော့ အရာရှိများကို ဆက်လက် သတ်ဖြတ်နေခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူမ ပိုမို ပါးနပ်လာခဲ့သည်။

​ မြို့တစ်မြို့ရှိ အရာရှိများကို သတ်ဖြတ်ပြီးနောက် သူမသည် ကိုယ်ဖော့သိုင်းကို အသုံးပြုကာ မိုင် ၁၀၀ ကျော် ဝေးကွာသော အခြားမြို့တစ်မြို့သို့ တစ်ရက်တည်းနှင့် ခရီးနှင်ပြီးမှ သတ်ဖြတ်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။ ထို့နောက် လမ်းကြောင်းပြောင်းကာ နောက်ထပ် မိုင် ၈၀ ခန့် ဝေးသော အခြားမြို့သို့ ပြေးသွားပြန်သည်။

​ မည်သို့ပင်ဖြစ်စေ သူမသည် ဦးတည်ရာမရှိဘဲ ဟိုပြေးဒီပြေး လုပ်နေသောကြောင့် မည်သူမျှ သူမ၏ ခြေရာကို ခန့်မှန်း၍ မရနိုင်တော့ချေ။ ဤနည်းဖြင့် သူမ၏ အစီအစဉ်မှာ နှေးကွေးသွားသော်လည်း ပိုမို ဘေးကင်းလာခဲ့သည်။

​ သူမနောက်သို့ လိုက်နေသော တာအိုအဖိုးကြီးမှာမူ လမ်းပျောက်နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ သူမ၏ လှုပ်ရှားမှုများအပေါ် အလုံးစုံ ဝေခွဲမရ ဖြစ်နေတော့သည်။

​ တစ်ဖန်... မဟာလော့ ဧကရာဇ်မှာလည်း မဟာလော့ နန်းတော်အတွင်း၌ ဒေါသတကြီးဖြင့် ဟိန်းဟောက်နေလေတော့သည်။

All Chapters